အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အပိုင်း (၃၇)
ဒုတိယနေ့တွင် ကျန်းယွင်ကျူးက ထမင်ဘူးလုပ်ငန်းကို ဆက်လုပ်လိုက်သည်။ သေချာပါသည်။ သည်နေ့ အစားအသောက်မှာသည့် လူအရေအတွက်မှာ လျော့မသွားပေ။
သည်နေ့ နေ့လယ်ခင်းတွင် သူမက အနားယူမည်ပြင်နေစဥ် လူတစ်ယောက်က တံခါး လာခေါက်လေသည်။
အမျိုးသမီးချန်က တံခါးလာဖွင့်ပေးပြီး ဝမ်းသာစွာ ပြောလိုက်လေသည်။
“ရှင်တို့ ရောက်လာပြီပဲ”
လုယွမ်ကို ခေါ်လာသည့် အမျိုးသမီးလျိုဖြစ်နေသည်။ ဝေ့ခမ်းဖျင်က သူမဘေးက ပါလာ၏။ သူသည် လက်ထဲတွင် ပစ္စည်းများစွာကို သယ်ထားလေသည်။
သူက အမျိုးသမီးချန်တို့အတွက် ပစ္စည်းများကို ဧည့်ခန်းသို့ သယ်လာကာ ချပေးလိုက်သည်။ သူက အပြုံးတစ်ခုနှင့် ရှင်းပြလေသည်။
“ စုန့်ကျီသရေစာ၊ ပေါင်ဖုလို ကြက်ကင်နဲ့ တောင်ပိုင်းက လိမ္မော်သီးနည်းနည်းပါးပါး စားကြည့်လိုက်ရအောင် ယူလာပေးတာပါ”
အမျိုးသမီးချန်က အနည်းငယ် မြောက်သွားတော့သည်။ မုန့်တွေ၊ ကြက်ကင်တွေနဲ့ လိမ္မော်သီးတွေပါလား။ သူမက ဒါတွေကို ပြီးခဲ့တစ်ခေါက် စီရင်စုမြို့ကိုသွားတုန်းက တွေ့ခဲ့တယ်လေ။ အရမ်း စျေးကြီးတာတွေပဲ။
“ မဖြစ်ပါဘူး၊ တကယ်မဖြစ်ပါဘူး၊ ကျွန်မတို့ ဒါတွေ လက်မခံနိုင်ပါဘူး” သူမက ငြင်းလိုက်၏။
“ယောက်မကြီးချန်ရယ် လက်ခံထားလိုက်ပါ၊ ကျွန်မက ရှင့်ကို ကျေးဇူးတင်လို့ပေးတာကို သဘောထားပေးပါ” အမျိုးသမီးလျိုက တစ်ခါတည်း ဝင်ထောက်ခံလေသည်။
အမျိုးသမီးချန်က သူမကို ကျင်းနျိုရွာမှာ ထွက်သွားဖို့ သတိပေးခဲ့ခြင်းကြောင့်ဟု မှတ်ယူလိုက်ပြီး ပြန်ပြောလိုက်လေသည်။
“ ဒီလောက်အထိ လုပ်ဖို့ မလိုပါဘူး”
သူမက စကားနည်းနည်းပါးပါးသာ ပြောလိုက်သည်။ တကယ်မဖြစ်ပါဘူးလေ။
အမှန်တွင်တော့ အမျိုးသမီးလျိုက ထိုကိစ္စကို ရည်ရွယ်ချင်းမဟုတ်ပေ။ သူမက အမျိုးသမီးချန်ကို ဝေ့ခမ်းဖျင်နှင့် တွေ့ခွင့်ရအောင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်နေခြင်းပင်။ သို့သော် ကိစ္စက အဆုံးမသတ်သေးသလို ရှင်းလင်းအောင်လည်း ရှင်းပြလို့မရနိုင်ပေ။ သူမက အမျိုးသမီးချန်အား လက်ခံပေးဖို့သာ ပြောနိုင်တော့သည်။
