ပျက်စီးရာပျက်စီးကြောင်း လမ်းစများ
Vol. 29 Ch. 428
အခန်းတွင်း၌ တိတ်ဆိတ်ငြိမ်သက်ခြင်းက စိုးမိုးထားသည်။
ဤနေရာ၌ အသက်ရှူသံပင်လျှင် တစ်ခုခုကို ကျူးကျော်နှောင့်ယှက်နေသကဲ့သို့ ခံစားရသော နေရာမျိုးဖြစ်သည်။
လီမျိုးနွယ်နှင့် ကျောက်မျိုးနွယ်တို့သည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ထားသော မှော် အခင်းအကျင်းများစွာ ချထားသည့် ခန်းမဆောင်အတွင်း၌ စုဝေးနေကြသည်။
အတဖျတ်ဖျတ် တုန်ယင်နေသော မီးအိမ်ရောင်များသည် ကျောက်နံရံများပေါ်တွင် ထွင်းထုထားသော မျိုးနွယ်စု တံဆိပ်အမှတ်အသားများပေါ်သို့ ကျရောက်နေကာ ထိုအမှတ်အသားများသည် တစ်ချိန်က မေးခွန်းထုတ်စရာမလိုသော အာဏာစက်ကို ကိုယ်စားပြုနေ၏
သို့သော် ယခုအခါတွင်မူ... မှေးမှိန်အားနည်းနေသကဲ့သို့ ခံစားရသည်။
မိစ္ဆာတပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲမှာ အနှစ်သာရအားဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
သားရဲဒီရေလှိုင်းမှာ ချေမှုန်းခြင်းခံလိုက်ရချေပြီ။
မိစ္ဆာကျင့်ကြံသူများမှာလည်း ဆုတ်ခွာသွားကြပြီ။
ကောင်းကင်အင်ပါယာကြီးမှာလည်း အောင်ပွဲခံရန်အတွက် ကြေညာချက်များပင် ပြင်ဆင်နေလေပြီ။
သို့သော်လည်း ဤအခန်းအတွင်း၌မူ အောင်ပွဲခံရိပ် လုံးဝမရှိချေ။
စိတ်သက်သာရာရမှုလည်း မရှိ။
ဂုဏ်ယူဝင့်ကြွားမှုလည်း မရှိပေ။
အောင်နိုင်ခြင်း အရသာကိုလည်း မခံစားရပေ။
မှောင်မိုက်ခြင်းနှင့် မတည်ငြိမ်ခြင်းတို့သာ လွှမ်းမိုးနေသည်။
လီနှင့် ကျောက်မျိုးနွယ်စုများအတွက် ဤစစ်ပွဲသည် ရရှိသောအရာထက် ဆုံးရှုံးလိုက်ရသောအရာက ပို၍ များပြားလွန်းလှသည်။
၎င်းတို့၏ အထိနာမှုမှာ တုန်လှုပ်စရာ ကောင်းလှသည်။
လီမျိုးနွယ်ဆိုလျှင် မြေကမ္ဘာအင်မော်တယ်အဆင့်ရှိသော မျိုးနွယ်စုအကြီးအကဲတစ်ဦးကိုပင် ဆုံးရှုံးလိုက်ရရာ ၎င်းသည် သူတို့အတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးပင် ဖြစ်သည်။
သူတို့၏ အုတ်မြစ်များမှာ အခြေအမြစ်မှတိုင်အောင် လှုပ်ခတ်သွားခဲ့လေပြီ။
အထူးသဖြင့် စစ်ပွဲအတွင်း အနည်းငယ်မျှသာ ထိခိုက်မှုရှိပြီး အင်ပါယာအတွက် အများဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သည့် ပိုင်မျိုးနွယ်စုနှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့ဘက်မှ အရှုံးမှာ အဆမတန် ကြီးမားနေတော့သည်။
"ပိုင်မျိုးနွယ်စု..."
