← Chapters

သူ့ကို ဘယ်သူ့ကိုမှ  မပေးနိုင်နိုင်ဘူး

Vol. 29 Ch. 424

သူ့ကို ဘယ်သူ့ကိုမှ  မပေးနိုင်နိုင်ဘူး

Vol. 29 Ch. 424

အားလုံး ပိုင်ကျီဟန်၏ တဲအတွင်းမှ ထွက်ခွာသွားကြသည်။

မဟာအကြီးအကဲများသည် ချူကျီယန်၏ သစ္စာရှိမှုကို ကျေနပ်နေကြသော်လည်း ပိုင်ကျီဟန်အတွက်မူ စိုးရိမ်ပူပန်နေကြဆဲပင်။

သို့သော် လောလောဆယ်တွင် သူတို့ ဘာမှမတတ်နိုင်ကြသေးပေ။

ပိုင်ကျီဟန်ကို ကူညီနိုင်မည့် အံ့ဖွယ်ဆေးလုံး သို့မဟုတ် အာဂဆေးဆရာတစ်ဦးဦးကို ရှာတွေ့နိုင်ရန်သာ မျှော်လင့်နေကြရသည်။

ဆေးဆရာကြီး၏ အဆုံးအဖြတ် ရှိနေသော်လည်း သူတို့ကတော့ ပိုင်ကျီဟန်ကို လက်မလျှော့နိုင်ကြသေးပေ။

ပိုင်ထျန်းဟမ်သည်လည်း ထိုနည်းတူပင်။ သူသည် ဇနီးဖြစ်သူ မူယွဲ့လန်ထံသို့ သတင်းပို့ရန် ပြင်ဆင်နေပြီဖြစ်သည်။

မုမျိုးနွယ်စုသည် နာမည်ကျော် ဆေးဖော်စပ်သူ မျိုးနွယ်စုဖြစ်သဖြင့် တစ်စုံတစ်ရာ ဖြေရှင်းချက် ရှိကောင်းရှိနိုင်မည်ဟု သူ ယူဆသည်။

အကယ်၍ ပိုင်ကျီဟန်အတွက်သာဆိုလျှင် မူမျိုးနွယ်စု၏ လျှို့ဝှက်ချက်များကို သုံးရပါစေဦးတော့... ကုသဆေးကို ရှာတွေ့ရန် သူတို့ ရှိသမျှ အရာအားလုံးကို ရင်းနှီးကြမည်မှာ အသေအချာပင်။

အားလုံးက ကိုယ်စီ အတွေးများ၊ အစီအစဉ်များဖြင့် ထွက်ခွာသွားကြပြီးနောက် ပိုင်ရွှယ်ချင်းနှင့် ချူကျီယန် နှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။

"ရွှယ်ချင်း... ငါလည်း သွားတော့မယ်" ချူကျီယန်က ပြောလိုက်သည်။

"နေဦး”

ပိုင်ရွှယ်ချင်းက သူမကို လှမ်းတားလိုက်သည်။

"ချူကျီယန်”

ပိုင်ရွှယ်ချင်းက တစ်ခုခု မှားယွင်းနေသကဲ့သို့ သူမ၏ နာမည်ကို လေးနက်စွာ ခေါ်လိုက်သည်။

"အင်း... ဘာဖြစ်လို့လဲ?"

ချူကျီယန်သည် ပိုင်ရွှယ်ချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ပိုင်ရွှယ်ချင်း၏ တည်ကြည်နေသော မျက်နှာထားကြောင့် သူမ ဘာများဖြစ်တာလဲဟု တွေးတောနေမိသည်။

"ပိုင်ကျီဟန်နဲ့ စေ့စပ်ထားတဲ့ကိစ္စကို နင် တကယ်ပဲ သေချာရဲ့လား?"

