← Chapters

တပ်မက်ခြင်းချည်မျှင်များ၊ မတုန်လှုပ်သောနှလုံးသား

Vol. 29 Ch. 436

တပ်မက်ခြင်းချည်မျှင်များ၊ မတုန်လှုပ်သောနှလုံးသား

Vol. 29 Ch. 436

တိတ်ဆိတ်မှုက ကြာရှည်စွာ လွှမ်းမိုးထားသည်။

အကြံအစည် အကွက်ချမှုများဖြင့် ပြည့်နှက်နေသော လေးလံသည့် တိတ်ဆိတ်မှုမျိုးပင်။

ထိုစဉ်

နူးညံ့သောအသံတစ်သံက ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ခမည်းတော် ဧကရာဇ်မင်းမြတ်”

တီးတိုး ပြောဆိုသံများအားလုံး ချက်ချင်း ငြိမ်သက်သွားကြသည်။

လူတိုင်း လှည့်ကြည့်လိုက်ကြ၏။

ယုဖေးယန်—မဟုတ်သေး၊ ချင်လင်းရှောင် သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ ကျော့ရှင်းလှပလွန်းသည်။

သူမ၏ အမူအရာတွင် ဒေါသအရိပ်အယောင်ဖြစ်စေ၊ နာကျင်မှုဖြစ်စေ လုံးဝမရှိပေ။

နူးညံ့သိမ်မွေ့ခြင်းနှင့် နားလည်ပေးခြင်းတို့သာ အပြည့်ရှိနေသည်။

သူမသည် ညင်သာစွာ ဦးညွှတ်လိုက်သည်။

"ဒီသမီးတော်ကို သခင်လေးပိုင်နဲ့ စကားခေတ္တပြောဆိုခွင့် ပြုပါဦး”

တိုးညှင်းစွာ ဆိုလိုက်သည်။

သူမ၏ အသံမှာ သာယာနာပျော်ဖွယ်ရှိလှပြီး တစ်ဖက်လူ၏ ခုခံမှုကို လျှော့ချနိုင်လောက်အောင် နွေးထွေးကာ စိတ်ကို ကြည်လင်စေလောက်အောင် တည်ငြိမ်လှသည်။

ထို့နောက် သူမသည် အကြည့်ကို ပင့်တင်လိုက်၏

ပိုင်ကျီဟန်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။

"သခင်လေးပိုင်..." သူမ၏ လေသံမှာ စိတ်ရင်းမှန်လှပြီး ကြင်နာမှုတို့ လွှမ်းမိုးနေကာ "ကျွန်မအနေနဲ့ ပြဿနာဖြစ်အောင် လုပ်ဖို့ လုံးဝရည်ရွယ်ချက်မရှိပါဘူး"

သူမ၏ စကားလုံးများမှာ ဆွဲငင်အားတစ်ခုကဲ့သို့ လူအများ၏ အာရုံကို ဖမ်းစားထားသည်။

"သခင်လေးရဲ့ နှလုံးသားက တခြားတစ်ယောက်ဆီမှာ ရှိနေပြီးသားဆိုရင်... ကျွန်မက ဘယ်လိုလုပ်ပြီး သခင်လေးရဲ့ ဘဝထဲကို အတင်းအဓမ္မ ဝင်ရောက်နိုင်ပါ့မလဲ?"

အချို့သောသူများမှာ မသိစိတ်ဖြင့် ခေါင်းငြိမ့်မိကြသည်။

ဘယ်လောက်တောင် အကျိုးအကြောင်း သိတတ်တဲ့ မင်းသမီးလေးလဲ။

ဘယ်လောက်တောင် ကျော့ရှင်းတင့်တယ်ပြီး သိက္ခာရှိလိုက်သလဲ။

ချင်လင်းရှောင်က ဖျော့တော့စွာ ပြုံးလိုက်သည်။

"ဒါပေမဲ့..."သူမက တိုးတိုးလေး ဆိုသည်။

ထိုစကားတစ်လုံးကြောင့်ပင် ပိုင်ကျီဟန်၏ အတွင်းစိတ် အလိုလိုသိစိတ်များက သတိပေးချက် ထုတ်ပြန်လိုက်ရသည်။

