အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း။ ၂၇
“ဘယ်... ဘယ်နေရာမှာ ပြဿနာရှိနေတာလဲ”
မော့ချင်းယွဲ့သည် လည်ချောင်းများ ခြောက်သွေ့လျက် ချန်ကျီရှင်းကို မှင်သက်စွာ စိုက်ကြည့်နေမိသည်။
ဒီကလေးက ဘယ်လို မိစ္ဆာလေးလဲ။
ဤကောင်းကင်လောင်ကျွမ်းခြင်းအတတ်သည် လေ့ကျင့်ရန် အလွန်ပင် ခက်ခဲနက်နဲလှသည်ကို သိထားရမည်ပင်။ ကောင်းကင်ဘုံ သန့်စင်နန်းတော်၏ နတ်မိမယ်အဖြစ် တင်မြှောက်ခံထားရပြီး ခေတ်အဆက်ဆက်တွင် ပြိုင်ဘက်ကင်း ပါရမီရှင်ဟု ကျော်ကြားသော သူမပင်လျှင် ဤကျင့်စဉ်ကို လေ့လာမှတ်သားပြီး တတ်မြောက်ရန် နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။
သို့သော် ချန်ကျီရှင်းမှာမူကား... သူမ ပြသလိုက်သည့် အချိန်မှစ၍ သူကိုယ်တိုင် ပြန်လည် ဖော်ထုတ်နိုင်သည်အထိ အသက်ရှူအကြိမ် ဆယ်ဂဏန်းမျှပင် မကြာခဲ့ချေ။ ဤမျှ မြန်ဆန်လှသော နှုန်းမှာ အံ့ဩတုန်လှုပ်ဖွယ်ရာပင်။
“အားလုံး သိကြတဲ့အတိုင်းပါပဲ... သာမန် နတ်ဘုရားအတတ်ပညာတွေရဲ့ အနှစ်သာရဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပ်စိုက်မှတ်တွေရဲ့ စွမ်းအားကို လှုံ့ဆော်ပြီး အဲဒီအပ်စိုက်မှတ်တွေကို အထူးလမ်းညွှန်မြေပုံတစ်ခုအနေနဲ့ ချိတ်ဆက် အသုံးချတာပါပဲ”
ချန်ကျီရှင်းသည် မော့ချင်းယွဲ့ကို တစ်ချက် မော့ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
“ဒီကျင့်စဉ်ရဲ့ လည်ပတ်ပုံမှာ အပ်စိုက်မှတ်ပေါင်း ၁၃၄ ခု ကို အသုံးချထားပြီး အဲဒီအပ်စိုက်မှတ်တွေက စနစ်တစ်ခုအနေနဲ့ ဖွဲ့စည်းထားတာ။ ခြုံပြီး ပြောရရင်တော့ ဒီကျင့်စဉ်က တော်တော်လေးကို သေသပ်လှပပါတယ်။ ဒါကို တီထွင်ခဲ့တဲ့သူဟာ နတ်ဘုရားအတတ်ပညာတွေမှာ အတွေ့အကြုံ အတော်အသင့် ရှိပုံရတယ်”
ထိုစကားကို ကြားသောအခါ မော့ချင်းယွဲ့၏ မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားရသည်။
အတွေ့အကြုံ အတော်အသင့်ပဲ ရှိတယ် ဟုတ်လား။
ကျင့်ကြံခြင်းလောကတွင် ကျင့်စဉ်အတတ်ပညာပိုင်း၌ ဧရာမ တိုင်လုံးကြီး ပမာ တန်ခိုးဩဇာကြီးမားလှသော အကြီးအကဲသာ ဤစကားကို ကြားလျှင် သွေးအန်သွားနိုင်သည်။
ချန်ကျီရှင်းက ခေတ္တရပ်လိုက်ပြီးနောက် အနည်းငယ် ပြုံးကာ ဆက်ပြောသည်။
“ဒါပေမဲ့ ဒီကျင့်စဉ်က ပြည့်စုံမှုမရှိသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီ အပ်စိုက်မှတ် ၁၃၄ ခုထဲမှာ ၆၄ ခုမြောက် ဖြစ်တဲ့ ရှောက်ဆန်းအမှတ်က ဒီနေရာမှာ သုံးဖို့ တကယ်တမ်း မသင့်တော်လို့ပဲ။ ဒီကျင့်စဉ်ကို တီထွင်တဲ့သူက သင့်တော်တဲ့ အပ်စိုက်မှတ်ကို ရှာမတွေ့တာကြောင့် ရှောက်ဆန်း အပ်စိုက်မှတ်နဲ့ အစားထိုး သုံးစွဲခဲ့တာ သိသာပါတယ်”
“ဒါကြောင့် ဒီကျင့်စဉ်ကို အသုံးပြုတဲ့အခါ တစ်နေရာမှာ ရပ်တန့်သွားသလို ခံစားချက်မျိုး ဖြစ်နေတာပေါ့။ ဆိုလိုတာက ကျင့်စဉ်ကို ထုတ်ဖော်နေတဲ့ အချိန်မှာ ဟာကွက်တစ်ခု ပေါ်ပေါက်နေတာပဲ”
“ဒီဟာကွက်ဟာ အဆင့်မြင့်တဲ့သူက အဆင့်နိမ့်တဲ့သူကို ဖိနှိပ်တဲ့အခါမျိုးမှာတော့ ပြဿနာ မရှိနိုင်ပေမဲ့...”
