အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း။ ၁၉
“အား”
ထိုတိတ်ဆိတ်ခြောက်ခြားဖွယ် လမ်းကြားလေး၏ အဆုံးတွင် အစွန်းရောက် ထိတ်လန့်တုန်လှုပ်မှု အော်ဟစ်သံကြီး တစ်ခု ဟိန်းခနဲ ထွက်ပေါ်လာသည်။
လီအာသည် ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားပြီး မျက်နှာမှာ အလောင်းတစ်ကောင်ကဲ့သို့ ဖြူဖျော့နေတော့သည်။ သရဲသဘက်ကို မြင်လိုက်ရသည့်အလား ပျာပျာသလဲနှင့် လက်နှစ်ဖက်ကို အားပြုကာ နောက်သို့ တရွတ်တိုက် ဆုတ်ခွာနေမိသည်။
“မိစ္ဆာ ဒါ မိစ္ဆာကြီးပဲ”
သွေးအိုင်ထဲတွင် ရပ်နေသော ချန်ကျီရှင်းကို ကြည့်ရင်း သူ၏ နှုတ်ခမ်းများမှာ မရပ်မနား တုန်ရီနေ၏။
ချန်ကျီရှင်း၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲပင်။ သူသည် လီအာကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
“မင်းတို့ကို ဘယ်သူ ခိုင်းလိုက်တာလဲ”
“ကျွန်တော်... ကျွန်တော် ပြောပါ့မယ်... ပြောရင်... ကျွန်တော့်ကို လွှတ်ပေးမှာလား...”
လီအာ စကားမဆုံးမီမှာပင်...
“ထားလိုက်ပါတော့ ငါ ထပ်ပြီး မသိချင်တော့ဘူး”
ချန်ကျီရှင်းက ခေါင်းခါယမ်းလိုက်သည်။
ဗုန်း…
မြေပြင်ပေါ်တွင် နောက်သို့ ဆုတ်ခွာနေသော လီအာသည် သူ၏ ဦးခေါင်းအတွင်း၌ ပြင်းထန်လှသော နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် အသိစိတ်ပင်လယ်တစ်ခုလုံး ပျက်စီးသွားကာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားတော့သည်။
ဆံပင်တစ်မျှင်ထက်ပင် သေးငယ်လှသော ငွေရောင်အပ်ကလေးတစ်စင်းသည် အမှောင်ထုအတွင်း ဝင်းခနဲ လက်သွားပြီး ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
နောက်တစ်ခဏတွင်...
ချန်ကျီရှင်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး စောစောက မြင်ကွင်းကို မည်သူမျှ မမြင်လိုက်ကြောင်း အတည်ပြုပြီးမှ သက်ပြင်းချနိုင်တော့သည်။
“မေမေက ဟိုလူထက် ပိုသန်မာတာပဲ။ ငါသာ ဘေးမှာမရှိရင် အဲဒီလူကို မြန်မြန်ဆန်ဆန်ပဲ အပြတ်ရှင်းနိုင်မှာပါ”
သူ၏ မျက်နှာပေါ်ရှိ တည်ငြိမ်သော အမူအရာများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ၎င်းတို့နေရာတွင် ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာများ အစားထိုးဝင်ရောက်လာသည်။ သူသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အသံကုန်ဟစ်ကာ အော်ဟစ်ငိုယိုတော့သည်။
သို့သော် သူ မသိလိုက်သည့်အချက်မှာ...
အနီးနားရှိ နန်းဆောင်တစ်ခု၏ အမိုးစွန်းပေါ်တွင် ကျော့ရှင်းသော ပုံရိပ်တစ်ခုသည် ဤမြင်ကွင်းတစ်ခုလုံးကို အသေအချာ စောင့်ကြည့်နေခြင်းပင်။ ထိုလှပသော မျက်ဝန်းအစုံအတွင်း၌ အံ့ဩတုန်လှုပ်မှုနှင့် ထူးခြားသော အရောင်အသွေးများ ဖြတ်ပြေးသွားတော့သည်။
...
...
လမ်းမပေါ်တွင်...
“ကျီအာ”
စူးရှတုန်ရင်နေသော အော်ဟစ်သံတစ်ခု ဟိန်းခနဲ ထွက်ပေါ်လာသည်။
ရင်းရွှမ်းရွှမ်းသည် ချန်ကျီရှင်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့် လမ်းကြောင်းဘက်သို့ ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းအစုံမှာ တစ်ခဏအတွင်း ဒေါသရိပ်များဖြင့် ပြည့်လျှံသွားတော့သည်။ သူမသည် ရုတ်တရက် နောက်သို့လှည့်ကာ လမ်းကြားလေးအတွင်းသို့ အပြေးဝင်ရန် ပြင်လိုက်သည်။
“ဘယ်ကို သွားမလို့လဲ”
လှောင်ပြုံးတစ်ခုနှင့်အတူ အနက်ရောင်ဝတ်ရုံဝတ် လူရိပ်သည် ရင်းရွှမ်းရွှမ်း၏ ရှေ့မှောက်၌ ရုတ်တရက် ပေါ်လာပြန်သည်။ ထိုလူသည် လက်ထဲရှိ ဓားမြှောင်ကို ကစားရင်း မျက်မှောင်ကြုတ်လျက် ပြုံးနေ၏။
“အဲဒီကလေးစုတ်လေး ဒီမှာတင် သေသွားပြီဆိုတော့ မင်းနဲ့ ချန်ထျန်းလျန်တို့တော့ ရင်ကွဲနာကျတော့မှာပဲ မဟုတ်လား”
ရင်းရွှမ်းရွှမ်းသည် သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အနက်ရောင်ဝတ်ရုံဝတ်လူကို မော့ကြည့်ကာ စကားလုံး နှစ်လုံးတည်းကိုသာ အံကြိတ်၍ ပြောလိုက်သည်။
“ဖယ်စမ်း”
အနက်ရောင်ဝတ်ရုံဝတ်လူက တဟားဟား ရယ်မောလိုက်ပြီး “ဘာတွေ ဒီလောက်လောနေတာလဲ။ အလောင်းသွားကောက်တာ အခုသွားလည်း အတူတူပဲ နောက်မှသွားလည်း အတူတူပါပဲဗျာ”
“ဟင်းဟင်း...”
