အခန်း (၁-၃)
Vol. 1 Ch. 1-3
အပိုင်း (၁)
လယ်သမားအများအတွက် အလုပ်များလွန်းသည့် ဆောင်းဦးရာသီတစ်ခုပင်။ သို့သော် သည်အချိန်၌ ချင်းဟယ်ရွာသားများအားလုံးသည် ရွာမြောက်ပိုင်းရှိ ကျန်းအိမ်ကို ဝိုင်းကြည့်နေကြလေသည်။
ပထမတွင် မြင့်မားသည့် မြင်းများကိုစီးလာသည့် အစေခံအချို့က လမ်းကိုပြလာပြီး နောက်မှာ လှည်းတစ်စီးက ဖြည်းဖြည်းချင်းလိုက်လာ၏။ လှည်းကို တောက်ပသည့် ကျောင်းစိမ်းပုတီး ခန်းဆီးဖြင့် ကာထားသည်။ လှည်းကို ဆွဲလာသည့် မြင်းများကိုပင် ရွှေ ငွေတို့ဖြင့် ဆင်ယင်ထား၏။ ဖော်ပြလို့မတတ်အောင်ပင် ချမ်းသာကြွယ်ဝလှပေစွ။
တချို့က အခြေအနေကိုမသိကြသဖြင့် မေးမြန်းနေကြတော့သည်။
“ အဲဒါဘယ်သူလဲ၊ ကျန်းမိသားစုမှာ အဲလိုဆွေမျိုးတွေရှိလို့လား”
“ အဲဒါကျန်းမိသားစုရဲ့ သမီးလေ၊ သူ့ကို ကျန်းယွင်ကျူးလို့ ခေါ်တယ်ထင်တာပဲ၊ သူ့ကို အစောပိုင်းနှစ်တွေတုန်းက ရောင်းစားလိုက်တာတဲ့၊ သူ့ကို မတွေ့တာ အရမ်းကြာနေပြီပဲ သူက နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ သူက တကယ့်ကို လူပေါ်လူဇော်ပဲ၊ ချမ်းသာမှုကလည်း အင်မတန်မှများပြားလိုက်တာ”
တချို့က ယူကျုံးမရဖြစ်ကြသည်။ သူတို့သည် ကျန်းယွင်ကျူး၏ကံကြမ္မာကို ယူကျုံးမရ ဖြစ်နေသည်လား။ သူတို့တွင် သည်လို သမီးလိမ္မာလေးတစ်ယောက် မရှိသဖြင့် ယူကျုံးမရ ဖြစ်နေသည်လားတော့ မသိပေ။
လှည်းသာ် ကျန်းအိမ်တံခါးရှေ့တွင် ရပ်သွား၏။ အမျိုးသမီးအစေခံ ၅ယောက် ၆ယောက်က ချက်ချင်းဆင်းလာပြီး လူငယ်လေးတစ်ယောက်နှင့် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက်ကို ဝန်းရံထားလိုက်သည်။ သူတို့သည် ခြံဝင်းထဲသို့ ဝင်သွားကြတော့သည်။
လျက်တပြက်အတွင်းမှာပင် အားလုံးက လူငယ်လေးတစ်ယောက်နှင့် မိန်းမလှလေးတို့၏ အသွင်ပြင်ကို မြင်လိုက်ကြတော့သည်။
“ ဒါ နယ်စားအိမ်တော်က သခင်လေးပဲ၊ ရုပ်လေးက တကယ်ပဲ ချောမောလိုက်တာနော်”
“ အခုမှ ကျန်းမိသားစုက မိန်းကလေးကို ကြည့်မိတယ်၊ ကျွတ်... ကျွတ်... နတ်သမီးလေးကျနေတာပဲ၊ နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်လာတာလဲ မဆန်းတော့ပါဘူးဟယ်”
“ ကျန်းမိသားစုက ဘယ်လိုများ ဒီလိုသမီးမျိုး မွေးနိုင်ခဲ့တာလဲ မသိဘူး”
...
အားလုံးက အားကျရင်း မနာလိုရင်းပင်။ အမျိုးမျိုး ပြောဆိုနေကြတောသည်။ လူကြားထဲတွင် ကျန်းယွင်ရှို့က လက်သီးကို သွေးထွက်တော့မတတ် တင်းနေအောင် ဆုပ်ထား၏။ ဒီလှည်း၊ ဒီချမ်းသာမှု၊ အဲဒီကိုယ်လူချော။ သူမ ပိုင်ဆိုင်နိုင်ခဲ့မှာပဲ။ တကယ်လို့များ....
“ အမေ သမီးတို့ကို နစ်နာစေမိပါပြီ၊ သမီးတို့တွေ တစ်ခု ရွေးလိုက်ကြ၊ နေခဲ့ရမှာပဲဖြစ်ဖြစ်၊ လိုက်သွားရတာပဲဖြစ်ဖြစ် ၊ ကံပဲပေါ့ကွယ်”
အမျိုးသမီးချန်သည် မျက်လုံးများထဲတွင်မျက်ရည်များ ပြည့်လျက် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ လက်တစ်ဖက်စီတွင် သူမသည် အစွန်းကို အနည်းငယ်သာဖော်ထားသည် တုတ်ချောင်းတစ်ခုစီ ကိုင်ထားသည်။ တုတ်ချောင်းနှစ်ချောင်းသည် အလျားမတူကြချေ။ အရှည်တစ်ချောင်းကို ရွေးခဲ့မိသူက နေခဲ့ရမည်ဖြစ်ပြီး အတိုတစ်ချောင်းကို ရွေးခဲ့မိသူက လူပွဲစားနောက် လိုက်သွားရလိမ့်မည်။
သူမရှေ့က မြင်ကွင်းများမှာ လည်ထွက်နေသည်။ ကျန်းယွင်ကျူးက သူမကိုယ်သူမ စိတ်စုစည်းလိုက်ပြီးမှ သူမရှေ့က အရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
သုံးခန်းတွဲအိမ်နဲ့ ခြံဝင်းငယ်လေးတစ်ခု။ နည်းနည်း မရင်းနှီးတာကလွဲရင် နှစ်ခုလုံးက အစစ်တွေချည်းပဲ။ ဒါက ငါ ဒီကမ္ဘာကို ပထမဆုံးရောက်လာခဲ့တုန်းက နေခဲ့တဲ့ ခြံဝင်ထင်ပါတယ်။ ဘာဖြစ်သွားတာလဲ။ ငါ လက်ထပ်ပြီးသွားပြီမလား။ နယ်စားကြီးအန်းဖင် အိမ်တော်ရဲ့ သခင်မ ဖြစ်သွးပြီးပြီမလား။
“ယွင်ကျူး သမီးနေမကောင်းဖြစ်နေတာ အခုထိ မပျောက်သေးဘူး၊ သမီးအရင်ရွေးလိုက်”
အမျိုးသမီးချန်က ပြောလိုက်၏။
ကျန်းမိသားစုတွင် သမီးနှစ်ယောက်ရှိသည်။ အကြီးဆုံးသမီး ကျန်းယွင်ကျူးမှာ အသက် ၁၆နှစ်။ ဒုတိယသမီး ကျန်းယွင်ရှို့မှာ အသက်၁၅နှစ်။ သမီးနှစ်ယောက်လုံးက ကျောသားရင်သားမခွဲခြားသည့် သမီးများပင်။ အမျိုးသမီးချန်မှာ နာကျင်ရလေသည်။ သို့သော် ယခုမူ တခြားနည်းလမ်းကလည်းမရှိပြီ။ တစ်ယောက်ကိုတော့ ရောင်းရတော့မည်။
အမှန်တွင်တော့ အမျိုးသမီးချန်က ပြီးခဲ့သည့် ရက်အနည်းငယ်က အပြင်းအထန်ဖျားနာခဲ့သည့် ကျန်းယွင်ကျူးကို နေခဲ့စေချင်သည်။ သူမသည် အလွန်မှ နုံအလေသည်။ သူမကိုသာ ရောင်းလိုက်ရလျှင် သူမအတွက် အသက်ရှင်နေထိုင်ဖို့ရာ အလွန်မှ ခက်ခဲရပေလိမ့်မည်။
သို့သော် ကျန်းယွင်ကျူးကို နေခိုင်းခဲ့ပြီး ကျန်းယွင်ရှို့က ထွက်သွားရမည်ကို စဥ်းစားလိုက်မိသည်နှင့် အမျိုးသမီးချန်သည် သူမ ပြောခဲ့သည့်စကားကို ပြန်ရုပ်သိမ်းလိုက်ချင်တော့သည်။ သူမသည် ဘယ်သူနှင့်မှ မခွဲခွာရက်ပေ။
ကျန်းယွင်ကျူးက အမျိုးသမီးချန်၏လက်ထဲက တုတ်ချောင်းနှစ်ချောင်းကို ကြည့်လိုက်၏။ နောက်ဆုံးတော့ သူမသည် သည်ကမ္ဘာကို ပထမဆုံး ကူးပြောင်းလာသည့်အချိန် အမှန်တကယ် ဖြစ်နေမှန်း လက်ခံလိုက်ရတော့သည်။
သူမ သည်တုတ်နှစ်ချောင်းကို သေချာပေါက် မှတ်မိနေသည်။ ဘယ်တစ်ခုကအတိုဖြစ်ပြီး ညာတစ်ခုက အရှည်ဖြစ်သည်။ ထိုချိန်က သူမသည် ဘယ်ဖက်တစ်ခုကို ရွေးခဲ့ပြီး အန်းဖင်အိမ်တော်သို့ အမျိုးသမီးအစေခံအဖြစ် ရောင်းစားခံလိုက်ရသည်။
သူမ ထွက်သွားပြီးနောက် အချိန် ၇နှစ်ကြာခဲ့သည်။ အားလုံးက သူမ၏စိတ်ထဲတွင် အထင်အရှားပင်။ သို့သော် အဘယ်ကြောင့်များ သည်အချိန်သို့ ပြန်ရောက်လာခဲ့ရပါသနည်း။
ဆန်ပြုတ်တစ်အိုးကျိုစာ အချိန်လေးလောက်ပဲကြာတဲ့ အိပ်မက်တစ်ခုများလား။
ကျန်းယွင်ကျူးတစ်ယောက် ဇဝေဇဝါဖြစ်သွားတော့သည်။
သို့သော် သူမဘေးက တစ်စုံတစ်ယောက်က စိတ်မရှည်စွာဖြင့်
“ မြန်မြန်လုပ်၊ ဘယ်အချိန်ရှိနေပြီလဲ၊ ကျွန်မ ပြန်သွားရအုံးမှာရှင့်”
ပေါင်ဒါမှုန့်အဖွေးသားနှင့် မိန်းမတစ်ယောက်က ကျန်းယွင်ကျူးကို အရင်ဆုံး တိုက်တွန်းလိုက်ပြီး အမျိုးသမီးချန်ကို ပြောလိုက်သည်။
“ အစ်မ ကျွန်မပြောမယ် ရှင် ငိုမနေသင့်ဘူးနော်၊ ဟုတ်တယ်လေ၊ လျန်ငွေ ၆စဆိုတာ အများကြီးပါ၊ ရှင် ပတ်မေးကြည့်လိုက်ရတယ်၊ အခုဆိုရင် လျန်ငွေ ၂စနဲ့ အရွယ်ရောက်ပြီးသား မိန်းကလေးကို ဝယ်လို့ရနေပြီ၊ လူတွေ ဘယ်လောက်တောင်မှ ရောင်းချင်လိုက်ကြသလဲ ဒါပေမဲ့ မရောင်းနိုင်ကြဘူးလေ၊ ကျွန်မရဲ့မျက်လုံးက သမီးနှစ်ယောက်ကို မြင်ရတာ အရမ်းကို သဘောကျလွန်းလို့သာ ရှင့်ကို ဒီလိုစျေးမြင့်ပြီးပေးတာမလား”
ထိုသို့ ပြောလိုက်ပြီးသည်နှင့် ထိုမိန်းမ၏မျက်လုံးများက ဝေ့ကြည့်လိုက်၏။ သူမက အမျိုးသမီးချန်၏ လက်ကို ကိုင်လိုက်ပြီး အားတက်သရော အကြံပေးလိုက်လေသည်။
“ အစ်မရယ် ကျွန်မသာဆို မဲနှိုက်ခိုင်းမနေတော့ဘူး၊ သူတို့နှစ်ယောက်လုံးကို ရောင်းလိုက်ပါလား၊ နှစ်ယောက်လုံးက နောက်ဆိုရင် ကောင်းကောင်းနေကြရမှာပါ၊ ရှင်နဲ့တူတူ ငတ်ရင်း အေးခဲရင်း နေရတာထက်စာရင် ပိုမကောင်းဘူးလား၊ ၁၃လျန်ပေးမယ်၊ နှစ်ယောက်လုံး ကျွန်မကိုရောင်းလိုက်၊ သူတို့လည်း အသက်ရှင်လမ်းတစ်ခုရမယ် ရှင်လည်း ပိုကောင်းတဲ့ဘဝနဲ့ နေရလိမ့်မယ် ဟုတ်ပြီလား”