"ဒါပေမဲ့ ခံစားချက်ဆိုတာ အပြစ်မှ မဟုတ်တာပဲ... ကြည်ညိုမြတ်နိုးတာကလည်း အပြစ်မဟုတ်ပါဘူး"

သူမသည် ချူကျီယန်ဘက်သို့ အကြည့်လွှဲလိုက်သည်။

"မိန်းကလေး ချူကျီယန်အပေါ်မှာရော၊ ချူမျိုးနွယ်စုအပေါ်မှာပါ မလေးစားတဲ့ စိတ်

ရည်ရွယ်ချက် မရှိပါဘူး" သူမက ညင်သာစွာ ဆိုသည်။

သူမ၏ စကားလုံးများမှာ အပြစ်ဆိုဖွယ်ရာမရှိပေ။

ပြည့်စုံလွန်းလှသည်။

သို့သော် ပိုင်ကျီဟန်မှာမူ သူ၏ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားသည်ကို ခံစားလိုက်ရသည်။

(ဒီမိန်းမ... သူက လက်လျှော့ချင်တဲ့ပုံ မရှိဘူး)

"ကျွန်မကတော့ တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ် ကိုယ့်နှလုံးသားဆန္ဒနောက်ကို လိုက်ကြည့်ချင်ခဲ့တာပါ"

သူမ ခေါင်းငြိမ့်လိုက်သည်။

"တကယ်လို့ သခင်လေးပိုင်က ဒါကို လုံးဝ လက်မခံနိုင်ဘူးဆိုရင်တော့ ကျွန်မ ဇွတ်မတောင်းဆိုပါဘူး"

ခေတ္တမျှ တိတ်ဆိတ်သွား၏

ထို့နောက်

"ဒါပေမဲ့ ကျွန်မ မျှော်လင့်တာတစ်ခုကတော့” သူမက ဆက်ပြော၏ “ ဒီကိစ္စဟာ နားလည်မှုလွဲတာတွေ ဒါမှမဟုတ် ရန်လိုမှုတွေနဲ့ မပြီးဆုံးသွားဖို့ပါပဲ"

သူမ၏ အကြည့်ကို တစ်ဖက်သို့ ပြန်လည်ပင့်တင်လိုက်သည်။

"ကျွန်မ တစ်စုံတစ်ယောက်ကို နာကျင်အောင်လုပ်ဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ပါဘူး” သူမကတိတ်ဆိတ်စွာဆို၏ “ သခင်လေးပိုင်နဲ့ မိန်းကလေးချူတို့ရဲ့ ခံစားချက်တွေကြားထဲ ဝင်နှောင့်ယှက်ဖို့လည်း ဆန္ဒမရှိပါဘူး"

သူမသည် မျက်တောင်များ တုန်ရင်လျက် အကြည့်ကို အောက်သို့ အနည်းငယ် ချလိုက်သည်။

"ဒါပေမဲ့... ခံစားချက်ဆိုတာက ကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ အရာမှ မဟုတ်တာပဲ"

စကားလုံးများက ရိုးရှင်းသည်။

စိတ်ရင်းမှန်သည်ဟု ထင်ရသည်

ခန်းမအတွင်းတွင် တိုးညှင်းသော လှုပ်ခတ်မှုများ ဖြစ်ပေါ်သွားသည်။

အချို့က စိတ်ထဲမှ သက်ပြင်းချမိကြ၏

အချို့မှာမူ မသိစိတ်ဖြင့် ခေါင်းငြိမ့်မိကြသည်။

အမှန်စင်စစ် ကျင့်ကြံသူ အတော်များများမှာ ယုဖေးယန် ဖော်ပြနေသော ထိုသို့သော ခံစားချက်မျိုးတွင် ကျဆုံးဖူးကြသည် မဟုတ်ပါလော

ယုဖေးယန်သည် သူမ၏အကြည့်ကို ထပ်မံပင့်တင်လိုက်ပြီး ယခုတစ်ကြိမ်တွင် ပိုင်ကျီဟန်ကို တည့်တည့် စိုက်ကြည့်လိုက်သည်။

"ပဋိပက္ခဖြစ်စရာ မလိုပါဘူး” သူမက ညင်သာစွာပြော၏ “ အကယ်၍ ကျွန်မ ရှိနေတာက စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ကျွန်မ နောက်ဆုတ်ပေးဖို့ အသင့်ပါပဲ"

ခတ္တရပ်နားပြီး

"ဒါပေမဲ့” သူမကိုယ်သူမ အခက်တွေ့နေသည့်အလား တုံ့ဆိုင်းပြပြီး “သခင်လေးပိုင်နဲ့ ခဏလောက်ပဲဖြစ်ဖြစ် စကားပြောခွင့် ရမလားရှင်?"

