မူယွဲ့လန် သတင်းကြားခြင်း
Vol. 29 Ch. 425
မုမျိုးနွယ်စုသည် သားရဲဒီရေလှိုင်း တိုက်ပွဲတွင် ပါဝင်ခြင်းမရှိပေ။
သွေးချောင်းစီးသည့် တိုက်ပွဲများနှင့် စစ်မြေပြင်မှ ဂုဏ်ဒြပ်များကို အဓိကထားသော စစ်သည်တော်မျိုးနွယ်စုများနှင့်မတူဘဲ မူမျိုးနွယ်စု၏ တန်ဖိုးမှာ ဆေးလုံးဖော်စပ်ခြင်း အပေါ်တွင်သာ တည်ရှိသည်။
ထို့ကြောင့်ပင် မူမျိုးနွယ်စုအနေဖြင့် မိစ္ဆာသားရဲများနှင့် တိုက်ခိုက်သော စစ်ပွဲတွင် တိုက်ရိုက်
ပါဝင်ရန် မလိုအပ်ခဲ့ပေ။
သတ်မှတ်ထားသော ဆေးလုံးအရေအတွက်—ဒဏ်ရာပျောက်ဆေးများ၊ အားဖြည့်ဆေးများ၊ အဆိပ်ဖြေဆေးများနှင့် အရေးပေါ် အသက်ကယ်ဆေးလုံးများကို ထောက်ပံ့ပေးနေသရွေ့ အင်ပါယာက သူတို့ကို အလွန်ပင် ကျေနပ်နေပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဆေးဖော်စပ်သူများကို စစ်မြေပြင်သို့ လွှတ်ခြင်းမှာ မိုက်မဲရာကျပေသည်။
ဆေးဖော်စပ်သူတစ်ဦး၏ အသက်သည် သာမန်ကျင့်ကြံသူတစ်ဦးထက် များစွာ ပို၍ တန်ဖိုးရှိသည်။
အဆင့်မြင့် ဆေးဖော်စပ်သူတစ်ဦး စစ်မြေပြင်၏ နောက်တန်းတွင် ဘေးကင်းစွာ ရှိနေခြင်းက ကျင့်ကြံသူ ထောင်ပေါင်းများစွာကို အသက်ရှင်စေနိုင်သည်။
ထိုဆေးဖော်စပ်သူကို ဆုံးရှုံးလိုက်ရပါက မည်မျှပင်ကြီးမားသော စစ်တပ်ဖြစ်စေ အနှေးနှင့်အမြန် ပြိုလဲသွားမည်သာ ဖြစ်သည်။
ထို့ကြောင့် မျိုးနွယ်စုပေါင်းများစွာ သားရဲဒီရေလှိုင်းနှင့် သွေးမြေကျစစ်ပွဲများတွင် ပါဝင်နေရချိန်၌ မူမျိုးနွယ်စုကတော့ သူတို့၏ ပုံမှန်အလုပ်များကိုသာ ဆက်လုပ်နေခဲ့သည်
ဆေးလုံးဖော်စပ်ခြင်း။
ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်း။
ဆေးနည်းသစ်များ ရှာဖွေခြင်း။
မူမျိုးနွယ်စုအတွင်းရှိ ဘဝများသည် အင်ပါယာ၏ တခြားနေရာများတွင် ဖြစ်ပျက်နေသော ရှုပ်ထွေးမှုများနှင့် ကင်းကွာလျက် တည်ငြိမ်အေးချမ်းစွာ လည်ပတ်နေခဲ့သည်။
စာတစ်စောင် ရောက်မလာခင်အထိပေါ့။
ထိုစာသည် ပုံမှန်လမ်းကြောင်းများမှ မဟုတ်ဘဲ လူကိုယ်တိုင် လာရောက်ပေးပို့ခြင်း ဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ တံဆိပ်ဖြင့် ပိတ်ခတ်ထား၏။
၎င်းမှာ မူယွဲ့လန်အတွက် ဖြစ်သည်။
သို့သော် စာသည် မူယွဲ့လန်၏လက်ထဲသို့ မရောက်ခင် သူမ၏မောင်ဖြစ်သူ၊ မူမျိုးနွယ်စုခေါင်းဆောင် မူချင်းယွမ်ထံသို့ အရင်
ရောက်သွားသည်။