ထိုနာမည်တစ်ခုတည်းကပင် ယခုအခါ လေးလံသော ဖိအားကို ဆောင်ကြဉ်းလာပေးသည်။
တစ်ချိန်က ထိုနာမည်ကို ရင်ဘောင်တန်းသူ၊ ပြိုင်ဘက်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ကြသော်လည်း၊
ယခုအခါတွင်မူ အထူးသတိထားကာ ရည်ညွှန်းဝံ့ကြတော့သည်။
စစ်ပွဲမတိုင်မီက ပိုင်ကျီဟန် တစ်ယောက်တည်းသည်ပင်လျှင် ကျိုးကြောင်းဆင်ခြင်မှုများကို ဆန့်ကျင်ပြီး မျှော်လင့်ချက်များကို ရိုက်ချိုးနိုင်သည့် ပဟေဠိဆန်သော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။
သူ့ကို နှိမ်နင်းရန် ကြိုးစားမှုတိုင်းက သူ့ကို ပို၍ သန်မာစေပြီး ပို၍ အန္တရာယ်ရှိလာစေရုံသာ ရှိခဲ့သည်။
သို့သော် ထိုစဉ်က အခြေအနေမှာ သူတို့ ထိန်းချုပ်နိုင်သေး၏
ထိန်းချုပ်နိုင်သည်ဟု ထင်ခဲ့ကြသည်။
သို့သော် ယခုအခါ၌မူ...
ပိုင်ကျီဟန် တစ်ယောက်တည်း မဟုတ်တော့ပေ။
ပိုင်ရမ်
ပိုင်ရွှယ်ချင်း
ပိုင်မျိုးနွယ်စု၏ အကြီးအကဲများ။
ထို့ပြင် အခြားသော ပိုင်မျိုးနွယ်ဝင်များသည်လည်း သိသိသာသာပင် တစ်စုံတစ်ရာ ပြောင်းလဲသွားကြသည်မှာ ထင်ရှားလှသည်။
ပိုင်မျိုးနွယ်စု၏ အင်အားသည် သူတို့ သိရှိထားသည်ထက်၊ တွက်ချက်ထားသည်ထက် များစွာ သာလွန်နေခဲ့သည်။
သူတို့၏ တိုးတက်မှု အရှိန်အဝါမှာလည်း သူတို့ ခန့်မှန်းထားသည့် အဆင့်နှင့် လုံးဝ ခြားနားနေခဲ့သည်။
ထို့ပြင် အဓိက အကျဆုံးအချက်မှာ-
သူတော်စင်အဆင့် ဓားပင်။
ထိုအတွေး ဝင်လာသည်နှင့်အမျှ အခန်းတွင်းရှိ ဖိအားများသည် ပို၍ပင် လေးလံထိုင်းမှိုင်းလာတော့သည်။
ဤသားရဲဒီရေလှိုင်းအတွင်း ပိုင်မျိုးနွယ်စု၏ ဝှက်ဖဲကို အတင်းအကျပ် ထုတ်သုံးခိုင်းနိုင်ခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုနိုင်သော်လည်း၊ တစ်ဖက်တွင်မူ ၎င်းသည် ပိုင်မျိုးနွယ်စုက အခြားသူများထက် မည်မျှအထိ သာလွန် သန်မာနေသနည်းဆိုသည်ကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
သားရဲဒီရေလှိုင်း ပြီးဆုံးသွားပြီး ရက်အနည်းငယ်အတွင်းမှာပင် မျိုးနွယ်စုကြီးနှစ်ခု၏ ဩဇာအာဏာသည် ကျဆင်းသွားခဲ့ပြီး ပိုင်မျိုးနွယ်စု၏ ဩဇာမှာမူ အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။ ၎င်းတို့နှင့် မဟာမိတ်ဖွဲ့ထားသော မျိုးနွယ်စုများပင်လျှင် ယခုအခါ ပိုင်မျိုးနွယ်စုနှင့်သာ လက်တွဲရန် ပြောင်းလဲလိုနေကြပြီဖြစ်သည်။
ဘန်း
လီကျန်းဟုန်၏ လက်ဝါးသည် ကျောက်စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်၏
ထိုအသံက ပိတ်ဆို့ထားသော အခန်းတွင်း၌ ပဲ့တင်ထပ်သွားသည်။
သူ့မျက်နှာသည် မဲမှောင်နေပြီး နားထင်မှ အကြောများမှာလည်း ဖောင်းတက်နေ၏။
အရှက်ရမှု၊ ဖိအားနှင့် အကူအညီမဲ့မှုတို့မှာ ထိုလက်ဝါးရိုက်ချက် တစ်ချက်တည်းနှင့်ပင် ပေါက်ကွဲထွက်လာတော့သည်။
"ပိုင်မျိုးနွယ်စုက အားကောင်းလွန်းနေပြီ။ ကျောက်ဝူထျန်း..." လီကျန်းဟုန်က ဒေါသကို အနိုင်နိုင်ထိန်းထားရသည့် တုန်ယင်သောလေသံဖြင့် "ငါတို့ ဘာဆက်လုပ်သင့်လဲ?"
