← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အပိုင်း (၃၁)

မြို့ထဲတွင် နေသည် အနောက်ဘက်သို့ ယွန်းနေပြီ။ ဝမ်သဲ့က ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း အိုးခွက်ပန်ကန်းလုံးများကို စိတ်မပါ့တပါနှင့် ကြည့်နေလေသည်။ သူ ဒါတွေအားလုံးကို တစ်ခုချင်း တစ်ခုချင်း ဂုဏ်မှုတစ်စိတ်၊ စိတ်ပျက်မှုတစ်စိတ်နဲ့ လုပ်ထားတာလေ။ ဒီနေ့ပြီးသွားရင်တော့ ဒါတွေအားလုံးကို ချောင်ထဲ ထိုးထားရတော့မယ်။

သည်နေ့သည် သူနှင့် ကျန်းယွင်ကျူးတို့ သဘောတူထားသည့် နောက်ဆုံးရက်ဖြစ်သည်။ အမှန်တွင်တော့ ကျန်းယွင်ကျူးလာသည်ဖြစ်စေ မလာသည်ဖြစ်စေ အရေးမကြီးတော့ပေ။ သူမက ပန်းကန်လေး တစ်လုံးနှစ်လုံးလောက် ဝယ်သွားလျှင်တောင် သူ့လုပ်ငန်းကို ကယ်တင်နိုင်လိမ့်မည်မဟုတ်။ ဒါသည် သူ့အတွက် အချိန်ဆွဲနေဖို့ရာ ဆင်ခြေတစ်ခုသက်သက်ပင်။ သူက သူ့လက်မှုပညာအလုပ်ကို မခွဲခွာချင်ရုံသာ။

အခုတော့ သည်ဆင်ခြေကလည်း ပျောက်ကွယ်သွားတော့မည်။ သူသည် မိန်းမနှင့် မိသားစုကို တာဝန်ယူစရာရှိသည်ကိုလည်း သိပါသည်။

ရှိပါစေတော့လေ။ မနက်ဖြန်ကျရင် မိုင်းတွင်းကိုပဲ သွားကြတာပေါ့။ သူစဥ်းစားလိုက်၏။

သည်အခိုက်မှာပင်

“သူဌေး ကျွန်မကို မှတ်မိသေးလား”

ကျွတ်ဆတ်ဆတ်အသံတစ်ခုက မေးလာ၏။

ဝမ်သဲ့က မော့ကြည့်လိုက်သည်။ ကျန်းယွင်ကျူး ပင်။ သူ သူမကို မှတ်မိပါသည်။

“ မိန်းကလေး မင်း အခက်အခဲကို ကျော်လွှားနိုင်ခဲ့ပြီလား” ဝမ်းသာအံ့ဩခြင်းနှင့် သူက မေးလိုက်၏။

“အင်း” ကျန်းယွင်ကျူက ပြုံးပြလိုက်၏။

“အဲဒီမိန်းကလေးက....”

မနက်ဖြန် မိုင်းတွင်းကို သွားမည့် ဝမ်သဲ့၏ဆုံးဖြတ်ချက်မှာ ကျန်းယွင်ကျူးအား ပန်းကန်လုံးများ ကူညီလုပ်ပေးရခြင်းကြောင့် နှောင့်နှေးပေတော့မည်။

“သူဌေး ကျွန်မလိုချင်တဲ့ နေ့လယ်စာထမင်းဘူးမျိုး ရှင့်ဖိုမှာ အရေအတွက်ဘယ်လောက်ထိုးနိုင်လဲ”

ကျန်းယွင်ကျူးက မေးလိုက်၏။

သူမ ဘာပြောချင်တာလဲ။ ဝမ်သဲ့၏နှလုံးသည် မသိမသာခုန်သွားတော့သည်။

“ အခု ၁၀၀ လောက်ပေါ့”

“ဒါဆိုရင် ကျွန်မ ဒီလိုထမင်းဘူးမျိုး အခု၁၀၀ မှာချင်တယ်၊ သူဌေးလုပ်ပေးနိုင်မလား”

အခု ၁၀၀။ ဒါဆို ဝမ် ၇၀၀ ပဲ။ သူက သူမကို စျေးလျှော့ပေးအုံးမယ်ဆိုရင် ဒီအမှာစာကနေ ငွေအများကြီး ရှာနိုင်တယ်။ မိုင်းတွင်းကို သွားတာထက် ပိုပြီး သက်သာတယ်။

ဝမ်သဲ့က အရေးတကြီးမေးလိုက်သည်။

“ မင်း အခု၁၀၀ မှာချင်တာလား”

“အင်း အရင်ဆုံး အခြေအနေကို ကြည့်ရမယ်၊ နောက်ပိုင်းကျရင် ပိုမှာရစရာရှိတယ်”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ မိုင်းတွင်းမှာ စစ်သားနဲ့ လက်မှုပညာသည် ထောင်ချီရှိတယ်လေ။ တစ်ရာက မလောက်ဘူးထင်တာပဲ။

ဝမ်သဲ့မှာ အပျော်လွန်သွားတော့သည်။

“ဒါဆို မင်းအတွက် စျေးလျှော့ပေးပါ့မယ်” သူက အရင်ဆုံး ကမ်းလှမ်းလိုက်လေသည်။

ကျန်းယွင်ကျူးက သူနှင့် စျေးကို မငြင်းတော့ချေ။ ပထမအချက် စျေးက အလွန်စျေးမကြီးပေ။ ဒုတိယအချက် သူမနှင့် သူမအလုပ်ကို မှတ်မိနေသေးသည့် သူဌေးမျိုးက ရှားလေသည်။

ထမင်းဘူး အခု၁၀၀။ ဝမ် ၆၅၀။ ကျန်းယွင်ကျူးက အရေးတကြီးလိုအပ်နေသည်ဟု ကြားလိုက်ရသဖြင့် ဝမ်သဲ့က အိမ်ပြန်ပြီး သူမအတွက် လုပ်ပေးရန် ဆိုင်သိမ်းလိုက်ပြီး သူ့ပစ္စည်းမျာကို ချက်ချင်း ထုပ်ပိုးလိုက်တော့သည်။

ကျန်းယွင်ကျူးက ကုန်ကြမ်းများဝယ်ရန် စျေးသို့သွားလိုက်သည်။ သူမသည် နေ့လယ်စာနှင့် ညနေစာထမင်းဘူးကို ရေရှည်လုပ်မည်ဟု ဆုံးဖြတ်ထားသဖြင့် လိုအပ်သည့်ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားသင့်သည်။ အခုတော့ ရာသီဥတုက အေးလာပြီ။ ညနေခင်းက ဝယ်ထားသည့် ကုန်ကြမ်းများသည် နောက်တစ်နေ့အထိ မပျက်စီးပေ။ ဤနည်းဖြင့် သူတို့သည် မနက်တိုင်း စျေးသို့ အလျင်စလိုသွားစရာမလိုဘဲ သူမလိုအပ်သည့် ပစ္စည်းများကိုသာ ဝယ်နိုင်လေသည်။

နောက်တစ်နေ့မနက်တွင် ကျန်းယွင်ကျူးက ဆိုင်ဖွင့်လိုက်သေးသည်။ သို့သော် သည်နေ့တော့ သူမက အစားအသောက် မရောင်းချေ။ မီးဖိုပေါ်တွင် လက်ဖက်ရည်အိုကြီးတစ်လုံးကိုသာ တည်ထားသည်။

ဝမ်ပင်းနှင့် တခြားသူများ အဖမ်းခံလိုက်ရသော်လည်း ဘာပြင်းပြင်းထန်ထန်မှ ဖြစ်မသွားပေ။ မိုင်းတွင်းရှိ လူတော်တော်များများက ဘာဖြစ်သွားမှန်းပင် မသိကြပေ။ သူတို့သည် မနေ့က စစ်သား အများကြီး ရောက်လာပြီးနောက် အားလုံးကပြန်ထွက်သွားကြသည်ကိုသာ တွေ့လိုက်ရသည်။ ဘဝက ပုံမှန်အတိုင်း ဆက်သွားနေ၏။

သို့သော်ငြား

“သူဌေး မင်း အစားအသောက်တွေ ထပ်မရောင်းတော့ဘူးလား”

လူတစ်ယောက်က ကျန်းယွင်ကျူး၏ဆိုင်သို့ အစားအစာရန် တမင်လာခဲ့ပြီးမှ ဘာမှမရှိသည်ကို တွေ့လိုက်ရလေသည်။

“ကျွန်မတို့ မနက်စာ မရောင်းတော့ဘူးရှင့်၊ ကျွန်မတို့ နေ့လယ်စာနဲ့ ညစာကိုပဲ ရောင်းပါတော့မယ်၊ နေ့လယ်စာအတွက် ဝက်ကင်ထမင်း၊ ကြက်ထမင်းနဲ့ ပဲနှစ်အသားလုံးထမင်း၊ ဒါမှမဟုတ် ဒီမှာ ဟင်းလျာစာရင်းရှိပါတယ်၊ ဧည့်သည်ကြီးက စားချင်တာ ဘာပဲဖြစ်ဖြစ် မှာလို့ရပါတယ်၊ နေ့လယ်ခင်း အဆင်သင့်ဖြစ်ရင် ကျွန်မတို့က ဧည့်သည်ကြီး သတ်မှတ်ထားတဲ့နေရာကို လာပို့ပေးမှာပါ”

ကျန်းယွင်ကျူးက မိတ်ဆက်ပေးလိုက်လေသည်။

မနေ့က ဟင်းသီးဟင်းရွက်များကို ဝယ်ခြမ်းပြီးနောက် သူမက ညတွင်းချင်း ဟင်းလျာစာရင်းတစ်ခု လုပ်လိုက်သည်။ စာရင်းကို နေ့တိုင်း သူမဝယ်လာသည့် ကုန်ကြမ်းများအပေါ် အခြေခံကာ ရေးထားလိုက်သည်။

ဝက်ကင်ထမင်းလို အမျိုးအစားက ထမင်းဟင်းပေါင်းထားသည့် ပထမအမျိုးအစားဖြစ်သည်။ သည်အမျိုးအစားအတွက် ဟင်းတစ်မျိုးသာပါပြီး သာမန်ပန်းကန်လုံးဖြင့် စားသုံးနိုင်သည်။

အမှန်တွင်တော့ ကျန်းယွင်ကျူးက ထမင်းနှင့် တွဲစားရသည့်ပုံစံကိုလည်း စဥ်းစားကြည့်ခဲ့သေးသည်။ သို့သော် ထမင်းပေါ်ပုံစားခြင်းက အမျိုးအစားများစွာ ခွဲရပြီး အလွန်အလုပ်ရှုပ်လေသည်။ မွှေကြော်လေးနှင့် ထမင်းပေါင်းထားသည့် ပုံစံလောက် အဆင်မပြေပေ။ နောက်တစ်မျိုးကို ထုပ်ပိုးပြီးသည်နှင့် ချက်ချင်းရောင်းချနိုင်သည်။ ဒါက ရိုးရှင်းသည်။

လူတချို့က ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် စိတ်ပျက်သွားသော်လည်း တချို့ကတော့ နေ့လယ်စာကို အလွန်စိတ်ဝင်စားသွားပြီး စျေးနှုန်းကို မေးကြသည်။

