စေ့စပ်ကြောင်းလမ်းမှု ပျက်ပြီလား??
Vol. 29 Ch. 423
ဒီလောကမှာ အမှိုက်ထက် ပိုဆိုးတာ ဘာရှိဦးမည်နည်း။
ပါရမီရှင်တစ်ယောက်အဖြစ်မှ အမှိုက်
အဆင့်သို့ ပြုတ်ကျသွားခြင်းပင်...။
ဆေးဆရာကြီး၏ စကားများကြောင့် ထိုနေရာရှိ လူတိုင်း လက်ခံသွားကြသည်မှာ
သူ ဒုက္ခိတ ဖြစ်သွားပြီဟူ၍ပင်
(ကောင်းတယ်)
ပိုင်ကျီဟန်ကတော့ တည်ငြိမ်စွာ တွေးနေသည်။
ဒါဟာ အကောင်းဆုံးပင်။
ယခင်တုန်းက သူ ဘယ်လောက်ပဲ အမှိုက်ဖြစ်ခဲ့ပါစေ၊ ကျင့်ကြံခြင်းတော့ ပြုနိုင်သေးသည်။
ပြီးတော့ သူသည် ကောင်းကင် အင်ပါယာ၏ အင်အားအကြီးဆုံး မျိုးနွယ်စု၏ ဆက်ခံသူဆိုသည့် အဆင့်အတန်းလည်း ရှိနေသေးသည်။
ထိုအချက်ကြောင့်ပင် ယခင်ရင်က သူ နာမည်ပျက်ရှိခဲ့ပြီး ပါရမီညံ့ဖျင်းခဲ့သော်လည်း ချူမျိုးနွယ်စုသည် ဘယ်တုန်းကမှ သိသိသာသာ မကျေမနပ် မပြခဲ့ပေ။
ချူကျီယန် ကိုယ်တိုင်ကလည်း အခြေအနေအရ ထိုစေ့စပ်မှုကို သဘောတူထားခဲ့သည်။
ဒါပေမဲ့ အခုကော?
အခုတော့ သူက မတူတော့ပေ
ဒုက္ခိတတစ်ယောက်။
သာမန်လူသားတစ်ယောက်နှင့် ဘာမှမခြားတော့သူ။
အကျိုးအမြတ်ကို ကြည့်ပြီး စေ့စပ်မှုကို လက်ခံခဲ့သော ချူကျီယန်တောင်မှ ယခုဆို ဝေခွဲမရ ဖြစ်နေလောက်ပြီ။
ထိုသတင်းကို ကြားတာနဲ့ ချူမျိုးနွယ်စုသည် စေ့စပ်ပွဲ ဖျက်သိမ်းဖို့ သေချာပေါက် ဖိအားပေးလာလိမ့်မည်။ ပိုင်မျိုးနွယ်စုကကော?
သူတို့ဘက်ကလည်း ကန့်ကွက်ဖို့ အကြောင်းပြချက် သိပ်မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ ပိုင်ရွှယ်ချင်း ကိုယ်တိုင်လည်း တစ်ခါက စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့ဖူးသည်မဟုတ်ပါလော
အကယ်၍ ပိုင်မျိုးနွယ်စုကသာ အတင်းအကျပ် ကန့်ကွက်နေမည်ဆိုပါက သူတို့ကပဲ အကျိုးအကြောင်းမရှိသလို ဖြစ်နေလိမ့်မည်။
ထို့အပြင် ပိုင်ကျီဟန်သည်လည်း သူ့ဖခင်ကို ဖျောင်းဖျဖို့ ကြိုတင်စီစဉ်ထားပြီးသား ဖြစ်သည်။
ပိုင်ကျီဟန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။
(အကောင်းဆုံး အကြောင်းပြချက်ပဲ။)
စေ့စပ်မှုကို သန့်သန့်ရှင်းရှင်း ဖျက်သိမ်းနိုင်မည်။
သိက္ခာကျစရာ မလိုပေ
ရန်ငြိုးဖွဲ့စရာ မလိုပေ
မည်သူမှလည်း အပြစ်ရှိသလို ခံစားနေစရာ မလိုတော့ပေ
သို့တိုင် ၎င်းကအဓိက အကြောင်းပြချက်တော့ မဟုတ်ပေ။
ချူကျီယန်နှင့် စေ့စပ်ထားခြင်းက သူ၏ ဘဝကို တကယ်တမ်း ထိခိုက်နေသည်တော့ မဟုတ်ပေ။ စေ့စပ်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ သူ့အတွက် ဘာမှမထူးခြားပေ။