မူယွဲ့လန်သည် ကျင့်စဉ်ကျင့်ကြံရန် သီးသန့်တံခါးပိတ်နေသဖြင့် စာကို ကိုယ်တိုင်မဖတ်နိုင်သေးပေ။
သို့သော် ပိုင်မျိုးနွယ်စုမှ ပေးပို့ထားပြီး အရေးကြီးဟု အမှတ်အသားပါနေသည်ကို မြင်သောအခါ မူချင်းယွမ်သည် သူ၏အစ်မကို အနှောင့်အယှက် ပေးသင့်၊ မပေးသင့် ဆုံးဖြတ်ရန် စာကို အရင်ဖတ်လိုက်သည်။
သူ ဖတ်ကြည့်လိုက်သည်နှင့် အံ့အားသင့်မှုနှင့် စိုးရိမ်မှုတို့ကြောင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သူသည် မူမျိုးနွယ်စု၏ တိတ်ဆိတ်သော စင်္ကြံလမ်းများအတိုင်း အလျင်စလို လျှောက်သွားသည်။
သူမ၏ ကျင့်ကြံဆောင် တံခါးဝသို့ ရောက်သောအခါ အနည်းငယ်မျှပင် မဆိုင်းမတွဘဲ တံခါးကို အပြင်းအထန် ခေါက်လိုက်သည်။
"ဘာကိစ္စလဲ?" မူယွဲ့လန်၏ အသံထွက်ပေါ်လာသည်။ အသံထဲတွင် အနှောင့်အယှက်ပေးခံရ၍ မကျေနပ်သည့် အရိပ်အယောင် ပါနေသည်။
ပုံမှန်ဆိုလျှင် သူမသည် အနှောင့်အယှက်ပေးသည်ကို အလွန်စိတ်တိုတတ်သော်လည်း မူချင်းယွမ်အနေဖြင့် အလွန်အရေးကြီးသည့် အကြောင်းပြချက်မရှိဘဲ သူမကို လာနှောင့်ယှက်မည်မဟုတ်ကြောင်း သူမ သိသည်။
"တောင်းပန်ပါတယ် အစ်မ" မူချင်းယွမ်၏ လေသံမှာ ပုံမှန်ထက် ပို၍ တင်းမာနေသည်။ "ဒါပေမဲ့ အရေးပေါ် အခြေအနေတစ်ခု ဖြစ်လာလို့ပါ။ ယောက်ဖကိုယ်တိုင် ပေးပို့လိုက်တဲ့ ဒီစာကို အစ်မ ဖတ်ကြည့်သင့်တယ် ထင်ပါတယ်။"
မူချင်းယွမ်သည် စာကို အသေအချာ ကမ်းပေးလိုက်သည်။
စာအိတ်ပေါ်မှ ပိုင်မျိုးနွယ်စု တံဆိပ်သည် အလင်းဖျော့ဖျော့အောက်တွင် တောက်ပနေပြီး ၎င်း၏ အရေးကြီးပုံမှာ ထင်ရှားနေသည်။
မူယွဲ့လန်သည် ကျောက်စိမ်းပြားကို လက်ထဲယူလိုက်စဉ် သူမ၏ အကြည့်များ ထက်မြက်သွားသည်။
သတင်းစကား၏ လေးနက်မှုနှင့် အရေးပါမှုကို သူမ ခံစားလိုက်ရသည်။ သူမသည် ၎င်းကို ဖြည်းဖြည်းချင်း ဖွင့်၍ အကြောင်းအရာများကို ဖတ်လိုက်သည်။
ခဏချင်းမှာပင် သူမ၏ မျက်နှာ အုံ့မှိုင်းသွားသည်။
"ပိုင်မျိုးနွယ်စု... ကျီဟန်?" သူမ တိုးတိုးလေး ရေရွတ်လိုက်မိပြီး သူမ၏ တည်ငြိမ်မှုများ ပျက်ပြယ်သွားသည်။ "မဖြစ်နိုင်တာ... ဒါမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
မူချင်းယွမ် စိုးရိမ်တကြီးဖြင့် တံတွေးတစ်ချက် မျိုချလိုက်ပြီး— "အစ်မ... ဒါကို အစ်မ ချက်ချင်းသိသင့်တယ်လို့ ကျွန်တော် ထင်လို့ပါ။ ကျီဟန်လေးရဲ့ အခြေအနေနဲ့ ပတ်သက်နေပုံရတယ်..."
