ကောင်းကင်အင်ပါယာ၏ ဧကရာဇ်မင်းမြတ်
Vol. 29 Ch. 431
အင်ပါယာကိုယ်ရံတော်တစ်ဦးသည် ပိုင်မျိုးနွယ်စုကို ကြိုဆိုရန် ချက်ချင်းရှေ့သို့ တိုးလာပြီး ရိုသေစွာ နှုတ်ဆက်ကာ အခမ်းအနားခန်းမဆောင်ဆီသို့ ဦးဆောင်ခေါ်သွားသည်။
နန်းတော်အစောင့်တပ်သားများ၏ စောင့်ကြည့်မှုအောက်တွင် ပိုင်မျိုးနွယ်စုသည် အင်ပါယာနန်းတော်အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်။
ပိုင်မျိုးနွယ်စုသည် ဤလမ်းကြောင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမှန်တကယ်တော့ လမ်းပြရန်ပင် မလိုပေ။
သူတို့သည် ဤခန်းမဆောင်များအတွင်းသို့ တစ်ကြိမ်ထက်မက လျှောက်လှမ်းဖူးသည်။
သို့သော်လည်း နန်းတွင်းထုံးတမ်းစဉ်လာများကို လျစ်လျူရှု၍မရပေ။
ယခုကဲ့သို့ အချိန်မျိုးတွင် ယဉ်ကျေးမှု အနည်းငယ်မျှ ချို့ယွင်းသွားခြင်းသည်ပင် မရိုမသေပြုမူခြင်းဟု အဓိပ္ပာယ်ကောက်ယူနိုင်ပြီး ဧကရာဇ်မိသားစုအနေဖြင့်လည်း ထိုကဲ့သို့ အမှားမျိုး အဖြစ်မခံနိုင်ပေ။သူတို့၏ခြေဖဝါးအောက်ရှိ ရွှေရောင်ကြွေပြားများမှာ မှန်တစ်ချပ်ကဲ့သို့ ပြောင်လက်နေသည်။ ဘေးတစ်ဖက်တစ်ချက်ရှိ ကြီးမားသော တိုင်လုံးကြီးများတွင် နဂါးရုပ်များနှင့် လျှို့ဝှက်အစီရင်စုသင်္ကေတများ ထွင်းထုထားသည်။
နောက်ဆုံးတွင် သူတို့ ရောက်ရှိလာခဲ့ပြီ။
မဟာအခမ်းအနား ခန်းမဆောင်ကြီး
တံခါးကြီးများကို ဖွင့်လှစ်ထားပြီးဖြစ်သည်။
ပိုင်မျိုးနွယ်စုဝင်များ အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ခန်းမအတွင်းရှိ လေထုမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။
ခန်းမကြီးသည် ကျယ်ဝန်းလှပြီး ရင်းနှီးပြီးသား ပုဂ္ဂိုလ်များနှင့် အရှိန်အဝါကြီးမားသူများဖြင့် ပြည့်နှက်နေသည်။
မျိုးနွယ်စုခေါင်းဆောင်များ
ဂိုဏ်းချုပ်များ။
အမတ်မင်းများ။
အခြားအင်ပါယာများမှ လာရောက်သော သံတမန်များပင် ရှိနေသည်။
စစ်သူကြီးဝေပင် ရှိနေပြီး ရှေ့ဆုံးနားတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ကြည်ခန့်ညားစွာ ရပ်နေသည်။
မိစ္ဆာတပ်ဖွဲ့များနှင့် စစ်ပွဲအတွင်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သူအားလုံးနီးပါး ဤနေရာတွင် ရှိနေကြသည်။
ပိုင်မျိုးနွယ်စု ခန်းမအတွင်း ဝင်လာသည့်အချိန်တွင်
အာရုံစိုက်မှုများ စုပြုံလာသည်။
စကားပြောသံများ ရပ်တန့်သွားသည်။