“ ဝက်ကင်ထမင်းတစ်ပန်းကန်က ၁၃ ဝမ် ၊ ကြက်ထမင်း တစ်ပန်းကန်က ၁၁ ဝမ်၊ ပြီးတော့ ပဲနှစ်အသားလုံးထမင်းက ၁၂ဝမ်ပါ”

မိုင်းလုပ်သားအားလုံးက စျေးကြားပြီး ဝမ်းနည်းသွားကြပြန်သည်။ သူတို့သည် တစ်နေ့ ပင်ပင်ပန်းပန်းလုပ်မှ ဝမ်၂၀ သာရကြသည်။ စွပ်ပြုတ်တစ်ပန်းကန်နှင့် ပေါက်စီက ၃ဝမ်သာကျသည်။ သူတို့သည် တစ်ခါတလေ စားသောက်နိုင်ကြသေးသည်။ သည်ထမင်းတစ်နပ်ကတော့ သူတို့သည် ဝယ်စားဖို့ရာ အမှန်ပင် နှမြောနေမိသည်။

ကျန်းယွင်ကျူးကတော့ ပြုံးလျက်ပင်။ သူမ၏ညစာအတွက် အဓိကဧည့်သည်များမှာ မိုင်းလုပ်သားများ မဟုတ်ဘဲ စစ်သားနှင့် လက်မှုပညာရှင်များ ဖြစ်လေသည်။

သေချာပါသည်။ တချို့စစ်သားများက ထိုသတင်းကို ကြားပြီး တစ်နပ်လောက်ဝယ်စားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ၁၃ဝမ်က တတ်နိုင်သည့်ပမာဏပင်။ အဓိကအကြောင်းအရင်းမှာ ကျန်းယွင်ကျူး၏ စွပ်ပြုတ်၊ ပန်ကိတ်၊ ပေါက်စီ အားလုံးက အလွန်အရသာရှိသည်။ ဒီထမင်းတစ်နပ်ကလည်း ဆိုးဝါးလိမ့်မည်မဟုတ်ဟု ခန့်မှန်းလိုက်ကြသည်။

ထို့အပြင် ကျန်းယွင်ကျူးသည် မွှေကြော်လုပ်ပေးပြီးကတည်း လုံခြုံရေးစစ်သားများကြားတွင် အနည်းငယ် နာမည်ရပြီးဖြစ်သည်။ ဒုစစ်သူကြီးကျောက်နှင့် တခြားသူများ နေ့တိုင်းစားနေသည့် အစားအသောက်က အလွန်အရသာရှိသော်လည်း ကျန်းယွင်ကျူးလုပ်ပေးထားမှန်းကိုတော့ လူတော်တော်များများက မသိကြပေ။ အခုတော့ သူတို့ သိသွားကြသဖြင့် တစ်ပွဲလောက် မှာစားကြည့်သည်က ထုံးစံပင်။

“ကျွန်တော် ဝက်ကင်ထမင်းတစ်ပွဲယူမယ်”

“ကျွန်တော်က ပဲနှစ်အသားလုံးထမင်း”

“ စာရင်းထဲမှာ ဘာဟင်းလျာတွေ ပါတာလဲ၊ ကျွန်တော် စာမဖတ်တတ်ဘူး”

အသားမဲမဲ ပိန်ပိန်ပါးပါးလူက မေးလိုက်၏။ သူသည် တောင်ပေါ်က သံရည်ကျိုပညာရှင်တစ်ယောက် ဖြစ်လေသည်။ ဒါသည် ပညာသားပါသည့် အလုပ်တစ်ခုဖြစ်ပြီး လစဥ်ဝင်ငွေကလည်း အလွန်မြင့်လေသည်။

ဘေးတွင်ရပ်ကာ ကျန်းလင်က သူ့ကို ဟင်းလျာစာရင်းဖတ်ပြလိုက်သည်။

အသဲကြော်ပါသည်ဟု ကြားလိုက်ရသည်တွင် သူက ချက်ချင်းပြောလိုက်၏။

“ ကျွန်တော့်ကို တစ်ပွဲပေးပါ၊ ကျွန်တော် အသဲကြော်ယူမယ်”

သူ ဒီဟင်းကို အရင်ကတည်းက စားချင်နေတာလေ။ ဒါပေမဲ့ တောင်ပေါ်မှာက ဆိုင် မရှိဘူး။

“ ကောင်းပါပြီ၊ အသဲကြော်တစ်ပွဲ ဝမ် ၂၀ ပါ” ကျန်းယွင်ကျူးက စားပွဲတစ်လုံးရှေ့တွင် ထိုင်နေသည်။ စားပွဲပေါ်တွင် ပစ္စည်းသုံးခုရှိသည်။ ဘယ်ဖက်စွန်တွင် အလျား တစ်ဖဝါးစာ အနံ လက်နှစ်လုံးစာ အရွယ်ရှိသည့် စာရွက်အထပ်လိုက်ရှိသည်။ မှာသည့်အစားအစာတိုင်းကို သူမသည် စာရွက်ပေါ်တွင် နံပါတ်စဥ်နှင့် ဟင်းနာမည်ကို ချရေးထားသည်။ ထို့နောက် သူမက အလယ်ကဖြဲလိုက်ပြီး တစ်ဝက်ကို မှာယူသူအား ပေးလိုက်ပြီး ကျန်တစ်ဝက်ကို သူမကိုယ်တိုင် သိမ်းထားလိုက်သည်။

အစားအသောက်ကို လာပို့ချိန်တွင် လာယူသူက သူ့နံပါတ်စဥ်နှင့် သူလက်ထဲက အမှာစာနှင့် သူမ၏လက်ထဲက အမှစာကို တိုက်ဆိုင်ကြည့်ရမည်။ မှန်ကန်လျှင် ထမင်းဘူးကို ယူသွားနိုင်သည်။

ဒုတိယတစ်ခုမှ သူမထံတွင် စရံငွေပေးထားသူများကို မှတ်ထားသည့် စာရင်းစာအုပ်ဖြစ်သည်။ ဘယ်သူက ဘယ်နေ့တွင် စရံငွေ ဘယ်လောက်ပေးထားပြီး ဘယ်သူက ဘယ်နေ့တွင် ဘာအစားအသောက်မှာခဲ့ပြီး ဘယ်လောက်သုံးခဲ့ကာ ဘယ်လောက်ကျန်သေးသည်ကို ရှင်းလင်းနေအောင် ရေးထားသည်။

တတိယတစ်ခုမှာ ငွေစများကို အလေးချိန်ရာတွင် အထူးအသုံးပြုသည့် ချိန်ခွင်ငယ်လေးတစ်ခု ဖြစ်သည်။

သည်ပစ္စည်းသုံးမျိုးနှင့် သူမသည် ဆိုင်ရှင်တစ်ယောက်နှင့် တူနေတော့သည်။

စာလုံးများကို သင်ယူရာတွင် သူမသည် ကုယန်ကျိုးရှေ့တွင် အလွန်သတိထားနေစရာမလိုခဲ့ချေ။ သူမသည် လူနာမည်၊ ဟင်းနာမည်နှင့် ဂဏန်းများကို ရက်နည်းနည်းလောက်သာ လေ့လာခဲ့ပြီးနောက် ပြန်အသုံးချလိုက်တော့သည်။ အကယ်၍ ကုယန်ကျိုးက တကယ်မေးလာခဲ့လျှင်လည်း သူမကတော့ မစိုးရိမ်ပေ။

သုံးနှစ်အရွယ် ပါရမီရှင်ကလေးတွေတောင် ရှိသေးတာလေ။ ဒီတော့ သူမက ပိုပြီး ဉာဏ်ကောင်းလို့ ရနိုင်တယ်မလား။

ခဏအကြာအတွင် ၁၂ယောက်မကသည်လူများက ထမင်းဘူးမှာကြပြီး ဝမ်၃၀၀နီးပါး သူတို့လက်ထဲ ရောက်လာလေသည်။ ကုန်ကျစရိတ်ကို နုတ်လိုက်ပြီးနောက် သူတို့သည် ဝမ်၁၀၀ခန့် ရှာနိုင်ခဲ့ကြသည်။ ဒါသည် မနက်စာရောင်းရငွေ၏ အမြတ်ငွေတဝက်ဖြစ်သည်။ သူမဘေးက အမျိုးသမီးချန်မှာ နောက်ဆုံးတော့ စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။

သည်နေ့ အစားအသောက်မရောင်းသဖြင့် လာစရာတော့ မလိုပေ။ သို့သော် သူမက စိတ်ပူနေမိသည်။ ထို့ကြောင့် လိုက်လာခဲ့လိုက်သည်။ အခုတော့ လုပ်ငန်းက သည်လောက်အဆင်ပြေနေသဖြင့် သူမက ကျန်းယွင်ကျူးကို ပြောလိုက်လေသည်။

“ဒါဆို သမီးနေလိုက်အုံး၊ အမေ ပြန်ပြီး သမီးတို့အတွက်မနက်စာ ပြင်လိုက်အုံးမယ်၊ သမီးဘာစားချင်လဲ”

သည်နေ့ လုပ်ငန်းအသစ်ကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပြီလေ။ ပြီးတော့ သူမက အားလုံးအတွက် အရသာရှိတဲ့ အစားအသောက်တချို့ လုပ်ပေးဖို့ ဆုံးဖြတ်ထားတယ်။

“အမေ့သဘောပါ” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

အမျိုးသမီးချန်က စိတ်ကူးတစ်ခုရသွားပြီး ချက်ပြုတ်ရန် အိမ်သွားတော့သည်။

သူမ ထွက်သွားပြီး မကြာခင်တွင် လူသုံးယောက် ထိုနေရာသို့ ရောက်လာခဲ့ကြသည်။ သူတို့သည် ဒုစစ်သူကြီးကျောက်တို့ သုံးယောက်အပြင် တခြားမဟုတ်ပေ။ သူတို့သည် မနေ့က ဖြစ်ခဲ့သည့်အရာများကြောင့် တအံ့တဩဖြစ်နေကြသည်။ နောက်တော့ စစ်တပ်က ချက်ချင်း ရောက်လာပြီး ချက်ချက်း ပြန်ထွက်သွားကြသည်။ သူတို့နှင့် လုံးဝမသက်ဆိုင်သည့် ကိစ္စပင်။

နောက်ပိုင်း နည်းနည်းကြာမှ ဖြစ်ပျက်သွားသည့်အကြောင်းအရာကို သိလိုက်ကြလေသည်။

စစ်သူကြီးကြီးဝမ်နှင့် ကျူးလျန့်တို့က သတ္တုရိုင်းတချို့ကို လျှို့ဝှက်ကာ ထိန်ချန်ထားပြီး မင်းသားခြောက်ကို ပေးခဲ့သည်တဲ့။

သတ္တုရိုင်းက တားမြစ်ထားသည့်အရာပင်။

နာမည်ကြီး ချီလင်သက်တော်စောင့်များပင် ရောက်လာခဲ့သည်က မဆန်းတော့ပေ။

ထိုအကြောင်းကို ကြားလိုက်ကြပြီးနောက် သူတို့သည် ဆက်ပြီး မစုံစမ်းရဲကြတော့ပေ။ သူတို့သည် ခဏလောက် သက်ပြင်းချလိုက်ကြပြီးမှ ဘာတရားမဝင်အလုပ်မှ မလုပ်ကြဖို့သာ ဆုံးဖြတ်လိုက်ကြလေသည်။ သို့မဟုတ်လျှင် အနှေးနှင့် အမြန် ဇာတ်သိမ်းလှမည် မဟုတ်ပေ။

