ပိုင်မျိုးနွယ်စု၏ အရေးပေါ် အခြေအနေ
Vol. 29 Ch. 427
ပိုင်မျိုးနွယ်စု၏ ဝေဟင်ပျံသင်္ဘောအုပ်စုသည် မျိုးနွယ်စု၏ အဓိက ဆိုက်ကပ်ရာသို့ တည်ငြိမ်စွာ ဆင်းသက်လာခဲ့သည်။
ပိုင်ထျန်းဟမ်သည် သင်္ဘောပေါ်မှ ဆင်းဆင်းချင်းမှာပင် ခဏတာမျှ အနားမယူသကဲ့သို့ ပိုင်ကျီဟန်ကိုလည်း အတွင်းဆောင်များဆီသို့ တိုက်ရိုက်လိုက်မပို့ခဲ့ပေ။
ထိုသို့ပြုလုပ်မည့်အစား သူသည် ပြတ်သားလှသော အမိန့်တစ်ခုကိုသာ ထုတ်ပြန်လိုက်တော့သည်။
၎င်းမှာ... ပိုင်မျိုးနွယ်စုတစ်ခုလုံးကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ခြင်းပင်။
မျိုးနွယ်စု၏ သတိပေးခေါင်းလောင်းသံများသည် တောင်တန်းတစ်လျှောက် မြည်ဟည်းသွားကာ ချိုင့်ဝှမ်းများနှင့် ကျင့်ကြံရေးတောင်ထိပ်များဆီသို့ ပဲ့တင်ထပ်သွားလေသည်။
ငြိမ်သက်နေသော ကာကွယ်ရေး အခင်းအကျင်းများသည် တစ်ခုပြီးတစ်ခု နိုးထလာကာ လင်းလက်တောက်ပလာကြသည်။
ကင်းလှည့်သည့် လမ်းကြောင်းများကို နှစ်ဆတိုးမြှင့်လိုက်ပြီး ဝင်ထွက်သွားလာခွင့် ကန့်သတ်ချက်များကိုလည်း တင်းကျပ်လိုက်တော့သည်။
ဆက်သွယ်ရေး မှော်စာချပ် များစွာကိုလည်း တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပြီး ခန်းမတိုင်း၊ အကြီးအကဲတိုင်းနှင့် တပည့်တိုင်းဆီသို့ ညွှန်ကြားချက်များ ပေးပို့လိုက်သည်။
ဤဆုံးဖြတ်ချက်အပေါ် မည်သူမျှ မေးခွန်းမထုတ်ခဲ့ကြပေ။
မျိုးနွယ်စုနယ်မြေတွင် ကျန်ရစ်ခဲ့ကြသော ထောက်ပံ့ရေးအကြီးအကဲများ၊ ဒဏ်ရာမှ ပြန်လည်သက်သာလာသော တပည့်များနှင့် ကာကွယ်ရေးစက်ကွင်းများကို ထိန်းသိမ်းနေရသည့် မှော်ဆရာများသည် ရှေ့တန်းမှ ကောလာဟလများကို ကြားသိထားပြီးသား ဖြစ်သည်။
၎င်းမှာ ပိုင်ကျီဟန် ကျင့်စဉ်ပျက်ပြီး ဒုက္ခိတဖြစ်သွားပြီဟူသော သတင်းပင်။
တရားဝင် အတည်မပြုရသေးသော်လည်း ဤကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာခြင်းသည် သူ၏ အခြေအနေကြောင့် ဖြစ်သည်ကို လူတိုင်း ခန့်မှန်းမိကြသည်။
ထို့ကြောင့်ပင် တုံ့ပြန်မှုများသည်လည်း ချက်ချင်းလက်ငင်း ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ ပိုင်ကျီဟန်သာ အမှန်တကယ်ပင် အစွမ်းမဲ့သွားခဲ့လျှင် ပိုင်မျိုးနွယ်စုကို ဝန်းရံထားသည့် အင်အားစုများ၏ အခြေအနေမှာ တစ်ညတွင်းချင်းပင် ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်။
နာရီအနည်းငယ်အတွင်းမှာပင် ပိုင်မျိုးနွယ်စုသည် လုံးဝဥဿုံ အသင့်ပြင်ထားသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