သူသည် တခြားအမျိုးသမီးများကို စိတ်မဝင်စားသလို၊ စေ့စပ်ထားသူဆိုသည့် အဆင့်အတန်းကလည်း သူ့ကို အနှောင့်အယှက် မပေးခဲ့ပေ။
တကယ်တော့ စေ့စပ်ထားသည့်အတွက်ကြောင့်သာ သူ၏ မိဘများက အိမ်ထောင်ပြုဖို့ အတင်းအကျပ် မတိုက်တွန်းခြင်း ဖြစ်သည်—အကယ်၍ စေ့စပ်မထားလျှင်တော့ သူတို့ နှောင့်ယှက်နေလောက်ချေပြီ။
၎င်းထက် ပိုအရေးကြီးတာက... နောက်ဆက်တွဲ ရလဒ်တွေပင်။
ဒုက္ခိတတစ်ယောက်အဖြစ် မြင်ကြတာက အားသာချက် ရှိနေသည်။
သူ့ရန်သူ အများအပြားသည် နောက်ဆုံးတော့ အေးအေးဆေးဆေး အသက်ရှူနိုင်ကြတော့မည်။ သူတို့အတွက် ဘာခြိမ်းခြောက်မှုမှ မရှိတော့ဘူးဟု ယုံကြည်သွားသည်နှင့် သူ့ကို အနီးကပ် စောင့်ကြည့်နေတာတွေ ရပ်တန့်သွားလိမ့်မည်။
အချို့ကတော့ ၎င်းကို အခွင့်ကောင်းယူပြီး ကလဲ့စားချေဖို့ ကြိုးစားကြလိမ့်မည်—သို့သော် ထိုသူများမှာ အရေးမပါသော အကောင်လေးများသာ ဖြစ်သည်။
အကယ်၍ ပိုင်ကျီဟန်ကိုသာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်နေကြသေးလျှင် သူ့နောက်ကို လိုက်မည့်သူများမှာ အညတရ အားနည်းသူများ ဖြစ်လိမ့်မည်မဟုတ်ပေ
အင်မော်တယ်အဆင့် ပညာရှင်များ ဖြစ်လိမ့်မည်။
မိစ္ဆာတပ်ဖွဲ့များနှင့် စစ်ပွဲအတွင်း၌ သူသည် မဟာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများကိုပင် ကိုင်တွယ်နိုင်ကြောင်း အားလုံး မြင်တွေ့ခဲ့ရပြီးချေပြီ။
ထိုကဲ့သို့သော သူတစ်ယောက်ကို ရှင်းထုတ်ဖို့ဆိုလျှင် အင်မော်တယ်အဆင့် အကြီးအကဲများ ကိုယ်တိုင် လှုပ်ရှားရလိမ့်မည်။
ထို့အပြင် သူတို့သည် သူ့ကို လုပ်ကြံဖို့ အစီအစဉ်တွေကို အသေအချာ ဆွဲကြလိမ့်မည်။
သို့တိုင် သူ ဒုက္ခိတ ဖြစ်သွားပြီဆိုတာ သိသွားရင်ကော?
သူတို့ထဲက အများစုသည် ပိုင်မျိုးနွယ်စုကိုပဲ ရင်ဆိုင်ဖို့ အာရုံစိုက်ကြတော့မည် ဖြစ်သလိုလုပ်ကြံသတ်ဖြတ်သူ လွှတ်ဖို့တောင် အားထုတ်ကြတော့မည် မဟုတ်ပေ။
ရန်ငြိုးကြောင့် ဖြစ်စေ၊ တခြားအကြောင်းကြောင့် ဖြစ်စေ လုပ်ကြံသူ လွှတ်မည့်သူများကလည်း သူတို့၏ သတိထားမှုကို လျှော့ချလိုက်ကြမှာ အသေအချာပင်။
"ကျွန်တော် ဒုက္ခိတ ဖြစ်သွားပြီ”
ပိုင်ကျီဟန်က ထပ်ပြောလိုက်သည်။
ထိုစကားကြောင့် ပိုင်ထျန်းဟမ်နှင့် အခြားသူများကတော့ ပိုင်ကျီဟန်သည် မိမိကိုယ်တိုင် ဘာဖြစ်သွားသည်ကို သိရှိသွားပြီဟု အတည်ပြုလိုက်ကြသည်။
သို့သော် သူသည် မယုံနိုင်လောက်အောင် တည်ငြိမ်နေဆဲပင်။
ပိုင်ကျီဟန် သူ၏ ခေါင်းကို အသာအယာ လှည့်လိုက်ပြီး ချူကျီယန်ကို ကြည့်လိုက်သည်။
(ကဲ... စလိုက်တော့...)
