← Chapters

ငါ ဒုက္ခိတ ဖြစ်သွားပြီ

Vol. 29 Ch. 422

ငါ ဒုက္ခိတ ဖြစ်သွားပြီ

Vol. 29 Ch. 422

သုံးရက်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ချေပြီ။

တင်းကျပ်စွာ စောင့်ကြပ်ထားသည့် ဆေးကုသဆောင် တဲအတွင်း၌ အချိန်တို့သည် တရွေ့ရွေ့နှင့် အလွန်နှေးကွေးနေသယောင် ရှိသည်။

ပိုင်ကျီဟန်သည် ကျောက်စိမ်းခုတင်ထက်တွင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ လဲလျောင်းနေပြီး ကာကွယ်ရေး အစီအရင်များစွာနှင့် သင်းပျံ့သော ဆေးရနံ့များ ဝန်းရံထားသည့်ကြားတွင် အသက်ရှူသံမှာ တိုးညင်းသော်လည်း တည်ငြိမ်နေသည်။ ထိုစဉ် သူ၏ လက်ချောင်းလေးများ အနည်းငယ် လှုပ်ခတ်သွားသည်။

အလွန် သတိထားကြည့်မှ မြင်နိုင်သော လှုပ်ရှားမှုလေးပင်။

ထို့နောက်

"အား...”

သူ၏ နှုတ်ခမ်းဖျားမှ နာကျင်မှုကြောင့် အက်ရှရှ ညည်းတွားသံတစ်ချက် ထွက်ပေါ်လာသည်။

ဒီရေလှိုင်းတစ်ခုကဲ့သို့ ပြင်းထန်လှသော နာကျင်မှုများက သူ့ထံသို့ ရိုက်ခတ်လာသည်။

တစ်ကိုယ်လုံး အနှံ့အပြားမှာပင်။

ခြေလက် အင်္ဂါများထဲ၌လည်းကောင်း

ရင်ဘတ်ထဲ၌လည်းကောင်း။

အရိုးအဆစ်များထဲ၌လည်းကောင်း။

အသက်တစ်ချက် ရှူသွင်းလိုက်တိုင်းပင် သူ၏ အဆုတ်ထဲသို့ ဖန်ကွဲစများဖြင့် ဆွဲခြစ်နေသကဲ့သို့ ခံစားနေရသည်။

ပိုင်ကျီဟန်၏ မျက်ခွံများ တုန်ယင်လျက် ပွင့်လာသည်။

ဝေဝါးနေသော အလင်းတန်းများက သူ၏ အမြင်အာရုံထဲသို့ တိုးဝင်လာသည်။

ဦးခေါင်းထဲတွင်လည်း တူဖြင့် ထုနေသကဲ့သို့ ပြင်းထန်စွာ ကိုက်ခဲနေပြီး အမှတ်တရများမှာလည်း တစစီ ပြန့်ကျဲနေသဖြင့် ပုံဖော်ရန် ခက်ခဲနေသည်။"ငါ... ငါ ဘယ်ရောက်နေတာလဲ...?"

သူ၏ အသံသည် အားအင်ချိနဲ့ကာ ခြောက်သွေ့နေပြီး သူကိုယ်တိုင်ပင် မမှတ်မိနိုင်လောက်အောင် ဖြစ်နေသည်။

သူ လှုပ်ရှားရန် ကြိုးစားလိုက်သည်။

သို့သော် ချက်ချင်းပင် နောင်တရသွားရ၏။

ပြင်းထန်လှသော နာကျင်မှုသည် တစ်ကိုယ်လုံးကို ဆွဲဆုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် အသက်ကို မနည်းလုရှူရင်း ကျောက်စိမ်းခုတင်ပေါ်သို့ ပြန်လည် လဲကျသွားသည်။

သူ၏ စိတ်အာရုံများ ရီဝေနေသည်။

ထိုစဉ် ပုံရိပ်များက တစ်ခုပြီးတစ်ခု ပေါ်လာသည်။

သူ၏ သူငယ်အိမ်များ ကျုံ့သွား၏

"...ဟုတ်သားပဲ"

သူ မှတ်မိသွားချေပြီ။

မိုကျွင်းနှင့် တိုက်ပွဲ။

မဟာအကြီးအကဲ အချိန်မီ ရောက်ရှိလာပြီး မိုကျွင်းကို သတိပေးခဲ့ပုံ။

ထို့နောက်မှာတော့

အမှောင်ထုက ဖုံးလွှမ်းသွားခဲ့သည်။

နောက်ထပ် အမှတ်တရတစ်ခု ထပ်မံ ပေါ်လာသောအခါ သူ၏ အသက်ရှူသံများ စိပ်လာသည်။

"ဖေးလိန်..."

