အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
အပိုင်း (၁၀)
ကျန်းယွင်ရှို့နှင့် ဆယ်နှစ်ယောက်ခန့် ရှိသည့် မိန်းကလေးများသည် အနောက်ဘက်ခြံထဲက အစွန်ဆုံးအခန်းသို့ ခေါ်သွားခံလိုက်ရလေသည်။
သည်မိန်းကလေးများသည် ၁၃နှစ်မှ ၁၆နှစ်ဝန်းကျင် အရွယ်များဖြစ်ကြပြီး သူတို့အားလုံးသည် တည်ကြည်ပုံပေါ်ကာ နူးညံ့သည့်သွင်ပြင်လက္ခဏာများ ရှိလေသည်။
ကျန်းယွင်ရှို့က ဘေးဘီကို ကြည့်လိုက်ပြီး မျက်လုံးထောင့်တွင် အနီရောင်မှဲ့တစ်လုံးရှိသည့် မိန်းကလေးကလွဲလျှင် သူမသည် အဖွဲ့ထဲတွင် အချောဆုံးဖြစ်မှန်း သတိထားမိသွားတော့သည်။ သူမမှာ ဝမ်းသာသွားတော့သည်။ သည်အချိန်တွင် အပြင်ဘက်က ခြေလှမ်းများကို ကြားလိုက်ရသည်။ မိန်းမတစ်ယောက်သည် အစေခံမလေးတစ်ယောက်နှင့် ဝင်လာလေသည်။
ထိုမိန်းမမှာ အန်းဖင်အိမ်တော်မှ အရေးပါသူတစ်ယောက်ပင်။ သူမသည် အမှန်ပင် ပိုးထည်နှင့် ဖဲသားတို့ကို ဝတ်ဆင်ထားသည်။ သူမ၏လက်ကောက်ဝတ်နှင့် ခေါင်းပေါ်တွင်လည်း ရွှေရောင်အလင်းများက တောက်ပနေလေသည်။
မိန်းကလေးများသည် အားကျမိသလို စိုးရိမ်ပူပန်သွားကြတော့သည်။
အမျိုးသမီးကျုံးသည် သည်မိန်းကလေးများကို တစ်ယောက်ချင်း စစ်ဆေးလိုက်သည်။ သူတို့နှစ်ယောက်ကတော့ မဆိုးဘူး။ ကျန်တာတွေကတော့ သာမန်ရွက်ကြမ်းရေကျိုပဲ။
သူမသည် လူများကို တာဝန် ခွဲပေးလိုက်လေသည်။
“ နင်တို့နှစ်ယောက် လက်ဖက်ရည်ခန်းကို သွား၊ နင်တို့သုံးယောက် အဝတ်လျှော်ခန်း၊ နင်တို့သုံးယောက် ကြီးကြပ်ရေးမှူးလီနဲ့ လိုက်သွားပြီး ခြံဝင်ထဲမှာ တံမြက်စည်း သွားလှဲချည်”
နောက်ဆုံးတွင် သူမသည် ကျန်သည့်လူများဆီသို့ လာခဲ့လေသည်။ သူတို့ထဲတွင် ကျန်းယွင်ရှို့နှင့် မျက်လုံးထောင့်နားတွင် မဲ့နီလေးရှိသည့် မိန်းကလေးတို့ ကျန်နေခဲ့သည်။
သူမက ခဏလောက် ရပ်လိုက်သည်။ သူမ၏စိတ်တို့ ပြန်လည်လာပြီး ကျန်းယွင်ကျူး၊ ဟိုမိန်းကလေးနှင့် မျက်နှာဝိုင်းဝိုင်းမိန်းကလေးတို့ကို ပြောလိုက်လေသည်။
“ နင်တို့သုံးယောက် စားဖိုဆောင်ကို သွား”
ထို့နောက် သူမသည် ကျန်မိန်းကလေးများကို တာဝန်ပေးလိုက်တော့သည်။
ကျန်းယွင်ရှို့မှာ နေရာတွင်ပင် တောင့်တင်းသွားလေသည်။ သူမက စားဖိုဆောင်ကိုတဲ့လား။ နားကြားမှားလိုက်တာပဲ ဖြစ်ရမယ်။
သူမသည် အမျိုးသမီးကျုံးကို ငေးကြည့်နေမိသည်။ သူမ၏စိတ်တို့သည် ဗလာအတိဖြစ်နေလေသည်။ သူမက လင်ထင်အန်းကို အလုပ်အကျွေးပြုရမယ်လို့ ထင်ထားခဲ့တာလေ။
အိပ်မက်ထဲတွင် လွန်ခဲ့တဲ့ ခုနှစ်နှစ်က ကျန်းယွင်ရှို့နှင့် ကျန်းယွင်ကျူးတို့ ပြန်တွေ့ခဲ့ကြသေးသည်။ သူတို့သည် စကားနည်းနည်းပါးပါးသာ ပြောဖြစ်ခဲ့ကြသည်။ ကျန်းယွင်ကျူးသည် သူမ၏ အတိတ်အကြောင်း ပြောခဲ့စဥ်က အကျဥ်းချုပ်သာ ပြောပြခဲ့ပြီး ကောင်းသတင်းများကိုသာ ပြောခဲ့ကာ မကောင်းသတင်းများကိုတော့ ချန်ထားခဲ့လေသည်။ ထို့ကြောင့် ကျန်းယွင်ရှို့သည် ကျန်းယွင်ကျူး နယ်စားအိမ်တော်၏ သခင်မ ဖြစ်လာပုံကို သေသေချာချာ မသိခဲ့ပေ။ ကျန်းယွင်ကျူးက ရွှီချင်ရှန့်၏ အတိတ်ကို မသိခဲ့သကဲ့သို့ပင်။
မိန်းကလေးစုစုပေါင်း ၁၄ယောက်ရှိပြီး သူတို့ကို အခြေခံအားဖြင့် အလုပ်ကြမ်းဝေယျာဝေစ္စလုပ်ရသည့် အစေခံမလေးများအဖြစ် နေရာအသီးသီးတွင် တာဝန်ချထားလေသည်။ သည်မိန်းကလေးထဲက တချို့သည် ဖြတ်ထိုးဉာဏ်ကောင်းကြပြီး အိမ်တော်အတွင်းက အခြေအနေကို စုံစမ်းထားခဲ့ကြသည်။ ရလဒ်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့သည် အလွန်စိတ်ပျက်သွားကြတော့သည်။
အမျိုးသမီးကျုံးဆိုတာ ဘယ်သူမလို့လဲ။ သူမရဲ့ မျက်တောင်တွေအားလုံးက ကျွတ်ကုန်ပြီးပြီလေ။ သည်အခြေအနေကို မြင်လိုက်ရသဖြင့် သူမက အေးတိအေးစက်ဖြင့် နှာခေါင်းရှုံ့လိုက်တော့သည်။ ဒီမိန်းကလေးတွေက သူတို့တွေ သစ်ကိုင်းပေါ် ပျံတက်နိုင်မယ်လို့ တကယ်ကြီးထင်နေကြတာလား။ အိမ်တော်ထဲမှာ လူအင်အားသာ မပြတ်လပ်ဘူးဆိုရင် သူတို့လို နောက်ကြောင်းမသိဘာမသိနဲ့ သူတွေက နယ်စားအိမ်တော်ထဲ ဝင်လို့ရမယ် ထင်နေလား။
သူတို့ကို အိမ်တော်ထဲမှာ အလုပ်ကြမ်းတချို့ပေးလုပ်ထားတာနဲ့တင် သူတို့အတွက် အကျိုးရှိနေပြီးပြိ။
ကျန်းယွင်ရှို့သည် စားဖိုဆောင်သို့ ရောက်လာသည်အထိ စားဖိုဆောင်တွင် သူမကို တာဝန်ပေးခဲ့သည်ကို နောက်ဆုံးအချိန်အထိ မယုံကြည်နိုင်ဖြစ်နေတော့သည်။
သူမနှင့်အတူ ပါလာသူများမှာ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးနှင့် ထျန်ယင်းဟု ခေါ်သည့် မျက်လုံးထောင့်တွင် မဲ့နီလေးရှိသည့် မိန်ကလေးတို့ဖြစ်လေသည်။
အန်းဖင်နယ်စားအိမ်တော်၏ စားဖိုဆောင်သည် အလွန်မှ ကြီးမားလေသည်။ လက်ရှိတွင် ထမင်းစားချိန်မဟုတ်သေးပေ။ ထို့ကြောင့် သည်နေရာတွင် တော်တော်လေး တိတ်ဆိတ်နေသေးသည်။
စားဖိုဆောင်တာဝန်ခံ အမျိုးသမီးကျိုးသည် သူတို့သုံးယောက်ကို တွေ့လိုက်ရသောအခါ အထူးသဖြင့် ကျန်းယွင်ရှို့နှင့် ထျန်ယင်းကို တွေ့လိုက်ရသောအခါ သူမ၏မျက်နှာမှာ ချက်ချင်း ညိုမည်းသွားတော့သည်။
အမျိုးသမီးကျိုး၏ ယောက်ျားသည် အိမ်တော်၏စားဖိုမှူး ဖြစ်သည်။ သူ့နာမည်မှာ ကောင်းရွှင့် ဖြစ်သည်။ သူသည် ဟွိုက်ယန်ဟင်းလျာများကို ချက်ပြုတ်ရာတွင် ကျွမ်းကျင်လေသည်။
သို့သော် သည်ကောင်းရွှင့်တွင် အကျင့်ဆိုးတစ်ခု ရှိနေသည်။ အထူးသဖြင့် မိန်းမများနှင့် ရှုပ်ပွေရသည်ကို နှစ်သက်လေသည်။ အန်းဖင်နယ်စား၏ မျက်နှာသာပေးခံရသည်ကို အားကိုးကာ အစေခံမလေးတချို့နှင့် ရှုပ်ပွေပြီး အိမ်တော်ထဲတွင် မိန်းမများ ယူထားလေသည်။
သည်အကြောင်းအရင်းကြောင့်ပင် အမျိုးသမီးကျိုးက သူနှင့် အမြဲတမ်း ရန်ဖြစ်ခဲ့ရသည်။ သို့သော် သူမ လုပ်နိုင်သည့်က ဘာမှမရှိပေ။
