အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
အပိုင်း (၂၂)
ချယ်ရီအသားမှာ တထုတ်ထုတ်နှင့် အိစက်ချိုမြိန်လေသည်။ ရှန်ဖုန်းမင်က တစ်ကိုက် ကိုက်လိုက်ပြီး ရုတ်တရက်ဆိုသလို ထပ်မနှိုက်တော့ပေ။ သူက အရသာစပ်စပ်နှင့် ခံတွင်းမြိန်သည့် ဝက်ဆာတေးကို စားလိုက်သည်။
မကြာခဏဆိုသလို သူသည်လည်း နူးညံ့ကာ အရသာရှိလှသည့် အသားလုံးတစ်လုံးယူစားလိုက် ခံတွင်းရှင်းကာ လန်းဆန်းစေသည့် ဖြူဖျော့ဖျော့ ကျောက်ဖရုံသီးတစ်စိတ်ကို စားလိုက်နှင့် အရသာတွေ့နေတော့သည်။
ယန်ရှန့်က ချယ်ရီအသားဟင်းပွဲကို ပိုသဘောကျလေသည်။ ထိုဟင်းပွဲလေးကို မိန်းမလှလေးတစ်ယောက်လို ခံစားနေရတော့သည်။ အရသာရှိပြီး နူးညံ့နေတာပဲ။ ဒါက.... ဟ နေပါအုံး၊ ဝက်ဆာတေးပန်းကန်က ဘာလို့ တစ်ဝက်ပဲ ကျန်တာလဲ။ ပြီးတော့ ကျောက်ဖရုံသီးအသားလုံးဟင်းရည်ကရော ဘယ်ရောက်သွားတာလဲ။
သူ့မှာ ကဗျာစာသားကိုပင် စဥ်းစားချိန် မရလိုက်ဘဲ အလောတကြီး စားလိုက်ရတော့သည်။
ကျန်းလင်သည် အလွန်မြန်ဆန်လွန်းလှသည်။ သိပ်မကြာလိုက်ခင်မှာပင် သူသည် တောင်ခြေသို့ ပြေးသွားလိုက်တော့သည်။
မျက်နှာရှည်နှင့် စစ်သားတစ်ယောက်က ထိုနေရာတွင် စောင့်နေ၏။ ကျန်းလင်က သူ့ကို သိပါသည်။ သူသည် နေ့တိုင်း ဒုစစ်သူကြီးကျောက်နောက်က လိုက်လာခဲ့သူ ပင်။
“ ဒါက ငါတို့ ဒုစစ်သူကြီး၊ ဒုစစ်သူကြီးပေါင်နဲ့ ဒုစစ်သူကြီးလီတို့ရဲ့ ထမင်းဘူးလား”
မျက်နှာရှည်ရှည်နှင့် စစ်သားက မေးလိုက်၏။ အနံ့ထွက်လာရာဘက်သို့ လိုက်ရှူကြည့်လိုက်မိသည်။ အနံ့ကလည်း မွှေးနေတာပဲ။
“ဟုတ်ကဲ့ အသားပြုတ်အတွက် ဝမ်၂၀၊ ကလီစာမွှေကြော်အတွက် ၁၈ ဝမ်၊ ငါးအခြောက်ကြော်အတွက်က ၃၈ ဝမ်ပါ၊ ထမင်းသုံးပန်းကန်လည်း ပါပါတယ်၊ တစ်ပန်းကန်ကို ၂ ဝမ်ပါ”
ကျန်းလင်က ချောမွေ့စွာ ပြန်ရွတ်ပြလိုက်လေသည်။
မျက်နှာရှည်ရှည်နှင့်စစ်သားက ထမင်းဘူးကို လက်ခံလိုက်၏။ အသားပြုတ်တဲ့လား။ အသားကို ဘာမှမပါတဲ့ရေထဲမှာ ပြုတ်ထားတာလား။ အဲဒါက အရသာရှိပါ့မလား။ ဒါပေမဲ့ အနံ့က ဘာလို့ အဲလောက်မွှေးနေတာလဲ။ သူသည် နားထောင်လိုက်ပြီးနောက် အသားပြုတ်ဆီသာ အာရုံရောက်နေပြီး ကျန်သည့်စကားကိုများကို မေ့သွားတော့သည်။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး။ ဒုစစ်သူကြီးကျောက်နဲ့ ကျန်တဲ့သူတွေက ဒီဟင်းတွေ ဘယ်လောက်ကျလဲလို့ မေးမှာ မဟုတ်ဘူး။
“ ကောင်းပြီ”
သူက သဘောတူလိုက်ပြီး သူ့လက်ထဲက မြေအိုးများကို ကျန်းလင်အား ပေးလိုက်ကာ
“ မင်းရဲ့မြေအိုးတွေကို ဆေးထားပြီးပြီ”
ကျန်းလင်က မြေအိုးကို ယူလိုက်သည်။ နှစ်ယောက်ကြားက အရောင်းအဝယ်ပြီးသွားလေသည်။ တစ်ယောက်က တောင်ပေါ်သို့တက်သွားပြီး ကျန်တစ်ယောက်က အိမ်ပြန်သွားသည်။
တောင်ပေါ်က ခန်းမတစ်ခုထဲတွင် သံချပ်ကာဝတ်စုံ ဝတ်ထားသည့် စစ်သူကြီးတစ်ယောက်က မျက်မှောင်ကျုံ့နေလေသည်။ သူ့မျက်နှာက ရေကဲ့သို့ နက်ရှိုင်းနေ၏။ သူသည် မိုင်းတွင်းကို စောင့်ကြပ်ဖို့ တာဝန်ယူထားသည့် ဝမ်ပင်းဖြစ်လေသည်။ မနေ့ညက သူရခဲ့သည့် စာအကြောင်းကို စဥ်းစားလိုက်ပြီးနောက်တွင် သူ့ခေါင်းပေါ်၌ မရေမတွက်နိုင်သည့် ဓားများကို ချိတ်ဆွဲထားသလို ခံစားလိုက်ရလေသည်။ သူသည် အချိန်မရွေး မသင်္ဂြိုဟ်လိုက်ရဘဲ သေသွားနိုင်လေသည်။
ချီလင်ကိုယ်ရံတော်တပ်တဲ့။ ရှန်ဖုန်းမင်။ အဲဒီသေမင်းနတ်ဘုရား.... သူသည် ထိုကိစ္စကို မင်းသားခြောက်နှင့် သဘောတူညီခဲ့သည့်အပေါ် အမှန်ပင်နောင်တရသွားတော့သည်။
သို့သော် ကိစ္စများက သည်အခြေနေအထိ ရောက်လာခဲ့ချေပြီ။ သူသည် အမှောင်လမ်းသို့ ဆက်လျှောက်ရုံသာ ရှိတော့သည်။
“လတ်တလော ငါတို့တွေ မိုင်းတွင်းဆီကို လူတွေထပ်ပို့ဖို့ လိုတယ်၊ သံသယရှိသူ ဘယ်သူ့ကိုမဆို ဖမ်းရလိမ့်မယ်၊ သူတို့ကို စုံစမ်းစစ်ဆေးစရာမလိုဘူး၊ သူတို့ကို ကျူးလျန့် လက်ထဲသာအပ်လိုက်” သူက ပြောလိုက်၏။
ကျူးလျန့်သည် သူ့စစ်တပ်၏ အဖွဲ့ဝင်လည်းဟုတ်သလို သူ့ဦးနှောက်လည်း ဖြစ်သည်။ သူသည် တော်တော်ပိန်ပါးသည့် ယောက်ျားတစ်ယောက် ဖြစ်လေသည်။
ထိုစကားကို ကြားလိုက်ပြီးနောက် စစ်သားအားလုံးသည် အူကြောင်ကြောင်အံ့ဩဟန်ဖြင့် အချင်းချင်း ကြည့်လိုက်ကြလေသည်။ ဒီအမိန့်က အရမ်းထူးဆန်းတာပဲ။ သို့တိုင် စစ်သားများသည့် အမိန့်ကို နာခံလိုက်ပြီး ဘာကိုမှ မငြင်းလိုက်ကြပေ။
ဝမ်ပင်းက စကားအများကြီး ပြောလိုက်၏။ သူသည် နေ့လယ်ရောက်သည်အထိ ၂နာရီတိုင်တိုင် မထတမ်းပြောလိုက်ပြီးမှ ပြန်သွားတော့သည်။
ဗိုက်ဆာလွန်းသဖြင့် စစ်သားအားလုံးသည် တန်းဖြုတ်လိုက်ကြပြီး ထမင်းစားခန်းသို့ မြန်မြန် ပြေးသွားကြလေသည်။
မျက်နှာရှည်နှင့်စစ်သားက ဖြတ်အသွားတွင် စစ်သားတစ်ယောက်က နှာခေါင်းကို ပင့်လိုက်၏။ ဘာက အဲလောက်တောင် မွှေးနေတာလဲ။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ဘာမှမတွေ့ရချေ။
နောက်စစ်သားတစ်ယောက်က သွားနေရင်းမှ ရပ်လိုက်ပြီး ခေါင်းပြန်လှည့်ကာ လှမ်းကြည့်လိုက်လေသည်။
“ အခုထိ မလာသေးဘူးလား”
ဒုစစ်သူကြီးကျောက်သည် မျက်နှာရှည် စစ်သားကို တွေ့လိုက်ပြီး သူ့ကို လှမ်းနှုတ်ဆက်လိုက်၏။
မျက်နှာရှည်နှင့်စစ်သားက နောက်လှည့်ကြည့်လိုက်ပြီး ထမင်းဘူးကို ကောက်ကိုင်လိုက်ကာ လူကြားထဲပတ်သွားလိုက်ပြီး ဒုစစ်သူကြီးကျောက်ရှေ့သို့ ရောက်လာတော့သည်။
“ ထမင်းစားခန်းကို မသွားနဲ့၊ အဲမှာ လူတွေအများကြီးပဲ၊ လက်ဖက်ရည်ခန်းကို သွားလိုက်ပါ၊ အဲမှာ အခုချိန်ဆိုရင် လူ မရှိလောက်ဘူး” ဒုစစ်သူကြီးလီက ထမင်းဘူးထဲက မွှေးပျံ့သည့်အနံ့ကို ရှူရင်း မြန်မြန်ပြောလိုက်လေသည်။
လူတချို့က လက်ဖက်ရည်ခန်းဆီသို့ သွားလိုက်ကြသည်။ ဟုတ်ပါသည်။ အခန်းထဲတွင် လူတစ်ယောက်မှ မရှိပေ။
မျက်နှာရှည်နှင့် စစ်သားက ထမင်းဘူးကိုဖွင့်လိုက်ပြီး ဟင်းများကို ဖုံးထားသည့် ပန်ကန်းများကို ဖယ်လိုက်တော့သည်။ ရုတ်ခြည်းဆိုသလို တထောင်းထောင်းထနေသည့် အငွေ့နှင့် ရနံ့တို့က သူ့မျက်နှာကို လာရိုက်တော့သည်။
ဆွဲဆောင်မှုအရှိဆုံးအရာမှာ အဖြူရောင်ကြွေပန်းကန်လုံးထဲက နီရဲတောက်ပပြီး ဆီရွှဲနေသည့်အရာပင် ဖြစ်လေသည်။ နူးညံ့သည့် အသားလွှာများက အနီရောင်စွပ်ပြုတ်ရည်ထဲတွင် ဖုံးကွယ်နေ၏။ အပေါ်တွင် အနီတောက်တောက် ငရုတ်ပွနှင့် မြစိမ်းရောင်ကြက်သွန်မြိတ်တို့ကို တင်ထားသည်။ အရသာအားလုံးက အတူတူရောနှောနေပြီး အဆုတ်ထဲသို့ တစ်ကန့်ချင်းစီ တန်းဝင်သွားတော့သည်။
ဒီအသားပြုတ်။ ဟားးး။ မြင်လိုက်ချိန်တွင် မျက်နှာရှည်နှင့်စစ်သားက စိတ်ထဲမှ ရေရွတ်လိုက်တော့သည်။ အသားပြုတ်က ဘာလို့ ဒီလိုပုံစံဖြစ်နေတာလဲ သိချင်လိုက်တာ။
“ဒါက ငါ့အတွက်၊ ဖြတ်လုဖို့ မစဥ်းစားနဲ့”
ဒုစစ်သူကြီးကျောက်က သေချာတွေ့လိုက်ရပြီး တခြားလူများက သူ့ဆီက လုသွားမည်စိုးသဖြင့် ပန်းကန်လုံးကြီးတစ်ခုကို ကောက်ယူလိုက်ပြီး သူ့ရှေ့တွင် ချထားလိုက်လေသည်။ သူသည် ပိုက်နှမြော၍ မဟုတ်ချေ။ သည်ဟင်းပွဲက အလွန်မှမွှေးပျံ့လွန်းသဖြင့် တခြားသူများကို ကျွေးဖို့ရာ တွန့်ဆုတ်နေမိသောကြောင့်ပင်။
ဒုစစ်သူကြီးပေါင်က အားကျသွား၏။ သို့သော် သူ့အဆီများများနှင့် ကလီစာကလည်း မဆိုးလှချေ။
“ အစ်ကိုကျောက်၊ မင်းဟာ ငါ့ဟာတွေက ဘာလဲဗျ၊ ကျုပ်ရဲ့ ငါးဟင်းက အရသာရှိတဲ့ပုံ မပေါက်ဘူးလား”
ဒုစစ်သူကြီးလီသည်လည်း အသားပန်းကန်အတွက် သွားရည်ကျနေတော့သည်။ ထို့ကြောင့် သူက သူ့ကိုယ်ပိုင်ငါးဟင်းကို ထုတ်လိုက်ပြီး ဒုစစ်သူကြီးကျောက်အား ပြလိုက်လေသည်။
ငါးအခြောက်ချက်။ ဝက်ဗိုက်သားကို ငါးကြင်းတစ်ကောင်လုံးနဲ့ တွဲချက်ထားတာ အနံ့ကတော့ မွှေးနေတာပဲ။
သုံးယောက်သားသည့် အချင်းချင်းကြည့်လိုက်၏။ ဘာ မင်းတွေ ငါတွေလုပ်နေတာလဲ။ ဒီအတိုင်းသာ စားလိုက်။ ဟုတ်တယ်။ စားတော့။
