အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အပိုင်း (၁၉)
ကျန်းယွင်ကျူးသည် သူမ၏ရှုပ်ထွေးနေသည့်ဆံပင် နားနားတွင် သပ်တင်လိုက်ပြီး မြည်းလှည်းပေါ် တက်သွားတော့သည်။
ရွှီချင်ရှန့်က မြည်းလှည်းအတိုင်း မောင်းထွက်သွား၏။
အမျိုးသမီးချန်က အချိန်တော်တော်ကြာအောင် စောင့်ကြည့်နေလိုက်ပြီးမှ အပြုံးတစ်ခုဖြင့် ခြံထဲ ဝင်လာခဲ့လေသည်။ ထို့နောက်တွင်တော့ သူမသည် ဘေးအခန်းမှ ထွက်လာသည့် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့ကို တွေ့လိုက်ရလေသည်။
သူမသည် နည်းနည်း အံ့ဩသွား၏။ ဒီကုန်သည်နှစ်ယောက် ထွက်ပြီလို့တောင် ထင်ထားတာလေ။
အကယ်၍များ သူတို့သည် အခန်းငှားနေသည် လမ်းပျောက်သွားသော ကုန်သည်များ ဖြစ်ခဲ့လျှင် ငွေရှာဖို့အတွက် မနက်အာရုံတက်ကတည်းက ထွက်သွားသင့်ပေသည်။
သို့သော် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့က ထွက်မသွားကြပေ။
သူတို့နှစ်ယောက်သည် ကျန်းယွင်ကျူးနှင့် တခြားသူများ ထွက်ပြီး သိပ်မကြာခင် မနက်ပိုင်းတွင် ထွက်သွားခဲ့ကြသည်။ သူတို့သည် တောင်ပေါ်သို့ တက်ခဲ့ပြီး ဝူလင်မိုင်းတွင်းအခြေအနေကို စစ်ဆေးခဲ့ကြသည်။ ထို့နောက်တွင် ယန်ရှန့်က စားသောက်ရန်အတွက် ကျန်းအိမ်သို့ ပြန်ကြမည်ဟု ပူညံပူညံ လုပ်တော့သည်။ ထို့ကြောင့် သူတို့သည် ပြန်လာခဲ့ကြတော့သည်။
အမျိုးသမီးချန်၏ အမူအရာကို မြင်လိုက်ရပြီးနောက် ယန်ရှန့်၏စိတ်က ပြောင်းသွားပြီး မြန်မြန် ပြောလိုက်တော့သည်။
“ အဒေါ် ကျွန်တော်တို့တွေ ဒီရွာမှာ စပါးကောက်ချင်လို့ပါ၊ ဘယ်သူ့ဆီမှာ ဆန်ရှိပြီး ဘယ်သူတွေ ဆန်ရောင်းချင်လဲ သိသလား”
ဒီလိုဖြစ်နေတာကိုး။ အခုမှ အမျိုးသမီးချန်သည် အမှန်တကယ် စိတ်အေးသွားတော့သည်။ သူတို့တွေက ဆန်ကုန်သည်တွေပဲ။
“ စားပြီးရင် အဒေါ် ရွာသူကြီးအိမ် သွားပြီး မင်းတို့အတွက် မေးပေးမယ်နော်” သူမက ပြန်ဖြေလိုက်၏။
အစားစားရတော့မည်ဟု ကြားလိုက်သည်တွင် ယန်ရှန့်သည် သူ့အင်အားများ ပြန်ပြည့်လာတော့သည်။ မနက်ခင်းစောစော စီးစီး တောင်ကို ပတ်လိုက်ရသဖြင့် အေးကာ ဗိုက်ဆာနေခဲ့သည်။ သူသည် အစောကြီးကတည်းက စားချင်ခဲ့လေသည်။
သူတို့တွေ ဒီနေ့ ဘာစားရမှာပါလိမ့်။ မနေ့က စွပ်ပြုတ်က မဆိုးဘူး။ ပန်ကိတ်ကလည်း စားကောင်းတယ်။ အရံဟင်းတွေကိုလည်း သေသေချာချာလုပ်ထားတယ်...
အမျိုးသမီးချန်သည် အစားအစာများကို ယူလာသောအခါ ယန်ရှန့်က သူ့လက်ထဲက ဖုန်တက်နေသည့် ပစ္စည်းများကို ဖျစ်ညှစ်လိုက်လေသည်။ သူ့မျက်လုံဲးများကို သေချာသုံးကာ ရှန်ဖုန်းမင်ကို မေးလိုက်တော့သည်။ ဒါက ပန်ကိတ်မှ ဟုတ်ရဲ့လား။ ဘာလို့ ဒီအရောင်ဖြစ်နေတာလဲ။
ပြောင်းဂျုံပန်ကိတ်များက သည်အရောင်ပင်။ အမျိုးသမီးချန်က အနည်းငယ်ရှက်သွားတော့သည်။ ကျန်းယွင်ကျူးအိမ်တွင် မရှိသဖြင့် အိမ်တွင် ဘာတစ်ခုမှ မရှိချေ။ ထို့ကြောင့် သူမက ဧည့်သည်နှစ်ယောက်ကို ဒါကိုသာ ကျွေးနိုင်တော့သည်။
ဒါသည် သူတို့၏နေ့စဥ်အစားအသောက်လည်း ဖြစ်လေသည်။
ရှန်ဖုန်းမင်က ယန်ရှန့်ကို ဂရုစိုက်မနေဘဲ ပန်ကိတ်ကို ယူစားလိုက်လေသည်။ သူသည် ဘာအမူအရာမှ မပေါ်ဘဲ ဖြည်းဖြည်းချင်း စားလိုက်လေသည်။ ယန်ရှန့်သည် ပန်ကိတ်မှာ ရုပ်ဆိုးသည်ဟု ထင်ခဲ့သော်လည်း အမှန်တွင်တော့ အရသာက ကောင်းပေသည်။
သူက ခပ်ကြမ်းကြမ်းက အကိုက်ကြီးတစ်ကိုက် စားလိုက်တော့သည်။ ထိုနောက်တွင်တော့.... သူသည် ကျန်းယွင်ကျူးကို စတင်လွမ်းလာလေသည်။
စားသောက်ပြီးနောက် အမျိုးသမီးချန်က ရွာသူကြီးအိမ်သို့ သွားကာ ဆန်ကုန်သည်နှစ်ယောက်က သူမအိမ်သို့ရောက်လာပြီး ရွာထဲတွင် ဆန်ရောင်းချင်သူ ရှိ၊ မရှိမေးနေကြောင်း အကျိုးအကြောင်း ပြောပြလိုက်လေသည်။
ကုယုံသယ်က စဥ်းစားလိုက်၏။ တကယ်တော့ ရှိခဲ့တာပါ။
ခဏကြာပြီးနောက် အမျိုးသမီးချန်က အပြုံးတစ်ခုနှင့် ပြန်လာခဲ့လေသည်။
ယန်ရှန့်သည် အမှန်တကယ် ဆန်ရောင်းချင်သူ ရှိသည်ဟု ကြားလိုက်ချိန်တွင် နှုတ်ခမ်းများကို တွန့်လိုက်ကာ ရှန်ဖုန်းမင်ဘက်သို့ ကြည့်လိုက်လေသည်။ သူ ဘာလုပ်ရမလဲ။ တကယ်ကြီး ဆန်တွေ သွားကောက်ရတော့မှာလား။
ရှန်ဖုန်းမင်က သူမကို အေးအေးဆေးဆေးသာ ကြည့်နေလိုက်သည်။
ခဏကြာတော့ ယန်ရှန့်က သက်ပြင်းချလိုက်ပြီး အမျိုးသမီး ချန်နှင့်အတူ လိုက်သွားလေသည်။ သူသည် ပြောခဲ့သည့် အလိမ်အညာစကားကို တာဝန်ယူရပေတော့မည်။
သည်အချိန်တွင် ကျန်းယွင်ကျူးက မြို့ထဲသို့ ရောက်နေပြီ။ လမ်းတစ်လျှောက်တွင် ဝယ်ရမည့်ပစ္စည်းများနှင့် ပစ္စည်းဝယ်ရမည့်နေရာများကို စဥ်းစားလာခဲ့သည်။ ထို့ကြောင့် သူမသည် မြည်းလှည်းပေါ်က ဆင်းသည်နှင့် ဈေးထဲသို့ တန်းဝင်သွားတော့သည်။
အရင်ဆုံး ဒုစစ်သူကြီးကျောက်တို့ သုံးယောက်ရဲ့ နေ့လယ်စာ ချက်ပေးဖို့ ပစ္စည်းတွေ သွားဝယ်လိုက်တယ်။ အရမ်းနောက်ကျသွားရင် တချို့ပစ္စည်းတွေ ကုန်သွားမှာစိုးလို့လေ။
မျက်နှာမည်းနှင့် ဧည့်သည်က အဆီများများ ကလီစာကို မှားထားသည်။ သူမသည် အသားဆိုင်သို့ သွားလိုက်လေသည်။
“ ဝက်ကလီစာလား၊ ဒီနေ့ နည်းနည်းပဲ ရှိတယ် ဒါပေမဲ့ ဒါတွေက ဖောက်သည်ဟောင်းတွေ မှာထားပြီးသား” အသားဆိုင်ရှင်က ပြောလိုက်၏။
ကျန်းယွင်ကျူးသည် မျက်မှောင်ကျုံ့သွားပြီး မြို့ထဲတွင် အသားဆိုင်များ ရှိသေးသလားဟု စဥ်းစားကြည့်လိုက်လေသည်။
“ ဒီလိုပစ္စည်းတွေကို ဝယ်တဲ့သူ သိပ်မရှိဘူးလေ၊ ဒါကို ရဖို့ နေ့တိုင်း မှာထားရတာ” သူဌေးက ရှင်းပြလိုက်၏။ ကျန်းယွင်ကျူး၏ ဖြစ်သွားသည့် အမူအရာကို ကြည့်ပြီး သူက ဆက်ပြောလိုက်လေသည်။
