← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အပိုင်း (၁၃)

သည်ဘက်တွင် ကျန်းယွင်ကျူးနှင့် အမျိုးသမီးချန်တို့သည် ဆိုင်ကို သန့်ရှင်းရေးလုပ်ပြီး အိမ်ပြန်လာကြ၏။

မနက် ၉နာရီတွင် သူတို့သည် နေ့လယ်အတွက် ပစ္စည်းများဝယ်ရန် မြို့သို့ တက်ခဲ့ကြသည်။

“ ဒီနေ့ အသားက တကယ်ကောင်းတာနော်”

အမျိုးသမီးချန်က ဝက်ဗိုက်သားတစ်ပိုင်းကို ကြည့်ကာ ကျေနပ်စွာ မှတ်ချက် ပေးလိုက်လေသည်။ သူမသည် သည်အပိုင်းက မနက်ဖြန် ဒုစစ်သူကြီးကျောက်နှင့် တခြားသူများအတွက် လုံလောက်လိမ့်မည်ဟု ထင်လိုက်မိသည်။

သို့သော် ကျန်းယွင်ကျူးက အသားဆိုင်ထဲက တခြားအသားတုံးကို ငေးကြည့်ရင်း သူမ၏စိတ်ထဲတွင် အဖန်ဖန်စဥ်းစားနေလေသည်။

“ သူဌေး ဒါက အမဲသားလား” သူမက မေးလိုက်၏။

“ အေး ဘာလို့လဲ၊ မင်းလိုချင်လို့လား”

အစပိုင်းတွင် အသားဆိုင်ပိုင်ရှင်က အံ့ဩသွားလေသည်။ ထို့နောက် သူက ဝမ်းသာအားရဖြင့် မေးလိုက်၏။

ရှမင်းဆက်သည် မွေးမြူရေးကို အရေးတယူ ချုပ်ကိုင်ထားပြီး လူများအား ကျွဲနွားများကို သီးခြားသ-တ်ခွင့် မပေးထားချေ။ ထို့ကြောင့် စျေးကွက်ထဲက အမဲသားအများစုမှာ ကျွဲနွားအိုများ၏ အသားများ ဖြစ်လေသည်။ ဝက်သားထက် ၂ဆလောက်စျေးကြီးသည်က ပြောရန်ပင်မလိုချေ။ ချက်ပြုတ်ရန်လည်း ခက်ခဲလေသည်။ ထို့ကြောင့် စားသောက်ဆိုင်များကလွဲလျှင် သာမန်လူများက တော်ရုံနှင့်မဝယ်ကြပေ။

ကျန်းယွင်ကျူးက တစ်ပိုင်းလောက် ဝယ်ချင်သဖြင့် စျေးမေးလိုက်လေသည်။

အသားဆိုင်ပိုင်ရှင်က အလွန်သင့်တင့်သည့်စျေးတစ်ခု ပေးလိုက်သည်။

ကျန်းယွင်ကျူးက ၂ပိဿာခန့် ဝယ်ရန် ချက်ချင်းဆုံးဖြတ်လိုက်လေသည်။

အမျိုးသမီးချန်သည် ဘေးမှ ကြည့်နေလေသည်။ သူမသည် ကျန်းယွင်ကျူး ဘာလုပ်နေသည်ကို မသိသော်လည်း အခုတော့ သူမကို ယုံထားဖို့သာ ရွေးချယ်လိုက်သည်။

“ဒါဆိုရင် ဒီဝက်သားကရော” သူမက မေးလိုက်၏။

“ ၂ ပိဿာလောက် ဝယ်မလား” ကျန်းယွင်ကျူးက ပြောလိုက်၏။

“ ၂ပိဿာက လောက်ပါ့မလား”

အမျိုးသမီးချန်မှာ အံ့ဩသွားလေသည်။ ဒုစစ်သူကြီးကျောက်တို့ သုံးယောက်က ဒီမနက်တုန်း အသား တစ်ပိဿာလောက် စားသွားတာလေ။ တခြားလူတွေလည်း နည်းနည်းပါးပါးတော့ စားချင်မှာပေါ့။ မနေ့တုန်းက အရေအတွက်ကိုကြည့်ရင် သူတို့တွေ သုံးပိဿာလောက် ဝယ်သင့်တာ။ ဘယ်လိုဖြစ်ပြီး ၂ပိဿာဖြစ်သွားတာလဲ။

“ မနက်ဖြန် အသားပန်ကိတ် မရောင်းတော့ဘူး” ကျန်းယွင်ကျူးက ဖြေလိုက်၏။

“ အရင်က အသားပန်ကိတ်ရောင်းခဲ့တာက အသားနှပ်အနံ့နဲ့ ဧည့်သည်တွေကို ဆွဲဆောင်ပြီး စွပ်ပြုတ် ပိုရောင်းကောင်းချင်လို့လေ၊ သမီးတို့နေရာက လူချမ်းသာတွေ နည်းနည်းပါးပါးပဲ ရှိတာ၊ အသားပန်ကိတ်ရောင်းဖို့ မသင့်တော်ဘူး၊ အမေလည်း တွေ့တာပဲ ဒီနေ့မနက်ဆိုရင် လူသုံးယောက်က လွဲရင် ဒီရက်ပိုင်း အသားပန်ကိတ်ဝယ်တဲ့သူက နည်းနည်းပဲရှိတယ်၊

အခု သမီးတို့မှ ဧည်သည်တွေ ပိုများလာပြီဆိုတော့ အသားနှပ်လုပ်စရာမလိုတော့ဘူး”

“ ဒါဆို မနက်တုန်းက ဧည့်သည်သုံးယောက်ကရော...”

အမျိုးသမီးချန်သည် စိတ်ပူသွားတော့သည်။ သူမသည် ထိုဧည့်သည်သုံးယောက်ကို လက်မလွှတ်ချင်ပေ။

“ သူတို့တွေ ဒီမနက် အသားပန်ကိတ်တွေအများကြီး စားခဲ့တာဆိုတော့ မနက်ဖြန်ကျရင်ကော စားချင်ပါအုံးမလား” ကျန်းယွင်ကျူးက မေးလိုက်၏။

အမျိုးသမီးချန်သည် ငိုင်သွားတော့သည်။ ဟုတ်တာပဲ။ ဘယ်လောက်ပဲ အရသာရှိရှိလေ လူတစ်ယောက်နေ့တိုင်းတော့ ဘယ်စားနိုင်ပါ့မလဲ။

“ ဒါဆို အမေတို့ ဘာလုပ်ကြမလဲ” သူမက အလောတကြီး မေးလိုက်လေသည်။

ကျန်းယွင်ကျူးက လက်ထဲက အမဲသားကို ခါပြလိုက်ပြီး

“ မနက်ဖြန် ဒါလုပ်မယ်လေ”

သူမ၏ယုံကြည်ချက်ရှိသည့် အသွင်ပြင်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးချန်မှာ အနည်းငယ် စိတ်အေးသွားတော့သည်။ မကြာလိုက်ပေ အတွေးတစ်ခု ဝင်လာလေသည်။ နေပါအုံး။ သူတို့တွေ မနက်ဖြန် အသားပန်ကိတ် မလုပ်တော့ဘူးဆိုပြီး ဘာလို့ အသားဝယ်နေသေးတာလဲ။

“အမေ သမီးတို့မိသားစုတွေလည်း အသားစားရမဲ့ အချိန်တန်ပြီလေ”

ကျန်းယွင်ကျူးက အမျိုးသမီးချန်၏လက်ကို ကိုင်လိုက်ပြီး အားတက်သရော ပြောလိုက်လေသည်။

သူတို့သည် သည်ရက်ပိုင်းတွင် နေ့တိုင်းအသားနှပ် ၊ အရိုးပြုတ်ခဲ့ကြသော်လည်း မိသားစုဝင်ထဲက ဘယ်သူမှ တစ်ကိုက်ပင် မစားခဲ့ရပေ။ ကျန်းဝူနှင့် တခြားသူများသည် သိတတ်ပြီး ပြဿနာ မရှာကြသော်လည်း နေ့တိုင်း ကျန်းယွင်ကျူးကို တက်ကြွသည့်မျက်လုံးဝိုင်းလေးများနှင့် ကြည့်နေတတ်လေသည်။ ကျန်းယွင်ကျူးမှာ ထပ်ပြီး သည်းမခံနိုင်တော့ပေ။

ထို့အပြင် သူမသည်လည်း အသားစားချင်နေမိသည်။

အမှန်ပင်။ အမျိုးသမီးချန်သည်လည်း သူမ၏မိသားစုကို အသားစားနိုင်စေချင်လေသည်။ ကလေးများ၏ မျှော်လင့်တကြီး မျက်လုံးများကို တွေ့ရချိန်တိုင်း သူမ၏နှလုံးသားက အက်စစ်ရေဖြင့် လောင်းခံရသလို ခံစားရလေသည်။ သို့သော် အသားသည် ရောင်းရန်ပစ္စည်းဖြစ်လေသည်။ ထို့ကြောင့် သူမက စိတ်ကို တင်းထားကာ မမြင်သလိုသာ နေရတော့သည်။

ကျန်းယွင်ကျူးက ဒီနေ့ ထုတ်ပြောလိုက်သဖြင့် သူမသည် ဆုံးဖြတ်ချက် ချလိုက်တော့သည်။

“ ဟုတ်ပြီ အသားနှပ်စားကြမယ်”

ခဏအကြာတွင် သူမသည် ကိုယ့်ကိုယ်ကို ဖျောင်းဖျလိုက်ပြီး ထပ်ပြောလိုက်လေသည်။

“ အမေတို့တွေ ဒီနေ့ ငွေအများကြီးရှာ ထားတာဆိုတော့ စားဖို့တော့ လောက်ပါတယ်”

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ သူမသည် အမျိုးသမီးချန်က သူတို့ကို ချစ်မှန်း သိလေသ်။

