အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
အပိုင်း (၂၅)
ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် သံသယဝင်စရာမလိုလောက်အောင် ထူးခြားပြီး ကောင်းကင်က တဖိတ်ဖိတ် တောက်နေသည့် နေတစ်စင်းနှင့် တူလေသည်။ ရွှီချင်ရှန်သည် သူက သူတို့နှင့် မယှဥ်နိုင်မှန်း ဝန်ခံလိုက်၏။ သို့သော် ကုယန်ကျိုးကတော့ မတူပေ။ သူသည် ရုပ်ချောပြီး စာပေတွင် ထူးချွန်ကာ အကျင့်စရိုက်လည်း ကောင်းမွန်သည်။ သူသာ ရာထူးတစ်ခု ခန့်အပ်ခံရခဲ့လျှင် သူ့အနာဂတ်သည်လည်း ကောင်းမွန်နေလိမ့်မည်။
အဘက်ဘက်က တော်တယ်လေ။ ပြီးတော့ သူတို့တွေက သူ့ကို ကောင်းကောင်းသိကြတယ်။ ယန်ရှန့်တို့အတွဲနဲ့ မတူဘူး။ သူတို့တွေက ဆန်ကုန်သည်တွေလို့ ပြောကြပေမဲ့ အဲလိုလူတွေ လုံးဝမဟုတ်ဘူးဆိုတာ သူ ခံစားမိနေတယ်။
ပုံပြောသူတွေက ပြောခဲ့ကြတယ်မလား။ ယောက်ျားတချို့က မိန်းကလေးတွေကို လှည့်စားဖို့ လူချမ်းသာတွေလို ဟန်ဆောင်ပြီးရင် သူတို့တွေကို ရောင်းစားကြတာတဲ့။ မဟုတ်ရင်လည်း အဲလိုလုပ်ငန်းမျိုးမှာ အတင်းအကြပ်ခိုင်းစေကြတာတဲ့။
အို ဟုတ်သားပဲ။ စာအုပ်နာမည်က ဘာပါလိမ့်။ တစ်ခုခုကို ကယ်ပါဆိုလားပဲ။ သူ မမှတ်မိတော့ဘူး။
သူသည် ထိုအကြောင်းကို စဥ်းစားလေလေ ကျန်းယွင်ကျူးအတွက် ပိုပြီး စိတ်ပူလာလေလေ ဖြစ်နေတော့သည်။ သူမက ပါးနပ်ပေမဲ့ ယောက်ျားနှစ်ယောက်နဲ့ ယှဥ်လာရင်တော့ သူမပဲ ဒုက္ခရောက်လိမ့်မယ်။
ဒါပေမဲ့ သူ့ဝမ်းကွဲညီလေးကတော့။ သူ ဒီအကြောင်းကို အရင်က မစဥ်းစားခဲ့ဖူးဘူး။ ဒါပေမဲ့ အခု သူ့ကိုကြည့်လိုက်တော့ သူနဲ့ ကျန်းယွင်ကျူးက ကောင်းကင်က စုံဖက်ပေးထားတဲ့ စုံတွဲတစ်တွဲ မဟုတ်ဘူးလား။
သူတို့နှစ်ယောက်လုံးက ပန်းချီကားထဲ့ လူတွေနဲ့တူတယ်လေ။ တစ်ယောက်က သစ်ခွကိုင်းလေးတစ်ခု၊ ကျောက်စိမ်းသစ်ပင်နဲ့ တူပြီး နောက်တစ်ယောက်က တောက်ပတဲ့လမင်းလေးနဲ့ တူတယ်။ ဒီထက်ကောင်းတဲ့ မင်္ဂလာပွဲမျိုး ရှိတော့မှာမဟုတ်ဘူး။
ပြီးတော့ ဝမ်းကွဲဦးလေးနဲ့ ဝမ်းကွဲအဒေါ်တို့ကလည်း ကျန်းယွင်ကျူးကို အရမ်းသဘောကျတာလေ။
“ ဝမ်းကွဲအစ်ကို ပြန်လာပြီပေါ့၊ ဘာတွေ စဥ်းစားနေတာလဲ” ရွှီချင်ရှန့်က သူ့ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ကုယန်ကျိုးက အပြုံးလေးတစ်ခုနှင့် မေးလိုက်လေသည်။
“ ဘာမှ မစဥ်းစားပါဘူး၊ မင်း အပြင်သွားမလို့လား” ရွှီချင်ရှန့်က မေးလိုက်၏။
ကုယန်ကျိုးက သူ့လက်ထဲက ပန်းချီကားကို လှုပ်ယမ်းပြလိုက်ပြီး
“ ကျွန်တော် ဒီနေ့ ပန်းချီတစ်ချပ် ဆွဲခဲ့တာ၊ ဆရာ့ဆီသွားပြီး မှတ်ချက်လေးတွေ တောင်းမလို့”
ကုယန်ကျိုးသည် လက်ရှိတွင် စီရင်စုမြို့ရှိ ဝမ်ယွင်ကျောင်းတော်တွင် ကျောင်းတက်နေပြီး အတော်ဆုံးကျောင်းသားများထဲက တစ်ယောက်ဖြစ်သည်။
ဝူလင်စီရင်စုမြို့တွင် တခြားနေရာများထပ် ပညာသင်ကျောင်းသားများ ပိုများသည်။ သည်နေရာက အထူးအခြေအနေတစ်ရပ်ကြောင့်လည်း ဖြစ်လေသည်။
မိဘများက ငွေရှာဖို့ အလုပ်ကြိုးစားကြသည်။ မိုင်းတွင်းတွင် ငွေရှာရသည်မှာ မလွယ်ကူသည်ကို သိကြသဖြင့် သူတို့သည် သူတို့၏ကလေးများကို ငွေရှာရန် သူတို့၏အသက်ကို မစွန်းလွှတ်စေချင်ကြပေ။ စစ်သားများ၊ လယ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ။ စာလေ့လာပြီး စာမေးပွဲဖြေခြင်းကသာ ထိပ်ဆုံးသို့ ရောက်နိုင်ပြီး မိသားစုအတွက် ဂုဏ်အရောင်အဝါကို ယူဆောင်ပေးနိုင်လေသည်။ ထို့ကြောင့် အားလုံးက ငွေကို တစ်ပြားမှမချန်ဘဲ သူတို့ကလေးများကို စာသင်ခိုင်းကြပြီး သူတို့ကလေးများက နဂါးများဖြစ်လာမည့်အချိန်ကို မျှော်လင့်နေကြလေသည်။
“မင်း ဘာဆွဲထားတာလဲ၊ ငါ တစ်ခါလောက် ကြည့်လိုက်ရမလား” ရွှီချင်ရှန့်က မေးလိုက်၏။
ကုယန်ကျိုးသည် ရွှီချင်ရှန့်က သည်နေ့မှ အလွန်ထူးဆန်းနေသည်ဟု ခံစားမိလေသည်။ အရင်က ရွှီချင်ရှန့်သည် သူ စာလေ့လာနေသည်ကို လုံးဝဂရုမစိုက်ပေ။ သို့သော် သူက ဖွင့်ပြောလာသဖြင့် ပန်းချီကို ဖွင့်ပြလိုက်တော့သည်။
ရွှီချင်ရှန့်က ပန်းချီကို ကြည့်လိုက်သော်လည်း သူ့စိတ်တို့က တင်းကြပ်နေလေသည်။
ပန်းချီကားထဲတွင် ကျူရိုးတစ်ပင်နှင့် ရေလှိုင်းကြီးများ ဆွဲထားသည်ကို တွေ့လိုက်ရသည်။ လိပ်ထားသည့်ပန်းချီကားကို ဖွင့်ချလိုက်သဖြင့် ပြင်းထန်သည့်လှိုင်းများသည် ကမ်းခြေကို လာရိုက်ခတ်သွားသယောင် လူတို့ကို နှလုံးတုန်သွားစေတော့သည်။
“ ဒါ မင်း ဆွဲခဲ့တာလား” ရွှီချင်ရှန့်က မေးလိုက်၏။
“ အင်း ကျွန်တော် ဒီနေ့ ဆရာစုရှီရဲ့ ‘ ကောင်းကင်ကို ထိုးဖောက်မဲ့ ကျောက်ဆောင်များ၊ ကမ်းခြေကို ရိုက်ခတ်မဲ့ လှိုင်းလုံးများ၊ နှင်းထုထောင်ချီ လိမ့်လာပြီ’ စာအုပ်ကိုဖတ်ပြီး ရုတ်တရက် စိတ်ကူးပေါက်လာလို့ ဒီပန်းချီကားကို ဆွဲခဲ့တာ”
ရွှီချင်ရှန့်သည် ကဗျာစာပေကို နားမလည်ချေ။ သို့သော် နှင်းထု ထောင်ချီ ဆိုသည်ကို နားထောင်ရသည်မှာ သာယာဖွယ်ကောင်းသည်ဟု ခံစားရလေသည်။ ထို့နောက် သည်ပန်းချီကားနှင့် ဆက်စပ်ကြည့်လျှင် လှိုင်းလုံးများက နှင်းထုများကဲ့သို့ လှပလေသည်။
“ မင်း ဆွဲထားတာ တကယ်ကောင်းတာပဲ” သူက ချီးကျူးစကား ပြောလိုက်၏။
ကုယန်ကျိုးက ခေါင်းခါပြလိုက်ပြီး
“စိတ်ကူးသက်သက်ပါဗျာ၊ အခွင့်အရေးတစ်ခါလောက် ရခဲ့ရင်တော့ ကျွန်တော်လေ ချီပိချောက်ကမ်းပါးထိပ်ကို ကိုယ်တိုင်သွားကြည့်ချင်သေးတယ်”
“ အခွင့်အရေး ရလာမှာပါ” ရွှီချင်ရှန့်က သည်အတိုင်း ပြန်ပြောလိုက်ပြီးနောက် မေးလိုက်လေသည်။
“ မင်း ဒီနေ့လယ် လုပ်စရာရှိလား”
“ မရှိလောက်ဘူး ထင်ပါတယ်၊ ဝမ်းကွဲအစ်ကိုက ကိစ္စများရှိလို့လား”
“ မင်း အရင်သွားလုပ်လိုက်ပါ၊ မင်း ပြန်လာမှ ငါ မင်းကို ပြောပြမယ်” ရွှီချင်ရှန့်က ပြောလိုက်သည်။
ကုယန်ကျိုးက ပြန်ပြောလိုက်ပြီးနောက် ထွက်သွားတော့သည်။
သည်အချိန်တွင် ကျန်းအိမ်၌ အမျိုးသမီးချန်က ကျန်းယွင်ကျူးကို ပစ္စည်းများ အိမ်ထဲသယ်ကူရင်း သူမကို ကြည့်နေလေသည်။ သွားတုန်းက လူလေးယောက်လေ ဘယ်လိုလုပ်ပြီး နှစ်ယောက်ပဲ ပြန်လာတာလဲ။ ပြီးတော့ အဲဒီကုန်သည်နှစ်ယောက် ကျန်းယွင်ကျူးကို သူတို့နဲ့အတူတူ မြို့ကိုသွား အတင်းပြောခဲ့သေးတယ်။ သူတို့တွေက လူငယ်နှစ်ယောက်လေ။ ကျန်းယွင်ကျူးက မိန်းမလှလေးတစ်ယောက်။ သူမစိတ်တွေက လျှောက်မစဥ်းစားဘဲ မနေနိုင်ဘူးလေ။
“အမေ မေးစရာရှိရင် မေးလိုက်ပါ” ကျန်းယွင်ကျူးက တည့်တည့်သာ ပြောလိုက်တော့သည်။
အမျိုးသမီးချန်က ရှက်သွားပြီး
“ အဲဒီ အဲဒီကုန်သည်နှစ်ယောက်ကော”
“ သမီးတို့ မြို့ထဲကို ရောက်တာနဲ့ လမ်းခွဲခဲ့ကြတာ၊ သူတို့ ဘယ်သွားလဲ သမီးမသိဘူး”
အမျိုးသမီးချန်က ရွှီချင်ရှန့်အကြောင်း မေးချင်လေသည်။ သို့သော် ကျန်းယွင်ကျူးက ထိုကိစ္စအကြောင်း ပြောလျှင် မကြိုက်သည်ကို စဥ်းစားမိလိုက်သဖြင့် ထိုအကြောင်းကို ချန်ထားလိုက်ပြီး မနက်စာ စားခဲ့ရဲ့လားဟု မေးလိုက်လေသည်။
“ ဟင့်အင်း”
ကျန်းယွင်ကျူးက အစက မနက်စာ မစားတော့ဘဲ အိမ်ပြန်ဖို့ မြည်းလှည်းငှားရန် ငွေကို ချွေတာလိုက်လေသည်။
အမျိုးသမီးချန်၏စိတ်နှလုံးသည် ချက်ချင်း ဝမ်းနည်းသွားတော့သည်။ အချိန်အကြာကြီး အလုပ်လုပ်ပြီးတာတောင် အခုထိ ဘာမှမစားရသေးဘူးတဲ့လား။ သူမသည် ကျန်းယွင်ကျူးအတွက် ထမင်းဟင်း နွေးပေးရန် မီးဖိုထဲသို့ ဝင်လာပြီး သူမက ပြောလိုက်လေသည်။
“ နောက်တစ်ခါ မြို့ထဲမှာ ဘယ်လောက်ပဲ အလုပ်များနေပါစေ မသွားခင် ဟူလထန်းတစ်ပွဲနဲ့ ပန်ကိတ်တော့ စားသွားနော်”
“အဲဒါတွေက ရောင်းဖို့လေ”
ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။ အဓိကအကြောင်းအရင်းမှာ သူမ စားလိုက်လျှင် အမျိုးသမီးဟန်က စားတော့မှာ မဟုတ်သောကြောင့်ပင်။ သို့မဟုတ်လျှင်လည်း သူမသည် ကျန်းလင်နှင့် တခြားသူများအတွက်သာ ချန်ထားပေလိမ့်မည်။ သူမ တစ်ယောက်တည်း စားရက်နိုင်မည် မဟုတ်ပေ။
အမျိုးသမီးချန်က တစ်ခုခုထပ်ပြောမည် စိုးသဖြင့် သူမက ဆက်ပြောလိုက်၏။
“ မနက်ဖြန်ကျရင် မနက်စာ စားပြီးမှ မြို့တက်ပါ့မယ်”
အဓိကအကြောင်းအရင်းက ဒီနှစ်ရက်မှာ ထူးခြားနေတာလေ။ မနေ့က အမျိုးသမီးချန်က သူမကို မြို့တက်ဖို့ လောဆော်ခဲ့တယ်။ ဒီနေ့ကျတော့လည်း ယန်ရှန့်က သူမကို တိုက်တွန်းပြန်တယ်။
မနက်ဖြန်တော့ ဒီလို မဖြစ်လောက်တော့ပါဘူး။
ထိုစကားကို ကြားလိုက်ပြီးနောက် အမျိုးသမီးချန်သည် ရုတ်တရက် သတိရသွားတော့သည်။ ခဏအကြာတွင် သူမက ကျန်းယွင်ကျူးအတွက် မနက်စာ ယူလာပေးလိုက်၏။ ပန်ကိတ်နှင့် ဆန်ပြုတ် ဖြစ်နေဆဲ။ သို့သော် ပန်းရောင်ကြက်ဥပြုတ်လုံးလုံးလေးတစ်လုံး ပါနေသည်။ ကြည့်လျှင်ပင် ချစ်စရာကောင်းနေတော့သည်။
“ အမေ ဒီဥက....” ကျန်းယွင်ကျူးက အံ့ဩသွား၏။
“ ပြီးခဲ့တဲ့ရက်တုန်းက အမေတို့တွေ အဒေါ်ဖုန်းနဲ့ တခြားလူတွေကို ထမင်းဖိတ်ကျွေးခဲ့တယ်လေ၊ ဒါကြောင့် သူတို့က ကြက်နှစ်ကောင် ပြန်ယူလာပေးတာ၊ အမေ ကြက်တွေကို ခြံအနောက်ဘက်မှ မွေးထားတယ်လေ၊ ဒီနေ့ အမေ ကြက်တွေကို အစာကျွေးတော့ ဘယ်သူ ထင်ထားမှာလဲ၊ ကြက်ဥတစ်လုံး တွေ့လိုက်ရတယ်လေ”
သည်ဥအကြောင်းပြောရင်း အမျိုးသမီးချန်က ပြုံးလိုက်တော့သည်။
ကျန်းယွင်ကျူးလည်း အလွန်အပျော်သွားတော့သည်။
“မြန်မြန်စားလိုက်”
အမျိုးသမီးချန်က တိုက်တွန်းလိုက်သည်။ သူမသည် မူလကကတော့ သည်ဥကို ရောင်းဖို့အတွက် စုထားချင်ခဲ့သေးသည်။ သို့သော် ခုနက ကျန်းယွင်ကျူး မနက်စာ မစားရသေးသည်ကို ကြားလိုက်ရချိန်တွင် အလွန်ဝမ်းနည်းသွားခဲ့သည်။ ထို့ကြောင့် သူမက ဥကို ပြုတ်ပေးလိုက်တော့သည်။
“ ဒါကို ချန်ထားပြီး....” ကျန်းယွင်ကျူးက အဘိုးချန်နှင့် ကျန်းချိန်တို့အတွက် ပြောပေးချင်သည်။ သူတို့သည် သူမထက်စာလျှင် အကြီးဆုံး သို့မဟုတ် ပိုပင်ပန်းသူများ ဖြစ်လေသည်.