“ဟားဟာား ဟီးဟီး...”
ရုတ်တရက် ရင်းရွှမ်းရွှမ်းက ရယ်မောလိုက်သည်။
ပထမတွင်မူ သာမန်ရယ်သံကလေးမျှသာ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ထိုရယ်သံမှာ ပိုမိုပြင်းထန်လာပြီး ရူးသွပ်လာဟန် ရှိသည်။ နောက်ဆုံးတွင်မူ ငိုသံနှင့် ရယ်သံ ရောပြွမ်းနေသည့် လူသားတစ်ဦးထံမှ ထွက်ပေါ်လာသည့် အသံမျိုးမဟုတ်ဘဲ ခြောက်ခြားဖွယ်ရာ ကောင်းလှသော အသံလှိုင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“နင် ရူးသွားပြီလား...”
ခမောက်အောက်တွင် မျက်နှာဝှက်ထားသော ကျွမ်းဝူရှန်းသည် မျက်မှောင်ကြုတ်ကာ လှောင်ပြောင်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို ရိပ်စားမိသွားသည့်အလား သူ၏ သူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့ဝင်သွားတော့သည်။
သူသည် ရုတ်တရက် မော့ကြည့်လိုက်မိသည်။
မူလက နက်မှောင်လှသော ရင်းရွှမ်းရွှမ်း၏ ဆံနွယ်ရှည်များသည် ယခုအခါ ဆွဲဆောင်မှုရှိသော အဖြူရောင် များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ သူမ၏ လက်သည်းများမှာလည်း သိသိသာသာ ရှည်ထွက်လာပြီး စူးရှလှသော ငွေဖြူရောင်များအဖြစ် ပြောင်းလဲသွားသည်။
သူမ၏ နဖူးထက်တွင် ဆွဲဆောင်မှုရှိသော အနီရောင် အမှတ်အသားတစ်ခု ပေါ်ပေါက်လာပြီး ဖြူဖျော့နေသော နှုတ်ခမ်းအစုံမှာလည်း တစ်ခဏအတွင်း သွေးကဲ့သို့ နီမြန်းသွားတော့သည်။ သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးအေးစက်နေ၏။
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူမ၏ထံမှ အလွန်အန္တရာယ်များလှသော အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူမသည် အေးခဲနေသော လွင်ပြင်ထက်တွင် နှစ်ပေါင်းများစွာ အိပ်မောကျနေရာမှ နိုးထလာပြီး ကမ္ဘာလောကကို သူမ၏ အစွယ်များ ထုတ်ပြလိုက်သည့် တစ်ကောင်တည်းသော ဝံပုလွေမကြီးနှင့် တူလှသည်။
“နှင်းမိစ္ဆာမ”
တစ်ခဏချင်းမှာပင် ကျွမ်းဝူရှန်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး အသက်ရှူပင် မှားသွားတော့သည်။ သူ၏ စိတ်ထဲတွင် အန္တရာယ်ရှိကြောင်း သတိပေးချက်များ တဖျတ်ဖျတ် မြည်ဟည်းလာခဲ့ပြီ
“ဒီနှစ်တွေတစ်လျှောက်မှာ ဘယ်သူတွေက ငါ့ကို အသုံးမကျဘူးလို့ပဲ ထင်ထင် ထျန်းလျန်နဲ့ ငါ့ရဲ့ အဆင့်အတန်းက မိုးနဲ့မြေလို ကွာခြားနေတယ်လို့ပဲ ပြောပြော ဒါမှမဟုတ် ချန်မိသားစုက ငါ့ကို ဘယ်လိုပဲ အထင်သေးပါစေ... ငါ ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ထျန်းလျန်ရဲ့ ရှေ့မှာ ဇနီးကောင်း မိခင်ကောင်း တစ်ယောက် ဖြစ်ဖို့ပဲ ငါ ကြိုးစားခဲ့တာ...”
ရင်းရွှမ်းရွှမ်းသည် သူမဘာသာ ရေရွတ်နေသကဲ့သို့ တိုးညင်းစွာ ပြောဆိုနေသည်။
“ထျန်းလျန်မှာက စွမ်းအင်ပြောင်းပြန်စီးတဲ့ ရောဂါရှိတယ်။ ငါတို့ နှင်းမိစ္ဆာ မျိုးနွယ်တွေမှာလည်း ကျိန်စာရှိတယ်။ ငါတို့နှစ်ယောက်စလုံးက အသက်ရှည်ရှည် မနေရမယ့်သူတွေမို့ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပြီး နွေးထွေးမှု ရှာခဲ့ကြတာ...”