မျက်လုံးများအားလုံး ဝိုင်းကြည့်လာကြသည်။
ထို့နောက်
လှုပ်ရှားမှုများ စတင်လာသည်။
"မျိုးနွယ်စုခေါင်းဆောင် ပိုင်”
အလတ်စား မျိုးနွယ်စုခေါင်းဆောင်တစ်ဦးက တက်ကြွသော မျက်နှာထားဖြင့် အရင်ဆုံး ချဉ်းကပ်လာပြီး လက်အုပ်ချီကာ အလေးအနက် ဦးညွှတ်လိုက်သည်။
"ပိုင်မျိုးနွယ်စုရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် မြောက်ဘက်စစ်မျက်နှာကို ကယ်တင်နိုင်ခဲ့တာပါ။ တကယ်ကို ချီးကျူးစရာပါပဲ”
ပိုင်ထျန်းဟမ် ပြန်မပြောနိုင်သေးခင်မှာပင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။
"မှန်ပါတယ်၊ မျိုးနွယ်စုခေါင်းဆောင် ပိုင်နဲ့ ပိုင်မျိုးနွယ်စုသာ မရှိရင် ကျွန်တော်တို့ ခုထိ ရှုံးနိမ့်နေတဲ့ စစ်ပွဲကို တိုက်နေရဦးမှာပါ"
လူအများအပြားသည် ထိုသူ၏နောက်မှ လိုက်ပါလာပြီး ပိုင်မျိုးနွယ်စုကို ချက်ချင်းပင် ဝိုင်းရံလိုက်ကြသည်။
"အကြီးအကဲချုပ် ပိုင်... ခင်ဗျားတို့ မျိုးနွယ်စုရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဘယ်သူမှ မေ့မှာမဟုတ်ပါဘူး"
"အင်ပါယာကြီးက ခင်ဗျားတို့ကို အကြွေး အများကြီး တင်သွားပါပြီ"
ချီးမွမ်းစကားများ တရစပ် ထွက်ပေါ်လာသည်။
မြှောက်ပင့်စကားများမှာလည်း တစ်ခုပြီးတစ်ခု ပုံလာသည်။
ပိုင်မျိုးနွယ်စုကမူ တည်ငြိမ်သော ယဉ်ကျေးမှုဖြင့်သာ တုံ့ပြန်ရင်း လွန်လွန်ကဲကဲ အဖက်လုပ်ခြင်းလည်းမရှိ၊ လျစ်လျူရှုထားခြင်းလည်း မရှိပေ။
ပိုင်ထျန်းဟမ်သည် ယဉ်ကျေးသော စကားလုံးများကို လဲလှယ်ပြောဆိုရင်း ထိုကဲ့သို့သော အခြေအနေမျိုးကို ရင်းနှီးနေသည့်အတိုင်း တည်ငြိမ်စွာ ရင်ဆိုင်နေသည်။
တစ်ချိန်တည်းမှာပင် လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှာ အဝေးမှနေ၍ သူတို့၏ ထိန်းချုပ်ထားသော အမူအရာများအောက်တွင် ဒေါသများကို အောင့်ထားကြရသည်။
စွန့်လွှတ်အနစ်နာခံမှုဟု ဆိုလျှင် သူတို့ကသာ အဆုံးရှုံးအများဆုံး ခံစားခဲ့ရခြင်းဖြစ်သည်။ သို့သော် ချီးမွမ်းစကားများကို နားထောင်ရသလောက် ပိုင်မျိုးနွယ်စု တစ်စုတည်းသာ သားရဲဒီရေလှိုင်းနှင့် မိစ္ဆာသားရဲများကို တိုက်ခိုက်ခဲ့သကဲ့သို့ပင် ဖြစ်နေသည်။
လီကျန်းဟုန်သည် သူ၏ ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
"ဟက်၊ ပိုင်ထျန်းဟမ်... မင်း ပျော်နိုင်တုန်း ပျော်ထားလိုက်ဦး။ မကြာခင် မင်း ငါ့ခြေဖဝါးအောက်မှာ ဝပ်တွားလာရမှာပါ”