ပိုင်မျိုးနွယ်စု နယ်မြေကို ဖြတ်သန်းသွားသော ငှက်ကလေးများကိုပင်လျှင် ရန်သူ့သူလျှိုများ ဖြစ်နိုင်သဖြင့် အသေးစိတ် စစ်ဆေးခံရသည့်အထိ စည်းကမ်းတင်းကျပ်သွားခဲ့သည်။
ပိုင်ကျီဟန်ကိုမူ လမ်းတစ်လျှောက် မည်သည့်နေရာတွင်မျှ မရပ်နားတော့ဘဲ သူ၏ နေအိမ်ဆောင်သို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ကြသည်။
ယခင်က တိတ်ဆိတ်ငြိမ်သက်ပြီး ရင်းနှီးနေခဲ့သော ထိုစံအိမ်ဝင်းကလေးသည် ယခုအခါတွင်မူ အေးစက်နေကာ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားရသည်။
အကြောင်းမှာ လောင်ချင်းတစ်ယောက် ထိုနေရာတွင် မရှိတော့သောကြောင့် ဖြစ်သည်။
သူမ မရှိခြင်းမှာ မသိသာလှသော်လည်း ကျီဟန်အတွက်မူ လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။
သူမ ပြုစုပျိုးထောင်ခဲ့သော အပင်လေးများမှာ သပ်သပ်ရပ်ရပ် ရှိနေဆဲ ဖြစ်သော်လည်း မကြာသေးမီကပင် မည်သူမျှ အပင်ညှိပေးမထားကြသည်ကို တွေ့ရသည်။
ပိုင်ကျီဟန်ကို သူ၏ ခုတင်ပေါ်တွင် အသာအယာ ထားရှိပေးခဲ့ပြီး အနားယူရန်သာ ညွှန်ကြားခဲ့ကြသည်။
ထို့နောက်တွင်မူ လုံခြုံရေး အစီအမံများကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်လိုက်တော့သည်။
လက်ရွေးစင် အစောင့်အရှောက် ဒါဇင်ပေါင်းများစွာသည် စံအိမ်ဝင်း၏ အတွင်းအပြင် နေရာအနှံ့တွင် တာဝန်ယူလိုက်ကြသည်။
ခြံဝင်းအတွင်းသို့ ဖြတ်ကျော်ရန် ကြိုးစားသည့် ပုရွက်ဆိတ်တစ်ကောင်ပင်လျှင် ခြေလှမ်းနှစ်လှမ်း မလှမ်းရသေးခင်မှာပင် ဖမ်းဆီးခံရပြီး အစပျောက်အောင် ရှင်းလင်းခြင်း ခံရမည် ဖြစ်သည်။
အိမ်ခေါင်မိုးများပေါ်တွင် အရိပ်အယောင်များမှာ တိတ်ဆိတ်စွာ လှုပ်ရှားနေကြသည် - ၎င်းတို့မှာ အထူးတာဝန်ပေးအပ်ထားသော ကင်းထောက် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။
အတွင်းဆောင်သို့ မည်သည့် အစေအပါးကိုမျှ ဝင်ခွင့်မပြုပေ။
မည်သည့် တပည့်ကိုမျှလည်း အနီးကပ်ခွင့် မပေးပေ။
ပိုင်ထျန်းဟမ်၊ မူယွဲ့လန်၊ ပိုင်ရွှယ်ချင်း၊ ချူကျီယန် နှင့် လက်ရွေးစင် အကြီးအကဲ အနည်းငယ်သာလျှင် ဝင်ရောက်ခွင့် အာဏာရှိကြသည်။
သို့သော်လည်း ပိုင်မျိုးနွယ်စု၏ ဤကဲ့သို့ လှုပ်ခတ်နေသော ကာလအတွင်းမှာပင် တစ်ဦးတစ်ယောက်သောသူကတော့ အကျိုးအမြတ် အများဆုံး ရရှိခဲ့လေသည်။
ထိုသူကား... ချူကျီယန်ပင်။
သူမသည် အစကတည်းက ပိုင်ကျီဟန်၏ ဘေးတွင် အမြဲရှိနေကာ ဝတ္တရားကျေပွန်သော ဇနီးသည်တစ်ဦးကဲ့သို့ သူ့ကို ပြုစုစောင့်ရှောက်ခဲ့သည်။
သူမ၏ လုပ်ရပ်များကို လူတိုင်းက သတိထားမိကြသည်။
ပိုင်ထျန်းဟမ်ကလည်း မြင်သည်။
အကြီးအကဲများကလည်း သတိပြုမိသည်။
အထူးသဖြင့် မူယွဲ့လန် ကတော့ ပို၍ပင် သဘောကျနေတော့သည်။