“ကောင်းကင်ဘုံက ငါတို့နှစ်ယောက်ကို သနားလို့ ထင်ပါရဲ့... ငါတို့ဆီကို ကလေးလေးတစ်ယောက် ပို့ပေးခဲ့တယ်”
“ကျီအာ မွေးဖွားလာတဲ့ အချိန်ကစပြီး အဓိပ္ပာယ်မရှိတဲ့ ငါတို့ရဲ့ ဘဝတွေက ပန်းတိုင်အသစ်တစ်ခုကို ရှာတွေ့ခဲ့တယ်”
“ကျီအာ ကိုယ်တိုင်တောင် သိမှာမဟုတ်ပါဘူး... သူက ငါတို့ရဲ့ သားဖြစ်ရုံတင်မကဘူး။ မှောင်မိုက်နေတဲ့ ငါတို့ရဲ့ ဘဝတွေကို ကယ်တင်ပေးတဲ့ အလင်းတန်းလေး တစ်ခုဆိုတာကို...”
ကျွမ်းဝူရှန်းသည် တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း လည်ချောင်းထဲတွင် တစ်ဆို့နေပြီး ကြောက်လန့်တကြားနှင့် နောက်သို့သာ တရွတ်တိုက် ဆုတ်ခွာနေမိသည်။
“ဒီလောကကြီးမှာ ငါတို့အတွက် တကယ်ပိုင်ဆိုင်တာဆိုလို့ ဒီကလေးတစ်ယောက်ပဲ ရှိတာ”
“ဒါပေမဲ့...”
ရင်းရွှမ်းရွှမ်းသည် ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ ပင့်ကူအိမ်သဏ္ဌာန် သွေးကြောများဖြင့် နီမြန်းနေသော သူမ၏ မျက်ဝန်းများအတွင်းမှ အစွန်းရောက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်
နောက်တစ်ခဏတွင်မူ...
သူမ၏ လည်ချောင်းအတွင်းမှ ကြောက်မက်ဖွယ်ကောင်းလှသော အသံနက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ လူသားတစ်ဦးထံမှ ထွက်လာသည့် အသံမျိုးမဟုတ်ဘဲ အသံပေါင်းများစွာ စုပေါင်းထားသည့် စူးရှလှသော အော်ဟစ်သံကြီးတစ်ခုအလား
“ဒါပေမဲ့ ဘာလို့လဲ”
“ဘာလို့ ငါတို့ဆီမှာ ရှိတဲ့ တစ်ခုတည်းသော အလင်းရောင်ကို မင်းတို့က လုယူချင်ကြတာလဲ”
ဝုန်း…
ရင်းရွှမ်းရွှမ်းသည် တစ်ခဏအတွင်း လှုပ်ရှားလိုက်ကာ ကျွမ်းဝူရှန်းမှာ မျက်စိတစ်မှိတ်အတွင်း ဝေဝါးသွားသည်ဟုသာ ခံစားလိုက်ရပြီး ဆံပင်ဖြူရှည်များနှင့် ရင်းရွှမ်းရွှမ်းမှာ သူ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဖြူဖျော့အေးစက်လှသော လက်ချောင်းငါးချောင်းသည် သူ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ညှစ်ထားပြီး သူ့ကို အပေါ်သို့ အတင်းအဓမ္မ မြှောက်လိုက်သည်။
ကျွမ်းဝူရှန်း၏ မျက်နှာကို ဖုံးအုပ်ထားသော ခမောက်မှာလည်း ချက်ချင်းပင်အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။
“နင် ဖြစ်နေတာလား”
ရင်းရွှမ်းရွှမ်းသည် သူမ၏မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ပြီး ဖြူဖျော့သောမျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းလှသော အပြုံးတစ်ခုကို ဆွဲသားလိုက်သည်။ သူမသည် ကျွမ်းဝူရှန်း၏လည်ပင်းကို ဆုပ်ကိုင်ထားရာမှ သူမ၏မျက်နှာနားသို့ အတင်းဆွဲကပ်လိုက်ပြီး
“ဟဲဟဲ... ဒါဆိုရင် ထျန်းလျန်ကို တိုက်ခိုက်တာက ခွေ့မုပေါ့ ငါမှတ်မိသလောက်ဆိုရင် ခွေ့မုဂိုဏ်းကလူတွေ အကုန်သေကုန်ပြီ။ ဒါပေမဲ့ နင့်မှာတော့ အသက်ရှင်နေသေးတဲ့ နီးစပ်ရာဆွေမျိုးတွေ အများကြီးရှိသေးတယ် မဟုတ်လား”
“စိတ်မပူနဲ့... အကယ်၍ ကျီအာသာ တစ်ခုခုဖြစ်သွားရင် ထျန်းလျန်နဲ့ ငါက ဒီလောကထဲမှာ နင်နဲ့ပတ်သက်သမျှ လူတိုင်းကို သတ်ပြီး ကျီအာအတွက် ယဇ်ပူဇော်ပေးမယ်”
“နင်တို့နှစ်ယောက်ကိုတော့... ငါက တစ်စစီ အရှင်လတ်လတ် အရေခွံခွာပြီး လူသားဝက်အဖြစ် လုပ်ပစ်မယ်။ နင့်ရဲ့ ဝိညာဉ်ကိုလည်း နေ့တိုင်း မိစ္ဆာမီးနဲ့ မြှိုက်ပစ်မယ်”
“ငါ့ကိုယုံလိုက်စမ်းပါ... နင် သေချင်ဇောနဲ့ သေခွင့်တောင်းနေရလိမ့်မယ်။ ဒါပေမဲ့ သေခွင့်မရဘဲ ဒီလောကထဲ လူဖြစ်လာတာကို နောင်တရနေစေရမယ်”
ကျွမ်းဝူရှန်း၏ ခြေထောက်များမှာ လေထဲတွင် တန်းလန်းကြီး ဖြစ်နေပြီး မျက်နှာမှာလည်း သွေးရောင်လွှမ်းကာ နီမြန်းနေတော့သည်။ တစ်ခါဖူးမျှ မခံစားဖူးသော အသက်ရှူကျပ်မှု ဝေဒနာက သူ့ကို ဝါးမြိုနေ၏။ သူ့ရှေ့မှောက်ရှိ မိစ္ဆာတစ်ပိုင်း ဖြစ်နေသော ရင်းရွှမ်းရွှမ်းကို ကြည့်ရင်း သေခြင်းနှင့် ရှင်ခြင်းကြားမှ ကြီးမားလှသော ထိတ်လန့်မှုကို သူ ခံစားနေရသည်။
ကျောရိုးမှတစ်ဆင့် ဦးခေါင်းထိပ်အထိ စိမ့်တက်သွားသော အအေးဓာတ်ကြောင့် သူ၏တစ်ကိုယ်လုံးမှာ လေထဲက သစ်ရွက်တစ်ရွက်လို တုန်ရီနေတော့သည်။
“ငါ.....”
