← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အပိုင်း (၂၈.၁)

သည်အချိန် တောင်ပေါ်၌ ဝမ်ပင်၏မျက်လုံးများသည် သွေးကြောများ ထောင်တက်နေတော့သည်။ ကျူးလျန် ဝင်လာသည်ကို မြင်လိုက်ရသည်နှင့် သူက ချက်ချင်းမေးလိုက်လေသည်။

“ဘယ်လိုဖြစ်သွားပြီလဲ”

ကျူးလျန့်က ခေါင်းခါပြလိုက်၏။ လူအများကြီး အဖမ်းခံလိုက်ရတာတောင် ချီလင်သက်တော်စောင့်တစ်ယောက်မှ ပါတဲ့ပုံမပေါ်ဘူး။

သူက မဝံ့မရဲ ပြောလိုက်၏။

“ စစ်သူကြီးကြီး အတွေးလွန်နေတာဖြစ်မှာပါ၊ အဲဒီလူက ဝူလင်မိုင်းတွင်းကို လုံးဝမလာခဲ့ဘူး”

သူသည် ရှန်ဖုန်းမင်အကြောင်း ပြောလိုက်ချိန်တွင် သူ့ကို နာမည်ဖြင့် မခေါ်ရဲချေ။ ထို့အစား သူက ဝမ်ပင်း စိတ်ဆိုးသွားမည်စိုးသဖြင့် ‘အဲဒီလူ’ဟုသာ သုံးနှုန်းလိုက်တော့သည်။

ဝမ်ပင်းက တုံ့ဆိုင်းသွားပြီး မေးလိုက်၏။

“ ကျောက်ဖင်မြို့က ဘာသတင်းကြားလဲ”

“ အခုပဲ သတင်းရောက်လာတယ်၊ အဲဘက်က ခြေရာလက်ရာတွေအားလုံးကို ရှင်းလင်းပြီးပြီတဲ့၊ ချီလင်သက်တော်စောင့်တွေက ဘာမှ ရှာတွေ့မှာမဟုတ်ပါဘူးတဲ့၊ စစ်သူကြီး စိတ်ချလို့ရပါပြီ”

“ အဲဒီ ရှန်ဆိုတဲ့လူက ကျောက်ဖင်မြို့ကို သွားခဲ့သေးလားလို့မေးနေတာကွ” ဝမ်ပင်းက ဟိန်းဟောက်လိုက်၏။

ကျူးလျန့်မှာ အနည်းငယ် အံ့ဩသွားတော့သည်။ ထို့နောက် သူက ခေါင်းခါပြလိုက်၏။ အဲဒီလူက ကျောက်ဖင်မြို့မှာ ပေါ်မလာခဲ့ပါဘူး။

“ သူ ဝူလင်မိုင်းတွင်းမှာပဲ ရှိနေရမယ်”

စိုးရိမ်တကြီးဖြင့် ဝမ်ပင်းက ချက်ချင်း ထရပ်လိုက်ပြန်သည်။ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် သူကပြောလိုက်၏။

“ သူ ရှိကိုရှိနေတယ်၊ သူ ရှိနေရမယ်”

ရလဒ်အနေဖြင့် လုံခြုံရေးများက ထပ်ပြီး ပတ်ရှာရတော့သည်။

ညနေ ၃နာရီတွင် မိုးတိတ်သွားလေသည်။ သို့သော် ကောင်းကင်ကတော့ မကြည်လင်သေးချေ။ မကြာမီ မိုးထပ်ရွာအုံးမည့်ပုံပင်။

ဘုန်းကြီးက ကျန်းမိသားစုက ထပ်ပြီး ကျေးဇူးတင်စကားပြောလိုက်ပြီး ထွက်သွားတော့သည်။

ထင်ထားသည့်အတိုင်းပင် မိုးက နောက်တစ်နေ့မနက်အထိ ရွာနေခဲ့သည်။ အမျိုးသမီးချန်က မနေ့က ဟူလထန်း မလုပ်ခဲ့မိသည့်အတွက် ကိုယ့်ဟာကိုယ် ကျေးဇူးတင်သွားလေသည်။ သူတို့သည် ဆိုင်မခင်းနိုင်ခဲ့လျှင် အလကားဖြစ်သွားလိမ့်မည်။

တစ်ဖက်တွင်တော့ ကျန်းယွင်ကျူးက မအိပ်ဖြစ်သလောက်ပင်။ အိပ်ရာပေါ်တွင် လဲလျောင်းရင်း ပြတင်းပေါက် အပြင်ဘက်က မိုးဖွဲကျနေသံကို နားထောင်နေလေသည်။ သူမ မနေ့က လုပ်ခဲ့တဲ့ အစီအစဥ်ကို ပြင်ဆင်ရလိမ့်မယ်။ ဘာဟာကွက်မှ မရှိသည်ကို ခံစားမိလိုက်ပြီးနောက် သူမက အိပ်ရာထလိုက်တော့သည်။

မနက် ၉နာရီတွင် မိုးတိတ်သွား၏။ အားလုံးကို ရေဆေးချလိုက်သလို သန့်ရှင်းလန်းဆန်းနေတော့သည်။ သူမက အမျိုးသမီးချန်ကို လမ်းထွက်လျှောက်အုံးမည်ဟု ပြောခဲ့လိုက်သည်။

အမျိုးသမီးချန်ကလည်း စိတ်ထဲမထားချေ။

ကျန်းယွင်ကျူးက ထွက်လာပြီး အနောက်ဘက်သို့ လှမ်းကြည့်လိုက်၏။ ဟုတ်နေတာပဲ။ အဲဘက်မှာ မတ်စောက်တဲ့ တောင်ထိပ်နှစ်လုံးရှိတယ်။ တစ်ခု မြင့်ပြီး တစ်ခုက နိမ့်တယ်။ မြင့်တဲ့ တစ်ခုက မတ်မတ်ကြီးတက်သွားပြီး မတ်မတ်ပြီး ပြန်ဆင်းလာတယ်။ သူ့ပတ်ဝန်းကျင်က ချောမွတ်တဲ့ကျောက်နံရံတွေပဲ။ လူတွေ လုံးဝ တက်သွားလို့မရနိုင်လောက်ဘူး။ သူ့ဘေးမှာ တောင်နိမ့်တစ်လုံး ရှိတယ်။ ဆင်ခြေလျှောက နည်းနည်းပြေသလိုပဲ။

ဝူလင်စီရင်စုမြို့တွင် နေရာတိုင်း၌ တောင်များ ရှိလေသည်.။ သူမသည် သည်တောင်နှစ်လုံးကို အရင်က အမှန်ပင် သတိမထားခဲ့မိသလို ထိုတောင်ပေါ်တွင် ဘုရားကျောင်းတစ်ခု ရှိမှန်းလည်း မသိခဲ့ချေ။

ကျန်းယွင်ကျူးက ထိုဘက်သို့ လမ်းလျှောက်သွားလိုက်သည်။

သူသည် နေ့တိုင်းလိုလို မြို့သို့ ၃ကီလိုမီတာနီးပါး လမ်းလျှောက်နေရသည်။ သူမသည် လမ်းလျှောက်ရာတွင် အသားကျလာခဲ့သည်။ ၅ ကီလိုမီတာ အကွာအဝေးတစ်ခုလောက်ကတော့ ဘာမှမဟုတ်တော့ချေ။ သူမသည် တောင်ခြေသို့ ရောက်လာခဲ့သည်။

သည်နေရာတွင် လမ်းတစ်ခု ရှိနေသော်လည်း လူကတော့ မရှိသလောက်ပင်။ မကြာခဏဆိုသလို လူတစ်ယောက် နှစ်ယောက်သာ မြင်ရသည်။ သူတို့အများစုက ထင်းလာရှာကြခြင်းပင်။ တခြားတောင်များတွင် မိုင်းတွင်းများ ရှိကြသည်။ လူများကို တောင်ပေါ်သို့ တက်ခွင့်မပြုပေ။ သည် ရှီဖုန်းတောင်ကိုတော့ အစောင့်မချထားပေ။ ထို့ကြောင့် လူများက သည်နေရာသို့လာပြီး ထင်းလာကောက်ကြလေသည်။

ကျန်းယွင်ကျူးက တောင်ပေါ်တက်သည့် လမ်းအတိုင်း တက်လာခဲ့သည်။ လမ်းတစ်ဝက်တွင် တောင်ပေါ်မှ လူသုံးယောက် အလောတကြီး ဆင်းလာသည်ကိုတွေ့လိုက်ရလေသည်။

အသက်ကြီးကြီး ဘုန်းကြီးနှစ်ပါးဖြစ်ပြီး သူတို့ထဲက တစ်ပါးက ကိုရင်ငယ်လေးကို ကျောပိုးထားသည်။

ထိုဘုန်းကြီးက မနေ့က သူမတွေ့ခဲ့သည့် တစ်ပါးပင်။

“ဝမ်ရှင်း ကိုယ်တော် မီရှန်းကို ခေါ်ပြီး သမားတော် သွားပြလိုက်မယ်၊ ကိုယ်တော်က မြို့ထဲသွားပြီး သူ့အတွက် ဆေးဝယ်ဖို့ အလှူငွေလေးများ ရလိုရငြား သွားအလှူခံခဲ့လိုက်” ဘုန်းကြီး ဝမ်ကြွယ်က ပြောလိုက်၏။

“ အစ်ကိုတော် ကိုယ်တော်နားလည်ပါပြီ” နောက်တစ်ပါးက သဘောတူလိုက်၏။

ကျန်းယွင်ကျူးမှာ ဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်သွားပြီး ဘုန်းကြီး၏ကျောပြင်ကို ကြည့်လိုက်လေသည်။ ဟုတ်နေပါပြီ။ ကိုရင်လေးက အသက် ၅-၆နှစ်လောက်ပဲ ရှိအုံးမယ်။ သူ့မျက်နှာက နီရဲနေတာပဲ။

“ အရှင်ဘုရား” သူမက ဘုန်းကြီးကို နှုတ်ဆက်လိုက်၏။

ဘုန်းကြီးက သူမကို မှတ်မိသွားသည်။ သို့သော်ငြား အခိုက်တန့်အတွင်း သူမနှင့် စကားပြောဖို့ရာ အချိန်က မရှိပေ။ သူက ရေရွတ်လိုက်လေသည်။

“ ဒကာမလေး”

“ ကိုရင်လေးကို သမားတော်ဆီ အရင်ဆုံး သွားပို့လိုက်ပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ကောင်းပါပြီ” ဘုန်းကြီးက ပြန်ဖြေလိုက်သည်။

သူတို့လေးယောက်သည် မြို့သို့ အတူတူရောက်လာခဲ့လေသည်။ ထို့နောက် ဝမ်ရှင်း အမည်ရှိ ဘုန်းကြီးက ထွက်သွားလိုက်သည်။ အလှူခံသွားလိုက်ပုံရသည်။ ကျန်းယွင်ကျူးက ကွမ်းရှန်းခန်းမသို့ ဘုန်းကြီးနောက်က လိုက်ဝင်လာခဲ့သည်။

“ ကြည့်ရှုခ ၁၀ ဝမ်ပါ” ကွမ်းရှန်းက စာရေးက ပြောလိုက်၏။

ဘုန်းကြီးက အင်္ကျီလက်ထဲတွင် အချိန်တော်တော်ကြာအောင် ဟိုစမ်းသည်စမ်း လုပ်လိုက်သော်လည်း ၆ ဝမ်သာ ထွက်လာလေသည်။

“ဒကာကြီး ကျေးဇူးပြုပြီး....”

“ကျွန်တော်တို့ ကွမ်းရှန်းခန်းမက အလှူလုပ်တဲ့နေရာမဟုတ်ဘူး၊ အားလုံးက အရှင်ဘုရားလိုသာဆိုရင် ကျွန်တော်တို့တွေ ငတ်သေတော့မှာမလား၊ ဒါဆိုရင် ဘယ်သူက အရှင်ဘုရားတို့ကို စမ်းသပ်ပေးနိုင်တော့မှာလဲ”

မနက်ခင်းက တာဝန်ခံ၏ ဆူဆဲခံထားရသည့် စာရေးက စိတ်အခြေအနေမကောင်းပေ။ ထို့ကြောင့် သူ့စကားများက အေးစက်နေတော့သည်။

ဘုန်းကြီးက တုန်ယင်သွား၏။ သူသည် ကိုရင်လေး၏နဖူးကို ကိုင်ကာ အပူချိန်စမ်းကြည့်လိုက်ပြီး အပြင်ကိုလှမ်းကြည့်ရင်း ညီတော်က သမားတော်ပြရန် လုံလောက်သည့် ငွေများနှင့် ပြန်လာဖို့ရာ ဆုတောင်းနေမိသည်။

“ ကျွန်မမှာ ရှိတယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ ထိုသို့ပြောလိုက်ပြီး သူမက ၄ ဝမ်ကိုထုတ်ကာ ကောင်တာပေါ်တွင် တင်လိုက်လေသည်။

ဘုန်းကြီးက သူမကိုကြည့်လိုက်ပြီး

“ ဒကာမလေး”

“ သမားတော်နဲ့ မြန်မြန်ပြလိုက်ပါ” ကျန်းယွင်ကျူးက တိုက်တွန်းလိုက်သည်။

ဘုန်းကြီးက ခေါင်းညိတ်ပြလိုက်ပြီး ၁၀ ဝမ်ကို စာရေးအား ပေးလိုက်လေသည်။

စာရေးက ပိုက်ဆံကို သိမ်းလိုက်ပြီး သူတို့အား ဘေးအခန်းသို့ သွားဖို့ ပြောလိုက်လေသည်။

ဘုန်းကြီးက ကိုရင်လေးကို ကျောပိုးပြီး လျှောက်သွားလိုက်၏။ ကျန်းယွင်ကျူးကလည်း နောက်မှ လိုက်သွားလိုက်သည်။

“ သူ အအေးမိတာပါ၊ သူ့အခြေအနေက အရမ်းပြင်းတယ်၊ ဆေးမြန်မြန် သောက်ဖို့လိုတယ်၊ ပြီးတော့ အအေးထပ်မိလို့မရဘူး”

သမားတော်က ပြောလိုက်ပြီး ဆေးညွှန်းတစ်ခုကို ချရေးလိုက်လေသည်။

ဘုန်းကြီးက ဆေးညွှန်ကို ကောက်ကိုင်လိုက်၏။

“ အရှင်ဘုရား၊ တပည့်တော် သွားလိုက်ပါ့မယ်၊ အရှင်ဘုရားက ကိုရင်လေးကိုပဲ စောင့်ရှောက်ထားလိုက်ပါ”

သူ့တွင် ငွေမရှိတော့သဖြင့် ဆေးညွှန်းရပြီးလျှင်တောင် ဆေးဝယ်နိုင်မည် မဟုတ်မှန်း ကျန်းယွင်ကျူး သိလိုက်သည်။ ထို့ကြောင့် သူမက ဆေးညွှန်းကို ယူလိုက်ပြီး ဆေးဝယ်ရန် အပြင်ထွက်လာခဲ့လိုက်သည်။

“ ကျေးဇူးတင်ပါတယ် ဒကာမလေး၊ ကျေးဇူးတင်ပါတယ်”

ဘုန်းကြီးသည် မနေ့က မမျှော်လင့်ဘဲ တွေ့ခဲ့ရသည့် မိန်းကလေးတစ်ယောက်က သူ့ကို သည်လို လိုလိုလားလား ကူညီလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

ခေတ်ကာလတိုင်းတွင် ရောဂါကုပြီး ဆေးသောက်ဖို့ရန်က ပြဿနာကြီးတစ်ခုပင်။ ဆေးတစ်ဖုံနှစ်ဖုံက ကျန်းယွင်ကျူးကို ဝမ် ၂၀၀ လောက်ကုန်သွားစေတော့သည်။ ဒါသည် ကျန်းမိသားစု တစ်မနက်စာ ဝင်ငွေနီးပါး ရှိလေသည်။ သို့သော် လူသားတစ်ယောက်၏အသက်က အန္တရာယ်ဝသို့ ရောက်နေပြီ။ ထို့အပြင် ကျန်းယွင်ကျူးသည် ဘုန်းကြီးနှင့် ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိသေးသည်။ ထို့ကြောင့် သူမသည် စိတ်ထဲမထားခဲ့ချေ။

သည်အချိန်တွင် ဘုန်းကြီးက ကိုရင်လေးကို ကျောပိုးကာ တံခါးနားတွင် ရပ်နေလေသည်။

ကျန်းယွင်ကျူးက လျှောက်သွားလိုက်ပြီး ဆေးဝယ်ပြီးကြောင်း လက်ဟန်ပြလိုက်လေသည်။

“ ဒကာမလေးကို ကျေးဇူးတင်ပါတယ်၊ ဒီလိုမှမဟုတ်ရင် ကလေးရဲ့အသက်က ဆုံးရှုံးရတော့မှာပါ”