“ သမီး စားပါ၊ ဒါက သမီးအတွက်”
အမျိုးသမီးချန်က ကြက်ဥခွံကို ချက်ချင်းခွာပေးလိုက်ပြီး ကျန်းယွင်ကျူး၏ပန်ကန်းလုံးထဲ ထည့်ပေးလိုက်၏။
အဖြူရောင်ဥလေးက နူးညံ့အိစက်နေသည်။ အထဲက အဝါရောင်တောက်တောက် အနှစ်ကို အပြင်က ကြည်လင်နသည့်အဖြူရောက်ကို ဖောက်ပြီးမြင်နေရသည်။
ကျန်းယွင်ကျူးက ကြက်ဥကို ပန်ကိတ်နှင့် ဆန်ပြုတ်နှင့် တွဲစားလိုက်သည်။ သည်မနက်သည် တော်တော် စိတ်ကျေနပ်ဖွယ်ဖြစ်တော့သည်။
စားသောက်ပြီးနောက် သည်နေ့၏အချိန်သည် မနေ့ကထက် ပိုစောနေ၏။ ကျန်းယွင်ကျူးက အခန်းထဲပြန်သွားပြီး ခဏလောက် တစ်မှေးအိပ်လိုက်လေသည်။
သူမ နိုးလာချိန်တွင် ခြံထဲက ဆူညံ့သံကို ကြားလိုက်ရသည်။ အပြင်ဘက်ကို ကြည့်လိုက်တော့ အပြင်က ပြန်ရောက်လာကြသည့် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့ ဖြစ်နေသည်။
သူမသည် သူတို့ ဘေးအခန်းထဲ ဝင်သွားသည်ကို ကြည့်လိုက်ပြီးနောက် ချက်ပြုတ်ရန် ထလာခဲ့လိုက်သည်။
ဝက်ဒူးဆစ်သားနှင့် အသားကင်က သူမအတွက် မခက်ခဲပေ။ အချိန်နည်းနည်းပေးရသည်သာ ရှိသည်။ ဝက်ကျောက်ကပ် ဆာတေးလို ဟင်းမျိုးက ကျောက်ကပ်များကို မှန်ကန်သည့်အပူအချိန်တွင် ချက်ပေးရခြင်းဖြစ်သည်။ ချက်ပြုတ်နေရင်း သူမက ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့ ရှိနေတုန်း သူတို့အတွက် နေ့လယ်စာ ပြုလုပ်ပေးလိုက်သည်။
ကျန်းလင်သည် ထိုနေရာတွင် အချိန်အကြာကြီး စောင့်နေခဲ့ရသည်။ သည်နေ့ အစားအသောက်အများကြီး ချက်ပြုတ်ရသဖြင့် သူတစ်ယောက်တည်း မနိုင်ဖြစ်နေသည်။ အမျိုးသမီးချန်က တောင်ခြေသို့ အစားအသောက်များ သွားပို့ပေးရန် သူနှင့် လိုက်သွားလိုက်သည်။
နောက်ဆိုလျှင် ထမင်းဘူးမှာ ပိုများလာလိမ့်မည်။ အစားအသောက်ပို့ရခြင်းက ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။ ကျန်းယွင်ကျူးက သူတို့၏ကျောပြင်ကို ကြည့်ရင်း စဥ်းစားလိုက်လေသည်။
ဒါပေမဲ့ ဒါက ပြဿနာတော့ မဟုတ်ပါဘူးလေ။ အချိန်တန်ရင် အဖြေတစ်ခု အလိုလိုထွက်လာလိမ့်မယ်။
လက်ဆေးပြီးနောက် သူမက ယန်ရှင့်နှင့် ရှန်ဖုန်းမင်တို့၏ နေ့လယ်စာကို ဘေးအခန်းသို့ ယူသွားပေးလိုက်သည်။
သည်နေ့ သူမသည် သူတို့အတွက် ဝက်သားလုံးကြော်ချက်၊ ဝဥမွှေကြော် မာပိုတိုဟူးဟင်း တို့ကို ချက်ပေးခဲ့သည်။
လက်သီးဆုပ်အရွယ် ဝက်သားလုံးများသည် ကြီးကျယ်ခမ်းနားလေသည်။ ဝဥကြော်က အဖြူသန့်သန့်လေး ဖြစ်နေ၏။ ကြွေပန်းကန်ပြားဖြူတစ်ချပ်ပေါ်တွင် ထည့်ထားရာ အဖြူရောက်ကျောက်စိမ်းနှင့် တူနေတော့သည်။ ပူစပ်ပြီးအရသာရှိလှသည့် မာပိုတိုဟူးသည် လိုချင်သည်အရသာအတိုင်း ရှိနေသည်။
“မိန်းကလေးကျန်း ကျွန်တော်တို့တွေ မင်းကို ဒုက္ခပေးမိပါပြီ” ယန်ရှန့်က အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“ ဒုက္ခမဟုတ်ပါဘူးရှင်၊ ပူတုန်းလေး စားလိုက်ကြပါ” ကျန်းယွင်ကျူးက ပြန်ပြောလိုက်လေသည်။
“ ကောင်းပါပြီ”
ယန်ရှန့်က ထိုင်ချလိုက်ပြီး ဝက်သားလုံးကို တစ်ကိုက် ကိုက်လိုက်လေသည်။ အိစက်ပြီးအရသာ ရှိလှ၏။ ထို့နောက် သူက မာပိုတိုဟူးကို တစ်ကိုက်ကိုက်လိုက်ပြန်သည်။ အင်း။ အရသာရှိလိုက်တာ။
“နောက်ဆိုရင် ငါ ဒီလိုအရသာရှိတာတွေ မစားရတော့ရင် ဘယ်လိုလုပ်ရမလဲ” သူက ရေရွတ်လိုက်လေသည်။
အစားအစာကို တူဖြင့်လှမ်းညှပ်နေသည့် ရှန်ဖုန်းမင်၏လက်က တုံ့ဆိုင်းသွားလေသည်။
နေ့လယ်ခင်းတွင် စာသင်ရမည့်အချိန် ရောက်ရှိလာ၏။ ကျန်းယွင်ကျူးသည် သည်မနက်ခင်းက ခဏလောက်အိပ်လိုက်ရသည်။ အခုတော့ သူမသည် စိတ်ကြည်လင်နေပြီး စာလုံးရေးနည်းကို သေသေချာချာ သင်မည်ဟု ဆုံးဖြတ်ထားလိုက်တော့သည်။
...
အပိုင်း (၂၆)
မနေ့က လေးထောင့်စားပွဲက ရှိနေဆဲ။ သည်နေ့တွင် ရှန်ဖုန်းမင်က သူတို့ကို စာရေးနည်းသင်ပေးလေသည်။ ပထမဆုံးအနေဖြင့် စုတ်တံကိုင်နည်း သင်ပေးလိုက်ပြီးနောက် စာရေးရာတွင် သတိထားရမည့် အချက်များကို ပြောပြကာ နောက်ဆုံးတွင် လေ့ကျင့်ရန်သာ ကျန်တော့သည်။
ဒါသည် သူတို့တွက် စုတ်တံကိုင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ စုတ်တံအဖျားလေးက နူးညံ့နေ၏။ အားကို ထိန်းထားဖို့က ခက်ခဲလှသည်။ ကျန်းလင်က စာစရေးလိုက်၏။ အတွန့်အတက်များ ဖြစ်နေသည်။ ကျန်းယွင်ရွှယ်က သူထက် နည်းနည်းပိုလှပြီး ချောချောမွေ့မွေ့နှင့် တည်ငြိမ်သည့် လက်ရေးတစ်ခုဖြင့် ရေးနေလေသည်။
ကျန်းဝူ။ သူသည် သတိမထားတတ်သဖြင့် စာရွက်ပေါ်တွင် မှင်စက်ကြီးတချို့ရှိနေသည်။ သူသည် အလွန်စိုးရိမ်ကာ စိတ်လှုပ်ရှားနေသဖြင့် သူ့စုတ်တံကို တင်းနေအောင် ဆုပ်ကိုင်းထားသည်။ စုတ်တံနှင့် စာရွက်က အလွန်စျေးကြီးမှန်း သိထားပြီး သူ ကောင်းကောင်း မရေးခဲ့လျှင် အစ်ကိုကြီးက စိတ်ဆိုးမှာကို စိုးရိမ်လေသည်။
“ကောင်လေး မလောနဲ့၊ ဒီလိုကိစ္စက မင်း ကောင်းကောင်း ရေးနိုင်ရင် စာရေးတတ်သွားလို့ပဲ၊ ကောင်းကောင်း မရေးနိုင်ဘူးဆိုလည်း ထမင်းမငတ်ပါဘူး” ယန်ရှန့်က သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး သူနှင့်တူသည့် တစ်စုံတစ်ယောက်ကို ကြည့်နေရသလို ခံစားလိုက်ရလေသည်။
သူ့လက်ရေးက ရုပ်ဆိုးသည်။ များပြားလှစွာသော ကွန်ဖြူးရှပ်ကျောင်သားများက သူ့ကို အတင်းလေ့ကျင့်ပေးခဲ့ပြီး ကိုယ်တိုင် လက်ထပ်သင်ကြားပေးရလုနီးနီးပင်။ သို့တိုင် သူသည် နဂါးနှင့် ဇာမဏီလို ရေးခဲ့သေးသည်။ မလှမပ ဖြစ်နေသည်မဟုတ်ဘဲ အတွန့်အတက်များပါနေခြင်းပင်။ လေပြင်းတစ်ချက်က ရှုပ်ပွနေသည့်မြက်ခင်းကို တိုက်ခတ်သွားသလိုပင်။
ရှန်ဖုန်းမင်က သူ့ကို ကြည့်လိုက်ပြီး
“ စကားအရမ်းများလွန်းတယ်၊ ထွက်သွားတော့”
ယန်ရှန့်က သူ့နှာခေါင်းကို ပွတ်သပ်လိုက်၏။ ထွက်သွားရမယ် ဟုတ်လား။ မထွက်သွားချင်ပါဘူး။
ကျန်းဝူသည် သူ့ကြောင့် အမှန်ပင် နှစ်သိမ့်ရမှုရသွားဟန်တူသည်။ စုတ်တံကို ကိုင်ထားသည့်လက်က အရမ်းတုန်မနေတော့ပေ။ သူသည် ရိုးရှင်းသည့် စာလုံးတစ်လုံးကို ရေးတတ်သွားတော့သည်။
ကျန်းယွင်ကျူးက စာတတ်လေသည်။ သူမသည် အိပ်မက်ထဲတွင် လွန်ခဲ့သည့်နှစ်နှစ်က အန်းဖင်နယ်စားအိမ်တော်တွင် လက်ရေးလှရေးနည်းကို သေသေချာချာ လေ့ကျင့်ခဲ့သေးသည်။ ထို့ကြောင့် သူမသည် ရှန်ဖုန်းမင်က တစ်ခုခုကို သတိထားမိသွားစိုးသဖြင့် စာလုံးများကို အပြည့်မရေးခဲ့ပေ။
သူမက အလျားလိုက်ဆွဲချက်များကိုသာ ရေးလိုက်၏။ အစပိုင်းတွင် အနည်းငယ် ကွေးကောက်နေသည်။ ထို့နောက်တွင်တော့ လက်ရေးက ငြိမ်လာသည်။ ထို့နောက် သူမက ရှန်ဖုန်းမင်၏ လက်ရေးကို အသေးစိတ် ကူးရေးဖို့ ကြိုးစားကြည့်လိုက်တော့သည်။
သူမသည် အလွန်စိတ်ဝင်တစားရေးနေလေသည်။ သူမ၏ခန္ဓာကိုယ်က ရှေ့သို့ အနည်းငယ်ညွှတ်နေပြီး သူမ၏မျက်ခုံးများက တွန့်ထားကာ သူမ၏နှုတ်ခမ်းများက တင်းနေအောင်ဖိထားပြီး သူမ၏နူးညံ့သည့် ဘေးတစ်ခြမ်းမျက်နှာနှင့် လည်တိုင်သွဲ့သွဲ့က လှပသည့်ကောက်ကြောင်းလေးတစ်ခု ဖြစ်နေတော့သည်။
ယန်ရှန့်သည် ဘေးတွင် ထိုင်ရင်း ရွှန်းရွှန်းစားစား ကြည့်နေလိုက်သည်။ မိန်းမလှလေးများသည် ဘရိုကိတ်သားနှင့် ပါးနီလိမ်းခြယ်ပြီး ကျောက်မြက် အနီအစိမ်းတို့ လွှမ်းထားကာ တိမ်ထဲတွင် ထိုင်နေရမည်ဟု အမြဲတမ်းတွေးခဲ့မိသည်။ သည်လိုယိုင်နဲ့နဲ့ အခန်းလေးထဲတွင် စိတ်ဝင်စားစရာတစ်ခုခု ရှိနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
သူသည် ကြည့်နေရင်းက မသိမသာ ပြောင်းလဲမှုတစ်ခုကို သတိထားမိသွားတော့သည်။ ကျန်းယွင်ကျူးရဲ့လက်မောင်းက ရှန်ဖုန်းမင်ရဲ့လက်မောင်းကို သွားထိနေတာလား။
သူ့ကိုယ်နေဟန်ထားက မပြောင်းလဲသော်လည်း သူ့မျက်လုံးများက ပိုပြီး တောက်ပလာလေသည်။
သူ့လေ့လာချက်အရဆိုရင် ထိနေတာပဲဖြစ်ရမယ်။ ဒီတွေ့ရှိချက်က အသေးအဖွဲတော့ မဟုတ်ဘူး။ အဲဒီလူက ရှန်ဖုန်းမင်လေ။ တခြားလူ မပြောနဲ့ သူက သူ့ကိုထိရင်တောင် အထင်သေးသလိုနဲ့ ပုတ်ခံလိုက်ရအုံးမယ်။ အခုကျတော့ ဘာတဲ့လဲ။
သူတို့လက်မောင်းတွေ ထိနေတာ သိနေကြသလား။
လေးထောင့်စားပွဲက လူခြောက်ယောက် ထိုင်နိုင်ရုံလောက်ပဲ ကြီးတာလေ။ ကျန်းယွင်ကျူးက လက်ရေးလှကို စိတ်ဝင်တစားလေ့ကျင့်နေတာဆိုတော့ သူ့လက်မောင်းက ဘာကိုထိနေမှန်း အာရုံမရတာ သဘာဝပဲ။
ရှန်ဖုန်းမင်ကတော့ သတိထားမိတယ်။ ကျန်းယွင်ကျူး ခုနတုန်းက လှုပ်လိုက်တုန်းက သူ့လက်မောင်းကို သူ သတိထားမိတယ်၊ ပထမဆုံးအကြိမ်အနေနဲ့ သူ့လက်မောင်းကို မသိမသာ နောက်ဆုတ်ပေးလိုက်သေးတယ်။ ဒုတိယတစ်ခါကျတော့ သူ့လက်ကို သိမ်းလိုက်တယ်။ လှုပ်ရှားပုံက ညင်သာပြီး ကျန်းယွင်ကျူးကို အနှောင့်အယှက် မဖြစ်ဘူး။ တတိယတစ်ခါကျတော့ သူ မလှုပ်တော့ဘူး။
ယန်ရှန့်သည် သူ့လှုပ်ရှားမှုများကို အလိုလို တွေ့နေရလေသည်။ သူသည် သူ့မျက်လုံးများကိုပင် မယုံနိုင်တော့ချေ။ သူ့လို နှစ်တစ်သောင်း ရေခဲတုံးကို ဉာဏ်အလင်းဖွင့်ပေးလိုက်တာလား။
ဒါက လူတွေကို မျက်ရည်ထွက်လောက်အောင် ပျော်သွားစေတာပဲ။ တန့်ယန်းမင်းသမီးသာ သိလို့ကတော့ အပျော်လွန်သွားလိမ့်မယ်။
သူသည် သူ့သူငယ်ချင်းလေးကို မည်သို့ အကူအညီပေးရမည့်အကြောင်း ဝေခွဲမရဖြစ်နေစဥ်မှာပင် အပြင်ဘက်က အသံတစ်သံကို ကြားလိုက်ရတော့သည်။
“အဒေါ်ချန် ယွင်ကျူးအိမ်မှာ ရှိလား” ရွှီချင်ရှန့်သည် ကုယန်ကျိူုးကို အပြင်မှ ခေါ်ဝင်လာခဲ့လေသည်။
“ဒီဖက်မှာ”
အမျိုးသမီးချန်က ခြံဝင်းထဲတွင် အင်္ကျီဟောက်းတစ်ထည်ကို ဖာထေးပေးနေလေသည်။ ထိုအသံကို ကြားလိုက်သဖြင့် သူမက မြန်မြန်ထရပ်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“ ဘာလဲဟင်၊ မင်း သူ့ကို ဘာကိစ္စတွေ့ချင်တာလဲ၊ ဪ ယန်ကျိုးလည်း ပါလာတာကိုး”
ကုယန်ကျိုးသည် ကုယုံသယ်၏သားဖြစ်သည်။ ကုယုံသယ်က ကျန်းမိသားစုကို အများကြီး ကူညီပေးခဲ့သည်။ ကုယန်ကျိုး ကိုယ်တိုင်ကလည်း စာသင်သားတစ်ယောက်ဖြစ်ကာ ချောမောလေသည်။ အမျိုးသမီးချန်က သူ့ကို သဘောကျမိခဲ့လေသည်။
“ ဟုတ်တယ်” ရွှီချင်ရှန့်က အလယ်ခန်းကို ကြည့်လိုက်၏။
အလယ်ခန်းတံခါး ပွင့်သွားလေသည်။ ကျန်းယွင်ကျူးက လေးထောင့်စားပွဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။ ဆန်ကုန်သည်နှစ်ယောက်လည်း ရှိနေသည်။ တစ်ယောက်က သူမနှင့် အလွန်နီးနီးကပ်ကပ်ထိုင်နေပြီး ကျန်တစ်ယောက်က သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ တောက်ပသည့်မျက်လုံးများနှင့် သူမကို ကြည့်နေလေသည်။ မကောင်းသည့် ရည်ရွယ်ချက်များ ရှိနေသည်မှာ ထင်ရှားလေသည်။
“အစ်ကိုရွှီ”
ကျန်းယွင်ကျူးက အသံကို ကြားလိုက်ပြီး ထရပ်လိုက်ရာ ရွှီချင်ရှန့်နှင့် ကုယန်ကျိုးတို့ကို တွေ့လိုက်ရတော့သည်။
သူမ၏အကြည့်မှာ တဒင်္ဂအတွင်း အေးခဲသွားတော့သည်။
ကုယန်ကျိုး။ သူမ သူ့ကို နှစ်ကြိမ်တွေ့ခဲ့ပြီးပြီ။ ပထမတစ်ကြိမ်တုန်းက ရွာသူကြီးအိမ် တံခါးရှေ့မှာ။ ဒုတိယတစ်ကြိမ်က သူနဲ့ရွာသူကြီးတို့ သူမအိမ်ကို ညစာလာစားကြတုန်းက။ နှစ်ကြိမ်လုံး ခဏလေးပဲ မြင်လိုက်ရတယ်။ အဲဒီတုန်းက သူက ပထမရ စာသင်သားအမှုထဲက လူဖြစ်မယ်လို့ လုံးမထင်ထားခဲ့ဘူး။
အခု သူ့ကို ကြည့်လိုက်မှ သူမ အများကြီးမတွေးဘဲ မနေနိုင်အောင် ဖြစ်သွားပြီ။
၁၁ရက်နောက်ပိုင်းက ဖြစ်ခဲ့တာတွေကြောင့် မဟုတ်ရင် သူက’တလောကလုံးမှာ နာမည်ကြီး’တဲ့ ပထမတန်းစား စာရေးသူပညာရှင်တစ်ယောက် ဖြစ်လာပြီး သူ့မိသားစုကလည်း ပျော်ရွှင်ပြီး သူ့အနာဂတ်ကလည်း တောက်ပနေမှာ။
ဒါပေမဲ့ အိပ်မက်ထဲမှာတော့ သူ့ဆွေမျိုးတွေက အရင်ဆုံး အသ-တ်ခံလိုက်ရတာပဲ။ ပြီးတော့ နောက်ဆုံး သူ့လည်း ရာထူးပြုတ်သွားတယ်။ လေးနှစ်နောက်ပိုင်းမှာ အရိုးထိအောင်နာကျင်ပြီး အံကြိတ်ရလောက်တဲ့ ဂုဏ်ပြုစာလိုမျိုး ရေးရတဲ့အထိဖြစ်သွားအောင် ဘယ်လိုဆင်းရဲဒုက္ခမျိုး ခံစားခဲ့ရတာလဲမသိဘူး။
နောက်ဆုံး သူ ဘယ်ကိုရောက်သွားခဲ့တာလဲ။ ဘယ်သူမှ မသိခဲ့ဘူး။ တော်ဝင်ရုံးတော်ထဲက အာဏာလုပွဲက အမြဲတမ်း အဆုံးစွန်အထိ ရက်စက်လာခဲ့တာ။ သူ ဇာတ်မြုပ်ပြီး နေနေတာလား။ ရှန်ဖုန်းမင်းကို ဖြုတ်ချဖို့ အခွင့်အရေးတစ်ခု ကိုစောင့်နေတာလား။ ဒါမှမဟုတ် အသ-တ်ခံလိုက်ရတာလား ဆိုတာကိုတော့ မသိခဲ့ရဘူး။
အဲလိုဆိုရင်တောင် ဆူးခင်းတဲ့လမ်းက သွေးအပြည့်နဲ့ပါပဲ။
အဲဒီအချိန်တုန်းက သူ အခုလိုပုံစံမျိုးတော့ မဟုတ်လောက်ဘူး။
အခုတဲ့လား။ ၁၁ရက်နောက်ကျရင် ဒီကံကြမ္မာကို ပြောင်းလဲနိုင်တာပဲ...