ထိုမိန်းမက စကားများလာလေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေပင်။ ကျန်းမိသားစု၏ သမီးနှစ်ယောက်လုံးက သိပ်ချစ်ဖို့ကောင်းတာပဲ။ သူတို့တွေက ၁၅-၁၆နှစ်လေးတွေ။ မနက်ခင်း မက်မွန်ပွင့်လေးတွေပေါ်က နှင်းစက်လေးတွေလိုပဲ။ သူမ သူတို့ကို ဝယ်နိုင်သရွေ့တော့ သူတို့ကို ပြန်ရောင်းပြီး ငွေအများကြီးရှာနိုင်မှာ သေချာတယ်လေ။
အမျိုးသမီးချန်က ခေါင်းကို တွင်တွင်ယမ်းလိုက်၏။ တစ်ယောက်ကိုတောင် မတတ်သာလို့ ရောင်းရတာလေ။ နှစ်ယောက်လုံးရောင်းလိုက်ရင် ဆင်ခြင်ဉာဏ်မရှိတော့လို့ပဲ။
ထိုမိန်းမ၏မျှော်လင့်ချက်မှာ အလကားဖြစ်သွားတော့သည်။ သူမသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲနေလိုက်၏။ တကယ့်အုံးနှောက်မရှိတဲ့ဟာတွေ။ အပေါ်ယံတွင်တော့ သူမက တိုက်တွန်းရန်သာ တတ်နိုင်တော့သည်။
“ဒါဆိုလည်း မြန်မြန်လုပ်၊ ရှင် ဘယ်တစ်ယောက်ကို ရောင်းမှာလဲ”
အမျိုးသမီးချန်က ကျန်းယွင်ကျူးကို ကြည့်ကာ ရွေးရန် သူမကို အချက်ပြလိုက်တော့သည်။
သည်အခိုက်တွင်မှ ကျန်းယွင်ကျူးမှာ အသိပြန်ဝင်လာ၏။ အိပ်မက်တစ်ခုပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အသက်ကတော့ ဆက်ရှင်ရအုံးမှာပဲလေ။
ခဏလောက် တွေဝနေလိုက်ပြီးမှ သူမက အမျိုးသမီးချန်၏ ဘယ်ဘက်လက်ဆီသို့ လှမ်းလိုက်တော့သည်။ ငါက ဒီကမ္ဘာက မဟုတ်ဘူး။ မူလခန္ဓာကိုယ်ပိုင်ရှင်ကလည်း သေသွားပြီ။ ဒီခန္ဓာကိုယ်ကို ငါသုံးနေပြီဆိုမှတော့ သူ့မိဘတွေကို ကျေးဇူးပြန်ဆပ်ပေးရမှာပေါ့လေ။ ပြီးတော့ တကယ်လို့များ အားလုံးက အိပ်မက်ထဲကအတိုင်းသာဆိုရင် ငါ တစ်ကြိမ် တွေ့ကြုံခဲ့ရပြီးပြီပဲ။ ဒီတစ်ခါတော့ ပိုပြီး လွယ်ကူလောက်မှာပါ။
သူမ၏ဘေးတွင်တော့ ကျန်းယွင်ရှို့၏အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။ အခုလေးတင်ပဲ သူမက တကယ့်ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေကနေ တကယ်ပျော်စရာကောင်းတဲ့ ဘဝ အကူအပြောင်းတစ်ခုကို တွေ့ကြုံခဲ့ရတယ်..... ယုံတောင် မယုံနိုင်ဘူး။ မိုးကောင်းကင်က သူမကို အစကနေပြန်စဖို့ အခွင့်အရေးတစ်ခု တကယ် ထပ်ပေးခဲ့တာပဲ။ ဒီတစ်ခါတော့ သူမက တောင်ပေါ်ရွာလေးတစ်ရွာက လယ်သူမတစ်ယောက် ဘယ်တော့မှ မလုပ်တော့ဘူး။
သူမ ချမ်းသာမှုနဲ့ ဂုဏ်အရှိန်အဝါတွေ လိုချင်တယ်။ သူမ ဘရိုကိတ်အဝတ်အစား နဲ့ အစားအသောက်ကောင်းတွေ လိုချင်တယ်။
သူမ ဘယ်ဘက်က တုတ်ချောင်းကို ရနိုင်သရွေ့ အန်းဖင်နယ်စားဆီကို ရောင်းခံရလိမ့်မယ်။ ဒီလိုဆိုရင် သူမက အရင်က ကျန်းယွင်ကျူးရခဲ့တဲ့အရာတွေအားလုံးကို ပိုင်ဆိုင်ရလိမ့်မယ်။
သူမ ဒီအကြောင်းကို တစ်ကြိမ်မက စဥ်းစားထားပြီးပြီလေ။ အခု နောက်ဆုံးတော့ တကယ်ဖြစ်လာခဲ့ပြီ။
သည်အကြောင်းကို ပြန်စဥ်းစားလိုက်ပြီးနောက် သူမက ကျန်းယွင်ကျူးဆီ တစ်လှမ်းတိုးသွားလိုက်ပြီး အမျိုးသမီးချန်၏ဘယ်ဖက်လက်ကို ဖမ်းဆွဲလိုက်တော့သည်။
“ အမေ သမီး ဒီတုတ်ကို ယူမယ်”
သူမ၏စိတ်လှုပ်ရှားနေမှုကို ဖိနှပ်ထားရင်း ကြေညာလိုက်လေသည်။
“ယွင်ရှို့”
အမျိုးသမီးချန်မှာ အံ့ဩသွား၏။ ဘယ်တစ်ချောင်းက အတို ဘယ်တစ်ချောင်းက အတို၊ ဘယ်တစ်ချောင်းက အရှည်မှန်း သူမ မသိပါဘူး။ အခုလးတင် ကျန်းယွင်ကျူးက ရွေးလိုက်ပြီး ဘယ်ဖက်လက်ထဲက တုတ်ချောင်းကို ရွေးပြီးသားလေ။ ကျန်းယွင်ရှို့က ဘာလို့ လုသွားတာတဲ့လဲ။
ကျန်းယွင်ရှို့သည် မကောင်းသည့်ရည်ရွယ်ချက်မျိုး မရှိခဲ့သော်လည်း သူမသည် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။ ရုတ်တရက် သူမက အသံကျယ်ကျယ်ဖြင့် ဝေဖန်ပြစ်တင်လိုက်တော့သည်။
“အမေက ဘာလို့ အစ်မကို အရင်ဆုံးရွေးခိုင်းတာလဲ၊ သမီးကို အရင်ဆုံးရွေးခိုင်းလို့ မရဘူးလား”
ဟုတ်ပါသည်။ ကျန်းယွင်ရှို့သည် အမျိုးသမီးချန်ကို စိတ်နာနေလေသည်။ အရင်ဘဝတုန်းက သူမက အမျိုးသမီးချန်နဲ့ ကျန်းချိန်တို့ဘက်မှာ နေခဲ့ပြီး သူတို့ကို ပြုစုလုပ်ကျွေးခဲ့ရတယ်။ သူမကပဲ မောင်ငယ် နှမငယ်တွေကို စောင့်ရှောက်ပေးခဲ့ရပြီး သူတို့စကားကိုလည်း နားထောင်ခဲ့ရတယ်။ သူမကအသုံးမကျတဲ့ ရွှီချင်ရှန်း နဲ့လက်ထပ်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့ကျတော့ရော။ သူတို့စိတ်ထဲမှာ အမြဲတမ်း ကျန်းယွင်ကျူးတစ်ယောက်ပဲ ရှိတာ။
ကျန်းယွင်ကျူး လုပ်နေခဲ့တာတွေကို စဥ်းစားကြည့်လိုက်ရင် သူမက အစားလည်းစားရ အဝတ်ဆိုလည်း မပူရ။
တကယ်တော့ သူမက အန်းဖင်နယ်စားအိမ်တော်မှာ နေ့တိုင်း အရသာရှိတာတွေ စားနေပြီး ပျော်ရွှင်ရွှင် သောက်နေတဲ့အချိန်မှာ သူတို့ကျတော့ ရွာလေးမှာပဲ နေ့တိုင်း ဆန်ကွဲနဲ့အသီးအရွက်တွေပဲ မျိုနေရတယ်။
ဒီတော့ သူဘာတွေ ထည့်တွက်ပေးခဲ့လဲ။ သူဘာတွေ လုပ်ပေးခဲ့လဲ။
ပြီးတော့ ကျန်းယွင်ကျူး ပြန်လာတဲ့အချိန်ကျတော့ သူမက အထက်တန်းစားသခင်မ တစ်ယောက်ဖြစ်ပြီလေ။ သူတို့မျက်လုံးထဲမှာ သူမ ဆိုတာကို မရှိတော့တာ။
သူတို့နှစ်ယောက်လုံးက သမီးတွေပါ။ သူတို့တွေက သူမကို ဒီလိုဆက်ဆံရသလား။
ဒီတစ်ခါတော့ သူမက ကျန်းယွင်ကျူးနေရာကို အစားထိုးရအောင်ယူပြီး ချမ်းသာတဲ့ဘဝမျိုးမှာ နေရမယ်။ ဘယ်သူကမှ သူမကို တားလို့မရဘူး။ မဟုတ်ရင်တော့ သူမ သူတို့တွေနဲ့ တိုက်ခိုက်ရလိမ့်မယ်။
သူမသည် ထိုအကြောင်းကို စဥ်းစားလေလေ ကျန်းယွင်ရှို့သည် ပိုပြီး စိတ်ပျက်လာလေလေ ဖြစ်နေတော့သည်။ သူမက အမျိုးသမီးချန်၏လက်ကို အတင်းဖျစ်ညှစ်ထားလိုက်ကာ သူမလက်ထဲက တုတ်ချောင်းကို ဆွဲထုတ်လိုက်တော့သည်။
အမျိုးသမီးချန်၏လက်သည် ဖျစ်ညှစ်ခံလိုက်ရသည့်အတွက် နာကျင်သွားတော့သည်။ သူမသည် ကျန်းယွင်ရှို့ကို မယုံကြည်နိုင်သလို ငေးကြည့်နေမိတော့သည်။
ကျန်းယွင်ရှို့က သူမကို ဂရုမစိုက်ပေ။ သူမသည် လက်ထဲက တုတ်ချောင်းကိုသာ မခွာတမ်း ကြည့်နေလေသည်။ တုတ်ချောင်းအတိုပဲ။ တကယ် အတိုတစ်ခုပဲ။ အားလုံးက မှန်နေတယ်။ သူမ နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်လာတော့မယ်။
ကျန်းယွင်ကျူး၏ မျက်လုံးများသည် နီနေသော်လည်း ပြုံးနေလိုက်၏။ သည်တုံ့ပြန်မှုက ထူးထူးဆန်းဆန်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေတော့သည်။
အမျိုးသမီးချန်သည် သူမရှေ့တွင်ရှိနေသည့် ကျန်းယွင်ရှို့မှာ သူမ၏သမီးလုံးဝ မဟုတ်သည့်နှယ် အလွန်သူစိမ်းဆန်နေသည်ဟု ခံစားလိုက်ရတော့သည်။
ကျန်းယွင်ကျူးက ကျန်ယွင်ရှို့၏ မူမမှန်နေမှုကို သတိထားမိသွား၏။ အားလုံး၏ အပေါ်ယံအမြင်တွင်တော့ ရောင်းစားခံလိုက်ရခြင်းက ဒုက္ခရောက်တော့မည့် သဘောတရားပင်။ ပိုကောင်းသူများက လူချမ်းသာများထံတွင် အမျိုးသမီးအစေခံအဖြစ် ရောင်းစားခံရမည်။ သူတို့သည် အကြိမ်ကြိမ် ရိုက်နက် ဆူဆဲခံရမည်။ သူတို့၏ ရှင်သန်ခြင်း သေဆုံးခြင်းသည် တစ်ဖက်လူအပေါ်တွင်သာ မူတည်သည်။ အဆင့်နိမ့်သူများနှင့် ကံဆိုးသူများကတော့ ဆောင်ကြာမျိုင်သို့ တိုက်ရိုက်ရောင်းစားခံရမည်။ သူတို့၏ဘဝများသည် ဖျက်ဆီးခံလိုက်ရမည်။