“မင်းကလည်း ငါ့ရဲ့ပုံမှန်ဖောက်သည်ပဲ၊ ဒါဆို မင်း အများကြီး မလိုဘူးဆိုရင်တော့ ငါ မင်းကို နည်းနည်းရောင်းပေးမယ်လေ”
ကျန်းယွင်ကျူးသည် ချက်ချင်း အလွန်ပျော်ရွှင်သွားတော့သည်။ သူမကလည်း တကယ်အများကြီး လိုတာ မဟုတ်ဘူးလေ။ တစ်ပန်းကန်စာဆိုရင် ရပြီ။ သူဌေးက ပိုရောင်းပေးမယ်ဆိုရင်တောင် သူမ ဒါတွေနဲ့ ဘာလုပ်ရမယ်မှန်း သိမှာမဟုတ်ဘူး။
“ ပုံမှန် တစ်ပန်းကန်စာပါပဲ”
သူဌေးက အသားဆိုင်အောက်က သစ်သားဇလုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး ဝက်ကလီစာတစ်တွဲကို ဆွဲထုတ်လိုက်ကာ ကျန်းယွင်ကျူးအား မေးလိုက်လေသည်။
“ ဒီလောက်ဆို ရပြီလား”
“ရပါပြီ”
သူဌေးက ဓားတစ်ချောင်းဖြင့် ဝက်ကလီစာများကို ဖြတ်တောက်ကာ လျှော်ကြိုးဖြင့် ချည်ကာ ကျန်းယွင်ကျူးကို လှမ်းပေးလိုက်လေသည်။
ကျန်းယွင်ကျူးက ဝက်ကလီစာများကို သိမ်းလိုက်ပြီး သည်နေ့ အမဲသား ရှိလိုရှိငြား မေးလိုက်လေသည်။
သူဌေးက ခေါင်းခါပြလိုက်၏။ မွေးမြူရေးတိရိစ္ဆာန်များကို နှစ်ရက်ဆက်တိုက် ပေါ်ဖို့က မလွယ်ကူပေ။ သည်နေ့ အမှန်ပင် မရှိပေ။ သူ တစ်ယောက်တည်းသာမဟုတ်ဘဲ ဟုန်ဘဲ့တစ်မြို့လုံး မရှိခြင်းပင်။
ကျန်းယွင်ကျူးက အတင်းမပြောတော့ဘဲ ဝက်တစ်ပိုင်း ဝယ်လိုက်လေသည်။
ထို့နောက် သူမက ငါးဆိုင်သို့ မြန်မြန်သွားလိုက်၏။ ရာသီဥတုမှာ တဖြည်းဖြည်း ပိုအေးလာလေသည်။ ငါးရောင်းသမားများလည်း နည်းသထက်နည်းလာသည်။ ကံအားလျော်စွာ သူမက သည်နေ့ စောစောစီးစီး ရောက်လာခဲ့သည်။ ငါးသည်တစ်ယောက်က ငါးသိုင်းများကို ရောင်းချနေဆဲ။ ထို့ကြောင့် သူမက အလတ်ဆတ်ဆုံးတစ်ကောင်ကို ရွေးလိုက်တော့သည်။
အခု အဓိက ပါဝင်ပစ္စည်းတွေကို ဝယ်ပြီးပြီ။ ကျန်တာက ရောထည့်မဲ့ ပါဝင်ပစ္စည်းတွေပဲ။ ဒါကို အလျင်လိုစရာ မလိုပါဘူး။
ဆိုင်တော်တော်များများကို ဖြတ်လျှောက်လာပြီးနောက် သူမသည် ပါဝင်ပစ္စည်းအားလုံးကို ဝယ်ပြီးသွားတော့သည်။
ပြီးရင် ဟူလထန်းနဲ့ ယိုမော့ထို လုပ်ဖို့ ပစ္စည်းတွေ လိုသေးတယ်။ ဒါကတော့ လွယ်ပါတယ်။ လမ်းသိပြီး ပစ္စည်းဝယ်ဖို့ နေရာအားလုံးကို သိပြီးသားလေ။
ဝယ်စရာ ဘာမှမကျန်တော့ဘူးထင်တယ်နော်။ ဟုတ်တယ်မလား။
ဪ ဟုတ်သားပဲ။ ဝယ်စရာတစ်ခု ကျန်သေးတယ်။ မြို့အရှေ့ဖက်ခြမ်းက စာအုပ်ဆိုင်ကိုသွားပြီး စာရွက်ရယ်၊ စုတ်တံကောင်းကောင်း တစ်ချောင်းရယ်၊ မှင်နည်းနည်းလောက် သွားဝယ်ရမယ်။ နောက်ဆိုရင် သူမက ထမင်းဘူး လုပ်တော့မှာဆိုတော့ စာရင်းစာအုပ် မရှိဘဲနဲ့ လုပ်လို့မရဘူး။
စာအုပ်ဆိုင်ပိုင်ရှင်က အလွန်စဥ်းစားပေးတတ်လေသည်။ သူသည် သူမ ဝယ်ထားသည့် စာရွက်ကို သူမ လိုအပ်သည့်အတိုင်း အပိုင်းငယ်လေးများ ဖြတ်ပေးလိုက်ကာ အားလုံးကို ခေါက်ပေးလိုက်ပြီး သူမကို ကမ်းပေးလိုက်၏။
ကျန်းယွင်ကျူးက သူမ၏ပစ္စည်းများနှင့် ထွက်လာခဲ့သည်။ ရွှီချင်ရှန့်က သူမကို အပြင်ဘက်တွင် ကြိုတင်စောင့်နေလေသည်။
သည်တစ်ကြိမ်တွင်တော့ သူမသည် သူ့ကို အမှန်ပင် ကျေးဇူးတင်ရလိမ့်မည်။ သူ့ကြောင့်သာ မဟုတ်လျှင် ပစ္စည်းအများကြီးကို အိမ်သယ်ပြန်ဖို့ ခက်ပေလိမ့်မည်။
အားလုံးကို ထုပ်ပိုးပြီးနောက် ကျန်းယွင်ကျူးမှာ ဗိုက်ဆာလာလေသည်။ လမ်းဘေးတွင် မြေအိုးဖြင့် ဖုတ်ထားသည့် မုန့်လိပ်ရောင်းသူတစ်ယောက်ကို တွေ့လိုက်လေသည်။ သို့နှင့် သူမက နှစ်ခုသွားဝယ်လိုက်သည်။
မြေအိုးမုန့်လိပ်များကို အမှန်တကယ် ကောင်းကောင်းမွန်မွန် လုပ်ထားလေသည်။ ကြွပ်ရွ နူးညံ့ပြီး မွနေသည်။ လတ်လတ်ဆတ်ဆတ် ဖုတ်ထားခြင်းပင်။ တစ်ကိုက် ကိုက်လိုက်သည်နှင့် အရသာက ပါးစပ်ထဲတွင်ပြည့်သွားတော့သည်။
သည်မြေအိုးမုန့်လိပ်ကို အသားအစာသွင်းထားသည်။ ဝက်ဗိုက်သားနှင့် ကြက်သွန်မြိတ်များဖြစ်သည်။ အမှန်တွင်တော့ အခြောက်ခံအသီးအရွက်နှင့် ဝက်ဗိုက်သားကို အစားထိုးသုံးလျှင် ပိုစားကောင်းသည်။ သူမသည် ရုတ်တရက်ဆိုသလို ဂဏန်းခွံမြေအိုးမုန့်လိပ်ကို သတိရသွားတော့သည်။ ဒါလည်း အရသာရှိမှာပဲ။ အခွင့်အရေးတစ်ခါလောက်ရရင်တော့ မီးပြင်းဖိုတစ်ခုလုပ်ပြီး လုပ်စားလိုက်အုံးမယ်။
သူမ၏စိတ်တို့သည် အတွေးနယ်ထဲ ရောက်နေစဥ် လမ်းပေါ်က ကြွေထည်များ ရောင်းနေသူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတော့သည်။ ပန်းကန်လုံး၊ ပန်းကန်ပြား၊ ယောက်ချိုဇွန်း၊ လက်ဖက်ရည်ပန်းကန် အသီးသီးကို မတူညီသည့် ပုံစံ အရောင်တို့ဖြင့် လုပ်ထားလေသည်။ အတန်ပင် တမူထူးခြားလှသည်။
ကျန်းယွင်ကျူးက ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတော့သည်။ သူမက ထမင်းဘူး လုပ်ချင်တာလေ။ ထည့်စရာပစ္စည်းက ပြဿနာပဲ။ မွှေကြော်ကိုတော့ ဖြေရှင်းရလွယ်ပါတယ်။ ထမင်းပန်းကန်တစ်လုံးနဲ့ အသီးအရွက်အတွက် ပန်းကန်ပြားတစ်ချပ်ဆိုရပြီ။ ဒါပေမဲ့ အသားနှစ်မျိုးနဲ့ အရွက်တစ်မျိုးက ရုံးထမင်းဘူးအတွက်ကျတော့ ဘယ်လိုလုပ်ရမလဲ။
အတူတူထည့်လိုက်ရမလား။ ဒါမှမဟုတ် ပန်းကန်လုံး ၃-၄လုံးလောက် သုံးရမှာလား။
မဟုတ်သေးဘူး။ နေ့လယ်စာထမင်းဘူးကို ခေတ်သစ်မှာလို နေရာနည်းနည်းပါးပါး ခွဲထားလို့ရရင် ကောင်းမှာပဲ။
ရုတ်တရက်ဆိုသလို စိတ်ကူးတစ်ခု ပေါ်လာတော့သည်။
“ မိန်းကလေး ဘာဝယ်ချင်လဲ၊ စျေးပေါပါတယ်” ဆိုင်ပိုင်ရှင်သည် သက်လတ်ပိုင်း ယောက်ျားတစ်ယောက် ဖြစ်လေသည်။
“ သူဌေး ပစ္စည်းအားလုံးကို လုပ်သလား” ကျန်းယွင်ကျူးက မေးလိုက်၏။
“ ဟုတ်ကဲ့၊ ဒါက မိသားစုအမွေဆက်ခံထားတဲ့ လက်မှုပညာပါ”
“ ကျွန်မ နေ့လယ်စာထမင်းဘူး လုပ်ချင်လို့၊ သူဌေးက လုပ်ပေးနိုင်မလား မသိဘူး”
“ မိန်းကလေး ပြောကြည့်ပါလား”