သည်အခိုက်တွင် အမျိုးသမီးချန်က ပြောလိုက်လေသည်။

“ အမေတို့တွေ သူကြီး ၊ အဖေကြီးရွှီနဲ့ အဒေါ်ဖုန်းတို့လည်း ဖိတ်ရအောင်၊ အမေတို့မိသားစု ဒီမှာ အန္တရာယ်ကင်းကင်းနေနိုင်တာ သူတို့ရဲ့အကူအညီတွေကြောင့်ပဲလေ”

သူ့မိသားစုအတွက် အိမ်ထောင်စုစာရင်း သွင်းရန် သူကြီးက လက်ဖက်ခြောက်တစ်ထုပ် ကိုယ်တိုင် ထောက်ပံ့ပေးခဲ့သည်။ အမျိုးသမီးဖုန်းက စျေးသက်သက်သာသာဖြင့် သူတို့ကို လိုလိုလားလား အိမ်ငှားပေးသည်။ ပြီးခဲ့သည့်အခေါက် သူမက စွပ်ပြုတ်သွားပို့စဥ်ကလည်း အကောင်းစားမန်ထိုများကို ပေးခဲ့သေးသည်။ ဖို့အပြင် အဖေကြီးရွှီနှင့် ရွှီချင်ရှန့်တို့သည် သူတို့ကို ခရီးတစ်လျှောက်လုံး ကူညီပေးခဲ့သည်။ သူတို့သည် ချန်ရှီရွာသို့ ရောက်လာတော့လည်း သူသည် ရွာသူကြီးထံတွင် သူတို့အတွက် စကားကောင်းပြောပေးခဲ့သေးသည်။ ထိုကြောင့်ပင် သူတို့သည် ချောချောမောမော အခြေချနိုင်ခဲ့လေသည်။

ကိစ္စတစ်ခုစီတိုင်းကို အမျိုးသမီးချန်သည် စိတ်ထဲတွင် မှတ်ထားလေသည်။

“ အမေတို့တွေ အိမ်သစ်ပြောင်းလာတာဆိုတော့ အားလုံးကို ဖိတ်ပြီး တစ်နပ်လောက်ကျွေးပြီး စည်စည်ကားကားလေး ဖြစ်အောင်လုပ်သင့်တာပေါ့” သူမက ပြောလိုက်၏။

ကျန်းယွင်ကျူးကလည်း မငြင်းပေ။

“ ဟုတ်ပြီ ဒါဆို ကုန်ခြောက်တွေ ထပ်ဝယ်ကြရအောင်” အမျိုးသမီးချန်သည် သည်တစ်ကြိမ်တွင်တော့ ငွေကို ဂရုမစိုက်တော့ချေ။

ပစ္စည်းအပြည့်ဖြင့် အိမ်ပြန်လာကြပြီးနောက် မိသားစုတစ်ခုလုံးက နောက်နေ့ရောင်းရန် အစားအသောက်အပြင် ညစာကိုပါ ပြင်ဆင်လိုက်ကြလေသည်။

သူတို့မိသားစု သည်နေရာတွင် လူများများ မသိပေ။ ထို့ပြင် ဒါက ငှားထားသည့်အိမ်ဖြစ်လေသည်။ အမျိုးသမီးချန်က ကြီးကြီးကျယ်ကျယ် မလုပ်လိုပေ။ သည်အခွင့်အရေးကို အသုံးချကာ အားယူခြင်းသာ ဖြစ်လေသည်။

ခဏအနားယူလိုက်ပြီးနောက် သူမက သူကြီးအိမ်နှင့် အမျိုးသမီးဖုန်းအိမ်ကို သွားကာ ဖိတ်ကြားလိုက်သည်။

ကုယုံသယ်နှင့် အဖေကြီးရွှီတို့က မငြင်းပေ။ သူတို့သည် ညနေခင်းမှ လာခဲ့မည်ဟုသာ ပြောလိုက်လေသည်။

အမျိုးသမီးဖုန်းအိမ်တွင်တော့ အမျိုးသမီးချန်က အထပ်ထပ် အခါခါ မှာကြားလိုက်ရသည်။

“ အားလုံး ဒီည လာပေးကြပါနော်၊ ရှင်တို့တွေ မလာရင် ကျွန်မ ရှင်တို့ကို လာခေါ်မယ်”

အမျိုးသမီးဖုန်းတွင် သားနှစ်ယောက်ရှိ၏။ နှစ်ယောက်လုံးက မိသားစုကိုယ်စီရှိကြသည်။ သူတို့မိသားစု လူခြောက်ယောက်ရှိလေသည်။

အမျိုးသမီးဖုန်းက သဘောတူလိုက်၏။

အမျိုးသမီးချန် ထွက်သွားပြီးနောက်တွင် သူမက ချွေးမနှစ်ယောက်ကို မျက်စပစ်ပြလိုက်ပြီး

“ နင်တို့တွေ ဘယ်လိုထင်လဲ”

ထိုစဥ်က အမျိုးသမီးချန်နှင့် မိသားစုသည် သနားစရာကောင်းသည်ဟု ခံစားမိပြီး သူတို့ကို စျေးနည်းနည်းဖြင့် အိမ်ငှားပေးလိုက်ခြင်းပင်။ သူမ၏ချွေးမနှစ်ယောက်က ထုတ်မပြောကြသော်လည်း သူတို့သည် အခွင့်အရေးဆုံးရှုံးရသည်ဟု ခံစားခဲ့ရသည်။

အခုကျတော့ကော။

ကျန်းမိသားစုက သဘောကောင်းပြီး နှိမ့်ချတတ်ပုံပေါ်ပါတယ်။ အားလုံးမှာ ခက်ခဲတဲ့အချိန်ဆိုတာ ရှိတာပဲလေ။ သူတို့တွေ ကူညီနိုင်မယ်ဆိုရင် ကူညီလိုက်တာ ပိုကောင်းတာပေါ့။

ချွေးမနှစ်ယောက်မှာ ရှက်မိလေေသည်။

“ ဒါဆို ကျွန်မတို့ မိသားစုတစ်ခုလုံး တကယ်သွားကြမှာလား”

ဒုတိယချွေးမက မေးလိုက်၏။ လူအများကြီးသွားရတာ ရှက်စရာကောင်းတယ်။

“ သွားတာပေါ့၊ သူတို့တွေက ငါတို့မိသားစုကို စိတ်ရင်းနဲ့ ဖိတ်နေတာ မြင်နေတာပဲလေ၊ ငါတို့မိသားစု ကြက်နှစ်ကောင်လည်း ယူသွားမယ်” အမျိုးသမီးချန်က ပြန်ဖြေလိုက်လေသည်။

ကြက်နှစ်ကောင်က လုံးဝ စျေးမပေါတော့ဘူးလေ။ ချွေးမနှစ်ယောက်က ကိုယ်စီ တွေးလိုက်ကြလေသည်။ သို့သော် သူတို့သည် ကျန်းအိမ်သို့ ရောက်သွားပြီး အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့ ပြင်ဆင်ထားသည့် အစားအသောက်ကို မြင်လိုက်ရသောအခါ သူတို့ယူလာသည့် ကြက်က တော်တော်နည်းနေသည်ဟု ခံစားလိုက်ရတော့သည်။

ထိုအခါမှ သူတို့သည် အမျိုးသမီးဖုန်း၏ မျက်လုံးကို အမှန်တကယ်ယုံကြည်သွားကြတော့သည်။ ကျန်းမိသားစုသည် လူကောင်းများ ဖြစ်ကြပြီး သူတို့က ကျန်းမိသားစုကို လျှော့တွက်ခဲ့မိလေသည်။

ဒီမိသားစုနဲ့ ခင်မင်ရတာ တန်တာပဲ။

သည်နေ့ညတွင် အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့သည် စားပွဲနှစ်လုံးစာ စားသောက်ဖွယ်ရာများကို ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားလေသည်။

အမျိုးသမီးချန် ဝယ်လာခဲ့သည့် ပါဝင်ပစ္စည်းများထဲတွင် ကြက်နှင့် ငါးလည်း ပါလေသည်။ ကျန်းယွင်ကျူ၏ အရည်အချင်းရှိသည့် လက်ရာနှင့် ချက်ပြုတ်ပေးခဲ့ပြီးနောက် စားပွဲနှစ်လုံးစာ အစားအသောက်များက အစားကြိုက်သည့် ကုယုံသယ်ကို ဆွံ့အသွားစေတော့သည်။

ဒီကြက်သားကို ဘယ်လိုလုပ်ထားတာလဲ။ အရမ်းကို အရသာရှိလိုက်တာ။ ပြီးတော့ အဲဒီမြစိမ်းရောင် စွပ်ပြုတ်။ စွပ်ပြုတ်ထဲက မုန်လာဥဖြူက ပုံဖော်ထားတာမလား။

ကျန်းယွင်ကျူး ပြင်ဆင်ထားသည့် စားပွဲနှစ်လုံးစာ အစားအသောက်များသည် အမှန်တွင် သာမန်အဆင့်မျှသာ ဖြစ်လေသည်။ အိပ်မက်ထဲတွင် အန်းဖင်နယ်စားအိမ်က အစားအစာများကို မငြီးငွေ့နိုင်သည့် နူးညံ့မှုနှင့် ကောင်းမွန်သည့်အစားအသောက်ဟု ခေါ်လေသည်။

“ ဒါက ဘယ်သူ့လက်ရာလဲ”

ကုယုံသယ်က အံ့ဩတကြီးမေးလိုက်၏။

“ ယွင်ကျူး လက်ရာလေ၊ ကျွန်မက ကူပဲ ကူပေးရတာ” အမျိုးသမီးချန်က အပြုံးလေးတစ်ခုဖြင့် ပြန်ဖြေလေသည်။

