တော်ဝင် လက်ထပ်မိန့်နှင့် စည်းကျော်လာသော အခြေအနေ
Vol. 29 Ch. 434
ပိုင်ကျီဟန်၏ ရင်ခုန်သံတို့ တဒိန်းဒိန်း ခုန်သွားသည်။
ဤသို့သော အကြောင်းကြားချက်မျိုး မမြင်ရသည်မှာ ကြာပြီဖြစ်သည်။
[စစ်ဆေးနေသည်...]
ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကြီးမှာ ခဏတာမျှ ရပ်တန့်သွားသလို ခံစားလိုက်ရ၏
ထို့နောက်
[ကောင်းကင်ရွေးချယ်သူ၏ ကိုယ်ရေးအချက်အလက်ကို ဖွင့်လိုက်ပြီ]
အမည်: ချင်လင်းရှောင်
သက်တမ်း: ၂၀၀ ကျော်
ကံကြမ္မာ အဆင့်အတန်း: (ကြယ်သုံးပွင့်)
ကျင့်စဉ်အဆင့်: ရွှေအမြုတေ အင်မော်တယ် (အစောပိုင်းအဆင့်)
ထူးခြားချက် :
ချင်လင်းရှောင်သည် ကံကြမ္မာနှင့် အာရုံခံစားမှုတို့ကို ကစားရာတွင် မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်။ သူမသည် ဖြားယောင်းသွေးဆောင်ခြင်း၊ လှည့်ဖြားခြင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ခြင်းတို့တွင် အနှိုင်းမဲ့ အရည်အချင်းရှိပြီး ပစ်မှတ်ထားသူ၏ အတွင်းကျကျ လိုအင်များ၊ ကြောက်ရွံ့မှုများနှင့် အားနည်းချက်များကို ဗီဇအရ သိရှိနိုင်သည်။
သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ရုပ်ရည်၊ အရှိန်အဝါ၊ အသံနှင့် ဝိညာဉ်လှိုင်းနှုန်းတို့ကိုပါ ပြောင်းလဲနိုင်စွမ်းရှိပြီး အပြစ်ကင်းစင်မှု၊ ဆွဲဆောင်မှု၊ အာဏာရှိမှု သို့မဟုတ် နူးညံ့သိမ်မွေ့မှု စသည့် မည်သည့်ပုံစံကိုမဆို ဖန်တီးနိုင်သည်။
ချင်လင်းရှောင်သည် သူမ၏ ပစ်မှတ်ကို တစ်ကြိမ်ရွေးချယ်ပြီးသည်နှင့် ထိုသူ၏ အသိအာရုံများအတွင်းသို့ သူမကိုယ်သူမ သိမ်မွေ့စွာ ရက်လုပ်ထည့်သွင်းနိုင်စွမ်းရှိကာ အမှန်တရားနှင့် အလှည့်စားကြားရှိ စည်းကို ဝေဝါးသွားစေပြီး နောက်ဆုံးတွင် ပစ်မှတ်ကိုယ်တိုင်ပင် သူ၏ ခံစားချက်များသည် စစ်မှန်သော ခံစားချက်လော သို့မဟုတ် ဖန်တီးယူထားသော အာရုံလောဆိုသည်ကို ခွဲခြားမရနိုင်တော့ပေ။
သူမသည် သူလျှိုလုပ်ငန်း၊ ထိုးဖောက်ဝင်ရောက်ခြင်း၊ နိုင်ငံရေး ကစားကွက်များနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးများတွင် အထူးကျွမ်းကျင်သူဖြစ်သည်။
သူမ၏ ကျော့ကွင်းအတွင်းသို့ ကျရောက်သွားသူများသည် မိမိတို့ကိုယ်မိမိ ရှုံးနိမ့်သွားပြီဆိုသည်ကိုပင် သတိမထားမိလိုက်ကြသည်မှာ များလှသည်။
ပိုင်ကျီဟန်၏ မျက်လုံးများ ခဏတာ ပြူးကျယ်သွားသည်။
(ဒီလောက် မြင့်မားတဲ့ ကျင့်စဉ်အဆင့်နဲ့ ကံထူးရှင်တစ်ယောက်လား...)