ကျန်းယွင်ကျူးက ထိုလူကို သူမ၏စိတ်ကူးအား ပြောလိုက်လေသည်။
ထိုလူက ခဏလောက်စဥ်းစားလိုက်ပြီးမှ ပြောလိုက်၏။
“ လုပ်လို့ရပါတယ်၊ မင်းလိုချင်ရင် ကျွန်တော် နှစ်ရက်အတွင်း အုတ်ဖုတ်စရာရှိတယ်၊ မင်းအတွက် လုပ်ပေးနိုင်တယ်၊ ၇ရက် ၈ရက်လောက်ဆိုပြီး ပြီးနိုင်ပါတယ်၊ ဘယ်လိုထင်လဲ”
“ ၇ရက် ၈ရက် ၊ တစ်ခုကို ဘယ်လောက်ကျမလဲ”
ထိုလူက ခဏလောက်စဥ်းစားလိုက်ပြန်သည်။
“ ၇ဝမ် လောက်ပေါ့၊ ပိုဝယ်ရင်တော့ ပိုသက်သာတာပေါ့၊ မိန်းကလေးက ဘယ်လောက်လိုချင်လို့လဲ”
ဘယ်လောက် လိုချင်တာလဲတဲ့။ နေရာတွင်ပင် သည်မေးခွန်းကို ကျန်းယွင်ကျူး စဥ်းစားရတော့သည်။ သူမက အသုတ်လိုက်မှာချင်တာ။ ပြီးတော့ ထမင်းဘူးအလုပ်ကို တိုးတက်အောင်လုပ်ချင်တာ။ ဒါပေမဲ့ ၁၂ရက်နောက်ပိုင်း ဘာဖြစ်လာနိုင်လဲဆိုတာကို စဥ်းစားမိတော့ ငွေအများကြီး မရင်းနှီးရဲပြန်ဘူး။
အခုတောင် ဒီကိစ္စက သတ္တုမိုင်းတွင်းနဲ့ ပတ်သက်နေတယ်လို့ ခံစားမိတာပဲ။ ဒါဆိုရင်တော့ အစိုးရက ပြောသလို ဓားပြတွေရဲ့ လက်ချက်မဟုတ်တာ သေချာတယ်။ ဝူလင်မိုင်းတွင်းမှာ စစ်တပ်စခန်းတစ်ခု ရှိနေတာ ဘယ်ဓားပြက ဒီနေရာကို ပြေးလာပြီး ဆူပူမှုကြီးတစ်ခု လုပ်ရဲမှာလဲ။ သူတို့တွေက အသက်မရှင်ချင်တော့ရင်တော့ တမျိုးပေါ့။
ကုယန်ကျိုးကတော့ ဒီကိစ္စကို ရှန်ဖုန်းမင် လုပ်ခဲ့တာလို့ ပြောတာပဲ။ ဒါပေမဲ့ သူမကတော့ ဘာမှတ်ချက်မှ မပေးချင်သေးဘူး။ ရှန်ဖုန်းမင်ကရော ဒီလိုလုပ်ရင် ဘာကောင်းကျိုးရမှာမလို့လဲ။ သူ့ကို ရှန်သေမင်းလို့ ခေါ်တယ်ဆိုရင်တောင် သူက အရင်တုန်းက အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကိုပဲ သ-တ်ခဲ့တာလေ။ သူက အပြစ်မဲ့တဲ့သူတွေကို အစုလိုက်အပြုံလိုက်သ-တ်တယ်ဆိုတာ မကြားဖူးဘူး။
သူမ မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်မလဲ။ ကျန်းယွင်ကျူး မသိပေ။ သို့သော် ရှန်ဖုန်းမင်ဖြစ်စေ တခြားတစ်ယောက်ဖြစ်စေ ထိုလူသည် အင်အားကြီးသူတစ်ယောက် ဖြစ်ရမည်။ သူမလို သာမန်မိန်းကလေးတစ်ယောက်က သူတို့ကို မည်သို့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပါမည်နည်း။
သူမ ရက်နည်းနည်းလောက်တော့ လေ့လာကြည့်ချင်သေးတယ်။ ဆောင်းတွင်း မစခင် ဒီကိစ္စမှာ ဘာပြောင်းလဲမှုမှ မရှိဘူးဆိုရင် ရွာသားတွေကို စီရင်စုမြို့ကို မျှားခေါ်ဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မယ်။ အဲဒီလူအများကြီးက မြို့ထဲမှာ လူအများကြီးကို ပေါ်ပေါ်ထင်ထင် သ-တ်ရဲမယ်တော့ မထင်ဘူး။
ဘယ်လို လှည့်ကွက်သုံးရမလဲဆိုတာကိုတော့ အခုထိ မစဥ်းစားရသေးဘူး။ အခုလေးတင် ဒီကိုလမ်းမှာ စဥ်းစားလာခဲ့တဲ့ မရင့်ကျက်သေးတဲ့ စိတ်ကူးတစ်ခုပဲ ရှိသေးတယ်။
ကျန်းယွင်ကျူးက နှုတ်ဆိတ်နေလေသည်။ စျေးသည်က သူမ မလိုချင်တော့ဘူးဟု ထင်လိုက်ပြီး ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားတော့သည်။
သူ့မိသားစုရဲ့ ဘိုးဘွားပိုင်ကြွေထည်ဖုတ်တဲ့ လက်ရာတွေကလည်း နာမည်ကြီးတယ်လို့ ကြားခဲ့တာပဲ။ ဒါပေမယ့် သူ့အဘိုးလက်ထက်ရောက်တော့ အုတ်ဖုတ်ဖိုသေးသေးလေးတစ်ခုပဲ ကျန်တော့တယ်။ ပုံမှန်ဆိုရင်တော့ သူတို့တွေက ဟင်းပန်းကန်လုံးနဲ့ ပန်းကန်လုံးတွေ ဖုတ်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြတာပါ။ အဲလိုဆိုရင်တောင် အရင်တုန်းက သူ မိသားစုကို ကောင်းကောင်းမွန်မွန် ကျွေးထားနိုင်လို့ အားလုံးက အားကျနေခဲ့ကြတာလေ။ ဒါပေမဲ့ ဝူလင်တောင်မှာ သတ္တုရိုင်း ရှာတွေ့ပြီးကတည်းက ပတ်ဝန်းကျင်က လူအားလုံးက မိုင်းတွင်းမှာ အလုပ်သွားလုပ်ကြပြီး ငွေကို ရေလို ရှာနိုင်ခဲ့တာပေါ့။
အခု သူ့မိန်းမက သူ့ကို တွေ့ရင်း ဆူပူနေပြီလေ။ ဒီနေ့ ဘယ်သူက မိုင်းတွင်းကို သွားပြီး ဘယ်လောက်ရှာပြန်ခဲ့တယ်။ မနက်ဖြန် ဘယ်သူကတော့ အိမ်အသစ်ဆောက်ပြီး အခုဆိုရင် ဘယ်မိသားစု ခဏခဏ အသားဟင်းစားပြီး အဝတ်အစားတွေ ဝယ်နိုင်ပါတယ်။ ဘာညာပေါ့။
သူကတော့ နေ့တိုင်း ရွှံ့တောထဲမှာ ပေပွလို့။ နေ့ရက်တွေကလည်း တနေ့တခြား ပိုပိုဆိုးလာလိုက်တာတဲ့။
သူသည် ထိုစကားကို ကြားလိုက်ပြီးနောက် စိတ်ထဲတွင် စိုးရိမ်ပူပန်လာတော့သည်။
ပြီးခဲ့သည့် ရက်အနည်းငယ် သူသည် သူ့ကိုယ်သူ အခွင့်အရေးတစ်ခုပေး ခဲ့လေသည်။ သူသည် သည်လကုန်လို့မှ ငွေတပြားမှ မရှာနိုင်ခဲ့လျှင် မိုင်းတွင်းသို့ သွားမည်ဟု သူ့မိန်းမကို ပြောခဲ့လေသည်။
သူ့မိန်းမမှာ အလိုလိုပင် အလွန်ပျော်ရွှင်သွားပြီး သူ့ခန္ဓာကိုယ် အားဖြည့်ပေးရန် ကြက်ဥခေါက်ဆွဲ တစ်ပန်းကန်ပင် လုပ်ပေးခဲ့သေးသည်။ သို့သော် သူ့မှာတော့ လုံးဝမပျော်နိုင်ပေ။ သူသည် မိသားစုအမွေ ဆက်ခံထားသည့် အရည်အချင်းများကို မခွဲရက်နိုင်ပေ။
လကုန်ခါနီးသို့ ရောက်လာပြီး ငွေများများ မရှာနိုင်သေးသည်ကို တွေ့လိုက်ရသည်ဖြစ်ရာ သူသည် မစိုးရိမ်ဘဲ အဘယ်မှာ ရှိပါမည်နည်း။
...
အပိုင်း (၂၀)
“ မိန်းကလေးရေ”
ကြွေထည်များ ရောင်းသည့် ဝမ်သဲ့က အော်မေးလိုက်၏။
ထိုအခါမှ ကျန်းယွင်ကျူးသည် သတိပြန်ဝင်လာပြီး
“ သူဌေး အမှန်အတိုင်းပြောရရင်လေ ကျွန်မလည်း အခုနေ ဝယ်ချင်သလား မဝယ်ချင်သလား သေချာမသိသေးဘူး၊ တကယ်တော့ လာမဲ့ရက်အတွင်းမှာ ကိစ္စတစ်ခု ဖြစ်စရာရှိတယ်၊ ကျွန်မ အဲကိစ္စကို အန္တရာယ်ကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ပါ့မလားမသိဘူး၊ ဖြစ်နိုင်ရင်တော့ ကျွန်မ အရင်ဆုံး အလုံး ၅၀ မှာထားချင်တယ်၊ နောက်ဆိုရင် ဒီထက် ပိုမှာစရာလည်း ရှိတယ်၊ ကျွန်မတို့တွေ ဒီကိစ္စကို သဘောတူနိုင်တယ်ဆိုရင်တော့....”