ချူကျီယန်သည် ၎င်းတို့အားလုံး၏ မျက်နှာသာပေးမှုကို အကြီးအကျယ် ရရှိခဲ့ပြီး သူတို့က သူမကို ပိုင်ကျီဟန်၏ ဇနီးလောင်းအဖြစ်ပင် သဘောထား ဆက်ဆံနေကြပြီ ဖြစ်သည်။
ပိုင်မျိုးနွယ်စု နယ်မြေ၏ အပြင်ဘက် ကောင်းကင်အင်ပါယာတစ်ခုလုံးတွင်လည်း တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိပေ။
ခြောက်သွေ့သော လေပြင်းများကြောင့် လောင်ကျွမ်းနေသည့် တောမီးကဲ့သို့ပင်၊ ကောလာဟလများသည် ဂိုဏ်းများ၊ မျိုးနွယ်စုများ၊ ဈေးတန်းများ၊ မြို့ပြများနှင့် နန်းတွင်းခန်းမများဆီသို့ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါဖြင့် ပျံ့နှံ့သွားခဲ့သည်။
ပထမဆုံးသော ကောလာဟလမှာပင် တုန်လှုပ်စရာ ကောင်းလှသည်။
၎င်းမှာ... ပိုင်ကျီဟန်သည် ဒုက္ခိတဖြစ်သွားပြီ ဟူသော သတင်းပင်။
ဒုတိယမြောက် ကောလာဟလ သို့မဟုတ် သတင်းမှာမူ ပို၍ပင် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှသေးသည်။
၎င်းမှာ... ပိုင်မျိုးနွယ်စုတွင် သူတော်စင်အဆင့် မှော်လက်နက်တစ်ခု ရှိနေသည်ဟူသော သတင်းဖြစ်သည်။
၎င်းမှာ ကောလာဟလ သက်သက်မျှ မဟုတ်တော့ဘဲ လူများစွာက မျက်မြင်တွေ့ရှိခဲ့ကြသလို အမှန်တကယ် ရှိသည်ဟုလည်း အခိုင်အမာ ယုံကြည်ထားကြသည်။
အကြောင်းမှာ ၎င်းကို အသုံးပြုခဲ့ကြသောကြောင့်ပင်။
ပိုင်ရမ်သည် ထိုလက်နက်ကို အသုံးပြုခဲ့သည်။
သူသည် မြေကမ္ဘာအင်မော်တယ်အဆင့်ရှိသော မိစ္ဆာအကြီးအကဲ ကုံးယောင်ကို သတ်ဖြတ်ရန် ထိုလက်နက်ကို သုံးခဲ့သည်။
ထို့ပြင် ကောင်းကင်အင်ပါယာ၏ အုတ်မြစ်ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသော ချီလင်းတပိုင်းသားရဲကြီးကို ခုတ်ပိုင်းရန်အတွက်လည်း ထိုလက်နက်ကိုပင် အသုံးပြုခဲ့သည်။
ဤသတင်းကို မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
မျက်လုံးပေါင်းများစွာသည် ထိုအခြင်းအရာကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ကြသောကြောင့်ပင်။
ကောင်းကင်ယံကို နှစ်ပိုင်းပိုင်းဖြတ်နိုင်လောက်သော ထိုကြောက်မက်ဖွယ်ရာ ဓားရည်ရွယ်ချက်ကို ကျင့်ကြံသူပေါင်းများစွာက ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရပြီးဖြစ်သည်။
ထိုဓားချက်ကြောင့်သာလျှင် အင်အားစုများစွာသည်လည်း ပျက်သုဉ်းခြင်းဘေးမှ လွတ်မြောက်ခဲ့ရသည်မဟုတ်ပါလော
ရက်အနည်းငယ်အတွင်းမှာပင် အင်ပါယာတစ်ခုလုံးသည် ထိုသတင်းကြောင့် ဆူညံပွက်လောရိုက်သွားတော့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
"သူတော်စင်အဆင့် မှော်လက်နက် ... ပိုင်မျိုးနွယ်စုရဲ့ လက်ထဲမှာလား?"
