← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း။ ၂၉

“ဟုတ်တယ်... မတွေ့တာ ကြာပြီနော်”

ချန်ကျီရှင်းကလည်း ချန်ကျောက်ရှန်းကို အေးအေးလူလူပင် ပြန်လည်ကြည့်ရှုကာ နှုတ်ဆက်လိုက်သည်။

လွန်ခဲ့သော ဆယ်နှစ်ခန့်က ချန်ကျောက်ရှန်းသည် အသက် ၃ နှစ်အရွယ်နှင့် ရတနာခန္ဓာအဆင့်သို့ စတင်ဝင်ရောက်ခဲ့ပြီး ထိုသတင်းမှာ အရှေ့ဘက်လျှို့ဝှက်နယ်ပယ် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အသက် ၅ နှစ်အရွယ်တွင် ရတနာခန္ဓာ ကိုးဆင့်မြောက်သို့ ရောက်ရှိခဲ့ရာ ဘုရင်ငယ်လေးဟုပင် တင်စားခံခဲ့ရသူ ဖြစ်သည်။

မကြာမီမှာပင် အရှေ့ဘက်လျှို့ဝှက်နယ်ပယ်၏ ထိပ်တန်းကျောင်းတော်ဖြစ်သော ချန်ယနအကယ်ဒမီက သူ့ကို ဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် ချန်ကျောက်ရှန်းသည် အကယ်ဒမီသို့ သွားရောက်ကျင့်ကြံခဲ့သည်မှာ ၈ နှစ်ပင် ရှိခဲ့ပြီဖြစ်ရာ ယခုသည် ညီအစ်ကိုနှစ်ဦး ၈ နှစ်အကြာတွင် ပထမဆုံး ပြန်လည်တွေ့ဆုံခြင်းပင်။

“တတိယဦးလေးနဲ့ အန်တီတို့ နေကောင်းကြရဲ့လား”

ကျောက်ရှန်းက မေးသည်။

“အဆင်ပြေပါတယ်... ဟိုဟိုဒီဒီ လျှောက်သွားနေကြတာပဲ”

ကျီရှင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

ထို့နောက်တွင်မူ ချန်ကျောက်ရှန်းသည် တိတ်ဆိတ်သွားပြီး ပြောစရာစကား ကုန်သွားဟန်ရှိသည်။ ချန်ကျီရှင်းကတော့ ပြုံးလျက်ပင် ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်၏။ ကျောက်ရှန်းသည် သူ့ကို ပြိုင်ဘက်တစ်ဦးလို အမြဲသတ်မှတ်ထားကြောင်း ကျီရှင်း ကောင်းကောင်းသိသည်။ ၈ နှစ်လုံးလုံး အဝေးမှာရှိနေသော်လည်း လူလွှတ်၍ ကျီရှင်း၏ ကျင့်ကြံမှုအခြေအနေကို မတော်တဆ ဟန်ဆောင်ကာ စုံစမ်းခိုင်းနေကျပင်။

ကျီရှင်းအတွက်မူ ၎င်းမှာ ကလေးတစ်ယောက်၏ အနိုင်လိုချင်စိတ်မျှသာ ဖြစ်သဖြင့် အပြစ်မမြင်မိပေ။

သို့သော် ရုတ်တရက်...

“ပြီးခဲ့တဲ့လကပဲ ငါ ကြည်လင်ခြင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီ”

ချန်ကျောက်ရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ထိုစကားသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ တောင်ထိပ်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့သည်။

“ဘာ ချန်ကျောက်ရှန်းက ကြည်လင်ခြင်းနယ်ပယ်ကို ရောက်သွားပြီ ဟုတ်လား”

“ဟူး ငါမှတ်မိသလောက်ဆိုရင် ကျောက်ရှန်းက အသက် ၁၃ နှစ်ပဲ ရှိသေးတာလေ။ ၁၃ နှစ်နဲ့ ကြည်လင်ခြင်းနယ်ပယ်ဆိုတာ ကြောက်စရာကောင်းလိုက်တာ”

“ဒီအရှိန်အဟုန်က လက်ရှိကမ္ဘာမှာ ထိပ်တန်းအဆင့်ပဲ မဟုတ်လား”

“ဒါဟာ ရှေးဟောင်းအင်းကွက် ကိုးကွက်ပိုင်ရှင်ရဲ့ စွမ်းရည်ပေါ့... မယုံနိုင်စရာပဲ”

“အို... ငါက အသက်တစ်ဆယ့်ငါးနှစ်ရှိပြီ။ အခုထိ ရတနာခန္ဓာ နယ်ပယ်မှာပဲ ပိတ်မိနေတုန်း။ ကွာခြားချက်က အရမ်းကြီးလွန်းတယ်”

“တကယ့်ကိုပဲ... လူတစ်ယောက်နဲ့တစ်ယောက်ကတော့ နှိုင်းယှဉ်လို့မရဘူးပဲ”

ခဏချင်းမှာပင် ချန်မိသားစုမှ လူငယ်တပည့်အားလုံးသည် ချန်ကျောက်ရှန်းကို အံ့ဩကြည်ညိုမှု၊ မနာလိုအားကျမှုများဖြင့် ဝိုင်းကြည့်နေကြတော့သည်။

သင်ကြားရေးတာဝန်ခံ အကြီးအကဲမှာလည်း အတိုင်းမသိ ဝမ်းသာသွားပြီး “ဘာ ကျောက်ရှန်း... မင်းက ကြည်လင်ခြင်းနယ်ပယ်ကို ရောက်သွားပြီလား ဒီလိုသတင်းကောင်းကို ဘာလို့ မိသားစုကို အသိမပေးတာလဲ ဟားဟားဟား... ကျောက်ရှန်း မင်းက ငါတို့ချန်မိသားစုရဲ့ ချီလင်သားတော် ပီသပါပေတယ်။ မင်းရဲ့အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေပြီ” ဟု ချီးကျူးတော့သည်။