သူမသည် ဆက်မပြောတော့ဘဲ သူနားလည်နိုင်မည်ဟု ယုံကြည်ထားလိုက်တော့သည်။
ဝမ်သဲ့က သူမ၏စကားများကို နားထောင်လိုက်၏။ ဒါက သူမ မိသားစုရဲ့ ဘဝအရေးလေ။ သူမနဲ့ ယှဥ်လိုက်ရင်တော့ သူ့ကိစ္စက အရေးမကြီးပါဘူး။
“မိန်းကလေး အဆင်ပြေရဲ့လား” သူက ချီတုံချတုံဖြင့် မေးလိုက်လေသည်။
“ ပြေပါတယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။
သူမ၏ ပေါ့ပေါ့ပါးပါး အပြုံးကို မြင်လိုက်ရသဖြင့် ဝမ်သဲ့သည် သူမ၏စကားကို ယုံသွားတော့သည်။ အံကြိတ်ရင်းက သူက ပြောလိုက်သည်။
“ မိန်းကလေး ရက်စွဲကို ပြောလိုက်ပါ၊ မင်း အဲဒီနေ့မတိုင်ခင် လာယူသ၍ ကျွန်တော် မင်းကို ရောင်းပေးပါ့မယ်”
အဲဒီနေ့ ကျော်သွားရင်တော့ သူလည်း အာမ မခံနိုင်တော့ဘူး။ အဲဒီအချိန်ကျရင် သူက မိုင်းတွင်းလုပ်သားတစ်ယောက်အနေနဲ့ မိုင်းတွင်းထဲ ရောက်နေလောက်ပြီ။
“ ကျေးဇူးတင်ပါတယ် သူဌေး ၊ ကျွန်မ ဝယ်ဖြစ်ခဲ့ရင် ၁၁ပိုင်း ၈ရက်နေ့မတိုင်ခင် သေချာပေါက် လာခဲ့ပါ့မယ်၊ တကယ်လို့ ကျွန်မ မလာခဲ့ရင်တော့ သူဌေးက ကျွန်မကို မစောင့်ပါနဲ့တော့”
ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။
၁၁လပိုင်း ၈ရက်နေ့။ သူ့မိန်းမနဲ့ လကုန်လို့ သဘောတူထားတာလေ။ ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် သူ နောက်ထပ် ရှစ်ရက်လောက် စောင့်လိုက်ပါမယ်လေ။ ၈ရက်ကုန်သွားရင်တော့ အားလုံးက အဆုံးသတ်ကို ရောက်သွားပြီ။
“ ကောင်းပါပြီ” ဝမ်သဲ့က ခေါင်းညိတ်ပြလိုက်၏။
“ ကျေးဇူးတင်ပါတယ်ရှင်”
ကျန်းယွင်ကျူးက နောက်တစ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
“ ယွင်ကျူး နင် အဆင်ပြေရဲ့လား၊ ၁၁လပိုင်း ၈ရက်နေ့က....”
ကျန်းယွင်ကျူး အခုလေးတင် ပြောလိုက်သည့် စကားကိုကြားလိုက်ပြီးနောက် ရွှီချင်ရှန့်မှာ အနည်းငယ် စိတ်ပူသွားတော့သည်။
“ ကျွန်မ မနေ့က အိပ်မက်တစ်ခု မက်တယ်၊ ဗိုက်ရွှဲရွှဲနဲ့ ဘုန်းတော်ကြီးတစ်ပါးကို အိပ်မက်မက်ခဲ့တာ.... ထားလိုက်ပါလေ၊ အိပ်မက်တစ်ခုပဲ နေမှာပါ၊ နောက်မှပဲ ဒီအကြောင်းပြောရအောင်”
ကျန်းယွင်ကျူးက ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။
အိပ်မက်တစ်ခုကြောင့် ဖြစ်သည်ဟု ကြားလိုက်ရသဖြင့် ရွှီချင်ရှန့်က အော်ရယ်လိုက်ပြီး
“ အိပ်မက်ထဲက အရာတွေက တကယ်မဖြစ်နိုင်ပါဘူး”
“ ကျွန်မ သိပါတယ်” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။
သူတို့နှစ်ယောက်သည် သည်အကြောင်းကို ဆက်မပြောလိုက်ပေ။
ထို့နောက်တွင် ကျန်းယွင်ကျူးက အနီးအနားရှိ စားသောက်ဆိုင်ဆီသွားကာ ဟင်းအမျိုးမျိုး၏ စျေးနှုန်းကို သွားကြည့်လိုကလေသည်။ ထို့နောက် သူမသည် မြည်းလှည်းပေါ် တက်လိုက်ပြီး ချန်ရှီရွာသို့ ပြန်လာခဲ့တော့သည်။
ထိုအခိုက်တွက် ကျန်းလင်သည် ရွာထိပ်က မြစ်ဘေးတွင် ရွာထဲက ကလေးတချို့နှင့် ကစားနေလေသည်။ သူသည် ကျန်းယွင်ကျူး ပြန်လာသည်ကိုမြင်လိုက်သောအခါ အိမ်သို့ပြေးသွားပြီး အော်ပြောလိုက်တော့သည်။
“ အစ်မပြန်လာပြီ၊ အစ်မပြန်လာပြီဗျို့”
ကျန်းယွင်ကျူးက လှည်းပေါ်မှ ဆင်းလာချိန်တွင် ကျန်းလင်၊ ကျန်းယွင်ရွှယ်နှင့် ကျန်းဝူတို့သည် ချက်ချင်းရောက်လာကာ သူမ၏ပစ္စည်းများကို သယ်ကူကြသည်။
မကြာမီတွင် အိတ်ကြီး အိတ်ငယ်များကို ဧည့်ခန်းနှင့် မီးဖိုဆောင်ထဲသို့ သယ်သွားလိုက်ကြသည်။
“ ဒါဆို ငါ ပြန်နှင့်မယ်နော်” ရွှီချင်ရှန့်က ပြောလိုက်၏။
“ အင်း ဒီနေ့အတွက် ကျေးဇူးပဲနော်” ကျန်းယွင်ကျူးက ပြောလိုက်လေသည်။
“ နင်ကလည်း အဲလောက်အထိ အားနာစရာမလိုပါဘူး”
ရွှီချင်ရှန့်က ကျန်းယွင်ကျူးကို ထပ်ကြည့်လိုက်ပြီး မြန်မြန်ပြန်သွားတော့သည်။
သူ ပြန်သွားပြီးနောက် ကျန်းယွင်ကျူးက ခြံဝင်းထဲ ဝင်လာလိုက်သည်။ ကောင်းကင်ကို မော့ကြည့်လိုက်၏။ အချိန်ရပါသေးတယ်။ နေ့လယ်စာ မလုပ်ခင် နာရီဝက်လောက် အနားယူဖို့ အချိန်ရှိသေးတယ်။
သူမသည် အိတ်ကပ်ထဲက စက္ကူအိတ်တစ်ခု ထုတ်ကာ ဖွင့်ကြည့်လိုက်၏။ အထဲတွင် ရောင်စုံသကြားလုံး ၁၁လုံး ပါရှိသည်။ သူမသည် ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်စဥ်က သကြားလုံးများကို လမ်းကြုံဝယ်ခဲ့ခြင်းပင်။ နှစ်လုံးကို ၁ ဝမ်ပေးရသည်။ သူမသည် ၅ ဝမ်ဖိုးဝယ်ခဲ့လိုက်သည်။ သူဌေးက သူမကို အပိုတစ်လုံး ထပ်ထည့်ပေးလိုက်လေသည်။
ထိုသကြားလုံးများသည် သလင်းကျောက်လေးကို ကြည်လင်နေ၏။ တစ်လုံးစီမှာ လက်တစ်လုံးစာ အရွယ်အစားရှိပြီး နေရောင်အောက်တွင် ချစ်စဖွယ်တောက်ပနေလေသည်။
“သကြားလုံး”
လျင်မြန်သည့် မျက်လုံးများနှင့် ကျန်းလင်သည် သူမ၏လက်ထဲက သကြားလုံးကို ချက်ချင်းတွေ့သွားပြီး ခြေလှမ်းအနည်းပြေးလာခဲ့၏။ သို့သော် သူက လှမ်းမဆွဲလိုက်ဘဲ ထိုနေရာတွင် ရပ်ကာ သကြားလုံးများ လောဘတကြီး စိုက်ကြည့်နေလေသည်။ သူသည် သကြားလုံးအရသာကို မမှတ်မိတော့ သလောက်ပင်။
အမှန်တွင်တော့ မီးဖိုဆောင်ထဲတွင် သကြားရှိသည်။ ကျန်းယွင်ကျူး ချက်ပြုတ်ရာတွင်သုံးသည့် ဝါညစ်ညစ်သကြားလုံး အမျိုးအစားပင်။ ကလေးသုံးယောက်လုံးက ထိုသကြားလုံးကို မစားကြပေ။
ကျန်းယွင်ကျူးလသည် လျှောက်သွားလိုက်ပြီး သကြားလုံးများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလိုက်သည်။
‘ သကြားလုံး”
ကျန်းဝူသည် သွားရည်များ ကျလာတော့မည်။ သူက ကျန်းယွင်ကျူးကို မျှော်လင့်တကြီး ကြည့်လိုက်လေသည်။
“ဘယ်တစ်ခုလိုချင်လဲ” ကျန်းယွင်ကျူးက အကြီးဆုံးဖြစ်သည့် ကျန်ဝူမှ စမေးလိုက်လေသည်။ သည်ရက်များတွင် ကျန်းလင်သည် သူတို့နောက် လိုက်ကာ အလုပ်လုပ်ရသည်။ ပျားတစ်ကောင်လို အလုပ်များပြီး လူကြီးလေးတစ်ယောက်နှယ်။ သူ့ကို ဆုချသင့်လေသည်။
“အစိမ်းရောင်” ကျန်းလင်က ပြန်ဖြေလိုက်၏။ သူသည် ထိုအရောင်ကို ကြိုက်နှစ်သက်သည်။
ကျန်းယွင်ကျူးက အစိမ်းရောင်သကြားလုံးကို ထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်လေသည်။ သူက သကြားလုံးကို ဂရုတစိုက်ယူလိုက်သော်လည်း မစားသေးချေ။ ထို့အစား လက်ထဲတွင် ကိုင်ထားပြီး သေသေချာချာ ကြည့်နေပုံမှာ ကြည့်လိုမဝဖြစ်နေသည့်နှယ်။
“ ညီမလေးကရော” ကျန်းယွင်ကျူးက ကျန်းယွင်ရွှယ်ကို မေးလိုက်၏။
ကျန်းယွင်ရွှယ်လည်း ပြီးခဲ့သည့်ရက်များအတွင်း အများကြီး ကူညီပေးခဲ့သည်။ သူမက တိုးတိုးညင်းညင်း လေသံဖြင့် ပြောလိုက်၏။
“ အပြာရောင်” ထိုအရောင်က အလှဆုံးဖြစ်သည်ဟု သူမ ထင်မိသည်။
ကျန်းယွင်ကျူးက အပြာရောင်သကြားလုံးကို သူမအား ပေးလိုက်ပြီး ကျန်းယွင်ရွှယ်က သကြားလုံးလေးကို ရတနာတစ်ခုနှယ် လက်ထဲတွင် ကိုင်ထားလေသည်။
“ သားက အနီရောင်” ကျန်းဝူသည် စိတ်လှုပ်ရှားနှင့်ပြီးဖြစ်ရာ ကျန်းယွင်ကျူး အမေးကို မစောင့်တော့ဘဲ မြန်မြန်ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက အနီရောင်သကြားလုံးကို ထုတ်ကာ သူ့လက်ထဲ ထည့်ပေးလိုက်လေသည်။
သူသည် သကြားကို ပါးစပ်ထဲ တန်းထည့်လိုက်တော့သည်။ သူ၏ဝိုင်းစက်စက် မျက်လုံးနက်များသည် တအံ့တဩ ဖြစ်သွားသည့်နှယ် ပိုကျယ်လာလေသည်။
“ဒီနေ့ တစ်ယောက်တစ်ခုစီနော်၊ စားပြီးရင် ကုန်သွားမှာ၊ တခြားလူတွေဟာ မခိုးရဘူးနော် နားလည်လား”
ကျန်းယွင်ကျူးက ကလေးသုံးယောက်ကို ပြောလိုက်၏။
သုံးယောက်လုံးက နားလည်သွားကာ ချက်ချင်း ခေါင်းညိတ်ပြလိုက်လေသည်။
“ သူတို့ကို အရမ်းအလိုမလိုက်ပါနဲ့ သူတို့တွေက....”
