အခန်း (၃၄-၃၆)
Vol. 3 Ch. 34-36
အပိုင်း ( ၃၄.၁)
အမှန်တွင်တော့ သူသည် မြို့တော်မှ မြန်မြန်ထွက်ခွာဖို့ရာ မဖြစ်နိုင်ပေ။ မင်းကြီးက ရှန်ဖုန်းမင်ကို ပြန်ဆင့်ခေါ်ရသည့်အကြောင်းအရင်းမှာ ကိုင်တွယ်ရန် ခက်ခဲသည့်အမှုတစ်ခု ရှိနေသောကြောင့်ပင်။
ထိုစကားကို ကြားလိုက်ရပြီးနောက် ယန်ရှန့်သည် နေရာတွင်ပင် အေးခဲသွားတော့သည်။
သို့သော် မကြာလိုက်ပေ။ သူက ထပ်မေးလိုက်၏။
“ ဒီကိစ္စပြီးသွားရင်တော့ ငါတို့တွေ မြို့တော်ကနေ ထွက်လို့ရမယ်မလား”
တကယ်တော့ သူ မြို့တော်မှာ ထပ်မနေချင်တော့ဘူးလေ။ အိမ်က မိန်းကလေးအားလုံးကလည်း ကောင်းကြပါတယ်။ ဒါပေမဲ့ အုပ်စုလိုက် အတူတူရှိနေတဲ့အချိန်ဆိုရင် သူ့မှာ အရမ်းခေါင်းကိုက်ရတယ်။
ပြီးတော့ သူ့အမေအိုကြီးကလည်း.....
အဓိကကတော့ အဲဒီဝက်အူချောင်းတွေကို မနေ့က တစ်နပ်ထဲနဲ့ စားလို့ကုန်သွားလို့လေ။ ပြီးတော့ သူ့မှာ နည်းနည်းလေးတောင် မစားလိုက်ရဘူး၊ ဘယ်တော့မှာ အဲဒီအရသာရှိတဲ့ အစားအသောက်ကို ပြန်စားရပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုမှာ နေနိုင်မှာလဲ။
“ ထင်တာပဲ”
မရေမရာဖြင့် ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။ အကြောင်းပြချက်ပေါ် မူတည်လေသည်။ အမှုကို ဖြေရှင်းပြီးခဲ့လျှင်တောင် သူတို့သည် မြို့တော်မှ ချက်ချင်း ထွက်လာနိုင်လိမ့်မည်မဟုတ်ပေ။
“ဒါဆိုလည်း မြန်မြန်ရှင်းကွာ”
အမှုပြီးလျှင် ထွက်ခွာနိုင်မည့်အကြောင်း အတည်ပြုပြီးနောက်တွင် ယန်ရှန့်က ချက်ချင်းထရပ်လိုက်ပြီး သူ့ခေါင်းကို ပွတ်လိုက်တော့သည်။
ရက်အနည်းကြာပြီးနောက် ကျန်းယွင်ကျူး၏ထမင်းဘူးလုပ်ငန်းသည် အခြေကျလာတော့သည်။ အခုတော့ သူတို့တွေ တစ်နေ့လျှင် ၅လျန်ထက်ပိုပြီး ရှာနိုင်လာခဲ့သည်။ ဒါသည် ကျန်းချိန်၏ လစဥ်လုပ်အားခတန်ဖိုး ဖြစ်လေသည်။
မနေ့က သူမသည် ထိုကိစ္စကို ကျန်းချိန်နှင့် တိုင်ပင်ခဲ့ပြီးပြီ။ သည်နေ့တွင်တော့ သူသည် မိုင်းတွင်းအလုပ်နားမည့်ကိစ္စကို တင်ပြလိမ့်မည်။ ထို့နောက် သူသည် ရွှီချင်ရှန့်နောက် ကိုယ်တိုင်လိုက်သွားပြီး ဝူလင်မြို့ရှိ လမ်းအခြေအနေများကို လိုက်ကြည့်ရမည်။ ရက်အနည်းငယ်စောင့်ပြီး ငွေတချို့စုဆောင်းပြီးလျှင် အငှားလိုက်ရန်အတွင် မြည်းလှည်းတစ်စီး ဝယ်ရမည်။
ကျန်းချိန်သည် အိပ်မက်တစ်ခုလို ခံစားနေရဆဲပင်။ မကြာမီတွင် သူ့ကိုယ်ပိုင်မြည်းလှည်းတစ်စီး ပိုင်ဆိုင်နိုင်တော့မည်ဟု လုံးဝမျှော်လင့်မထားခဲ့ဖူးချေ။
အရပ်မြင့်မြင့်နှင့်လူက ကျန်းယွင်ကျူးကို ကြည့်ပြီး ဘာပြောရမည်မသိဖြစ်နေလေသည်။ ကျေးဇူးတင်စကား ပြောရမည်လား။ သူတို့သည် မိသားစုဖြစ်လေရာ မလိုအပ်ပေ။
နောက်ဆုံးတွင် သူက သူမကို စောစောအိပ်ရာဝင်ဖို့ပြောလိုက်ပြီး နောက်ပိုင်း ပြဿနာတစ်စုံတစ်ရာ ရှိလာခဲ့လျှင် သူက ဖြေရှင်းမည်ဟုသာ ပြောလိုက်လေသည်။
ကျန်းယွင်ကျူးက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
လွန်ခဲ့သည့်နှစ်ရက်က ကျန်းယွင်ကျူးသည် ကျန်းယွင်ရွှယ်ကို စာရင်းမှတ်ခိုင်း ကြည့်ခဲ့သည်။ ကျန်းယွင်ရွှယ်သည် အမှန်ပင် အရည်အချင်းရှိသည်။ သည်ရက်ပိုင်းတွင် သူမသည် သည်စကားလုံးများကို အကုန်နီးပါး ကျက်မှတ်ခဲ့သည်။ သူမ မမှတ်မိလည်းတော့ ကိစ္စမရှိပေ။ အစားအသောက်နာမည်များ ဖြစ်သောကြောင့်ပင်။ ကျန်းယွင်ကျူးက ဘယ်စကားလုံးက ဘာမှန်းသိပါသည်။
ကျန်းယွင်ရွှယ်က ဒီအလုပ်ကို သဘောကျလေသည်။ စုတ်တံတစ်ချောင်းနှင့် စာရွက်ကိုင်ထားသည်မှာ ပညာသင်တစ်ယောက်နှယ်ပင်။
ဒီနေ့ ကျန်းယွင်ရွှယ်က ပထမဆုံးအကြိမ် စျေးသို့တစ်ယောက်ထဲသွားပြီး အမှာစာများကို ကောက်ယူခဲ့သည်။ အမျိုးသမီးချန်က စိတ်ပူသဖြင့် ကျန်းလင်ကို သူမနှင့်အတူဆွဲထည့်ပေးလိုက်သည်။
ကျန်းယွင်ကျူးကတော့ ပြဿနာမရှိမှန်းသိသည်။ အရာရာတိုင်းတွင် ပထမဆုံးအကြိမ်က ရှိစမြဲပင်။ သူမ အမှားလုပ်ခဲ့လည်း အရေးမကြီးပေ။ နောက်တစ်ကြိမ်မဖြစ်အောင် သင်ယူလိုက်ရုံသာ။
သက်သောင့်သက်သာဖြင့် သူမက ပျင်းရိကာတစ်မှေးအိပ်လိုက်တော့သည်။
ငှက်များက ပြတင်းပေါက်အပြင်ဘက်တွင် တကျီကျီမြည်နေကြသည်။ သူမသည် တဖက်သို့လှည့်လိုက်ပြီး ထထိုင်လေသည်။ သူမ စျေးသွားစရာမလိုဘူးလေ။ ဒီချက်ရမဲ့ အစားအသောက်တွေကို မနေ့ကတည်းက ပြင်ဆင်ထားပြီးသား။ သူမအတွက် အားလပ်နေတာ ရှားရှားပါးပါး အခွင့်အရေးပဲ။
လွန်ခဲ့သည့်နှစ်ရက်က တစ်ခုခုစားချင်သော်လည်း လုပ်ဖို့ရာအခွင့်အရေးမရခဲ့သည်ကို သတိရသွားပြီး သည်နေ့ လုပ်စရာမရှိသဖြင့် သည်နေ့လုပ်နိုင်လေသည်။
သူမသည် မီးဖိုဆောင်ထဲတွင် အလုပ်များနေတော့သည်။
ပဲတီစိမ်းနှင့် နှံစားပြောင်းတို့ကို အမှုန်းဖြစ်အောင် ကျိတ်လိုက်ပြီး ဂျုံချောကို အချိုးကျ ထည့်လိုက်ပြီးနောက် ရေထည့်ကာ မုန့်နှစ်ပျစ်ပျစ်လေးရအောင် မွှေလိုက်လေသည်။
တစ်ဖက်တွင် ကြက်ဥနှင့် ဂျုံများကို သုံးပြီး ဂျုံးလုံးလေးများ ဖြစ်အောင်လုပ်ကာ သူတို့ကို အချပ်ပါးပါးလေးဖြစ်အောင် လှိမ့်လိုက်ပြီး ဆီအိုးထဲတွင် ရွှေရောင်သန်းကာ ကျွတ်ရွလာသည့်အထိ နှစ်ကာကြော်လိုက်သည်။ ထို့နောက် သူတို့ကို ဘေးတွင်ဖယ်ထားလိုက်သည်။
ထို့နောက် နောက်ဆုံးအဆင့်ရောက်လာခဲ့သည်။ အိုးပေါ်တွင် ဆီအနည်းငယ်သုတ်လိမ်းလိုက်ပြီး အိုးပေါ်တွင် မုန့်နှစ်ကို အလွှာပါးပါးလေးတစ်ခုဖြစ်အောင် ဖြန့်လိုက်ပြီးနောက် အပေါ်တွင် ကြက်ဥတစ်လုံးကို ခွဲထည့်လိုက်သည်။ ကြက်ဥ ခဲခါနီးတွင် တစ်ချပ်လုံးကို ဖက်လှည့်လိုက်ပြီး ဆော့နှစ်သုတ်လိုက်ပြီးနောက် အပေါ်က ကြွပ်ကြွပ်ကြော်ထားသည့် အကြော်အမှုန့်များကို တင်လိုက်သည်။ ကြက်သွန်မြိတ်နှင့် နံနံပင်တို့ကို ဖြူးလိုက်သည်။ အချပ်ကို လိပ်လိုက်ပြီး အိုးပေါ်က ချကာ စားနိုင်ပြီဖြစ်သည်။
ဟုတ်ပါသည်။ ကျန်းယွင်ကျူးက တရုတ်ခေါက်မုန့် လုပ်ခဲ့ခြင်းပင်။
ခေတ်သစ်ခေါက်မုန့်နှင့် ယှဥ်လျှင် လုပ်နည်းပုံစံ အမျိုးမျိုးရှိသည်။ ဥပမာ သူမသုံးခဲ့သည့် ဒယ်အိုးသည့် အပြားမဟုတ်ပေ။ သူမလုပ်ထားသည့် မှုန့်အကြွပ်ကြော်ကလည်း တော်သင့်အောင် ပါးမနေချေ။ သို့တိုင် ခြုံကြလိုက်လျှင်တော့ ခေါက်မုန့်တစ်ခု ဖြစ်နေဆဲပင်။ သူမ၏တောင့်တမှုကို ဖြေသိမ့်ရန် လုံလောက်ပေသည်။
ကျန်းယွင်ကျူးက ပထမဆုံးခေါက်မုန့်ကို အဘိုးချန်အား ပေးလိုက်ပြီး ၊ ဒုတိယတစ်ခုကို ကျန်းဝူအား ပေးလိုက်ကာ နောက်ဆုံးတစ်ခုကို သူမက စားလိုက်သည်။
ပြီးခဲ့သည့်ရက်အနည်းငယ် ငွေအများကြီးရှာနိုင်ခဲ့သည်။ ကျန်းမိသားစု၏လူနေမှုအဆင့်အတန်းသည် မျဥ်းဖြောင့်အတိုင်း တက်လာခဲ့သည်။ အမျိုးသမီးချန်သည် မြည်းဝယ်ရန် ငွေစုဖို့ စဥ်းစားပြီး အားလုံးကို ငွေမလိုဘဲ မသုံးဖို့ တားမြစ်ထားသော်လည်း အစားအသောက်အတွက်တော့ ခွင့်ပြုထားပေးသည်။
အိုးပေါ်မှ ချလာသဖြင့် ခေါက်မှုန့်များက လတ်ဆတ်နေသည်။ မုန့်သားက ပျော့ပြောင်းပြီး ဖြူနေသော်လည်း မစေးကပ်နေချေ။ ကြက်ဥနံ့တစ်မျိုးကလည်း ထွက်နေသည်။ မုန့်ကြွပ်ကြော်နှင့် ဆော့ကို တွဲစားလိုက်သောအခါ အမှန်ပင် အရသာရှိလှပေသည်။
“ အရသာရှိတယ်၊ ဒါပေမဲ့ ဒါက အရမ်းဗာဟီရများတယ်” အဘိုးချန်က ခေါက်မုန့်ကို ကိုင်ရင်း သက်ပြင်းချကာ ပြောလိုက်လေသည်။
ကျန်းယွင်ကျူး တစ်မနက်လုံး အလုပ်များနေတာ ဒီခေါက်မုန့်သုံးခုလေး အတွက်တဲ့လား။
သူ့သဘောကတော့ မနက်စာအတွက် စွပ်ပြုတ်နဲ့ပန်ကိတ်စားရင် ရပါပြီ။
ကျန်းဝူမှာ စားသောက်နေရသဖြင့် အလုပ်ရှုပ်နေပြီး စကားပြောဖို့ရာ အချိန်မရှိပေ။
ကျန်းယွင်ကျူးက ပြုံးလိုက်၏။ နောက်ဆုံး တစ်ကိုက်စားဖို့အတွက်တင် မဟုတ်ဘူးလေ။ ဒါကို လုပ်နေတုန်း ပျော်ရတဲ့အချိန်တွေလည်း ပါတာပေါ့။ ခေတ်သစ်မှာလိုပေါ့။ လူတွေက လျန်ပီ(ခေါက်ဆွဲတစ်မျိုး)ကို ကိုယ်တိုင် လုပ်စားနေကြတုန်းပဲလေ။ အဲဒါလုပ်ဖို့က ဗာဟီရများပြီး မအောင်မြင်ဖို့ကလည်း လွယ်တယ်။ ဒါတောင် သူတို့ကို ပျော်ပျော်ပါးပါး လုပ်စားကြတုန်းလေ။
တစ်စုံတစ်ယောက်က အရသာရှိတာတွေ လုပ်ပြီးရင် အောင်မြင်ပြီးမြောက်တဲ့ ခံစားချက်က ပိုကြီးထွားလာတယ်။
ပြီးတော့ သူမသည် ခေါက်မုန့်ကို စားချင်ရုံသက်သက်ပါ။ ဒါကို စားနိုင်တာကပဲ ပျော်ရွှင်မှုတစ်မျိုးပဲ မလား။
“ ကြည့်ရတာ သမီးက အချက်အပြုတ်ကို တကယ်သဘောကျတဲ့ပုံပဲ”
အဘိုးချန်က ထိုသို့သာပြောနိုင်တော့သည်။
အချက်အပြုတ်ကို သဘောကျတာလား။ ခေါက်မုန့်ကို ဝါးရင်း ကျန်းယွင်ကျူးသည် သူမ၏ ငယ်ဘဝကို ပြန်သတိရသွားတော့သည်။ အမေက သူမကို ချက်ပြုတ်တတ်အောင်ဆိုပြီး ကူညီခိုင်းတတ်တယ်။ ဒါပေမဲ့ အဲဒီတုန်းက သူမက အမြဲငြင်းခဲ့တာချည်းပဲ။
သူမ စဥ်းစားခဲ့တာကလေ။ သူမက အချက်အပြုတ်ကို သင်ယူပြီး တခြားသူအတွက် ဘာလို့ ချက်ပြုတ်ပေးရမှာလဲလို့ပေါ့။ တခြားသူတွေက အချက်အပြုတ်သင်ပြီး ဘာလို့ သူမကို မချက်ကျွေးတာလဲပေါ့။
နောက်ပိုင်း ကြီးလာမှ တခြားသူတွေကို လုပ်ခိုင်းတာထက် ကိုယ်တိုင်လုပ်လိုက်တာက ပိုကောင်းမှန်း သိလာခဲ့တယ်။ ကိုယ်တိုင်လုပ်တာက အန္တရာယ်အကင်းဆုံးရွေးချယ်မှုပဲလေ။
အခုလိုပေါ့။ သူမ ဒီချက်ပြုတ်နည်းတွေသိတယ်။ သူမ ဘယ်ကိုရောက်ရောက်၊ ဘာပဲစားချင်ချင် စိတ်ထဲက သွားရေကျနေမဲ့အစား ကိုယ်တိုင်လုပ်စားနိုင်တယ်လေ။
ကျန်းယွင်ကျူးသည် ခေါက်မုန့်ကို ပျော်ပျော်ရွှင်ရွှင် စားနေလေသည်။ သည်အခိုက်တွင် အမျိုးသမီးချန်က စိတ်ဆိုးမာန်ဆိုးမျက်နှာဖြင့် ကျန်းယွင်ရွှယ်နှင့် ကျန်းလင်တို့နောက်က လိုက်ဝင်လာခဲ့သည်။
“ အမေ ခေါက်မုန့်စားအုံး၊ သမီး အမေတို့အတွက် လုပ်ထားပေးတာ”
ကျန်းယွင်ကျူးက နောက်ကျန်သည့် ခေါက်မုန့်ကို ပါးစပ်ထဲထည့်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။
သည်အချိန်တွင် အမျိုးသမီးချန်သည် ခေါက်မုန့်စားဖို့ စိတ်မပါချေ။ သူမကို နဂါးအသဲနှင့် ဇာမဏီခြင်ဆီပေးလျှင်တောင် သူမ မျိုချနိုင်မည်မဟုတ်ပေ။
“ဘာလဲ၊ တစ်ခုခုဖြစ်လို့လား” ကျန်းယွင်ကျူးက မေးလိုက်သည်။
အမျိုးသမီးချန်က အံကြိတ်လိုက်ပြီး
“ ဒီနေ့ စျေးထဲမှာ ထမင်းဘူးရောင်းတဲ့သူနှစ်ယောက် ထပ်တိုးလာတယ်လေ၊ အမေတို့လိုပဲ၊ အစားအသောက်မှာလို့ရတယ်၊ သူတို့ကလည်း ဝက်သားနီထမင်း၊ ကြက်သားထမင်း နဲ့ ပဲနှစ်အသားလုံးထမင်း ရောင်းတာတဲ့”