ပိုင်ကျီဟန် စိတ်ထဲကနေ တိတ်တဆိတ် ပြောနေမိသည်။
(ဇာတ်လိုက်မတစ်ယောက်လိုမျိုး စေ့စပ်ပွဲကို ဖြတ်တောက်ပစ်လိုက်ပါ။ စိတ်မပူပါနဲ့—ငါက ဇာတ်လိုက်အညတရတွေလိုမျိုး ရန်ငြိုးဖွဲ့နေမှာ မဟုတ်ပါဘူး။)
သူသည် ချူကျီယန်ဘက်မှ စေ့စပ်ပွဲကို ငြင်းပယ်မည့်စကားကို စောင့်နေမိသည်။
သေချာပေါက် ဒုက္ခိတတစ်ယောက်ကို ခင်ပွန်းအဖြစ် ထားရှိရခြင်းသည် သူမအတွက် စိတ်ချမ်းသာစရာ မဟုတ်လောက်ပေ။
သို့တိုင် နောက်ထပ် ဖြစ်လာတာကတော့... သူ ထင်ထားသလို မဟုတ်ခဲ့ပေ
"ပိုင်ကျီဟန်..."
ချူကျီယန် ရှေ့သို့ တိုးလာပြီး မျက်ခုံးများကို တင်းတင်းကြုတ်ထားသည်။
သူမ၏ မျက်ဝန်းများက အေးစက်မနေပေ။
တွက်ချက်နေသည့် အရိပ်အယောင်လည်း မရှိပေ။
စိုးရိမ်ပူပန်မှုများဖြင့်သာ ပြည့်နှက်နေသည်။
"နင့် ခန္ဓာကိုယ်က တကယ်ပဲ အဆင်ပြေရဲ့လား?"
သူမက တိုးတိုးလေး မေးလိုက်သည်။
ပိုင်ကျီဟန် ကြောင်အသွားသည်။
"...ဟင်?"
ချူကျီယန်သည် အနားသို့ တိုးလာပြီး မပျောက်ကင်းသေးသည့် ဒဏ်ရာများ ရှိမရှိ စစ်ဆေးနေသည်။
"အား—ငါ အဆင်ပြေပါတယ်”
ပိုင်ကျီဟန် ပြန်ဖြေလိုက်၏။
ချူကျီယန် သူ့ကို တကယ် စိုးရိမ်နေတာ မြင်တော့ ပိုင်ကျီဟန် ရင်ထဲမှာ အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
သူမက စိုးရိမ်နေချိန်မှာ သူကတော့ သူမကို လှည့်စားဖို့ ကြိုးစားနေမိသည်ကိုး။
သူ စိတ်ထဲကနေ မျက်မှောင်ကြုတ်လိုက်မိသည်။
(ဒါမျိုး ဖြစ်လာရမှာ မဟုတ်ဘူးလေ)
သူမသည် သူ့ကို သနားသော အကြည့်ဖြင့် ကြည့်ရမည်ပင်။
ဒါမှမဟုတ် အလှမ်းဝေးသွားရမှာပင်
သူ ဒုက္ခိတဖြစ်သွားပြီဆိုတဲ့ သတင်းကို ကြားပြီးတော့တောင် ဒီလောက် စိုးရိမ်မနေသင့်ပေ။
ပိုင်ကျီဟန် ဆက်စောင့်ကြည့်နေမိသည်။
အကယ်၍ သူမက ပိုင်မျိုးနွယ်စု အဆင့်အတန်းကို အားနာလို့များလား။
ဒါမှမဟုတ် သူမ အချစ်ဆုံးသူငယ်ချင်း ပိုင်ရွှယ်ချင်းသည် သူ့အစ်မ ဖြစ်နေလို့လား။
ဟုတ်မှာပင်
ဒါပဲ ဖြစ်ရမည်။
ဒုက္ခိတတစ်ယောက်နှင့် စေ့စပ်ထားဖို့ သူမ တကယ် ဆန္ဒရှိမှာ မဟုတ်ပေ
ထို့ကြောင့် သူ ဆက်စောင့်နေခဲ့သည်။
သို့တိုင် ဘာမှ ပြောင်းလဲမသွားပေ။