အမျိုးသမီးချန်က မီးဖိုထဲက ထွက်လာပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။
သူမ စကားမဆုံးသေးခင်မှာ သကြားလုံးတစ်ခုက သူမ၏ပါးစပ်ထဲသို့ ရောက်လာလေသည်။
ချိုလိုက်တာ။ အရမ်းချိုတဲ့သကြားလုံးလေးပဲ။ လူတွေရဲ့နှလုံးထဲအထိ ရောက်အောင် ချိုလွန်းတယ်။ အမျိုးသမီးချန်သည် မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းထားလိုက်ပြီး အကြောင်းအမျိုးမျိုးကို စဥ်းစားနေမိတော့သည်။
ကျန်းယွင်ကျူးက သကြားလုံးတစ်ခုကို ယူကာ သူမ၏ပါးစပ်ထဲ ထည့်လိုက်လေသည်။ သူမ၏ တောက်ပနေသည့် အနီရောင်နှုတ်ခမ်းက မသိမသာ မြင့်တက်သွားတော့သည်။
ပြတင်းပေါက်နားတွင် ရပ်နေရင်း ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူး၏နှုတ်ခမ်းကို ငေးကြည့်နေမိသည်။ ရုတ်တရက်ဆိုသလို ထိုသကြားလုံးများက အမှန်ပင် ထိုမျှလောက် ချိုနေသလားဟု သိချင်မိသွားတော့သည်။
သူက အချိုစားရတာ မကြိုက်ပေမဲ့ပေါ့လေ။
သကြားလုံး ၁၁ လုံးရှိပြီး ၆လုံးကျန်သည်။ ကျန်းယွင်ကျူးက တစ်လုံးကို ထုတ်လိုက်ပြီး အမျိုးသမီးချန်ကို ကမ်းပေးလိုက်ကာ ညပိုင်း ကျန်းချိန် စားဖို့ရန်အတွက် သိမ်းထားခိုင်းလိုက်လေသည်။ ကျန်သည့်သကြားလုံးများကိုတော့ အဘိုးချန်ဆီ သွားပို့လိုက်ရန် ကျန်းလင်ကို ခိုင်းလိုက်လေသည်။ သူက ဘာမှမပြောပေမဲ့လည်း အချိုကြိုက်တယ်လေ။
သကြားလုံး ဝေပေးလိုက်ပြီးနောက် ကျန်းယွင်ကျူးက ဧည့်ခန်းဘက် သွားလိုက်ကာ သူမ ဝယ်လာသည့် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
အမျိုးသမီးချန်နှင့် တခြားသူများကလည်း နောက်မှလိုက်ဝင်လာပြီး သူမ ဝယ်လာခဲ့သည့် ပစ္စည်းများကို တွေ့လိုက်ရလေသည်။
သူမသည် စာရွက်နှင့် မှင်ထုတ်ကို မြင်လိုက်ရသောအခါ အမျိုးသမီးက မေးလိုက်တော့သည်။
“ ဘာလို့ ဒီပစ္စည်းတွေ ဝယ်လာတာလဲ”
မှတ်စုရေးဖို့ဟု ကျန်းယွင်ကျူးက ပြောလိုက်ချင်ခဲ့သည်။ ရုတ်တရက် သူမက မျက်မှောင်ကျုံ့သွားလေသည်။ အလုပ်များနေတာနဲ့ သူမရဲ့ မူလအခြေအနေက စာမတတ်တဲ့သူဆိုတာကို မေ့သွားတာပဲ။ သူမက ဘယ်လိုလုပ်ပြီး စာရင်းမှတ်လို့ရမှာလဲ။
ဒါပေမဲ့ သူမက စာရင်းတွေ မမှတ်ဘူးဆိုရင်လည်း သူမဆီမှာ စရန်ငွေ ဘယ်လောက်ရှိပြီး တစ်ကြိမ်မှာ ဘယ်လောက်သုံးပြီးပြီလဲဆိုတာနဲ့ ဒီနေ့ ဘယ်သူက ဘာဟင်းမှာတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သေသေချာချာ မှတ်မိပါ့မလဲ။
အချက်အပြုတ်လို ကိစ္စက ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ခဲ့တာကို ပြောလို့ရတယ်လေ။ ဒါပေမဲ့ ဆရာတစ်ယောက်တောင် မရှိဘဲ စာတတ်နိုင်ပါ့မလား။ ဘယ်သူက ယုံမှာတဲ့လဲ။
ဘယ်သူက စာတတ်လဲ။ အဘိုးချန်က စာမတတ်ဘူး။ ကျန်းချိန်လည်း စာမတတ်ဘူး။ အမျိုးသမီးချန်လည်း စာမတတ်ဘူး။ ကုယန်ကျိုးက စာတတ်တာပဲ။
ဒါဆို သူ့ကို အကူအညီသွားတောင်းရမလား။
ကျန်းယွင်ကျူးသည် စဥ်းစားနေဆဲတွင် ရေခဲတမျှအသံတစ်ခုက မေးလာလေသည်။
“ ဘာကိစ္စရှိလို့လဲ”
မော့ကြည့်လိုက်ရာ အရပ်မြင့်မြင့် အထက်စီးဆန်ဆန် ယောက်ျားတစ်ယောက်က ထိုနေရာတွင် ရပ်နေလေသည်။ သူသည် ခိုပြာရောင် ဘရိုကိတ်ဝတ်စုံကို ဝတ်ထားသည်။ မည်းနက်သည့် အရိပ်ထဲ ရောင်တူ ခါးပတ်တစ်ခုကို ပိန်သွယ်သည့်ခါးတွင် ပတ်ထားပြီး သူ့ပုံရိပ်ကို ပိုပြီးသေးသွယ်သွားကာ ချောမောသွားစေတော့သည်။
ရှန်ဖုန်းမင်။ ဒီသေမင်းနတ်ဘုရားက ဘယ်တုန်းက ဒီမှာရောက်နေတာလဲ။
ကျန်းယွင်ကျူးက ကြောင်တက်တက် ဖြစ်သွားပြီး
“ကျွန်မ စာရင်းမှတ်ထားချင်တာ ဒါပေမဲ့ စာမဖတ်တတ်လို့”
ပြောပြီးသွားသည်နှင့် သူမသည် သတိပြန်ဝင်လာပြီး တောင့်တင်းသွားတော့သည်။
ရှန်ဖုန်းမင်က သူမ၏လက်ထဲက စုတ်တံနှင့်စာရွက်ကို ကြည့်လိုက်၏။ ဒီလိုဖြစ်နေတာကိုး။
“ မင်း ဘာကို မှတ်ထားချင်တာလဲ၊ ကျွန်တော် မင်းအတွက် ရေးပေးမယ်လေ” သူက ပြောလိုက်၏။
ထိုစကားသည် ကျန်းယွင်ကျူး၏စိတ်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ထွက်နေသည့်အလား။ သူ ဘာပြောလိုက်တယ်။ သူက သူမကို စာရင်း မှတ်ကူပေးချင်တယ်တဲ့လား။ သူမ နားကြားများ မှားသွားတာလား။ ဒါမှမဟုတ် ဒီနေ့ သူ ထူးထူးခြားခြား စိတ်ကောင်းဝင်ပြီး အထူးတလည် စာရေးချင်နေတာလား။
ရှန်ဖုန်းမင်က ကျန်းယွင်ကျူး၏လက်ထဲက စုတ်တံကို ယူလိုက်ပြီး သူမကို စ,လို့ရပြီဟု အချက်ပြလိုက်လေသည်။
ရှန်ဖုန်းမင်က သူ့စုတ်တံကို မှင်ရည်ထဲတွင် နစ်လိုက်ပြီး စားပွဲရှေ့တွင်ရပ်လိုက်သည်။
“မုတ်ဆိတ်နဲ့ ဧည့်သည်၊ ၅လျန်၊ ၁၀လပိုင်း ၂၆ရက် နေ့လယ်စာ၊ အသားပြုတ်တစ်ပွဲ၊ ၂၀ ဝမ်၊ ထမင်းတစ်ပွဲ ၂ ဝမ်။
မျက်နှာမဲနဲ့ဧည့်သည် ၈လျန်၊ ၁၀လပိုင်း ၂၆ရက် နေ့လယ်စာ၊ ကလီစာတစ်ပွဲ ၁၈ ဝမ်၊ ထမင်းတစ်ပွဲ ၂ ဝမ်။
ပိန်ပိန်နဲ့ဧည့်သည် ၇လျန် ၊ ၁၀လပိုင်း ၂၆ရက် နေ့လယ်စာ၊ ငါးအခြောက်ချက် တစ်ပွဲ ၃၀ ဝမ် ၊ ထမင်းတစ်ပွဲ ၂ ဝမ်”
သည်နေ့ ဧည့်သည်သုံးယောက်၏ စာရင်းနှင့်ပတ်သက်ပြီး အမှန်တွင်တော့ ကျန်းယွင်ကျူးသည် ဒုစစ်သူကြီးသုံးယောက်၏ မျိုးနွယ်နာမည်များကို သိလေသည်။ သို့သော် သူမသည် ရှန်ဖုန်းမင်ကို မသိစေချင်ပေ။ ထို့ကြောင့် သူမက သည်လိုသာ ပြောလိုက်လေသည်။
နားထောင်ရင်း ရှန်ဖုန်းမင်က စာရွက်ပေါ်တွင် ချရေးလိုက်၏။
သူသည် ပုံမှန်လက်ရေးတစ်ခုဖြင့် ရေးလိုက်သည်။ သူ့စာလုံးများသည် သပ်ရပ်ပြီး သူ့လိုပင် တည်ကြည်ပေသည်။ စာလုံးတစ်ခုစီက တိုဟူးတုံးလေးတစ်တုံးလို သပ်ရပ် ပြတ်သားလှသည်။
လှပသည့်လက်ရေးတစ်ခုသည် ပန်းချီကားတစ်ခုနှင့် တူလေသည်။ စာမတတ်သူများပင် ထိုလက်ရေးကို လှသည်ဟု ထင်ကြလိမ့်မည်။
သည်အခိုက်အတန့်တွင် အမျိုးသမီးချန်နှင့် တခြားသူများက ရှန်ဖုန်းမင် ရေးထားသည့် စာလုံးများကို တအံ့တဩ ကြည့်နေကြပြီး စာလုံးများထဲတွင် မှော်အစွမ်းများ ပါနေသည်ဟု ခံစားလိုက်ရတော့သည်။
စာလုံးလေးတွေက လှလိုက်တာ။ ကျန်းယွင်ကျူးသည် အပြည့်အဝလေးစားအားကျ သွားတော့သည်။
အခန်းသည် တိတ်ဆိတ်နေ၏။ ယန်ရှန့်သည် အပြင်မှ ပြန်လာချိန်တွင် ရှန်ဖုန်းမင်က လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ကာ စားပွဲရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ သူ့ဘေးတွင် ကျန်းယွင်ကျူးနှင့် တခြားသူများက ရပ်နေကြသည်။
သူသည် အားတက်သရာ မျက်တောင်ခတ်လိုက်ပြီး အမြင်များ မှားလေသလားဟု သင်္ကာမကင်း ဖြစ်သွားတော့သည်။
ဒါမှမဟုတ် ဒီရှန်ဖုန်းမင်က အတုများလား။
...