“ဒါပေမဲ့ အဆင့်တူ ခွန်အားချင်း ယှဉ်ပြိုင်ရတဲ့အခါမျိုးမှာတော့ ဒီလို ခေတ္တရပ်တန့်သွားတဲ့ ဟာကွက်လေးက အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့အထိ စိုးရိမ်ရတယ်”
“အစ်မယွဲ့အာ... ကျွန်တော် ပြောတာကို နားလည်ရဲ့လား”
ချန်ကျီရှင်း၏ စကားအဆုံးတွင်
“ဒါဆို... ဒါဟာ တကယ်ပဲ ရှောက်ဆန်း အပ်စိုက်မှတ်ရဲ့ ပြဿနာပေါ့လေ”
မော့ချင်းယွဲ့၏ မျက်ဝန်းအိမ်များမှာ ရုတ်တရက် ကျယ်ပြန့်သွားတော့သည်။ ချန်ကျီရှင်း၏ ရှင်းပြချက်သည် ရှောက်ဆန်း အပ်စိုက်မှတ်အကြောင်းမှလွဲ၍ ကျန်အချက်များမှာ ကောင်းကင်ဘုံ သန့်စင်နန်းတော်ရှိ အကြီးအကဲ ပြောကြားခဲ့သည်များနှင့် တစ်ထပ်တည်း တူညီနေသောကြောင့် ဖြစ်၏။
“ဒါဆိုရင်... အဲဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရော ရှိလား”
မော့ချင်းယွဲ့က တစ်ခါဖူးမျှ မကြုံဖူးလောက်အောင် ရင်တဖိုဖိုဖြင့် မေးမြန်းလိုက်သည်။ ပြဿနာကို သိရှိခြင်းနှင့် ဖြေရှင်းနိုင်ခြင်းမှာ ကွဲပြားခြားနားလှသည်။
“ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ ရှိတာပေါ့”
ချန်ကျီရှင်းက ပြုံးလိုက်သော်လည်း ချက်ချင်း အဖြေမပေးဘဲ မျက်လုံးတစ်ဖက် မှိတ်ပြကာ မော့ချင်းယွဲ့ကို အနားသို့ လာရန် လက်ဟန်ပြလိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ မော့ချင်းယွဲ့က သူမ၏ နဖူးကို လက်ဖြင့်ရိုက်ကာ သက်ပြင်းချလျက် “မင်းကတော့ တကယ့်ကို အမြတ်မရရင် အလုပ်မလုပ်တဲ့သူပဲ။ စိတ်ချပါ... မင်းသာ ဒါကို ဖြေရှင်းပေးနိုင်ရင် ထိုက်တန်တဲ့ ဆုလာဘ်ကို သေချာပေါက် ပေးမှာပါ” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားမှ ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး အလေးအနက်ထား၍ ပြောလိုက်သည်။
“ရှောက်ဆန်း အပ်စိုက်မှတ်က ဒီကျင့်စဉ်နဲ့ မကိုက်ညီတာက သူက ပေါက်ကွဲအားကို ဖြစ်ပေါ်စေတဲ့ အပ်စိုက်မှတ်မျိုး မဟုတ်လို့ပဲ။ ဒါကြောင့် ရှောက်ဆန်း အပ်စိုက်မှတ်နေရာမှာ ချီချုန်းအပ်စိုက်မှတ်နဲ့ အစားထိုးလိုက်ရုံပါပဲ”
စကားအဆုံးတွင်...
ချန်ကျီရှင်းက လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဖဝါးပေါ်တွင် မီးတောက်နက် တစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း ဝုန်းခနဲ တောက်လောင်လာတော့သည်။
“တွေ့လား... အခုဆိုရင် အရင်ကထက် အများကြီး ပိုပြီး ချောမွေ့မြန်ဆန်သွားပြီ မဟုတ်လား” ချန်ကျီရှင်းက ပြုံးလျက် ပြောလိုက်သည်။
မော့ချင်းယွဲ့မှာမူ မျက်မှောင်ကြုတ်လျက် နှုတ်ခမ်းကလေး ဟကာ အံ့ဩမှင်သက်နေမိသည်။ ချန်ကျီရှင်း၏ ကောင်းကင်လောင်ကျွမ်းခြင်းအတတ် ထုတ်ဖော်မှု အမြန်နှုန်းမှာ သူမထက် သုံးဆခန့် ပိုမိုမြန်ဆန်နေသည်။
နန်းတော်ရှိ အကြီးအကဲကို ဒုက္ခပေးနေသော ပြဿနာက ယခုအခါ လွယ်လွယ်ကူကူဖြင့် ပြေလည်သွားခဲ့သည်။
သူမ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင်
“နေဦး ဒီကျင့်စဉ်မှာ တိုးတက်အောင် လုပ်လို့ရမယ့် နေရာတွေ ရှိသေးတယ်...”