ချူကျီယန်သာမက အခြားသူများသည်လည်း သူ့ကို အားပေးစကားများ ပြောနေကြပြီး ဆေးဆရာကြီး ပြောသည်များကို စိတ်ထဲမထားဖို့ ပြောနေကြသည်။
ပိုင်ရမ်ဆိုလျှင် သူ့ခန္ဓာကိုယ်ကို အမြန်ဆုံး ပြန်လည် ကုသပေးနိုင်မည့် ဆေးလုံးကို ဖော်စပ်နိုင်သည့် ဆေးဆရာတစ်ယောက်အား
သိကြောင်းပင် ကြွားလုံးထုတ်နေသေးသည်။
အခြားသူများကလည်း စိတ်မပူရန်နှင့် သူသည် ပိုင်မျိုးနွယ်စု၏ ဆက်ခံသူအဖြစ် ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြသည်။
ပိုင်ရွှယ်ချင်း တစ်ယောက်သာ တိတ်ဆိတ်နေပြီး သူမ၏ မျက်လုံးများနှင့် အမူအရာမှာတော့ အခြားသူများကဲ့သို့ မဟုတ်ပေ
သူမက သူ့ကို ဂရုမစိုက်တော့တာကြောင့်လား၊ ဒါမှမဟုတ် သူ တကယ်ပဲ ဒုက္ခိတ ဖြစ်သွားပြီဆိုတာကို မယုံကြည်တာကြောင့်လား
ဆိုသည်ကိုတော့ ပိုင်ကျီဟန် မခန့်မှန်းနိုင်ပေ။
သူ့အထင်ကတော့ ရှေ့က အကြောင်းပြချက် ကြောင့် ဖြစ်ဖို့ ပိုများသည်။
နောက်ဆုံးတွင် လူစုခွဲရမည့် အချိန်သို့ ရောက်လာသည်။
"ကျီဟန် အနားယူဖို့ လိုတယ်" ပိုင်ထျန်းဟမ်က တိုးတိုးလေး ပြောလိုက်သည်။ "အားလုံးပဲ... သူ့ကို အချိန်ခဏပေးလိုက်ကြရအောင်။"
လူတွေ အများကြီး ရှိနေသည့်အတွက် ပိုင်ကျီဟန်အနေဖြင့် သူ၏ စိတ်ခံစားချက်အစစ်အမှန်ကို ထုတ်မပြနိုင်ဘဲ ဖြစ်နေသည်ဟု ပိုင်ထျန်းဟမ်က ယူဆသည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်တွင် ဘာတွေ ဖြစ်သွားသည်ကို သူကိုယ်တိုင် ပြန်လည် ဆင်ခြင် သုံးသပ်နိုင်ဖို့အတွက် လောလောဆယ် တစ်ယောက်တည်း ထားပေးသင့်သည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
မဟာအကြီးအကဲများသည် ခေါင်းညိတ်ကာ တစ်ယောက်ပြီးတစ်ယောက် တဲအတွင်းမှ ထွက်ခွာသွားကြသည်။
ချူကျီယန်သည် ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် တုံ့ဆိုင်းနေပြီးမှ... ဖြည်းဖြည်းချင်း နောက်က လိုက်သွားသည်။
ထိုစဉ် ပိုင်ကျီဟန်က လှမ်းပြောလိုက်သည်။
"နေဦး”
အားလုံး ခြေလှမ်းရပ်သွားကြသည်။
ပိုင်ထျန်းဟမ်သည် အံ့အားသင့်စွာဖြင့် ပြန်
လှည့်ကြည့်လာသည်။
"ကျီဟန်... တစ်ခုခု လိုလို့လား?"