ထို့ထက် ပိုအရေးကြီးသည်မှာ
(ဒီမိန်းမက ဘယ်သူလဲ?)
ဧကရာဇ်မင်းမြတ်သည် နဝမမြောက်မင်းသမီး ယုဖေးယန်ကို ခေါ်ယူလိုက်ခြင်း ဖြစ်သော်လည်း စနစ်၏ အချက်အလက်အရ သူမမှာ ယုဖေးယန် မဟုတ်ကြောင်း ထင်ရှားနေသည်။
ပိုင်ကျီဟန် နားလည်လိုက်ပြီဖြစ်သည်။
ဤမိန်းမ ချင်လင်းရှောင်သည် မူလမင်းသမီး၏ နေရာတွင် အစားထိုး ဝင်
ရောက်နေခြင်းပင်။
ရှေးဟောင်းအပျက်အစီးများအတွင်း သူတွေ့ခဲ့ဖူးသော ယုဖေးယန်မှာ ကြောက်တတ်ပြီး သာမန်မျှသာ ဖြစ်သော်လည်း ယခုရှေ့တွင်ရှိနေသူမှာ ဆွဲဆောင်မှု အပြည့်ရှိနေသည်။
ထိုစဉ်က သူမသည် သူရဲဘောကြောင်ပြီး မထင်မရှား သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ခဲ့သည်။
ယခုမူ သူမသည် ဆွဲဆောင်မှုအရှိန်အဝါတို့ကို သဘာဝအလျောက် ထုတ်လွှတ်နေတော့သည်။
အဘယ်ကြောင့်ဆိုသော် သူမတို့နှစ်ဦးမှာ လုံးဝကွဲပြားခြားနားသော လူနှစ်ယောက် ဖြစ်နေသောကြောင့်ပင်။
(သူမက အန္တရာယ်ရှိတယ်)
အလွန်အင်မတန် အန္တရာယ်များသည်။
သူမတွင် ကြောက်မက်ဖွယ် လှည့်ဖြားနိုင်စွမ်းရှိရုံသာမက ကျင့်စဉ်မှာလည်း မြေကမ္ဘာအင်မော်တယ် အဆင့်ထက် အဆပေါင်းများစွာ ကျော်လွန်နေသည်။
ရွှေအမြုတေအင်မော်တယ်အဆင့်
သူမသည် ဤခန်းမတစ်ခုလုံးတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပေလိမ့်မည်။
ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများအားလုံး စုပေါင်းတိုက်ခိုက်လျှင်ပင် ရွှေအမြုတေအင်မော်တယ် အဆင့်တစ်ဦးကို အနိုင်ရပါ့မလား သူ မသေချာပေ။
ဒါ့အပြင် မျက်မှောက်မှာ ရှိနေကြသည့် တခြားသော ပုန်းကွယ်နေတဲ့ ရန်သူတွေကိုလည်း ထည့်တွက်ရဦးမည်— အကယ်၍သာ ဤမိန်းမသည် ပိုင်မျိုးနွယ်စုကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါက ထိုရန်သူအချို့သည် သူမကို ကူညီကြပေလိမ့်မည်။
ပိုင်ကျီဟန် အလေးအနက် စဉ်းစားခန်းဝင်သွားသည်။
လူသူမသိသော ရန်သူတစ်ဦး၊ ၎င်းပြင် ကောင်းကင် အင်ပါယာတွင် မရှိသင့်သည့် ကျင့်စဉ်အဆင့်ရှိသူတစ်ဦး ပေါ်ပေါက်လာခြင်းပင်။
သူမသည် ဤအင်ပါယာမှ မဟုတ်နိုင်ကြောင်း သူ ကျိန်းသေပေါက် သိလိုက်သည်။
သူသည် စနစ်မျက်နှာပြင်မှ အကြည့်ကို ခွာပြီး ချင်လင်းရှောင်ကို ပြန်ကြည့်လိုက်သည်။
တစ်ခန်းမလုံးတွင် ကျင့်ကြံသူများ၏ တိုးတိုးတိုးတိုး ပြောဆိုသံများ ပျံ့လွင့်လာသည်။
"နဝမမြောက် မင်းသမီးက အရမ်းလှတာပဲ။ သူ တော်တော်လေး ပြောင်းလဲသွားတယ် မလား?"
