အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း။ ၂၅
ချန်မိသားစု၏ ခန်းမဆောင်ကြီးဆီသို့ ဦးတည်ရာ တောင်တက်လမ်းထက်ဝယ်။
ဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်လေး ချန်ကျီရှင်းက “လွီလော့... ပြီးခဲ့တဲ့တစ်ခေါက်က ငါခိုင်းထားတဲ့အလုပ် ဘယ်လိုနေလဲ။ တိုးတက်မှုရှိရဲ့လား” ဟု မေးလိုက်သည်။
“သခင်လေးပြောတာ... ဟိုလူရှာခိုင်းတဲ့ကိစ္စကို ပြောတာလားရှင့်”
လွီလော့က ပြန်ဖြေ၏။
ချန်ကျီရှင်းက ပြုံးလျက် ခေါင်းညိတ်ပြပြီး “ဟုတ်တယ် ငါ မင်းကို စမ်းသပ်ကြည့်မယ်။ ဘယ်လိုလူမျိုးတွေကို ရှာခိုင်းထားလဲဆိုတာ မင်းမှတ်မိသေးရဲ့လား” ဟု ပြောလိုက်သည်။
“မှတ်မိတာပေါ့ရှင် မမေ့ပါဘူး။”
လွီလော့သည် လက်ချောင်းကလေးများကို ချိုးကာ တစ်ခုချင်းစီ ရေတွက်ပြတော့သည်။
“ပထမဆုံးက မျိုးရိုးနာမည်မှာ ရဲ့၊ လင်း၊ ချင်၊ ချူ၊ ရှောင် ဒါမှမဟုတ် ရွှီပါတဲ့သူတွေ။”
“ဒါ့အပြင် နာမည်မှာ ဖန်၊ မော့၊ ချန်၊ ချင်း၊ ထျန်း ဒါမှမဟုတ် ရွှမ်ပါတဲ့သူတွေ။”
“အကယ်၍ အဲဒီလူတွေထဲက တစ်ယောက်ယောက်က ငါ့ကံကြမ္မာက ငါ့အပေါ်မှာပဲ မူတည်
တယ်။ ကောင်းကင်ဘုံအပေါ်မှာ မူတည်တာမဟုတ်ဘူးလို့ ပြောတာမျိုး ဒါမှမဟုတ် မွေးရာပါ အသုံးမကျတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာမျိုး၊ မိဘမဲ့ဖြစ်နေတာမျိုး ဒါမှမဟုတ် တခြားသူတွေရဲ့ အနှိမ်ခံနေရတာမျိုးတွေ ရှိနေမယ်ဆိုရင်...”
“သခင်လေးကို ချက်ချင်း သတင်းပို့ရမယ် မဟုတ်လားရှင့်။”
“ကျွန်မ ပြောတာ မှန်တယ်မလား သခင်လေး”
ချန်ကျီရှင်းက လွီလော့၏ ဆံပင်များကို အသာအယာ ဖွလိုက်ပြီး “တစ်လုံးမှ မမှားဘူး။ လွီလော့... မင်းက တကယ့်ကို တော်တာပဲ” ဟု ချီးကျူးလိုက်သည်။
ချန်ကျီရှင်း၏ ချီးမွမ်းမှုကို ကြားရသောအခါ လွီလော့မှာ ချက်ချင်းပင် ကျေနပ်သွားပြီး သူမ၏ မျက်ဝန်းကလေးများမှာ လခြမ်းကွေးကလေးများပမာ ပြုံးယောင်သန်းသွားတော့သည်။
ထိုစဉ် ချန်ကျီရှင်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် “အော်... ဒါနဲ့ ငါမှတ်မိသလောက်ဆိုရင် ဒီနေ့ အစ်မယွဲ့အာ ပြန်လာမယ့်နေ့ မဟုတ်လား။ ငါမှာထားတဲ့ ကင်မွန်းပွင့်ကိတ်ရော ဝယ်ထားရဲ့လား” ဟု မေးလိုက်၏။
လွီလော့က သူမ၏ အင်္ကျီလက်ထဲမှ သေသပ်လှပသော လက်ဆောင်ဗူးကလေးကို ထုတ်ယူကာ ချန်ကျီရှင်းထံ ကမ်းပေးလိုက်ပြီး “စိတ်မပူပါနဲ့ သခင်လေးရယ်၊ ကျွန်မ ကြိုတင်ပြင်ဆင်ထားတာ ကြာပါပြီ” ဟု ရယ်မောလျက် ပြောပြရှာသည်။
“ကောင်းပြီ။”
ချန်ကျီရှင်း ခေါင်းညိတ်လိုက်မိသည်။
လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း...