ဘဝကတော့ ဆက်ရှင်သန်ရအုံးမည်။ အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် နန်းတော်က စစ်သူကြီးအသစ်တစ်ယောက် လွှတ်လိုက်လေသည်။ ပုံမှန်အတိုင်း ဆက်လုပ်ရုံသာ။

စားစရာရှိတာတော့ စားရပေအုံးမည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ဝမ်ပင်းသည် သူတို့ကို တစ်နေ့ သုံးကြိမ်လောက် ဒုက္ခပေးခဲ့ပြီး သူတို့အတွက်လည်း လုံလောက်သွားပြီ။ သည်နေ့တော့ ဘာမှလုပ်စရာမရှိတော့ပေ။ ထို့ကြောင့် သူတို့သည် တောင်ခြေသို့ ဆင်းဖို့ ချက်ချင်းဆုံးဖြတ်လိုက်ကြပြီး မနက်စာအတွက် ကျန်းယွင်ကျူး၏ဆိုင်သို့ ရောက်လာကြလေသည်။

“ မနက်စာ မလုပ်တော့ဘူးဟုတ်လား”

ဒုစစ်သူကြီးကျောက်၏ နွားမျက်လုံးက ပြူးထွက်လာ၏။

“အင်း နေ့လယ်စာနဲ့ ညစာပဲ လုပ်ပါတော့တယ်”

ကျန်းယွင်ကျူးက ခုနကပြောခဲ့သည့် စကားကို ထပ်ပြောလိုက်သည်။

ဒုစစ်သူကြီးကျောက်မှာ အနည်းငယ်စိတ်ပျက်သွားတော့သည်။ သို့သော် ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် ... မဆိုးပါဘူး။ သူတို့တွေ ညနေခင်းမှာလည်း အရသာရှိတဲ့ အစားအသောက် စားလို့ရတာပဲ။ မနက်စာကိုတော့ တစ်ခုခုမှာစားလိုက်လည်း အဆင်ပြေတယ်။

သူတို့သည် သူတို့အစားအသောက်များကို မှာလိုက်ပြီး မနက်စာစားရန် တခြားဆိုင်ကို သွားလိုက်ကြသည်။ နည်းနည်းလောက်ပတ်ရှာလိုက်ပြီးနောက်တွင် ကျန်းယွင်ကျူး၏ အစားအသောက်လောက် မကောင်းကြသည်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူတို့သည် သည်အတိုင်း နည်းနည်းပါးပါး ဝယ်ခြမ်းပြီး တောင်ပေါ်ပြန်တက်ကာ နေ့လယ်စာကို စောင့်နေလိုက်ကြတော့သည်။

သည်အချိန်တွင် နောက်ထပ်လူနှစ်ယောက်က ကျန်းယွင်ကျူး၏ဆိုင်သို့ ရောက်လာပြန်သည်။

“ဧည့်သည်တို့”

ကျန်းယွင်ကျူးက မော့ကြည့်လိုက်သော်လည်း နေရာတွင်ပင် ငေးကြောင်ကြောင်ဖြင့် ရပ်နေလိုက်မိသည်။

သူမဆီက နေ့တိုင်း အစားအသောက်ဝယ်နေကျ မျက်လုံးဝိုင်းဝိုင်းနှင့်ယောက်ျား ဖြစ်သည်။ သူက ချီလင်သက်တော်စောင့်မှန်း သူမ ခန့်မှန်းမိသည်။ ဘာလို့လဲ။ ရှန်ဖုန်းမင်က ပြန်သွားနှင့်ပေမဲ့ သူတို့နှစ်ယောက် ဘာလို့ ဒီနေရာမှာ နေခဲ့တာလဲ။ သူမ အရင်က ခန့်မှန်းချက် မှားသွားတာလား။

သူမ ခန့်မှန်းချက်က မမှားပေ။ နျဲ့ရှင်းတို့နှစ်ယောက်သည် ချီလင်သက်တော်စောင့်များ ဖြစ်ကြသည်။ သူတို့တွေက နေ့တိုင်း ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့အတွက် အစားအသောက် လာဝယ်ပေးနေကျလေ။ သူတို့တွေလည်း မနေ့ကတည်းက ရှန်ဖုန်းမင်နဲ့ လိုက်ပြန်သွားရမှာ။ ဒါပေမဲ့ ဆန်ဝယ်ဖို့ပါလို့ ယန်ရှန့်ကို ဘယ်သူက လိမ်ခိုင်းလိုက်လို့တုံး။

ယန်ရှန့်က သူတို့နှစ်ယောက်ကို နေခဲ့ခိုင်းပြီး ဒီကိစ္စကို ဖြေရှင်းခိုင်းလိုက်တယ်လေ။

နှစ်ယောက်သားက လိမ်ထားတာတွေကို အဆုံးထိလိုက်ရှင်းရင်း ယန်ရှန့်ကို ကူညီပေးဖို့လိုတယ်လေ။ ဆန်တွေ အဲလောက်အများကြီးစုပြီး မြို့တော်ကို ပြန်ဖို့က တကယ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့တွေက ဆန်ကုန်သည်တစ်ယောက်ကို ရှာပြီး သူ့ဆီမှာပဲ ဆန်တွေကို တိုက်ရိုက်ရောင်းခဲ့ရတာပေါ့။

ဟိုလှည့် သည်လှည့်နဲ့ပဲ အချိန်က ကုန်သွားလေရဲ့။

အခုတော့ အားလုံးပြီးသလောက်ရှိသွားပြီလေ။ နှစ်ယောက်သားက ပြန်ချင်ပေမဲ့ ရုတ်တရက်ကြီး ရက်ပေါင်းများစွာ ရှူရှိုက်ခဲ့ရပေမဲ့ မြည်းတောင်မကြည့်ခဲ့ရတဲ့ အနံ့ကို သတိရသွားကြတယ်။ သူတို့တွေက မပြန်ခင် ဆိုင်မှာ သွားမယ်ဆိုမှ တိုက်ဆိုင်သွားတော့တာပဲ။ ဒီတစ်ခါတော့ ဒုတပ်မှူးက သူတို့ကို ထိန်းချုပ်လို့ မရနိုင်တော့ဘူးလေ။ ဟုတ်တယ်မလား။

ဒါကြောင့် သူတို့ ရောက်လာခဲ့တာပေါ့။

ကျန်းယွင်ကျူးက တစ်ပုံစံတည်း ရှင်းပြလိုက်လေသည်။ သူမသည် သည်နေ့ မနက်စာမရောင်းတော့ဘဲ နေ့လယ်စာနှင့် ညစာကိုသာ ရောင်းချတော့မည်။

နှစ်ယောက်သားက အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့ ဘာလုပ်ကြမလဲ။ နေ့လယ်စာစားပြီးမှ သွားကြရင်ကော။ ခရီး အလျင်လိုနေတယ်ဆိုပေမဲ့ အချိန်မီတော့ ရောက်မှာပါ။

နှစ်ယောက်သားသည် နေလိုက်ကြတော့သည်။ သူတို့သည် သည်တစ်နပ်ကို စွဲလမ်းနေသည်ကို မြင်နိုင်လေသည်။ အမှန်တွင်တော့ သူတို့နှစ်ယောက်တည်း မဟုတ်ပေ။ ကျန်သည့် ချီလင်သက်တော်စောင့်များကလည်း စားချင်ခဲ့ကြသည်။ သို့သော် ကံဆိုးချင်တော့ သူတို့တွေ အခွင့်အရေးတစ်ခုပင် မရလိုက်ခဲ့ချေ။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး နှစ်ယောက်သားက နေခဲ့ရသည်က ကောင်းသည့်ကိစ္စတစ်ခုဟု ခံစားမိသွားတော့သည်။ ဒီတစ်နပ်က တကယ်ပဲ အဲလောက်အရသာရှိသလားကိုသာ မသိတာလေ။ တပ်မှူးကတောင် နေ့တိုင်းစားတယ်ဆိုတော့။

ရှားရှားပါးပါး အရသာပဲဖြစ်ရမယ်။

အင်း။ သူတို့တွေ စားသောက်ပြီးသွားရင်တော့ မြို့တော်ကို ပြန်ရောက်တဲ့အခါ သူတို့ညီအစ်ကိုတွေကို သွားကြွားရမယ်။ အဲ... ကောင်းကြောင်းပြောပြရမယ်။

...

အပိုင်း (၃၂)

မနက် ၇နာရီတွင် ကျန်းယွင်ကျူးက စားပွဲကို သိမ်းကာ အိမ်ပြန်လာခဲ့တော့သည်။ အမျိုးသမီးချန်က မနက်စာကို ပြင်ဆင်ထားနှင့်ပြီးပြီ။ မှန်ပါသည်။ သည်နေ့မနက်စာက ခါတိုင်းထက် ပိုပြီး အမယ်စုံလင်လှသည်။ ကြက်ဥမွှေကြော်တစ်ပန်းကန်ပင် ပါသေးသည်။

လှီးထားသည့် ကြက်သွန်မြိတ်နှင့်ဆားကို ကြော်ထားသည့် အဝါရောင်ကြက်ဥပေါ်တွင် ဖြူးထားသည်။ တခြားဟင်းခတ်အမွှေးအကြိုင်များ ထပ်မထည့်တော့ဘဲနှင့်ပင် အရသာရှိနေသည်။

မနက်စာစားပြီးနောက် ကျန်းယွင်ကျူးက အမှာစာများကို စီလိုက်ပြီး သူမစိတ်ထဲတွင် ချက်ပြုတ်ရမည့် အစီအစဥ်ကို အစီအစဥ်ချလိုက်လေသည်။ အသားကို အရင်နှပ်ထားရမယ်။ ပြီးရင် အသားလုံးအတွက် အသားနုပ်နုပ်စဉ်းရမယ်၊ ကြက်သားကို လေးထောင့်တုံးလေးတွေ တုံးထားရမယ်၊ ငါးနှပ်ရမယ် ပြီးတော့.....