ချန်ကျောက်ရှန်းသည် ထိုအသံများကို လျစ်လျူရှုထားကာ လွန်ခဲ့သော ရှစ်နှစ်လုံးလုံး ထိုကဲ့သို့သော စကားများကို သူ အကြိမ်ပေါင်းများစွာ ကြားခဲ့ရပြီးပြီဖြစ်သည်။ သူ၏ တည်ငြိမ်သောအကြည့်များသည် ချန်ကျီရှင်းထံ၌သာ ရှိနေပြီး ယခုမူ ထိုအကြည့်များက ပို၍ပင် ပြင်းထန်လာခဲ့သည်။

“အော်... ဂုဏ်ယူပါတယ်ဗျာ။ ဒါပေမဲ့... အဲဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”

ချန်ကျီရှင်းက နားမလည်ဟန်ဖြင့် မေးလိုက်သည်။

“မင်းရော”

ချန်ကျောက်ရှန်းက စူးရှစွာကြည့်ရင်း စကားနှစ်လုံးတည်းကိုသာ မေးခွန်းထုတ်လိုက်သည်။

“ကျွန်တော်လား”

ချန်ကျီရှင်းက ပြုံးလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင်

“သခင်လေးကျောက်ရှန်း... သူ့ကို ဘာလို့ အမောခံပြီး မေးနေတာလဲ သူက တစ်နေ့ကုန် အချိန်ဖြုန်းနေတဲ့သူပဲ။ သခင်လေး စိုးရိမ်နေရလောက်တဲ့သူ မဟုတ်ပါဘူး”

အေးစက်သော အမျိုးသမီးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လုရင်းသည် တောင်ပတ်လမ်းအတိုင်း လျှောက်လာပြီးနောက် ချန်ကျောက်ရှန်း၏ ဘေးတွင် သဘာဝကျကျပင် ဝင်ထိုင်လိုက်သည်။ သူမသည် မွှေးကြိုင်သော လက်ကိုင်ပဝါကို ထုတ်ယူကာ ကျောက်ရှန်း၏ နဖူးပေါ်မှ ချွေးများကို အသာအယာ သုတ်ပေးရင်း နူးညံ့စွာ ပြောလိုက်သည်။

“သခင်လေးကျောက်ရှန်း... ကျွန်မရဲ့ ကျင့်ကြံမှုမှာ နားမလည်တာလေးတစ်ခု ရှိနေလို့ပါ။ နောက်မှ ကျွန်မကို ကူညီပြီး ရှင်းပြပေးလို့ ရမလားဟင်”

ချန်ကျီရှင်းသည် အစပိုင်းတွင် မှင်သက်သွားပြီးနောက် ဆွံ့အသွားရသည်။

ဒီနှစ်ယောက်က တကယ်ပဲ ပေါင်းသွားကြပြီလား။

သူသည် လုရင်းကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းလိုက်မိသည်။ ဤမိန်းကလေးသည် အရှိန်အဝါရှိသူကို ကပ်တွယ်ပြီး အခြားသူကို နှိမ့်ချရန် ဤမျှအထိ စိတ်အားထက်သန်

နေသည်မှာ မနေ့က သူမကို သဘောမကျခဲ့မိသည်မှာ ကံကောင်းသည်ဟုပင် ပြောရမည်။

ဒါနဲ့... သူမက ဘာလို့ သူ့အပေါ်မှာ ဒီလောက်အထိ အကြောင်းပြချက်မရှိတဲ့ ရန်လိုမှုတွေ ပြနေရတာလဲ။

မနေ့က လူအများရှေ့မှာ အရှက်ရခဲ့လို့လား။

ချန်ကျီရှင်းသည် ဒေါသမထွက်ဘဲ ရယ်ရုံသာ ရယ်နိုင်တော့သည်။

အခြားတစ်ဖက်တွင်မူ စကားအဖြတ်ခံလိုက်ရသဖြင့် ချန်ကျောက်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး “အင်း... နောက်မှ ငါ သင်ပေးမယ်” ဟု ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ... ဒါဆိုရင် သခင်လေးကျောက်ရှန်းကို ဒုက္ခပေးရတော့မှာပဲနော်”

လုရင်းသည် ချက်ချင်းပင် ချိုသာသော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ကျောက်ရှန်းနှင့် ပိုမိုနီးကပ်အောင် တိုးကပ်လိုက်သည်။ သူမသည် ကျောက်ရှန်းကို တစ်ကိုယ်လုံး ကပ်ထားချင်သည့်အလား ပြုမူနေရင်း ချန်ကျီရှင်းကို မျက်စောင်းတစ်ချက်ထိုးကာ အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“တချို့လူတွေနဲ့တော့ မတူဘူးပေါ့... အရည်အချင်းမရှိဘဲ အတ္တကတော့ ကြီးလွန်းတယ်”

“သူ... သူ့ရဲ့ အရည်အချင်းက သေးသေးမွှားမွှားတော့ မဟုတ်ဘူး”

ချန်ကျောက်ရှန်းက ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။

“အာ...”