"အရင်တုန်းကတော့ နဝမမြောက်မင်းသမီး ယုဖေးယန်ဆိုတာ ဘယ်သူ့မျက်စိထဲမှ မဝင်ခဲ့တဲ့သူပဲ။ နောက်ခံအင်အားလည်းမရှိ၊ ရည်မှန်းချက်လည်းမရှိ၊ ထင်ပေါ်မှုလည်းမရှိခဲ့ဘူး။ အခုကျတော့? ကြားရသလောက်ဆိုရင် သူဟာ အလတ်စား မျိုးနွယ်စုတော်တော်များများကို သူ့ဘက်ပါအောင် သိမ်းသွင်းနိုင်နေပြီတဲ့"
"ဟုတ်တယ် တခြားမင်းသား၊ မင်းသမီးတွေကို ထောက်ခံခဲ့တဲ့ မျိုးနွယ်စုတွေတောင် အခု သူ့ဘက်ကို ကူးပြောင်းကုန်ကြပြီ"
"အရင်ကဆိုရင် သူက နန်းလျာပြိုင်ပွဲမှာ ထည့်တောင်တွက်လို့မရတဲ့သူပါ။ ဒါပေမဲ့ အခုတော့ သူဟာ အင်အားအကောင်းဆုံး ပြိုင်ဘက်တစ်ယောက် ဖြစ်လာပြီ"
"ပါရမီကို ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်။ သူ့ရဲ့ ဆွဲဆောင်မှုက တစ်ညတည်းနဲ့ ပွင့်လန်းလာသလိုပဲလို့ ပြောကြတယ်။ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲတဲ့ တာအိုကျင့်ကြံသူ အကြီးအကဲတွေတောင် သူ့ရဲ့စကားလုံးတွေအောက်မှာ စိတ်လှုပ်ရှားသွားကြရတယ်"
"နောက်မှ ပွင့်တဲ့ပန်းလား? ဒါမှမဟုတ် အစောကတည်းက အရည်အချင်းကို ဝှက်ထားတာလား?"
ပိုင်ကျီဟန်သည် တည်ငြိမ်သော မျက်နှာပေးဖြင့် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
(သူတို့အားလုံး မှားနေကြတာပဲ...)
သူတို့မြင်နေရသည့် အပြောင်းအလဲဆိုသည်မှာ ကြီးထွားလာခြင်းမဟုတ်ပေ
အစားထိုးခံလိုက်ရခြင်းသာ ဖြစ်သည်။
ထိုနေရာတွင် ရပ်နေသူမှာ ချင်လင်းရှောင်ပင်။
လေသံများမှာ ပို၍ ကျယ်လောင်လာသည်။
"ဒါပေမဲ့ ကျွန်တော် နားမလည်တာက အရှင်မင်းကြီးက ဘာလို့ သူ့ကို အခုမှ ဆင့်ခေါ်ရတာလဲဆိုတာပဲ"
ဧကရာဇ်မင်းမြတ်သည် ခဏမျှ ဆိုင်းငံ့ပြီးနောက် မိန့်ကြားလိုက်သည်။
"ယုဖေးယန်ဟာ ငါကိုယ်တော်မြတ်ရဲ့ နဝမမြောက် မင်းသမီးပဲ"
သူ၏ အကြည့်တို့က ပိုင်ကျီဟန်ထံသို့ ပြန်လည်ရောက်ရှိလာသည်။
"မင်းလို ထူးချွန်တဲ့သူတစ်ယောက်ဟာ... မင်းနဲ့ ထိုက်တန်တဲ့ အဖော်တစ်ယောက်ကို ရသင့်တယ်လို့ ငါကိုယ်တော် ယုံကြည်တယ်"
ထိုစကားလုံးများက လေးလံစွာ ကျဆင်းလာသည်။
အချို့မှာ အသက်ရှူမှားသွားကြ၏
အချို့မှာမူ ကိုယ်ဟန်အနေအထား တောင့်တင်းသွားကြသည်။
ပိုင်မျိုးနွယ်စု အကြီးအကဲများ၏ မျက်နှာရိပ်မျက်နှာကဲမှာလည်း အနည်းငယ် ပျက်ယွင်းသွားသည်။
ဒါဟာ...