ခဏလောက် ငြိမ်သက်သွားပြီးနောက် သူမက ကျန်းယွင်ကျူးကို ကြည့်ကော ပြောလိုက်လေသည်။
“ ရောင်းစျေးကလည်း အမေတို့ထက် စျေးသက်သာတယ်”
သူမသည် စကားပြောပြီးနောက်တွင် ဒေါသထွက်ရမည်လား စိတ်ပူရမည်လား မသိဖြစ်သွားတော့သည်။ သူမ၏လက်တို့က မသိမသာတုန်ယင်နေလေသည်။
ကျန်းမိသားစုသည် သည်လိုအကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားခဲ့သည်။ အမျိူးသမီးချန်က နေ့တိုင်း ရွှေတုံးလေးတစ်ခုလို အမြတ်တနိုးနှင့် အရိပ်တကြည့်ကြည့် စောင့်ကြည့်လာခဲ့ရသည်။ ဒုတိယအကြိမ်ကြည့်လာသည့် မည်သူ့ကိုမဆို သူမဆီက လုသွားတော့မည့်နှယ် မြင်နေတတ်သည်။
အခုတော့ ရုတ်တရက်ဆိုသလို သူမ၏လုပ်ငန်းကို လုယူမည့်သူနှစ်ယောက် ပေါ်လာရာ သူမသည် ထိတ်လန့် ဒေါသထွက်ရတော့သည်။ ထို့အပြင် အနည်းငယ် စိတ်ပျက်မိလေသည်။
ကျန်းယွင်ကျူးကတော့ မအံ့ဩချေ။ လူတစ်ယောက် ထမင်းဘူးလုပ်ငန်း လုပ်နေလျှင် ဒါကိုမြင်ပြီးနောက်ပိုင်း နောက်လူကလည်း သိသွားလိမ့်မည်။ ထို့အပြင် ဝက်သားကင်ထမင်းကလည်း အမှန်ပင် အလွန်နာမည်ကြီးလေသည်။
ထို့အပြင် မိုင်းတွင်းထဲတွင် လူများစွာရှိသည်။ သူတို့ကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ဖို့က မဖြစ်နိုင်ပေ။
သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဟင်းလျာအရည်အသွေးကို သေချာလုပ်ပေးပြီး ဟင်းလျာအသစ်များ ထုတ်နေဖို့ပင်။
ထိုအတွေးဖြင့် သူမသည် လွန်ခဲ့သည့်ရက်အနည်းငယ်ကို သတိပြန်ရသွားတော့သည်။ သူမရဲ့အထူးနေ့လယ်စာ ထမင်းဘူးက အဆင်သင့်ဖြစ်သင့်ပြီးမလား။
“ယွင်ကျူး အမေတို့ဘာလုပ်ကြမလဲ”
အမျိုးသမီးချန်က မေးလိုက်၏။ တခြားသူတွေက စျေးပေါပေါနဲ့ ရောင်းနေတာလေ။ ဒီနေ့ သူတို့ဆီက မှာတဲ့လူအရေအတွက်ကလည်း ၃၀ရာခိုင်နှုန်းလောက် သိသိသာသာကျသွားတယ်။
“ သမီးမြို့ပေါ်တက်ပြီး တစ်ချက်သွားကြည့်လိုက်အုံးမယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။
“ အမေ သမီးနဲ့ လိုက်ခဲ့ဖို့လိုသေးလား၊ အမေ သမီးကို ကူညီနိုင်ပါတယ်” အမျိုးသမီးချန်က မေးလိုက်၏။
“အမေ မနက်စာ မစားရသေးဘူးလေ၊ အရင် စားလိုက်အုံး”
အမျိုးသမီးချန်မှာ မစားနိုင်ပေ။ သို့သော် ကျန်းယွင်ကျူးကို စိတ်မကောင်းဖြစ်မည်စိုးသဖြင့် အင်တင်တင်နှင့် ပြောလိုက်တော့သည်။
“ အင်းပါ”
ကျန်းယွင်ကျူးက ဝမ်သဲ့ကို သွားတွေ့ရန် မြို့တက်လာခဲ့လေသည်။
သူမသည် ဝမ်သဲ့ ဆိုင်ခင်းသည့်နေရာသို့ရောက်ချိန်တွင် ဘယ်သူမှ မရှိဖြစ်နေသည်။
သူ ဒီနေ့ ဆိုင်လာမခင်းဘူးလား။ ကျန်းယွင်ကျူးမှာ ဇဝေဇဝါဖြစ်သွားတော့သည်။ ဝမ်သဲ့၏နာမည်သာ သိထားသဖြင့် သူမက တစ်ယောက်ယောက် မေးပြီး သူ့အိမ်အထိ သွားရှာရကောင်းမလားဟု တွေဝေနေမိသည်။
သည်အခိုက်တွင် ဝမ်သဲ့က ရောက်လာလေသည်။
“မိန်းကလေး ကျွန်တော် အခုပဲ မင်းကို လာရှာတာ၊ မင်းလိုချင်တာတွေ ကျွန်တော်လုပ်ပြီးသွားပြီ”
ကျန်းယွင်ကျူး၏မျက်လုံးများသည် လင်းလက်သွားတော့သည်။
“ ကျွန်မ တစ်ချက်လောက် ကြည့်လို့ရမလား”
“ဒါပေါ့ ကျွန်တော့်နောက် လိုက်ခဲ့ပါ”
ကျန်းယွင်ကျူးက မြို့အနောက်ဘက်ရှိ ဝမ်သဲ့၏အိမ်သို့ လိုက်လာခဲ့သည်။ အခန်းသုံးခန်းပါပြီး တံခါးနှင့် နံရံကို ပြဒါးနီရောင်ဆေးသုတ်ထားသည့် အုတ်ကြွတ်မိုးအိမ်တစ်လုံးဖြစ်သည်။ တစ်အိမ်တည်းဆိုလျှင် ကြည့်လို့ကောင်းမည်။ သို့သော် နှစ်ဖက်လုံးတွင် အိမ်များနှင့် နံရံများက အသစ်ပြန်ဆောက်ထားပြီး သိသိသာသာ ပိုမြင့်နေသဖြင့် အလယ်တွင် ညပ်နေကာ အလွန်ကြပ်ညပ်နေသလို ဖြစ်နေလေသည်။
သူ့အခြေအနေကို သိနေသဖြင့် ဝမ်သဲ့က အောင့်သက်သက်ပြုံးလိုက်ပြီး ကျန်းယွင်ကျူးကို အထဲသို့ ဖိတ်လိုက်သည်။
တံခါးအဖွင့်တွင် အခန်းထဲက အမျိုးသမီးတစ်ယောက် ထွက်လာခဲ့သည်။ အမျိုးသမီးသည် ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသည်။ ကျန်းယွင်ကျူးက ကိုယ်တိုင်လုပ်ထားသည့် နေ့လယ်စာ ထမင်းဘူးများကို လာယူသည်ဟု ကြားလိုက်ရသောအခါ သူမက ရောက်လာပြီး စကားတစ်ခွန်းနှစ်ခွန်း နှုတ်ဆက်လိုက်လေသည်။
ဝမ်မိသားစုသည် နေ့လယ်စာထမင်းဘူးတစ်သုတ်ကို လုပ်ပြီး ငွေတချို့ရှာနိုင်ခဲ့သည့် အချက်ကို ချန်လှပ်ထားလျှင် အကြိမ်ကြိမ် နားချခဲ့ပြီးနောက်တွင် ဝမ်သဲ့ မိုင်းတွင်းသို့သွားမည့်အစီအစဥ်သည် နှောင့်နှေးသွားတော့သည်။ သူ့ကို နောက်တစ်ကြိမ် နားချရန် အချိန်အကြာအကြီး ယူရအုံးမည်။ ထို့ကြောင့် ထိုအမျိုးသမီးက ကျန်းယွင်ကျူးကို သိပ်ပြီး ဖော်ဖော်ရွေရွေ မရှိပေ။
“ သူက အဲလိုပဲ၊ သူ့ကို စိတ်ထဲမထားနဲ့”
ဝမ်သဲ့က ကျန်းယွင်ကျူး စိတ်ဆိုးသွားမည်စိုးသဖြင့် မြန်မြန်ရှင်းပြလိုက်၏။
ကျန်းယွင်ကျူးက စိတ်ထဲမရှိပေ။ သူမသည် သူမ၏နေ့လယ်စာထမင်းဘူးကို ကြည့်ချင်ရုံသာ။
ဝမ်သဲ့က ခြံအနောက်သို့သွားလိုက်ပြီး နေ့လယ်စာထမင်းဘူးတစ်ခုကို ထုတ်လာကာ သူမကို လှမ်းပေးလိုက်လေသည်။
ကျန်းယွင်ကျူး၏ မျက်လုံးမှာ လင်းလက်သွားတော့သည်။ ဟုတ်တယ်။ ဒီနေ့လယ်စာထမင်းဘူးနဲ့ လုပ်ရမယ်။
“သူဌေးက လက်ရာက တကယ်အံ့ဩစရာကောင်းတာပဲ”
သူမက ချီးကျူးလိုက်သည်။ သည်နေ့လယ်စာထမင်းဘူးက သူမ စိတ်ကူးထားသည်ထက် ပိုကောင်းနေသည်။
ဝမ်သဲ့က စိတ်ရင်းနှင့် ပြုံးနေလိုက်သည်။ သူလုပ်ထားသည့် ပစ္စည်းကို တခြားသူများက ကြိုက်သည်ထက် ပိုပြီးကျေနပ်စရာကောင်းသည့်အရာ မရှိပေ။
ချက်ချင်းပင် ကျန်းယွင်ကျူးက ငွေချေလိုက်ပြီး မြည်းလှည်းတစ်စီးငှားကာ ထိုနေ့လယ်စာ ထမင်းဘူးများနှင့် အိမ်ပြန်လာခဲ့တော့သည်။
...
အခန်း (၄၃.၂)
သူမသည် နေ့လယ်ပိုင်းတွင် မြို့တက်ပြီး ပစ္စည်းဝယ်ချိန်တွင်တော့ အစားအသောက်စာရင်းကို ပြန်ညှိလိုက်လေသည်။
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက အမှာစာများကို လက်ခံရန် ဆိုင်ဖွင့်ဖို့ရာ စျေးထဲသို့ ကိုယ်တိုင်သွားလိုက်တော့သည်။
“သူဌေး ကျွန်တော် ဝက်ကင်ထမင်းတစ်ပွဲ မှာချင်တယ်” ပုံမှန်စားသုံးသူတစ်ယောက်က ပြောလိုက်၏။
“အားပါတယ်ရှင်၊ ကျွန်မတို့ ဒီနေ့ ဝက်ကင်ထမင်း မရောင်းပါဘူး၊ ကျွန်မတို့ ထမင်းဟင်းအစုံ ရောင်းမှာပါ”
ကျန်းယွင်ကျူးက အပြုံးတစ်ခုနှင့် ပြောလိုက်၏။ ဧည့်သည်က မမေးရသေးခင်မှာပင် သူမက စတင်ရှင်းပြလိုက်လေသည်။
“ ထမင်းဟင်းအစုံမှာ၊ ထမင်းတစ်ပွဲ နဲ့ ရှင်ရွေးထားတဲ့ ဟင်းတွေပါမှာပါ”
သူမသည် ပြောရင်းဆိုရင် စားပွဲအောက်က အဖြူရောင်ကြွေထည်နေ့လယ်စာထမင်းဘူးကိုထုတ်ကာ ဖွင့်ပြလိုက်သည်။ အထဲတွင် နှစ်ထပ်ပါသည်။ ပထမတစ်ထပ်ကို လေးခန်းခွဲထားပြီး အောက်တစ်ထပ်ကိုတော့ အခန်းမခွဲထားပေ။
နေ့လယ်စာထမင်းဘူးကို ညွှန်ပြလိုက်ပြီး သူမက ရှင်းပြလိုက်သည်။
“ ထမင်းကို ဒီမှာထည့်ပြီး ဟင်းတွေကိုတော့ အပေါ်မှာထည့်ပေးမှာပါ၊ ဒီနေ့ဟင်းလျာထဲမှာ ဝက်သားပြုတ်၊ ဝက်သားနီချက်၊ ကြက်အစပ်နဲ့ ဆော့နှစ်ဆန်းထားတဲ့ ဆာတေးအသားလုံး....” စုစုပေါင်း အသားနှင့် အသီးအရွက်ဟင်းလျာ ဆယ်မျိုးရှိသည်။
“ ရွေးစရာ ဆယ်မျိုးရှိပါတယ်၊ အသီးအရွက်ဟင်းအားလုံးက တစ်ပွဲ ၁၀ ဝမ်၊ အသားတစ်မျိုးနဲ့ အသီးအရွက်တစ်မျိုး တစ်ပွဲ ၁၂ ဝမ်၊ အသားနှစ်မျိုး အသီးအရွက်နှစ်မျိုး တစ်ပွဲ ၁၄ ဝမ်၊ အသားသုံးမျိုးနဲ့ အသီးအရွက်တစ်မျိုး တစ်ပွဲ ၁၆ဝမ်ပါ၊ အသားအားလုံးဆိုရင်တော့ တစ်ပွဲ ၁၈ ဝမ်ပါ”
အားလုံးက သူမ ထုတ်လာသည့် နေ့လယ်စာထမင်းဘူးကို မြင်လိုက်ကာ အသစ်အဆန်း ဖြစ်သွားတော့သည်။ နှင်းဖြူရောင်နေ့လယ်စားထမင်းဘူးအဝိုင်း၏ အဖုံးပေါ်တွင် တုံအိအိရွှန်းစိုနေသည့် ဝက်သားကင်နှစ်တုံးပုံကို ရေးဆွဲထားသည်။ အနှစ်က တစ်စက်စက်ကျနေ၏။ ကျန်းယွင်ကျူး၏ လျှို့ဝှက်ဟင်းအမယ် ဝက်သားနီပုံစံနှင့် တစ်ထပ်တည်းပင်။ ကြည့်ရင်းနှင့်ပင် လူများကို သွားရေကျလာစေတော့သည်။
ဝက်သားကင်ဘေးတွင် “ကျန်းကျီ” ဟူသည့် စားလုံးရေးထိုးထားလေသည်။
သူမ၏ ထမင်းဘူးမှာနည်းကို ကြားလိုက်ရပြီးနောက် အားလုံးက ချက်ချင်းစိတ်ဝင်စားသွားကြသည်။ အမြဲတမ်း ဝက်သားကင်ထမင်းနဲ့ ကြက်ထမင်းပဲ စားနေရတာလေ။ သူတို့လည်း စားရတာ ငြီးငွေ့ပြီး ကျန်းယွင်ကျူးဆီက မွှေကြော်လေးတစ်ခုကို မှာချင်နေတာမလား။ နောက်ဆုံး မွှေကြော်လေးတစ်ပွဲကလည်း စျေးကြီးတယ်လေ။ အခုတော့ သူတို့တွေ ထမင်းတစ်နပ်မှာရုံနဲ့ ဟင်းလေးမျိုး ရနိုင်မှာမလား။
ဝက်သားပြုတ်ကလည်း ရှိသေးတယ်။ သူတို့တွေ အစောကြီးကတည်းက ကြားခဲ့ဖူးတယ်လေ။ ကျန်းယွင်ကျူးလုပ်ထားတဲ့ အသားပြုတ်က အကောင်းဆုံးပဲတဲ့။ ဒါပေမဲ့ သူတို့တွေက စားကြည့်ဖို့ အခွင့်အရေးတစ်ခုမှ မရခဲ့ဘူး။
ဒါက အံ့ဩစရာပဲ။
“သူဌေး ကျွန်တော့်ကို တစ်ပွဲပေးပါ၊ ကျွန်တော် အသားလေးမျိုးနဲ့ယူမယ်၊ ကျွန်တော်က အသားပြုတ်၊ အနှစ်ဆန်းထားတဲ့ ဆာတေးအသားလုံး၊ အသဲကြော် နဲ့ ဝက်ချိုချဥ်”
“သူဌေး ကျွန်တော်လည်း အဲဒါယူမယ်”
“ကျွန်တော်ရောပဲ”
ချက်ချင်းဆိုသလိုပင် လူများအကြီးက မှာစားချင်ကြလေသည်။
ကျန်းယွင်ကျူးက ဆက်ပြောလိုက်၏။
“ အားလုံးတစ်ခုကြိုပြီး ပြောစရာလေး ရှိပါတယ်၊ ရှင်တို့တွေ ဒီထမင်းဟင်းအစုံကို မှာမယ်ဆိုရင် စရံငွေ ၇ ဝမ် ပေးထားရပါမယ်၊ ဒါက နေ့လယ်စာထမင်းဘူးအတွက် ငွေပါ၊ အားလုံးပဲ စိတ်မပူပါနဲ့နော်၊ ရှင်တို့တွေ ညနေပိုင်း ဖြစ်ဖြစ် အချိန်မရွေး ထမင်းဘူးပြန်လာပေးရင် စရံကို ရှင်တို့ကို ချက်ချင်းပြန်အမ်းပေးမှာပါ”
စရံငွေ လိုသေးတာလား။ သို့သော်ငြား အားလုံးက နှင်းလိုဖြူနေသည့် ထမင်းဘူးကို ကြည့်လိုက်ချိန်တွင် တစ်ယောက်ယောက်ကတော့ စားသောက်ပြီးလျှင် သည်လိုလှပသည့် ထမင်းဘူးကို ပြန်ပေးချင်မှာ မဟုတ်မှန်း နားလည်သွားတော့သည်။ ဒါဆိုရင်တော့ ဒီမိန်းကလေးက ရှုံးတော့မှာမလား။
သည်လိုစဥ်းစားလိုက်ပြီးနောက်တွင် သည်နေ့လယ်စားထမင်ဘူးက အမှန်ပင် ကောင်းမွန်ကြောင်း ရုတ်တရက် ခံစားလိုက်ရတော့သည်။ သူတို့သည် နောက်ပိုင်း ထမင်းဘူးမှာလျှင် အများကြီး အဆင်ပြေသွားလိမ့်မည်။
“ ကောင်းပါပြီ၊ ဒီမှာ စရံငွေပါ၊ ဒါက အစားအသောက်ဖိုး၊ သူဌေး ကျွန်တော် ခုနက မှာလိုက်တဲ့ ထမင်းဘူးက....”