ငါအိပ်မက်ထဲမှာတော့ ငါ့ကို အန်းဖင်နယ်စားဆီ ရောင်းစားလိုက်တယ်တဲ့။ အဲဒီရဲ့ခါးသီးမှုက အပြင်လူတွေနားမလည်နိုင်လောက်တဲ့ အထိပဲ။
ဒါကြောင့်ပဲ ငါက တုတ်ချောင်းအတိုကို ရွေးတာ ပိုကောင်းမယ်လို့ စဥ်းစားလိုက်တာလေ။
အခုကျတော့ ဘယ်လိုဖြစ်တာလဲ။ ကျန်းယွင်ရှို့က အရင်က ရောင်းစားခံရမှာ ကြောက်ခဲ့တာမလား။ သူဘာလို့ အမျိုးသမီးချန်ရဲ့ဘယ်ဖက်လက်ထဲက တုတ်ကို ရုတ်တရက်ကြီး လုသွားရတာလဲ။ ပြီးတော့ အထဲမှာ တုတ်ချောင်းအတို ရှိနေတာကိုလည်း ကြိုသိနေပုံရတယ်။
အိပ်မက်ထဲက အတွေ့အကြုံကို စဥ်းစားလိုက်ပြီးနောက် ကျန်းယွင်ကျူးက မျက်ခုံးများကို ပင့်ထားလိုက်သည်။ ဧကန္တ ကျန်းယွင်ရှို့ကရော အိပ်မက်တစ်ခုထဲ မက်ခဲ့တာများလား။
အိပ်မက်ထဲမှာ ကျန်းယွင်ရှို့က ငါ့ကိုလုံးဝ သဘောမကျတာ မှတ်မိနေသေးတယ်။ တစ်ခါက သူ ငါ့ရှေ့မှာ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက သူမသာ အရင်ဆုံးရွေးချယ်ရတဲ့သူ ဖြစ်ခဲ့ရင် သူမက အခုလောက်ဆို နယ်စားအိမ်တော်ရဲ့ သခင်မ ဖြစ်နေလောက်ပြီတဲ့။
ပြီးတော့ သူက လင်ထင်အန်းကိုလည်း မြူဆွယ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ့မျက်နှာက လောကဓံကြောင့် ညှိုးနွမ်းနေခဲ့ပြီလေ။ သူ့ရဲ့လှပတဲ့အချိန်ကလည်း ကုန်သွားတာ ကြာခဲ့ပြီ။ လင်ထင်အန်းက သူ့ကို ဘယ်လိုလုပ်ပြီး ချစ်နိုင်ပါတော့မလဲ။
စိတ်ဝင်စားစရာပဲ။ ကျန်းယွင်ကျူးက မလှုပ်ရှားဘဲ ဆက်ပြီး စောင့်ကြည့်နေလိုက်၏။
“ အမေ သမီး တုတ်ချောင်းအတို ရွေးလိုက်ပြီ”
သည်အခိုက်တွင် ကျန်းယွင်ရှို့သည် အေးဆေးတည်ငြိမ်နေပြီး တရားဝင်ကြေညာလိုက်သည့်နှယ် အမျိုးသမီးချန်ကို ပြောလိုက်လေသည်။
“ယွင်ရှို့” အမျိုးသမီးချန်က သူမအတွက် အလွန်စိတ်ပူသွားတော့သည်။
“ကျန်းယွင်ကျူး ငါ တုတ်ချောင်းအတိုကို ရွေးလိုက်ပြီနော်”
ကျန်းယွင်ရှို့က ကျန်းယွင်ကျူးကို တည့်တည့်ကြည့်လိုက်လေသည်။ သူမသည် ထိုစကားကို ပြောလိုက်ချိန်တွင် မေးစေ့ကို မသိမသာ ချီထားတော့သည်။ ရည်ရွယ်ချက်က အမြင့်ဆုံး ရောက်သွားပြီ။ မိုးကောင်းကင်က သူမကို မျက်နှာသာပေးခဲ့ပြီ။ ဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့ သူမက လှလှပပ ချမ်းချမ်းနေရပြီး ဆန့်ကျင်ဘက်နေနဲ့ ကျန်းယွင်ကျူးကတော့ ရွှံ့ထဲမှာ လူးလှိမ့်နေရတော့မယ်။
သူမ၏ ပုံစံကို မြင်လိုက်ရတော့ ကျန်းယွင်ကျူးက သူမ၏ခန့်မှန်းချက်ကို နောက်ဆုံး အတည်ပြုနိုင်သွားတော့သည်။ ကြည့်ရတာ သူမလည်း အိပ်မက်တစ်ခုထဲကို တကယ်မက်ခဲ့တာပဲ။
အန်းဖင်နယ်စားအိမ်တော်က ကိစ္စအဝဝကို စဥ်းစားလိုက်ပြီးနောက် သူမက ပြုံးမိသွားတော့သည်။ ကျန်းယွင်ရှို့က သူမရဲ့အိပ်မက်ထဲက ဘဝကို တကယ်လိုချင်နေတာတဲ့လား။
ဒါဆိုရင်တော့ သူမက ပေးရမှာပေါ့။ နောက်မှ နောင်တမရပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက်တယ်။
ထိုကိစ္စကို သည်လိုနှင့် အဆုံးသတ်လိုက်တော့သည်။ နှစ်ဖက်စလုံးက စာချုပ်တစ်ခု ရေးလိုက်ပြီး ငွေချေလိုက်၏။ ကျန်းယွင်ရှို့က သူမ၏ပစ္စည်းများကို သိမ်းထုပ်ကာ ထိုမိန်းမနှင့် ထွက်သွားတော့သည်။
ကျန်းယွင်ရှို့သည် သူမကိုယ်ပေါ်က အဝတ်အစားမှ လွဲလျှင် ဘာတစ်ခုမှ ယူမသွားချေ။ သူမ၏အမြင်တွင်တော့ သည်အိမ်က သည်ပစ္စည်းများသည် ညံ့ဖျင်းသည့်အရောင်အဝါတစ်ခု ရှိနေသည်။ သူတို့ကို သယ်သွားလျှင် လူတွေက သူမကို အထင်သေးသွားလိမ့်မည်ဟူ၍။
ထွက်မသွားခင် သူမက ကျန်းယွင်ကျူးကို ပြောလိုက်လေသည်။
“ အစ်မ နင် အနာဂတ်မှာ ကောင်းကောင်း မနေနိုင်ခဲ့ရင် ငါ့ဆီ လာပြီး တောင်းပန်လှည့်နော်”
သူမ စိတ်ကောင်းဝင်နေရင်တော့ သူ့ကို လျန်တစ်စ နှစ်စလောက် ဆုချချင် ချလိုက်မယ်။ အရင်တုန်းက သူ သူမကို ဖဲသားပိတ်စတွေ ပေးခဲ့သလိုလေ။
သူမကို တောင်းပန်ရမတဲ့လား။ ကျန်းယွင်ကျူး၏နှုတ်ခမ်းထောင့်မှာ မြင့်တက်သွားလေသည်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်လွယ်တယ်လို့ ထင်နေတာတဲ့လား။
ပြီးတော့ ငါက ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ။ ငါ့ရဲ့သာယာတဲ့ဘဝလေးက အခုပဲ စတော့မှာလေ။
...
ဝင်နေရင်တော့ သူ့ကို လျန်တစ်စ နှစ်စလောက် ဆုချချင် ချလိုက်မယ်။ အရင်တုန်းက သူ သူမကို ဖဲသားပိတ်စတွေ ပေးခဲ့သလိုလေ။
သူမကို တောင်းပန်ရမတဲ့လား။ ကျန်းယွင်ကျူး၏နှုတ်ခမ်းထောင့်မှာ မြင့်တက်သွားလေသည်။ အစေခံတစ်ယောက်ကနေ နယ်စားအိမ်တော်ရဲ့ သခင်မဖြစ်လာဖို့ အရမ်လွယ်တယ်လို့ ထင်နေတာတဲ့လား။
ပြီးတော့ ငါက ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ။ ငါ့ရဲ့သာယာတဲ့ဘဝလေးက အခုပဲ စတော့မှာလေ။
…
အပိုင်း (၂)
ကျန်းယွင်ရှို့ ထွက်သွားပြီးနောက် အတန်ကြာသည်အထိ အမျိုးသမီးချန်သည် ကျန်းယွင်ရှို့က သည်လမ်းမှ ပြန်လာမည်ကို စောင့်နေသည့်အလား တံခါးဝတွင် ရပ်နေကြည့်နေဆဲ။
သူမ ဝမ်းနည်းနေမှန်း ကျန်ယွင်ကျူးက သိနေသဖြင့် မနှောင့်ယှက်ဘဲ ထားလိုက်တော့သည်။
နေသည် အနည်းငယ် စွေစောင်းလာ၏။ ဆောင်းဦးရာသီ၏ နေက လူများကို အနွေးဓာတ်ပေးရန် တောက်ပလို့ပင်။ ကျန်းယွင်ကျူးက မော့ကြည့်လိုက်၏။ မြင့်မားသည့်ကောင်းကင်နှင့် အိစက်နေသည့် တိမ်များကို မြင်လိုက်ရပြီး သူမ၏စိတ်မှာ ရုတ်ခြည်းဆိုသလို ပေါ့ပါးသွားတော့သည်။ ရှည်ကြာစွာ ပျောက်ဆုံးနေသည့် သည်လွတ်လပ်မှုက လူကို အမှန်ပင် အတိုင်းမသိ ပျော်ရွှင်လာစေတော့သည်။
အမှန်ပင်။ ကျန်းယွင်ကျူးသည် လူတိုင်း လေးစားအားကျကြသည့် သူမ၏ခင်ပွန်း လင်ထင်အန်း အပါအဝင် အန်းဖင်နယ်စားအိမ်တော်တွင် နေရသည့်ဘဝကို လုံးဝမလွမ်းပေ။
သူမအတွက်တော့ အဲဒီနေရာက အကျဥ်းထောင်တစ်ခုပဲ။ အစက ဒီတစ်ကြိမ် နယ်စားအိမ်တော်ကို ဝင်သွားပြီးရင် ထွက်ပြေးလွတ်မြောက်နိုင်မဲ့ နည်းလမ်းကို စဥ်းစားထားခဲ့သေးတယ်။ အခုတော့ အရာအားလုံးက အဆင်ပြေသွားပြီ။ အားစိုက်ထုတ်မှုအများကြီး မလုပ်လိုက်ရဘူး။
ဒါပေမဲ့ အခုလောလော ငါ့မှာ ဖြေရှင်းရမဲ့ အရေးပေါ်ပြဿနာတစ်ခု ရှိသေးတယ်။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ချန်ဖုန်းက ကပ်ဘေးကို အပြင်းအထန် ခံစားခဲ့ရတယ်။ မနှစ်က အလွန်အကျွံမိုးခေါင်ပြီး ဘာကောက်နှံမှ မရိတ်သိမ်းနိုင်ခဲ့ဘူး။ ဒီနှစ်ကျတော့ မိုးခေါင်ပြီး ကျိုင်းကောင်ပလိပ်ရောဂါ ဖြစ်နေတယ်။ ဒီကပ်ဘေးကရော ဘယ်လောက်အထိ ပြင်းထန်မှာလဲ။ နွေရာသီဆိုတာ သစ်ပင်တွေ စိမ်းစိုနေမဲ့အချိန်ဖြစ်နေပေမဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ဘာအစိမ်းရောင်မှ ရှိနေဘူး။ ပတ်ဝန်းကျင် မိုင်ထောင်ချီအထိ မြေကြီးတွေက ပက်ကြားအက်လို့။
လူတွေက ခိုကိုးရာမဲ့၊ အိမ်ခြေမဲ့လို့။ မရေမတွက်နိုင်တဲ့ လူပေါင်းများစွာကလည်း ဆာလောင်ငတ်မွတ်မှုဒဏ်ကြောင့် သေကြေနေကြပြီ။
ဒါကလည်း အလုပ်ကြိုးစားလှတဲ့ ကျန်းချိန်နဲ့ အမျိုးသမီးချန် လင်မယားက အသက်ဆက်ရှင်သန်ဖို့အရေး သူတို့ရဲ့သမီးကို စိတ်တင်းပြီး ရောင်းခဲ့ရတဲ့ အကြောင်းအရင်းပဲ။
ကျန်းယွင်ကျူးက စဥ်းစားကြည့်လိုက်၏။ ချန်ဖုန်းမှာ ဆက်နေလို့မဖြစ်တော့ဘူး။