လွန်ခဲ့တဲ့ရက်တုန်းက အိမ်တော်ထိန်းကို စားဖိုဆောင်မှာ လူမရှိတော့တဲ့အကြောင်း ပြောပြလိုက်ပြီး ရိုးသားပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ လူတွေကို ပို့ပေးဖို့ တောင်းဆိုထားတာလေ။ ရလဒ်က ဒီသုံးယောက်တဲ့လား။
ကျန်းယွင်ရှို့နဲ့ သူ့မျက်နှာပေါ်က အင်တင်တင်မျက်နှာထားကို ကြည့်လိုက်ရုံနဲ့ သူမက သခင့်အိပ်ရာပေါ် တက်ချင်နေတဲ့ မြေခွေးမမှန်း သိနိုင်တယ်လေ။ ပြီးတော့ ထျန်ယင်း၊ သူ့မျက်ခုံးနဲ့ မျက်လုံးတွေ ကြာပစ်ချင်နေတဲ့အကြည့်အပြည့်နဲ့။ သူက ယောက်ျားမရှိရင် မနေနိုင်တဲ့ မိန်းမပျက်လေးပဲ ဖြစ်ရမယ်။ ကျန်တဲ့တစ်ယောက်ပဲ မျက်စိထဲမှာ သဘောကျစရာရှိတယ်။
ကျုံးကျင်းဟွမ် လက်ချက်ပဲ ဖြစ်ရမယ်။ ငါ့ကို ပြဿနာဖြစ်စေချင်နေတာလေ။ ငါ ရယ်စရာဖြစ်နေတာမြင်ချင်လို့ ဒီလူသုံးယောက်ကို တမင်ပို့လိုက်တာ။
အမျိုးသမီးကျိုးသည် ကြိတ်မှိတ်ကာ အံ့ကြိတ်ထားလိုက်ပြီး အမျိုးသမီးကျုံး၏မျက်နှာကို ဆွဲဖြဲချင်စိတ် ပေါက်သွားတော့သည်။
“ နင်တို့ သုံးယောက်၊ အဲမှာ ဘာရပ်လုပ်နေကြတာလဲ၊ အခုထိ အလုပ်သွားမလုပ်ကြသေးဘူးလား”
သူမသည် ဒေါသအားလုံးကို သူတို့သုံးယောက်ထံပုံချလိုက်ပြီး ဒေါသထွက်ထွက်ဖြင့် ဆဲဆိုလိုက်တော့သည်။
ကျန်းယွင်ရှို့တို့သုံးယောက်မှာ အသက်ရှူကြပ်သွားတော့သည်။ ဘာအလုပ်လုပ်ရမှာတဲ့လဲ။
“ ပန်းကန်သွားဆေးကြ၊ နောက်ဖေးမှာ ပန်းကန်တွေက တောင်လိုပုံနေပြီ” အမျိုးသမီးကျိုးက ပြောလိုက်၏။
ကျန်းယွင်ရှို့တို့ သုံးယောက်လည်း နောက်ဖေးသို့ ထွက်လာခဲ့ကြလေသည်။
သည်ရက်ပိုင်းအတွင်း စားဖိုဆောင်ထဲတွင် လူအင်အားမရှိပေ။ ထင်ထားသည့်အတိုင်းပင် ထိုညစ်ပတ်ပေရေနေသည့် ပန်းကန်ခွက်ယောက်များက တောင်လိုပုံနေတော့သည်။
သူတို့ယောက်လည်း ပန်းကန်ဆေးရန် ရေခပ်ရတော့သည်။
ဆောင်းဦးရာသီအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။ တွင်းရေက အလွန်အေးစက်ပြီး ပန်းကန်ခွက်ယောက်များက ဆီများဖြင့် အလွန်ချွဲကျိနေသည်။ ခဏအကြာတွင် ကျန်းယွင်ရှို့၏ လက်များသည် နီရဲကာ ဖြူဖျော့သွားတော့သည်။ သူမ၏စိတ်ထဲတွင် နာကျည်းမှုတို့ ပေါက်ဖွားလာတော့သည်။ သူမက နယ်စားအိမ်တော်ကို ဇိမ်နဲ့ ပျော်ပါးဖို့လာတာလေ။ ပန်းကန်တွေ ဆေးကြောဖို့မှ မဟုတ်တာ။
“ အထိန်းအကွပ်မရှိတဲ့ဟာမလေးတွေ အခုထိ မတိုက်ချွတ်ကြသေးဘူးလား၊ ဘာတွေ ငေးငိုင်နေတာလဲ၊ နင်တို့တွေ ဆေးကြောလို့ မပြီးရင် ဒီနေ့ည ဘယ်သူမှ ထမင်းမစားရဘူး” အမျိုးသမီးကျိုးက ဘေးတွင်ထိုင်ကာ သူတို့သုံးယောက်ကို စောင့်ကြည့်နေလေသည်။
ကျန်းယွင်ရှို့က သူမကို မှတ်ထားလိုက်သည်။ ငါ နယ်စားအိမ်တော်ရဲ့ သခင်မလေးဖြစ်လာတဲ့ သူ့ကို ပန်ကန်းတွေ အများကြီး ဆေးခိုင်းပစ်မယ်။ မဟုတ်ဘူး။ ပန်းကန်တွေကို တစ်ချပ်ချင်းစီ လျှာနဲ့လျက်ပြီး သန့်ရှင်းရေး လုပ်ခိုင်းပစ်မယ်။
အနာဂတ်တွင် အမျိုးသမီးကျိုးကို နှိပ်စက်ရန် နည်းလမ်းအမျိုးမျိုး စဥ်းစားလိုက်ပြီးနောက် သူမသည် ပိုပြီး နေသာထိုင်သာရှိသွားပြီး တစ်ဖန် အားတင်ထားနိုင်လာပြန်သည်။
နာရီဝက်ခန့် ကြာပြီးနောက် ယောက်ျားတစ်ယောက်သည် နောက်ဘေးရှိ ထောင့်က တံခါးမှ ဝင်လာလေသည်။ ထိုလူသည့် အရပ်မြင့်မြင့် ဝဝ ဖြစ်သော်လည်း သူ့မျက်လုံးများက မကြီးပေ။
သူသည် မူးလာပုံရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အရက်နံ့များ နံဟောင်နေလေသည်။
သူသည် တံခါးမှ ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျန်းယွင်ရှို့တို့သုံးယောက်ကို တွေ့သွားပြီး သူ့မျက်လုံးများက ချက်ချင်း လင်းလက်လာတော့သည်။
၁၅နှစ်အရွယ် ကျန်းယွင်ရှို့သည် ဗာဒံစေ့ မျက်လုံးများနှင့် မက်မွန်ရောင် ပါးမို့မို့လေး ရှိသည်။ အကောင်းဆုံးအရွယ်တွင် ပွင့်လန်းနေသည့်ပန်းကလေး တစ်ပွင့်နှယ် မိန်းကလေးတစ်ယောက်ပင်။ သူမထက် တစ်နှစ်ကြီးသည့် ထျန်ယင်းသည် ကွေးညွှတ်နေသည့် မျက်ခုံးနှင့်မျက်လုံးများ ရှိလေသည်။ သူမ၏မျက်လုံးနားရှိ မှဲ့နီလေးက သူမကို ပိုပြီးချစ်စရာကောင်းနေစေတော့သည်။
“ ရှင် ပြန်လာရကောင်းမှန်း သိသေးတယ်နော်၊ ညနေစာအတွက် မြန်မြန် ပြင်ဆင်တော့၊ နယ်စားသခင်ကြီးရဲ့ညစာ နောက်ကျရင် ရှင်ဘယ်လို ဇာတ်သိမ်းမယ်ဆိုတာ ကြည့်လိုက်အုံးမယ်”
အမျိုးသမီးကျိုးက ထိုယောက်ျားကို ဒေါသတကြီးတန်းဆဲတော့သည်။
ထိုယောက်ျားမှာ ကောင်းရွှင့်ပင်။
ကောင်းရွှင့်က စိတ်မရှည်လက်မရှည်နှင့် ပြန်ပြောလိုက်သည်။
“ မင်း အများကြီး ပြောစရာမလိုပါဘူး၊ ကိုယ့်အလုပ်သာ ကိုယ်လုပ်စမ်းပါ”
ပြောပြီးသည်နှင့် သူက ကျန်းယွင်ရှို့နှင့် ထျန်ယင်းတို့ကို ထပ်ကြည့်လိုက်ပြီးမှ စားဖိုဆောင်ထဲသို့ ဝင်သွားတော့သည်။
သူ့အကြည့်က ကျန်းယွင်ရှို့ကို အင်မတန်ရွံရှာသွားစေတော့သည်။
ထျန်ယင်းကတော့ ကောင်းရွှင့်ကို ဒေါသထွက်သယောင် စိုက်ကြည့်လိုက်လေသည်။ နူးညံ့သိမ်မွေ့သည့် အသွင်ပြင်တစ်ခုဖြင့် သူမသည် ငြင်းဆန်ချင်ပါသော်လည်း ကြိုဆိုနေယောင်။
အမျိုးသမီးကျိုးသည့် ကောင်းရွှင့်နှင့် စကားပြောစဥ် ကျန်းယွင်ရှို့တို့ကို ကျောပေးထားလေသည်။ ထို့ကြောင့် သူမသည် ထျန်ယင်း၏ မျက်လုံးများကို မမြင်လိုက်ပေ။ မဟုတ်လျှင် သူမသည် ချက်ချင်း ပြဿနာရှာပေလိမ့်မည်။
ခဏကြာပြီးနောက် စားဖိုဆောင်သည် အလုပ်များလာလေသည်။ သူမက သူတို့သုံးယောက်ကို ပတ်အော်လိုက်ပြီး အလုပ်လုပ်ရန် စားဖိုဆောင်သို့ ဝင်သွားတော့သည်။
နောက်ဆုံးတွင်တော့ ကျန်းယွင်ရှို့သည် အသက်ရှူနိုင်သွားပြီး လင်ထင်အန်းနှင့် တွေ့နိုင်မည့်နည်းလမ်းကို ကြံစည်နေလေသည်။