"ဒီလို ရတနာမျိုးက ကောင်းကင်အင်ပါယာထဲမှာ မရှိသင့်ဘူးလေ။ အင်ပါယာရဲ့ ဘဏ္ဍာတိုက်ထဲမှာတောင် အဲ့ဒီလိုဟာမျိုး တစ်ခုမှ မရှိဘူး။"
"တကယ်လို့ ဒါသာ အမှန်ဆိုရင်တော့ ပိုင်မျိုးနွယ်စုက လီမျိုးနွယ်ဒါမှမဟုတ် ကျောက်မျိုးနွယ်တွေနဲ့ တစ်တန်းတည်း မဟုတ်တော့ဘူး။ သူတို့က အဲ့ဒီမျိုးနွယ်တွေထက် တစ်ဆင့် ပိုမြင့်သွားပြီ။"
"လီမျိုးနွယ် ဒါမှမဟုတ် ကျောက်မျိုးနွယ်တွေဘက်က သူတော်စင်အဆင့်လက်နက်တစ်ခုခု မရသရွေ့တော့... ပိုင်မျိုးနွယ်စုကို ကောင်းကင်အင်ပါယာထဲမှာ ဘယ်သူမှ ယှဉ်
နိုင်မှာ မဟုတ်တော့ဘူး။"
အကြောင်းမှာ သူတော်စင်အဆင့် မှော်လက်နက်တစ်ခုသည် ကောင်းကင်အင်ပါယာကဲ့သို့သော နေရာမျိုးတွင် အခြေအနေအရပ်ရပ်ကို ပြောင်းလဲပစ်နိုင်လောက်အောင် စွမ်းအားကြီးမားလွန်းသောကြောင့် ဖြစ်သည်။
ကောင်းကင်ဘုံအဆင့်လက်နက်များကိုပင်လျှင် ရှားပါးလှသော ရတနာအဖြစ် သတ်မှတ်ထားကြချိန်တွင် သူတော်စင်အဆင့် ဆိုသည်မှာ...
လူအများစုသည် သူတို့၏ တစ်သက်တာလုံးတွင် ထိုကဲ့သို့သော လက်နက်မျိုးကို မြင်ပင်မမြင်ဖူးကြချေ။
တိုက်ကြီး၏ အနောက်ဘက်ဒေသ၌ရှိသည့် အင်ပါယာကြီးတွေမှာပင် အနည်းငယ်ရှိသည်ဟု ကောလာဟလ ထွက်ခဲ့ဖူးတာမျိုးသာ ရှိပေသည်။
ထို့ကြောင့်ပင် ကောင်းကင်အင်ပါယာရှိ ကျင့်ကြံသူများ၏ တုန်လှုပ်ချောက်ချားမှုမှာ အလွန်ပင် သဘာဝကျလှပေသည်။
ပိုင်မျိုးနွယ်စုသည် ယခုအခါ လီမျိုးနွယ် သို့မဟုတ် ကျောက်မျိုးနွယ်တို့နှင့် မနှိုင်းယှဉ်နိုင်လောက်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဟု သူတို့ ယုံကြည်သွားကြခြင်းမှာလည်း မဆန်းပေ။
"ခေတ်တစ်ခုကတော့ ကုန်ဆုံးသွားပြီပဲ။"
"ပြီးတော့ နောက်ထပ် ခေတ်သစ်တစ်ခုက စတင်နေပြီ..."