သူ၏မိဘများဖြစ်သော ချန်ထျန်းလျန်နှင့် ရင်းရွှမ်းရွှမ်းတို့မှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြပြီး ချန်ကျီရှင်း သုံးနှစ်သားအရွယ်တွင် လောကအနှံ့ အတူတကွ ခရီးထွက်သွားခဲ့ကြသည်။
ကျားချင်းယွဲ့ သို့မဟုတ် အစ်မယွဲ့အာမှာမူ သူနှင့်အတူ အချိန်အတော်ကြာ နေထိုင်ခဲ့သည်။ သို့သော် အစ်မယွဲ့အာတွင် ကျားမိသားစုကို ပြန်လည်ထူထောင်ရန် တာဝန်ရှိနေသဖြင့် တစ်ခါတစ်ရံတွင် ချန်မိသားစုထံမှ ခေတ္တခဏ ထွက်ခွာသွားတတ်သည်။
လလယ်ပိုင်းရောက်မှသာ သူမသည် ချန်မိသားစုထံသို့ ပြန်လည်ရောက်ရှိလာတတ်သည်။
သို့သော်လည်း အချိန်ကာလများ ကုန်လွန်လာသည်နှင့်အမျှ သူတို့နှစ်ဦး၏ သံယောဇဉ်မှာ ပိုမိုခိုင်မြဲလာခဲ့သည်။ ယခုအခါ ချန်ကျီရှင်းနှင့် ကျားယွဲ့အာတို့၏ ဆက်ဆံရေးမှာ မောင်နှမအရင်းအချာကဲ့သို့ပင် ရင်းနှီးနွေးထွေးလှသည်။
တစ်ချိန်တည်းမှာပင်... ချန်မိသားစု၏ ခန်းမဆောင်ကြီးအတွင်း၌ မျိုးနွယ်စုခေါင်းဆောင် ချန်တောက်ယန်သည် ခေါင်းဆောင်နေရာတွင် ထိုင်နေသည်။ ဘေးတစ်ဖက်တစ်ချက်တွင်မူ ချန်မိသားစု၏ ထူးချွန်ထက်မြက်သော တပည့်များစွာ ရှိနေကြ၏။ ထို့ပြင် ချန်ကျီရှင်း တစ်ခါမျှ မမြင်ဖူးသေးသော သူစိမ်းနှစ်ဦးကိုလည်း တွေ့ရသည်။
တစ်ဦးမှာ လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်ကာ သူ၏ နားထင်ကြောများမှာ ဖောင်းကြွနေပြီး မျက်လုံးများမှာ တောက်ပစူးရှလှကာ ချန်တောက်ယန်နှင့် တစ်တန်းတည်း ထိုင်နေသည်။ အခြားတစ်ဦးမှာမူ ခရမ်းရောင် ခါးမြင့်ဝတ်စုံရှည်ကို ဆင်မြန်းထားသည့် အလွန်လှပသော အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။ သူမ၏ ဆံပင်နက်မှောင်မှောင်များကို အထက်သို့ စည်းနှောင်ထားပြီး သူမ၏ ထူးကဲသော အလှအပကြားတွင် နှုတ်ခမ်းထောင့်ရှိ မှဲ့ကလေးမှာ သူမ၏ ပုံစံကို ပိုမိုပြတ်သားထက်မြက်သည့် အသွင်ကို ဆောင်နေစေသည်။
“ဦးလေးချန်... ဖေဖေ... ကျွန်မ ဒီချန်ကျီရှင်းကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။ သူက ပါရမီလည်း သာမန်ပဲ။ ခွန်အားလည်း သာမန်ပဲ ဘာမှ ပြောစရာကောင်းတဲ့ အချက်တစ်ချက်မှ မရှိဘူးလို့ ကျွန်မ ကြားထားတယ်”
“ကျွန်မ သူ့ကို လက်မထပ်နိုင်ဘူး ကျွန်မရဲ့ လက်တွဲဖော်က ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းတစ်ယောက်ပဲ ဖြစ်ရမယ်”
ထိုအမျိုးသမီးငယ်က ခန်းမအလယ်တွင် ရပ်လျက် မကျေမနပ် ပြောဆို လိုက်သည်။
“တိတ်စမ်း”
သတ်လတ်ပိုင်းအမျိုးသားကြီးမှာ ချက်ချင်းပင် ဒေါသထွက်သွားကာ “ချန်မိသားစုဆိုတာ ထာဝရအသက်ရှည်မျိုးနွယ်စုတစ်ခုပဲ။ တူလေး ကျီရှင်းနဲ့ လက်တွဲခွင့်ရတာဟာ နင့်အတွက် အင်မတန် မြင့်မားတဲ့ လှေကားထစ်တစ်ခု ရလိုက်တာပဲ။ ဒါကိုတောင် နင်က မကျေနပ်နိုင်သေးဘူးလား ခန်းမဆောင်ကြီးထဲမှာ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ဘယ်လိုလုပ် ပြောရဲတာလဲ”
ထို့နောက် ထိုအမျိုးသားသည် ချန်တောက်ယန်ဘက်သို့ လှည့်ကာ အားနာဟန်ဖြင့် “မျိုးနွယ်စုခေါင်းဆောင်ချန်... ကျွန်တော့်သမီးက အမြော်အမြင်မရှိလို့ ပြောမိတာပါ။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ဗျာ” ဟု တောင်းပန်လိုက်သည်။
သို့သော်လည်း ချန်တောက်ယန် စကားမပြောရသေးမီမှာပင် ထိုအမျိုးသမီးငယ်က မျက်ခုံးပင့်လျက် အေးစက်စွာ တုံ့ပြန်လိုက်ပြန်သည်။
“ဖေဖေ... ချန်မိသားစုက အထင်ကရ မိသားစုကြီးဖြစ်ပြီး ကျွန်မတို့ထက် သာတယ်ဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒါက ချန်ကျီရှင်းနဲ့ ဘာဆိုင်လို့လဲ သူက ချန်မိသားစုကို ဦးဆောင်နိုင်မှာမို့လို့လား”