သုံးယောက်သားသည် ကိုယ်စီ တူကို ကောက်ကိုင်လိုက်ကြပြီး စ,စားတော့မည်ပြင်လိုက်စဥ် ခေါင်းတစ်လုံးက ရုတ်တရက် တိုးဝင်လာပြီး
“ ဒါက ဘာဟင်းလဲ၊ အနံ့က မွှေးလှချည်လား”
တစ်ချက်အကြည့်တွင် တံခါးနားတွင် စစ်သား ၄-၅ယောက် ရပ်နေပြီး အားလုံးက သူတို့နှင့် ရင်းနှီးသည့်ဆက်ဆံရေး ရှိကြသူများ ဖြစ်နေတော့သည်။
ဒုစစ်သူကြီးလီက သူ့နဖူးကိုသာ ရိုက်ပစ်လိုက်တော့သည်။ သူ ထမင်းစားခန်းကို မသွားတာက သူတို့တွေကို မမြင်စေချင်လို့လေ။ မထင်ထားဘဲ သူတို့တွေက တွေ့သွားရတယ်လို့ကွာ။
ဒုစစ်သူကြီးက လူတချို့ကို တံတွေးလှမ်းထွေးလိုက်ပြီး
“ မင်းတို့ကောင်တွေ ခွေးတွေလား၊ နှာခေါင်းကလည်း ကောင်းလိုက်ကြတာ”
စစ်သားတချို့က အော်ရယ်ကြတော့သည်။ မတတ်နိုင်ဘူးလေ။ အဲဟင်းက အရမ်းမွှေးတာကိုး။ အရင်ဆုံး သူတို့ကို ပေးမြည်းလိုက်ပေါ့။ နောက်တစ်ခါကျရင် သူတို့တွေက နည်းနည်းပါးပါးပြန်ဝယ်ပြီး သူတို့ကို ပြန်ကျွေးလိုက်ပါမယ်။
စားသောက်ပြီးနောက်တွင် ကျန်းယွင်ကျူးက မြို့ထဲသို့ ထပ်သွားလိုက်လေသည်။ ပထမတစ်ချက်မှာ ညစာအတွက် ပါဝင်ပစ္စည်းများကို ဝယ်ရန်နှင့် အသားတချို့ပြန်ဖြည့်ရန်ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ကျန်းလင်တို့ သုံးယောက်က ရှန်ဖုန်းမင်ထံမှ စာသင်တော့မည်ဆိုသဖြင့် သေသေချာချာ သင်ယူသင့်လေသည်။ ရှန်ဖုန်းမင်က မည်သို့စဥ်းစားသည်ဖြစ်စေ ဒါသည် ကျန်းလင်နှင့် တခြားသူများအတွက် ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
သူတို့သည် နောက်ပိုင်းတွင် ငွေရှိလာလျှင်တောင် စာသင်ဖို့ရာ သည်လိုဆရာတစ်ယောက်ကို ငှားရမ်းချင်မှ ငှားရမ်းနိုင်လိမ့်မည်။
သူမသည် စုတ်တံနှင့် စာရွက် နောက်ထပ်လေးစုံ ဝယ်လိုက်၏။ တစ်စုံမှာ ရှန်ဖုန်းမင်အတွက်ဖြစ်သည်။ စျေးကတော့ အနည်းငယ်ပိုကြီး၏။ ကျန်သုံးစုံမှာ ကျန်းလင်နှင့် တခြားသူများအတွက်ဖြစ်သည်။ သူမအတွက်ကတော့ ရှိတာလေး သုံးလိုက်ရုံသာ။ မနက်က ဝယ်ခဲ့သည့်တစ်ခုနှင့် လုံလောက်လေသည်။
နေ့လယ် ၁နာရီတွင် ကျန်းမိသားစု ဧည့်ခန်းထဲ၌ ကျန်းလင်က အိမ်တွင်ရှိသည့် တစ်ခုတည်းသော လေးထောင့်စားပွဲလေးကို သန့်ရှင်းရေးလုပ်ထားလိုက်သည်။ ကျန်းယွင်ရွှယ်က ကုလားထိုင်တစ်လုံးနှင့် အနိမ့်အမြင့်တူသည့် ခွေးခြေခုံ သုံးလုံးကို ရှာထားလိုက်သည်။
လက်ရှိ ကျန်းမိသားစုသုံးနေသည့် ပရိဘောဂများမှာ အဘွားဖုန်းတို့ ပြောင်းသွားစဥ်က ထားခဲ့သည့် များဖြစ်လေသည်။ အပြည့်အစုံရှိသည့်အရာ တစ်ခုမှ မရှိချေ။
စားပွဲတစ်လုံးသာ ရှိလေသည်။ ရှန်ဖုန်းမင်က စားပွဲနောက်တွင် ထိုင်လိုက်၏။ ကျန်းယွင်ကျူးက သူ့ညာဖက်တွင် ထိုင်လိုက်သည်။ ကျန်းလင်က သူ့ဘယ်ဖက်တွင် ရှိပြီး မျက်နှာချင်းဆိုင်တွင် ကျန်းယွင်ရွှယ်နှင့် ကျန်းဝူတို့ရှိလေသည်။
“ ကျွန်တော်လည်း နားထောင်မယ်” ယန်ရှန့်က ဘေးမှ အကြာကြီးငေးကြည့်နေခဲ့သည်။ နေရာအတည်တကျဖြစ်သွားသည်ကို မြင်လိုက်သည်နှင့် သူက တစ်နေရာရာမှာ ရှာထားသည့် ခုံကျိုးလေးတစ်လုံးကိုယူကို ကျန်းဝူနောက်တွင် ချက်ချင်းထိုင်ချလိုက်လေသည်။
“ ဦးလေး ဒီမှာ ထိုင်ပါ” ကျန်းဝူက ယန်ရှန့် တကယ်နားထောင်ချင်သည်ဟု ထင်လိုက်သဖြင့် သူ့ထိုင်ခုံကို ဘေးသို့ရွှေ့လိုက်ပြီး သူနှင့်ကပ်ထိုင်လိုက်လေသည်။
ယန်ရှန့်၏မျက်နှာပေါ်က အပြုံးမှာ အေးခဲသွားတော့မတတ်ပင်။
“ဦးလေးတဲ့”
သူ့ကို ဦးလေးလို့ ခေါ်တယ်။ ကျန်းယွင်ကျူးကိုကျတော့ အစ်မလို့ခေါ်တယ်။ ဒီတော့ သူက ကျန်းယွင်ကျူးက မျိုးဆက်တစ်ခုစာ ပိုကြီးနေလို့လား။ ပြီးတော့ သူက အဲလောက်တောင် အိုနေလို့လား။
“ ငါ့ကို အစ်ကိုလို့ပဲ ခေါ်ပါ၊ အစ်ကိုယန် ပေါ့” သူက ပြောလိုက်၏။
“အစ်ကိုယန်” ကျန်းဝူက လိုက်ပြောလိုက်လေသည်။
ထိုအခါမှ ယန်ရှန့်သည် ပြန်ပျော်ရွှင်လာပြီး ကျန်းဝူ၏ခေါင်းကို ပုတ်လိုက်၏။ ဒီကလေးကတော့ ကြီးပွားအုံးမှာပဲ။
ရှန်ဖုန်းမင်သည် သူ့လှုပ်ရှားမှုသေးသေးလေးကို သတိထားမိဟန်မတူဘဲ စုတ်တံကို ကောက်ကိုင်လိုက်ကာ စာရွက်ပေါ်တွင် စ,ရေးလိုက်တော့သည်။
“ တစ်၊ နှစ်၊ သုံး....ကိုး... တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း” စာရင်းမှတ်မည်ဖြစ်သည့်အတွက် သူက သူတို့ကို ဂဏန်းများ အရင်သင်ပေးလိုက်လေသည်။
ဂဏန်းတွေလား။ ကျန်းလင်နှင့် တခြားသူများက ‘တစ်၊ နှစ်’ ဂဏန်းများ လိုက်ရွတ်နေသည်ကို နားထောင်ရင်း ကျန်းယွင်ကျူးသည် မူကြိုကျောင်းသို့ ရုတ်တရက် ပြန်ရောက်သွားသလို ခံစားလိုက်ရတော့သည်။
အဲဒီတုန်းက သူမက အရေးကို သင်ခဲ့တာလေ။ စာအုပ်ထဲမှာ အကွက်တွေ ပါပေမဲ့ သပ်သပ်ရပ်ရပ် မရေးတတ်ခဲ့ဘူး။ ဒါကြောင့် သူမက ပေတံတစ်ချောင်းကို သုံးပြီး အောက်ခြေကို ပိတ်ထားရတယ်။ ရေးထားတဲ့ စာလုံးတွေရဲ့ အောက်ခြေဆိုရင် ပြားချပ်နေပြီး အသေရုပ်ဆိုးတာပဲ။
အခုတော့ ရှန်ဖုန်းမင်ကို ကြည့်ပါအုံး။ ဒီလိုစာရွက်အကြီးကြီးတစ်ရွက်ပေါ်မှာတောင် ဘာမျဥ်းကြောင်းမှ မပါဘူး။ ဒါတောင် သူက အလျားလိုက်ရော ဒေါင်လိုက်ရော ဖြောင့်နေအောင် ရေးထားတယ်။ စားလုံးတိုင်းနဲ့ တစ်လုံးစီကြားက အကွာအဝေးကလည်း တစ်ထပ်ထဲ။ ပေတံနဲ့ တိုင်းထားတဲ့အတိုင်းပဲ။
ကျန်းယွင်ကျူးသည်လည်း စာသင်သားများစွာနှင့် တွေ့ခဲ့ဖူးလေသည်။ သို့သော် သူ့လိုမျိုးကတော့ မရှိသလောက်ပင်။ သူမသည် သူက အနည်းငယ် OCD (စိတ်ရောဂါတစ်မျိုး) များဖြစ်နေသလားဟု စဥ်းစားမိသွားတော့သည်။
သူ့လက်တွေက တော်တော်လှတာပဲ။ ရှည်သွယ်သွယ်လက်ချောင်းတွေနဲ့ ပေါ်လွင်တဲ့အရိုးအဆစ်တွေ။ လက်ညှိုးနဲ့ လက်မကြားနေရာနဲ့ လက်ထိပ်တွေမှာ အသားမာနုနုလေးတွေ အများကြီးပဲ။ ဒါက ဓားကိုင်တဲ့ လက်တစ်စုံဆိုတာကို သက်သေပြနေတာပဲ။ ဒီလက်ထဲမှ လူတွေမရေမတွက်နိုင်အောင် သေခဲ့ကြတယ်။
ကျန်းယွင်ကျူးက သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်အား ကြည့်နေသည်ကို ရပ်လိုက်တော့သည်။
ဆောင်းဦးနေ့ရက်များသည် သိမ်မွေ့လွန်းလှသည်။ ငှက်များက ပြတင်းပေါက်အပြင်ဘက်တွင် တေးဆိုနေကြ၏။ ယန်ရှန့်သည် အစကတည်း နားထောင်ရင်း စိတ်ဝင်တစား ရှိနေခဲ့သည်။ တစ်ခုခုကို ရှာတွေ့ချင်သယောင် ဘယ်ညာကို ကြည့်လိုက်၏။ သို့သော် ရှန်ဖုန်းမင်က အမှန်တကယ် စာပေပိုင်းကို သင်ကြားနေသည်ကို တွေ့လိုက်ရလေသည်။ သူသည် ချက်ချင်း စိတ်ဝင်စားမှု ပျောက်သွားတော့သည်။
ခဏအကြာတွင် သူသည် နောက်ဆုတ်ချင်လိုက်လေသည်။ သူ့မှာ အချိန်ရှိရင် အိပ်ရာထဲသွားပြီး အိပ်လိုက်တာ ပိုမကောင်းဘူးလား။
သည်အခိုက်တွင် ကျန်းယွင်ကျူး၏အခြေအနေက ပုံမှန်မဟုတ်မှန်း သတိထားမိသွားတော့သည်။
သေသေချာချာ ကြည့်လိုက်တော့ သဲလွန်စကို ရှာတွေ့သွားသည်။ သူမသည် စာကို သေချာနားထောင်နေသယောင် ထင်ရသော်လည်း အမှန်တွင်တော့ အိပ်မက်နယ်ထဲ ရောက်နေခြင်းပင်။ ဒါက သူ့ကို အံ့ဩမဆုံး ဖြစ်သွားစေတော့သည်။ ရှန်ဖုန်းမင်ဘေးမှာ ထိုင်ပြီး သူမက တကယ်ကြီး အိပ်မောကျနေနိုင်သတဲ့လား။ ပြီးတော့ သူမက အရမ်းတတ်နိုင်တာပဲ။ စာထဲ စိတ်ဝင်စားနေတဲ့ပုံတောင် ဟန်ဆောင်နေလိုက်သေးတယ်။ သူသာ သေသေချာချာ မကြည့်ခဲ့ရင် သူမ အိပ်မောကျနေတာကို သိလိုက်မှာတောင် မဟုတ်ဘူး။
သူကတော့ သူမနဲ့ စောစောကတည်းက တွေ့ပြီး ဒီအရည်အချင်းကို သူ့ကိုပဲ သင်ခိုင်းလိုက်ချင်တော့တယ်။ သူ အတန်းထဲမှာတုန်းကဆိုရင် နေ့တိုင်း ဆရာကြီး လိုက်ရိုက်တာ ခံခဲ့ရတာလေ။
ယန်ရှန့်မသိခဲ့သည့် ကျန်းယွင်ကျူးသည် သည်လိုလုပ်နိုင်ဖို့အရေး ခေတ်သစ်တွင် နှစ်နှစ်ဆယ်ကျော် စာသင်ခန်းထဲ၌ လေ့ကျင့်လာခဲ့ရသည်ကိုပင်။ သူက သင်ချင်ပါသည်ဆိုတိုင်း မည်သို့ သင်နိုင်ပါမည်နည်း။
ရှန်ဖုန်းမင်၏အသံက ပြောင်းမသွားချေ။ ကျန်းယွင်ကျူးမှာ အလွန်ပင်ပန်းနေမှန်း သိလိုက်လေသည်။
...