ဆုလာဘ်တစ်ခုလား?
ဖြစ်နိုင်ပါသည်။
အကယ်၍သာ အတိတ်ကဆိုလျှင် ပိုင်ကျီဟန်သည် သူအလိုရှိသော မည်သည့်အမျိုးသမီးကိုမဆို ရွေးချယ်နိုင်ခဲ့မည်သာ
ယခုတော့
ကျင့်စဉ်ပျက်ပြားနေသူတစ်ဦးကို မင်းသမီးတစ်ပါးနှင့် လက်ထပ်ခွင့်ပေးခြင်းမှာ
ငြင်းမရသော ဆုလာဘ်တစ်ခုပင်။
ဧကရာဇ်၏ စကားသံသည် ခမ်းနားသော အခမ်းအနားခန်းမအတွင်း ဟိန်းထွက်သွားသည်။
ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက်
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
တီးတိုးသံများက ရေလိုဖြတ်သန်းစီးဆင်းနေချေသည်။
"သူနဲ့ ထိုက်တန်တဲ့ အဖော်...?”
"အရှင်မင်းကြီးက... လက်ထပ်ထိမ်းမြားဖို့ ရည်ညွှန်းနေတာလား?"
"ဒါဆိုရင် ဒါက တော်ဝင်ကံစပ် လက်ထပ်မိန့် ပေါ့?"
မျက်နှာများစွာ တောင့်တင်းသွားကြ၏
အချို့မှာ မယုံနိုင်သဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
အကြီးအကဲအချို့မှာမူ ထိုစကား၏ နောက်ကွယ်ရှိ လေးနက်မှုကို ချက်ချင်းသဘောပေါက်ကာ အကြည့်ချင်း ဖလှယ်
လိုက်ကြသည်။
တော်ဝင်လက်ထပ်မိန့်။
၎င်းကို ပိုင်ကျီဟန်ထံသို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
ဒုက္ခိတဆီသို့
တီးတိုးသံများ စူးရှလာ၏
"ဟင်း... ကျင့်စဉ်ပျက်သွားရင်တောင် ပိုင်ကျီဟန်က ပိုင်ကျီဟန်ပဲ"
"ကံကောင်းလိုက်တဲ့ ကောင်စုတ်”
"မင်းသမီးတစ်ပါးနဲ့ လက်ထပ်ရမှာတဲ့... အဲ့ဒီလို အလှမျိုးနဲ့ဆိုတော့ ပိုတောင် ကံကောင်းသေးတယ်"
"နဝမမြောက်မင်းသမီးက အခုဆိုရင် လှရုံတင်မကဘူး၊ ကြောက်စရာကောင်းလောက်အောင်လည်း အရည်အချင်း ရှိလာတာတဲ့"
"သူ ကျင့်စဉ် ပျက်သွားခဲ့ရင်တောင်မှ၊ ပိုင်မျိုးနွယ်စုနဲ့ တော်ဝင်မိသားစုရဲ့ ထောက်ပံ့မှုရှိနေရင် သူ့ရဲ့ အဆင့်အတန်းက ကျဆင်းသွားမှာ မဟုတ်ဘူး"
မနာလိုမှု အငွေ့အသက်များက ခန်းမအတွင်းရှိ ကျင့်ကြံသူများကြားတွင် အဆိပ်ငွေ့ကဲ့သို့ ပျံ့နှံ့သွားသည်။
အချို့မှာ လက်သီးကို တင်းတင်းဆုပ်ထားကြ၏
အချို့မှာမူ ဟန်ဆောင်အပြုံးများဖြင့် ကြည့်နေကြသည်။
လူငယ်အများစုမှာမူ ခါးသီးမှုကို ခံစားနေရ၏။
သူတို့တစ်သက်လုံး ကြိုးစားအားထုတ်ခဲ့ရသမျှကို ပိုင်ကျီဟန်မှ အရာအားလုံး ဆုံးရှုံးသွားသည့်တိုင်အောင် လက်တစ်ကမ်းဖြင့် ရရှိနေသည် မဟုတ်ပါလော
သို့သော် ထိုပြောဆိုသံများကြားမှပင်
"ဒါဆို... ချူကျီယန် ကရော ဘယ်လိုဖြစ်မလဲ?"