အစီအစဥ်ချလိုက်ပြီးနောက်တွင် သူမ၏စိတ်ထဲ၌ အားလုံးကို စဥ်းစားပြီးသွားတော့သည်။

“ စုစုပေါင်း ၅၃၂ ဝမ်”

ဘေးတွင် အမျိုးသမီးချန်က ငွေကို နှစ်ကြိမ်လောက် ရေတွက်လိုက်ပြီးနောက် မှန်ကန်သည့်ငွေပမာဏ ရသွားတော့သည်။ ၅၃၂ ဝမ် တဲ့။ သူတို့တွေ ဝမ် ၂၀၀ လောက်ကို ရှာခဲ့တာပဲ။ ပြီးတော့ ဒါက နေ့လယ်စာပဲ ရှိသေးတယ်။ ညနေစာပါ ပေါင်းလိုက်ရင်း တစ်နေ့ ဝမ် ၄၀၀ကျော် ရှာနိုင်မှာလား။

ကျန်းချိန်မှာ တစ်လလုံး ပင်ပင်ပန်းပန်းလုပ်မှ ဝမ် ၆၀၀ ပဲ ရှာနိုင်တာလေ။

အမျိုးသမီးချန်သည် တဒင်္ဂအတွင်း သူမ၏စိတ်တို့က အနည်းငယ်ဝေဝါးသွားတော့သည်။ ဒါက တကယ်ရော ဟုတ်ရဲ့လား။

ဒီလိုသာဆိုရင် သူတို့တွေ မြည်းလှည်းတစ်စီး ဝယ်ဖို့ မခက်တော့သလိုပဲ။

အခက်အခဲလား။ ဒါက အရင်က သူတို့အိပ်မက်ထဲမှာတောင် ဘယ်တော့မှ မစဥ်းစားရဲခဲ့တဲ့ ကိစ္စပဲ။

သူမက စုဘူးကို ကိုင်ပြီး ငွေထပ်ရေနေသည်ကို မြင်လိုက်ရသည်တွင် ကျန်းယွင်ကျူးက ပြုံးကာ ခေါင်းခါလိုက်တော့သည်။ အိပ်မက်ထဲတုန်းက သူမက အန်းဖင်နယ်စားအိမ်တော်မှာ ဆိုင်ပေါင်းများစွာနဲ့ လုပ်ငန်းတွေ အများကြီးကို ဦးစီးခဲ့ရတာတောင် သူမအမေလို မလုပ်ခဲ့ဖူးဘူးလေ။

ဒါပေါ့။ သူမကလည်း ထပ်ပြီး အဲလောက် အပင်ပန်းမခံချင်တော့ပါဘူး။

သူမရဲ့လက်ရှိပန်းတိုင်က စားသောက်ဆိုင်တစ်ခု ဖွင့်ပြီး၊ စားဖိုမှူးနှစ်ယောက်လောက် ငှားမယ်၊ သူမ ချက်ချင်တဲ့အချိန် ချက်မယ်၊ ပြီးတော့ ဘဝကို သာသာယာယာပဲ အသက်ရှင်မယ်။ ကြီးမားတဲ့ချမ်းသာကြွယ်ဝမှုတွေကို မရှာဖွေဘူးဆိုပေမဲ့ အေးအေးချမ်းချမ်းနဲ့ နေနိုင်အောင်တော့ ရှာဖွေရမယ်။

ဒါမှမဟုတ် ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် လုပ်ရမယ်၊ အရသာအရှိဆုံး ဟင်းလျာတွေကို ချက်ပြီး အလှပဆုံးဝိုင်ကို သောက်ရမယ်...

“ယွင်ကျူး အမေ မှားများနေလားမသိပါဘူး၊ သမီး ထပ်တွက်ကြည့်ပါအုံး”

သူမ၏စိတ်ကူးကို ဖြတ်တောက်လိုက်ပြီး အမျိုးသမီးချန်က ကျန်းယွင်ကျူးအား စုဘူးကို လှမ်းပေးကာ ငွေထပ်ရေခိုင်းလေသည်။

ကျန်းယွင်ကျူးက စုဘူးကို သူမ၏ပေါင်ပေါ်တွင် တင်လိုက်ပြီး ဘူးထည့်လက်ထည့်လိုက်ကာ ဝမ်ငွေများကို မွှေကြည့်လိုက်သည်။ သို့သော် သူမက မရေတွက်လိုက်ပေ။ သူမက ဝမ်ငွေများ တိုက်မိပြီး ထွက်လာသည့်အသံကို နားထောင်ချင်ရုံသာ။ အင်း။ ဒါတွေသာ ငွေသားတွေဆိုရင် အသံက ပိုကြည်လင်ပြီး နားထောင်လို့ ပိုနားဝင်ချိုမှာပဲ။

အမျိုးသမီးချန်က အသံကိုကြားလိုက်ချိန်တွင် သူမလည်း သွားများပေါ်သည်အထိ ပြုံးလိုက်တော့သည်။

“အမေတို့တွေ ငွေလုံလောက်အောင် စုပြီးသွားရင် အရင်ဆုံး မြည်းလှည်းတစ်စီး ဝယ်ကြမလား”

အမျိုးသမီးချန်က ကျန်းယွင်ကျူးကို မေးလိုက်၏။

“အင်း”

“ဒါဆို ငွေပို ငွေလျှံရှိလာရင်ကော”

....

နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးက ဟင်းများကို ချက်ပြုတ်လိုက်သည်။ ကျန်းလင်နှင့် အမျိုးသမီးချန်တို့နှင့်အတူ သူမက ထမင်းဘူး သွားပို့လိုက်သည်။ သူမအတွက် အဓိကတာဝန်မှာ ညနေစာအတွက် အမှာစာများကို ချရေးထားခြင်းပင်။

သည်အချိန်တွင် သူမသည် ခေတ်သစ် အစားအသောက်မျာသည့် ဆော့ဖ်ဝဲကို အလွန်အားကျသွားတော့သည်။ တစ်ဖက်က ဖုန်းနှင့် အော်ဒါမှာပြီး တခြားဘက်က ရောင်းသူက အမှာစာကို လက်ခံပေးသည်။ သူမနှင့်မတူပေ။ သူမကတော့ ကိုယ်တိုင်သွားနေရသည်။

“အစ်မ ကျွန်တော် အခုပဲ ဒီစာလုံးတွေကို ကျက်လိုက်မယ်၊ ကျွန်တော် ဒီစာတွေ အလွတ်ရသွားရင် အမှာစာကို လက်ခံပေးမယ်၊ ဒါဆို အစ်မလည်း ပြေးလွှားနေစရာ မလိုတော့ဘူးပေါ့” ကျန်းလင်က အလေးအနက် ပြောနေလေသည်။

ကျန်းယွင်ကျူးက သူ့နဖူးကို လက်ဖြင့်တောက်လိုက်၏။ စာကျက်မယ်တဲ့လား။ စောပါသေးတယ်လို့။ ကျန်းယွင်ရွှယ် လေသံနဲ့ ပိုတူတယ်။ ကျန်းယွင်ရွှယ်က စာပေနဲ့ အရေးမှာ အရမ်းအရည်အချင်းရှိတာ သူမ သတိထားမိတယ်လေ။ ပြီးတော့ သူမက စာလေ့လာရတာ သဘောကျတယ်။ သူမက မနက်ကနေ ညအထိ စာပဲလေ့လာနေတာ။ သူမက စာကို မြန်မြန်ဆန်ဆန် သင်ယူနိုင်တာ သဘာဝပဲပေါ့။

နေ့လယ်ခင်းတွင် အစားအသောက် ပို့ပေးသည့်အလုပ်က အမှားအယွင်း မရှိခဲ့ချေ။ အစားအသောက်မှာသူတိုင်း သူတို့၏ ကိုယ်ပိုင်အစားအသောက်များ ရခဲ့ကြသည်။

မိုင်းတွင်းတစ်ခုလုံးတွင် ဖြန့်ဆောက်ထားသည့် စုစုပေါင်း ထမင်းစားခန်း ၆ခန်း ရှိသည်။

ထမင်းစားခန်းက အခမဲ့အစားအသောက်က အချိန်နှင့်အမျှ အမှန်ပင် ခိုကပ်ပြီး ရနိုင်သည့် ပစ္စည်းများနှင့်သာ ချက်ပြုတ်တတ်သည်။ တချို့ အာလူးကြီးများကို အခွံပင်မခွာဘဲ အိုးထဲ ပစ်ထည့်လိုက်သည်။ မုန်လာထုပ်အိုးကလည်း ဆီလုံးဝမပါချေ။

ထိုဟင်းကို စားလို့ရရုံလောက်သာ ချက်ပြုတ်ထားသည်ဟု ဆိုနိုင်သည်။ အရောင်အသွေး အရသာ မရှိချေ။

အစားအသောက်နဲ့တောင် မတူဘူး။ တကယ့်ကို ချွေတာလိုက်တာမှ လွန်ရော။

သည်နေ့ ထမင်းစားခန်းက အနည်းငယ်ပြောင်းလဲနေသည်။ မွှေ့ပျံ့သည့် ရနံ့လှိုင်းတစ်ခုက လူတို့၏ နှာခေါင်းတည့်တည့် ဝင်သွားတော့သည်။

အားလုံးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ၊ အဆီရွှဲရွှဲ တုန်တုန်အိအိ အသားတုံးကို တွေ့လိုက်ရလေသည်။ အဆီအသား မျှမျှတတရှိလှသည်။ သူတို့ဘေးတွင် လတ်ဆတ်နူးညံ့သည့် အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ရှိလေသည်။ ဟင်းသီးဟင်းရွက်ဘေးတွင် အရသာသွင်းထားသည့် ဥတစ်ခြမ်း ပါသေးသည်။ အောက်ဘက်တွက်တော့ ထမင်းဖြူထည့်ထားလေသည်။

တစ်ပန်းကန်ထဲနဲ့ အသားရော အသီးအရွက်ရော။ အဓိကက အသားက ဘာလို့ အဲလောက် မွှေးနေတာတဲ့လဲ။

“ ညီအစ်ကို မင်း ဒါကို ထမင်းစားခန်းက ရခဲ့တာလား” တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ ထမင်းစားနေသူကို မေးလိုက်တော့သည်။

“ထမင်းစားခန်း ဟုတ်လား”

ထိုလူက နှာခေါင်းရှုံ့လိုက်၏။ ထမင်းစားခန်းက ဘယ်လိုလုပ်ပြီး ဒီလောက်အရသာရှိတဲ့ထမင်းတစ်နပ် လုပ်ပေးနိုင်မှာလဲ။

“ တောင်ခြေကနေ မှာထားတာ”

“ တောင်ခြေမှာ အစားအသောက်တွေ မှာလို့ရတယ် ဟုတ်လား၊ ဘယ်လောက်လဲ”

“ ငါမှာခဲ့တဲ့ ဝက်ကင်ထမင်းက တစ်ပန်းကန်ကို ၁၃ ဝမ်”

စျေးမကြီးဘူးပဲ။ မေးခွန်း မေးလိုက်သူက တံတွေးမျိုချလိုက်လေသည်။ တစ်ပွဲလိုက် မှာလိုက်ရမလား။

သည်မြင်ကွင်းသည် ထမင်းစားတိုင်းလိုလိုတွင် ဖြစ်သွားခဲ့လေသည်။ နောက်ထပ်လူတစ်စုက တောင်ခြေတွင် အစားအသောက်မှာနိုင်သည့် ဆိုင်တစ်ဆိုင်ရှိမှန်း သိသွားကြသည်။ အစားအသောက်က အရသာရှိပြီး စျေးကလည်း သင့်လေသည်။

သည်အချိန်တွင် နျဲ့ရှင်းနှင့် သူအဖော်တို့လည်း မနက်က သူတို့မှာထားသည့် အစားအသောက်များ ရသွားကြသည်။ ပန်းကန်လုံးကြီးကို ဖွင့်လိုက်ချိန်တွင် လေပူလှိုင်းတစ်ခုက ပြေးတက်လာ၏။ လေပူများ ပျောက်သွားပြီးနောက်တွင်တော့ ငါးခေါင်းတိုဟူးဟင်းရည်ပန်းကန်လုံးကြီးတစ်ခုကို တွေ့လိုက်ရလေသည်။ ဟင်းရည်က နို့နှစ်ရောင်ဖြူနေပြီး မွှေးပျံ့လွန်းလေသည်။