အပိုင်း (၂၃)
ကျန်းယွင်ကျူးသည် အမှန်ပင် အလွန်ပင်ပန်းနေခဲ့သည်။ သူမသည် မနေ့ညက ၁၁နာရီအထိ အိပ်မရသေးဘဲ ဒီမနက် ၃နာရီ အိပ်ရာထခဲ့ရသည်။ သူမသည် ယခုအချိန်မတိုင်ခင်အထိ အလုပ်များနေခဲ့လေသည်။ ရှန်ဖုန်းမင်က ဘေးတွင်ရှိနေပြီး ပိုပြီး သတိရှိဖို့ရာ သူမကိုယ်သူမ သတိပေးထားခဲ့သော်လည်း ထိုင်ခုံတွင် ထိုင်ချလိုက်ချိန်တွင် အလိုမပါဘဲ အိပ်ပျော်သွားခဲ့လေသည်။
သူမ၏အသက်ရှူသံက တည်ငြိမ်နေ၏။ သူမ၏ရှည်သွယ်သွယ်မျက်တောင်များက စင်းကျနေသည်။ သူမ၏ နီရဲရဲနှုတ်ခမ်းများက မသိမသာပွင့်ဟနေသည်။ တည်ငြိမ်အေးချမ်းကာ ဣန္ဒြေရှိလှပေသည်။
ရှန်ဖုန်းမင်၏ အကြည့်က သူမ၏နှုတ်ခမ်းများပေါ်သို့ ဖျတ်ခနဲ ဖြတ်သွားပြီး သူ့ရှေ့က စာရွက်ဖြူပေါ်သို့ သက်ဆင်းသွားလေသည်။
ချိုမြိန်နေအောင် အိပ်နေတာပဲ။
“ ကျူး ချင် ယို ရွှီ ၊ ဟယ် လု ရှိ ကျာန်း”
ကျန်းလင်နှင့် တခြားသူများက စာပြန်ရွတ်နေကြ၏။ ကျန်းယွင်ကျူး၏မျက်တောင်များသည် တဖျတ်ဖျတ်တုန်ခါသွားပြီး မတ်မတ် ထိုင်လိုက်လေသည်။
“ ခုံး ချောင် ယန် ဟွား၊ ကျင်း ဝေ ထောင် ကျန်း”
ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်က သူတို့ကို မိသားစု မျိုးရိုးနာမည်များ အခုတစ်ရာကို သင်ပေးနေမှန်း နားလည်သွားတော့သည်။ သူက စဥ်းစားပေးတတ်တာပဲ။ စာရင်းမှတ်ဆိုရင် ပထမတစ်ချက် သိရမှာက ကိန်းဂဏန်းတွေနဲ့ ဒုတိယအချက်က နာမည်ချရေးထားနိုင်ဖို့ပဲ။
သူမက သူ့ကို တစ်ချက်လောက် ခိုးကြည့်လိုက်၏။ သူမ အိပ်ပျော်နေတာ သူ သတိမထားမိလောက်ပါဘူးနော်။ ဟုတ်တယ်မလား။
ရှန်ဖုန်းမင်၏မျက်နှာက မပြောင်းလဲချေ။ သူမ၏ မြင်ကွင်းဘက်မှ ကြည့်လျှင် သူ့ပုံရိပ်လေးကို စုတ်တံနှင့် ဆွဲထားသည့်အလား မြင်နိုင်လေသည်။ တင့်တယ်လှပြီး ပြတ်သားသည့် ဆွဲချက်များပင်။ မျက်လုံးတစ်စုံက အေးမြသည့်ကြယ်များနှယ် နက်ရှိုင်းတောက်ပနေသည်။
သတိမထားမိလောက်ပါဘူးလေ။ သူမက စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး တခြားသူများကို ကြည့်လိုက်၏။
ကျန်းလင်က အလွန်စိတ်ဝင်တစား လေ့လာနေပြီး စာအပေါ်တွင် အာရုံစိုက်နေပုံရသည်။ ထိုနည်းတူ ကျန်းယွင်ရွှယ်သည်လည်း ပျော်ရွှင်နေသည်။ ပုံမှန်အချိန်ဆို အမြဲတမ်း လိမ္မာပြီး ကြောက်တတ်တဲ့ ဒီကလေးမက အခုကျတော့ တခြားလူတစ်ယောက်လိုပဲ။ သူ့မျက်လုံးထဲမှာ စိတ်အားထက်သန်နေပုံက မီးတောက်နေတဲ့အတိုင်းပဲ။
ကျန်းဝူ။ ကျန်းဝူ၏ ခေါင်းသေးသေးလေးက ငုံ့ကျသွားလိုက် ပြန်ထောက်လာလိုက် တဆတ်ဆတ် ညိတ်နေလေသည်။ ကျန်းယွင်ကျူးက သူ့ခေါင်းကို လှုပ်လိုက်၏။
ထို့နောက်တွင်တော့ ယန်ရှန့်၏ ရွှတ်နောက်နောက်အကြည့်နှင့် သွားဆုံတော့သည်။
ကျန်းယွင်ကျူးသည် မသိမသာ အံ့ဩသွားတော့သည်။ သူက ဘာသဘောလဲ။
“ ရပြီ၊ ဒီနေ့တော့ ဒီလောက်ပဲ” ရှန်ဖုန်းမင်က သည်အချိန်တွင် စကားပြောလိုက်၏။
“ လူကြီးမင်းကို ကျွန်မတို့ ဒုက္ခပေးမိပါပြီ၊ လာပါ၊ ရေလေးသောက်ပါအုံး”
အမျိုးသမီးချန်က အခန်းထဲကလှုပ်ရှားမှုများကို သတိထားစောင့်ကြည့်နေလေသည်။ စာသင်ပြီးပြီဟု ကြားလိုက်ချိန်တွင် သူမက ရှန်ဖုန်းမင်ထံသို့ ပြင်ဆင်ထားပြီးသား လက်ဖက်ရည်ကို မြန်မြန် ယူသွားပေးလိုက်၏။ ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူးနှင့် တခြားသူများကို စာသင်ပေးခဲ့လေသည်။ သူမ၏စိတ်ထဲတွင် ကျေးဇူးဆပ်လိုသည့်စိတ်နှင့် ကျေးဇူးတင်စိတ်တို့က သည်လက်ဖက်ရည်ထဲတွင် အပြည့်ပါနေသည်။
လက်ဖက်ခြောက်က အရည်အသွေးညံ့သော်လည်း ရှန်ဖုန်းမင်က သတိထားမိဟန်မတူ။ သူက လက်ဖက်ရည်ပန်းကန်လုံးကို လက်ခံလိုက်ပြီး တစ်ငုံသောက်လိုက်လေသည်။
ယန်ရှန့်က ကျန်းယွင်ကျူးဘက်သို့ စောင်းလိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။
“ မင်းရဲ့အရည်အချင်းတွေကို ကျွန်တော့်ကို သင်ပေးပါလား” ပြောမရဘူးလေ။ နောက်ပိုင်း အသုံးဝင်ချင် ဝင်လာမှာပေါ့။
“ဘာ အရည်အချင်းလဲ” ကျန်းယွင်ကျူးက နားမလည်ပေ။
ယန်ရှန့်က ရယ်မောလိုက်၏။
“ မျက်လုံးဖွင့်ပြီး အိပ်တဲ့အရည်အချင်းလေ”
မျက်လုံးဖွင့်ပြီးအိပ်တယ်။ သူမကလား။ အများဆုံးတော့ သူမက မျက်လုံးကိုမှေးထားပြီး အိပ်တာပါ။ ခဏလေ။ သူမ အိပ်ပျော်နေခဲ့တာ သူ သိနေတာလား။ ကျန်းယွင်ကျူးက ယန်ရှန့်ကို စိုက်ကြည့်လိုက်လေသည်။
ယန်ရှန့်၏အမူအရာက အားလုံးကို ဖော်ပြနေတော့သည်။
ကျန်းယွင်ကျူးမှာ လက်နှင့်မျက်နှာကို အုပ်ထားချင်လိုက်တော့သည်။ ရုတ်တရက်ကြီး သူမ ဆီကို ရောက်ချလာရတယ်လို့။ နေအုံး၊ ယန်ရှန့်တောင် သူမ အိပ်ပျော်နေတာ သိတယ်ဆိုတော့ ရှန်ဖုန်းမင်....