မကြာခင်မှာပင် အားလုံးက စရံငွေပေးရမည်ကို လက်ခံလိုက်ပြီး ကျန်းယွင်ကျူးဆီတွင် အစားအသောက်မှာ ဆက်မှာလိုက်ကြလေသည်။
ကျန်းယွင်ကျူးက ငွေကို ယူလိုက်ပြီး စာရွက်ပိုင်းနှစ်ခုကို သူ့အား ပေးလိုက်လေသည်။ တစ်ခုမှာ နံပါတ်စဥ်ပါသည့် စရံငွေစာရွက်ဖြစ်သည်။ အချိန်တန်ပြီး ထမင်းဘူးနှင့် စာရွက် ပြန်လာပေးသည့်အခါ စရံငွေ အအမ်းပြန်ရလိမ့်မည်။ နောက်တစ်ခုမှာ နံပါတ်စဥ်တစ်ခုနှင့် နောက်ထပ် ဂဏန်းလေးလုံးပါပြီး သူတို့မှာထားသည့် ဟင်းပွဲအရည်အတွက်ဖြစ်လေသည်။
ဒါသည် ကျန်းယွင်ကျူး၏စိတ်ကူပင်။ ဟင်းပွဲများကို နံပါတ်စဥ်နှင့် အစားထိုးလိုက်သောအခါ ချရေးချိန်တွင် ပိုပြီးလွယ်ကူသွားလေသည်။
“ကျွန်တော်လည်း တစ်ပွဲမှာမယ်”
“ ကျွန်တော့်အတွက်လည်း တစ်ပွဲ”
သည်နေ့ ကျန်းယွင်ကျူးရွေးထားသည့် ဟင်းပွဲဆယ်မျိုးသည် မွှေကြော် အစားအသောက်စာရင်းထဲက အများဆုံးမှာတတ်သည့် ဟင်းများဖြစ်လေသည်။ ထိုဟင်းများသည်လည်း အားလုံးအကြိုက် ဟင်းပွဲများဖြစ်ကြသည်။ အားလုံးက ဟင်းနာမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် တခြားနေရာတွင် ပိုစျေးသက်သာသည်ဟု ကြားကာ တခြားနေရာရင် သွားမှာမည့်သူများက သည်နေရာမှာပဲ ချက်ချင်းနေခဲ့လိုက်ပြီး ကျန်းယွင်ကျူးထံတွင် အစားအသောက်ဆက်မှာလိုက်ကြသည်။
ရုတ်တရက်ဆိုသလို လူများသည်အလျင်စလိုရောက်ချလာတော့သည်။
နောက်ဆုံးတွင် ဒုစစ်သူကြီးကျောက်နှင့် တခြားသူများပင် ထမင်းဟင်းတစ်စုံကို မှာဖို့ရန် ရွေးချယ်လိုက်ရတော့သည်။ နောက်ဆုံး ထမင်းဟင်းအစုံမှာလိုက်ခြင်းက တစ်ကြိမ်ထဲတွင် ဟင်းလေးမျိုးစားနိုင်သည့် အဓိပ္ပာယ်ပင်။ အလွန်မှ အသစ်အဆန်းဖြစ်လေသည်။
မနက်၇နာရီတွင် ကျန်းယွင်ကျူးက ဆိုင်ပိတ်လိုက်သည်။ သည်နေ့လုပ်ငန်းသည် ပုံမှန်ကောင်းနေခြင်း မဟုတ်ပေ။
“ယွင်ကျူး”
အမျိုးသမီးချန်က သူမကိုကြည့်လိုက်ပြီး ဘာပြောရမည်မသိဖြစ်သွားတော့သည်။ ကျန်းယွင်ကျူးက လှုပ်ရှားလိုက်လျှင် မဖြေရှင်းနိုင်သည့်ပြဿနာဟူ၍ အမှန်ပင်မရှိပေ။ မနေ့က မကောင်းခဲ့သည့် စီးပွားရေးသည် သည်နေ့တွင် ပိုလို့ပင် ကောင်းနေသေးသည်။
ကျန်းယွင်ကျူးက ပြုံးပြလိုက်သည်။ သည်နေ့ချက်ပြုတ်ရသည်က မနေ့ကထက်ပင် ပိုလွယ်ကူသေးသည်. နောက်ဆုံး သူမသည် ဟင်းဆယ်မျိုးသား ချက်ရန်လိုသည်။ သည်လို စဥ်းစားလိုက်သည်တွင် သည်မိုင်းတွင်း၌ ထမင်းဟင်းအစုံ ပြုလုပ်ပေးသည့် အမှန်ပင် သင့်တော်လေသည်။
ဒါပေါ့လေ။ အရေးအကြီးဆုံးက အရသာနဲ့ အရည်အသွေးကို ထိန်းထားဖို့ပဲ။ ပြီးတော့ ထမင်းဘူးကို ပြန်ယူပြန်လာရင် ဆေးကြောပြီး ရေနွေးနဲ့ပြုတ်ပြီးမှ ပြန်သုံးရမယ်။ ဒါမှ အစားအသောက်က ကျန်းမာရေးနဲ့ ညီညွှတ်မှာပေါ့။
နေ့လယ်ခင်းတွင် ကျန်းယွင်ကျူး၏ ထမင်းဟင်းအစုံက အားလုံး၏ပါးစပ်ဖျားတွင် အပြည့်အဝ ထောက်ခံချီးကျူးခံရလေသည်။
ညနေခင်းတွင် ကျန်းယွင်ကျူးက အစားအသောက်စာရင်းပြောင်းလိုက်သည်။ ထမင်းဟင်းအစုံ မှာစားသူ ပိုများလာခဲ့သည်။
နေ့တိုင်း ဟင်းအမည်ပြောင်းခြင်းက ဟင်းပွဲ၏လတ်ဆတ်မှုကို ထိန်းထားနိုင်သည်။ သူမ၏ လုပ်ငန်းကလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
သို့သော် နှစ်ရက်ကြာပြီးနောက် သူမသည် ပြဿနာတစ်ခု ရင်ဆိုင်ရတော့သည်။
“ အမေ သမီးတို့ရဲ့ ထမင်းဘူးတွေ ပိုပြီးနည်းလာသလိုပဲ”
လောက်တောင် မလောက်တော့သလောက်ပဲ။
“ အမေလည်း အဲဒါပြောမလို့ပဲ” အမျိုးသမီးချန်က ပြောလိုက်၏။
“ မမ ညီမလေး သိတယ်”
ကျန်းယွင်ရွှယ်က ကပ်ပြောလိုက်သည်။
“ဘာလဲဟင်” ကျန်းယွင်ကျူးက မေးလိုက်၏။
“ ညီမလေးတို့ရဲ့ထမင်ဘူးက အစားအသောက်ဝယ်ပြီး သယ်လို့အဆင်ပြေတယ်တဲ့၊ လူအများကြီးက သမီးကို စရံစာရွက်တွေ တန်းလာပေးကြပြီး သူတို့က ထမင်းဘူးကို ဝယ်လိုက်ပြီလို့ပြောတယ်”
ကျန်းယွင်ရွှယ်သည် ပြီးခဲ့သည့်နှစ်ရက်အတွက် အမှာစာယူခြင်းနှင့် စာရင်းမှတ်ခြင်း တာဝန်ယူပေးခဲ့ရာ ထိုအကြောင်းကို သိခဲ့ရသည်။
ကျန်းယွင်ကျူးမှာ သည်လိုဖြစ်လာမည်ဟု မျှော်လင့်မထားသဖြင့် အနည်းငယ် ဆွံ့အသွားတော့သည်။ ဘာလို့များ ထမင်းဘူးကို အစားတစ်နပ်နဲ့ ဝယ်ရတဲ့ကိစ္စဖြစ်သွားတာလဲ။
ထမင်းဘူးတစ်ခုကို ၇ ဝမ်။ သူမက ငွေနည်းနည်းပိုရလိုက်တယ်ဆိုပေမဲ့ သူမက ထမင်းဘူးရောင်းတာ မဟုတ်ဘူးလေ။
ကြည့်ရတာ မြို့တက်ပြီး ထမင်းဘူးနောက်တစ်သုတ် မြန်မြန်ထပ်မှာရတော့မှာပဲ။
တွေးရင်း အလုပ်လုပ်လိုက်ပြီး ကျန်းယွင်ကျူးက ချက်ချင်းမြို့ တက်သွားတော့သည်။ သို့သော် သူမသည် ဆိုင်တွင် ဝမ်သဲ့ကို တွေ့ရချေ။ ထို့ကြောင့် သူမက သူ့အိမ်အထိလိုက်သွားပြီး သူ့ကို ရှာလိုက်တော့သည်။
သည်အခိုက်တွင် ဝမ်သဲ့၏အိမ်၌ ဝမ်သဲ့သည့် သူ့မိန်းမ အမျိုးသမီးချွေ့နှင့် စကားများနေလေသည်။ သို့သော် မိုင်းတွင်းသို့ သွားခိုင်းသည့် ကိစ္စမဟုတ်ပေ။
ပြီးခဲ့သည့်နှစ်ရက်က လူများက သူ့ထံတွင် အထူးထမင်းဘူးအကြောင်း လာမေးကြခြင်းဖြစ်သည်။ အမျိုးသမီးချွေ့က ထိုအကြောင်းကို ကြားတော့ တစ်သုတ်လောက် မြန်မြန်ဖုတ်ပေးဖို့ သူ့ကို ချက်ချင်းပြောတော့သည်။
ဝမ်သဲ့က ဒါသည် ကျန်းယွင်ကျူး၏စိတ်ကူး ဖြစ်သည်ဟု တွေးမိသဖြင့် သူသည် အလွယ်တကူ မရောင်းနိုင်ပေ။
သူ မလုပ်နိုင်ပါ။ အမျိုးသမီးချွေ့က သူ့ကို နုံအရကောင်းလားဟု ဆဲဆိုတော့သည်။ သူက မရောင်းဘူးဆိုရင် တခြားသူတွေက မရောင်းတော့မှာ မလို့လား။ ငွေရှာဖို့ နေရာရှိနေတာကို သူက မရှာဘဲနဲ့ သူမကို သူနဲ့အတူတူ လိုက်ခံစားစေချင်တာပဲ။
သည်အချိန်တွင် တစ်ယောက်ယောက်က တံခါးလာခေါက်လေသည်။
“ တံခါးသွားဖွင့်ချည်” အမျိုးသမီးချွေ့က ဒေါသတကြီးပြောလိုက်၏။
ဝမ်သဲ့က တံခါးသွားဖွင့်လိုက်ပြီး ကျန်းယွင်ကျူးကို တွေ့လိုက်ရလေသည်။
“မင်း...”
ဝမ်သဲ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူ့အကြောင်းပြောနေတုန်း သူကရောက်လာတာပဲ။
“ကျွန်မ ထမင်းဘူးနောက်ထပ်တစ်သုတ် မှာချင်လို့ပါ” ကျန်းယွင်ကျူးက သူမ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်၏။
“ကောင်းပါပြီ” ဝမ်သဲ့က သဘောတူလိုက်သည်။
သည်အချိန်တွင် အမျိုးသမီးချွေ့က အိမ်ထဲမှ အလောတကြီးထွက်လာပြီး
“မိန်းကလေးကျန်း ရှင် ဒီအထိလာခဲ့ရတာ ရေဆာနေတော့မှာပဲ၊ ဝင်လာပြီး ရေလေးသောက်ပါအုံး”
သူမက ကျန်းယွင်ကျူးကို ဆွဲကာ နေကြာပန်းတစ်ပွင့်လို ပြုံးလိုက်လေသည်။
သူမ၏ ပိုကဲနေသည့်စိတ်အားထက်သန်မှုက ပထမတစ်ခေါက်တွေ့တုန်းနှင့် လုံးဝမတူချေ။
ကျန်းယွင်ကျူးက သူမတွဲလိုက်သည့်လက်ကို တည်တည်ငြိမ်ငြိမ် ဆွဲဖြုတ်လိုက်ပြီး
“ကျွန်မ ရေမဆာပါဘူး၊ ရှင် ပြောစရာရှိတယ်ဆိုရင် ပြောပါ”
အမျိုးသမီးချွေ့က အနည်းငယ် အောင့်သက်သက်ဖြစ်သွားပြီး ဝမ်သဲ့ကို မျက်လုံးမှိတ်ပြလေသည်။ သူကို ထုတ်ပြောခိုင်းနေခြင်းပင်။
ဝမ်သဲ့က မမြင်ချင်ဟန်ဆောင်နေလိုက်သည်။ သူသည် သူ့ပါးစပ်က ထုတ်ပြောရမည်ကို ရှက်နေမိသည်။
အမျိုးသမီးချွေ့က အံကြိတ်လိုက်တော့သည်။ သူမကပဲ လူဆိုးလုပ်ရတော့မယ် ထင်တာပဲ။ သူမက အရင်ဆုံး သက်ပြင်းချလိုက်ပြီး ကျန်းယွင်ကျူးကို ပြန်ဖြေလိုက်၏။
“ဒါဆိုလည်း ကျွန်မကပဲ ရှင့်ကို အမှန်အတိုင်းပြောလိုက်ပါ့မယ်၊ လူတော်တော်များများက ရှင်လုပ်ထားတဲ့ ထမင်းဘူးကို ဝယ်ချင်နေကြတာလေ၊ ကျွန်မက သူ့ကို တစ်သုတ်လောက်လုပ်ပြီး ရောင်းဖို့ပြောပေမဲ့ သူက ငြင်းနေတာ။
ကျွန်မ ဒီကိစ္စမှာ မှားမှန်းသိပါတယ်....”
ကျန်းယွင်းကျူးသည် နေ့လယ်စာထမင်ဘူးက နည်းပညာအရ စာချုပ်မရှိမှန်း နားလည်လိုက်သည်။ ကြွေထည် ဖုတ်တတ်ဖို့လိုပြီး တစ်ချက်ကြည့်ရုံနှင့် လုပ်နိုင်သည်။ အရည်အသွေးအဆင့်ကသာ စကားပြောလေသည်။
“ဒီတော့ ရှင်က ဘာလုပ်ဖို့ စိတ်ကူးထားလဲ”
သူမက တစ်ဖက်လူကို မေးခွန်းပြန်မေးလိုက်သည်။
အမျိုးသမီးချွေ့မှာ စကားပြောဖို့ ရှက်ရွံ့သွားတော့သည်။
ဝမ်သဲ့ကလည်း သည်းခံထားရသဖြင့် မျက်နှာများ နီနေသည်။ ရုတ်တရက် သူက ထုတ်ပြောလိုက်၏။
“ မင်း သဘောတူရင်တော့ ကျွန်တော်မင်းကို ငွေပေးပါ့မယ်၊ ပြီးရင် ထမင်းဘူးကို ရောင်းမယ်၊ တကယ်လို့ မင်းသဘောမတူဘူးဆိုရင်တော့ ကျွန်တော်မလုပ်ပါဘူး”
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူက နေရာတွင်ပင် ထိုင်ချလိုက်လေသည်။ အမျိုးသမီးချွေ့က သူ့ကို မည်သို့ကန်ကျောက်နေပါစေ သူသည် မော့မကြည့်ပေ။
ကျန်းယွင်ကျူးက သူသည် မူပိုင်ခွင့် အကာအကွယ် လုံးဝမရှိသည့် လောကထဲက လူကောင်းတစ်ယောက် ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
အမှန်တွင်တော့ ဝမ်သဲ့မလုပ်လည်း တစ်ယောက်ယောက်က လုပ်လိမ့်မည်ကို သူမ သိလေသည်။
သူမက မြည်းဝယ်ဖို့ ငွေလိုနေသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်နေသည်။
ထိုအကြောင်းကို စဥ်းစားရင်း သူမက ပြုံးလိုက်၏။
ဝမ်သဲ့နှင့် ခဏလောက် စကားပြောလိုက်ပြီးနောက် ဝမ်သဲ့က သူလုပ်ထားသည့် ထမင်းဘူး ရောင်းရငွေထဲက ကျန်းယွင်ကျူးကို ၃လျန်ပေးဖို့ နှစ်ဦးသဘောတူလိုက်တော့သည်။ သူသည် ကျန်းယွင်ကျူး၏ ပုံစံကို တခြားသူများအား လုပ်ရောင်းမည် မဟုတ်သည်ကတော့ သေချာပေသည်။
ဝမ်သဲ့မှာ အလွန်ပျော်သွားတော့သည်။ နောက်ဆုံးတော့ သူသည် ကြွေထည်များကို ဆက်ပြီး လုပ်နိုင်သွားတော့သည်။ သူက အိမ်ထဲ ချက်ချင်းဝင်သွားပြီး ကျန်းယွင်ကျူးကို ၃လျန် သွားယူပေးလိုက်တော့သည်။
အမျိုးသမီးချွေ့က ဘေးကကြည့်ပြီး စိုးရိမ်မိသလို ဒေါသလည်း ထွက်သွားတော့သည်။ ၃လျန် ရှာဖို့ အချိန်ဘယ်လောက်တောင် ယူခဲ့ရသလဲ။ တခြားသူကို ဒီအတိုင်းပေးလိုက်တော့မှာတဲ့လား။
ကျန်းယွင်ကျူးသည် ငွေလက်ခံလိုက်ပြီးနောက်တွင် ဝမ်သဲ့ကို ထပ်ကူညီဖို့ဆုံးဖြတ်လိုက်တော့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ထမင်းဘူးစျေးကွက်ကို မယူလျှင်လည်း တခြားသူက ယူသွားလိမ့်မည်။ သူ့ကို ပေးလိုက်သည်က ပိုကောင်းပေမည်။
“ ဒီလိုထမင်းဘူးပုံစံမျိုးပဲ ရှိတာ မဟုတ်ပါဘူး၊ သုံးဆင့်၊ နှစ်ဆင့်၊ တစ်ဆင့် ပုံစံတွေလည်း လုပ်လို့ရပါတယ်၊ လေးထောင့်လုပ်မလား၊ အရှည်လုပ်မလား ရှင့်သဘောပါ၊ ဒါနဲ့ အပေါ်ဆုံးအဆင့် အလယ်မှာ အဝိုင်းပုံတစ်ခုလည်း ထည့်လို့ရတယ်၊ အရံဟင်းဖြစ်ဖြစ် တခုခု ထည့်လို့ရတာပေါ့
ရှင်က ဒီလိုပုံစံမျိုး အမျိုးအစားခွဲလုပ်လို့ရတယ်၊ ဝယ်သူတွေက သူတို့ချင်တဲ့ပုံစံကို ဝယ်လို့ရတာပေါ့၊ တစ်ယောက်ယောက်က ရှင့်လုပ်ငန်းကို ပြိုင်ပြီး ထမင်းဘူးလုပ်ချင်ရင်တောင် သူတို့တွေက ရှင့်ကို ပြိုင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ရှင်က အပြင်မှာ ဒီလိုပြောရပါတယ်၊ ကျန်းကျီက ရှင်တို့မိသားစုကိုပဲ ရွေးပြီး ဒီလိုထမင်းဘူးကို ရှင့်ကိုပဲ လုပ်ခွင့်ပေးထားတာလို့”
ကျန်းယွင်ကျူး၏နောက်ဆုံးစကားက အဓိပ္ပာယ်များစွာ ပါလေသည်။
အခုဆိုရင် နေ့လယ်စာထမင်းဘူးကို လူတိုင်းက ဝယ်ချင်နေကြတာလေ။ သူမသုံးလိုက်တဲ့ ထမင်းဘူးကြောင့်ပေါ့။ ဒီလိုပြောလိုက်ရင် သူမက ဝမ်သဲ့ရဲ့တံဆိပ်အစစ်ကို ထောက်ခံပေးလိုက်ရာ ကျတယ်။ အားလုံးက ထမင်းဘူးဝယ်ချင်ရင်လည်း ဒါပေါ့ သူတို့တွေ ဝမ်သဲ့ဆီကို သွားရမှာပေါ့။
ဒါက မင်းသားမင်းသမီးတွေကို ထောက်ခံချက်နဲ့ အေဂျင်စီလက်မှတ်တစ်ခုလိုပဲလေ။
ဝမ်သဲ့သည် ထိုစကားကို ကြားလိုက်ရချိန်တွင် အံ့ဩသွားတော့သည်။ အမျိုးသမီးချွေ့ပင် အေးခဲသွားလေသည်။
ခဏအကြာတွင် ဝမ်သဲ့က စိတ်လှုပ်ရှားကာ ပြောလိုက်တော့သည်။
“ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ”
သူသည် သည်လုပ်ငန်းကို ဘယ်သူမှ လုယူမသွားနိုင်မှန်း ကြိုတင်ခံစားမိလိုက်တော့သည်။ ဝူလင်မြို့တွင် မိုင်းလုပ်သားများစွာ ရှိလေသည်။ ထို့ကြောင့် သူ့နေ့လယ်စာထမင်းဘူးကို လူအများကြီးက လာဝယ်ကြလိမ့်မည်။
တခြားစီရင်စုများတွင်ပင် ရောင်းလို့ရနိုင်သည်။
သည်လုပ်ငန်းက သေချာပေါက် ငွေဝင်ပေလိမ့်မည်။
သည်တစ်ကြိမ်တွင် အမျိုးသမီးချွေ့သည် ငွေ ၃လျန်က အလကားမဖြစ်တော့ဘူးဟု ခံစားလိုက်လေသည်။ ရှက်ရှက်နှင့် သူမက ကျန်းယွင်ကျူးကို ပြောလိုက်တော့သည်။
“ကျေးဇူးတင်ပါတယ် မိန်းကလေးကျန်း”
ကျန်းယွင်ကျူးသည် ကျန်သည့်စကားကို ပြောစရာမလိုခဲ့သော်လည်း သူမက ပြောလိုက်လေသည်။ ဒါသည် သူမ၏အကျင့်စရိုက်ကို ပြသလိုက်ခြင်းပင်။
“မိန်းကလေးကျန်း ဒီနေ့ည ကျွန်မတို့အိမ်မှာ ညစာစားသွားပါလား”
သည်တစ်ကြိမ်တွင် သူမက ကျန်းယွင်ကျူးကို စိတ်ရင်းနှင့် ဖိတ်လိုက်လေသည်။
ကျန်းယွင်ကျူးက လုပ်စရာရှိသေးသဖြင့် ခေါင်းခါပြလိုက်လေသည်။
“ မင်းကို ဘယ်လိုကျေးဇူးတင်ရမယ်မှန်းတောင် မသိတော့ပါဘူး” ဝမ်သဲ့က လက်နှစ်ဖက်ကို ပွတ်လိုက်လေသည်။
“ကျွန်မတို့တွေ နောက်လည်း လက်တွဲလုပ်ဖို့ အခွင့်အရေးတွေ ရှိလာအုံးမှာပါ” ကျန်းယွင်ကျူးက ပြောလိုက်သည်။
ဝမ်သည်က ခေါင်းကို လေးပင်စွာညိတ်ပြလိုက်ပြီး နောက်ဆိုလျှင် ကျန်းယွင်ကျူး၏အမှာများကို သေချာပေါက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ကျန်းယွင်ကျူးက ထမင်းဘူးလာယူမည့်အချိန်ကို သတ်မှတ်လိုက်ပြီးနောက် ပြန်လာခဲ့လေသည်။ သူမက ထမင်းဘူးပေါ်တွင် “ကျန်းကျီ” တံဆိပ်ထည့်ဖို့ မပြောလိုက်ချေ။ အကြောင်းမှာ ဝမ်သဲ့က သူ့တံဆိပ်ကို ကြွေထည်များ၏ အောက်ဖက်တွင် ထည့်မည်ဟုဆိုသည်။
ဝမ်မိသားစု၏ မျိုးရိုးစဥ်ဆက်က ကြွေထည်များကို သိက္ခာနှင့် လုပ်ခဲ့ပုံရသည်။
သူမက နောက်ထပ် ထမင်းဘူး ၁၀၀ ကိုမှာလိုက်သည်။ မူလကဆိုလျှင် ဝမ် ၆၅၀ကျမည်။ သူမသည် ငွေတပြားမှ မကုန်ဘဲ လုပ်နိုင်ခဲ့သည်။ သည်ငွေများနှင့် သူတို့သည် မြည်းတစ်ကောင် ဝယ်နိုင်တော့မည်။
ကျန်းယွင်ကျူးက စိတ်အေးလက်အေးဖြင့် အိမ်ကို လမ်းလျှောက်ပြန်လာခဲ့လေသည်။
...