ကျန်းယွင်ကျူး၏ နှလုံးသားသည် သူမကိုယ်တိုင်အတွက်၊ ချန်ရှီရွာက လူအားလုံးအတွက် လေးလံသွားတော့သည်။
သူမသည် ကုယန်ကျိုးကို ဆက်တိုက်ငေးကြည့်နေမိလေသည်။ ကုယန်ကျိုးက ထိုအခြင်းအရာကို ထူးဆန်းသလို ခံစားလိုက်ရ၏။ ဒီကောင်မလေး လူတွေကို အဲလိုကြည့်ရတာ အရမ်းကြိုက်နေတာလား။ ဟိုတစ်ခါတုန်းကရောပဲ။ သူမက သူကို ခေါင်းအစ ခြေအဆုံး ကြည့်ခဲ့တယ်။ ဒီတစ်ခါကျတော့လည်း သူမက သူ့ကို ပိုပြီးတော့တောင် စိုက်ကြည့်နေလိုက်သေးတယ်။
ကုယန်ကျိုးသည် ချောမော့သည့်အမျိုးသားတစ်ယောက်ပင်။ ပုံမှန်အားဖြင့် သူ့ကို ခိုးခိုးကြည့်တတ်ကြသည့် မိန်းကလေးများစွာ ရှိလေသည်။ သို့သော် ကျန်းယွင်ကျူးလိုမျိုးတော့ အမှန်ပင်တစ်ယောက်မှ မရှိခဲ့ပေ။
သူကလည်း သူမကို နှစ်ကြိမ်လောက် ပြန်ကြည့်လိုက်၏။
ကျန်းယွင်ကျူးသည် သည်နေ့ သာမန်မီးခိုးရောင် အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာပေါ်တွင် မျက်နှာချေများ မလိမ်းထားသလို ခေါင်းပေါ်တွင်လည်း ဘာဆံထိုးမှ မရှိပေ။ သို့တိုင် သူမ၏ နက်မှောင်သည့်ဆံနွယ်ကို တစ်ဝက်တင်ကာ ချည်ထားလေသည်။ သူမတွင် ပန်းချီကားတစ်ချပ်သဖွယ် အသွင်သဏ္ဌာန်များနှင့် မှင်သက်အံ့ဩဖွယ်အလှတရားတစ်ခု ပိုင်ဆိုင်ထားသည်။
အတိအကျပြောရလျှင် သူမ၏မျက်ခုံးများက မသိမသာ တွန့်ချိုးနေလေသည်။ သူမ၏ တဖိတ်ဖိတ်လက်နေသည့် မျက်လုံးများထဲတွင် မဆုံးနိုင်သည့် အတွေးများ ရှိနေသယောင် လူတို့ကို သိချင်စိတ်များ ဖြစ်သွားစေလေသည်။
ဘေးတွင် ရပ်နေရင်းက ရွှီချင်ရှန့်သည် ကျန်းယွင်ကျူးနှင့် ကုယန်ကျိုးတို့ကြားတွင် ဝေ့ကြည့်လိုက်လေသည်။ သူသည် အလွန်ကျေနပ်သွားတော့သည်။
သူက ပျော်နေချိန်တွင် တစ်စုံတစ်ယောက်ကတော့ မပျော်နိုင်ပေ။ ယန်ရှန့်က ကုယန်ကျိူးကို ကြည့်ကာ မသိမသာ မျက်မှောင်ကျုံ့သွားတော့သည်။ ဒီလူက အသွင်အပြင်အရ ရှင်းသန့်ပြီး ချောမောတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေတာ ငြင်းလို့တော့မရဘူး။ ဒါပေမဲ့....။ သူသည် စိတ်ရှုပ်လာပြီး သူ့လက်မောင်းနှင့် ရှန်ဖုန်းမင်ကို တွတ်ထိုးလိုက်လေသည်။
ရှန်ဖုန်းမင်လည်း ကုယန်ကျိုးကို ကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် ဘာမူမမှန်မှုကိုမှ မတွေ့ရသယောင်။
“ဝင်လာလေ ထိုင်ကြအုံး” အမျိုးသမီးချန်က ပြောလိုက်၏။
ရွှီချင်ရှန့်နှင့် ကုယန်ကျိုးတို့က အခန်းထဲဝင်လာကြလေသည်။
“ဒါက”
ရွှီချင်ရှန့်သည် အခန်းထဲက လေးထောင့်စားပွဲပေါ်တွင် စာရွက်များနှင့် စုတ်တံများကို တွေ့လိုက်ရသောအခါ မေးလိုက်တော့သည်။
“ ဒီလူကြီးမင်းက ယွင်ကျူးနဲ့ ကလေးတွေကို စာသင်ပေးနေတာပါ” အမျိုးသမီးချန်က ရှင်းပြလိုက်၏။
“ ဪ အဲလိုကိုး၊ ယွင်ကျူးနဲ့ ကလေးတွေက စာဖတ်သင်ချင်တယ်ဆိုရင် သူတို့တွေ ယန်ကျိုးဆီမှာလည်း သင်လို့ရတယ်လေ၊ ဘာလို့ မြို့တော်က လူကြီးမင်းနှစ်ယောက်ကို အနှောင့်အယှက်ပေးမှာလဲ၊ ပြီးတော့ သူတို့တွေက ဒီမှာ အကြာကြီးနေကြမှာလည်း မဟုတ်ဘူးလေ ဟုတ်တယ်မလား” ရွှီချင်ရှန့်က ပြောလိုက်၏။
ယန့်ရှန့်က ထိုစကားကို ကြားလိုက်သည်နှင့်ချက်ချင်း သူ့မျက်ခုံးများကို ပင့်လိုက်မိလေသည်။ ဒီစကားက သူတို့ကို တိုက်ရိုက်ပြောနေတာလို့ ဘာလို့ ခံစားနေရတာလား။
”ဟုတ်တယ်မလား” သူက ကုယန်ကျိုးကို မေးလိုက်လေသည်။
အမျိုးသမီးချန်က နှစ်ဖက်ကို မိတ်ဆက်ပေးလိုက်၏။ စာပေတွင် ထူးချွန်သည့် ကျောင်းသား ကုယန်ကျိူး။ မြို့က ဆန်အရောင်းအဝယ်လာလုပ်တဲ့ လူကြီးမင်းနှစ်ယောက် ယန်ရှင့်နှင့် ရှန်ဖုန်းမင် ဟူ၍။
“ ဪ ပညာသင်ကျောင်းသားကိုး၊ ဒီလိုဆိုရင် နောက်နှစ်စာမေးပွဲ ဖြေဖို့ အိမ်မှာ စာကြိုးစားပြီး လေ့လာသင့်တာပေါ့၊ တခြားသူတွေကို စာသင်ပေးဖို့ ဘယ်လိုလုပ်အချိန်ရမှာလဲ” ယန်ရှန့်က ပြုံးကာ ပြောလိုက်လေသည်။
ရွှီချင်ရှန့်မှာ ထိုစကားကို ကြားလိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားတော့သည်။ သူက ကျန်းယွင်ကျူးကို သူတို့နှစ်ယောက်နဲ့ ဝေးဝေးထားချင်တာပဲ သိခဲ့တာ။ ဒါပေမဲ့ ကုယန်ကျိုးမှာ အချိန် မရှိတာ မေ့သွားခဲ့တာပဲ။
ကုယန်ကျိုးက ပြုံးလိုက်၏။ သူသည် သည်လူကြီးမင်းနှစ်ယောက်၏ နောက်ခံကို မသိသော်လည်း သူ့ဝမ်းကွဲအစ်ကိုကြီးကိုတော့ သေချာပေါက် ကူညီချင်ခဲ့သည်။ ထို့ကြောင့် သူက ပြောလိုက်လေသည်။
“ စာမေးပွဲဝင်ဖြေတယ်ဆိုတာက ရုံးတော်ကို အလုပ်အကျွေးပြုဖို့ပါ၊ ဆွေမျိုးနဲ့ အိမ်နီးချင်းတွေကို ကူညီပေးတာကလည်း စောင့်ရှောက်ပေးရမဲ့အလုပ်လေးတစ်ခုပဲလေ၊ ကျွန်တော့်မှာ ဒီလို သေးသေးလေးတွေကိုတောင် လုပ်မပေးနိုင်ရင် ကိစ္စကြီးတွေလုပ်ဖို့အကြောင်း ဘာလို့ ပြောနေအုံးမှာလဲ။
ပြီးတော့ လူတွေကို စာအရေးအဖတ် သင်ပေးတာက အဟောင်းကို ပြန်လေ့လာပြီး အသိပညာကို ဉာဏ်သစ်လောင်းတာပဲလေ၊ ပြောလို့မရဘူး ဆရာ့စကားတွေထဲ တကယ့်အဓိပ္ပာယ်တွေကိုတောင် ပိုပြီးနားလည်လာအောင် အထောက်အကူဖြစ်ချင် ဖြစ်အုံးမှာ။
ဒီက လူကြီးမင်းရော အဲလိုမထင်ဘူးလား”
သူသည် လူများကို ထိန်းချုပ်ရန် ကြီးမားသည့်အခြေခံသဘောတရားများကို အသုံးချလိုက်လေသည်။ ယန်ရှန့်မှာ အမှန်ပင် ပြန်မချေပနိုင်တော့ပေ။ ထင်တောင်မထားဘူး။ ဒီလူက နွေးထွေးတယ်လို့ ထင်ရပေမဲ့ သူ့စိတ်ကတော့ ထက်မြက်တာပဲ။
“ကျွန်တော်က ခင်ဗျားရဲ့အချိန်ကို အလကားဖြုန်းမိမှာစိုးလို့ပါ” သူက ပြန်ပြောလိုက်၏။
“ အချိန်ဖြုန်းသလို မဖြစ်ပါဘူး၊ မဟုတ်ရင်လည်း ဒီလောက်အလုပ်များတဲ့ နယ်ပယ်က ဆန်ကုန်သည် နှစ်ယောက်က လူတွေကို စာအရေးအဖတ် သင်ပေးဖို့ ဘယ်လိုလုပ်ပြီး အချိန်ရှိမှာလဲ၊ ဒီလို ကြည့်ရင် ဒါက တကယ်အချိန်အများကြီး မပေးရပါဘူး” ကုယန်ကျိုးက ပြန်ဖြေလိုက်လေသည်။
ယန်ရှန့်မှာ နင်သွားတော့သည်။ သူဘယ်လို ပြန်ပြောရမလဲ။ အချိန်ပေးရတယ်လို့ ပြောမယ်ဆိုရင်ကော။ ဒါဆိုရင် သူတို့တွေက ဒါကို အချိန်မပေးရဘူးလို့ ဘာလို့ မထင်ခဲ့ကြတာလဲ။ အချိန် မပေးရဘူးလို့ ပြောရင်ကော။ ဒါဆိုရင် ကုယန်ကျိုးရဲ့စကားကို သဘောတူသလိုဖြစ်သွားမှာမလား။ ကုယန်ကျိုးက သူ့ကိစ္စနဲ့ သူ့ကို ပြန်မပြောနိုင်အောင် လုပ်ခဲ့တာပဲ။
ယန်ရှန့်မှာ စိတ်လှုပ်ရှားသွားတော့သည်။ အံ့ဩစရာပဲ။ ဒီလိုပဲ ဖြစ်သင့်တာပဲ။ ကုယန်ကျိုးက သူ့ကို အကြောင်းပြချက်တွေနဲ့ ချက်ကျလက်ကျပြောခဲ့တာပဲ။ သူ ကုယန်ကျိုးနဲ့ ယှဥ်မငြင်းနိုင်ဘူးဆိုတာတော့ မယုံဘူး။
သည်အခိုက်တွင် တည်ငြိမ်အေးဆေးသည့်အသံတစ်ခုက ပြောလိုက်လေသည်။
“ ဒီကိစ္စကို မိန်းကလေးကျန်းနဲ့ တခြားသူတွေက ဆုံးဖြတ်လို့ရပါတယ်”
ရှန်ဖုန်းမင်ပင်။
ယန်ရှန့်နှင့် ကုယန်ကျိုးတို့သည် ထိုစကားကို ကြားလိုက်ရသောအခါ အံ့ဩသွားကြတော့သည်။ သူတို့တွေ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်ကြတယ်လေ။ ဘာလို့ ငြင်းခုန်နေမှာလဲတဲ့။ စာသင်မဲ့သူတွေက ကျန်းယွင်ကျူးနဲ့ ကလေးတွေပဲ။ သူတို့ သင်ချင်တဲ့သူဆီက သင်လို့ရတယ်လေ။ သူတို့တွေက ဖိအားလုပ်ချင်လို့ မရဘူးမလား။ အဓိပ္ပာယ်မရှိဘူးလေ။
ကုယန်ကျိုးက လက်သီးဆုပ်လိုက်ပြီး ရှက်စိတ်ကို ဖုံးကွယ်ရန် ခြောက်ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်တော့သည်။ အားနာလိုက်တာဗျာ။
ယန်ရှန့်က အော်ရယ်လိုက်၏။ သူ မေ့သွားတာပဲ။ သူ့ခေါင်းဆောင်ကတော့ စကားမပြောရင်လည်း တစ်ခွန်းမှ မပြောဘူး။ ပြောပြီဆိုရင်လည်း လူကို နင်ပြီး သေသွားအောင် ပြောနိုင်တယ်။
ရှန်ဖုန်းမင်က သူ့ကို လှမ်းကြည့်လိုက်၏။
ယန်ရှန့်က ရုပ်ပြန်တည်သွားပြီး ထိုင်ချလိုက်လေသည်။
ဒီတော့ အခုက မေးခွန်းက ကျန်းယွင်ကျူးဘက် ရောက်သွားပြီ။ သူမက ဘယ်သူ့ဆီက စာရေးနည်း သင်ချင်တာလဲတဲ့။ အင်းပေါ့ ကုယန်ကျိုးပဲပေါ့။ ဒါပေမဲ့ ယန်ရှန့်နဲ့ နောက်တစ်ယောက်က အိမ်မှာ နေနေတာလေ။ သူမ ကုယန်ကျိုးကို အများကြီး ဆွဲမထည့်ချင်ဘူး။ တစ်ခုခုပြောင်းလဲသွားပြီး အိပ်မက်ထဲက ကိစ္စတွေကလည်း ပြောင်းလဲသွားခဲ့ရင် သူမ အံ့ဩသွားရလိမ့်မယ်။
စာသင်တဲ့ကိစ္စကိုတော့ ဒီအတိုင်းပဲ ထားလိုက်ရတော့မှာပဲ။
ရွှီချင်ရှန့်သည် သည်နေ့ သူရောက်လာသည့် အကြောင်းအရင်းကို ပြောလိုက်လေသည်။ ကျန်းယွင်ကျူး ပြောခဲ့တယ်မလား။ လှည်းအငှားလိုက်ရင် လစဥ်ကြေးတစ်ခု လုပ်လို့ရတယ်ဆိုပြီးတော့လေ။ သူ ဒီကိစ္စကို ဘယ်လိုအကောင်အထည် ဖော်ရမလဲလို့ သူမနဲ့ တိုင်ပင်ချင်တာ။ ဒီကိစ္စမှာလည်း သူတို့တွေက တစ်ခုခု ချရေးစရာလိုရင် ကုယန်ကျိုးရဲ့ အကူအညီလိုတယ်လေ။
သည်စိတ်ကူးကို ကျန်းယွင်ကျူး၏စိတ်ထဲတွင် စဥ်းစားထားပြီးသားပင်။ သူတို့တွေ သစ်သားပြားလေးတစ်ခု လုပ်ထားပြီး အပေါ်မှာ နာမည်နဲ့ ရက်စွဲ ရေးထားရင် ရပြီလေ။ တကယ်တော့ သူတို့တွေ ဂဏန်းတစ်ကနေ သုံးဆယ်အထိရေးထားတဲ့ သစ်သားပြားနောက်တစ်မျိုးလည်း လုပ်လို့ရတယ်။ ဧည့်သည်က တစ်ခါ သုံးလို့ကုန်သွားပြီးဆိုရင် ဂဏန်းအငယ်လေးတွေပါတဲ့ သစ်သားပြားတစ်ခုလေးတစ်ခုနဲ့ အစားထိုးပေးလို့ရတယ်။
တကယ်တော့ ဒါကို လစဥ်ကြေးလို ပြောလို့မရဘူး။ ဝယ်ယူတဲ့ပမာဏလို့ပြောရမယ်။ သဘောက သူတို့တွေ တစ်ကြိမ်ထဲနဲ့အများကြီး ဝယ်ရင် ပိုပြီးသက်မယ်ပေါ့။ ခေတ်သစ်ပိုက်ဆံကတ်နဲ့ အတူတူပဲ။
ရွှီချင်ရှန့်သည် ဒုတိယနည်းလမ်းက ပိုကောင်းပြီး အလုပ်ရှုပ်သက်သာသည်ဟု ခံစားမိသည်။
သည်ကိစ္စတိုင်ပင်ပြီးနောက် ရွှီချင်ရှန့်နှင့် ကုယန်ကျိုးတို့က နှုတ်ဆက်ပြီး ပြန်သွားကြတော့သည်။
စာသင်ခြင်းကတော့ မပြီးသေးချေ။ ထို့ကြောင့် ကျန်းယွင်ကျူးက ဆက်ပြီး စာရေးကျင့်လိုက်လေသည်။
အချိန်တစ်ခု ကြာပြီးသွားသည့်နောက်တွင် အသံတစ်ခုက မေးလာ၏။
“ မိန်းကလေးကျန်း မင်းရဲ့လက်ရှိဘဝကို ကျေနပ်လား”
ဒါက ဘာအဓိပ္ပာယ်လဲ။ ကျန်းယွင်ကျူးက ခေါင်းမော့လိုက်သောအခါ ရှန်ဖုန်းမင်သည် အနက်ကို မြင်နိုင်ရန် ခက်ခဲ့သည့် နက်ရှိုင်းလှသည့်စမ်းချောင်းတစ်ခုကဲ့သို့သော မျက်လုံးများနှင့် သူမကို ကြည့်နေလေသည်။
လေပြေလေးက ဖြည်းညင်းစွာ ဝင်လာပြီး သူ့နားသယ်စပ်က ဆံပင်ကို မှုတ်ထုတ်လိုက်လေသည်။ ရုတ်တရက်ဆိုသလို ကျန်းယွင်ကျူးကို သဘောပေါက်သွားစေတော့သည်။ အိပ်မက်ထဲက အန်းဖင်နယ်စားအိမ်တော်မှာ ရှိတုန်းကနဲ့အတူတူပဲ ။ သူက သူမကို ဒီလိုမေးခွန်းမျိုး မေးခဲ့ဖူးတယ်လေ။
...