လုရင်းမှာ ကြောင်အသွားမိသည်။ သူမက ချန်ကျောက်ရှန်းဘက်မှ ရပ်တည်ပေးနေသည်ကို ကျောက်ရှန်းက ဘာကြောင့် ချန်ကျီရှင်းဘက်က ပြန်လည်ကာကွယ်ပေးနေရတာလဲဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။

“ဘာမှမဟုတ်တော့ဘူး”

ချန်ကျောက်ရှန်းက ထပ်မံရှင်းမပြတော့ဘဲ ချန်ကျီရှင်းကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီးမှ “ညီလေး... တောင်ပိုင်းနယ်စပ်စမ်းသပ်ပွဲမှာ မင်း ငါ့ကို အံ့ဩအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ငါ့ကို စိတ်မပျက်စေနဲ့ဦး” ဟု ပြောလိုက်သည်။

ထို့နောက် ကျောက်ရှန်းသည် မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ဘာစကားမျှ ထပ်မပြောတော့ချေ။ ဘေးပတ်ဝန်းကျင်ရှိ ချန်မိသားစုဝင်များမှာ သိချင်စိတ် ပြင်းပြနေကြသော်လည်း မည်သူမျှ ကြားဖြတ်မပြောရဲကြပေ။

လူသားများထဲမှ နဂါးတစ်ကောင်ကဲ့သို့သော ချန်ကျောက်ရှန်းဖြစ်စေ ရုပ်ရည်ချောမောသော်လည်း သာမန်ကာလျှံကာဟု ထင်ရသော ချန်ကျီရှင်းဖြစ်စေ သူတို့အားလုံးသည် ချန်

မိသားစု၏ တိုက်ရိုက်မျိုးဆက်များဖြစ်ကြသဖြင့် ဘေးထွက်မျိုးဆက်များအနေဖြင့် ဝေဖန်ပိုင်ခွင့်မရှိချေ။ ချန်မိသားစုတွင် သွေးသားအဆင့်အတန်း ခွဲခြားမှုမှာ အလွန်ပင် တင်းကျပ်လှသည်။

“ကဲ... ကဲ... မင်းတို့ သင်ခန်းစာကို ဆက်နားထောင်ချင်သေးရဲ့လား”

ကျောက်စိမ်းပြားပေါ်တွင် ထိုင်နေသော အကြီးအကဲက စိတ်ပျံ့လွင့်နေသည့် တပည့်တစ်ဦးကို လက်ညှိုးထိုးကာ ငေါက်လိုက်သည်။

“မင်း... ပြောစမ်း ငါ ခုနက ဘယ်နားမှာ ရပ်သွားသလဲ”

ရုတ်တရက် အမေးခံလိုက်ရသော တပည့်မှာ စိတ်ထဲမှ ငိုချင်းချလိုက်ပြီး မျက်နှာပူပူဖြင့် ပြန်ဖြေလိုက်သည်။

“အကြီးအကဲ... အကြီးအကဲက ကျင့်ကြံခြင်းလောကမှာ ဘယ်လို ရပ်တည်ရမလဲဆိုတာကို ပြောနေတာပါ ခင်ဗျာ”

“အင်း... မှန်တယ်”

အကြီးအကဲက ကျေနပ်စွာဖြင့် သူ၏ မုတ်ဆိတ်ကို သပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

“ကျင့်ကြံခြင်းလောကမှာ ရပ်တည်ဖို့ဆိုတာ အစွမ်းထက်ရုံနဲ့ မလုံလောက်ဘူး။ ဦးနှောက်လည်း ရှိဖို့လိုတယ်”

“ဒါမှမဟုတ်ရင်... ဦးနှောက်မရှိရင် မင်းရဲ့ ကျင့်ကြံမှုက ဘယ်လောက်ပဲ မြင့်မားနေပါစေ။ မင်းထက် အစွမ်းထက်တဲ့သူကို အလွယ်တကူ သွားစော်ကားမိပြီး အသက်ပျောက်သွားနိုင်တယ်။ အဲဒီလို သာဓကတွေက ကျင့်ကြံခြင်းလောကမှာ မရှားလှဘူး”

အကြီးအကဲက ထိုတပည့်ကို လက်ညှိုးထိုးပြကာ ဥပမာတစ်ခု ပေးလိုက်သည်။

“မင်းကို ငါ ဥပမာတစ်ခု ပေးမယ်”

“ဥပမာ... မင်းက ကျင့်ကြံခြင်းလောကထဲကို အခုမှ စဝင်လာတယ်ဆိုပါစို့။ တည်းခိုခန်းတစ်ခုမှာ မောင်နှံတစ်စုံကို မင်းတွေ့လိုက်တယ်။ အမျိုးသမီးရဲ့ အလှအပက မင်းကို ဆွဲဆောင်လွန်းလို့ မင်းက သဘောကျသွားတယ်။ ဒါပေမဲ့ သူမဘေးက အမျိုးသားကတော့ ကြည့်ရတာ သာမန်လူတစ်ယောက်လိုပဲ။ မင်းက စိတ်ရိုင်းဝင်ပြီး အဲဒီအမျိုးသမီးကို သွားပြီး စနောက်လိုက်မိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ မင်းက မျက်လုံးရှိပေမဲ့ ထိုက်တောင်ကို မမြင်တဲ့သူ ဖြစ်နေတယ်။ အဲဒီလှပတဲ့ အမျိုးသမီးဘေးက အမျိုးသားက တကယ်တော့ အစွမ်းထက်တဲ့ စီနီယာကြီးတစ်ယောက် ဖြစ်နေတာပဲ။ မင်းက သူ့ရဲ့ အစွမ်းကို မမြင်နိုင်ဘဲ စကားနဲ့ သွားပြီး စော်ကားမိသွားပြီ။ အဲဒီစီနီယာကြီးက ဒေါသထွက်ပြီး သူ့ရဲ့ အစွမ်းကို ထုတ်ပြတော့မယ်။ မင်းရဲ့ သွေးတွေကို သုံးပေလောက်အထိ လွင့်ထွက်သွားအောင် လုပ်တော့မယ်”