တစ်ချက်က ကပ်ဘေးက အရမ်းကို ပြင်းထန်တယ်။ စကားပုံတစ်ခုတောင် ရှိသေးတာပဲ။ ဒုက္ခရောက်နေတဲ့အချိန်မှာ လူဖြစ်ရတာထက် ငြိမ်းချမ်းတဲ့ ခွေးတစ်ကောင်ပဲ ဖြစ်တာက ပိုကောင်းသေးတယ်တဲ့။ ဒါက အရမ်းအဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ လူ့ပတ်ဝန်းကျင်က တည်ငြိမ်အေးချမ်းပြီး လူတွေက အေးအေးချမ်းချမ်း ရောင့်ရဲလုပ်ကိုင် နေထိုင်နိုင်ရင် ခွေးတစ်ကောင်ကလည်း အသား စားရကောင်းပါရဲ့။ ခေတ်သစ်လူ့အဖွဲ့အစည်းလိုပဲပေါ့။
အပြန်အလှန်အားဖြင့်တော့ တကယ်လို့ လူ့အဖွဲ့အစည်းက ယိုယွင်းပျက်စီးနေပြီး လူတွေကလည်း ဆင်းရဲမွဲတေနေမယ်ဆိုရင် လူတစ်ယောက်က ဘယ်လောက် အလုပ်ကြိုးစား ကြိုးစား သူလိုချင်တဲ့ဘဝမှာ နေရဖို့ ခက်ခဲသွားလိမ့်မယ်။
ဒီတော့ သူတို့တွေသာ ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေချင်ရင် အရင်ဆုံး ချမ်းသာကြွယ်ဝမဲ့နေရာတစ်ခုကို ပြောင်းမှရမယ်။
နောက်တစ်ချက်က ချန်ဖုန်းမှာ နောက်နှစ်အထိ မိုးခေါင်အုံးမယ်ဆိုတာကိုလည်း မှတ်မိနေသေးတယ်။
ကျန်းမိသားစုက နောက်နှစ် တောင်တွေတုံးပြီး မြစ်တွေခမ်းသွားတဲ့ အချိန်မှ ထွက်ပြေးကြလိမ့်မယ်။ ဒါကြောင့်လည်း သူမအိပ်မက်ထဲမှာ အန်းဖင်နယ်စားအိမ်တော်မှာ အခြေခိုင်လာပြီး သူတို့ကို ဆက်သွယ်ချင်တဲ့အချိန်ကျတော့ ဆက်သွယ်လို့ မရနိုင်ခဲ့တာ။
ဒီလိုဆိုမှတော့ ဘာမှမလုပ် ဘဲနေတာထက် အရင်ဆုံးလက်ဦးမှုယူပြီး ကြိုတင် ပြောင်းရွှေ့သွားလိုက်လို့ ရတာပဲမလား။
ထိုသို့စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူးသည် ခြံထဲတွင် ပတ်လျှောက်ကြည့်နေလိုက်သည်။
မကြာလိုက်ပေ။ နောက်ဖေးတံစက်မြိတ်အောက်တွင် ခေါင်းငိုက်စိုက်ချကာ ဆောင့်ကြောင့်ထိုင်နေသည့် ကျန်းချိန်ကို တွေ့လိုက်ရလေသည်။ သူသည် သည်ခန္ဓာကိုယ်၏ဖခင်ပင်။
ကျန်းချိန်ကို အရှက်သွားစေမည်စိုးသဖြင့် ကျန်းယွင်ကျူးက နောက်သို့ ပြန်ဆုတ်သွားလိုက်၏။ ထို့နောက် သူမက ခြေလှမ်းများကို တမင် ခပ်ပြင်းပြင်းနှင့် ထိုနေရာသို့ လျှောက်သွားလိုက်လေသည်။
ခြေသံများကို ကြားလိုက်သည့် ကျန်းချိန်က သူ့မျက်လုံးများကို မြန်မြန်သုတ်ကာ ထရပ်လိုက်လေသည်။
“အဖေ အဖေဝမ်းနည်းနေတာ သမီး သိပါတယ်၊ ဒါပေမဲ့ ဖြစ်ပြီးသွားပြီလေ၊ အနာဂတ်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာကိုပဲ စဥ်းစားရအောင်ပါ၊ ယွင်ရှို့ကတော့ နောက်ကျရင် သမီးတို့ သူနဲ့ ထပ်တွေ့ရမှာပါ” ကျန်းယွင်ရှို့က ဖျောင်းဖျလိုက်လေသည်။ သူမသည် အမှန်ကို ပြောနေခြင်းပင်။
ကျန်းချိန်သည် သူမက သူ့ကို နှစ်သိမ့်ပေးနေသည်ဟု ထင်လိုက်၏။ ရောင်းစားလိုက်ပြီးတဲ့ သူတို့ရဲ့သမီးကို ဘယ်လိုလုပ်ပြီး ထပ်တွေ့နိုင်တော့မှာလဲ။
“ အဖေက သမီးတို့ကို နစ်နာစေမိတာပါ”
ကျန်းချိန်က ပြောလိုက်၏။ သူ အသုံးမကျလို့လေ။
ကျန်းယွင်ကျူးက ထိုအကြောင်းကို ဆက်မပြောချင်တော့ပေ။ အငတ်ဘေး ကြုံရသည့်နှစ်များတွင် လူများသည် အစားအသောက်အတွက် သူတို့၏ကလေးများနှင့် အလဲအလှယ်လုပ်ရသည်မှာ ဖြစ်နေကြပင်။
ကျန်းချိန်သည် ခဏလောက် နှုတ်ဆိတ်နေလိုက်ပြီး အနာဂတ်အတွက် စဥ်းစားရန် အချိန်ကျပြီဟု တွေးလိုက်၏။ သူ သမီးတစ်ယောက်ကို ဆုံးရှုံးရပြီးပြီ။ နောက်တစ်ယောက်ကို မဆုံးရှုံံးချင်တော့ဘူး။
“ မစိုးရိမ်ပါနဲ့လေ၊ ဒီလျန်၆စနဲ့ဆိုရင် အဖေတို့တွေ ချွေချွေတာတာသုံးရင် နောက်နှစ်ထိ ခံမှာပါ၊ နောက်နှစ်နွေဦးရောက်လာတာနဲ့....”
“ တကယ်လို့များ နောက်နှစ်လည်း မိုးခေါင်အုံးမယ်ဆိုရင်ကော” ကျန်းယွင်ကျူးက မေးလိုက်၏။
ကျန်းချိန်သည် ထိုမေးခွန်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’ဟု ပြန်ဖြေချင်လိုက်သည်။ သို့သော် မနှစ်က အလွန်အကျွံ မိုးခေါင်ခဲ့သည့်အကြောင်း နှင့် သည်နှစ် မိုးခေါင်ပြီး ကျိုင်းကောင်ပလိပ်ရောဂါအကြောင်း စဥ်းစားလိုက်မိချိန်၌ နောက်နှစ်လည်း မိုးခေါင်မည့်ကိစ္စက မဖြစ်နိုင်တာ မဟုတ်မှန်း စဥ်းစားမိလိုက်လေသည်။
ဟုတ်တယ်။ တကယ်လို့များ နောက်နှစ် မိုးခေါင်အုံးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူသည် အေးခဲသွားတော့သည်။
ကျန်းယွင်ကျူးက သူ သတိပြန်ဝင်လာသည်အထိ စောင့်နေလိုက်၏။
ခဏကြာပြီးမှ ကျန်းချိန်က ပြန်ဖြေလိုက်တော့သည်။
“ သမီးအမေ ၊ ကျန်းလင်နဲ့ တခြားသူတွေကို ခေါ်လိုက်၊ သေသေချာချာတိုင်ပင်ကြရအောင်”
ကျန်းမိသားစုတွင် ကျန်းယွင်ကျူးနှင့် ကျန်းယွင်ရှို့ ဟူသည့် သမီးနှစ်ယောက်သာ ရှိသည်မဟုတ်ပေ။ ကျန်းလင်၊ ကျန်းယွင်ရွှယ် နှင့် ကျန်းဝူ ဟူသည့် သားနှစ်ယောက်နှင့် သမီးတစ်ယောက်လည်း ရှိသေးသည်။ သူတို့သည် အလွန်ငယ်လွန်းနေခြင်းကြောင်းသာ။ သည်လိုကာလမျိုးတွင် သူတို့ကို တခြားသူများအား အလကားပေးလျှင်တောင် လိုချင်မည့်သူမရှိပေ။
ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်ကြီး အမျိုးသမီးချန်နှင့် တခြားသူများကို သွားခေါ်လိုက်တော့သည်။
ခဏကြာပြီးနောက် မိသားစုတစ်ခုလုံးသည် အိမ်ထဲတွင် လူစုလိုက်ကြသည်။
ကျန်းယွင်ကျူးက ကျန်းဝူ၏လက်ကို တွဲထားပြီး အခန်းထဲ ဝင်လာခဲ့၏။
ကျန်းဝူမှာ သည်နှစ်မှ ၆နှစ်သာ ရှိသေးသည်။ တော်တော်ကျန်းမာပြီး ချစ်စဖွယ်လေးပင်။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့နှစ်ယောက်လုံးက ရုပ်ရည်ချောမောကြသည်။ ကျန်းချိန်က လေးထောင့်ကျကျ မျက်နှာရှိပြီး အမျိုးသမီးချန်က ကျန်းနန်ရေမြို့တော်က သိမ်မွေ့မှုနှင့် ချောမွတ်သည့် အသားအရေ ရှိလေသည်။ ထို့ကြောင့် ကျန်းမိသားစု၏ကလေးများအားလုံးသည် အလွန်ချောမောကြသည်။ ကျန်းယွင်ကျူးသည် ကျန်းဝူကို တွေ့လိုက်ချိန်တွင် သူ့ကို ချစ်ခင်မိသွားတော့သည်။
ကံအကြောင်းမလှသဖြင့် သူမ၏အိပ်မက်ထဲတွင်တော့ သူသည် ဒုက္ခသည်စခန်းကို ရှာလာသည့်လမ်းတွင် သေဆုံးခဲ့ဟန်တူသည်။
ဒါဟုတ်တယ်။ အိပ်မက်ထဲက အခြေအနေအတိုင်းလိုက်သွားရင် ကျန်းမိသားစုက ထွက်မပြေးရသေးခင် နောက်နှစ်ငွေကုန်သွားတဲ့အထိ စောင့်နေကြလိမ့်မယ်။ ကျန်းဝူက အရမ်းငယ်သေးတော့ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။
တော်ပါသေးရဲ့။ အခုတော့ ဒီလိုဖြစ်မှာမဟုတ်တော့ဘူး။
ကျန်းယွင်ကျူးသည် ကျန်းဝူ၏လက်ကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ ကျန်းဝူက သူမ၏ခြေထောက်ကို မှီထားပြီး မျက်လုံးအဝိုင်းသားဖြင့် မျက်တောင်ခတ်နေသည်။ သူသည် အိမ်တွင် တစ်ခုခု ဖြစ်သွားသည်ကို အာရုံရနေသယောင်။
“အိမ်ဦးနတ်ကြီး”
အမျိုးသမီးချန်က ဘာဖြစ်နေမှန်းမသိသဖြင့် ကျန်းချိန်ကို မေးလိုက်၏။
ကျန်းချိန်က ကျန်းယွင်ကျူး အခုလေးတင် ပြောခဲ့သည့် စကားများကို ပြန်ပြောပြလိုက်ပြီး သူမ၏သဘောထားကို မေးလိုက်သည်။
အမျိုးသမီးချန်မှာ စိတ်နှင့်ကိုယ်မကပ်နိုင် ဖြစ်သွားတော့သည်။ နောက်နှစ်လည်း မိုးခေါင်အုံးမှာတဲ့လား။ ဘုရားသခင်က လူတွေကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုတောင် မပေးတော့ဘူးပေါ့။ ဒါပေမဲ့ အခုပဲ ဆောင်းဦးရောက်နေပြီးလေ။ မိုးရွာမဲ့အရိပ်အယောင် လုံးဝမပြဘူး။ နောက်နှစ် တကယ်ပဲ မိုးခေါင်လိမ့်အုံးမယ်ထင်တယ်....