သူမ ထိုစာကို နောက်တစ်ကြိမ် ထပ်ဖတ်သည်။
ထို့နောက် နောက်တစ်ကြိမ်။ ထို့နောက် ဘာစကားမှ မပြောဘဲ လက်ထဲမှ ကျောက်စိမ်းပြားကို အစိတ်စိတ်အမြွှာမြွှာ ချေမွပစ်လိုက်သည်။
"ငါ့ရဲ့ ဝေဟင်သင်္ဘောကို ပြင်ဆင်လိုက်။"
သူမ၏ အသံသည် တည်ငြိမ်နေသော်လည်း မူယွဲ့လန်ကို သိသူတိုင်း ထိုတည်ငြိမ်မှုက မည်မျှ ကြောက်စရာကောင်းကြောင်း နားလည်ကြသည်။
"ငါ အခုချက်ချင်း သွားမယ်။"
နာရီပိုင်းအတွင်းမှာပင် မူယွဲ့လန်သည် လမ်းခရီးသို့ ရောက်နေပြီ ဖြစ်သည်။
ယခုမူ
သူမသည် ပိုင်ထျန်းဟမ်၏ ရှေ့တွင် ရပ်နေပြီး သူမ၏ မျက်ဝန်းများသည် ထက်မြက်အေးစက်နေကာ ဖိနှိပ်ထားသော ဒေါသများ တောက်လောင်နေသည်။
"ထျန်းဟမ်" သူမက အသံတိုးတိုးနှင့် အန္တရာယ်ရှိသော လေသံဖြင့် ထပ်ပြောသည်။ "ရှင့်သားကို ဒါမျိုးဖြစ်အောင် ရှင် ဘယ်လိုများ လွှတ်ထားနိုင်ရတာလဲ?"
ဇနီးသည်ကို ကြိုဆိုရန် ထွက်လာသော ပိုင်ထျန်းဟမ်မှာ သူမ သင်္ဘောပေါ်မှ ဆင်းလာသည်နှင့် ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရသဖြင့် ကြောင်အသွားသည်။
"ယွဲ့လန်... စိတ်အေးအေးထားပါဦး၊ ငါ ရှင်းပြနိုင်ပါတယ်”
ပိုင်ထျန်းဟမ်က ဖျောင်းဖျသည့် အမူအရာဖြင့် ရှေ့သို့ အမြန်တိုးလာသည်။
"စိတ်အေးအေးထားရမယ် ဟုတ်လား”
မူယွဲ့လန်၏ အသံသည် ဓားတစ်လက်ကဲ့သို့ သူ၏ စကားကို ဖြတ်တောက်ပစ်လိုက်သည်။
"ထျန်းဟမ်... ရှင် ကျီဟန်လေးကို ဒုက္ခိတဖြစ်အောင် လွှတ်ထားလိုက်တယ်ပေါ့? ဒါကို ရှင့်အနေနဲ့ ဘယ်လိုများ ရှင်းပြဦးမှာလဲ?"