“ငါ မင်းကို မေးမယ်... အဲဒီအခြေအနေကို ပြေလည်သွားအောင် မင်းရဲ့ ဦးနှောက်ကို သုံးပြီး ဘယ်လို ဖြေရှင်းမလဲ”

ထိုစကားကို ကြားသောအခါ ချန်မိသားစုဝင် တပည့်မှာ ငိုရခက် ရယ်ရခက် မျက်နှာပေးဖြင့် “ကျွန်တော်... ကျွန်တော်သာ ဆိုရင်တော့... တောင်းပန်လိုက်မှာပါ ခင်ဗျာ။ စီနီယာကြီးကို မမှတ်မိလို့ မှားယွင်းစော်ကားမိပါတယ်ဆိုပြီး လျော်ကြေးပေး တောင်းပန်ပါ့မယ်...” ဟု ထစ်ထစ်ငေါ့ငေါ့ ဖြေလိုက်သည်။

“ညံ့လိုက်တာ တောင်းပန်ရုံနဲ့ ပြီးမယ်ဆိုရင် အစွမ်းထက်ဖို့ ဘာလို့ လိုဦးမလဲ”

အကြီးအကဲက ခေါင်းခါယမ်းလိုက်ပြီး အခြားတပည့်တစ်ဦးကို လှည့်မေးပြန်သည်။

“မင်းသာ ဆိုရင်ရော... ဒါကို ဘယ်လို ဦးနှောက်သုံးပြီး ကိုင်တွယ်မလဲ”

ထိုတပည့်က ပခုံးတွန့်လိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေသည်။

“အကြီးအကဲကို တင်ပြရရင်... ကျွန်တော်သာ ဆိုရင်တော့ အရင်ဆုံး တောင်းပန်ပါမယ်။ တမင်တကာ မဟုတ်ကြောင်း စီနီယာကြီးရဲ့ အဖော်က လှလွန်းလို့ မှားယွင်းသွားကြောင်း ပြောမယ်။ ပြီးတော့မှ ကျွန်တော်က ချန်မိသားစုက ဖြစ်ကြောင်း ပြောလိုက်ပါမယ် ဒါကို အင်အားမသုံးခင် ယဉ်ကျေးပြခြင်း လို့ ခေါ်တယ်။ မိသားစုရဲ့ နာမည်ကို သုံးပြီး သူ့ကို သတိထားသွားအောင် လုပ်တာပါ”

“ညံ့တယ် မင်းရဲ့ချဉ်းကပ်ပုံက တစ်မျိုးတော့ ဖြစ်နိုင်ပေမဲ့ စိတ်တိုတတ်တဲ့သူနဲ့သာ တိုးရင် မင်းက သူ့ကို ခြိမ်းခြောက်နေတယ်လို့ ထင်ပြီး အမြစ်ပြတ်အောင် သတ်ပစ်လိုက်လိမ့်မယ်”

မျိုးနွယ်စုအကြီးအကဲက ခေါင်းခါယမ်းကာ နောက်ထပ် တပည့်တစ်ဦးကို လက်ညှိုးထိုးပြပြန်သည်။ အဖြေမျိုးစုံ ထွက်ပေါ်လာသော်လည်း အကြီးအကဲမှာ လုံးဝကျေနပ်ခြင်း မရှိချေ။

နောက်ထပ် တပည့်တစ်ဦးကို လက်ညှိုးထိုးလိုက်သောအခါ ထိုသူမှာ မျက်နှာပျက်သွားပြီး တုန်တုန်ရီရီဖြင့် ဖြေသည်။

“ကျွန်တော်သာ ဆိုရင်... ဒူးထောက်တောင်းပန်ပါ့မယ် ကိုယ့်ပါးကိုယ် ပြန်ရိုက်ပြီး စီနီယာကြီးကို မမှတ်မိလို့ မှားယွင်းစော်ကားမိပါတယ်။ အသက်ချမ်းသာပေးပါလို့ အသနားခံပါ့မယ်”

“အ... အကြီးအကဲ ဒီအဖြေကရော အဆင်ပြေရဲ့လားခင်ဗျာ မပြေရင် ကျွန်တော် ဦးတိုက်တောင်းပန်တာတွေပါ ထပ်ထည့်ရမလား”

ထိုသို့ပြောပြီးနောက် သူသည် အကြီးအကဲကို အလွန်ထိတ်လန့်သော မျက်နှာဖြင့် ကြည့်နေသည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ထောင့်တစ်နေရာ၌ ထိုင်နေသော ချန်ကျီရှင်းမှာ မအောင့်နိုင်တော့ဘဲ ဘုံးခနဲ ပေါက်ကွဲကာ ရယ်ချလိုက်မိတော့သည်။

ဘုရားရေ ဒါတွေက ဘယ်လိုမျိုး သေစေနိုင်တဲ့ မေးခွန်းတွေလဲ။ စကားလုံးတစ်လုံးတည်းနဲ့ ပြောရရင် အလန်းစားပဲ။

ဝှူး

ကျောက်စိမ်းပြားပေါ်ရှိ အကြီးအကဲက ချန်ကျီရှင်းကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ငေါက်

လိုက်သည်။

“ရိုင်းလှချည်လား”

“ချန်ကျီရှင်း... မင်းက ပညာမရှိတာ ထားပါတော့။ အခုလို နေရာမျိုးမှာ ဘယ်လိုတောင် ရယ်ရဲရတာလဲ ဘာလဲ... မင်းက အားလုံးကို တတ်မြောက်သွားပြီလို့ ထင်နေတာလား ဒါမှမဟုတ် ငါ့ရဲ့မေးခွန်းက မင်းအတွက် ရယ်စရာဖြစ်နေတာလား”