ပိုင်ထျန်းဟမ်မှာမူ လူအများ ဝိုင်းရံထားသဖြင့် လီနှင့် ကျောက်မျိုးနွယ်စုတို့ ဘယ်နေရာမှာ ရှိနေသလဲဆိုသည်ကိုပင် လှည့်ကြည့်ရန် အချိန်မရှိပေ။
သူ့ကို ဝိုင်းထားသူများထဲတွင် အနာဂတ်၌ ပိုင်မျိုးနွယ်စုနှင့် ပူးပေါင်းဆောင်ရွက်ရမည့် သြဇာရှိသူများ ပါဝင်နေသဖြင့် သူတို့ကို ဖယ်
ခိုင်းရန်လည်း မဖြစ်နိုင်ပေ။
သို့သော် မကြာမီ
အာရုံစိုက်မှုများက သိမ်မွေ့စွာ ပြောင်းလဲသွားသည်။
မျက်လုံးများက ပိုင်ကျီဟန်ထံသို့ ရောက်ရှိလာသည်။
"သခင်လေးပိုင်... မင်းရဲ့နာမည်က ငါတို့မျိုးဆက်ကြားမှာ ဒဏ္ဍာရီတစ်ခု ဖြစ်နေပါပြီ။ ကိုယ့်အဆင့်ထက် အများကြီးမြင့်တဲ့ မိစ္ဆာတပ်ဖွဲ့တွေကို ရင်ဆိုင်နိုင်ခဲ့တာက... တကယ်ကို လူသားတွေထဲက သူရဲကောင်းပါပဲ"
လူငယ်မျိုးဆက်တစ်ဦးက လေးစားစွာ ပြောလိုက်သည်။
နောက်တစ်ဦးကလည်း ချက်ချင်းပင်ပြော၏
"မှန်ပါတယ်၊ သခင်လေးပိုင်သာ စစ်ကြောင်းကို ထိန်းမထားနိုင်ခဲ့ရင် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ သေဆုံးသွားမှာပါ။"
"ပိုင်မျိုးနွယ်စုရဲ့ အမွေအနှစ်နဲ့ ထိုက်တန်တဲ့ ပါရမီရှင်ပါပဲ"
"ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်”
စကားလုံးများမှာ အလွန်အမင်း မြှောက်ပင့်လွန်းလှသော်လည်း
စိတ်ရင်းနှင့်ဖြစ်စေ၊ ဟန်ဆောင်ကောင်းခြင်းဖြစ်စေ အတော်လေး နားဝင်ပီသူ ရှိလှသည်။
ပိုင်ကျီဟန်ကမူ ခေါင်းလေးညိတ်ကာ သာမန်ကာလျှံကာ ပြုံးရုံသာ တုံ့ပြန်သည်။
မည်သူမျှ သူ၏ ဒုက္ခိတဖြစ်နေသည့် အခြေအနေကို ထုတ်မပြောကြပေ။
ပိုင်မျိုးနွယ်စု၏ နဂါးအကြေးခွံကို သွားထိရလောက်အောင် မည်သူမျှ မမိုက်မဲကြပေ။
သူတို့၏ စကားလုံးများကို ဂရုတစိုက် ရွေးချယ်ထားကြသည်။
ဤကဲ့သို့သော နေရာမျိုးတွင် ပိုင်ကျီဟန်ကို ဒုက္ခိတဟု ပေါ်တင်ပြောဆိုခြင်းသည် ပိုင်မျိုးနွယ်စု၏ မျက်နှာကို လက်ဝါးနှင့် ရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။
ထိုအကျိုးဆက်ကို မည်သူမျှ မခံစားလိုကြပေ။
စစ်သေနာပတိချုပ်ဝေ၏ အကြည့်မှာ ပိုင်ကျီဟန်ထံတွင် အခြားသူများထက် ပိုကြာကြာ တည်နေသည်။
ထို့နောက် သူက လေးနက်စွာ တစ်ချက် ခေါင်းညိတ်ပြသည်။
သူကိုယ်တိုင်လည်း ပိုင်မျိုးနွယ်စုအပေါ် ကျေးဇူးတင်ရှိပြီး ကိုယ်တိုင် သွားရောက်ကျေးဇူးတင်ချင်သော်လည်း လူအများ ဝိုင်းနေသည်ကို မြင်ရသဖြင့် ပို၍ ရှုပ်ထွေးအောင် မလုပ်တော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