သူမသည် ထိုအကြောင်းကို အရင်က မစဥ်းစားရဲခဲ့ဖူးချေ။ နောက်နှစ်တွင် အခြေအနေ ပိုကောင်းလာလိမ့်မည် ဟုသာ အမြဲဆုတောင်းခဲ့သည်။ သို့သော် အခုတော့ တစ်ယောက်ယောက်က ထောက်ပြလာသဖြင့် သူမကို အိပ်မက်ထဲမှ နိုးလိုက်သလို ဖြစ်သွားတော့သည်။
ကျန်းချိန်က ကျန်းယွင်ကျူးဘက် လှည့်လိုက်၏။ သည်ကိစ္စ ပြီးသွားသည့်နောက်တွင် သူမက အများကြီး ရင့်ကျက်လာသည်ဟု ခံစားမိလိုက်လေတော့သည်။
…
“အဖေနဲ့ အမေ သမီးအထင်ကတော့ သမီးတို့တွေ ပြောင်းရွှေ့သင့်တယ်၊ ကပ်ဘေးက ထွက်ပြေးတယ်လို့ ပြောရင် ပိုမှန်မယ်”
ကျန်းယွင်ကျူး၏စကားများမှာ အံ့ဩစရာကောင်းနေလေသည်။
“ပြောင်းမယ် ဟုတ်လား၊ ဘယ်ကို ပြောင်းကြမှာလဲ”
အမျိုးသမီးချန်က အမှတ်တမဲ့ ငြင်းဆန်လိုက်၏။ သူမသည် အိမ်ရာပစ်သွားရသည့် နာကျင်မှုကို သိနေသည်။ ထိုအချိန်က သူမနှင့် အဖေအိုကြီးချန်တို့သည် ကျန်းနျိုရွာမှ ထွက်ပြေးလာခဲ့ရသည်။ နောက်ဆုံး သည်နေရာတွင် အခြေကျနေပြီးမှ သူမသည် သည်နေရာမှ ထွက်မသွားချင်တော့ပေ။
ကျန်းယွင်ကျူးက ကျန်းချိန်ဘက် လှည့်ကြည့်လိုက်၏။ သူက သူမကို ထောက်ခံလိမ့်မယ်လို့ ခံစားမိနေသည်။
အမှန်ပင်။ ကျန်းချိန်သည် အကြောင်းအရင်းကို နားလည်လေသည်။ သစ်ပင်တစ်ပင်ကို ရွှေ့စိုက်လျှင်တော့ သေသွားလိမ့်မည်။ လူတစ်ယောက်က ပြောင်းရွှေ့လျှင်တော့ အသက်ရှင်လိမ့်မည်။
သူက အမျိုးသမီးချန်ကို လေသံတိုးတိုးဖြင့် တိုင်ပင်ဆွေးနွေးလိုက်၏။ နောက်နှစ် မိုးထပ်ခေါင်ခဲ့ရင် သူတို့တွေ သေချာပေါက် သည်းခံနိုင်တော့မှာမဟုတ်ဘူး။ မိုးမခေါင်ဘူးဆိုရင်တောင် သူတို့ဘဝတွေက သေချာပေါက် လွယ်ကူလိမ့်မှာမဟုတ်ဘူး။
အခုပဲ ဆောင်းဦးရောက်နေပြီ။ ဒါပေမဲ့ မိုးရွာမဲ့အရိပ်အယောင် လုံးဝမရှိဘူး။ ကျန်းချိန်သည် နောက်နှစ် မိုးခေါင်နိုင်ခြေ အရမ်းများမှန်း ခံစားမိသွားတော့သည်။
အမျိုးသမီးချန်က စကားကို နားထောင်ကြည့်လေလေ သူမ၏မျက်လုံးများက နီရဲလာလေလေ ဖြစ်လာလေသည်။ ကျန်းချိန်၏စကားမှန်မှန်း သူမ သိလေသည်။
ညနေခင်းတွင် ကျန်းမိသားစုသည် ပြောင်းရွှေ့ကြမည့်ဟု ဆုံးဖြတ်လိုက်ကြတော့သည်။
“ သိမ်းဆည်းလိုက်ကြ၊ ဒီနှစ်ရက်အတွင်း ခရီးထွက်ကြမယ်” ကျန်းချိန်က ကြေညာလိုက်လေသည်။
“ ဒီနှစ်ရက်အတွင်း ဟုတ်လား”
ကျန်းယွင်ကျူးသည် ကျန်းချိန်က ဤမျှအလျင်လိုနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ကျန်းချိန်က ပြန်ဖြေလိုက်၏။
“ အခုပဲ ဆောင်းဦးရောက်နေပြီလေ၊ ပိုပို အေးလာဖို့ပဲရှိတယ်၊ အဖေတို့တွေ ဆောင်းမဝင်ခင် နေထိုင်ဖို့ နေရာတစ်ခု ရှာထားရင် ပိုကောင်းမယ်”
မဟုတ်လျှင် ဆောင်းရာသီတွင် နားခိုးရာ အမိုးအကာမရှိခဲ့လျှင် သူတို့သည် အေးခဲပြီး သေသွားပေလိမ့်မည်။
ဒါလည်း ဟုတ်တာပဲ။ ကျန်းယွင်ကျူး နားလည်သွား၏။
ကျန်းမိသားစုသည် ချက်ချင်း အလုပ်များသွားကြပြီး ချန်ဖုန်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်ကြတော့သည်။
သွားမည့်နေရာအတွက်တော့ သူတို့သည် တောင်ပိုင်းသို့ သွားချင်ကြသည်။ ပထမအချက်မှာ တောင်ပိုင်းတွင် မိုးများသည်။ ဒုတိယအချက်မှာ သူတို့တွေ တောင်ပိုင်းသို့ ရောက်သွားသည်နှင့် အပူချိန်က ပိုနွေးလာလိမ့်မည်။ ဒါသည် အိပ်မက်ထဲတွင် သူတို့ ထွက်ပြေးခဲ့သည့် လားရာနှင့် အတူတူပင်။
ထိုညမှာပင် ကျန်းချိန်က အိမ်၌ လှည်းတစ်စီးကို ပြန်ပြင်လိုက်သည်။
အမျိုးသမီးချန်က အိမ်ရှိ ပစ္စည်းများ သိမ်းဆည်းလိုက်သည်။
ကျန်းယွင်ကျူးက သူမကို ကူညီပေးသည်။
အမှန်တွင်တော့ သိမ်းဆည်းရန် ပစ္စည်းက ဘာမှမရှိချေ။ ကပ်ဘေးကာလနှစ်နှစ်အတွင်း မိသားစုက ရောင်းချလို့ရသမျှအားလုံးကို ရောင်းချခဲ့ပြီးဖြစ်သည်။ အခုတော့ ယူသွားလို့လည်းမရ ဘယ်သူမှ မလိုချင်သည့် စားပွဲအကျိုးအပဲ့ တချို့သာ ကျန်တော့သည်။
“ အစ်မ ဒီဟာကိုရော ယူသွားချင်လား” ကျန်းလင်က မြေအိုးကွဲတစ်လုံးကို ကိုင်ထားပြီး ကျန်းယွင်ကျူးကို မေးလိုက်တော့သည်။
“မယူသွားဘူး” ကျန်းယွင်ကျူးက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
ကျန်းလင်သည် လှည့်ကာ ပြေးထွက်သွားသည်။
“အစ်မ ဒါရော”
ကျန်းယွင်ရွှယ်က စုတ်ပြဲနေသည့်ခါးစည်းပုဝါတစ်ုကို ကိုင်ကာ ကျန်းယွင်ကျူးကို လာမေးပြန်သည်။
ကျန်းယွင်ကျူးက ပိတ်စအပိုင်းလေးကို ဆန်းစစ်လိုက်၏။ ဒါကို အဝတ်စုတ်အနေနဲ့ သုံးရင်တောင် အထင်သေးခံရလောက်တယ်။ ဒါပေမဲ့ အခုက....
“ယူမယ်” သူမက ပြန်ဖြေလိုက်၏။ အနည်းဆုံးတော့ ဒါက ပိတ်စလေးတစ်ခုပဲလေ။ လမ်း အရမ်းအေးလာရင် ထိုင်ဖို့ ခင်းဖို့ အခင်းတစ်ခုလို သုံးလို့ရတယ်။
ကျန်းယွင်ရွှယ်က အဝတ်စစုတ်လေးကို ရတနာတစ်ခုသဖွယ် ဝမ်းသာအားရဖြင့် ဂရုတစိုက် ခေါက်သိမ်းလိုက်လေသည်။
ကျန်းဝူကပင် ကူညီပေးနေလေသည်။ ကလေးများသည် ကောင်းကင်ပေါ်သို့ တက်တော့မည့် စိတ်အားထက်သန်မှုနှင့် တက်ကြွနေကြတော့သည်။
အမျိုးသမီးချန်က ဘေးမှစောင့်ကြည့်ရင်း စိတ်အေးသွားသလို စိတ်ပူနေမိပြန်သည်။
သူတို့သည် ဉာဥ့်နက်သည်အထိ လုပ်လိုက်ကြပြီးနောက် အားလုံးက စားသောက်ပြီးစီးကာ အနားယူလိုက်ကြသည်။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချိန်က မနက်စောစောထပြီး လမ်းတွင်စားသောက်မည့် အစားအသောက်များကို ဝယ်ရန် မြို့သို့သွားလိုက်သည်။ သူဝယ်လာသမျှမှာ ပြောင်းဆန်များသာ ဖြစ်သည်။ သည်ရက်ပိုင်းတွင် ဆန်စျေးကလည်း ခေါင်ခိုက်နေ၏။ သည်ကာလမျိုးတွင် ဆင်းရဲသားများက ဆန်ဝယ်ရန် အဘယ်မှာ တတ်နိုင်ပါမည်နည်း။ သူတို့အားလုံးသည် သည်လိုဆန်မျိုးကိုသာ ဝယ်စားကြသည်။ သူ့ကို အရက်ချက်ရာတွင် သုံးလေ့ရှိသည်။ အခုတော့ စားဖို့ရန် တစ်ခုခုရှိတာပင် လုံလောက်နေပြီဖြစ်သည်။
သူသည် ပြောင်းဆန် ပေါင် ၅၀ကိုဝယ်ခဲ့ပြီး ဝမ်၅၀၀ ကုန်ကျခဲ့သည်။
စျေးမှာ အတက်မြန်လွန်းလှသည်။ သူသည် သည်နေရာမှ ထွက်သွားရန် ပိုသေချာသွားတော့သည်။
အမျိုးသမီးချန်က ရွာထဲသို့သွားကာ ဘယ်လမ်းကြောင်းက ခရီးပိုတွင်ပြီး သူတို့သည် ချန်ဖုန်းမှ ထွက်သွားချင်လျှင် လမ်းပြတစ်ယောက်ငှားရန် စီရင်စုအစိုးရရုံးသို့ သွားဖို့လိုမည်လားဟု အခြေအနေကို စုံစမ်းခဲ့လေသည်။
သူမသည် ထိုအကြောင်းကို စုံစမ်းလိုက်ခါမှ ရွာထဲက တချို့မှာ ထွက်ပြေးသွားနှင့်ပြီမှန်း သိလိုက်ရတော့သည်။
သူတို့အများစုသည် တောင်ပိုင်းသို့ သွားခဲ့ကြသည်။ သို့သော် သူတို့သွားကြသည့် လမ်းကြောင်းကတော့ မတူကြချေ။ ရွာထဲက လူများကလည်း ဘယ်လမ်းက ကောင်းမှန်း မသိကြချေ။ နောက်ဆုံးတွင် ခြေကျင်သွားကြသူများ အကြောင်းသိသွားကြပြီး လုံးဝပြန်မလာတော့ပေ။
လမ်းပြအနေဖြင့် တစ်ယောက်ယောက်ကို တစ်ကြိမ် မေးကြည့်ခဲ့သည်။ စီရင်စုရုံးတော်က လုံးဝမစီစဥ်ပေးချေ။ ထို့အပြင် သည်ကိစ္စကို ကောင်းကောင်းမဖြေရှင်းလျှင် အရာရှိကြီးကို ဒေါသထွက်စေပြီး အဖမ်းခံရနိုင်လေသည်။ နောက်ဆုံး လူအများအပြားက ချန်ဖုန်းမှ ထွက်ခွာသွားချင်ကြသည်။ အထက်လူကြီးများသာ သိရှိသွားလျှင် အရာရှိကြီး၏အနက်ရောင်ဦးထုပ်ကို ထိန်းသိမ်းရန်ပင် မသေချာလောက်ပေ။
တစ်ယောက်ယောက်က ထွက်သွားချင်လျှင် သူတို့သည် တိတ်တဆိတ်သာ သွားမှရပေမည်။
နေ့ခင်းတွင် မိသားစုက လူထပ်စုလိုက်ကြပြီး သူတို့စုဆောင်းထားသည်များကို တိုင်ပင်လိုက်ကြသည်။ သူတို့သည် သည်နေရာမှ ထွက်သွားရန် ဆုံးဖြတ်ချက် ပိုပြတ်သားလာခဲ့သည်။
စားသောက်ပြီးနောက် အမျိုးသမီးချန်သည် ချက်ချင်း အလုပ်ရှုပ်သွားတော့သည်။ သူမသည် လမ်းတွင် စားသောက်ရန် ဆန်မှုန့်လုပ်ဖို့ ပြောင်းဆန်နှင့် ဆန်ကွဲများကို ရောလိုက်သည်။