ပိုင်ထျန်းဟမ်က မေးလိုက်သည်။
ပိုင်ကျီဟန် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်၏
"အဖေ... ကျွန်တော်နဲ့ ချူကျီယန်ရဲ့ စေ့စပ်ပွဲကိစ္စနဲ့ ပတ်သက်လို့ပါ" တဲအတွင်း တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
ပိုင်ထျန်းဟမ်၏ မျက်နှာ အမူအရာ တောင့်တင်းသွားသည်။
ပိုင်ကျီဟန်သည် ချူကျီယန်၏ အကျိုးကို ကြည့်၍ ပြောနေသကဲ့သို့ ဆက်ပြောလိုက်
သည်။
"ကျွန်တော့်ရဲ့ အခု အခြေအနေနဲ့ဆိုရင်" သူက ဖြည်းဖြည်းချင်း ဆိုသည်။ "ချူမျိုးနွယ်စုအနေနဲ့ ဒုက္ခိတတစ်ယောက်ကို သူတို့ရဲ့ အနာဂတ် သမက်အဖြစ် လက်ခံနေစရာ မလိုပါဘူး။"
သူက ချူကျီယန်ကို တစ်ချက် လှမ်းကြည့်
လိုက်သည်။
"ချူကျီယန်က ဒီထက် ပိုကောင်းတဲ့သူနဲ့ ထိုက်တန်ပါတယ်။"
ပိုင်ထျန်းဟမ် ဘာမှ ပြန်မပြောပေ။
သူ၏ သားကိုသာ စိုက်ကြည့်နေမိသည်။
သူ၏ မျက်ဝန်းထဲတွင် မြင်နေရသည်မှာ တွက်ချက်မှုများ မဟုတ်ဘဲ အရှုံးပေးလိုသော အရိပ်အယောင်များသာ ဖြစ်သည်။
တစ်ချိန်က မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိခဲ့သော ပိုင်ကျီဟန်သည်..
အခုတော့ မိမိကိုယ်ကိုယ် ယုံကြည်မှု ကုန်ဆုံးသွားပုံရသည်။
ထိုအသိက စစ်မြေပြင်မှ မည်သည့် ဒဏ်ရာထက်မဆို ပိုင်ထျန်းဟမ်ကို ပို၍ နာကျင်စေသည်။ ပုံမှန်ဆိုလျှင်တော့ ပိုင်ကျီဟန်အနေဖြင့် ထိုကဲ့သို့သော ကိစ္စများကို စိတ်ပူနေစရာ မလိုကြောင်း သူ ပြောမိလိမ့်မည်။
သူသည် ပိုင်မျိုးနွယ်စု၏ ဆက်ခံသူအဖြစ် ရှိနေဆဲဖြစ်ပြီး တစ်ခါက ဆုံးဖြတ်ထားပြီးသား စေ့စပ်မှုကိုလည်း အပျက်ခံမည် မဟုတ်ပေ။
သို့သော် အရာအားလုံးကို လက်လျှော့လိုက်ပြီဟု ထင်ရသော ပိုင်ကျီဟန်ကို သူ ပြန်လည် ငြင်းခုံရန် မဝံ့ရဲတော့ပေ။
သူသည် အတင်းအကျပ် မလုပ်လိုတော့ဘဲ ပိုင်ကျီဟန်ကိုသာ ကိုယ်ပိုင် ရွေးချယ်ခွင့် ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။
ပိုင်ထျန်းဟမ်သည် သက်ပြင်းတိုးတိုးတစ်ချက် ချလိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်
လိုက်သည်။
ဒါဟာ မင်း ဆန္ဒဆိုရင် ငါ ကန့်ကွက်မှာ မဟုတ်ပါဘူးဟု သူ ပြောထွက်တော့မည့် ဆဲဆဲတွင် ချူကျီယန်၏ အသံက ကြားဖြတ် ထွက်ပေါ်လာသည်။
"အဲဒီလို လုပ်စရာ မလိုပါဘူး"
ချူကျီယန်က ပြတ်သားစွာ ကြေညာလိုက်
သည်။
ပိုင်ကျီဟန် တောင့်တင်းသွားသည်။
ချူကျီယန် ရှေ့သို့ တိုးလာသည်။
သူမ၏ ကျောပြင်သည် မတ်နေပြီး အကြည့်များကလည်း ယိမ်းယိုင်ခြင်း မရှိပေ။
"ဒုက္ခိတဖြစ်ဖြစ်၊ မဖြစ်ဖြစ်" သူမက စကားလုံးတိုင်းကို ခိုင်မာတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "စေ့စပ်ပွဲက အတည်ဖြစ်နေဦးမှာပဲ။"
လေထုတစ်ခုလုံး လုံးဝ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။
ပိုင်ကျီဟန်၏ စိတ်ထဲတွင် ဘာမှတွေးမရတော့ဘဲ ဟာလာဟင်းလင်း ဖြစ်သွား၏။
"...ဘာပြောလိုက်တာလဲ?"