ဘုန်းကြီးက သူမကို ကျေးဇူးစကားထပ်ဆိုပြန်သည်။

“အရှင်ဘုရား အရမ်းအားနာစရာမလိုပါဘူး၊ အရင်ပြန်ပြီး ကိုရင်လေးအတွက် ဆေးကြိုပေးရအောင်ပါ”

ကျန်းယွင်ကျူးက ပြောလိုက်၏။

သူတို့နှစ်ယောက်က လမ်းလျှောက်ကာ ထွက်လာခဲ့ကြသည်။ သူတို့သည် မြို့ဝင်ပေါက်သို့ အရောက်တွင် အလှူခံနေသည့် ဝမ်ရှင်းကို တွေ့လိုက်ရလေသည်။ တချို့ စေတနာရှိသူများက ဘုန်းကြီးအိုတစ်ပါးကို တွေ့ပြီး သနားကြသဖြင့် တစ်ဝမ် နှစ်ဝမ်လောက် လှူကြသည်။ ဆေးဖိုးသည် အလွန် အကုန်ကျများလေသည်။ မည်သို့ လောက်ငှပါမည်နည်း။

ဝမ်ရှင်းသည် အလွန်စိုးရိမ်နေသဖြင့် မျက်နှာပေါ်တွင် ချွေးများ စီးကျနေတော့သည်။

“ ညီတော်” ဘုန်းကြီးက သူ့ကို ခေါ်လိုက်၏။

“အစ်ကိုတော်” ဝမ်ရှန်းက လျှောက်လာခဲ့သည်။

“ ဒီဒကာမလေးက မီရှန်းအတွက် စစ်ဆေးခရော ဆေးဖိုးရော ကူပြီး ကြိုရှင်းပေးခဲ့တယ်” ဘုန်းကြီးက ကျန်းယွင်ကျူး စိုက်ရှင်းပေးခဲ့သည့်အကြောင်းနှင့် နောက်ပိုင်း သူတို့တွင် ငွေရှိလာလျှင် ကျန်းယွင်ကျူးကို ပြန်ပေးရမည့်အကြောင်း ရှင်းပြလိုက်လေသည်။

“ဒကာမလေးကို ကျေးဇူးတင်ပါတယ်”

ဝမ်ရှင်းက လက်အုပ်ချီကာ ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

သူတို့လေးယောက်သည် မြန်မြန်ပြန်လာခဲ့ကြလေသည်။ ခဏအကြာအတွင် သူတို့သည် တောင်ပေါ်သို့ရောက်လာပြီး ထိုနေရာတွင် လူသုံးယောက်က စိုးရိမ်တကြီး စောင့်ဆိုင်းနေကြလေသည်။ လူကြီးနှစ်ယောက်နှင့် လူငယ်တစ်ယောက်တို့ဖြစ်သည်။

“ အရင်ဝင်သွားလိုက်” လူသုံးယောက်က မေးခွန်းများ မမေးရသေးခင်မှာပင် ဘုန်းကြီးက ပြောလိုက်၏။

ဘုရားကျောင်းသို့ ဝင်လာပြီးနောက်တွင် ဘုန်းကြီးက ကိုရင်လေးကို ချပေးလိုက်သည်။ တစ်ယောက်က သူ့ကို စောင့်ရှောက်နေလိုက်သည်။ တစ်ယောက်က ဆေးကြိုပေးရန် နောက်ဖေးသို့ ဝင်သွားသည်။ တချို့က အလုပ်များနေကြလေသည်။

ကျန်းယွင်ကျူးက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

ခြံဝင်းနှစ်ထက် ဘုရားကျောင်း တစ်ခုပဲ။ အရမ်းလည်း မကြီးဘူး။

ရှေ့မျက်နှာစာက ဘေးအခန်းတွေထဲမှာ ခန်းမအလယ်မှာ ကြားဖြူတစ်ကောင်စီးနေတဲ့ နတ်သမီးတစ်ပါးကို ပူဇော်ထားတယ်။ နတ်သမီးက ဇာမဏီငှက်အသွင်ကိုယ်နေဟန်တစ်ခုနဲ့ အနီရောင်နတ်ဝတ်နတ်စားကို ဆင်မြန်းထားပြီး မာန်ပါပါ မျက်ခုံးပင့်ထားတယ်။

နှမြောစရာကောင်းတာက အချိန်တွေ အရမ်းကြာသွားတော့ ရုပ်တုပေါ်က ဆေးကလည်း အစက်အပြောက်တွေနဲ့ နတ်သမီးရဲ့အရောင်အဝါကို ဖျက်ဆီးပစ်လိုက်တာပဲ။

ဒါက သကြားမင်းရဲ့ သမီးတော် နတ်သမီးပဲ ဟုတ်တယ်မလား။ ကျန်းယွင်ကျူးက စဥ်းစားလိုက်လေသည်။ သူမ ဒီနတ်သမီးအကြောင်းကို တစ်ခါမှ မကြားဖူးပါဘူး။ ရှေ့ခေတ်တုန်းကတော့ သူမနဲ့ နာမည်တူ နတ်သမီးနှစ်ပါး ရှိခဲ့တယ်။ တစ်ပါးက ကောင်းကင်ဘုံရဲ့ သမီးတော် နွီပါ အဝါရောင်ဧကရာဇ်ရဲ့ သမီးတော်။ သူမက အပြာရောင်ဝတ်ရုံကို ဝတ်စားပြီး သူမရှိတဲ့ နေရာကနေ ကီလိုမီတာ ထောင်ကျော်အထိ ခြောက်သွေ့နေတတ်လို့ ဆိုကြတယ်။

ဘုံကိုးဆင့်နတ်သမီး လို့လည်းခေါ်တဲ့ ကောင်းကင်ဘုံ နတ်သမီးလည်း ရှိသေးတယ်။ သူက လူဦးခေါင်းနဲ့ ငှက်ကိုယ်ထည်ရှိတယ်တဲ့။ သူမက တောက်ဝါဒီသမားတစ်ယောက်တဲ့။

သိကြားမင်းရဲ့သမီးတော် နတ်သမီးက ဘယ်တစ်ယောက်လဲတော့ မသိဘူး။ ဗုဒ္ဓဘာသာနဲ့ ကိုက်ညီတဲ့အသွင်လည်း မရှိဘူး။ ကြည့်ရတာ ရွာသားတွေထဲက တစ်ယောက်ယောက် သူမရဲ့ ကျေးဇူးတော်ကို သိတတ်တဲ့အနေနဲ့ ကိုးကွယ်ဖို့ ဘုရားကျောင်းတစ်ဆောင် ဆောက်ပေးခဲ့တာနေမှာပါ။

ဘုရားကျောင်းရဲ့နောက်မှာတော့ ဘုန်းကြီးတွေနေတဲ့ နေရာရှိတယ်။ ဒီဘုရားကျောင်းက မပြုပြင်တာ ဘယ်လောက်တောင် ကြာပြီလဲ မသိဘူး။ မျက်နှာစာက ခန်းမအားလုံးနီးပါးကလည်း ပျက်စီးနေပြီ။ အနောက်ဖက်မှာလည်း ယိုင်နဲ့နဲ့အိမ်တွေနဲ့။ မနေ့က တစ်ညလုံးမိုးရွားထားတာ။ အခုတော့ ခြောက်တဲ့နေရာ မရှိသလောက်ပဲ။ လေအေးကလည်း တိုက်နေတာ ရင်ထဲ တန်းဝင်လာတော့တာပဲ။

ကိုရင်လေး အအေးမိတာလည်း မဆန်းတော့ပါဘူး၊။

“ကျေးဇူးတင်ပါတယ်”

ဘုန်းကြီးက ရောက်လာပြီး ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ဆိုပြန်သည်။ သူမက ကျိုးပျက်နေသည့် အိမ်ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူက သက်ပြင်းချလိုက်၏။

ဘုရားကျောင်းထဲတွင် အမွှေးတိုင်လည်းမရှိသလို ဧည့်သည်များလည်း မရှိပေ။ လူကြီးက ဆုံးသွားတဲ့အချိန်မှာ ဘာမှပြောစရာလည်း မရှိတော့ဘူး။ ဒါပေမဲ့ လူငယ်နှစ်ယောက်ကရော။ သူတို့ကို မွေးစားပေးမဲ့ ကြင်နာတတ်တဲ့သူတွေ ရှိပါ့မလားမသိဘူး။ သူတို့တွေက ပထမနေရာကို စွန့်ခွာလာပြီး အသက်အရွယ်ကလည်း ဟိုမရောက်သည်မရောက်။ ဒီလိုသာဆိုရင် သူတို့တွေ မိသားစုတစ်ခုကို ရှာနိုင်မှာမဟုတ်လောက်ဘူး။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး ဘုန်းကြီးမှာ စိတ်ဓာတ်ကျသွားတော့သည်။

သည်အခိုက်တွင် ကျန်းယွင်ကျူးက သိမ်သိမ်မွေ့မွေ့ မေးလိုက်လေသည်။

“အရှင်ဘုရား ဒီဘုရာကျောင်းကို ပြန်စည်ပင်လာအောင် လုပ်လိုပါသလား”

ဘုန်းကြီးမှာ သူ့နားကိုပင် လုံးဝမယုံနိုင်ဖြစ်သွားတော့သည်။ သူမ ဘာတွေပြောနေတာလဲ။

ကျန်းယွင်ကျူးက ဘုန်းကြီးမှာ အသက်အရွယ်အိုမင်းနေပြီး သူမ၏စကားကို စကားကို သေချာမကြားလိုက်ဟု ထင်လိုက်လေသည်။ ထို့ကြောင့် သူမက ထပ်မေးလိုက်လေသည်။

“အရှင်ဘုရား ဒီဘုရားကျောင်းကို ပြန်စည်ပင်လာအောင် လုပ်လိုပါသလား”

...

အပိုင်း (၂၈.၂)

ဒါပေါ့။ သူ လိုချင်တာပေါ့။ ဒီဘုန်းကြီးက ဒီအကြောင်းကို ရည်စူးနေခဲ့မိတာပဲ။ ဒါပေမဲ့ ဘယ်လိုစည်ပင်လာအောင် လုပ်ရမှာတဲ့လဲ။

“အရှင်ဘုရား တပည့်တော်မှာ စိတ်ကူးတစ်ခုရှိပါတယ်”

ကျန်းယွင်ကျူးက သူမ၏အစီအစဥ်ကို ဘုန်းကြီးအား ပြောပြလိုက်လေသည်။

ဘုန်းကြီးမှာ ဆွံ့အသွားလေသည်။ ဒါက အဆင်ပြေပါ့မလား။

“အရှင်ဘုရား မစမ်းကြည့်ဘဲနဲ့တော့ ဘယ်လိုလုပ်ပြီး သိပါ့မလဲ” ကျန်းယွင်ကျူးက ပြောလိုက်၏။

ဘုန်းကြီးက တွေဝေနေဆဲ။ ဒီက လူတွေကို လှည့်စားတာ ဖြစ်မနေဘူးလား။ ကောင်းကင်ဘုံက ဧကရီကရော အမျက်ထွက်မှာလား။

“ ကောင်းကင်ဘုံသမီးတော် နတ်သမီးမှာ စိတ်တန်ခိုးရှိပါတယ်၊ ဒီတော့ နတ်သမီးက အရှင်ဘုရားရဲ့ အပတ်တကုတ်အားထုတ်မှုကို အသိအမှတ်ပြုမှာပါ”

ဘုန်းကြီးက ပျက်စီးယိုယွင်းနေသည့် အိမ်ကို ကြည့်လိုက်ပြီးနောက် အိမ်ထဲ လူများကို ကြည့်လိုက်လေသည်။ လူကြီးတွေကလည်း အိုကြပြီ။ လူငယ်တွေကလည်း ငယ်ကြသေးတယ်။ သူတို့တွေ ဒီဆောင်းတွင်းကိုတောင် ရှင်သန်နိုင်ကြပါ့မလား။ သူသည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်တော့သည်။ ကောင်းပြီလေ။ ငရဲကို သွားရမယ်ဆိုရင်တောင် သူတစ်ယောက်ထဲပဲ သွားပါ့မယ်။

ကျန်းယွင်ကျူးကတော့ သည်ကိစ္စမှာ အလိမ်အညာတစ်ခု မဟုတ်ဘဲ အသက်များကို ကယ်တင်ခြင်းဟု သိထားသည်။ ထို့ကြောင့် သူမသည် စိတ်ပိုင်းဆိုင်ရာ ဘာဝန်ထုပ်ဝန်ပိုးကိုမှ မခံစားရချေ။ သူမက ဘုန်းကြီးကို အစီအစဥ် အသေးစိတ်ပြောပြလိုက်ပြီး သူ့ကို ငွေအနည်းငယ် ပေးလိုက်လေသည်။ သူတို့နှစ်ယောက်သည် အသီးသီးလမ်းခွဲလိုက်ကြပြီးနောက် အလုပ်များသွားတော့သည်။

အမျိုးသမီးချန်သည် အခုတလော ကျန်းယွင်ကျူး တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိလေသည်။ သူ နေ့တိုင်း အပြင်ထွက်နေတယ်။ သူ့ကို ဘာလုပ်နေတာလဲလို့မေးလိုက်ရင်လည်း အမြဲတမ်း အကြောင်းပြချက် အမျိုးမျိုးပေးနေတယ်။

ကံအားလျော်စွာ အပြင်ထွက်လိုက်တိုင်း အချိန်သိပ်မကြာခဲ့ပေ။ ထို့ကြောင့် သူမက ထိုအကြောင်းကို များများစားစား မတွေးခဲ့ချေ။

ဆောင်းရာသီ ဝင်လာတော့မည်။ ဖက်ထုပ်က ဆောင်းရာသီအစအတွက် မဖြစ်မနေလုပ်ရမည့် အစားအစာပင်။

သည်ထုံးစံက ကျန်းကျုံးကျင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။ ဟိုတုန်းက ဖက်ထုပ်ကို ကျောင်းအာ ဟုခေါ်ကြသည်။ မဟာဆေးပညာရှင်ကြီးတစ်ယောက် အနေဖြင့် ကျန်းကျုံးကျင်းသည် ရာထူးမှ အနားယူပြီး သူ့ဇာတိမြို့သို့ ပြန်လာပြီးနောက်ပိုင်း ဆောင်းတွင်ရောက်သောအခါ သာမန်ပြည်သူများ၏ နားက အေးခဲနေသည်ကို သတိထားမိသွားသည်။ ထို့ကြောင့် သူက သိုးသားနှင့် အအေးဓာတ်ကို ဖယ်ရှားပေးနိုင်သည့် တခြားအစားအစာများကို ဂျုံရွက်ပါးပါးလေးထဲတွင် ထုပ်ကာ ရေထဲထည့်ပြီး ပြုတ်လိုက်သည်။ သူ့ကို အအေးဓာတ် ဖယ်ရှားပေးသည့် ကျောင်းအာစွပ်ပြုတ်ဟု ခေါ်လေသည်။

ဖက်ထုပ်များက နားရွက်ပုံစံရှိသည့်အတွက်ကြောင့် နောက်ပိုင်းတွင် စကားပုံတစ်ခု ပျံ့နှံ့သွားတော့သည်။

“ ဆောင်းဝင်ဝင်ချင်းမှာ ဖက်ထုပ်မစားရင် နင့်နားရွက်တွေ အေးခဲ့သွားတဲ့အခါ ဘယ်သူမှာ ဂရုစိုက်မှာ မဟုတ်ဘူး” ဟူ၍။

ကျန်းယွင်ကျူးသည် သူမ၏ထမင်းဘူးလုပ်ငန်းကို တမင်မကြော်ငြာခဲ့ပေ။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မျက်နှာရှည်စစ်သားနှင့် မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း လူကြီးကလွဲလျှင် သူမတွင် စားသုံးသူ တော်တော်များများ ရှိသေးသည်။ အခုတော့ သူမ နေ့လယ်ခင်းတွင် ရှာဖွေခဲ့သည့် နေ့စဥ်ဝင်ငွေမှာ မနက်ခင်း ဝင်ငွေကို မီလုနီးနီး ဖြစ်လာခဲ့သည်။

“ယွင်ကျူး ဆောင်းဝင်လာတဲ့နေ့မှာ အမေတို့တွေ မွှေကြော်ရောင်းမဲ့အစား ဖက်ထုပ် ရောင်းရအောင်လေ”

အမျိုးသမီးချန်က မီးဖိုဆောင်ကို သန့်ရှင်းရေးလုပ်ရင်း ကျန်းယွင်ကျူးကို အကြံပေးလိုက်လေသည်။

“အင်း”

ကျန်းယွင်ကျူးသည် သူမ၏စိတ်ထဲတွင် ကိစ္စများ ရှိနေသဖြင့် သည်အတိုင်း ပြန်ပြောလိုက်တော့သည်။

သည်အချိန်တွင် သိပ်မဝေးလှသည့် တောင်ပေါ်က စခန်းထဲ၌ မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း သက်တော်စောင့်က စျေးမှ ပြန်ရောက်လာပြီး ယန်ရှန့်ကို တရိုတသေ လှမ်းပေးလိုက်လေသည်။ သူ့သတ္တိကို စုစည်းကာ မေးလိုက်လေသည်။