သူမဘေးက ထျန်ယင်း၏မျက်လုံးများသည် တဖျတ်ဖျတ် လက်သွား၏။ သူမ ဘာစဥ်းစားနေသည်ကိုတော့ မသိရပေ။
အမျိုးသမီးချန်သည် ကျန်းယွင်ရှို့အကြောင်း စဥ်းစားနေလည်း အသုံးမဝင်မှန်း သိနေပြီး အိပ်ပျော်သွားတော့သည်။
ညပိုင်းတွင် ကျန်းချိန်ပြန်လာ၏။ သူသည် သတင်းကို ကြားလိုက်ရသောအခါ အလွန်ပျော်သွားတော့သည်။
“ အဖေ မိုင်းတွင်းထဲ သွားမဲ့အစား ကျွန်မတို့နဲ့ အစားအသောက်ရောင်းပါလား”
ကျန်းယွင်ကျူးက သည်အခွင့်အရေးကို အသုံးချပြီး မိုင်းတူးသည့်အလုပ်မှာ အလုပ်ကောင်းတစ်ခု မဟုတ်ကြောင်း ပြောပြလိုက်လေသည်။ ဖုန်မှုန့်ကြောင့် ရသည့်ရောဂါနှင့် အရေပြားရောဂါလို လုပ်ငန်းခွင် ကျန်းမာရေးအန္တရာယ်ဖြစ်လာမည်က ပြောရန်ပင် မလိုချေ။ ရှေးခေတ် မိုင်းတူးသည့်လုပ်ငန်းက ဘာလုံခြုံရေးအကာအကွယ်မှ မရှိပေ။ အန္တရာယ်ကျရောက်ရန် လွယ်ကူလေသည်။
ကျန်းချိန်က ခေါင်းခါပြလိုက်၏။ သူ အခု မိသားစုကို ကူညီနိုင်ပြီလေ။ လူနှစ်ယောက် ငွေရှာတာက ပိုကောင်းတယ်မလား။
သူတို့တွေ ငွေမြန်မြန်ရှာနိုင်လေလေ ကိုယ်ပိုင်အိမ်လေးတစ်လုံး မြန်မြန်ဆောက်နိုင်လေလေပဲ။ ဒါမှပဲ သူ စိတ်အေးရမှာ။
အမျိုးသမီးချန်ကဲ့သို့ပင် ကျန်းချန်သည်လည်း အခုတော့ ငွေကို ကြိုက်နေတော့သည်။ ဟုတ်တယ်လေ။ သူတို့သာ ချမ်းသာခဲ့ရင် သူတို့သမီးကိုလည်း ရောင်းလိုက်ရမှာမဟုတ်ဘူး။ သူတို့သာ ချမ်းသာခဲ့ရင် ဒီလိုသူစိမ်းမြေမှာ လျှောက်သွားနေစရာလည်း လုံးဝမလိုဘူး။ ပြီးတော့ သူတို့တွေ ကျန်းယွင်ကျူးကိုလည်း နေ့တိုင်း ညသန်းခေါင်အထိ အလုပ်လုပ်ခိုင်းစရာ မလိုတော့ဘူးလေ။
ကျန်းယွင်ကျူးသည် ဖျောင်းဖျလို့မရနိုင်မှန်း သိလိုက်ရသဖြင့် သည်ကိစ္စကို လောလောဆယ် သည်အတိုင်း ထားလိုက်ရတော့သည်။ ခဏလောက် စောင့်လိုက်ပါမယ်လေ။ မိသားစုက ငွေနည်းနည်း ပိုရှာနိုင်တဲ့အချိန်အထိ စောင့်လိုက်မယ်။ ဒါဆိုရင် ကျန်းချိန်လည်း အဲဒီလစာလေးကို ခွဲခွာဖို့ ဆန္ဒရှိလာမှာပါ။
နောက်တစ်နေ့တွင် သူတို့သည် ဆိုင်ခင်းရန် မနက်စောစော ထွက်လာခဲ့တော့သည်။ သည်နေ့ လုပ်ငန်းသည် မနေ့ကထက် ပိုကောင်းလေသည်။ အမျိုးသမီးချန်မှာ ပျော်လွန်းသဖြင့် ပါးစပ်နားရွက်တက်ချိတ်တော့မတတ် သွားများပေါ်အောင် ပြုံးနေတော့သည်။
တစ်နာရီကျော်သွားပြီးနောက် စျေးသည် လူသူကင်းမဲ့ လာပြန်သည်။ သူတို့သည် ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ကြသည်။
ကျန်းယွင်ကျူးက မြေအိုးကြီးကို အဖုံးဖွင့်လိုက်ရာ အထဲက လက်ဝါးအရွယ် အသားတုံးကြီးတစ်တုံးကို တွေ့လိုက်ရသည်။ သူမသည် နေ့လယ်စာအတွက် အိမ်တွင် အားလုံးကို အသားကျွေးရင်ကောင်းမည်ဟု စဥ်းစားလိုက်လေသည်။ နေ့တိုင်း အသားနှပ်အနံ့ကို ရနေသော်လည်း မစားနိုင်သဖြင့် တော်တော်ပင် သောကရောက်ရလေသည်။
“ အသားနံ့လေးက မွှေးလိုက်တာ” သူမ၏နားထဲတွင် ခပ်ကြမ်းကြမ်းအသံတစ်ခုက ဟိန်းသွားလေသည်။
ကျန်းယွင်ကျူး မော့ကြည့်လိုက်သောအခါ သူမဘေးသို့ရောက်နေသည့် ဘယ်အချိန်က ရောက်နေမှန်း မသိသည့် ခေါင်းကြီးကြီးနှင့် ငနဲတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုခေါင်းကြီးပေါ်က မေးစေ့ပေါ်တွင် မုတ်ဆိတ်မွေးများ ပြည့်လို့ပင်။
ဒုစစ်သူကြီးကျောက် ဖြစ်နေလေသည်။ ကျန်းယွင်ကျူးက သူ့ကို မှတ်မိနေသည်။
“ ဒီအသားက ရောင်းဖို့လား” ဒုစစ်သူကြီးကျောက်၏ နွားသိုးမျက်လုံးများက အသားအိုးကို စိုက်ကြည့်နေ၏။
“ရောင်းဖို့ပါ” ကျန်းယွင်ကျူးက အမှတ်တမဲ့ ပြန်ဖြေလိုက်လေသည်။
စိတ်လိုလက်ရ ရယ်မောသံနှစ်ချက်နှင့်အတူ ဒုစစ်သူကြီးကျောက်က တွေ့ရာခွေးခြေခုံတစ်လုံးကို ဆွဲကာ နောက်က စားပွဲတစ်ခုတွင် ထိုင်ချလိုက်လေသည်။
“ တကယ် မွှေးနေတာပဲ၊ သူဌေး မင်းမှာရှိတာ အကုန်ချပေး”
သူ့နောက်က လိုက်လာသည့် စစ်သားနှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်လေသည်။
အမျိုးသမီးချန်က ထိုလူသုံးယောက်ကို စိုးရိမ်စိတ်ဖြင့် ကြည့်နေလေသည်။ သူတို့က ဘယ်သူတွေလဲ။ ပြီးတော့ ခေါင်းဆောင်လုပ်တဲ့လူက အရမ်းကြောက်ဖို့ကောင်းတာပဲ။
ကျန်းယွင်ကျူးက အသားကို မြန်မြန်ဆယ်ထုတ်လိုက်ပြီး အတုံးလေးများဖြစ်အောင် တုံးလိုက်ကာ အဖြူရောင်ပန်ကိတ်ထဲ အစာသွပ်လိုက်ပြီး၊ ပျစ်နှစ်နေသည့်စွပ်ပြုတ်ကို လောင်းထည့်ကာ သူတို့စားပွဲဆီ ယူသွားပေးလိုက်လေသည်။
သည်အချိန်တွင် အမျိုးသမီးချန်က သတိပြန်ဝင်လာတော့သည်။ သူမက နောက်ဆုံးကျန်သည့် ဟူလထန်းနှစ်ပွဲကို လောင်းထည့်လိုက်ပြီး ဒုစစ်သူကြီးကျောက်ဆီသို့ ဂရုတစိုက် ယူသွားလိုက်သည်။ သူမက မဝံ့မရဲ ပြောလိုက်၏။
“ စွပ်ပြုတ်က နှစ်ပန်းကန်ပဲကျန်တော့တယ်၊ သုံးယောက်စာ လောက်မှာမဟုတ်ဘူးထင်တယ်”
“ ကျွန်တော် သိုးသားစွပ်တစ်ပွဲ သွားဝယ်လိုက်မယ်၊ ကျွန်တော့်အကြိုက်ဆုံးလေ”
စစ်သားနှစ်ယောက်ထဲက တစ်ယောက်က ထရပ်လိုက်ပြီး မျက်နှာချင်းဆိုင်က ဆိုင်တွင် သိုးသားစွပ်တစ်ပွဲ ဝယ်ပြန်လာခဲ့လေသည်။
ဒုစစ်သူကြီးကျိုးက သူ့ကို ဂရုမစိုက်နေဘဲ အသားပန်ကိတ်ကို ကောက်ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်လေသည်။
သူ့ပါးစပ်အပြည့် ကိုက်စားလိုက်ရာ အသားပန်ကိတ်တစ်ဝက်နီးပါးက ပျောက်သွားတော့သည်။
စွပ်ပြုတ်ကာ အရည်ပျစ်ပြီး အိစက်နေ၏။ နုပ်နုပ်စဉ်းထားသည့်အသားကလည်း နူးညံ့ကာ အရသာရှိလှသည်။ သည်ပန်ကိတ်ဖြူနှင့် ပြီးပြည့်စုံအောင် လိုက်ဖက်လှပေသည်။
နောက်ထပ် နှစ်ကိုက်လောက် စားပြီးသွားသည့်နောက် အသားပန်ကိတ်သည် သူ့ဗိုက်ထဲသို့ တန်းတန်းမတ်မတ် ရောက်သွားတော့သည်။
နောက်တစ်ခုကို ကောက်ကိုင်လိုက်ပြီး တစ်ကိုက်နှစ်ကိုက်ဝါးလိုက်ကာ တစ်ဖန် အားရပါးရ စားလိုက်ပြန်သည်။