သူ ဗီဇအရ စိတ်ထဲမှ လှမ်းခေါ်လိုက်မိသည်။

မည်သည့် တုံ့ပြန်မှုမျှ မရှိပေ

ဘာသံမှ ထွက်မလာပေ။

သူ၏ နှလုံးသား တစ်ခုလုံး လေးလံသွားသည်။

နောက်တစ်ကြိမ် ထပ်မံ ကြိုးစားကြည့်သော်လည်း

တိတ်ဆိတ်နေဆဲပင်

ပိုင်ကျီဟန် သူ၏ မေးရိုးကို တင်းတင်းစေ့ထားလိုက်သည်။

"...ဖေးလိန်?"

ဘာသံမှ မရှိပေ။

သူ၏ ရင်ထဲတွင် နာကျင်မှုထက် ပိုမို လေးလံသော အပြစ်ရှိစိတ်များ ဝင်ရောက်လာသည်။

အဖြစ်အပျက်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသွားသည်။

သူ့ကို ထွက်ပြေးဖို့ အခွင့်အရေး ရစေရန်အတွက် သူမသည် သူမ၏ ဝိညာဉ်စွမ်းအား အားလုံးကို မဆိုင်းမတွဘဲ လောင်းထည့်ပေးခဲ့သည်။

ထိုအခွင့်အရေးမှာ သူမ၏ အရာအားလုံးကို ရင်းနှီးခဲ့ရခြင်းပင်။

သို့သော် သူက ငြင်းဆန်ခဲ့ပြီး ဆက်လက် တိုက်ခိုက်ရန် ဇွတ်အတင်း ကြိုးစားခဲ့သည်။

အဆုံးသတ်မှာ သူ ဘာရခဲ့သနည်း?

ဘာမှ မရခဲ့ပေ

လောင်ချင်း ဘယ်မှာလဲ ဆိုတာကို မသိရသေးသလို သူမ အသက်ရှင်ရဲ့လားကိုလည်း မသိရသေးပေ။

သူ ရခဲ့သမျှသည် သေလုနီးပါး ဒဏ်ရာနှင့် ဖေးလိန်၏ ဝိညာဉ်စွမ်းအားများ ကုန်ခန်းသွားရခြင်းသာ ဖြစ်သည်။

အလွန် မိုက်မဲသော ဆုံးဖြတ်ချက်ပင်။

ဝိညာဉ်ချုပ်နှောင်ကိရိယာ အတွင်း၌ ဖေးလိန်၏ တည်ရှိမှုကို သူ ခံစားနေရဆဲ ဖြစ်သော်လည်း သူမမှာ အနားယူနေပုံရသည်။

ထိုအသိက သူ့ကို အနည်းငယ် စိတ်သက်သာရာ ရစေသော်လည်း ရင်ထဲက လေးလံမှုကတော့ လျော့ပါးမသွားပေ။

ပိုင်ကျီဟန် မျက်လုံးများကို ပြန်မှိတ်ထားရင်း အသက်ကို မမှန်မကန် ရှူနေမိသည်။

(လောင်ချင်း... သူမကို ဘာလို့ ဖမ်းသွားရတာလဲ?)

အကယ်၍ သူ့ကို ဖြစ်စေ၊ ပိုင်မျိုးနွယ်စုကို ဖြစ်စေ ခြိမ်းခြောက်ဖို့ ဆိုလျှင် မိုကျွင်းအနေဖြင့် ထိုသို့ လုပ်ဆောင်ပြီးလောက်ချေပြီ။

သူမက ထိုစခန်းထဲမှာ တောင် ရှိမနေခဲ့ပေ။

ဒါဆို ဘာကြောင့်လဲ?

တိုက်ဆိုင်မှုတစ်ခုလား?