သူမ၏ လေသံမှာ တောင်းပန်တိုးလျှိုးသည့် လေသံမျိုးပင်။

"စကားအနည်းငယ်ပါပဲ။ အဲဒီနောက်မှာမှ ကျွန်မ ဒီခံစားချက်တွေကို မစွန့်လွှတ်နိုင်သေးဘူးဆိုရင်... အဲဒီကျမှ ကျွန်မ လုံးဝ လက်လျှော့ပါ့မယ်"

ခန်းမဆောင်ကြီးသည် တိတ်ဆိတ်သွားသည်။

သီးသန့်စကားပြောဆိုခြင်း။

ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် အခွင့်အရေး။

ကြည့်ရှုနေသူများ၏ အမြင်တွင်မူ ၎င်းမှာ အကျိုးအကြောင်းသင့်လျော်၏

တစ်ဖက်လူကို ငဲ့ညှာရာပင် ရောက်လှသည်။

ချူကျီယန်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သည်။

အလိုလိုသိစိတ်အရ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသော်လည်း မည်သည့်အချက်မှန်း သူမ အတိအကျ မသိနိုင်ပေ။

ပိုင်ကျီဟန် အကြည့်ကို မြှင့်လိုက်သည်။

သူ၏ မျက်လုံးများသည် ယုဖေးယန်နှင့် ဆုံသွားကြ၏။

ခဏချင်းမှာပင်

သူ့ကမ္ဘာကြီး တစ်ပတ်လည်သွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းမှာ အလွန်သိမ်မွေ့လွန်းသဖြင့် အခြားမည်သူမျှ သတိမပြုမိကြပေ။

သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံလိုက်သည့်အခါတွင် တစ်စုံတစ်ခုသော မမြင်နိုင်သည့် အရာက သူ၏ အာရုံခံစားမှုများကို ရစ်ပတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

၎င်းမှာ ဖိအားပေးခြင်း မဟုတ်ပေ။

သတ်ဖြတ်လိုသည့် အငွေ့အသက်လည်း မဟုတ်ပေ။

၎င်းမှာ

ဆွဲဆောင်မှုကို ခံလိုက်ရသည့် ခံစားချက်မျိုးပင်။

သူ၏ မျက်ဝန်းအိမ်များမှာ မသိမသာ ကျုံ့သွားသည်။

ထို့နောက်

သူ၏ အမူအရာမှာ တည်ငြိမ်အေးစက်သွားသည်။

သူ၏ မျက်ဝန်းများတွင် မည်သည့် ခံစားချက်မျှ မရှိတော့ဘဲ ထူးဆန်းစွာ အေးစက်တည်ငြိမ်နေတော့သည်။

ချူကျီယန်၏ လက်မောင်းကို ဆုပ်ကိုင်ထားသော လက်မှာ... လျော့ရဲသွားပြီး

ပြုတ်ကျသွားသည်။

ချူကျီယန် ထိုအချက်ကို ချက်ချင်း ခံစားလိုက်ရသည်။

နွေးထွေးမှုတို့ ပျောက်ကွယ်သွားပြီ။

သူမသည် လန့်ဖျပ်ကာ လှည့်ကြည့်လိုက်သော်လည်း ပိုင်ကျီဟန်မှာ ရှေ့သို့ တစ်လှမ်း တိုးသွားခဲ့ပြီ ဖြစ်သည်။