ချူကျီယန်သည် သူ့ကို တည့်တည့်စိုက်ကြည့်
ရန် လှည့်လာသည်။
"တစ်ခုခုတော့ မှားနေပြီထင်တယ်" သူမက တည်ငြိမ်စွာပင် ဆက်ပြောသည်။
"ပထမဆုံးအနေနဲ့ ပြောရရင်... ရှင် ကျင့်ကြံခြင်း ပါရမီရှိလို့ ကျွန်မက ဒီစေ့စပ်ပွဲကို သဘောတူခဲ့တာ မဟုတ်ဘူး။"
မှန်ပေသည်။ စေ့စပ်ပွဲ မတိုင်ခင်ကတည်းက ပိုင်ကျီဟန်သည် အမှိုက်အဆင့် ပါရမီရှင်အဖြစ်သာ နာမည်ကျော်ခဲ့ပြီး ဘာမျှ မျှော်လင့်ချက်မရှိသူ ဖြစ်ခဲ့သည်။
သူမအနေဖြင့် ချစ်လွန်းလို့ သဘောတူခဲ့ခြင်း မဟုတ်သော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းကြောင့် မဟုတ်သည်မှာတော့ အသေအချာပင်။
တဲအတွင်း၌ တိုးတိုးတိတ်တိတ် စကားပြောသံများ ပျံ့လွင့်သွားသည်။
ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ပိုင်ယွီသည် သဘောကျဟန်ဖြင့် ခေါင်းညိတလိုက်၏
"စကားပြောတာ ကောင်းတယ်" သူမက အပြုံးဖျော့ဖျော့လေးဖြင့် ဆိုသည်။
"သာယာတဲ့ အချိန်မှာ တည်ကြည်ဖို့ဆိုတာ လွယ်ပါတယ်။ ဒါပေမဲ့ ဒုက္ခရောက်တဲ့ အချိန်မှာမှ သစ္စာရှိဖို့ ဆိုတာကတော့..."
သူမ၏ အကြည့်က ချူကျီယန်ထံသို့ ရောက်သွားသည်။
"ဒါဟာ ပိုင်မျိုးနွယ်စုရဲ့ သခင်မလောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရှိန်အဝါပဲ”
ပိုင်ရုဟုန်ကလည်း သာယာစွာ ရယ်မောလိုက်၏
"ဟားဟား၊ ဟုတ်တာပေါ့။ ဒီလို ခိုင်မာတဲ့ သန္နိဋ္ဌာန်မျိုးက လူငယ်မျိုးဆက်တွေကြားမှာ တွေ့ရခဲပါတယ်။"
"အရှုံးအမြတ်ပေါ်မှာ မယိမ်းယိုင်ဘူး... ဒီလို သစ္စာရှိမှုမျိုးက ဘယ်တော့မှ အလဟဿ မဖြစ်စေရဘူး။"
ပိုင်ရမ်တောင်မှ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
ပိုင်ထျန်းဟမ်သည် ချူကျီယန်ကို အတန်ကြာအောင် စိုက်ကြည့်နေမိသည်။
ထို့နောက်... သူ၏ မျက်နှာတွင် ရှုပ်ထွေးသော အပြုံးတစ်ခု ပေါ်လာသည်။
ဒီချွေးမလေးကတော့...
