← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း။ ၂၁

ဒုန်း…

ခမောက်က အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။

ရင့်ကျက်ပြီး ပိန်လှီနေသော မျက်နှာတစ်ခုသည် ချန်ထျန်းလျန်၏ ရှေ့မှောက်၌ ပေါ်လာခဲ့သည်။ အဆုံးသတ် သတ်ဖြတ်ချက်ကို ပေးရန်ပြင်နေသော ချန်ထျန်းလျန်သည် ထိုမျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် တောင့်တင်းသွားပြီး ကြောင်စီစီဖြင့် စိုက်ကြည့်နေမိသည်။

သူသည် တိုက်ခိုက်သူ၏ အစစ်အမှန်ဘဝနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေများစွာကို တွေးတောခဲ့ဖူးသည်။ သူ၏ ရန်သူဟောင်း ဖြစ်နိုင်သလို ချန်မိသားစု၏ ပြိုင်ဘက်တစ်ဦးလည်း ဖြစ်

နိုင်ကာ အားလုံးက ဖြစ်နိုင်ချေရှိသည်။ သို့သော် သူ၏ရင်ထဲတွင် လေးလေးနက်နက် နေရာယူထားခဲ့သော ဤသူငယ်ချင်းဟောင်း ဖြစ်နေလိမ့်မည်ဟုမူ သူ တစ်ခါမျှ မတွေးတောခဲ့မိပေ။

“ဘာလို့လဲ...”

ချန်ထျန်းလျန်၏ အသံမှာ လေးလံလှသည်။

“ဟားဟားဟား... ချန်ထျန်းလျန် မင်းက ငါ့ကို ဘာလို့လဲလို့ မေးနေတာလား”

ဆရာကြီးခွေ့မု၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း အလွန်ရယ်စရာကောင်းသော ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား အားရပါးရ ရယ်မောလိုက်သည်။ သူ၏ရယ်သံများထဲတွင် ကျေနပ်မှုများ ပြည့်နှက်နေ၏။

နောက်တစ်ခဏတွင်မူ ဆရာကြီးခွေ့မု၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ရက်စက်ကြမ်းကြုတ်သော အာဃာတများအဖြစ် ပြောင်းလဲသွားတော့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖုန်းယန်အိုင် တိုက်ပွဲမှာ ငါတို့ရဲ့ ခွေ့ယွန်းကျောင်းတော်က မိစ္ဆာဂိုဏ်းသားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ငါတို့သာ အဲဒီနေရာမှာပဲ ငြိမ်ငြိမ်လေးနေပြီး စစ်

မှန်တဲ့ နတ်ဘုရားနယ်မြေတွေဆီက အကူအညီကို စောင့်ခဲ့ရင် အားလုံးအဆင်ပြေမှာပဲ။ ဒါပေမဲ့ မင်းမင်းက မင်းရဲ့ ကိုယ်ပိုင်အယူအဆအတိုင်းပဲ ဇွတ်လုပ်ခဲ့လို့ ငါတို့ဂိုဏ်းသား တစ်ရာ့လေးဆယ့်နှစ်ယောက်စလုံး အသက်ပျောက်ခဲ့ရတာကွ”

“ချန်ထျန်းလျန်... ငါ မင်းကို အပွင့်လင်းဆုံး ပြောလိုက်မယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ငါ မင်းကို မုန်းတီးနေတာ တစ်ရက်မှ မရပ်ခဲ့ဘူး။ နေ့တိုင်း နေ့တိုင်း မင်းရဲ့ အရေခွံကိုခွာ၊ အကြောတွေကို ဆွဲထုတ်ပြီး မင်းရဲ့ အသားကို စားပစ်ချင်ခဲ့တာ”

ပြောရင်းနှင့် ဆရာကြီးခွေ့မုသည် တစ်ကျော့ပြန် ရယ်မောလိုက်ပြန်သည်။

“ဟားဟားဟား... နိုင်တဲ့သူက ဘုရင်၊ ရှုံးတဲ့သူက သူပုန်ပဲဟေ့ ချန်ထျန်းလျန်... ငါ ဒီနေ့လို မြင်ကွင်းမျိုးကို အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့တာ။ အခုတော့ မင်းကြိုက်သလိုလုပ် သတ်မလားအပိုင်းပိုင်း ခုတ်မလား”

“ဒါပေမဲ့ ငါသေသွားရင်တောင် မင်းရဲ့သားလေးကတော့ သေချာပေါက် အသက်ပျောက်နေပြီလေ”

“မင်းရဲ့ ရင်ထဲမှာ... အတော်လေး နာကျင်နေမှာပဲ မဟုတ်လား”

“တန်တယ် ဒါ ငါ့အတွက် တကယ်ကို တန်ပါတယ် ဟားဟားဟား”

ချန်ထျန်းလျန်သည် ထိုစကားများကို ကြားရသောအခါ တိတ်ဆိတ်သွားပြီး အတော်ကြာမှ ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်သည်။

“တကယ်တော့... အဲဒီတုန်းက ဘယ်သူ့ဆီကမှ ကယ်တင်ခြင်းဆိုတာ မရှိခဲ့ဘူးလို့ မင်း တစ်ခါမှ မတွေးဖူးဘူးလား”