သုံးခုဆက်တိုက် စားလိုက်ပြီးနောက်တွင် စွပ်ပြုတ်တစ်ပွဲ ကျန်နေသေးသည်ကို သတိရသွားလေသည်။ သူက စွပ်ပြုတ်ကို ပါးစပ်အပြည့် မော့ချလိုက်လေသည်။
ရုတ်တရက်ဆိုသလို သူ့မျက်လုံးများသည် လင်းလက်သွားတော့သည်. ဒီစွပ်ပြုတ်က ခံတွင်းအရသာ ပွင့်သွားတာပဲဟ။
ပါးစပ်အပြည့် စွပ်ပြုတ်တစ်ပွဲ၊ ပါးစပ်အပြည့် အသားပန်ကိတ်တစ်ခု။ သူသည် ရေသောက်သလို စားလိုက်တော့သည်။
အသားပန်ကိတ် ၆ခုထဲက ၅ခုသည် သူ့ဗိုက်ထဲ ရောက်သွားတော့သည်။ ထိုစွပ်ပြုတ်တစ်ပွဲကိုလည်း ပြောင်ရှင်းနေအောင် သောက်လိုက်လေသည်။
သူ့ဘေးက သိုးသားစွပ်ပြုတ်ပန်းကန်ကိုင်ထားသည့် စစ်သားမှာ သူ့လက်ထဲစွပ်ပြုတ်သည် အနံ့မရတော့သလို ရုတ်တရက် ခံစားလိုက်ရလေတော့သည်။
…
အပိုင်း (၁၁)
“အရသာရှိလိုက်တာ”
ဝအောင်မစားလိုက်ရတာ နှမြောစရာပဲ။ ဒုစစ်သူကြီးကျောက်က နှမြောသလို ရေရွတ်ရင်း ဗလာဖြစ်နေသည့် မြေအိုးကို ကြည့်လိုက်လေသည်။
သူ့ဘေးက စစ်သားကလည်း မျက်နှာမှိုင်းနေလေသည်။ အရာရှိကျောက်က မဝ,သေးဘူးတဲ့လေ။ သူ့မှာတော့ မြည်းတောင် မမြည်းကြည့်လိုက်ရဘူး။ အနံ့လေးပဲ ရှူလိုက်ရတယ်။
“ ဧည့်သည်တို့ အရသာရှိတယ်လို့ ထင်ရင် ကျွန်မ မနက်ဖြန် ရှင်တို့အတွက် ပိုလုပ်လာပေးမယ်လေ”
ကျန်းယွင်ကျူးက ပြောလိုက်၏။
ဒုစစ်သူကြီးက ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး
“ ဒါဆို ကျုပ်မနက်ဖြန် လာခဲ့မယ်”
သည်လို သတ်မှတ်လိုက်သည်။ မျက်နှာရှည်နှင့်စစ်သားက အစားအသောက်အတွက် ငွေချေလိုက်ပြီး သုံးယောက်သား ထွက်သွားတော့သည်။
အမျိုးသမီးချန်မှာ ငွေများကို မြင်လိုက်ရချိန်တွင် အလွန်ပျော်ရွှင်သွားတော့သည်။ သူမက ကျန်းယွင်ကျူးကို တီးတိုးပြောလိုက်၏။
“ သူ ဒီအစားအသောက်တွေအတွက် ၄၀ တောင် ပေးသွားတယ်”
သူမ၏လေသံက တသသ ဖြစ်နေလေသည်။ သူမသည် ဒုစစ်သူကြီးကျောက်က အများကြီး စားသောက်သွား၍လား သို့မဟုတ် သူတို့သည် ငွေ ၄၀ ရှာနိုင်ခဲ့၍လားတော့ မပြောတတ်ပေ။
“ အစားအသောက် ရောင်းတဲ့သူတွေအနေနဲ့ကတော့ ကျွန်မတို့တွေ အစားကြီးတဲ့သူတွေကို စိုးရိမ်ပေးသင့်တယ်မလား” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ ငွေလျန် ၄၀ ဆိုတာ အမျိုးသမီးချန်ရဲ့ မျက်လုံးထဲမှာတော့ အရမ်းများတယ်ဆိုပေမဲ့ လူချမ်းသာတွေရဲ့ မျက်လုံးထဲမှာတော့ မဆိုစလောက်ပဲလေ။ (မှတ်ချက် : ၁ လျန် - ၁၀၀ ဝမ်)
အဲဒီဒုစစ်သူကြီးကျောက်က ကြည့်လိုက်တာနဲ့ ရာထူးမြင့်တဲ့သူမှန်း သိသာတယ်။ ဒီလောက်ငွေအများကြီး သုံးတာကတော့ ဘာမှတောင် မဟုတ်သေးဘူး။
အမျိုးသမီးချန်က စဥ်းစားကြည့်လိုက်ပြီး သဘောတူလိုက်လေသည်။
“ဒါဆို မနက်ဖြန်ကျရင် အသားနှပ်ပိုလုပ်ကြမလား”
သူမက မျှော်လင့်တကြီးမေးလိုက်လေသည်။
“ အင်း” ကျန်းယွင်ကျူးက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
အားလုံးက ပစ္စည်းများကို ဆက်လက် သိမ်းဆည်းလိုက်ကြသည်။ အမျိုးသမီးချန်က စားပွဲပေါ်က ပန်းကန်တစ်လုံးကို ကောက်သိမ်းလိုက်ပြီး မျက်နှာချင်းဆိုင်သို့ ထွက်လာခဲ့သည်။ ထိုပန်းကန်လုံးက သိုးသားစွပ်ပြုတ် ရောင်းသည့်ဆိုင်မှ ဖြစ်လေသည်။ ခုနက စစ်သား ဝယ်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ပြန်သွားပေးရမည်။
သိုးသားစွပ်ပြုတ်ရောင်းသူများသည် သက်လတ်ပိုင်းအရွယ် စုံတွဲတစ်တွဲဖြစ်သည်။ မိန်းမ၏ မျိုးရိုးနာမည်မှာ ဆွန်းဖြစ်ပြီး စွပ်ပြုတ်လုပ်ရာတွင် အလွန်တော်လေသည်။
“ ရှင်တို့ဆိုင်က အရမ်းရောင်းကောင်းတယ်နော်” အမျိုးသမီးဆွန်းက ပန်းကန်လုံးကို လှမ်းယူလိုက်ပြီး အပေါ်ယံအပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ ကျန်းယွင်ကျူး ဆိုင်စဖွင့်ကတည်းက သူမ၏စီးပွားရေးသည် အများကြီး ကျသွားခဲ့သည်။ အထူးသဖြင့် သည်နေ့ပင်။ ဒုစစ်သူကြီးတို့ သုံးယောက်သည် ပုံမှန်ဆိုလျှင် သူမထံသို့လာကာ သိုးသားစွပ်ပြုတ် လာသောက်တတ်ကြပြီး ဧည့်သည်ကြီးများဖြစ်လသေည်။ အခုတော့ သည်နေ့တွင် ကျန်းယွင်ကျူးက သူတို့ကို လုယူသွားခဲ့သည်။ သူမသည် ဒေါသမထွက်ဘဲ အဘယ်မှာရှိပါမည်နည်း။
“ကြိုးကြိုးစားစား ရှာနေရတာပါပဲရှင်” အမျိုးသမီးချန်က ခပ်ရေးရေး ပြန်ဖြေလိုက်၏။
အမျိုးသမီးဆွန်းမှာ အလွန်မရှုစိမ့်နိုင် ဖြစ်နေတော့သည်။ သူက ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ။ ငွေတွေအများကြီး ရှာခဲ့တာ သိသာနေတဲ့ဟာကို။ သူမသည် အံကြိတ်ကာ သာမန်ကာ လျှံကာဖြင့် မေးလိုက်လေသည်။
“ ရှင့် သမီးကို ကြည့်စမ်းပါအုံး ချောလှပြီး အရည်အချင်း ရှိတယ်နော်၊ စေ့စပ်ထားပြီးပြီလား”
“မလုပ်ရသေးပါဘူး”
အမျိုးသမီးဆွန်းက ချက်ချင်း သဘောပေါက်သွားပြီး
“ ဒါနဲ့များရှင် ဘယ်လိုဖြစ်ပြီး ရှင်က သူ့ကို တစ်နေ့လုံး မျက်နှာထွက်ပြခိုင်းနေတာလဲ၊
မိန်းကလေးတွေအတွက် အရေးအကြီးဆုံးက ဂုဏ်သိက္ခာပဲလေ။ သူမရဲ့လက်ရှိ လုပ်ကိုင်နေပုံနဲ့ဆို နောက်ပိုင်း သူ့ကို ဘယ်သူက လက်ထပ်ရဲမှာလဲ။
ဒီလိုနဲ့ ရှင် သူ့ကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား၊ သူက အခုနားမလည်သေးလို့နော်၊ နောက်ပိုင်းကျရင် သူ့ကျန်တဲ့ဘဝအတွက် ရှင့်ကို အပြစ်တင်လိမ့်မယ်ရှင့်”
အမျိုးသမီးချန်၏မျက်နှာသည် သူမပြောလိုက်သည့်စကားကြောင့် ဖြူဆုတ်သွားတော့သည်။ ဖြစ်နိုင်လျှင်တော့ ကျန်းယွင်ကျူးသည် အိမ်တွင်အပူအပင်မရှိ စားနိုင်သောက်နိုင်ပြီး ခင်ပွန်းကောင်းတစ်ယောက်နှင့် လက်ထပ်စေချင်သည်ကိုတော့ သူမ အမှန်ပင် မျှော်လင့်မိပေသည်။ အမျိုးသမီးဆွန်း၏ စကားများက သူမ၏အားနည်းချက်ကို သွားထိလေတော့သည်။
“ အမျိုးသမီးလေရှင်၊ သူတို့တွေက ခင်ပွန်းနဲ့ ကလေးတွေကိုပဲ အားကိုးရမှာပေါ့၊ ရှင် ဘယ်လောက်ပဲ ရှာနိုင်ပါစေ....”