သူမက ရှန်ဖုန်းမင်ဘက် လှမ်းကြည့်လိုက်ရာ သူ၏မည်းနက်သည့် မျက်လုံးများနှင့် သွားဆုံတော့သည်။
ဟုတ်နေပါပြီ။ သူ သိသွားတာပဲ။ ကျန်းယွင်ကျူးက သူမ၏အကြည့်ကို မြန်မြန်ပြန်သိမ်းလိုက်ပြီး ခေါင်းငုံ့ထားလိုက်တော့သည်။ သူမ တကယ်မရည်ရွယ်ဘူးဆိုတာ ကျိန်ဆိုလည်း ကျိန်ပြောရဲပါတယ်လို့။
“ ကျွန်တော့်ကို ပြောပြလေ၊ ဘယ်လို...” ယန်ရှန့်က ဆက်မေးလိုက်၏။
“ သွားစို့” ရှန်ဖုန်းမင်က သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ထရပ်လိုက်၏။
“ဘာလဲ” အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး ယန်ရှန့်က ပြန်မေးလိုက်၏။
“အရေးကြီးကိစ္စ လုပ်ရမယ်” ရှန်ဖုန်းမင်က ပြောရင်းဆိုရင်း လျှောက်ကာ ထွက်သွားတော့သည်။
သူ့ပြောချင်သည့် စကားကို ယန်ရှန့် နားလည်သွားတော့သည်။ သူ့အမူအရာက ငိုက်စိုက်ကျသွားတော့သည်။ သူ အခုလုပ်နေတာလည်း အရေးကြီးကိစ္စပဲ မဟုတ်ဘူးလားဟ။
ထွက်မသွားခင် ရှန်ဖုန်းမင်က ခေါင်းကို ပြန်လှည့်ကာ သူ့ကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးထဲက သည်အဓိပ္ပာယ်က သည်သဘောပင်။
“ ငါ့ကိုတော့ စောင့်ပါအုံးဟ....” သူ ကျန်းယွင်ကျူးဆီက ပညာတွေ သင်ပြီးတဲ့အထိ စောင့်ပါအုံး။
ရှန်ဖုန်းမင်က ပြန်မပြောဘဲ သည်အတိုင်း ကြည့်နေလေသည်။
“ အေးပါကွာ၊ ငါ့ဘဝကြီးက ဘာလို့ အရမ်းကို ခက်ခဲနေရတာလဲ” ယန်ရှန့်က ခြောက်ကပ်ကပ် အော်ဟစ်ရင်း ရှန်ဖုန်းမင်နောက် လိုက်သွားတော့သည်။
“ သူတို့တွေ စပါး သွားစုကြတော့မလို့လား” အမျိုးသမီးချန်က သူတို့နှစ်ယောက်၏ ကျောပြင်များကို စောင့်ကြည့်ကာ မေးလိုက်၏။
“ သူတို့ လူတွေ ရောက်လာမှာကို စောင့်နေကြတာဟုတ်ဘူလား”
ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့ထားလိုက်ပြီး နှုတ်ဆိတ်နေလိုက်တော့သည်။
ညနေပိုင်းတွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ပြန်လာကြ၏။ ရှန်ဖုန်းမင်က မြေပုံတစ်ခုကို ထုတ်လိုက်ပြီး တစ်ခုခု အမှတ်အသားလုပ်လိုက်သ်ည။ ယန်ရှန့်ကတော့ အိပ်ရာပေါ်တွင် လေးဖင့်စွာ လှဲချလိုက်ပြီး မလှုပ်ရှားချင်တော့ပေ။
ကျန်းယွင်ကျူးက သူတို့အတွက် အစားအသောက်များ ပြင်ဆင်ထားပြီးဖြစ်လေသည်။ သည်နေ့လယ်တွင် သူမသည် သူတို့အတွက် ကြက်တစ်ကောင် ဝယ်လာခဲ့လိုက်သည်။ ကြက်ရင်ပုံသားကို ကြက်ကုန်းဘောင်ကြော်ဖို့ သုံးခဲ့သည်။ ကြက်ပေါင်ကို မွထားပြီး မုန်လာဥနီ၊ မုန်လာထုပ်တို့နှင့် အအေးသုပ်ထားလိုက်သည်။
မူလက သည်ဟင်းတွင် သခွားခြစ်ကို သုံးသင့်သော်လည်း သည်ရာသီတွင် သခွားသီးမပေါ်တော့ချေ။ သူမက မုန်လာထုပ်ကို ပါးပါး စိပ်စိပ်လေးလှီးကာ စမ်းကြည့်လိုက်သည်။ ဒါသည်လည်း အလွန်လတ်ဆတ်လေသည်။
နောက်ဆုံး စွပ်ပြုတ်အတွက် ကြက်နံရိုးကို သုံးလိုက်သည်။ ထို့နောက် စွပ်ပြုတ်ကို ပန်ကိတ်နှစ်ပန်းကန်နှင့် တွဲစားရသည်။ ယန်ရှန်းနှင့် ရှန်ဖုန်းမင်တို့ စားသောက်ရန် လုံလောက်သွားပေမည်။
ဟုတ်ပါသည်။ ယန်ရှန့်သည် ညစာကိုမြင်လိုက်ချိန်တွင် အင်အားများ ပြန်ပြည့်လာခဲ့သည်။ သူသည် အစားအသောက်ကို အလွန်အာရုံစိုက်ထားမိသဖြင့် ကျန်းယွင်ကျူးထံမှ ပညာသင်ဖို့ရာ မေ့သွားတော့သည်။
ကျန်းယွင်ကျူးက ပြန်ထွက်သွား၏။
ကျန်းချိန်သည် ညပိုင်း အလုပ်မှ ပြန်လာသောအခါ အိမ်တွင် တည်းခိုနေသည့် ကုန်သည်နှစ်ယောက်က သူ့ကလေးများကို စာသင်ပေးခဲ့သည်ဟု ကြားလိုက်ရပြီး အလွန်ကျေးဇူးတင်သွားတော့သည်။ သူသည် အရင်ကလည်း ကလေးများကို စာသင်ပေးဖို့ စိတ်ကူးရှိခဲ့သေးသည်။ သို့သော် ကလေးတစ်ယောက်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ရာ အခကြေးငွေ တစ်နှစ်လျှင် ၁၀လျန် လိုအပ်သည်။ သူ့အတွက်တော့ ဒါသည် အလွန်ဝေးကွာသည့် အိပ်မက်တစ်ခုပင်။ လုံး၀အကောင်ထည်ဖော်ရန် မတတ်နိုင်သည့် အိပ်မက်တစ်ခုပင်။
အခု အိပ်မက်က တကယ်ဖြစ်လာတာလား။
“ မင်းတို့လေးတွေ စာကြိုးစားရမယ်နော်၊ ပြီးတော့ သူ့ကို စိတ်ဆိုးအောင် မလုပ်ရဘူး”
သူက ကျန်းလင်နှင့် တခြားသူများကို မှာကြားလိုက်၏။ အထူးသဖြင့် ကျန်းဝူသည် ငယ်သေးသောကြောင့်ပင်။ သူ သည်ကိစ္စများကို နားမလည်မှာ စိတ်ပူနေမိသည်။
ကျန်းဝူသည် ရို့ရို့လေး ခေါင်းညိတ်ပြလိုက်၏။ နေ့လယ်တုန်းက စာသင်နေတုန်းက သူ အိပ်ပျော်သွားတယ်ထင်တယ်။ အဲဒီအစ်ကိုကြီးက စိတ်မဆိုးလောက်ပါဘူးနော်။ ဟုတ်တယ်မလား။
သူသည် ထိုအကြောင်းကို စဥ်းစားလေလေ ပိုပြီး အပြစ်ရှိသလို ခံစားရလေလေ ဖြစ်လာတော့သည်။ သူက မနက်ဖြန်ကစကပြီး စာကြိုးစားတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ကျန်းချိန်က ကျန်းယွင်ကျူးသည် အလွန်သိတတ်လိမ္မာသည်ဟု တွေးမိသဖြင့် သူမကို ဘာမှမပြောခဲ့ချေ။ သည်ကိစ္စများကို သူပြောရန်လည်း မလိုပေ။
ကျန်းယွင်ကျူးက ထိုနေရာတွင် ရပ်နေ၏။ ဟုတ်ပါပြီ။ သူမ မှားမှန်းသိပါပြီ။ အိပ်မနေသင့်ဘူးလေ။ သူမက အဲဒီစာလုံးတွေကို သိတယ်ဆိုရင်တောင် ရှန်ဖုန်းမင်ဆီက လက်ရေးလှသင်ရတာလည်း ကောင်းတာပါပဲ။
ဒါက ရှားရှားပါးပါး အခွင့်အရေးလေ။ သူ့လက်ရေးကို ဝန်ကြီးချန်းကတောင် ချီးကျူးထားခဲ့တာပဲ။
ကျန်းချိန်သည် သတိပေးလိုက်ပြီးနောက် ရှန်ဖုန်းမင်ကို ကျေးဇူးတင်စကားပြောရန် ကလေးမျာကို ဘေးအခန်းသို့ ခေါ်သွားလိုက်တော့သည်။
“ လူကြီးမင်းတို့နှစ်ယောက်ကို ကျွန်တော်တို့တွေ တကယ်ပဲ ဒုက္ခပေးခဲ့မိပါပြီ၊ ကလေးတွေက အလိုက်မသိကြလို့ပါ၊ သူတို့ တစ်ခုခု အမှားလုပ်ခဲ့မိရင် သူတို့ကို အပြစ်ပေးလို့ရပါတယ်၊ သည်းခံစရာမလိုပါဘူး ခင်ဗျာ” ကျန်းချိန်က စိတ်ရင်းနှင့် ပြောလိုက်၏။
ရှေးခေတ်က စည်းကမ်းတင်းကြပ်တဲ့ဆရာတွေက တုတ်တစ်ချောင်းအောက်မှာ ထူးချွန်တဲ့ ကျောင်းသားတွေနဲ့ လိမ္မာသိတတ်တဲ့သားတွေကို မွေးထုတ်ပေးခဲ့တယ်တဲ့။ ဆရာက ကျောင်းသားတစ်ယောက်ကို အပြစ်ပေးရင် မိဘတွေက စကားတစ်ခွန်းမှ မပြောကြဘူး။ တခါတလေ ဆရာတွေက မိဘတွေကိုတောင် အပြစ်ပေးကြသေးတယ်တဲ့။ ဒါကို ဘယ်သူကမှ မှားတယ်လို့ မထင်ခဲ့ကြဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ဆရာက ကျောင်းသားတွေကို အပြစ်မပေးဘူးဆိုရင် မိဘတွေက စိတ်ထဲမှာ မကျေနပ်ကြဘဲ သူတို့တွေက စာသင်တဲ့နေရာမှာ အားထုတ်မှုမရှိဘူးလို့ ထင်ကြတာတဲ့။
ယန်ရှန့်ကလည်း သူ စာသင်တုန်းကဆိုရင် ခဏခဏ အပြစ်ပေးခံရသတဲ့။ အခုတော့ ကျန်းချိန်က အဲလိုပြောတာကြားလိုက်ရတော့ သူ့အမူအရာက ထူးဆန်းနေသလိုဖြစ်သွားပါရော။
“ကျွန်တော်တို့တွေ့က ဒီမှာ အကြာကြီး နေနိုင်မှာမဟုတ်လောက်ပါဘူး” ရှန်ဖုန်းမင်က ပြောလိုက်၏။
ကျန်းချိန်သည် နားလည်ပါသော်လည်း သူ့ကို အလွန်ကျေးဇူးတင်မိလေသည်။
ရှန်ဖုန်းမင် အနားယူနေသည်ကို နှောင့်ယှက်မိမည်စိုးသဖြင့် သူက ကျေးဇူးတင်စကား နည်းနည်းပါးပါး ထပ်ပြောလိုက်ပြီးနောက် ကျန်းယွင်ကျူးနှင့် တခြားသူများကို ခေါ်သွားလိုက်တော့သည်။
သူတို့ထွက်သွားပြီးနောက် ယန်ရှန့်က လက်ဖက်ရည်သောက်ကာ ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။
“ နေ့လယ်တုန်းက မိန်းကလေးကျန်း အိပ်ပျော်နေတာလေ မင်းသူ့ကို ဘာလို့အပြစ်မပေးတာလဲ”
“ဘယ်လို အပြစ်ပေးရမှာလဲ” ရှန်ဖုန်းမင်က ပြန်မေးလိုက်၏။
“ ဒါ.....” သူက ငါ့ကို မေးစရာလိုသေးလို့လား။ ယန်ရှန့်သည် သူ့ပါးစပ်ထဲက လက်ဖက်ရည်များကို ပြန်ထွေးထုတ်မိမလို ဖြစ်သွားတော့သည်။ ဘယ်လို အပြစ်ပေးရမှာလဲ တဲ့လား။ ဒါပေါ့....။ ရုတ်တရက်ဆိုသလို တစ်ခုခုလွဲနေသလို ခံစားလိုက်ရတော့သည်။ သူက ရှန်ဖုန်းမင်ကို ကြည့်လိုက်သည်တွင် သူ့မျက်လုံးများနှင့် သွားဆုံတော့သည်။
သူ့မျက်များသည် ရေခဲကန်တစ်ခုလို အေးစက်နေလေသည်။
ယန်ရှန့်က ပခုံးတွန့်ပြလိုက်ပြီး အောင့်သက်သက်နှင့် ရယ်ပြလိုက်ကာ