သူ့မျက်လုံးများက ကျောက်မျိုးနွယ်စု ခေါင်းဆောင်ဆီသို့ စူးစိုက်ကြည့်လိုက်သည်။
"ဒီအတိုင်းသာ ဆက်သွားနေရင်..." သူက ခါးသီးစွာ ဆက်ပြောလေသည် "ပိုင်မျိုးနွယ်စုက ငါတို့ မျိုးနွယ်စုနှစ်ခုလုံးကို တစ်လုပ်တည်းနဲ့ ဝါးမြိုသွားလိမ့်မယ်။"
ထိုစကားလုံးများကို ပြောထွက်လိုက်ရသည်မှာ သူ့အတွက် အလွန်ပင် ခါးသီးလှပေသည်။
လီကျန်းဟုန်သည် အမြဲတမ်း မာနကြီးခဲ့သူဖြစ်သည်။
လီမျိုးနွယ်စု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူသည် လူအများ၏ အထက်တွင် ရပ်တည်ခဲ့ပြီး ခွန်အားနှင့် အာဏာကို အသုံးပြုကာ လေးစားမှုကို ရယူခဲ့သူဖြစ်သည်။
လီမျိုးနွယ်နှင့် ကျောက်မျိုးနွယ်တို့သာ လက်တွဲထားလျှင် မည်သည့်မျိုးနွယ်စုတစ်စုကမျှ သူတို့ကို ခြိမ်းခြောက်နိုင်လိမ့်မည်
မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။
သို့သော် ယခုမူ-
လက်တွေ့ဘဝက သူ့အပေါ်သို့ ကရုဏာကင်းမဲ့စွာ ဖိနှိပ်လာခဲ့လေပြီ။
သူ၏ မာနတရားများ ရှိနေသော်လည်း လီကျန်းဟုန်သည် အမှန်တရားကို သိရှိနားလည်ထားသည်။
ပိုင်မျိုးနွယ်စုသည် သူတစ်ယောက်တည်း ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။
ကျောက်မျိုးနွယ်စုနှင့် ပေါင်းလျှင်ပင် ယှဉ်နိုင်သည့်အရာ မဟုတ်တော့ပေ။
သူတို့၏ သူတော်စင်အဆင့် ဓားတစ်ခုတည်းနှင့်ပင် သူတို့ မျိုးဆက်ပေါင်းများစွာ တည်ဆောက်ခဲ့သမျှ တွက်ချက်မှုအားလုံးကို ပြောင်းပြန်လှန်ပစ်ရန် လုံလောက်နေပြီဖြစ်သည်။
ထို့ပြင် ချီလင်းတပိုင်း သားရဲကြီးကို သတ်ဖြတ်ခဲ့သည့် ပိုင်မျိုးနွယ်စု၏ ကြောက်မက်ဖွယ်ကောင်းသော ထိုမှော်
သိုင်းကွက်ကလည်း ရှိနေသေးသည်။
မည်သူမျှ - သူတို့၏ အစွမ်းအထက်ဆုံး ဘိုးဘေးကြီးပင်လျှင် - ထိုတိုက်ခိုက်မှုမျိုးမှ အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။