“ အဲလိုဆိုရင်လည်း အဒေါ်ဆွန်းက ဘာဖြစ်လို့ ဒီနေရာမှာ စွပ်ပြုတ်လာရောင်းနေတာလဲ”
ကျန်းယွင်ကျူးသည် ခုနက သူမ၏လျှာအရိုးမရှိတိုင်း ပြောနေသည့် စကားကို ကြားလိုက်ရပြီး စိတ်ဆိုးသွားတော့သည်။ ထို့ကြောင့် သူမက ချက်ချင်း ပြန်လိုက်လေသည်။
“ ငါက နင်နဲ့ ဘယ်သူပါ့မလဲ၊ ငါက လက်ထပ်ပြီးသားလေ”
အမျိုးသမီးဆွန်းသည် အငယ်ဖြစ်သည့် ကျန်းယွင်ကျူးက သူမကို ဖြတ်ပြောလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူသည် ချက်ချင်း ဒေါသထွက်သွားတော့သည်။
“ ဘယ်လိုမတူတာလဲ၊ အဒေါ်ပြောတဲ့အတိုင်းသာဆိုရင် အဒေါ့်မှာ ယောက်ျားနဲ့ ကလေးတွေရှိတယ်လေ၊ အဒေါ်က အိမ်မှာပဲ ယောက်ျားနဲ့ ကလေးကို စောင့်ရှောက်သင့်တာပေါ့” ကျန်းယွင်ကျူးက ပြန်ခံပြောလိုက်သည်။
အမျိုးသမီးဆွန်း၏မျက်နှာထားမှာ အကျည်းတန်ရုပ်ဆိုးသွားတော့သည်။ သူမလည်း အိမ်မှာ ဘဝကို ပျော်ပျော်ကြီး နေချင်တာပေါ့။ ဒါပေမဲ့ မိသားစုက ငွေမှမရှိပဲလေ။
“ ကြည့်ရတာ ယောက်ျားနဲ့ ကလေးတွေက ထင်သလောက် အားမကိုးရဘူးထင်တယ်နော်၊ ငွေက ပိုပြီး အားကိုးရတာကိုး၊ ဒီလိုဆိုတော့ အိမ်မှာပဲ နေပြီး ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်ဖို့ အိပ်မက် မက်နေမဲ့အစား ကျွန်မက ဘာလို့ ငွေအရင်မရှာရမှာလဲ။
ဘယ်တစ်ခုက ပိုပြီးလက်တွေ့ကျလဲရှင်၊ အဒေါ်က ဒီလောက်ဉာဏ်ကောင်းတဲ့သူပဲ ၊ အဒေါ် သိမှာပေါ့ ဟုတ်တယ်မလား။
ဒါမှမဟုတ် အဒေါ်က ဒီစကားကို တမင်ပြောခဲ့တာပေါ့၊ တခြားသူတွေ ပိုအဆင်ပြေသွားမှာကို မကြည့်ရက်နိုင်လို့လေ” ကျန်းယွင်ကျူးက ပြန်သရော်ပေးလိုက်လေသည်။
အမျိုးသမီးဆွန်း၏ အတွင်းစိတ်မှာ ပေါ်သွားတော့သည်။ သူမ၏မျက်နှာသည် နီရဲသွား၏။ သူမက မခံရက်နိုင်ဖြစ်သွားကာ
“ တမင်ဟုတ်လား၊ ငါ ဒီစကားကို နင်ကောင်းဖို့အတွက် ပြောခဲ့တာပါဟဲ့၊ ဒါပေမဲ့ နင်ကတော့ ငါ့ကို ပြန်ကိုက်နေတယ်၊ တကယ်တည်း ခွေးက လုတုန်ပင်းကို ကိုက်နေတာနဲ့တူနေပြီ၊ စေတနာကို စေတနာမှန်း မသိဘူး”
ကျန်းယွင်ကျူးက မျက်နှာမဲ့ပြလိုက်လေသည်။ ‘ နင်ကောင်းဖို့အတွက်’ဆိုတဲ့ စကားက ဒီလောကမှာ ကြောင်သူတော်အဖြစ်ဆုံး စကားပဲလေ။ နင်ကောင်းဖို့ အတွက်သာ ငါနင့်ကို ငွေထွက်မရှာခိုင်းတာပေါ့လေ။ ငါ ဒီလိုလုပ်ရတာ နင်ကောင်းဖို့အတွက်ပါဆိုတာတွေ.... အားလုံးက အပေါ်ယံတွေပဲ။ အားလုံးက သူတို့ကိုယ်တိုင်အတွက် ပြောနေကြတာပဲလေ။
“အဒေါ်က ကျွန်မအတွက် အကောင်းဆုံးဖြစ်စေချင်တယ်ဆိုရင် ဒီစကားတွေကို ကျွန်မအမေ စိတ်မကောင်းဖြစ်အောင် မပြောသင့်ပါဘူး၊ အဲဒီအစား ပိုပြီး လက်တွေ့ကျကျ ဖြစ်သင့်တာပေါ့၊ ဥပမာပေါ့ရှင် တစ်ယောက်ယောက်က ကျွန်မကို သိက္ခာချနေရင် အဒေါ်ကျွန်မအတွက် ရှင်းပြပေးတာမျိုးပေါ့၊ တစ်ယောက်ယောက်များ....”
ကျန်းယွင်ကျူးသည် စကားတစ်ခွန်း နှစ်ခွန်းသာ ပြောခဲ့သော်လည်း အမျိုးသမီးဆွန်းကတော့ သူမမျက်နှာကို တံတွေးဖြင့် ထွေးပစ်ချင်နေလေသည်။ အိပ်မက်မက်နေလိုက်။
“ ဟော ကြည့်စမ်း”
ကျန်းယွင်ကျူးက သည်အဖြစ်ကို မျှော်လင့်ထားပြီးသားပင်။ သူမသည် အမျိုးသမီးချန်ဘက် လှည့်လိုက်ပြီး
“ အမေလည်း တွေ့တယ်နော်၊ ဒါက ကျွန်မကောင်းဖို့အတွက် လုံးဝမဟုတ်ဘူး၊ သူက ကျွန်မတို့ကို ဒီအတိုင်း ဖိနှိပ်ထားပြီး ကျွန်မတို့ကို စိတ်ပျက်သွားအောင် လုပ်နေတာ၊ နောက်ဆို တစ်ယောက်ယောက်က အမေ့ကို အဲလိုပြောလာရင် နားထောင်မနေနဲ့”
အမျိုးသမီးချန်သည် သဘောပေါက်သွားပြီး အမျိုးသမီးဆွန်း၏ မျက်နှာကို ချက်ချင်း ကုတ်ခြစ်ပစ်လိုက်လေသည်။ ဒေါသထွက်ထွက်ဖြင့် သူမက ရေရွတ်လိုက်တော့သည်။
“ နောက်ပိုင်းကျရင် တကယ်လို့များ တစ်ယောက်ယောက်က ကျွန်မသမီး မကောင်းကြောင်းပြောခဲ့ရင် ကျွန်မက ရှင့်လို အသိတရားခေါင်းပါးပြီး မကောင်းတဲ့စိတ်ထားရှိတဲ့သူကို အရင်လာရှာရလိမ့်မယ်”
သူမ၏ကုတ်ခြစ်ရာက အပေါ်ယံတင်မဟုတ်ချေ။ အမျိုးသမီးဆွန်း၏မျက်နှာပေါ်တွင် သွေးများ စီးကျလာတော့သည်။
“ရှင်....”
အမျိုးသမီးဆွန်းသည် နူးညံ့သိမ်မွေ့သည့်ရုပ်ရည်နှင့် အမျိုးသမီးချန်က သည်လို တိုက်ခိုက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
အမျိုးသမီးချန်က အံတင်းတင်းကြိတ်ကာ သူ့ကို စိုက်ကြည့်နေလေသည်။ သူမသည် ဒေါသများအားလုံးကို ပုံချလိုက်တော့မည့်နှယ်။ သူမမှာ သမီးတစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီလေ။ ဒီသမီးအတွက် သူမ ဘာမဆိုလုပ်နိုင်တယ်။
အမျိုးသမီးချန်သည် သူမ၏ဆိုင်လေးဆီ ပြန်သွားလိုက်ပြီး လှည်းကိုတွန်းကာ ကျန်းယွင်ကျူးတို့ အဖွဲ့နှင့်အတူ အိမ်ပြန်သွားတော့သည်။
သူတို့ အဝေးကြီးရောက်သွားပြီးချိန်မှ အမျိုးသမီးဆွန်းသည် သတိပြန်ဝင်လာပြီး ကျိန်ဆဲလေတော့သည်။
“ လက်ထပ်ချင်သေးသတဲ့လား၊ စောင့်နေလိုက်လေ၊ အိမ်မှာပဲ အိုပြီး အပျိုကြီးဖြစ်တဲ့အထိ”
အမျိုးသမီးချန်သည် ထိုစကားကို မကြားလိုက်ရပေ။ သူမသာ ကြားခဲ့လျှင် ပြန်လှည့်လာပြီး သူမနှင့် ရန်ဖြစ်တော့မည်။
ကျန်းယွင်ကျူးကတော့ ထိုစကားကို ကြားလိုက်သော်လည်း ဂရုစိုက်မနေချေ။ သူမမှာ ငွေရှိနေသ၍ လက်ထပ်ရတာ လက်ထပ်ရတာက အရေးမကြီးဘူးလေ။
“ ယွင်ကျူး ချင်ရှန့်ကို သမီးဘယ်လိုမြင်လဲ”
အပြန်လမ်းတွင် အမျိုးသမီးချန်က ကျန်းယွင်ကျူးကို မေးလိုက်၏။ အမှန်တွင်တော့ သည်ကိစ္စကို သူမ၏စိတ်ထဲတွင် သိမ်းထားခဲ့ခြင်းပင်။ သည်နေ့မှ ကျန်းယွင်ကျူးကို မေးရန် အခွင့်အရေး ရတော့သည်။
“အမေ အမေက တခြားသူတွေလိုချင်တာကို ဖြည့်ဆည်းပေးဖို့ သမီးကို ဒီလောက်အမြန်ကြီး လက်ထပ်ပေးချင်နေပြီ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်လေသည်။
ခဏလောက် စဥ်းစားလိုက်ပြီးနောက် အမျိုးသမီးချန်သည် သည်ကိစ္စကို လတ်တလော ထုတ်မပြောတော့ဖို့ ဆုံးဖြတ်လိုက်လေသည်။ အခုက မိသားစုက ဆင်းရဲပြီး သူတို့တွေလည်း ကျန်းယွင်ကျူးအတွက် ဘာလက်ဖွဲ့မှ မပြင်ဆင်ပေးနိုင်သေးဘူးလေ။ သူမ ဒီလိုလက်ထပ်လိုက်ရင် ဆင်းရဲတဲ့အတိုင်းပဲ နေရလိမ့်မယ်။ သူတို့မိသားစု ငွေရှိလာတဲ့အချိန်ကျရင်တော့ အားလုံးက ပြောင်းလဲသွားလိမ့်မယ်။
ကျန်းယွင်ကျူး ပြောတာဟုတ်တယ်။ အခုအချိန်မှာ ငွေရှာဖို့က အရေးအကြီးဆုံးပဲ။ သူမက တွေးလိုက်လေသည်။
အမျိုးသမီးချန်သည် ပိုပြီး တက်ကြွလာတော့သည်။ အမျိုးသမီးဆွန်းသာ ထိုအကြောင်းသိခဲ့လျှင် ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်လိမ့်ပေမည်။