“ ညီမလေးမှာ ဒီလောက်ကောင်းတဲ့ အရည်အချင်းတွေ ရှိနေတာပါလား၊ ဘယ်ကနေ သင်ခဲ့တာလဲဟင်”

အမျိုးသမီးဖုန်း၏ ဒုတိယချွေးမက မေးလိုက်၏။

“ ကျွန်မတို့တွေက သာမန်လူတွေပဲလေ၊ ဘာအရည်အချင်းတွေ ရှိမှာလဲ၊ ပိုလုပ်ရင်း လေ့လာရင်းပဲပေါ့ရှင်”

အမျိုးသမီးချန်၏စကားမှာ အမှန်ပင်။ ဘယ်သာမန်လူများက အပြင်ထွက်ပြီး ဟင်းချည်နည်း သင်ပါမည်နည်း။ သူတို့သည် နေ့တိုင်း ချက်ပြုတ်လာလျှင် နားလည်လာပေလိမ့်မည်။

အမှန်ပင်။ ကျန်းယွင်ကျူး၏ အချက်အပြုတ်အဆင့်ကလည်း နည်းနည်းမြန်မြန် တိုးတက်လာခဲ့လေသည်။ ထို့အပြင် ဒါသည် သူမ၏တမင် ထိန်းချုပ်ထားခဲ့ခြင်း၏ ရလဒ်သာ ဖြစ်လေသည်။

“ ဪ ဒါကလည်း အချက်အပြုတ်တစ်မျိုးပဲလေ၊ တချို့လူတွေ ချက်ပြုတ်လိုက်တယ်၊ အရသာရှိနေတယ်၊ အသီးအရွက်တွေကို ရောထားတဲ့ ပန်းကန်လုံးတစ်ခွက်ထဲနဲ့တောင် သူတို့တွေက အရသာကို ဆွဲထုတ်နိုင်တယ်၊ တချို့လူတွေကျတော့ မလုပ်နိုင်ဘူး၊ ပစ္စည်းတွေ အလကားဖြစ်တာပဲ အဖတ်တင်တယ်လေ” ကုယုံသယ်က ပြောလိုက်လေသည်။

“ ရှင်က ဘာပြောချင်တာလဲ၊ ကျွန်မက ပစ္စည်းတွေကို ဖျက်ဆီးတယ်လို့ ပြောချင်တာလား” သူ့ဇနီးက ချက်ချင်း နှာခေါင်းရှုံ့ကာ ဟာသပြောလိုက်တော့သည်။

“ ငါက အဲလို မဆိုလိုပါဘူးကွာ”

အားလုံးက ရယ်မောလိုက်ကြပြီး ထိုကိစ္စကို ကျော်သွားလိုက်ကြတော့သည်။ သို့တိုင် အားလုံးက ကျန်းမိသားစု၏မိန်းကလေးမှာ မဆိုးလှဘူးဟု ထင်မိကြလေသည်။ သူမသည် ရုပ်ရည်ချောမောပြီး အရည်အချင်းလည်း ရှိလေသည်။

“ မြန်မြန် စားကြပါ၊ မဟုတ်လို့ အေးသွားရင် အရသာမကောင်းတော့ဘူး” ကျန်းချိန်က ပြောလိုက်သည်။

“ ဟုတ်တယ် ဟုတ်တယ် မြန်မြန်စားကြပါ” အမျိုးသမီးချန်က နောက်က ထောက်ခံပေးလိုက်ပြီး နွေးနွေးထွေးထွေး တိုက်တွန်းလိုက်လေသည်။

အားလုံးက တစ်ယောက်ပြီးတစ်ယောက် ဝင်ထိုင်လိုက်ကြ၏။ တစ်ဖက်တွင် ကုယုံသယ်၊ အဘိုးချန်၊ အဖေကြီးရွှီ၊ ကျန်းချိန်နှင့် အမျိုးသမီးဖုန်း၏ သားသုံးယောက်တို့သည် ခွက်ချင်းလဲကြပြီး စိတ်ပြေလက်ပျောက် သောက်လိုက်ကြသည်။ သည်ဖက်တွင်တော့ အမျိုးသမီးဖုန်းနှင့် ကျန်လူများက ချီးကျူးရင်း စားသောက်လိုက်ကြသည်။

အားလုံးက စားလိုက်၊ သောက်လိုက်နှင့် စကားပြောလိုက်ကြလေသည်။ ဆက်ဆံရေးက ရုတ်တရက် ပိုပြီး ရင်းနှီးသွားကြတော့သည်။

ဘဝဟူသည် သည်လိုသာ ဖြစ်နေသင့်သည်။ အသက်ဝင် စည်ကားလို့နေသည်။

ညစာစားပြီးနောက်တွင် အမျိုးသမီးဖုန်း၏ ချွေးမနှစ်ယောက်က နေခဲ့ကာ သန့်ရှင်းရေးလုပ်ကူရန် ကမ်းလှမ်းကြသည်။ သူတို့သည် မိသားစုကြီးတစ်ခု ဖြစ်ပြီး သည်လိုအရသာရှိသည့် အစားအသောက်ကို စားခဲ့ရသည့်အတွက် အားနာစိတ်ဖြစ်နေကြသည်။

ထို့အပြင် အခုလေးတင် အမျိုးသမီးချန်နှင့် စကားပြောခဲ့ကြပြီးနောက် သူတို့အားလုံးက သူမကို လူကောင်းတစ်ယောက်မှန်း ခံစားမိလိုက်ကြပြီး သူမကို ကူညီပေးချင်စိတ်ဖြစ်သွားတော့သည်။

“ ရှင်တို့တွေက ဧည့်သည်တွေလေ၊ ဘယ်လိုလုပ်ပြီး ဒါတွေလုပ်လို့ဖြစ်မှာလဲ”

အမျိုးသမီးချန်က ကတိုက်ကရိုက် ပြန်ပြောလိုက်၏။

“ သူတို့ကို ပေးကူလိုက်ပါ၊ မဟုတ်ရင် ကျွန်မတို့လည်း စိတ်အေးရမှာမဟုတ်ဘူး၊ ရှင်တို့တွေ မနက်ဖြန် ဆိုင်လည်းဖွင့်ရအုံးမယ်၊ ဒီတော့ အရေးကြီးကိစ္စကို မနှောင့်နှေးပါစေနဲ့လေ” အမျိုးသမီးချန်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။

လူတွေရဲ့နှလုံးသားက အသွေးအသားနဲ့ လုပ်ထားတာလေ။ ရှင်တို့က ကျွန်မကို ကောင်းကောင်း ဆက်ဆံရင် ကျွန်မကလည်း ကောင်းကောင်းပြန်ဆက်ဆံတာ သဘာဝပါပဲ။

အမျိုးသမီးဖုန်း၏ ချွေးမနှစ်ယောက်သည် လက်သွက်ကြလေသည်။ မကြာလိုက်ပေ သူတို့သည် အားလုံးကို သန့်ရှင်းရေးလုပ်ပြီးသွားတော့သည်။

“နောက်ဆို ကိစ္စတစ်ခုခုရှိလာရင် ကျွန်မတို့ကိုသာ လှမ်းခေါ်လိုက်နော်” အမျိုးသမီးဖုန်းက ပြောပြီး ထွက်သွားတော့သည်။

သူမ၏သားနှစ်ယောက်နှင့် ချွေးမနှစ်ယောက်ကလည်း ခေါင်းညိတ်နှုတ်ဆက်လိုက်လေသည်။

အမျိုးသမီးချန်က ဝမ်းပန်းတသာ လက်ခံလိုက်၏။

အားလုံးက လူစုခွဲလိုက်ကြလေသည်။

ညပိုင်းတွင် အမျိုးသမီးချန်က သည်နေ့သုံးခဲ့သည့် ငွေကို တွက်ချက်နေလေသည်။ တွက်ချက်ပြီးသွားသည့်နောက် သူမသည် ငွေပိုရှာရန် ပိုပြီး စိတ်အားတက်လာတော့သည်။ ကျန်းယွင်ကျူး ပင်ပန်းမှာ စိုးရိမ်နေ၍သာ မဟုတ်လျှင် သူမသည် အခုချက်ချင်း ထကာ ချက်ပြုတ်ချင်လိုက်တော့သည်။

ဪ ဟုတ်သားပဲ။ အရမ်းအရေးကြီးတဲ့ဟာတစ်ခုကို သတိရပြီ။ ကျန်းယွင်ကျူးက မနက်ဖြန် ချမ်းသာခြင်းနတ်ဘုရား ဒုစစ်သူကြီးကျောက်ကို ဆွဲထားဖို့ ဘာအစီအစဥ်လုပ်ထားတယ်ဆိုတာ သူမကို မပြောပြသေးဘူး။

အမှန်တွင်တော့ ကျန်းယွင်ကျူးသည် အားလုံးကို စီစဥ်ထားပြီးဖြစ်လေတော့သည်။

…

အပိုင်း (၁၄)

ဒုတိယနေ့ မနက် ၇နာရီတွင် ဒုစစ်သူကြီးကျောက်က စစ်သားနှစ်ယောက်ကို ဦးဆောင်က အလျင်မလိုဘဲ မိုင်းတူးသည့် တောင်ပေါ်က ဆင်းလားခဲ့လေသည်။

“ ဧည့်သည်ကြီး ကျွန်မ ဒီနေ့ သိုးလျှာ လုပ်လာခဲ့တယ်၊ တစ်ပွဲလောက် လာစားပါအုံး”

အမျိုးသမီးဆွန်းက ပြုံးကာ နှုတ်ဆက်လိုက်၏။ သူမ၏အတွေးအရ ဒုစစ်သူကြီးကျောက်သည် မနေ့က သိုးလျှာ လာမစားခဲ့သဖြင့် သည်နေ့တော့ လာစားလိမ့်မည်ဟု တွေးထားလေသည်။