သူ၏မျက်လုံးထဲတွင် နှမြောတသမှုများလည်း ရှိနေသည်။
အနာဂတ်တွင် အကန့်အသတ်မရှိ တိုးတက်နိုင်သော ပါရမီရှင်တစ်ဦးမှာ သူ၏ အနာဂတ်အစစ်အမှန် မပွင့်လန်းမီမှာပင် ချိုးနှိမ်ခံလိုက်ရခြင်းဖြစ်သည်။
ဤသည်မှာ ကောင်းကင်အင်ပါယာအတွက် ဆုံးရှုံးမှုတစ်ခုပင်။
သို့သော် ကံကြမ္မာဆိုသည်မှာ ဤသို့ပင် ဖြစ်တတ်သည်။
မကြာမီ နောက်ဆုံးရောက်လာသူများ နေရာယူပြီးချိန်တွင် ခန်းမအတွင်း၌ သိမ်မွေ့သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
စကားပြောသံများ တဖြည်းဖြည်း တိုးသွား၏
တိတ်ဆိတ်သွားချေသည်။
ခန်းမကြီး၏ ရှေ့ဆုံးရှိ နန်းပလ္လင်စင်မြင့် နောက်ကွယ်မှ တံဆိပ်တော်တပ် တံခါးကြီးများ ဖြည်းညှင်းစွာ ပွင့်လာသဖြင့် အင်ပါယာ အထိန်းတော်များမှာ ကိုယ်ကို မတ်လိုက်ကြသည်။
"ကောင်းကင်အင်ပါယာရဲ့ မဟာဧကရာဇ်မင်းမြတ် ကြွလာတော်မူပြီ”
ကြေညာသံသည် ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
ခန်းမအတွင်းရှိ မျိုးနွယ်စုခေါင်းဆောင်များ၊ ဂိုဏ်းချုပ်များ၊ အမတ်များနှင့် သံတမန်များအားလုံး ဗီဇအရ ကိုယ်ကို မတ်လိုက်ကြသည်။
လူတိုင်းသည် ဝင်ပေါက်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
ပိုင်ကျီဟန်လည်း ထို့အတူပင်။
သူ စူးစမ်းချင်စိတ် ဖြစ်နေသည်။
သူ၏ ငယ်ဘဝတွင် ဧကရာဇ်နှင့် တွေ့ဖူးသော်လည်း ထိုအချိန်က သူ၏ အမြင်အာရုံကို စနစ်က ဖုံးကွယ်ထားခဲ့သည်။
ထို့အပြင် နောက်ပိုင်းတွင် ကောလာဟလများမှာ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်
ဧကရာဇ်၏ ကျန်းမာရေးသည် ယိုယွင်းနေ၏
ကွယ်လွန်ရန်မှာ အချိန်ပိုင်းသာ လိုတော့သည်ဟူ၍သာ
ထိုကောလာဟလများကြောင့် ပိုင်ကျီဟန်၏ စိတ်ထဲတွင် ဧကရာဇ်၏ ပုံရိပ်မှာ—ဆေးလုံးများ၏ အကူအညီဖြင့် အသက်ဆက်နေရသော၊ ရှေးရိုးအစဉ်အလာ အာဏာကိုသာ ဆုပ်ကိုင်ထားရသော အိုမင်းမစွမ်း အဘိုးကြီးတစ်ဦးအဖြစ်သာ အလိုအလျောက် ပုံဖော်ထားခဲ့မိသည်။
သို့သော် ဧကရာဇ် ပေါ်လာသောအခါ
ပိုင်ကျီဟန်မှာ အံ့အားသင့်သွားရသည်။
ခန်းမအတွင်းသို့ လှမ်းဝင်လာသော အမျိုးသားမှာ အိုမင်းနေကာ ဆံပင်များတွင် ငွေရောင်များ ယှက်သန်းနေပြီး မျက်နှာတွင်လည်း အိုမင်းမှု အမှတ်အသားများ ရှိနေသည်။
သို့သော် အားနည်းနေသလား?