ဆရာကြီးခွေ့မုသည် ထိုစကားကို ကြားရသောအခါ ဆတ်ခနဲ တုန်သွားပြီး အမြီးကို အနင်းခံလိုက်ရသော ကြောင်တစ်ကောင်အလား သူ၏မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်သွားကာ စိတ်မနှံ့သူတစ်ဦးကဲ့သို့ ဟစ်အော်တော့သည်

“မဖြစ်နိုင်ဘူး လုံးဝ... လုံးဝ မဖြစ်နိုင်ဘူး”

“အဲဒီတုန်းက... ငါတို့တွေ ဝိုင်သောက်ရင်း ခရမ်းရောင်တိမ်တိုက် သန့်စင်နယ်မြေက အကြီးအကဲနဲ့အတူ တာအိုအကြောင်းတွေ ဆွေးနွေးခဲ့ကြတာလေ။ ငါတို့တွေ အန္တရာယ်နဲ့ ကြုံလာရရင် သူကိုယ်တိုင် လာကူညီပါ့မယ်လို့ သူ ငါ့ကို ကတိပေးခဲ့တာ ဟုတ်တယ်... သူ ငါ့ကို အဆက်အသွယ်ပြု အဆောင်လက်ဖွဲ့ တောင် ပေးခဲ့သေးတယ်။ ငါသာ အဲဒါကို ဖျက်ဆီးလိုက်ရင် သူ လူတွေခေါ်ပြီး ငါတို့ကို လာကယ်မှာပေါ့”

“အဲဒီနေ့က မင်းလည်း ရှိနေတာပဲ။ မင်း မြင်ခဲ့တာပဲလေ ချန်ထျန်းလျန်... မင်း အခုလို ပြောနေတာက မင်းရဲ့ အပြစ်တွေကို ဖုံးကွယ်ဖို့ တမင် သက်သက် ပြောနေတာ မဟုတ်လား”

ချန်ထျန်းလျန်သည် ရူးသွပ်နေသော ဆရာကြီးခွေ့မုကို ကြည့်ကာ ခေါင်းခါယမ်းလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

“မင်းက တခြားသူတွေကို အထင်ကြီးလွန်းပြီး... ကိုယ့်ကိုယ်ကိုယ်တော့ အထင်သေးလွန်းတာပဲ”

ဒုန်း

ချန်ထျန်းလျန်၏ ညာဘက်လက်မှာ တုန်ခါသွားပြီး ဆရာကြီးခွေ့မု၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားပြီး လေထုထဲတွင် လွင့်ပါးသွားတော့သည်။

အတိုင်းအဆမဲ့ သွေးနယ်မြေမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လေဟာနယ်

အတွင်းသို့ နစ်မြုပ်သွားခဲ့သည်။ အေးစက်ခြောက်ကပ်လှသော ညကောင်းကင်ယံအောက်တွင် ချန်ထျန်းလျန်သည် တစ်ကိုယ်တည်း ရပ်နေရင်း ဤလောကကြီးမှာ အဓိပ္ပာယ်မရှိတော့သလို ခံစားလိုက်ရသည်။

ပြင်ပလောက၏ အမြင်တွင်မူ သူသည် မကောင်းမှုမှန်သမျှ ကျူးလွန်ထားသည့် တတိယသခင်လေးချန်ဟု လူသိများသော မိစ္ဆာတစ်ဦးပင်။ သူကိုယ်တိုင်လည်း မကောင်းမှုများစွာ လုပ်ခဲ့သည်ကို ဝန်ခံပါသည်။ သို့သော် သူ၏ စိတ်ရင်းအတိုင်း ပြောရလျှင် သူငယ်ချင်းများအပေါ်၌ အမြဲတမ်း စစ်မှန်ကာ ရိုးသားပြီး သစ္စာရှိခဲ့သူဖြစ်သည်။

သို့သော်... သူ၏ရင်ထဲတွင် လေးလေးနက်နက် နေရာပေးထားခဲ့သော ဤသူငယ်ချင်းဟောင်းကြီးမှာမူ သူ့ကို သတ်ရန် နေ့စဉ်နှင့်အမျှ ဆုတောင်းနေခဲ့သည်။

“ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ... ငါက တကယ့်ကို အရှုံးသမားကြီးပဲ...”

ချန်ထျန်းလျန်သည် ခေါင်းငုံ့ကာ ကိုယ်ကိုကိုယ် လှောင်ပြောင်သည့်အလား တိုးညင်းစွာ ရယ်မောလိုက်သည်။

နောက်တစ်ခဏတွင်မူ...

ဝေါ့…

ချန်ထျန်းလျန်၏ စွမ်းအင်ပြောင်းပြန်စီးသည့် ရောဂါမှာ ဆက်လက်ထိန်းချုပ်ထား၍ မရတော့ဘဲ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ ဝေဟင်ထက်မှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

ငွေအပ်ပေါင်း ထောင်သောင်းချီ၍ အထိုးခံရသကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားနေရသော်လည်း ချန်ထျန်းလျန်သည် ဂရုမစိုက်ဘဲ မြို့ထဲသို့ ယိုင်တိယိုင်တိုင်နှင့် လျှောက်လှမ်းသွားခဲ့သည်။

“မိန်းမ... သားလေး...”