“ ဒုတပ်မှူး ဒီထမင်းဘူးထဲက ဘာမလို့ အဲလောက်တောင် အရသာရှိတဲ့အနံ့မွှေးနေရတာလဲ”

ယန်ရှန့်က ပြောဆိုရလွယ်သူ ဖြစ်သည်။ ထို့ကြောင့် သည်သက်တော်စောင့်က မေးခွန်းထုတ်လိုက်ခြင်းပင်။ ရှန်ဖုန်းမင်သာဆိုလျှင် သူသည် တတ်နိုင်သလောက် ဝေးဝေးနေဖို့သာ ဆန္ဒရှိလေသည်။

“ အထဲက ဘာလဲဟုတ်လား၊ ဒါပေါ့၊ အစားအစာပေါ့ကွ”

ယန်ရှန့်က ထမင်းဘူးကို ယူကာ ဝမ်းသာအားရ ပြန်ဖြေလိုက်လေသည်။

သက်တောင်စောင့်မှာ နှုတ်ခမ်းမဲ့လိုက်တော့သည်။ အစားအစာမှန်းတော့ သူ သိတာပေါ့။ ဒါပေမဲ့ ဘာအစားအစာလဲပါဆိုမှ။ သည်နေ့ ယန်ရှန့် ပျော်မြူးနေသည်ကို တွေ့လိုက်ရသဖြင့် သူက ဇွဲကောင်းကောင်းနှင့် ဆက်မေးလိုက်လေသည်။

“ ဒါဆို ကျွန်တော်ရော တစ်ယောက်စာလောက် ဝယ်လို့ရလား”

ရုတ်တရက်ဆိုသလို သူ့နောက်က ညီအစ်ကိုများက သူ့ကို မျက်စမှိတ်ပြလိုက်သည်ကို မြင်လိုက်ပြီး ပြောလိုက်လေသည်။

“ ဒါမှမဟုတ် လေး ငါး ယောက်စာလောက်ဝယ်ပြီး သူတို့ကိုလည်း ကျွေးလိုက်မယ်”

ပြီးခဲ့သည့် ရက်ပိုင်းက ချီလင်သက်တော်စောင့်များသည် ဟင်းပွဲများ၏ ရနံ့ကို ရှူရင်း ယန်ရှန့်က မြိန်ရည်ယှက်ရည် စားသောက်နေသည်ကိုသာ ကြည့်နေခဲ့ရသည်။ သူတို့လည်း ကျန်းယွင်ကျူး၏ဆိုင်သို့ သွားပြီး စွပ်ပြုတ်နည်းနည်း၊ ပေါက်စီနည်းနည်း သို့မဟုတ် ဟင်းပွဲတချို့ကို ဝယ်လိုက်ချင်တော့သည်။ အမှန်ပင်။ သည်ကိစ္စကလည်း ယန်ရှန့်၏ ခွင့်ပြုချက်ပေါ် မူတည်လေသည်။

“မင်းတို့လည်း စားချင်လို့လား” ယန်ရှန့်က သူ့မျက်ခုံးများကို ပင့်လိုက်၏။

သက်တော်စောင့်က မြန်မြန်ခေါင်းညိတ်လိုက်လေသည်။

“ လူအများကြီး သွားဝယ်ရင် တခြားသူတွေ မင်းတို့ကို သိသွားမှာ မကြောက်ဘူးလား”

ယန်ရှန့်က ရှုံ့မဲ့ကာပြောလိုက်၏။ ပြီးတော့ လူတွေအများကြီး သွားဝယ်မှာတော့ ကျန်းယွင်ကျူးက အလုပ်ဘယ်လောက်တောင်များသွား လိုက်မလဲ။ သူ့မှာ အစကတည်းက နည်းနည်းပဲ အိပ်ရတာကို။

ဒီကောင်တွေကတော့နော်။ အစားကောင်းတွေ့တာနဲ့ တွယ်ကပ်နေတော့တာပဲ။

သက်တော်စောင့်များသည် သနားစဖွယ် ခံစားလိုက်ရတော့သည်။ သူတို့တွေ အခု မလုပ်နိုင်ဘူးဆိုမှတော့ ဒီကိစ္စ ပြီးသွားမှ ဆိုင်မှာ သွားကိုစားလိုက်အုံးမယ်။ အဲဒီအခါကျရင်တော့ ဒုတပ်မှူးလည်း သူတို့ကို တားလို့မရတော့ဘူး။

အင်း။ မကြာခင် ဖြစ်လာတော့မှာပါ။ ခုရက်ပိုင်း တစ်ရက်ရက်ပဲ ဖြစ်သင့်ပါတယ်။ စာရင်းကို ပြန်အတည်ပြုပြီးရင် သူတို့တွေ လူတွေကို ဖမ်းလို့ရလောက်ပါပြီ။

တစ်ဖက်တောင်ပေါ်တွင် ကျူးလျန့် ဝင်လာချိန်တွင် ဝမ်ပင်း၏ ပုံစံကြောင့် အလန့်တကြား ဖြစ်သွားတော့သည်။ သူသည် မျက်လုံးနီများနှင့် မျက်တွင်းကျနေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရပြီး လက်ထဲတွင် ဓားကိုင်ကာ ထိုနေရာတွင် ထိုင်နေလေသည်။ သူသည် တညလုံး မအိပ်ခဲ့သည့်နှယ်။

“စစ်သူကြီးဝမ်”

ကျူးလျန့်သည် စိုးရိမ်တကြီး လှမ်းခေါ်လိုက်၏။ ဘာလို့ ဒီလိုဖြစ်သွားတာလဲ။

“ ကျန်းလု ပြန်လာပြီလား” ဝမ်ပင်းကမေးလိုက်၏။

“ကျန်းလုရဲ့အမေက မနေ့က အပြင်းဖျားနေလို့တဲ့၊ သူပြန်သွားတော့ တစ်ရက်ပဲရှိသေးတယ်၊ ဘယ်လိုလုပ်ပြီး ချက်ချင်း ပြန်လာနိုင်မှာလဲ” ကျူးလျန့်က ပြန်ဖြေလိုက်လေသည်။

ဝမ်ပင်း၏ နှုတ်ခမ်းသည် သွားများပေါ်သည်အထိ ကွေးတက်သွားတော့သည်။

“ သူ ပြန်မလာသေးဘူးပေါ့”

ကျူးလျန့်သည် နားမလည်ပေ။ ထို့နောက် တစ်ခုခုကို ရုတ်တရက် နားလည်သွားတော့သည်။ သူက အံ့ဩတကြီး မေးလိုက်လေသည်။

“ စစ်သူကြီးရဲ့ သဘောက” သူ ထွက်ပြေးသွားတာ မဟုတ်ရင် အဖမ်းခံလိုက်ရတာလား။ ဒါမှမဟုတ် ဘာလဲ။

ဝမ်ပင်းက သူ့ကို ကြည့်လိုက်၏။ သူ့လေသံက တည်ငြိမ်နေလေသည်။

“ ငါတို့လူတွေကို စုလိုက်၊ မင်း ရှန်သေမင်းအကြောင်း ကြားဖူးမှာပေါ့၊ ငွေယူတဲ့သူတွေ အသက်ရှင်ဖို့ မစဥ်းနဲ့တဲ့”

ရှန်သေမင်း.... ကျူးလျန့်သည် ချွေးအေးများ ထွက်လာတော့သည်။

ခဏအတွင်းမှာပင် အခန်းထဲ၌ လူ၁၂ယောက်ကျော် စုဝေးလာလေသည်။ သူတို့အားလုံးသည် သုန်မှုန်နေကြလေသည်။ သည်ရက်ပိုင်းတွင် ဝမ်ပင်း၏ ဝရုန်းသုန်းကားအခြေအနေက သူတို့ အလွန်ပူပန်နေစေတော့သည်။ သူတို့သည် ကောင်းကောင်းလည်း မစားနိုင်သလို ကောင်းကောင်းလည်း မအိပ်နိုင်ခဲ့ချေ။

“ငါတို့တွေက ကြိုးတစ်ချောင်းထဲပေါ်က နှံကောင်တွေပဲ၊ ဒီနေ့ ငါ အားလုံးရဲ့စိတ်ကူးကို နားထောင်ချင်တယ်” ဝမ်ပင်းက အားလုံးကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။

အားလုံးက အမျိုးမျိုး တုံ့ပြန်ကြလေသည်။ တချို့က ဝမ်ပင်းသည် ဘာမှမဟုတ်သည်ကို ရေးကြီးခွင်ကျယ်လုပ်နေသည်ဟု တွေးကြသည်။ သူတို့က သတ္တုတွင်းကို သံစည်ပိုင်းကြီးတစ်ခုလို စောင့်ကြပ်နေကြတာပဲ။ ချီလင်သက်တော်စောင့်တွေ လာရင်တောင် သူတို့တွေ ဘာမှ ရှာလို့တွေ့မှာ မဟုတ်ဘူးလေ။

တချို့ကတော့ ကြောက်လန့်နေကြလေသည်။ နောက်ဆုံး သူတို့အသက်တွေက တွင်းနှုတ်ခမ်းဝကို ရောက်နေပြီကိုး။

အားလုံးက အပြန်အလှန် ပြောဆိုနေကြလေသည်။ တချို့က သူတို့သည် မင်းသားခြောက်ထံ စာရေးပြီး သူ့သဘောထားကို မေးခိုင်းကြသည်။ တချို့က မိုင်းတွင်းကို ခဏလောက်ပိတ်ထားဖို့ အကြောင်းပြချက်တစ်ခု ရှာသင့်သည်ဟု ဆိုသည်။ တချို့က သူတို့သည် လူစားတစ်ယောက်ကို ရှာပြီး ချီလင်သက်တော်စောင့်များ အလာကို စောင့်ကာ သူ့ကို လွှဲပေးလိုက်သင့်သည်ဟု ဆိုသည်။

သူ့ ထိုသို့ပြောလိုက်သည်နှင့်တပြိုင်နက် အားလုံး၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။

လူစားထိုး။ ဘယ်သူ့ကို လူစားထိုးသင့်တာလဲ။

အချိန်တော်တော်ကြာအောင် ဆွေးနွေးပြီးနောက်တွင်လည်း ဘာအဖြေမှ ထွက်မလာခဲ့ကြပေ။

လူအုပ်ကြီး လူစုကွဲသွားချိန်တွင် ဝမ်ပင်းက တည်ငြိမ်သည့်မျက်နှာထားတစ်ခုဖြင့် သူ့လက်ထဲက ဓားကို ဆွဲထုတ်လိုက်တော့သည်။

ကျန်းလျန့်သည် သည်လိုပုံစံကို ကြောက်လန့်မိသည်ဟု ခံစားလိုက်ရသဖြင့် သူ့ကို အော်ခေါ်လိုက်လေသည်။

“စစ်သူကြီးဝမ်”

“ငါ တကယ် နောင်တရတယ်”

ဝမ်ပင်း ပြောလိုက်သည့် စကားပင်။ သူက တိုက်ပွဲမှာ ရေကုန်ရေခမ်းကြိုးစားပြီး နောက်ဆုံးမှာ စစ်တပ်တစ်ခုရဲ့ စစ်သူကြီးတစ်ယောက် ဖြစ်လာခဲ့တာပဲ။ အမှားတစ်ခုက သူ့ဆီကို ထောင်ချီတဲ့ အမုန်းတရားတွေ ဖြစ်အောင်ပြောင်းလဲလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

“ စစ်သူကြီးဝမ် ကိစ္စတွေက အဲဒီအခြေအနေအထိ မရောက်သေးပါဘူး” ကျူးလျန့်က နားချလိုက်လေသည်။

ဝမ်ပင်းက ခေါင်းခါလိုက်၏။ အခွင့်အရေး မရှိတော့ဘူး။ ဓားက သူ့လည်ပင်းပေါ် ရောက်နှင့်နေတာကို သူခံစားမိနေပြီလေ။

ကျူးလျန့်က သူ့ဆဋ္ဌမအာရုံကို သိပ်မယုံဘဲ သူ့ကိုယ်သူ ခြောက်လန့်နေသည်ဟုသာ ထင်နေလေသည်။

ဝမ်ပင်းကတော့ အခွင့်အရေးလုံးဝ မရှိတော့မှန်း သိလိုက်သည်။ သူ့ သေမင်းနှုတ်ခမ်းဝ လေးဖက်ထောက်ပြီး ထွက်လာခဲ့ဖူးတယ်။ ဒီကြိုတင်သိနေတဲ့ ခံစားချက်က သူ့အသက်ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့တာ။ အခုတော့ သူ သေတော့မယ်လို့ ပြောနေပြီလေ။

ဒီနေ့လား။ မနက်ဖြန်လား။ သူ့ကို စောင့်ကြိုနေတဲ့အရာက မိုးခြိမ်းသံလိုကျယ်လောင်တဲ့ ထိုးနက်ချက်တစ်ခုပဲ။

သူ့မှာ ရုန်းကန်ဖို့ အခွင့်အရေးတစ်ခုတောင် မရလိုက်ဘဲ ပုရွက်ဆိတ်လေးတစ်ကောင်လို ဖိသ-တ်ခံလိုက်ရနိုင်တယ်။

သူ ဒီလိုနဲ့တော့ အရှုံးမပေးချင်ဘူး။ စစ်ပွဲထဲမှာ မသေဘဲ ဒီမှာသေရတယ်လို့။

သူသည် လက်ထဲက ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရုတ်တရက် ထရပ်လိုက်ကာ လူသ-တ်လိုသည့်အရောင်အဝါတစ်ခု လွှမ်းမိုးသွားတော့သည်။

နောက်ဆုံး စစ်ပွဲက အတွေ့အကြုံရှိပြီးသားပဲ။

“စစ်သူကြီးဝမ်” ကျူးလျန့်က အထစ်ထစ် အငေါ့ငေါ့ဖြင့် လှမ်းခေါ်လိုက်လေသည်။

“ငါ့မှာ စိတ်ကူးတစ်ခုရှိတယ်” ဝမ်ပင်းက ပြောလိုက်၏။

“ဘာများလဲ” ကျူးလျန့်က ပြန်မေးလိုက်၏။

“ အခြေအနေကို ငါးသေတစ်ကောင်လို ပြောင်းပြီး ပိုက်ကျိုးတဲ့အခြေအနေဖြစ်အောင်လုပ်လိုက်မယ်”

ဝမ်ပင်းက ပြန်ဖြေလိုက်လေသည်။

ကျူးလျန့်မှာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဝမ်ပင်းဆိုလိုသည့်သဘောကို သူသိပ်မနားလည်ချေ။

ဝမ်ပင်းက ပြုံးလိုက်၏။ သူ့ပါးစပ်ထဲတွင် သွေးအရသာတစ်ခု ထွက်လာလေသည်။ သူ့နှုတ်ခမ်းကို သပ်လိုက်၏။ စစ်သူကြီးတစ်ယောက်အနေနဲ့ သူက အရင်ဦးဆုံးစတင်တိုက်ခိုက် သင့်တာပေါ့။ သေဖို့စောင့်နေတာက သူ သေသွားရင်တောင် မှားလေစွဆိုပြီး ခံစားနေရလိမ့်မယ်။

သူ၏သွေးကြောများဖြင့် နီရဲနေသည့်မျက်လုံးများနှင့် အပြုအမူတို့ကို ထပ်ပေါင်းလိုက်လျှင် သူသည် အမှန်ပင် အရူးတစ်ယောက်နှင့် တူနေတော့သည်။

“စစ်သူကြီးဝမ်၊ တကယ်ပဲ ဘာကို....”ကျူးလျန့်ကမေးလိုက်လေသည်။

ဝမ်ပင်၏အစီအစဥ်မှာ အလွန်ရိုးရှင်းလေသည်။ ရှန်ဖုန်းမင်နှင့် ချီလင်သက်တော်စောင့်များက ဝူလင်မိုင်းတွင်းသို့ ရောက်နေပြီဟု ကောက်ချက်ချလိုက်သည်။ ဝူလင်မိုင်းတွင်းနှင့် အနီးဆုံးမှာ ချန်ရှီရွာဖြစ်သည်။ သူတို့သည် ထိုနေရာတွင် ပုန်းခိုနေလိမ့်မည်။

သူတို့တွေ ပတ်ဝန်းကျင်ကို အကြိမ်ကြိမ် ရှာဖွေခဲ့ပြီးပြီလေ။ ဒါပေမဲ့ ဘာမှ ရှာမတွေ့ခဲ့ဘူး။ ဒါက သူတို့တွေမရှိဘူးလို့ အဓိပ္ပာယ်မသက်ရောက်စေဘူးလေ။ ချီလင်သက်တော်စောင့်တွေမှာ ဒီလိုလုပ်နိုင်စွမ်းရှိတယ်။