"ဟုတ်သားပဲ၊ သူတို့ကြားမှာ စေ့စပ်ကြောင်းလမ်းထားတာ ရှိသေးတယ်မလား”
"ချူမျိုးနွယ်စုရဲ့ ချူကျီယန်လေ... သူက ပိုင်ကျီဟန်ရဲ့ စေ့စပ်ထားတဲ့သူ မဟုတ်ဘူးလား?"
"ဟင်း... သူကိုယ်တိုင်လည်း ကံကောင်းတယ်လို့ မှတ်ရမှာပဲ။ ကျင့်စဉ်ပျက်နေတဲ့သူတစ်ယောက်နဲ့ ဆက်ပြီး စေ့စပ်မထားရတော့ဘူးလေ။ မင်းသမီးအတွက် ဒီစေ့စပ်ပွဲကို ဖျက်သိမ်းပေးလိုက်မယ်ဆိုရင် တော်ဝင်မိသားစုရဲ့ မျက်နှာသာပေးမှုကိုတောင် ရနိုင်သေးတယ်"
မျှော်လင့်ချက်ဖြင့် သူတို့၏ သမီးပျိုများကို ပိုင်ကျီရန်ထံ ကမ်းလှမ်းခဲ့ဖူးကြသော်လည်း အားလုံး သိထားကြသည့် အချက်တစ်ချက် ရှိသည်
၎င်းမှာ ပိုင်ကျိဟန်နှင့် ချူကျီယန်တို့အကြားက စေ့စပ်ကြောင်း လမ်းမှုမှာ ယခုတိုင် အတည်ဖြစ်နေဆဲဟူ၍ ဖြစ်သည်။
သို့ဆိုလျှင် ယခု ဘာဆက်ဖြစ်မည်နည်း။
အရင်တုန်းကလိုပဲ နောက်တစ်ကြိမ် ငြင်းပယ်ခံရဦးမည်လား။
သို့မဟုတ် ဧကရာဇ်မင်းမြတ်၏ ချီးမြှင့်မှုကို လက်ခံအသိအမှတ်ပြုမည်လား။
အကြည့်အချို့သည် အလိုအလျောက်ပင် ချူမျိုးနွယ်စု ထိုင်နေသည့်နေရာဆီသို့ ဝိုင်း၍ စုပြုံရောက်ရှိသွားကြတော့သည်။
ထိုနေရာရှိ
လေထုမှာ သိသိသာသာ အေးစက်နေသည်။
ချူမျိုးနွယ်စု အကြီးအကဲများသည် တည်ငြိမ်အောင် ထိန်းထားသည့်အမူအရာဖြင့်ပင်
အချို့မှာမူ မကျေနပ်ကြပေ
ဤကိစ္စ၏ နောက်ဆက်တွဲ အကျိုးအမြတ်ကို တွက်ချက်နေကြသည်။
ထိုအရာအားလုံး၏ အလယ်ဗဟိုတွင်မူ
ချူကျီယန်
သူမသည် ကျောကို မတ်မတ်ဆန့်ကာ ဂုဏ်သိက္ခာရှိရှိ ထိုင်နေ၏
ဝတ်ရုံအင်္ကျီလက်အောက်ရှိ သူမ၏ လက်အစုံမှာမူ တင်းတင်းဆုပ်ထားမိသည်။
သူမ အလွန်အမင်း ဒေါသထွက်နေသည်မှာ သိသာလှပြီး
ဤတစ်ကြိမ်တွင်မူ ဖုံးကွယ်ထားရန်ပင် မကြိုးစားတော့ပေ။
တီးတိုးသံများ ပျံ့နေစဉ် ဧကရာဇ်မင်းမြတ်က ထပ်မံ မိန့်ကြားလိုက်သည်။
"ငါကိုယ်တော် ရှင်းရှင်းလင်းလင်းပဲ ပြောမယ်"
ဧက္ကရာဇ်၏ အကြည့်သည် ခန်းမအနှံ့ဖြန့်ကျက်ပြီး
ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
"ငါကိုယ်တော်က လက်ထပ်ထိမ်းမြားပေးဖို့ ရည်ရွယ်တယ်” သူက ပိုင်ကျီဟန်ကိုကြည့်ရင်း ဆက်ပြော၏ “ ပိုင်မျိုးနွယ်စုက ပိုင်ကျီဟန် နဲ့ ငါ့ရဲ့ နဝမမြောက် မင်းသမီးတို့ကို”