အပိုင်း (၂၁)
“ဘာတွေလုပ်နေကြတာလဲ”
ယန်ရှန့်က တစ်ခုခုထူးခြားနေသည်ကို ရှာတွေ့လိုက်သည့်အလား အခန်းထဲက လူတိုင်းကို မေးလိုက်လေသည်။
သူ့ကို သည်ပုံစံ တွေ့လိုက်ရသဖြင့် ရှန်ဖုန်းမင်က သူ့ကို စကားမပြောချင်တော့ပေ။ သူ စကားပြောလိုက်လျှင်လည်း တစ်ခုခု ဖြစ်ပေတော့မည်။
အမျိုးသမီးချန်က ပြုံးကာ ပြန်ဖြေလိုက်၏။
“ ယွင်ကျူးက အလုပ်အတွက် စာရင်းမှတ်ချင်တာလေ ဒါပေမဲ့ အဒေါ်တို့တွေက စာမတတ်ကြဘူး၊ ဒီသခင်လေးက သူ့အတွက် စာရေးပေးနေတာ”
ထို့နောက် သူမက ယန်ရှန့်ကို မေးလိုက်၏။
“ ဆန်တွေ စုလို့ရခဲ့ရဲ့လား”
“ နည်းနည်းပါးပါး ရခဲ့ပါတယ်၊ ဒါပေမဲ့ တစ်ယောက်ထဲ သယ်လို့မနိုင်ဘူးလေ၊ အခုတော့ မစုထားသေးပါဘူး၊ ကျွန်တော့်လူတွေ ရောက်လာမှပဲ ဒီကိစ္စ ပြောကြမယ်” ယန်ရှန့်က ပြန်ဖြေလိုက်လေသည်။
အမျိုးသမီးချန်က ခေါင်းညိတ်ပြလိုက်၏။ သူတို့ရဲ့လူတွေ မရောက်လာသေးကြတာကိုး။ သူမ ပြောပါတယ်။ သူတို့နှစ်ယောက်ထဲနဲ့ ဘယ်လိုလုပ်ပြီး ဆန်ရောင်းဝယ်နိုင်မှာလဲလို့။
ကျန်းယွင်ကျူး၏ စိတ်ထဲတွင် အချက်ပေးသံများ မြည်သွားတော့သည်။ ယန်ရှန့် ပြောလိုက်တဲ့ သူ့လူတွေဆိုတာ ချီလင်ကိုယ်ရံတော်တပ်ပဲ ဟုတ်တယ်မလား။ မုန်တိုင်းကတော့ လာနေပြီ....
ယန်ရှန့်သည် သည်အကြောင်းကို လုံးဝမပြောချင်ပေ။ သူက အခုလောလော ရှန်ဖုန်းမင်းက ကျန်းယွင်ကျူးအတွက် စာရင်း ရေးပေးနေသည့်ကိစ္စကိုသာ ဂရုစိုက်သည်။ ရှန်ဖုန်းမင်က စာရင်းရေးပေးနေတာတဲ့လား။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီး ရှန့်ဖုန်းမင်ဘေးတွင် မှီလိုက်ကာ စားပွဲကို ကြည့်လိုက်လေသည်။
“ မျက်နှာမည်းနဲ့ဧည့်သည် ဝက်ကလီစာ ၁၈ ဝမ်....”
သူ မထိန်းနိုင်တော့ဘူး။ ရုတ်တရက် အော်ရယ်ချင်စိတ် ပေါက်သွားပြီ။ ဘာလုပ်ရမလဲ။
ဂုဏ်သရေရှိ ချီလင်ကိုယ်ရံတော်တပ်မှူး။ သူ့စုတ်ချက်က လောကကြီးကိုတောင် ချိုးဖျက်လို့ရတယ်။ သူ့စုတ်ချက်က သေခြင်း ရှင်ခြင်းကို အဆုံးအဖြတ်ပေးခဲ့တယ်။ စာလေးတချို့ ရေးပေးဖို့ ရွှေထောင်ချီပေးပြီး သူ့ကို တောင်းဆိုကြတဲ့သူတွေ ဘယ်လောက်များလိုက်သလဲ။ ဒါပေမဲ့ သူက အားလုံးကို လျစ်လျူရှုထားခဲ့တာမလား။ အခုကျတော့ ဘာတဲ့။ သူက ဒီလိုယိုယွင်းနေတဲ့အိမ်လေးမှာ ဒီလိုအကြောင်းအရာတွေကို ရေးပေးခဲ့သတဲ့လား။
မြို့တော်က ရာထူးကြီး အရာရှိတွေနဲ့ အမျိုးသမီးတွေသာ သိသွားရင်တော့ဖြင့်...
ယန်ရှန့်သည် သည်စာရင်းကို ကျန်းယွင်ကျူးထံမှ ရုတ်တရက် တောင်းပြန်ချင်စိတ် ဖြစ်သွားတော့သည်။
ရုတ်တရက်ဆိုသလို သူသည် တုန်ရီသွားတော့သည်။ ခေါင်းမော့ကြည့်လိုက်ချိန်တွင် ရှန်ဖုန်းမင်၏ အကြည့်နှင့် သွားဆုံလေသည်။
ယန်ရှန့်က ပြုံးလိုက်ပြီး ခုနက သူ့စိတ်ကူးကို လက်လျှော့လိုက်တော့သည်။ သူ့တွင် ကိစ္စများကို ဆောင်ရွက်ရာ၌ မှန်ကန်သည့်ကျင့်ဝတ်တစ်ခုတော့ ရှိသေးလေသည်။ သို့သော် စိတ်ကူးသစ်တစ်ခုက သူ့စိတ်ထဲ ရောက်လာခဲ့တော့သည်။ သူက ကျန်းယွင်ကျူးကို ပြောလိုက်၏။
“ စာရင်းမှတ်တာက ရေရှည်ကိစ္စနော်၊ ကျွန်တော်တို့တွေက ဒီမှာ အကြာကြီးနေဖြစ်ချင်မှ နေဖြစ်မှာ။
လူတစ်ယောက်ကို ငါးတစ်ကောင် ပေးလိုက်တာထက် ငါးမျှားနည်းသင်ပေးလိုက်မယ်ဆိုရင်ကော ဘယ်လိုလဲ၊ မင်း စာဖတ်တတ်လာအောင် သူ့ကို သင်ခိုင်းလိုက်ပါလား။
မင်းကိုယ်တိုင်လည်း ရေးတတ်သွားမယ်၊ နောက်ဆိုရင် အများကြီးပိုအဆင်ပြေသွားလိမ့်မယ်”
ကျန်းယွင်ကျူးနှင့် ရှန်ဖုန်းမင်တို့နှစ်ယောက်လုံးက သူ့ကို ငေးကြည့်လိုက်ကြလေသည်။
ကျန်းယွင်ကျူးမှာ မယုံကြည်နိုင် ဖြစ်သွားတော့သည်။ သူ ဘာပြောလိုက်တယ်။ သူမကို စာဖတ်တတ်အောင် သင်ပေးဖို့ ရှန်ဖုန်းမင်ကို ပြောရမယ်ဟုတ်လား။ သူ ဘာတွေ စဥ်းစားနေတာလဲ။ သူ့ခေါင်းက မြည်းတစ်ကောင် ကန်တာ ခံလိုက်ရတာလား။
“ရှင်တို့အလုပ်တွေကို နှောင့်နှေးစေမှာ စိုးမိပါတယ်” သူမက ယဥ်ယဥ်ကျေးကျေး ငြင်းလိုက်တော့သည်။
“ မနှောင့်နှေးပါဘူး”
ယန်ရှန့်သည် မိုင်းတွင်း စုံစမ်းခြင်းအရေးကို လုံးဝစိတ်မဝင်စားပေ။ နန်းတွင်းရေးက အရှုပ်တော်ပုံတစ်ခုပဲလေ။ ပြဿနာတက်ပြီးရင်လည်း ဒုံရင်း ဒုံရင်းပဲ။ ရှန်ဖုန်းမင်က တခြားလူတွေကို စာဖတ်နည်းသင်ပေးတာကမှ ပိုစိတ်ဝင်စားဖို့ကောင်းသေးတယ်။
“ ပြီးတော့ ကျွန်တော်တို့တွေက မင်းရဲ့အိမ်မှာ စားသောက်ပြီး တည်းခိုနေတာပဲ၊ ကျွန်တော်တို့လည်း မင်းတို့ကို ကျေးဇူးပြန်ဆပ်ရမှာပေါ့၊ မင်းကို စာဖတ်တတ်အောင် သင်ပေးတာက အကောင်းဆုံးနည်းပဲ”
သူက ကျိုးကြောင်း သက်သေနှင့် ပြောလိုက်လေသည်။
“ ကျွန်မ ရှင်တို့ကို စိတ်ရှုပ်အောင်မလုပ်ရဲပါဘူး၊ ပြီးတော့ ရွာထဲမှာလည်း စာရေး ဖတ်တတ်တဲ့သူတွေ ရှိပါတယ်၊ သူတို့တွေက စာသင်သားတွေလေ၊ သူတို့တွေက အရမ်းတော်တယ်လို့ ကြားဖူးတယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။
“ သမီးက ယန်ကျိုးအကြောင်း ပြောနေတာပဲ ဟုတ်တယ်မလား” အမျိုးသမီးချန်၏မျက်လုံးများက လင်းလက်သွားတော့သည်။ ကုယန်ကျိုးသည် ချောမောသည့် စာသင်သားတစ်ယောက်ပင်။
ယန်ရှန့်က တစ်ခုခုကို ထပ်ပြောမည် ပြင်လိုက်၏။