ထိုအတွေး ဝင်လာသော်လည်း သူ ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

ဖြစ်နိုင်ခြေ ရှိသော်လည်း မည်သည့် မိစ္ဆာကျင့်ကြံသူကမျှ ပိုင်မျိုးနွယ်ဝင် တစ်ယောက်ထက် သာမန်လူသား တစ်ယောက်ကို ရည်ရွယ်ချက်မရှိဘဲ ဖမ်းဆီးမည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

သူ၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်။

နာကျင်မှုများအောက်တွင် အေးစက်သော သန္နိဋ္ဌာန်များ တောက်လောင်နေသည်။

"စောင့်နေလိုက်..."

သူ၏ အသံမှာ အားနည်းနေသော်လည်း ထိုစကားနောက်ကွယ်က ရည်ရွယ်ချက်သည် အလွန် ထက်မြက်လှသည်။

"ဘယ်လို အကြောင်းပြချက်ပဲ ရှိရှိ... မင်းရဲ့ ပါးစပ်ကနေ အဖြေကို ငါကိုယ်တိုင် ထုတ်ယူပြမယ်"

ဘာပဲ ဖြစ်ဖြစ် သူ လုပ်မည်။

ထိုစဉ်—

"နိုးလာပြီလား?”

ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

ပိုင်ကျီဟန် သူ၏ ခေါင်းကို အသာအယာ လှည့်ကြည့်လိုက်သည်။

ပိုင်ရွှယ်ချင်းသည် တဲအဝတွင် အံ့အားသင့်နေသော မျက်လုံးများဖြင့် ရပ်နေသည်။

နာကျင်နေသည့် ကြားမှ ပိုင်ကျီဟန်၏ နှုတ်ခမ်းဖျားတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။

"ဘာလဲ..." သူက အက်ရှရှ အသံဖြင့် မေးလိုက်သည်။ "ငါ သေသွားပြီလို့ ထင်နေတာလား?"

"နင်... နင်ကတော့လေ”

ပိုင်ရွှယ်ချင်း တုံ့ပြန်ရန် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများက ထွက်မလာခဲ့ပေ။

သူမ စကားရပ်သွားသည်။

ပြီးနောက် သူ့ကို စိုက်ကြည့်နေမိတော့သည်။

စက္ကန့်အနည်းငယ် ကုန်ဆုံးသွား၏။

လေထုထဲတွင် လေးလံဆန်းပြားသော တိတ်ဆိတ်မှုက စိုးမိုးနေချေသည်။

ပိုင်ကျီဟန် အနည်းငယ် လှုပ်ရှားလိုက်စဉ် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားပြီး

"အဟမ်း”

သူ ချောင်းတစ်ချက် ဆိုးလိုက်ကာ တင်းမာမှုကို ဖြိုခွဲလိုက်သည်။

ပိုင်ရွှယ်ချင်းသည် အိပ်မက်မှ နိုးလာသကဲ့သို့ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။

"ငါ... ငါ အဖေကို သွားခေါ်လိုက်ဦးမယ်”

သူမ ချက်ချင်း လှည့်ထွက်သွားပြီး တဲနန်းပြင်သို့ ပြေးထွက်သွားတော့သည်။

ခဏအကြာတွင် အပြင်ဘက်မှ အလျင်စလို လျှောက်လာသော ခြေသံများ ပဲ့တင်ထပ်လာသည်။

တဲအဝင်လိုက်ကာကို ဘေးသို့ ဆွဲဖယ်လိုက်၏။

ပိုင်ထျန်းဟမ်က အရင်ဆုံး ဝင်လာသည်။

သူ၏ နောက်တွင်တော့ မဟာအကြီးအကဲများစွာ လိုက်ပါလာကြသည်။

ချူကျီယန်လည်း ပါလာခဲ့ပြီး သူမ၏ မျက်ဝန်းများထဲတွင် စိုးရိမ်မှုနှင့်အတူ စိတ်သက်သာရာရမှုတို့ ရောယှက်နေသည်။

ဆေးဆရာများလည်း ရောက်ရှိလာကြသည်။

"ကျီဟန်... မင်း နိုးလာပြီပေါ့"