ပိုင်ထျန်းဟမ် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ပါးစပ်ဟလိုက်သည်။
"ယွဲ့လန်... အဲဒါက—"
"သေချာရှင်းပြစမ်းပါ။ ဒါက ဘယ်လိုဖြစ်ရတာလဲ?" မူယွဲ့လန်က ဒေါသတကြီး မေးလိုက်သည်။
"သူက... ပိုင်ကျီဟန်က မိစ္ဆာကျင့်ကြံသူ ခေါင်းဆောင်ကို သွားရင်ဆိုင်ခဲ့တာ..." ပိုင်ထျန်းဟမ်သည် အသက်ကို ခက်ခဲစွာ ရှူရင်း အားတင်း၍ ရှင်းပြလိုက်သည်။
မူယွဲ့လန်၏ အကြည့်များက သူ့ထံသို့ စူးစူးရှရှ ရောက်လာသည်။
"အဲဒီတော့? ရှင်က သူ့ကို မတားဘူးလား?"
"မတားတာ မဟုတ်ဘူး၊ တားလို့ကို မရတာ”
သူက သူမ၏ အကြည့်အောက်တွင် အသံကို အနည်းငယ် မြှင့်၍ ပြန်ပြောသည်။
"ရှင် ဘာပြောလိုက်တယ်? ရှင့်လို မဟာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် အထွတ်အထိပ် ပညာရှင်တစ်ယောက်က ဝိညာဉ်ခွဲခြမ်း စိတ်ဖြာခြင်းအဆင့်ကလေးတစ်ယောက်ကို မတားနိုင်ဘူး ဟုတ်လား? ထျန်းဟမ်... ဒီထက် ပိုကောင်းတဲ့ ဆင်ခြေမျိုးကိုပဲ ကြားချင်တယ်”
သူမ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး စကားလုံးတိုင်းတွင် မယုံကြည်နိုင်မှုနှင့် ဒေါသမာန်တို့ ရောယှက်နေသည်။
ပိုင်ထျန်းဟမ်၏ လည်ချောင်းများ ခြောက်ကပ်သွားသည်။ သူ ရှင်းပြချင်သည်၊ သူမကို နားလည်စေချင်သည်၊ သို့သော် အမှန်တရားကို ဝန်ခံရန်မှာ ခက်ခဲလွန်းလှသည်။
အမှန်တကယ်ဆိုလျှင် သူသည် သားဖြစ်သူကို တားဆီးနိုင်ခဲ့သင့်သည်... သို့သော် ပိုင်ကျီဟန်သည် သာမန် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့်ထက် များစွာ ပိုမို အစွမ်းထက်နေခဲ့သည်မဟုတ်ပါလော
သို့သော် ဇနီးဖြစ်သူ၏ ရှေ့တွင်တော့ ဒါကို သူ တည့်တိုး ဝန်ခံရန် အားခဲနေရဆဲပင်။
မဟာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် အထွတ်အထိပ် ပညာရှင်တစ်ယောက်အနေဖြင့် သူ၏ မာန်မာနနှင့် ဂုဏ်သိက္ခာသည် သူ့ကို ဖိစီးထားသည်။ မိမိ၏သားသည် အချို့သောနေရာများတွင် မိမိထက်ပင် ပို၍ အစွမ်းထက်နေကြောင်းနှင့် မိမိအနေဖြင့် သူ့ကို မတားဆီးနိုင်ခဲ့ကြောင်း မည်သို့ ဝန်ခံနိုင်ပါမည်နည်း။
အကယ်၍ သားရဲဒီရေလှိုင်တိုက်ပွဲအတွင်း ပိုင်ကျီဟန်၏ စွမ်းဆောင်ချက်များကို မြင်တွေ့ခဲ့ရသူသာဆိုလျှင် ဤအခြေအနေကို နားလည်နိုင်ကြလိမ့်မည်။
သို့သော် မူယွဲ့လန်ကတော့ ဘာမှမသိသေးပေ။
ပိုင်ကျီဟန်သည် မဟာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရှိ မိစ္ဆာအကြီးအကဲများကို သတ်ဖြတ်ခဲ့သည်ဟူသော ကောလာဟလများကို သူမ မကြားခဲ့ရသလို သတင်းများကိုလည်း မသိခဲ့ပေ။