“ ငါတို့ချီလင်ကိုယ်ရံတော်တွေ အရင်က အမှားလုပ်ခဲ့မိရင် မင်း သူတို့အားလုံး အပြစ်မပေးဘူးလား”
“ သူတို့တွေက သာမန်လူတွေပဲလေ” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။
“ ဟုတ်တယ်လေ၊ ဒါက ဆရာက ကျောင်းသားတွေကို အပြစ်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်ပဲ”
“ ငါက သူ့ဆရာမှ မဟုတ်တာ” သူ့ကို ရက်ပိုင်းလေးပဲ စာသင်ပေးတာပါ။
ယန်ရှန့်က လက်လျှော့လိုက်တော့သည်။ သူ ဒီကိစ္စကို ရှန်ဖုန်းမင်နဲ့ ပြိုင်မငြင်းသင့်တာပဲ။
“ ငါမှားသွားတာ၊ ဟုတ်ပြီနော်၊ ငါမှားတာ” သူက အရှုံးပေးလိုက်တော့သည်။
ကျန်းချိန်နှင့် တခြားသူများက ညစာစားရန် ပြန်သွားကြပြီးနောက်တွင် တစ်ဖန်အလုပ်များလာပြန်သည်။ ခေါက်ဆွဲလုပ်၊ အသီးအရွက်လှီးပြီး မနက်ဖြန်မနက်အတွက် အစပ်အရသာစွပ်ပြုတ်နှင့် ယိုမော့ထို လုပ်ရန်အတွက် ပြင်ဆင်လိုက်ကြသည်။
ည ၉နာရီမထိုးခင်အထိ အလုပ်များခဲ့ကြသည်။
အိပ်ပေါ်တွင် လဲလျောင်းနေရင်း ယန်ရှန့်က အပြင်ဘက်က မီးဖိုဆောင်ထဲတွင် အလုပ်များနေကြသည့် အသံများကို နားထောင်နေလေသည်။ သူက ရှန်ဖုန်းမင်ကို မှတ်ချက်ပေးရင်း ပြောလိုက်၏။
“ သူတို့အတွက် တကယ်ပင်ပန်းမှာပဲ”
သူတို့ရဲ့ချီလင်ကိုယ်ရံတော်တွေထက်တောင် အများကြီးပင်ပန်းမှာပဲ။ အထူးသဖြင့် တနေ့လုံး အလုပ်များနေတဲ့ ကျန်းယွင်ကျူးပေါ့။
ကျန်းယွင်ကျူး နေ့လယ်ခင်းက အိပ်ပျော်သွားသည့်အကြောင်းကို ရုတ်တရက် နားလည်သွားပြီး ထိုကိစ္စအတွက် နောင်တရသွားတော့သည်။ သူသည် သူမ အိပ်ပျော်နေသည့်ကိစ္စကို ဆွဲမထုတ်ခဲ့သင့်ဘဲ ထိုအကြောင်းနှင့် ပတ်သက်ပြီး ရှန်ဖုန်းမင်ကို ရယ်စရာလုပ်ခဲ့မိသည့်အဖြစ်ကို နောင်တရသွားတော့သည်။
“အင်း”
ရှန်ဖုန်းမင်က ဘာမှထူးခြားသလို ဘာခံစားချက် အတက်အကျမှ မရှိဘဲ ပြန်ဖြေလိုက်လေသည်။
ယန်ရှန့်မှာ သက်ပြင်းချမိတော့သည်။ သူနဲ့စကားပြောရတာက ကျောက်တုံးတစ်တုံးနဲ့ စကားပြောရတာထက်တော့ သာပါတယ်လေ။
ပင်ပန်းသလားတဲ့။ တစ်ယောက်ယောက်ကသာ ကျန်းယွင်ကျူးကို သည်မေးခွန်း မေးလာခဲ့လျှင် သူမကတော့ ‘အင်း’ဟုသာ ဖြေလိမ့်မည်။ သို့သော် သူတို့သည် သည်ကာလကို ကျော်လွှားနိုင်ပြီး ထမင်းဘူးလုပ်ငန်း စနိုင်မည့်အချိန်ကို စောင့်နိုင်ခဲ့လျှင် သူတို့သည် မနက်စာ လုပ်ခြင်းကို ရပ်လိုက်တော့မည်။ ဒါက အများကြီးပိုကောင်းပေသည်။
သို့ဆိုလျှင် အနာဂတ်သည်လည်း တောက်ပနေလိမ့်မည်။ ကျန်းယွင်ကျူးသည် သည်အလုပ်ကို ပင်ပမ်းသည်ဟု ထပ်မမြင်မိတော့ချေ။
နောက်တစ်နေ့မနက်တွင် သူတို့သည် ခါတိုင်းလို ဆိုင်ဖွင့်လိုက်ကြသည်။ သည်နေ့ သူတို့သည် အသားပန်ကိတ် လုပ်ခဲ့ကြသည်။ အသားပန်ကိတ် စားချင်သူများသည် သည်နေ့တော့ အသားပန်ကိတ် စားနိုင်တော့မည်ကို တွေ့လိုက်ရပြီး တစ်ခုလောက် မြန်မြန်ဝယ်လိုက်ကြသည်။ မနက်ဖြန် မလုပ်တော့မှာ စိုးရိမ်နေကြသူများလည်း ရှိလေသည်။ အစောပိုင်းက မဝယ်ချင်သူများနှင့် တစ်ခုသာ ဝယ်ထားသူများသည် တစ်ခု နှစ်ခု လောက်ထပ်ဝယ်ရန် ချက်ချင်းဆုံးဖြတ်လိုက်ကြတော့သည်။
ထို့ကြောင့် သည်နေ့၏အသားပန်ကိတ်မှာ ရောင်းကောင်းခဲ့သည်။
“ယွင်ကျူး သမီးဘယ်လိုလုပ်ပြီး ဒီစိတ်ကူးရလာတာလဲ”
အမျိုးသမီးချန်က လေးစားနေတော့သည်။ နှစ်ရက်တစ်ကြိမ် အသားပန်ကိတ်ရောင်းသည့် စိတ်ကူးက အမှန်ပင် အံ့ဩစရာကောင်းလေသည်။ အသားပန်းကိတ်တစ်ခုသည် ၆ဝမ်ပေးရသည်။ တစ်ခုရောင်းရလျှင် ဟူလထန်းနှစ်ပွဲစာနှင့် ညီသည်။ သည့်နေ့ ပိုက်ဆံအိုးထဲ ငွေသိမ်းရသည့် ပိုများလာသည်ဟု ခံစားရလေသည်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ ဒါတွေအားလုံးက ငွေနည်းနည်းလေးပါလေ။
ခဏကြာပြီးနောက် ဧည်သည်ကြီးတစ်ယောက်က ရောက်လာ၏။
စစ်သူကြီးကျောက်နောက်လိုက် မျက်နှာရှည်စစ်သားဖြစ်လေသည်။ သူသည် လက်ထဲက ထမင်းဘူးနှင့် ခပ်သွက်သွက်လျှောက်လာပြီး ကျန်းယွင်ကျူးကို ထမင်းဘူးလှမ်းပေးကာ မေးလိုက်သည်။
“ သူဌေး ဒီနေ့ ဆန်ပြုတ်နဲ့ အသားပန်ကိတ် လုပ်တာလား”
“ အသားပန်ကိတ်ပါပဲ” ကျန်းယွင်ကျူးက ထမင်းဘူးကို ယူကာ ပြန်ဖြေလိုက်၏။
“ကျွန်တော် အသားပန်ကိတ် အခု၃၀နဲ့ စွပ်ပြုတ် ၈ပွဲလိုချင်တယ်၊ ကျွန်တော့်အတွက် ကျေးဇူးပြုပြီး ထုပ်ပေးပါ၊ ကျွန်တော် သူတို့အတွက် တောင်ပေါ်ကို ယူသွားပေးရမှာ” မျက်နှာရှည်စစ်သားက ပြောလိုက်သည်။
ဒီလောက်တောင် အများကြီးလား။ ကျန်းယွင်ကျူးသည် သည်နေ့ အသားပန်ကိတ် ပိုလုပ်လာခဲ့သေးသည်။ ဒါတောင် မလောက်သေးဘူးတဲ့။
“ ဘယ်လောက် ရှိလဲ၊ ကျွန်တော် အကုန်ယူမယ်”
ကျန်းယွင်ကျူးက ရေတွက်လိုက်ပြီး
“ ၁၉ခုပဲ ရတော့မယ်”
သုံးတစ်ပုံတစ်ပုံပဲ။ မျက်နှာရှည်နှင့်စစ်သားက သက်ပြင်းချလိုက်၏။ သူ အစောကြီး ရောက်လာတာလေ။ ထင်မထားဘဲ နောက်ကျနေသေးတယ်တဲ့။
“ ကောင်းပြီလေ အားလုံး ကျွန်တော့်ကိုပေးလိုက်ပါ၊ ကျန်တာကိုတော့ ယိုမော့ထို အခု၄၀ထပ်ပေးလိုက်”
မျက်နှာရှည်နှင့် စစ်သားက ခဏလောက်စဥ်းစားလိုက်လေသည်။
ဒါက လူ ၇-၈ယောက်စာအတွက် တနပ်စာပဲလေ။ ကြည့်ရတာ စားသုံးသူအသစ် တိုးလာတာဖြစ်မယ်။ ကျန်းယွင်ကျူးသည် စိတ်ထဲက နားလည်လိုက်လေသည်။ သူမက အမျိုးသမီးချန်ကို စွပ်ပြုတ် ထည့်ခိုင်းလိုက်ပြီး သူမကတော့ အသားပန်ကိတ်နှင့် ယိုမော့ထို ကို ပြင်ဆင်ပေးလိုက်သည်။
“ ဒါနဲ့ ကျွန်တော် မင်းဆီမှာ နေ့လယ်စာအတွက် မှာချင်တယ်၊ အသားပန်းကိတ်ကို အရင်ဆုံးလုပ်ပေးပါ၊ ပြီးမှ ကျွန်တော်ပြောမယ်” မျက်နှာရှည်နှင့်စစ်သားက ဆက်ပြောလိုက်၏။
ကျန်းယွင်ကျူး၏စိတ်မှာ အနည်းငယ် လှုပ်ရှားသွားတော့သည်။ သူမက သည်အတိုင်း မေးကြည့်လိုက်လေသည်။
“ ဘာကိစ္စရှိလို့လဲ ၊ ရှင့်ကြည့်ရတာ အလျင်လိုနေသလိုပဲ”
မျက်နှာရှည်နှင့် စစ်သားက ညည်းညူလိုက်ချင်လေသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘယ်သူ့ကို မတွေ့လိုက်တော့မှ လေသံကို နိမ့်ကာ ကျန်းယွင်ကျူးကို ပြောပြလိုက်၏။
“ ဘာမှတော့ မဟုတ်ပါဘူး၊ စစ်သူကြီးဝမ်ပေါ့၊ သူ ဘာတွေဖြစ်နေမှန်းကို မသိဘူး၊ တောင်တစ်ခုလုံးကို လူတွေ အတင်းရှာခိုင်းပြီး သံသယရှိတဲ့လူတွေကို ဖမ်းနေတယ်လေ။ ဒါနဲ့ အားလုံး အလုပ်များနေကြတာ”
သည်အခြေအနေအထိရောက်လာသဖြင့် သူက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။
“ ဘာသံသယဖြစ်စရာလူမှ မရှိဘူး၊ ဒီမှာ ကျွန်တော်တို့လူတွေ အများကြီးစောင့်ကြပ်နေတာ ဘယ်သူက ပြဿနာရှာရဲမှာလဲ၊ အသက်မရှင်ချင်ကြတော့လို့လား”
ကျန်းယွင်ကျူးသည် ထိုစကားကို ကြားလိုက်သည်တွင် သားလှီးနေသည့်လက်က တုံ့ဆိုင်းသွားတော့သည်။ သံသယဖြစ်စရာလူက အိမ်က အဲဒီနှစ်ယောက်ပဲ ဖြစ်ရမယ်။
သူမက ဘာမှ ထပ်မမေးတော့ဘဲ အသားပန်ကိတ်အားလုံးကို လက်စသတ်လိုက်တော့သည်။
ဘေးတွင် အမျိုးသမီးချန်ကလည်း စွပ်ပြုတ် ခူးပြီးသွားပြီ။
စွပ်ပြုတ်ကို ထမင်းဘူးထဲ ထည့်ပေးလိုက်၏။ အသားပန်ကိတ်များကိုတော့ ချက်ပြုတ်ပြီးနောက် ခြင်းတောင်းနှင့် ပြန်ထည့်ပေးလိုက်လေသည်။ ပိတ်စလေးတစ်ခုနှင့် ဖုံးထားလိုက်ပြီး မျက်နှာရှည်စစ်သားကို လှမ်းပေးလိုက်တော့သည်။
“ရှင် သယ်ဖို့ အဆင်မပြေလောက်ဘူး၊ ကျန်းလင်ရေ သား လိုက်သွားပေးလိုက်ပါအုံး” အမျိုးသမီးချန်က အပြုံးလေးတစ်ခုဖြင့် ကျန်းလင်ကို လှမ်းခေါ်လိုက်လေသည်။
“ဟုတ်ကဲ့” ကျန်းလင်က ပြန်ထူးလိုက်ကာ အသားပန်ကိတ်ခြင်းကို ယူလိုက်လေသည်။
သူတို့သည် အလွန်မှ သဘောကောင်းသဖြင့် မျက်နှာရှည်စစ်သားက သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး
“ အလုပ်သွားဖို့ အလျင်မလိုသေးပါဘူး၊ ကျွန်တော် မင်းကို နေ့လယ်စာအတွက် မပြောရသေးဘူးလေ၊ ဪ ဟုတ်သား၊ အသားပန်ကိတ်နဲ့ စွပ်ပြုတ်ကဘယ်လောက်လဲ”