ထိုကဲ့သို့သော ခံစားချက်မျိုးသည် အင်ပါယာတစ်ခုလုံးတွင် တိတ်တဆိတ် အမြစ်တွယ်သွားခဲ့သည်။
မျိုးဆက်ပေါင်းများစွာတိုင်အောင် ကောင်းကင်အင်ပါယာသည် အင်ပါယာအာဏာစက်၊ မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းကြီးများကြားတွင် တစ်ဦးကိုတစ်ဦး ထိန်းကျောင်းရင်း ပျက်စီးလွယ်သော ဟန်ချက်ညီမှုတစ်ခုကို ထိန်းသိမ်းထားခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ
ပိုင်မျိုးနွယ်စုသည် သီးသန့် ကွဲထွက်သွားခဲ့လေပြီ။
အထက်သို့ မြင့်တက်သွားခဲ့ပြီ။
ပိုင်မျိုးနွယ်စုသည် သူတော်စင်အဆင့် ဓားကို ပိုင်ဆိုင်ထားသည်ဆိုပါက... မည်သူကများ သူတို့ကို စိန်ခေါ်ဝံ့ပါဦးမည်နည်း။
ပိုင်ရမ်သည် ထိုဓားကို အသုံးပြုပြီး ချီလင်းတပိုင်းသားရဲကြီးကို သုတ်သင်ခဲ့စဉ်ကပင် ထိုဓား၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းပကားကို အင်အားကြီး ပုဂ္ဂိုလ်အများစုက မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။
အချို့ကဆိုလျှင် ထိုသူတော်စင်အဆင့် မှော်လက်နက်သာမရှိခဲ့ပါက ကောင်းကင်အင်ပါယာ၏ တပ်ဖွဲ့များသည် မိစ္ဆာတပ်ဖွဲ့များလက်တွင် အစွမ်းကုန် ရှုံးနိမ့်သွားနိုင်သည်ဟုပင် အခိုင်အမာ ဆိုကြလေသည်။
ထို့ကြောင့်ပင် ငြင်းချက်ထုတ်ရန်မရှိသော အချက်တစ်ခု ပေါ်ထွက်လာခဲ့သည်
ယခုအခါ ပိုင်မျိုးနွယ်စုသည် အင်ပါယာတွင် အင်အားအကြီးဆုံး ဖြစ်သွားလေပြီ။
ထိုသို့နှင့်အမျှ အင်အားစုအသီးသီး၏ စိတ်ကူးအကြံအစည်များမှာလည်း စတင်လှုပ်ရှားလာတော့သည်။
လီ-ကျောက်မဟာမိတ်အဖွဲ့၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်သည်ဟု သိပါလျက်နှင့် ပိုင်မျိုးနွယ်စုဘက်မှ ရပ်တည်ခဲ့ကြသူများမှာမူ ယခုအခါ ဝမ်းသာအားရ ဖြစ်နေကြတော့သည်။
အကြောင်းမှာ ပိုင်မျိုးနွယ်စု မြင့်တက်လာသည်နှင့်အမျှ သူတို့၏ ဩဇာအာဏာမှာလည်း ထပ်တူထပ်မျှ မြင့်တက်လာမည်ဖြစ်
သောကြောင့်ပင်။
ယခင်က တွေဝေနှောင့်နှေးခဲ့သူများမှာမူ မိမိကိုယ်ကိုသာ ကျိန်ဆဲနေကြတော့သည်။
"နောက်ကျတာက ဘာမှမလုပ်တာထက်စာရင် တော်သေးတာပေါ့”