ဒုစစ်သူကြီးကျောက်က မျက်မှောင်ကျုံ့လိုက်၏။ သူ မနေ့မနက်က အသားပန်ကိတ်တွေ အများကြီး စားခဲ့ပြီး ညနေကျတော့လည်း သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရက်တွေ အများကြီး သောက်ခဲ့တယ်။ သူ အခုလောလောဆယ် အစားစားချင်စိတ် ဖြစ်မနေဘူး။

“ လာထိုင်ပါအုံး၊ ရှင် ကျွန်မတို့ရဲ့ သိုးသားစွပ်ပြုတ် လာမစားတာ ရက်တော်တော်ကြာသွားပြီလေ၊ ကျွန်မတို့ရဲ့ စီးပွားရေးသေးသေးလေးကလည်း လွယ်တာ မဟုတ်ဘူးရှင့်”

အမျိုးသမီးကျောက်က သူတို့သုံးယောက်ကို ဆိုင်အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။

သူမက အလွန်မှ စိတ်အားထက်သန်နေပြီး သူကလည်း တော်တော်ကြာအောင် သိုးလျှာ မစားရသည်ဖြစ်ရာ ဒုစစ်သူကြီးကျောက်က နှစ်လှမ်းခန့် လျှောက်သွားလိုက်သည်။

သည်အခိုက်မှာပင် သူ့နောက်က မျက်နှာရှည်ရှည်နှင့် စစ်သားက ရုတ်တရက် ထပြောလိုက်လေသည်။

“ ဟာ ဟိုအမျိုးသမီးလေး မိသားစုက တကယ်တော့ ဒီနေ့ ဆန်ပြုတ်လုပ်ထားတာပဲ”

အမျိုးသမီးဆွန်းသည် ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုစစ်သား၏ပါးစပ်ကို အပ်ဖြင့် ချုပ်လိုက်ချင်စိတ် ပေါက်သွားတော့သည်။

ထိုစစ်သားကလည်း အမှတ်မထင်တွေ့လိုက်ပြီး သာမန်ကာလျှံကာ ပြောပြလိုက်ခြင်းပင်။

ဒုစစ်သူကြီးကျောက်က အံ့ဩသွား၏။ ဆန်ပြုတ်တဲ့လား။ ဘာဆန်ပြုတ်လဲ။

သူက ခေါင်းကိုလှည့်လိုက်ကာ လှမ်းကြည့်လိုက်လေသည်။ ထိုမြေအိုးကြီးက သူ့မြင်ကွင်းထဲ ဝင်လာသည်။ သို့သော် သည်နေ့တွင် မြေအိုးထဲက ဟင်းရည်မှာ အသားမဟုတ်ဘဲ ဆန်ပြုတ်အိုးဖြစ်နေတော့သည်။

ဆန်ပြုတ်သည် တပွက်ပွက်ဆူနေလေသည်။ ဆန်ထဲက အဆီဓာတ်များကပင် ဆူပွက်လာနေသယောင်။ အလွန်မှ ပေါ့ပါးဟန်တူသော်လည်း ဖြူအောင်ဖွတ်ထားသည့် ဆန်တွင်သာ ရှိသည့်အနံက လေထဲတွင် ဝေ့တက်လာလေသည်။ စိတ်နှလုံးနှင့်အဆုတ်တို့ကို အလွန်လန်းဆန်းသွားစေတော့သည်။

ဒုစစ်သူကြီးကျောက် မတုံ့ပြန်ရသေးခင်မှာပင် သူ့ခြေထောက်များက ကျန်းယွင်ကျူးဆိုင်သို့ ထွက်ခွာသွားနှင့်ပြီး ဖြစ်တော့သည်။

“ ဧည့်သည်ကြီး မသွားနဲ့လေ ကျွန်မ ရှင့်အတွက် အခုပဲ သိုးလျှာ ဆယ်ပေးနေတာ ဧည့်သည်ကြီး”

ဒုစစ်သူကြီးကျောက်သည် စူးရှသည့်မျက်လုံးများဖြင့် ရပ်ကြည့်ရန်သာ တတ်နိုင်တော့သည့် အမျိုးသမီးဆွန်းထံမှ ထွက်ခွာသွားပြီး ဖြစ်တော့သည်။

ခဏကြာပြီးနောက် သူမသည် ဒေါသများကို ပုံချရင်း အိုးထဲသို့ သိုးလျှာကို ပြန်ပစ်ထည့်လိုက်လေသည်။ ဒီအလုပ်ကတော့ ဆက်လုပ်လို့ မဖြစ်တော့ပါဘူး။

အမျိုးသမီးချန်သည် ဒုစစ်သူကြီးကျောက်ကို စောင့်ကြည့်နေဆဲ။ ဒီမနက်တုန်းက ကျန်းယွင်ကျူးက ဆန်ပြုတ်ရောင်းချင်တယ်လို့ ပြောလိုက်တုန်းက သူမမှာ ရင်တောင် တုန်သွားခဲ့တယ်လေ။ ဆန်ပြုတ်က ဘာတွေအဲလောက် ကောင်းနေလို့တုံး။ ဝက်ဝက်ကွဲ ရောင်းရမှာမလို့လား။

ရလဒ်မှာတော့ ကျန်းယွင်ကျူး၏ဆန်ပြုတ်သည် အိုးထဲက ထွက်လာသည်နှင့် ဆန်ပြုတ်ဝယ်စားသူ တော်တော်များများ ရှိနေလေသည်။ ရောင်းအားက အသားပန်ကိတ်ထက် မနိမ့်သယောင်။

သို့တိုင် သူမသည် ဒုစစ်သူကြီးကျောက်က ဝယ်စားပါ့မလားဟု အလွန်စိုးရိမ်နေမိသေးသည်။ သူက အစားကြီးသည့် ဧည့်သည်တစ်ယောက်ပေကိုး။

ခုနက ဒုစစ်သူကြီးကျောက်က အမျိုးသမီးဆွန်း၏ ဆိုင်သို့ သွားတော့မည့်ဟန် ပြင်လိုက်တော့ သူမသည် စိတ်ဓာတ်ကျသွားလုနီးနီးပင်။

သည်အခိုက်မှာပင် ဒုစစ်သူကြီးကျောက်က ရောက်လာတော့သည်။ သူမ၏မျက်နှာပေါ်က အမူအရာကို မပြင်ရသေးချေ။ သူမက အနည်းငယ် ကသိကအောက်နိုင်သည့်ဟန်ဖြင့် မေးလိုက်လေသည်။

“ ဧည့်သည်ကြီး ဒီနေ့ အမဲသားအစိမ်းပြုတ် ဆန်ပြုတ်ရပါတယ်၊ စားကြည့်မလား”

“အမဲသားအစိမ်း ဆန်ပြုတ် ဟုတ်လား” ထိုစကားကိုကြားလိုက်ရသည်က သူ့ကို ဆန်ပြုတ်သောက်ချင်စိတ် ဖြစ်သွားစေတော့သည်။

“ ဟုတ်ပါတယ်၊ ဒီလိုဆန်ပြုတ်မျိုးက အစာအိမ်ကို နွေးအောင်လုပ်ပေးပြီး လူတွေကို အာဟာရ ဖြစ်စေတဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းပဲလေ”

အမျိုးသမီးချန်က ကျန်းယွင်ကျူးထံမှ လေ့လာထားလေသည်။

“ ကောင်းပြီလေ တစ်ပွဲပေးပါ” ဒုစစ်သူကြီးကျောက်က သည်အတိုင်းပြန်ဖြေလိုက်လေသည်။

‘ ကျုပ်လည်း တစ်ပွဲ “

မျက်နှာရှည်နှင့် စစ်သားက ရိုးရိုးဆန်ပြုတ်ဆိုလျှင် သူ မသောက်တော့ဘူးဟု စဥ်းစားထားလေသည်။ မျှော်လင့်မထားဘဲ အမဲသားဆန်ပြုတ်ဖြစ်နေသည်။ ထို့ကြောင့် သူလည်း စမ်းသောက်ကြည့်လိုက်သည်။

“ ကျုပ်ကိုလည်း တစ်ပွဲ” နောက်စစ်သားတစ်ယောက်က နောက်က လိုက်ပြောလိုက်၏။

“ ကောင်းပါပြီရှင်၊ အမဲသားစိမ်းဆန်ပြုတ် သုံးပွဲ”

အမျိုးသမီးချန်က ဝမ်းသာအားရဖြင့် ကျန်းယွင်ကျူးကို လှမ်းအော်ပြောလိုက်၏။

“ ဟုတ်ပြီ၊ ခဏလေးနော်၊ အခုပဲ ရမယ်”

ကျန်းယွင်ကျူးက တိုပြတ်ပြတ် ပြန်ဖြေလိုက်လေသည်။

ထို့နောက် သူမက မြေခွက်ငယ်လေး သုံးလုံးကို မြန်မြန်ထုတ်ယူလိုက်ပြီး မီးဖိုပေါ်တင်လိုက်လေသည်။ သူမသည် မြေခွက်ငယ်လေးများထဲသို့ ဆန်ပြုတ်များကို ခပ်ထည့်လိုက်၏။ ဆန်ပြုတ်များ ပွက်ပွက်ဆူလာသည်နှင့် ဆီ၊ ဆားနှင့် တခြားဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်လေသည်။ ထို့နောက် ပြင်ဆင်ထားသည့် အမဲသားကို အပေါ်က ဖြူးလိုက်ပြီး ရောမွှေလိုက်လေသည်။

ငါးမိနစ်အတွင်း အမဲသားမှာ အရောင်ပြောင်းသွားတော့သည်။ လှီးထားသည့် ကြက်သွန်မြိတ်များကို အပေါ်က ဖြူးလိုက်ပြီး အမဲသားစိမ်းဆန်ပြုတ်သုံးပွဲ အသင့်ဖြစ်သွားလေသည်။

လုပ်ငန်းစဥ်တစ်ခုလုံးက တိမ်များ လွင့်မျောကာ ရေများ စီးဆင်းနေသလို ချောမွေ့နေတော့သည်။