ပိုင်ရွှယ်ချင်းက မေးလိုက်သည်။

"ဪ... အဲဒါလား? အင်း၊ ငါ သေချာပါတယ်။"

ချူကျီယန်က မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

"ကျီယန်... နင် ငါ့မျက်နှာကို ထောက်ပြီး လုပ်နေတာဆိုရင်တော့ မလိုပါဘူး။ ပိုင်ကျီဟန်က အခု ဒုက္ခိတ ဖြစ်သွားပြီလေ။ နင် စေ့စပ်ပွဲကို ဖျက်လိုက်ရင်တောင် ဘယ်သူမှ နင့်ကို အပြစ်ပြောမှာ မဟုတ်ဘူး" ပိုင်ရွှယ်ချင်းက ဆိုသည်။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ချူကျီယန်က ပိုင်ရွှယ်ချင်းကို စိုက်ကြည့်နေမိသည်။

ထို့နောက် ချူကျီယန် ပြုံးလိုက်သည်။

"ရွှယ်ချင်း... ဒီကိစ္စကို ထပ်မပြောပါနဲ့တော့။ ငါ ဆုံးဖြတ်ချက် ချပြီးသားပါ။"

ချူကျီယန်က ငြင်းဆန်နေဆဲပင်။

"ပြီးတော့ ရွှယ်ချင်း... ပိုင်ကျီဟန်က ဒုက္ခိတ မဟုတ်ဘူးဆိုတာ နင်လည်း သိသင့်ပါတယ်"

ချူကျီယန်သည် ပိုင်ရွှယ်ချင်း၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ ထပ်လောင်း ပြောလိုက်သည်။

ချူကျီယန်၏ စကားကြောင့် ပိုင်ရွှယ်ချင်း၏ မျက်နှာ အမူအရာက သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲမသွားပေ။

ဒါကို သူမ မစဉ်းစားမိခဲ့တာ မဟုတ်ပေ

အစကတည်းက—ဆေးဆရာများမှ ပိုင်ကျီဟန် ဒုက္ခိတ ဖြစ်သွားပြီဟု အလေးအနက် ပြောနေချိန်မှာတောင် ပိုင်ရွှယ်ချင်းသည် တစ်ခါမှ အပြည့်အဝ မယုံကြည်ခဲ့ပေ။

ပိုင်ကျီဟန် သရုပ်ဆောင်နေတာ မြင်ရတော့မှ ထိုသံသယက ပိုပြီး ခိုင်မာလာခဲ့သည်။

သူ ပြုမူပုံတွေ၊ သူ ဒုက္ခိတ ဖြစ်သွားပြီဟု တည်တည်ငြိမ်ငြိမ် ဝန်ခံပုံတွေက သရုပ်ဆောင်နေတာဟု သူမ သိနေသည်။

တကယ်လို့ သူသာ တကယ် ဒုက္ခိတ ဖြစ်သွားခဲ့ပါက သူ့ တုံ့ပြန်မှုက ထိုသို့ ဖြစ်နေမှာ မဟုတ်ပေ

ဒီလောက် တည်တည်ငြိမ်ငြိမ် ရှိနေဖို့ ဒါမှမဟုတ် စေ့စပ်ပွဲကို ဖျက်ဖို့အထိ သူ အကြံပြုမှာ မဟုတ်ပေ

ပိုင်ကျီဟန် အစီအစဉ်က ဘာလဲ၊ သူ ဘာကို ရည်ရွယ်တာလဲဆိုတာ ပိုင်ရွှယ်ချင်း မသိသော်လည်း တစ်ခုတော့ သူမ သေချာသိသည်။

သူ ဒုက္ခိတ မဟုတ်ပေ

တကယ်လို့ ဖြစ်ခဲ့လျှင်ပင် ပိုင်ကျီဟန်တွင် ဖြေရှင်းချက် မရှိဘူးဆိုတာကို သူမ မယုံကြည်ပေ။

သူတော်စင်အဆင့်သိုင်းပညာနှင့် ကောင်းကင်အဆင့် ကျင့်စဉ်များကို ပေးနိုင်သူတစ်ယောက်သည် သူ့ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ဖို့ နည်းလမ်းတစ်ခုခုတော့ သေချာပေါက် ရှိမှာပင်- တကယ် ဒုက္ခိတ ဖြစ်သွားရင်တောင်မှပေါ့။

သို့တိုင် ပိုင်ရွှယ်ချင်းကတော့ အခိုင်အမာ ယုံကြည်နေဆဲပင်။

ပိုင်ကျီဟန်သာ ထိုသို့ တစ်နှစ်လောက် ဆက်ပြီး သရုပ်ဆောင်နေမည်ဆိုရင်တော့ သူမ ယုံချင်ယုံမိမှာပင်

"နင် ဘာကို ဆိုလိုတာလဲ?"