“ငါ့ကို စောင့်နေကြဦးနော်”

...

...

နန်းဆောင်တစ်ခု၏ အမိုးစွန်းပေါ်မှ မော့ချင်းယွဲ့သည် သူမ၏ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

“တစ်ယောက်ကတော့ ဒဏ္ဍာရီလာ အေးခဲလွင်ပြင်ရဲ့ ဘုရင်မဖြစ်ပေမဲ့... ချန်မိသားစုထဲမှာ နာမည်တောင် ဖျောက်ထားပြီး ကျိန်စာကို အံတုပြီးတော့တောင့် ဇနီးကောင်း၊ မိခင်ကောင်းတစ်

ယောက်အဖြစ် ပုန်းကွယ်နေထိုင်နေတယ်”

“နောက်တစ်ယောက်ကတော့ ပြိုင်ဘက်ကင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိပြီး နယ်မြေစွမ်းအားကိုတောင် ပိုင်ဆိုင်ထားတယ်။ ဖြူစင်တဲ့ စိတ်နှလုံးရှိပါလျက်နဲ့ လူဆိုးဆိုတဲ့ နာမည်ဆိုးကို ခံယူပြီး ဇနီးနဲ့ သားသမီးရှေ့မှာတော့ အမြဲတမ်း နောက်ပြောင်တတ်တဲ့သူ ဖြစ်နေပြန်ရော”

“ပြီးတော့ နောက်ထပ် တစ်ယောက်ကတော့... တကယ့်ကို အံ့ဩစရာပဲ။ ဒီလောက် ငယ်

ငယ်လေးနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက ရတနာခန္ဓာဒုတိယအလွှာကို ရောက်နေပြီ။ စိတ်စွမ်းအင်မှာလည်း ကမ္ဘာပေါ်မှာ တစ်ခါမှမမြင်ဖူးတဲ့ ထူးခြားတဲ့ ပါရမီရှိနေတယ်။ ငါကိုယ်တိုင်တောင် သူ့ကို အကုန်အစင် မမြင်နိုင်ဘူး”

“ဒီမိသားစုကတော့ တကယ့်ကို သရုပ်ဆောင်ကောင်းကြတာပဲ။ တစ်ယောက်မှ မရိုးရှင်းဘူး”

မော့ချင်းယွဲ့သည် အံ့ဩတုန်လှုပ်မှုနှင့်အတူ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။ ဤအခိုက်အတန့်တွင် သူမသည် ဤမိသားစုဝင် သုံးဦး အထူးသဖြင့် ချန်ကျီရှင်းအပေါ်တွင် တစ်ခါမျှမရှိဖူးသော ပြင်းထန်သည့် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။

“ဘာပဲဖြစ်ဖြစ်... ငါတော့ ရတနာသိုက်ကြီးကိုများ တွေ့လိုက်တာလား မသိဘူး”

မော့ချင်းယွဲ့က ခပ်တိုးတိုး ရယ်မောလိုက်သည်။ မူလက ချန်မိသားစုအိမ်တော်မှာ ရက်အနည်းငယ် နားခိုပြီးမှ ထွက်ခွာရန် စီစဉ်ထားသော်လည်း ယခုအခါ သူမ၏ အတွေးများမှာ တိတ်တဆိတ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ချက်ချင်းပင် သူမ၏ ပုံရိပ်သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ကျယ်ပြောလှသော ညကောင်းကင်ယံအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

...

...

“မိန်းမ... သားလေး...”

ချန်ထျန်းလျန်သည် ပင်ပန်းနွမ်းနယ်စွာဖြင့် မြို့ထဲသို့ ရောက်ရှိလာပြီး ရင်းရွှမ်းရွှမ်းနှင့် ချန်ကျီရှင်းတို့ ဘေးကင်းသည်ကို မြင်လိုက်ရသောအခါ သူသည် အားတင်းပြီး ပြုံးပြရန်သာ အချိန်ရလိုက်ပြီးနောက် သတိလစ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

“ထျန်းလျန်”

ရင်းရွှမ်းရွှမ်းမှာ မည်သည့်အချိန်က ပုံမှန်အသွင် ပြန်ပြောင်းသွားသည်မသိသော်လည်း သူမ၏ တစ်ကိုယ်လုံးမှာမူ အေးစက်နေဆဲပင်။ သူမသည် အလွန်အမင်း စိုးရိမ်တကြီးဖြစ်သွားပြီး ချန်ထျန်းလျန်ကို အလျင်အမြန်ပင် ထူမလိုက်သည်။

ရှူး ရှူး…

ထိုစဉ်မှာပင်...