ချန်ကျီရှင်းက လက်ကို အလျင်အမြန် ယမ်းပြကာ ရှင်းပြသည်။

“မဟုတ်ပါဘူး... မဟုတ်ပါဘူး အကြီးအကဲ။ ကျွန်တော် တခြားရယ်စရာတစ်ခုကို သွားသတိရမိလို့ စိတ်မထိန်းနိုင်ပဲ ရယ်မိတာပါ။ အကြီးအကဲကို လှောင်တာ မဟုတ်ပါဘူး။ ကတိပေးပါတယ်။ နောက်မရယ်တော့... အဟွတ်... ဟားဟား... တောင်းပန်ပါတယ် တကယ် စိတ်ထိန်းလို့မရလို့ပါ... ဟားဟားဟား”

အကြီးအကဲ၏ မျက်နှာမှာ ဆီးနှင်းများပမာ အေးစက်တင်းမာသွားပြီး “ကောင်းပြီ... မင်းက ရယ်ချင်သေးတယ်ပေါ့ ဒါဆို မင်းကို ငါမေးမယ်။ မင်းသာ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံရရင် မင်းရဲ့ဦးနှောက်ကို သုံးပြီး ဘယ်လို ကိုင်တွယ်မလဲ”

အကြီးအကဲသည် ချန်ကျီရှင်းကို အေးစက်စွာ စိုက်ကြည့်နေပြီး သူ၏မျက်ဝန်းထဲတွင် ဒေါသအလင်းတန်းများ ဖျတ်ခနဲ ပေါ်နေသည်။ ချန်ကျီရှင်းမှာ အကြီးအကဲ တကယ်ဒေါသထွက်သွားသည်ကို မြင်သောအခါ စိတ်ထဲမှ အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

သူသည် အကြာကြီး စဉ်းစားဟန်ပြုပြီးနောက် ဘာအဖြေမှ မရှိသည့်အလား မျက်တောင်တဖျတ်ဖျတ် ခတ်ကာ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်... ကျွန်တော် သူ့ကို ပြောလိုက်မယ်။ ကျွန်တော့်မှာ ဦးနှောက်ရှိတယ် ဒါကြောင့် ကျွန်တော့်ကို လာမရှုပ်နဲ့ လို့လေ... အင်း... ဘယ်လိုလဲ”

ဝိုး…

ထိုစကားအဆုံးတွင် အခြားချန်မိသားစုဝင်များမှာ ခဏမျှ မှင်သက်သွားပြီးနောက် တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ဟားတိုက်ရယ်မောကြတော့သည်။ တချို့ဆိုလျှင် ရယ်လွန်း၍ ခါးပင် မဆန့်နိုင်တော့ချေ။

“ချန်ကျီရှင်း”

အကြီးအကဲ၏ မျက်နှာမှာ ချက်ချင်းပင် ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။

အခန်း။ ၃၀

“ဒီလူမိုက်လေး”

မျိုးနွယ်စုအကြီးအကဲသည် သူ၏ဘေးရှိ ကျောက်စိမ်းပြားကို အရှိန်နှင့် ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ချန်ကျီရှင်း မင်းတစ်နေ့ကုန် အချိန်ဖြုန်းပြီး ဘာမှမယ်မယ်ရရ မလုပ်တာက ထားပါတော့။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေရုံတင်မကဘဲ မင်းရဲ့မိဘတွေကိုပါ မျက်နှာပျက်အောင်လုပ်ပြီး ချန်မိသားစုရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင် လုပ်နေတာပဲ အခုတော့ ဒီမှာရှိတဲ့ တခြားတပည့်တွေရဲ့ စာသင်ကြားမှုကိုပါ လာပြီး မနှောင့်ယှက်စမ်းနဲ့”

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ မျက်နှာပေါ်ရှိ အပြုံးများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူ၏မျက်လုံးများကို မှေးစင်းလိုက်သည်။

အကယ်၍ ဤအကြီးအကဲက သူ့တစ်ယောက်တည်းကိုသာ ပြောဆိုခြင်းဖြစ်ပါက သူက ပြန်လည်တောင်းပန်ရုံနှင့် ပြီးနိုင်သော်လည်း...

“ကျွန်တော် မေးပါရစေ... ကျွန်တော်က ဘယ်လိုမျိုး မိဘတွေကို အရှက်ခွဲပြီး ချန်မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ခဲ့လို့လဲ”

ချန်ကျီရှင်းက အေးစက်စွာ တုံ့ပြန်မေးမြန်းလိုက်သည်။

အကြီးအကဲက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏မုတ်ဆိတ်ကိုသပ်ကာ လှောင်ပြောင်

လိုက်သည်။

“တစ်နေ့ကုန် အချိန်ဖြုန်းပြီး ဘာမှဖြစ်မြောက်အောင် မလုပ်တာက မိဘတွေကို အရှက်ခွဲတာ မဟုတ်လို့ ဘာလဲ”

“ကျွန်တော် အချိန်ဖြုန်းပြီး ဘာမှမလုပ်ဘူးလို့ အကြီးအကဲ ဘယ်လိုသိလဲ”

ချန်ကျီရှင်းက အကြီးအကဲကို တည့်တည့်စိုက်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်ပြန်သည်။

ထိုအခါ အကြီးအကဲက ပို၍ပင် လှောင်ပြောင်သော လေသံဖြင့် “ငါပြောတာကို မကျေနပ်ဘူးပေါ့လေ ဒါဆို ငါမင်းကို မေးမယ်... ငါတို့ချန်မိသားစုရဲ့ ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်းကို မင်းဘယ်အဆင့်အထိ ကျင့်ကြံပြီးပြီလဲ”

“ကျွန်တော် အဲဒါကို တစ်ခါမှ မကျင့်ဖူးဘူး”