"တကယ်လို့ ပိုင်မျိုးနွယ်စုကသာ ငါတို့ကို စတိုက်ဖို့ ဆုံးဖြတ်လိုက်ရင်..." လီကျန်းဟုန်က လေးလံသော လေသံဖြင့် "ငါတို့မှာ ပြန်တိုက်ဖို့ အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး။"
သူ့စကားအဆုံးတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။
အကြီးအကဲအချို့မှာ ခေါင်းငုံ့သွားကြ၏
အချို့မှာမူ ဝတ်ရုံအတွင်းမှ လက်သီးကို တင်းတင်းဆုပ်ထားကြသည်။
မည်သူမျှ သူ့စကားကို မငြင်းနိုင်ကြပေ။
အကြောင်းမှာ လီကျန်းဟုန် ပြောနေသည်မှာ အမှန်တရားဖြစ်ကြောင်း သူတို့အားလုံး သိနေကြသောကြောင့် ဖြစ်သည်။
မည်သည့်အခါမျှ အားနည်းချက်မပြခဲ့သော လီကျန်းဟုန်ကိုယ်တိုင်ကပင် ယခုကဲ့သို့ ဝန်ခံနေရလေပြီ။
ဟန်ချက်ညီမှုမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
ယခု သူတို့ရင်ဆိုင်နေရသည်မှာ ပြိုင်ဆိုင်မှု မဟုတ်တော့ဘဲ... ရှင်သန်ရပ်တည်ရေး တိုက်ပွဲသာ ဖြစ်တော့သည်။
"စိတ်အေးအေးထားစမ်း လီကျန်းဟုန်”
ကျောက်ဝူထျန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
လီကျန်းဟုန်၏ ဒေါသတရား၊ စိတ်ပျက်အားငယ်မှုတို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ကျောက်ဝူထျန်း မှာမူ တည်ငြိမ်အေးဆေးစွာ ထိုင်နေဆဲဖြစ်သည်။
အမှန်စင်စစ် သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုအဖြစ်သို့ ဖြည်းညှင်းစွာ ကွေးညွှတ်တက်သွား၏။
ထိုအပြုံးသည် လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။
လီကျန်းဟုန်၏ မျက်လုံးများမှာ မှေးစင်းသွားချေ၏
"စိတ်အေးအေးထားရမယ် ဟုတ်လား?" သူက ဒေါသတကြီး ဟောက်လိုက်သည်။ "ကျောက်ဝူထျန်း... မင်းပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ဦး။ ငါတို့ရဲ့ ဩဇာအာဏာတွေ ပြိုလဲနေပြီလေ။ အဲ့ဒါကိုမှ မင်းက ငါ့ကို စိတ်အေးအေးထားဖို့ ပြောနေတာလား?”