ဝုန်း
ထိုစကားသည် ခမ်းနားသော အခမ်းအနားခန်းမအတွင်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
ကြိုတင် ခန့်မှန်းထားကြသူများပင်လျှင် ရင်ခုန်သံများ မြန်လာကြသည်။
တော်ဝင်လက်ထပ်မိန့်။
ထိုစကားလုံးများ၏ လေးနက်မှုကို လူတိုင်း မချင့်ချိန်နိုင်မီမှာပင်
တည်ငြိမ်ပြီး ပြတ်သားသော အသံတစ်သံက ဟိန်းထွက်လာသည်။ “အရှင်မင်းကြီး”
လူတိုင်း မှင်သက်သွားကြသည်။
ရာနှင့်ချီသော ဦးခေါင်းများက အသံလာရာအရပ်သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့လိုက်ကြသည်။
ချူမျိုးနွယ်စု၏ ထိုင်ခုံနေရာမှ ချူကျီယန်သည် မတ်တတ်ရပ်နေ၏။
တစ်ခန်းမလုံး သေမင်းတမျှ တိတ်ဆိတ်သွားသည်။
ဤကဲ့သို့သော အချိန်တွင် ဧကရာဇ်မင်းမြတ်၏ စကားကို ကြားဖြတ်ပြောခြင်းမှာ
ရာဇဝတ်သင့်သည်အထိ ပြင်းထန်သော လုပ်ရပ်ဖြစ်သည်။
လူအများမှာ အသက်ရှူပင် မှားသွားကြသည်။
အချို့က မျက်မှောင်ကြုတ်ကြ၏
အချို့မှာမူ မယုံနိုင်သဖြင့် မျက်လုံးများ ပြူးကျယ်နေကြသည်။
ချူကျီယန်သည် ရှေ့သို့ တစ်လှမ်းချင်း တက်လာပြီး သူမ၏ ကိုယ်ဟန်အနေအထားမှာ မတ်မတ်ရှိနေကာ တည်ငြိမ်နေသော်လည်း၊ သူမအတွင်းစိတ်၌ တင်းမာနေမှုကိုမူ ဖုံးကွယ်၍မရပေ။
သူမသည် လက်နှစ်ဖက်ကို စုကာ အရိုအသေပြုလိုက်သည်။
"ဒီမျိုးဆက်သစ်က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ကျွန်မရဲ့ ရုတ်တရက် ဆောင်ရွက်မှုကို ခွင့်လွှတ်ပေးတော်မူပါ”
သူမ၏ လေသံမှာ ယဉ်ကျေးသိမ်မွေ့ပြီး တည်ငြိမ်နေ၏
သို့သော် အမှန်တရားမှာ
သူမသည် ကန့်ကွက်လိုက်ခြင်းပင်။
လူတိုင်းက နားလည်လိုက်ချေသည်။
အခြေအနေက ပြောင်းပြန်သာဆိုလျှင်၊ တခြားသူတစ်ယောက်သာဆိုလျှင်
ယခုအချိန်တွင် ထိုသူမှာ ဒူးထောက်နေရပြီ သို့မဟုတ် သွေးအိုင်ထဲ ရောက်နေလောက်ပြီဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အခြေအနေက ထူးခြားနေသည်။ အကြောင်းမှာ
စည်းကို အရင်ကျော်လိုက်သူမှာ ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ဖြစ်နေသောကြောင့်ပင်။
ပိုင်ကျီဟန် နှင့် ချူကျီယန် တို့၏ စေ့စပ်ကြောင်းလမ်းမှုမှာ လျှို့ဝှက်ချက်မဟုတ်ပေ။