ချန်ကျီရှင်းသည် မျက်လုံးများကို မှေးစင်းလျက် သူ့ဘာသာ ရေရွတ်နေမိသည်။
“၃၅ ခုမြောက် အချိတ်အဆက်မှာရှိတဲ့ ဖုန်းချီအပ်စိုက်မှတ်ကို ဖူပိုင်အမှတ်နဲ့ အစားထိုးလို့ ရတယ်...”
“၅၉ ခုမြောက်မှာရှိတဲ့ ကျောက်စိမ်းနန်းဆောင်အပ်စိုက်မှတ်ကိုတော့ ကျူချွဲအမှတ်နဲ့ အစားထိုးမယ်...”
“၇၁ ခုမြောက်က ခရမ်းရောင်နန်းတော်အပ်စိုက်မှတ်ကိုလည်း ကျိုဝေနဲ့ လဲလို့ရတာပဲ...”
“အင်း... ပြီးတော့ ၁၀၄ ခုမြောက် ရန်ချီအပ်စိုက်မှတ်ကိုလည်း ပြောင်းသင့်တယ်။ ဒါက မီးဓာတ်တာအို ကျင့်စဉ်ဆိုပေမဲ့ အရမ်းကြီး ကြမ်းတမ်းလွန်းရင်လည်း အကျိုးယုတ်နိုင်တယ်။ ယင်အပ်စိုက်မှတ်တချို့ ထည့်လိုက်ရင် ပိုကောင်းမယ်ထင်တယ်...”
“ဥပမာ ချင်းလင်ယွမ်အပ်စိုက်မှတ်မျိုးဆိုရင် ပိုသင့်တော်တယ်”
“ခဏလေး...”
“ဒီလိုဆိုရင် ဒီကျင့်စဉ်ကို အစွန်းရောက် ယင်နဲ့ အစွန်းရောက် ယန်ဆိုပြီး လည်ပတ်ပုံလမ်းကြောင်း နှစ်ခုခွဲလိုက်ရင် ပိုပြီး ပြင်းထန်သွားမှာပဲ။ နောက်ဆုံးမှာ အဲဒီလမ်းကြောင်းနှစ်ခုလုံးကို ကောင်းကင်ပေါက်အပ်စိုက်မှတ်မှာ ပေါင်းစည်းလိုက်ရင် အစွန်းရောက် ယင်နဲ့ယန် ရောယှက်နေတဲ့ မီးတောက်တစ်ခု ဖြစ်လာလိမ့်မယ်...”
ထိုသို့ပြောရင်း ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ဝင်းလက်သွားပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို စတင်လှည့်ပတ်ကာ စမ်းသပ်ထုတ်ဖော်လေတော့သည်။
ချန်ကျီရှင်း၏ ရေရွတ်သံများကို နားထောင်နေရင်း မော့ချင်းယွဲ့မှာ ခေါင်းပင်ကြီးသွားသလို ခံစားလိုက်ရသည်။ သူမသည် အပ်စိုက်မှတ်များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို သိရှိသော်လည်း ချန်ကျီရှင်းကဲ့သို့ အစားထိုးပေါင်းစပ်သည့် နည်းလမ်းများကို ကြားလိုက်ရသောအခါ လုံးဝပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။
ချန်ကျီရှင်းက ခန္ဓာကိုယ်အတွင်း အစွန်းရောက် ယင်နှင့်ယန် လမ်းကြောင်းနှစ်ခု ဖွဲ့စည်းရန် ပြောလိုက်သည့်အချိန်၌မူ သူမမှာ လုံးဝပင် မှင်သက်ကာ အံ့ဩသွားတော့သည်။
အို... ဘုရားရေ
မည်သည့်ကျင့်စဉ်ကိုမဆို တီထွင်ရန်အတွက် မရေမတွက်နိုင်သော နေ့ရက်များစွာကို အသုံးပြုကာ စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်ရစမြဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အပ်စိုက်မှတ် တစ်ခုတည်း မှားယွင်းသွားရုံနှင့် ကျင့်စဉ်၏ လည်ပတ်ပုံစနစ်တစ်ခုလုံး ပြိုလဲသွားနိုင်သောကြောင့်ပင်။
ထိုသို့ ကျင့်စဉ်ပြိုလဲသွားပါက ဝိညာဉ်စွမ်းအင်များ၏ တန်ပြန်သက်ရောက်မှုကြောင့် ခန္ဓာကိုယ်ပင် ပေါက်ကွဲသွားနိုင်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောကရှိ ပညာရှင်အနည်းငယ်သာ ကျင့်စဉ်အသစ်များကို အလျင်စလို တီထွင်လေ့ရှိကြသည်။ လောကတွင်ရှိသော နတ်ဘုရားအတတ်ပညာ အားလုံးသည် ရှေးဦးပညာရှင်များ၏ မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် အမှားအယွင်းများကြားမှ အကောင်းဆုံးဟု သတ်မှတ်ထားသည့် နည်းလမ်းများသာ ဖြစ်ကြသည်။
သို့သော်လည်း ချန်ကျီရှင်းမှာမူကား...