သူသည် ဆရာကြီးခွေ့မုက သူ့ကို ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း သူကိုယ်တိုင်က နောက်ကွယ်က ကြိုးကိုင်သူမဟုတ်ကြောင်း ပြောချင်နေသည်။ သို့သော် သူ စကားမပြောနိုင်မီမှာပင်...
ဖြူဖျော့အေးစက်လှသော လက်ချောင်းသွယ်လေးများသည် တဖြည်းဖြည်းနှင့် ပို၍ တင်းကျပ်လာတော့သည်။
ဂျွတ် ဂျွတ် ဂျွတ်
အရိုးများ ကြေမွသွားသံက ဟိန်းခနဲ ထွက်ပေါ်လာသည်။ ကျွမ်းဝူရှန်း၏ ရင်ထဲတွင် တစ်ခါမျှ မခံစားဖူးသော နောင်တများ ပေါ်ပေါက်လာပြီး အသက်ဘေးမှ လွတ်ငြိမ်းခွင့် တောင်းပန်ချင်နေသော်လည်း ရင်းရွှမ်းရွှမ်းက သူ့ကို စကားပြောခွင့်ပင် မပေးတော့ချေ။
သူ့ခန္ဓာကိုယ်အတွင်းရှိ တောင်နှင့်ပင်လယ်အလား ကျယ်ပြောလှသော ဝိညာဉ်ခရီးသည်အဆင့်စွမ်းအားများသည် လုံးဝ ပိတ်ဆို့ခြင်း ခံထားရသဖြင့် မည်သို့မျှ အသုံးချ၍ မရတော့ပေ။
ထိုစဉ်မှာပင်...
“ဝါး”
လမ်းမတစ်ခုလုံးကို လွှမ်းမိုးသွားသော ကလေးငယ်တစ်ဦး၏ အော်ဟစ်ငိုယိုသံကြီး ထွက်ပေါ်လာခဲ့သည်။
“ငါ့သားလေး”
ရင်းရွှမ်းရွှမ်းသည် လမ်းကြားလေးဘက်သို့ ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများအတွင်းရှိ ကြမ်းတမ်းခက်ထန်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အစားထိုးဝင်ရောက်လာသည်မှာ အတိုင်းအဆမဲ့သော စိုးရိမ်ပူပန်မှုများပင်။
ဝုန်းရရ
ကျွမ်းဝူရှန်း၏ ဦးခေါင်းမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်
ဖြူဖျော့အေးစက်လှသော ထိုပုံရိပ်မှာမူ ထိုနေရာ၌ မရှိတော့ဘဲ လမ်းကြား၏ အဆုံးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည်။ သူမသည် သွေးအိုင်ထဲတွင် ရှိနေသော ကလေးငယ်ကို အသာအယာ ကုန်းကောက်လိုက်ပြီး သူမ၏ရင်ခွင်ထဲတွင် ထည့်ကာ ပွေ့ပိုက်လိုက်သည်။
“ကျီအာ... မကြောက်နဲ့တော့နော်”
“မေမေ ရှိတယ်... မေမေ အမြဲတမ်း မင်းနားမှာ ရှိနေမှာပါ”
အခန်း။ ၂၀
သက်ပြင်းသံတစ်ချက်...
လင်အန်းမြို့၏ ညနေခင်းလေပြေသည် လမ်းမများထက်သို့ တိုက်ခတ်လာပြီး ဖုန်မှုန့်နှင့် မီးခိုးငွေ့များကို အမျှင်တန်းများအသွင် လွင့်ပါးသွားစေသည်။ နားထင်ဘေးမှ ဖြူဖွေးသော ဆံနွယ်အချို့က လေထဲတွင် အသာအယာ လွင့်ဝဲနေ၏။
"မေမေ..."