အခန်း (၄၃.၃)
မြို့တော်က တပ်ခွဲတစ်ခု၌ ရှန်ဖုန်းမင်က နန်းတော်က ပြန်ရောက်လာသည်။ ယန်ရှန့်သည် သည်သတင်းကို ကြားလိုက်ရသောအခါ ပန်ဒါမျက်လုံး တစ်စုံနှင့် အခန်းထဲက ခုန်ပေါက်ပြီးထွက်လာတော့သည်။
“ အမှုပြီးသွားပြီ၊ ငါတို့တွ မြို့တော်က ထွက်လို့ရပြီလား”
သူက အရေးတကြီးမေးလိုက်၏။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူသည် နေ့ရောညပါ အပြေးအလွှား အလုပ်လုပ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် နံပါတ်တစ် စံပြအရာရှိတစ်ယောက်ဟုပင် ခေါ်လိုက်လေသည်။
ရှန်ဖုန်းမင်က သူ့ကို နှုတ်ဆိတ်ပြီး စိုက်ကြည့်နေလိုက်သည်။
ယန်ရှန့်ကလည်း သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။
ခဏအကြာတွင် ယန်ရှန့်သည် အားပျက်သွားသည့်အလား အင်အားများ ကုန်ခမ်းသွားတော့သည်။
သူတို့ထဲက တစ်ယောက်က ချီလင်ကိုယ်ရံတော်အဖွဲ့ရဲ့ တပ်မှူးလေ။ ပြီးတော့ နောက်တစ်ယောက်က ဒုတပ်မှူး။ သူတို့တွေ မြို့တော်ထဲက ထွက်ချင်တဲ့အချိန်တိုင်း ထွက်လို့မရနိုင်ဘူးတဲ့လား။ သူတို့တွေက အနည်းဆုံးတော့ မင်းကြီးကို လျှောက်တင်ရအုံးမယ်တဲ့။ မဟုတ်ရင် မင်းကြီးက ကိစ္စရှိလို့ သူတို့ရှာတဲ့အခါ တစ်ယောက်မှ မတွေ့မှာစိုးလို့တဲ့။
မင်းကြီးကို ပြောရမယ်ဆိုရင်တော့ ကျိုးကြောင်းဆီလျော်ပြီး တရားဝင်တဲ့အကြောင်းပြချက်တစ်ခု ဖြစ်နေမှရမယ်လေ။
နှစ်ယောက်သားသည် ဌာနထဲသို့ နှုတ်ဆိတ်ကာ ဝင်သွားကြတော့သည်။
နှစ်ယောက်လုံးသည် အိမ်မပြန်ချင်ကြပေ။ ထို့ကြောင့် နေ့လယ်ခင်းတွင် ဌာနက ထမင်းစားခန်းတွင်သာ စားလိုက်ကြသည်။ ရှန်ဖုန်းမင် ရောက်လာတော့ ထမင်းစားခန်း ကြီးကြပ်မှာ လန့်သွားပြီး မည်သူကမှ မစားရဲကြတော့ချေ။ ထို့ကြောင့် သူတို့သည် ထမင်းစားခန်းထဲမှ သူတို့နှစ်ယောက်ကို သီးသန့်ခန်းသို့ ခေါ်သွားလိုက်ကြသည်။
သည်နေ့လည်း သူတို့နှစ်ယောက်သည် ခါတိုင်းလို ဝင်လာခဲ့ကြသည်။
ထမင်းစားခန်းသည် မူလက အလွန်မှစည်ကားလှပေသည်။ နျဲ့ရှင်းက ဝူလင်မိုင်းတွင်း၏ တောင်ခြေက ဆိုင်လေးကချက်သည့် ငါးခေါင်းတိုဟူးဟင်းမှာ မည်မျှအရသာရှိကြောင်း သူ့အဖော်များကို ပြောပြနေလေသည်။ ကံဆိုးချင်တော့ သူတို့သည် စားဖို့ရာ ကံမပါနိုင် ဖြစ်ခဲ့ရသည်။ ထို့နောက် သက်သေပြဖို့ရာ သူက တစ်ခုခုထည့်ထားသည့် မြေအိုးတချို့ကို ထုတ်လာခဲ့လိုက်သည်။
“ အားလုံးပဲ မြည်းကြည့်ကြ၊ ငါတို့တွေ မင်းတို့ကို မလိမ်ဘူးဆိုတာ သိသွားကြလိမ့်မယ်” သူက ကြေညာလိုက်သည်။
သည်အခိုက်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က အပြင်မှ ဝင်လာကြလေသည်။ အားလုံးက သူတို့ကို အဝေးမှမြင်လိုက်ပြီး ချက်ချင်း ဘယ်သူမှ စကားမပြောကြတော့ပေ။ ထမင်းစားခန်းမှာ ငြိမ်ကျသွားတော့သည်။
ရှန်ဖုန်းမင်တို့နှစ်ယောက်မှာ ကျင့်သားရနေပြီဖြစ်သဖြင့် ဆက်လျှောက်လာခဲ့လိုက်သည်။
လမ်းတစ်ဝက်အရောက်တွင် ယန်ရှန့်က နှာခေါင်းကို မော့လိုက်လေသည်။ ဘာက အဲလောက်မွှေးနေတာလဲ။
သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ့ဘေးက စားပွဲပေါ်တွင် တစ်ခုခုထည့်ထားသည့် မြေအိုးများကို တွေ့လိုက်ရသည်။ အနံ့က အရမ်းမွှေးတာပဲ။ နည်းနည်းရင်းနှီးတဲ့အနံ့နဲ့တူတယ်။
သူက နျဲ့ရှင်းကို ကြည့်လိုက်ပြီး မျက်လုံးများကို ကျုံ့ထားလိုက်လေသည်။ ဪ ဪ။
“ မင်း လုစီရင်စုပြည်နယ်က ပြန်လာပြီကိုး”
“ကျွန်တော် ပြန်ရောက်ပါပြီ၊ ဒုတပ်မှူးကို သတင်းပို့ပါတယ်”
နျဲ့ရှင်းက ချက်ချင်း ပြန်ပြောလိုက်၏။
ယန်ရှန့်က မြေအိုးများကို ကြည့်လိုက်သည်။
နျဲ့ရှင်းက မြန်မြန်ပြောလိုက်သည်။
“ ဒုတပ်မှူးက ကျွန်တော်ယူပြန်လာတဲ့ဟာကို မြည်းကြည့်ပါအုံးလား”
သူက ပြောရင်းဆိုရင် ယန်ရှန့်ကို တစ်အိုးလှမ်းပေးလိုက်လေသည်။
ယန်ရှန့်က ကောက်ယူလိုက်ပြီး ဘာတစ်ခွန်းမှ မပြောချေ။ ထွက်လည်းမသွားချေ။ သူ့ကို သည်အတိုင်းသာ ကြည့်နေလေသည်။
နျဲ့ရှင်းက အခိုက်တန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ အလိုလိုနားလည်သွားပြီး သူက အိုးနှစ်လုံးကို ကောက်ယူကာ ယန်ရှန့်ထံ ကမ်းပေးလိုက်လေသည်။
ထိုအခါမှ ယန်ရှန့်က ပြုံးဖြီးသွားတော့သည်။ မြေအိုးကို ယူသွားပြီး ရှန်ဖုန်းမင်နောက်သို့ အနောက်ဘက်အခန်းဆီ လိုက်သွားလိုက်တော့သည်။
သူတို့ထွက်သွားပြီးနောက်တွင် အားလုံးက ကျန်သည့်အိုးသုံးလုံးရှေ့တွင် စုဝေးသွားကြတော့သည်။ တစ်ယောက်စီက ဇွန်းတစ်ချောင်းစီ ကိုင်ထားကြသည်။ သူတို့သည် အိုးထဲက အရာကို အရမ်းစားချင်နေကြတော့သည်။
အအေးခံထားသည့် ယုန်သားမှာ အနံ့အရသာပြည့်ဝပြီး ကြွပ်ရွကာ တထုတ်ထုတ်ဝါးရသည်။ အစပ်နှင့် အရသာက ပြီးပြည့်စုံလှသည်။အမဲသားလွှာနှပ်။ အလွှာများကို ဖောက်ထွင်းမြင်နိုင်သည်အထိ ပါးပါးလေးလှီးထားသည်။ တစ်ကိုက်လိုက်လျှင် ပူစပ်စပ်နှင့်ကြွပ်ရွနေသည်။
ထမင်းနှင့် တွဲစားရန် အစပ်အရသာအမဲသားနှပ်တစ်အိုး ပါသေးသည်။ နောက်ဆုံးတွင် အားလုံးက လုစားကြသဖြင့် ပြောင်ရှင်းသွားတော့သည်။
စားသောက်လိုက်ကြပြီးနောက် သူတို့အားလုံးက နျဲ့ရှင်းကို တပြိုင်တည်း ကြည့်လိုက်ကြသည်။ ကျန်သေးလား။ အားလုံးက မရှာခင် အားလုံးကို ထုတ်လာခဲ့လိုက်နော်။
နျဲ့ရှင်းတို့နှစ်ယောက်မှာ တုန်ယင်သွားကြသည်။ တကယ့်ကို မရှိတော့တာပါ။ အစတုန်းကတော့ သူတို့တွေ အများကြီးယူပြန်လာပါတယ်။ အရသာရှိလွန်းလို့ သူတို့နှစ်ယောက် လမ်းမှာတင် ကုန်အောင်စားမိတော့မလို့လေ။ ဒီအိုးလေးတွေက သူတို့အတွက် သီးသန့်ခွဲထားခဲ့တာ။ မဟုတ်ရင် သူတို့တွေလည်း စားလို့ကုန်သွားတာကြာပေါ့။
ထမင်းစားခန်းထဲတွင် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့လည်း သူတို့နှုတ်ခမ်းများ နီရဲသွားသည်အထိ စားသောက်ခဲ့ကြလေသည်။ အိုးသုံးလုံး အစကတည်းက အစပ်အရသာဖြစ်သည်။ သို့သော် ကျန်းယွင်ကျူးက နောက်ထပ်နှစ်ရက်လောက် အထားခံရန် ငရုတ်သီးများ ထပ်ထည့်ပေးလိုက်သည်။ သူတို့နှစ်ယောက်မှာ အားရပါးရ စားလိုက်ကြလေသည်။
စားသောက်ပြီးနောက် ယန်ရှန့်က လုံးဝ နေသာထိုင်သာရှိသွားသလို ခံစားလိုက်ရတော့သည်။ သူသည် အားအင်တွေ ပြန်ပြည့်လာသယောင်။ သူက တစ်ဝက်ကုန်သွားသည့် အိုးကိုကြည့်ရင်း စားပွဲကို ပုတ်လိုက်ပြီး ရှန်ဖုန်းမင်ကို ပြောလိုက်တော့သည်။
“ အဲလောက်ကြီးတဲ့ လုစီရင်စုပြည်နယ်မှာ ငါတို့ကိုင်တွယ်ရမဲ့ အမှုတစ်ခုလေးတောင် မရှိဘူးလို့တော့ ငါမယုံဘူး”
“ ငါ လုပြည်နယ်က အမှုတွေအားလုံးကို ပို့လာခိုင်းပြီး တစ်ခုချင်းစီ ကြည့်ရလိမ့်မယ်”
ရှန်ဖုန်းမင်က သူ့ကို ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။
ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပင်။ ယန်ရှန့်က ပြုံးလိုက်လေတော့သည်။
...
အပိုင်း (၃၅)
နောက်တစ်နေ့တွင် ကျန်းယွင်ကျူးက ထမင်းဘူးစရံငွေ ၁၀ ဝမ်အထိတင်လိုက်လေသည်။ မဟုတ်ရင်တော့ နောက်ပိုင်းထမင်းဘူးမှာတဲ့သူတွေအတွက် ထည့်စရာမရှိဘဲ နေတော့မယ်။ ပြီးတော့ သူမက နေ့လယ်စာထမင်းဘူး စရံတိုးလိုက်ရင် ဝမ်သဲ့ဘက်ကလည်း ပိုရောင်းကောင်းသွားလိမ့်မယ်။ သူမက ထမင်းဘူးရောင်းပြီး ငွေရှာချင်တာ မဟုတ်ဘူးလေ။ သူမက တခြားသူဆီက ငွေယူထားမှတော့ တခြားသူအတွက်လည်း အကျိုးအမြတ်ချန်ပေးရမှာပေါ့။
တစ်ချိန်ထဲတွင် သူမသည် စရံငွေပြေစာ ပုံစံကိုလည်း ပြောင်းလိုက်တော့သည်။ သည်နည်းဖြင့် စရံငွေပြန်မယူဘဲ ထမင်းဘူးကို ယူသွားခြင်းမှာ ရှောင်ရှားနိုင်လိမ့်မည်။
ထမင်းဘူး မှာစားသူများကလည်း တချို့လူများက ကျန်းကျီ၏ထမင်းဘူးများကို ယူသွားပြီး ပြန်မပေးကြသည်ကို သိကြလေသည်။ သူမ စရံငွေတိုးလိုက်ခြင်းကို ဘယ်သူမှ မဝေဖန်ခဲ့ကြပေ။ မည်သို့ဆိုစေ ဒါသည် စရံငွေသက်သက်ပင်။ သူတို့၏ငွေများကို အမှန်တကယ် လိုချင်တာ မဟုတ်ပေ။
ကျန်းချိန်သည် မနေ့က မိုင်းတွင်းတွင် အလုပ်နားလိုက်လေသည်။ အစကတော့ သူက လမ်းခရီးကို ကိုယ်တိုင်ရင်းနှီးအောင်လုပ်ဖို့ ဒီနေ့ ရွှီချင်ရှန့်နဲ့ လိုက်သွားချင်ခဲ့တာလေ။ ရုတ်တရက်ကြီး ကျန်းယွင်ကျူးက မနေ့ညက သူတို့မှာ မြည်းဝယ်ဖို့ ငွေပြည့်သွားပြီလို့ ပြောလာမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။
သူ့မှာ အရမ်းလန့်သွားပြီး သူမက လုယက်ခဲ့တာလား။ ဒါမှမဟုတ် ပိုက်ဆံကောက်ရခဲ့တာလားလို့တောင် ထင်သွားတာ။
ငွေ ဘယ်လိုစုလာတာလဲလို့ မေးလိုက်ပြီးမှပဲ သူ့မှာ သက်ပြင်းအကြိမ်ကြိမ်ချမိတော့တယ်။
အရင်တုန်းကဆိုရင် ငွေတစ်ပြားရှာဖို့တောင် ခက်ခက်ခဲခဲရယ်ပါ။ အခုတော့ ငွေရှာရတာ ရုတ်တရက်ကြီး ပိုလွယ်ကူလာသလိုပဲ။
အရာအားလုံးက ချန်ဖုန်းကနေထွက်လာပြီး ဝူလင်မြို့ကို ရောက်လာတာကနေ စတင်ခဲ့တာထင်တာပဲ။
ဟုတ်တာပေါ့။ အစကတည်းက ကျန်းယွင်ကျူးစကား နားထောင်လိုက်တာ မှန်သွားတယ်။
သက်ပြင်းချလိုက်ပြီးနောက် သူသည် တစ်ဖန်စိတ်လှုပ်ရှားလာပြန်တော့သည်။ ဒါဆို ဒီနေ့ သူ မြည်းတစ်ကောင် သွားဝယ်နိုင်ပြီပေါ့နော်။
သည်လိုခေတ်အခါမျိုးတွင် ဆင်းရဲ့သားတစ်ယောက်အတွက် မြည်းတစ်ကောင် ဝယ်ရသည်က ခေတ်သစ်တွင် သာမန်လူတစ်ယောက်အတွင် ဇိမ်ခံကားတစ်စီးဝယ်ရလို ခက်ခဲလေသည်။ သူ စိတ်လှုပ်ရှားနေသည်မှာလည်း မထူးဆန်းချေ။
“အင်း”
ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။ ထို့နောက် သူမက ငွေအိတ်ကိုထုတ်လိုက်ပြီး သူ့ကို လှမ်းပေးလိုက်သည်။
ယခုမူ ကျန်းယွင်ကျူးသည် မိသားစုလုပ်ငန်းကို တာဝန်ယူထားလေသည်။ ထို့ကြောင့် မိသားစုငွေအားလုံးက သူမ၏လက်ထဲတွင် ရှိနေခြင်းပင်။
ကျန်းချိန်က ငွေအိတ်ကိုယူလိုက်ပြီး ဖွင့်ကြည့်လိုက်၏။ အထဲတွင် တော်တော်ကြီးသည့် ငွေစများ ရှိနေသည်။ တစ်ခုမှ နျဲ့ရှင်းပေးခဲ့ခြင်းဖြစ်ပြီး ၃လျန်လောက်တန်ဖိုးရှိသည်။ ကျန်သည့်ငွေစမှာ ဝမ်သဲ့ကပေးခဲ့ခြင်းဖြစ်ပြီး အစပိုင်းက ၃လျန်တန်ဖိုးရှိသည်။ နောက်ပိုင်း ကျန်းယွင်ကျူးက ထမင်းဘူးမှာပြီး ငွေဖြတ်လိုက်သဖြင့် ၂လျန်လောက်သာကျန်တော့သည်။
ငွေစငယ်လေးများနှင့် ဝမ်ငွေများလည်း ရှိသေးသည်။ စုစုပေါင်းခန့်မှန်းချေ ၇လျန် ၈လျန်လောက် ရှိလိမ့်မည်။ ဒါသည် မြည်းတစ်ကောင်ဝယ်ဖို့ရန်ထက်ပင် ပိုနေသေးသည်။
ကျန်းချိန်၏လက်များသည် ငွေအိတ်ကိုကိုင်းရင်း တုန်ရီနေလေသည်။ သူသည် အရင်က သည်လောက် များပြားသည့် ငွေများကိုမမြင်ဖူးခဲ့ချေ။ အစပိုင်းတွင် သူနှင့် အမျိုးသမီးချန်တို့ အိမ်ခွဲနေစဥ်က သူအများဆုံးကိုင်နိုင်သည့်ငွေမှာ ၅လျန်လောက်သာရှိသည်။ ထိုအချိန်က သူသည် အမျိုးသမီးချန်ကို အိမ်တစ်လုံးဆောက်ပေးမည်ဟု ကတိပေးခဲ့ပြီး လူတစ်ယောက်ကိုရှာကာ အိမ်အသစ်တစ်လုံး ဆောက်ပေးခဲ့သည်။
၅လျန် ဆိုသည်မှာ အိမ်တစ်လုံး ဆောက်ဖို့ရာ လုံလောက်သည်ပမာဏမဟုတ်ချေ။
သူသည် အိမ်တိုင်ဆောက်ဖို့ရာ ငွေနည်းနည်းပင် အကြွေးတင်သွားခဲ့သည်။ ခေါင်မိုးတွင် အုတ်ကြွပ်များ မပါချေ။ ဘေးဘီတွင်လည်း ပြတင်းပေါက်များ မရှိချေ။ ပရိဘောဂဆိုလျှင် ဝေးပါသေးသည်။ သည်လိုနှင့် သူနှင့်အမျိုးသမီးချန်တို့သည် ထိုအိမ်တွင်သာ နေလာခဲ့ကြသည်။ ဖြည်းဖြည်းချင်းမှာ သူတို့သည် အိမ်ကို ပြီးအောင်ဆောက်ခဲ့ပြီး ပရိဘောဂများကို ပြုလုပ်ခဲ့ကာ ကျန်းယွင်ကျူးနှင့် တခြားကလေးများကို မွေးခဲ့ကြသည်။
“ အိမ်ဦးနတ်ကြီး အားလုံးအဆင်ပြေသွားပါလိမ့်မယ်”
အမျိုးသမီးချန်က ခုနက ငွေအများကြီးကို မြင်လိုက်ချိန်တွင် သူမ၏မျက်လုံးများက နီလာလေသည်။ သူမသည် ထိုအခိုက်တန့်အတွင်းတွင် ကျန်းချိန်၏ခံစားချက်ကို သိလိုက်သဖြင့် သူ့ကို နှစ်သိမ့်ပေးလိုက်လေသည်။
“အင်း”
ကျန်းချိန်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်၏။ ပိုပြီးအဆင်ပြေလာမှာပါလေ။
ကျန်းချန်က ငွေများက သူ့ရင်ဘတ်ထဲ ဂရုတစိုက်ထည့်လိုက်ပြီး အခါခါ ပွတ်သပ်လိုက်ပြီးနောက် မြို့တက်သွားတော့သည်။
တစ်နာရီကျော်ပြီးနောက်တွင် သူ ပြန်လာခဲ့သည်။ သူ့ဘက်တွင် အရာအားလုံးက ရှိနေသည်။
အမျိုးသမီးချန်က ကျန်းယွင်ကျူးကို အသားလှီးကူနေသည်။ မကြာခဏဆိုသလို တံခါးဘက်လှမ်းကြည့်ရင်း ကျန်းချိန်က မြည်းတစ်ကောင်နှင့် ပြန်အလာကို စိတ်ကူးကြည့်နေမိသည်။
မြည်းက ဘာနဲ့တူနေမလဲ။ အမည်းရောင်လား၊ အညိုရောင်လား။ နားရွက်တွေက ရှည်လား။ အမွေးတွေက တောက်ပြောင်နေမှာလား။
ကျန်းချိန်က တစ်ယောက်ထဲပြန်လာသည်ကို တွေ့လိုက်ရသောအခါ သူမသည် စိုးရိမ်တကြီး ချက်ချင်း မေးလိုက်တော့သည်။
“ရှင်ဘာလို့ မြည်းမဝယ်လာတာလဲ”
ကျန်းချိန်သည် မျှော်လင့်ချက်ဖြင့် ထွက်သွားပြီး စိတ်ပျက်ပျက်နှင့်ပြန်လာသည်ဟု ဆိုနိုင်လေသည်။ သူက အငှားလိုက်နိုင်မဲ့ မြည်းတစ်ကောင်လိုချင်တာလေ။ အရွယ်ရောက်ပြီးသားဆို ပိုကောင်းတာပေါ့။ ဒါမှာ ဝယ်ပြီးရင် သုံးလို့ရမှာ။ ဒါပေမဲ့ အဲလိုမြည်းမျိုးရောင်းတာ မရှိသလောက်ပဲ။