မည်သူမျှ ဤသည်ကို ထူးဆန်းသည်ဟု မယူဆကြပေ။

နောက်ဆုံးတော့ သူက စကားပြောဖို့ သဘောတူလိုက်ရုံသာ မဟုတ်ပါလော

စကားအနည်းငယ်ပါပဲ။

သို့သော်

ပိုင်ကျီဟန်၏ စိတ်ထဲတွင်မူ စူးစူးဝါးဝါး အော်ဟစ်နေသည်။

(အန္တရာယ်)

သူ၏ အလိုလိုသိစိတ်တိုင်းက သတိပေးချက်များကို တရစပ် ထုတ်ပြန်နေသည်။

သို့သော် သူ၏ ခန္ဓာကိုယ်မှာမူ ရှေ့သို့ ရွေ့လျားသွားဆဲပင်။

တစ်ဖက်တွင်မူ

ယုဖေးယန်၏ နှုတ်ခမ်းအစုံမှာ မသိမသာ ကွေးညွှတ်သွားသည်။

သူမ၏ စိတ်ထဲတွင်မူ

(လွယ်လွန်းပါတယ်)

ချင်လင်းရှောင်၏ အမြင်အရဆိုလျှင် အရာအားလုံးသည် သူမ မျှော်လင့်ထားသည့်အတိုင်း အတိအကျ ဖြစ်ပျက်နေခြင်း ဖြစ်သည်။

ချူကျီယန်နှင့် ပိုင်ကျီဟန်တို့သည် ဤဆုံးဖြတ်ချက်ကို ပျော်ရွှင်စွာ လက်ခံသင့်သော်လည်း လက်မခံဘဲ ကန့်ကွက်နေသည့် မမျှော်လင့်ထားသော ကွဲပြားမှုအချို့ ရှိနေသော်ငြား

နောက်ဆုံးတွင်မူ သူမ၏ မြူဆွယ်ညှို့ယူခြင်းအတတ်ဖြင့် ပိုင်ကျီဟန်၏ နှလုံးသားကို ချက်ချင်းပင် ဖမ်းစားနိုင်ခဲ့ပြီဖြစ်သည်။

ပြိုင်ဘက်မှာ ဒုက္ခိတတစ်ယောက်သာ ဖြစ်သဖြင့် ၎င်းမှာ သူမအတွက် အရေးတယူ လုပ်စရာပင် မလိုသော ကိစ္စဖြစ်သည်။

သူမအနေဖြင့် သူ့ကဲ့သို့သောသူကို ကြိုးကိုင်ရန် သူမ၏ စွမ်းဆောင်ရည် တစ်ရာခိုင်နှုန်းကိုပင် အသုံးချရန် မလိုပေ။

သူတို့ မျက်လုံးချင်း ဆုံလိုက်သည့် ခဏမှာပင် သူမသည် သူ၏ အာရုံခံစားမှု အက်ကြောင်းများအတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

မည်သည့် ခုခံမှုမျှ မရှိပေ

သက်သောင့်သက်သာပင်။

(ဒါက ပိုင်ကျီဟန်လား?)

သူမသည် တည်ငြိမ်စွာပင် တွေးတောနေသည်။

(ထူးခြားတာ ဘာမှ မရှိပါလား။)

သူမသည် သူ့ကို ရင်ဆိုင်ရန် ရှေ့သို့ တိုးလာသည်။ သူမ၏ အမူအရာမှာ နူးညံ့နေဆဲ၊ အန္တရာယ်ကင်းနေဆဲပင်။

ယုဖေးယန် နီးကပ်လာသည်။

တစ်လှမ်း။

ပြီးတော့ နောက်တစ်လှမ်း။

သူမနှင့် ပိုင်ကျီဟန်ကြားရှိ အကွာအဝေးမှာ ချောမွေ့စွာ ကျုံ့ဝင်သွားသည်။ အလွန်ပင် သဘာဝကျလွန်းသဖြင့် မည်သူမျှ မေးခွန်းထုတ်ရန် မစဉ်းစားမိကြပေ။

သူမသည် လက်တစ်ကမ်းအကွာတွင် ရပ်တန့်လိုက်သည်။

ထို့နောက်

သူမ၏လက်က ရှေ့သို့ ရောက်လာသည်။

သွယ်လျသော လက်ချောင်းလေးများသည် ပိုင်ကျီဟန်၏ ဝတ်ရုံလက်စကို ထိတွေ့လိုက်ပြီးနောက် သူ၏လက်ပေါ်သို့ လျှောဆင်းသွားကာ ညင်သာစွာ ဆုပ်ကိုင်လိုက်တော့သည်။