ဒုစစ်သူကြီးကျောက်နှင့် တခြားသူများသည် သူမက ဆန်ပြုတ်ပြင်ပေးနေသည်ကို စောင့်ကြည့်ရင်း ဆန်ပြုတ်၏ အမွှေးနံ့ကို ရှူရှိုက်မိလိုက်ကြသည်။ သူတို့သည် ဆန်ပြုတ်မှာ သေချာပေါက် အရသာရှိမည်ကို ခံစားမိလိုက်ကြတော့သည်။ ဆန်ပြုတ်ကို လာချပေးချိန်တွင် ပွက်ပွက်ဆူနေဆဲဖြစ်ပြီး ဆန်စေ့များအားလုံးကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေသည်။ အမဲသားနံ့သည် ကြက်သွန်မြိတ်နှင့် ဆန်တို့၏ ရနံ့နှင့် ရောသွားလေသည်။ သူတို့အားလုံးက သွားရည်များကို မျိုချလိုက်မိတော့သည်။

ဇွန်းတစ်ချောင်းနှင့် သူတို့သည် ဆန်ပြုတ်တစ်ဇွန်းအပြည့် ခပ်လိုက်ကြ၏။ ဆန်ပြုတ်သည် စပါးနံ့တစ်မျိုးနှင့် ပျော့ပြောင်း စေးထန်းနေလေသည်။

သူတို့သည် အမဲသားတစ်တုံးကို ဝါးလိုက်ကြသည်။ အမဲသားသည် နူးညံ့ပြီး ဖော်ပြလို့မတတ်အောင် အရသာရှိနေသည်။

ဆန်ပြုတ်က အလွန်ပူနေဖြင့် သူတို့သည် တငုံးချင်း ဖြည်းဖြည်းလေး သောက်နေကြ၏။ ဤနည်းဖြင့်သာ ဆန်ပြုတ်အရသာကို ဖြည်းဖြည်းချင်း အရသာခံနိုင်သယောင်။

ဆန်ပြုတ်သုံးပွဲ ကုန်သွားပြီးနောက်တွင် သူတို့သုံးယောက်သည် တကိုယ်လုံး နွေးသွားသလို ခံစားလိုက်ရတော့သည်။ ဟူလထန်းက တကိုယ်လုံး လွှမ်းခြုံသွားပြီး လူကို ခဏလောက် စွမ်းအင် ပြည့်လာစေသည်ဟု ဆိုလျှင် သည်အမဲသားစိမ်း ဆန်ပြုတ်က နွေဦးရာသီတစ်ခုနှင့်တူကာ လူကို အတွင်းအပြင် နေသာထိုင်သာ ရှိသွားစေတော့သည်။

“ ဒါက အစားသောက်ကောင်းပဲ၊ နောက်တစ်ခါကြရင် ထပ်စားကြည့်ရမယ်

ဒုစစ်သူကြီးကျောက်က နှုတ်ခမ်းသပ်လိုက်လေသည်။ သူသည် သူ့လောက် ကောင်းကောင်း မသောက်နိုင်သည့် လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို ပြောလိုက်လေသည်။ သူတို့သည် ထိုအခိုက်တွင် မူးဝေနေသေးပုံ ပေါ်သည်။ သူတို့တွေ ဆန်ပြုတ်နောက်တစ်ပွဲသာ ထပ်သောက်လိုက်ရင်...

မဟုတ်သေးပါဘူး။ ဘာလို့ နောက်တစ်ခေါက်အထိ စောင့်မှာလဲ။

“တောင်ပေါ်ကို ယူသွားလို့ရအောင် ကျုပ်အတွက် ဒီဆန်ပြုတ်နှစ်ပွဲလုပ်ပေးလို့ရမလား”

သူက ကျန်းယွင်ကျူးကို မေးလိုက်၏။

“ ရတာပေါ့ရှင့်”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။ သူက ငွေပေးချင်စိတ်သာရှိရင် သူမကလည်း တောင်ပေါ်ကို သွားပို့ပေးဖို့ လူတောင် ရှာပေးလိုက်အုံးမယ်။

ထုပ်သွားမလို့တဲ့လား။ သူမ လုပ်ပေးနိုင်တာပေါ့။

“ ဟီး ဟီး အခုတော့ သူတို့တွေ ငါ့ကို ကျေးဇူးရတော့မယ်”

ဒုစစ်သူကြီးကျောက်က သူ့ပေါင်ကို ရိုက်လိုက်ပြီး သွားများပေါ်သည်အထိ ပြုံးဖြီးလိုက်လေသည်။

ကျန်းယွင်ကျူးက ချက်ချင်း ဆန်ပြုတ် ပြုတ်ပေးလိုက်၏။ ဆန်ပြုတ်နံ့များ လမ်းတွင် ကျန်ရစ်နေမည်စိုးသဖြင့် သူမက မြေအိုးကို ဒုစစ်သူကြီးကျောက်ဆီ ကမ်းပေးလိုက်လေသည်။

ဒုစစ်သူကြီးကျောက်က သူ့နောက်က စစ်သားများကို မသယ်ခိုင်းတော့ဘဲ မြေအိုးနှစ်လုံးကို သူကိုယ်တိုင် သယ်သွားလေတော့သည်။ သူ့လက်များသည် ထန်းရွက်ယပ်တောင်များကဲ့သို့ ကြီးမားလေရာ သူ့အတွက် မြေအိုးနှစ်လုံးသယ်ဖို့က အားမစိုက်ရပေ။

မျက်နှာရှည်နှင့် စစ်သားက ငွေချေလိုက်လေသည်။ သူသည် ခြေတံရှည်များနှင့် တောင်ပေါ်သို့ လမ်းလျှောက်တက်သွားတော့သည်။

သူသည် အလွန်မြန်ဆန်လေသည်။ တောင်ပေါ်သို့ ရောက်သွားချိန်တွင် မြေအိုးအဖုံးကို ဖွင့်လိုက်သောအခါ အထဲကဆန်ပြုတ်များသည် ပွက်ပွက်ထနေဆဲ။

“ ဒီဆန်ပြုတ်ကို ဘယ်ကရခဲ့တာလဲ” လီမျိုးရိုး ပိန်ပိန်ပါးပါး ဒုစစ်သူကြီးက မေးလိုက်၏။

“ သေချာတာတော့ ငါတို့စားဖိုဆောင်က ချက်ထားတာ မဟုတ်ဘူး၊ ငါတို့စားဖိုဆောင်က လုပ်ထားတာတွေကို ခွေးတွေတောင် မစားဘူး” ပေါင် မျိုးရိုး မျက်နှာမည်း ဒုစစ်သူကြီးက ပြောလိုက်လေသည်။

“ ဒါဆို မင်းက နေ့တိုင်း စားဖိုဆောင်က ချက်ထားတဲ့ အစားအသောက်ကို စားနေတာလေ၊ မင်းက ခွေးလား” ပိန်ပိန်ပါးပါး ဒုစစ်သူကြီးလီက ဟာသနှောကာ မေးလိုက်လေသည်။

ထိုစကားလုံး ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် သူတို့သုံးယောက်လုံးက တဟားဟား အော်ရယ်လိုက်ကြတော့သည်။ ထို့နောက် ရုတ်တရက် ရပ်သွားပြန်သည်။ သူတို့ရဲ့ခေါင်းတွေ။ မနေ့ညက သောက်တာ နည်းနည်းများသွားတယ်။ အခုထိ ခေါင်းကိုက်နေတုန်းပဲ။

“ ဆန်ပြုတ်သောက် ၊ဆန်ပြုတ်သောက်လိုက်” ဒုစစ်သူကြီးလီက တိုက်တွန်းလိုက်လေသည်။

ဇွန်းတစ်ချောင်းနှင့် ဆန်ပြုတ်တငုံသောက်လိုက်အပြီးတွင်

“ အစ်ကိုကြီးကျောက် ၊ ဒီဆန်ပြုတ်က ကောင်းလိုက်တာ၊ ဒီတစ်ခါတော့ ကျုပ် ခင်ဗျားကို ကျေးဇူးတင်ရတော့မဲ့ပုံပဲ၊ ခင်ဗျားက ကျုပ်တို့အတွက် ဆန်ပြုတ်ယူလာပေးဖို့ သိသေးတယ်နော်”

“စားကောင်း သောက်ကောင်းရှိရင် ငါက ဘယ်တုန်းက မင်းတို့ကို မစဥ်းစားခဲ့ဖူးလို့လဲ”

ဒုစစ်သူကြီးကျောက်က မျက်လုံးများကို ပင့်ကာ ပြောလိုက်ပြီး သူ့မျက်နှာတွင် ကိုယ့်ဟာကိုယ် ကျေနပ်မှု အပြည့်ဖြစ်နေတော့သည်။

ခဏအတွင်း ဆန်ပြုတ်နှစ်ပွဲမှာ ကုန်သွားတော့သည်။ ဒုစစ်သူကြီးလီနှင့် ဒုစစ်သူကြီးပေါင် တို့သည် နေသာထိုင်သာရှိသွားကြပြီး အိုးအောက်ခြေကို ဇွန်းနှင့် ခြစ်ချုတ်နေကြလေသည်။ အရသာရှိလွန်းလွန်း စားလို့တောင်မဝဘူးလေ။

အမျိုးသမီးချန်က မျက်နှာရှည်နှင့် စစ်သားထံမှ ငွေများ လက်ခံလိုက်လေသည်။ သူမ၏မျက်နှာမှာ အပြုံးများဖြင့် ပြည့်နေတော့သည်။

သိမ်းဆည်းရင်း သူမက ကျန်းယွင်ကျူးကို ပြောလိုက်၏။

“ အမေတို့တွေ ဒီနေ့ ဆန်ပြုတ်အများကြီး လုပ်ခဲ့တာဆိုတော့လေ၊ အကျန်တွေ ယူပြန်ရမယ်လို့ ထင်ထားတာ၊ ဧည့်သည်က တစ်ယောက်ထဲ သုံးပွဲစားပြီး နှစ်ပွဲ ထုပ်သွားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