“ ရပါတယ်” ရှန်ဖုန်းမင်က ပြောလိုက်လေသည်။
သူက ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီး
“ မင်း သင်ချင်ရင် ကျွန်တော် နေ့တိုင်း နာရီဝက်လောက် သင်ပေးလို့ရပါတယ်”
ကျန်းယွင်ကျူး.... သူမ သင်ချင်ပါတယ်။ ဒါပေမဲ့ သူ့ဆီကတော့ မသင်ချင်ဘူးလေ။ ဒါပေမဲ့ စကားက ပြောပြီးသားလည်း ဖြစ်နေပြီ။ သူသည် ကျန်းလင်နှင့် သူမဘေးက တခြားသူများကြည့်လိုက်ပြီး သူ့ကို မေးလိုက်လေသည်။
“ သူတို့တွေရော အတူတူသင်လို့ရလား”
သူမ သူနဲ့ နှစ်ယောက်ထဲ တကယ်မနေချင်ဘူးလေ။
ဒါပေါ့။ သူက သဘောမတူဘူးဆိုရင်လည်း ပြီးတာပဲလေ။
“ ရပါတယ်”
ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။ သူတို့သည် ရုန်းကန်နေရပြီး ရုတ်တရက် စာလေ့လာချင်မှန်း တွေ့လိုက်ရလေသေည်။ လူတစ်ယောက်ကို စာသင်ပေးရခြင်းနှင့် လူလေးယောက်ကို စာသင်ပေးရခြင်းက ဘာမှမပြောင်းလဲသွားချေ။ သူသည် သည်နေရာတွင် အချိန်အကြာကြီး နေမည့်သူလည်းမဟုတ်ပေ။ မည်မျှ လေ့လာနိုင်သည်က သူတို့အပေါ်တွင်သာ မူတည်လေသည်။
“ကျေးဇူးတင်ပါတယ်ရှင်” ကျန်းယွင်ကျူးက ပြောလိုက်၏။
ရှန်ဖုန်းမင်က ဘာမှမပြောပေ။ ယန်ရှန့်ကတော့ စိတ်လှုပ်ရှားရင်း ပြောလိုက်တော့သည်။
“ ကျွန်တော်တို့ကို တကယ်ကျေးဇူးတင်ရင်လေ အရသာရှိတာလေးတွေကို ချက်ကျွေးရင် ရပါပြီ”
မနက်ခင်းက ပန်ကိတ်ကို ပြန်စဥ်းစားလိုက်မိပြီး စိတ်ထဲတွင် မျက်ရည်များ ဖြိုင်ဖြိုင်ကျသွားတော့သည်။ သူ ပန်ကိတ်များကို မည်သို့ မျိုချခဲ့ရသည့်အဖြစ်ကို မိုးနတ်မင်းသာ သိပေမည်။
ယန်ရှန့်သည် သူ့ကိုယ်သူ ဘယ်လိုပျော်အောင်ထားရမှန်း သိသူဖြစ်လေသည်။ သို့မဟုတ်လျှင် သူသည် အပြင်ထွက်ပြီး သူ့အတွက် လျှာအရသာခံနိုင်စေရန် ဆိုင်ရှင်အား တောင်းဆိုလိမ့်မည်မဟုတ်ချေ။
“ ဒါနဲ့ ဒါက ကျွန်တော်တို့ကို ချက်ပြုတ်ပေးဖို့အတွက် ငွေပါ”
သူသည် ငွေတုံးသေး တစ်တုံးကို ထုတ်ကာ ကျန်းယွင်ကျူးထံ လှမ်းပေးလိုက်လေသည်။
ငွေ၅လျန်။ ကျန်းယွင်ကျူးမှာ သည်ငွေကို လက်ခံဖို့ရာ မည်သို့ဆန္ဒရှိပါမည်နည်း။
“ မလိုပါဘူးရှင်”
သူတို့တွေ ချက်ပြုတ်ပေးရတာက ငွေနည်းနည်းပဲ ကုန်တာပါ။ ဒီလိုခေတ်စနစ်ကြီးမှာ စာသင်ပေးဖို့ ဆရာတစ်ယောက်ရှာပြီး ဆရာ့ဉာဏ်ပူဇော်ခက အရမ်းကို စျေးကြီးတာလေ။ သူတို့လေးယောက်က ရှန်ဖုန်းမင်ဆီက စာသင်ရတာနဲ့တင် အကျိုးရှိနေပြီးပြီ။ ရှန်ဖုန်းမင်က သာမန်ဆရာတစ်ယောက် ဆိုရင်တောင်မှပေါ့။
သို့တိုင် ယန်ရှန့်က ငွေကို သူမ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။
“ ဒီလိုပဲ သတ်မှတ်လိုက်ပြီ၊ ကျွန်တော်တို့တွေ နေ့လယ်စာ ဘာစားကြမှာလဲဟင်”
သူ မစောင့်နိုင်တော့ပေ။
ကျန်းယွင်ကျူးက ကောင်းကင်ကို မော့ကြည့်လိုက်၏။ နေ့လယ်စာ ပြင်ဆင်ရမဲ့အချိန်ရောက်ပြီပဲ။
သူမသည် မီးဖိုဆောင်ထဲ ဝင်သွားလိုက်ပြီး ငါးကြင်းကို ညှီနံ့ပျောက်သွားစေရန် အပြင်ခွံ ရွှေဝါရောင်သန်းသည်အထိ ကြော်လိုက်ပြီး သူ့လတ်ဆတ်မှုကို ပိုတိုးအောင် လုပ်လိုက်သည်။ ငရုတ်သီးနှင့် ဝက်သားဆာတေး ပါးပါးလှီးမွှေကြော်က မီးပြင်းပြင်းလိုအပ်သည်။ သူ့ကို မီးပြင်းပြင်းနှင့်ကြော်မှ အရသာကောင်းကောင်း ထွက်နိုင်သည်။ ကလီစာကြော်ချက်က အိုးထဲတွင်လှိမ့်နေ၏။ အပိုင်းတိုင်းကို ကြည်လင်သည့် စွပ်ပြုတ်အရည်နှင့် ဖုံးအုပ်ထားသည်။ ဝက်ဗိုက်သားကြော်ကို အခေါက်များ ဖောင်းထွက်လာသည်အထိ ဆီပူပူထဲတွင် နှစ်ကြော်ပြီးမှ သူ့ကို ပေါင်းအိုးထဲ ထည့်ရသည်။
ကျန်းယွင်ကျူးက အလယ်တွင် ရှိနေပြီး အမျိုးသမီးချန်၊ ကျန်းလင်နှင့် ကျန်းယွင်ရှို့တို့သည် သူမဘေးတွင် အလုပ်များနေကြသည်။ မီးဖိုဆောင်သေးသေးလေးသည် မီးခိုးငွေ့နှင့် မီးတို့ဖြင့် ပြည့်နေလေသည်။
ယန်ရှန့်က အခန်းထဲတွင် ရှန်ဖုန်းမင်နှင့် ဝူလင်တောင်၏ မြေမျက်နှာသွင်ပြင်ပြ မြေပုံကို လေ့လာနေသည်။ အပြင်ဘက်က အနံ့က သူ့နှာခေါင်းထဲသို့ တစ်ခုပြီးတစ်ခု ဆက်တိုက်တိုးဝင်လာသည်။ ရုတ်တရက် သူသည် မြေပုံကို ပစ်ထုတ်လိုက်ပြီး တာဝန်ကို ဘေးချိတ်ထားလိုက်ကာ ရပ်လိုက်တော့သည်။ ဒီလိုအရသာရှိတဲ့ လေစီးကြောင်းနဲ့ ဘယ်သူက ပြင်းစရာကောင်းတဲ့ဟာတွေကို ကြည့်ချင်တော့မှာလဲ။ သူသည် တံခါးဆီ လျှောက်သွားလိုက်ပြီး မီးဖိုဆောင်ဘက် မျှော်ကြည့်ရင်း နေ့လယ်စာကို စောင့်စားနေတော့သည်။
ရှန်ဖုန်းမင်က သူအကျင့်ကို သိနေသည်။ ထို့ကြောင့် သူ့ကို ဖိအားမပေးတော့ဘဲ တစ်ယောက်ထဲ ဆက်လေ့လာနေလိုက်သည်။ သူ့နှာခေါင်းဖျားက ရနံ့က သူ့အတွေးများကို အနည်းငယ် ဝင်နှောင့်သွားရုံသွားသာ။
“ ထမင်း အဆင်သင့်ဖြစ်ပြီလား” ကျန်းယွင်ကျူးက မေးလိုက်၏။
“ အာလုံးခူးပြီးပြီ၊ သုံးပန်းကန်” အမျိုးသမီးချန်က ပြန်ဖြေလိုက်၏။
“ ထမင်းဘူးက ဘယ်မှာလဲ” ကျန်းယွင်ကျူးက ထပ်မေးလိုက်သည်။
“ ဒီဖက်မှာ” ကျန်းယွင်ရွှယ်က မြန်မြန်ပြန်ဖြေလိုက်သည်။
“ဒါဆို အိုးထဲက ထုတ်လိုက်တော့”
ကျန်းယွင်ကျူးက စကားပြောပြီးသည်နှင့် ငါးကို ပန်းကန်ထဲ လောင်းထည့်လိုက်ပြီး တခြားပန်းကန်ပြား တစ်ချပ်နှင့် မြန်မြန်အုပ်ထားလိုက်ကာ ချည်သားပိတ်စ တစ်စဖြင့် ထုပ်လိုက်ပြီး ထမင်းဘူးထဲ ထည့်လိုက်လေသည်။ သူမက ကျန်းလင်ကို မှာလိုက်သေးသည်။