စျေးထဲမှာ ရောင်းနေတဲ့မြည်းတွေက ငယ်ရင်ငယ် မဟုတ်ရင် အိုနေတဲ့မြည်းတွေလေ။ အဆင်ပြေတာ တစ်ကောင်တော့တွေ့ပါရဲ့။ တောင်းလိုက်တဲ့စျေးကလည်း အမြင့်ကြီးပဲ။
ဒီငွေတွေက ကျန်းယွင်ကျူးခမျာ မနက်ကနေ ညအထိ မီးဖိုဘေးမှာ အလုပ်လုပ်ပြီး ရှာခဲ့ရတာ။ ကျန်းချိန်သည် ထိုအရာကို မြင်မိတိုင်း အလွန်စိတ်မကောင်းဖြစ်ရသည်။ သူသည် ငွေကို မဖြုန်းတီးချင်ပေ။ သို့နှင့် မဝယ်ဘဲ ပြန်လာခဲ့လိုက်တော့သည်။
ထိုစကားကို ကြားလိုက်ပြီး အမျိုးသမီးချန်ကလည်း စိတ်ပျက်သွားတော့သည်။ သို့သော် သည်ကိစ္စအတွက် အလျင်မလိုပါချေ။ သူတို့သည် စျေးမှန်သည့်တစ်ကောင်ကို တွေ့ပါလိမ့်မည်။
ကျန်းယွင်ကျူးက အပြင်ဘက်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ မြစ်ထဲမှာ ငါး မရှိဘူးဆိုရင် စီရင်စုမြို့ကိုသွားပြီး တစ်ခါလောက်သွားကြည့်ကြမလား”
ထို့နောက် သူမက အမျိုးသမီးချန်ဘက် လှည့်လိုက်ပြီး
“အမေ ရာသီဥတုကလည်း ပိုပိုအေးလာပြီနော်၊ သမီးတို့တွေ အိမ်တွင် အိပ်ရာခင်းနည်းနည်းပါးပါး ထပ်ထည့်သင့်တယ်၊ ပြီးတော့ အမေနဲ့ အဖေ့ရဲ့အဝတ်အစားတွေက အရမ်းပါးတယ်၊ သမီးတို့တွေ စီရင်စုမြို့ကို သွားပြီး ဆောင်းတွင်းအတွက် ပစ္စည်းတွေအတူတူသွားဝယ်ကြရအောင်လေ”
ကျန်းမိသားစုသည် ချန်ရှီရွာမှ ထွက်လာစဥ်က အမျိုးသမီးချန်သည် ရက်လုပ်ပြီးသားအထည်နှင့် ဝါဂွမ်းများကို တစ်ကြိမ်သာဝယ်ခဲ့လေသည်။ သူမက အဘိုးချန်နှင့် ကျန်းယွင်ကျူးတို့ ကလေးတွေအတွက်သာ ဂွမ်းစောင်နှင့် အဝတ်အစားအထူများကို ချုပ်ပေးခဲ့သည်။ သူမနှင့် ကျန်းချိန်ကတော့ ကိုယ်တိုင်အတွက် လုပ်မဝတ်ရက်ပေ။
ထို့အပြင် ကျန်းယွင်ကျူးနှင့် ကလေးများကလည်း ပိုထူသည့် အဝတ်အစားများသာ ရှိလေသည်။ သူမက အစောပိုင်းကတည်းက အများကြီးသုံးဖို့ စဥ်းစားလာခဲ့သည်။ သည်နေ့မှ တိုက်တိုက်ဆိုင်ဆိုင် အခွင့်အရေးရလာခဲ့သည်။
အမျိုးသမီး၏စိတ်မှာ အနည်းငယ်လှုပ်ရှားသွားတော့သည်။ မိသားစုမှာ ငွေရှိလာပြီလေ။ သူမရဲ့ကလေးတွေ အစားအသောက်မဲ့၊ အဝတ်အစားမဲ့ ဖြစ်နေမှာ မမြင်ရက်ပါဘူး။ တစ်ခုသာ။
“ အမေတို့တွေ စီရင်စုမြို့ကို သွားရင် ညနေစာ အချိန်မှီ မလုပ်နိုင်လောက်ဘူးနော်”
“ဒါဆိုလည်း မလုပ်တော့ဘူးလေ၊ နေ့လယ်ကျရင် ဧည့်သည်တွေကို ပြောလိုက်မယ်၊ ဒီနေ့ည သမီးတို့တွေ နားပြီး မနက်ဖြန်မှ ပြန်ရောင်းမယ်လို့လေ”
ကျန်းယွင်ကျူးက ပြောလိုက်လေသည်။
“ ဧည့်သည်တွေက တခြားသူတွေဆီ ရောက်သွားမလား” အမျိုးသမီးချန်က စိုးရိမ်နေခဲ့သည်။
“ မစိုးရိမ်ပါနဲ့၊ တစ်ခါတလေမှ တစ်ခါလောက်နားတာပါ၊ တစ်ခါတလေဆိုတော့ လူတွေက နားလည်ပါတယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ နောက်ဆုံး ဘယ်မိသားစုက ကိစ္စမရှိတာ ရှိလို့လဲ။
အမျိုးသမီးချန်က အနည်းငယ်စိုးရွံ့နေသေးသည်။ သူတို့သည် သည်နေ့ည မလုပ်ခဲ့လျှင် ဝင်ငွေအများကြီး နည်းသွားလိမ့်မည်။
“ အမေရယ် ငွေရှာတယ်ဆိုတာ ဘယ်တော့မှ မကုန်နိုင်တာမျိုးပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။
“ ဟုတ်ပါတယ်၊ ယွင်ကျူးကို တစ်ရက်လောက်အနားပေးဖို့ ပြီးပြည့်စုံတဲ့အချိန်ပဲလေ” ကျန်းချိန်က ဘေးမှ ထောက်ခံပေးလိုက်တော့သည်။
သူ့စကားကို ကြားလိုက်ရတော့ အမျိုးသမီးချန်မှာ သဘောမတူဘဲ အဘယ်မှာနေနိုင်ပါမည်နည်း။
ကျန်းယွင်ကျူးက အော်ရယ်လိုက်တော့သည်။ အမှန်တွင်တော့ သူမသည် မိသားစုထဲတွင် အပင်ပန်းဆုံးသူ လုံးဝမဟုတ်ခဲ့ချေ။ စောစောပိုင်းက ကျန်းချိန်သည် မနက်ပိုင်းနှင့် ညနေပိုင်းများတွင် သူတို့အလုပ်နှင့် အလုပ်များနေခဲ့ပြီး နေ့ခင်းဘက်တွင် မိုင်းတွင်းသို့ အလုပ်သွားခဲ့ရသည်။ သူကသာ အပင်ပန်းဆုံးသူပင်။
နောက်ပိုင်း သူတို့သည် မနက်စာလုပ်ခြင်းကို ရပ်နားလိုက်ကြသည်။ အမျိုးသမီးချန်က ကျန်ယွင်ကျူးအတွက် အသီးအရွက်၊ အသားအားလုံးကို ရွေးပေး ဖြတ်ပေးခဲ့သည်။ ကျန်းလင်နှင့် ကျန်ယွင်ရွှယ်က မီးဖိုထဲတွင် သူမကို ကူညီပြီး ပန်းကန်ဆေး သန့်ရှင်းရေးလုပ်ပေးရသည်။ သူမက ချက်ပြုတ်ဖို့ရန်နှင့် သူတို့မလုပ်နိုင်သည့် တချို့ကိစ္စများကိုသာ တာဝန်ယူပေးရသည်။ နောက်ဆုံးတွင် အမျိုးသမီးချန်ကသာ တစ်နေ့လုံး အလုပ်များခဲ့ရသည်။ သူမသည် အပင်ပန်းဆုံးသူပင်။
ထို့ကြောင့် အမှန်တွင်တော့ အမျိုးသမီးချန်နှင့် တခြားသူများသာ မရှိလျှင် ကျန်းယွင်ကျူး၏အလုပ်က ဖြစ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
ကျန်းမိသားစုသည် စီရင်စုမြို့သို့ အလည်အပတ်သွားကြမည်။ ကျန်းဝူက အပျော်ဆုံးပင်။ သည်နေ့ သူသည် ပြေးလွှားနေပြီး စီရင်စုမြို့သို့ မြန်မြန်သွားနိုင်ရန် အားလုံး လုပ်နေသည့်အလုပ်များကို ကူညီပေးချင်နေသည်။
နေ့လယ်ခင်းတွင် ထမင်းဘူးများကို ပို့ပေးလိုက်ပြီးနောက် အဘိုးချန်ကလွဲလျှင် ကျန်းမိသားစုဝင်အားလုံးသည် မြည်းလှည်းတစ်ခုပေါ်တက်ပြီး စီရင်စုမြို့သို့ သွားလိုက်ကြတော့သည်။
ကျန်းယွင်ကျူးက အဘိုးချန်ကိုလည်း ခေါ်သွားချင်လေသည်။ အဘိုးချန်က သူ့အမြင်အာရုံ မကောင်းသဖြင့် လိုက်သွားလည်း မထူးဘူးဟု ထင်လေသည်။ ထို့အပြင် သူ့အသက်အရွယ်နှင့် သူ အရင်က မတွေ့ဖူးသည့်အရာ ဘာရှိပါမည်နည်း။ သူက အိမ်တွင်သာ နေလိုပြီး အိမ်စောင့်ပေးချင်လေသည်။
ကျန်းယွင်ကျူးက သူ့ရွေးချယ်မှုကို လေးစားပေးလိုက်ပြီး သူ့ကို နားမချတော့ပေ။
ဝူလင်စီရင်စုမြို့သည် ချမ်းသာကြွယ်ဝလေသည်။ စီရင်စုမြို့တွက် ဆိုင်တန်းများ အပြည့်နှင့်ပင်။ တော်တော်လေး စည်ကားလေသည်။
စီရင်စုမြို့ထဲက လားနှင့်မြင်းစျေးသည် မြို့လေးနှင့် အလွန်မှကွာခြားလေသည်။ မြင်းများကတော့ သည်နေရာတွင် ၁၂ကောင်ထက်မနည်းရှိသည်။ မြို့ငယ်လေးတွင်တော့ လေး၊ ငါးကောင်ခန့် ရှိသည်က တော်တော်ဟုတ်လှသည်။ လား၊ နွားနှင့် မြည်းများကတော့ အများအပြားရှိကြသည်။
ကျန်းချိန်က ဘယ်ညာ ကြည့်လာခဲ့သည်။ သူသည် အလွန်စိတ်ဝင်စားနေလေသည်။
အမျိုးသမီးချန်ကလည်း ပတ်ဝန်းကျင်ကို ကြည့်နေသည်။ မြည်းထက်စာလျှင် ထိုအရပ်မြင့်မြင့်သန်မာသည့်မြင်းများက ထူးထူးခြားခြား ကောင်းမွန်သည်။ သို့သော် နှမြောစရာက သူတို့သည် မြင်းဖိုးမတတ်နိုင်ပေ။
သူမသည် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့၏မြင်းများကို ရုတ်တရက် တွေးမိသွားတော့သည်။ သူတို့ရဲ့မြင်းတွေက ဒီကမြင်းတွေထက် အများကြီးပိုကောင်းတာပဲ။
လင်မယားနှစ်ယောက်မှာ မြင်ကွင်းကိုကြည့်ရင်း စိတ်ဝင်စားနေကြလေသည်။ ထို့ကြောင့် ကျန်းယွင်ကျူးက ကျန်းဝူကို လက်တွဲကာ ကျန်းလင်နှင့်ကျန်းယွင်ရွှယ်တို့ကို ပတ်ပြေးမနေဘဲ သူမနောက်က လိုက်ခဲ့ဖို့ ပြောလိုက်တော့သည်။ စျေးထဲတွင် လူစည်ကားလှသည်။ သူတို့ လူစုကွဲသွားလျှင် ဒုက္ခများတော့မည်။
သူမက ထိုမြင်းနှင့်မြည်းများကို စိတ်မဝင်စားပေ။ သူမက စျေးဝယ်ထွက်ရင်း ဝယ်မည့်ပစ္စည်းများကိုသာ စဥ်းစားထားလိုက်သည်။
သည်အချိန်တွင် ကျန်းချိန်က မြည်းတစ်ကောင်းကို မျက်စိကျနေလေသည်။ အနက်ရောင်အမွှေးက တောက်ပချောမွတ်နေသည်။ ပါးစပ်ကိုဆွဲဟပြီး သွားများကို ကြည့်လိုက်သည်။ နှစ်နှစ်သားအရွယ်လေးဖြစ်သည်။ အရွယ်ကောင်းတစ်ခုပင်။ ခွာနှင့်အမြီးကို ကြည့်လိုက်ပြီး လုံးဝအပြစ်ပြောစရာမရှိပေ။
သူသည် ဝမ်းသာသွားပြီး မြည်းရောင်းသမားနှင့် စကားစပြောလိုက်သည်။
ဆယ့်ငါးမိနစ်လောက် စကားပြောလိုက်ပြီးနောက် ကျန်းချိန်၏မျက်နှာသည် လေးနက်လာလေသည်။ မြည်းရောင်းသမားက အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူက သူ့မြည်းက ကောင်းသဖြင့် ၇လျန်ထပ်မလျှော့ပေးနိုင်ဟု ဆိုလေသည်။
ကျန်းချိန်သည် သူ့မြည်းကောင်းမှန်း သိသော်လည်း ၇လျန်ကတော့ အလွန်စျေးကြီးလေသည်။ သူသာ ငွေနည်းနည်း ထပ်သုံးလိုက်လျှင် လားတစ်ကောင် ဝယ်နိုင်လိမ့်မည်။ လားက မြည်းထက် ပိုသန်မာပြီး ပြေးနိုင်လေသည်။
အမျိုးသမီးချန်က ကျန်းချိန်၏အင်္ကျီလက်ကို ဆွဲလိုက်၏။ တခြားနေရာ ကြည့်ကြရင်ရော။ သူမသည် စျေးက အရမ်းကြီးတယ်လို့ ထင်တယ်လေ။
ကျန်းချိန်က မြည်းကို မခွာနိုင်ကြည့်နေပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်တော့သည်။
လင်မယားနှစ်ယောက်က မြည်းများကို ဆက်ပြီးကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် အမျိုးသမီးတစ်ယောက်၏အသံကို ရုတ်တရက်ကြားလိုက်ရလေသည်။
“ယောက်မကြီးချန်၊ ရှင်လား၊ ယောက်မကြီးချန်”
အစပိုင်းတွင် အမျိုးသမီးချန်က သူမကို ခေါ်နေသည်ဟု မထင်ခဲ့ချေ။ သို့သော် ထိုလူက သူမ၏ အင်္ကျီလက်ကို ဆွဲလိုက်ချိန်တွင် လှည့်ကြည့်လိုက်မှ တအံ့တဩနှင့် ရေရွတ်လိုက်လေသည်။
“ ရှင်ပါလား”
မျက်နှာချင်းဆိုင်တွင် ကော့ညွှတ်သည့်မျက်ခုံး၊ နွေးဦးမိုးမခပင်လေးလို ခန္ဓာကိုယ်တစ်ခုနှင့် အမျိုးသမီးက ရပ်နေသည်။ သူမသည် လက်ထဲတွင် အသက် ၄-၅နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွဲထားလေသည်။ သူသည် သူမနှင့် ၄၅%လောက် ရုပ်ချင်းဆင်တူသည်။
သူတို့နှင့် ချန်ဖုန်းတွင် တစ်ရွာတည်း အတူနေခဲ့သည့် အမျိုးသမီးလျိုဖြစ်နေသည်။ ထိုအချိန်က ကျန်းယွင်ကျူးတို့မိသားစုသည် ရွာမှ အလောတကြီး ထွက်လာပြီး ရေငင်ရန်ထွက်လာသည့် သူမနှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ အမျိုးသမီးချန်က သူမကို စေတနာနှင့် သတိပေးခဲ့သည်။ သည်နေ့ သူမကို ထပ်တွေ့ရလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။
တနယ်တွင် အသိမိတ်ဆွေဟောင်းကို တွေ့ဆုံလိုက်ရသဖြင့် အမျိုးသမီးချန်နှင့် အမျိုးသမီးလျိုတို့သည် ဖော်မပြတတ်အောင် ဝမ်းသာသွားကြတော့သည်။
“ ရှင် ဒီကို ဘယ်လိုရောက်လာတာလဲ”
အမျိုးသမီးချန်သည် သူမက ရွာထဲတွင် လူတိုင်းထံမှ အစားအသောက်ချေးငှားခဲ့သော်လည်း မရခဲ့သည့်အကြောင်း သတိရသွားခဲ့သည်။ အမျိုးသမီးလျိုတစ်ယောက်သာ သူမကို ချေးငှားပေးခဲ့သည်။ သူမသည် အမျိုးသမီးလျိုကို အလွန်ခင်မင်ခဲ့လေသည်။
အမျိုးသမီးလျိုကလည်း သူမကို သတိပေးခဲ့သည့် အမျိုးသမီးချန်၏စေတနာကို ကျေးဇူးတင်မိသည်။ သူမတွင် နောက်ဆံတင်းစရာဟု၍ မရှိချေ။ ထိုနေ့က အမျိုးသမီးချန်၏ စကားကိုကြားလိုက်ပြီးနောက် သူမလည်း ချန်ဖုန်းမှ ထွက်လာဖို့ စိတ်ကူးဖြစ်သွားတော့သည်။
သူမ၏ခင်ပွန်းက ဆုံးပါးသွားပြီး ထိုနေရာတွင် ဆွေမျိုးများလည်း မရှိချေ။ ထို့ကြောင့် ထွက်လာလည်း အရေးမဟုတ်ပေ။
သို့သော် ဘယ်ကိုသွားရပါမည်နည်း။ သူမ မသိခဲ့ပေ။ ထို့ကြောင့် သူမက တောင်ဖက်သို့ အရင်ဆုံးသွားရန် ဆုံးဖြတ်လိုက်တော့သည်။
သူမသည် ကျန်းယွင်ကျူးနှင့် တခြားသူများထက် ပိုအခြေအနေကောင်းသည်။ သူမတွင် ငွေရှိသည်။ ထို့ကြောင့် သူမက ပစ္စည်းများကို ထုပ်ပိုးပြီး ကလေးကို ခေါ်ကာ မြည်းလှည်းတစ်စီး ငှားပြီး လုပြည်နယ်သို့ လာခဲ့တော့သည်။
လွန်ခဲ့သည့် ရက်၂၀ခန့်က သူမသည် ဝူလင်စီရင်စုကို ဖြတ်လာချိန်တွင် အဘွားအိုတစ်ဦးက လမ်းပေါ်သို့ ရုတ်တရက် ပြေးဝင်လာပြီး သူမထိုင်နေသည့် လှည်းနှင့်တိုက်မိခဲ့သည်။
သူမနှင့် လှည်းမောင်းသမားတို့မှာ ကြောက်လန့်သွားခဲ့တော့သည်။
လှည်းမောင်းသမားက သူ့အမှား မဟုတ်ဟု ဆိုသည်။ အဘွားအိုက သူမကိုယ်သူမ ဝင်တိုက်ခဲ့ခြင်းပင်။
အဘွားအိုက နာကျင်သဖြင့် ငိုယိုကာသာ နေတော့သည်။
သူမက လှည်းပေါ်က ဆင်းလာပြီး ပြောစရာစကား ရှာမရဖြစ်သွားတော့သည်။
သည်အချိန်တွင် လူတစ်ယောက်က ဝင်လာပြီး သူတို့ ဖြစ်ကြောင်းကုန်စင်မေးလေသည်။
စကားပြောပြီးနောက်တွင် ထိုလူက သမားတော်ခေါ်ပြီး အဘွားအိုကို စစ်ဆေးကာ ဆေးကုပေးလိုက်သည်။ အဘွားအိုက ဘာမှမဖြစ်ပေ။ ရုန်းရင်းဆန်ခတ်ပြဿနာက သည်လိုနှင့် ပြီးသွားတော့သည်။
“ အဲဒီလူက ဘယ်သူလဲ၊ သူက တကယ့်လူကောင်းတစ်ယောက်ပဲ” အမျိုးသမီးချန်က အံ့ဩနေမိသည်။
အမျိုးသမီးလျိုက တစ်ခုခုပြောမည်ပြင်လိုက်စဥ် အမျိုးသားအသံတစ်ခုက မေးလိုက်လေသည်။
“ သူတို့က ဘယ်သူတွေလဲ”
လူတစ်ယောက်က လားတစ်ကောင်ကို ဆွဲကာ လျှောက်လာလေသည်။ သူသည် ရေပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသားအရေဖြူကာ ပုံမှန်ရုပ်အင်္ဂါရှိလေသည်။ အလွန်ချောမောသည်က ပြောရန် မလိုသလို သူသည် တော်တော်ဆွဲဆောင်မှုရှိလေသည်။
“ဒါက ကျွန်မရှင့်ကို အရင်ကပြောပြခဲ့ဖူးတဲ့ ကျွန်မရဲ့ဇာတိမြို့က အမျိုးသမီးချန်မိသားစုလေ”
အမျိုးသမီးလျိုက ထိုလူကို ချက်ချင်းပြန်ဖြေပေးလိုက်ပြီး နှစ်ဖက်ကို မိတ်ဆက်ပေးလိုက်လေသည်။
ထိုလူနာမည်မှာ ဝေ့ခမ်းဖျင်။ သူသည် ထိုနေ့က အမျိုးသမီးလျိုဘက်က ရပ်တည်ပေးခဲ့သူဖြစ်သည်။ အမျိုးသမီးလျိုမှာ သွားစရာမရှိသည်ကို သိလိုက်ရသဖြင့် သူက သူ၏ မသုံးတော့သည့် ခြံဝင်းတစ်ခုတွင် သူမကို နေခွင့်ပေးထားခဲ့သည်။ အငှားခ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူမ သဘောပင်။