ကျန်းယွင်ကျူးက ပုလင်းထဲက ဆားရည်စိမ်ထားသည့် လက်ကျန်အရွက်ချဥ်များအားလုံးကို ထုတ်ကာ အပိုင်းပိုင်း ဖြတ်လိုက်သည်။ ဒါသည်ကလည်း လမ်းတွင် စားဖို့ပင်။
သူမ၏အမြန်နှုန်းမှာ အလွန်မှ မြန်ဆန်လေသည်။ အချိန်တိုအတွင်းတွင် ဆားရည်စိမ်ထားသည့်အရွက်များသည် အပိုင်းပိုင်းဖြတ်ပြီးသား အချဥ်အဖြစ် ပြောင်းလဲသွားတော့သည်။
အိမ်တွင် နှမ်းဆီအနည်းငယ် ကျန်သေးသည်။ ဒါကို နှစ်သစ်ကူးအတွက် သိမ်းထားခြင်းဖြစ်သည်။ အခုတော့ အသုံးမလိုတော့ချေ။ သူမသည် နှမ်းဆီကို အချဥ်ဖတ်များပေါ် လောင်းချလိုက်တော့သည်။
ပြီးစီးသွားသည့်နောက် သူမက သောက်သုံးရေအတွက် ပြင်ရန် သွားလိုက်သည်။ ယခုမူ နေရာတိုင်းတွင် မိုးခေါင်နေသဖြင့် ရေကလည်း အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်နေသည်။
အစောပိုင်းက ကျန်းမိသားစုခြံထဲတွင် ရေတွင်းတစ်ခု ရှိသည်။ သို့သော် ရွာထဲက ရေတွင်းအများစုလိုပင် အခုတော့ ရေခမ်းခြောက်သွားပြီ။ ရေရရန် ရွာသူကြီးအိမ်ရှိ ရေတွင်းသို့သွားကာ ရေခပ်ရသည်။ ထိုရေတွင်းမှာ အတော်ပင်နက်လှသည်။
ကျန်းယွင်ကျူးနှင့် ကျန်လင်းတို့သည် နာရီဝက်လောက် တန်းစီလိုက်ပြီးမှ ရေနှစ်ပုံးရလာခဲ့သည်။
ရေမှာ ဝါကျန့်ကျန့်ရွှံ့ရေ ဖြစ်နေသည်။
ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်၏။ ဒါက သောက်လို့ရပါ့မလား။
“ တစ်ညလောက် ထားပြီးရင်တော့ သောက်လို့ရပါတယ်”
မီးဖိုထဲတွင် အမျိုးသမီးချန်က သတိထားမိသွားပြီး ပြောပြလိုက်၏။ ရေကို ကျိုချက်ဖို့ကလည်း သူတို့မှာ ချက်ပြုတ်ဖို့ ထင်းတောင်မရှိတာလေ။ ဒီတော့ ဘယ်လိုလုပ်ပြီး ရေကိုကျိုချက်လို့ရမှာလဲ။
“အိမ်က စားပွဲတွေ၊ ခုံရှည်တွေနဲ့ ခုတင်တွေကို မီးရှို့လိုက်၊ သောက်ဖို့ဆို ရေကို ကြိုလိုက်တာက ပိုကောင်းတယ်၊ မဟုတ်လို့မှ ဖျားနာကြရင် ဘယ်လိုလုပ်မလဲ” ကျန်းယွင်ကျူးက ပြောလိုက်၏။
အမျိူးသမီးချန်မှာ အံ့ဩသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ စားပွဲနဲ့ ခုတင်ကို မီးရှို့လိုက်တဲ့လား။ ဒါက ဘယ်လိုလုပ်ရမှာပဲ.... သို့သော် ထိုအကြောင်းကို စဥ်းစားကြည့်လိုက်၏။ သူတို့တွေက ဒီကနေ ထွက်သွားတော့မှာပဲလေ။ ဒီလိုလုပ်တာလည်း မှားတော့ မမှားဘူး ထင်ပါတယ်။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် အကျိုးအပဲ့များကို စတင်စုဆောင်းလိုက်သည်။ သူတို့သည် အိမ်ထဲက ပစ္စည်းများကို တစ်ခုပြီးတစ်ခု အားလုံးကို စုပုံလိုက်၏။ သည်ခုတင်မှာ သူတို့ကြင်စဦးတုန်းက ဝယ်ခဲ့သည့် ခုတင်ဖြစ်သည်။ စားပွဲကလည်း ကျန်းချိန်က ကျန်းယွင်ကျူးကို မွေးစဥ်က တစ်ယောက်ယောက်ကို လုပ်ခိုင်းခဲ့သည့် စားပွဲဖြစ်သည်။
ပစ္စည်းတစ်ခုစီတိုင်းတွင် သူမ၏အမှတ်တရများ ရှိနေလေသည်။ သို့သော် အခုတော့ ထိုပစ္စည်းများကို မီးရှို့ပစ်ရတော့မည်....
အမျိုးသမီးချန်က နှုတ်ဆိတ်နေဆဲ။ သည်တစ်ကြိမ်တွင် သူတို့သည် ဖောင်ဖျက်ပြီး အားလုံးကို တစ်ချီထဲ လောင်းကြေးထပ်ရမည်ကို သိလိုက်သည်... သူမသည် အလွန်မှ ကြောက်ရွံ့နေမိသော်လည်း သူမ၏ဘေးတွင် မိသားစုသာရှိနေလျှင် ကြောက်ရွံ့နေမည်မထင်ပေ။ ထို့အပြင် သူမသည် သူမ၏ကလေးများကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနိုင်ရန် သန်မာရပေမည်။
ကျန်းယွင်ကျူးက ရေပုံးနှစ်ပုံးကို ကြည့်နေသော်လည်း ကိစ္စတစ်ခုကို စဥ်းစားလိုက်လေသည်။ အခုနေတော့ သူတို့တွေ ရေသောက်ဖို့ ရေကို ကျိုချက်နိုင်တယ်။ ဒါပေမဲ့ လမ်းမှာဆိုရင်ကော။ ရေက ဒီထက်တောင် ဆိုးနိုင်သေးတယ်။ ဒီကိစ္စအတွက် ငါ တစ်ခုခု ကြိုတင်ပြင်ဆင်ထားသင့်တယ် ထင်တယ်။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် သူမသည် ညစ်ပတ်သည့်ရေများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် ရေစစ်တစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ကျန်းလင်နှင့်တခြားသူများက ဘာမှလုပ်စရာမရှိတော့ပေ။ သူမ လုပ်နေသည့်အရာက အလွန်မှ စိတ်ဝင်စားစရာကောင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့အားလုံးက သူမကို ဝိုင်းအုံကာ စောင့်ကြည့်နေကြလေသည်။
ကျန်းယွင်ကျူးက သူတို့ကို အကူအညီတောင်းလိုက်၏။ ကျောက်တုံးများကို ဆေးကြောခြင်းနှင့် ကရားအိုးကို ပွတ်တိုက်ခြင်းတာဝန်ကို ပေးလိုက်လေသည်။ မကြာမီတွင် ကရားအိုးပုံစံရေစစ်တစ်ခု အဆင်သင့်ဖြစ်လာတော့သည်။
ရေပုံးထဲက ရေကို ရေကရားထဲလောင်းထည့်လိုက်သည်။
ရေစက်များက ကရားအိုးအောက်ချေသို့ စီးကျသွားသည်။ ဖန်သားကဲ့သို့ ကြည်လင်နေ၏။
ကလေးသုံးယောက်မှာ သည်အံ့ဩဖွယ်မြင်ကွင်း၏ ဆွဲဆောင်ခြင်းခံလိုက်ရတော့သည်။ ကျန်းယွင်ကျူးကတော့ သူမ၏စိတ်ထဲတွင် ယုံကြည်မှုအချို့ ရှိပြီးသားပင်။ အလုပ်ဖြစ်တယ်။
…
အပိုင်း (၃)
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက အမျိုးသမီးချန်ကို ပြောင်းဆန်မုန့်များ ဆက်လုပ်ကူလိုက်သည်။ ပေါင် ၅၀ရှိသည့် ပြောင်းဆန်များကို ဆန်အမှုန့်ဖြစ်အောင် ကျိတ်လိုက်ပြီးနောက် ဆန်မုန့်များ လုပ်လိုက်ကြသည်။ အချိန်တော်တော် ကုန်သွားလေသည်။
ဆွေးနွေးတိုင်ပင်လိုက်ကြပြီးနောက် ကျန်ချိန်နှင့် အမျိုးသမီးချန်တို့သည် အသီးသီးလမ်းခွဲလိုက်ကြ၏။
ကျန်းချိန်သည် ရွာမြောက်ပိုင်းသို့ တည့်တည့်သွားလိုက်ပြီး ရွာအနောက်ဘက်ရှိ အနီရောင်တံခါးတစ်ခုရှေ့တွင် ရပ်လိုက်ပြီး တံခါးခေါက်လိုက်သည်။
ခဏအကြာတင် လူတစ်ယောက် ထွက်လာ၏။ သူသည် ကျန်းချိန်ကို မြင်လိုက်ရသောအခါ တံခါးရွက်ကို ချက်ချင်း ကိုင်ထားလိုက်ပြီး
“ ငါ့အိမ်မှာလည်း စားစရာ မရှိတော့ဘူး၊ ငါတို့အမေဆို မနေ့ညက အစားတောင်မစားရဘူး၊ သူ အခုထိ ဗိုက်ဆာခံနေရတုန်းပဲ”
ထိုကိုယ်နေဟန်ထားကို ကြည့်လိုက်ရုံဖြင့် ကျန်းချိန်က တံခါးမှဝင်လာပြီး သူ့ဆီက အစားအသောက် ချေးငှားတော့မည်ဟု ထင်လိုက်လေသည်။
သည်လူသည် ကျန်းချိန်၏အစ်ကိုဖြစ်သူ ကျန်းဟိုင် ပင်။
ကျန်းချိန်က မသိမသာ ထိုးထွက်နေသည့် ဝမ်းဗိုက်ကို ကြည့်လိုက်၏။ သူ စိတ်မပျက်သွားပါဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ ကျန်းဟိုင်သည် အဖေကျန်းထားခဲ့သည့် နေရာကို ဆက်ခံလိုက်ပြီး မြို့က စားသောက်ဆိုင်တစ်ခုတွင် တာဝန်ခံတစ်ယောက်အဖြစ် အလုပ်လုပ်နေသူဖြစသည်။ လူနေမှုပုံစံက ပေါများကြွယ်ဝသည်။ ပြီးခဲ့သည့် နှစ်နှစ် မိုးခေါင်သည့်အချိန်က ဆိုးဝါးခဲ့လျှင်တောင် သူပြောသည့်အခြေအနေအထိတော့ မရောက်သေးချေ။
“ဘယ်သူလဲ”
ခြံထဲက အမျိုးသမီးတစ်ယောက်က အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ ထို့နောက် သူမက ဆက်ပြောလိုက်သည်။
“ ဘယ်သူပဲ ဖြစ်ဖြစ် အစားအသောက် ချေးငှားတာမျိုး မလုပ်ဘူး၊ ငါတို့ကိုယ်တိုငတောင် စားဖို့မလောက်တာကို”
“ ကျွန်တော် သိပါတယ်”
ကျန်းဟိုင်က ပြန်ဖြေလိုက်ပြီး ကျန်းချိန်ကို ကြည့်လိုက်လေသည်။ ငါတို့မိသားစုမှာ စားစရာမလောက်တာ မင်းကြားတယ်နော် ဟူသည့်အကြည့်။
ကျန်းချိန်က သည်လိုဖြစ်လာမည်မှန်း သိထားပြီးသားပင်။
“ ကျွန်တော် အမေနဲ့ တွေ့ချင်တယ်” သူက မသဲမကွဲ ပြောလိုက်၏။
သူ မကြာခင် ထွက်သွားတော့မှာလေ။ သူ ထွက်ပြီဆိုတာနဲ့ ဒီဘဝမှာ သူတို့တွေ ပြန်တွေ့ပါအုံးမလားဆိုတာ ဘယ်သူသိမှာလဲ။ သူသည် သခင်မကြီးကျန်းနှင့် တွေ့ပြီး ပြောပြသင့်သည်ဟု စဥ်းစားနေမိသည်။
“ အမေ့ကို တွေ့မလို့ ဟုတ်လား”
ကျန်းဟိုင်က နှာခေါင်းရှုံ့လိုက်ပြီး ကျန်းချိန်သည် လက်ဗလာနှင့် ရောက်လာသဖြင့် သခင်မကြီးကျန်းထံမှ ငွေချေးတော့မည်ဟု ယူဆလိုက်လေသည်။