“ လမ်းမှာ သတိထားနော်၊ ဘယ်နားမှာ ဘယ်သူ့ဆီကို သွားပို့ရမယ်ဆိုတာ သိလား”
“ အစ်မ စိတ်မပူပါနဲ့”
ကျန်းလင်က အော်ပြောလိုက်၏။ သူ သိတယ်လေ။
“အင်း”
ကျန်းယွင်ကျူးက သူ့ခေါင်းလေးကို ပုတ်ပေးလိုက်၏။ အလုပ်ကြိုးစားလို့ ကျေးဇူးပဲနော်။
ကျန်းလင်သည် ပင်ပန်းသည်ဟု လုံးဝမမြင်ချေ။ သူသည် ထမင်းဘူးကိုင်ရင်း ခြံပြင်သို့ထွက်သွားကာ တစ်ကီလိုမီတာဝေးသည့် တောင်ပေါ်လမ်းအတိုင်း ခပ်သွက်သွက်လျှောက်သွားလိုက်တော့သည်။
အသားအစပ်အရသာ၊ မွှေးပျံ့နေတဲ့ ငါးနဲ့ မီးပူတိုက်ထားတဲ့ ကလီစာ။ ယန်ရှန့်သည် ပန်းများ ညိုးသွားသည်အထိ စောင့်နေလိုက်၏။ ထိုဟင်းများကို ထမင်းဘူးထဲထည့်ပြီး သယ်ထုတ်သွားသည်ကို တွေ့လိုက်ရသောအခါ ဆွံ့အသွားတော့သည်။ ဒီဟင်းလျာတွေက သူ့အတွက် မဟုတ်ဘူးလားဟ။
“ ဧည့်သည်တို့နှစ်ယောက် စားလို့ရပါပြီ”
ချိုသာသည့်အသံတစ်ခု ထွက်လာလေသည်။ ယန်ရှန့်သည် သတိပြန်ဝင်လာပြီး ကျန်းယွင်ကျူးက လင်ပန်းတစ်ချပ်နှင့် လျှောက်လာသည်ကို တွေ့လိုက်ရတော့သည်။
ပြောရင်းဆိုရင်းနှင့် သူမသည် အခန်းထဲသို့ရောက်လာပြီး လင်ပန်းပေါ်က ပစ္စည်းများကို စားပွဲပေါ်သို့ နေရာချလိုက်လေသည်။
ထမင်းဖြူနှစ်ပန်းကန်နှင့် အလယ်တွင် ဟင်းသုံးမျိုးရှိနေသည်။
ပထမဟင်းက မြစိမ်းရောင်မုန်ညင်းထုပ်ကို အလယ်မှာ မဟူရာရောင်အသားတွေကို တင်ထားတာပဲ။
“ ကောင်းလိုက်တာ စိုပြေနေတာပဲ၊ ချယ်ရီရွက်တွေကြားက အနီရောင်လေးလိုပဲ”
အနီရောင်နဲ့ အစိမ်းရောင်တို့က အပြန်အလှန် လိုက်ဖက်နေတာပဲ။ ဒါက အသားကို ပိုနီရဲလာစေပြီး ဆွဲဆောင်မှု ရှိစေတာပဲ။
ဒါကို ချယ်ရီအသားလို့ ခေါ်တယ်လေ။ အသားကို ချယ်ရီသီးလို ကျွပ်ကျွပ်လေးနဲ့ ချိုနေအောင် လုပ်ထားတာ။
ဒုတိယဟင်းကတော့ အရမ်းမထူးခြားပါဘူး။ ဝက်သားကြော်။ ဒါပေမဲ့ ရဲရဲနီနေတဲ့အရောင်နဲ့ အစပ်ပြင်းပြင်းအရသာက တကယ်ဆွဲဆောင်မှုရှိတယ်။ ဒါက ငရုတ်ပွ၊ငရုတ်သီးနဲ့ထည့်လုပ်ထားတဲ့ ဝက်သားဆာတေးပဲ။
တတိယဟင်းက အရည်ရော အဖတ်ရောပါတယ်။ ကျန်းယွင်ကျူးသည် စျေးထဲတွင် ကျောက်ဖရုံသီးများမှာ စျေးပေါသည်ကို တွေ့လိုက်ရသဖြင့် နည်းနည်းဝယ်လာခဲ့လိုက်သည်။ ယခုမူ သူမသည် ကျောက်ဖရုံသီး အသားလုံးဟင်းရည်နည်းနည်း လုပ်ဖြစ်သွားခဲ့သည်။
“ ဧည့်သည်တို့ရဲ့ အရသာနဲ့မှ ကိုက်ပါ့မလားတော့ မသိဘူး၊ ဒီနေ့ နည်းနည်းအလောတကြီးဖြစ်သွားတယ်၊ နောက်တစ်ခါ ဧည့်သည်တို့ စားချင်တာရှိရင် ကျွန်မကို ကြိုပြောထားလို့ရတယ်နော်’
ကျန်းယွင်ကျူးက ပြောလိုက်လေသည်။ ဒီနေ့ စျေးသွားတော့ ဒုစစ်သူကြီးကျောက်နဲ့ တခြားလူတွေအတွက် နေ့လယ်စာချက်ပေးဖို့ နည်းနည်းပါးပါး ဝယ်လာခဲ့တာပဲ။ ယန်ရှန့်နဲ့ ရှန်ဖုန်းမင်တို့အတွက် ချက်ပေးရလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူးလေ။
သူမက မနက်ဖြန်မနက် အသားပန်ကိတ်လုပ်ဖို့ ဝက်သားကို သုံးမယ်လို့ စဥ်းစားထားတာ။ အခုတော့ အရေးပေါ်ဖြစ်နေတာနဲ့ ဒါတွေကို သုံးလိုက်ရပြီ။
“ကိုက်ပါတယ်၊ သေချာပေါက်ကို ကိုက်တယ်”
ယန်ရှန့်က အခါခါပြောလိုက်ပြီးနောက် မေးလိုက်လေသည်။
“ ခုနက ထမင်းဘူးက ဘယ်သူ့အတွက်လဲ”
ကျန်းယွင်ကျူးက ဧည့်သည်အတွက်ပါဟု ဖြေလိုက်ပြီး နောက်ပိုင်းကျလျှင် သူမသည် သည်လုပ်ငန်းကို လုပ်ချင်သည့်အကြောင်း ရှင်းပြလိုက်လေသည်။
ယန်ရှန့်သည် စောစောက ရှန်ဖုန်းမင် ရေးပေးခဲ့သည့် ကလီစာနှင့် ငါးအခြောက်ချက်ကြောင်း စာရင်းစာအုပ်ကို စဥ်းစားမိသွားပြီး ချက်ချင်း သဘောပေါက်သွားတော့သည်။
ကျန်းယွင်ကျူးက ထွက်သွား၏။
ယန်ရှန့်က စားပွဲနားတွင်ထိုင်ချလိုက်သည်။
“ ငါကတော့ အခွင့်အရေး လက်လွတ်သွားတယ်လို့ ခံစားနေရတုန်းပဲ”
သူသည် အသားပြုတ်နှင့် ငါးချက်ကိုလည်း စားချင်နေသေးသည်။ သို့သော် ထိုဟင်းများက တခြားသူ၏ပါးစပ်ထဲ ရောက်သွားပေပြီ။
“ ဒီဟင်းတွေက မင်းအတွက် မလောက်သေးဘူးလား” ရှန်ဖုန်းမင်က ပြောလိုက်၏။
“လောက်ပါတယ်၊ ဒါပေမဲ့ လက်လွှတ်လိုက်ရတယ်လို့ ခံစားရလို့ပါကွ”
သူသည် အခုချက်ချင်း ကျန်းယွင်ကျူးအား ငွေတစ်စပေးပြီး ဟင်းအားလုံး ချက်ခိုင်းစေချင်လိုက်တော့သည်။ သို့သော် ဒါက မကောင်းမှန်း သူ သိလေသည်။ ကြိုမှာရသည့် အရာဖြစ်ပြီး ကျန်းယွင်ကျူးက စီးပွားရေးလုပ်နေခြင်းပင်။ တခြားသူကို ပေးရမည်က ပြောရန်ပင် မလိုချေ။
ရှန်ဖုန်းမင်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး ချယ်ရီအသားတစ်တုံးကို စားလိုက်တော့သည်။
“ မိုးမခရွက်လေးလို မျက်ခုံး၊ ကြာပွင့်လို ပါးပြင် ၊ ချယ်ရီရောင်နှုတ်ခမ်းနဲ့ ခေါင်းရန်းပန်းလို နဖူးပြင်လေး”
ယန်ရှန့်က ချယ်ရီအသားကို ကြည့်ကာ တစ်ဖန်ပြုံးလိုက်ပြန်သည်။ သူသည် ချယ်ရီအသား အကြောင်းပြောနေသည်လား လူကိုပြောနေသည်လားတော့ မသိရပေ။
ရှန်ဖုန်းမင်က ချယ်ရီအသားကို ကိုက်လိုက်၏။ သူ့စကားကို ကြားလိုက်ရသည်တွင် ရှန်ဖုန်းမင်သည် ထိုလူကို ရုတ်တရက်ဆိုသလို သတိရသွားတော့သည်။ အဲဒီနှုတ်ခမ်းလေးပဲ။