နွေးထွေးလှသည်။ နူးညံ့လှသည်။

ရင်းနှီးကျွမ်းဝင်လွန်းလှသည်။

နန်းရင်ပြင် ခန်းမဆောင်ကြီးအတွင်း၌ အံ့အားသင့်သံများ လှိုင်းထသွားသည်။

ယုဖေးယန်သည် ပိုင်ကျီဟန်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများသည် ကြည်လင်နူးညံ့နေပြီး တစ်ဖက်လူ၏ ဂရုဏာသက်မှုကို လှုံ့ဆော်နေသယောင် ရှိသည်။

"အကိုပိုင်..." သူမသည် သီးသန့်ဆန်လှသော တိုးညှင်းသည့် လေသံလေးဖြင့် ဆိုသည်၊

"ကျွန်မတို့ နှစ်ယောက်တည်း စကားပြောလို့ ရမလားဟင်?"

"ခဏလေးပါပဲ..."

သူမ၏ လက်မမိုးလေးမှာ သူ၏လက်ဖမိုးပေါ်သို့ မသိစိတ်ဖြင့် မြတ်နိုးတွယ်တာသည့်အလား ညင်သာစွာ ဖိနှိပ်လိုက်သည်။

"ဘယ်သူ့ကိုမှ နာကျင်မှုမပေးဘဲ ဒီကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းချင်လို့ပါ"

သူမ စောင့်ဆိုင်းနေသည်။

ဤသည်မှာ အဆုံးအဖြတ် အခိုက်အတန့်ပင်။

အမျိုသားများအနေဖြင့် သူမ၏ ရှေ့မှောက်တွင် အမြဲတမ်း ခေါင်းငြိမ့်ကာ အရှုံးပေးရသည့် အခိုက်အတန့်မျိုး...။

ချင်လင်းရှောင်၏ အမြင်တွင်မူ ရလဒ်မှာ ဆုံးဖြတ်ပြီးသားပင် ဖြစ်သည်။

ပိုင်ကျီဟန်မှာမူ ငြိမ်သက်စွာ ရပ်နေဆဲ။

အသက်ရှူသံ တစ်ချက်

နှစ်ချက်...။

သူ၏ မျက်ဝန်းများမှာ အာရုံစိုက်မှု ကင်းမဲ့နေပြီး အမူအရာမှာလည်း အဝေးသို့ ရောက်ရှိနေသည့်အလား၊ သူ၏ အတွေးစများမှာ ငြိမ်သက်နေသော ရေပြင်အောက်တွင် နစ်မြုပ်နေပုံရသည်။

ချူကျီယန်၏ ရင်ထဲတွင် တင်းကျပ်သွားရသည်။

ယုဖေးယန်၏ အပြုအမူအပေါ် ပိုင်ကျီဟန်ဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို မြင်ရသောအခါ သူမ အနည်းငယ် ထိတ်လန့်လာမိသည်။

တကယ်လို့ ပိုင်ကျီဟန်သာ သူမကို ချစ်မိသွားရင် ဘယ်လိုလုပ်မလဲ?

ယုဖေးယန်သည် မင်းသမီးတစ်ပါး ဖြစ်သဖြင့် ပိုင်ကျီဟန်အတွက် သူမထက် သာလွန်သော အဆင့်အတန်းတစ်ခုကို ပေးစွမ်းနိုင်သည်။

၎င်းအပြင် သူမသည် ချိုသာရိုးသားသော အမျိုးအစားဖြစ်ရာ အာဏာရှိသော အမျိုးသားအများစု ဆွဲဆောင်ခံရသည့် ပုံစံမျိုး ဖြစ်နေသည်။

ပိုင်ကျီဟန်ကရော ထိုသို့ပင် ဖြစ်နေလေသလား?