ချန်ကျီရှင်းက ပွင့်လင်းစွာပင် ဖြေလိုက်သည်။

စကားအဆုံးတွင် အကြီးအကဲမှာ ဒေါသထွက်လွန်း၍ပင် ရယ်မောမိသွားပြီး တခြားတပည့်များမှာလည်း အံ့ဩတုန်လှုပ်သော မျက်နှာထားများ ဖြစ်ကုန်ကြသည်။

ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်းဆိုသည်မှာ ချန်မိသားစု၏ ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို ရရှိခဲ့သော တည်ထောင်သူ ဘိုးဘေးကြီးကိုယ်တိုင် ဖန်တီးခဲ့သည့် ကျင့်စဉ်ဖြစ်သည်။ ၎င်းသည် လောကတွင် ထာဝရအသက်ရှည်ခြင်းနယ်ပယ်သို့ ရောက်ရှိစေနိုင်သည့် အနည်းငယ်သော အထွတ်အထိပ်ကျင့်စဉ်များထဲမှ တစ်ခုအဖြစ် လူသိများသည်။

ဤကျင့်စဉ်သည် သဘာဝတရား၏ ဓာတ်ငါးပါး ရွှေ၊ သစ်သား၊ ရေ၊ မီး နှင့် မြေ ဝိညာဉ်စွမ်းအင်များကို မိမိခန္ဓာကိုယ်အတွင်းသို့ စုစည်းသန့်စင်ခြင်းကို အဓိကထားသည်။ ချန်မိသားစု၏ အထက်ဆုံး ဘိုးဘေးကြီးမှစ၍ သာမန်တပည့်များအထိ အားလုံးသည် ဤကျင့်စဉ်ကိုသာ အခြေခံ၍ ကျင့်ကြံကြရသည်။

“ချန်မိသားစုဝင် တစ်ယောက်ဖြစ်ပြီး ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်းကိုတောင် မလေ့လာဘူးလား ဒါကိုတောင် ရဲရဲဝံ့ဝံ့ ပြောနေသေးတယ်ပေါ့”

အကြီးအကဲက ချန်ကျီရှင်းကို စူးစိုက်ကြည့်ကာ လှောင်ရယ်လိုက်သည်။

ချန်ကျောက်ရှန်းပင်လျှင် ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားရလေတော့သည်။

ချန်ယန်အကယ်ဒမီတွင် ပညာရပ်ပေါင်းစုံကို တွေ့မြင်ခဲ့ရသည့် ချန်ကျောက်ရှန်းပင်လျှင် ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်းကို သူ၏ အဓိကအခြေခံကျင့်စဉ်အဖြစ် တန်ဖိုးထားဆဲပင်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ ….

“ဒီလို ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်းဆိုတဲ့ ကျင့်စဉ်မျိုးက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ပြီးတော့ ဒါက ကျွန်တော်နဲ့လည်း မကိုက်ညီဘူး။ ဒါကို ကျွန်တော် ဘာလို့ ကျင့်ရမှာလဲ”

ချန်ကျီရှင်း၏ ပါးစပ်မှ ထွက်ပေါ်လာသော ထိုစကားသည် မိုးကြိုးပစ်ချလိုက်သည့်အလား တစ်လောကလုံးကို တုန်လှုပ်သွားစေသည်။

ဝုန်း..ဍ

ပတ်ဝန်းကျင်ရှိ တပည့်များအားလုံး မှင်သက်အံ့ဩသွားကြပြီး အသက်ပင် မရှူရဲလောက်အောင် ဖြစ်သွားကြသည်။ ချန်မိသားစု၏ အုတ်မြစ်ဖြစ်ပြီး မြင့်မြတ်လှသော ဤကျင့်စဉ်ကို မိသားစုအတွင်း မည်သူမျှ မကောင်းမပြောရဲကြပေ။

သို့သော် ချန်ကျီရှင်းကတော့ ပြောရဲခဲ့သည်။ ပြောရုံတင်မကဘဲ ဒီကျင့်စဉ်က ဘာမှမထူးခြားဘူးဟုပင် လူသိရှင်ကြား စော်ကားလိုက်ခြင်းပငါ။ ဤသည်မှာ တကယ့်ကို အခြေအမြစ်မရှိဘဲ ရဲတင်းလွန်းသည့် လုပ်ရပ်ပင်။

“မိုက်ရူးရဲဆန်လှချည်လား”

မျိုးနွယ်စုအကြီးအကဲသည် ဝုန်းခနဲ ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒေါသကြောင့် တုန်ရီနေ၏။ အစောပိုင်းက စိတ်ပျက်ရုံမျှသာ ရှိခဲ့သော်လည်း ယခုမူ သူသည် တကယ့်ကိုပင် အမျက်ချောင်းချောင်း ထွက်သွားတော့သည်။

“ချန်ကျီရှင်း ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်းဆိုတာ ငါတို့မိသားစုရဲ့ အုတ်မြစ်ပဲ။ ဒါဟာ ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို ရောက်စေနိုင်တဲ့ ရှားပါးကျင့်စဉ်တွေထဲက တစ်ခုပဲ မင်းမှာ ရိုသေကိုင်းရှိုင်းစိတ် မရှိရုံတင်မကဘူး။ လူအများရှေ့မှာ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ဝေဖန်ရဲတယ်ပေါ့”

“ဒီနေ့ မင်းမှာ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူးဆိုရင်တော့... မင်းက တိုက်ရိုက်မျိုးဆက် ဖြစ်နေတာကို ငါ ငဲ့ညှာမှာ မဟုတ်ဘူး။ ငါကိုယ်တိုင် မင်းကို ဖမ်းဆီးပြီး အပြစ်ပေးတော့မယ်”