အဝေးဆီမှ အလင်းတန်းနှစ်ခုသည် လေထုကို ခွဲထွက်ကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြသည်။ ထိုအလင်းတန်းများ မြေပြင်သို့ ဆင်းသက်လာပြီးနောက် အလင်းများ ပျောက်

ကွယ်သွားကာ ချန်တောက်ယန်နှင့် ချန်ထျန်းချန်တို့၏ ပုံရိပ်များ ပေါ်ထွက်လာတော့သည်။

“တတိယအစ်ကို”

မြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချန်ထျန်းချန်တစ်ယောက် ဆွံ့အသွားပြီးနောက် ချက်ချင်းပင် ဟိန်းခနဲ အော်ဟစ်လိုက်တော့သည်။

“ဒါ ဘယ်သူလုပ်တာလဲ”

ချန်ထျန်းချန်သည် ဒေါသတကြီး ဟောက်လိုက်ပြီး သူ၏မျက်နှာမှာ ဒေါသရိပ်များဖြင့် နီမြန်းနေသည်။ သူ၏အကြည့်များမှာ လျှပ်စီးအလား ပတ်ဝန်းကျင်ကို အလျင်အမြန် ဝေ့ဝဲကြည့်ရှုလိုက်သည်။

ချန်တောက်ယန်၏ မျက်နှာမှာလည်း ထပ်တူပင် တည်ကြည်လေးနက်နေ၏။ ချန်မိသားစု၏ နှာခေါင်းဖျားအောက် တည့်တည့်တွင် ဤကဲ့သို့ ပြဿနာရှာရဲခြင်းမှာ အမှန်တကယ်ပင် သတ္တိကောင်းလွန်းလှသည်။

နောက်တစ်ခဏတွင်မူ ချန်တောက်ယန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ ယခုအချိန်မှာ တရားခံကို လိုက်လံစုံစမ်းရမည့်အချိန် မဟုတ်မှန်း သူနားလည်လိုက်ပြီဖြစ်သည်။

“အခုလောလောဆယ် အော်မနေနဲ့ဦး”

ချန်တောက်ယန်သည် ဆူညံနေသော ချန်ထျန်းချန်ကို တစ်ချက်စောင်းကြည့်လိုက်ပြီးနောက်၊ ကုန်း၍ ချန်ထျန်းလျန်၏ နဖူးပေါ်သို့ လက်ကို အသာအယာ တင်လိုက်သည်။ နူးညံ့ပြီး မြူခိုးသဏ္ဌာန်ရှိသော စွမ်းအင်စီးကြောင်းတစ်ခုသည် ချန်တောက်ယန်၏ လက်ဖဝါးမှတစ်ဆင့် ချန်ထျန်းလျန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။

“စွမ်းအင်ပြောင်းပြန်စီးတဲ့ရောဂါက တော်တော်လေး ပြင်းထန်နေပြီ”

ချန်တောက်ယန်က မျက်မှောင်ကြုတ်လျက် လေးနက်စွာ ပြောလိုက်သည်။

“ငါ ထျန်းလျန်ရဲ့ အကြောတွေကို ကာကွယ်ပေးဖို့ စစ်မှန်သော အဆီအနှစ်ကို သုံးထားမယ်။ ကျန်တာတွေကိုတော့ အိမ်ပြန်ရောက်မှပဲ ဆွေးနွေးကြတာပေါ့”

“ဒါနဲ့... မင်းတို့သားအမိနှစ်ယောက်ရော ဘာမှမဖြစ်ကြဘူးမလား”

ချန်တောက်ယန်က ရင်းရွှမ်းရွှမ်းနှင့် ချန်ကျီရှင်းတို့ကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။

“ကျွန်မတို့... အဆင်ပြေပါတယ်”

ရင်းရွှမ်းရွှမ်းက ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ”

ချန်တောက်ယန်၏ ရင်ထဲမှ စိုးရိမ်စိတ်များ အနည်းငယ် လျော့ပါးသွားသည်။ အခြားသူများ မသိသော်လည်း ချန်ကျီရှင်းသည် ချန်မိသားစု၏ အနာဂတ်ကို ထမ်းပိုးထားသူဖြစ်ကြောင်း သူသိထားသဖြင့် မည်သည့်အန္တရာယ်မှ မဖြစ်စေချင်ပေ။ စကားဆုံးသည်နှင့် ချန်တောက်ယန်သည် သူ၏အင်္ကျီလက်ရှည်ကြီးကို ဝှေ့ယမ်းလိုက်ပြီး လူအားလုံးကို လွှမ်းခြုံကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။

“အဘိုးတို့ အရင်သွားနှင့်ကြပါ... ကျွန်တော့်အစ်ကိုကို ကျွန်တော်ပဲ ပိုးပြီး ပြန်လိုက်မယ်...”

ချန်ထျန်းချန်က ခေါင်းခါယမ်းလိုက်ပြီးနောက် လဲကျနေသော ချန်ထျန်းလျန်ကို ကြည့်ကာ အသာအယာ ပွေ့ချီ၍ ကျောပေါ်တွင် ပိုးလိုက်သည်။

“မင်းကတော့...”