“အမေရေ ဒုတိယညီလေးက အမေ့ကို တွေ့ချင်တယ်လို့ ပြောနေတယ်” သူ့လက်က တံခါးကို ကိုင်ထားဆဲဖြစ်ပြီး အထဲဘက်သို့ လှမ်းအော်ပြောလိုက်၏။
“ အခုမှ နင်က ငါ့ကိုလာတွေ့ဖို့ သိတယ်၊ မင်း အဲဒီမိသားစုက ပျက်စီးနေတဲ့မိန်းမနဲ့ လက်ထပ်တုန်းကတော့ ဒီအမေကို ဘာလို့ တွေးပေးခဲ့တာလဲ” သခင်မကြီးကျန်းသည် အထဲမှ ဒေါသတကြီး ပြန်ပြောလိုက်လေသည်။
အစပိုင်းတွင် ကျန်းချိန်သည် အမျိုးသမီးချန်နှင့် လက်ထပ်စဥ်က သခင်မကြီးကျန်းက အပြင်အထန် ကန့်ကွက်ခဲ့သည်။ နောက်ဆုံးတွင် ကျန်းချိန်သည် အမျိုးသမီးချန်နှင့် လက်ထပ်လိုက်ပြီး သခင်မကြီးကျန်းက သူတို့ကို ချက်ချင်း အမွေဖြတ်လိုက်ကာ ဘာတစ်ခုမှ မပေးလိုက်ချေ။ ပုံမှန်အားဖြင့် သူမသည် သူမသည် အမျိုးသမီးချန်နှင့် ကျန်းချိန်တို့ကို သွားမရှာခဲ့ချေ။
“အမေ”
ကျန်းချိန်က တံခါးအပြင်မှ လှမ်းခေါ်လိုက်၏။
“ မိန်းမတစ်ယောက်ယူပြီး အမေကို မေ့ထားတဲ့ဟာ၊ ငါ့မှာ နင့်လိုသားမျိုးမရှိဘူး” သခင်မကြီးကျန်းက ဝေဖန်ပြစ်တင်လိုက်လေသည်။
သူမ၏စကားများက အလွန်ရက်စက်လှပေသည်။ ကျန်းချန်သည် သူမကို ဘယ်တုန်းကမှ မေ့ထားခဲ့ခြင်း မရှိခဲ့ပေ။ လက်ထပ်ပြီး သည်နှစ်များတွင် သူသည် ကျန်းမိသားစုက အရသာရှိတာ တစ်ခုခုလုပ်တိုင်း သူမကို အမြဲတမ်း သတိတရရှိခဲ့သည်။
ကျန်းချိန်သည် မခံချိမခံသာဖြစ်သွားပြီး ဒူးထောက်ချလိုက်ကာ သခင်မကြီးကျန်းကို ဦးချကန်တော့လိုက်တော့သည်။
ကျန်းဟိုင်က တံခါးနားတွင်ရပ်ပြီး ဟာသတစ်ခုနှယ် သူ့ကို ကြည့်နေလိုက်လေသည်။
သုံးကြိမ် ဦးချကန်တော့လိုက်ပြီးနောက် ကျန်းချိန်က ခေါင်းမော့လိုက်ပြီး
“ အမေ ကျွန်တော် သွားပြီနော်”
သူဆိုလိုသည်မှာ ချန်ဖုန်းမှာ ထွက်သွားတော့မည် ဟူ၍။
“ ထွက်သွား”
သခင်မကြီးကျန်း၏ ပြန်ပြောလိုက်သံပင်။ သူမသည် အစမှ အဆုံးအထိ ကျန်းချိန်ကို လုံးဝ ထွက်မတွေ့ခဲ့ပေ။
ကျန်းချိန်က ခြံဝင်းထဲကို ဖြည်းဖြည်းမှန်မှန် ကြည့်လိုက်ပြီး ထရပ်လိုက်ကာ လမ်းလျှောက်ကာ ထွက်သွားတော့သည်။
ရွာတောင်ပိုင်းက ယိုယွင်းနေသည့် ခြံဝင်းငယ်လေးတစ်ခုထဲတွင် နောက်ထပ်မြင်ကွင်းတစ်ခု ရှိနေသည်။
အမျိုးသမီးချန်က တံခါးကို ပိတ်လိုက်ပြီး သူတို့ ထွက်သွားတော့မည့်အကြောင်းကို အဘိုးချန်ကို လေသံတိုးတိုးဖြင့် ပြောပြလိုက်ပြီး နောက်ဆုံးမှာ ထပ်ပြောလိုက်လေသည်။
“ အဖေ သမီးတို့နဲ့ လိုက်ခဲ့နော်”
အစက အဘိုးချန်နှင့် အဘွားချန်တို့သည် သည်နေရာတွင် ကပ်ဘေးလာရှောင်ကြခြင်းဖြစ်သည်။ နောက်ပိုင်း အမျိုးသမီးချန်က ကျန်းချိန်နှင့် လက်ထပ်လိုက်ပြီး အဘိုးချန်က တစ်ချိန်လုံး တစ်ယောက်ထဲ နေလာခဲ့သည်။ ပြီးခဲ့သည့်နှစ်နှစ်က သူ့တွင် မျက်လုံးမှာ ပြဿနာဖြစ်ပြီး ကောင်းကောင်း မမြင်ရတော့ချေ။ ပုံမှန်ဆိုလျှင် အမျိုးသမီးချန်က သူ့ကို စောင့်ရှောက်ပေးရလေသည်။ အမျိုးသမီးချန် ထွက်သွားသည်နှင့် သူသည် တစ်ယောက်ထဲ ကျန်ခဲ့ကာ သေခြင်းကို စောင့်ဆိုင်းနေရလိမ့်မည်။ ထို့ကြောင့် အမျိုးသမီးချန်က ထိုသို့ပြောလိုက်ခြင်းပင်.။
“ ဟင့်အင်း သမီးတို့ပဲ သွားကြပါ၊ အဖေက တစ်ယောက်ထဲ၊ ပြီးတော့ တစ်ယောက်တည်း နေနိုင်တယ်”
အဘိုးချန်က ခေါင်းခါပြလိုက်လေသည်။
သူက အိုပြီလေ။ သူ့မျက်လုံးတွေကလည်း မကောင်းတော့ဘူး။ အမျိုးသမီးချန်နောက် လိုက်သွားရင် သူမကို ဆွဲထားသလိုပဲ ဖြစ်နေလိမ့်မယ်။
“အဖေ....” အမျိုးသမီးချန်သည် စိတ်ထဲတွင် အစီအစဥ်ရှိပြီးသား ဖြစ်သဖြင့် ဘာမှ ထပ်မပြောလိုက်တော့ပေ။
သို့သော်ငြား အဘိုးချန်က တစ်ခုခုကို သတိရသွားသည့်နှယ် အနောက်ဘက်ခန်းထဲသို့ ဝင်သွားခဲ့သည်။ မကြာမီတွင် သူသည် အဝတ်အိတ်တစ်ခုနှင့် ပြန်ထွက်လာပြီး အမျိုးသမီးချန်ဆီ လှမ်ပေးလိုက်လေသည်။
အမျိုးသမီးချန်က အဝတ်အိတ်ကို ဖွင့်လိုက်ရာ အထဲတွင် ငွေဆံထိုးတစ်ခုနှင့် ငွေစနည်းငယ် တွေ့လိုက်ရသည်။
သူမသည် သည်ဆံထိုးက သူမ၏အမေ ပစ္စည်းမှန်း မှတ်မိနေသည်။
“ ဒါကို အစောကြီးကတည်းက သမီးကို ပေးလိုက်သင့်တာ၊ အဖေ့ဆီမှာပဲ အမြဲသိမ်းထားပြီး ပြန်ပြန်ကြည့်ချင်နေမိတယ်လေ သမီးအမေ ရှိနေသေးသလိုပေါ့၊ အခုတော့ သမီးက ထွက်သွားတော့မယ်ဆိုတော့ ဒါကို သမီးနဲ့အတူ ယူသွားလိုက်ပါ” အဘိုးချန်က ပြောပြလိုက်သည်။
အမျိုးသမီး၏မျက်ရည်များသည် ထိန်းမရတော့ဘဲ စီးကျလာတော့သည်။ သူမက အဝတ်အိတ်ကို သိမ်းထားလိုက်ပြီး အစီအစဥ်နှင့် ပတ်သက်ကာ ပိုပြီး ဆုံးဖြတ်ချက် ပြတ်သားသွားတော့သည်။
ညနေခင်းတွင် ကျန်းမိသားစုသည် အားလုံးပြင်ဆင်ပြီးသွားတော့သည်။ နေဝင်သွားပြီး အားလုံးကလည်း အိပ်ရာဝင်လိုက်ကြသည်။
နောက်တစ်နေ့ မနက်နှစ်နာရီ ထိုးပြီးနောက်တွင် ကျန်းမိသားစုက အိပ်ရာထကာ သူတို့၏ပစ္စည်းများကို ယူပြီး အိမ်မှ တိတ်တိတ်လေး ထွက်လာကြလေသည်။
အမျိုးသမီးချန်သည် တံခါးကို သော့ခတ်လိုက်သော အခိုက်အတန့်တွင် မျက်ရည်များက ထပ်ကျလာလုနီးနီးပင်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူမက ထိန်းထားလိုက်ပြီး မငိုနိုင်တော့ပေ။
ကျန်းချိန်လည်း ဝမ်းနည်းသလို ခံစားလိုက်ရသည်။ ရှေ့က ခရီးသည် ရှည်လျားပြီး သူ့ပခုံးပေါ်က ဝန်က ပိုပြီး လေးလံလာခဲ့သည်။
တဒင်္ဂအတွင်း သူသည် နောက်ပြန်လှည့်ပြီး အမှန်ပင် နေခဲ့ချင်တော့သည်။ နောက်နှစ် ပိုကောင်းလာခဲ့ရင်ကော။ သို့သော် သူသည် အရှုံးမခံနိုင်တော့သဖြင့် လောင်းကြေး မထပ်နိုင်တော့မှန်းလည်း သိနေသည်။
…
အပိုင်း (၃.၂)
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းလင်နှင့် ကျန်ကလေးသုံးယောက်တို့မှာ စိတ်ဝင်စားမှုအပြည့် ဖြစ်နေတော့သည်။ သူတို့အတွက်တော့ ဒါသည် ခရီးရှည်ကြီးတစ်ခုဟု ထင်နေလေသည်။
“ သွားကြမယ်”
ကျန်းချိန်က ပြောလိုက်၏။
မိသားစုသည် ရွာတောင်ပိုင်းက အဘိုးချန်၏ နေအိမ်ရှိရာသို့ တိတ်တိတ်လေး သွားလိုက်ကြသည်။
ကျန်းလင်က တံတိုင်းနိမ့်လေးပေါ်ကို ပေါ့ပေါ့ပါးပါး ကျော်တက်ပြီး ဝင်သွားကာ တံခါးဖွင့်ပေးလိုက်သည်။ ကျန်းချိန်နှင့်တခြားသူများက ခြံဝင်းထဲသို့ တန်းဝင်လာလိုက်ကြသည်။
“ဘယ်သူလဲ”
အဘိုးချန်သည် အမြင်အာရုံ မကောင်းသော်လည်း သူ့နားများက အလွန်မှ ပါးလေသည်။ သူသည် အသက်ကြီးလာသောကြောင့်လည်း အအိပ်ဆတ်လာသည်။ အပြင်ဘက် ဆူညံသံများကို ကြားလိုက်ရပြီး တအံ့တဩနှင့် မေးလိုက်တော့သည်။
“ အဖေ ကျွန်တော်ပါ” ကျန်းချိန်က ပြန်ဖြေလိုက်၏။
အဘိုးချန်မှာ အရမ်းအံ့ဩသွားတော့သည်။ ဒီအချိန်ကြီးမှာ ဘာဖြစ်ကြတာပါလိမ့်။
မသက်မသာ ခံစားချက်ဖြင့် သူက မြန်မြန် အိပ်ရာမှ ထလိုက်ပြီး တံခါးဖွင့်ပေးလိုက်၏။
“အဖေ ကျွန်တော်တို့နဲ့ မြန်မြန်လိုက်ခဲ့ပါ” ကျန်းချိန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ထိုအခါမှ အဘိုးချန်သည် အမျိုးသမီးချန်၏ အစီအစဥ်ကို နားလည်သွားတော့သည်။ သူမက အစကတည်းက သူ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်နေတာပဲ။ မနေ့က ဘာမှပြောမသွားခဲ့တာကလည်း သူ ငြင်းလိုက်မှာ စိုးရိမ်နေခဲ့တာမလို့ကိုး။ တစ်ချိန်ထဲတွင် ဝမ်းသာဝမ်းနည်း ဖြစ်သွားပြီး အဘိုးချန်သည် အမျိုးသမီးချန်တို့နှင့် မထွက်သွားလိုတော့ပေ။ သူက ချက်ချင်း ထွက်သွားခိုင်းလိုက်တော့သည်။ နောက်မှ တခြားသူများ တွေ့သွားလျှင် အခြေအနေ ဆိုးကုန်လိမ့်မည်။
အမှန်ပင်။ အမျိုးသမီးက ထွက်သွားဖို့ ငြင်းဆန်လိုက်ပြီး အဘိုးချန်ကို သူမနှင့်လိုက်ခဲ့ရန်သာ တိုက်တွန်းနေတော့သည်။
အဘိုးချန်က သဘောမတူပေ။
လူနှစ်ယောက်မှာ သည်ကိစ္စကြောင့် အခြေအတင် ဖြစ်နေကြတော့သည်။