သူမက ခေတ္တမျှ ရပ်ပြီးနောက် စကားတစ်လုံးချင်းစီကို အလေးအနက်ထား၍ ပြောလိုက်သည်။
“ဖေဖေ... သမီးကို မီးတွင်းထဲကို အတင်းတွန်းပို့နေတာလား”
သူမ၏ စကားအဆုံးတွင်မူ ခန်းမဆောင်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ချန်မိသားစုမှ တပည့်သာမန်များမှာလည်း ထိုစကားများကို ကြားရသောအခါ စိတ်ထဲမှ တုန်လှုပ်သွားကြသည်မှာ အမှန်ပင်။ သူမ ပြောသည့်စကားမှာ မှန်ကန်နိုင်သော်လည်း ဤမျှအထိ တည့်တိုးဆန်လှမည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
လျှော်တေဝတ်စုံနှင့် လူလတ်ပိုင်းအမျိုးသားကြီးမှာမူ ထိုင်ခုံလက်ရန်းကို ဝုန်းခနဲ ရိုက်လိုက်ပြီး မတ်တပ်ထရပ်ကာ ဒေါသတကြီး ရယ်မောလိုက်သည်။
“လုရင်း... နင် ဘယ်လို ရူးကြောင်ကြောင် စကားတွေ လျှောက်ပြောနေတာလဲ”
လုရင်းဟု အမည်ရသော ထိုအမျိုးသမီးငယ်မှာမူ အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိပေ။ သူမသည် ခန္ဓာကိုယ်ကို မတ်မတ်ထားကာ သူမ၏ဖခင်ကို ပြတ်သားစွာ ပြန်လည်စိုက်ကြည့်နေသည်။ သူတို့နှစ်ဦး၏ အကြည့်များမှာ လေထုထဲ၌ စစ်ခင်းနေသကဲ့သို့ ရှိနေပြီး မည်သူကမျှ အလျော့ပေးမည့်ပုံ မပေါ်ချေ။
ထိုမြင်ကွင်းကို မြင်သောအခါ ချန်တောက်ယန်က အသာအယာ ချောင်းဟန့်လိုက်ပြီး “ငါ့အထင်တော့... တူမလေး လုရင်းအနေနဲ့ ကျီရှင်း ရောက်လာတဲ့အထိ ခေတ္တစောင့်ဆိုင်းပြီး လူချင်းတွေ့ပြီးမှ ဆုံးဖြတ်ချက်ချရင် ပိုမကောင်းဘူးလား” ဟု ညှိနှိုင်းပေးရှာသည်။
လုရင်းက ခေါင်းမော့လိုက်ပြီး “ဦးလေးချန်... ဦးလေးက ကျွန်မဖေဖေရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်လို့ ကျွန်မ ရိုသေပါတယ်။ ဒါပေမဲ့ ကျွန်မ ရိုးရိုးသားသားပဲ ပြောပါရစေ။ ကျွန်မ ရှာနေတဲ့ တာအိုအဖော်ဆိုတာ လူသားတွေထဲမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်၊ ချန်ကျီရှင်းလိုမျိုး သာမန်လူတစ်ယောက် မဟုတ်ရဘူး” ဟု ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
ထိုစကားကြောင့် ချန်တောက်ယန်မှာ စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်မိပြီး လုယွမ်ဘက်သို့ လှည့်ကာ “ညီလေးလု... ငါတို့ ဒီစေ့စပ်ပွဲကိစ္စကို ပြန်စဉ်းစားသင့်သလား” ဟု မေးမြန်းလိုက်ရသည်။
အမှန်စင်စစ် ချန်တောက်ယန်သည် လုရင်းကို ချန်ကျီရှင်းနှင့် အမှန်တကယ် လက်ထပ်စေချင်သည်မှာ အကြောင်းရှိသည်။ အဘယ်ကြောင့်ဆိုသော် လုရင်း၏ဖခင်မှာ သူနှင့်အဆင့တူသော နိဗ္ဗာန်နယ်မြေအဆင့်ရှိသည့် အစွမ်းထက် ပညာရှင်ကြီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။ အကယ်၍ ဤစေ့စပ်ပွဲ အောင်မြင်ခဲ့လျှင် ချန်ကျီရှင်းအတွက် နိဗ္ဗာန်နယ်မြေအဆင့်ရှိသည့် ကျောထောက်နောက်ခံတစ်ခု ရရှိမည်ဖြစ်သလို ချန်မိသားစုအတွက်လည်း အားကောင်းသော မဟာမိတ်တစ်ဦး တိုးလာမည် ဖြစ်သည်။
သို့သော်လည်း မဟာမိတ်ရရှိရေးထက် ချန်ကျီရှင်း အရှက်ရစေမည့် အခြေအနေမျိုးကို သူ အဖြစ်မခံလိုပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း သူသည် ချန်ကျီရှင်း၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်
သောကြောင့်ပင်။
ထိုစဉ်မှာပင်...
“တကယ့်ကို စည်ကားနေတာပဲနော်။”
ပျင်းရိပျော့ပျောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ခန်းမအတွင်းရှိ လူအားလုံးမှာ အသံလာရာသို့ လှည့်ကြည့်လိုက်ကြ၏။ နီမြန်းသော နှုတ်ခမ်းအစုံ၊ နက်မှောင်တောက်ပသော ဆံနွယ်များနှင့် ကြည်လင်သန့်ပြန့်သော အသွင်အပြင်ရှိသည့် လူငယ်လေးတစ်ဦးက အေးအေးလူလူ လျှောက်လှမ်းဝင်ရောက်လာသည်။
“ကျီအာ...”