သူမ၏စကားလုံးမှာ ဘာမှအလဟဿ မဖြစ်ဘဲ ငွေရှာနိုင်သဖြင့် ပျော်ရွှင်သည့်ခံစားချက်များ ပါရှိနေလေသည်။

ကျန်းယွင်ကျူးသည်လည်း အမှန်တွင်တော့ သည်ပိုနေသည့်နှစ်ပွဲကို ကျန်းမိသားစုအတွက် လုပ်ထားခြင်း ဖြစ်သည်ဟု ပြောပြချင်ခဲ့သည်။ မနေ့ညက သူတို့မိသားတွေ ညဥ့်သန်းခေါင်အထိ အလုပ်များနေခဲ့ပြီး ဒီမနက်လည်း အစောကြီး ထခဲ့ရတာလေ။ အားလုံးက သုံးနာရီကျော်လောက်ပဲ အိပ်ခဲ့ရတာ။ သူတို့တွေလည်း အဟာဖြည့်ဖို့ အမဲသားဆန်ပြုတ်တစ်ခွက်လောက် စားသင့်တာပေါ့။

ထားလိုက်ပါလေ။ ရောင်းပြီးသွားပြီဆိုတော့လည်း ရောင်းလိုက်တယ်ပေါ့။

သည်အခိုက်တွင် အမျိုးသမီးချန်က ထပ်မေးလေသည်။

“ မနက်ဖြန်မနက် အမေတို့ ဘာရောင်းကြမလဲ၊ အမဲသားဆန်ပြုတ်၊ အသားပန်ကိတ် ဒါမှမဟုတ် တခြားတခုခုလား”

အခုတော့ သူမသည် ကျန်းယွင်ကျူး စကားကို နားထောင်လိုက်တော့သည်။

“ မြို့ထဲမှာ အမဲသားရရင်တော့ အမဲသားဆန်ပြုတ် ရောင်းကြမယ်လေ”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ သူမလည်း အမဲသားဆန်ပြုတ် သောက်ချင်လေသည်။

အခုတော့ သူမတွင် လုပ်ငန်းလမ်းကြောင်းတစ်ခု ရှိလာပြီဖြစ်သည်။ ဟူလထန်းနဲ့ ယိုမော့ထိုက အကြာကြီး ရောင်းလာရပြီ။ ဒါတွေက သာမန်လူတွေကို အဓိက ရောင်းပေးဖို့။ အသားပန်ကိတ်၊ အမဲသားဆန်ပြုတ် ဒါမှမဟုတ် တခြားဟာကိုတော့ တစ်လှည့်စီပြောင်းပြီး ရောင်းလို့ရနိုင်တယ်။ သူမလုပ်ချင်တာ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်လေ။ ဒီလိုနည်းနဲ့ စိတ်ဝင်စားလာအောင် လုပ်ပြီး စားသုံးသူတွေကလည်း အသစ်အဆန်းဖြစ်တာပေါ့။ ဘာလို့ မလုပ်နိုင်ရမှာလဲ။

သည်နေ့ သူတို့ ကံကောင်းသွားခြင်းပင်။ မြို့ထဲက အသားဆိုင်တွင် အမဲသားရခဲ့သည်။ ကျန်းယွင်ကျူးက ၂ပိဿာခန့် ဝယ်ပြီး ဆုံးဖြတချက်ချလိုက်၏။ အင်း။ အမဲသားစိမ်း ဆန်ပြုတ်မလုပ်တော့ဘူး။ ရုတ်တရက်ကြီး အမဲသားဆန်ပြုတ်ထဲ ကြက်ဥမွှေထည့်ပြီး သောက်ချင်သွားပြီ။

ညသည် အလွန်နက်လို့နေပြီ။ ရွာထိပ်က ကျန်းအိမ်မှလွဲလျှင် ချန်ရှီရွာရှိ အရာအားလုံးက တိတ်ဆိတ်လို့နေသည်။ မီးလင်းနေသေးပြီး မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့တို့က ထွက်လာနေသည်။

သိပ်မဝေးလှသည့် လမ်းပေါ်တွင် မြင်းနှစ်ကောင်က ဘယ်ကမှန်းမသိ ဒုန်းစိုင်းပြေးလာခဲ့သည်။ မြင်းပေါ်တွင် လူနှစ်ယောက်ပါလာ၏။ သူတို့သည် တကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး ညအမှောင်နှင့် ရောနှောနေသယောင်။

မကြာမီတွင် သူတို့သည် ချန်ရှီရွာထိပ်သို့ ရောက်လာပြီး ကျန်းအိမ်က မီးအလင်းရောင်ကို တွေ့လိုက်ရတော့သည်။

“ အနံ့က အရမ်းမွှေးတာပဲ”

ယန်ရှန့်က နှာခေါင်းပင့်လိုက်ပြီး ကျန်းခြံဝင်းထဲသို့ ကြည့်လိုက်လေသည်။ သူ့အစာအိမ်က တဂွီဂွီ မြည်နေတော့သည်။

ရှန်ဖုန်းမင်သည်လည်း ကျန်းခြံဝင်းထဲ လှမ်းကြည့်လိုက်သည်။

“ ငါတို့တွေ ဝူလင်မိုင်းတွင်းကို ရောက်လာပြီ၊ ဒီမှာ တည်းပြီး သတင်းကို ဖြည်းဖြည်းချင်း စုံစမ်းကြမလား”

ယန်ရှန့်က အကြံပြုလိုက်၏။

“ ငါ့အထင်တော့ မင်းက တခြားလူတွေရဲ့ အစားအသောက်ကို စားချင်နေတာပါ”

ရှန်ဖုန်းမင်က သူ့အတွေးကို ရက်ရက်စက်စက် ဖော်ထုတ်လိုက်လေသည်။

ယန်ရှန့်က တဟင်းဟင်း ရယ်လိုက်ပြီး မြင်းပေါ်က ဆင်းကာ ကျန်းအိမ်တံခါးကို သွားခေါက်လိုက်လေတော့သည်။

…

အပိုင်း (၁၅)

သည်အခိုက်တွင် ကျန်းမိသားစုသည် အရိုးစွပ်ပြုတ်ကို ပြုတ်ပြီးသွားကာ ဂျုံနှယ်ထားပြီး ဖြစ်သည်။ သူတို့သည် မနက်ဖြန်မနက်အထိစောင့်ပြီးမှ စွပ်ပြုတ်ချက်ရန် ပါဝင်ပစ္စည်းများကို ထည့်ကာ ယိုမော့ထိုကို ကြော်ရမည်။

ရုတ်တရက် တံခါးခေါက်သံကို ကြားလိုက်ရ၏။

“ တစ်ယောက်ယောက်က တံခါးလာခေါက်နေတာလား”

အမျိုးသမီးချန်သည် နားကြားမှားသည်ဟု သံသယဖြစ်နေလေသည်။ ဒီလိုအချိန်ကြီးကျမှ ဘယ်သူက တံခါးလာခေါက်လာတာလဲ။

တံခါးခေါက်သံက အလျင်မလိုနေသဖြင့် အရေးတကြီးတော့ ဟုတ်ဟန်မတူချေ။

“ အမေ ဧကန္တ.....”

ကျန်းယွင်ရွှယ်သည် မဝံ့မရဲ တုန်တုန်ယင်ယင်ဖြင့် မေးလိုက်လေသည်။ သူမ ပြောချင်သည်က ‘သရဲများလားလို့’။ တောင်ပေါ်ရွာတွေမှာ သရဲတစ္ဆေအကြောင်း ဒဏ္ဍာရီအများကြီး ရှိတယ်တဲ့။ ဒီလိုအချိန်ကြီးကျမှ တံခါးလာခေါက်တာဆိုတော့ တကယ်များ ဖြစ်နေပြီလား... သူမသည် ထိုစကားကို ထုတ်မပြောရဲတော့ချေ။ ညရောက်ရင် သရဲတစ္ဆေတွေအကြောင်း မပြောရဘူးတဲ့။

အမျိုးသမီးချန်က လက်ထဲတွင် ရေခပ်သည့်ယောက်မကြီးကို ဆုပ်ကိုင်ထားလေသည်။ တကယ် မဟုတ်လောက်ပါဘူး....