အကြီးအကဲ၏ ဒေါသတကြီး အော်ဟစ်သံမှာ အဓိကတောင်ထိပ်တစ်ခုလုံးကို တုန်ခါသွားစေသည်။

အဓိကတောင်ထိပ်၏ နောက်ကွယ်ရှိ တားမြစ်နယ်မြေ အတွင်း၌မူ ဝရုန်းသုန်းကား စွမ်းအင်များ ဝန်းရံနေသည့် ရှေးဟောင်းအိုမင်းသော ပုံရိပ်တစ်ခုသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အသက်ကြီးရင့်မှုကြောင့် မှုန်ဝါးနေသော သူ၏ အကြည့်များသည် တောင်ထိပ်ပေါ်သို့ ရောက်ရှိသွားပြီး သူ၏မျက်ဝန်းထဲတွင် စိတ်ဝင်စားစရာ အမူအရာတစ်ခု ဖျတ်ခနဲ ပေါ်ပေါက်လာသည်။

အဓိကတောင်ထိပ်၏ အထက်ဝယ် မရေမတွက်နိုင်သော အကြည့်များသည် ချန်ကျီရှင်းထံသို့သာ စုပြုံကျရောက်နေသည်။

“အရမ်းကို မောက်မာလွန်းတယ်”

ချန်ကျောက်ရှန်းသည် ခေါင်းခါယမ်းလိုက်မိပြီး စိတ်ထဲမှ ဇဝေဇဝါ ဖြစ်နေရသည်။ သူသိထားသလောက်ဆိုလျှင် ချန်ကျီရှင်းမှာ အမြဲတမ်း အကွက်ချတွက်ချက်တတ်ပြီး လူမသိအောင် ခပ်အေးအေးသာ နေတတ်သူဖြစ်သည်။

ဒါက သူ့ပုံစံမဟုတ်ဘူး။ သူ ဆေးမှားပြီးသောက်လာတာများလား။

ပုံမှန်မဟုတ်ဘဲ ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်းကိုတောင် နှိမ့်ချပြီး ပြောဆိုရဲနေရတာလဲ။

သူ့ဘေးရှိ လုရင်းကမူ ခပ်တိုးတိုးရယ်မောကာ “သူက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလူလဲဆိုတာ မသိတာပဲ။ ထာဝရအသက်ရှည်ခြင်း ကျင့်စဉ်တွေကို ဝေဖန်ဖို့ ဘယ်သူက သူ့ကို ဒီလောက် သတ္တိတွေ ပေးထားတာလဲ” ဟု ပြောလိုက်သည်။

အခြား ချန်မိသားစုဝင် တပည့်များကလည်း ဝိုင်း၍ မှတ်ချက်ပေးကြသည်။

“အကြီးအကဲရဲ့ စကားတွေကလည်း ပြင်းထန်လွန်းတာကိုး။ ဒါကြောင့် ချန်ကျီရှင်းက ဒေါသတကြီးနဲ့ လျှောက်ပြောမိတာ ဖြစ်မှာပါ”

“ငါသာ ချန်ကျီရှင်းဆိုရင်တော့ အခုချက်ချင်း တောင်းပန်လိုက်မှာပဲ။ သူက တိုက်ရိုက်မျိုးဆက် ဖြစ်နေတော့ အကြီးအကဲက သိပ်ပြီး ပြင်းပြင်းထန်ထန် လုပ်မှာမဟုတ်ပါဘူး”

“ချန်ကျီရှင်းက ငယ်သေးတော့ စိတ်လိုက်မာန်ပါ လုပ်မိတာပါပဲ”

“စိတ်လိုက်မာန်ပါ လုပ်တာက ကိစ္စမရှိပေမဲ့ အကျိုးဆက်ကိုတော့ ခံနိုင်ဖို့ လိုမယ်နော်”

အတန်ကြာသည်အထိ တောင်ထိပ်တစ်ခုလုံးတွင် တိုးတိုးတိတ်တိတ် ဆွေးနွေးသံများ ဖုံးလွှမ်းနေပြီး အားလုံးက ချန်ကျီရှင်း မည်သို့တုံ့ပြန်မည်ကိုသာ စောင့်ကြည့်နေကြသည်။

အကြီးအကဲသည် တည်ငြိမ်သောအမူအရာဖြင့် ချန်ကျီရှင်းကို ကြည့်ကာ “ဒီနေ့ကိစ္စကို မင်းသေချာ မရှင်းပြနိုင်ရင်တော့... မျိုးနွယ်စုခေါင်းဆောင်ကို တိုင်ကြားပြီး မင်းကို အပြစ်ပေးဖို့ ငါဝန်လေးမှာ မဟုတ်ဘူး” ဟု ပြောကာ မျက်လုံးများကို မှိတ်လိုက်သည်။

ချန်ကျီရှင်း တောင်းပန်လာလျှင် မည်သို့ဆက်လုပ်မည်ကို သူ ကြိုတင်စဉ်းစားနေပုံပင်။

“အကြီးအကဲက ရှင်းပြချက်ကို လိုချင်တာလား”

ချန်ကျီရှင်းသည် ထရပ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းတက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းပြီလေ... ကျွန်တော် ရှင်းပြချက် ပေးပါ့မယ်”

ဝှူး…

မျိုးနွယ်စုအကြီးအကဲသည် မျက်လုံးများကို ဝုန်းခနဲ ဖွင့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။ ရ“ချန်ကျီရှင်း... မင်းကတော့ သေတွင်းထဲရောက်မှ ငိုချင်တဲ့သူပဲ။ လာစမ်းပါ... မင်းမှာ ဘယ်လို ထူးခြားတဲ့ အမြင်တွေရှိလဲဆိုတာ ငါတို့လည်း ကြည့်ရသေးတာပေါ့”