မိနစ်ပိုင်းအတွင်းမှာပင် သူသည် ဤကျင့်စဉ်၏ လည်ပတ်ပုံလမ်းညွှန်တစ်ခုလုံးကို အစအဆုံး ပြင်ဆင်ပြောင်းလဲလိုက်သည်။
၎င်းပြင် သူသည် လည်ပတ်ပုံလမ်းကြောင်း နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုရန်အထိပင် သတ္တိရှိလှသည်။
ဒါက လူသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ရော ဟုတ်ရဲ့လား။
“ကျီရှင်း... ငါတို့ တစ်ခြားတစ်ယောက်ယောက်ကို အရင်စမ်းသပ်ခိုင်းရင် မကောင်းဘူးလား မင်းကိုယ်တိုင် စမ်းသပ်တာက အရမ်းအန္တရာယ်များလွန်းတယ်...”
မော့ချင်းယွဲ့က စိုးရိမ်တကြီး တားဆီးလိုက်သည်။
သို့သော် သူမ စကားမဆုံးခင်မှာပင်
“ပြီးပြီ”
ချန်ကျီရှင်းသည် အသက်ကို အသာအယာ ရှူထုတ်လိုက်ပြီး သူ၏ ညာဘက်လက်ဝါးကို လှန်လိုက်သည်။
ဝှူး…
အမည်းနှင့် အဖြူရောင် ရောယှက်နေသော မီးတောက်တစ်ခုသည် သူ၏ လက်ဖဝါးပေါ်တွင် မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်လှုပ်ရှားကာ ကခုန်လာတော့သည်။
ထိုမီးတောက်၏ ပြင်းထန်လှသော အပူရှိန်ကြောင့် ပတ်ဝန်းကျင် လေထုထဲမှ တစီစီ အသံများ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကြီးပင် ပြိုလဲတော့မည့်အလား ထင်ရသည်။ သို့သော် ထူးဆန်းသည်မှာ ထိုမီးတောက်၏ အစွန်းပိုင်းများတွင်မူ ဖြူဖျော့ဖျော့ အအေးဓာတ်များ ပေါ်ထွက်လာပြီး လောင်ကျွမ်းနေသည့် နေရာကိုပင် ခဲသွားစေသည်။
“”
စကားပြောနေသော မော့ချင်းယွဲ့မှာ ရုတ်တရက် ဆွံ့အသွားရသည်။ သူမသည် ပါးစပ်အဟောင်းသားနှင့် သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ချန်ကျီရှင်းကို စိုက်ကြည့်နေမိသည်။
သူမ လုံးဝ မှင်သက်သွားခဲ့ကာ ကောင်းကင်ဘုံ သန့်စင်နန်းတော်၏ နတ်မိမယ်တစ်ဦးအနေဖြင့် မည်မျှကြီးမားသော အခြေအနေမျိုးကိုမဆို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့သော်လည်း ယနေ့တွင်မူ သူမ၏ တည်ငြိမ်မှုများအားလုံး ရိုက်ချိုးခံလိုက်ရသည်။
သူမသည် ချန်ကျီရှင်း၏ လက်ပေါ်ရှိ မီးတောက်ကို ကြည့်ရင်း အကယ်၍ ဤစွမ်းအားကို အဆပေါင်းများစွာ ချဲ့ထွင်လိုက်မည်ဆိုပါက ကမ္ဘာကြီးကို တုန်လှုပ်စေမည့် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ဖြစ်လာမည်ကို သူမ တွေးကြည့်ရုံနှင့် သိနေသည်။
အတန်ကြာမှ...