သို့သော် ပိုင်ရွှယ်ချင်းက ဘာမှမသိသလို ဟန်ဆောင်နေဆဲပင်။

ချူကျီယန် ဘာကြောင့် ထိုသို့ ပြောရသည်ကို သူမ မသိပေ။ သူတို့ဖခင်တောင် အလှည့်စား ခံလိုက်ရသည်ကို ချူကျီယန်က ဘယ်လိုလုပ် သိနိုင်မည်နည်း။

"ဟိဟိ... ရွှယ်ချင်း၊ နင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းရှေ့မှာတောင် ဆက်ပြီး သရုပ်ဆောင်နေဦးမှာလား"

ချူကျီယန်က ပြောလိုက်သည်။

"ထားပါတော့လေ။ ဘာပဲဖြစ်ဖြစ် ပိုင်ကျီဟန် ဒုက္ခိတ မဟုတ်ဘူးဆိုတာ နင်လည်း သိနေတာပဲ။ ဒါကို ဘာလို့ ငါ့ကို စေ့စပ်ပွဲ ဖျက်ဖို့ လာပြောနေတာလဲဆိုတာ ငါ နားမလည်တော့ဘူး။"

ပိုင်ရွှယ်ချင်း ပြန်မဖြေပေ။

"ဘာလဲ? ငါက နင့်မောင်ကို လုသွားမှာ ကြောက်နေတာလား?"

ချူကျီယန်က စနောက်လိုက်သည်။

ပိုင်ရွှယ်ချင်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

"ဟွန့်”

သူမ မျက်နှာကို အတင်းလွှဲလိုက်ပြီး မေးစေ့ကို မာနတကြီး မော့လိုက်သည်။

"နင် ဘာတွေ ပြောနေတာလဲ ငါ မသိဘူး" သူမက အေးစက်စွာ ဆိုသည်။ "ငါက နင့်အတွက် စေတနာနဲ့ ပြောတာပါ။"

သူမက ခဏမျှ ပြန်ကြည့်လိုက်ပြီး မျက်လုံးများက ထက်မြက်နေသည်။

"ဒါပေမဲ့ နင်က စေ့စပ်ပွဲကို မဖျက်ချင်ဘူးဆိုရင်တော့ ဒါ ငါ့ကိစ္စ မဟုတ်တော့ဘူး။"

ထိုသို့ ပြောပြီးနောက် သူမ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

ချူကျီယန်သည် ပိုင်ရွှယ်ချင်း၏ ကျောပြင် တဲအဝမှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိသည်။

ခဏတာမျှတော့ သူမ၏ နှုတ်ခမ်းထက်တွင် စနောက်လိုသော အပြုံးလေး ရှိနေဆဲပင်။

"ဆောရီးပဲ ရွှယ်ချင်း... ဒါပေမဲ့ ပိုင်ကျီဟန်ကိုတော့ နင်ဖြစ်ရင်တောင် ငါ ဘယ်သူ့ဆီကိုမှ အပါမခံနိုင်ဘူး။"

ပိုင်ကျီဟန်၏ စေ့စပ်ပွဲဖျက်သိမ်းရေး အစီအစဉ်မှာတော့ အကြီးအကျယ် ကျရှုံးသွားခဲ့ရသော်လည်း သူ၏ အခြားသော အစီအစဉ်တစ်ခုကတော့ အပြစ်ပြောစရာမရှိအောင် အောင်မြင်နေခဲ့သည်။

ပိုင်ကျီဟန် ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင်၊ ပိုင်ထျန်းဟမ်အနေဖြင့် သူ ဒုက္ခိတဖြစ်သွားသည့် သတင်းကို မည်မျှပင် ထိန်းချုပ်ထားချင်ပါစေ... ၎င်းမှာ မဖြစ်

နိုင်သောအရာပင်။

ဆေးဆရာများထဲမှ တစ်ယောက်ယောက် သို့မဟုတ် အားလုံးကပင် ထိုသတင်းကို ပေါက်ကြားအောင် လုပ်ခဲ့ကြပုံရသည်။

သူတို့ကို လျှို့ဝှက်ထားရန် အမိန့်ပေးထားသော်လည်း အခြားမျိုးနွယ်စုများ—အထူးသဖြင့် ရန်ဘက်မျိုးနွယ်စုများသည် ထိုကဲ့သို့သော သတင်းမျိုးရရှိရန်အတွက် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ကြမည်မှာ အသေအချာပင်။

ပိုင်ကျီဟန် တစ်ခုခုဖြစ်သွားပြီဆိုသည်ကို လူတိုင်းသိထား ကြသဖြင့် ပိုင်မျိုးနွယ်စု၏ ဆေးကုသဆောင်သို့ ဝင်ထွက်သွားလာနေသော ဆေးဆရာများအား သူတို့ မျက်ခြေမပြတ် စောင့်ကြည့်နေကြမည်မှာ