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် စတင်ပြောလိုက်သည်။

“ဒီလိုပဲ ပြောပါရစေ... ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်း ဆိုတာ ငါတို့ချန်မိသားစုရဲ့ အုတ်မြစ် မဟုတ်ရုံတင်မကဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ငါတို့မိသားစုကို လမ်းမှားအောင် ပို့ဆောင်ခဲ့တဲ့ အရာပဲ”

ဝုန်း…

ထိုစကားသည် ငြိမ်သက်နေသော ရေကန်ထဲသို့ မီးတောင်တစ်ခု ပေါက်ကွဲကျလာသကဲ့သို့ပင်။ တစ်တောင်လုံး တုန်လှုပ်ချောက်ချားသွားရပြန်သည်။

အားလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသလို မှင်သက်သွားကြပြီး ပါးစပ်အဟောင်းသားနှင့် ထိတ်လန့်နေကြတော့သည်။ ချန်ကျောက်ရှန်းပင်လျှင် မယုံနိုင်စရာကောင်းလှသော ထိုစကားကြောင့် တုန်လှုပ်သွားရပြီး ချန်ကျီရှင်းကို စိုက်ကြည့်နေမိသည်။

ဝိညာဉ်ငါးပါးကျင့်စဉ်က မိသားစုကို နှစ်ပေါင်းထောင်ချီ လမ်းမှားပို့ခဲ့တယ် ဟုတ်လား။ ဒီကောင်လေး ဘာတွေလျှောက်ပြောနေမှန်း သူကိုယ်တိုင်ရော သိရဲ့လား။

“မင်း... မင်း... မင်း...”

အကြီးအကဲသည် ဒေါသကြောင့် တုန်ရီနေပြီး စကားပင် ထွက်မလာတော့ဘဲ ချန်ကျီရှင်းကို လက်ညှိုးငေါ့ငေါ့ထိုးကာ “မင်းကတော့ တကယ့်ကို သူပုန်ပဲ လုံးဝကို...”

အကြီးအကဲ စကားမဆုံးခင်မှာပင် ချန်ကျီရှင်းသည် ရှေ့သို့ နောက်ထပ်တစ်လှမ်း တိုးလိုက်ပြီး အေးစက်တည်ငြိမ်စွာ ဆက်ပြောသည်။

“အကြီးအကဲက ဝိညာဉ်ငါးပါး စုစည်းခြင်းနည်းလမ်းက ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို ရောက်စေနိုင်တဲ့ ကျင့်စဉ်လို့ ပြောတယ်နော်။ ဒါဆို ကျွန်တော် မေးမယ်... ဘိုးဘေးကြီးနောက်ပိုင်းမှာ ဘယ်သူကများ ဒီကျင့်စဉ်ကို သုံးပြီး ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို တက်လှမ်းပြနိုင်ခဲ့လို့လဲ”

အကြီးအကဲမှာ ထိုအမေးကြောင့် အနည်းငယ် ဆွံ့အသွားရသည်။ ထို့နောက် ဒေါသတကြီး ပြန်အော်သည်။

“အဲဒါက... အဲဒါက ဘိုးဘေးကြီးနောက်ပိုင်းမှာ ဘယ်သူမှ ဘိုးဘေးကြီးလို ပါရမီမရှိကြလို့ပေါ့...”

“မှားတယ်”

ချန်ကျီရှင်းက အကြီးအကဲ၏ စကားကို ဖြတ်ပြောလိုက်ပြီး နောက်ထပ်တစ်လှမ်း တိုးကာ အေးစက်စွာ ထပ်ပြောသည်။

“အစစ်အမှန် အကြောင်းပြချက်ကို ကျွန်တော် ပြောပြမယ်”

“ဝိညာဉ်ငါးပါး စုစည်းခြင်းကျင့်စဉ်ရဲ့ ကျင့်ကြံပုံက ကောင်းကင်နဲ့ မြေကြီးကြားမှာရှိတဲ့ ဓာတ်ငါးပါး ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲကို သွတ်သွင်းတာပဲ”

“ဒါဟာ ကျင့်ကြံခြင်းရဲ့ အစောပိုင်းအဆင့်တွေမှာတော့ ဘာသက်ရောက်မှုမှ မရှိဘူး။ ဒါပေမဲ့ နောက်ပိုင်းရောက်လာတဲ့အခါ အားနည်းချက်တွေက တဖြည်းဖြည်း ပေါ်လာလိမ့်မယ်”

“အထူးသဖြင့် ထာဝရအသက်ရှည်ခြင်း နယ်ပယ်ရဲ့ အတားအဆီးကို ရင်ဆိုင်ရတဲ့အခါ... အဲဒီဓာတ်ငါးပါး စွမ်းအင်တွေက တစ်ခုနဲ့တစ်ခု ပေါင်းစပ်လို့ မရတော့ဘူး။ အဲဒီအချိန်ကျရင် အဲဒီစွမ်းအင်တွေအားလုံးက ခန္ဓာကိုယ်ထဲမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲလိမ့်မယ်”

“အဲဒီအချိန်ကျရင် ထာဝရအသက်ရှည်ဖို့ ဝေး... ချက်ချင်း ခန္ဓာကိုယ်ပေါက်ကွဲပြီး မသေတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမယ်”

“ကျွန်တော်ကတော့ ဒီကျင့်စဉ်က ကျွန်တော်တို့မိသားစုကို နှစ်ပေါင်းထောင်ချီ လမ်းမှားပို့ခဲ့တယ်လို့ ပြောတာ မှားသလား”

နောက်ဆုံးစကားလုံးနှင့်အတူ ချန်ကျီရှင်းသည် အကြီးအကဲ၏ အရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ သူ၏ အသံမှာလည်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ တောင်ထိပ်တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။

All Chapters