“အသားပန်ကိတ် ၁၉ခုက ၁၀၄ ဝမ်ပါ၊ စွပ်ပြုတ် ၈ပွဲနဲ့ ယိုမော့ထို အခု၄၀ က ၂၄ ဝမ်၊ စုစုပေါင်း ၁၃၈ဝမ်ပါ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်လေသည်။
မျက်နှာရှည်စစ်သားက ငွေချေလိုက်၏။ ထို့နောက် သူက မှတ်စုစာရွက်လေးတစ်ခုနှင့် ငွေတစ်တုံးကို ထုတ်ကာ ကျန်းယွင်ကျူးကို လှမ်းပေးလိုက်လေသည်။
“ ဒီထဲမှာ ဟင်းတချို့နဲ့ မနေ့က အသားပြုတ်တစ်ပွဲစာလည်း ပါတယ်၊ ကျန်တာကိုတော့ မင်း သဘောပဲလုပ်ပါ၊ လူရှစ်ယောက်စာ လောက်ရင် ရပြီ။
ဒီငွေအရင်ယူထားလိုက်၊ ထမင်းဘူးလာပို့တဲ့အခါကျရင် ပိုရင် ပြန်အမ်းပြီး လိုရင် ထပ်တောင်းလိုက်ပါ”
မနေ့က ဒုစစ်သူကြီးကျောက်တို့ သုံးယောက်ရဲ့ဟင်းတွေကို စစ်သားငါးယောက် စားလိုက်တာကိုး။ အရသာရှိလို့ ထင်ပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘယ်သူမှ ဝဝလင်လင်ဖြစ်မှာ မဟုတ်ဘူး။ ဟင်းသုံးပွဲကို လူ ၈ယောက် စားခဲ့တာဆိုတော့။ လူငါးယောက်သည် အလွန်အားနာသွားပြီး သည်နေ့ အစားအသောက်အတွက် သူတို့ပေးကာ ဒုစစ်သူကြီးကျောက်တို့သုံးယောက်ကို ဒကာခံမည်ဟု ပြောခဲ့လေသည်။
သူတို့သည် ကျန်းယွင်ကျူးကို မသိကြပေ။ ထို့ကြောင့် သူတို့က မျက်နှာရှည်စစ်သားကို အကူအညီ တောင်းပြီး အပြန်လမ်းတွင် မနက်စာယူလာခိုင်းရလေသည်။
ကျန်းယွင်ကျူးက ငွေတုံးကို ချိန်ကြည့်လိုက်၏။ လျန်တစ်ဝက်ကျော်သည်။ ထို့နောက် သူမက မှတ်စုကို ကြည့်လိုက်၏။ ဟင်းပွဲငါးခုပါသည်။ ဝက်ဒူးဆစ်သား၊ အချဥ်ရည်နှင့် ဝက်ဆာတေးအသားလုံး၊ ဝက်ကင်သား၊ ဝက်ချိုချဥ် ၊ ဝက်ကျောက်ကပ်ဆာတေး အပြင် အသားပြုတ်တစ်ပွဲပါလေသည်။ ဟုတ်ပြီလေ။ အသားတွေ ချည်းပဲ။
လူရှစ်ယောက်အတွက် လုံလောက်တဲ့ဟင်းပွဲပဲ။ ငွေကလည်း သေချာပေါက်လောက်တယ်။ ကျန်းယွင်ကျူးသည် ထိုမှတ်စုကို ကြည့်လိုက်ပြီးနောက် ဘာလုပ်ရမည်ကို အဖြေရှာတွေ့ပြီး ဖြစ်တော့သည်။
မျက်နှာရှည်နှင့် စစ်သားကို နှုတ်ဆက်လိုက်ပြီးနောက် ကျန်းယွင်ကျူးက စွပ်ပြုတ်ကို ဆက်ရောင်းလိုက်လေသည်။ နောက်ပိုင်းတွင် အသားပန်ကိတ် ဝယ်ချင်သူ တချို့ရှိသော်လည်း ရောင်းကုန်သွားပြီဟု သိလိုရသဖြင့် အလွန်နှမြောသွားကြတော့သည်။
မျက်နှာရှည်စစ်သား၏ ကြီးမားသည့်အဝယ်တော်ကြောင့် သည်နေ့အတွက် ကျန်းယွင်ကျူး၏ အစားအသောက်များသည် မနက် ၇နာရီမထိုးခင်မှာပင် ရောင်းကုန်သွားတော့သည်။
သူတို့သည် ပစ္စည်းများကို ထုပ်ပိုးလိုက်ကြပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ကြလေသည်။
သည်အချိန်တွင် လူတစ်ယောက်သည် မြည်းလှည်းတစ်စီးနှင့် ရောက်လာ၏။ ရွှီချင်ရှန့်ပင် ဖြစ်လေသည်။
“ ဒီနေ့ ဆိုင်က အစောကြီး ပိတ်တာလား” သူက အံ့ဩသွားပြီး မြန်မြန်ရောက်လာကာ ပစ္စည်းများကို သိမ်းဆည်ကူလိုက်လေသည်။
“ ဒီနေ့ အများကြီးဝယ်သွားတဲ့ ဧည့်သည်ကြီးတစ်ယောက် ရလိုက်တယ်လေ” အမျိုးသမီးချန်က ဝမ်းသာအားရ ပြန်ဖြေလိုက်၏။ ထို့နောက် သူမက အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး
“ မင်း မနက်စာ မစားရသေးဘူးနော်၊ အိုဟယ် အဒေါ် မင်းအတွက် တစ်ပွဲလောက် ချန်ထားလိုက်ရမှာ”
“မလိုပါဘူး အဒေါ်ရယ်၊ ရောင်းလို့ရရင် ရောင်းလိုက်ပါ၊ ကျွန်တော်လည်း အိမ်ပြန်ရောက်ရင် တစ်ခုခု စားလိုက်လို့ရပါတယ်” ရွှီချင်ရှန့်က မြန်မြန်ပြောလိုက်သည်။
အားလုံးက အတူတူ သန့်ရှင်းရေးလုပ်လိုက်ကြပြီး မကြာခင်မှာပင် သိမ်းဆည်းပြီးသွားကြတော့သည်။ ရွှီချင်ရှန်းက ပစ္စည်းများကို သူ့မြည်းလှည်းပေါ်သို့ ပြောင်းတင်လိုက်လေသည်။
“ တကယ် မဖြစ်ပါဘူးဟယ်” အမျိုးသမီးချန်က တားရင်း ပြောလိုက်သည်။
“အဒေါ် ကျွန်တော် အိမ်ပြန်မှာလေ၊ လမ်းကြုံတာပဲ”
အမျိုးသမီးချန်က လွတ်ပေးလိုက်ပြီး ဘေးတွင် အလုပ်များနေသည့် ကျန်းယွင်ကျူးကို ကြည့်လိုက်၏။ သူမ သဘောပေါက်လိုက်ပါပြီလေ။
ကျန်းယွင်ကျူးက မမြင်လိုက်သော်လည်း အမျိုးသမီးချန်နှင့် ရွှီချင်ရှန့်တို့ စကားပြောနေသည်ကို ကြားလိုက်ရသည်။ သူမက မသိမသာ မျက်မှောင်ကျုံ့လိုက်၏။ သူမ ရွှီချင်ရှန့်ကို အရမ်းကို ဒုက္ခမပေးချင်ပါဘူး။
အားလုံးက မြည်းလှည်းတစ်စီးနှင့် ပြန်လာခဲ့ကြပြီး အချိန်တိုအတွင်းတွင် ချန်ရှီရွာသို့ ရောက်လာကြတော့သည်။
“အဒေါ် ဒီနေ့ မြို့တက်အုံးမှာလား၊ ကျွန်တော်ခဏနေ အဖေ့အတွက် ဖက်ဆေးလိပ်ရွက် သွားဝယ်ဖို့ မြို့တက်မလို့”
ကျန်းအိမ်တံခါးတွင် ရွှီချင်ရှန့်က အမျိုးသမီးချန်ကို ပစ္စည်းကူချပေးရင်း မေးလိုက်လေသည်။ သူ့သဘောမှာ အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့က မြို့တက်မည်ဆိုလျှင် သူ့မြည်းလှည်းနှင့် လိုက်လို့ရသည့်သဘောပင်။
ကျန်းယွင်ကျူးက မြို့တက်ရမှာလေ။ အမျိုးသမီးချန်သည် သွားများ ပေါ်အောင် ပြုံးလိုက်တော့သည်။
သည်တစ်ကြိမ်တွင် ကျန်းယွင်ကျူးက ဘာမူမမှန်ဖြစ်နေသည်ကို သတိမထားမိခဲ့လျှင် ထူးဆန်းရာ ကျပေလိမ့်မည်။ ရွှီချင်ရှန့်က မနေ့က မြို့တက်ပြီးပြီလေ။ ဒီနေ့ရောလား။ သူ သူမကို တမင် ပို့ပေးတာပဲ ဖြစ်ရမယ်။
သူမသည် ရွှီချင်ရှန့်၏ရည်ရွယ်ချက်များကို တစ်နည်းနည်းဖြင့် အာရုံခံမိသော်လည်း ဘယ်တော့မှ ထုတ်မပြောခဲ့ချေ။ သူမဘက်က တစ်ဖက်သတ် ထုတ်မပြောနိုင်ပေ။
အခွင့်အရေးတစ်ခုရှာပြီး သူ့ကို သေသေချာချာ ရှင်းပြလိုက်တာ ပိုကောင်းမယ်။ သူမ ချက်ချင်း ငြင်းရမယ်။
ဒါပေမဲ့ ဘယ်လိုငြင်းရမလဲ။ သူမ တကယ်ပဲ မြို့တက်ဖို့လိုတယ်လေ။
ထိုအခိုက်တွင် အမျိုးသားအသံတစ်ခုက ထွက်လာတော့သည်။
“ မိန်းကလေးကျန်း မြို့တက်မလို့လား၊ ကျွန်တော်တို့ ခေါ်သွားပေးမယ်လေ”
မော့အကြည့်တွင် မြင်းနှစ်ကောင်ပေါ်က ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် ခြံရှေ့တွင် အေးအေးလူလူ လျှောက်လာသည်ကို တွေ့လိုက်ရလေတော့သည်။
...
အပိုင်း (၂၄)
ရှန်ဖုန်းမင်သည် အရပ်မြင့်မြင့် မားမားမတ်မတ် ပုံရိပ်တစ်ခုနှင့် ခံ့ညားသည့်မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ သူ့ပတ်ဝန်းကျင်တွင် ဖိနှိပ်ထားသည့် အရောင်အဝါတစ်ခု မသိမသာ ရှိနေသယောင် လူများက သူ့ကို အနီးကပ်မကြည့်ရဲအောင် ဖြစ်နေစေသည်။
ယန်ရှန့်သည်လည်း သူ့ထက် မနိမ့်ချေ။ သူ့မျက်လုံးများက မက်မွန်ပွင့်များလုံးထက် မသိမသာပိုရှည်လေသည်။ သူတို့သည် မျက်နှာသေနှင့် ရှိနေချိန်မှာပင် ဆွဲဆောင်မှုရှိနေလေသည်။
ရွှီချင်ရှန့်သည် သူတို့ကပ်ဘေးရှောင်လာသည့် လမ်းပေါ်က ဆိုင်လေးထဲတွင် တွေ့ခဲ့ရသည့် လူနှစ်ယောက်ကို မှတ်မိသွားပြီး အလွန်အံ့ဩသွားတော့သည်။ သူတို့တွေ ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။
သူတို့က ကျန်းယွင်ကျူးကို မြို့ထဲခေါ်သွားပေးမလို့တဲ့လား။ သူတို့နဲ့ ကျန်းယွင်ကျူးက....
“ ဒီနှစ်ယောက်က ဆန်းရောင်းဝယ်တဲ့ ကုန်သည်တွေလေ၊ ပြီးတော့ အိမ်မှာ ငှားနေကြတာ”
အမျိုးသမီးချန်က မြန်မြန်ရှင်းပြလိုက်၏။
အဲလိုဖြစ်နေတာကိုး။ ရွှီချင်ရှန့်သည် မနေ့က အမျိုးသမီးချန်က ကုယုံသယ်ဆီကို လာပြီး သူမ၏အိမ်တွင် ဆန်ကုန်သည်များရှိကြောင်း ပြောခဲ့သည်ကို သိထားလေသည်။ သူ ထင်မထားသည်က ထိုဆန်ကုန်သည်များမှာ သည်လူနှစ်ယောက်ဖြစ်နေသည်ကိုပင်။
ယန်ရှန့်က သူ့မြင်းပေါ်က ဆင်းလိုက်ပြီး ကျန်းယွင်ကျူးကို ကြည့်လိုက်၏။
“မိန်းကလေးကျန်း မြို့တက်မလို့လား”
ကျန်းယွင်ကျူးသည် မသွားပါဘူးဟု ပြောလိုက်ချင်လေသည်။ သူမ မသွားဘူးဆိုရင် ဟုတ်ပါပြီ။ ဒါပေမဲ့ သူမ မသွားရင် အလုပ်ကိစ္စကရော။ လူတစ်ယောက်က အလုပ်သစ်စလုပ်ရင် သိက္ခာကျရမှာ အကြောက်ဆုံးပဲလေ။
သူမက ‘အင်း’ ဟုဆိုကာ ခေါင်းညိတ်ပြလိုက်ရတော့သည်။
“ ကျွန်တော်တို့လည်း မြို့ထဲသွားမလို့ ၊ ကျွန်တော်တို့ မင်းကိုခေါ်သွားပေးမယ်လေ”
“လူကြီးမင်းရယ် ဒါက မသင့်တော်မှာ စိုးမိပါတယ်၊ ရှင်တို့မှာ မြင်းနှစ်ကောင်ပဲ ရှိတာလေ....”