ချန်ရှီရွာကို စီးနင်းမယ်။ ဓားပြတွေ ဟန်ဆောင်မယ်။ ချီလင်သက်တော်စောင့်တွေသာ အဲမှာရှိရင် သူတို့တွေက သူတို့အားလုံးကို သ-တ်ပစ်ရုံပဲ။ ဒါက တစ်ခုတည်းသော အဖြေပဲ။ လူသေသွားရင် မင်းသားခြောက်က သူ့အတွက် ဖြေရှင်းပေးဖို့ သူ့နည်းသူ့ဟန် ရှိပြီးသား ဖြစ်လိမ့်မယ်။ ပြီးတော့ ညီလာခံမှာလည်း ရှန်ဖုန်းမင်ကို မုန်းတဲ့သူတွေအများကြီးပဲ။

နောက်ပြီး ချီလင်သက်တော်စောင့်တွေ ချန်ရှီရွာမှာ မရှိဘူးဆိုရင်တောင် သူတို့တွေက ချန်ရှီရွာကလူတွေ ဓားပြကြောင့် အသ-တ်ခံနေရတာကို ထိုင်ကြည့်နေပါ့မလား။

သူတို့တွေ လူကယ်ဖို့ ထွက်လာသ၍ သူက သူတို့အားလုံးကို သ-တ်ပစ်လို့ရတယ်။

အဲဒီဓားပြတွေက သူတို့ကို မသတ်နိုင်ဘူးဆိုရင်တောင် သူကိုယ်တိုင် မိုင်းတွင်းစစ်သားတွေကိုခေါ်ပြီး သူတို့ကို သ-တ်လိုက်ရတယ်။ ဓားပြတွေကို ဝိုင်းပြီး သုတ်သင်လိုက်တယ်ပေါ့။ ချီလင်သက်တော်စောင့်တွေကို သ-တ်တယ်တဲ့လား။ စိတ်မကောင်းပါဘူး။ သူတို့တွေက အတုအယောင်တွေလို့ ထင်ပြီး မှားသ-တ်မိတာပါပေါ့။

ကျူးလျန့်သည် ထိုစကားကို ကြားလိုက်ပြီးနောက်တွင် နေရာတွင်ပင် အေးခဲသွားတော့သည်။ ဒါက သာမန်လူတွေ စိတ်ကူးနိုင်တဲ့ အစီအစဥ်တစ်ခု လုံးဝမဟုတ်ဘူး။ အဲလိုဆိုရင်တောင် ဒါက အရမ်းကောင်းတဲ့ စိတ်ကူးဖြစ်နေတာကိုတော့ ငြင်းလို့မရဘူး။ အဲဒီချန်ရှီရွာက လူတွေက သိပ်ပြီး မတရားသဖြင့် သေခဲ့ရတာပဲ။

နောက်ပြီး နောက်ပိုင်းကိစ္စတွေက အရမ်းပြဿနာများတယ်။ ရှန်ဖုန်းမင်နဲ့ ချီလင်သက်တော်စောင့်တွေက သာမန်လူတွေ မဟုတ်ဘူးလေ။ သူတို့တွေ ဒီနေရာမှာ တကယ်သေသွားရင် တော်ဝင်ညီလာခံက ဒီကိစ္စကို ကျော်သွားမှာမဟုတ်ဘူး။

“ စစ်ပွဲမှာ ဘယ်သူမှ မသေကြဘူးလို့ မင်းထင်တာတော့ မဟုတ်ဘူးမလား ၊ အပျက်အစီးအနည်းဆုံးနဲ့ စစ်ပွဲကို အကြီးမားဆုံးအောင်နိုင်ရမယ်” ဝမ်ပင်းက အထင်းသေးစွာပြောလိုက်လေသည်။

ကျူးလျန့် အမှန်ပင် နားလည်မိပါသည်။ သို့တိုင် ကိစ္စက ထိုအခြေအနေအထိ မရောက်သေးဘူးဟုသာ သူက ထင်မိနေသည်။

သို့သော် ဝမ်ပင်းကတော့ အချိန်ကျနေပြီဟု ထင်လိုက်သည်။ ပြီးတော့ ဒီအစီအစဥ်ကျရှုံံးခဲ့ရင်တောင် ရှန်ဖုန်းမင်ကို ထွက်လာအောင် ဖိအားပေးနိုင်တယ်လေ။ အမှောင်ထဲမှာ တစ်ချိန်လုံး မျက်ကန်း ဖြစ်နေရတာထက်စာရင် ပိုကောင်းသေးတယ်။

သေသွားတဲ့ပြည်သူတွေအတွက်ကတော့.... တိုက်ပွဲမှာလည်း သူအများကြီး တွေ့ခဲ့ဖူးပြီးပြီပဲ။

လူအင်အားကို ပြင်ဆင်ထားလိုက်၏။ သည်အစီအစဥ်ကို ဆောင်းဝင်လာသည့် ပထမဆုံးရက်တွင် အကောင်အထည် ဖော်မည်ဟု သတ်မှတ်ထားလိုက်တော့သည်။

...

အပိုင်း (၂၉)

ဆောင်းစဝင်လာသည့်နေ့တွင် ကျန်းယွင်ကျူးသည် ဟင်းပွဲအသစ်လုပ်ဖို့ရာ စိတ်မပါဖြစ်နေလေသည်။ ထို့ကြောင့် သူမက အသားပန်ကိတ်ကိုသာ လုပ်လိုက်တော့သည်။ ရောင်းအားက မဆိုးချေ။

နေ့ခင်းတွင် သူတို့သည် ဖက်ထုပ်ပြုတ်ရောင်းကြမည်။ ဝက်သားနှင့်မုန်လာထုပ်၊ သိုးသားနှင့် မုန်လာထုပ် ဟူ၍ အစာနှစ်မျိုးလုပ်ကြမည်။ ပုံမှန်စားသုံးသူများက သူမ၏ဟင်းချက်လက်ရာကို ယုံကြည်ကြသည်။ ထို့အပြင် သည်နေ့သည် ဖက်ထုပ်စားသည့်ပွဲတော်ရက်တစ်ရက် လည်းဖြစ်သည်။ လူများစွာက ဖက်ထုပ်များကို မှာယူကြလေသည်။

ကျန်းယွင်ကျူးသည် ချန်ရှီရွာသို့ ပြန်လာချိန်တွင် ကုယန်ကျိုးက လမ်းကြုံဝင်လည်နှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။

“ မိန်းကလေးကျန်း ကျွန်တော် ဒီနေ့ စာသင်ပေးဖို့ အချိန်မရှိလို့ အားနာမိပါတယ်၊ ဆရာက ကျွန်တော့်ကို ညနေကျရင် သူ့ကို လာတွေ့ခိုင်းထားပြီး သူ့မိတ်ဆွေတွေနဲ့ ကျွန်တော့်ကို မိတ်ဆက်ပေးမယ်လို့ ပြောတယ် ကျွန်တော် နောက်ကျတဲ့အထိ ပြန်လာဖြစ်မှာမဟုတ်ဘူး” ကုယန်ကျိုးက ပြောလိုက်၏။

ကျန်းယွင်ကျူးက သူမ၏နှုတ်ခမ်းကို စေ့ထားလိုက်လေသည်။ ဟော ရောက်လာပြီ။ ကုယန်ကျိုးက မြို့ကိုသွားတော့မယ်။ အရမ်းနောက်ကျတဲ့အထိ ပြန်မလာဘူးတဲ့။ ဒါမှမဟုတ် သူ ဒီည ပြန်မလာတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံး မြို့တံခါးက ညနေ ၅နာရီဆို ပိတ်ပြီလေ။ သူ အချိန်မီမပြန်ရင်နိုင် သူ့ဆရာအိမ်ပဲ တည်းလိမ့်မယ်။

ဒါဆို အိပ်မက်ထဲမှာ ဒီည သူ ကပ်ဘေးကနေ လွတ်သွားခဲ့တာပေါ့။

ဒါက သူ့အတွက် ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူး။

ကြည့်ရတာ အားလုံးက အိပ်မက်ထဲကအတိုင်း တထပ်တည်း ဖြစ်နေပြီ။ ကျန်းယွင်ကျူးသည် စိုးရိမ်သွားပြီးနောက် တဖြည်းဖြည်း စိတ်အေးသွားတော့သည်။ ဒါလည်း ကောင်းပါတယ်။ သူမက ကျန်းယွင်ရှို့နဲ့ ကံကြမ္မာချင်း လဲလိုက်လို့ ဒီနေ့ကိစ္စကို သက်ရောက်မှုရှိသွားမှာ စိုးရိမ်နေခဲ့တာ။ အခု အကြည့်ရတာတော့ အဲလိုမဖြစ်လောက်ဘူး။

“မိန်းကလေးကျန်း”

ကုယန်ကျိုးက ကျန်းယွင်ကျူး၏ လေးနက်နေသည့်မျက်နှာကို သတိထားမိသွားပြီး တောင်းတောင်းပန်ပန်နှင့် ရှင်းပြလိုက်လေသည်။

“ ဆရာက သူ့ရဲ့ အရေးကြီးတဲ့မိတ်ဆွေတွေလို့ ပြောလို့ပါ၊ ဒါကြောင့် ကျွန်တော် သွားမှ ဖြစ်မှာမလို့”

“ရပါတယ်ရှင်၊ ရှင် သွားလိုက်ပါ၊ ကျွန်မတို့က စာသင်ဖို့ အလျင်မလိုပါဘူး” ကျန်းယွင်ကျူးက ပြုံးပြလိုက်၏။

ကုယန်ကျိုးလည်း ပြုံးပြလိုက်ပြီး လှည့်ထွက်သွားတော့သည်။

ကျန်းယွင်ကျူးက သူ့ကျောပြင်ကို ကြည့်ပြီး ရွှီချင်ရှန့်အကြောင်း စဥ်းစားမိသွားလေသည်။ သူမရဲ့အိပ်မက်ထဲမှာ သူလည်း ဒီည ကပ်ဘေးကနေ လွတ်သွားတယ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲ ဆိုတာတော့ သူမ မသိဘူး။

ညနေ ၃နာရီ ထိုးခါးနီး.... ရွှီချင်ရှန့်သည် မုန့်ကျားရွာသို့ လိုက်ပို့ပြီးနောက်တွင် မိုင်းတွင်းဘက်သို့ မြန်မြန်ပြန်လာချင်ခဲ့သည်။ မိုင်းလုပ်သားများ အလုပ်ဆင်းခါနီးတော့မည်။ သူသည် ပြန်သွားပြီး အငှားလိုက်ရပေမည်။

သည်အချိန်တွင် အနီးနားက လူတစ်ယောက်က အလောတကြီး ရုတ်တရက်ပြေးဝင်လာတော့သည်။

“ တစ်ယောက်လောက် ကျွန်တော့်ကို ကူညီကြပါအုံး”

ယောကျ်ားတစ်ယောက်။ သူသည် လုံးဝပျာယာခတ်နေပြီး နေရာတွင်ရပ်ကာ အော်ဟစ်နေလေသည်။

“ဘာဖြစ်တာလဲ”

ရွှီချင်ရှန့်သည် စိတ်ထားကောင်းသူဖြစ်၏။ သူက မြည်းလှည်းပေါ်က ချက်ချင်း ဆင်းလာခဲ့လိုက်သည်။

ထိုယောက်ျားက သူ့လက်မောင်းကို ဆွဲကာ ပြန်ဖြေလေသည်။

“ ကျွန်တော့်မိန်းမ မီးမဖွားနိုင်လို့ပါ၊ သူ သွေးတွေအများကြီး ထွက်နေတယ်၊ လက်သည်ကလည်း ပြောတယ် သူ....”

ထိုယောက်ျားသည် စကားမဆုံးမခင်မှာပင် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာတော့သည်။

မီးဖွားရခက်နေတာပဲ။

“ သူ့ကို မြို့ကို မြန်မြန်ခေါ်သွား၊ မဟုတ်ဘူး၊ စီရင်စုမြို့ကို ခေါ်သွားရမယ်၊ စီရင်စုမြို့မှာ သမားတော်ကောင်းတွေ အများကြီးရှိတယ်၊ သူ့အသက်ကို ကယ်နိုင်မှာပါ”

မုန့်ကျားရွာသည် ချန်လင်းမြို့တွင်ပါဝင်သော်လည်း ချန်လင်းမြို့စွန်တွင်ရှိကာ လမ်းတစ်လျှောက် တောင်ပေါ်လမ်းများဖြစ်လေသည်။ သူမကို မြို့လေးသို့ ပို့သည်ထက် စီရင်စုမြို့သို့ တန်းပို့လိုက်သည်က ပိုကောင်းလေသည်။ နည်းနည်းပိုဝေးသော်လည်း လမ်းက ဖြူးသည်။ မိခင်လောင်းက လမ်းခရီးကြမ်းကို သည်းခံနိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ရွှီချင်ရှန့်က ထိုသို့ပြောလိုက်ခြင်းပင်။

ထိုယောက်ျားက အသက်ကယ်ကောက်ရိုးကို ဖမ်းဆုပ်မိသွားသယောင် ထပ်ပြောလိုက်၏။

“ စီရင်စုမြို့ကို သွားမယ်၊ အဲဒီကို သွားမယ်”

ဒါပေမဲ့ စီရင်စုမြို့ကို ဘယ်လိုသွားရမှာလဲ။

“ကျွန်တော် ခင်ဗျားတို့ကို ခေါ်သွားပေးမယ်”

ရွှီချင်ရှန့်က ချက်ချင်းပြောလိုက်၏။ ဒါက သူ့အလုပ်ကို နှောင့်နှေးစေမှာ ဆိုပေမဲ့ သူ ဒီကိစ္စကို ဒီအတိုင်း လျစ်လျူရှုထားလို့မရဘူးလေ။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” ထိုယောက်ျားက သူ့လက်ကို ဆုပ်ထားကာ ဒူးထောက်ပြီး ကျေးဇူးတင်ချင်နေတော့သည်။

ရွှီချင်ရှန့်က သူ့ကို မြန်မြန်တားလိုက်၏။ သူတို့သည် ကိုယ်ဝန်သည်အမျိုးသမီးကို မြည်းလှည်းပေါ်သို့ အတူတူမ,တင်ပေးလိုက်ပြီး စီရင်စုမြို့သို့ မြန်မြန်သွားလိုက်ကြတော့သည်။

ရွှီချင်ရှန့် ဘာဖြစ်ခဲ့သည်ကို ကျန်းယွင်ကျူး မသိသည်က ပြောရန်ပင်မလိုချေ။ သူမသည် ထိုအခိုက်တွင် အနောက်ဘက်ကောင်းကင်ကိုသာ ငေးကြည့်နေလေသည်။

ညနေ ၅နာရီ.... မိုင်းလုပ်သားတွေ အလုပ်ဆင်းပြီ။ ဒီနေ့သည် ဆောင်းဝင်သည့်ပထမဆုံးရက် ဖြစ်သည်။ အိမ်မှာ ဖက်ထုပ်များ လုပ်ထားကြသည်။ မိသားစု စုံစုံညီညီ ဖက်ထုပ် အတူတူထိုင်စားရမည်ကို တွေးရင်း အားလုံး၏မျက်နှာပေါ်တွင် အပြုံးကိုယ်စီနှင့် သူတို့သည် အိမ်သို့ ချက်ချင်း ပျံသွားချင်တော့သည်။

ဆောင်းရာသီတွင် နေဝင်စောလေသည်။ ပတ်ဝန်းကျင်က ပိန်းပိတ်အောင် မှောင်နှင့်နေသည်။

မိုင်းလုပ်သားနောက်ဆုံးအဖွဲ့က ပြန်ကြတော့မည်။ သည်အခိုက်တွင် လူတစ်ယောက်က အနောက်ဘက်သို့ လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။

“ အဲဒါက ဘာလဲ”

အားလုံးက ထိုလူ ညွှန်ပြလိုက်သည့်ဘက်ကို ကြည့်လိုက်ကြ၏။ မီးလုံးတစ်ခုက လေထဲက ဆင်းလာပြီး တောင်ထိပ်တွင် ကျသွားသည်ကို မြင်လိုက်ရသည်။

“အဲဒါ ရှီဖုန်းတောင်ပဲ”

ထိုတောင်ကို ရှီဖုန်းတောင်မှန်း သိသူတစ်ယောက်က ပြောလိုက်၏။

အားလုံးက ထိုမြင်ကွင်းကို စိတ်ဝင်စားသွားတော့သည်။

သည်အခိုက်တွင် ချန်ရှီရွာထဲက အိမ်အပြင်တွင် ရှိနေသည့်လူများကလည်း မီးလုံးကို တွေ့လိုက်ကြပြီး အိမ်ထဲကလူများကို ချက်ချင်း အော်ပြောလိုက်ကြလေသည်။

“ ထွက်လာပြီး ကြည့်ပါအုံး၊ ဟိုးနားမှာ မီးလုံးတစ်ခု ရှိနေတယ်”

ထိုစကားကို ကြားလိုက်ကြပြီးနောက် အခန်းထဲကလူများက ပစ္စည်းများကို ချထားလိုက်ကာ အပြင်ထွက်ပြီး ကြည့်လိုက်ကြလေသည်။