အပိုင်း (၂၇.၁)
ကျန်းယွင်ကျူးက သေသေချာချာ ပြန်စဥ်းစားကြည့်လိုက်လေသည်။ တကယ်ပဲ သူ မေးခဲ့ပါတယ်။ အဲဒီတုန်းက သူမ ဘယ်လိုပြန်ဖြေခဲ့ပါလိမ့်။ ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် သူမ ဒါကို သဘောကျတယ်လေ။
အခုကျတော့ရော သူက ဘာလို့ ဒီမေးခွန်းကို ထပ်မေးနေတာလဲ။ ဧကန္တ ချီလင်ကိုယ်ရံတော်တွေက လူတွေရဲ့ပျော်ရွှင်မှုကိုလည်း စုံစမ်းဖို့ အချိန်ပိုင်းအလုပ်လုပ် နေကြတာလား။
သူမသည် ခဏလောက်စဥ်းစားလိုက်ပြီး
“ ကျွန်မ ဒီဘဝကို သဘောကျပါတယ်၊ အခုတော့ နည်းနည်းခါးသီးတဲ့ ဘဝဆိုပေမဲ့ နောက်ပိုင်းကျရင် အဆင်ပြေသွားမှာပါ”
ရှန်ဖုန်းမင်က သူမကို အနီးကပ် ငေးကြည့်နေရာ သူမ၏နှလုံးသားထဲသို့ ဝင်ကြည့်နေသလိုပင်။
ကျန်းယွင်ကျူးက အလွန်ဖြူစင်သည့်အကြည့်တစ်ခုကို မြန်မြန်ဆောင်ထားလိုက်တော့သည်။ အိပ်မက်ထဲမှာ အန်းဖင်နယ်စားအိမ်တော်မှာ နေရတုန်းကထက် ပိုကောင်းတယ်လို့ တကယ်ပဲ ခံစားရတယ်လေ။ အနည်းဆုံးတော့ အခုချိန်မှာ သူမက လွတ်လပ်တဲ့သူတစ်ယောက်ပဲ။ လူတစ်ယောက်က အရာတစ်ခုကို ဆုံးရှုံးလိုက်ရမှပဲ သူ့တန်ဖိုးကို သိလာမှာကိုး။
“မိန်းကလေးကျန်း ကျွန်တော်တို့နဲ့ မြို့တော်ကို မလိုက်ခဲ့ချင်ဘူးလား”
ယန်ရှန့်က နားစွင့်ရင်း နားထောင်နေခဲ့လေသည်။ သူက မြန်မြန် မေးလိုက်၏။
ကျန်းယွင်ကျူး ပြန်မဖြေရသေးခင်မှာပင် သူက ထပ်ပြောလိုက်ပြန်သည်။
“ မင်း မြို့တော်ကို မရောက်ဖူးဘူးမလား၊ မြို့တော်က အရမ်းစည်ကားပြီး စည်ပင်ဝပြောတာ၊ ပိုင်မာဘုရားကျောင်းက မေပယ်လ်ရွက်တွေ၊ ချန်စုန်းတံတားပေါ်က တောက်ပနေတဲ့လမင်း၊ ပြန့်ဟယ်မြစ်ထဲက မိုးမခပင်တွေ၊ ကျန်းယွင်ထိုက်က ကြာပန်း အားလုံးက ထူးခြားတာတွေချည်းပဲ။
ယွမ်ရှင်းကျွီက အမဲသား၊ လိကျီက ပေါင်မုန့် နဲ့ ဟုန်ယန့်လိုက ဝက်ဒူးဆစ်သား လည်းရှိသေးတယ်၊ မင်း အဲဒါကို စားပြီးရင် ထပ်စားချင်သွားမယ်လို့ ကျွန်တော် အာမခံတယ်”
ယွမ်ရှင်းကျွီက အမဲသားက တကယ်အရသာရှိတာပဲ။ အိပ်မက်ထဲတွင် ကျန်းယွင်ကျူးနှင့် လင်ထင်အန်းတို့သည် မြို့တော်သို့ တစ်ကြိမ်နှစ်ကြိမ်လောက် ရောက်ခဲ့ပြီး သူ့အမဲသားကို စားခဲ့ဖူးသည်။ အခုအချိန်တွင် ထိုအကြောင်းစဥ်းစားလိုက်မိရာ ပါးစပ်ထဲတွင် သွားရည်များ ထွက်လာတော့သည်။
အခွင့်အရေးတစ်ခု ရလာရင်တော့ သူမ မြို့တော်ကို သွားပါအုံးမယ်။ ဒါပေမဲ့ ယန်ရှန့်၊ ရှန်ဖုန်းမင်တို့နဲ့ သွားဖို့ကတော့လား။ ထားလိုက်ပါတော့။
သူမက ခေါင်းခါပြလိုက်၏။
ယန်ရှန့်သည် ဆွံ့အသွားတော့သည်။ သူ့သဘောအရတော့ သူတို့နဲ့အတူတူ မြို့တော်ကို လိုက်ခဲ့တာက ဒီလိုဆင်းရဲတဲ့တောင်ပေါ်ရွာလေးမှာ နေတာထက် အဆတစ်ထောင်မက ပိုကောင်းတယ်မလား။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းယွင်ကျူးသည် ခါတိုင်းလိုပင် မနက်စာ ရောင်းရန် ဆိုင်သွားဖွင့်လိုက်သည်။
သည်နေ့ သူမသည် အသားနပ်နှင့် ပန်ကိတ် အများကြီး လုပ်လာခဲ့သည်။
မနေ့က အသားပန်ကိတ် မစားလိုက်ရသည့် ဧည့်သည်များက သည်နေ့ တမင်သက်သက် စောစောလာခဲ့ကြသည်။ အသားပန်ကိတ်ကို ဝယ်လိုက်ပြီးနောက် သူတို့က ဟူလထန်းနှင့် တွဲစားကြသည်။ အမှန်ပင် ဘဝထဲက ပျော်ရွှင်မှုကြီးတစ်ခု ဖြစ်တော့သည်။
သို့သော် ကျန်းယွင်ကျူးက တောင်ပေါ်ကို တည့်တည့်ကြည့်လိုက်၏။ သာမန်ဧည့်သည်တွေက ဒီနေ့ရဲ့ အသားပန်ကိတ်တွေကို ကုန်အောင် မစားနိုင်ကြဘူးလေ။ မဟုတ်မှလွဲရော ဒုစစ်သူကြီးကျောက်နဲ့ တခြားသူတွေ ဒီနေ့ လာမစားမှာတော့ မဟုတ်ဘူးမလား။
သူမသည် စဥ်းစားနေတုန်းမှာပင် လူတစ်ယောက်က ဆင်းလာလေသည်။ မနေ့က မျက်နှာရှည်နှင့် စစ်သားပင်။
“ ရှင် ဒီနေ့လည်း ထပ်ပြီး စောစောဆင်းလာတဲ့ပုံပဲ”
ကျန်းယွင်ကျူးက သူကို အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်၏။
“ သူဌေးရဲ့ အသားပန်ကိတ်က အမြန်ကြီးရောင်းလို့ကုန်သွားမှာ စိုးလို့လေ၊ ကျွန်တော် အသားပန်ကိတ်တွေ ဝယ်မသွားနိုင်ရင် ပြန်သွားတဲ့အခါ အဆဲခံရလိမ့်မယ်” မျက်နှာရှည်နှင့်စစ်သားက သက်ပြင်းချလိုက်၏။
သူ မနေ့က အဆဲခံလိုက်ရတယ်လေ။ လူရှစ်ယောက်နဲ့ အသားပန်ကိတ် ၁၉ခု။ သူတို့တွေ တစ်ယောက်မှ ဗိုက်မပြည့်ခဲ့ကြဘူး။
“ဒီနေ့တော့ အသားပန်ကိတ်တွေ လုံလုံလောက်လောက် ရှိပါတယ်” ကျန်းယွင်ကျူးက ပြောပြလိုက်၏။
မျက်နှာရှည်နှင့်စစ်သားက သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး
“ အသားပန်ကိတ် အခု၄၀၊ ပြီးတော့ ဟူလထန်း ၁၀ပွဲ”
မနေ့ကထပ် စားတဲ့သူနှစ်ယောက် ပိုလာတာပဲ။ ကျန်းယွင်ကျူးမှာ အလွန်ပျော်သွားတော့သည်။ အမျိူးသမီးချန်နှင့်အတူ သူမသည် သူ့အတွက် ချက်ပြုတ်ပေးလိုက်လေသည်။
အားလုံးကို ထုပ်ပိုးပေးလိုက်ပြီးနောက် မျက်နှာရှည်နှင့်စစ်သားက စာရွက်အပိုင်းစလေးတစ်ခုနှင့် ငွေစတချို့ကို ထုတ်လိုက်၏။
“ ဒါက နေ့လယ်စာအတွက် အမှာစာတွေပါ၊ ငွေပမာဏကို ဟင်းပွဲနဲ့အတူတူ ရေးထားပေးတယ်၊ ဒါနဲ့ သူဌေး ညနေပိုင်းရော ရောင်းသလား”
ဒုစစ်သူကြီးကျောက်နှင့် တခြားသူများသည် နေ့လယ်ခင်းတွင် အရသာအလွန်ရှိလှသည့် ဟင်းကို စားခဲ့ကြသည်။ ညပိုင်းတွင် သူတို့သည် မျိုချရသည်မှာ အလွန်ခက်ခဲလှသည့် ထမင်းစားခန်းက ချက်ပေးသည့် မှန်ကြည်စွပ်ပြုတ်ကို သောက်ခဲ့ရလေသည်။ သူသည် မျက်နှာရှည်နှင့် စစ်သားကို ကျန်းယွင်ကျူးအား မေးပေးရန် မနေ့က ပြောခိုင်းချင်ခဲ့သော်လည်း မေ့သွားခဲ့ခြင်းပင်။
“ ထမင်းတနပ်စာ ရောင်းတာက အခုလောလောဆယ်တော့ စမ်းသပ်ကာလပဲ ရှိသေးတာလေ၊ ကျွန်မတို့တွေ ညနေပိုင်းမှာ မရောင်းပါဘူး၊ ရက်နည်းနည်းလောက် ကြာရင်တော့ ကျွန်မတို့တွေ အားလုံးကို ပြင်ဆင်ပြီးမှပဲ ရောင်းပါတော့မယ်၊ မဟုတ်ရင် တစ်ခုခု လွဲချော်သွားရင် မကောင်းဘူးလေ”
ကျန်းယွင်ကျူးက ပြန်ပြောလိုက်လေသည်။
သူမက ယဥ်ယဉ်ကျေးကျေးနှင့် လက်တွေ့ကျကျ ပြောလိုက်သည်။ မျက်နှာရှည်နှင့် စစ်သားကလည်း သူမကို အခက်တွေ့အောင် မလုပ်တော့မည်မှာ သဘာဝပင်။
“ဒါဆို မင်း ညနေပိုင်း ရောင်းတဲ့အခါကျရင် သူ့ကို သေချာပေါက်ပြောရမယ်နော်” သူက ထိုသို့သာ ပြောလိုက်တော့သည်။
“ဒါပေါ့ရှင့်” ကျန်းယွင်ကျူးက သဘောတူလိုက်၏။
မျက်နှာရှည်နှင့်စစ်သားက နောက်တစ်ခုကို သတိရသွားပြီး
“ ပြီးခဲ့တဲ့အခေါက်တုန်းက သူဌေး အသားနှစ်မျိုးနဲ့ အသီးအရွက်တစ်မျိုး ထမင်းဘူးအကြောင်းကို ကျွန်တော်တို့ ဒုစစ်သူကြီးကို ပြောလိုက်သေးသလား”
အဲဒါကို သူစားချင်နေတာလေ။ သူ့လစဥ်ငွေသားက ဒုစစ်သူကြီးကျောက်နဲ့ တော့မယှဥ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့မှာ နေ့တိုင်း ဒုစစ်သူကြီးကျောက် စားနေတာကိုပဲ ကြည့်နေရတယ်။ အနံ့နဲ့တင် သူ့မှာ သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် သူ ဒီအကြောင်း မေးရတော့မယ်။
ပြီးခဲ့အခေါက် ကျန်းယွင်ကျူး ပြောပြခဲ့တုန်းက ဒီထမင်းတစ်နပ်စာက စျေးကြီးမဲ့ပုံမပေါ်ဘူး။
“ ဒါကိုလည်း ရက်နည်းနည်းတော့ စောင့်ရအုံးမယ်ရှင့်” ကျန်းယွင်ကျူးက တောင်းပန်လိုက်လေသည်။
“ကောင်းပြီလေ” ဒါဆိုလည်း စောင့်တာပေါ့။
သူ စိတ်ပျက်သွားသည်ကို တွေ့လိုက်သဖြင့် ကျန်းယွင်ကျူးက စိတ်ပြောင်းသွားတော့သည်။
“ကျွန်မ ရှင့်ကို နေ့လယ်စာအတွက် ဧည်သည်တွေ စားချင်တဲ့ထဲက တစ်ယောက်စာလောက် ပေးမယ်လေ”
“ ရပါတယ်ဗျာ၊ တကယ်ပါ ” မျက်နှာရှည်နှင့် စစ်သားသည် မျက်နှာပေါ်တွင် အံ့ဩရိပ်နှင့် ရေရွတ်လိုက်လေသည်။
“ ရှင် ပြေးလွှားနေရတာ အရမ်းပင်ပန်းမှာပဲလေ၊ဒါက ကျွန်မရဲ့စေတနာလေးပါ”
ကျန်းယွင်ကျူးက ပြောလိုက်၏။ မျက်နှာရှည်နဲ့ စစ်သားက နေ့တိုင်း သူမရဲ့စီးပွားရေးကို စောင့်ရှောက်ပေးခဲ့ရတာလေ။ သူက မဝယ်စားဘူးဆိုပေမဲ့ တာဝန်ယူပေးထားရတာကိုး။ သူသည် သူမကို အခက်တွေ့အောင်လုပ်ချင်ရင် သူမလည်း စီးပွားရေး ဆက်လုပ်လို့ရမှာမဟုတ်ဘူး။