သူမ ရှေ့သို့ တစ်လှမ်းတိုးရန် ပြင်လိုက်စဉ်မှာပင်

ပိုင်ကျီဟန် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

ငေးမောနေမှုများ ချက်ချင်း ပျက်ပြယ်သွား၏။

သူ၏ လက်ချောင်းများ လှုပ်ရှားသွားသည်။

သူသည် ယုဖေးယန်၏ ဆုပ်ကိုင်မှုအတွင်းမှ သူ၏လက်ကို တည်ငြိမ်စွာ၊ ပြတ်သားစွာဖြင့် ဆွဲထုတ်လိုက်လေသည်။

ယုဖေးယန်—မဟုတ်သေး၊ ချင်လင်းရှောင်မှာ ချက်ချင်းပင် အံ့အားသင့်သွားရသည်။

ဒါက မဖြစ်နိုင်တာပင်

သူမ၏ အညှို့အတတ်အောက်တွင် ကျရောက်သွားသူ မည်သူမဆို ထိုထိတွေ့မှုမှ ခွာထုတ်လိုစိတ် မရှိတော့ပေ။

တစ်နာရီထက်ပို၍ ခွဲခွာနေရလျှင်ပင် ရူးသွပ်သွားနိုင်သည်အထိ ပြင်းထန်လှသည်။

ယုဖေးယန်၏ မျက်ဝန်းအိမ်များ တုန်လှုပ်သွားသည်။

ပိုင်ကျီဟန်ကမူ အကြည့်ကို ပင့်တင်လိုက်ရာ ယခုတစ်ကြိမ်တွင် သူ၏မျက်လုံးများသည် ကြည်လင်နေပြီး စူးရှအေးစက် နေတော့သည်။

"မင်းသမီး..." သူက တည်ငြိမ်စွာ ဆိုသည်။

ထိုစကားတစ်လုံးတည်းမှာပင် ဝေးကွာသော အကွာအဝေးတစ်ခု ပါဝင်နေသည်။

"ဒါက မသင့်တော်ပါဘူး။"

ယုဖေးယန်မှာ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားရသည်။

"ပြီးတော့ ရိုင်းပျရာလည်း ရောက်ပါတယ်"

သူ၏လက်သည် သူမထံသို့ မဟုတ်ဘဲ ချူကျီယန်၏ ဘေးနားသို့ ပြန်လည်ရောက်ရှိသွားသည်။

သူသည် ချူကျီယန်ကို မထိတွေ့သေးသော်လည်း သူရပ်တည်နေသည့် အနေအထားကပင် အရာအားလုံးကို ဖော်ပြနေပြီဖြစ်သည်။

"မင်းသမီးမှာ ပြောစရာရှိရင် ဒီနေရာမှာပဲ ပြောနိုင်ပါတယ်" ပိုင်ကျီဟန်က ပြတ်သားစွာ ဆိုလိုက်သည်။

ယုဖေးယန်၏ နူးညံ့သော အပြုံးမှာ ခဏချင်းမှာပင် တောင့်တင်းသွားရသည်။

သူမ ခံစားလိုက်ရသော အံ့အားသင့်မှုမှာ အတိုင်းအထက်အလွန်ပင်။

သူမ၏ စိတ်အနက်ရှိုင်းဆုံးတွင် တည်ငြိမ်မှုများ အက်ကွဲသွားရသည်။

(ငြင်းပယ်လိုက်တာလား? မဖြစ်နိုင်တာ)

သူမသည် သူ၏ အာရုံခံစားမှုအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီးပြီ။

ကျင့်စဉ်ပျက်စီးနေသော ဒုက္ခိတတစ်ယောက်မှာ သူမကဲ့သို့သောသူကို ဘယ်သောအခါမှ မခုခံနိုင်သင့်ပေ။

သူသည် အလွယ်တကူပင် အရှုံးပေးခဲ့သင့်သည်။

သို့သော်

သူက မရှုံးပေ။

သူမသည် သူ့ကို တစ်ဖက်တွင် အမှန်တကယ် ပြန်လည်စူးစိုက်ကြည့်လိုက်သည်။

သူမ၏ နူးညံ့သောအမူအရာ နောက်ကွယ်တွင် အတွေးများ ပြောင်းလဲသွားသည်။

(ငါ အားလျှော့ထားမိလို့လား?)