ချန်တောက်ယန်က မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခု ပြောရန်ပြင်သော်လည်း နောက်မှ စိတ်ပြန်ပြောင်းသွားသည်။

ထိုအုပ်စုသည် လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။ ချန်ထျန်းချန်သည် ချန်ထျန်းလျန်ကို ကျောပေါ်တွင် အသာအယာ ပိုးထားလျက် ဇီဝေတောင်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်ထျန်းချန် အပြင်တွင် ပြဿနာရှာ၍ တစ်ဝက်သေမတတ် အရိုက်ခံခဲ့ရစဉ်ကအတိုင်းပင်။ ထိုစဉ်ကလည်း ချန်ထျန်းလျန်ကသာ သူ့အတွက် ရှေ့ထွက်

ရပ်တည်ပေးပြီး အိမ်အထိ ကျောပိုးကာ ပြန်ခေါ်လာခဲ့ခြင်းပင်။

“တတိယအစ်ကို... လာပါ အိမ်ပြန်ကြရအောင်”

“နေဦး... အစ်ကို ကျွန်တော့်ကို အကြွေးတင်နေတာတွေ မဆပ်ရသေးဘူးနော်”

အခန်း။၂၂

ဒုတိယမြောက်နေ့ နံနက်စောစော ဇီဝေချန်မိသားစု၊ တတိယတောင်ထိပ်။

ဘေးခန်းတစ်ခုအတွင်းတွင် ချန်ထျန်းလျန်၊ ရင်းရွှမ်းရွှမ်းနှင့် ချန်ကျီရှင်းတို့ သုံးဦးတည်းသာ ရှိနေကြသည်။

“ထျန်းလျန်... ဆေးသောက်လိုက်ဦး။”

ရင်းရွှမ်းရွှမ်းသည် ဆေးပန်းကန်လုံးကို ကိုင်ထားပြီး ဇွန်းဖြင့် တစ်ဇွန်းချင်းစီ ချန်ထျန်းလျန်၏ ပါးစပ်ထဲသို့ အသာအယာ တိုက်ကျွေးနေသည်။ ချန်ထျန်းလျန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ရှူသံမှာလည်း အားနည်းနေ၏။ ယခင်က စစ်မှန်သောကိုယ်ပွားအဆင့် ဒုတိယအလွှာရှိခဲ့သော သူ၏ ကျင့်ကြံမှုမှာ ယခုအခါ ပထမအလွှာသို့ ကျဆင်းသွားရုံသာမက ဝိညာဉ်

ခရီးသည်အဆင့်သို့ပင် ထပ်မံကျဆင်းရန် လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်သည်။

“ငါ့အခြေအနေကို ငါသိပါတယ်... ဒီဆေးတွေက အလကားပါပဲ။”

ချန်ထျန်းလျန်သည် သူ၏ခန္ဓာကိုယ်ကို အားတင်းကာ ထထိုင်လိုက်ပြီး ဆေးပန်းကန်လုံးကို အသာအယာ တွန်းဖယ်ကာ ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။ ရင်းရွှမ်းရွှမ်းမှာမူ ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားတော့သည်။ စွမ်းအင်ပြောင်းပြန်စီးခြင်း ဆိုသည်မှာ မဟာတာအိုအခြေခံကို ထိခိုက်စေသည့် ဒဏ်ရာမျိုးဖြစ်ရာ သာမန်ကိုယ်တွင်းအကြောများကို အားဖြည့်ပေးရုံမျှ ဆေးဝါးများက ဘယ်လိုလုပ် အသုံးတည့်နိုင်မှာလဲ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချန်ထျန်းလျန်က လှည့်၍ မေးမြန်းလိုက်သည်။

“မင်းကော... မင်း ဘယ်လိုနေသေးလဲ”

ထိုစကားကို ကြားသောအခါ ရင်းရွှမ်းရွှမ်းသည်လည်း ခါးသီးစွာ ပြုံးလိုက်မိပြီး သူမ၏ အင်္ကျီလက်ကို မတင်ကာ အေးစက်လှသော အငွေ့အသက်များ ထွက်ပေါ်နေသည့် သူမ၏ ဖြူဖျော့သော လက်မောင်းသားကို ထုတ်ပြလိုက်သည်။

“ငါကတော့ အဲလောက်ကြီး မဆိုးပါဘူး... ပိတ်ဆို့ထားတဲ့ နှင်းအေးခန္ဓာက ပြန်နိုးထလာတာဆိုတော့ မကြာခင်မှာ အေးခဲလွင်ပြင်ဆီ တစ်ခေါက်လောက်တော့ သွားရလိမ့်မယ် ထင်တယ်။”

သဋတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိရင်း သက်ပြင်းချလိုက်ကြသည်။ သူတို့၏ မျက်မှောင်ကြုတ်မှုများကြားတွင် စိုးရိမ်ပူပန်မှုများစွာ ကိန်းအောင်းနေ၏။ အတော်ကြာမှ ချန်ထျန်းလျန်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ချန်ကျီရှင်းဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်

“သားလေး... အဲဒီလူနှစ်ယောက် သားကို ဖမ်းခေါ်သွားတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ဖေဖေ့ကို အမှန်အတိုင်း ပြောပြစမ်းပါဦး။”

ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက်...