ကျောက်ဝူထျန်းသည် သူ့ကို ခေတ္တရပ်ရန် အချက်ပြသည့်အနေဖြင့် လက်ကို အသာအယာ မြှောက်လိုက်သည်။
"ငါပြောတာက စိတ်အေးအေးထားဖို့ပါ လီကျန်းဟုန်..." ကျောက်ဝူထျန်းက သူ၏ အေးဆေးတည်ငြိမ်သော လေသံဖြင့် ထပ်မံပြောကြားလိုက်သည်။
ထိုအမူအရာက လီကျန်းဟုန်ကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။
"ငါ ဘယ်လိုလုပ် စိတ်အေးအေးထားနိုင်မှာလဲ?" လီကျန်းဟုန်က အော်ဟစ်မေးမြန်းလိုက်သည်။
"ငါတို့ရဲ့ ရန်သူက သူတော်စင်အဆင့် ဓားကို ကိုင်ထားတာလေ။ သူတို့က ချီလင်းတပိုင်းသားရဲကြီးကို သတ်ခဲ့တယ်၊ မိစ္ဆာအကြီးအကဲတွေကို ချေမှုန်းခဲ့တယ်။ အခုဆို အင်ပါယာတစ်ခုလုံးက အသားနံ့ရတဲ့ ခွေးတွေလိုမျိုး သူတို့ဆီကို အလုအယက် သွားနေကြပြီ”
သူက ကျောက်ဝူထျန်းကို စူးစိုက်ကြည့်လေ၏
"မင်းလည်း မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်ပြီလို့တော့ ငါ့ကို မပြောနဲ့ဦး”
အခန်းတွင်း၌ ခဏတာမျှ ငြိမ်သက်သွား၏
ထို့နောက်
ကျောက်ဝူထျန်းက ရယ်မောလိုက်တော့သည်။
မှောင်မိုက်နေသော ခန်းမဆောင်အတွင်း၌ သူ၏ အေးစက်သော ရယ်မောသံသည် ပဲ့တင်ထပ်သွားပြီး ဤကဲ့သို့ တင်းမာနေသော အခြေအနေမျိုးတွင် ထိုရယ်သံမှာ လုံးဝကို မလိုက်ဖက်လှပေ။
"ဟ... ဟားဟားဟား..."
လီကျန်းဟုန်မှာ ကြောင်အသွား၏။
အကြီးအကဲများမှာလည်း တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
ကျောက်ဝူထျန်းသည် သူ၏ မျက်လုံးများထဲမှ ထူးဆန်းသော အလင်းရောင်များ တောက်ပလျက် ခေါင်းကို ခါယမ်းလိုက်သည်။
"ငါ့ကံကြမ္မာကို လက်ခံလိုက်ပြီ ဟုတ်လား? အဲ့လို မဟုတ်ဘူး”
ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြီး လက်နှစ်ဖက်ကို လက်တင်ခုံပေါ်တွင် တင်ထားလိုက်သည်။
"ဆန့်ကျင်ဘက်အနေနဲ့..." သူက ခပ်တိုးတိုး ပြောလိုက်သည် "ငါယုံကြည်တာကတော့ ပိုင်မျိုးနွယ်စုက သူတို့ကိုယ်တိုင် ပျက်စီးရာပျက်စီးကြောင်း လမ်းပေါ်ကို လှမ်းတက်လိုက်ပြီ ဆိုတာပဲ။"
ထိုစကားလုံးများက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
"ဘာ?" လီကျန်းဟုန်က မယုံကြည်နိုင်ဟန်ဖြင့် လွှတ်ခနဲ မေးလိုက်မိသည်။
ကျောက်ဝူထျန်း၏ အပြုံးမှာ ပို၍ ကျယ်ပြန့်လာ၏
"သူတို့ရဲ့ သူတော်စင်အဆင့် မှော်လက်နက်ကပဲ..." သူက ရှင်းလင်းစွာ ပြောလိုက်၏ "သူတို့ရဲ့ ပျက်စီးခြင်း အကြောင်းရင်း ဖြစ်လာလိမ့်မယ်။"
အခန်းတွင်း၌ ရှုပ်ထွေးသွားကြတော့သည်။
လီကျန်းဟုန်သည် အဓိပ္ပာယ်မရှိသော စကားများကို ကြားနေရသကဲ့သို့ ကျောက်ဝူထျန်းကို စိုက်ကြည့်နေမိသည်။
"မင်း ရူးသွားပြီလား? အဲ့ဒီဓားကြောင့်ပဲ သူတို့က အခုချိန်မှာ ဘယ်သူမှ မထိဝံ့တဲ့ အနေအထား ရောက်နေတာလေ”
"ဟုတ်လို့လား?" ကျောက်ဝူထျန်းက တည်ငြိမ်စွာ မေးလိုက်သည်။ "ဒါမှမဟုတ် အဲ့ဒီဓားကြောင့်ပဲ သူတို့က ကောင်းကင်အင်ပါယာ တစ်ခုလုံးမှာ အထင်ရှားဆုံး ပစ်မှတ်ကြီး ဖြစ်သွားတာလား?"