အမျိုးသမီးချန်က မတတ်သာတော့ဘဲ ပစ္စည်းများကို လက်ခံလိုက်ပြီး သူတို့ကို အခန်းထဲတွင် ထိုင်ခိုင်းလိုက်တော့သည်။
“အစ်ကိုကြီးကျန်းရော ဘယ်သွားလဲ”
အမျိုးသမီးလျို့က ကျန်းချိန်ကို အခန်းထဲတွင်မတွေ့ရသဖြင့် မေးလိုက်သည်လေ။
“ သူလား”
အမျိုးသမီးချန်က ရယ်မောလိုက်ပြီး
“ အဲဒီလားကို ရပြီးကတည်းက ပျော်လွန်းလို့ နေ့တိုင်း အိပ်မပျော်နိုင်ဖြစ်နေတာလေ၊ သူက လမ်းတွေ ရင်းနှီးအောင်ဆိုပြီး လားတစ်ကောင်နဲ့ ပတ်သွားနေလေရဲ့”
သည်အချိန်တွင် ကျန်းယွင်ကျူး၊ ကျန်းလင်နှင့် တခြားသူများက အခန်းထဲဝင်လာကြသည်။ အမျိုးသမီးလျိုက ပစ္စည်းများယူလာပြီး သူတို့သည် ဧည့်သည်များ ဖြစ်ကြသည်။ မိသားစုဝင်များအနေဖြင့် သူတို့သည် ဧည့်သည်ကို နှုတ်ဆက်ရမည်။
ကျန်လူများက လွန်လွန်ကဲကဲ မဖြစ်ကြပေ။ ဝေ့ခမ်းဖျင်တစ်ယောက်သာ ကျန်းယွင်ကျူးကို တွေ့လိုက်ချိန်တွင် သူ့မျက်လုံးများက လင်းလက်လာတော့သည်။ ဟိုနေ့က လားနဲ့ မြင်းစျေးမှာတုန်းက လှမ်းကြည့်လိုက်တဲ့အချိန်တုန်းက သူမကို အနီးကပ်ကြည့်ဖို့ အချိန်မရလိုက်ဘူးလေ။ ဒီနေ့မှာ သူမကို ကြည့်ရတာ ဟိုနေ့ကထက် ပိုလှနေသလိုပဲ။
ကျန်းယွင်ကျူးမှာ တစ်ယောက်ယောက်က သူမကို ကြည့်နေသလို ခံစားလိုက်ရပြီး လှမ်းကြည့်လိုက်လေသည်။ သူမသည် ဝေ့ခမ်းဖျင်၏အကြည့်နှင့် ဆုံသွားတော့သည်။
ဝေ့ခမ်းဖျင်က လူကြီးလူကောင်းတစ်ယောက် အသွင်ဖြင့် မသိမသာ ခေါင်းညိတ်ပြလေသည်။ သူယူဆထားသည့် ကျန်းယွင်ကျူး၏မျက်လုံးထဲတွင် အမှန်တကယ် မျက်နှာလိုမျက်နှာရ လုပ်နေခြင်းဖြစ်ပြီး ‘ ငါက အကောင်းဆုံးပဲ’ ဟူသည့် အတ္တဗဟိုပြုခံစားချက်ကို ပေးနေလေသည်။
ကျန်းယွင်ကျူးက သူမအကြည့်ကို လွှဲလိုက်ပြီး ဟိုတနေ့က ကိစ္စက သူမ၏စိတ်ထင်နေခြင်းမဟုတ်မှန်း စဥ်းစားမိလိုက်တော့သည်။ ဒီဝေ့ခမ်းဖျင်က....