ပိုင်ကျီဟန်သည် ဒုက္ခိတတစ်ယောက်သာ ဖြစ်ခြင်းကြောင့် သူမအနေဖြင့် အစွမ်းကုန် မထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမူ ပိုင်ကျီဟန်သည် သူမ၏ အညှို့အတတ်မှ မည်သို့ လွတ်မြောက်သွားသနည်းဟု သံသယဝင်လာမိသည်။

သူမ၏ အပြုံးမှာ နူးညံ့သိမ်မွေ့စွာဖြင့် ပြန်လည်ပေါ်ပေါက်လာသည်။

"အကိုပိုင် ဆန္ဒရှိသလိုပါပဲ" သူမက ညင်သာစွာ ဆိုသည်။

ယုဖေးယန်၏ အပြုံးမှာ ပျက်ယွင်းမသွားပေ။

အပြင်ပန်းတွင်မူ သူမသည် ယဉ်ကျေးစွာ ငြင်းပယ်ခံလိုက်ရသော်လည်း နားလည်ပေးနိုင်သော၊ မြင့်မြတ်သော မင်းသမီးလေးအသွင် ဆက်လက်တည်ရှိနေသည်။

အတွင်းစိတ်တွင်မူ

ဒေါသအနည်းငယ် စတင် ပေါက်ဖွားလာသည်။

(မလုံလောက်သေးဘူးလား?)

သူမ၏ အကြည့်မှာ ပိုင်ကျီဟန်ထံတွင် ခဏမျှ ပို၍ကြာရှည်စွာ တည်ရှိနေသည်။

ယခုတစ်ကြိမ်တွင် သူမ သူ့ကို မထိတွေ့တော့ပေ။

ထိတွေ့ရန်လည်း မလိုပေ။

ချင်လင်းရှောင်သည် အသက်ကို ညင်သာစွာ ရှူထုတ်လိုက်သည်။

၎င်းမှာ မသိသာလှပေ။

သို့သော် ထိုအသက်ရှူသံအတွင်းမှာပင် တစ်စုံတစ်ခု ပြောင်းလဲသွားသည်။

မမြင်နိုင်သော လှိုင်းလုံးတစ်ခုသည် သူမ၏ ခန္ဓာကိုယ်မှ ပြင်ပသို့ ပျံ့နှံ့သွားသည်။ ၎င်းမှာ သိမ်မွေ့သော်လည်း လွှမ်းမိုးမှု အလွန်ပြင်းထန်လှကာ နှာခေါင်းသို့ မဟုတ်ဘဲ ဝိညာဉ်အတွင်းသို့ တိုက်ရိုက်စိမ့်ဝင်သွားသော ရနံ့တစ်ခုကဲ့သို့ပင်။

သူမ၏ အငွေ့အသက် ပြောင်းလဲသွားသည်။

ကြမ်းတမ်းခြင်း သို့မဟုတ် ရန်လိုခြင်း မဟုတ်ပေ

ရိုးရိုးရှင်းရှင်းပင်... ဆွဲဆောင်မှုအပြည့် ရှိနေခြင်းပင်။

တပ်မက်ခြင်း၊ တောင့်တခြင်း၊ ကြည်ညိုမြတ်နိုးခြင်းတို့နှင့် ထပ်တူကျနေသော ဆွဲဆောင်မှုမှာ အကျိုးအကြောင်း သိမြင်နိုင်စွမ်းကို ဝေဝါးသွားစေလောက်အောင် လိမ်ယှက်

နေသည်။

ကျင့်ကြံသူ အတော်များများ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ကြသည်။

အချို့မှာ မသိစိတ်ဖြင့် တံတွေးမျိုချမိကြသည်။

အလယ်အလတ်အဆင့် မျိုးနွယ်စုတစ်ခုမှ မြင့်မြတ်သော လူငယ်လေးတစ်ဦးသည် ရုတ်တရက် ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

"မင်းသမီး ယုဖေးယန်..." သူသည် သတိမထားမိဘဲ ရေရွတ်လိုက်မိသည် "သူမက... သူမက သိပ်ကို ကြင်နာလွန်းတယ်..."