“ ငါ တစ်ချက်လောက်သွား ကြည့်လိုက်မယ်”

ကျန်းချိန်က ချက်ချင်း ပြောလိုက်သည်။ သူသည် သည်လောကတွင် သရဲတစ္ဆေများရှိသည်ကို မယုံကြည်ပေ။ သရဲတစ္ဆေများရှိခဲ့လျှင်တောင် သူသည် သူ့မိသားစုကို ကာကွယ်ပေးရမည်။

“ အဖေ ဒါကိုယူသွား”

ကျန်းယွင်ကျူးက စည်ပိုင်းမ,ရာတွင်သုံးသည့် သစ်သားတုတ်တစ်ချောင်းကို ကျန်းချိန်အား လှမ်းပေးလိုက်၏။

ကျန်းချိန်က တုတ်ကိုယူလိုက်ပြီး လျှောက်ကာ ထွက်လာလေသည်။

စိုးရိမ်စိတ်ဖြင့် ကျန်းယွင်ကျူးက စားဖိုဆောင်ဓားကို လက်ထဲတွင် ဆုပ်ထားပြီး နောက်က လိုက်သွားလိုက်သည်။ သူမသည် သရဲတစ္ဆေများကို မကြောက်ပေ။ သူခိုးဓားပြများကိုသာ ကြောက်လေသည်။

တံခါးခေါက်နေသူသည် ခြံဝင်းထဲက ခြေသံများကို ကြားလိုက်သယောင် တံခါးခေါက်နေသည်ကို ရပ်လိုက်၏။

“ ဘယ်သူလဲ”

ကျန်းချိန်က ခြံဝင်ထဲတွင်ရပ်ကာ မေးလိုက်၏။

“ ဒီနေရာကို ဖြတ်သွားတဲ့ ကုန်သည်တွေပါခင်ဗျာ၊ ကျွန်တော်တို့ လမ်းပျောက်သွားလို့ တောင်ပေါ်တက်လာခဲ့တာ၊ ညလည်း နက်နေပြီး နှင်းတွေကလည်း အရမ်းကျနေလို့ပါ၊ ကျွန်တော်တို့တွေကို တညလောက် တည်းခိုဖို့နေရာလေး ငှားပေးပြီး အစားအသောက်လေး ပြင်ပေးစေချင်ပါတယ်၊ ကျွန်တော်တို့တွေ ခင်များတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို အပြစ်ပြုရပါတော့မယ်”

ယန်ရှန့်က အလွန်ယဥ်ယဥ်ကျေးကျေး ပြောလိုက်လေသည်။

ကျန်းချိန်သည် ကြောင်းအရင်းကို ကြားလိုက်ရသောအခါ စိတ်အေးသွားပြီး တံခါးဖွင့်ပေးရန် ပြင်လိုက်လေသည်။

သို့သော် ကျန်းယွင်ကျူးက သူ့ကို တားလိုက်ပြီး အပြင်ကလူများကို မေးလိုက်၏။

“ ကုန်သည်ကြီးတို့က ဘယ်ကနေလာပြီး ဘယ်ကိုသွားမှာလဲ သိချင်ပါတယ်ရှင်”

ထိုသို့မေးလိုက်ပြီးနောက် သည်စကားများကို ရင်းနှီးနေသလို ရုတ်တရက် ခံစားလိုက်ရလေသည်။ ဟုတ်တာပေါ့။ အပြင်မှာ ဆရာတစ်ယောက်နဲ့ တပည့်သုံးယောက် ရှိနေတာဆိုရင် အဖြေက ‘ ဆင်းရဲတဲ့ဘုန်းကြီးက အရှေ့ဘက်ထန်မင်းဆက်က လာတာ’လို့ ဖြေရင် ပိုပြီးရင်းနှီးနေမှာပဲ။

ယန်ရှန့်သည် ပြင်ဆင်ထားပြီးဖြစ်လေသည်။

“ ကျွန်တော်တို့တွေ ချန်ဖုန်းစီရင်စုမြို့က လာတာပါ၊ ချန်ဖုန်းက ကပ်ဘေးဆိုက်ပြီး ဆန်စျေးတွေက မတရားတက်နေလို့ ကျွန်တော်တို့တွေက လုစီရင်စုပြည်နယ်မှာ ဆန်နည်းနည်းပါးပါး ဝယ်ပြီး ပြန်ရောင်းချင်လို့ပါ”

သူတို့သည် ချန်ဖုန်းမှ လာသည်ဟု ကြားလိုက်ရသောအခါ ကျန်းချိန်သည် အလွန်ရင်းနှီးသလို ခံစားလိုက်ရတော့သည်။

ကျန်းယွင်ကျူးက မေးလိုက်ပြန်သည်။

“ ကုန်သည်ကြီးက ချန်ဖုန်းမြို့သားလားရှင်”

“မဟုတ်ပါဘူး”

သူတို့သည် မြို့တော်က လေယူလေသိမ်းသံဖြင့် ပြောခဲ့လေသည်။

“ ကျွန်တော်တို့က ချန်ဖုန်းမှာ စီးပွားရေးလုပ်ရုံပါ”

“ လင်ချန်း စီရင်စုမြို့က ချန်းဖုန်းနယ်ထဲမှာနော်၊ ကုန်သည်ကြီးတို့ သိကြသလား”

“ ကျွန်တော်တို့ သိတာပေါ့၊ ကျွန်တော်တို့တွေ အစားအသောက်ရောင်းဖို့ အဲဒီကို ရောက်ဖူးတယ်”

“ ဪ ကျွန်မက လင်ချန်းမြို့မှာနေတဲ့ ကျွန်မရဲ့ဆွေမျိုးတွေကို အရမ်းစိတ်ပူနေလို့ပါ၊ အဲဒီမှာ မိုးခေါင်တာက အရမ်းပြင်းထန်တယ်လို့ ကြားတယ်၊ လင်ချန်းမြို့က ချန်းရွှေမြစ်ရေ ကျန်သေးလား မသိဘူးနော်” ကျန်းယွင်ကျူးက မေးလိုက်လေသည်။

အပြင်ဘက်က ယန်ရှန့်မှာ အော်ရယ်ချင်သွားတော့သည်။ အထဲက မိန်းကလေးက တကယ့် ထက်မြက်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။ လင်ချန်းမြို့မှာ ချန်းရွှေမြစ်မှ မရှိဘဲ။ ချန်းရှန်းတောင် တစ်လုံးပဲ ရှိတာကို။ သူတို့တွေ လင်ချန်းမြို့ကို မရောက်ဖူးခဲ့ရင် သူမရဲ့မေးခွန်းကို အမှန်အတိုင်း ဖြေနိုင်မှာ မဟုတ်ဘူး။

ထိုအခိုက်အတန့်လေးတွင် သူသည် အထဲက မိန်းကလေးကို ရုတ်တရက် စ,နောက်ချင်စိတ်ဖြစ်သွားပြီး သူမ၏တုံ့ပြန်မှုကို တွေ့ရရန် ချန်းရွှေမြစ်ရေ ခမ်းသွားပြီဟု ပြောချင်သွားတော့သည်။

ဒါပေမဲ့ ရှိပါစေတော့လေ။ အခု သူ ဗိုက်ဆာပြီး အေးနေပြီ။ ပြဿနာမဖြစ်တာပဲ ပိုကောင်းပါတယ်။

“ မိန်းကလေး အမှတ်မှားနေသလား၊ လင်ချန်းမြို့မှ မြစ်မရှိဘူးဗျ၊ ချန်းရှန်းတောင် တစ်ခုပဲ ရှိတယ်လေ”

သူက ပြန်ပြောလိုက်၏။

ကျန်းယွင်ကျူးသည် သူမ အလိမ်ပေါ်သွားချိန်တွင် ရှက်မသွားချေ။ သူမက သည်အတိုင်း ပြောလိုက်လေသည်။

“ ဟုတ်လား၊ ကျွန်မ အဲဒီကို မရောက်တာ အရမ်းကြာနေပြီဆိုတော့ ကျွန်မ အမှတ်မှားတာ ဖြစ်မှာပါ၊ စကားမစပ် အခု ချန်ဖုန်းက အစားအသောက်စျေးတွေက ဘယ်လိုရှိလဲရှင်”

“ ဆန်ကောင်းဆိုရင် တစ်ပိဿာ ၃၅ ဝမ်၊ ဆန်လုံးညိုဆိုရင် တစ်ပိဿာ ၁၈ ဝမ် ၊ အရမ်းစျေးကြီးတယ်ဗျ”

ယန်ရှန့်က ပြောလိုက်လေသည်။

ကျန်းချိန်မှာ ဆွံ့အသွားတော့သည်။ ဆန်က အဲလောက်တောင် စျေးကြီးသွားသလား။ သူသည် ချန်ဖုန်းမှ စောစောစီးစီး ပြောင်းရွှေ့လာသည်မှာ ပိုပြီးကံကောင်းသွားသည်ဟု ခံစားလိုက်ရတော့သည်။

“ ဒါပေမဲ့ ဆန်စျေးတွေက ကျနေပြီလို့ ကြားတာပဲ၊ တော်ဝင်ညီလာခံက ချန်ဖုန်းက အရာရှိအများကြီးကို သ-တ်ဖို့ အာဏာရှိတဲ့လူတချို့ကို လွှတ်ခဲ့ပြီး ကပ်ဘေးကယ်ဆယ်ရေးအတွက် ဆန်တွေအများကြီး ဝေပေးခဲ့တယ်တဲ့ ၊ အခုတော့ ကပ်ဘေးအခြေအနေက အရင်ကထက် အများကြီး ပိုကောင်းလာပါပြီ”

ယန်ရှန့်က ရှန်ဖုန်းမင်ကို ပြုံးဖြီးကာ ကြည့်ရင်း သတင်းပေးလိုက်လေသည်။

အထဲက မိန်းကလေးက ချန်ဖုန်းက အခြေအနေကို ကြားချင်နေတာမလား။ ဒီတော့ သူကလည်း သူတို့တွေက တကယ်ပဲ ချန်ဖုန်းကလာတာဆိုတာကို သူမကို ရိုးရိုးသားသား ပြောပြရမှာပေါ့။

အာဏာရှိတဲ့လူဆိုကတော့ သူက ရှန်ဖုန်းမင်အကြောင်း ပြောနေတာလေ။ ဒါကြောင့် သူ့စကားလုံးတွေက စနောက်နေတဲ့ အငွေ့အသက်တွေ ပါနေတာပေါ့။

ကျန်းယွင်ကျူးသည် အာဏာရှိတဲ့လူတစ်ယောက်ဟု ပြောလိုက်သံကြားလိုက်ချိန်တွင် ရှန်ဖုန်းမင်ကို ချက်ချင်း တွေးမိသွားတော့သည်။ သူမက စဥ်းစားမိလိုက်လေသည်။ လူသ-တ်နတ်ဘုရားက ချန်ဖုန်းကို သွားခဲ့တာလို့ ပြောရင် ချန်ဖုန်းကရော အန္တရာယ်ကင်းပါ့မလား။