သူဖြစ်နေတာကိုး။ အမျိုးသမီးချန်က ဝေ့ခမ်းဖျင်ကို ကြည့်လိုက်ပြီး သူနှင့် အလွန်နီးနီးကပ်ကပ် ရပ်နေသည့် အမျိုးသမီးလျိုကို ထပ်ကြည့်လိုက်လေသည်။ ထို့နောက် သူမသည် တစ်ခခုခုကို အကဲခတ်မိသွားသည်ထင်သည်။
အမျိုးသမီးလျိုက ယောက်ျားဆုံးသွားတာ နှစ်နှစ်တောင်ရှိပြီလေ။ မုဆိုးမနှင့် လူမမယ်လေးက သူတို့ကို စောင့်ရှောက်ပေးနိုင်မည့် သင့်တော်သည့်လူတစ်ယောက် ရှာတွေ့လျှင် ကောင်းလိမ့်မည်။
“ယောက်မချန်၊ ရှင်ကရော ဒီကို ဘယ်လိုရောက်လာတာလဲ”
အမျိုးသမီးချန်၏ မျက်လုံးက အကြည့်ကို ခံစားမိလိုက်သဖြင့် အမျိုးသမီးလျိုက စကားလမ်းကြောင်း မြန်မြန်လွှဲလိုက်တော့သည်။
အမျိုးသမီးချန်က ဝူလင်စီရင်စုမြို့သို့ ကပ်ဘေးရှောင်လာခဲ့သည့်အကြောင်းကို ပြောပြလိုက်သည်။
သည်နေ့အမျိုးသမီးချန်က စီရင်စုမြို့သို့လာပြီး မြည်းတစ်ကောင်လာဝယ်သည်ဟု ကြားလိုက်ရချိန်တွင် အမျိုးသမီးလျိုမှ အလွန်အံ့ဩသွားတော့သည်။ ကျန်းမိသားစုသည် ခက်ခဲခဲ့ပြီး စားဖို့ပင် လုံလုံလောက်လောက် မရှိခဲ့သည့်အကြောင်း မှတ်မိနေသေးသည်။ နောက်ဆုံး သူတို့သည် အသက်ဆက်ရှင်ဖို့ရန် သူတို့၏သမီးကို ရောင်းလိုက်ရသေးသည်။ သူတို့သည်က မြည်းတစ်ကောင် ဝယ်ဖို့ရာ ငွေရှိပါသတဲ့လား။
ဒါက အလွန်မှ တိုက်ဆိုင်လှသည်။ သူမက ဝေ့ခမ်းဖျင်ကို ကြည့်လိုက်၏။
ဝေ့ခမ်းပင်၏မျက်လုံးများက ဝေ့ဝဲကြည့်ရင်း ကျန်းချိန်ကို ပြောလိုက်လေသည်။
“အစ်ကိုကြီးကျန်း ကျန်တော်ကလည်း ဒီမှာ လားတစ်ကောင် လာရောင်းတာနဲ့ ကြုံသွားတာပဲ၊ အဆင်ပြေတယ်လို့ထင်ရင် ယူသွားပါ”
ကျန်းချိန်သည် သူ အစောကြီးကတည်းက ဆွဲလာသည့်လားကို သတိထားမိလေသည်။ နီညိုရင့်ရင်းလားကြီးက မြင်းတစ်ကောင်ထက် မနိမ့်ချေ။ သူက မြန်မြန်ပြန်ဖြေလိုက်ေသည်။
“မလိုပါဘူးဗျာ”
သူသည် လားဖိုး မတတ်နိုင်မည်ကို စိုးရိမ်မိသည်။
“ အရင်က အစ်ကိုကြီးက ချိုးညန်ကို ကူညီပေးခဲ့တယ်လေ၊ စျေးနှုန်းကို ညှိလို့ရပါတယ်” ဝေ့ခမ်းဖျင်က ပြောလိုက်သည်။
ချိုးညန်သည် အမျိုးသမီးလျို၏နာမည်ဖြစ်သည်။
ကျန်းချိန်က ငြင်းလိုက်ချင်သော်လည်း ဝေ့ခမ်းဖျင်က ချက်ချင်း ပြောလိုက်သည်။
“ ၉လျန်၊ အစ်ကိုကြီး တန်တယ်ထင်ရင် ကျွန်တော် အစ်ကိုကြီးကို ရောင်းလိုက်ပါမယ်”
၉လျန်မှာ အမှန်ပင် စျေးချိုပါသည်။ ကျန်းချိန်က သူ့အိတ်ထဲတွင် ၈လျန်သာ ရှိသည်။ ကျန်းယွင်ကျူကလည်း သည်နေ့ ဝယ်စရာအများကြီးရှိသဖြင့် သူမက နည်းနည်းပိုယူသွားသည်။ သည်လားကို ဝယ်ဖို့ရာ လောက်ငှသည့်ငွေသာ ရှိလေသည်။
ကျန်းချိန်က ခဏလောက် တွေဝေသွားသည်။
အမျိုးသမီးလျိုက ကျန်းချိန်က လား ကိုလိုချင်နေမှန်း တွေ့လိုက်သဖြင့် ဝေ့ခမ်းဖျင်ဘက် လှည့်လိုက်သည်။
ဝေ့ခမ်းဖျင်က ဇက်ကြိုးကို ကျန်းချိန်လက်ထဲ တန်းထည့်ပေးလိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“ ဒါဆို ဒီလိုမှတ်လိုက်ပြီနော်၊ ကျွန်တော်လည်း တခြားနေရာ သွားရောင်းစရာမလိုတော့ဘူးပေါ့”
“ကျွန်တော် တကယ်မဖြစ်လို့ပါ”
ကျန်းချိန်က သူ့ကို ဇက်ကြိုးပြန်ပေးချင်လိုက်သည်။
ဝေ့ခမ်းဖျင်က လက်မခံပေ။
နှစ်ယောက်သားက ခဏကြာသည်အထိ ငြင်းခုံနေကြသည်။ ဝေ့ခမ်းဖျင်က လားကို ကျန်းချိန်ထံ ရောင်းဖို့ ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် ကျန်းချိန်က သူ့လက်ထဲတွင် ဇက်ကြိုးကိုသာ ကိုင်ထားလိုက်ရတော့သည်။
ငွေချေလိုက်ပြီးနောက် ကျန်းချိန်က ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။
ကျန်းယွင်ကျူးက သူမ၏အင်္ကျီလက်ထဲက ငွေ ၁လျန်ကို ထုတ်ကာ ကျန်းချိန်ကို ပေးလိုက်လေသည်။ ကျန်းချိန်က သူ့ရင်ဘတ်ထဲက ငွေအိတ်ကို ထုတ်ကာ ငွေ ၁လျန်ကို ထည့်လိုက်ပြီး ငွေအိတ်ကို ဝေ့ခမ်းဖျင်ဆီ ကမ်းပေးလိုက်ကာ ရှက်ရှက်နှင့် ပြောလိုက်လေသည်။
“ ရေကြည့်ပါအုံး”
ဝေ့ခမ်းဖျင်က ငွေအိတ်ကို ချိန်ဆကြည့်လိုက်ပြီး
“ ဘာလို့ ရေနေမှာလဲ၊ ကျွန်တော် အစ်ကိုကြီးကို ယုံပါတယ်”
လားနှင့် မြင်းစျေးက ထွက်အလာတွင် အမျိုးသမီးချန်က ဒါကို မယုံနိုင်သေးပေ။ အိပ်မက်တစ်ခုဟုသာ ခံစားမိနေသည်။ သူမသည် သည်နေရာတွင် အမျိုးသမီးလျိုနှင့် မမျှော်လင့်ဘဲ တွေ့ခဲ့ရပြီး ၉လျန်တည်းနှင့် လားတစ်ကောင်ကို ဝယ်နိုင်ခဲ့သည်။
“ လားက နှစ်နှစ်ပဲရှိသေးတယ်၊ အရွယ်ကောင်းပြီး သန်မာတဲ့အရွယ်ပဲ”
ကျန်းချိန်က မထိန်းနိုင်တော့ဘဲ ဝမ်းသာအားရနှင့် မှတ်ချက်ပေးလေသည်။ စကားပြောရင်း သူက လက်ဖြင့် လား၏ခေါင်းကို ထိကာ ခံစားကြည့်လို့ မဝနိုင်ဖြစ်နေတော့သည်။
“ ချိုးညန်ကို ကျေးဇူးတင်ရမယ်”
အမျိုးသမီးချန်က ပြောလိုက်သည်။ သူမကြောင့်သာ မဟုတ်ရင် သူတွေက ဒီလိုစျေးချိုတဲ့ လားတစ်ကောင်ကို ဝယ်နိုင်မှာမဟုတ်ဘူးလေ။
...
အခန်း (၃၅.၂)
အမျိုးသမီးချန်နှင့် အမျိုးသမီးလျိုတို့သည် ချိန်းဆိုခဲ့ကြပြီးဖြစ်သည်။ သူတို့သည် နောက်ပိုင်းတွင် မကြာခဏ တွေ့ဖြစ်ကြလိမ့်မည်။ ထို့ကြောင့် ကျန်းချိန်က ထိုသို့ပြောလိုက်ခြင်းပင်။
အမျိုးသမီးချန်က ခေါင်းညိတ်ပြလိုက်ပြီး ရုတ်တရက် ထပ်ပြုံးလိုက်လေသည်။
“ သူမ ဒီတစ်ခါတော့ လူကောင်းတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ”
သူမ အမြင်ကတော့ ဝေ့ခမ်းဖျင်က မိသားစုနောက်ခံတချို့ ရှိပုံရတယ်။ သူက ရုပ်ရည်ချောမောပြီး လူတွေကို အန္တရာယ်က ကယ်တင်ပေးနိုင်တယ်။ သူ့အကျင့်စရိုက်ကတော့ မဆိုးလောက်ပါဘူး။
ကျန်းချိန်က ခေါင်းညိတ်လိုက်၏။ သူသည်လည်း ဝေ့ခမ်းဖျင်ကို လူကောင်းတစ်ယောက်ဟု ထင်မိသည်။
နောက်တွင် ကျန်းယွင်ကျူးက ကျန်းဝူကို လက်တွဲထားသည်။ သူတို့ ပြောစကားကို ကြားလိုက်ပြီးနောက် သူမက မသိမသာ မျက်မှောင်ကျုံ့လိုက်လေသည်။ ဝေ့ခမ်းဖျင်ရဲ့ မျက်လုံးတွေက ဘာလို့ သူမဘက်ကို တမင်ရော မရည်ရွယ်ဘဲရော ကြည့်နေတာလို့ ဘာလို့ခံစားနေရတာလဲ။ သူမပဲ စိတ်ထင်နေတာလား ဒါမှမဟုတ်....
“ ယွင်ကျူး အမေတို့ စျေးဝယ်ကြအုံးမှာလား”
အမျိုးသမီးချန်က လှည့်ကာ ကျန်းယွင်ကျူးကို မေးလိုက်သည်။ သူမ၏လေသံက အားနာသံအပြည့် ဖြစ်နေတော့သည်။
ဒီလားကို ဝယ်လိုက်ပြီးပြီဆိုတော့ သူတို့မှာ ငွေတွေအများကြီး မကျန်တော့ဘူးလေ။ ကျန်းယွင်ကျူးက ပစ္စည်းတွေအများကြီး ဝယ်ချင်တာ သူမ သိနေတယ်။
တခြားကိစ္စများကို ဘေးချိတ်ထားလိုက်ပြီး ကျန်းယွင်ကျူးက လားတစ်ကောင်ကို အလွန်စျေးသက်သက်သာသာဖြင့် ဝယ်နိုင်ခဲ့သည့်အတွက် ဝမ်းသာမိသည်။ ပစ္စည်းကိုတော့ တချို့ကို အရင်ဝယ်ပြီး ကျန်တာကို နောက်တစ်ကြိမ်မှ ဝယ်တော့မည်။
မိသားစုသည် စီရင်စုမြို့တွင် လည်ပတ်လိုက်ကြသည်။
နေက အနောက်ဘက်သို့ ယွန်းလာခဲ့သည်။ သူတို့သည် အိမ်သို့ အချိန်မီပြန်မရောက်မှာစိုးသဖြင့် မြို့က မြန်မြန်ထွက်ပြီး အိမ်သို့ ပြန်လာခဲ့ကြလေသည်။
အိမ်ပြန်ရောက်လာသောအခါ အဘိုးချန်က သူတို့သည် ၉လျန်ဖြင့် လားကောင်းတစ်ကောင် ဝယ်နိုင်ခဲ့သည်ဟု ကြားရပြီး အလွန်ဝမ်းသာသွားတော့သည်။
ကျန်းချိန်က သူ့ကိုတွဲကာ လားကို သွားပြလေသည်။
အဘိုးချန်က လက်ကိုဆန့်လိုက်ပြီး လား၏ခေါင်းကို ထိလိုက်ပြီး သပ်ချလိုက်သည်။ သူက လားကို ကိုင်ကြည့်လေလေ ပိုပြီးဝမ်းသာလာလေလေ ဖြစ်သွားတော့သည်။ သူက ချီးကျူးစကားပြောလိုက်၏။
“ ဒါက တကယ့်လားကောင်းတစ်ကောင်ပဲ”
“ဟုတ်ပါတယ်”
ကျန်းချိန်က အပျော်မလွန်ဘဲ မနေနိုင်ဖြစ်နေလေသည်။ သူသည် လားက ရေဆာ ဗိုက်ဆာမည်စိုးသဖြင့် သူ့အတွက် အစာနှင့်ရေ ယူပေးရင်း တစ်ယောက်တည်း အလုပ်ရှုပ်နေတော့သည်။
ကျန်းချိန်သည် ထိုနေ့ညက သွားများဖြီးကာ နေတော့သည်။
မြို့တော်ရှိ ရှန်အိမ်တော်။ ည ၇နာရီ။ ရှန်ဖုန်းမင်က အခုလေးတင်မှ အပြင်က ပြန်ရောက်လာသည်။ သူ့တစ်ကိုယ်လုံးက အေးစက်နေ၏။
“ ဒီနေ့ ဘာလို့ အရမ်းနောက်ကျမှ ပြန်လာတာလဲ”
မင်းသမီးတန့်ယန်းက သူ့ကို ဂျင်ဆင်းလက်ဖက်ရည်တစ်ပန်းကန် လှမ်းပေးလိုက်ပြီး စိတ်မကောင်းစွာ ပြောလိုက်လေသည်။
ရှန်ဖုန်းမင်က လက်ဖက်ရည်ကို ယူကာ နှစ်ငုံလောက်သောက်လိုက်သည်။
“ ဌာနမှ လုပ်စရာတွေအရမ်းများနေလို့ပါ” သူက ပြန်ဖြေလိုက်သည်။
“ အမေ မင်းကြီးကို ပြောပြီး သားအတွက် အလုပ်ပြောင်းခိုင်းလိုက်ရမလား”
မင်းသမီးတန့်ယန်းက ပြောလိုက်သည်။ သူမသည် ရှန်ဖုန်းမင်ကို တပ်မှူးလေး မဖြစ်စေချင်ပေ။ အန္တရာယ်ကလွဲလျှင် ကောင်းတာဘာတစ်ခုမှ ရောက်လာမည်မဟုတ်ပေ။
“အမေ ကျွန်တော် ဒီအလုပ်ကို သဘောကျတယ်” ရှန်ဖုန်းမင်က ပြောလိုက်သည်။
မင်းသမီးတန့်ယန်းက ဆက်ပြောချင်လိုက်သော်လည်း ရုတ်တရက် စကားလွဲလိုက်လေသည်။
“အင်းပါ၊ ဒါဆိုလည်း အမေ မနှောင့်ယှက်တော့ဘူး၊ စားပြီးပြီလား”
“ စားပြီးပါပြီ”
“ဒါဆို ပြန်သွားပြီး မြန်မြန် ကိုယ်လက်သန့်စင်လိုက်တော့ ၊ စောစောနား”
မင်းသမီးတန့်ယန်းက ပြောလိုက်၏။
ရှန်ဖုန်းမင်က ခေါင်းညိတ်ပြလိုက်သည်။
ကျယ်ဝန်းလှသည့် အခန်းတစ်ခုတွင် တစ်စုံတစ်ယောက်က ရှန်ဖုန်းမင်အတွက် ရေနွေး ပြင်ဆင်ပေးထားသည်။
သူ့ကို ခစားရန် တစ်ခြားသူများကို မလိုပေ။ ကိုယ်တိုင် ဆေးကြောသန့်စင်လိုက်ပြီးနောက် အိပ်ရာခန်းထဲ ဝင်လာခဲ့လေသည်။
သူသည် တံခါးမှ ဝင်လာသည်နှင့်တပြိုင်နက် တစ်ခုခု မူမမှန်သည်ကို ခံစားလိုက်ရသည်။ သူ့ကိုယ်ပိုင်အခန်း၏ အနံ့ကို သေသေချာချာသိလေသည်။ သို့သော် အခုတော့ သည်အခန်းထဲတွင် ခပ်ဖျော့ဖျော့ ချိုမြမြအနံ့တစ်ခု မွှေးကြိုင်နေသည်။
“ဘယ်သူလဲ” သူက မျက်မှောင်ကျုံ့ထားလိုက်၏။ သူ့အသံမှာ အေးစက်နေလေသည်။
ခုတင်ပေါ်မှ ဘရိုကိတ်သားဂွမ်းစောင်က လူးလွန့်သွားပြီး မြူစွယ်နေသည့်ကောက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။ လှပမှင်တက်ဖွယ်မျက်နှာတစ်ခုက ဘရိုကိတ်သားစောင်ထဲမှ ပေါ်လာခဲ့သည်။ နှင်းလိုဖြူဖွေးသည့်ပခုံးသားတစ်ခုကို ခပ်ရေးရေး မြင်နိုင်လေသည်။
သည်လို ခပ်ဝါးဝါးမြင်နေရသည့်အလှအပမျိုးက အမှန်ပင် စွဲမက်စရာကောင်းလှသည်။
ရှန်ဖုန်းမင်သည် တကိုယ်လုံး ပူလာသလိုခံစားလိုက်ရတော့သည်။ မဟုတ်တော့ဘူး။ သူသည် ဘေးက စားပွဲကို ကိုင်ထားလိုက်၏။ သူ့ခန္ဓာကိုယ်က မူမမှန်ဘူး။
ရုတ်တရက်ဆိုသလို မင်းသမီးတန့်ယန် သူ့ကို ပေးလိုက်သည့် ဂျင်ဆင်းလက်ဖက်ရည်ကို သတိရသွားတော့သည်။
ချီလင်တပ်မှူးတစ်ယောက်အနေနဲ့ ရှန်ဖုန်းမင်ရဲ့သတိက အန္တရာယ်အားလုံးကို ရှောင်ရှားဖို့ရာ လုံလောက်ပါတယ်။ ဒါပေမဲ့ သူ့မိခင်အရင်း ပေးခဲ့တဲ့ လက်ဖက်ရည်ကရော။
ရှန်ဖုန်းမင်က လက်နှစ်ဖက်နှင့် စားပွဲအစွန်းကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ သူ့လက်ပေါ်က သွေးကြောများက ထောင်တက်လာသည်။
“ လူကြီးမင်း”
ဆေးက အာနိသင်ပြလာသည်ကို သိလိုက်ရသဖြင့် တုရန်ရှုက ထရပ်လိုက်ပြီး ရှန်ဖုန်းမင်ထံသို့ လျှောက်လာခဲ့လိုက်သည်။
သူမသည် ပိုးဇာအပါးလေးတစ်ထည်သာ ဝတ်ထားသည်။ သူမသည် လမ်းလျှောက်လာရင်း အကြည့်တိုင်း၊ လှုပ်ရှားမှုတိုင်းက ယောက်ျားတိုင်းကို ရူးသွားအောင် လုပ်နိုင်လေသည်။
နောက်ဆုံးတွင် သူမသည် ရှန်ဖုန်းမင်ဘေးသို့ ရောက်လာခဲ့သည်။
သူမက ရှန်ဖုန်းမင်ကို လှမ်းကိုင်ဖို့ရာ လက်လှမ်းလိုက်လေသည်။ သူမ၏မျက်နှာက နီမြန်းနေ၏။ မိန်းမတွေကပဲ ယောက်ျားတွေရဲ့အသဲနှလုံးကို လှုပ်ရှားအောင် လုပ်နိုင်တယ်လို့ ဘယ်သူပြောလဲ။ ထူးခြားတဲ့ယောက်ျားတွေကလည်း မိန်းမတွေရဲ့နှလုံးသားကို လှုပ်ရှားအောင် လုပ်နိုင်ပါတယ်။
နောက်တစ်စက္ကန့်တွင် သူမသည် ကြောက်လန့်တကြားနှင့် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ရှန်ဖုန်းမင်သည် ဒေါသထွက်နေသည့် နတ်ဘုရားတစ်ပါးလို တုရန်ရှု၏လည်ပင်းကို ညှစ်ထားလေသည်။
ဝုန်းခနဲ အသံနှစ်ချက် ထွက်လာခဲ့သည်။ မင်းသမီးတန့်ယန်းသည် အခန်းထဲက မူမမှန်သည့် လှုပ်ရှားသံကို ကြားလိုက်ရလေသည်။ သူမက တံခါးကို မြန်မြန်ဖွင့်ကာ ဝင်လာ ကြည့်လိုက်လေသည်။ သူမ၏ မြင်ကွင်းထဲသို့ ဝင်လာသည်မှာ တုရန်ရှုက တစ်ဖက်တွင် ကြမ်းပြင်ပေါ် ထိုင်နေပြီး ရှုပ်နေကာ ရှန်ဖုန်းမင်က သူ့ဘယ်ဖက်လက်တွင် သွေးများစက်လက်စီးကျလျက် ရပ်နေလေသည်။
သူ့လက်က စားပွဲထောင့်ကို ကိုင်ထားသည်။ သူသည် စားပွဲထောင့်ကို လက်ဗလာဖြင့် ချိုးချလိုက်ခြင်းပင်။ သစ်သားစက သူ့လက်ကို စူးသွားပြီး သွေးများထွက်လာတော့သည်။
မင်းသမီးတန့်ယန်းသည် မျက်လုံးထဲတွင် ရှန်ဖုန်းမင်၏ သွေးထွက်နေသည့်လက်ကိုသာ မြင်တော့သည်။ သူမက ချက်ချင်း အော်ပြောလိုက်၏။
“ မြန်မြန်၊ သမားတော်ကို ခေါ်ခဲ့”
“မလိုဘူး”
ရှန်ဖုန်းမင်က သူ့လက်ထဲ သစ်သားစကို ပစ်ထုတ်လိုက်ပြီး ဘေးက ရေးချိုးခန်းဆီသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်သွားလိုက်လေသည်။
“ဖုန်းမင် သား....”