သူ့ကို အချိုနည်းနည်းပေးလိုက်ရင် အားလုံးအတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားပြီပေါ့။
မျက်နှာရှည်နှင့် စစ်သားက နှစ်ခါလောက် ငြင်းလိုက်ပြီးမှ ဝမ်းသာအားရ သဘောတူလိုက်တော့သည်။
နေ့လယ်ခင်းတွင် နေ့လယ်စာ လာယူဖို့ ချိန်းလိုက်ပြီးနောက် သူသည် သူ့ပစ္စည်းများကို ယူကာ လှည့်ပြန်သွားတော့သည်။ ရုတ်တရက် သူက တစ်ခုခုကို သတိရသွားပြီး ကျန်းယွင်ကျူးကို လေသံတိုးတိုးနှင့် လှည့်ပြောလိုက်လေသည်။
“မိန်းကလေး မင်းလည်း လွယ်တာမဟုတ်ဘူး၊ ငါမင်းကို တစ်ခု ပြောပြမယ်၊ ဒီနေ့ ရောင်းပြီးရင် စောစောပြန်တော့”
“ရှင်” ကျန်းယွင်ကျူးသည် အံ့ဩသွားတော့သည်။
“ဒီနေ့ လူတွေကို တောင်အောက်လွှတ်ပြီး သံသယရှိသူတွေကို ဖမ်းခိုင်းမယ်လို့ ကျွန်တော် ကြားထားတယ်” မျက်နှာရှည်နှင့်စစ်သားက ရှင်းပြလိုက်လေသည်။
ဝမ်ပင်းက ရှန်ဖုန်းမင်ကို တကယ်ကြောက်နေတာပဲ။ သူ မနေ့ကလည်း မိုင်းတွင်းတစ်ခုလုံးကို ရှာခိုင်းခဲ့ပြီးပြီ၊ ဒါပေမဲ့ သံသယရှိတဲ့သူတစ်ယောက်မှ မတွေ့ဘူးတဲ့။ ဒါတောင် သူက စိုးရိမ်ပြီး ဒီနေ့ တောင်ခြေမှာ နေရာတိုင်းကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်သေးတယ်။
ကျန်းယွင်ကျူးသည် ရင်တုန်သွားတော့သည်။ သို့သော် သူမ၏မျက်နှာပေါ်တွင်တော့ မပြသလိုက်ချေ။ သူမက သည်အတိုင်း ပြောလိုက်တော့သည်။
“ ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မ ဒီနေ့ စောစောပြန်လိုက်ပါ့မယ်”
မျက်နှာရှည်နှင့် စစ်သားက ပြုံးပြကာ ထွက်သွားလေသည်။
ကျန်းယွင်ကျူးက သူ့ကျောပြင်ကို ကြည့်ပြီး ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့အား ထိုအကြောင်း ပြောရကောင်းနိုးနိုး တွေဝေနေတော့သည်။ ရှန်ရှီရွာက မိုင်းတွင်းနဲ့ အရမ်း နီးတယ်လေ။ အစောင့်စစ်သားတွေ အဲဒီမှာလည်း သွားရှာနေမလားပဲ။
၁၀ရက်နောက်ပိုင်းမှာ ဖြစ်သွားမဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူမကို သူတို့နဲ့ ယှဥ်မတိုက်ခိုက်နိုင်ဘူးဆိုတော့ အခြေအနေကို နဂိုရှိတဲ့အတိုင်း ထားဖို့ ကြိုးစားရလိမ့်မယ်။ ဆောင်းရာသီ ပထမဆုံးရက်မှာ ရွာထဲက လူတွေကို လူတွေကို ကပ်ဘေးကနေ ရှောင်ရှားနိုင်ဖို့ စီရင်စုမြို့ကို သွားအောင် ပရိယာယ်ဆင်ရမယ်။
ကိစ္စက ဒီလိုဖြစ်လာပြီလာပြီဆိုတော့ ဒီကိစ္စကို စဥ်းစားရတော့မှာပဲ။ သူမ ချန်ရှီရွာကို မလာခဲ့ရင်ကော ယန်ရှန့်နဲ့ ရှန်ဖုန်းမင်တို့ ဘာဖြစ်သွားမှာလဲ။ သူတို့တွေ ရွာမှာ တစ်ညလောက်တော့နေမှာပဲ။ ဒါပေမဲ့ အကြာကြီးတော့ မနေလောက်ဘူး။ ဒါမှမဟုတ် သူတို့တွေ ရွာထဲမှာ နေလိမ့်မယ်။ နောက်ဆုံး ပတ်ဝန်းကျင်ကလည်း အထိန်းအကွပ်မဲ့သွားလိမ့်မယ်။
ကျန်းယွင်ကျူးသည် နားမလည်နိုင်သေးချေ။ နောက်ဆုံးတွင် သူမသည် တစ်ချက်ကို စဥ်းစားမိသွားတော့သည်။ သူမက ဘာလို့ ဆုံးဖြတ်ရမှာလဲ။ သူမက ဒီသတင်းကို ယန်ရှန့်နဲ့ ရှန်ဖုန်းမင်တို့ကိုပဲ ပြောပြလိုက်ရုံပဲလေ။ လူတွေရဲ့ရွေးချယ်မှုက တခါတလေ ဘဝတစ်ခုပဲ။ သူတို့တွေကိုပဲ ရွေးချယ်ခိုင်းလိုက်တာပေါ့။ အိပ်မက်ထဲကလိုမျိုး တူညီတဲ့ရလဒ်မျိုးလည်း ဖြစ်နိုင်ချေအများကြီး ရှိတာပဲ။
စိတ်ထဲတွင် ထိုသို့ ဆုံးဖြတ်လိုက်ပြီး စိုးရိမ်စိတ်နှင့် အိမ်ပြန်လာခဲ့တော့သည်။ သူမသည် ဟူလထန်းကို ရောင်းချိန်ကလည်း ဧည့်သည်များအတွက် အမြဲတမ်း အပြည့်ထည့်ပေးခဲ့သည်။ လျှံလုနီးနီးပင်။ ထို့အပြင် မျက်နှာရှည်နှင့်စစ်သားကလည်း အများကြီးဝယ်သွားခဲ့သည်။ သည်နေ့ မနက်စာက မြန်မြန်ဆန်ဆန် ရောင်းထွက်သွားခဲ့သည်။
မနက် ၇နာရီမတိုင်ခင် နာရီဝက်တွင် အစားအသောက်အားလုံး ရောင်းထွက်သွားတော့သည်။
ထင်ထားသည့်အတိုင်းပင် ရွှီချင်ရှန့်သည် သည်နေ့တော့ ပေါ်မလာခဲ့ချေ။ ကျန်းယွင်ကျူး၊ အမျိုးသမီးချန်နှင့် တခြားသူများက သူတို့၏ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်ပြန်လာခဲ့ကြ၏။
သူမသည် အိမ်သို့ပြန်ရောက်ချိန်တွင် ဘေးအခန်းကို အရင်ဆုံးတစ်ချက်လောက် လှမ်းကြည့်လိုက်လေသည်။ ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် အခန်းထဲတွင် ရှိနေ၏။ သူတို့ ဘာတွေတိုင်ပင်နေကြသည်ကိုတော့ မသိရပေ။
သည်မနက်တွင် ယန်ရှန့် အိပ်ရာနိုးလာချိန်၌ ငှက်မြည်သံ ရှည်နှစ်ချက်နှင့် သံတိုနှစ်ချက် ကြားလိုက်ရသည်။ သူက ချက်ချင်းထလိုက်ပြီး ရွာအနောက်ဘက်ရှိ တောင်နားက လိုဏ်ခေါင်းဘက်သို့ အသံလာရာအတိုင်း လိုက်သွားလိုက်၏။ ထိုနေရာတွင် သားသားနားနား ဝတ်စားထားသည့် သက်တော်စောင့်များက ၁၂ယောက်မက ရှိနေလေသည်။ သူ ဝင်လာချိန်တွင်တော့ သူတို့အားလုံးသည် မြင်းပေါ်က ဆင်းလိုက်ကြပြီး ဒူးထောက်ကာ ပြောလိုက်၏။
“ ဒုတပ်မှူးလေးကို နှုတ်ဆက်ပါတယ်”
ချီလင်သက်တော်စောင့်များက ရောက်လာကြပြီ။ လုပ်သင့်သည့် ကိစ္စတချို့လည်း ရှိနေသည်။
ကျန်းယွင်ကျူးကတော့ သည်အကြောင်းကို မသိသည်ကအမှန်။ သူမက လက်ချောင်းများနှင့် ဘေးအခန်းတံကို ခေါက်လိုက်၏။
ယန်ရှန့်နှင့် ရှန်ဖုန်းမင်က သူမကို သတိထားမိသွားပြီး သူမ ခြံထဲဝင်လာချိန်၌ ပြောလက်စစကားကို ရပ်ထားလိုက်ကြသည်။
ယန်ရှန့်က တံခါးဖွင့်ပေးလိုက်၏။
“ မိန်းကလေးကျန်း မင်္ဂလာနံနက်ခင်းပါ” သူက ပြုံးပြလိုက်၏။
“ ဟုတ်ကဲ့၊ ဒီလိုပါ၊ ကျွန်မ ဒီနေ့ နောက်ထပ်အမှာစာ ရလာလို့ပါ၊ စာပေါ်မှာ ဘာတွေရေးထားလဲဆိတာ ကူဖတ်ပေးဖို့ ရှင်တို့ကို အနှောင့်အယှက်ပေးရပါအုံးမယ်”
ကျန်းယွင်ကျူးက မနက်ခင်းက မျက်နှာရှည်နှင့်စစ်သား သူမကိုပေးခဲ့သည့် မှတ်စုစာရွက်လေးကို ယန်ရှန့်အား လှမ်းပေးလိုက်လေသည်။
“အသေးအဖွဲကိစ္စလေးပါပဲ” ယန်ရှန့်က မှတ်စုကို ယူလိုက်ပြီး
“ ဒုစစ်သူကြီးကျောက်၊ ငွေ၃လျန်၊ အသားပြုတ်၊ ဒုခေါင်းဆောင် ဖန်း ငွေ၄လျန် ကြက်သား၊ ခေါင်းဆောင် ဖေး....” မှတ်စုပေါ်တွင် အမျိုးအစား ၈ခုရေးထားလေသည်။
ယန်ရှန့်က ထိုစာကို ဖတ်ပြလိုက်ပြီးနောက်တွင်
“ မှတ်မိရဲ့လား၊ မဟုတ်ရင်လည်း ကျွန်တော်မင်းကို နောက်တစ်ခေါက် ထပ်ဖတ်ပြမယ်လေ”
ကျန်းယွင်ကျူးသည် အားလုံးကို မှတ်မိရန်မလိုပေ။ သူမက စာဖတ်တတ်သည်ပဲ။ သို့တိုင် သူမက ဟန်ဆောင်ရပေအုံးမည်။
ယန်ရှန့်က သူမကို စာ ထပ်ဖတ်ပြလိုက်ပြီး သူမက မှတ်မိပြီဖြစ်ကြောင်း ဖော်ပြလိုက်ကာ
“ကျေးဇူးတင်ပါတယ်ရှင်”
“ ရပါတယ်ခင်ဗျာ” ယန်ရှန့်က ပြန်ပြောလိုက်၏။
ကျန်းယွင်ကျူးက ပြုံးပြလိုက်၏။ ထို့နောက် သူမက တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ့ကို ပြောပြလိုက်လေသည်။
“ တကယ်လို့များ ကုန်သည်နှစ်ယောက်က ဒီနှစ်ရက်အတွင်း အပြင်ထွက်ကြမယ်ဆိုရင်လေ သတိထားကြပါနော်၊ လူဆိုးတချို့ကို ဝူလင်မိုင်းတွင်းနားမှာ တွေ့ခဲ့ပုံရတယ်လို့ ဒီနေ့ ကြားခဲ့တယ်၊ ဒီနေ့ သူတို့တွေ တောင်ပေါ်မှာ ရှာကြမလို့တဲ့။
ကြည့်ရတာ တောင်ခြေက စျေးနဲ့ ရွာထဲမှာတောင် ဝင်ရှာကြမယ်နဲ့တူတယ်၊ ဒါကြောင့် ကျွန်မလည်း ဒီသတင်းကြားတာနဲ့ ပြဿနာကိုရှောင်ချင်လို့ မြန်မြန်ပြန်လာခဲ့တာ”
ထိုစကားကို ကြားလိုက်ရပြီးနောက် ယန်ရှန့်၏မျက်နှာပေါ်တွင်အပြုံးတစ်ခုက ရှိနေဆဲ။ သို့သော်ငြား သူ့မျက်လုံးများကတော့ အနည်းငယ်ပြောင်းလဲသွားတော့သည်။
“ နားလည်ပါပြီ၊ ကျွန်တော့်ကို သတိပေးတဲ့အတွက် မိန်းကလေးကျန်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”
“မလိုပါဘူးရှင်၊ ကျွန်မ မနက်စာသွားလုပ်လိုက်အုံးမယ်နော်”
ကျန်းယွင်ကျူးက အပြုံးနှင့် လှည့်ထွက်ကာ မီးဖိုဆောင်ဖက်သို့ သွားလိုက်လေတော့သည်။
...