ချန်ကျီရှင်းမှာ အနည်းငယ် အံ့အားသင့်သွားမိသည်။ သူ့ကို ပွေ့ပိုက်ထားသော အမျိုးသမီး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရီနေသည်ကို သူ ခံစားသိရှိနေရသည်။
တောက်... တောက်...
မျက်ရည်စက်များသည် ရေခဲစေ့လေးများအလား သူ၏ ဦးခေါင်းပေါ်သို့ တစက်စက် ကျဆင်းလာသည်။
"မေမေ... သားကလေ....."
"ရှူး... ဘာမှမပြောနဲ့ဦး မေမေ့ကိုလည်း မကြည့်နဲ့ဦးနော်... မေမေ့ရဲ့ အခုပုံစံက သားလေးကို ထိတ်လန့်သွားစေလိမ့်မယ်"
ချန်ကျီရှင်းသည် မျက်လုံးထောင့်မှတစ်ဆင့် သူမ၏ ဖြူဖျော့သော ဆံနွယ်ရှည်များ ကျဆင်းနေသည်ကို မြင်လိုက်ရပြီး ရင်ခွင်ထဲမှ အေးစက်လှသော အပူချိန်ကိုလည်း ခံစားလိုက်ရသည်။
"နှင်းမိစ္ဆာတဲ့လား..."
ချန်ကျီရှင်း ရုတ်တရက် နားလည်သွားသည်။ မဟာကျင့်ကြံခြင်းဇာတ်လမ်း၏ ကမ္ဘာ့အမြင်အရ
နှင်းမိစ္ဆာ ဆိုသည်မှာ အေးခဲနေသော လွင်ပြင်ထက်မှ ဘုရင်မများ ဖြစ်ကြသည်။ သာမန်လူသားတို့၏ အမြင်တွင်မူ သဋတို့သည် ဆန်းကြယ်ပြီး အစွမ်းထက်သော်လည်း ဘေးအန္တရာယ်နှင့် နိမိတ်ဆိုးများ၏ ပြယုဂ်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် အေးခဲလွင်ပြင်မှ မည်သည့်အခါမျှ ထွက်ခွာခွင့်မရှိသည့် ကျိန်စာတစ်ခုကိုလည်း ထမ်းပိုးထားရသူများ ဖြစ်ကြ၏။
ယခင်ဘဝ မဟာကျင့်ကြံခြင်းဇာတ်လမ်းတွင် ရင်းရွှမ်းရွှမ်းအကြောင်းကို အနည်းငယ်မျှသာ ဖော်ပြခဲ့သည်။ သူမ၏ ဇာတ်ကောင်မှာ ချန်ကျီရှင်း၏ မိခင်အတွက် လိုအပ်သည့်နေရာတွင် အသုံးချခံရသည့် ဖြတ်လျှောက်တစ်ဦးအဖြစ်သာ ပါဝင်ခဲ့ခြင်းပင်။ ထိုစဉ်က ရင်းရွှမ်းရွှမ်းသည် နှင်းမိစ္ဆာမျိုးနွယ် ဖြစ်သည်ဟူသော အချက်ကို လုံးဝ မဖော်ပြခဲ့ပေ။
ထို့ပြင် သူမှတ်မိသလောက်ဆိုလျှင် ချန်မိသားစု ပျက်စီးသွားသည့် မြင်ကွင်းတွင် ရင်းရွှမ်းရွှမ်းကို သူ မတွေ့ခဲ့ရပေ။
"ငါ ဒီလောကထဲ ရောက်လာတာကြောင့် ဇာတ်လမ်းတွေက လွဲချော်သွားတာလား ဒါမှမဟုတ် ရင်းရွှမ်းရွှမ်းက မူလကတည်းက နှင်းမိစ္ဆာ ဖြစ်နေပေမဲ့ ဂိမ်းထဲမှာတော့ သူမရဲ့ အစစ်အမှန်ဘဝကို ထုတ်ပြဖို့ အခွင့်အရေး မရခဲ့တာလား"
ချန်ကျီရှင်း၏ မျက်ဝန်းများအတွင်း အတွေးစများ တဖျတ်ဖျတ် လက်သွားသည်။ ဇာတ်လမ်းများ ပြောင်းလဲသွားသည်မှာတော့ အသေအချာပင်။ အကယ်၍သာ မူလဂိမ်းဇာတ်လမ်းအတိုင်း ဆိုပါက ချန်ကျီရှင်းသည် ယနေ့ညတွင် အသက်ရှင်နိုင်မည် မဟုတ်ပေ။
"မေမေ... သား မကြောက်ပါဘူး..."
ချန်ကျီရှင်းသည် သူ၏လက်ကလေးများကို မြှောက်ကာ ရင်းရွှမ်းရွှမ်း၏ ခါးကို အသာအယာ ဖက်တွယ်ထားလိုက်သည်။
မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်မှာ အေးစက်နေသော်လည်း သူ၏ရင်ထဲတွင်မူ တစ်ခါမျှမခံစားဖူးသော နွေးထွေးမှုကို ခံစားနေရသည်။ ဤအခိုက်အတန့်တွင် သူသည် ဤကမ္ဘာသစ်၌ ရှေ့ဆက်လျှောက်လှမ်းရန်အတွက် စစ်မှန်သော တွန်းအားတစ်ခုကို ရရှိသွားခဲ့ကာ သူကိုယ်တိုင်အတွက်သာမက ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့အတွက်ပါ သူ တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ ချန်မိသားစု ပျက်စီးခြင်းနှင့် မိဘနှစ်ပါး၏ ကြေကွဲဖွယ် သေဆုံးမှု မြင်ကွင်းများကို သူ၏မျက်စိရှေ့တွင် မည်သည့်အခါမျှ အဖြစ်ခံတော့မည်မဟုတ်ပေ။
...