“ဒါ... ဒါက တကယ်ပဲ အောင်မြင်သွားတာလား”
မော့ချင်းယွဲ့၏ လည်ချောင်းမှာ ခြောက်သွေ့နေဆဲဖြစ်ပြီး သူမ၏ လှပသော မျက်ဝန်းများထဲတွင် ဖော်ပြမတတ်အောင် ရှော့ခ်ရနေသည့် အရိပ်အယောင်များ ရှိနေသည်။
“ဟုတ်တယ်”
ချန်ကျီရှင်းက ခေါင်းညိတ်ပြပြီး သူ၏ ညာလက်ကို ဆုပ်လိုက်ရာ လက်ဖဝါးပေါ်မှ အမည်းရောင်နှင့် အဖြူရောင် မီးတောက်မှာ အစအနပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားသည်။
သူက ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပြုလိုက်သည်။
“ဒီတစ်ခါကတော့ အချိန်နည်းနည်း ကပ်သီးကပ်သတ် ဖြစ်သွားတယ်။ အချိန်ပိုရမယ်ဆိုရင် ဒီကျင့်စဉ်ကို အခုထက်ပိုပြီး အစွမ်းထက်အောင် လုပ်လို့ရသေးတယ်”
“ဒါပေမဲ့ အဲဒီလောက်ထိတော့ မလိုအပ်ပါဘူး။ အခုထက် ပိုကောင်းအောင် လုပ်လိုက်ရင် ကျင့်ကြံရတာ အရမ်းခက်သွားပြီး အစ်မယွဲ့အာတောင် သင်ယူနိုင်မှာ မဟုတ်တော့လို့လေ”
ထိုစကားကို ကြားသောအခါ မော့ချင်းယွဲ့သည် တစ်ခုခု ပြန်ပြောရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်သာ ချလိုက်ပြီး ခေါင်းကို ငိုက်စိုက်ချလိုက်တော့သည်။
ဒီကောင်လေးကတော့ တကယ့်ပဲ လူကို စိတ်ဓာတ်ကျအောင် လုပ်နိုင်လွန်းတယ်။
အခန်း။ ၂၈
တောင်ပေါ်မှ တိုက်ခတ်လာသော လေညင်းသည် ချန်ကျီရှင်းနှင့် မော့ချင်းယွဲ့တို့၏ ဆံနွယ်များကို လွင့်ခါသွားစေသည်။
“မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက တကယ့်ကို ကြောက်စရာကောင်းလောက်အောင် မြင့်မားတာပဲ”
မော့ချင်းယွဲ့က သက်ပြင်းချရင်း ပြောလိုက်သည်။
ထို့နောက် သူမသည် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးလုံးများ ထည့်ထားသည့် ဖန်သားကျောက်စိမ်းပုလင်းကလေးတစ်လုံး သူမ၏လက်ထဲတွင် ပေါ်လာသည်။
သူမက ပြောသည်။
“ကဲ... ဒါက မင်းအလိုရှိတဲ့ စစ်မှန်သောအနှစ်သာရဆေးလုံးပဲ။ ဒါက များသောအားဖြင့် ဝိညာဉ်ခရီးသွားခြင်း အထိုင်အဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေ သူတို့ရဲ့ စစ်မှန်တဲ့ ကိုယ်ကိုယ်တိုင် ကို မြင်နိုင်ဖို့နဲ့ အသိဉာဏ်ပွင့်လင်းဖို့အတွက် သုံးလေ့ရှိကြတာ”
ခေတ္တမျှ ရပ်ပြီးနောက် မော့ချင်းယွဲ့က သံသယဖြင့် မေးလိုက်သည်။
“ကျီရှင်း... မင်းက စစ်မှန်ခြင်းနယ်ပယ်ကို ချိုးဖျက်တော့မလို့လား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အစ်မရယ်... အဲဒါ မဖြစ်နိုင်ပါဘူး”
ချန်ကျီရှင်းက ပြုံးလျက် ပြန်ဖြေကာ ဖန်သားကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်သည်။
“အင်း... ငါလည်း အဲဒီလိုပဲ ထင်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက မင်းက ဝိညာဉ်ပြုစုပျိုးထောင်ခြင်း အဆင့်မှာပဲ ရှိသေးတာ။ အခုဆိုရင် မင်းက အလွန်ဆုံးရှိလှ ဟင်းလင်းပြင် အသွင်ပြောင်းခြင်း၊ အမြင့်ဆုံးဆိုရင် ကြည်လင်ခြင်းနယ်ပယ်လောက်ပဲ ရှိဦးမှာပါ။ ငါပြောတာ မှန်တယ်မလား”
မော့ချင်းယွဲ့က ပြောလိုက်သည်။
“အစ်မယွဲ့အာရဲ့ ခန့်မှန်းချက်က တကယ့်ကို တိကျတာပဲဗျာ”
ချန်ကျီရှင်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ထိုစကားကို ကြားမှ မော့ချင်းယွဲ့မှာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ အသက်တစ်
ဆယ်အရွယ်နှင့် စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်ရှိနေခြင်းမှာ လုံးဝကို မယုံနိုင်စရာ ကိစ္စရပ် ဖြစ်နေသောကြောင့်ပင်။
“အော်... ဒါနဲ့ ကျီရှင်းလေး ခုနက ကျင့်စဉ်လမ်းကြောင်းမြေပုံကို နောက်မှ အစ်မအတွက် သေချာလေး ဆွဲပေးပါဦးနော်”
မော့ချင်းယွဲ့က အလေးအနက် ပြောကြားလိုက်သည်။
ဤလမ်းကြောင်းမြေပုံကိုသာ သူမ၏ ဂိုဏ်းဆီသို့ ပြန်ယူသွားလျှင် ဖြစ်ပေါ်လာမည့် တုန်လှုပ်ချောက်ချားမှုကို သူမ ကြိုတင် မြင်ယောင်နေမိသည်။
“ပြဿနာမရှိပါဘူး”
...