တခြားနှစ်ပန်းကန်းထဲတွင် ကြက်သားအစပ်နှင့် ကြာစွယ်မွေကြော်တစ်ပန်းကန်ပါသည်။ ကြာစွယ်က အဖြူရောင်ကျောက်စိမ်းလေးနှယ်။ ကြက်သားတုံးကလည်း ကျွတ်ရွရွအရသာအပြည့်ပင်။

နှစ်ယောက်သား တစ်ပြိုင်တည်း တူများကို ကောက်ကိုင်လိုက်ကြလေသည်။ တစ်ယောက်က ငါးတစ်တုံးကို ညှပ်ယူလိုက်ပြီး နောက်တစ်ယောက် တိုဟူးကို ညှပ်ယူလိုက်သည်။ ထို့နောက် သူတို့သည် အချင်းချင်း ကြည့်လိုက်ကြတော့သည်။

လတ်ဆတ်နေတာပဲ။ ဒီငါးကို ဘာငါးညှီနံ့မှာမထွက်အောင် လုပ်ထားတာပဲ။ အရမ်းကို အရသာရှိပြီး နူးအိနေတာပဲ။ တိုဟူးကလည်း အိစက်ပျော့ပြောင်းနေတာပဲ။ နောက်ဆုံးမှာ အရသာအပြည့်ပဲ။ ငါးခေါင်းနဲ့ တိုဟူးအနံ့က ပြီးပြည့်စုံအောင် ရောသွားတာ။ တစ်ကိုက်လောက် စားပြီးရင် ကျန်ခဲ့တဲ့အရသာက စွဲနေရော။

သူတို့နှစ်ယောက်သည် များပြားသည့် အစားအသောက်အတွေ့အကြုံ ရှိကြသဖြင့် သည်ဟင်းလျာက သေချာပေါက် အရသာရှိရမည်ဟု ခန့်မှန်းမိကြသည်။ သို့တိုင် သူတို့သည် သည်ငါးခေါင်း တိုဟူးဟင်းရည်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသေးသည်။

တပ်မှူးနဲ့ ဒုတပ်မှူးတို့က နေ့တိုင်း သူမ လုပ်ထားတဲ့ ဟင်းပွဲတွေ စားခဲ့တာ မဆန်းတော့ပါဘူး။ ဒီလောက်တောင် အရသာရှိနေတာကိုး။ အတွေးက သူတို့နှစ်ယောက်ဆီသို့ တစ်ပြိုင်တည်း ဝင်လာခဲ့လေသည်။

နေ့လယ်စာစားပြီးနောက် ကျန်းယွင်ကျူးက တစ်ရေးအိပ်မည် ပြင်လိုက်စဥ် အပြင်ဘက်က တံခါးခေါက်သံကို ကြားလိုက်ရသည်။

“ဘယ်သူလဲ”

အမျိုးသမီးချန်က ခြံထဲတွင် ညနေခင်းအတွက် ဟင်းရွက်ရွေးနေသည်။ အသံကြားလိုက်သဖြင့် သူမက ထရပ်လိုက်ပြီး ပြန်မေးရင်း တံခါးသွားဖွင့်ပေးလိုက်သည်။

“ကျွန်တော်တို့ပါ၊ ဒီမှာ အစားအသောက်လေး မှာချင်လို့ပါ”

အပြင်ဘက် အမျိုးသားတစ်ယောက်အသံကို ကြားလိုက်ရ၏။

အမျိုးသမီးချန်က အနည်းငယ် အံ့ဩသွားလေသည်။ သူတို့အိမ်အထိ အစားအသောက် လာမှာတယ်တဲ့လား။ ဒါမှမဟုတ် နေ့လယ်က မှာခဲ့တဲ့အစားအသောက်မှာ ပြဿနာရှိလို့ သူတို့တွေ လာရှာကြတာလား။

ကျန်းယွင်ကျူးကလည်း အိမ်ထဲမှ ထိုစကားကို ကြားလိုက်ရသည်။ ထို့ကြောင့် သူမက ထလိုက်ပြီး ဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် ခြံဝင်းထဲသို့ ထွက်လာခဲ့လိုက်သည်။

တံခါးဖွင့်လိုက်ပြီး သူမက တစ်ချက်လှမ်းကြည့်လိုက်၏။ မျက်နှာသိတစ်ယောက်ဖြစ်နေပြီး မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနှင့်လူ ဖြစ်နေသည်။ ချီလင်သက်တော်စောင့်အဖွဲ့ကဟု သူမ ထင်ထားသည့် တစ်ယောက်ပင်။ သူ့ဘေးကတစ်ယောက်ကတော့ သူ့အဖော်ဖြစ်လိမ့်မည်။

ကျန်းယွင်ကျူးကို မြင်လိုက်သည်တွင် နျဲ့ရှင်းက တောင်းပန်လိုက်လေသည်။

“ ကျွန်တော် အနှောင့်အယှက်ဖြစ်သွားလာ မသိဘူး၊ တကယ်တော့လေ ကျွန်တော် မင်းကို အကူအညီတောင်းစရာလေး ရှိလို့ပါ၊ မင်းအတွက် အဆင်ပြေပါ့မလားမသိဘူး”

“ဘာကိစ္စလဲရှင်” ကျန်းယွင်ကျူးက မေးလိုက်၏။

နျဲ့ရှင်းက ပြန်ဖြေလိုက်သည်။

“ ကျွန်တော် နေ့လယ်က မင်းလုပ်ပေးခဲ့တဲ့ အစားအသောက်ကို စားပြီး အရမ်းအရသာရှိတယ်လို့ တွေးမိလို့လေ၊ ကျွန်တော်တို့ ခဏနေ တခြားနေရာကို သွားရတော့မှာ၊ လမ်းမှာ သယ်သွားလို့ရမဲ့ အစားအသောက်မျိုးဖြစ်ဖြစ်၊ အချိန်အကြာကြီး အထားခံတဲ့ အစားအသောက်ဖြစ်ဖြစ် ကျွန်တော်တို့ကို ရောင်းပေးနိုင်မလားလို့ မေးချင်လို့ပါ၊ ကျွန်တော်တို့ လမ်းမှာလည်း စားချင်လို့၊ ပြီးတော့ ကျွန်တော့်မိတ်ဆွေတွေအတွက်လည်း နည်းနည်းပါးပါး ယူပြန်သွားချင်လို့၊ ဒါမှ သူတို့လည်း မင်းရဲ့ဟင်းချက်လက်ရာကို မြည်းလို့ရမှာလေ”

ဒါသည် နျဲ့ရှင်းနှင့် သူ့အဖော်တို့က ငါးခေါင်းဟင်းရည်စားပြီးနောက် တိုင်ပင်ပြီး ရလာသည့် အဖြေပင်။ သူတို့သည် မြို့တော်သို့ ပြန်ရောက်သွားလျှင် သူတို့ညီအစ်ကိုများသည် သူတို့လွဲသွားသည့်အရာက ပြောပြရုံနှင့် မသိနိုင်သည့်အရာဖြစ်ကြောင်း ခံစားမိလိုက်လေသည်။

သူတို့အတွက် နည်းနည်းပါးပါး ယူပြန်သွားပြီး စားကြည့်ခိုင်းမှာ သိသွားလိမ့်မည်။

ဒါပေါ့လေ။ အဓိကအကြောင်းအရင်းက သူတို့တွေလည်း လမ်းမှာ စားလို့ရတယ်လေ။

“ကျွန်တော် မင်းကို ငွေပေးနိုင်ပါတယ်” နျဲ့ရှင်းက ပြောရင်းဆိုရင်း ငွေတစ်စ ထုတ်ပေးလေသည်။

ကျန်းယွင်ကျူးသည် ငွေစ၏အလင်းရောင်ကြောင့် အတွေးတစ်ခု ဖျတ်ခနဲ ဝင်လာတော့သည်။ လမ်းမှာစားလို့ရမဲ့ဟာ။ အချိန်အကြာကြီးအထားခံမဲ့ဟာတဲ့လား။ သူက သူ့မိတ်ဆွေတွေအတွက်လည်း ယူသွားချင်သေးတာတဲ့လား။ သူမသည် နည်းနည်းပါးပါးစဥ်းစားမိသော်လည်း မြို့ထဲတွင် ပါဝင်ပစ္စည်းများ ရနိုင်ပါ့မလားတော့ မသိပေ။

“မိန်းကလေး မင်း အကူအညီလိုရင် ကျွန်တော့်ကိုသာ ပြောလိုက်ပါ၊ မြန်မြန်ရရင် အကောင်းဆုံးပဲ၊ ကျွန်တော်တို့ အလျင်လိုနေလို့ပါ” နျဲ့ရှင်းက ထပ်ပြောလိုက်၏။

ကျန်းယွင်ကျူးက ပြုံးပြလိုက်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် သူမကလည်း အချိန်ကြပ်နေတာလေ။ သူမက သူတို့အတွက် ပိုပြီး စောစောပြီးအောင်လုပ်ပေးမှ ညနေစာ ထမင်းဘူးအတွက်လုပ်နိုင်မှာကိုး။

နှစ်နှာရီကြာပြီးနောက်တွင် နျဲ့ရှင်းတို့နှစ်ယောက်သည် အိုးကြီး အိုးငယ်များနှင့် အားရကျေနပ်စွာ ထွက်သွားကြလေသည်။

ကျန်းယွင်ကျူးက လက်ထဲက ငွေစကို ချိန်ဆကြည့်လိုက်ပြီး တော်တော် တက်ကြွသွားတော့သည်။ ဒါက တကယ့်ကို မမျှော်လင့်ဘဲ ရလာတဲ့ငွေပဲ။

လုစီရင်စုပြည်နယ်မှာ မြို့တော်သို့ ကီလိုမီတာ ၇၀၀ ဝေးလေသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့၏ မြင်းက အကောင်းတကာ့ အကောင်းဆုံးဖြစ်သည်။ သူတို့သည် လူများကို နောက်တွင် ချန်ခဲ့ကြပြီး မြို့တော်သို့ လေးရက်နှင့် ပြန်ရောက်လာခဲ့ကြသည်။

ခရီးလမ်းတစ်လျှောက် ညစ်ပတ်ပေရေလျက်နှင့်ပင် နှစ်ယောက်သားက နန်းတော်သို့ တန်းဝင်သွားကြခဲ့သည်။

ရှန်ဖုန်းမင်က အမျက်ဒေါသထွက်နေသည့် ဧကရာဇ်ချင်းလုံကို ရှာတွေ့သမျှ အစီရင်ခံလိုက်သည်။ ညီလာခံမှာ တုန်လှုပ်သွားတော့သည်။

သို့သော် ထိုအခြင်းအရာက ရှန်ဖုန်းမင်ကို မထိခိုက်ပေ။ သူသည် အမှုများကို စုံစမ်းစစ်ဆေးပြီး တာဝန်များကို ကိုင်တွယ်ကာ သူရှာဖွေတွေ့ရှိသည့်အချက်များကို ဧကရာဇ်ချင်းလုံထံ အမှန်အတိုင်း လျှောက်တင်ဖို့ရန်သာ တာဝန်ရှိလေသည်။