ချန်တောက်ယန်က ပြုံးလျက် ခေါင်းညိတ်ပြပြီး “ကျီအာ... မင်းကို မိတ်ဆက်ပေးမယ်။ ဒါက စီနီယာ လုယွမ်၊ ပြီးတော့ ဒါကတော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး လုရင်းတဲ့။”
ချန်ကျီရှင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး အခန်းအတွင်းရှိ အခြေအနေကို တစ်ချက် ဝေ့ကြည့်လိုက်ရုံနှင့် အရာအားလုံးကို ချက်ချင်းပင် နားလည်သဘောပေါက်သွားတော့သည်။
လွီလော့ပြောခဲ့သည့်အတိုင်းပင် ဤတစ်ကြိမ် တွေ့ဆုံရမည့်သူမှာ သာမန်နောက်ခံမျိုး မဟုတ်သည်မှာ ထင်ရှားလှသည်။
အရှေ့ဘက်လျှို့ဝှက်နယ်ပယ်တစ်ခုလုံးတွင် ကျော်ကြားလှသော နိဗ္ဗာန်နယ်မြေအဆင့်ရှိ ပညာရှင်ကြီး လုယွမ်ကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ တစ်ဦးတည်းသော သမီးဖြစ်သူ လုရင်း၏ နောက်ခံမှာ အမှန်တကယ်ပင် ကြီးမားလှသည်။
သို့သော်လည်း လုရင်း၏ အမူအရာနှင့် ပြောဆိုပုံတို့ကို တစ်ချက်ကြည့်ရုံနှင့်ပင် ချန်ကျီရှင်း၏ ရင်ထဲ၌ ငြင်းဆိုရန် ဆုံးဖြတ်ချက်မှာ ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။ ဤကဲ့သို့သော အမျိုးသမီးမျိုးမှာ သူနှစ်သက်သည့် အမျိုးအစား မဟုတ်ချေ။
“စီနီယာလု... သခင်မလေးလု”
ချန်ကျီရှင်းသည် ရိုသေမှုလည်းမပျက် ကိုယ်ကိုကိုယ် နှိမ့်ချခြင်းလည်း မရှိဘဲ လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။
သို့သော် ချန်ကျီရှင်း စကားပြောပြီးသည်နှင့်တစ်ပြိုင်နက်...
လုရင်း၏ အကြည့်မှာ ချက်ချင်းပင် အထက်စီးဆန်သွားပြီး ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
“မင်းက ချန်ကျီရှင်း မဟုတ်လား ငါက ပွင့်ပွင့်လင်းလင်း နေတတ်တဲ့သူ စကားကို လှည့်ပတ်ပြောနေရတာ ဝါသနာမပါဘူး။”
“ဒါကြောင့် တည့်တည့်ပဲ ပြောလိုက်မယ်။ မင်းရဲ့နောက်မှာ ချန်မိသားစု ရှိနေရင်တောင်မှ ငါ့ရဲ့ တာအိုအဖော် ဖြစ်ဖို့ မင်းက အများကြီး လိုအပ်နေသေးတယ်။”
“ငါလျှောက်မယ့်လမ်းက မင်း လိုက်ပါနိုင်မယ့်လမ်း မဟုတ်ဘူး။ ဒါကြောင့် မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုတွေကို အမြန်ဆုံး စွန့်လွှတ်လိုက်ဖို့ ငါ အကြံပေးချင်တယ်။”
ပြောပြီးသည်နှင့် လုရင်းက ချန်ကျီရှင်းကို တည်ငြိမ်သော မျက်နှာပေးဖြင့် စိုက်ကြည့်နေသည်။
ချန်ကျီရှင်းမှာ အနည်းငယ် ကြောင်အသွားမိသည်။
ဒီမိန်းမက ဘာတွေ ပြောနေတာလဲ။
မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှု ဟုတ်လား။
ချန်ကျီရှင်းက ဘာမှပြန်မပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ လုရင်းသည် သူ၏လက်ထဲရှိ လှပသော လက်ဆောင်ဗူးကလေးကို သတိပြုမိသွားသည်။ သူမ၏ မျက်နှာမှာ အနည်းငယ် နူးညံ့သွားပြီး …
“ဒါ ငါ့အတွက် လက်ဆောင်ယူလာတာလား မင်းက တော်တော်လေး စာနာတတ်တာပဲ။ ဒါပေမဲ့...”
သူမက ခေတ္တရပ်သွားပြီး စိတ်ထဲမှ တွေးတောမိသည်မှာ အကယ်၍ သူမက အလိုက်အထိုက် ဆက်ဆံလိုက်လျှင် ချန်ကျီရှင်းက မျှော်လင့်ချက် ရှိနေသေးသည်ဟု ထင်မှတ်ကာ သူမကို တွယ်ကပ်နေလိမ့်မည်ကို စိုးရိမ်မိခြင်းပင်။
ထိုအတွေးကြောင့် လုရင်းက နှုတ််ခမ်းကလေးကို ခပ်ဖွဖွကိုက်လိုက်ပြီး “ချန်ကျီရှင်း... မင်းရဲ့ စေတနာကိုတော့ ငါ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါတို့က တစ်ယောက်နဲ့တစ်ယောက် မလိုက်ဖက်ဘူး။ ချန်မိသားစုရဲ့ အကာအကွယ်အောက်မှာ ရှိနေပေမဲ့ မင်းရဲ့ ပါရမီနဲ့ ခွန်အားက ငါတို့နှစ်ယောက်က တခြားစီ လျှောက်လှမ်းရမယ့်သူတွေဆိုတာ သက်သေပြနေတာပဲ။”
“ဒါကြောင့် ကျေးဇူးပြုပြီး ငါ့အပေါ် ဘာစိတ်ကူးမှ မယဉ်ပါနဲ့။ ချန်မိသားစုရဲ့ အရှိန်အဝါကို သုံးပြီးတော့လည်း မကြိုးစားပါနဲ့။”
လုရင်းသည် သူမကိုယ်သူမ ရည်မှန်းချက် ပန်းတိုင်ကို ရှင်းလင်းစွာ သိမြင်သူဟု ယူဆထားသည်။ သူမ၏ လက်ရှိကျင့်ကြံမှုမှာ သာမန်မျှသာ ဖြစ်သော်လည်း နောင်တစ်ချိန်တွင် လူသားများကြား၌ ဖီးနစ်ငှက် ပမာ ထူးကဲသော ပုဂ္ဂိုလ်ဖြစ်လာမည်ဟု ယုံကြည်နေသူ ဖြစ်သည်။ ထို့ကြောင့် ချန်ကျီရှင်းကဲ့သို့ သာမန်လူတစ်ဦးကို သူမ၏ လက်တွဲဖော်အဖြစ် ဘယ်လိုမှ လက်မခံနိုင်ခြင်းပင်။
“...”