အပိုင်း (၂၇.၂)
တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် ယန်ရှန့်က ရှန်ဖုန်းမင်ဖက် လှည့်ကြည့်လိုက်ပြီး
“ ငါတို့ဘာလုပ်ကြမလဲ”
တောင်ပေါ်မှာ ရှာနေတယ်တဲ့လား။ အဲဒီဝမ်ပင်က တကယ် မွှေနေတာပဲ။
ဝမ်ပင်းသည် မွှေနေခြင်း မဟုတ်ပေ။ အမှန်တွင်တော့ သူက ရှန်ဖုန်းမင်ကို အမှန်ပင် ကြောက်ရွံ့နေခြင်းကြောင့်ပင်။
“ သူက အဲလိုဖြစ်နေလေလေ ငါတို့တွေက ကိုယ်တိုင်လူလုံးထွက်ပြလို့ မဖြစ်လေပဲ၊ ပေးမွှေထားလိုက်”
ရှန်ဖုန်းမင်က ပြန်ပြောလိုက်၏။
“ငါလည်း အဲလိုပဲ ထင်တယ်” ယန်ရှန့်က ပြန်ပြောလိုက်၏။
“ ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ”
“ ဒီကနေ အရင်ထွက်သွားရမယ်” ကျန်းမိသားစုကို ဆွဲမထည့်မိအောင်ပေါ့လေ။
“ ဒီကနေ ထွက်သွားမယ် ဟုတ်လား”
ယန်ရှန့်က မျက်မှောင်ကျုံ့လိုက်၏။ သူက လုံးဝထွက်မသွားချင်ဘူးလေ။
“ဖုန်းမင်”
သူက ရှန်ဖုန်းမင်ကို ကြည့်လိုက်၏။ သူ့မှာ ပြောချင်တာတွေအများကြီး ရှိသေးတယ်လေ။
ရှန်ဖုန်းမင်က သူ့ကို ပြန်ကြည့်လိုက်၏။ သူ့အကြည့်က အေးစက်နေဆဲ။
ယန်ရှန့်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်တော့သည်။ သူ ဘာမှ မပြောချင်တော့ပါဘူးလေ။ ရှိပါစေတော့။ အရင်ဆုံး ထွက်သွားကြတာပေါ့လေ။ ဒီကိစ္စကို အရင်ဆုံး မြန်မြန်လက်စသတ်လိုက်တာ ပိုကောင်းပါတယ်။ အချိန်ရရင် သူ ပြန်လာလို့ ရတာပဲ။
ကျန်းယွင်ကျူးက သည်နေ့ ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့အတွက် ခေါက်ဆွဲနှစ်ပန်းကန် လုပ်ပေးခဲ့သည်။ မနက်ခင်းက အရိုးစွပ်ပြုတ်မှ ဖယ်ထားသည့် စွပ်ပြုတ်ဟင်းရည်ဖြစ်သည်။ ဂျုံကို ပြီးပြည့်စုံအောင် နှယ်ထားပြီး အချပ်လိုက်လိပ်ထားကာ အထူတသားထဲဖြစ်အောင် ဖြတ်ထားပြီး စွပ်ပြုတ်အိုးထဲတွင် ထည့်ပြုတ်ထားလိုက်သည်။
ထို့နောက် လတ်ဆတ်နူးညံ့သည့် အစိမ်းရောင် အသီးအရွက်များကို ထည့်လိုက်သည်။ အိုးထဲက ထုတ်လိုက်သည်နှင့် လှီးထားသည့် ကြက်သွန်မြိတ်နှင့် နှမ်းဆီတစ်စက်နှစ်စက်လောက် ဖြန်းလိုက်၏။ သည်ခေါက်ဆွဲတစ်ပန်းကန်သည် မရိုးနိုင်သည့်အရသာများ အပြည့်ဖြစ်နေတော့သည်။
ယန်ရှန့်က ခေါက်ဆွဲကို တစ်ကျိုက်ထဲ မဖြတ်တန်း စားလိုက်တော့သည်။ ခေါက်ဆွဲသားက ညက်ပြီး စွပ်ပြုတ်က အရသာရှိလှသည်။ သူသည် ထွက်သွားဖို့ရာ အမှန်ပင် တွန့်ဆုတ်နေတော့သည်။
ရှန်ဖုန်းမင်က သူ့ကို တကျိုက်ထဲ ဝါးစားမနေသလို ခပ်နှေးနှေးလည်း စားမနေချေ။
သည်အချိန်တွင် အမျိုးသမီးချန်က ကျန်းမိသားစုအတွက် မနက်စာ ပြင်ဆင်ပေးနေလေသည်။ မိသားစုက အတူတူဝိုင်းထိုင်လိုက်ကြ၏။ သူတို့အားလုံးသည် ဆန်ကြမ်းပန်ကိတ်နှင့် ရောထားသည့်ဆန်များကို စားသောက်လိုက်ကြပြီး သည်နေ့ စျေးထဲတွင် ရှာဖွေနိုင်ခဲ့သည့် ငွေပမာဏအကြောင်း ပြောရင်း မိသားစုတစ်ခုလုံးက ပြုံးရွှင်နေကြလေသည်။
စားသောက်ပြီးနောက် အမျိုးသမီးချန်က ပန်းကန်များကို ဆေးကြောနေစဥ် ကျန်းယွင်ကျူးက အသီးအရွက်များကို ဝယ်ခြမ်းရန် မြို့တက်ဖို့ ပြင်ဆင်လိုက်သည်။ သည်အချိန်တွင် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့က လက်ထဲတွင် အထုပ်ကိုယ်စီနှင့် ဘေးအခန်းထဲမှ ထွက်လာခဲ့သည်။
“ ကုန်သည်တို့နှစ်ယောက်က” အမျိုးသမီးချန်က အံ့ဩသွား၏။
“ ကျွန်တော်တို့တွေ တခြားရွာတွေဆီသွားပြီး အခြေအနေသွားကြည့်မလို့ပါ၊ ကျွန်တော်တို့လူတွေ ရောက်လာရင် ဆန်တွေ တစုတစည်းထဲ သိမ်းလို့ရပြီလေ”
ယန်ရှန့်က ဆန်ဝယ်မည့်အကြောင်း သူ့ဇာတ်ကို ဆက်ခင်းလိုက်လေသည်။ တော်တော် ကျိုးကြောင်းသင့်ဟန် တူသည်။
အမျိုးသမီးချန်က ခေါင်းညိတ်ပြလိုက်၏။ ဒီလိုပဲ ဖြစ်သင့်တာပေါ့လေ။
“ ဒါဆို ရှင်တို့တွေ ပြန်လာကြအုံးမှာလား”
“ ကျွန်တော်တို့ ပြန်လာမှာပါ၊ ကျွန်တော် ရွာထဲမှာ ငွေစရံချထားခဲ့ပြီးပြီ၊ စပါးတော့ မသိမ်းရသေးဘူး၊ အားလုံးကို ဖြေရှင်းပြီးသွားရင်တော့ ကျွန်တော် စပါးပြန်လာ သိမ်းရမှာပေါ့” ယန်ရှန့်က ရွှင်လန်းတက်ကြွစွာ ပြန်ပြောလိုက်လေသည်။
ဟုတ်တာပေါ့။
“ဒါဆို လမ်းမှာ ဂရုစိုက်ကြပါနော်၊ ပြန်လာလို့ တည်းစရာနေရာ မရှိရင် ကျွန်မအိမ်မှာပဲ နေလို့ရပါတယ်”
အမျိုးသမီးချန်က ယဥ်ကျေးစွာ ပြောလိုက်လေသည်။
“ ဟုတ်ကဲ့” ဒါကလည်း ယန်ရှန့် တွေးနေတာနဲ့ တထပ်ထဲပဲလေ။
အမျိုးသမီးချန်က အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူက သူ့ကိုယ်သူ သူစိမ်းလိုတောင် မမှတ်တော့ဘူးပဲ။
ကျန်းယွင်ကျူးသည်လည်း မျက်ခုံးများ မြင့်တက်သွားတော့သည်။ ပြန်လာအုံးမယ်တဲ့လား။ သူတို့တွေ ပြန်လာပြီး ဘာလုပ်အုံးမှာလဲ။ သူ တကယ်ပဲ ပြန်လာပြီး ဆန်ဝယ်ပြီးမှ မြို့တော်ကို ပြန်မလို့လား။ ချီလင်သက်တော်စောင့်တွေက သူတို့ရဲ့အလုပ်မှာ အရမ်းတိကျတာပဲလား။
ထိုနောက်တွင် သူမက ကိစ္စကို သတိရသွားပြီး အခန်းထဲသို့ မြန်မြန်ပြန်သွားလိုက်တော့သည်။ သူမက တစ်ခုခုကို ထုတ်လာကာ ယန်ရှန့်အား လှမ်းပေးလိုက်လေသည်။
“ ရှင်တို့ အခုပြန်တော့မှာဆိုတော့ နောက်ကျရင် ပြန်တွေ့ပါ့မလားမသိဘူး၊ ဒါကြောင့် ဒီငွေကို ရှင့်တို့ကို ပြန်ပေးထားလိုက်တာ ပိုကောင်းပါတယ်”
အစောစောပိုင်း ယန်ရှန့်က သူမကို ငွေ ၅လျန်ပေးထားခဲ့သည်။ အစားအသောက်ဖိုးဟု ဆိုသည်။ အစားအသောက် နေထိုင်စားရိပ် အားလုံးကို တွက်ကြည့်လိုက်လျှင် ဝမ်၃၀၀ ခန့်သာကုန်ကျလေသည်။ သူမသည် သူတို့သည် ငွေ၅လျန်ကို မည်သို့ သိမ်းထားနိုင်ပါမည်နည်း။
အပြန်အလှန်အနေဖြင့် ကျန်းယွင်ကျူး၏ အသားတင်လုပ်အားမှာ ငွေ၄လျန်နှင့် ၇ ဝမ်ပင် မရှိချေ။
“ ပြန်တွေ့ကျမှာပါ၊ အဲကျမှပဲ ကျွန်တော်တို့အတွက် ဆက်ပြီး ချက်ပြုတ်ပေးပါအုံးနော်” ယန်ရှန့်က ငွေကို လက်မခံဘဲ ငြင်းလိုက်လေသည်။
“ဒါဆိုလည်း အဲဒီအချိန်ကျမှပဲ ကျွန်မကို ပေးပါရှင်” ကျန်ယွင်ကျူးက ငွေကို သူ့လက်ထဲ တန်းထည့်ပေးလိုက်လေသည်။
“မဟုတ်တာ....”
ငွေကို ကိုင်ထားပြီး ယန်ရှန့်က ဇဝေဇဝါဖြစ်နေတော့သည်။ သူမက သူတို့ကို ပြန်မလာစေချင်တော့ဘူးလို့ ဘာလို့ ခံစားနေရတာလဲ။ သူ စိတ်ထင်နေတာပဲ ဖြစ်ရမယ်။
ပြီးတော့
“ကျွန်တော်တို့လည်း မင်းရဲ့အစားအသောက်တွေကို အများကြီး စားထားပြီးပြီလေ”
“ဒီလူကြီးမင်းက ကျွန်မတို့ကို စာအရေးအဖတ် သင်ပေးခဲ့တယ်လေ၊ ကြေသွားပြီလို့ မှတ်လိုက်ရအောင်ပါရှင်” ကျန်းယွင်ကျူးက ပြောလိုက်၏။
သူတို့နှစ်ယောက်မှာ ဆက်ပြီး ငြင်းခုံနေကြလေသည်။ အမျိုးသမီးချန်က ပြောလိုက်၏။
“ကဲပါ ငြင်းမနေကြနဲ့တော့၊ ဒီအတိုင်းထားလိုက်တာပေါ့၊ လူကြီးမင်းနှစ်ယောက် နောက်ပိုင်းပြန်လာခဲ့ရင် ကျွန်မတို့က ငွေရှင်းပေးလိုက်မယ်လေ”
ယန်ရှန့်မှာ ‘ပြန်လာရင်’ ဟူသည့် စကားကို ကြားလိုက်ရာတွင် စိတ်ချမ်းသာသွားတော့သည်။ ဒီလိုဆိုမှတော့ သူက ငွေပြန်ယူ ထားလိုက်ပါ့မယ်လေ။
ကျန်းယွင်ကျူးရဲ့အကျင့်နဲ့ဆိုရင်လည်း သူမက ခေါင်းမာနေအုံးမှာပဲ။
ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် မြင်းကိုယ်စီဖြင့် စီးနင်းထွက်ခွာသွားကြတော့သည်။ အမျိုးသမီးချန်က ထိုနေရာတွင် ရပ်နေပြီး စိတ်အေးသွားသလို သက်ပြင်းချလိုက်၏။ ဒီလူကြီးမင်းနှစ်ယောက်က အရမ်းသဘောကောင်းတာပဲ။ ကျန်းယွင်ကျူး ဒီကလေးမ ဘာမှမသိဘဲ သူတို့ကို ချစ်မိသွားမှာ တကယ်ပဲ စိုးရိမ်နေခဲ့ရတာ။ သူတို့ရဲ့နောက်ခံကလည်း မကိုက်ညီဘူးလေ။ ဒီတော့ အဆင်မပြေဘူး။
သို့သော် ကျန်းယွင်ကျူးမှာတော့ လုံးဝ စိတ်မအေးနိုင်ပေ။ သူမသည် ဆောင်းရာသီဝင်သည့် ပထမဆုံးနေ့တွင် ရွာသားများကို စီရင်စုမြို့လေးဆီသို့ မျှားခေါ်သွားရမည့်နည်းလမ်းကို စဥ်းစားနေရသေးသည်။
သည်နေ့ သူမနှင့်အမျိုးသမီးချန်တို့က ပစ္စည်းများဝယ်ရန် မြို့တက်လာခဲ့၏။
သူတို့ ပြန်ရောက်လာချိန်တွင် စစ်သားအုပ်ကြီးတစ်စုက ရွာထဲတွင် ရှာဖွေနေကြသည်။ ကျန်းမိသားစုသည် ဝူလင်မြို့တွင် အိမ်ထောင်စုစာရင်း သွင်းထားသဖြင့် အစစ်အဆေးကို ကြောက်ရန်မလိုချေ။ စစ်သားများက တစ်အိမ်လုံး ပတ်ရှာကြသော်လည်း ဘာမှမတွေ့ချေ။ ထို့ကြောင့် သူတို့က နောက်တစ်အိမ်ပြောင်းရှာ ကြတော့သည်။
နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးက ချက်ပြုတ်ပြီး ခါတိုင်းလိုပင် အစားအသောက်များကို ပို့ပေးလိုက်၏။ သို့သော် သည်ငွေစာရင်းကတော့ဖြင့်....
နေ့လယ်ခင်း စာသင်ချိန်ရောက်သောအခါ ကျန်းလင်က ထိုနေရာတွင် နှမြောတသစွာ ထိုင်နေလေသည်။ ကျန်းယွင်ရွှယ်က မျက်မှောင်ကျုံ့နေ၏။ သူသည် စာသင်ရသည်ကို အကြိုက်ဆုံးပင်။ ကျန်းဝူကတော့ ပျော်ပျော်ပါးပါး ပတ်ပြေးနေလေသည်။ သူသည် စာသင်စရာ မလိုတော့သဖြင့် အလွန်ပျော်နေတော့သည်။
ကျန်းယွင်ကျူးက စားပွဲပေါ်က စုတ်တံနှင့်စာရွက်များကို ကြည့်လိုက်ပြီး သူမ ငွေရှိလာလျှင် ကလေးများကို ပညာသင်ပေးရမည်ဟု စဥ်းစားနေမိသည်။ သူမက သူတို့ကို ရွှေပေလွှာထဲမှာ နာမည်ပါဖို့ မမျှော်လင့်ပါဘူး။ အနည်းဆုံး နားလည်နိုင်ရင်ကို ရပါပြီ။
စာရင်းကိစ္စကတော့ သူမ နည်းနည်း စိတ်ပျက်မိတယ်။ ထမင်းဘူးလုပ်ဖို့ဆိုရင် စာရင်းစာအုပ် မထားလို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ ရှန်ဖုန်းမင်က ကိန်းဂဏန်းနဲ့ မိသားစု မျိုးနွယ် အခုတစ်ရာရဲ့ စာလုံးအစတွေကိုပဲ သင်ပေးသွားတယ်။ သူမ အားလုံးကို မရေးနိုင်ဘူးလေ။ တိတ်တိတ်လေး ချရေးထားရင်တော့ ရတာပေါ့။ ဒါပေမဲ့ အမျိုးသမီးချန်ကို ဘယ်လိုရှင်းပြရမှာလဲ။
ကုယန်ကျိုးကို တောင်းဆိုကြည့်ရမလား။ သူက သူမကို ပုံမှန်အတိုင်း ရက်နည်းနည်းလောက် သင်ပေးလိုက်ရင် သူ စာသင်ခဲ့တယ်လို့ပြောဖို့ အကြောင်းပြချက်ရလာမယ်လေ။
ယန်ရှန့်နဲ့ ရှန်ဖုန်းမင်ကလည်း ထွက်သွားပြီ။ သူနဲ့ ကုယန်ကျိုးကြားက ဆက်ဆံရေးကိုတော့ မထိခိုက်လောက်ပါဘူး။
သူက အခု စာလေ့လာနေတာနဲ့ အလုပ်များနေမလားပဲ မသိတာ။ သူ့တော်ဝင်စာမေးပွဲကိုလည်း အနှောင့်အယှက်မဖြစ်စေချင်လေဘူး။
သူမ၏စိတ်ထဲတွင် တောင်စဥ်ရေမရ လျှောက်တွေးနေစဥ် လူတစ်ယောက်က အပြင်မှ လှမ်းမေးလာလေသည်။
“အဒေါ်ချန် ယွင်ကျူး ၊ အိမ်မှာရှိကြလား”
ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး အပြင်ကို လှမ်းကြည့်လိုက်၏။ ရွှီချင်ရှန့်ပင်။ ထို့အပြင် ကုယန်ကျိုးကလည်း သူ့ဘေးတွင် ရပ်နေလေသည်။
ကုယန်ကျိုးက သူမ၏အကြည့်ကို သတိထားမိသွားပြီး သူမကို ခေါင်းညိတ်နှုတ်ဆက်လိုက်၏။ ၃လပိုင်း၏ နှင်းမှုန်လေးနှယ်။ သူသည် ကြည်လင်ရှင်းသန့်နေလေသည်။
“ချင်ရှန့်နဲ့ ယန်ကျိုးတို့ လာကြတာပဲ၊ ဝင်လာပြီး ထိုင်ကြအုံး”
အမျိုးသမီးချန်က သူတို့ကို အပြုံးတစ်ခုနှင့် နှုတ်ဆက်လိုက်ပြီး သူတို့ကို အခန်းထဲသို့ ဝင်လာရန် ခရီးဦးကြိုလိုက်လေသည်။
သူတို့နှစ်ယောက်က အခန်းထဲဝင်လာချိန်တွင် ရွှီချင်ရှန့်က ခြံဝင်ထဲကို ကြည့်လိုက်၏။
“ ကုန်သည်နှစ်ယောက်တို့ရော” သူက မေးလိုက်သည်။
“ သွားကြပြီလေ၊ သူတို့တွေ အလုပ်ပေါ်လာလို့တဲ့” အမျိုးသမီးချန်က ပြန်ဖြေလိုက်၏။
ရွှီချင်ရှန့်သည် အခိုက်တန့် ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ သွားပြီတဲ့လား။ ဒီလို မြန်မြန်နဲ့ လွယ်လွယ်လေး ထွက်သွားတာတဲ့လား။ သူတို့တွေက ကျန်းယွင်ကျူးကို လိမ်တော့မယ်လို့ သူ ထင်ထားခဲ့တာလေ။ ဘယ်သူက ထင်ထားမှာလဲ... သူက လူကောင်းတစ်ယောက်ကို မှားယွင်းစွပ်စွဲ မိခဲ့တာပဲ။
ထိုသို့စဥ်းစားလိုက်ပြီးနောက် သူသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။
“ မင်းတို့တွေ ဘာကိစ္စရှိလို့လဲ” အမျိုးသမီးချန်က ရွှီချင်ရှန့်ကို မေးလိုက်၏။
ရွှီချင်ရှန့်သည် သူ့လာရင်း ကိစ္စကို သတိရသွားတော့သည်။ ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့ ထွက်သွားပြီးဖြစ်ရာ ကွက်တိပင်။ သူက ကျန်းယွင်ကျူးကို မေးလိုက်၏။
“ နင် စာလေ့လာရအုံးမှာလား၊ ဆက်လေ့လာချင်တယ်ဆိုရင် ယန်ကျိုးကို သင်ခိုင်းလို့ရတယ်လေ”
ဒီလိုမှ ကုယန်ကျိုးက ကျန်းယွင်ကျူးနဲ့ ပိုပြီး အဆက်အသွယ်လုပ်ဖြစ်မှာပေါ့။ ဒါက ကောင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်သွားနိုင်တယ်လေ။
သူကလား။ သူကတော့ လက်လွှတ်လိုက်ပြီးပါပြီ။
ကျန်းယွင်ကျူးက ကုယန်ကျိုးကို မေးရမည်လား မမေးဘဲထားရမည်လား တွန့်ဆုတ်နေလေသည်။
“ ရှင် စာလေ့လာတာကို အနှောင့်အယှက်ဖြစ်မှာ စိုးမိပါတယ်၊ နောက်နှစ်ကျရင် စာမေးပွဲကြီးတစ်ခု ဖြေရမှာဆိုတော့လေ” သူမက ကုယန်ကျိုးကို ပြောလိုက်၏။
ကုယန်ကျိုးက ပြုံးပြလိုက်ပြီး
“ ကျွန်တော် မနေ့က ပြောခဲ့ပါရောလား၊ အဟောင်းတွေကို ပြန်လေ့လာပြီး ဉာဏ်သစ်လောင်းတာလည်း ဖြစ်ပါတယ်လို့၊ ပြီးတော့ ကျွန်တော် တနေ့လုံး စာဖတ်နေရတာ အရမ်းပင်ပန်းတယ်လေ၊ မင်းကို စာသင်ပေးရင်းနဲ့ အနားယူလို့ရတာပေါ့”
ကျန်းယွင်ကျူးက စဥ်းစားလိုက်၏။ တကယ်တော့ သူမလည်း အချိန်အကြာကြီး သင်စရာမလိုပါဘူး။ ရက်နည်းနည်းပါးပါး လောက်ပဲ ဟန်ဆောင်ဖို့လိုတာ။
“ဟုတ်ရဲ့လားရှင်” သူမက မေးလိုက်၏။
ကုယန်ကျိုးက ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလေသည်။ တကယ်တော့ သူလည်း လေ့လာစရာရှိတာ အားလုံးကို လေ့လာထားပြီးပြီလေ။ အခု သူက အိမ် ဒါမှမဟုတ် ကျောင်းမှာဆိုရင်လည်း စာအုပ်အဟောင်းတွေကို ပြန်ဖြတ်နေရုံလောက်ပါပဲ။ လူနည်းနည်းပါးပါး စာဖတ်နည်းသင်ပေးရတာ လုံးဝကို အရေးမကြီးပါဘူး။
“ ဒါဆိုရင်တော့ ကျွန်မ ရှင့်ကို ဒုက္ခပေးပါအုံးမယ်၊ တကယ်ပဲ ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ဘူး” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။
ကုယန်ကျိူးက ချောင်းဟန့်လိုက်ပြီး
“ အဖေနဲ့ အမေက မင်းရဲ့အချက်အပြုတ်လက်ရာကို အရမ်းကြိုက်တာလေ၊ တကယ်လို့များ မင်း အဆင်ပြေမယ်ဆိုရင်....” သူက ဝယ်စားမည့်အကြောင်း ထုတ်မပြောခဲ့ပေ။
ကုယုံသယ်နှင့် သူ့ဇနီးဖြစ်သူက ပြီးခဲ့သည့်အခေါက် ကျန်းအိမ်တွင် ထိုထမင်းတစ်နပ်စားပြီးကတည်းက အိမ်တွင် မကြာခဏဆိုသလို သတိရပြောနေတတ်ကြသည်။
ကုယန်ကျိုးက ထိုအကြောင်းကို ကြားခဲ့ပြီး စိတ်ထဲတွင် မှတ်ထားခဲ့ခြင်းပင်။
အင်းပေါ့။ သူလည် ကျန်းယွင်ကျူးရဲ့ အချက်အပြုတ်လက်ရာကို ကြိုက်ပါတယ်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ ဒါက ပြဿနာမဟုတ်ပါဘူး။ ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားလိုက်တာပေါ့။ ဒီလိုမှပဲ သူမလည်း စိတ်သက်သာရာ ရမှာပဲ။
ဘေးတွင် နားထောင်နေရင်း အမျိုးသမီးချန်မှာ နားမလည်နိုင်တော့ပေ။ ရွှီချင်ရှန့်က ယွင်ကျူးကို သဘောကျတာလေ။ သူ အခု ဘာတွေလုပ်နေတာလဲ။ ကုယန်ကျိုးနဲ့ ကျန်းယွင်ကျူးကို အောင်သွယ်ပေးနေတယ်။ ကုယန်ကျိုးက တကယ် အရမ်းကိုကောင်းပါတယ်။ ဒါပေမဲ့ ကုမိသားစု သူ့ကို ယွင်ကျူးနဲ့ သဘောတူပါ့မလား။
ကိစ္စတွေက အပြောင်းအလဲ မြန်လိုက်တာ...