ထိုကိစ္စကို မည်သို့ကိုင်တွယ်မည်ဆိုသည်ကတော့ ဧကရာဇ်ချင်းလုံး၏ သဘောထားပင်။

သည်ကိစ္စကြောင့်လာတော့မသိပေ။ ဧကရာဇ်ချင်းလုံက သူ့ကို အလွန်ယုံကြည်သွားတော့သည်။

နန်းတော်မှ ထွက်လာပြီးနောက် ရှန်ဖုန်းမင်သည် ရှန်အိမ်တော်သို့ ပြန်လာခဲ့တော့သည်။

ရှန်မိသားစု။ ဟန်မင်းဆက်ဆုံးခါနီးတါင် စတင်တည်ထောင်ခဲ့သည့် မိသားစုကြီးတစ်ခု။ သူတို့သည် မင်းဆက် ၃ခုတိုင်တိုင် ရှင်သန်ခဲ့ပြီး စာပေပညာရှင်အဖွဲ့ကြားတွင် ခေါင်းဆောင် ဖြစ်ခဲ့သည်။ တော်ဝင်ပညာရှင်ရှန်သည် ရှေ့ခေတ်နှင့် မျက်မှောက်ခေတ်အကြောင်း ကောင်းမွန်သည့် အသိပညာဗဟုသုတ ပိုင်ဆိုင်ထားသည်။ သူ့တွင် မရေမတွက်နိုင်သည့် ကျောင်းသားများနှင့် တပည့်များ ရှိပြီး သူတို့သည် သည်နေ့ခေတ် စာပေလောကထဲက ခေါင်းဆောင်များဖြစ်ကြသည်။

ရှန်မိသားစုသည် စာပေပညာရှင် အိမ်ထောင်စစ်စစ်တစ်ခုဖြစ်သည်။ တော်ဝင်ပညာရှင်ရှန်သည် ငယ်ရွယ်စဥ်က သိမ်မွေ့ကာကျက်သရေရှိလှသည်။ ထို့ကြောင်းပင် ထိုစဥ်က မင်းသမီးတန့်ယန်းက သူနှင့်လက်ထပ်ခဲ့ပြီး လိုက်ဖက်သည့်စုံတွဲတစ်ခုဟု သတ်မှတ်ခဲ့ကြသည်။

သူတို့လက်ထပ်ပြီးနောက်တွင် တစ်ဦးတည်းသောသား ရှန်ဖုန်းမင်ကို မွေးဖွားခဲ့သည်။

သူ အပြင်ထွက်နေသည်မှာ တစ်လကျော်သွားပြီဖြစ်သည်။ ယုခု သူ အိမ်ပြန်တော့ ရှန်အိမ်တော်က ရုတ်တရက် အသက်ဝင်လာခဲ့သည်။

အလယ်ခန်းမ။

“အဖေ အမေ” ရှန်ဖုန်းမင်က တော်ဝင်ပညာရှင်ရှန်နှင့် မင်းသမီးတန့်ယန်းကို နှုတ်ဆက်လိုက်၏။

မင်းသမီးတန့်ယန်းက မြန်မြန်ထရပ်လိုက်ပြီး သူ့ကို တွဲထားလိုက်ကာ “ အမေတို့တွေက မိသားစုတစ်ခုထဲကို၊ အဲလောက်အထိ ယဥ်ကျေးနေစရာ မလိုပါဘူး၊ အချိန်အကြာကြီး ခရီးသွားခဲ့ရတော့ ပင်ပန်းသွားပြီ မလား၊ ကြည့်စမ်းပါအု့ဂ....”

သူမက သူ ပိန်သွာသည်ဟု ပြောချင်ခဲ့သည်။ ပုံမှန်ဆိုရင် ရှန်ဖုန်းမင်က အလုပ်ကိစ္စအပြင်ထွက်ပြီး အပြင်မှာအိပ်ရတိုင်း သူသည် ပိုပိန်သွားတတ်သည်။ ဒါက မင်းသမီးတန့်ယန်း၏ လက်သုံးစကား ဖြစ်လာခဲ့သည်။

သည်နေ့ သူမသည် ရှန်ဖုန်းမင်ကို မြင်လိုက်ချိန်တွင် သူသည် အရင်ကထက် ပိုပြီး ရွှင်လန်းတက်ကြွလာသည်ဟု ခံစားမိလိုက်သည်။ သူ့မျက်နှာက အလွန်စိုပြေနေသည်။ သူသည် ပိုပိန်သွားသည်ဟု ပြောလို့မရနိုင်ပေ။

တော်ဝင်ပညာရှင်ရှန်က ထူးချွန်သည့် အရည်အချင်းနဲ့ အသွင်ပြင်တို့ပိုင်ဆိုင်ထားသည့် ကျောက်စိမ်းသရဖူတစ်ခုနှင့် မျက်နှာထားရှိသည့် သူ့တစ်ဦးတည်းသောသားကို ကြည့်လိုက်လေသည်။ သူ့စိတ်ထဲတွင် အေးချမ်းသွားတော့သည်။ တစ်ခုသာ။

“ မင်း ချန်ဖုန်းမှာ လူအများကြီး သတ်ခဲ့တယ်လို့ ငါ ကြားထားတယ် ဟုတ်လား”

သူသည် ထိုစကားကို ပြောလိုက်သည်နှင့်မင်းသမီးတန့်ယန်း၏အမူအရာက အေးစက်သွားတော့သည်။

ရှန်ဖုန်းမင်က ထိုအခြေအနေကို ကျင့်သားရနေပြီးဖြစ်ရာ ပြန်ဖြေလိုက်တော့သည်။

“ အဖေပဲ ကျွန်တော့်ကို အမြဲတမ်းဆုံးမခဲ့တယ်မလား၊ ရာဇဝတ်မှုဥပဒေက ရှင်းရှင်းလင်းလင်း ပြဌာန်းထားတဲ့အတိုင်း သစ္စာမဲ့တဲ့သူတွေကို တားဆီးရလိမ့်မယ်ဆို”

တော်ဝင်ပညာရှင်ရှန်က မျက်မှောင်ကျုံ့လိုက်သည်။ သူ သူ့သားကို အဲလို သေချာသင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့လူသ-တ်တဲ့ဉာဥ်က ပိုဆိုးလာပြီး နောက်ဆုံး သူ့နှလုံးသားကိုပါ ဆုံးရှုံးသွားမှာ စိုးရတယ်။

သူက ထပ်ပြောချင်လိုက်သော်လည်း မင်းသမီးတန့်ယန်းက ရှန်ဖုန်းမင်ကို ပြောလိုက်၏။

“ ဖုန်တလိမ်းလိမ်းနဲ့ ခန္ဓာကိုယ်ကိုလည်း ကြည့်အုံး၊ အမေ သားအတွက် ရေနွေးပြင်ခိုင်းထားတယ်၊ သွားဆေးကြောလိုက်အုံး”

“ကျေးဇူးတင်ပါတယ် အမေ”

ရှန်ဖုန်းမင်က ပြန်ဖြေပြီး အခန်းထဲက ထွက်သွားတော့သည်။

“ ငါတောင် စကားပြောလို့မပြီးသေးဘူးလေ”

တော်ဝင်ပညာရှင်ရှန်၏ အသံက ထွက်လာခဲ့သည်။

“ ရှင်က ကလေးကို အပြစ်ပဲ ပြောတတ်တယ်၊ ရှင်ပဲ သူ့ကိုဒါတွေ သင်ပေးလို့ဖြစ်လာတာပဲ၊ ရှင့်ကြောင့်သာ မဟုတ်ရင် သူ....” မင်းသမီးတန့်ယန်းက ရေရွတ်တော့သည်။

နှစ်ယောက်သား စကားများကြပြန်တော့သည်။

အိမ်ထဲက အစေခံများက သည်ဖြစ်ရပ်ကို မအံ့ဩကြတော့ပေ။ သူ့နောက်က ငြင်းခုံသံကို ကြားလိုက်ရပြီးနောက် ရှန်ဖုန်းမင်သည် ခေါင်းမော့ကာ အဝေးတစ်နေကို လှမ်းကြည့်လိုက်ပြီး မသိမသာ မျက်မှောင်ကျုံ့သွားလေတော့သည်။

...

အပိုင်း (၃၃)

ညနေပိုင်း ရှန်မိသားစု၏ ထမင်းစားခန်းထဲတွင်

“ သခင်ကြီး ၊ သခင်မ ဒီဝက်အူချောင်းကို စားကြည့်ပါအုံး၊ သခင်လေးက သခင်ကြီးတို့အတွက် ယူပြန်လာခဲ့တာပါ”

အချွေအရံယွီက အပြုံးတစ်ခုနှင့် ပြောလိုက်၏။

ရှန်ဖုန်းမင်သည် အခန်းထဲသို့ဝင်လာပြီး ထိုင်လိုက်ချိန်တွင် ထိုစကားကို ကြားလိုက်ရပြီး စားပွဲကို ကြည့်လိုက်လေသည်။ မရမတွက်နိုင်သည့် ရသာစုံဟင်းပွဲများကြားတွင် တင့်တယ်လှသည့် အဖြူရောင် ကြွေပန်းကန်းပြားတစ်ချပ် ရှိနေသည်။ ပန်းကန်ပြားပေါ်တွင် ဝက်အူချောင်းပန်းကန်တစ်ချပ်ကို ပန်းများပွင့်နေသည့်အလား တည်ခင်းထားသည်။

ထိုအရာများက သူယူပြန်လာခဲ့သည့်ပစ္စည်းများ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ သို့သော် ထိုအရာများက စားပွဲပေါ်သို့ မည်သို့ရောက်နေကြောင်းကိုတော့ မသိပေ။

သူသည် ရေးချို အဝတ်စားလဲနေချိန်တွင် သူ့ကို ကူညီပေးရန် စောင့်နေသည့် အစေခံကောင်လေးက သူ့အထုပ်များကို ဖြည်လိုက်ရာ သည်ဝက်အူချောင်းများကို တွေ့လိုက်ရခြင်းပင်။ ရွှေနှင့်ကျောက်စိမ်းလို ချောမောလှတဲ့ သခင်လေးက သူ့အိတ်ထဲမှာ ဒီလိုပစ္စည်းမျိုးထည့်လာတာ မစဥ်းတတ်လောက်အောင်ပဲ။

စဥ်းစားကြည့်လိုက်တော့ ဒါက သခင်ကြီးနဲ့ သခင်မတို့အတွက်ပဲ ဖြစ်ရမယ်။

ထို့ကြောင့် သူက သခင်ကြီးနှင့် သခင်မကို အံ့ဩသွားစေရန် မီးဖိုဆောင်ဆီသို့ ဝက်အူချောင်းများကို သွားပို့လိုက်တော့သည်။

ရှန်မိသားစုသည် အိမ်တော်ကြီးတစ်ခု ဖြစ်လေသည်။ အိမ်တော်က စားဖိုမှူးက အချက်အပြုတ်တွင် အလွန်တော်သည်။ သူ့တွင် ဝက်အူချောင်းလုပ်နည်း ပေါင်းစုံရှိလေသည်။ သို့သော် သည်ပစ္စည်းကို သခင်လေး ယူပြန်လာမှန်း သိလိုက်ရသဖြင့် သူသည် အမှားမလုပ်ရဲချေ။ ဝက်အူချောင်းများကို ဓားတစ်ချောင်းဖြင့် သည်အတိုင်းပါးပါးလေး လှီးလိုက်ပြီး ပေါင်းကာ တည်ခင်းပေးလိုက်သည်။