ခေတ္တမျှ ချန်ကျီရှင်းသည် စိတ်ဝင်စားသလိုလို ရယ်ချင်သလိုလို ခံစားလိုက်ရသည်။ သူသည် အမှန်တကယ်ပင် သိချင်စိတ် ပြင်းပြနေမိသည်။
ဒီမိန်းမက ဘာကိုယုံကြည်ပြီး ဒီလောက်အထိယုံကြည်မှုတွေ ပြင်းထန်နေရတာလဲ။
အခန်း။ ၂၆
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်...
ချန်မိသားစု၏ ခန်းမဆောင်ကြီးအတွင်း၌ လေထုမှာ တစ်မျိုးတစ်ဖုံ လေးလံသွားခဲ့သည်။
“ဘာလို့ ဘာမှမပြောတော့တာလဲ။ ငါက အားလုံးကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပြီးပြီကို မင်းက အခုထိ လက်မလျှော့ချင်သေးဘူးလား”
လုရင်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“...”
ချန်ကျီရှင်းမှာ ဆွံ့အသွားရသည်။ အတန်ကြာမှ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“သခင်မလေးလု... ကျွန်တော် တကယ်ပဲ သိချင်လို့ပါ။ ကျွန်တော့်ဘက်က ခင်ဗျားကို သဘောကျနေတယ်၊ ခင်ဗျားမှ ဖြစ်ရမယ်လို့ ဘာကများ ခင်ဗျားကို ထင်စေတာလဲ”
လုရင်းက အေးစက်စွာပင် ပြန်ဖြေ၏။
“မင်း ငါ့ကို သဘောမကျဘူးဆိုရင် ချန်မိသားစုက ငါ့ဖေဖေဆီ လာပြီး ငါနဲ့ စေ့စပ်ဖို့ ဘာလို့ တောင်းဆိုမှာလဲ။ မင်း ငါ့ကို သဘောမကျဘူးဆိုရင် ငါ ကင်မွန်းပွင့်ကိတ်ကြိုက်တယ်ဆိုတာကို ဘာလို့ စုံစမ်းပြီးတော့ ငါနဲ့တွေ့ဖို့ သီးသန့် ဝယ်လာရမှာလဲ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်...
“တိတ်စမ်း”
သတ်လတ်ပိုင်းအမျိုးသားကြီးမှာ မျက်နှာတစ်ခုလုံး နီမြန်းလျက် အရှက်နှင့် ဒေါသတို့ ရောပြွမ်း
စွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး “လုရင်း... နင်နဲ့ တူလေးကျီရှင်း စေ့စပ်ဖို့ကိစ္စဟာ မျိုးနွယ်စုခေါင်းဆောင်ချန်ဆီ ငါကိုယ်တိုင် အရင်သွားပြီး နင်နဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုခဲ့တာ။ ဒီမတိုင်ခင်အထိ ဒီကောင်လေးက နင် ဘယ်သူဆိုတာတောင် သိတာမဟုတ်ဘူး”
ဝှူး….
တစ်ခဏအတွင်းမှာပင် လုရင်း၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ ပြင်းထန်သော အရှက်တရားနှင့် အနေရခက်မှုတို့က သူမ၏ ရင်ထဲသို့ ချက်ချင်းပင် အရှိန်အဟုန်နှင့် စီးဝင်လာခဲ့သည်။
သူမ ဘာမှပြန်မပြောနိုင်သေးမီမှာပင် တိတ်ဆိတ်သော ခြေသံအချို့ ထွက်ပေါ်လာသည်။ ထို့နောက် ခန်းမအပြင်ဘက်မှ ကြည်လင်အေးစက်သော အမျိုးသမီးအသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
“သခင်မလေးလု... ဟုတ်တယ်မလား။ ရှင် တစ်ခုခုတော့ မှားနေပြီ ထင်တယ်။ ဒီကင်မွန်းပွင့်ကိတ်တွေကို ကျီရှင်းက ကျွန်မအတွက် ဝယ်လာတာပါ”
ဖြူစင်လှပသော မျက်နှာထားနှင့် ဝတ်စုံဖြူဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ခန်းမဆောင်ကြီးအတွင်းသို့ အေးအေးလူလူ လျှောက်လှမ်းကာ ဝင်ရောက်လာတော့သည်။
ထိုအသံကို ကြားသည်နှင့် ချန်ကျီရှင်းသည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ နွေးထွေးသော အပြုံးတစ်ခု ပေါ်လွင်လာတော့သည်။ သူသည် ထိုင်ရာမှထကာ လုရင်းကိုပင် အဖက်မလုပ်ဘဲ ကျော်ဖြတ်သွားပြီး ဝတ်စုံဖြူနှင့် အမျိုးသမီးရှေ့သို့ တိုးသွားသည်။