ပိုင်ထျန်းဟမ်၏ အသံမှာ တိုးညင်းသော်လည်း စိတ်သက်သာရာရမှုကတော့ အထင်အရှားပင်။

သူ ချက်ချင်း ရှေ့တိုးလာကာ ကုတင်ဘေးတွင် ရပ်လိုက်သည်။

ခဏတာမျှတော့ အရှိန်အဝါကြီးမားလှသော မျိုးနွယ်စုခေါင်းဆောင်ကြီးသည် စစ်တပ်များကို ကွပ်ကဲနေသူနှင့် မတူတော့ဘဲ သားဖြစ်သူကို ဆုံးရှုံးရတော့မည်ဟု ကြောက်လန့်နေခဲ့သော ဖခင်တစ်ယောက်နှင့်သာ တူတော့သည်။

ဆေးဆရာများက အချိန်မဆွဲကြပေ

ခေါင်းဆောင် ဆေးဆရာကြီးသည် တည်ကြည်သော မျက်နှာထားဖြင့် ရှေ့သို့တိုးလာကာ သူ၏ ဝိညာဉ်အာရုံကို ထပ်မံ ဖြန့်

ကျက်လိုက်သည်။

အခြားသူများက တိတ်ဆိတ်စွာ စောင့်ကြည့်နေစဉ် နူးညံ့သော ချီလှိုင်းများက ပိုင်ကျီဟန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။

အချိန်အတန်ကြာ ကုန်ဆုံးသွားသည်။

ထို့နောက် ဆေးဆရာကြီးက သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"သူ့အခြေအနေက တည်ငြိမ်သွားပါပြီ" သူက ကြေညာလိုက်၏။ "အသက်အန္တရာယ် မရှိတော့ပါဘူး"

တဲအတွင်းရှိ လူများအားလုံး စိတ်သက်သာရာရသွားကြသည်။

ပိုင်ထျန်းဟမ် မျက်လုံးများကို ခဏမျှ မှိတ်ထားလိုက်သည်။

"ကောင်းကင်ဘုံကို ကျေးဇူးတင်ရမှာပဲ..."

သို့သော် ဆေးဆရာကြီးက စိတ်မချသေးပေ။

သူ အနည်းငယ် ဝေခွဲမရဖြစ်နေပြီးမှ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့—"

လေထုက ချက်ချင်း ပြန်လည် လေးလံသွားပြန်သည်။

"သခင်လေးပိုင်... ဒါကို သေချာ မှတ်ထားရပါမယ်" ဆေးဆရာကြီးက လေးနက်သော လေသံဖြင့် ဆိုသည်။

"သခင်လေးရဲ့ ဒဏ်ရာတွေက... အရင်က မကြုံဖူးလောက်အောင် ပြင်းထန်လွန်းတယ်။ တကယ်ဆို သေသွားနိုင်တဲ့ အခြေအနေကနေ အသက်ရှင်ကျန်ရစ်ခဲ့တာပါ"

သူက ပိုင်ကျီဟန်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။

"သခင်လေးရဲ့ သွေးကြောအများစုက ပြန်ပြင်လို့မရအောင် ပျက်စီးသွားပါပြီ"

အားလုံး တိတ်ဆိတ်သွားကြသည်

"သခင်လေးအနေနဲ့ သာမန်လူတစ်ယောက်လို နေထိုင်သွားလို့ ရပါတယ်" ဆေးဆရာကြီးက ဖြည်းညင်းစွာ ဆက်ပြောသည်။ "ဒါပေမဲ့ ဒီအချိန်ကစပြီး သခင်လေး ကျင့်ကြံခြင်း မပြုရတော့ပါဘူး"

"အကယ်၍ ချီတွေကို ထပ်ပြီး လည်ပတ်ဖို့ ကြိုးစားမယ်ဆိုရင်" သူက သတိပေးလိုက်သည်။ "ကျန်ရှိနေတဲ့ သွေးကြောတွေပါ အကုန် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် စွမ်းအင်စုရပ်ပါ ပေါက်ကွဲသွားပြီး အသက်ဆုံးရှုံးရပါလိမ့်မယ်"

တဲတစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားသည်။

ဒါဟာ ဒဏ်ရာတစ်ခုတင် မဟုတ်တော့ဘဲ။

စီရင်ချက်တစ်ခုပင်။

ကျင့်ကြံသူတစ်ယောက်အတွက် ဒုက္ခိတဖြစ်သွားခြင်းသည် သာမန်လူသားတစ်ယောက် ဖြစ်သွားခြင်းနှင့် အတူတူပင်။