ကုယန်ကျိုးက အပြောကို အလုပ်နှင့် သက်သေပြလိုက်တော့သည်။ ယခုမူ သူသည် အားလပ်နေသဖြင့် ကျန်းယွင်ကျူးနှင့် တခြားသူများကို စာစ,သင်ပေးလိုက်တော့သည်။
တူညီသည့် လေးထောင့်စားပွဲ ဖြစ်သော်လည်း ထိုနေရာတွင် ထိုင်နေသည့်လူများကတော့ သည်တစ်ကြိမ်တွင် မတူတော့ချေ။
ကုယန်ကျိုး၏အသံသည် စမ်းရေပမာ။ ထို့အပြင် သူသည် လူများကို စာသင်ရာတါင် အလွန်စိတ်ရှည်လေသည်။ ရှန်ဖုန်းမင်က စည်းကမ်းကြီးသည့် ဆရာတစ်ယောက်ဆိုလျှင် သူက မရည်ရွယ်ဘဲ ဖြစ်သွားသည့် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်မည်။
သိပ်မဝေးလှသည့် တောင်ပေါ်၌ ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် အဝေးကြီးသို့ လုံးဝမသွားခဲ့ကြပေ။ အမြင့်တစ်ခုမှ အောက်ငုံ့ကြည့်လိုက်လျှင် သေးငယ်သည့် လေးထောင့်စားပွဲတစ်လုံးကို တွေ့နိုင်လေသည်။ ကုယန်ကျိုးက ဂရုတစိုက် စာသင်ပေးနေသည်။ ကျန်းယွင်ကျူုးက ကြိုးကြိုးစားစား သင်ယူနေသည်။ လူနှစ်ယောက်မှာ တစ်ယောက်သည် တောက်ပသည့် လမင်းတစ်စင်းနှင့် တူပြီး ကျန်တစ်ယောက်မှာ တောက်ပသည့်ပုလဲတစ်လုံးနှင့် တူလေသည်။ ရှုထောင့်တစ်ခုမှ ကြည့်လိုက်လျှင် လှပသည့်ပန်းချီကားလိပ်တစ်ခုနှင့် တူနေတော့သည်။
စိတ်ပျက်ပျက်နှင့် ယန်ရှန့်က သူ့မြင်းကို နှစ်ပတ်လောက် ပတ်စီးလိုက်၏။ တကယ်ပါ သူ အခုချက်ချင်းကို ပြန်သွားလိုက်ချင်တယ်။ မိုင်းတွင်း ကိစ္စဖြစ်ဖြစ် ၊ မင်းသားခြောက်ပဲဖြစ်ဖြစ် ဘာအမိန့်ပဲလာလာ ဖယ်ထားလိုက်ချင်တော့တယ်။
သို့သော် ကုယန်ကျိုးက အမှန်ပင် ထူးချွန်ထက်မြက်သည်ကိုတော့ မငြင်းနိုင်ပေ။ သူ့အစောပိုင်း အတွေးများအရ ကျန်းယွင်ကျူးသာ သူနှင့် လက်ထပ်နိုင်ခဲ့လျှင် နှမြောစရာမဟုတ်တော့ပေ။
...
အပိုင်း (၂၇.၃)
ရှန်ဖုန်းမင်က သူ့မျက်လုံးများကို မသိမသာချထားကာ လူများကို သူ့အမူအရာအား သေသေချာချာ မမြင်ရအောင် လုပ်ထားလိုက်သည်။ သို့သော် မြင်းဇက်ကြိုးကို ဆွဲထားသည့်လက်က မသိမသာ တင်းကြပ်သွားပြီးမှ ပြန်လွှတ်လိုက်တော့သည်။
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးသည် လူများက အသားပန်ကိတ်ကို နှစ်ရက်ဆက်တိုက် စားနေရသဖြင့် ငြီးငွေ့လောက်ပြီဟု ခံစားမိသဖြင့် သည်နေ့တွင်တော့ ပေါက်စီလုပ်ထားလိုက်သည်။ မူလက သူမသည် ရှောင်လုံပေါင်း လုပ်ချင်ခဲ့သော်လည်း သူတို့တွင် အသားပေါင်းအိုးငယ်လေးတစ်ခုပင် မရှိချေ။ ဝယ်ဖို့ရန်ကလည်း ငွေအကုန်အကျများလိမ့်မည်။ ထို့ကြောင့် သူမ လက်လျှော့လိုက်တော့သည်။
အစားအစာတွေကို နည်းနည်းလေး ပြောင်းရမယ်။ စွပ်ပြုတ်ကို နည်းနည်းလည်း ပိုပြစ်အောင် ပြောင်းလိုက်တယ်။ နည်းနည်းလေးပါပဲ။ နည်းနည်းပဲပြောင်းလိုက်တာ။ ပေါက်စီတစ်လုံးဆို ဆီးသီးတစ်လုံးအရွယ်ပဲ ရှိတယ်။ အိမ်မှာ အိုးကြီးတစ်လုံးနဲ့ ပေါင်းခဲ့ပြီး ခြင်းတစ်လုံးထဲထည့်ပြီး ပိတ်စတစ်ခုနဲ့ အုပ်ထားလိုက်တယ်လေ။ ရောက်တာနဲ့ ရောင်းဖို့အသင့်ပဲ။
ပေါင်းသေးသေးလေးများက ဖန်သားလို ကြည်လင်သန့်ရှင်းနေသည်။ အပြင်ဘက်က အလွှာကိုဖောက်ပြီး အထဲက အရသာရှိသည့်စွပ်ပြုတ်နှင့် အစာများကို တနည်းနည်းဖြင့် မြင်နေရသည်။
“ ဟာ သူဌေးက တကယ် လက်ဆိပ်ရှိတာပဲ”
ပုံမှန်စားနေသည့် ဧည့်သည်က ပေါက်စီသေးသေးလေးများကို တွေ့ပြီး ချက်ချင်း စိတ်ဝင်စားသွားကာ ချီးကျူးလိုက်၏။ ဒီလောက် သေးတဲ့ပေါက်စီလေးကို အတွန့်တွေအများကြီး ပါအောင်လုပ်နိုင်တယ်။ တော်တော် အံ့ဩစရာကောင်းတဲ့လက်ရာပဲ။
ပေါက်စီသေးသေးလေးဟ။ ကြည့်လိုက်ရုံနဲ့ အရသာရှိမယ်ဆိုတာ သေချာတယ်။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။
ပုံမှန်စားနေကျ ဖောက်သည်က စျေးမေးလိုက်ပြီး ချက်ချင်း မှာလိုက်လေသည်။ သူက တစ်ကိုက်လောက် ကိုက်လိုက်ရာ စွပ်ပြုတ်များက ပန်းထွက်လာခဲ့သည်။ အမှန်ပင် အရသာရှိလှသည်။ ဟူလထန်းနှင့် တွဲစားလျှင် ပိုလို့ပင် အရသာရှိနေသည်။ သည်းမခံနိုင်တော့ဘဲ သူက နောက်ထပ်နည်းနည်း ထပ်ဝယ်လိုက်တော့သည်။
သည်နေ့ပေါက်စီများကလည်း ခြွင်းချက်မရှိ ကောင်းကောင်းရောင်းထွက်သွားခဲ့သည်။
မျက်နှာရှည်နှင့်စစ်သား ရောက်လာချိန်တွင် ပေါက်စီသေးသေးလေးများကို တွေ့လိုက်ရပြီး အလွန်အံ့ဩသွားတော့သည်။
ကျန်းယွင်ကျူးက သူ့ကို တချို့ပေးလိုက်ပြီး မြည်းစမ်းခိုင်းလိုက်၏။
အမြည်းက ငွေမပေးရချေ။ မျက်နှာရှည်နှင့် စစ်သားက မြန်မြန်ပြောလိုက်တော့သည်။
“ ကျွန်တော် တကယ်မဖြစ်လို့ပါဗျာ”
မနေ့ကလည်း သူ ကျန်းယွင်ကျူးရဲ့ အသားပြုတ်တစ်ပွဲ စားခဲ့ပြီးပြီလေ။ ဒီနေ့ကျတော့ သူမရဲ့ပေါက်စီကို စားရအုံးမယ်လား။
“ ပေါက်စီတစ်လုံးနှစ်လုံးပဲရှင်” ကျန်းယွင်ကျုးက ပန်းကန်ပြားကို သူ့အား လှမ်းပေးလိုက်၏။
မျက်နှာရှည်နှင့် စစ်သားက အရသာမြည်းကြည့်လိုက်လေသည်။ သူ့ပါးစပ်ထဲတွင် အနံ့အရသာ မွှေးပျံ့သွားတော့သည်။
“ ဒီပေါက်စီက ၊ အရာရှိတွေ ကြိုက်ကြမှာဗျ” သူက မှတ်ချက်ပေးလိုက်၏။
သည်နေ့တွင်လည်း သူသည် မနက်စာ ဝယ်လိုက်ပြီး နေ့လယ်စာအမှာများကို မှာခဲ့လိုက်သည်။
အားလုံး ပြီးသွားသည်နှင့် သူက သည်နေ့အတွက် တောင်ပေါ်က ဘာသတင်းမှ မပေးခဲ့ဘဲ မြန်မြန်ထွက်သွားတော့သည်။
သူက ပေါက်စီ တဝက်ကျော်လောက်ကို ချက်ချင်းဝယ်သွားခဲ့သည်။ အနီးနားက ဧည့်သည်များက ပေါက်စီ ကုန်သွားမည်စိုးသဖြင့် မြန်မြန် ပြောလိုက်ကြ၏။
“ ကျွန်တော့်ကို ငါးခု ပေးပါ”
“ ကျွန်တော် လေးခု လိုချင်တယ်”
အားလုံးက အလုအယက်ဝယ်ကြသည်နှင့် ပေါက်စီ ၁၂လုံးလောက်သာ ကျန်တော့သည်။
သည်အခိုက်တွက် ယောက်ျားတစ်ယောက် တိုးဝေ့ကာ ဝင်လာပြီးပြောလိုက်လေသည်။
“သူဌေး ကျွန်တော် ကျန်တာ အကုန်ယူမယ်၊ ကျွန်တော့်အတွက် ထုပ်ပေးပါ၊ ကျွန်တော် ထုပ်ယူသွားပါမယ်”
သည်လူသည့် အရပ် ၅ပေ ၉လက်မခန့်ရှည်ပြီး မျက်ခုံးကောင်းကောင်းနှင့် မျက်လုံးဝိုင်းဝိုင်းတစ်စုံ ရှိလေသည်။ သူသည် သာမန်လူလို ဝတ်စားထားသော်လည်း တခြားသူများနှင့် ခြားနားနေတော့သည်။
စစ်သားတစ်ယောက်ရဲ့ အပြုအမူမျိုး ဖြစ်လောက်တယ်။ သူ လမ်းလျှောက်ပုံ၊ ထိုင်ပုံ၊ လိမ်ပြောနေတဲ့ပုံက သာမန်လူတွေနဲ့ မတူဘူး။
ကျန်းယွင်ကျူးက သူ့ကို နှစ်ခါလောက်ထပ်ကြည့်လိုက်ပြီး နောက် ကျန်သည့် ပေါက်စီများကို ထုပ်ပေးလိုက်ကာ သူ့ကို လှမ်းပေးလိုက်လေသည်။
“ စွပ်ပြုတ် နောက်ထပ်နှစ်ပွဲ” ထိုလူက ထပ်ပြောလိုက်၏။
စွပ်ပြုတ်က လွယ်လွယ်နဲ့သယ်သွားလို့ရတဲ့ ဟာမျိုးမဟုတ်ဘူးလေ။ အဲဒီမျက်နှာရှည်နဲ့ စစ်သားမလို့သာ သူမက စွပ်ပြုတ်ထည့်ဖို့ မြေအိုး ဒါမှမဟုတ် ပန်ကန်းလုံးနဲ့ ထည့်ပေးလိုက်တာ။ ဒါပေမဲ့ ဒီလူက သူစိမ်းလေ။ သူက ပစ္စည်းယူသွားပြီး ပြန်လာမပေးရင် ရှုံးတော့မှာပေါ့။
ထိုလူက ကျန်းယွင်ကျူး စဥ်းစားနေသည့်အကြောင်းကို သိသွားသယောင် ငွေစတစ်စကို ထုတ်လာလိုက်ပြီး သူမဆီ လှမ်းပေးလိုက်လေသည်။
“ ဒါကို သူဌေးအရင်ယူထားလိုက်ပါ၊ ဒါနဲ့ သူဌေး မင်းဆီမှာ နေ့လယ်စာ မှာလို့ရတယ်လို့ ကျွန်တော်ကြားတယ် ဟုတ်လား”
ဒါသည် မျက်နှာရှည်နှင့် စစ်သားကလွဲလျှင် အစားအသောက်မှာယူသည့် ပထမဆုံးလူဖြစ်လေသည်။ ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။
“ဒါဆို ကျွန်တော် မှာချင်လို့ပါ၊ လူနှစ်ယောက်စာ တစ်နပ်လောက် လုပ်ပေးပါ၊ ဘာချက်ရမယ်ဆိုတာကိုတော့ မင်းပဲ ဆုံးဖြတ်လိုက်ပါ၊ ပြီးသွားရင် ဒီနေ့ရာမှာပဲ နေ့လယ်ကျရင် ကျွန်တော့်ဆီ လာပို့ပေးပါ၊ ကျွန်တော်ကိုယ်တိုင် လာယူပါ့မယ်” ထိုလူက ပြောလိုက်၏။
ဒီလိုတောင်းဆိုတာကလည်း အရမ်းထူးဆန်းတယ်။ စျေးကို လာပို့ပေးရမယ်တဲ့။ သူတို့ရဲ့အိမ်ကို မဟုတ်ဘူးတဲ့လား။
လူနှစ်ယောက်စာအတွက် ထမင်းတစ်နပ်။ ကျန်းယွင်ကျူးသည် သူမ၏စိတ်ထဲတွင် ခန့်မှန်းပြီးသား ဖြစ်နေလေသည်။
“ ကောင်းပါပြီ”
သူမက သဘောတူလိုက်ပြီး ငွေကို ယူထားလိုက်သည်။ တစ်လျန်ခွဲလောက် ရှိမည်။
ထိုလူက ပေါက်စီနှင့် မြေအိုးကို ကိုင်ကာ လှည့်ထွက်သွားပြီးနောက် လူကြားထဲတွင် ပျောက်ကွယ်သွား လေသည်။
နေ့ခင်းတွင် ကျန်းယွင်ကျူးက နေ့လယ်စာများ ချက်ပြုတ်ပေးလိုက်ပြီး တစ်ခုကို တောင်ပေါ်သို့ ပို့ပေးလိုက်ကာ နောက်တစ်ခုကို စျေးထဲသို့ သွားပို့ပေးလိုက်လေသည်။
နောက်တစ်နေ့တွင်လည်း ထိုလူက ရောက်လာပြန်သည်။ ဒီနေ့လည်း ပေါက်စီလုပ်ထားသေးသည်။
သူက နေ့လယ်စာအတွက် မှာပြန်သည်။
အခုချိန်အထိ ကျန်းယွင်ကျူးတွင် ပုံမှန်စားသုံသူနှစ်ယောက်ရှိနေပြီး မျက်နှာရှည်စစ်သားနှင့် ထိုလူပင်ဖြစ်သည်။
တတိယနေ့တွင် တောင်ပေါ်က လုံခြုံရေးစစ်သားများက တောင်ကို ထပ်ရှာကြပြန်သည်။ သည်တစ်ကြိမ်တွင် ပြီးခဲ့သည့်အခေါက်ကထက် ပိုပြီး သေသေချာချာ ရှာခဲ့ကြသည်။ ဒေသတွင်း အိမ်ထောင်စုဇယားမရှိသူတိုင်း အဖမ်းခံကြရကာ ကြောက်လန့်တကြား ဖြစ်ကုန်ကြသည်။