စာကို မရရှိခင်အထိ သူမသည် ကျင့်စဉ်ကျင့်ကြံရန် သီးသန့်နေခဲ့ခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် မုမျိုးနွယ်စုသည် ထိုကဲ့သို့သော ကောလာဟလများကို လိုက်လံနားစွင့်လေ့ မရှိကြပေ။
သူမ၏ မောင်ဖြစ်သူက လာရောက်သတိပေးပြီးမှသာ အခြေအနေကို သူမ သိရှိခဲ့ရခြင်း ဖြစ်သည်။
ပိုင်ထျန်းဟမ်သည် နောက်ထပ် ရှင်းပြရန် ကြိုးစားရင်း ပါးစပ်ဟလိုက်သော်လည်း သူ ပြောသမျှ စကားလုံးတိုင်းမှာ သူမ၏ အမြင်တွင် ဆင်ခြေများအဖြစ်သာ မြင်နေတော့သည်။
မူယွဲ့လန်သည် နားထောင်ပေးမည့် စိတ်အခြေအနေတွင် မရှိကြောင်း သူ သိလိုက်သဖြင့် ဆက်လက် ရှင်းမပြတော့ဘဲ သူမကို စိတ်အေးသွားအောင် အရင် ကြိုးစားလိုက်သည်။
"ယွဲ့လန်... ကျေးဇူးပြုပြီး စိတ်အေးအေး—"
သို့သော် ပိုင်ထျန်းဟမ်၏ ဆင်ခြေဟု ယူဆရသော စကားများကြောင့် မူယွဲ့လန်၏ စိတ်ရှည်မှုမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူမ၏ ချီ များ အပြင်သို့ လျှံထွက်လာပြီး အရှိန်အဝါများ မြင့်တက်လာသည်။
ပိုင်ထျန်းဟမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး "ယွဲ့လန်... မင်း... မင်း အဆင့်တက်သွားတာလား”လက်ရှိ အခြေအနေကိုပင် မေ့သွားဟန်ဖြင့် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိသည်။
မူယွဲ့လန် သီးသန့်တံခါးပိတ်နေခဲ့ရသည့် အကြောင်းရင်းမှာ သူမသည် မဟာ ကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်တက်လှမ်းနိုင်ခဲ့ပြီး သူမ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်ဆောင်နေခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
သူမ၏ စူးရှသော အကြည့်က သူ့ကို လက်ရှိအခြေအနေသို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ သူမမှာ ဂုဏ်ပြုစကားများကို နားထောင်ချင်သည့် စိတ်အခြေအနေတွင် မရှိပေ။
“ အကြောင်းအရာကို လွှဲဖို့ မကြိုးစားနဲ့ ထျန်းဟမ်” သူမ စိတ်ထဲမှ ဒေါသတကြီး ပြောနေမိပြီး သူမ၏ အာရုံအားလုံးမှာ သားဖြစ်သူထံ၌သာ ရှိနေသည်။
ခဏတာ တင်းမာနေပြီးနောက် သူမ၏ အသက်ရှူသံများ ပြန်လည် တည်ငြိမ်လာသည်။
ဖြည်းဖြည်းချင်းပင် သူမ၏ မဟာ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် အရှိန်အဝါများကို ပြန်လည် ထိန်းချုပ်လိုက်ကာ ငြိမ်သက်သွားစေသည်။
"တော်ပြီ" သူမက နောက်ဆုံးတွင် ခိုင်မာသော်လည်း အနည်းငယ် တည်ငြိမ်သွားသော လေသံဖြင့် ဆိုသည်။
"သွားရအောင်၊ ငါ့သားကို ငါ တွေ့ချင်ပြီ။"