လီကျန်းဟုန်မှာ တွေဝေသွား၏။
မည်သူမျှ ကြားဖြတ်မပြောနိုင်ခင်မှာပင် ကျောက်ဝူထျန်းက သူ၏ ယုံကြည်မှုအပြည့်ရှိသော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ငါ့ကိုပြောစမ်း..." သူက မေးလိုက်၏ "ဒီအင်ပါယာထဲမှာ ဘယ်လိုလူမျိုးတွေ နေထိုင်ကြသလဲ?"
လီကျန်းဟုန်က မျက်မှောင်ကြုတ်လိုက်၏
"ဒါက ဘာမေးခွန်းလဲ?"
"လောဘသားတွေပေါ့၊" ကျောက်ဝူထျန်းက သူဘာသာပင် ပြန်ဖြေလိုက်သည်။ "ရည်မှန်းချက်ကြီးတဲ့သူတွေ၊ အာဏာကို ကြောက်ရွံ့တဲ့သူတွေ... ပြီးတော့ အာဏာကို မက်မောတဲ့သူတွေပေါ့။"
သူက ကိုယ်ကို အနည်းငယ် မတ်လိုက်၏
"မျိုးဆက်ပေါင်းများစွာတိုင်အောင် ဒီမြေမှာ သူတော်စင်အဆင့် မှော်လက်နက်ဆိုတာ ဒဏ္ဍာရီတစ်ခုထက် မပိုခဲ့ဘူး။ အင်ပါယာ နန်းတွင်းမိသားစုမှာတောင် တစ်ခုမှ မရှိကြဘူးလေ။"
သူ၏ မျက်လုံးများက အခန်းတွင်းရှိသူများကို ဝေ့ကြည့်လိုက်သည်။
"အခုတော့ ရုတ်တရက်ကြီး... မျိုးနွယ်စုတစ်ခုတည်းက သူတော်စင်အဆင့် ဓားမြတ်ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ပေါ်ထွက်လာပြီ။"
လီကျန်းဟုန်၏ မျက်နှာအမူအရာသည် တစ်ဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။
ကျောက်ဝူထျန်းသည် စားပွဲပေါ်ကို လက်ချောင်းဖြင့် အသာအယာ တောက်
လိုက်သည်။
"လောဘသားတွေက ဘယ်သူ့ကို အရင်ဆုံး ကြည့်ကြမယ်လို့ မင်းထင်သလဲ?"
"အင်ပါယာ နန်းတွင်းမိသားစုကရော ဘယ်သူ့ကို သံသယဝင်ပြီး စိုးရိမ်လာမယ်လို့ ထင်သလဲ?"
တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။
အဖြေက ရှင်းလင်းလှပေသည်။
ကျောက်ဝူထျန်း၏ အပြုံးသည် ပျောက်ကွယ်သွားပြီး အေးစက်သော တွက်ချက်မှုများက အစားထိုးဝင်ရောက်လာ၏။
"ပိုင်မျိုးနွယ်စုက သူတို့ရဲ့ ကျောပေါ်မှာ ပစ်မှတ်ကြီးတစ်ခုကို သူတို့ဘာသာ ရေးဆွဲလိုက်တာပဲ၊" သူက ပြောလိုက်သည် "ငါတို့အတွက်တင် မဟုတ်ဘူး... လူတိုင်းအတွက်ပဲ။"
လီကျန်းဟုန်၏ မျက်ခုံးများမှာ အပြင်းအထန် တွန့်ချိုးသွားကာ- "မင်းပြောချင်တာက... အင်ပါယာ နန်းတွင်းမိသားစုလား?"