“ဘာဖြစ်တာလဲ၊ တော်သေးတာပေါ့၊ အဲဒီကုန်သည်နှစ်ယောက် စောစောစီးစီး ထွက်သွားလို့၊ မဟုတ်ရင် ဒုက္ခရောက်ကြအုံးမယ်” အမျိုးသမီးချန်က သက်ပြင်းချလိုက်လေသည်။
ကျန်းယွင်ကျူးက ဘာမှမပြောပေ။ အဲဒီ နှစ်ယောက် ထွက်သွားပြီလား။ မသွားလောက်သေးပါဘူး။
လေးရက်မြောက်နေ့တွင် ကျန်းယွင်ကျူးက အမဲသားဝယ်ပြီး အမဲသားစိမ်းဆန်ပြုတ် လုပ်ခဲ့သည်။
ခါတိုင်းလိုပင် သူမက ကုန်ပစ္စည်းများကို ဝယ်ပြီး ချက်ပြုတ်ပေးခဲ့သည်။ သို့သော် သူမသည် နေ့လယ်ခင်းတွင် စာလုံးများ လေ့ကျင့်ပြီး စွပ်ပြုတ်ချက်တော့မည့် အချိန်အတွင် အရှေ့ဘက်မှ တိမ်မည်းကြီးတစ်ခုက လွင့်မျောလာသည်ကို သတိထားမိလိုက်တော့သည်။ ကြည့်ရတာ မိုးရွာတော့မယ်ထင်တယ်။ ဆောင်းရာသီကလည်း ဝင်တော့မယ်။ ရာသီဥတုကလည်း ပိုပိုပြီး အေးလာပြီ။
ခြံဝင်းထဲတွင် ရပ်နေရင်း အမျိုးသမီးချန်သည် တိမ်မဲများကို ကြည့်ကာ ပျော်ရွှင်မိသလို စိုးရိမ်နေမိတော့သည်။ သူမသည် မိုးခေါင်မည်ကို အမှန်ပင် ကြောက်ရွံ့ခဲ့လေသည်။ ဝူလင်စီရင်စုမြို့ကို ရောက်လာပြီးကတည်းက သူတို့ပထမဆုံးရောက်လာသည့် အချိန်ကာလတွင်း မိုးမရွာခဲ့ချေ။ သည်နေရာတွင်လည်း မိုးခေါင်မှာကို စိုးရိမ်ခဲ့မိသည်။ အခုတော့ မိုးရွာချေပြီ။ သူမသည် ပျော်ရသည်မှာ ထုတ်ပြောရန်ပင် မလိုတော့ချေ။
ဒါပေမဲ့ တကယ်ပဲ မိုးရွာတာဖြစ်ဖြစ် နှင်းကျတာဖြစ်ဖြစ် သူတို့တွေ မနက်ဖြန်ဆိုင်ဖွင့်နိုင်အုံးပါ့မလား။
“ သမီးတို့တွေ တစ်ရက်လောက်နားလိုက်ကြမလား”
ကျန်းယွင်ကျူးက အကြံပေးလိုက်၏။ နေ့ပေါင်းများစွာ အလုပ်လုပ်လာခဲပြီးနောက်တွင် သူတို့ကိုယ်သူတို့ တစ်ရက်လောက် အနားပေးဖို့ရာ အချိန်ကောင်းပင်။ ဆောင်းရာသီစတင်ဖို့ တဖြည်းဖြည်း နီးကပ်လာလေသည်။ သူမသည် ရွာသားများကို မြို့ထဲသို့ မျှားခေါ်သွားရန် သင့်တော်သည့်အကြံတစ်ခု ထွက်မလာသေးချေ။ ထို့ကြောင့် သူမသည် အနည်းငယ် စိုးရိမ်နေမိခဲ့သည်။
“ တစ်ရက်နားမယ်ဟုတ်လား”
အမျိုးသမီးချန်က ငြင်းလိုက်၏။
“ ဒါဆို အမေတို့ဝယ်ထားတဲ့ ပစ္စည်းတွေကို ဘာလုပ်ကြမလဲ”
ဒါပေမဲ့ သူတို့တွေ မနားဘဲ အားလုံးကို လုပ်လိုက်ရင်လည်း မနက်ဖြန် မိုးကြီးပြီး ဆိုင်မဖွင့်နိုင်ခဲ့ရင် ပိုပြီးရှုံးအုံးမှာပဲ”
“ အခု အေးနေပါပြီ၊ တစ်ရက်လောက်တော့ အထားခံမှာပါ”
ကျန်းယွင်ကျူးက ပြောလိုက်၏။ ရုတ်တရက်ဆိုသလို သူမက ဆက်ပြောလိုက်လေသည်။
“ လတ်လတ်ဆတ်ဆတ် ရောင်းတာက ပိုကောင်းတယ်နော်၊ ဒီလိုဆိုရင်ကော ၊ သိုးသားအရိုးစွပ်ပြုတ်နဲ့ ဝက်အူချောင်းလုပ်ကြမယ်လေ၊ ဒီရာသီနဲ့ဆို ကွက်တိပဲ။
ဝက်အူချောင်းကို နောက်ပိုင်းကျရင်လည်း ရောင်းလို့ရတယ်၊ ဒါမှမဟုတ် အိမ်အတွက် သိမ်းထားလည်းရတယ်လေ၊ ဒါက အဆင်ပြေတယ်”
အမျိုးသမီးချန်သည် ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် အကြံကောင်းဖြစ်မှန်း သိလိုက်တော့သည်။ နှစ်ယောက်သားက ဝက်အူးချောင်းလုပ်ရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြတော့သည်။
သူတို့နှစ်ယောက်လုံးသည် သွက်သွက်လက်လက် ရှိကြသည်။ မကြာမီတွင် တံစက်မြိတ်အောက်၌ ဝက်အူချောင်းများကို အတွဲလိုက် ချိတ်ဆွဲထားရာ ဆွဲလွဲများအတန်းလိုက် တပ်ထားသည်နှင့် တူနေတော့သည်။ လှပလွန်းလှသည်။
မနက်ဖြန် ဆိုင်မဖွင့်ပေ။ ထို့ကြောင့် ဝက်အူချောင်း လုပ်ပြီးနောက် လုပ်စရာမရှိတော့ချေေ။ ကျန်းယွင်ကျူးက ခွေးခြေခုံလေးကို ရွှေ့ကာ တံခါးဘေးတွင် ထိုင်လိုက်လေသည်။ ကောင်းကင်ပေါ်က တိမ်မဲများကို ကြည့်ရင်း ထိုဝက်အူချောင်းများကို ကြည့်လိုက်မိသည်။ သူမ၏စိတ်ထဲတွင်တော့ အတွေးများ အပြည့်ပင်။
ရုတ်တရက်ဆိုသလို မိုးပြိုလာပြီး မိုးဖွဲလေးများနှင့်အတူ နှင်းပွင့်များ ရွာကျလာတော့သည်။
အဝေးတွင် ကျယ်ပြန့်လွန်သည့် အဖြူရောင်လွင်ပြင်ကြီးတစ်ခု ဖြစ်နေကာ တောင်၊ မြစ်နှင့် အိမ်များအားလုံးကို ဖုံးအုပ်သွားတော့သည်။ လောကကြီးက ပိုပြီး အေးချမ်းသွားသယောင်။
ကျန်းယွင်ကျူးသည် ငေးမောနေလေသည်။ သည်အခိုက်တွင် ရုတ်တရက်ဆိုသလို လူတစ်ယောက်က တံခါးနား ရောက်လာလေသည်။ ထိုလူက သူမကို မြင်လိုက်ပြီး အရင်ဆုံး “ အော်မီတော်ဖော်”ဟု ရေရွတ်လိုက်လေသည်။ ထို့နောက် သူက ခေါင်းငုံ့ထားကာ မေးလိုက်၏။
“ ဒကာမလေး ကိုယ်တော့်ကို ခဏလောက် မိုးခိုခွင့်ပြုလို့ရမလား”
ကျန်းယွင်ကျူးက သူ့ဘက်လှည့်ကြည့်လိုက်ရာ အသက် ၆၀-၇၀ နာနီးသည့် ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရတော့သည်။ သူ့မျက်နှာမှာ အရေများတွန့်နေလေသည်။ သူ့ခန္ဓာကိုယ်ပေါ်ကို သင်္ကန်းကလည်း ဖာထေးရာအထပ်ထပ် ဖြစ်နေသည်။ သူသည် အလွန်မှ ဆင်းရဲဟန်တူသော်လည်း သူ့မျက်နှာက ကြင်နာသနားတတ်ကာ အေးချမ်းနေတော့သည်။
ဒီအနီးအနားမှာ ဘုရားကျောင်းတစ်ခုခုများ ရှိလို့လား။ ကျန်းယွင်ကျူးသည် အရင်က တစ်ခါမှ သတိမထားခဲ့မိချေ။
သည်အခိုက်တွင် အမျိုးသမီးချန်က အသံတစ်ခုကို ကြားလိုက်ရသဖြင့် အထဲမှ ထွက်လာကာ မေးလိုက်လေသည်။
“ ဘယ်ဘုရားကျောင်းကလဲ ဘုရား”
“ ရှီဖုန်းတောင်ပေါ်က နတ်သမီးဗိမာန်ဘုရားကျောင်း ကပါ” ဘုန်းကြီးက ပြန်ဖြေလိုက်သည်။
အမျိုးသမီးချန်က ထိုအကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။ ထိုအကြောင်းကို ကြားလိုက်ရသည့် ကျန်းယွင်ကျူးကတော့ ထူးဆန်းသွားလေသည်။ နတ်သမီးဗိမာန် တဲ့လား။
ဘုန်းကြီးက အအေးဓာတ်ကြောင့် တုန်ယင်နေသည်ကို တွေ့လိုက်ရသဖြင့် အမျိုးသမီးချန်က မိုးရေထဲက သူကို မိုးဝင်ခိုဖို့ မြန်မြန်ပြောလိုက်ပြီး သူ့အတွက် ရေနွေးပူတစ်ခွက် လောင်းထည့်ပေးလိုက်လေသည်။
ဘုန်းကြီးက ရေးနွေးသောက်လိုက်ပြီး အများကြီး သက်သာလာလေသည်။
သည်အချိန်တွင် အဘိုးချန်ကလည်း ထွက်လာ၏။
အပြင်ဘက်တွင် မိုးရွာကာ နှင်းများကျနေလေသည်။ ဘုန်းကြီးက ခဏနှင့် မပြန်နိုင်သဖြင့် သူက အဘိုးချန်နှင့် စကားစမြည်ပြောနေလိုက်သည်။
ရှီဖုန်းတောင်သည် ချန်ရှီရွာအနောက်ဘက် ၅ကီလိုမီတာအကွာတွင် ရှိလေသည်။ ဝူလင်တောင်၏ တောင်စွယ်တစ်ခုဖြစ်သော်လည်း ထိုတောင်ပေါ်တွင် သတ္တုရိုင်းမရှိပေ။
တောင်ပေါ်တွင် နတ်သမီးဗိမာန်ဘုရားကျောင်းတစ်ကျောင်း ရှိသည်။ ဆောက်လုပ်ခဲ့သည့်အချိန်ကိုတော့ မသိရချေ။ နတ်သမီးဗိမာန်ကို ပူဇော်ပသလျှင် ကပ်ဘေးများကို ရှောင်နိုင်ပြီး ဖယ်ရှားပစ်နိုင်သည်ဟု ဆိုကြသည်။
ဘုန်းကြီး ထိုဘုရားကျောင်းသို့ ရောက်လာချိန်တွင် ဘုရားကျောင်းက အမွှေးတိုင်တို့ ရှိမနေသော်လည်း နေထိုင်လို့တော့ ရသေးသည်။
နောက်ပိုင်း သည်နေရာက တောင်များတွင် သတ္တုရိုင်းများ ရှာဖွေတွေ့ရှိခဲ့ကြသည်။ အားလုံးက ထိုလမ်းသို့သာ သွားကြပြီး တခြားတဖက်က ပိုပိုပြီး လူသူကင်းမဲ့လာခဲ့သည်။ တဖြည်းဖြည်းနှင့် အမွှေးတိုင်လာရောက် လှူကြသူများပင် လုံးဝမရှိကြတော့ချေ။
ဘုရားဖူးများ မရှိသဖြင့် ဘုရားကျောင်းအတွက်လည်း ဘာဝင်ငွေမှ မရှိတော့ချေ။ အစားအသောက်အတွက်တော့ အဆင်ပြေသေးသည်။ ဝူလင်မြို့က လူများသည် ချမ်းသာကြပြီး အလှူခံထွက်တိုင်း အစားအသောက်တော့ အမြဲရနိုင်ခဲ့သည်။ သို့သော် ဘုရားကျောင်းကတော့ အချိန်တော်တော်ကြာအောင် ယိုယွင်းပျက်စီးနေခဲ့သည်။ လေဒဏ် မိုးဒဏ်တို့ကို မကာကွယ်ပေးနိုင်တော့ချေ။ ဆောင်းဝင်လာတော့မည်ကို သိလိုက်သဖြင့် ဘုန်းကြီးမှာ မတတ်သာတော့ဘဲ ဘုရားကျောင်းကို ကူညီပြင်ဆင်ပေးမည့် အလှူငွေထည့်ချင်သူ ရှိလိုရှိညား တောင်အောက်သို့ ဆင်းလာရတော့သည်။
သည်နေ့လယ်ခင်းတွင် သူသည် ပိုဝေးသည့် ဝမ်ကျွမ်းရွာသို့ သွားခဲ့သေးသည်။ သူ ပြန်ထွက်လာချိန်တွင် ရာသီဥတုက မမှန်သည်နှင့် မြန်မြန်ပြန်လာချင်ခဲ့သည်။ သူ သည်နေရာသို့ ရောက်လာသည်နှင့် မိုးက စရွာတော့သည်။
“ ကိုယ်တော့်ကို မိုးခိုခွင့်ပေးတဲ့အတွက် ဒကာကြီးကို ကျေးဇူးတင်ပါတယ်” ဘုန်းကြီးက လက်အုပ်ချီကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။
“ မဟုတ်တာ မဟုတ်တာ၊ ဒါက အသေးအဖွဲကိစ္စလေးပါ” အဘိုးချန်က ပြန်ဖြေလိုက်၏။
သူသည် ဘုန်းကြီးကို ဘုရားကျောင်းပြင်ဆင်ဖို့ရာ အလှူငွေရခဲ့သလားဟု မမေးလိုက်ချေ။ မိသားစုကလည်း ခက်ခဲသည့်အခြေအနေတစ်ခု ဖြစ်နေပြီး ကူညီနိုင်မည်မဟုတ်ချေ။
ကျန်းမိသားစု၏ အခြေအနေကို ကြည့်ပြီး ဘုန်းကြီးက သူတို့မိသားစုမှာ မချမ်းသာကြမှန်း သိလိုက်လေသည်။ ထို့ကြောင့် သူကလည်း ထိုအကြောင်းကို ဆက်မပြောတော့ချေ။
နှစ်ဦးသားက တခြားအကြောင်းအရာများကို ပြောလိုက်လေသည်။ လူအိုကြီးနှစ်ယောက်သည် အမြဲတမ်း ပြောစရာစကားများ အလွန်ပေါများလှသည်။
ကျန်းယွင်ကျူးက ဘေးတွင် နားထောင်နေလိုက်သည်။ ရုတ်တရက်ဆိုသလို စိတ်ထဲတွင် ဖျက်ခနဲ လှုပ်ရှားသွားတော့သည်။ သူမသည် ရွာသားများကို မြို့သို့ ခေါ်သွားရမည့် နည်းလမ်းအမျိုးမျိုးကို စဥ်းစားခဲ့သော်လည်း ဘယ်တစ်ခုမှ အကောင်အထည် ဖော်လို့မရခဲ့ပေ။ တိုက်တိုက်ဆိုင်ဆိုင် ကိစ္စကောင်းတချို့က လာဖြစ်လေတော့သည်။