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက အသားများကို ပိုနှပ်ထားလိုက်သည်။
မနက် ၇နာရီမထိုးခင် ဒုစစ်သူကြီးကျောက်က စစ်သားနှစ်ယောက်နှင့် အလောတကြီး ရောက်လာလေသည်။
“ အရသာရှိတဲ့ သိုးသားစွပ်ပြုတ်လေးနော်” သူ့ကို အဝေးက မြင်လိုက်ရသည်တွင် အမျိုးသမီးဆွန်းက အသံကျယ်ကျယ်ဖြင့် အော်လိုက်လေသည်။
ဒုစစ်သူကြီးကျောက်က ကျန်းယွင်ကျူးရှေ့က မြေအိုးကြီးကို ကြည့်နေလေသည်။ သူသည် မနေ့ညကတည်းက သည်အသားအိုးအကြောင်း စဥ်းစားနေခဲ့မိလေသည်။
ထိုစကားကို ကြားလိုက်ရပြီးနောက် ဒုစစ်သူကြီးကျောက်က ရပ်လိုက်ပြီး သူမဘက်ကို ကြည့်လိုက်လေသည်။
အမျိုးသမီးဆွန်းက ကျန်းယွင်ကျူးနှင့် အမျိုးသမီးချန်တို့ကို အောင်နိုင်သူပမာ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် သူမက စွပ်ပြုတ်အိုးထဲက သိုးလျှာတစ်ခုကို ခပ်လိုက်ပြီး ဒုစစ်သူကြီးကျောက်ကို ပြလိုက်လေသည်။
အမျိုးသမီးဆွန်း၏ဆိုင်သည် သိုးသားစွပ်ပြုတ်တစ်ခုတည်းသာ ရောင်းသည်မဟုတ်ဘဲ သိုးကလီစာစွပ်ပြုတ်လည်း ရောင်းလေသည်။ ဒုစစ်သူကြီးကျောက်က သိုးလျှာ စားရတာ ကြိုက်တယ်လေ။ နေ့တိုင်း သူမဆိုင်ကို လာစေချင်လို့ဆိုရင် နေ့တိုင်း သူ့အတွက် သိုးလျှာကို ပြင်ပေးခဲ့တာတော့ မဟုတ်ဘူးပေါ့။ တစ်ခါတလေမှပါ။ သူ့ကို မျှားခေါ်ဖို့လေ။
မနေ့က အမျိုးသမီးဆွန်းသည် ကျန်းယွင်ကျူးနှင့် အမျိုးသမီးချန်တို့နှင့် မျက်နှာချင်းဆိုင် ရန်ဖြစ်ခဲ့သည်။ သူမသည် သည်နေ့ ဒုစစ်သူကြီးကျောက် သူမဆိုင်သို့ လာအောင်လုပ်မည်ဟု ဆုံးဖြတ်ခဲ့လေသည်။ ထို့ကြောင့် သူမသည် သည့်အတွက် သိုးလျှာကို အထူးပြင်ဆင်လာခဲ့တော့သည်။
အမျိုးသမီးချန်က သူမ၏အကြည့်ကို တွေ့လိုက်ရချိန်တွင် သူမသည် ဒေါသထွက်သွားသလို စိုးရိမ်သွားတော့သည်။ ဒီနေ့ သူတို့တွေ အသားတစ်ပိဿာ တမင်ပိုနှပ်ခဲ့တာလေ။ တကယ်လို့များ ဒုစစ်သူကြီးကျောက်က လာမစားဘူးဆိုရင် ရှုံးတော့မှာပဲ။ ပြီးတော့ ဒါက တော်တော် စိတ်ရှုပ်ဖို့ ကောင်းတယ်။
ကျန်းယွင်ကျူးကတော့ စိုးရိမ်မနေချေ။ မနေ့က အိမ်ပြန်ရောက်လာချိန်တွင် ဒုစစ်သူကြီးကျောက်အကြောင်းကို ကျန်းချိန်ထံမှ စုံစမ်းထားခဲ့သည်။ မိုင်းတွင်း အစောင့်များထဲတွင် ကျောက် မျိုးရိုးအမည်ရှိသည့် ဒုဗိုလ်တစ်ယောက်သာ ရှိလေသည်။ သူသည် မိုင်းတွင်း၏ အတွင်း အပြင် ကင်းစောင့်ရသည့်တာဝန် ယူထားသည်။ သည်လူသည် ပွင့်လင်းသည့် အကျင့်စရိုက်တစ်ခုရှိပြီး မိုင်းလုပ်သားများအပေါ် ဘယ်တော့မှ ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံပေ။ ထို့ကြောင့် လူတော်တော်များများက သူ့ကို သိကြသည်။
သည်လိုလူတစ်ယောက်သည် မနေ့က သူထားခဲ့သည့်ကတိကို တည်လိမ့်မည်ဟု ကျန်းယွင်ကျူးက တွေးမိလေသည်။
…
အပိုင်း (၁၂)
သေချာပါသည်။ ဒုစစ်သူကြီးကျောက်က ခဏလောက်ရပ်လိုက်ပြီးနောက် ကျန်းယွင်ကျူး၏ ဆိုင်ဘက်သို့ လျှောက်သွားလိုက်သည်။
အမျိုးသမီးချန်၏မျက်ခုံးများသည် ပျော်ရွှင်မှုများ လင်းဖြာနေတော့သည်။ သည်အချိန်တွင် သူမသည် ဒုစစ်သူကြီးကျောက်၏ ကြောက်စရာကောင်းသည့်အသွင်ပြင်ကို လုံးဝမကြောက်တော့ဘဲ ချက်ချင်း ရှေ့သို့ ထွက်သွားလိုက်၏။ သူမက အားတက်သရော မေးလိုက်တော့သည်။
“ ထိုင်ပါရှင်၊ ကျွန်မ ရှင်တို့အတွက် စွပ်ပြုတ်ယူလာပေးပါ့မယ်၊ ဘယ်နှစ်ပွဲလောက် ချပေးရမလဲ”
“ သုံးပွဲ”
မနေ့က ဟူလထန်း မသောက်လိုက်ရသည့် စစ်သားက ချက်ချင်း ပြန်ဖြေလိုက်၏။ သူသည် သည်နေ့တော့ စွပ်ပြုတ်ကို အရသာခံရတော့မည်။
အမျိုးသမီးချန်သည် အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်သုံးပွဲကို မြန်မြန်ယူလာပေးလိုက်သည်။
သည်ဖက်တွင် ကျန်းယွင်ကျူးက အသားပန်ကိတ်များကို လုပ်လိုက်ပြီး သူတို့ရှေ့ ချပေးလိုက်လေသည်။
ဒုစစ်သူကြီးကျောက်သည် သည်နေ့ စောစောရောက်လာခဲ့သည်။ စွပ်ပြုတ်နှင့်ပန်ကိတ်တို့သည် မနေ့ကထက် ပိုပူနေပြီး သူတို့ကို အရသာပိုရှိအောင် လုပ်ပေးနေလေသည်။
တစ်လုတ်စာအပြည့် စွပ်ပြုတ်တစ်ဇွန်းက ပူလောင်ကာ ချဥ်ဖြုန်းဖြုန်းနှင့် လူကို လန်းဆန်းသွားစေတော့သည်။ ထို့နောက် အသားပန်ကိတ် ပါးစပ်တစ်လုတ်စာအပြည့်က ကြွတ်ရွကာ နူးညံ့နေသည်။ သူတို့သည် သည်နေ့ရောက်လာသည်မှာ အချည်းနှီးမဖြစ်ဟု ခံစားလိုက်ရတော့သည်။
စစ်သားနှစ်ယောက်ကလည်း မနားတမ်း စားသောက်နေ၏။
ဒုစစ်သူကြီးကျောက်က သည်နေ့တွင် တစ်ယောက်ထဲ အသားပန်ကိတ် ရှစ်ခုနှင့် စွပ်ပြုတ် ၂ပွဲ စားခဲ့သည်။ စစ်သားနှစ်ယောက်က အသားပန်ကိတ် လေးခုနှင့် စွပ်ပြုတ်တစ်ပွဲစီ စားလိုက်ကြသည်။ ကျန်းယွင်ကျူးသည် သက်ပြင်းချမိလေသည်။ ထင်ထားတဲ့အတိုင်းပဲ။ သူတို့တွေက တကယ့်အကြီးစား စားသောက်တဲ့သူတွေပဲ။
ကျသင့်ငွေတွက်ချက်ချိန်တွင် သူတို့သုံးယောက်သည် ၁၀၄ ဝမ်ဖိုး စားသောက်ခဲ့ကြသည်။ အမျိုးသမီးချန်က ဝမ် ၁၀၀ လောက်တင် အဆင်ပြေပါသည်ဟု ဆိုလေသည်။
သည်တစ်ကြိမ်တွင်လည်း ငွေချေသူမှာ မျက်နှာရှည်ရှည်နှင့် စစ်သားဖြစ်လေသည်။
သူတို့ထွက်သွားပြီးနောက်တွင် အမျိုးသမီးချန်၏မျက်ခုံးနှင့် မျက်လုံးတို့သည် ကွေးနေပြီး ငွေအထပ်လိုက်ကို ကိုင်ထားလေသည်။ ဒါက မနေ့က ဝင်ငွေရဲ့ တစ်ဝက်လောက်တန်တယ်လေ။ သူတို့လို စားသုံးသူများ ထပ်လာရင် သူတို့တွေကရော ဘာလို့ငွေမရှာနိုင်ရမှာလဲ။
ကျန်းယွင်ကျူးလည်း အလွန်ပျော်နေလေသည်။ အံ့ဩစရာကောင်းလိုက်တာ။
သူတို့သည် ဝမ်းသာနေကြစဥ် တခြားဘက်တွင်တော့ အမျိုးသမီးဆွန်း၏နှာခေါင်းမှာ ကွေးကောက်တော့ မတတ်ပင်။ အဲဒီ ဝမ် ၁၀၀ကို ရှာနိုင်မဲ့သူက သူမဖြစ်ရမှာလေ။
အမျိုးသမီးချန်သည် သူမ၏မနာလိုမှုကို ခံစားမိနေသော်လည်း သူမကို လျစ်လျူရှုထားလိုက်၏။ သူမက ဒုစစ်သူကြီးကျောက်လို ချမ်းသာခြင်းနတ်ဘုရားကို ဆွဲထားဖို့ရာ မနက်ဖြန် အသားဘယ်လောက်နှပ်ရမည့် အကြောင်းကိုသာ စဥ်းစားနေလိုက်သည်။
သည်အခိုက်တွင် ကျန်းယွင်ရှို့က သူမသည် သည်နေ့ ပန်းကန်မဆေးရရေးကို စဥ်းစားရင် သူမ၏ဦးနှောက်ကို အလုပ်ပေးနေလေသည်။
သူမသည် အေးစက်စက် တွင်းရေေနှင့် တောင်လိုပုံနေသည့် ညစ်ပတ်သည့်ပန်းကန်လုံးများအကြောင်း တွေးမိလိုက်ချိန်တွင် တစ်ကိုယ်လုံး ချမ်းစိမ့်သလိုဖြစ်သွားပြီး အန်ချင်လာတော့သည်။
အမျိုးသမီးကျိုးထံမှ နေမကောင်းခွင့် ယူမည်ဟု စဥ်စားလိုက်ပြီး သူမက သည်အချိန်အထိ မထဘဲ နေလိုက်လေသည်။
အမျိုးသမီးကျိုး လာမှပဲ သူမက....