...
ထိုနေ့ ညနေခင်းတွင် မော့ချင်းယွဲ့သည် ကျင့်စဉ်လမ်းကြောင်းမြေပုံကို ရရှိပြီးနောက် ချန်မိသားစုထံမှ အလျင်အမြဲ ထွက်ခွာသွားခဲ့သည်။
တတိယတောင်ထိပ်တစ်ခုလုံးတွင် ပိလော့မှလွဲ၍ ချန်ကျီရှင်း တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
တောက်ပနေသော လပြည့်ဝန်းကြီးအောက် တောင်ထိပ်ပေါ်တွင် ဝတ်စုံဖြူ ဝတ်ဆင်ထားသော ချန်ကျီရှင်းသည် တင်ပလ္လင်ခွေ ထိုင်နေသည်။ ညနေခင်း လေပြေအေးကလေးက သူ၏ ဝတ်ရုံစများကို အသာအယာ လှုပ်ခါစေနေ၏။
“စစ်မှန်ခြင်းနယ်ပယ်...”
သူသည် လက်ထဲမှ ဆေးပုလင်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ချန်ကျီရှင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ထဲရှိ စစ်မှန်သောအနှစ်သာရဆေးလုံးကို ငုံ့ကြည့်လိုက်သည်။
အမှန်တကယ်တွင် သူ၏ကျင့်ကြံမှုမှာ ပြီးခဲ့သည့်လကတည်းက ဝိညာဉ်ခရီးသွားခြင်းအထိုင်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း သူသည် အလျင်စလို မလုပ်ခဲ့ပေ။ ပထမအချက်မှာ ဤဆေးလုံးကို မရရှိသေးခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာမူ သူနှင့်ကိုက်ညီမည့် စစ်မှန်ခြင်းနယ်ပယ်ဆိုင်ရာ ကျင့်စဉ်ကို မရှာဖွေရသေးခြင်းကြောင့်ပင်။
နယ်ပယ်တစ်ခုလုံးကို ခြုံငုံမိသည့် ကျင့်စဉ်တစ်ခုတည်းကို ရှာဖွေရန်မှာ အလွန်ခဲယဉ်းလှသည်။ များသောအားဖြင့် နယ်ပယ်တစ်ခုစီအတွက် သီးသန့်ကျင့်စဉ်များ ရှိကြစမြဲဖြစ်သည်။ ချန်ကျီရှင်း ယခင်က လေ့ကျင့်ခဲ့သည့် နွားနတ်ဆိုး ကြယ်တာရာကျိန်စာမှာ ရတနာခန္ဓာအဆင့်အတွက် အစွမ်းဆုံးဖြစ်ပြီး နောက်ပိုင်းတွင် လေ့ကျင့်သည့် လက်နက်တစ်ရာ သန့်စင်ခြင်းအတတ်မှာ ဝိညာဉ်ပြုစုပျိုးထောင်ခြင်းအတွက် အလွန်သင့်တော်သည်။
ယခုသူလေ့ကျင့်နေသည့် ဟင်းလင်းပြင်ကျမ်းစာမှာလည်း ကျမ်းစာပေါင်းများစွာကို လေ့လာပြီးနောက် သူကိုယ်တိုင် ဖန်တီးထားသည့် ဝိညာဉ်ခရီးသွားခြင်း နယ်ပယ်ဆိုင်ရာ ကျင့်စဉ်တစ်ခုပင်။
“ငါ ချန်မိသားစုရဲ့ ကျမ်းစာဆောင်တစ်ခုလုံးကို မွှေနှောက်ရှာဖွေပြီးပြီ။ ဒါပေမဲ့ စစ်မှန်ခြင်းနယ်ပယ်အတွက် သင့်တော်တဲ့ကျင့်စဉ်ကို ရှာမတွေ့သေးဘူး။ တခြားတစ်နေရာမှာ သွားရှာမှ ဖြစ်တော့မယ်”
ချန်ကျီရှင်းက သူ့ဘာသာ ရေရွတ်လိုက်သည်။
သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ တောင်ပိုင်းနယ်စပ် စမ်းသပ်ပွဲအပြီးနှင့် အရှေ့ဘက်လျှို့ဝှက်နယ်ပယ် မဟာပြိုင်ပွဲ မစမီ ကြားကာလတွင် သူသည် ဇီဝေချန်မိသားစုမှ ခေတ္တထွက်ခွာကာ သူ၏ကျင့်ကြံမှုကို စစ်မှန်ခြင်းနယ်ပယ်သို့ အပြည့်အဝ မြှင့်တင်ရန် ကြိုးပမ်းတော့မည်ဖြစ်သည်။
ထိုနောက်တွင် ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
“နွားနတ်ဆိုး ကြယ်တာရာကျိန်စာ... စတင်စေ”
ချက်ချင်းပင် ခန့်ညားထည်ဝါပြီး စူးရှတောက်ပသော ကြယ်တာရာမြေပုံတစ်ခုက ချန်ကျီရှင်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။ ကောင်းကင်ယံရှိ ဒပ်ဘ်ဘီကြယ်စုမှ အဆုံးမဲ့သော ကြယ်တာရာစွမ်းအင်များသည် ဂလက်ဆီတစ်ခု ပြိုဆင်းလာသည့်အလား ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာခဲ့သည်။
ချန်ကျီရှင်း၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ်ပေါင်း ခုနစ်ရာ့နှစ်ဆယ်အနက် လေးရာ့ကိုးဆယ့်ကိုး ခုမှာ ကြယ်တာရာအလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေသည်။ ဤသည်မှာ သူ၏ ဆယ်နှစ်တာ ကြိုးစားအားထုတ်မှု၏ ရလဒ်ပင်။
...