မင်းသမီးတန့်ယန်းသည် တစ်ခုခုပြောချင်သော်လည်း ရှန်ဖုန်းမင် ပြန်လှည့်ကြည့်လိုက်သည့် အကြည့်ကြောင့် လန့်သွားတော့သည်။ သူမသည် သူ့ကို သည်လိုပုံစံမျိုး တစ်ခါမှမတွေ့ခဲ့ဖူးချေ။
သူမက ပြောလက်စစကားကို ရပ်ထားလိုက်တော့သည်။
“ဘာဖြစ်တာလဲ”
တော်ဝင်ပညာရှင်ရှန်က ဆူညံသံကို ကြားလိုက်ပြီး စစ်ဆေးကြည့်ဖို့ ရောက်လာခဲ့သည်။
ရှန်ဖုန်းမင်၏ ပုံစံက တစ်ခုခုလွဲနေသည်ကို ချက်ချင်း သတိထားမိလိုက်ပြီးနောက် ဘေးတွင် ဖရိုဖရဲဖြစ်နေသည့် တုရန်ရှုကို ကြည့်လိုက်တော့သည်။ ချက်ချင်းဆိုသလို သူက ခန့်မှန်းမိလိုက်ပြီး မင်းသမီးတန့်ယန်းကို ဒေါသထွက်သွားတော့သည်။
“ မင်း ဘယ်လိုလုပ်လိုက်တာလဲ... ဟေ...”
သူက တစ်ခွန်းတည်း ပြောရသေးသည် မင်းသမီးတန့်ယန်းက ထွက်ပေါက်တစ်ခု တွေ့သွားသည့်နှယ် ငိုယိုကာ သူ့ကိုအော်ဟစ်တော့သည်။
“ ကျွန်မ ဘာလို့ ဒီလိုလုပ်တာလဲဟုတ်လား၊ ရှင့်မှာ ကျွန်မကို ဒီလိုမေးပိုင်ခွင့်ရှိလို့လား၊ ရှင်က တစ်နေ့တစ်နေ့ ကျေးဇူးတရားနဲ့ ကျင့်ဝတ်တွေအကြောင်းပဲ ပြောနေတယ်၊ ရှင်က ကလေးကို ဒီလိုဖြစ်အောင် သင်ပေးခဲ့တာလေ၊ အခုမှ ရှင်က ကျွန်မကို အပြစ်ပြောနေတယ်။ ကျွန်မ ရှင့်ကို မေးပါအုံးမယ်....”
မင်းသမီးတန့်ယန်းသည် တော်ဝင်ပညာရှင်ရှန်နှင့် စကားထပ်များပြန်တော့သည်။
ရှန်ဖုန်းမင်သည် ရေချိုးခန်းသို့ ပြန်ရောက်သွားပြီး ရေအေးထဲ ခုန်ချလိုက်လေသည်။ သူသည် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာတော့သည်။
နောက်တစ်နေ့ မနက်တွင် ယန်ရှန့်က အမှုတွဲတစ်ခုကို ယူလာပြီး ရှန်ဖုန်းမင်ကို ပြောလေသည်။
“လုပြည်နယ်က ဒီအမှုတွဲကို ကြည့်လိုက်၊ ငါတို့တွေ သွားသင့်....”
“ကောင်းပြီ” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။
ယန်ရှန့်သည် ဆွံ့အသွားတော့သည်။ ဘာအမှုလဲလို့ သူ မပြောရသေးဘူးလေ။ သူက ဘာကို သဘောတူလိုက်တာတဲ့လဲ။
...
အပိုင်း (၃၆)
ရှန်ဖုန်းမင်က အရင်ဆုံး နန်းတော်သို့သွားလိုက်ပြီး မင်းကြီးကို အကြောင်းအရင်း သွားလျှောက်တင်လိုက်တော့သည်။ ထို့နောက် သူက ရှန်အိမ်တော်သို့ပြန်လာပြီး မိဘများကို နှုတ်ဆက်လိုက်သည်။
သူက ထပ်ထွက်သွားတော့မည်ဟု ကြားလိုက်ရသဖြင့် တော်ဝင်ပညာရှင်ရှန်မှာ မျက်နှာညှိုးသွားတော့သည်။ မင်းသမီးတန့်ယန်း၏မျက်လုံးများကလည်း ပိုပြီး နီရဲလာသည်။ သည်နေ့ ရှန်ဖုန်းမင်က သူမကို ခပ်ခွာခွာနေနေသည်ကို ခံစားနိုင်လေသည်။
မနေ့က အသိစိတ် ပျောက်သွားပြီး ဒီလိုကိစ္စမျိုး လုပ်ခဲ့မိတာကို နောင်တရမိပါတယ်။ ဒါပေမဲ့ သူမက ဘာလုပ်နိုင်မှာလဲ။
ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရှန်ဖုန်းမင် မိန်းမတွေအနားကို ကပ်အောင် သူမမှာ မရေမတွက်နိုင်တဲ့ အကြံအစည်အမျိုးမျိုး သုံးခဲ့ပေမဲ့ တစ်ခုမှ အလုပ်မဖြစ်ခဲ့ဘူးလေ။ အဲဒီအစား သားအမိနှစ်ယောက်ကြားမှာ အက်ကြောင်းတွေဖြစ်ခဲ့ရတယ်။ သူ့အမူအကျင့်က ပိုပိုရက်စက်လာပြီး အိမ်ပြန်လာတဲ့အချိန်ကလည်း တဖြည်းဖြည်း ပိုနည်းလာတာကို တွေ့ရတော့ သူမမှာ ကျိတ်ပြီး ငိုရတာလည်း အခါခါပဲ။
သူ့ဓားက နေ့တိုင်း သွေးပေနေတာလေ။ သူ အပြင်သွားလိုက်တိုင်း သူ ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲဆိုပြီး မစဥ်းစားဘဲကို မနေနိုင်ခဲ့ဘူး။
သူမမှာ ဒီသားတစ်ယောက်ပဲ ရှိတာပါ။ သူသာ မရှိတော့ရင် သူမ...
ဒါကြောင့်ပဲ သူမက စဥ်းစားခဲ့တာပါ။ သူသာ ဇနီးတစ်ယောက်လောက် လက်ထပ်နိုင်ပြီး ကလေးတွေ ရှိလာမယ်ဆိုရင်... သားနဲ့ သမီးနဲ့ သူချစ်တဲ့သူနဲ့သာ အတူရှိနေရင် သူ အဲဒီအန္တရာယ်များတဲ့အလုပ်နဲ့ အချိန်တိုင်း သူ့အသက်ကို စွန့်နေတာတွေ မလုပ်လောက်တော့ဘူးလားလို့ပေါ့။
ပြီးတော့ သူမလည်း တခြားသူတွေလို သူမရဲ့ဘေးမှာ မြေးတွေ ကလေးတွေ ဝိုင်းနေတာမျိုး တကယ် လိုချင်မိပါတယ်။
မင်းသမီးတန့်ယန်းက ပါးစပ်ဟလိုက်ပြီး တုရန်ရှုကို သူမက အဝေးသို့ ပို့လိုက်ပြီဖြစ်ကြောင်း ပြောပြချင်ခဲ့လေသည်။ သို့သော် သူက သည်အကြောင်းကို လုံးဝကြားချင်မှာ မဟုတ်မှန်း သူမ သိနေသည်။
“ သားရဲ့လက်ရော သက်လား” သူမက ရှန်ဖုန်းမင်ကို စိုးရိမ်စိတ်နှင့် မေးလိုက်၏။
“သက်သာပါတယ်” ရှန်ဖုန်းမင်က ပြန်ပြောလိုက်သည်။
မင်းသမီးတန့်ယန်းမှာ ဘာပြောရမည်မသိ ဖြစ်သွားတော့သည်။ ရှန်ဖုန်းမင်က လုပြည်နယ်သို့ ထပ်သွားရမည်ကို ရုတ်တရက် သတိရလိုက်ပြီး
“ သား အဲဒီဝက်အူချောင်း လုပ်တဲ့သူနဲ့ ထပ်တွေ့ခဲ့ရင်လေ သားသဘောကျရင် လူကို ခေါ်ပြန်လာခဲ့နော်”
သူမက တွေးလိုက်၏။ ဒါမှပဲ ရှန်ဖုန်းမင်က ညနေစာစားဖို့ အိမ်တော်ကို ခဏခဏပြန်လာမှာ။
ရှန်ဖုန်းမင်က မင်းသမီးတန့်ယန်းကို မျက်လုံးပင့်ကြည့်လိုက်လေသည်။ သူ၏စမ်းရေလို မျက်လုံးများက မသိမသာ လှိုင်းထသွားတော့သည်။
မင်းသမီးတန့်ယန်းက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ထိုအကြောင်းကို ဆက်မပြောတော့ချေ။
“လမ်းတစ်လျှောက် အန္တရာယ်ကင်းအောင် ဂရုစိုက်နော်၊ မင်းသာ တစ်ခုခုဖြစ်သွားရင် မင်းသိပါတယ်”
တော်ဝင်ပညာရှင်ရှန်က ပြောနေကျစကားကိုသာ ပြောလိုက်လေသည်။ သို့သော် ရှန်ဖုန်းမင်သာ တစ်ခုခု ဖြစ်ခဲ့လျှင် ရှန်မိသားစုသည် သူ့အင်အားကြီးနောက်ခံ ဖြစ်ပေးမှာဖြစ်ပြီး သူ့ကို အရာအားလုံးဆီမှ သေချာပေါက် ကာကွယ်ပေးမည်မှန်း ရှန်ဖုန်းမင် နားလည်နိုင်သည်။
ရှန်ဖုန်းမင်၏မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားပြီး
“ဟုတ်ကဲ့ပါ အဖေနဲ့ အမေလည်း ကိုယ့်ဟာကို ဂရုစိုက်ကြပါ”
“ ငါတို့တွေက မြို့လယ်ခေါင်မှာလေ၊ အဆင်ပြေတယ်၊ မင်း အလုပ်ပြီးရင်သာ စောစောပြန်ခဲ့”
တော်ဝင်ပညာရှင်ရှန်က ပြောလိုက်သည်။
“ဟုတ်တယ်၊ မြန်မြန်ပြန်လာနော်” မင်းသမီးတန့်ယန်းက နောက်က မြန်မြန်လိုက်ပြောလိုက်သည်။
ရှန်ဖုန်းမင်သည် ရှန်အိမ်တော်မှ ထွက်လာပြီး ဌာနသို့ ပြန်သွားလိုက်သည်။ သူနှင့်ယန်ရှန့်တို့ တစ်ခါထွက်လာလျှင် ပြန်လာဖို့ အချိန်တစ်ခုတော့ ကြာလိမ့်မည်။ စီစဥ်စရာများစွာ ရှိနေသည်။
သည်အချိန်တွင် ယန်ရှန့်ကလည်း ယန်မိသားစုမှ ပြန်လာခဲ့သည်။ သူသည် သခင်မယန်ကို မျက်နှာချင်းဆိုင်ပြီး နှုတ်မဆက်ရဲချေ။ သူ့ကို အိမ်တော်ထဲတွင် ပိတ်ထားပြီး အပြင်ပေးမထွက်မှာ စိုးရသည်။ သခင်မယန်က သည်လိုကိစ္စမျိုးကို အမှန်ပင်လုပ်ပေလိမ့်မည်။ သူက အိမ်ပြန်သွားပြီး အထုပ်အပိုးကို တိတ်တိတ်လေးပြင်ကာ သခင်မယန်အတွက် စာတစ်စောင်ထားခဲ့ပြီး လှစ်ထွက်လာခဲ့လိုက်သည်။
သူက သခင်မယန်ကို ပြောခဲ့သည်။ သူမက နေ့တိုင်း ဝက်အူချောင်းစားချင်နေသဖြင့် သူက သူမအတွက် ချက်ချင်း သွားဝယ်ပေးရလိမ့်မည်ဖြစ်ရာ ထို့အတွက်ကြောင့် သူမသည် စိတ်မဆိုးသင့်ကြောင်း ပြောထားလေသည်။
ယန်ရှန့်သည် လန်းဆန်းတက်ကြွနေစဥ် ရှန်ဖုန်းမင်ကတော့ တောင်ကြီးတစ်လုံးလို မာထန်နေတော့သည်။ သူတို့နှစ်ယောက်သည် ဌာနရှေ့တွင် ရပ်လိုက်ကြသည်။ ချီလင်ကိုယ်ရံတော်များက အောက်တွင် ရပ်နေပြီး အားလုံးက စိတ်ဓာတ်တက်ကြွနေကြလေသည်။
သူတို့သည် လုပြည်နယ်သို့ သွားရမည်ဟု ရှန်ဖုန်းမင်ပြောလိုက်သည့် စကားကို ကြားလိုက်ချိန်တွင် သူတို့သည် နျဲ့ရှင်းပြောသည့် ငါးခေါင်းတိုဟူးဟင်းကို ချက်ချင်းသတိရသွားပြီး သူတို့လျှာကိုပင် မျိုချမိအောင် စွမ်းနိုင်လေသည်။ ယုန်သား အသားတုံးနှင့် အမဲသားလွှာများကို သူတို့သည် မဖြစ်စလောက်သာ မြည်းခဲ့ရသည်။ သူတို့၏မျက်လုံးများသည် ချက်ချင်း တောက်ပသွားတော့သည်။ လုပြည်နယ်ကို သွားမှာတဲ့။ သူတို့ စားရတော့မယ်။
ဟေ့ကောင်တွေ။ ဘယ်လိုကောင်းကြောင်းတွေ စဥ်းစားနေကြတာလဲ။ ယန်ရှန့်က အပေါ်တွင် ရပ်ကာ ပြုံးလိုက်လေသည်။ သည်တစ်ကြိမ်တွင် သူတို့သည် လုပြည်နယ်သို့သွားဖို့ရာ လူအများကြီး မလိုအပ်ပေ။
သူက သူနှင့်အတူ လုပြည်နယ်သို့ လိုက်ရမည့်သူများကို ရွေးလိုက်လေသည်။
ရွေးချယ်ခံသူများသည် အလိုလို ပျော်ရွှင်မှု အပြည့်ဖြစ်သွားတော့သည်။ အရွေးမခံရသည့်သူများကတော့ သူတို့သည် ငွေဘယ်လောက် ပြင်ဆင်ထားရမည့်အကြောင်း စဥ်းစားလိုက်ကြတော့သည်။ သို့မှသာ သွားလိုက်သူများက သူတို့အတွက် စားဖို့ တစ်ခုခု ယူပြန်လာနိုင်လိမ့်မည်။
နေမြင့်လာလေသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်က လူတစ်စုကို ဦးဆောင်က မြင်းများနှင့် မြို့တော်က ထွက်လာခဲ့ကြသည်။ ဖုန်ထူနေသည့်လမ်းဟောင်းတစ်ခုပေါ်တွင် သစ်ပင်အိုများ၏အရိပ်က ပြေးလွှားနေတော့သည်။
ဝူလင်စီရင်စုမြို့ တောင်ပိုင်း ခြံဝင်းငယ်လေးတစ်ခုထဲတွင် ဝေ့ခမ်းဖျင်က တံခါးခေါက်လိုက်သည်။ အမျိုးသမီးလျိုက သူဖြစ်နေသည်ကို ကြားလိုက်ရသောအခါ သူ့ကို မြန်မြန်ဝင်လာခိုင်းပြီး သူ့အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ထည့်ပေးလိုက်သည်။
ဝေ့ခမ်းဖျင်က သူ့အင်္ကျီလက်ထဲ ဘူးလေးတစ်ခုကို ထုတ်လာပြီး အမျိုးသမီးလျိုကို ပေးလိုက်သည်။
“ ကြည့်ပါအုံး၊ မင်း ကြိုက်ရဲ့လား”
“ဘာလဲရှင့်”
အမျိုးသမီးလျိုက ပျော့ပြောင်းသည့်လေသံတစ်ခုဖြင့် မေးလိုက်၏။
“ ဖွင့်ကြည့်ရင် သိမှာပေါ့”
ဝေ့ခမ်းဖျင်က အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
အမျိုးသမီးလျိုက လက်ခံလိုက်ပြီး ဘူးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် တောက်ပနေသည့် ရောင်စုံပုတီးစေ့ပန်းဆံထိုးကို တွေ့လိုက်ရလေသည်။
“ဒါက....”