“ လမ်းနဲ့ ရင်းနှီးအောင်ဟုတ်လား၊ ဘယ်လမ်းနဲ့ ရင်းနှီးအောင်လဲ”
အမျိုးသမီးလျိုက ခုနက အမျိုးသမီးချန်၏စကားကို ပြန်မေးလိုက်လေသည်။
အမျိုးသမီးချန်က နောက်ပိုင်းကျလျှင် အငှားလိုက်ပြီး ငွေရှာမည့် ကျန်းချိန်၏အစီအစဥ်ကို ရှင်းပြလိုက်လေသည်။
အမျိုးသမီးချန်က နားထောင်ရင်း ဒါက အလုပ်ကောင်းတစ်ခုဟု ခံစားမိလိုက်သည်။ ဒါပေမဲ့ ဘာလို့ နောက်ပိုင်းမှလဲ။ လားကိုလည်း ဝယ်ထားပြီးပြီလေ။
လှည်းတစ်စီးဝယ်ဖို့ရာ ငွေမရှိပေ။ အမျိုးသမီးချန်က ရှက်ရှက်နှင့် ပြောလိုက်တော့သည်။
အမျိုးသမီးလျိုက ခန့်မှန်းမိသွားပြီး ချက်ချင်း ကမ်းလှမ်းလိုက်လေသည်။
“ယောက်မကြီးချန် ရှင် ငွေလိုနေရင် ကျွန်မ ပြောနော်၊ ကျွန်မမှာ ရှိပါသေးတယ်”
သူမက လူမမည်ကလေးတစ်ယောက်နဲ့ မုဆိုးမလေ။ အမျိုးသမီးချန်က သူမဆီက ငွေကို ဘယ်လိုလုပ် ချေးရက်မှာလဲ။ ထို့ကြောင့် သူမက မလိုကြောင်း မြန်မြန်ပြောလိုက်တော့သည်။
“ ငွေလိုနေရင် ကျွန်တော့်မှာ နည်းနည်းပါလာသေးတယ်၊ မရီးကြီး ဒါကို ယူထားလိုက်ပြီး သုံးလိုက်ပါ၊ နောက်ပိုင်း အဆင်ပြေလာမှ ပြန်ပေးပေါ့၊ မပြေဘူးဆိုလည်း ကိစ္စမရှိပါဘူး”
ဝေ့ခမ်းဖျင်က ပြောလိုက်ပြီး ၁၀လျန်တန်ဖိုးရှိ ငွေတစ်စကိုပင် ထုတ်ကာ အမျိုးသမီးချန်ထံ လှမ်းပေးလိုက်လေသည်။
ဒါက ၁၀ လျန်ပဲ။
အမျိုးသမီးချန်က အံ့ဩသွားပြီး မြန်မြန် ငြင်းလိုက်တော့သည်။
“ မလိုဘူး၊ မလိုပါဘူး၊ တကယ်မလိုတာပါ” သူမက အခါခါပြောလိုက်လေသည်။
သူမက ကိုယ်ကို ရှောင်လိုက်သဖြင့် သူမဘေးတွင် ထိုင်နေသည့် ကျန်းယွင်ကျူးက ပေါ်လာလေသည်။
သူ့လက်မောင်းကို လှည့်လိုက်ပြီး ဝေ့ခမ်းဖျင်က ကျန်းယွင်ကျူး၏လက်ထဲ ငွေကို ထိုးထည့်ပေးလိုက်ကာ ပြောလိုက်လေသည်။
“ညီမ မင်းအမေအတွက် သိမ်းထားလိုက်ပါ”
သူက အမျိုးသမီးချန်ကို ‘မရီး’ဟုခေါ်ပြီး ကျန်းယွင်ကျူးကိုတော့ ‘ညီမ’ဟုခေါ်လိုက်သည်။
“ လက်မခံရဲပါဘူးရှင်”
ကျန်းယွင်ကျူးက သူ့လက်ကို ကျင်လည်စွာ ရှောင်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
ဝေ့ခမ်းဖျင်က နေရာတွင်ပင် ရပ်သွားတော့သည်။ နည်းနည်း ကို့ယို့ကားယားဖြစ်သွားလေသည်။