...
နောက်တစ်နေ့ နံနက်ခင်း။
မိုးသောက်အရုဏ်ဦး၏ အလင်းရောင်မှာ ကောင်းကင်ယံ၌ စတင်ပေါ်ပေါက်လာသည်။
“သခင်လေး... ထပါတော့ နိုးပါတော့”
ချန်ကျီရှင်းသည် ပျင်းရိစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ ဆံပင်နှစ်ဖက်ကို အဖုကလေးများ ထုံးထားသော ပိလော့သည် မျက်နှာသစ်ရန် ရေဇလုံကို ကိုင်လျက် သူ၏ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ နှိုးနေသည်ကို မြင်လိုက်ရသည်။
“ဘာဖြစ်လို့လဲ”
ချန်ကျီရှင်းက အားကိုးရာမဲ့စွာ မေးလိုက်သည်။
“သခင်လေး မေ့သွားပြီလား ဒီနေ့က နံနက်ခင်း သင်တန်းရှိတဲ့နေ့လေ”
ပိလော့က ပြောပြောဆိုဆိုဖြင့် စင်ကြယ်နူးညံ့သော တိုင်ဘတ်ပဝါကို ရေနွေးနွေးထဲတွင် နှစ်လိုက်ပြီးနောက် ချန်ကျီရှင်းထံသို့ ကမ်းပေးလိုက်သည်။
“အော်...”
ချန်ကျီရှင်းသည် ပဝါကိုယူကာ မျက်နှာသစ်လိုက်သည်။ အမှန်တကယ်တွင်မူ သူ၏ကျင့်ကြံမှု အဆင့်အတန်းအရ သူ၏ခန္ဓာကိုယ်မှာ ဖုန်မှုန့်ပင် မတင်နိုင်လောက်အောင် စင်ကြယ်နေပြီ ဖြစ်သော်လည်း နံနက်ခင်း မျက်နှာသစ်သည့် အလေ့အထဟောင်းကိုမူ သူ ဆက်လက်
ထိန်းသိမ်းထားဆဲပင်။
ထို့နောက် ပိလော့သည် ချန်ကျီရှင်းကို ဝတ်စုံဖြူရှည် ဝတ်ဆင်ပေးကာ ခါးပတ်ကို သေသေချာချာ ပတ်ပေးလိုက်သည်။ နံနက်ခင်း၏ တောက်ပသော နေရောင်ခြည်သည် ချန်ကျီရှင်း၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး သူ၏ ဖြူစင်ဝင်းပသော အသားအရေပေါ်ရှိ နုနယ်သော အမွှေးအမျှင်ကလေးများကိုပင် မြင်နိုင်စွမ်းရှိသည်။
“သခင်လေးက တကယ့်ကို ကြည့်ကောင်းတာပဲ”
ပိလော့က ချန်ကျီရှင်းကို ကြည့်ရင်း ငေးမောကာ ပြောလိုက်မိသည်။
“ငါ့ရဲ့ ပိလော့လေးကလည်း တကယ့်ကို ချစ်ဖို့ကောင်းပါတယ်”
ချန်ကျီရှင်းက ပြုံးလိုက်ပြီး လှည့်ကြည့်ကာ ပိလော့၏ လှပသော နှာတံကလေးကို လက်ချောင်းဖြင့် အသာအယာ တို့လိုက်သည်။
“သခင်လေး မြန်မြန်သွားပါတော့။ မဟုတ်ရင် နံနက်ခင်းသင်တန်းက အကြီးအကဲက သခင်လေးကို ထပ်ပြီး အပြစ်တင်နေပါဦးမယ်”
ပိလော့က ခြေဖျားလေးထောက်ကာ ချန်ကျီရှင်း၏ ကော်လာကို နောက်ဆုံးအကြိမ် ပြုပြင်ပေးလိုက်ပြီးနောက် လက်ရာမွန်တစ်ခုကို ဖန်တီးလိုက်ရသလို ကျေနပ်စွာ လက်ခုပ်တီးလိုက်
သည်။
“သခင်လေး... နေ့လယ်စာစားဖို့ စောစောပြန်လာခဲ့နော်။ ကျွန်မ သခင်လေးအကြိုက်ဆုံး ခြင်္သေ့ခေါင်း ဝက်သားလုံးဟင်း ချက်ထားပေးမယ်”
“ဟားဟား... ကောင်းပါပြီဗျာ”
...