...
တစ်ချိန်တည်းမှာပင်... လင်အန်းမြို့ပြင်၌
ဒုန်း ဒုန်း ဒုန်း…
ဧရာမ သားရဲကြီးသုံးကောင် ထိပ်တိုက်တွေ့ဆုံနေသကဲ့သို့ ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများ ဆက်တိုက်ထွက်ပေါ်နေသည်။ ဓားအလင်းတန်းများ၊ လှံရိပ်များနှင့် အမျိုးမျိုးသော သိုင်းကွက်စွမ်းပကားများသည် ညကောင်းကင်ယံတစ်ခုလုံးကို အရောင်အသွေးစုံလင်စွာ လင်းထိန်သွားစေခဲ့သည်။
“ခုတ်ပိုင်းစမ်း”
ချန်ထျန်းလျန်သည် သူ၏လှံရှည်ကြီးကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် ပြိုင်ဘက်ကင်းလှသော လှံအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး တောင်ထိပ်တစ်ခုကို ကန့်လန့်ဖြတ် ပိုင်းဖြတ်လိုက်သည်။ ခမောက်ဆောင်းလူရိပ်နှင့် ဆရာကြီးခွေ့မုတို့မှာမူ အမောတကော အသက်ရှူနေရပြီး လောကသို့ ဆင်းသက်လာသော နတ်ဆိုးဘုရင်အလား ရှိနေသည့် ချန်ထျန်းလျန်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။ ဤလူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အမှန်တကယ်ပင် ထူးကဲလွန်းလှသည်။
ရုတ်တရက်... ချန်ထျန်းလျန်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် မြို့ထဲသို့ ရုတ်ချည်းလှည့်ကြည့်လိုက်သည်။
“ကျီအာ”
စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ဟိန်းခနဲ ထွက်ပေါ်လာသည်။
“မိန်းမ”
ချန်ထျန်းလျန်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ရန်သူနှစ်ဦးကို ထားရစ်ကာ မြို့ထဲသို့ ပြန်ရန် ပြင်လိုက်သည်။
“အို... ဟိုဘက်မှာတော့ အစီအစဉ်တွေ အဆင်ပြေနေပုံရသားပဲ”
ဆရာကြီးခွေ့မု၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ပေါက်လာပြီး “စိတ်ချရအောင် သူ့ကို နောက်ထပ် အသက်ရှူအကြိမ် ၁၀ လောက် ထပ်ဆွဲထားစမ်း” ဟု အမိန့်ပေးလိုက်သည်။
ရှူး ရှူး…
တစ်ခဏအတွင်းမှာပင် ဆရာကြီးခွေ့မုနှင့် ခမောက်ဆောင်းလူရိပ်တို့သည် ချန်ထျန်းလျန်၏ ရှေ့မှ ပိတ်ဆို့လိုက်ကြသည်။ ချန်ထျန်းလျန်၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်သွားတော့သည်။ သူသည် ဦးစွာ သူ၏ ဝိညာဉ်အာရုံကို တိတ်တဆိတ် ဖြန့်ကြက်ကြည့်ရာ ရင်းရွှမ်းရွှမ်းနှင့် သူ၏ ဆက်နွှယ်မှုမှာ ပြတ်တောက်မသွားကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချနိုင်သွားသည်။
သူ့ဇနီးသည် နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်ပြီဖြစ်သောကြောင့် အရာအားလုံး အဆင်ပြေသွားမည်မှာ အသေအချာပင်။
“မင်းတို့ နှစ်ယောက်က တကယ်ပဲ ဘယ်သူတွေလဲ”
ချန်ထျန်းလျန်က မည်သည့်ခံစားချက်မျှမပါသော အသံဖြင့် မေးမြန်းလိုက်သည်။
သူသည် မည်မျှပင် ထုံအသူဖြစ်ပါစေ ယနေ့ည၏ ဖြစ်ရပ်များသည် တရားမျှတမှုအတွက် စီရင်ခြင်းမဟုတ်ဘဲ ကြိုတင်ကြံစည်ထားသည့် ခြုံခိုတိုက်ခိုက်မှု တစ်ခုဖြစ်မှန်း ကောင်းကောင်းကြီး သိလိုက်သည်။
“ခဏနေရင်... မင်း အလိုလို သိလာရမှာပါ”
ဆရာကြီးခွေ့မုက အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့်အလား ဖျော့တော့စွာ ပြုံးလိုက်သည်။ ထိုသို့ပြောပြီးနောက် သူနှင့် ခမောက်ဆောင်းလူရိပ်တို့သည် တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်ကြသည်။
“ချန်ထျန်းလျန်... မင်းရဲ့ သားလေးရဲ့ အလောင်းကို သွားကောက်ဖို့သာ ပြင်ထားလိုက်တော့”
ဆရာကြီးခွေ့မုသည် နောက်သို့လှည့်ကာ လုံးဝ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။ သူ၏ အတွေ့အကြုံအရဆိုလျှင် ချန်ထျန်းလျန်သည် မြို့ထဲရှိ အခြေအနေကို စစ်ဆေးရန်သာ အသည်းအသန် ပြန်သွားမည်ဖြစ်ပြီး သူ့နောက်ကို လိုက်လံနှောင့်ယှက်တော့မည် မဟုတ်ဘူးဟု တွက်ဆထားခြင်းဖြစ်သည်။ ဤအခွင့်အရေးကို အသုံးချကာ သူသည် ပုစဉ်းရင်ကွဲ အခွံလဲသကဲ့သို့ အစအနဖျောက်၍ လွတ်မြောက်သွားနိုင်မည်ပင်။
“ငါက မင်းတို့ကို ထွက်သွားခွင့်ပြုတယ်လို့ ပြောလို့လား”
ရုတ်တရက် နက်ရှိုင်းလှသောအသံကြီးတစ်ခုသည် သူတို့၏ နားစည်ဘေးတွင် ပေါက်ကွဲထွက်ပေါ်လာသည်။ ကြည့်လိုက်ရာ ချန်ထျန်းလျန်သည် သူ၏လှံရှည်ကြီးကို ကိုင်ဆောင်လျက် သူတို့ရှေ့တွင် မည်သို့ရောက်ရှိနေမှန်းမသိ ပေါ်လာခဲ့ပြီဖြစ်သည်။
“မင်း...”