“ မိန်းကလေး မေးချင်တာများ ရှိသေးပါသေးသလား၊ ကျွန်တော်တို့တွေက တကယ် ချန်ဖုန်းက ကုန်သည်တွေပါ၊ ချန်ဖုန်းက အစားအသောက်စျေးက ကျသွားပြီဆိုရင်တောင် လုပြည်နယ်ထပ်တော့ အများကြီး စျေးကြီးနေတုန်းပဲလေ၊ ကျွန်တော်တို့လည်း ဒီခရီးက အကျိုးအမြတ်ရမယ်ထင်လို့ ဒီကို လာခဲ့ကြတာပါ။

ကျွန်တော်တို့တွေ လမ်းပျောက်သွားလိမ့်မယ် ဘယ်ထင်မိပါ့မလဲ။

“မိန်းကလေး ကျွန်တော်တို့တွေ ဘာမှ မစားမသောက်ရသေးဘူး ခင်ဗျ၊ ကျွန်တော်တို့ ငွေပေးပါ့မယ်”

သူက စိတ်ရင်းအတိုင်းပြောလိုက်လေသည်။

သည်အချိန်တွင် ကျန်းချိန်သည် ဆက်မကြည့်ရက်နိုင်တော့ဘဲ ပြန်ဖြေလိုက်တော့သည်။

“ ပေး စရာမလိုပါဘူး၊ အပြင်က လူတွေအတွက်လည်း လွယ်ကူတာမဟုတ်ဘူး” ပြောရင်းဆိုရင်းနှင့် သူက တံခါးဖွင့်ပေးလိုက်တော့သည်။

သည်တစ်ကြိမ်တွင်တော့ ကျန်းယွင်ကျူးက သူ့ကို မတားတော့ချေ။ သည်နေရာက ဝူလင်မိုင်းတွင်းနှင့် မဝေးသည်ကို သတိရသွားလေသည်။ ဝူလင်မိုင်းတွင်းမှာ စစ်တပ်ကြီးတစ်ခု ရှိတာပဲ။ ဒီနေရာကို လာပြီး ဓားပြတိုက်ရဲတဲ့သူတွေက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ။

အပြင်ကလူတွေက တကယ်လမ်းပျောက်နေတဲ့သူတွေ နေမှာပါလေ။

“ကျွီ” တံခါးပွင့်သွား၏။

“ ဘယ်သူ တဲ့လဲ”

အမျိုးသမီးချန်က စိတ်ပူသွားကာ တံခါး၏ အတွင်းနှင့် အပြင်ဘက် လူများ၏ပုံရိပ်ကို ထင်နေစေသည့် မီးအိမ်တစ်ခုနှင့် ထွက်လာခဲ့သည်။

ယန်ရှန့်သည် အံ့ဩသွားတော့သည်။ သူသည် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကို ဘယ်လိုမှ သဘောမထားချေ။ သို့သော် ဖယောင်းတိုင်မီးရောင်ထဲတွင် ယိမ်းနွဲ့နေသည့် မိန်းကလေး ကျန်းယွင်ကျူးကိုတော့ သူသည် အမှန်ပင် မှတ်မိနေလေသည်။

“မင်း မဟုတ်.....”

ပြုံးနေသည့်ကျားက တစ်နေ့တွင် အံ့ဩသည့်မျက်နှာတစ်ခု ဖြစ်သွားသည်ကို မြင်ရခဲလေသည်။

ရှန်ဖုန်းမင်လည်း ကျန်းယွင်ကျူး၏ အသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး အနည်းငယ် အံ့ဩသွားတော့သည်။

ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကလည်း သူတို့နှစ်ယောက်ကို မှတ်မိသွားပြီး အလွန် အံ့ဩသွားတော့သည်။ သူတို့တွေ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ။ ဪ ဟုတ်သား။ သူတို့နောက် လိုက်လာတဲ့ သူတွေရော ဘာဖြစ်သွားပြီလဲ။

တစ်ဖက်တွင်တော့ ကျန်းယွင်ကျူးမှာ မိုးကြိုးပစ်သလို ခံစားလိုက်ရတော့သည်။ သူမ၏ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ လူသ-တ်နတ်ဘုရားက အိမ်တံခါးလာခေါက်နေတာပဲ။

အခုလေးတင် ယန်ရှန့်ပြောခဲ့တဲ့ ကုန်သည်တွေပါဆိုတဲ့ စကားတွေက ဟာသတစ်ခုပဲ။ သူတို့ ချီလင်ကိုယ်ရံတော်တွေက ဘယ်တုန်းက စားသောက်ကုန် သယ်ယူပို့ဆောင်ရေး စလုပ်ခဲ့တာလဲ။ ပြီးတော့ သေစမ်း။ ချီလင်ကိုယ်ရံတော်တွေက ကြီးမားတဲ့ ရှမင်းဆက်ထဲက ဘယ်မြေ ဘယ်လမ်းကို မသိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။

သေလိုက်ပါတော့လား။

“ ခင်များတို့တွေက ကုန်သည်တွေလား”

ကျန်းချိန်က မေးလိုက်၏။ သူတို့တွေ ကုန်သည်တွေ မဟုတ်ဘူးလို့ ဘာလို့ ခံစားမိနေတာလဲ။ အထူးသဖြင့် သူတို့တွေက အနက်ရောင်ကိုယ်ရံတော် အဝတ်အစားနဲ့တစ်ဖွဲ့လုံးက ထွားကျိုင်းတဲ့မြင်းတွေ စီးလာကြတာလေ။

ယန်ရှန့်၏နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားတော့သည်။ ပါးချခံလိုက်ရတဲ့ ခံစားချက်ကြီးပါလား။ ဒါပေမဲ့ စကားက ပြောပြီးသွားပြီလေ။ ဒီတော့ သူ ဒီလိုပဲ ပြောရတော့တာပေါ့။

“ ဟုတ်ပါတယ်၊ ကျွန်တော်တို့တွေက တကယ် ကုန်သည်တွေပါ၊ ကျွန်တော်တို့တွေက မြို့တော်က လာခဲ့တာ၊ ချန်းဖုန်းမှာ စီးပွားရေးလုပ်ချင်လို့လေ၊ ချန်ဖုန်းက မလုံခြုံဘူးလို့ ကြားထားလို့ ကျွန်တော်တို့တွေ သက်တော်စောင့်တွေ ငှားလာခဲ့တာ။ အခု ကျွန်တော်တို့တွေ ချန်ဖုန်းက ထွက်လာပြီဆိုတော့ အဲဒီလူတွေကို မလိုတော့ဘူးလေ”

ကျန်းချိန်က သူတို့နှစ်ယောက်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်လေသည်။ သူတို့နှစ်ယောက်လုံးမှာ အထက်တန်းကျပြီး ခမ်းနားတဲ့အရောင်အဝါတစ်ခု ရှိတာပဲ။ သူတို့တွေက ကုန်သည်တွေဆိုရင်တောင် မြို့တော်က လူချမ်းသာကုန်သည်တွေရဲ့ သားတွေ ဖြစ်ရမယ်။

ထိုသို့ တွေးလိုက်ပြီးနောက် သူက မြန်မြန်ပြောလိုက်လေသည်။

“ ဒါဆို မြန်မြန်ဝင်လာကြလေ၊ အပြင်မှာ အေးတယ်”

ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် ခြံဝင်းသို့ လှမ်းဝင်လိုက်လေသည်။

ကျန်းချိန်က တံခါးကို ပိတ်လိုက်ပြီး သူတို့နှစ်ယောက်ကို အိမ်ထဲသို့ ခေါ်ဝင်လာခဲ့သည်။

ထိုအခါမှ ကျန်းယွင်ကျူးက သတိပြန်ဝင်လာခဲ့သည်။ တားဖို့ကလည်း အရမ်းနောက်ကျသွားပါပြီ။ ပြီးတော့ သူမ ဒါကို တားနိုင်မှာလည်း မဟုတ်ပါဘူး။

“ သရဲ မဟုတ်ဘူးဆိုရင် ဟုတ်ပါပြီ”

အမျိုးသမီးချန်က နောက်မှ လိုက်လျှောက်လာပြီး တီးတိုးရေရွတ်လိုက်လေသည်။ သူမသည် သရဲတစ္ဆေနှင့် မိစ္ဆာများကို အကြောက်ဆုံးပင်။

ကျန်းယွင်ကျူးက ထိုစကားကို ကြားလိုက်သောအခါ မဲ့ကာ ပြုံးလိုက်လေသည်။ ဒီနှစ်ယောက်က သရဲတစ္ဆေတွေထက် ပိုကြောက်ဖို့ကောင်းတယ်လေ။ သူတို့ သွားလိုက်တဲ့ နေရာတိုင်းမှာ လူ မသေတာ မရှိဘူး။ အခု သူတို့တွေ ဘာအတွက် ချန်ရှီရွာကို ရောက်လာပြန်တာလဲ။

သေကြတယ်.... ရုတ်တရက်ဆိုသလို လုမြို့တွင် ဖြစ်သွားသည့် ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုကို သတိရသွားတော့သည်။

ကုယန်ကျိုး။ ဟုတ်တယ်။ အဲဒီနာမည်ပဲ။ အဲဒီနာမည်ကြားတုန်းက နည်းနည်းရင်းနှီးတယ်လို့ ပြောခဲ့သားပဲ။ သူဖြစ်နေတာကိုး။

ပြီးတော့ အရင်းက သူမ စဥ်းစားခဲ့ပါသေးတယ်။ ရွှီချင်ရှန့်က အိပ်မက်ထဲမှာ ချင်းဟယ်ရွာကို ရောက်နေတာ မဟုတ်ဘူးလား။ သူက အခု ဘာလို့ ချန်ရှီရွာကို ရောက်နေတာလဲ။ မဟုတ်သေးဘူးမလား။

သူမစိတ်ထဲက သည်ဆက်စပ်မှုများကြောင့် ကျန်းယွင်ကျူးသည် ရေခဲသိုလှောင်ခန်းတစ်ခု အတွင်းသို့ ကျသွားသလို ခံစားလိုက်ရလေတော့သည်။

All Chapters