ဘာမှမရှိပါဘူး။ မဟုတ်ဘူး။ နောက်ထပ်မီးလုံးတစ်ခုက လေထဲမှ ကျလာပြန်သည်။

“ဘာဖြစ်နေတာလဲ”

မီးလုံးတွေက ကောင်းကင်ကနေ ကျလာတယ်တဲ့လား။ ဒါက ကပ်ဘေးတစ်ခု ဖြစ်တော့မယ်လို့ ပြောတာလား။ ကြောက်ရွံ့ကြသူများက နတ်ဘုရားများကို ချက်ချင်း ဆုတောင်းကြတော့သည်။

ရဲတင်းကြသူများကလည်း စိတ်ထဲက ရေရွတ်လိုက်ကြသည်။ တစ်ခုခုဖြစ်တော့မှာတော့ မဟုတ်လောက်ပါဘူး။

အမှတ်တမဲ့ အားလုံးက စုရုံးသွားပြီး လေသံတိုးတိုးဖြင့် တိုင်ပင်ကြရင်း အနောက်ဘက်သို့ ကြည့်နေကြလေသည်။

“ရွာသူကြီး ဘာတွေဖြစ်နေတာလဲ”

လူတစ်ယောက်က ကုယုံသယ်ကို တိတ်တိတ်လေး မေးလိုက်သည်။

ကုယုံသယ်မှာ မည်သို့သိပါမည်နည်း။ သူက သည်အတိုင်း မျက်မောင်ကျုံ့ထားလိုက်ပြီး ဘာမှမပြောပေ။

“ သွားစစ်ဆေးကြည့်ကြမလား၊ ရှီဖုန်းတောင်ပေါ်မှာ ဘုရားကျောင်းတစ်ခု ရှိတယ်ထင်တယ်၊ အဲမှာ လူတွေ နေကြသေးတယ်” လူတစ်ယောက်က ထောက်ပြလိုက်၏။

အားလုံးက အချင်းချင်း ကြည့်လိုက်ကြလေသည်။ သွားမှာလား။ မသွားဘူးလား။

ထိုအခိုက်လေးမှာပင် နောက်ထပ် မီးလုံးကြီး သုံးခုက ကျလာတော့သည်။ ထိုနောက် လင်းထိန်သွားပြီး ငါးပေးခန့်ရှိသည့် အနီရောင်အဝတ်အစားနှင့် နတ်သမီးတစ်ပါး ရုတ်တရက် ပေါ်လာတော့သည်။ သူမသည် မင်္ဂလာတိမ်တိုက်ပေါ်တွင် လှမ်းလျှောက်နေသလို တလှပ်လှပ်ဖြစ်နေပြီး ကျယ်ပြောလှသည့် ကြယ်တာရာကြီးတစ်ခုလို ထည်ဝါနေလေသည်။

အားလုံးမှာ မှင်တက်အံ့ဩသွားကြတော့သည်။ မြင်ကွင်းက အခိုက်တန့်လေးသာ ပေါ်လာသော်လည်း အစစ်လိုလို အတုလိုလို ဖြစ်နေသယောင်။ သို့တိုင် သူတို့သည် သေသေချာချာ မြင်လိုက်လေသည်။ နတ်သမီး ကိုယ်ထင်ပြတာပဲ။

“အဲဒါ ကောင်းကင်ဘုံရဲ့သမီးတော် နတ်သမီးပဲ၊ အားလုံး ကောင်းကင်ဘုံနတ်သမီးကို သွားကန်တော့ကြရအောင်”

ကြည်လင် ပြတ်သားသည့် ကလေးအသံတစ်ခု ထွက်လာလေသည်။ ထိုစကားနောက်တွင် အားလုံးက တစ်စုံတစ်ယောက်၏ ဦးဆောင်မှုနောက်မှ ရှီဖုန်းတောင်ဆီသို့ အပြေးအလွှားသွားလိုက်ကြတော့သည်။

မိုင်းတွင်းဆီက ဝမ်ပင်းကလည်း ထိုမြင်ကို တွေ့လိုက်ပြီး ချက်ချင်း မျက်မှောင်ကျုံ့သွားတော့သည်။ ထိုအရာက ကောင်းချီးပေးနေသည်လား။ ကျိန်စာတိုက်နေသည်လားကိုတော့ သူမသိတော့ချေ။

နေပါအုံး။ သူသည် ရုတ်တရက် သတိရသွားတော့သည်။ ရွာသားတွေအားလုံး ရှီဖုန်းတောင်ကို သွားလိုက်ကြရင် သူ့အစီအစဥ်ကရော။

ချီလင်သက်တော်စောင့်များ သိသွားမည်စိုးသဖြင့် သူရွေးထားသည့် လူများကို လွန်ခဲ့သည့် နှစ်ရက်ကတည်းက တောင်ခြေသို့ လွှတ်လိုက်ပြီး သူတို့ကိုယ်သူတို့ မိုင်းလုပ်သားများလို ဟန်ဆောင်ခိုင်းထားခဲ့သည်။ သည်အချိန်ဆိုလျှင် သူတို့သည် ချင်းလုံအောက်မှ ကီလိုမီတာ ၃၀လောက်တွင် ရောက်နေလောက်ပြီ။ သူတို့သည် အချိန်ကျသည်နှင့် လှုပ်ရှားကြလိမ့်မည်။

ဘာလုပ်ရမလဲ။ အစီအစဥ်ပြောင်းရမလား။ ဒါပေမဲ့ ဒီနေ့ညပြီးသွားရင် အနာဂတ်မှာ နောက်တစ်ခါ တိုက်ခိုက်ဖို့ နောက်အခွင့်အရေးတစ်ခု ရပါ့မလားတောင် မသိဘူး။

ဒါပေမဲ့ သူ အစီအစဥ်မပြောင်းဘူးဆိုရင် ငါးစာက လွတ်သွားပြီ၊ သူတို့တွ ချီလင်သက်တော်စောင့်တွေကို ဘယ်လိုသ-တ်နိုင်တော့မှာလဲ။

သူသည် ကုလားထိုင်တွင် ပစ်ထိုင်လိုက်လေသည်။ ကောင်းကင်ဘုံက သူ့ကို ဆန့်ကျင်နေတာပဲ။

ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့လည်း ခုနက မြင်ကွင်းကို တွေ့လိုက်ရသည်။ ယန်ရှန့်သည် သည်ရက်ပိုင်းတွင် ကျန်းယွင်ကျူးကို အာရုံစိုက်မိနေပြီး သူမက နေ့တိုင်း ကောင်းကင်ဘုံနတ်သမီးဘုရားကျောင်းသို့ သွားနေမှန်း သိထားလေသည်။ ကြည့်ရတာ သူမက ဘုရားကျောင်း ပြန်စည်ကားလာအောင် ကူညီပေးနေတာထင်တယ်။

သည်တစ်ကြိမ်တွင် သည်မြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းယွင်ကျူး၏ လုပ်ရပ်မှန်း ချက်ချင်း ခန့်မှန်းမိပြီး လက်ခုပ်တီးလိုက်မိတော့သည်။

“ အံ့ဩစရာပဲ၊ သူက ဉာဏ်ကောင်းပါတယ်လို့ ငါပြောသားပဲ၊ ဒီလိုတောင် လုပ်နိုင်တယ်တဲ့၊ မီးလုံးတွေကို ခဏထားပါအုံး၊ သူက နတ်သမီးကို ဘယ်လိုလုပ်ခဲ့တာလဲ၊ နောက်မှ သူ့ကို မေးပြီး ငါလည်း အဲလို ကစားကြည့်ရမယ်”

ရှန်ဖုန်းမင်၏မျက်လုံးထဲတွင် အံ့ဩရိပ်ဖြတ်ပေးသွားလေသည်။ ထို့နောက် သူကမေးလိုက်၏။

“ ဒီမြင်ကွင်းကို သူလုပ်ခဲ့တာ ဘယ်သူသိသေးလဲ”

“ ငါတို့ ချီလင်သက်တော်စောင့်က လူနည်းနည်းပါးပါးပဲ ရှိမှာပေါ့ ၊ဘာလို့လဲ” ယန်ရှန့်က မေးလိုက်၏။

“ အဲလူတွေကိုပြောလိုက် ဒီကိစ္စကို အပြင်ကို တစ်ခွန်းမှ မပေါက်ကြားစေနဲ့လို့၊ မင်းရောပဲ”

ရှန်ဖုန်းမင်သည် ယန်ရှန့်ကို ကြည့်ကာ ပြောလိုက်လေသည်။

“ဘာ....”

ယန်ရှန့်က အကြောင်းအရင်းကို မေးချင်ခဲ့သော်လည်း ရှန်ဖုန်းမင် စိတ်ပူသွားသည်ကို ရုတ်တရက် နားလည်လိုက်လေသည်။ အပင်မြင့်လေ လေတိုက်လေပေါ့။ ပြီးတော့ ဒီလုပ်ရပ်ကို ကျူးလွန်တာက အနည်းနဲ့ အများတော့ လူတွေရဲ့စိတ်ကို ပြုစားတာလို့ သံသယရှိနိုင်တယ်လေ။ မကောင်းတဲ့အကြံရှိတဲ့သူ တစ်ယောက်သာ ဒါကို သိသွားရင် အခြေအနေ ဆိုးသွားလိမ့်မယ်။

အဲလိုဆိုရင်တောင် သာမန်လူတစ်ယောက်ကိုတော့ ဘယ်သူမှ အာရုံစိုက်ကြမှာ မဟုတ်ပါဘူး။

“စိတ်မပူပါနဲ့၊ ငါတို့ချီလင်သက်တော်စောင့်တွေထဲက ဘယ်သူမှ ဘာမှပြောကြမှာမဟုတ်ဘူး”

ယန်ရှန့်သည် စကားဆုံးသွားနှင့် ပြောင်စပ်စပ်မျက်နှာဖြင့် ရှန်ဖုန်းကို ခေါင်းစခြေဆုံး ကြည့်လိုက်လေသည်။ သူက တခြားသူတွေကို အရမ်းစဥ်းစားပေးတတ်တယ်ပေါ့လေ။ ဟုတ်လား။

ရှန်ဖုန်းမင်က သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်လေသည်။

ယန်ရှန့်က ချောင်းဟန့်လိုက်ပြီး သူလုပ်စရာရှိတာကို သွားလုပ်တော့သည်။

ချင်းလုံအောက်မှ ၃၀ ကီလိုမီတာအကွာတွင် ကျူးလျန့်က သည်နေရာတွင် လူများကိုဦးဆောင်ကာ ပုန်းခိုနေလေသည်။ ရှီဖုန်းတောင်နှင့် အလွန်ဝေးလေသည်။ ထိုအခြင်းအရာထက် သည်နေရာက တောင်ချိုင့်ဝှမ်းတစ်ခု ဖြစ်နေသည်။ ပတ်ဝန်းကျင်တောင်များက မြင်ကွင်းကို ကာဆီးထားသည်။ ကျူးလျန့်နှင့် တခြားသူများသည် အနောက်ဘက်ရှိ ထူးခြားမှုကို မမြင်ကြပေ။

ည ၇နာရီ။ ကျူးလျန့်သည် အံကြိတ်လိုက်ပြီး သူ့မြင်းပေါ် တက်ကာ သူ့လူများကို ဦးဆောင်ပြီး ချန်ရှီရွာသို့ တန်းတန်းမတ်မတ်ဦးတည်သွားလိုက်လေသည်။

လူ ၅၀၀-၆၀၀ခန့် ရှိသည်။ သူတို့အားလုံးသည် ဓားပြများလို ဝတ်စားထားပြီး ရောင်စုံအဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ သူတို့မျက်နှာကို အဝတ်များဖြင့် စည်းထားသည်။ သူတို့၏လက်ထဲတွင်တော့ ဓားကြီးများကို ကိုင်ထားကြသည်။

မြင်းစီးကာ လူအများကြီး ဖြတ်သွားကြသဖြင့် ဆူညံသံများ ထွက်လာတော့သည်။ လမ်းတစ်ဝက်တွင် ရွာသားတချို့က အပြင်ဘက်က ဆူညံသံကို ကြားလိုက်ပြီး တံခါးဖွင့်ကြည့်လိုက်ပြီးမှ ကြောက်လန့်တကြား တံခါးကို ချက်ချင်းပြန်ပိတ်လိုက်ကြသည်။ အမေရေ ဓားပြတွေ။ ဓားပြတွေအများကြီးပဲ။

ချန်ရှီရွာ၏ မိုင်၃၀အကွာတွင် ကင်းပုန်းစောင့်နေသည့် ချီလင်သက်တော်စောင့်က သူတို့ကို တွေ့သွားပြီး သတိပေးလေချွန်သံ အတိုသုံးခါ အရှည်သုံးခါ မှုတ်လိုက်လေသည်။

အချိန်တိုအတွင်းတွင် ယန်ရှန့်သည် သတင်းရသွားပြီး ရှန်ဖုန်းမင်းအား အလျင်စလို လာပြောပြလေသည်။

“ ဓားပြတစ်စုတဲ့၊ လူ ၅၀၀-၆၀၀လောက်ရှိတဲ့ လူတွေက ဓားကိုင် မြင်းစီး’ပြီး ငါတို့ဘက်ကို ဦးတည်လာနေတယ်တဲ့”

“ဓားပြ ဟုတ်လား”

ရှန်ဖုန်းမင်၏အသံမှာ ခပ်ဩဩထွက်လာလေသည်။ ဝူလင်စီရင်စုမှာ ဒီလိုလက်နက်အပြည့်အစုံရှိတဲ့ ဓားပြတွေ ရှိလို့လား။

...

အပိုင်း (၂၉.၂)

“ဘာလုပ်ကြမလဲ”

ယန်ရှန့်က မေးလိုက်၏။ သူသည် အလျင်မလိုနေချေ။ အဓိကအကြောင်းအရင်းမှာ ရွာထဲက လူများအားလုံးက ရှီဖုန်းတောင်ပေါ်သို့ တက်သွားကြသောကြောင့်ပင်။ ချီလင်သက်တော်စောင့်များသာ ကျန်ခဲ့သည်။ သည်မဖြစ်စလောက် ဓားပြမဆိုထားနှင့် ပမာဏ နှစ်ဆရှိနေလျှင်တောင် မမှုပေ။

ရှန်ဖုန်းမင်က ရှေ့သို့ ခြေလှမ်းကျဲများနှင့် လျှောက်သွားလိုက်ပြီး တောင်ကုန်းပေါ်တွင် ရပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်လေသည်။

သည်အခိုက်တွင် ကျန်းယွင်ကျူးနှင့် လူများက သည်နေရာမှ ၁၀ကီလိုမီတာသာ ဝေးကွာလေသည်။ သူတို့လမ်းကြောင်းကို ကြည့်လျှင် သူတို့သည် ချန်ရှီရွာသို့ ဦးတည်နေသည်ကို အလွယ်သိနိုင်လေသည်။

သူ့ဖီးနစ်ငှက်မျက်လုံးက ချက်ချင်းဆိုသလို အင်မတန်အေးစက်သွားတော့သည်။

“ ဧကန္တ သူတို့တွေ ချန်ရှီရွာကို ဝင်တိုက်ကြမလို့လား”

ယန်ရှန့်က သူ့ဘေးတွင်ရပ်လိုက်ပြီး တအံ့တဩနှင့်မေးလိုက်၏။ ချန်ရှီရွာက သာမန်ရွာလေးတစ်ခုပဲ။ အဲလောက်လုပ်ဖို့ တန်လို့လား။ ဒါမှမဟုတ်.... သူ အတွေးလွန်နေတာလား။ ဥပမာ သူတို့တွေက တကယ်ပဲ ချန်ရှီရွာသားတွေကို တိုက်ခိုက်ချင်တာဆိုတာ သူတို့ဘာလုပ်ရမလဲ။

ရွာသားတွေ ဒီအတိုင်းအသ-တ်ခံရမှာကို ရပ်ကြည့်မနေနိုင်လို့ ဆင်းကယ်ရမှာတော့ သေချာတယ်။ သူတို့တွေ ဘယ်နှစ်ယောက်လောက်ကို ကယ်နိုင်မှာလဲ။

လူတွေကို ကာကွယ်ပေးရတာက လူသ-တ်ရတာထက် အများကြီး ပိုခက်တယ်။ အထူးသဖြင့် လက်နက်မရှိတဲ့ လူတွေကို ကာကွယ်ရရင်ပေါ့။

ပြီးတော့ ဒီလူအုပ်စု ရောက်လာတဲ့ပုံစံက ထူးဆန်းတယ်။ သူတို့တွေ အရံအစီအစဥ်တစ်ခုခုများ ရှိနေသေးလား။ ရှိခဲ့ဆိုရင်ကော... ယန်ရှန့်သည် သေရေး ရှင်ရေးအတွေ့အကြုံးများစွာကို ကြုံတွေ့ခဲ့ရပြီး ဖြစ်လေသည်။ ထို့ကြောင့် သူသည် သည်အခိုက်တန့်တွင် အနည်းငယ်စိတ်ပူနေရုံကလွဲလျှင် မတတ်နိုင်ပေ။ ကံအားလျော်စွာ ချန်ရှီရွာက လူအားက ရှီဖုန်းတောင်သို့ သွားလိုက်ကြသည်။ မဟုတ်လျှင် သူတို့သည် သည်နေ့ည၌ သေချာပေါက်သ-တ်ဖြတ်ခံရပေလိမ့်မည်။