ဆရာကြီးခွေ့မု၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသော်လည်း စကားမဆုံးမီမှာပင်
“အတိုင်းအဆမဲ့ သွေးနယ်မြေ ဖွင့်လှစ်စမ်း”
ချန်ထျန်းလျန်သည် စကားတစ်ခွန်းကို ဖြည်းညှင်းစွာ ရွတ်ပြောလိုက်သည်။
ဝုန်း…
တစ်ခဏအတွင်းမှာပင် ချန်ထျန်းလျန်ကို ဗဟိုပြု၍ မီတာတစ်ရာပတ်လည်ရှိ မြင်ကွင်းတစ်ခုလုံးမှာ ဆရာကြီးခွေ့မုနှင့် ခမောက်ဆောင်းလူရိပ်တို့အပါအဝင် ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။
မိစ္ဆာဝိညာဉ်များ၏ အော်ဟစ်ငိုယိုသံများ ဟိန်းခနဲ ထွက်ပေါ်လာသည်။ သွေးကဲ့သို့ နီမြန်းသော လမင်းကြီးမှာ ကောင်းကင်ယံသို့ တက်လာခဲ့ပြီ အနက်ရောင် လျှပ်စီးတန်းများသည် လေထုအတွင်း၌ ကခုန်ရင်း တစ်စစီ ကွဲအက်နေကြသည်။
သူတို့သုံးဦး၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာလည်း လှိုင်းထန်နေသော သွေးပင်လယ်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ချန်ထျန်းလျန်မှာမူ ထိုသွေးပင်လယ်မျက်နှာပြင်ထက်တွင် ရပ်နေပြီး သူ၏ ဆံနွယ်များမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရှည်ထွက်လာခဲ့သည်။ ပတ်ဝန်းကျင် မီတာတစ်ရာအတွင်းမှာ အဝီစိငရဲ နှင့်ပင် တူလှပေတော့သည်။
သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်ပေါင်း သန်းချီမှ သွေးများ စိမ့်ထွက်လာသည်။ ၎င်းမှာ သူ၏ စွမ်းအင်ပြောင်းပြန်စီးသည့် ရောဂါ အရှိန်အဟုန်ဖြင့် ကြွလာခြင်းပင်။
“ဒါ... ဒါက အတိုင်းအဆမဲ့ သွေးနယ်မြေပဲ…နယ်မြေတစ်ခုရဲ့ စွမ်းအား…သီးသန့်ကမ္ဘာတစ်ခုပဲ”
ခမောက်ဆောင်းလူရိပ်မှာ ထိတ်လန့်တကြား အသက်ရှူပင် မှားသွားတော့သည်။ ဤကဲ့သို့သော အကာအကွယ်အတားအဆီးမျိုး ဖြစ်တည်သွားပြီဆိုလျှင် ၎င်းကို ဖျက်ဆီးရန်အတွက် ချန်ထျန်းလျန်ထက် အဆပေါင်းများစွာ သာလွန်သော ကျင့်ကြံမှုစွမ်းအားဖြင့် အတင်းအဓမ္မ ရိုက်ခွဲရမည်ဖြစ်သည်။
သို့မဟုတ်ပါက... ချန်ထျန်းလျန်ကို သတ်ပစ်ရုံသာ ရှိတော့သည်။
ချန်ထျန်းလျန်သည်... သူတို့နှင့်အတူ အသက်ပေးတိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
“မင်း ရူးနေပြီလား”
ဆရာကြီးခွေ့မု၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖျော့သွားသည်။
ချန်ထျန်းလျန်၏ ခန္ဓာကိုယ်အခြေအနေကို သူ ကောင်းကောင်း သိထားသည်။ ဤ အတိုင်းအဆမဲ့ သွေးနယ်မြေကို ဖွင့်လှစ်လိုက်ခြင်းသည် စွမ်းအင်ပြောင်းပြန်စီးသည့် ရောဂါကို အရှိန်အဟုန်ဖြင့် ကြွလာစေမည်ဖြစ်ရာ ၎င်းမှာ ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် မခြားပေ။
“မင်းတို့ ငါ့ကို သတ်ချင်တာ မဟုတ်လား လာလေ... သတ်ကြစမ်း”
ချန်ထျန်းလျန်သည် နဂါးရုပ်ထွင်း အနက်ရောင်ရွှေလှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် သွေးပင်လယ်ထက်တွင် မားမားမတ်မတ် ရပ်နေသည်။ သူ၏ ဆံနွယ်များမှာ အရူးအလား လွင့်ဝဲနေပြီး မျက်ဝန်းအစုံမှာမူ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်နေ၏။