“ မြန်မြန်သိမ်းထားလိုက်ပါ၊ ရှင် ကျွန်မတို့ကို အများကြီး ကူညီခဲ့ပြီးပါပြီ”
အမျိုးသမီးချန်က အခြေအနေကို မြန်မြန် ဖြေရှင်းလိုက်သည်။ တစ်ဖက်လူကလည်း စေတနာမပါဘဲ လုပ်နေခြင်းပင်။
“ ကောင်းပါပြီဗျာ၊ ဒါဆို ငွေလိုတဲ့အခါတိုင်း ကျွန်တော့်ဆီကို လာခဲ့ပါ” ဝေ့ခမ်းဖျင်က ပြောလိုက်သည်။
သည်ကိစ္စဖြစ်သွားပြီးနောက် အားလုံးက စကားစမြည်ပြောလိုက်ကြပြီး ကျန်းနျိုရွာက ကိစ္စအကြောင်းကို ပြောလိုက်ကြကာ သက်ပြင်းချမိကြလေသည်။
စကားပြောနေရင်း အမျိုးသမီးချန်က လုယွမ့်မှာ အလွန်လိမ္မာပြီး ချစ်စရာကောင်းသည်ကို သတိထားမိသွားတော့သည်။ ထို့ကြောင့် သူမက ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီး အိမ်တွင် စားစရာတစ်ခုခု ရှိသလားဟု မေးရင်း ကလေးအတွက် နည်းနည်းပါးပါး ယူလာဖို့ပြောလိုက်သည်။
ကျန်းမိသားစုတွင် ဘာသရေစာမှမရှိချေ။ ကျန်းယွင်ကျူးက နေ့လယ်ကလုပ်ထားသည့် ကောက်ညင်းကြာစွယ် ရှိသေးသည်ကို သတိရသွားသည်။ သူမက ထရပ်လိုက်ပြီး မီးဖိုထဲသို့ ဝင်သွားလေသည်။
သူမသည် အိုးထဲက ကောက်ညင်းကြာစွယ်ကို တွေ့လိုက်ရသည်။ လုယွမ့်၏အသက်ကို စဥ်းစားလိုက်ပြီး လုယွမ့်ကို မပေးခင် သူမက ကြာစွယ်များကို စဥ်းနှီတုံးပေါ်တင်လိုက်ကာ ကြာစွယ်များကို အပိုင်းသေးသေးလေး ဖြစ်အောင် လှီးဖြတ်ပေးလိုက်သည်။ ဒီလိုဆိုရင် သူ စားဖို့ ပိုလွယ်သွားပြီ။
“ညီမ ဒါက ဘာလဲ၊ အနံ့က မွှေးနေတာပဲ”
ဝေ့ခမ်းဖျင်က မီးဖိုဆောင်ထဲသို့ အကြောင်းပြကာ ရောက်လာပြီး အိုးကိုကြည့်ရင်း အပြုံးတစ်ခုနှင့် မေးလိုက်လေသည်။
ကျန်းယွင်ကျူးက ခပ်တိုတိုပြန်ဖြေလိုက်သည်။
“ ကောက်ညင်းကြာစွယ်ပါ”
“ ကောင်းညင်ကြာစွယ်ဟုတ်လား၊ အဲဒါဘာလဲ”
ကျန်းယွင်ကျူးက သူ့ကို စကားဆက်မပြောချင်တော့ပေ။
ဝေ့ခမ်းဖျင်က ပြုံးလိုက်ပြီး သူ့အင်္ကျီလက်ထဲက ဘူးလေးတစ်ခုကို ထုတ်လိုက်ကာ ဖွင့်လိုက်ပြီး ကျန်းယွင်ကျူးကို လှမ်းပေးလိုက်လေသည်။
“ ညီမရယ် ကြည့်ပါအုံး၊ မင်းက အဲလောက်တာကို၊ ခေါင်းမှာ ဆံထိုးတစ်ခုတောင် မထိုးထားဘူး၊ အရမ်းရိုးရှင်းနေတယ်။ ဒါက ညီမအတွက်ပါ”