သူ စဥ်းစားနိုင်သည့် အရာကို ရှန်ဖုန်းမင်ကလည်း စဥ်းစားမိပြီးသာပင်။ သူက ပိုပြီး စဥ်းစားထားမိလေသည်။

ရှန်ဖုန်းမင်က သူ့ခါးမှ အမိန့်ပြားတစ်ခုကို ထုတ်လိုက်ပြီး ယန်ရှန့်အား လှမ်းပေးလိုက်၏။

“ ကျားတောင်စခန်းကို သွားပြီး အဲဒီက လုံခြုံရေးစစ်သားတွေကို ခေါ်လာခဲ့”

“အင်း”

အလုပ်ကိစ္စနှင့် ပတ်သက်လာလျှင် ယန်ရှန့်သည် ရှန်ဖုန်းမင်၏ လက်အောက်ငယ်သားတစ်ယောက်ပင်။ သူက ချက်ချင်း လက်နှစ်ဖက်ကို ယှက်လိုက်ပြီး တည်ကြည်သည့်ဟန်ဖြင့် အမိန့်ပြားကို ယူလိုက်ကာ မြင်းပေါ်တက်ပြီး လုစီရင်စုပြည်နယ်တွကင် စခန်းချထားသည့် ကျားတောင်စခန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ရှန်ဖုန်းမင်က အဝေးသို့ ကြည့်ရင်း တုန်ယင်နေသည့်လက်တစ်ဖက်ဖြင့် သူ့ခါးဆီမှ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

ဓားရှည်သည် အေးစက်တောက်ပကာ လင်းလက်နေပြီး လရောင်အောက်တွင် အနည်းငယ် တဖိတ်ဖိတ် တောက်နေရာ သ-တ်ဖြတ်ကာ သွေးသောက်ဖို့ရာ တောင့်တနေသယောင်။

သည်အချိန်တွင် ကျူးလျန့်က ရပ်လိုက်၏။ ဝမ်ပင်းပို့လာသည့် ဆက်သားက ရောက်လာခဲ့သည်။

“ ကောင်းကင်ပေါ်မှာ ပုံရိပ်တစ်ခု ပေါ်လာတယ်၊ ချန်ရှီရွာက လူတွေအားလုံး ရှီဖုန်းတောင်ကို တက်သွားကြတယ်ဟုတ်လား”

ကျူးလျန့်က သူ့ဟာသူ စဥ်းစားလိုက်လေသည်။ တိုက်ဆိုင်လိုက်တာ။ သူသည် တစ်ယောက်ယောက်က ကြားဝင်နှောင့်ယှက်နေသည်ကဟု သံသယမဖြစ်မိချေ။ ထို့အစား အပြစ်မဲ့လူများ အသ-တ်ခံရမည့်အရေးကို မကြည့်ရက်နိုင်သဖြင့် ကောင်းကင်ဘုံက မျက်စိဖွင့်လာသည်ဟု ချက်ချင်း ထင်သွားတော့သည်။ ဒါကြောင့်လည်း ဒီပုံရိပ်ပေါ်လာတာပေါ့။

သူသည် သည်နေ့ည လှုပ်ရှားမှုကို သိပ်သဘောမတူချင်ခဲ့ပေ။ သို့သော် အခုတော့ သည်လိုကိစ္စမျိုး ဖြစ်လာသဖြင့် သူက ချက်ချင်းပြန်ဆုတ်ဖို့ စဥ်းစားလိုက်တော့သည်။

“ စစ်သူကြီးဝမ်က ပြောတယ်၊ ဆက်လုပ်ပါတဲ့၊ ချီလင်သက်တော်စောင့်တွေနဲ့ ရင်ဆိုင်ရရင် ခဏလောက် အချိန်ဆွဲထားပေးတဲ့၊ သူ ချက်ချင်းလိုက်လာခဲ့မယ်တဲ့၊ မတွေ့ခဲ့ရင်တော့ တတ်နိုင်သမျှ ချက်ချင်း ပြန်ထွက်လာခဲ့ပါတဲ့”

ဒါသည် ဝမ်ပင်း၏နောက်ဆုံး ဆုံးဖြတ်ချက်ပင်။

ကျူးလျန့်သည် ထိုစကားကို ကြားလိုက်ရပြီးနောက် စိတ်ထဲက ကြိတ်ကာ ကျိန်ဆဲလိုက်တော့သည်။ အဲဒီလူတွေက အစကတည်းက ငါးစာနဲ့ သူ့အကာအကွယ်ပဲလေ။ အခု သူတို့တွေမှ ဒီနေရာမှာမရှိတာ၊ တကယ်လို့ သူသာ ချီလင်သက်တော်စောင့်တွေနဲ့ တွေ့ခဲ့ရင် သူ့ကိုယ်သူ သွားအဖမ်းခံသလို ဖြစ်နေမှာပေါ့။

စစ်သူကြီးကြီးဝမ်က လိုက်လာနေပြီတဲ့လား။ ဒီနေရာကို လိုက်တာ ဘာအသုံးဝင်မှာလဲ။ သူက အခုလောလောဆယ် ဓားပြတစ်ယောက်လေ။ ဘယ်သူပဲဖြစ်ဖြစ် သူတို့တွေကို သူ့ကို သ-တ်ပစ်လို့ရတာပဲ။

ဝမ်ပင်းက သူ့ကို ငါးစာအဖြစ်အသုံးချခဲ့တာလား။

သူ မလုပ်နိုင်ဘူး။ ဒီကိစ္စက ဒီနေ့ လုံးဝမဖြစ်နိုင်တာ အရှင်းကြီးပါ။

“ပြန်လှည့်၊ ပြန်ကြမယ်”

သူက မြင်းကို ပြန်လှည့်လိုက်ပြီး ကြေညာလိုက်လေသည်။

စာလာပို့ပေးသည့် ဆက်သားက အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး

“ ခင်ဗျား ရှေ့ဆက်သွားရမှာမဟုတ်ဘူးလား”

သောက်ကျိုးနည်းရှေ့ဆက်စရာလား။ ကျူးလျန့်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး လူများကို ဦးဆောင်ကာ ထွက်သွားတော့သည်။

ချန်ရှီရွာသည် အလွန်တိတ်ဆိတ်နေပြီး ရှီဖုန်းတောင်ပေါ်တွင်တော့ ထိုအခိုက်လေးတွင် အလွန် စည်ကားနေလေသည်။ အားလုံး နတ်သမီးရုပ်တုရှေ့တွင် ဒူးထောက်ပြီး စိတ်ရင်းနှင့် ဆုတောင်းနေကြသည်။ ထို့နောက် သူတို့က ဘုန်းကြီးကို နတ်သမီးပေါ်လာသည့်အဓိပ္ပာယ်ကို မေးမြန်းကြလေသည်။

ဘုန်းကြီးသည်လည်း ဘာသာရေးကိုင်းရှိုင်းပြီး အံ့ဩနေသည့်အမူအရာဖြင့် နတ်သမီး ရုတ်တရက် ပေါ်လာရသည့်အကြောင်းအရင်းကို မသိကြောင်း ပြောပြနေလေသည်။

အားလုံးက စုရုံးသွားပြီး စကားစမြည် ပြောဖြစ်သွားကြသည်။ နောက်ဆုံးတွင် သူတို့သည် ဘုရားကျောင်းက အလွန်မှ ယိုယွင်းပျက်စီးနေသည်ကို သတိထားမိသွားလေသည်။ သူတို့က ဘုရားကျောင်းကို အတူတူပြန်ပြင်ဆင်ကြရန် တိုင်ပင်လိုက်ကြသည်။ နတ်သမီးက သူတို့ကို ကောင်းချီးပေးကောင်း ပေးပေလိမ့်မည်။

လူအများကြီးက ဖရိုဖရဲဖြစ်ရန် ရည်ရွယ်ခဲ့ကြသည်။ သည်ဖရိုဖရဲကာလအတွင်း ရိုးရှင်းသည့် ကိစ္စများကို အချိန်အကြာကြီး ဆွဲထားခဲ့ရသည်။ ည ၉နာရီထိုးခါနီးမှ အားလုံးက သည်နေ့သည့် ဆောင်းဝင်စ,ရက်ဖြစ်ပြီး ဖက်ထုပ်မစားရသေးသည်ကို သတိရသွားတော့သည်။ သူတို့၏ ဗိုက်များကလည်း ဆာလောင်နေကြပြီ။

နောက်ကျပြီ။ မြန်မြန်ပြန်ကြသည်က ပိုကောင်းလိမ့်မည်။

အားလုံးက နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စကားပြောရယ်မောရင်း တောင်အောက်သို့ ဆင်းလာကြလေသည်။

သို့သော်ငြား နောက်တစ်နေ့တွင် ကိစ္စတစ်ခုကို ကြားလိုက်ရချိန်၌ သူတို့သည် ထပ်ပြီး မရယ်မောနိုင်ကြတော့ပေ။

မနေ့ညက။ မနေ့ညကတဲ့။ ရာချီလောက်ရှိတဲ့ ဓားပြတွေက သူတို့နေရာကို ဦးတည်လာခဲ့တာတဲ့။

ဓားပြတွေတဲ့။ မျက်တောင်တစ်ချက်မခတ်ဘဲ လူသ-တ်တဲ့ ဓားပြတွေတဲ့။ ဝူလင်စီရင်စုသည် ဆယ်စုနှစ်အတွင်း ဓားပြအန္တရာယ် မရှိခဲ့ချေ။ သို့သော် ဓားပြများ၏ရက်စက်မှုနှင့် ပတ်သက်လာလျှင်တော့ အားလုံးက ကြောက်ရွံ့နေကြဆဲပင်။

တော်ပါသေးရဲ့။ မနေ့က သူတို့တွေ ရှီဖုန်းတောင်ပေါ် ရောက်သွားလို့ပေါ့။ မဟုတ်ရင် အဲဒီဓားပြတွေက သေချာပေါက်လွယ်လွယ်နဲ့ ပြန်ဆုတ်သွားကြမှာမဟုတ်ဘူး။ သူတို့တွေကို အဖမ်းခံလိုက်ရရင်... စဥ်းတောင်မစဥ်းစားရဲဘူး။

ရုတ်တရက်ဆိုသလို ကောင်းကင်ဘုံနတ်သမီးက ဓားပြတွေ လာမှာကို ကြိုသိနေသဖြင့် သူတို့ကို ထွက်ပြေးနိုင်ရန် ကိုယ်ယောင်ပြခဲ့သည်ဟု စဥ်းစားမိသွားလေသည်။

သူတို့သည် ထိုအကြောင်းကို စဥ်းစားလေလေ ထိုသို့ဖြစ်မည်ဟု ပိုပြီးခံစားမိလေလေ ဖြစ်နေတော့သည်။

ရုတ်တရက် စိတ်ကူးပေါ်လာပြီး သူတို့သည် မနေ့ညက ကောင်းကင်ဘုံနတ်သမီးကို ဦးချကန်တော့ကြတော့သည်။ သည်အခိုက်တန့်လေးတွင် သူတို့သည် ကျေးဇူးတင်စိတ်အပြည့်နှင့် ကောင်းကင်ဘုံနတ်သမီးကို အံ့ဩကြည်ညိုသွားကြတော့သည်။

ကောင်းကင်ဘုံနတ်သမီးကို ကိုးကွယ်တာက ကပ်ဘေးကို မောင်းထုတ်ပေးပြီး အညံ့တွေကို ဖယ်ရှားပေးပြီး ရောဂါတွေကို သက်သာစေတယ်တဲ့။

မနေ့က သူတို့သည် ဘုရားကျောင်းကို ပြန်ပြန်ဖို့ တိုင်ပင်ခဲ့ကြ၏။ အချိန်တော်တော်ကြာအောင် တိုင်ပင်ဆွေးနွေးခဲ့ကြီးနောက်တွင် ဘာအဖြေမှ ထွက်မလာခဲ့ချေ။ သည်နေ့ သူတို့သည် အမိန့်စာတစ်ခု ထုတ်ပြန်ရမည်ဖြစ်ပြီး မြန်မြန်လုပ်ရလိမ့်မည်။ မဟုတ်လျှင် ကောင်းကင်ဘုံနတ်သမီး၏ အသက်ကယ်ပေးထားသည့် ကျေးဇူးတရားနှင့် မထိုက်တန်ရာကျပေတော့မည်။

ဤသို့ စိတ်ထဲတွင် မှတ်ယူထားကြလေရာ သည်ကိစ္စကို ချောချောမောမော ဖြေရှင်းပြီးသွားကြတော့သည်။

မကြာမီတွင် အနီးအနားရွာရှိ သူကြီးများက ဘယ်သူက ဘယ်လောက်ငွေထုတ်ပေးပြီး ဘယ်သူက ဘာလုပ်ပေးမည့်အကြောင်း ဆွေးနွေးခဲ့ကြတော့သည်။ ထို့နောက် သူတို့သည် ဘုန်းကြီးနှင့် စကားပြောရန် တောင်ပေါ်သို့ အတူတူတင်လာခဲ့ကြလေသည်။

သူတို့ပြောခဲ့သည့် စကားကိုကြားလိုက်ပြီးနောက် ဘုန်းကြီးသည် မနေ့ကည ဓားပြများ ရှိခဲ့ကြောင်း သိလိုက်ရလေသည်။ သူသ်ည အံ့ဩသွားသလို စိုးရိမ်သွားတော့သည်။ ရွာသားတွေကတော့ သူ့ကို ကယ်တင်ပေးခဲ့တဲ့သူက ကောင်းကင်ဘုံနတ်သမီးလို့ ထင်ကြမှာပေါ့လေ။ ဒါပေမဲ့ မီးလုံးနဲ့ အဲဒီရုပ်ပုံလွှာကို လုပ်ခဲ့တဲ့သူက သူနဲ့ ကျန်းယွင်ကျူးဆိုတာ သိထားပြီးသားပါ။ ဓားပြတွေကဘယ်က ရောက်လာတာလဲ။

သူသည် ဘုရားကျောင်း ပြန်ပြင်မည့်ကိစ္စကို ရွာသူကြီးများနှင့် အလျင်စလို သဘောတူလိုက်ပြီး ချန်ရှီရွာသို့ လူကိုင်တိုင်သွားလိုက်တော့သည်။ ပထမဆုံးအနေဖြင့် သူက ကျန်းယွင်ကျူးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး မီရှန်းအတွက် သူမ စိုက်ပေးထားသည့် ဆေးဖိုးကို ပြန်ပေးလိုက်လေသည်။ သူက မနေ့ညက ဓားပြကိစ္စကိုလည်း ပြောပြလိုက်သည်။

ကျန်းယွင်ကျုးက အံ့ဩသွားပုံရပြီး

“ ဧကန္တ ကောင်းကင်ဘုံနတ်သမီးက တကယ်ပဲ ပေါ်လာခဲ့တာများလား”

သူမသည် ဓားပြများ ရောက်မည့်အကြောင်းကို ကြိုသိနေကြောင်းကိုတော့ သေချာပေါက် ဝန်ခံလိမ့်မည် မဟုတ်ပေ။

ဘုန်းကြီးက သူမကို သည်လိုမြင်လိုက်ရသောအခါ သူ့တွင် အတွေးတစ်ခု ပေါက်သွားတော့သည်။ ဧကန္တ အားလုံးက တကယ်ပဲ ကောင်းကင်ဘုံနတ်သမီး ကိုယ်ထင်ပြခဲ့တာများလား။ သူမက မနေ့ညက လူတွေကို အန္တရာယ်ကနေ ကယ်တင်ပေးဖို့ အဲကိစ္စကို တမင်လုပ်ခဲ့တာများလား။

ဒါကပဲ လက်တွေ့ကျတဲ့အကြောင်းပြချက် ဖြစ်နေသလိုပဲ။

ဘုန်းကြီးက လက်အုပ်ချီလိုက်ပြီး ‘အော်မီတော်ဖော်’ ဟုရေရွတ်လိုက်လေသည်။ သူသည် ကောင်းကင်ဘုံနတ်သမီးကို ပိုကြည်ညိုသွားပြီး ကျန်းယွင်ကျူးကို ပိုကျေးဇူးတင်မိသွားတော့သည်။

“ အရှင်ဘုရား ဒီကိစ္စကို အရှင်ဘုရားနဲ့ တပည့်တော်ပဲ သိထားပါစေဘုရား”

ကျန်းယွင်ကျူးက ဘုန်းကြီးကို စိုးရိမ်စိတ်နှင့် ပြောလိုက်လေသည်။

“ ကိုယ်တော် နားလည်ပါပြီ”

ဘုန်းကြီးက ပြန်ဖြေလိုက်၏။ ဒီကောင်းကင်ဘုံနတ်သမီး ပေါ်လာတဲ့ကိစ္စက အတုအယောင်သာဆိုရင် ရလဒ်ဘယ်လိုကောင်းကောင် သာမန်လူတွေရဲ့ စိတ်ကို ညှိုးငယ်သွားစေလိမ့်မယ်။

“စိတ်မပူပါနဲ့ ဒကာမလေး၊ ဘုရားကျောင်းကို ပြန်ပြင်တာနဲ့ နတ်သမီးကို ပူဇော်တာကလွဲပြီး ငွေပိုလေးများ ရလာရင် ကိုယ်တော်က သာမန်ပြည်သူတွေကို ပြန်စွန့်ကြဲမှာပါ” ဘုန်းကြီးက ပြောလိုက်၏။

ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်သည်။ ကောင်းပါတယ်။ ကိုယ်ထင်ပြတယ်ဆိုတာကလည်း နောက်ဆုံး အတုအယောင်ပဲလေ။ ဘုရားကျောင်းမှာ ကောင်းမှုကုသိုလ်လုပ်တာကပဲ ဘုရားကျောင်းမှာ အမွှေးတိုင်ကို ရှည်ကြာအောင် ပူဇော်နိုင်လိမ့်မယ်။

ဘုန်းကြီးကို လိုက်ပို့ပေးလိုက်ပြီးနောက်တွင် လူအုပ်ကြီးတစ်ခုသည် စည်ကားလှစွာဖြင့် မြောက်ဘက်မှ နေ၍ တရားဝင်လမ်းမပေါ်သို့ တက်လာသည်ကို တွေ့လိုက်ရလေသည်။ ထိုလူစုကြီးကို ကြည့်ရသည်မှာ ဝူလင်မိုင်းတွင်းမှ လာခဲ့ဟန်တူသည်။

ကျန်းယွင်ကျူးက တံခါးကိုလှည့်ပိတ်လိုက်လေသည်။ ကြည့်ရတာ ကိစ္စအားလုံး ပြီးဆုံးသွားပြီထင်ပါတယ်။

...