ဝုန်း ဟူသည့်မြည်သံတစ်ခုနှင့်အတူ တံခါးသည် ကန်ဖွင့်ခံလိုက်ရတော့သည်။
“ အခုချိန်ထိတောင် နင်က မထသေးဘူးလား၊ မီးဖိုထဲက ပန်းကန်လုံးတွေက တောင်လို ပုံနေပြီ၊ ဘာလဲ၊ သခင်တွေက နင့်ကို လာခစားဖို့ စောင့်နေတာလား၊ နင့်ကိုယ်နင်များ ဘွားအေကြီးလို့ ထင်နေတာလား”
အမျိုးသမီးကျောက်သည် လက်ထဲတွင် ကြိမ်တံတစ်ခုကို ကိုင်ထားလေသည်။ သူမ၏မျက်နှာသည် အစောကြီးကတည်း နွမ်းနယ်နေပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
“ နင့်မှာ ဘယ်လိုကံပါလာတယ်ဆိုတာ အရင်ကြည့်ပါအုံးလား၊ အောက်တန်းစားတစ်ယောက်ရဲ့ ကံလေ၊ အခုထိ အလုပ်သွားဖို့ မထသေးဘူးလား၊ ဒီနေ့ ထမင်းစားရဖို့ မစဥ်းစားနဲ့”
ဒါဆိုလည်း နေလေ။ မစားဘူးပေါ့။ အရသာရှိတဲ့ အစားအသောက်လည်း မဟုတ်ဘဲနဲ့။ ကျန်းယွင်ရှို့သည် ဒေါပွနေသော်လည်း ထုတ်မပြောရဲချေ။ သူမသည် အမျိုးသမီးကျိုး၏လက်ထဲက ကြိမ်တံ၏အစွမ်းကို တွေ့ကြုံဖူးလေသည်။ သံပူခတ်ထားသလို သူမ၏ခန္ဓာကိုယ်ကို ပူလောင်ကာ နာကျင်အောင် လုပ်နိုင်လေသည်.။
“ ခေါင်းဆောင်ကျိုး ကျွန်မ...”
သူမက အားနည်းချင်ဟန်ဆောင်ကာ နေမကောင်းဖြစ်နေကြောင်း ပြောဖို့ ကြိုးစားလိုက်တော့သည်။
“ နင်က ဘယ်သူ့အတွက် ဟန်ဆောင်ပြနေတာလဲ၊ အထိန်းအကွပ် မရှိတဲ့ဟာမ၊ နင် လူရွေးမှားသွားပြီ”
အမျိုးသမီးကျိုးသည် ပိုပိုပြီး ဒေါသထွက်လာတော့သည်။ ယောက်ျားတွေကို မြှူဆွယ်တတ်တဲ့ ဒီလိုကလက်တက်တက်မိန်းကလေးတွေကြောင့်ပေါ့။ ယောကျ်ားတွေက သစ္စာဖောက်ချင်နေတာ။ ကြည့်နေစမ်းပါ။ ဒီနေ့ ဒီအရှက်မရှိတဲ့မျက်နှာကို သူမ ဘယ်လိုပါးချမလဲဆိုတာ။
သူမသည် ထိုသို့တွေးလိုက်ရင်း လက်ထဲက ကြိမ်တံနှင့် ကျန်းယွင်ရှို့ကို ရိုက်လေတော့သည်။
ကြိမ်တံက သူမ၏ခန္ဓာကိုယ်ကို လာရိုက်မိပြီး ပြင်းစွာသောနာကျင်မှုက ပေါက်ထွက်လာလေသည်။
ကျန်းယွင်ရှို့တွင် နေမကောင်းဖြစ်ချင်သည့် စိတ်ပင် မရှိတော့ပေ။ သူမက ချက်ချင်း ထထိုင်လိုက်၏။ သူမသည် ရှောင်ရှားရင်း တောင်းပန်နေတော့သည်။
“ ခေါင်းဆောင်ကျိုး ကျွန်မကို မရိုက်ပါနဲ့တော့၊ ကျွန်မ အခုချက်ချင်း ပန်းကန်သွားဆေးပါ့မယ်”
“မြန်မြန်သွားစမ်း”
ကျန်းယွင်ရှို့သည် ဘာမှ ထပ်မပြောရဲတော့ဘဲ ပန်ကန်းများကို ဆေးကြောရန် စားဖိုဆောင် နောက်ကျောသို့ ထွက်သွားတော့သည်။
ထိုနေရာတွင် ထျန်ယင်းနှင့် မျက်နှာဝိုင်းဝိုင်းနှင့် ရှောင်သုန်း တို့က ပန်းကန်များကို ဆေးကြောနေကြသည်။
သုံးယောက်လုံးသည် ပန်းကန်အတူတူ ဆေးကြရသော်လည်း ကျန်းယွင်ရှိုမှာ ကျန်နှစ်ယောက်ထက် ပိုပြီး ဒုက္ခရောက်ခဲ့လေသည်။ သူမသည် နေမကောင်းချင် ဟန်ဆောင်ခဲ့ပြီး မနက်စာ မစားရခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။ အခုတော့ သူမသည် ဗိုက်ဆာနေလေသည်။ ထို့အပြင် သူမ၏ပခုံးပေါ်က ရိုက်နှက်ခံထားရသည့်နေရာက ဆိုးဆိုးရွားရွား နာကျင်နေသည်။
သည်နေ့တွင် အန်းဖင်နယ်စားအိမ်တော်၏ ကောင်းကင်မှာ အလွန်မှ ပြာလွင်နေဆဲဖြစ်ပြီး ပတ်ဝန်းကျင်တွင် ပန်းများ အပြည့်ပွင့်လန်းနေလေသည်။ သို့သော်ငြား ကျန်းယွင်ရှို့ကတော့ ထိုအရာများကို ကြည်နူးဖို့ရာ စိတ်မပါတော့ချေ။
သူမ၏ကံကြမ္မာက လွဲချော်သွားပြီလား ဟူ၍သာ တွေးတောနေမိသည်။ ကျန်းယွင်ကျူးကလည်း အန်းဖင်နယ်စားအိမ်တော်ကို ရောက်စ,တုန်းက နေ့တိုင်း ပန်းကန်တွေ ဆေးခဲ့ရတာလား။ ဒါမှမဟုတ် သူမကပဲ ကံဆိုးပြီး စားဖိုဆောင်မှာ တာဝန်ချခံလိုက်ရတာလား။
နည်းနည်းတော့ နောင်တရမိသား။ သူမရဲ့အိပ်မက်ထဲမှာ ကျန်းယွင်ကျူး ဘယ်လိုများ နယ်စားအိမ်တော်ရဲ့ သခင်မ ဖြစ်လာလဲဆိုတာကို မေးခဲ့လိုက်သင့်တာ။
သို့သော် မကြာခင်မှာပင် သူမသည် သည်အတွေးကို လက်လျှော့လိုက်တော့သည်။ ကျန်းယွင်ကျူး လုပ်နိုင်တာကို သူမလည်း လုပ်နိုင်ရမှာပေါ့။ အိပ်မက်ထဲမှာ သူမ လင်ထင်အန်းကို မြှူဆွယ်ဖို့ ကြိုးစားခဲ့သေးတယ်။ အဲဒီတုန်းက သူမရဲ့ရုပ်ရည်က မွဲခြောက်နေပြီလေ။ ဒါပေါ့ သူမ သူ့စိတ်ကို ဘယ်ရနိုင်ခဲ့ပါ့မလဲ။ အခုတော့ သူမက ကျန်းယွင်ကျူးထက်တောင် နည်းနည်းပိုလှသေးတယ်။ သူမ သူ့ကို တွေးနိုင်သရွေ့....