"သေချာတာပေါ့၊" ကျောက်ဝူထျန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"သူတို့ရဲ့ အာဏာစက်ကို ခြိမ်းခြောက်နိုင်တဲ့ သူတော်စင်အဆင့် လက်နက်ကို သူတို့လက်အောက်က မျိုးနွယ်စုတစ်ခုက ကိုင်ထားတာကို... နန်းတွင်းမိသားစုက ဒီအတိုင်း ထိုင်ကြည့်နေမယ်လို့ မင်းတကယ် ယုံနေတာလား?"
သူက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
"အဲ့ဒီဓားက ငါတို့မျိုးနွယ်စုနှစ်ခုထက်စာရင် ဟန်ချက်ညီမှုကို ပိုပြီးတော့ ပြိုကွဲစေတယ်။"
"ဒါတင်မကသေးဘူး... ပိုင်မျိုးနွယ်စုနောက်ကို လိုက်နေတာက ဒီကောင်းကအင်ပါယာ ထဲက လူတွေပဲလို့ မင်းထင်နေတာလား?"
"မင်းပြောချင်တာက..."
လီကျန်းဟုန်၏ အသံသည် အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားမှုကြောင့် တိမ်ဝင်သွားတော့သည်။
ထိုအကျိုးဆက်သည် ထိတ်လန့်စရာကောင်းသလို၊ ရင်ခုန်စရာလည်း ကောင်းလှပေသည်။
ကောင်းကင်အင်ပါယာတစ်ခုတည်း မဟုတ်ပေ။
အခြားအင်ပါယာများကပါ ပိုင်မျိုးနွယ်စု၏ သူတော်စင်အဆင့် လက်နက်ကို မက်မောလာကြပေလိမ့်မည်။
ကျောက်ဝူထျန်းသည် သူ၏ ဝတ်ရုံလက်စက ကို ခါလိုက်သည်။
ကျောက်စိမ်းမှတ်တမ်းစာလွှာအထပ်လိုက်သည် ကျောက်စားပွဲပေါ်တွင် တိတ်ဆိတ်စွာ လျှောတိုက်သွားပြီး လီကျန်းဟုန်၏ ရှေ့၌ ရပ်တန့်သွား၏။
"ရော့... ဒါကတော့ ပိုင်မျိုးနွယ်စုကို နှိမ်နင်းဖို့ ငါတို့နဲ့ ပူးပေါင်းချင်နေတဲ့ မျိုးနွယ်စုတွေရဲ့ စာရင်းပဲ၊" ကျောက်ဝူထျန်းက ပြောလိုက်သည်။
လီကျန်းဟုန်သည် လက်ကိုဆန့်ကာ ကျောက်စိမ်း မှတ်တမ်းတစ်ခုကို ကောက်ယူလိုက်သည်။
၎င်းအတွင်းမှ အကြောင်းအရာများကို ဖတ်ရှုလိုက်ရချိန်တွင် လီကျန်းဟုန်၏ သူငယ်အိမ်မှာ ကျုံ့သွားတော့သည်။
သူ့လက်များမှာ အနည်းငယ် တုန်ယင်လာ၏။
ယခင်က ရှိခဲ့သော မှောင်မိုက်ခြင်း၊ စိတ်ပျက်ခြင်းနှင့် ဒေါသတရားများမှာ တစ်စစီ ပျောက်ကွယ်သွားပြီး သိသာထင်ရှားလှသော စိတ်လှုပ်ရှားမှုများက အစားထိုးဝင်ရောက်လာတော့သည်။
ကျောက်ဝူထျန်းကတော့ အေးစက်တည်ငြိမ်သော မျက်လုံးများဖြင့် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
"ပိုင်မျိုးနွယ်စုရဲ့ အကြီးမားဆုံးသော ရတနာက” ကျောက်ဝူထျန်းက အေးဆေးစွာ ပြောလိုက်သည်။ "သူတို့ရဲ့ ပျက်စီးခြင်း အကြောင်းရင်းလည်း ဖြစ်လာလိမ့်မယ်”