သည်နည်းလမ်းက ဝက်အူချောင်း၏မူလအရသာကို အများကြီးထိန်းသိမ်းပေးနိုင်လေသည်။

ပေါင်းထားသည့်ဝက်အူချောင်းတစ်ချပ်ချင်းစီက အထူအပါးညီကြသည်။ နီရဲတောက်ပနေ၏။ ထူးခြားသည့် အစပ်အရသာနံ့က စားပွဲပေါ်က တခြားဟင်းပွဲများ၏အနံ့ကို လွှမ်းခြုံသွားလုနီးနီးပင်။

ကျန်းယွင်းကျူးက ဝက်အူချောင်း နှစ်မျိုးလုပ်ခဲ့လေသည်။ တစ်ခုမှာ မူရင်းအရသာဖြစ်ပြီး ကျန်တစ်ခုမှ အစပ်အရသာဖြစ်သည်။ သည်နေ့တွင် စားဖိုမှူးက အစပ်အရသာကို လှီးဖြတ်မိရက်သား ဖြစ်သွားခဲ့သည်။

“ ဝက်အူချောင်းဟုတ်လား”

မင်းသမီးတန့်ယန့်မှာ သွားများပေါ်သည်အထိ အရင်ဆုံး ပြုံးမိသွားတော့သည်။ ရှန်ဖုန်းမင်က သူမအတွက် စဥ်းစားပေးသည်မှာ ခပ်ရှားရှားပင်။ သူမသည် ဝက်အူချောင်းကို ကြည့်လိုက်ပြီးနောက် ရှန်ဖုန်းမင်၏ ပိုပြီး စိုပြည်လာသည့် မျက်နှာကို ကြည့်လိုက်မိချိန်တွင် သူမသည် ရုတ်တရက် တခုခုကို ခန့်မှန်းမိသွားတော့သည်။ သူ့အပြုအမူက ဝက်အူချောင်း လုပ်ပေးတဲ့သူနဲ့များ တစ်ခုခု ပတ်သက်နေတာလား။

ဘယ်စားဖိုမှူးက ဒီလိုအရည်အချင်းမျိုး ရှိနေတာလဲ။ သူမရဲ့ဒီကလေးက လျှာအရသာကို ဘယ်တော့မှ အလိုမလိုက်ဘူးဆိုတာ လူတိုင်းသိတယ်လေ။

အစားအသောက်က ကောင်းတယ်ဆိုမှတော့ သူဘာလို့ စားဖိုမှူးကို ခေါ်ပြန်မလာခဲ့တာလဲ။ အိမ်တော်က ငွေမတတ်နိုင်တာလည်း မဟုတ်ဘဲနဲ့။

“ဒါဆို ကျွန်မ စားကြည့်လိုက်မယ်” မင်းသမီးတန့်ယန်းက ပြောလိုက်၏။

အချွေအရံယွီက ဝက်အူးချောင်းတစ်ဖက်ကို ညှပ်ကာ သူမရှေ့က ပန်းကန်ထဲတွင် ထည့်ပေးလိုက်လေသည်။

မင်းသမီးတန့်ယန်းက ဝက်အူချောင်းကို ယူကာ သူမ၏ပါးစပ်ထဲ ထည့်လိုက်လေသည်။ စပ်စပ်လေးနဲ့ အရသာရှိသားပဲ။ လျှာပေါ်မှာ ဦးရေပြားအထိ အရာအားလုံး ထုံကျဥ်သွားသလို ခံစားလိုက်ရလေသည်။ မင်းသမီးတန့်ယန်းမှာ မှင်တက်အံ့ဩသွားတော့သည်။ အရသာက အရမ်းပြင်းတာပဲ။

အရမ်းပြင်းတယ်ဆိုပေမဲ့ သဘောကျစရာလည်းကောင်းတယ်။ ခြောက်ပြီး စပ်နေတာမျိုး မဟုတ်ဘဲ အရည်ရွှမ်းပြီး ပူစပ်စပ်ဖြစ်နေတာ။ အစပ်အရသာကုန်သွားတော့ ပါးစပ်ထဲမှာ အရသာတွေ ပြည့်သွားတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စိတ်ထဲမှာ တစ်ခုခုဖြစ်နေတာနဲ့ နေ့တိုင်း စားချင် သောက်ချင်စိတ်မရှိ ဖြစ်နေတာလေ။ ဒီနေ့ ဒီဝက်အူချောင်းကို စားလိုက်ပြီးတော့ သူမရဲ့စိတ်အခြေအနေက ချက်ချင်း ပိုပြီးတည်ငြိမ်လာတယ်လို့ ခံစားလိုက်ရတယ်။ သူမ ထမင်းတစ်ပန်းကန်လုံး စားနိုင်မယ်လို့တောင် ခံစားရတယ်။

တစ်ယောက်ကလည်း တော်ဝင်ပညာရှင်ရှန်အတွက် ဝက်အူချောင်းတစ်ဖက် ညှပ်ထည့်ပေးလိုက်လေသည်။ အစပိုင်းတွင်တော့ တော်ဝင်ပညာရှင်ရှန်က သိပ်ဂရုမစိုက်ပေ။ သို့သော် တစ်ကိုက် ကိုက်လိုက်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးထသွားသလို ခံစားလိုက်ရတော့သည်။ ဒီအရသာက.....

“လူတွေကို အကျင့်စရိုက်ကြည့်ပြီး သိနိုင်တယ်၊ အရာဝတ္ထုတွေကို ကြည့်ပြီး ထူးခြားတဲ့သဘာဝကို သိနိုင်တယ်တဲ့၊ ဒီဝက်အူချောင်းလုပ်တဲ့သူက စိတ်ထားဖြူစင်တဲ့သူတစ်ယောက်ပဲ ဖြစ်မယ်” သူက မှတ်ချက်ပေးလိုက်၏။

မင်းသမီးတန့်ယန်းက နှာခေါင်းရှုံ့လိုက်၏။ သူ့မှာပဲ တခမ်းတနား အကြောင်းပြချက်တွေ အများကြီးရှိတယ်။

တော်ဝင်ပညာရှင်ရှန်က သူမနှင့် အငြင်းမပွားလိုချေ။ ချက်ပြုတ်တာကလည်း ဆောင်းပါးတစ်ပုဒ် ရေးသလိုပဲလေ။ ပါဝင်ပစ္စည်းအတူတူနဲ့ တိကျတဲ့ ချက်ပြုတ်ပုံအဆင့်ဆင့်တွေကို သိရင်တောင် တချို့လူတွေက အရသာရှိတဲ့ ဟင်းပွဲတွေချက်နိုင်ပြီး တချို့ကတော့ မချက်နိုင်ဘူးလေ။ ဒါတွေအားလုံးက လူတစ်ယောက်ရဲ့စိတ်နှလုံးအပေါ်ပဲ မူတည်တာ။

ရှန်ဖုန်းမင်က သူ့မျက်လုံးများကို အနည်းငယ်အောက်ချထားလိုက်သည်။ သူမက စိတ်ထားဖြူစင်တဲ့သူ တစ်ယောက်လား။

သည်နေ့ သည်ဝက်အူးချောင်းကြောင့် ရှန်မိသားစု သုံးယောက်သည် ပိုပြီးထမင်းစားမြိန်ခဲ့ကြသည်မှာ သိသာလေသည်။

စားသောက်ပြီးနောက် ရှန်ဖုန်းမင်က အခန်းဆီသို့ ပြန်လာချင်ခဲ့သည်။ မင်းသမီးတန့်ယန့်က သူမဘေးက လူကို ညွှန်ကြားလိုက်၏။

“ ရန်ရှု နင် သခင်လေးကို ခစားလိုက်”

သူမဘေးက အမျိုးသမီးက ချက်ချင်း ရှက်သွေးဖြာသွားပြီး ပျော့ပြောင်းစွာ ပြန်ဖြေလိုက်၏။

“အင်း”

အသံမှာ ၃လပိုင်း၏ တေးသီငှက် သီကျူးသံနှင့် တူလေသည်။

တုရန်ရှုသည် အံ့ဩရလောက်အောင် လှပလေသည်။ သူမ၏မျက်နှာက နှစ်လိုဖွယ်ညို့ဓာတ်ရှိသည်။ မင်းသမီးတန့်ယန်းက ငွေအများကြီးသုံးကာ သေးသွယ်ပိန်းပါးသည့် မိန်းကလေးအသစ်တစ်ယောက်ကို ထပ်ဝယ်ခဲ့လေသည်။ သူမသည် ဆောင်ကြာမြိုင်မယ်သန့်သန့်တစ်ယောက်ဖြစ်သော်လည်း သူမ၏အရည်အချင်းများက အထူးကောင်းမွန်သည်။ သူမက သည်မိန်းမကို ရှန်ဖုန်းမင်အား ခစားခိုင်းပြီး မိန်းမတို့၏အကျိုးတရားကို သူ့အား သိစေချင်လေသည်။

တုရှန်ရှုက ရှန်ဖုန်းမင်ကို တစ်ညတာ ခစားနိုင်သည်နှင့် သူမကို အိမ်တော်တွင် ကိုယ်လုပ်တော်တစ်ယောက်အဖြ စ်ခေါ် ထားမည်ဟု ကတိပေးခဲ့သည်။

ရှန်မိသားစုသည် အင်အားကြီးလေသည်။ တုရန်ရှုမှာ အစောကြီးကတည်းက စိတ်ကူးဖြင့်မှန်းဆ ထားပြီးဖြစ်သည်။ အခုတော့ သူမသည် မီးရောင်အောက်က ရှန်ဖုန်းမင်၏ မြင့်မားဖြောင့်မတ်သည့် အသွင်သဏ္ဌာန်ကို မြင်လိုက်ရပြီး သူမ၏မျက်လုံးများက ပိုပြီး ရွှန်းလဲ့လာကာ သူမ၏ခန္ဓာကိုယ်ကလည်း ပိုပြီးနွဲ့နှောင်းသွားတော့သည်။ ထိုအသွင်က လူများကို သူမအား ဖက်ပြီး အိပ်ရာထဲ ချက်ချင်းဆွဲခေါ်က သူတို့အလိုရှိသမျှ လုပ်ချင်လိုသည့်စိတ်ဆန္ဒကို ဖြစ်စေလေသည်။

တော်ဝင်ပညာရှင်ရှန်က ပြန်တော့မည့်ဆဲဆဲတွင် သည်မြင်ကွင်းကို မြင်လိုက်ရလေသည်။ သူက ဆုံးမဩဝါဒချွေရန် ပါးစပ်ဟလိုက်သေးသည်။ ရုတ်တရက် သားဖြစ်သူမှာ သည်အရွယ် ရောက်ပြီးသည်တွင် မိန်းမများနှင့် အမြဲတမ်း ခပ်ကင်းကင်းနေနေသည်ကို သတိရသွားတော့သည်။ မြို့တော်တွင်လည်း ကောလာဟလများက ပျံ့နေသည်။ သားဖြစ်သူက အလွန်ရက်စက်ပြီး လမ်းလွဲသွားမည်ကိုလည်း အလွန်စိုးရိမ်မိသည်။