မြေကြီးလက်ခတ် မလွဲပင်။

ထိုကဲ့သို့သော မက်လုံးများကြားတွင် ပါးစပ်လုံနိုင်သူဟူ၍ အလွန်နည်းပါးလှသည်။

မည်သို့ပင်ဖြစ်စေ ဤအခြေအနေမှာ ပိုင်ကျီဟန်အတွက်တော့ အလွန်ကောင်းမွန်လှသည်—အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူဖြစ်ချင်နေသည့် အရာမို့ပင်။

"ဟေး... သတင်းတွေ ကြားပြီးပြီလား?"

"အေး... သခင်လေးပိုင် ဒုက္ခိတ ဖြစ်သွားပြီလို့ ကြားတယ်"

"ဘာ? ပိုင်ကျီဟန်လား?"

"သူမှတစ်ပါး တခြားဘယ်သူရှိဦးမှာလဲ။ သူ့ရဲ့ သွေးကြောတွေအားလုံး လုံးဝ ပျက်စီးသွားပြီတဲ့"

"ဒါဆို သူက သာမန်လူတစ်ယောက်လို ဖြစ်သွားတာပေါ့?"

"အေး... အဲဒီလိုပဲ ပြောရမှာပဲ”

"ဟူး..ကောင်းကင်အင်ပါယာရဲ့ သမိုင်းကို ပြန်ရေးနိုင်မယ့် ပါရမီရှင်တစ်ယောက်က ဒုက္ခိတ ဖြစ်သွားရတယ်ဆိုတော့... ကောင်းကင်ဘုံက ပိုင်ကျီဟန်လို ပါရမီရှင်မျိုးကို လက်မခံနိုင်ဘူး ထင်ပါရဲ့။ နှမြောစရာကြီးကွာ”

ပိုင်ကျီဟန်ကို ဗဟိုပြုသည့် ထိုသတင်းများသည် ကောင်းကင်အင်ပါယာ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

တက်သစ်စကြယ်ပွင့်တစ်ပွင့် ကြွေလွင့်သွားရခြင်းအတွက် လူအများက နှမြောတသဖြစ်ကာ ခေါင်းခါယမ်းနေကြသော်လည်း အချို့ကတော့ စိတ်သက်သာရာ ရသွားကြပြီး ပိုင်ကျီဟန် ကျူးလွန်ခဲ့သမျှ မကောင်းမှုများအတွက် ဝဋ်လည်ခြင်း ဖြစ်သည်ဟုပင် ယုံကြည်နေကြသည်။

အထူးသဖြင့် လီမျိုးနွယ်စု နှင့် ကျောက်မျိုးနွယ်စု တို့မှာတော့ အပျော်ဆုံးပင်။

အစပိုင်းတွင် သူတို့သည် ရန်သူကို အထင်သေးသွားအောင် လုပ်သည့် ထောင်ချောက် သို့မဟုတ် သတင်းအမှား

ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့ကြသည်။

သို့သော်လည်း သူတို့၏ လူလွှတ်၍ အသေအချာ စုံစမ်းစစ်ဆေးကြည့်သောအခါတွင်မူ ထိုသတင်းမှာ မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ပိုင်ကျီဟန် ဒုက္ခိတဖြစ်သွားပြီဆိုသည့် သတင်းကို ကြားလိုက်ရချိန်တွင် သူတို့သည် မိစ္ဆာတပ်ဖွဲ့များနှင့် တိုက်ခိုက်စဉ်က ကြုံတွေ့ခဲ့ရသော အရှုံးများကိုပင် မေ့ပျောက်သွားကြသည်။

သို့သော် လူတစ်ယောက်ကတော့ လုံးဝ မပျော်နိုင်ဘဲ ဖြစ်နေသည်။

ထိုသူမှာ လောလောဆယ်တွင် ပိုင်ထျန်းဟမ်ကို အကြီးအကျယ် ဆူပူကြိမ်းမောင်းနေသူပင်။

"ထျန်းဟမ်... ရှင် ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို ဖြစ်ခွင့်ပေးလိုက်ရတာလဲ?"

ပိုင်ကျီဟန်၏ မိခင် မူယွဲ့လန်ရောက်ရှိလာခြင်းပင် ဖြစ်သည်။

All Chapters