ရင်းရွှမ်းရွှမ်းသည်လည်း စိတ်ဝင်တစားဖြစ်သွားပြီး ချန်ကျီရှင်းကို စူးစမ်းသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ မနေ့ကတည်းက လူသတ်သမားနှစ်ယောက်လက်ထဲမှာ ချန်ကျီရှင်း ဘယ်လိုများ အသက်ရှင်လွတ်မြောက်ခဲ့သလဲဆိုတာ သူမ မေးချင်နေခဲ့တာ အမှန်ပင်။

မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက များပြားလွန်းလှသည်သာမက သားဖြစ်သူ ထိတ်လန့်သွားမည်ကို စိုးရိမ်သောကြောင့် ရင်းရွှမ်းရွှမ်းမှာ အောင့်အည်းသည်းခံခဲ့ရခြင်းပင်။

ချန်ကျီရှင်းကမူ သူ၏အဖြေကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သဖြင့် ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်သော လေသံဖြင့် “မေမေနဲ့ ဖေဖေ... သားလည်း သေချာတော့ မသိဘူးဗျ။ မနေ့ညက အဲဒီလူနှစ်ယောက် သားကို ပိုးပြီး လမ်းကြားထဲရောက်သွားတော့ ကောင်ကင်ပေါ်ကနေ အဘိုးကြီးတစ်ယောက် ဆင်းလာတာ။ သူက လက်ကလေးတစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ အဲဒီလူနှစ်ယောက်လုံး သေသွားရော...” ဟု လိမ်ညာပြောဆို လိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့ နှစ်ဦးစလုံး မှင်သက်သွားကြပါသည်။

ချန်ထျန်းလျန်က မယုံကြည်နိုင်သော မျက်နှာပေးဖြင့် “အဘိုးကြီး... သားလေး ဖေဖေ့ကို နောက်နေတာလား။ ဖေဖေ့ကို နလပိန်တုံးကြီး ထင်နေတာလား” ဟု မေးလိုက်ပါသည်။ ဤသည်မှာ တကယ့်ကို မယုံနိုင်စရာ ကောင်းလွန်းနေသည်။ အကယ်၍ ဤစကားကို ချန်ကျီရှင်းက ပြောခြင်းမဟုတ်ပါက သဋ၏ ဉာဏ်ရည်ဉာဏ်သွေးကို စော်ကားသည်ဟုပင် သူ ထင်မိပေလိမ့်မည်။

ချန်ကျီရှင်းက သူ၏ တောက်ပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရိုးသားလှသော မျက်နှာလေးဖြင့် “ဖေဖေ... သားက လိမ်မယ့်ပုံ ပေါက်နေလို့လားဟင်” ဟု ပြန်မေးလိုက်ပါသည်။

ချန်ထျန်းလျန် တစ်စုံတစ်ခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရင်းရွှမ်းရွှမ်းက သူ့ကို မျက်စောင်းထိုးကာ “တော်စမ်းပါ ကျီအာက ဒီလောက်အရွယ်လေးနဲ့ ဘယ်လိုလုပ် လိမ်တတ်မှာလဲ။ မနေ့ညက တစ်ယောက်ယောက်သာ ဝင်မကယ်ရင် ကျီအာက သူ့ဘာသာသူ အဲဒီလူနှစ်ယောက်ကို သတ်နိုင်မှာမို့လို့လား။ တချို့ အဆင့်မြင့်ကျင့်ကြံသူတွေက သဘောကောင်းကြတယ်လေ။ လောကကြီးထဲမှာ လူမသိအောင် ပုန်းအောင်းနေထိုင်ပြီး တရားရှာနေတတ်ကြတာ။ မနေ့ညက ကျီအာ အန္တရာယ်တွေ့နေတာ မြင်တော့ သူတို့က လက်ဖျောက်တစ်ချက်တီးပြီး လူဆိုးတွေကို နှိမ်နင်းပေးလိုက်တာ ဖြစ်မှာပေါ့။ ဒါက ငါတို့ ကျီအာလေးက ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုကို ခံရပြီး ကံထူးတဲ့သူဖြစ်ကြောင်း သက်သေပြနေတာပဲ” ဟု ကြားဝင်ပြောဆို လိုက်သည်။

ချန်ထျန်းလျန်မှာ ကြောင်အသွားပြီး “လောကကြီးမှာ တကယ်ပဲ ဒီလောက် တိုက်ဆိုင်မှုတွေ ရှိတာလား။ ငါ့သားက တကယ်ပဲ ကံကောင်းတဲ့သူလား” ဟု ယုံတဝက်မယုံတဝက်ဖြင့် တိုးတိုးလေး ရေရွတ်နေမိတော့သည်။

“ဒါပေါ့... တခြား ဘာရှိဦးမှာလဲ”

ရင်းရွှမ်းရွှမ်းက ထပ်မံ၍ အတည်ပြုလိုက်ပါသည်။ ချန်ကျီရှင်းကမူ သူ့မိခင်၏ အကွက်စေ့လှသော ဇာတ်လမ်းဆင်မှုကို စိတ်ထဲမှ လက်မထောင်ကာ ချီးကျူးနေမိပါသည်။

ရင်းရွှမ်းရွှမ်းက ပြုံးလျက် “ကျီအာ... မေမေ့ကို ပြောပြပါဦး၊ အဲဒီအဘိုးကြီးက ဘယ်လိုပုံစံမျိုးလဲဟင်” ဟု မေးရာ ချန်ကျီရှင်းက မျက်တောင်မခတ်တမ်း “အဘိုးကြီးက ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူဖြူနဲ့ နတ်သားတစ်ပါးလိုပဲ။ ဒါပေမဲ့ သားလည်း သေချာတော့ မမြင်လိုက်ရဘူးဗျ” ဟု အပြစ်ကင်းစင်စွာ ဖြေကြားလိုက်သည်။