တကယ်ကို အကောင်းဆုံးပင်
သို့သော် တစ်ဦးတည်းသောသူကတော့ ထိုအခြေအနေကို လုံးဝ သဘောမကျပေ။
ထိုသူမှာ ပိုင်ကျီဟန် ဖြစ်သည်။
(...ဒါ ငါ စီစဉ်ထားသလိုမှ မဟုတ်ဘဲ။)
သူ့လောကကြီး တစ်ခုလုံး စောင်းသွားသလို ခံစားလိုက်ရသည်။
မဟုတ်သေးပေ
လုံးဝ ပြိုလဲသွားသလို ခံစားလိုက်ရခြင်း ဖြစ်သည်။
အင်မော်တယ်အဆက့် မဟာအကြီးအကဲများ၏ ချီးမွမ်းမှုအောက်တွင် ချူကျီယန်၏ နားရွက်ကလေးများ အနည်းငယ် နီမြန်းလာသည်။
သူမကဲ့သို့ အေးစက်တည်ငြိမ်သူပင် ထိုကဲ့သို့သော ချီးကျူးစကားများကြားတွင် မနေတတ်မထိုင်တတ် ဖြစ်ရသည်။
"ကျွန်မ... ကျွန်မ အကောင်းဆုံး ကြိုးစားသွားပါ့မယ်" သူမက ခေါင်းကလေး အနည်းငယ် ငုံ့ရင်း တိုးတိုးလေး ဆိုသည်။
သူမ၏ အသံက တည်ငြိမ်နေသော်လည်း နီမြန်းနေသော ပါးပြင်လေးများကတော့ သူမ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။
အကြီးအကဲများကတော့ အလွန်ပင် ကျေနပ်အားရစွာ ပြုံးနေကြသည်။
ပိုင်ကျီဟန်တစ်ယောက်သာ သူ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
(...အကောင်းဆုံး ကြိုးစားမယ် ဟုတ်လား?)
ဘာကို အကောင်းဆုံး ကြိုးစားမှာလဲ?
သူ့ဇနီး ဖြစ်လာဖို့ကိုလား?
ဒါမှမဟုတ် သူ သေချာဆွဲထားတဲ့ အစီအစဉ်တွေကို ဖျက်ဆီးဖို့လား?
ထိုစဉ် သူ့အကြည့်ကို ခံစားမိ၍လားမသိ၊ ချူကျီယန် မော့ကြည့်လာသည်။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။
သူမ၏ မျက်နှာထားက နူးညံ့သွားပြီး ယခင်က စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သော်လည်း အခုတော့ ခိုင်မာပြတ်သားသည် အရိပ်အယောင်များ ရောယှက်နေသည်။
ခိုင်မာသည်။
စိတ်ချပါဟု အာမခံနေသကဲ့သို့ပင်။
"ဒါကြောင့်" ချူကျီယန်က သူ့ကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။ "ရှင် ဘာမှ စိုးရိမ်နေစရာ မလိုဘူး”
ပိုင်ကျီဟန်၏ နှလုံးခုန်သံ တုန်ရင်သွားသည်။
ရင်ခုန်တာ မဟုတ်ဘဲ ထိတ်လန့်သွားခြင်းပင်။
"ရှင် ကျွန်မနဲ့ သေချာပေါက် လက်ထပ်ရမှာပါ"
အားလုံး တိတ်ဆိတ်သွားကြသည်။
ထိုစကားလုံးများသည် သန့်ရှင်းမြင့်မြတ်သော ကတိသစ္စာတစ်ခုကဲ့သို့ လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
အခြားသူများအတွက်တော့ ၎င်းသည် အလွန် ရိုမန့်တစ်ဆန်သော စကားပင်။
အကြီးအကဲများအတွက်တော့ ဒါဟာ သစ္စာရှိမှုပင်။
ပိုင်ထျန်းဟမ်အတွက်တော့ ၎င်းသည် စိတ်သက်သာရာရမှုထက် ပိုသော ကျေးဇူးတင်ရှိမှု။
သို့တိုင် ပိုင်ကျီဟန်အတွက်တော့—
ထိုစကားတွေက သေဒဏ်ပေးလိုက်သည့် စီရင်ချက်တစ်ခုကဲ့သို့ နားထဲမှာ မြည်ဟည်းနေတော့သည်။