“ မင်းက တစ်နေ့လုံး အရမ်းကို ရိုးရိုးရှင်းရှင်း ဝတ်စားတာဆိုတော့၊ ဒီပုတီးပန်းဆံထိုးက မင်းအတွက်လေ”
“ကျွန်မက မုဆိုးမပါရှင်၊ ပြီးတော့ ကျွန်မရဲ့အသက်က....”
“ မုဆိုးမဖြစ်တော့ ဘာဖြစ်လဲ၊ သူ အရင်ထွက်သွားတာလေ၊ သူက ကံမကောင်းတာပါ၊ မင်းက ဒီနှစ်မှ ၂၀ဝန်းကျင်ပဲ ရှိသေးတယ်၊ အရွယ်ကောင်းပဲလေ”
ဝေ့ခမ်းဖျင်က သူမ၏စကားကို ချက်ချင်းဖြတ်ပြောလိုက်လေသည်။
အမျိုးသမီးလျို၏မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လာတော့သည်။ သူမကို ဘယ်သူမှ သည်လိုစကားမျိုး မပြောခဲ့သည်မှာ အလွန်ကြာသွားပြီ။ နှစ်ပေါင်းများစွာကြာအောင် သူမသည် သည်လို အရောင်သွေးစုံအဝတ်အစားနှင့် လက်ဝတ်လက်စားများကို မဝတ်ခဲ့ပေ။
အမှန်တွင်တော့ သူမကို မက်မွန်နီအိမ်သို့ ရောင်းချခံလိုက်ရပြီး မကြာမီမှာပင် အာ့လုက သူမကို ဝယ်ယူခဲ့ပြီး သူက သူမကို ဇနီးတစ်ယောက်အဖြစ် လက်ထပ်ခဲ့သည်။
ကျင်းနျိုရွာတွင် သူမသည် ထိုနေရာမှာ လာရသည့်အတွက် အထင်သေးခံရပြီး မတော်မရော် အခေါ်ခံရမည် စိုးရိမ်ခဲ့သည်။ သူမသည် အလွန်တောက်ပသည့်အဝတ်အစားများ အလွန်လှပသည့် လက်ဝတ်လက်စားများကို လုံးဝမဝတ်ရဲခဲ့ချေ။
သို့သော် သူမ၏စိတ်ထဲတွင် သည်လိုလှပသည့် အဝတ်အစားနှင့် ကျောက်မျက်ရတနာများကို ကြိုက်တတ်မှန်းတော့ ဘယ်သူမှမသိကြပေ။
“ ကိုယ် မင်းကို ဝတ်ပေးမယ်”
ဝေ့ခမ်းဖျင်က ပုတီးပန်းဆံထိုးကို ကောက်ယူကာ ပြောလိုက်လေသည်။
အမျိုးသမီးလျို၏မျက်နှာမှာ ပန်းရောင်သန်းသွားတော့သည်။
ဝေ့ခမ်းဖျင်က ထရပ်လုက်ပြီး သူမ၏နောက်သို့လျှောက်သွားလိုက်ကာ သူ့လက်ဖြင့် သူမ၏ဆံနွယ်ကို သပ်ကာ ပုတီးပန်းဆံထိုး တပ်ပေးလိုက်လေသည်။
အမျိုးသမီးလျို့၏ခေါင်းက ငိုက်ကျသွားတော့သည်။
သည်အခိုက်တွင် ဝေ့ခမ်းဖျင်က သူမကို နောက်မှဖက်လိုက်ပြီး သူမ၏လည်တိုင်ကို မိုးစက်များကို နမ်းလိုက်ပြီး သူ့ရည်ရွယ်ချက်က အောက်ပိုင်းသို့ပင် ရွေ့သွားလေသည်။
အမျိုးသမီးလျိုက ပျာယာခတ်သွားပြီး
“ရှင် ဘာလုပ်တာလဲ၊ ကျွန်မကို လွှတ်”
“ချိုးညန်ရယ် ကိုယ့်မှာ မင်းကို ချစ်ရလွန်းလို့ မစားနိုင် မအိပ်နိုင်ဖြစ်နေတာပါ၊ ကိုယ့်ကို သနားပါကွာနော်၊ ကိုယ့်ကို အဲဒါလေး ပေးပါ”
ဝေ့ခမ်းဖျင်က သူမကို တင်းနေအောင်ဖက်ထားပြီး သူမ၏အဝတ်အစားကိုပင် ချွတ်ချင်နေတော့သည်။
အမျိူးသမီးလျိုက သူမ၏အဝတ်အစားများကို တင်းနေအောင်ဆုပ်ထားပြီး
“ကျွန်မကို လွှတ်နော် မဟုတ်ရင် ကျွန်မ လူတွေကို အော်ခေါ်လိုက်တော့မယ်”
ကြမ်းကြုတ်မှုက ဝေ့ခမ်းဖျင်၏ မျက်လုံးထဲတွင် ဖြတ်ပြေးသွားလေသည်။ အိမ်ထောင်သည် မိန်းမတစ်ယောက်များ သူနဲ့လာပြီး ဖြူစင်ကြောင်း လုပ်ရဲသေးတယ်။ သူမှာ နည်းနည်းပါးပါးလှပြီး သူမရဲ့အိတ်ထဲမှာ ငွေတွေအများကြီးမရှိရင် သူမကို အစောကြီးကတည်း ကန်ထုတ်ပစ်လိုက်တာ ကြာပေါ့။
“ တစ်ယောက်.....” အမျိုးသမီးလျို့က တကယ်အော်လိုက်လေသည်။
ဝေ့ခမ်းဖျင်က သူမ၏ပါးစပ်ကို လှမ်းပိတ်လိုက်ပြီးနောက် အားသုံးလိုက်တော့သည်။ သူက သူမကို လုပ်ခဲ့ရင်တောင် သူမကို အသနားခံတောင်းပန်နိုင်သ၍တော့ သူမက သူ့ကို သေချာပေါက်ခွင့်လွှတ်ပြီး သူမကိုယ်တိုင်ကလည်း သူ့ကို ဘဝပေးလိမ့်မယ်ပေါ့။
တစ်ခုပဲ။ သူက နောက်ထပ်မိန်းမလှလေးကို စဥ်းစားမိသွားတယ်လေ။ အဲဒီလူရဲ့ နှင်းလိုဖြူဖွေးတဲ့ အသွင်အပြင်လေးကိုပေါ့။ လရောင်အောက်က ပုလဲတစ်လုံးလိုပဲ။ အမှန်တကယ်ကို လှရက်လွန်းပါတယ်။
ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူက အမျိုးသမီးချန်ကို လွှတ်ပေးလိုက်ကာ စိုးရိမ်တကြီး ပြောလိုက်တောသည်။
“ချိုးညန်ရယ်၊ မအော်ပါနဲ့၊ ကိုယ် ဘာမှမလုပ်ပါဘူး၊ မစိုးရိမ်နဲ့နော်”
အမျိုးသမီးလျိုက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကာ နံရံနှင့်ကပ်သွားပြီး သူမ၏ကျောပြင်ကို နံရံတွင် မှီထားလိုက်ကာ အသက်နည်းနည်းရှူလိုက်ပြီးမှ ပြန်တည်ငြိမ်သွားတော့သည်။
“ချိုးညန် ကိုယ့်အမှားပါ၊ ကိုယ်ခုနက မထိန်းနိုင်ဖြစ်သွားလို့ပါ”
ဝေ့ခမ်းဖျင်က နောင်တရဟန်အပြည့်ဖြင့်
“ ကိုယ် အရင်က ဘယ်သူ့ကိုမှ အဲလောက် သဘောမကျခဲ့ဖူးဘူး၊ မင်းအကြောင်း မနက်ကနေ ညအထိ တွေးနေမိတယ်၊ ကိုယ့်အသက်ကို ယူသွားတော့မဲ့အတိုင်းပဲ။
ရုတ်တရက်ကြီး ကိုယ့်မှာ ကိုယ်သဘောကျတဲ့သူနဲ့ အရမ်းရင်းနှီးသွားတာ... ချိုးညန် မင်းကလေ အရမ်းလှတာပဲ”
သူက စကားပြောရင်း အမျိုးသမီးလျိုကို အကဲခတ်နေလေသည်။
သေချာသွားသည်။ အမျိုးသမီးလျို၏မျက်နှာက နီရဲသွားလေသည်။ သူမ၏အမူအရာကလည်း ပျော့ပြောင်းသွားတော့သည်။
မိန်းမတွေများနော်။ အားလုံးက ဒီလိုစကားမျိုးကို ကြိုက်ကြတာပဲ။ ကျေနပ်သွားပြီး ဝေ့ခမ်းဖျင်က ဆက်ပြောလိုက်၏။
“ ချိုးညန် မစိုးရိမ်နဲ့နော်၊ မင်းခွင့်ပြုချက်မရဘဲ ကိုယ်နောက်တစ်ခါ မင်းကို မထိတော့ပါဘူး။
ဒါပေမဲ့ ချိုးညန်ရယ် ကိုယ် မင်းကို တကယ်ချစ်တာပါ၊ ကိုယ့်ကို လက်ထပ်ပါနော်။
မင်းသဘောတူမယ်ဆိုရင် ကိုယ် ချက်ချင်း အောင်သွယ်တော်နဲ့ ကြိုပြီးလာတောင်းခိုင်းလိုက်မယ်၊ အခုချိန်ကစပြီး ကိုယ် မင်းကို ကောင်းကောင်းဆက်ဆံပါမယ်၊ ယွမ့်အာကိုလည်း ကိုယ့်သားအရင်းကို ဆက်ဆံပါ့မယ်” သူက ကြေညာလိုက်သည်။
လုယွမ့်သည် အမျိုးသမီးလျို၏သားဖြစ်လေသည်။
အမျိုးသမီးလျို၏မျက်နှာမှာ နီရဲသွားပြီး ရင်ခုန်နေတော့သည်။ သူက တကယ်ပဲ သူမကို လက်ထပ်ချင်တာတဲ့လား။ ရုတ်တရက်ဆိုသလို သူမသည် အံကျိတ်လိုက်ပြီး ဝေ့ခမ်းဖျင်ကို ပြောပြလိုက်တော့သည်။
“ ကျွန်မ ရှင့်ကို လုံးဝမပြောခဲ့တာတစ်ခုရှိတယ်”
“ဘာများလဲ”
“ကျွန်မ- ကျွန်မ အရင်က အဲလိုနေရာမျိုးမှာ နေခဲ့ဖူးတယ်”
အမျိုးသမီးလျို၏ ခေါင်းသည် ရှက်လွန်းသဖြင့် မြေကြီးပေါ်သို့ ကျလုနီးနီး အနေအထားဖြင့် တစ်ဖက်လူကို ဆိုးရွားလွန်းသည့်အတိတ်အကြောင်းအရာတစ်ခုကို ပြောပြလိုက်လေသည်။
အဲလိုနေရာမျိုး ဟုတ်လား။ ဆောင်ကြာမြိုင်ပေါ့။ ဝေ့ခမ်းဖျင်၏မျက်နှာသည် ရုတ်ခြည်း အေးစက်ကာ မာထန်သွားတော့သည်။ သူက သူမကို မုဆိုးမတစ်ယောက်လို့ ထင်ခဲ့တာလေ။ ထင်မထားဘဲ လူတွေအများကြီး ထားခဲ့တဲ့ ဖိနပ်ပျက်တစ်ရံဖြစ်နေတာပဲ။ ဒါနဲ့များ သူမက သူ့ကို ဖြူစင်သလို လာလုပ်နေသေးသတဲ့လား။
အမျိုးသမီးလု၏ခေါင်းမှာ နိမ့်ချထားရာ သူ့မျက်နှာထားကို မမြင်လိုက်ပေ။
ဝေ့ခမ်းဖျင်က ခဏလောက် စိတ်ငြိမ်အောင်လုပ်လိုက်ပြီးနောက် ပြန်ပြောလိုက်လေသည်။
“ ရပါတယ်ကွာ၊ ကိုယ် မင်းရဲ့အတိတ်ကို စိတ်မဝင်စားပါဘူး၊ ကိုက မင်းကိုပဲ ချစ်တာ၊ အနာဂတ်မှာ မင်းနဲ့ကိုယ် အဆင်ပြေနေရင် တော်ပါပြီ”
အမျိုးသမီးလျိုက အံ့ဩတကြီး ခေါင်းမော့လိုက်ရာ စိတ်ရင်းပါသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူမ၏မျက်လုံးများက တစ်ဖန်နီရဲသွားပြန်သည်။
ဝေ့ခမ်းဖျင်သည် သူမနှင့် သည်အကြောင်းကို ဆက်မပြောချင်တော့ပေ။ သူ့မျက်လုံးများက လည်သွားပြီး ပြောလိုက်လေသည်။
“ မနေ့က ကိုယ်တို့တွေ လားနဲ့မြင်းစျေးမှာ တွေ့ခဲ့တဲ့ မိသားစုကရော”
ထိုအကြောင်းကို ပြောလာသဖြင့် အမျိုးသမီးလုမှာ လုံးဝစိတ်အေးသွားလေသည်။
“ကျွန်မ ရှင့်ကို ပြောပြပြီးပြီလေ၊ သူတို့တွေ ကျွန်မနဲ့ တစ်ရွာတည်းသားချင်းတွေပါ၊ သူတို့မိသားစုက လူကောင်းတွေပါ”
“ သူတို့က လူကောင်းတွေမှန်း ကိုယ်သိပါတယ်၊ မဟုတ်ရင် ကိုယ်လည်း လားကို သူတို့ဆီမှာ စျေးပေါပေါနဲ့ ရောင်းလိုက်မှာ မဟုတ်ဘူး” ဝေ့ခမ်းဖျင်က သည်အကြောင်းကို တမင် ထုတ်ပြောလိုက်ခြင်းပင်။
သေချာပါသည်။ အမျိုးသမီးလျိုက ပြောလိုက်၏။
“ ကျေးဇူးအများကြီးတင်ပါတယ်ရှင်”
“မလိုပါဘူး၊ ကိုယ်တို့ကြားမှာ ဒီလိုစကားမျိုး ပြောစရာလိုလို့လား၊ ဒီငွေလေး မပြောနဲ့ မင်းကို ကိုယ့်အသက်ကိုတောင် လိုလိုလားလား ပေးလိုက်အုံးမှာ”
အမျိုးသမီးလျိုက ရှက်ရှက်နှင့် သူမအင်္ကျီကော်လံအနားကို ဆွဲလိုက်လေသည်။
“ဒါနဲ့ အဲနေ့က ကျန်းချိန်နောက် အဲဒီမိန်းကလေးက”
ဝေ့ခမ်းဖျင်က မရည်ရွယ်ထားသယောင် မေးလိုက်သည်။
“ သူ့နာမည်က ယွင်ကျူး၊ ကျန်းယွင်ကျူးတဲ့၊ ယောက်မကြီးချန်ရဲ့ အကြီးဆုံးသမီးလေ၊ သူက ဒီနှစ်ဆိုရင် ၁၆နှစ်ရှိပြီပေါ့၊ ဟင်း... သူက ခါးသီးတဲ့ဘဝမှာနေရတဲ့ သူတစ်ယောက်ပါလေ”
အမျိုးသမီးလျိုက သက်ပြင်းချလိုက်လေသည်။
“ဘာလို့ အဲလိုပြောတာလဲ” ဝေ့ခမ်းဖျင်က မေးလိုက်၏။
အမျိုးသမီးလျိုက ကျန်းယွင်ကျူး နေမကောင်းဖြစ်ကာ သူမ၏အသက်ကို ဆုံးရှုံးရလုနီးနီး ဖြစ်ခဲ့ပုံကို ပြန်ပြောပြလိုက်လေသည်။ နောက်ပိုင်းတွင် ကျန်းမိသားစုက ချက်စရာဆန် မရှိတော့သဖြင့် သူတို့သမီးတွေထဲကတစ်ယောက်ကို ရောင်းလိုက်ရသည်။
ထိုအကြောင်းကို ကြားလိုက်ရသောအခါ ဝေ့ခမ်းဖျင်၏မျက်လုံးများသည် တလက်လက် တောက်ပသွားတော့သည်။ ကျန်းမိသားစုမှာ သမီးနောက်တစ်ယောက် ရှိသေးတယ်တဲ့။ အဲဒီသမီးကရော ဒီတစ်ယောက်လိုပဲ ချောသလား သိချင်လိုက်တာ။
ဒီလိုမိန်းမလှလေးကို ငွေ၆လျန်နဲ့ ဝင်နိုင်တယ်တဲ့။ အဲဒီတုန်းက သူ ချန်ဖုန်းစီရင်စုမှာ မရှိတာ နာတာပဲ။ မဟုတ်ရင် သူက သူမကို သေချာပေါက်ဝယ်ခဲ့မှာ။ သူမကို ကစားတာပဲဖြစ်ဖြစ် ရောင်းတာပဲဖြစ်ဖြစ် အရှုံးမရှိဘူးလေ။
ဒါပေမဲ့ အခုလည်း အရမ်းတော့ နောက်မကျသေးပါဘူး။
ကျန်းယွင်ကျူးက အပြုံးမျက်နှာလေးနှင့် ခေါင်းငုံ့ထားသည့်ပုံကို စဥ်းစားလိုက်မိပြီး သူသည် ထပ်မစောင့်နိုင်အောင် ဖြစ်သွားတော့သည်။
“ အဲလိုပြောမှ သူတို့ မိသားစုကြောင့်သာ မဟုတ်ရင် ကိုယ်လည်း မင်းနဲ့တွေ့မှာမဟုတ်ဘူးနော်၊ သူတို့တွေက ကိုယ်တို့ရဲ့အောင်သွယ်တော်လို့ ပြောလို့ရတယ်၊ မင်းလည်း ဒီမြို့မှာ လူအများကြီးနဲ့ မခင်ဘူးဆိုတော့ သူတို့နဲ့ အပြန်အလှန်ဆက်ဆံသင့်တယ်”
ဝေ့ခမ်းဖျင်က ပြောလိုက်၏။
“အင်း”
အမျိုးသမီးလျိုကလည်း ထိုသို့ရည်ရွယ်ထားသည်။
“ မင်း သူတို့အိမ်ကို ဘယ်တော့သွားလည်မှာလဲ၊ သူတို့အတွက် မြို့က ထူးထူးခြားခြားပစ္စည်းလေးတွေ ယူသွားပေးလိုက်လေ”
ဝေ့ခမ်းဖျင်က မေးလိုက်လေတော့သည်။