“ ငါ ရေအိမ်သွားလိုက်အုံးမယ်”
ထျန်ယင်းက အချိန်တစ်ခုကြာသွားပြီးနောက် ရုတ်တရက် ပြောလိုက်ကာ ထရပ်လိုက်လေသည်။
ရှောင်သုန်းက ဘာမှ မပြောဘဲ ပန်းကန်ဆက်ဆေးနေလိုက်သည်။ ကျန်းယွင်ရှို့ကတော့ မော့ကြည့်လိုက်ပြီး သူမ၏အကြည့်က ထိုပုံရိပ်နောက် ပါသွားလေသည်။ ထိုပုံရိပ်သည် ထောင့်ဆီတွင် ပျောက်သွားသည်နှင့် တစ်ပြိုင်နက် အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက စားဖိုဆောင်မှ ထွက်လာလေသည်။ သူက ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး ပျင်းရိငြီးငွေ့နေသယောင် လေပူနှစ်ချက် မှုတ်ထုတ်လိုက်လေသည်။ ထို့နောက် သူသည် ထျန်ယင်း ပျောက်သွားသည့် နေရာဆီသို့ လျှောက်သွားလိုက်တော့သည်။
ထိုလူမှာ ကောင်းရွှင့်ပင်။ ယခုမူ မနက်စာစားချိန် ပြီးသွားပြီဖြစ်ရာ အမျိုးသမီးကျိုးက မီးဖိုထဲတွင် လူများကို သန့်ရှင်းရေး လုပ်ခိုင်းနေလေသည်။ ထို့ကြောင့် သူက အားလပ်နေ၏။
ကျန်းယွင်ရှို့၏ မျက်လုံးများသည် ဝင်းလက်သွားတော့သည်။ ထျန်ယင်းနှင့် ကောင်းရွှင့်ကြားတွင် တစ်ခုခု ရှိလိမ့်မည်ဟု သံသယဖြစ်သွားလေသည်။
ဒါက သူနဲ့ လုံးဝမဆိုင်ပါဘူးလေ။ ဒါပေမဲ့ .... အခုလောလောဆယ် သူမ ကိစ္စတစ်ခုကိုတော့ နားလည်ချင်မိတယ်။ စားဖိုဆောင် နောက်ဖေးမှာပဲ ပန်းကန်ဆေးနေရုံနဲ့ သူမဘဝမှာ နယ်စားမိသားစုရဲ့ အကြီးဆုံးသား လင်ထင်အန်းကို ဘယ်တော့မှ တွေ့ရလိမ့်မှာမဟုတ်ဘူး။
သူမ ဒီလိုပုံစံမျိုးတော့ မလိုချင်ပါဘူး။ သူမက နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဖြစ်ချင်တာလေ။
ဒါဆိုရင်တော့ သူမမှာ ရွေးစရာနှစ်ခုရှိတယ်။ တစ်ခုက အမျိုးသမီးကျိုးကို မျက်နှာချိုသွေးရမယ်။ သူမက စားဖိုဆောင်ရဲ့ အကြီးအကဲကိုး။ အမျိုးသမီးကျိုးကသာ သူမကို သဘောကျရင် စားဖိုဆောင်ထဲက ထွက်ပြီး အိမ်တော်ထဲက တခြားခြံဝင်းတွေဆီ သွားဖို့ အခွင့်အရေးရလာပြီး လင်ထင်အန်းကို တွေ့ရလိမ့်မယ်။
ဒုတိယတစ်ခုက ကောင်းရွှင့်ကို မျက်နှာချိုသွေးဖို့ပဲ။ သူက အန်းဖင်နယ်စား သဘောအကျဆုံးသူပဲ။ သူကသာ ကူညီပေးမယ်ဆိုရင် သူက သူမကို ယီရွှယ်ခန်းမဆီ ချက်ချင်း ပြောင်းပေးနိုင်လောက်တယ်။
ယီရွှယ်ခန်းမသည် လင်ထင်အန်း နေသည့်အဆောင် ဖြစ်လေသည်။
ကျန်းယွင်ရှို့မှာ တစ်ခုမှ မရွေးချင် ဖြစ်နေတော့သည်။ ဒါပေမဲ့ သူမက တစ်ခုကို ရွေးရမယ်ဆိုရင်တော့ ပထမတစ်ခုကို ရွေးမှာပဲ။ အဲဒီကောင်းရွှင့်က အမွှေးအတောင်စုံတဲ့ နှာဘူးကြီး။ သူနဲ့ ပတ်သက်မိရင် အသားယူခံရနိုင်တယ်။ နောက်ဆိုရင် သူမက နယ်စားအိမ်တော်ရဲ့ သခင်မငယ်လေး ဘယ်လိုဖြစ်နိုင်တော့မှာလဲ။
ပြီးတော့ တစ်စုံတစ်ယောက်က ကောင်းရွှင့်နဲ့ ငြိနေပြီးပြီလေ။ သူမ သွားရင်လည်း ဘာအကျိုးမှ ရှိလာမှာမဟုတ်ဘူး။
နောက်ဖေးမှာ တစ်ရက် နှစ်ရက် ပန်းကန်တွေပြီးတဲ့နောက်ပိုင်း အမျိုးသမီးကျိုးက သူမနဲ့ ထျန်ယင်းကို ဘာလို့ မကြိုက်လဲဆိုတာ တဖြည်းဖြည်း သိလာခဲ့တယ်။ သူမက သူတို့တွေက ကောင်းရွှင့်ကို မြူဆွယ်မှာ ကြောက်နေတာကိုး။ အမျိုးသမီးကျိုးကို မျက်ချိုသွေးဖို့ဆိုရင် သူမက သစ္စာရှိပါတယ်ဆိုတာကို အရင်ဆုံး သက်သေပြရမယ်။
“ ငါလည်း ရေအိမ်သွားလိုက်အုံးမယ်”
ထိုသို့တွေးလိုက်ပြီး ကျန်းယွင်ရှို့က ပြောလိုက်၏။
ထောင့်ဖက်သို့ ချိုးလိုက်ကာ ဘယ်ဘက်စင်္ကြံပေါ်က လျှောက်လာလျှင် ရေအိမ်ကို တွေ့ရလေသည်။ သို့သော် ကျန်းယွင်ရှို့က ညာဘက်သို့ ချိုးလိုက်လေသည်။
ညာဖက်တွင် ဥယျာဥ်ငယ်လေးတစ်ခု ရှိသည်။ သည်လိုအချိန်ဆိုလျှင် သည်နေရာတွင် အလွန်မှ တိတ်ဆိတ်လေးသည်။
ကျန်းယွင်ရှို့၏ မျက်လုံးများသည် အလွန်လျင်လေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ပန်းသီးရိုင်းပင်နောက်က အဝတ်အစားမှာ ထျန်ယင်း၏ အဝတ်အစားမှန်း တွေ့လိုက်ရသည်။
သူမက ခြေဖျားထောက်ကာ ကြည့်လိုက်၏။
သည်အခိုက်တွင် ကောင်းရွှင့်သည် အပြုံးများ အပြည့်နှင့် ထျန်ယင်းကို ဆွဲတော့မည့်ဟန် ပြင်နေလေသည်။
ထျန်ယင်းက ခေါင်းခါပြလိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။
“ကျွန်မကို မထိနဲ့နော်၊ ခဏနေ ခေါင်းဆောင်ကျိုး တွေ့သွားရင် သူ ကျွန်မကို အစိမ်းလိုက်စားပစ်လိမ့်မယ်”
“ အဲဒီ ကိုယ့်ဟာကိုယ် ဟုတ်လှပြီထင်နေတဲ့ အဘွားကြီး၊ သူ လုပ်ရဲလုပ်ကြည့်ပါလား၊ ငါ သူ့ကို ကွာရှင်းပစ်မယ်”
ကောင်းရွှင့်က ချက်ချင်း အားနှင့်မာန်နှင့် အော်ပြောလိုက်လေသည်။
“ ရှင်က သူ့ကို ကျွန်မအတွက် တကယ်ပဲ ကွာရှင်းမှာလား” ထျန်ယင်းက မေးလိုက်၏။
“ဒါပေါ့ကွ၊ ငါဖြင့် သူ့ကို မကြိုက်တော့တာ ကြာလှပြီ”
ကောင်းရွှင့်က ပြောရင်းဆိုရင် ထျန်ရင်းကို ဖက်လိုက်လေသည်။
သို့သော် ထျန်ယင်းက သူ့ကို တွန်းထုတ်လိုက်ပြီး ဝမ်းနည်းသလိုနှင့် ပြောလိုက်သည်။
“ လူလိမ်၊ ကျွန်မ ဘာမှ မတောင်းဆိုပါဘူးနော်၊ ရှင် ကျွန်မကို တကယ်ချစ်ရင် ကျွန်မရဲ့အလုပ်ကို ပြောင်းပေးလို့ ရတာပဲ၊ ကျွန်မရဲ့လက်တွေကိုလည်း ကြည့်ပါအုံး”
သူမက လက်များကို ဆန့်ထုတ်လိုက်ပြီး ကောင်းရွှင့်ကို ပြလိုက်လေသည်။
ကောင်းရွှမ်းက စိတ်မကောင်းစွာဖြင့် သူမ၏လက်ကို ချက်ချင်း ကိုင်လိုက်ပြီး
“ ငါ နည်းလမ်းရှာဖို့ ကြိုးစားနေပါတယ်၊ အဲဒီဘဝင်မြင့်နေတဲ့အဘွားကြီးက နင့်ကို အနီးကပ် စောင့်ကြည့်နေတာ နင်လည်းသိပါတယ်”
“ဒါဆိုလည်း ရှင် မြန်မြန်စဥ်းစားလေ၊ ကျွန်မ ရှင့်ကို ပြောလိုက်မယ်၊ တကယ်လို့ ရှင် ကျွန်မရဲ့အလုပ်ကို တစ်ရက်လေးတောင် မပြောင်းပေးနိုင်ရင် ကျွန်မကို ထိဖို့ မကြိုးစားနဲ့”
ကောင်းရွှင့်မှာ အနည်းငယ် စိတ်ပျက်သွားတော့သည်။ သူက ထျန်ယင်းနဲ့ ဒီအတိုင်း ကစားချင်တာလေ။ ထင်တောင်မထားဘူး။ သူမကိုယ်သူမ အဖိုးတန်ရတနာလေးကို ထင်နေတာပဲ။
သူ့အမူအရာကို မြင်လိုက်ရသည်တွင် ထျန်ယင်းလည်း သဘောပေါက်သွားတော့သည်။ သူမက သူမ၏ လက်ဖျားလေးများဖြင့် သူ့ရင်ဘတ်ကို မွှေလိုက်တော့သည်။
ကျီစယ်ခံလိုက်ရသဖြင့် အာရုံပြောင်းသွားသည့် ကောင်းရွှင့်က သူ့ရင်ဘတ်ကို ချက်ချင်းပုတ်လိုက်ကာ သူမကို ကူညီပေးမည်ဟု ကတိပေးလိုက်တော့သည်။
သည်ဖက်တွင် ခိုးနားထောင်နေသူ ကျန်းယွင်ရှို့သည် စိတ်လည်းပျက်မိသလို ကျေးဇူးလည်း တင်နေတော့သည်။ ထျန်ယင်းက သူမ၏လမ်းကြောင်းအတွက် ကောင်းရွှင့်အား တောင်းဆိုနေသည်ကို စိတ်ပျက်မိသည်။ သူမ ထွက်သွားတာနဲ့ အမျိုးသမီးကျိုးက သူမကို ထပ်ပြီး နှိပ်စက်လို့ရတော့မှာ မဟုတ်ဘူးမလား။ တော်ပါသေးရဲ့။ သူမ စောစောစီးစီး သိလိုက်ရလို့။ ဒီအကြောင်းကို အမျိုးသမီးကျိုးဆီ ပြောပြလိုက်လို့ကတော့...