မျိုးနွယ်စုနှစ်ခုလုံးကလည်း အသိအမှတ်ပြုထားပြီးသားဖြစ်သည်။
သူတို့မှာ မဟာမိတ်များ ဖြစ်ကြသည်။
၎င်းပြင် ပိုင်မျိုးနွယ်စု ဆိုသည်မှာ တော်ဝင်မိသားစုက အလွယ်တကူ စော်ကားနိုင်သည့် အင်အားစုမျိုး မဟုတ်ပေ။
အခုအချိန်မျိုးတွင်
အထူးသဖြင့် စစ်ပွဲအပြီး ယခုကဲ့သို့ အချိန်မျိုးတွင် ဖြစ်သည်။
ချူကျီယန်အပြုအမူမှာ စော်ကားရာကျသည့်တိုင်
ဧက္ကရာဇ်က သူ့ကိုအပြစ်ပေးမည်လော
ဧကရာဇ်၏ အကြည့်တို့က သူမထံ ကျရောက်လာသည်။
ခန်းမအတွင်းရှိ လေထုမှာ အသက်ရှူကျပ်မတတ် လေးလံနေသည်။
ချူကျီယန်သည် အသက်ကို ခပ်မှန်မှန်ရှူလိုက်ပြီးနောက် ထပ်မံ ပြောကြားလိုက်သည်။
"ဒီလက်ထပ်ပွဲက... မဖြစ်နိုင်ပါဘူး" သူမက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ သူမသည် အရင်ကထက် ပို၍ နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်ပြီး
"အရှင်မင်းကြီး... ပိုင်ကျီဟန်မှာ စေ့စပ်ထားသူ ရှိနှင့်ပြီးသားပါ။ ဒီမျိုးဆက်သစ်က သူ့ရဲ့ စေ့စပ်ထားသူ ဖြစ်ပါတယ်"
သူမ၏ စကားလုံးများတွင် ဒေါသ သို့မဟုတ် စိတ်ခံစားမှုများ ပါဝင်မနေပေ
အမှန်တရားကိုသာ တည်ငြိမ်စွာ တင်ပြနေခြင်းဖြစ်သည်။
"သူ့အပေါ်မှာ နောက်ထပ် လက်ထပ်မိန့်တစ်ခု ချမှတ်ပေးခြင်းက... မသင့်တော်သလို တရားမျှတမှုလည်း မရှိပါဘူး"
တိတ်ဆိတ်ကုန်၏
လေးလံပြီး ဖိနှိပ်ထားသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
လူအများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
အချို့က သူမ၏ သတ္တိကို အံ့ဩနေကြ၏
အချို့ကမူ သူမ၏ ပြတ်သားမှုကို လေးစားနေကြသည်။
သူမသည် မာနကြောင့်လား၊ မနာလိုစိတ်ကြောင့်လား သို့မဟုတ် ထို့ထက်ပို၍ နက်ရှိုင်းသည့် အကြောင်းရင်းတစ်ခုခုကြောင့် ဤသို့ပြုမူနေခြင်းလားဟု အချို့က စိတ်ထဲမှပင် လှောင်ပြောင်သရော်ရင်း တွေးတောနေကြသည်။
ချူမျိုးနွယ်စု၏ အကြီးအကဲများမှာမူ တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်ပြီး သူတို့၏ မျက်နှာပေးကို ဖတ်၍မရပေ။
သူတို့သည် သူမကို ကြားဖြတ်မတားပေ
လူသိရှင်ကြားလည်း မထောက်ခံကြပေ။
သို့သော် သူတို့၏ နှုတ်ဆိတ်နေမှုမှာပင် အဓိပ္ပာယ်များစွာ ဖော်ဆောင်နေသည်။