ချူကျီယန်၏ မျက်နှာ အမူအရာ တောင့်တင်းသွားပြီး သူမ၏ လက်ချောင်းလေးများကို တင်းတင်းဆုပ်ထားမိသည်။

ပိုင်ထျန်းဟမ်သည် လေးလံသော အကြည့်များဖြင့် သားဖြစ်သူဘက်သို့ ပြန်လှည့်လာသည်။

အားလုံး စောင့်ကြည့်နေကြသည်။

ဒေါသထွက်လာမလား။

စိတ်ပျက်အားငယ်သွားမလား။

ငြင်းဆန်ကန့်ကွက်မလား။

အနည်းဆုံးတော့ ပြင်းထန်သော တုံ့ပြန်မှုတစ်ခုခု ရှိလိမ့်မည်ဟု သူတို့ မျှော်လင့်ထားကြသည်။

သို့သော် ပိုင်ကျီဟန်၏ မျက်နှာထားက ပြောင်းလဲမသွားပေ။

သူ၏ မျက်နှာမှာ တည်ငြိမ်နေဆဲသာ

ဂရုမစိုက်သကဲ့သို့ပင်။

ဒါဟာ စစ်မြေပြင်တွင် သူ အမြဲထားလေ့ရှိတဲ့ မျက်နှာထားမျိုးပင် ဖြစ်သည်။

ပိုင်ထျန်းဟမ်၏ ရင်ထဲတွင် လေးလံသွားသည်။

"ကျီဟန်..." သူက သတိထားပြီး မေးလိုက်သည်။ တဲထဲက ဘယ်သူမှ တစ်ခါမှ မကြားဖူးလောက်အောင် နူးညံ့လှသော အသံမျိုးဖြင့်ပြော၏

"ဆေးဆရာကြီး ပြောတာကို မင်း နားလည်ရဲ့လား?"

ခဏတာမျှတော့ သူ မကြားလိုက်ဘူးလားဟု အားလုံးက ထင်မှတ်နေကြသည်။

ဒါမှမဟုတ် တုန်လှုပ်လွန်းလို့ ထုံထိုင်းသွားတာလား။

ဒါမှမဟုတ် စကားလုံးတွေက သူ့ခေါင်းထဲ မဝင်သေးတာလား။ ထိုစဉ် ပိုင်ကျီဟန်က စကားပြောလာသည်။

"အင်း... ကျွန်တော့်ရဲ့ သွေးကြောတွေ အကုန်နီးပါး ပျက်စီးသွားပြီလို့ ပြောတာ မလား?"

ဒါပဲလား။

ခါးသီးမှု မရှိပေ။

ကန့်ကွက်မှု မရှိ။ ဝမ်းနည်းပူဆွေးမှုလည်း မရှိ။ ဘာမှမရှိပေ။

တဲအတွင်း တိတ်ဆိတ်နေဆဲသာ။

ခြောက်ခြားဖွယ်ကောင်းသော တိတ်ဆိတ်မှုပင်။

ထိုစီရင်ချက်က သူ့အတွက် ဘာမှ အဓိပ္ပာယ်မရှိသကဲ့သို့ပင်။

"အဲဒါ ဘာကို ဆိုလိုသလဲဆိုတာ မင်း တကယ် သိရဲ့လား?"

ပိုင်ထျန်းဟမ်က မေးလိုက်သည်။

သူ့ဖခင် ဘာကြောင့် မေးနေသည်ကို ပိုင်ကျီဟန် သိသည်။

၎င်းသည် ဘာမှမဟုတ်သလို၊ လွယ်လွယ်နဲ့ ပြန်ကုလို့ ရနိုင်သလိုမျိုး သူ့ကို နှစ်သိမ့်ပေးချင်နေခြင်း ဖြစ်သည်။

သို့သော် သူ၏ မျက်ဝန်းများက ချူကျီယန်၏ မျက်ဝန်းများနှင့် ဆုံသွားသည်။

(ဒါဟာ... အခွင့်အရေးတစ်ခု ဖြစ်နိုင်မလား)

"ရိုးရှင်းပါတယ်" ပိုင်ကျီဟန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

"ကျွန်တော် ဒုက္ခိတ ဖြစ်သွားပြီလေ”

All Chapters