အမျိုးသမီးချန်က သူမ၏စကားကို အဆုံးထိဆက်မပြောလိုက်သော်လည်း အားလုံးက အဓိပ္ပာယ်ကို နားလည်လိုက်လေသည်။ ကျန်းယွင်ကျူးက မိန်းကလေးလေ။ ယောက်ျားနှစ်ယောက်နဲ့ မြင်းနှစ်ကောင်ပဲရှိတာ။ သူတို့တွေ သူမကို ဘယ်လိုခေါ်သွားမှာလဲ။
အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ အတူတူစီးရမှာလား။ ကျန်းယွင်ကျူးမှာ အနည်းငယ်နားမလည်နိုင်ဖြစ်သွားတော့သည်။ လူတွေမြင်ရင် သူမကို ဘယ်လိုထင်ကြလိမ့်မလဲ။
အမျိုးသားနှစ်ယောက်က တစ်ကောင်စီးပြီး ကျန်းယွင်ကျူးက နောက်တစ်ကောင်ကို စီးမယ်ဆိုရင်ကော။
ဘယ်လိုပဲ ကြည့်ကြည့်ပါ မဟုတ်သေးပါဘူး။
ယန်ရှန့်မှာ တံတွေးသီးသွားတော့သည်။ သူက ဒီကိစ္စကို တကယ်မစဥ်းစားခဲ့မိတာပဲ။ ရွှီချင်ရှန့်က ကျန်းယွင်ကျူးကို ထပ်ခေါ်သွားတော့မှာ တွေ့လိုက်တာနဲ့ လွှတ်ခနဲ ပြောလိုက်မိတာ။
အခုမှ သူက ရှန်ဖုန်းမင်းကို ကြည့်လိုက်၏။ သူနဲ့ မြင်းတစ်ကောင်ထဲ အတူတူစီးရင်ကော။
ရှန်ဖုန်းမင်က သူ့ကို ဘာမှမပြောဘဲ ကြည့်နေလေသည်။
ယန်ရှန့်မှာ ဇက်ပုသွားတော့သည်။ ဒီကိစ္စလေးက သူ့ကို ဒုက္ခမရောက်စေနိုင်ပါဘူး။ သူက အမျိုးသမီးချန်ကို ပြန်ပြောလိုက်၏။
“ကျွန်တော်တို့ထဲက တစ်ယောက်ပဲ သွားရင်ရပါပြီ၊ ဒီလိုဆိုရင်ကော၊ မိန်းကလေးကျန်းက ကျွန်တော့်မြင်းကို စီးသွားလိုက်၊ ကျွန်တော်က အိမ်မှာ အနားယူလို့ရတာပေါ့”
“ဒါပေမဲ့ ယွင်ကျူးက မြင်းမစီးတတ်ဘူးလေ”
အမျိုးသမီးချန်မှာ စိတ်ပူသွားတော့သည်။ သူမက ရှန်ဖုန်းမင်ကိုလည်း ကောင်းကောင်းမသိဘူးလေ။ ဘယ်လိုလုပ်ပြီး ကျန်းယွင်ကျူးလို မိန်းကလေးတစ်ယောက်ထဲကို သူနဲ့ လွှတ်လိုက်နိုင်မှာလဲ။
“ ယွင်ကျူးကို မြည်းလှည်းပဲ စီးခိုင်းလိုက်ပါ၊ ဒါမှ အန္တရာယ်ကင်းမှာ၊ လူကြီးမင်းတို့ကို ဒုက္ခပေးဖို့ မလိုတော့ပါဘူး”
“ ဟုတ်တယ်၊ ကျွန်တော့်မြည်းလှည်းမှာ ထိုင်ပြီးလိုက်လို့ရပါတယ်” ရွှီချင်ရှန့်က ဝင်ပြောလိုက်၏။
“ ဒုက္ခမဖြစ်ပါဘူး၊ မြည်းလှည်းက နှေးတယ်လေ၊ ကျွန်တော့်မြင်းက တနေ့ကို ကီလိုမီတာ ၄၀၀ လောက် ခရီးသွားနိုင်တယ်၊ အချိန်တိုအတွင်း မြို့ထဲ ရောက်သွားလိမ့်မယ်၊ မိန်းကလေးကျန်း မြင်းမစီးတတ်လည်း အရေးမကြီးပါဘူး၊ ကျွန်တော့်မြင်းက ဉာဏ်ကောင်းပြီး ယဥ်ပါးပါတယ်၊ ဘယ်သူ့ကိုမှ လုံးဝအန္တရာယ်မပြုဘူး။
ကျွန်တော့်ကို မယုံရင် ဒီမှာကြည့်လိုက်”
ယန်ရှန့်က ကြေညာလိုက်လေသည်။ သူက ကိုယ်ကိုလှည့်လိုက်ပြီး သူ့မြင်းနက်လေးကို လေချွန်လိုက်ကာ အော်ပြောလိုက်လေသည်။
“ယွဲ့ရင်း”
မြင်းနက်လေးက သူ့ကိုခေါ်နေမှန်း သိဟန်တူသည်။ ခုန်ဆွခုန်ဆွ လျှောက်လာပြီး သူ့ခေါင်းကို ယန်ရှန့်၏ လက်နား လာပွတ်သပ်လိုက်သည်။
မြင်းလိမ္မာလေးပဲ။ အားလုံးက စိတ်ထဲမှ အထင်ကြီးကာ မှတ်ချက်ပေးလိုက်၏။
မိနစ်များစွာ ကြာပြီးနောက်တွင် ကျန်းယွင်ကျူးသည် မြင်းပေါ်တွင် ထိုင်နေ၏။ သူမသည် ထိုအဖြစ်ကို လက်တွေ့မကျသလို အူကြောင်ကြောင်နိုင်သည်ဟု ထင်မိနေဆဲပင်။
ယန်ရှန့်က သူမကို သူ့မြင်းကို စီးဖို့ တိုက်တွန်းနေသည်။ အမျိုးသမီးချန်က စိတ်ပူနေ၏။ ရွှီချင်ရှန့်ကလည်း မြို့တက် ရမည်။
နောက်ဆုံးတွင်တော့ သူမသည် ယန်ရှန့်၏မြင်းကို စီးလာပြီး ရွှီချင်ရှန့်က နောက်တွင် မြည်းလှည်းမောင်းရင်း လိုက်လာကာ ယန်ရှန့်က မြည်းလှည်းပေါ်တွင် ထိုင်နေသည်တဲ့လား။
ကျန်းယွင်ကျူးက နောက်လှည့်လိုက်ရာ ယန်ရှန့်သည် ဘရိုကိတ်သား ဝတ်ရုံတစ်ခုနှင့် ခြေချိတ်ထိုင်ရင်း မြည်းလှည်း စီးလာလေသည်။ ဘယ်လိုပင် ကြည့်ကြည့် လိုက်ဖက်မနေချေ။
ကျန်းယွင်ကျူးက သူ့ကို ကြည့်နေသည်ကို အာရုံခံမိသဖြင့် ယန်ရှန့်က ပြုံးပြလိုက်ပြီး သူ၏ ဖြူဖွေးနေသည့် သွားများကို ထုတ်ပြလိုက်လေသည်။
ကျန်းယွင်ကျူးက နှုတ်ဆိတ်ရင်း အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဘေးကို ကြည့်လိုက်၏။
ဘေးတွင် ကျန်းယွိနန် ပါလာ၏။ ယန်ရှန့်က မြင်းသည် ယဥ်ပါးသော်လည်း လန့်ပြီး အန္တရာယ် ဖြစ်တတ်သည်ဟု ရှင်းပြထားသည်။ ထို့ကြောင့် သူက မြင်းဇက်ကြိုးကို ရှန်ဖုန်းမင်၏လက်ထဲ ထိုးထည့်လိုက်ပြီး သူ့ကို ထိန်းပေးရန် ပြောလိုက်လေသည်။ သည်လိုမှ အန္တရာယ်ကင်းလိမ့်မည်။
ရှန်ဖုန်းမင်က သူမအတွက်မြင်းကို ထိန်းပေးထားသဖြင့် နှစ်ယောက်သားက ဘေးချင်းယှဥ် သွားနေလေသည်။ မြင်းဇက်ကြိုးက ရှည်ရုံလောက်သာရှိသဖြင့် ကျန်းယွင်ကျူးသည် သူနှင့် အလွန်နီးနီးကပ်ကပ် ရှိနေတော့သည်။ အလွန်နီးကပ်လွန်းသဖြင့် တခါတရံ သူတို့ဆံပင်များသည် လေထဲတွင် ရောယှက်သွားတော့သည်။
“ ကျွန်မ ကိုယ့်ဟာကိုယ် လုပ်ကြည့်မယ်လေ၊ ဒီမြင်းက တကယ် ယဥ်ပါတယ်”
ကျန်းယွင်ကျူးသည် သူနှင့် မတော်တဆတိုက်မိမည် စိုးသဖြင့် ဘေးသို့ ရွှေ့လိုက်၏။
ရှန်ဖုန်းမင်က သူမကို ကြည့်လိုက်သည်။ သူမ၏အရပ်ကြောင့် သူမသည် ရေလှိုင်းဟန်မျက်ခုံး၊ နီစွေးစွေးနှုတ်ခမ်းများနှင့် သူ့ကို မော့ကြည့်ရလေသည်။
“ ကျွန်တော် လုပ်လိုက်ပါ့မယ်” သူသည် ကိုယ်တိုင်ပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။
သူတို့သည် မြို့ထဲရောက်သည်နှင့် ကျန်းယွင်ကျူးက သည်နေ့အတွက် ဝယ်စရာအများအပြား ရှိနေသည်။ ယန်ရှန့်နှင့် ရှန်ဖုန်းမင်က နောက်မှလိုက်လာ၏။ သူမသည် စာမတတ်ချင်ဟန်ဆောင်ပြီး မှတ်စုထဲက ဟင်းပွဲနာမည်များကို သူတို့ ကူဖတ်ခိုင်းလိုက်ရသည်။ ထို့နောက် သူမက စျေးထဲသို့ တန်းဝင်သွားတော့သည်။
ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီးနောက်တွင် ရွှီချင်ရှန့်၊ ယန်ရှန့်နှင့် ရှန်ဖုန်းမင်ကပင် နောက်မှ လိုက်လာသည်ကို ရုတ်တရက် သတိထားမိသွားတော့သည်။
သူတို့တွေ အလုပ်သွား မလုပ်ကြတော့ဘူးလား။ သူမက သူတို့ကို လှည့်ကြည့်လိုက်၏။
“ ငါက ဆေးလိပ်ကြီးရွက် နည်းနည်းပါးပါး ဝယ်ဖို့ပဲလိုတာ၊ အပြန်ကျမှာ ဆေးရွက်ကြီးရောင်းတဲ့ဆိုင်ကို ဖြတ်ရင် ဝယ်လိုက်မယ်” ရွှီချင်ရှန့်က ပြောလိုက်၏။
“ ကျွန်တော်တို့လည်း လုပ်စရာသိပ်မရှိပါဘူး” ယန်ရှန့်က ပြုံးကာ ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက ရပ်လိုက်ပြီး ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။
“အစ်ကိုရွှီ ရှင် ဒီနားလာလို့ရလား” သူမက ရွှီချင်ရှန့်ဘက်သို့ ကြည့်လိုက်၏။
ရွှီချင်ရှန့်က တစ်လှမ်း နှစ်လှမ်းလောက် လျှောက်ကာ သူမနားသို့ သွားလိုက်လေသည်။
ကျန်းယွင်ကျူးက ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်လိုက်ပြီး လူမရှိသည့် ထောင့်တစ်ခုကို တွေ့လိုက်ရ၏။ စိတ်ထဲတွင် အချိန်ခဏလောက် စကားစီလိုက်ပြီးနောက် သူမက သူ့ကို ပြောလိုက်တော့သည်။
“အစ်ကိုရွှီ ကျွန်မကို စောင့်စရာမလိုပါဘူး၊ ရှင့်ဟာရှင် အရင်ပြန်လို့ရပါတယ်၊ ပြီးတော့ မနက်ဖြန်မနက် ရှင် ဟူလထန်းသောက်ချင်ရင် ကျွန်မတို့ဆိုင်ကို လာခဲ့လေ၊ ကျွန်မ ရှင့်အတွက် တစ်ပွဲချန်ထားပေးမယ်။ ကျွန်မတို့ကို ပစ္စည်းတွေ ကူသယ်ပေးဖို့တော့ မလိုပါဘူး၊ ကျွန်မ ရှင့်ကို ဒုက္ခအများကြီးမပေးချင်ဘူး”
“မဟုတ်ပါဘူး...”