သွေးပင်လယ်အတွင်းမှ သွေးလုံးကြီးများသည် လေဆင်နှာမောင်းများအလား အပေါ်သို့ မြင့်တက်လာပြီး ချန်ထျန်းလျန်၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းအဓမ္မ စီးဝင်သွားတော့သည်။
ဝုန်း ဝုန်း ဝုန်း…
ချန်ထျန်းလျန်၏ အရှိန်အဝါများမှာ မျက်မြင်ကိုယ်တွေ့ပင် သိသိသာသာ မြင့်တက်လာခဲ့ပြီးသူ၏ မျက်နှာထက်တွင်လည်း မိစ္ဆာတစ်ပါးကဲ့သို့ နီမြန်းသော အရောင်အသွေးများ ဖုံးလွှမ်းလာသည်။
“မင်းတို့အားလုံး... သေကြစမ်း”
ချန်ထျန်းလျန်သည် လည်ချောင်းထဲမှ အက်ရှရှ ရယ်မောသံကို ထုတ်ဖော်လိုက်သည်။
ဒုန်း…
သူ၏ ခြေလှမ်းတစ်ချက်ကြောင့် အောက်ခြေရှိ သွေးပင်လယ်မှာ ဧရာမ လှိုင်းလုံးကြီးများအဖြစ် ပေါက်ကွဲထွက်သွားသည်။ သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ခမောက်ဆောင်းထားသော လူရိပ်၏ ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
“မဖြစ်ဘူး...”
ခမောက်ဆောင်းလူရိပ်မှာ ထိတ်လန့်တကြားနှင့် သူ၏ ဓားကို မြှောက်ကာ ခုခံရန် ကြိုးစားလိုက်သည်။
ဂျွတ်…
လှံရှည်ကြီး၏ ခုတ်ပိုင်းချက်ကြောင့် ထိုလူ၏ လက်ထဲရှိ ဓားရှည်မှာ နှစ်ပိုင်းပြတ်သွားတော့သည်။ ခမောက်မှာလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး ဖြူဖွေးသော ဆံပင်များနှင့် ကလေးငယ်တစ်ဦးကဲ့သို့ နုပျိုသော မျက်နှာရှိသည့် အဖိုးအိုတစ်ဦး၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။
“တတိယသခင်လေးချန် ဒါ ကျွန်တော့်ကိစ္စမဟုတ်ဘူး။ ခင်ဗျား တစ်ယောက်ယောက်ကို ရှာချင်ရင် သူ့ကိုပဲ ရှာပါ...”
ထိုအဖိုးအိုမှာ အသည်းအသန် ကြောက်လန့်နေပြီဖြစ်သည်။ ချန်ထျန်းလျန်၏ စွမ်းအားမှာ မူလကထက် အဆပေါင်းများစွာ မြင့်တက်နေသည်။
“စိတ်မပူပါနဲ့... သူလည်း ခဏနေရင် မင်းဆီကို လိုက်လာမှာပါ”
ချန်ထျန်းလျန်၏ မျက်လုံးများအတွင်း သွေးရောင်အလင်းများ ဝင်းခနဲ လက်သွားပြီး ဘေးတိုက် တစ်ချက် ဝှေ့ယမ်းလိုက်သည်။
ဖျတ်…
မျက်လုံးအပြူးသားနှင့် ဦးခေါင်းတစ်ခုမှာ လေထဲသို့ မြင့်တက်သွားပြီးနောက် သွေးပင်လယ်အတွင်းသို့ ဗွမ်းခနဲ ကျဆင်းသွားတော့သည်။
“မင်းအလှည့်ပဲ”
ချန်ထျန်းလျန်၏ အကြည့်မှာ ဆရာကြီးခွေ့မုထံသို့ ရောက်ရှိသွားသည်။
ဝုန်း…
သွေးပင်လယ်မှာ ထပ်မံပေါက်ကွဲသွားကာ ချန်ထျန်းလျန်သည် ခြေလှမ်းတစ်ချက်ဖြင့်ပင် ဆရာကြီးခွေ့မု၏ ရှေ့သို့ ရောက်သွားကာ ….
ရှူး….
အသားထဲသို့ စိုက်ဝင်သွားသည့် အသံနှင့်အတူ နဂါးရုပ်ထွင်း အနက်ရောင်ရွှေလှံသည် ဆရာကြီးခွေ့မု၏ ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွက်သွားတော့သည်။
“မင်းက တကယ်တော့ ဘယ်သူလဲဆိုတာ ငါ တစ်ချက်လောက် ကြည့်လိုက်ဦးမယ်”
ချန်ထျန်းလျန်သည် လှံရှည်ကြီးကို ကိုင်ဆောင်လျက် ဆရာကြီးခွေ့မုကို သူ့အနားသို့ ဖြည်းဖြည်းချင်း ဆွဲကပ်လိုက်ပြီး မျက်နှာကို ဖုံးအုပ်ထားသော ခမောက်ကို ဖယ်ရှားလိုက်တော့သည်။