ကြားနေအဖြစ် နေခဲ့ကြသူများသည်လည်း ပိုင်မျိုးနွယ်စုနယ်မြေဆီသို့ သံတမန်များ၊ လက်ဆောင်မွန်များနှင့် ချစ်ကြည်ရေးစာလွှာများကို အလုအယက် ပေးပို့ကြတော့သည်။
ပိုင်မျိုးနွယ်စုနှင့် မိတ်ဆွေဖြစ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် မဟာမိတ်ဖွဲ့ခြင်းတို့သည် ယခုအခါတွင် အသိဉာဏ်အရှိဆုံးသော လုပ်ရပ်အဖြစ် သတ်မှတ်ခြင်းခံရလေသည်။
အခြားရွေးချယ်စရာများနှင့် နှိုင်းယှဉ်ကြည့်လျှင် အဖြေက ရှင်းလင်းလွန်းလှသည်မဟုတ်ပါလော။
လီမျိုးနွယ်နှင့် ကျောက်မျိုးနွယ်တို့မှာ ကြောက်ရွံ့နေကြ၏
သို့သော် ယခုအခါတွင် ကြောက်ရွံ့မှုသက်သက်ဖြင့် မလုံလောက်တော့ပေ။
သူတို့သည် စစ်ပွဲအတွင်း၌ အင်အားအလုံးအရင်း ဆုံးရှုံးခဲ့ရသည်။
သူတို့၏ အုတ်မြစ်များမှာလည်း လှုပ်ခတ်သွားခဲ့လေပြီ။
ထို့ပြင် ၎င်းတို့နှစ်ဦးစလုံးတွင် သူတော်စင်အဆင့် မှော်လက်နက်နှင့် နီးစပ်သည့်အရာမျိုးပင် တစ်ခုမျှ မရှိကြချေ။
လက်ရှိ ပိုင်မျိုးနွယ်စုနှင့် ယှဉ်ပြိုင်မည်ဆိုလျှင်မူ-
၎င်းမှာ ပြိုင်ဆိုင်မှု မဟုတ်တော့ပေ
သေမင်းနှင့် လောင်းကြေးထပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
လီ-ကျောက် မဟာမိတ်အဖွဲ့ဘက်မှ ဗြောင်ကျကျ ရပ်တည်ခဲ့ကြသူများမှာမူ ရင်ထဲ၌ အေးစိမ့်သော ထိတ်လန့်မှုတို့ စိမ့်ဝင်လာကြတော့သည်။
နောင်တတရားများက သူတို့ကို တိုက်စားနေ၏။
အချို့ကဆိုလျှင် မိမိတို့၏ အမြော်အမြင်မရှိမှုကိုပင် ကျိန်ဆဲနေကြသည်။
"ငါတို့သာ သိခဲ့ရင်... ပိုင်မျိုးနွယ်စုနဲ့သာ မဟာမိတ်ဖွဲ့ခဲ့ရင် ကောင်းမှာပဲ။"
"ထိပ်တန်းမျိုးနွယ်စုနှစ်ခု ပေါင်းရင် ပိုသန်မာမယ်လို့ ငါထင်ခဲ့တာ... ငါမှားသွားပြီ။"
သို့သော်လည်း ယခုအချိန်တွင် နောင်တရနေခြင်းမှာ အပိုပင်ဖြစ်တော့သည်။
အကယ်၍ ထိုကောလာဟလများသာ အမှန်ဖြစ်ခဲ့လျှင်-
ပိုင်မျိုးနွယ်စုတွင် သူတော်စင်အဆင့် ဓားမြတ် အမှန်တကယ် ရှိနေခဲ့လျှင်-
ပိုင်မျိုးနွယ်စုသည် အင်အားကြီးရုံတင်မကဘဲ... အနှိုင်းမဲ့ အောင်နိုင်သူများဖြစ်သွားကြချေပြီ