...
ဇီဝေတောင်၏ အဓိကတောင်ထိပ်ပေါ် ချန်ကျီရှင်း ရောက်ရှိသွားချိန်တွင် မျိုးနွယ်စုအကြီးအကဲသည် နံနက်ခင်း ဟောပြောမှုကို စတင်နေပြီဖြစ်သည်။ သူသည် ကျောက်စိမ်းပြား တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ မုတ်ဆိတ်မွှေးကို အသာအယာသပ်ရင်း ကျင့်ကြံခြင်းလောက၏ ဗဟုသုတများကို ရှင်းလင်းသင်ကြားပေးနေသည်။
သူ၏အောက်တွင်မူ ဆယ်ကျော်သက် လူငယ်မောင်မယ် အယောက်နှစ်ဆယ်ခန့်သည် တည်ငြိမ်စွာ ထိုင်လျက် အကြီးအကဲ၏ သွန်သင်ချက်များကို အာရုံစိုက် နားထောင်နေကြ၏။
ထိုသူများထဲတွင် လူငယ်တစ်ဦးမှာ အရှေ့ဆုံးတွင် ထိုင်နေပြီး ကျန်သူများမှာမူ သူ့အနားသို့ မကပ်ရဲကြသလို ခပ်ခွာခွာသာ ထိုင်နေကြသည်။ ထိုလူငယ်သည် အသက် ၁၃ နှစ် သို့မဟုတ် ၁၄ နှစ်ခန့်သာ ရှိသေးသော်လည်း ခန့်ညားထည်ဝါပြီး သူရဲကောင်းဆန်သော အသွင်ရှိသည်။ သူထိုင်နေပုံမှာပင် သူတစ်ပါးကို ဖိနှိပ်ထားနိုင်သော အရှိန်အဝါတစ်ခု ကိန်းဝပ်နေသကဲ့သို့ ရှိသည်။
“မင်းကတော့... တစ်ကြိမ်လောက်တောင် အချိန်မှန်အောင် မလာနိုင်ဘူးလား”
အကြီးအကဲသည် ပျင်းရိပျော့ပျောင်းစွာ ရောက်လာသော ချန်ကျီရှင်းကို ကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်သည်။
“ပါရမီမပါဘဲ မွေးဖွားလာသူတစ်ယောက်ဟာ အားထုတ်မှုနဲ့ ပြန်လည်ဖြည့်ဆည်းရတာ ထုံးစံပဲ။ ဒီလောက်အထိ ပျင်းရိပြီး ပေါ့ပေါ့ဆဆ နေနေရင် အနာဂတ်မှာ ဘာအောင်မြင်မှုမျိုးကို မျှော်လင့်နိုင်မှာလဲ”
“တော်ပြီ... ငါ ထပ်မပြောတော့ဘူး။ တစ်နေရာရာမှာ ဝင်ထိုင်လိုက်တော့။ ဒီတစ်ခေါက် ကျောက်ရှန်း ပြန်ရောက်နေတာမို့ သူ့ဆီကနေ အတုယူဖို့ အချိန်ပေးလေ့လာဦး”
ထို့နောက် အကြီးအကဲသည် ရှေ့ဆုံးတွင် ထိုင်နေသော သူရဲကောင်းဆန်သည့် လူငယ်ကိုကြည့်ကာ နွေးထွေးစွာ ပြုံးလျက် “ကျောက်ရှန်း... ငါပြောသွားတဲ့အထဲမှာ နားမလည်တာ ရှိသေးလား”
“မရှိပါဘူး အကြီးအကဲ... စိတ်ကြိုက် ဆက်လက်သင်ကြားနိုင်ပါတယ်”
ကျောက်ရှန်းက ခပ်ပြတ်ပြတ်ပင် ဖြေလိုက်သည်။
အမှန်တကယ်တွင် အကြီးအကဲ သင်ကြားနေသည်များကို သူသည် ချန်ယန်အကယ်ဒမီတွင် ရှိစဉ်က အကြိမ်ပေါင်း ရာနှင့်ချီ၍ ကြားဖူးပြီးသား ဖြစ်သည်။ ထို့နောက် သူသည် ခေါင်းကို အသာအယာ လှည့်လိုက်ပြီး ချန်ကျီရှင်းကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ စကားမပြောဘဲနှင့်ပင် တစ်ဖက်သားကို ရှိန်သွားစေလောက်သော အရှိန်အဝါ ရှိသည်။