သူသည် လုရင်းကို တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ချေ။
“အစ်မယွဲ့အာ... ရောက်လာပြီပဲ”
ချန်ကျီရှင်းက လက်ထဲမှ ကင်မွန်းပွင့်ကိတ်ဗူးကို မော့ချင်းယွဲ့ထံသို့ ကမ်းပေးလိုက်သည်။
“ကျီရှင်းလေး... မင်း တော်တော် အရပ်ရှည်လာတာပဲ။ အခုဆိုရင် အစ်မနဲ့တောင် အရပ်ချင်း တူနေပြီ”
မော့ချင်းယွဲ့သည် သူမ၏ လှပသော မျက်နှာကို ဖော်ပြလျက် ကိတ်မုန့်ဗူးကို လှမ်းယူကာ ချန်ကျီရှင်းကို ကြည့်၍ ပြုံးလိုက်သည်။
ထို့နောက်တွင်မူ သူမသည် မျက်နှာဖြူဖျော့ကာ ရပ်နေသော လုရင်းဘက်သို့ အကြည့်ကို လွှဲလိုက်ပြီး အေးစက်တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“သခင်မလေးလု... ရှင့်ကြည့်ရတာ ကျီရှင်းကို အမြဲတမ်း အထင်သေးနေပုံပဲ။ ဒါပေမဲ့ ကျီရှင်းဘက်ကရော ရှင့်ကို အစကတည်းက စိတ်မဝင်စားခဲ့တာမျိုး ဖြစ်နိုင်တယ်ဆိုတာကိုရော ရှင် တစ်ခါလောက် တွေးဖူးရဲ့လား”
ထိုစကားလုံးများမှာ လုရင်း၏ နှလုံးသားကို မြားဖြင့် အချက်ပေါင်းများစွာ အဆက်မပြတ် ပစ်ခတ်လိုက်သကဲ့သို့ ပြင်းထန်လှသည်။
လုရင်း၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားပြီး ခန်းမအလယ်တွင် ကျောက်ရုပ်ပမာ တောင့်တင်းသွားတော့သည်။ သူမသည် လူအများ၏ ကဲ့ရဲ့လှောင်ပြောင်သော အကြည့်များကြားတွင် လူပြက်တစ်ဦးကဲ့သို့ ခံစားနေရကာ အလွန်ပင် အထီးကျန်သွားခဲ့ရသည်။
ချန်ကျီရှင်းမှာမူ သူမကို ဆက်လက်အာရုံမစိုက်တော့ဘဲ အထက်တွင်ထိုင်နေသော ချန်
တောက်ယန်ကိုကြည့်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်... တခြားကိစ္စ ရှိပါသေးလား မရှိရင်တော့ ကျွန်တော် သွားခွင့်ပြုပါဦး”
ချန်တောက်ယန်က ခေါင်းညိတ်ပြပြီး “အင်း... တခြားထွေထွေထူးထူးတော့ မရှိပါဘူး။ နောက်လမှာကျင်းပမယ့် အရှေ့ဘက်လျှို့ဝှက်နယ်ပယ် မဟာပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ နောက်ရက်အနည်းငယ်အတွင်းမှာ မိသားစုက တောင်ပိုင်းနယ်စပ်မှာ စမ်းသပ်ပွဲတစ်ခု လုပ်မယ်။ ချန်မိသားစု တပည့်အားလုံး ပါဝင်ရမှာမို့ မမေ့နဲ့ဦး။
ပြီးတော့ ကျောက်ရှန်းလည်း အကယ်ဒမီက ပြန်ရောက်နေပြီ။ သူလည်း ဒီစမ်းသပ်ပွဲနဲ့ မဟာပြိုင်ပွဲမှာ ပါဝင်လိမ့်မယ်။ မင်းသူ့ကို သွားတွေ့ရင်... ထားလိုက်ပါတော့လေ မင်း သွားမှာလည်း မဟုတ်ပါဘူး။ သွားနိုင်ပါပြီ”
စကားအဆုံးတွင် ချန်တောက်ယန်မှာ ခေါင်းကိုအသာဖိကာ စိတ်ညစ်ဟန် ပြလိုက်မိသည်။ ချန်ကျောက်ရှန်းနှင့် ချန်ကျီရှင်းတို့မှာ နှစ်ဦးစလုံး အလားအလာရှိသော ပါရမီရှင်များ ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး လုံးဝအဆင်မပြေကြသည်မှာ သူ့အတွက် ခေါင်းခဲစရာပင်။
“ကောင်းပါပြီ... ကျွန်တော် သွားပါဦးမယ်”
ချန်ကျီရှင်းသည် ချန်တောက်ယန်ကို အရိုအသေပေးလိုက်ပြီးနောက် မော့ချင်းယွဲ့နှင့်အတူ ခန်းမထဲမှ ထွက်ခွာသွားသည်။ ထိုအချိန်တစ်လျှောက်လုံးတွင် သူတို့နှစ်ဦးစလုံးမှာ လုရင်းကို နောက်တစ်ကြိမ်မျှ လှည့်ပင်မကြည့်ခဲ့ကြချေ။
ထွက်ခွာသွားသော သူတို့၏ ကျောပြင်ကို ကြည့်ရင်း...