"ဟုတ်တယ်မလား?" အခြားအသံတစ်သံက စိတ်အားထက်သန်စွာ တိုးတိုးလေး ဆိုသည် "သူမလိုလူမျိုးကို ဘယ်သူကများ ငြင်းရက်မှာလဲ?"

"သူမက ပြီးပြည့်စုံတယ်..."

"နားလည်မှုရှိတယ်၊ လှတယ်၊ မြင့်မြတ်တယ်— ဘာများ ထပ်လိုဦးမှာလဲ?"

တီးတိုးသံများမှာ ကျယ်လောင်လာသည်။ ၎င်းတို့မှာ အကွက်ချခြင်း မဟုတ်ပေ

နိုင်ငံရေးဆိုင်ရာ စကားများ မဟုတ်ကြပေ။

၎င်းတို့မှာ စိတ်ခံစားမှုသက်သက် ဖြစ်သည်။

အချင်းချင်း အားပြိုင်နေကြသော လူငယ်ကျင့်ကြံသူ နှစ်ဦးမှာ—ရုတ်တရက် တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။

"ငါတော့ ချစ်မိသွားပြီထင်တယ်" တစ်ယောက်က ထုတ်ပြောလိုက်သည်။

အခြားတစ်ယောက်က မျက်လုံးများ နီမြန်းလျက် ချက်ချင်း ပြန်အော်သည်

"မင်းကလား? နောက်မနေနဲ့ ။ သူမက ငါ့အပိုင်ပဲ”

သူတို့၏ အငွေ့အသက်များ တောက်လောင်လာ၏

ဝိညာဉ်စွမ်းအင်များ လှုပ်ခတ်သွားသည်။

ကုလားထိုင်တစ်လုံး ကြမ်းပြင်နှင့် ပွတ်တိုက်သံသည် စူးရှစွာ ထွက်ပေါ်လာသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ?" အကြီးအကဲတစ်ဦးက ပြင်းထန်စွာ ဟောက်လိုက်သော်လည်း သူ၏အကြည့်မှာ ယုဖေးယန်ထံသို့ ရောက်ရှိသွားသောအခါ စကားစပြတ်သွားရသည်။

သူ၏လေသံမှာ မသိစိတ်ဖြင့် နူးညံ့သွား၏

"...တကယ်ကို တင့်တယ်လှပလိုက်တာ" သူ၏ ကိုယ်ပိုင်စကားလုံးများအပေါ် ဇဝေဇဝါဖြစ်နေသည့်အလား ရေရွတ်မိသည်။

စိတ်ဓာတ်ခိုင်မာမှုနည်းပါးသော အမျိုးသားအတော်များများသည် အဝေးတွင် ရှိနေကြသော်ငြားလည်း ချင်လင်းရှောင်၏ အညှို့အောက်တွင် ကျရောက်နေကြပြီဖြစ်သည်။

ချင်လင်းရှောင်၏ မျက်လုံးများက ပိုင်ကျီဟန်ထံသို့ ပြန်ရောက်လာသည်။

သူမ၏ အငွေ့အသက်ကို အနည်းငယ်မျှ ထပ်မံ မြှင့်တင်လိုက်၏။

(ကဲ... ငါ့အပိုင် ဖြစ်သွားစေရမယ်)

သူမ၏ စွမ်းအားများသည် မမြင်နိုင်သော ချည်မျှင်ပေါင်းများစွာကဲ့သို့ သူ့ကို ရစ်ပတ်လိုက်ပြီး သူ၏ အာရုံခံစားမှုများ၊ စိတ်ခံစားမှုများနှင့် သူ၏ နှလုံးသားဆီသို့ တိုးဝင်သွားသည်။

သူမ စောင့်ဆိုင်းနေသည်။

သူမ မျှော်လင့်ထားသည်မှာ

တပ်မက်ခြင်း။

အရှုံးပေးခြင်း။

သို့သော်

ဘာမျှ ဖြစ်မလာခဲ့ပေ

ပိုင်ကျီဟန်သည် ထိုနေရာတွင် ရပ်နေမြဲသာ

သူ၏ အမူအရာမှာ အပြောင်းအလဲမရှိပေ

သူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး ကြည်လင်ပြတ်သားနေဆဲပင်

All Chapters