ကျေးဇူးတရားဆိုတာ ပြန်မဆပ်ဘဲ နေလို့မကောင်းပါဘူး။

"အဲဒီအဘိုးကြီးက တခြားဘာများ မှာသွားသေးလဲ"

ရင်းရွှမ်းရွှမ်းက မေးလိုက်သည်။

ချန်ကျီရှင်း၏ ဦးနှောက်က ချက်ချင်းပင် အလုပ်လုပ်လိုက်ပြီး သူ၏ရင်ခွင်ထဲမှ ပင်လယ်ငြိမ် သောက်ဆေးဖော်စပ်နည်းနှင့် ကိုးဆင့်လှည့် ကောင်းကင်အအေးကျိန်စာတို့ကို ထုတ်ယူလိုက်ကာ ပြောလိုက်သည်။

"ဒါက အဘိုးကြီး မသွားခင် သားကို ပေးသွားတာဗျ။"

"ဟင်"

ထိုအရာကို မြင်လိုက်ရသောအခါ ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့ ငြိမ်မနေနိုင်တော့ဘဲ ဆေးနည်းနှင့် ကျင့်စဉ်စာအုပ်ကို အလုအယက် ယူကြည့်ကြတော့သည်။ သူတို့နှစ်ဦးစလုံး အသေအချာ ဖတ်ရှုလိုက်ကြ၏။

နောက်တစ်ခဏတွင်မူ...

"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မယုံကြည်နိုင်လောက်သော အာမေဍိတ်သံကြီးတစ်ခု ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာသည်။ ချန်ထျန်းလျန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်တကြားနှင့် ခုတင်ပေါ်မှ ဝုန်းခနဲ ထရပ်လိုက်မိကာ သူ့လက်ထဲက ဆေးဖော်စပ်နည်းကို မင်သက်စွာ စိုက်ကြည့်နေတော့သည်။

"ပင်လယ်ငြိမ် သောက်ဆေးဖော်စပ်နည်း... ပင်လယ်ငြိမ်ဆေးကို ဖော်စပ်နိုင်ပြီး စွမ်းအင်ပြောင်းပြန်စီးတဲ့ ရောဂါကို နှိမ်နင်းပေးနိုင်သည်"

ထိုစာသားလေး တစ်ကြောင်းတည်းတင် ချန်ထျန်းလျန်၏ ဆေးနည်းကို ကိုင်ထားသော လက်များကို တုန်ရီသွားစေရန် လုံလောက်လှသည်။

ဘယ်နှစ်နှစ်တောင် ရှိသွားပြီလဲ။

ဓားပေါင်း ထောင်သောင်းချီ၍ အမွှန်းခံရသကဲ့သို့ ပြင်းထန်လှသော စွမ်းအင်ပြောင်းပြန်စီးသည့် ဝေဒနာမှာ သူ့ကို နှိပ်စက်ရုံတင်မကဘဲ သူ၏ ကျင့်ကြံမှုကိုပါ စစ်မှန်သောကိုယ်ပွားအဆင့် ဒုတိယအလွှာမှာတင် ရပ်တန့်စေခဲ့ပြီး ရှေ့ဆက်တိုး၍ မရအောင် လုပ်ထားခြင်း ဖြစ်သည်။

သူ ရုန်းကန်ခဲ့ဖူးသလို ရှာဖွေခဲ့ဖူးသည်။ လမ်းပျောက်ခဲ့သလို မျှော်လင့်ချက်လည်း မဲ့ခဲ့ဖူးသည်။ နောက်ဆုံးတွင်မူ လုံးဝ စိတ်လျှော့ထားခဲ့ပြီးသား ဖြစ်သည်။

ဒါပေမဲ့ အခုတော့...

ငါ့ခန္ဓာကိုယ်ထဲက ရောဂါကို နှိမ်နင်းပေးနိုင်မယ့် ပင်လယ်ငြိမ်ဆေး ဖော်စပ်နည်းက ငါ့မျက်စိရှေ့မှာတင် ဒီအတိုင်း ပေါ်လာခဲ့ပြီ။

ထိုအခိုက်အတန့်မှာ ချန်ထျန်းလျန်၏ မျက်ဝန်းတွေဟာ ထိန်းမနိုင်သိမ်းမရ နီမြန်းလာပြီး ဒါတွေဟာ အိမ်မက်တစ်ခု ဖြစ်သွားမှာ စိုးရိမ်နေသကဲ့သို့ ဆေးနည်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။

တစ်ချိန်တည်းမှာပင် ရင်းရွှမ်းရွှမ်းမှာလည်း သူမလက်ထဲရှိ ကိုးဆင့်လှည့် ကောင်းကင်အအေးကျိန်စာကို ကြည့်ရင်း လျှပ်စီးအပစ်ခံလိုက်ရသလို တုန်လှုပ်သွားပြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူဖျော့သွားသည်။