ချန်တောက်ယန်က လုယွမ်၏ ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
“ညီလေးလု... မင်းသမီးလေးကတော့ တကယ်ကို ဝေခွဲမရဖြစ်နေရှာတာပဲ”
လုယွမ်က ခါးသီးသော အပြုံးဖြင့် “ထားလိုက်ပါတော့ဗျာ သူတို့နှစ်ယောက်က ရေစက်မပါဘူးလို့ပဲ သတ်မှတ်လိုက်ပါတော့မယ်” ဟု ပြန်ဖြေရှာသည်။
ထိုစကားကို ကြားသောအခါ ချန်တောက်ယန်မှာ စိတ်ထဲမှ ခေါင်းခါယမ်းလိုက်မိသည်။ လုယွမ်သည် ချန်မိသားစုနှင့် စေ့စပ်ပွဲ ပျက်ပြားသွားရုံမျှသာဟု ထင်မှတ်နေပုံရသော်လည်း အမှန်တကယ်တွင်မူ သူ၏သမီးဖြစ်သူက မည်မျှကြီးမားသော အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့ရသည်ကို သိပုံမရချေ။
အမှန်စင်စစ် ချန်တောက်ယန်သည် ဤကိစ္စနှင့် ပတ်သက်၍ ထပ်မံ၍ စကားမဆိုလိုတော့ပေ။
လုရင်းကို ချန်ကျီရှင်း၏ တာအိုအဖော်ဖြစ်စေရန် သူကူညီပေးခဲ့သည်မှာ မှန်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ အတင်းအကျပ် လုပ်ရန် မရည်ရွယ်တော့ချေ။
“ဒါနဲ့ ညီလေးတောက်ယန်... ခုနက မင်းပြောတဲ့ ကျောက်ရှန်းဆိုတာ ချန်မိသားစုရဲ့ မွေးရာပါ ဘုရင်မြေပုံနဲ့ ရှေးဟောင်းအင်းကွက် ကိုးကွက်ပိုင်ရှင်ဆိုတဲ့ ကလေးလား”
လုယွမ်က ရုတ်တရက် မေးမြန်းလိုက်သည်။
“ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ”
ချန်တောက်ယန်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။
လုယွမ်က “ငါ စဉ်းစားနေတာက... ငါ့သမီးကို ကျောက်ရှန်းနဲ့များ မိတ်ဆက်ပေးရင် ပိုကောင်းမလားလို့ပဲ။ သူတို့က လူငယ်ချင်းဆိုတော့ စကားပြောလို့ ပိုအဆင်ပြေကြမှာပါ” ဟု ပြောသည်။
“ဒါကတော့...”
ချန်တောက်ယန်က မျက်မှောင်ကြုတ်လိုက်ပြီးမှ “ကောင်းပြီလေ ဒါဆိုရင် ငါနဲ့အတူ ကျောက်ရှန်းကို သွားတွေ့ကြတာပေါ့” ဟု သဘောတူလိုက်ရတော့သည်။
ခန်းမဆောင်အတွင်း၌ ရှက်ကိုးရှက်ကန်းနှင့် မျက်နှာဖြူဖျော့နေသော လုရင်းမှာမူ မွေးရာပါ ဘုရင်မြေပုံနှင့် ရှေးဟောင်းအင်းကွက် ကိုးကွက်ဟူသော စကားလုံးများကို ကြားလိုက်ရသည်နှင့် သူမ၏ မျက်ဝန်းများမှာ မျှော်လင့်ချက်ဖြင့် တိတ်တဆိတ် ပြန်လည်တောက်ပလာခဲ့သည်။
...
...
တတိယတောင်ထိပ်သို့ တက်ရာ တောင်ပတ်လမ်းထက်ဝယ်။
ချန်ကျီရှင်းနှင့် မော့ချင်းယွဲ့တို့က ရှေ့မှ လျှောက်လှမ်းနေကြပြီး ပိလော့က နောက်မှ အနီးကပ် လိုက်ပါလာသည်။
“ကျီရှင်းလေး... ငါတို့ မတွေ့ဖြစ်တာ တစ်နှစ်လောက် ရှိသွားပြီနော်”
မော့ချင်းယွဲ့က အသာအယာ ပြုံးလျက် ပြောလိုက်သည်။
“ဟုတ်တယ် အစ်မယွဲ့အာ... အစ်မက အရင်ကထက်တောင် ပိုပြီး လှလာတယ်နော်”
ချန်ကျီရှင်းကလည်း ပြုံးလျက် တုံ့ပြန်လိုက်၏။
“စကားတတ်လိုက်တာ”
မော့ချင်းယွဲ့က မကျေနပ်ဟန်ဖြင့် ချန်ကျီရှင်းကို စွေကြည့်လိုက်သော်လည်း နောက်ဆုံးတွင်မူ မအောင့်နိုင်ဘဲ လှည့်၍ ပြုံးမိသွားတော့သည်။
“မင်းကတော့ တကယ့်ကို ပါးနပ်လာတာပဲ အစ်မကို ဘယ်လို ပျော်အောင်ထားရမလဲဆိုတာ ကောင်းကောင်း သိနေပြီ”
သူတို့နှစ်ဦးသည် စကားတပြောပြောနှင့် တတိယတောင်ထိပ်သို့ ဦးတည်နေကြသည်။
“အစ်မယွဲ့အာ... ကျားမိသားစုကို ပြန်လည်ထူထောင်တဲ့ ကိစ္စရော ဘယ်လိုရှိလဲ”
ချန်ကျီရှင်းက ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။
“အဆင်ပြေပါတယ်”
မော့ချင်းယွဲ့က ပြန်ဖြေလိုက်သော်လည်း သူမ၏ လှပသော မျက်ဝန်းများကို အနည်းငယ် ကျဉ်းလိုက်ကာ “ဒါပေမဲ့ မိသားစုကို ပြန်ပြုပြင်နေတုန်းမှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ငါ နားမလည်တာတွေ အများကြီး ရှိနေသေးတယ်ဆိုတာ သတိထားမိလို့။ ဒီတစ်ခေါက် ပြန်လာတာက အဲဒါတွေကို မင်းကို တိုင်ပင်ဖို့အတွက်လည်း ပါတယ်”