ရွှီချင်ရှန့်က ဒုက္ခမများပါဘူး၊ သူက သူမကို ကူညီချင်တာပါဟု ပြောချင်လိုက်လေသည်။ သို့သော် ရုတ်တရက်ဆိုသလို သူသည် တစ်ခုခုကို သဘောပေါက်သွားတော့သည်။
သူက သူမကို ငေးကြောင်ကြောင်ဖြင့် ကြည့်နေမိသည်။ သူမ ပြောချင်တာ အဲဒီသဘောလား။
“ ကျွန်မက အခု ငွေရှာဖို့ပဲ အာရုံစိုက်ချင်တယ်၊ တခြားဘာကိုမှ မလုပ်ချင်သေးဘူး” ကျန်းယွင်ကျူးသည် သူမ၏စကားက လုံလောက်အောင် ရှင်းလင်းသည်ဟု ခံစားမိလိုက်သည်။
ရွှီချင်ရှန့်မှာ တုတ်တစ်ချောင်းနှင့် ခေါင်းရိုက်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ သူ့စိတ်တို့သည် ဗလာအတိ ဖြစ်သွားတော့သည်။ ခဏကြာပြီးမှ သူက ခပ်နွမ်းနွမ်း ပြုံးပြလိုက်၏။ ကျန်းယွင်ကျူးက လှပပြီး ဉာဏ်ကောင်းတယ်လေ။ သူ့အတွက်တော့ သူမက ကောင်းကင်ပေါ်က လတစ်စင်းလိုပဲ။ သူက သူမအတွက် မသင့်တော်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ မျှော်လင့်ချက် သေးသေးလေးတစ်ခု အမြဲရှိနေခဲ့တာ။ တကယ်လို့များ ဆိုပြီးတော့ပေါ့။
အခုတော့ သူမက ဒီကိစ္စကို ရှင်းလင်းအောင် လုပ်လိုက်ပြီး။ တစ်လျှောက်လုံး လွင့်မျောလာတဲ့ သူ့နှလုံးသားကလည်း မြေကြီးပေါ် ကျသွားပြီ။
“ အဲဒီနှစ်ယောက်ကြောင့်.....”
သူသည် ယန်ရှန့်နှင့် ရှန်ဖုန်းမင်ကြောင့်လားဟု မေးလိုက်ချင်တော့သည်။
“ မဟုတ်ပါဘူး” ကျန်းယွင်ကျူးက အတိအလင်း ကြေညာလိုက်၏။
အမှန်တွင်တော့ ရွှီချင်ရှန့်တွင် ပြောစရာစကားအများကြီး ရှိနေသည်။ ဥပမာ အဲဒီလူနှစ်ယောက်ရဲ့ နောက်ကြောင်းက မရှင်းလင်းဘူး။ ဥပမာ သူမ လှည့်စားခံလိုက်ရမှာ စိုးတယ်။ စသည်ဖြင့်ပေါ့။
ကျန်းယွင်ကျူးက သူ့ကို ကြည်လင်သည့်မျက်လုံးများဖြင့် ကြည့်နေ၏။
ရွှီချင်ရှန့်သည် ရုတ်တရက် ဘာတစ်ခွန်းမှ မပြောနိုင်တော့ချေ။ သူမလို ဉာဏ်ကောင်းတဲ့ မိန်းကလေးက နားလည်ပြီးသား ဖြစ်မှာပါ။
“ ငါ နားလည်ပါပြီ” သူက ထိုသို့သာ ရေရွတ်လိုက်တော့သည်။
ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။ ဒါဆိုရင်တော့ အဆင်ပြေသွားပြီ။
သူမက ယန်ရှန့်နှင့် ရှန်ဖုန်းမင်ကို ထပ်ကြည့်လိုက်သည်။ အမှန်တွင်တော့ အဓိကက ယန်ရှန့်ပင်။ သူမကို မြို့ခေါ်လာဖို့ စိတ်ကူးထုတ်ခဲ့သူမှာ သူဖြစ်ပြီး သူမနောက်လာသူမှာလည်း သူပင်။ သူ ဘာလုပ်ချင်နေမှန်း သူမ နားမလည်တော့ပေ။
သူမကို သဘောကျနေတာလား။ အဲလိုလည်း မထင်ရပါဘူး။
ယန်ရှန့်သည် ကျန်းယွင်ကျူးနှင့် ရွှီချင်ရှန့်တို့ကို အတူတူ ရှိမနေစေချင်ရုံသာ။ ကျန်းယွင်ကျူးသည် ခုနက ခပ်လှမ်းလှမ်းတွင် ရွှီချင်ရှန်းနှင့် စကားပြောနေခဲ့လေသည်။ သူမ ပြောလိုက်သည့်စကားကို သူ သေချာမကြားလိုက်သော်လည်း နှစ်ယောက်သား အမူအရာမှတစ်ဆင့် တစ်ခုခုကို ခန့်မှန်းမိခဲ့သည်။ အထူးသဖြင့် ရွှီချင်ရှန့်ပင်။
ရွှီချင်ရှန့်သာ ကျန်းယွင်ကျူးနောက် လိုက်မလာလျှင် သူ ဂရုမစိုက်ပေ။
“ လက်ဖက်ရည်ဆိုင်ကိုသွားပြီး မနက်စာ သွားစားကြရအောင်” ယန်ရှန့်က ပြုံးလိုက်ပြီး
“ မင်း မနက်စာ မစားရသေးဘူးလေ၊ အတူတူသွားကြမယ်၊ ဒီနှစ်ရက်အတွင်းမှာ မင်း ငါတို့အတွက် မနက်စာ ချက်ပေးနေရတာ၊ အခု ကျွန်တော့်အလှည့်ပေါ့ မင်းကို ထမင်းတစ်နပ်ကျွေးမယ်လေ”
“ကျေးဇူးတင်ပါတယ် မလိုပါဘူးရှင်၊ ရှင်တို့တွေ သွားကြပါ၊ ကျွန်မ လုပ်စရာလေးတွေ ရှိသေးတယ်၊ ရှင်တို့က ရှင်တို့အတွက် ချက်ပြုတ်ပေးဖို့ ငွေပေးထားတာပဲရှင့်”
ကျန်းယွင်ကျူးက အလွန်ယဥ်ယဥ်ကျေးကျေး ပြောလိုက်ပြီး ငြင်းပယ်သည့်အဓိပ္ပာယ်က ထင်ရှားနေသည်။
ယန်ရှန့်လည်း အတင်းမတိုက်တွန်းဘဲ သူမ ထွက်သွားသည်ကို အပြုံးနှင့် စောင့်ကြည့်နေလိုက်တော့သည်။
ကျန်းယွင်ကျူးက သည်နေ့ သူမ ဝယ်ရမည့်ပစ္စည်းများကို မြန်မြန်ဝယ်လိုက်၏။ သူမသည် အိမ်ပြန်ရန် မြည်းလှည်းတစ်စီးငှားဖို့ အေးအေးဆေးဆေး စဥ်းစားလိုက်တော့သည်။
ပစ္စည်းတွေက အများကြီးပဲ။ သူမ အားလုံးကို မသယ်နိုင်ဘူးလေ။
ကြည့်ရတာ ငွေစုပြီးရင်တော့ မြည်းလှည်းတစ်စီး အရင်ဆုံး ဝယ်ရတော့မယ်ထင်တယ်။
သူမသည် ထိုသို့စဥ်းစားနေဆဲမှာပင် ကြီးမားသည့်လက်တစ်ဖက်က သူမ၏လက်ထဲက ပစ္စည်းများကို ယူလိုက်လေသည်။
ကျန်းယွင်ကျူးက မော့ကြည့်လိုက်၏။ ရွှီချင်ရှန့်။ သူ အခုထိ မပြန်သေးဘူးလား။
ရွှီချင်ရှန့်က ပြုံးပြလိုက်ပြီး
“ ငါ ခုနက အများကြီး စဥ်းစားပြီးသွားပြီ”
ခဏလောက် တုံ့ဆိုင်းသွားပြီးမှ သူက ဆက်ပြောလိုက်၏။
“ မင်းက ငါ့ကို အစ်ကိုရွှီလို့ ခေါ်မှတော့ အခုချိန်ကစပြီး ငါက မင်းကို ငါ့ညီမလေးလို သဘောထားရလိမ့်မယ်။ ငါတို့တွေ အတူတူ ကပ်ဘေးရှောင်လာခဲ့ကြတာပဲ၊ ဒီတော့ ငါတို့တွေ သူစိမ်းတွေလို မနေသင့်ဘူးလေ။ နောက်ဆိုရင် ငါက ဦးလေးကျန်းနဲ့လည်း အတူတူအလုပ်လုပ် ရအုံးမှာ။ နင်က အရမ်းဉာဏ်ကောင်းတာပဲလေ နင် စိတ်ကူးကောင်းတစ်ခုတော့ သေချာပေါက် စဥ်းစားနိုင်မှာပဲ၊ နောက်ဆိုရင် ငါ ဦးလေးကျန်းနဲ့အတူတူ ငွေအများကြီး ရှာရင် ရှာနိုင်အုံးမှာ”
နောက်ဆုံးစကားကို သူက ရယ်စရာအဖြစ် ပြောလိုက်ခြင်းပင်။
ကျန်းယွင်ကျူးသည် အနည်းငယ် တောင့်တင်းသွားပြီး သူ့ကို ငေးကြည့်နေမိတော့သည်။
အစပိုင်းတွင် ရွှီချင်ရှန့်က သူမ၏အကြည့်ကို ရှောင်ချင်နေခဲ့သည်။ ထို့နောက်တော့ သူက မျက်လုံးများကို ပင့်ကာ စိတ်ရင်းနှင့် သူမကို ပြန်ကြည့်လိုက်လေသည်။
ကျန်းယွင်ကျူးက ပြုံးလိုက်တော့သည်။
သူမ၏အပြုံးကို မြင်လိုက်သည်တွင် ရွှီချင်ရှန့်ကလည်း လိုက်ပြုံးလေသည်။ သူ့နှလုံးသားထဲက နောက်ဆုံးသံသယမျှင်လေးမှာ ပျောက်ကွယ်သွားတော့သည်။
“ တက်လေ၊ ငါ နင့်ကို အိမ်ပြန်ခေါ်သွားပေးမယ်၊ ဒီနေ့ ငါ နင့်ကို အလကားပေးစီးမယ်၊ မနက်ဖြန်ကျရင်တော့ ရချင်မှ ရတော့မှာနော်၊ မနက်ဖြန် ငါ လူတွေအများကြီးတင်ပြီး မြည်းတစ်ကောင် မြန်မြန် ထပ်ဝယ်နိုင်ဖို့ ငွေစုရအုံးမယ်” ရွှီချင်ရှန့်က အသံကျယ်ကျယ်ဖြင့်ပြောလိုက်လေသည်။
“ ဟုတ်ပါပြီ” ကျန်းယွင်ကျူးက ပြုံးကာ သဘောတူလိုက်ပြီး မြည်းလှည်းပေါ် တက်လိုက်တော့သည်။
မကြာမီတွင် သူတို့သည် ချန်ရှီရွာသို့ ရောက်လာကြတော့သည်။
အမျိုးသမီးချန်က တံခါးနားတွင် ပူပင်စွာ ထိုင်ရင်း အသီးအရွက်ရွေးနေတော့သည်။ ကျန်းယွင်ကျူးက ရွှီချင်ရှန့်၏ မြည်းလှည်းနှင့် ပြန်လာသည်ကို တွေ့လိုက်ရမှ ချက်ချင်းဆိုသလို စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။
ပစ္စည်းများကို ချပေးလိုက်ပြီးနောက် ရွှီချင်ရှန့်သည် အိမ်ပြန်သွားတော့သည်။
သူ အိမ်တံခါးသို့ အရောက်တွင် လူတစ်ယောက် ထွက်လာသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရလေသည်။ ထိုလူက လက်ထဲတွင် ပန်းချီလိပ်တစ်ခုကို ကိုင်ထားသည်။ သူ့မျက်ခုံးများက တောင်လိုမြင့်မားပြီး သူ့မျက်လုံးများက မြစ်များလို့ ရှိကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တိမ်များလို အရောင်တောက်နေပြီး သူ့လှုပ်ရှားမှုများက ရေအသွင် ရှိနေလေသည်။ သူသည် ဖော်မပြတတ်လောက်အောင် ချောမောကာ တင့်တယ်လှပေသည်။
ထိုလူမှာ အခြားမဟုတ် သူ့ဝမ်းကွဲညီလေး ကုယန်ကျိုးပင်။
သူ့ကို ကြည့်နေရင်းမှ ရွှီချင်ရှန့်သည် ရုတ်တရက်ဆိုသလို ယန်ရှန့်၊ ရှန်ဖုန်းမင်နှင့်.... ကျန်းယွင်ကျူးကိုလည်း တွေးမိသွားလေတော့သည်။