နှင်းမိစ္ဆာမျိုးနွယ်စုဝင်များကို လူသားတို့က ဘေးအန္တရာယ်နှင့် နိမိတ်ဆိုးများ၏ ပြယုဂ်ဟု သတ်မှတ်ကြသည့် အဓိကအကြောင်းရင်းမှာ သူတို့သည် အေးခဲလွင်ပြင်မှ ထွက်ခွာသည်နှင့် သူတို့၏ အအေးဓာတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပတ်ဝန်းကျင်သို့ ကူးစက်စေသောကြောင့်ပင်။ အချိန်ကြာလာသည်နှင့်အမျှ နှင်းမိစ္ဆာရောက်ရှိရာ အရပ်သည် သက်ရှိဟူသမျှ ကင်းမဲ့ပြီး ရေခဲပြင်အတိပြီးသည့် မြေရိုင်းကြီးအဖြစ် ပြောင်းလဲသွားတတ်ပါသည်။

ထို့ပြင် အေးခဲလွင်ပြင်၏ အစွန်းရောက်အအေးဓာတ် အထောက်အပံ့မရှိဘဲ ပြင်ပလောကတွင် နေထိုင်ပါက ကျင့်ကြံမှုများ မပြုလုပ်နိုင်တော့သည့်အပြင် နုပျိုမှုများလည်း အလျင်အမြန် ဆုတ်ယုတ်သွားရမည်ပင်။ ရင်းရွှမ်းရွှမ်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ဆိုင်မှုတစ်ခုကြောင့် အေးခဲလွင်ပြင်မှ ထွက်ခွာနိုင်ခဲ့သော်လည်း မနေ့ညက သားဖြစ်သူ ချန်ကျီရှင်းကို ကယ်တင်ရန်အတွက် သူမ၏ နှင်းမိစ္ဆာအသွင်ကို ထုတ်ဖော်ခဲ့မိသည်။

သူမ၏ အအေးဓာတ်ကြောင့် သားလေးကို မထိခိုက်စေရန်အတွက် သူမသည် အေးခဲလွင်ပြင်သို့ တစ်ဦးတည်း ပြန်သွားရန်နှင့် ခင်ပွန်းဖြစ်သူ၊ သားဖြစ်သူတို့နှင့် ထာဝရခွဲခွာရန် ဆုံးဖြတ်ထားခဲ့ပါသည်။ သို့သော် ယခုမူ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

[ကိုးဆင့်လှည့် ကောင်းကင်အအေးကျိန်စာ: အစွန်းရောက် အအေးခန္ဓာ ပိုင်ရှင်များအတွက် အကောင်းဆုံး ကျင့်စဉ်တစ်ခုဖြစ်ပြီး မိမိထံမှ အအေးဓာတ်ကို အသုံးချကာ ကျင့်ကြံနိုင်သည်။ အအေးဓာတ်ဆေးလုံးများကို ခန္ဓာကိုယ်အတွင်း စုစည်းနိုင်မည်ဖြစ်ပြီး ဆေးလုံးတစ်လုံးစီသည် မဟာနယ်မြေတစ်ခုစီကို ကိုယ်စားပြုသည်...]

ရင်းရွှမ်းရွှမ်းသည် ကျင့်စဉ်စာအုပ်အတွင်းမှ မိတ်ဆက်စာသားများကို တစ်လုံးချင်း ဖတ်ရှုနေရင်း ကြည်လင်လှသော မျက်ရည်စက်များမှာ စာအုပ်ဟောင်းလေးပေါ်သို့ တစက်စက် ကျဆင်းလာခဲ့ပါသည်။ သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး ချန်ထျန်းလျန်နှင့်အတူ တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ “ငါတို့... ကယ်တင်ခြင်း ခံလိုက်ရပြီ” ဟု ပြောကာ ပြိုင်တူရယ်မောလျက် ပြိုင်တူငိုယိုနေကြသည်။

ချန်ထျန်းလျန်သည် နှစ်ပေါင်းများစွာ ရင်ထဲတွင် တစ်ဆို့နေခဲ့သည့် ဝမ်းနည်းပူဆွေးမှုများကို အော်ဟစ်ကာ ထုတ်ဖော်လိုက်ပြီး သူတို့ ဇနီးမောင်နှံနှစ်ဦးစလုံးသည် ချန်ကျီရှင်းကို ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ပိုက်လိုက်ကြပါသည်။ ချန်ကျီရှင်းမှာမူ အသက်ရှူအနည်းငယ် ကျပ်သွားသော်လည်း ရင်ထဲတွင်မူ “ဒီလိုခံစားချက်က တကယ့်ကို ကောင်းတာပဲ” ဟု နူးညံ့စွာ ပြုံးလိုက်မိပါသည်။

မိဘနှစ်ပါးအပေါ် တုပ်နှောင်ထားသည့် အနှောင်အဖွဲ့များ မရှိတော့သည့်နောက် ဤဘဝတွင် ငသူတို့နှစ်ဦး ဘယ်လောက်အထိ တောင့်တင်းသန်မာလာမလဲဟု သူ မတွေးဘဲ မနေနိုင်ပေ။

All Chapters