ကျန်းယွင်ကျူးက ဘေးမှ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေလိုက်သည်။ သူတို့သည် အဘိုးချန်ကို အတူခေါ်သွားသင့်သည်ဟု သူမ ခံစားလိုက်မိသည်။ အဘိုးချန်ရဲ့မျက်လုံးက မကောင်းပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ အရမ်းကို သန်မာပါတယ်။ အတူတူသွားလည်း ပြဿနာမရှိပါဘူး။
နောက်နှစ်များ မိုးခေါင်တာ ပိုဆိုးလာခဲ့တာနဲ့ သူသာ နေခဲ့ရင် အစာငတ်ပြီး သေမှာပဲ။
“ အဘိုး အဘိုးမသွားရင် သမီးတို့လည်း မသွားတော့ဘူး”
သူမသည် အဘိုးချန်ကို စိတ်ရင်းနှင့် ပြောလိုက်တော့သည်။
“အဖေနဲ့အမေက အဘိုးကို သမီးတို့နဲ့အတူတူ ခေါ်သွားမှကို ဖြစ်မှာ၊ သမီးတို့လည်း အဲလိုပဲ တွေးပါတယ်”
“ဟုတ်တယ် အဘိုး၊ အဘိုး သားတို့နဲ့ လိုက်ခဲ့ပါ၊ သား အဘိုးကို တွဲပေးပါ့မယ်”
ကျန်းလင်နှင့် တခြားသူများကလည်း ချက်ချင်း ဝင်ပြောကြလေသည်။ စကားပြောပြီးသွားသည်နှင့် သူတို့သုံးယောက်က အဘိုးချန်ကို ဝိုင်းထားလိုက်ကြသည်။ တစ်ယောက်က သူ့လက်ကို တွဲပေးပြီး တစ်ယောက်က သူ့ခြေထောက်များကို ဆွဲကာ သူ့ကို အပြင်သို့ အတင်းဆွဲခေါ်လာကြတော့သည်။
အဘိုးချန်၏လည်ချောင်းမှာ ဆို့နင့်သွားပြီး
“ လိမ္မာလိုက်တဲ့ကလေးတွေ အဘိုး ကိုယ့်ဟာကိုယ် သွားပါ့မယ်”
သူသည် အမျိုးသမီးချန်နှင့် ကျန်လူများဖြစ်စေချင်သည့်အရာကို နောက်ဆုံးတော့ နားလည်ပေးလိုက်ပြီး သူတို့နှင့် လိုက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။
သူ့တွင် ထုပ်ပိုးစရာတစ်ခုမှ မရှိပေ။ အဖိုးအတန်ဆုံးပစ္စည်းကိုလည်း မနေ့က အမျိုးသမီးချန်ကို ပေးလိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် သူက သူ့အဝတ်အစားများကို ယူကာ အမျိုးသမီးချန်နှင့် တခြားလူများနှင့်အတူ ထွက်လာခဲ့လိုက်တော့သည်။
မိသားစုက တောင်ဖက်သို့ ဦးတည်သွားပြီး ရွာမှ တောင်ပိုင်းသို့ သွားရန် ရည်ရွယ်လိုက်ကာ တောင်ပိုင်းသို့ သွားသည့်လမ်းကို ဦးတည်သွားလိုက်တော့သည်။
မနက် ၃နာရီတွင် အမှောင်အတိကျနေဆဲ။ လမ်းပေါ်တွင် လူတစ်ယောက်မှ မရှိပေ။
သူတို့က ရွာမှ ထွက်သွားတော့မည်ကို မြင်လိုက်သဖြင့် အမျိုးသမီးတစ်ယောက်၏အသံက တုံ့ဆိုင်းကာ ထွက်လာလေသည်။
“ ယောက်မချန် ရှင်တို့လား”
အမျိုးသမီးချန်သည် အလန့်တကြားဖြစ်သွားပြီး
“ ဘယ်သူလဲ”
သူမက အထိတ်တလန့်ဖြင့် ပြန်ပြောလိုက်၏။
အမျိုးသမီးတစ်ယောက်က ရေပုံးတစ်ပုံးဖြင့် ထောင့်တစ်နေရာမှ ထွက်လာခဲသည်။
မြူနှင်းကြားထဲတွင် အမျိုးသမီးချန်က သူမကို မှတ်မိသွားပြီး စိတ်အေးသွားကာ အလုံးကြီး ကျသွားတော့သည်။ သူမ ဖြစ်နေသည်ကိုး။
သည်မိန်းမ၏မျိုးရိုးနာမည်မှာ လျိုဖြစ်သည်။ သူမသည် အမျိုးသမီးချန်နှင့် တစ်ချိန်တည်းနီးပါး ကျင်းနျိုရွာသို့ လက်ထပ်ပြီး ရောက်လာခဲ့သည်။ သို့သော် သူမသည် အမျိုးသမီးချန်ထက် များစွာဒုက္ခရောက်ခဲ့ရသည်။
သူမသည် ဆောင်ကြာမျိုင်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်ဟု ဆိုကြသည်။ ရွာသားများက နားမလည်ကြပေ။ လုမိသားစုရဲ့ ဒုတိယသားက ရုပ်ချောပြီး မိသားစုကလည်း ချမ်းသာတယ်လေ။ သူက အပြင်ထွက်ပြီးမှ ဒီလိုမိန်းမတစ်ယောက်ကို လက်ထပ်ပြီး ပြန်ခေါ်လာတာလဲ။
ဒီမိန်းမက ဒီလိုကိစ္စတွေမှာ ကောင်းကောင်း ကျွမ်းကျင်လို့ပဲဖြစ်ရမယ်။ နောက်ဆုံး သူမက အဲလိုနေရာမျိုးက လာခဲ့တာလေ။ အားလုံးက ရန်လိုစွာ ခန့်မှန်းချက် ထုတ်နေကြလေသည်။
ထိုအကြောင်းကြောင့်ပင် ရွာထဲက ဘယ်သူမှ အမျိုးသမီးလျိုကို စကားမပြောချင်ကြပေ။ အမျိုးသမီးလျိုကလည်း အိမ်ထဲတွင်သာ နေလေ့ရှိပြီး အိမ်တံခါးအပြင်သို့ ဘယ်တော့မှ လမ်းထွက်မလျှောက်ခဲ့ပေ။
ထိုနေ့ရက်များသည် အစောပိုင်းတွင် အေးချမ်းနေခဲ့လေသည်။
မနှစ်က လုမိသာစု၏ ဒုတိယသားမှာ ဖျားနာမှုကြောင့် ဆုံးသွားပါးတော့သည်။ အမျိုးသမီးလျိုသည် ကလေးတစ်ယောက်နှင့် မုဆိုးမ ဖြစ်လာတော့သည်။
မုဆိုးမဟု ဆိုလိုက်လျှင် အတင်းစကားအများအပြားက ကြားရစမြဲ။ အထူးသဖြင့် သည်မုဆိုးမက ရုပ်ချောပြီး ထိုသို့သော အတွေ့အကြုံရှိသူ ဖြစ်နေရာ သူမသည် သိမ်ဖျင်းသူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့သည့်နှယ်ပင်။
သည်လိုအချိန်မှ ရေထခပ်နေသည်က မဆန်းပေ။ အမျိုးသမီးချန်မှာ သက်ပြင်းချလိုက်မိသည်။ သူမသည် အမျိုးသမီးလျိုနှင့် အခင်အမင် မရှိခဲ့ပေ။ သည်ကာလအတွင်းတွင် အိမ်၌ ချက်စရာဆန်က မရှိတော့ပေ။ သူမသည် သိသမျှလူအားလုံးထဲ ချေးငှားခဲ့သော်လည်း ဆန်တစ်စေ့ပင် မရခဲ့ပေ။ အိမ်အပြန်လမ်းတွင် အမျိုးသမီးလျိုနှင့် မထင်မှတ်ဘဲ တွေ့ခဲ့ပြီး သူမက ချေးငှားပေးလိမ့်မည်ဟု မည်သူက တွေးမိပါမည်နည်း။
အမျိုးသမီးချန်သည် အမျိုးသမီးလျိုကို ကျေးဇူးတင်မိသွားပြီး ထိုကောလာဟလများကို နားထောင်ခဲ့မိကာ သူမကို အချိန်ပေးမခေါ်ပြောခဲ့မိသည့်အတွက် နောင်တရသွားတော့သည်။
သူမသည် တမြန်နေ့ အစားအသောက်ဝယ်ပြန်လာခဲ့ပြီး သူမကို အစားအသောက် အရင်ဆုံး ပြန်ပေးခဲ့လိုက်သည်။ လူမမည်လေးနှင့် မုဆိုးမအတွက် မလွယ်ကူခဲ့ပေ။
“ ယောက်မချန် ရှင်တို့တွေ....”
အမျိုးသမီးလျို၏အသံက ချိုသာပျော့ပြောင်းလေသည်။
အမျိုးသမီးချန်က သူမက ဘေးသို့လှမ်းဆွဲလိုက်၏။ သူတို့သည် ရွာမှ ထွက်သွားတော့မည်ကို မြင်ပြီးသွားပြီဖြစ်ရာ သူမသည် မဖုံးကွယ်ထားချင်တော့ဘဲ သူတိ့၏အစီအစဥ်ကို ပြောပြလိုက်တော့သည်။ နောက်ဆုံးတွင် သူမက အမျိုးသမီးချန်က သူမကို ပြောလိုက်တော့သည်။
“ ညီမ နင်လည်း စောစောစီးစီး အစီအစဥ် ချထားသင့်တယ်၊ တကယ်လို့များ နောက်နှစ်က ငတ်မွတ်ခေါင်းပါးတဲ့နှစ် ဖြစ်ခဲ့ရင်....”
အမျိုးသမီးလျို၏မျက်နှာသည် ဖြူဆုတ်သွားမည်မှာ ပြောရန်ပင် မလိုချေ။
အေးချမ်းသည့်ကာလတွင်ပင် သူမအတွက် မလွယ်ကူခဲ့ပေ။ အငတ်ဘေးကြုံရမည့်နှစ်တွင်တော့ သူမတွင် ငွေရှိလျှင်တောင် ဘဝကိုရင်ဆိုင်ရင်း သူမသည် ချွတ်ခြုံကျသွားပေလိမ့်မည်။
အမျိုးသမီးချန်သည် စကားပြောပြီးနောက် လှည့်ထွက်သွားကာ ကျန်းချိန်နှင့် တခြားသူများ နောက်သို့ လိုက်သွားလေတော့သည်။
“ကျွန်မကို သတိပေးတဲ့အတွက် ယောက်မကို ကျေးဇူးတင်ပါတယ်၊ ယောက်မရဲ့ အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးကို ယွမ့်အာ နဲ့ကျွန်မ နောက်ဘဝကျရင် သေချာပေါက် ပြန်ဆပ်ပါ့မယ်” အမျိုးသမီးလျိုက နောက်မှ ပြောလိုက်လေသည်။
အမျိုးသမီးချန်က လက်ပြနှုတ်ဆက်လိုက်၏။ သူမကဖြင့် ဘာမှမကူညီပေးနိုင်တာပဲ။ ဒါနဲ့များ အသက်ကယ်ပေးတဲ့ ကျေးဇူးဆိုတာ ဘယ်လောက်များမှာလဲ။
ကျင်းနျိုရွာမှ ထွက်လာပြီးနောက် ရှေ့တွင် လမ်းကြမ်းတစ်ခုက ရှိနေလေသည်။ အချိန်တော်တော်ကြာအောင် လျှောက်လာခဲ့ပြီးနောက် အမျိုးသမီးချန်က ကျန်းချိန်ကို ရုတ်တရက် မေးလိုက်၏။
“ ပြောစမ်းပါရှင့် ယွင်ရှို့လေ၊ ရှင် ထင်လား.....”
ကျန်းချိန်သည် အမျိုးသမီးချန်က အမျိုးသမီးလျိုနှင့် တွေ့ဆုံပြီးနောက်တွင် ကျန်းယွင်ရှို့အကြောင်းကို တွေးမိပြီး သူမလည်း သည်နေလိုရာမျိုးသို့ ရောက်သွားမှာကို သေချာပေါက် စိုးရိမ်နေလိမ့်မည်မှန်း သိနေသည်။
“ သူ အဲလိုဖြစ်မှာ မဟုတ်ဘူး” ကျန်းချိန်က သူမကို နှစ်သိမ့်ပေးလိုက်၏။
အမျိုးသမီးချန်က ခေါင်းညိတ်လိုက်လေသည်။
ကျန်းမိသားစုက ထွက်သွားတော့သည်။ သူတို့သည် ကျန်းယွင်ရှို့၏ ခေါင်းအုံးအောက်တွင် စာတစ်စောင် ထားခဲ့ပြီး သူတို့သွားမည့်နေရာကို ရှင်းပြထားခဲ့သည်။ အမှန်တွင်တော့ အိပ်မက်ထဲတွင် သူတို့သည် ထိုစာကို ကျန်းယွင်ကျူးအတွက် ထားခဲ့ခြင်းပင်။ သို့သော် ကံတရားလွဲချော်မှုတချို့ကြောင့် သူမသည် ထိုစာကို လုံးဝမတွေ့ခဲ့ရပေ။