ထိုသို့ပြောကာ ချန်ကျီရှင်းကို တိတ်တဆိတ် တစ်ချက် အကဲခတ်လိုက်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က မော့ချင်းယွဲ့သည် ချန်ကျီရှင်း၏ ထူးခြားလှသော ဉာဏ်ပညာနှင့် နားလည်သဘောပေါက်မှုကို တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေတွေ့ရှိခဲ့သည်။ သူမ ကျင့်ကြံရာတွင် ကြုံတွေ့ရသော ခက်ခဲနက်နဲသည့် ပြဿနာများကိုပင် ချန်ကျီရှင်းက အားစိုက်စရာမလိုဘဲ အလွယ်တကူ ဖြေရှင်းပေးနိုင်ခဲ့သည်။
ထိုအချက်ကြောင့်ပင် မော့ချင်းယွဲ့သည် ချန်ကျီရှင်းအား ကောင်းကင်ဘုံမှ နတ်သားတစ်ပါးပမာ အံ့ဩကြည်ညိုမိခဲ့ရသည်။ ထို့နောက်ပိုင်းတွင် သူမသည် “ကျားမိသားစုကို ပြန်လည်ထူထောင်ရာတွင် နားမလည်သည်များရှိသည်” ဟူသော အကြောင်းပြချက်ဖြင့် ချန်ကျီရှင်း၏ အသိဉာဏ် မည်မျှအထိ နက်နဲသည်ကို စမ်းသပ်ရန် မကြာခဏ တိုင်ပင်လေ့ရှိသည်။
ယခုတစ်ကြိမ်တွင်မူ သူမသည် ကောင်းကင်ဘုံ သန့်စင်နန်းတော်မှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ နန်းတော်ရှိ ကျင့်စဉ်များကို သုတေသနပြုရာတွင် အလွန်ဝါသနာပါသော အကြီးအကဲတစ်ဦးသည် ကောင်းကင်လောင်ကျွမ်းခြင်းအတတ်ဟုခေါ်သော မီးဓာတ်တာအိုကျင့်စဉ်သစ်တစ်ခုကို တီထွင်ခဲ့သည်။ သို့သော် ထိုအကြီးအကဲသည် အရေးကြီးသော အချက်တစ်ခုတွင် ပိတ်မိနေသဖြင့် ထိုကျင့်စဉ်မှာ ပြည့်စုံမှုမရှိဘဲ ဖြစ်နေခဲ့ရသည်။
မော့ချင်းယွဲ့သည် ထိုပြဿနာကို ချန်ကျီရှင်းအား စမ်းသပ်ပြသရန် ဆုံးဖြတ်ခဲ့သည်။ နန်းတော်ရှိ ကျင့်စဉ်အတတ်ပညာရှင်ကြီးပင် မဖြေရှင်းနိုင်သော ပြဿနာကို အရာရာကို အဖြေရှိသည့် ချန်ကျီရှင်းက ဖြေရှင်းပေးနိုင်မလားဆိုသည်ကို သူမ သိလိုလှသည်။
“ကောင်းပါပြီ အစ်မယွဲ့အာ... အစ်မ သိချင်တာတွေကို စိတ်ကြိုက်မေးပါ”
ချန်ကျီရှင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ကောင်းပြီ... ကျီရှင်းလေး ဒါဆိုရင် အစ်မ အားမနာတော့ဘူးနော်”
သူတို့နှစ်ဦးသည် တတိယတောင်ထိပ်ရှိ ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာကြသည်။ မော့ချင်းယွဲ့သည် ကောင်းကင်လောင်ကျွမ်းခြင်းအတတ်၏ အနှစ်သာရကို စတင်လည်ပတ်ပြလိုက်သည်။ ချန်ကျီရှင်း သေချာစွာ မြင်နိုင်စေရန် သူမသည် စွမ်းအားကို တမင်တကာ လျှော့ချထားသည်။
မော့ချင်းယွဲ့၏ ခန္ဓာကိုယ်မျက်နှာပြင်ထက်တွင် အလင်းတန်းများ ပေါ်ထွက်လာပြီး ထိုအလင်းတန်းများသည် စွမ်းအင်ကြောများတစ်လျှောက် လှည့်ပတ်စီးဆင်းကာ ရှုပ်ထွေးသော ပုံစံတစ်ခုကို ဖော်ဆောင်လိုက်သည်။ နောက်ဆုံးတွင် ထိုအလင်းတန်းအားလုံးသည် သူမ၏ လက်ဖဝါးပေါ်တွင် စုစည်းသွားကာ ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်နက် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ဘယ်လိုလဲ တစ်ခုခု သတိထားမိတာ ရှိလား”
မော့ချင်းယွဲ့က ချန်ကျီရှင်းကို ကြည့်ကာ မေးလိုက်သည်။ သူမသည် သူနားမလည်နိုင်မည်ကို စိုးရိမ်သဖြင့် နောက်ထပ် အကြိမ်ပေါင်းများစွာ ပြသရန်ပင် ပြင်ဆင်ထားသည်။ သို့သော်လည်း သူမ စကားမဆုံးသေးမီမှာပင်...
ချန်ကျီရှင်း၏ လက်ပေါ်၌လည်း အလားတူ မီးတောက်နက် ကလေးတစ်ခု ပေါ်ထွက်လာသည်။ ၎င်းသည် မော့ချင်းယွဲ့ ပြသခဲ့သည့် စွမ်းအားထက် အဆပေါင်းများစွာ လျော့နည်းသော်လည်း ကျင့်စဉ်၏ အဓိက လည်ပတ်ပုံမှာမူ ထပ်တူပင်။
“အို...”
မော့ချင်းယွဲ့၏ လှပသော မျက်ဝန်းအစုံမှာ အံ့ဩလွန်းသဖြင့် ဝိုင်းစက်သွားတော့သည်။ ချန်ကျီရှင်းသည် ကျင့်စဉ်ကို တစ်ကြိမ်တည်း မြင်ရရုံနှင့် အနှစ်သာရကို ဖော်ထုတ်နိုင်ခဲ့ခြင်းပင်။
“ဒီကျင့်စဉ်ရဲ့ တည်ဆောက်ပုံက... အဓိကနေရာတစ်ခုမှာ ပြဿနာရှိနေတယ်”
ချန်ကျီရှင်းသည် တည်ငြိမ်သော အမူအရာဖြင့် စဉ်းစားကာ ပြောလိုက်သည်။