အပိုင်း (၃၀)

တောင်ခြေက ကြီးမားသည့် စစ်တပ်ကြီးကို မြင်လိုက်ရသဖြင့် ဝမ်ပင်းသည် သူတို့ ကံဆိုးမိုးမှောင် ကျပြီးမှန်း သိလိုက်လေသည်။

“စစ်သူကြီးကြီးဝမ်”

ကျူးလျန့်၏မျက်နှာသည် ကြောက်လန့်သွားကာ ဖြူဆုတ်သွားတော့သည်။ ဘာလို့ တပ်စုတွေအများကြီးရောက်နေတာလဲ။ ဧကန္တ ဝမ်ပင်း မျှော်လင့်ထားတဲ့အတိုင်းပဲ ရှန်ဖုန်းမင်က သူတို့ကို လာဖမ်းတာလား။

ဝမ်ပင်းသည် သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက် သူ့ဓားရှည်ကို ဆွဲထုတ်လိုက်ကာ ကျူးလျန့်ကို ခေါင်းဖြတ်သ-တ်လိုက်တော့သည်။ မနေ့ညက သူသာ အသက်ရှင်ဖို့ လောဘမကြီးခဲ့ဘဲ သေမှာမကြောက်ခဲ့ဘူးဆိုရင် သူတို့တွေမှာ တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုလောက် ရှိခဲ့သေးတယ်။ ထွက်ပြေးပြီး တိုက်ပွဲကို နှောင့်နှေးအောင်လုပ်ခဲ့တဲ့ ဒီလိုလူမျိုးအတွက်တော့ သူတို့တွေ အသ-တ်ခံရရင်တောင် သူတို့ရဲ့အမုန်းတရားက ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ယန်

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် လူများကို ဦးဆောင်ကာ တောင်ပေါ်လမ်းအတိုင်း တက်သွားကြပြီး သည်မြင်ကွင်းကို မြင်လိုက်ရလေသည်။

ယန်ရှန့်က မျက်လုံးများကို ကျုံ့ထားလိုက်၏။ အလိုလေး။ သူ့ရှေ့မှာတောင် လူသ-တ်ရဲတယ်ပေါ့လေ။

ဝမ်ပင်းသည် ရှန်ဖုန်းမင်ဘက် လှည့်ကြည့်ကာ ရုတ်တရက် ဝါးလုံးကွဲအော်ရယ်လိုက်လေသည်။ သူသည် ထိုငွေကို လက်မခံသင့်ခဲ့သလို တခြားသူများ၏ လှည့်စားခြင်း မခံခဲ့သင့်ကြောင်းကိုသာ နောင်တရမိတော့သည်။ အောင်မြင်မှုနဲ့ ကျရှုံးမှု။ ကျော်ကြားမှုနဲ့ကြွယ်ဝမှုတို့က ခေါင်းတစ်ဖက် အလှည့်မှာ ဗလာအတိဖြစ်သွားတာပဲ။

နောင်တရဖို့ရာ အရမ်းနောက်ကျသွားပြီပဲ။

ယန်ရှန့်က လက် အချက်ပြလိုက်၏။ စာရင်းထဲကအတိုင်း သူတို့သည် အားလုံးကို ဖမ်းဆီးခဲ့ကြသည်။

ရုတ်ခြည်းဆိုသလို ၁၂ယောက်မကသည့် ချီလင်သက်တော်စောင့်များသည် လူများကို စတင်ဖမ်းဆီးလိုက်ကြတော့သည်။ အချိန်တိုအတွင်းတွင် အားလုံးက ဒူးထောက်နေကြလေသည်။

ဝမ်ပင်းသည် သဘောပေါက်သွားတော့သည်။ သူတို့သည် အမှန်ပင် လူအင်အားများလေသည်။ ချီလင်သက်တော်စောင့်များကလည်း စွမ်းရည်တော်တော်ရှိလှသည်။

သူသည် ဆက်ပြီး ထင်ယောင်ထင်မှားဖြစ်နေတော့ပေ။ သူ့မျက်လုံးကို မှိတ်ထားလိုက်ပြီး သေခြင်းကိုသာ စောင့်စားနေလိုက်တော့သည်။

ဝမ်ပင်း၊ ကျူးလျန့်နှင့် လူ၁၂ယောက်ကျော်တို့သည် သည်ကိစ္စတွင် ပါဝင်ခဲ့ကြသည်။ ဒုစစ်သူကြီးကျောက်နှင့် ကျန်သည့် လူများကတော့ ဘာဖြစ်ခဲ့ကြမှန်းပင် မသိကြပေ။ မိုင်းတွင်းက ဘာလို့ ရုတ်တရက်ကြီး ဝိုင်းခံထားရတာလဲ။ စစ်သူကြီးကြီးဝမ်နဲ့ တခြားသူတွေက ဘာလို့ ဖမ်းခံလိုက်ရတာလဲ။

သူတို့ ဘာလုပ်ကြမလဲ။

သူတို့သည် ဘာမှမတတ်နိုင်ဘဲ နောက်ဆုံးတွင် သည်ကိစ္စကို စီရင်မည့်အခြေအနေကိုသာ အမိန့်နာခံရင်း စောင့်ဆိုင်းနေရတော့သည်။

ယန်ရှန့်သည် လူများကို ဖမ်းဆီးလိုက်ပြီးနောက်တွင် သူတို့ကို ချက်ချင်း စုံစမ်းစစ်ဆေးတော့သည်။ ခဏအကြာတါင် သူ့လက်ထဲ၌ ခံဝန်ချက်တစ်ထပ်ကြီး ရလာခဲ့လေသည်။ သူသည် ခံဝန်ချက်များကို မြန်မြန် ဖတ်ကြည့်လိုက်၏။ ဒီကိစ္စကို မြို့တော်သို့ သယ်သွားပါက သွေးရေကန်ကြီးတစ်ခု မလွဲမသွေ ဖြစ်သွားပေလိမ့်မည်။

သူက ရှန်ဖုန်းမင်ကို ကြည့်လိုက်လေသည်။ ဒါက တကယ့်ကို ဒီလိုဖြစ်ခဲ့တာလား။ မင်းသားခြောက်က အခုဆိုရင် နန်းတော်ထဲမှာ သူ့အာဏာက အမြင့်တစ်နေရာကို ရောက်နေပြီလေ။ ဒါပေမဲ့ အိမ်ရှေ့မင်းသားကတော့ သူ့ကျန်းမာရေးက ပိုပိုပြီး ဆိုးရွားလာတယ်။

ရှန်ဖုန်းမင်၏မျက်လုံးများက သူ့သဘောထားကို ထုတ်ပြပြီးဖြစ်လေသည်။

ယန်ရှန့်မှာ သက်ပြင်းချလိုက်တော့သည်။ သူသည် ကျန်းယွင်ကျူးကို သတိရသွားပြီး ကျန်းယွင်ကျူးအိမ်သို့ ခဏလောက်ပြန်နေရန် စဥ်းစားလိုက်လေသည်။ ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ရမယ်။ အိမ်း။ နောက်ထပ်ပြဇာတ်လေးတစ်ခုလောက် ကြည့်ရရင် ပိုတောင်ပြီးပြည့်စုံသွားအုံးမှာပဲ။

သည်အခိုက်မှာပင် လူတစ်ယောက်သည် တောင်ခြေမှ ပြေးတက်လာလေသည်။ ထိုလူသည် ဝဖိုင့်လို့နေသည်။ သူသည် တစ်လမ်းလုံး ပြေးတက်လာရသဖြင့် ပင်ပန်းကာ မောဟိုက်နေတော့သည်။

ဘယ်သူကမှ သူ့ကို မတားကြပေ။ အကြောင်းမှာ သူသည် မင်းဧကရာဇ်၏အစေခံ အဝတ်အစားကို ဝတ်ဆင်ထားသောကြောင့်ပင်။ သူက သည်နေကို အမိန့်တော်တစ်ခု သယ်လာခဲ့ခြင်းပင်။

“ အရာရှိရှန်၊ မင်းကြီးရဲ့လျှို့ဝှက်အမိန့်တော်ပါ” ဖူအန်းက ဦးညွှတ်ကာ ပြောလိုက်၏။

“ ဒီတစ်ခါ ဘာလျှို့ဝှက်အမိန့်လဲ”

ယန်ရှန့်က အံ့ဩသွား၏။ နောက်ဆုံးလျှို့ဝှက်အမိန့်တောင် အခုလေးမှ ပြီးသွားတာလေ။ နန်းတွင်းထဲမှာ အခုတလော ကိစ္စတွေအများကြီး ဖြစ်ပျက်နေတာလား။

“ ဒီအစေခံလည်း မသိပါဘူး”

ဖူအန်းက ရှန်ဖုန်းမင်ကိုသော်လည်းကောင်း ယန်ရှန့်၏ မျက်လုံးကိုသော်လည်းကောင်း မကြည့်ရဲပေ။ သူက ခေါင်းကိုသာ ငုံ့ထားပြီး ပြန်ဖြေလိုက်လေသည်။ ထို့နောက် သူက စာကို ရှန်ဖုန်းမင်ဆီကို ကမ်းပေးလိုက်လေသည်။

ရှန်ဖုန်းမင်က စာကို ဖွင့်ဖတ်လိုက်၏။ သူက ယန်ရှန့်ကို တန်းပေးလိုက်လေသည်။

“ မင်းကြီးက ငါတို့ကို နန်းတော်ကို ချက်ချင်းပြန်လာဖို့ အမိန့်ပေးလိုက်တယ်”

“ မြို့တော်ကို ချက်ချင်းပြန်ရမယ်ဟုတ်လား၊ ဘာကိစ္စက အဲလောက်အရေးကြီးနေလို့လဲ၊ ပြီးတော့ ဒီဘက်က ကိစ္စ....”

ဒီနေရာက ကိစ္စကို ဖြေရှင်းပြီးသွားပြီဆိုပေမဲ့ မင်းက ဘယ်လိုသိသွားတာလဲ။

ဒါပေါ့ ဧကရာဇ်ချင်းလုံက မသိပါဘူး။ မင်းသားခြောက် ဖြစ်မယ်လေ။ ဝမ်ပင်းလို စစ်သူကြီးတစ်ယောက်က ရှန်ဖုန်းမင်ကို မနိုင်မှန်း သူ သိတယ်။ ဒါကြောင့် သူက မြို့တော်မှာ မြန်မြန် လှုပ်ရှားပြီးခဲ့တာပေါ့။ ဒါမှ ဧကရာဇ်ချင်းလုံက ရှန်ဖုန်းမင်းကို ပြန်ခေါ်မှာကိုး။

အခုတော့ အောင်မြင်ရဲ့ရလဒ်တစ်ခု ရောက်လာပြီလေ။

သူ မသိလိုက်တာက သူက ခြေတစ်လှမ်းနောက်နေသေးတယ်ဆိုတာကိုပဲ။

မြေကြီးပေါ်တွင် ဒူးထောက်နေသည့် လူများကို ကြည့်ရင်း ဖူအန်းသည်လည်း နောက်ကျသွားပြီးမှန်း ခန့်မှန်းမိကာ စိတ်ထဲတွင် ညည်းညူလိုက်လေသည်။

“ ကုန်းကုန်း ကြည့်ရတာ အရမ်းစိတ်ပျက်သွားတဲ့ပုံ”

ယန်ရှန့်က ဖူအန်းဆီ လျှောက်သွားလိုက်ပြီး သူ့ဘေးတွင် ပတ်လျှောက်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ မလုပ်ရဲပါဘူး၊ ကျွန်တော်မျိုး မလုပ်ရဲပါဘူး” သူ့မျက်ခုံးပေါ်က ချွေးများကို သုတ်ကာ ဖူအန်းက ပြန်ဖြေလိုက်လသည်။

“ ကုန်းကုန်းရဲ့ နာမည်က ဘာလဲ၊ မင်းကြီးအတွက် အကောင်းဆုံး ကြိုးစားပေးတဲ့သူကို ပထမဆုံး တွေ့ဖူးတာပဲ၊ ကြည့်ပါအုံး၊ သူ့မှာ နေ့ရော ညရော မနားတမ်းလာလိုက်ရတာ၊ အလုပ်များလွန်းလို့ ညစ်ပတ်နေတဲ့အဝတ်အစားတွေတောင် မလဲနိုင်ဘူး၊ အရမ်းတက်ကြွမယ်လို့ မထင်ရဘူး” ယန်ရှန့်က ဆက်ပြောလိုက်၏။

သို့သော် ဖူအန်းမှာ အသက်ပင်မရှူရဲချေ။ သူသည် မင်းသားခြောက်၏အကျိုးကို ဆောင်ပေးခဲ့ပြီး အမိန့်တော်ကို အပြေးအလွှား ယူလာပေးခဲ့လေသည်။ ချီလင်သက်တော်စောင့်တွေက ဘာလို့ ဒီအကြောင်းကို သိသွားတာလဲ။

ရှန်ဖုန်းမင်၏ ကျော်ကြားမှုကို စဥ်းစားမိလိုက်ပြီး သူသည် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ အပေါ့သွားမိမလိုဖြစ်သွားတော့သည်။ သူ ဓားနဲ့မခုတ်ခံရလောက်ပါဘူးနော်။ ဟုတ်တယ်မလား။

သူသည် သည်အခိုက်တန့်လေးတွင် အလွန်မှ နောင်တရသွားတော့သည်။ သူ မင်းသားခြောက်ရဲ့ငွေကို လက်မခံခဲ့သင့်တာပါ။

“ ကုန်းကုန်း နာမည်မပြောရသေးဘူးနော်” ယန်ရှန့်က ဘေးမှ ပြုံးကာပြောလိုက်လေသည်။ ဖူအန်းမှာ ဝိညာဉ်တစ်ခု နောက်မှ လိုက်နေသလို ခံစားလိုက်ရတော့သည်။

သူ့ခန္ဓာကိုယ်က ထိန်းမရအောင် တုန်လှုပ်သွားပြီး အချိန်မရွေး မြေကြီးပေါ်သို့ လဲကျသွားတော့မည့်နှယ်။

သူ့ပုံကို တွေ့လိုက်ရပြီး ယန်ရှန့်၏မျက်လုံးများသည် အနည်းငယ်ပိုအေးစက်သွားတော့သည်။ သူ့လိုလူက တခြားသူဆီက လာဘ်ယူဖို့တောင် တတ်နေပြီပေါ့လေ။ ကံဆိုးတာက သူက ဒီဘဝကိုရပြီး ငွေကို လိုချင်တယ်ဆိုရင်တောင် ဒါတွေကိုသုံးမှာဖို့ သူ့မှာ အသက်ရှိအုံးမှကိုး။