ထားလိုက်ပါတော့လေ။ မမြင်ရတော့ စိတ်ထဲမရောက်ဘူးပေါ့။ သူက လှည့်ထွက်ကာ အခန်းသို့ ပြန်လာခဲ့တော့သည်။

ရှန်ဖုန်းမင်၏မျက်နှာက အေးစက်သွားတော့သည်။

“အမေ ကျွန်တော် အမေ့ကို ပြောပြီးပြီလေ၊ ဒီကိစ္စကို အမေ ဝင်ပါစရာမလိုပါဘူးလို့”

မင်းသမီးတန့်ယန်းမှာ စိတ်ပျက်သွားတော့သည်။ သူမက ဘယ်လိုလုပ်ပြီး ဝင်မပါဘဲ နေနိုင်မှာလဲ။ သူ့မှာ အရည်အချင်း ရှိတယ်ဆိုရင် တစ်ယောက်လောက် သူမဆီခေါ်လာခဲ့ပေါ့။ ဒါဆိုရင်တော့ သူမက သူ့ကို လွှတ်ထားပေးလိုက်အုံးမယ်။

ရှန်ဖုန်းမင်သည် သူမနှင့် စကားပြောဖို့ရာ လေကုန်မခံလိုတော့ချေ။ ထို့ကြောင့် သူက လှည့်ထွက်ကာ အခန်းသို့ ပြန်သွားတော့သည်။

ရှန်ဖုန်းမင် သေမင်းနတ်ဘုရား မြို့တော်ကို ပြန်လာပြီတဲ့။ သတင်းမှာ လေပွေတစ်ခုနှယ် မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ တချို့လူတွေက မနက်ဖြန်စပြီး အပြင်မထွက်တော့ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

ဥပမာ မင်းသားခြောက်လိုလူ။ နောက်ဥပမာ အိမ်ရှေ့မင်းသားလိုလူ....

ရှန်မိသားစု ထိုသို့ဖြစ်နေစဥ် နှစ်လမ်းသာခြားသည့် မဟာစစ်သူကြီး ကျိန်းကော်၏ ယန်အိမ်တော်တွင်လည်း ပွဲတစ်ခုဖြစ်နေလေသည်။

ခန်းမအလယ်တွင် သခင်မယန်က မိန်းမလှလေးတချို့နှင့် မာကျောက်ကစားနေစဥ် ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က ဝင်လာပြီး သတင်းပို့လေသည်။

“ အကြီးဆုံးသခင်လေး ပြန်လာပြီ”

မိန်းကလေးများသည် ထိုစကားကို ကြားလိုက်ရသောအခါ သူတို့၏မျက်နှာများသည် ပျော်ရွှင်မှုကြောင့် ချက်ချင်း ဝင်းပသွားကြတော့သည်။ သခင်မယန်လည်း ဝမ်းသာသွားတော့သည်။ သို့သော် သူမက မျက်နှာတည်နှင့် ပြောလိုက်သေးသည်။

“ သူ ပြန်လာတယ်ဆိုတော့လည်း ပြန်လာတယ်ပေါ့၊ ဒါနဲ့ ဒီတစ်ခါရော သူ ဘယ်နှစ်ယောက် ခေါ်ပြန်လာသေးလဲ”

သူမက ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် ထိုမိန်းကလေးများ၏မျက်နှာများသည် ပြောင်းလဲသွားတော့သည်။

ယန်ရှန့်တွင် အကျင့်တစ်ခုရှိလေသည်။ သူ အပြင်ထွက်တိုင်း အမြဲလိုလို မိန်းကလေးများကို အိမ်ခေါ်ပြန်လာတတ်သည်။ ထိုမိန်းကလေးများသည် မိဘများက ဆောင်ကြာမြိုင်သို့ ရောင်းစားခံလိုက်ရသူ မဟုတ်လျှင် မုဆိုးဖိုကြီးများနှင့် အတင်းလက်ထပ်ခိုင်းခံရသူများ ဖြစ်ကြလေသည်။ အခြေအအနေက မတူကြသော်လည်း သူတို့ကို အခြေအခံအားဖြင့် ယန်ရှန့်က ကယ်တင်ပေးခဲ့ခြင်းပင်။

သတင်းလာပို့သူက သူ့မိသားစု၏ အကြီးဆုံးသခင်လေးတွင် သနားတတ်ကာ နှစ်လိုဖွယ်ကျောက်စိမ်း အကျင့်စရိုက်ရှိမှန်း သိထားလေသည်။ သို့သော် သည်တစ်ကြိမ်တွင်တော့ သူသည် ဘယ်သူ့ကိုမှ ခေါ်ပြန်မလာခဲ့သည်က အမှန်။

“ ဘယ်သူမှ မပါဘူးဟုတ်လား”

သခင်မယန်မှာ တော်တော်အံ့ဩသွားတော့သည်။

“ဒါဆို သူ ဘာယူပြန်လာခဲ့လဲ”

“ ယူတော့ ယူပြန်လာတယ်၊ ဝက်အူချောင်းတွေလားပဲ”

သတင်းလာပို့သူက မရေမရာ ပြန်ဖြေလိုက်လေသည်။

ညနေခင်းတွင် ယန်မိသားစုကလည်း ဝက်အူချောင်းများ စားကြလိုက်သည်။

အသက် ၇-၈နှစ်အရွယ် မိန်းကလေးက တူဖြင့် ဝက်အူချောင်းတစ်ဖက်ကို ညှပ်ကာ ယန်ရှန့်ကို ချက်ချင်း ပြောလိုက်လေသည်။

“ကိုကြီး အရသာရှိတယ်”

“ ကိုကြီးက အရသာရှိတာ မဟုတ်ဘူးနော်၊ ဝက်အူချောင်းက အရသာရှိတာ”

ကောင်မလေးဘေးက ၁၃-၁၄နှစ်အရွယ်ကောင်လေးက အမှန်ပြင်ပေးလိုက်သည်။ တစ်ချိန်ထဲတွင် သူက တူဖြင့် နောက်ထပ်ဝက်အူချောင်းကို မြန်မြန်ညှပ်ကာ သူ့ပန်းကန်လုံးထဲ ထည့်လိုက်လေသည်။

ယန်မိသားစုသည် စားသောက်ချိန်တွင် လက်မြန်သူက စားက ပိုစားရပြီး လက်နှေးသူက ပန်းကန်ဆေးရလေသည်။

သခင်မယန်က ဆယ်ကျော်သက်လူငယ်လေးကို စိုက်ကြည့်လိုက်၏။ အကြီးကို လေးစားပြီး အငယ်ကို ချစ်ခင်ရကောင်းမှန်း မသိကြဘူးလား။

စစ်သူကြီးယန်သည် နယ်စပ်တွင် တာဝန်ကျနေသည်။ သူသည် အိမ်တွင် မရှိချေ။ အိမ်တွင် သခင်မယန်နှင့် ကလေးသုံးယောက်သာ ရှိသည်။ သူတို့သည် အတူတူထိုင်ကာ စားသောက်နေကြသည်။ ယန်ရှန့်ခေါ်လာသည့် မိန်းကလေးများကိုတော့ ယန်ရှန့်က သူတို့ကို လက်မထပ်ခဲ့ပေ။ ထို့ကြောင့် သူတို့ကို ယန်မိသားစုဝင်များဟု မသတ်မှတ်ချေ။ သူတို့သည် ယန်အိမ်တော်တွင် နေနေခြင်းသာ ဖြစ်လေသည်။

လူငယ်လေးက သခင်မယန်အတွက် ဝက်အူချောင်းတစ်ဖတ်ကို မြန်မြန်ထည့်ပေးလိုက်ပြီး နောက်တစ်ဖတ်ကို ညီမလေးအတွက် ထည့်ပေးလိုက်လေသည်။ ထို့နောက် သူကိုယ်တိုင် တစ်ခု စားလိုက်သည်။

“ဒီလိုမှပေါ့” သခင်မယန်က ပြုံးလိုက်၏။ ထိုနောက် သူမက ယန်ရှန့်ဘက် လှည့်လိုက်လေသည်။

“မဆိုးဘူး၊ ကိုယ်အမေ့ကို ဘယ်လိုစဥ်းစားပေးရမယ်ဆိုတာ သိသားပဲ”

ယန်ရှန့်က မြန်မြန်ပြန်ပြောလိုက်၏။

“ဒါပေါ့ ကျွန်တော့်စိတ်ထဲမှာ အမေအမြဲတမ်းရှိပါတယ်ဗျ”

“ မင်းက ငါ့ကို သတိရလို့ ဝက်အူချောင်းတွေ ယူပြန်လာပေးတယ်လား၊ ဒီတစ်နပ် စားပြီးရင်ကော မင်းဘာလုပ်အုံးမှာလဲ” သခင်မယန်က ရှုံ့မဲ့ကာပြောလိုက်လေသည်။

ယန်ရှန့်က ချက်ချင်း ကတိပေးလိုက်၏။

“ အမေရယ် စိတ်မပူပါနဲ့၊ အမေ စားချင်တယ်ဆိုရင်လေ ကျွန်တော်က အမေ့အတွက် သေချာပေါက် ယူလာပေးမှာ”

သခင်မယန်ကတော့ ထိုစကားကို အတည်မမှတ်ချေ။

“ အပြင်ထပ်ထွက်ဖို့ စဥ်းစားနေပြန်ပြီလား၊ လူတွေက ပြောနေကြတယ် ရှန်ဖုန်းမင်က မိန်းမတွေနဲ့ မရင်းနှီးဘူးတဲ့၊ မင်း ကျတော့ရော၊ ငါတို့အိမ်မှာ မိန်းမတွေအများကြီးရှိရက်နဲ့ ဥကျတော့ တစ်လုံးမှတောင် မရှိဘူး၊ မင်း အိမ်မှာနေပြီး မိန်းမတစ်ယောက် သတ်သတ်မှတ်မှတ်ယူပြီး ငါ့အတွက် မြေးလေးတစ်ယောက်လောက် ချီခွင့်ပေးစမ်းပါ”

ယန့်ရှန်း.....

“ မင်းနဲ့ ရှန်ဖုန်းမင်လား၊ ငါ မင်းကို ပြောလိုက်မယ်၊ သဘောမတူဘူးနော်၊ သဘောမတူဘူး နားလည်လား၊ မင်းအဖေသာသိရင် မင်းခြေထောက်ကို ရိုက်ချိုးလိမ့်မယ်” သခင်မယန်က တစ်ခုခုကို သတိရသွားပြီး ပြောတော့သည်။

ယန်ရှန့် :....

နောက်တစ်နေ့ တပ်ခွဲထဲသို့ ရှန်ဖုန်းမင် ဝင်လာချိန်၌ ယန်ရှန့်က ထိုင်ခုံတစ်လုံးပေါ်တွင် ပစ်ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။

သူရောက်လာသဖြင့် ယန်ရှန့်မှာ ချက်ချင်း စိတ်အားတက်ကြွသွားပြီး မေးလိုက်လေတော့သည်။

“ငါတို့တွေ ဘယ်တော့ မြို့တော်ကနေ ထွက်မှာလဲ”

All Chapters