အနည်းငယ်မျှ အားနည်းခြင်းမရှိပေ။
သူ၏ ကျောမှာ မတ်နေသည်။
သူ၏ ခြေလှမ်းများသည် ခိုင်မာပြီး အလျင်စလိုမရှိပေ။
ပွပွယောင်းယောင်း အင်ပါယာဝတ်ရုံအောက်တွင် သန်မာသော ကြွက်သားအမြှောင်းအမြှောင်းများ၏ ပုံရိပ်သည် အတိုင်းသား မြင်နေရသည်။ ၎င်းတို့မှာ ကျစ်လျစ်ပြီး စည်းကမ်းရှိကာ ယိုယွင်းပျက်စီးနေခြင်း မရှိပေ။
သူ၏ ခြေလှမ်းတိုင်းတွင် အလေးချိန် ပါဝင်နေပြီး ၎င်းမှာ ကျင့်စဉ်အဆင့်၏ ဖိအားကြောင့်သာမက အစစ်အမှန် အာဏာစက်ကြောင့်လည်း ဖြစ်သည်။
သူ၏ထံမှ ယုံကြည်မှုများ ထွက်ပေါ်နေသည်။
၎င်းမှာ သန်မာဟန်ဆောင်နေသော သူတစ်ဦး၏ ဟန်ဆောင်ယုံကြည်မှုမျိုး မဟုတ်ဘဲ မိမိ၏ ရာထူးနေရာကို မိမိသိပြီး ခိုင်မြဲစွာ ဆုပ်ကိုင်ထားသော အုပ်ချုပ်သူတစ်ဦး၏
တည်ငြိမ်သော ယုံကြည်မှုမျိုး ဖြစ်သည်။
သူ၏ မျက်လုံးများမှာ ထက်မြက်ပြီး ကြည်လင်နေကာ ခန်းမတစ်ခုလုံးကို ဘာမှမလွတ်စေဘဲ တည်ငြိမ်စွာ ဝေ့ကြည့်လိုက်သည်။
ပိုင်ကျီဟန်၏ မျက်ခုံးများမှာ သိသိသာသာ မြင့်တက်သွားသည်။
(ဒါဆို ကောလာဟလတွေက အလိမ်အညာတွေပေါ့?)
သို့သော် သူ ထိုသို့မထင်ပေ။ အင်အားစုအသီးသီးမှ သူလျှိုများသည် ဧကရာဇ်မှာ သေလုမြောပါး ဖြစ်နေသည်ကို မြင်တွေ့ခဲ့ရပြီး သတင်းပို့ခဲ့ကြခြင်း ဖြစ်သဖြင့် ၎င်းမှာ ရိုးရိုးကောလာဟလ မဟုတ်နိုင်ပေ။
ပိုင်ကျီဟန် ကိုယ်တိုင်လည်း ခုန်ကျန်းဟုန်ထံမှ သတင်းတစ်ခု ရရှိခဲ့ဖူးသည်။ ခုန်ကျန်းဟုန်၏ သတင်းပို့ချက်မှာ မှားယွင်းလိမ့်မည်ဟု သူ မယူဆပေ။
သူတစ်ယောက်တည်း အံ့အားသင့်နေခြင်း မဟုတ်ပေ။
ခန်းမအတွင်းရှိ လူများ၏ တုံ့ပြန်မှုများမှာ သိမ်မွေ့စွာ ပျံ့နှံ့သွားသည်။
အချို့က မျက်လုံးများ ပြူးသွားကြသည်။ အချို့မှာ အလိုအလျောက် ကိုယ်ကို တောင့်တင်းသွားစေသည်။ အချို့ကမူ အံ့အားသင့်သော အကြည့်များကို အချင်းချင်း ဖလှယ်လိုက်ကြသည်။
ဤနေရာတွင် ရှိနေသူတိုင်းသည် ဧကရာဇ်၏ ကျန်းမာရေးအခြေအနေကို သိထားကြသော်လည်း လူကိုယ်တိုင် မြင်လိုက်ရသည့်အခါတွင် သတင်းပို့ချက်များထဲကနှင့် လုံးဝ မတူညီနေပေ။
ဧကရာဇ်သည် မည်သူ့အကူအညီမှ မပါဘဲ နန်းပလ္လင်စင်မြင့်ပေါ်သို့ တက်လှမ်းသွားပြီးနောက် လှည့်၍ ချောမွေ့စွာ ထိုင်ချလိုက်သည်။
ဧကရာဇ် သူ၏ထိုင်ခုံ၌ အခြေချလိုက်သည့်အချိန်တွင် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။
ထိုအပြုံးနှင့်အတူ အသံတိတ် သတိပေးချက်တစ်ခုမှာ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်