ဒီလိုမထင်ရှားလူတစ်ယောက်က သူ့ဒေါသနဲ့ အစတည်းက မထိုက်တန်ပါဘူး။ ဒါပေမဲ့ မထင်မရှား လူတစ်ယောက်ကလည်း လူတွေရဲ့ကံတရားကို သက်ရောက်နိုင်တယ်လေ။ ပြီးတော့ သူ့ကို အမိန့်တော်ယူလာပြီး ရှန်ဖုန်းမင်ကို မြို့တော်ကို ပြန်ခိုင်းဖို့ ဘယ်သူက သူ့ကိုပြောခိုင်းလို့လဲ။ သူ့မှာ ဒီမှာတောင် ကျေနပ်တဲ့အထိ မနေရဘူး။ သူ မြို့တော်ကို လုံးဝပြန်မသွားချင်သေးတာလေ။

ဒါတော့ ဖူအန်း ကံမကောင်းတာပဲ။

“ အကြောင်းအရင်း သေချာစုံစမ်းလိုက်” ရှန်ဖုန်းမင်က ဖူအန်းကံတရားကို ထိုစကားတစ်ခွန်းဖြင့်သာ ဆုံးဖြတ်လိုက်လေသည်။

ယန်ရှန့်က သွားကြီးဖြီးပြလိုက်လေသည်။ ကြည့်ရတာ သူလည်း မြို့တော်ကို မပြန်ချင်ဘူးထင်ပါ့။ သူသည် လက်ယမ်းပြလိုက်သည်နှင့်တပြိုင်နက် ချီလင်သက်တော်စောင့်များက ဖူအန်းကို စုံစမ်းစစ်ဆေးရန် ချက်ချင်းဆွဲထုတ်သွားတော့သည်။

ဖူအန်းသည် မင်းကြီးက အမိန့်တော် ပို့ရန်လွှတ်လိုက်သူဖြစ်သော်လည်း အဖမ်းခံလိုက်ရလေသည်။ နန်းတော်တစ်ခုလုံးတွင် ချီလင်သက်တော်စောင့်နှင့် ရှန်ဖုန်းမင်က သည်လိုလုပ်ရပ်မျိုးကို လုပ်ရဲလေသည်။ ဖူအန်းမှာ အသံတစ်ချက်ပင်မထွက်ရဲချေ။ သူ ပိုပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လျှင် အဆုံးသတ်က ပိုဆိုးသွားပေလိမ့်မည်။

ဒါသည် ကိစ္စအသေးအမွှားလေးတစ်ခုသာဖြစ်လေသည်။

“ အခု ငါတို့ဘာလုပ်ကြမလဲ”

ယန်ရှန့်က ရှန်ဖုန်းမင်ကို မေးလိုက်၏။

ရှန်ဖုန်းမင်က လက်ထဲကစာကို ကြည့်လိုက်ပြီး

“ ဒီမှာ ကိစ္စတွေပြီးသွားပြီ၊ မြို့တော်ကို ပြန်ကြမယ်”

“မြို့တော်ကို ပြန်မယ်၊ ဒါဆို....”

သူသည် မိန်းကလေးကျန်းကိစ္စကို မေးလိုက်ချင်လေသည်။ နောက်ဆုံးတော့ မမေးဖြစ်ခဲ့ပေ။

နေ့လယ် ၁နာရီ။ အမျိုးသမီးချန်က ခြံဝင်းထဲတွင်ရပ်နေပြီး ပူပင်သည့်မျက်နှာတစ်ခုနှင့် မိုင်းတွင်းဘက်သို့ ကြည့်နေ၏။ ခုနက စစ်တပ်အတွေအများကြီး တွေ့လိုက်တယ်လေ။ ဘာမှတော့ မဖြစ်လောက်ပါဘူးနော်။ ကျန်းချိန်က မိုင်းတွင်းထဲမှာပဲ ရှိသေးတယ်။

“အမေ မစိုးရိမ်ပါနဲ့၊ အဆင်ပြေမှာပါ”

ကျန်းယွင်ကျူးက ဖျောင်းဖျလိုက်၏။

အမျိုးသမီးချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျန်းယွင်ကျူးကို မေးလိုက်လေသည်။

“ဒါဆို စွပ်ပြုတ်ချက်ကြတော့မယ်လေ”

မနက်ဖြန်မနက်ကျရင် သူတို့တွေ ဟူလထန်းရောင်းဖို့လိုတော့ အခုကတည်း အရိုးစွပ်ပြုတ်ကို စချက်ထားမှရမယ်။ အရိုးစွပ်ပြုတ်က အချိန်အကြာကြီးပြုတ်မှ အရသာကောင်းတာ။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ မနက်ဖြန်မနက်အခြေအနေ ဘယ်လိုရှိမလဲဆိုတာ သူမ မသိရသေးဘူးလေ။

“အမေ သမီး အမေနဲ့ တိုင်ပင်စရာရှိတယ်”

“ဘာများလဲ” အမျိုးသမီးချန်က မေးလိုက်၏။

“ မနက်ဖြန်မနက်ကစပြီး မနက်စာ ရောင်းတာကို ရပ်လိုက်ရအောင်၊ အဲဒီအစား နေ့လယ်စာနဲ့ ညနေစာကိုပဲ ရောင်းကြမယ်၊ အမေလည်း တွေ့တာပဲ သမီးတို့တွေ မနက်စာရောင်းတာထက် နေ့လယ်စာရောင်းတာက ငွေပိုရှာနိုင်တယ်လေ။ သမီးတို့တွေ ညနေစာပါ ထပ်ထည့်လိုက်ရင် သေချာပေါက် ပိုရှာနိုင်မှာ။ ပြီးတော့ မနက်စာရောင်းရတာက တကယ်ပင်ပန်းတဲ့အလုပ်”

ကျန်းယွင်ကျူးက သည်ကိစ္စကို အစောကြီးကတည်းက စဥ်းစားထားခဲ့သည်။ သို့သော် ကပ်ဘေးက ဝိုးတဝါး ပေါ်ပေါက်လာသဖြင့် သူမသည် အားလုံးကို မလုပ်ရဲခဲ့ချေ။

ရာသီဥတုက ပိုပိုအေးလာပြီ။ မနက်စာရောင်းဖို့ ညနောက်ကျမှ အိပ်ရာဝင်ပြီး မနက်အစောကြီးထရတာ တကယ်ပင်ပန်းတယ်လေ။

အမျိုးသမီးချန်လည်း ညနေစာကို ရောင်းချင်ခဲ့သည်မှာ အစောကြီးကတည်းကပင်။ သို့သော် ကျန်းယွင်ကျူးက မလှုပ်ချေ။ ထို့ကြောင့် သူမကလည်း ထိုအကြောင်းကို ထုတ်မပြောရဲပေ။ အခုတော့ သူမက ထိုအကြောင်းကို ထုတ်ပြောလာသဖြင့် သူမတွင်လည်း ပြဿနာမရှိပေ။

“ နှမြောစရာတော့ကောင်းသား၊ လုပ်ငန်းက အဆင်ပြေနေတာ”

ဟူလထန်းရောင်းခြင်းက အမြတ်ကျန်သည့်အကြောင်းကို ပြောနေခြင်းပင်။ သူမသည် စိတ်ထဲက မှတ်ချက်ပြုမိလေသည်။ မနက်၊ နေ့လယ်၊ ည ငွေရှာဖို့ တကယ်လို့များ သူမမှာ ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်း ရှိခဲ့ရင်ကောင်းသား။ ဒီလိုဆိုရင် သူတို့တွေ မြည်းဝယ်ဖို့ ငွေမြန်မြန်စုနိုင်မှာပဲ။

အမှန်ပင်။ သူမတွင် ထိုစွမ်းရည်မျိုး မရှိမှန်း သိလေသည်။ ထို့ကြောင့် သူမက သက်ပြင်းချလိုက်တော့သည်။

ကျန်းယွင်ကျူးက ဘာကိုမှ မခံစားရပေ။ မနက်ခင်းရောင်းခြင်းက အခြေအနေ အကူးအပြောင်းတစ်ခုသာ ဖြစ်သည်။ မနက်ဖြန်ကစပြီး နေ့တိုင်း နောက်ကျသည်အထိ အိပ်နိုင်တော့မည့်အကြောင်း စဥ်းစားလိုက်ကာ သူမ၏ဘဝက ရုတ်တရက် ပိုကောင်းလာသည်ဟု ခံစားလိုက်ရတော့သည်။

သည်ကိစ္စကို သည်လို သတ်မှတ်ထားလိုက်ကြလေသည်။

သည်အချိန်တွင် တံခါးအပြင်မှ တံခါးခေါက်သံကြားလိုက်ရ၏။ အမျိုးသမီးချန်က လန့်သွားလေသည်။ ဘယ်သူပါလိမ့်။

သူမက တံခါးကို ဖွင့်လိုက်ရာ ထိုနေရာတွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။

“ မင်းတို့က ဆန်ကောက်ပြီး ပြန်လာကြတာလား” အမျိုးသမီးချန်က မေးလိုက်၏။

ယန်ရှန့်၏ နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားတော့သည်။ သူ ဒီအကြောင်းကို မေ့သွားတော့မလိုလေ။

“အင်း”

သည်တစ်ကြိမ်တွင် ရှန်ဖုန်းမင်က အရင်ဆုံးဖြေလိုက်လေသည်။ ထိုနောက် သူက ကျန်းယွင်ကျူးကို ကြည့်လိုက်၏။

ကျန်းယွင်ကျူးသည် သူနှင့်ယန်ရှန့်တို့ ပြန်လာကြလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမသည် အခိုက်တန့် မှင်တက်သွားပြီးမှ သူ့ကို ပြုံးပြလိုက်လေသည်။ စိတ်ထဲတွင် ဒီတစ်ခါ သူပြန်လာရသည့် အကြောင်းအရင်းကို စဥ်းစားနေတော့သည်။

ယန်ရှန့်က ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီးနောက် ရှန်ဖုန်းမင်ကို ကြည့်လိုက်လေသည်။ သူက အမျိုးသမီးချန်ကို ပြောလိုက်၏။

“ အဒေါ် ပြီးခဲ့တဲ့တစ်ခေါက် ဘယ်မိသားစုက ဆန်တွေရောင်းနေတာလဲ၊ ကျွန်တော့်မှတ်ဉာဏ်ကလဲဗျာ မေ့တတ်လိုက်တာ”

ထို့နောက်တွင် အမျိုးသမီးချန်က သူ့ကို ဆန်ရောင်းသူများကို သွားတွေ့ရန် ခေါ်သွားလိုက်တော့သည်။

ရှန်ဖုန်းမင်နှင့် ကျန်းယွင်ကျူးတို့နှစ်ယောက်သာ ခြံထဲတွင် ကျန်ခဲ့လေသည်။

“ ကျွန်တော် မြို့တော်ကို ပြန်တော့မလို့” ရှန်ဖုန်းမင်က ပြောလိုက်၏။

“ လမ်းခရီးဖြောင်းဖြူးပါစေရှင်” ကျန်းယွင်ကျူးက ပြန်ပြောလိုက်သည်။ သူမ၏လေသံက အနည်းငယ် ဝမ်းသာသလို ဖြစ်နေလေသည်။

ရှန်ဖုန်းမင် : ....

ယန်ရှန့်ပြန်လာချိန်တွင် သူတို့နှစ်ယောက်က သည်အတိုင်း ရပ်နေကြသည်ကို တွေ့လိုက်ရလေသည်။ သူသည် အလွန်စိတ်ပျက်သွားပြီး သူ့နဖူးကို ပွတ်လိုက်မိတော့သည်။ သူ့စေတနာက အလကား ဖြစ်ပြီလေ။

“မိန်းကလေးကျန်း”

သူက သွားများ ပေါ်သည်အထိ ပြုံးလိုက်ပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။

“ ကျွန်တော်တို့ မြို့တော်ကို ပြန်ရတော့မယ်၊ မင်း ကျွန်တော်တို့နဲ့ လိုက်ဖို့ တကယ်မစဥ်းစားတော့ဘူးပေါ့၊ မင်း မိသားစုအတွက် စိတ်ပူစရာမလိုပါဘူး၊ တကယ်လို့ ဦးလေးနဲ့ အဒေါ်တို့က ဆန္ဒရှိတယ်ဆိုရင် သူတို့လည်း ကျွန်တော်တို့အတူ မြို့တော်ကိုလိုက်ခဲ့လို့ရပါတယ်။

ကျွန်တော်တို့က မြို့တော်မှာ အခြေချနေတာဆိုတော့ မိန်းကလေးကို တစ်အိမ်ထောင် တည်နိုင်အောင် ကူညီပေးနိုင်ပါတယ်”

ကျန်းယွင်ကျူးကို ခြောက်လှန့်မိမည်စိုးသဖြင့် သူသည် သူနှင့် ရှန်ဖုန်းမင်တို့၏ သရုပ်မှန်ကို ထုတ်မပြောရဲချေ။ အထူးသဖြင့် ရှန်ဖုန်းမင်၏ ကျော်ကြားမှုကိုပင်။

“ကျေးဇူးတင်ပါတယ်ရှင်၊ မလိုပါဘူး၊ ခရီးလမ်း ဖြောင့်ဖြူုးပါစေရှင်” ကျန်းယွင်ကျူးက ပြုံးက ပြောလိုက်လေသည်။

ယန်ရှန့် : သူဘာလို့ အထင်သေးခံလိုက်ရသလို ခံစားမိလိုက်တာလဲ။ သူ့စိတ်ကပဲ လှည့်စားနေတာလား။

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် နောက်ဆုံးတော့ ပြန်သွားကြတော့သည်။

လမ်းမကြီးပေါ်တွင် ယန်ရှန့်က နောက်လှည့်ကြည့်လိုက်မိသည်။ အစိမ်းရောင်တောင်များအလယ်က ခြံဝင်းငယ်လေးတစ်ခု။ အရမ်းအေးချမ်းပြီး အရမ်းလှတာပဲ။

“ငါတို့တွေ ဒီအတိုင်း သွားလိုက်တော့မှာလား” သူက ရှန်ဖုန်းမင်ကို မေးလိုက်၏။

ရှန်ဖုန်းမင်က ရှေ့သို့ကြည့်ရင်း

“အဲလိုမှမဟုတ်ရင်ကော”

“ မင်းမှာ နည်းလမ်းပေါင်းစုံ ရှိတယ်မလား”

ယန်ရှန့်သည် သံကို သံမဏိမလုပ်နိုင်ခဲ့သည့်ကိစ္စကို မုန်းတီးနေတော့သည်။ သူ့နည်းလမ်းတွေအားလုံး ဘယ်ရောက်ကုန်တာတဲ့လဲ။

ရှန်ဖုန်းမင်က သူ့ကို လှည့်ကြည့်လိုက်ပြီး

“ သူက ဒီနေရာမှာ အရမ်းပျော်နေတယ်လေ”

ဒါဆို မြို့တော်မှာဆို မပျော်ဘူးတဲ့လား။ ယန်ရှန်ကတော့ ကျန်းယွင်ကျူးသည် သူမ ဘယ်နေရာကိုသွားသွား ကောင်းကောင်းနေနိုင်လိမ့်မည်ဟု ခံစားမိသည်မဟုတ်ပါလား။

ရှိပါစေတော့လေ။ အရင်ဆုံး မြို့တော်ကိုပြန်ကြတာပေါ့။ သူတို့ ပြန်မလာကြတော့မှာမှ မဟုတ်တာ။ ဒါနဲ့ နောက်တစ်ခါ သူပြန်လာရင်တော့ အဲဒီနတ်သမီး ပေါ်လာအောင် သူမ ဘယ်လိုလုပ်ခဲ့လဲဆိုတာ မေးကိုမေးရမယ်။

“ မင်းအတွက် တစ်ဝက်”

ယန်ရှန့်က သူ့လက်ထဲက ပစ္စည်းတစ်ဝက်ကို ရှန်ဖုန်းမင်အား ပေးလိုက်၏။ ပြီးခဲ့သည့် မိုးရွာသည့်နေ့က ကျန်းယွင်ကျူး လုပ်ထားခဲ့သည့် ဝက်အူချောင်းများ ဖြစ်သည်။ ရက်ပေါင်းများစွာ အခြောက်ခံလိုက်ပြီးနောက်တွင် အခုတော့ အသင့်စားရုံသာ။ လမ်းခွဲကြချိန်၌ သူမက သူတို့ကို လက်ဆောင်တချို့ ထည့်ပေးလိုက်လေသည်။

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် လူများကို ဦးဆောင်ပြီး ထွက်ခွာသွားတော့သည်။ ဝူလင်မိုင်းတွင်းကလည်း မူလအတိုင်း အေးချမ်းသွားပြီး အရင်ကနှင့် မသိမသာကွာခြားသွားလေသည်။

ကျန်းယွင်ကျူက တံခါးကို တွန်းဖွင့်လိုက်ပြီး မြို့တက်ရန် အသင့်ဖြစ်နေ၏။ ဒီနေ့ကစပြီး သူမရဲ့ ထမင်းဘူးလုပ်ငန်းကို ကောင်းကောင်းလုပ်ပြီး ကြီးမားလာအောင် လုပ်ရမယ်။

မြို့တက်ပြီး အထူးထမင်းဘူးတစ်သုတ်လောက် သွားမှာတာကနေ စလုပ်လိုက်ကြမယ်။

All Chapters