ဘူးထဲတွင် လိပ်ပြာပုံစံ ပုတီးပန်းဆံထိုးတစ်ခုက လင်းလက်တောက်ပနေသည်။
ကျန်းယွင်ကျူးကသာ သာမန်မိသားစုတစ်ခုက မိန်းကလေးတစ်ယောက်ဖြစ်ပြီး အလှအပကြိုက်သည့် အရွယ်ဖြစ်ခဲ့လျှင် သူမသည် သည်လှပသည့် လိပ်ပြာပုံပန်းဆံထိုးကိုမြင်ပြီး သေချာပေါက် လိုချင်သွားလိမ့်မည်။ ဆိုးတာပဲ။ သူမက မလိုချင်ဘူးလေ။ အန်းဖင်နယ်စားအိမ်တော်မှ သူမဝတ်ခဲ့တဲ့ ကျောက်စိမ်းပုတီးဆံထိုး မပြောနဲ့ ခေတ်သစ်မှာတောင် ဒီပုလဲပန်းဆံထိုးထက် အများကြီးလှတာ တွေ့ခဲ့ဖူးသားပဲ။
“မလိုပါဘူး”
ကျန်းယွင်ကျူးက ကြာစွယ်ကောက်ညင်းကို ပန်းကန်လုံးတစ်ခုထဲ ထည့်လိုက်ပြီး မီးဖိုဆောင်မှာ ချက်ချင်းလှည့်ထွက်လာခဲ့လိုက်သည်။
ဝေ့ခမ်းဖျင်၏ မျက်နှာပေါ်က အပြုံးက အေးခဲသွားလေသည်။ သူ့အတိတ်က ပြိုင်ဘက်ကင်းပရိယာယ်တွေက ကျန်းယွင်ကျူးဆီမှာ အလုပ်မဖြစ်ဘူးတဲ့။
သူသည် ကျန်းယွင်ကျူး၏ကျောပြင်ကို ကြည့်နေလိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အရိပ်တစ်ခု ပေါ်လာလေသည်။
အခန်းထဲတွင် ကျန်းယွင်ကျူးက ကြာစွယ်ကောက်ညင်းကို လုယွမ့်အား ပေးလိုက်သည်။
လုယွမ့်မှာ ကြာစွယ်ကောက်ညင်း၏ အနံ့ကြောင့် အလွန်ပျော်သွားလေသည်။ သူက အမျိုးသမီးလျိုကို ကြည့်လိုက်၏။
“ ဒါက ကြာစွယ်ကောက်ညင်းတဲ့၊ ယွင်ကျူး လုပ်ထားတာ၊ ယွမ့်အာ စားကြည့်ပါအုံး”
အမျိုးသမီးချန်အပြုံးတစ်ခုနှင့် တိုက်တွန်းလိုက်သည်။
“ သားရဲ့အစ်မယွင်ကျူးက သားကိုပေးတာလေ၊ မြန်မြန်စားလိုက်”
အမျိုးသမီးလျိုက လုယွမ့်ကို ပြုံးပြလိုက်၏။
“ဒါနဲ့ သားက ဘာလိုချင်တာလဲ”
“ကျေးဇူးတင်ပါတယ် အစ်မယွင်ကျူး”
လုယွမ့်က ကြာစွယ်ကောက်ညင်းထည့်ထားသည့် ပန်းကန်လုံးကို ယူလိုက်ပြီး သူမျက်နှာသေးသေးလေးနှင့် ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။
“ရပါတယ်ရှင်” ကျန်းယွင်ကျူးက သူ့ခေါင်းကို ပုတ်ပေးလိုက်ပြီး သူမ၏စိတ်ထဲတွင် လေးလံသွားတော့သည်။ ဒီဝေ့ခမ်းဖျင်က လူကောင်း မဟုတ်ဘူးပဲ။ အမျိုးသမီးလျိုနဲ့ ဒီကလေးကတော့...
သည်အခိုက်တွင် ဝေ့ခမ်းဖျင်က အခန်းထဲဝင်လာခဲ့သည်။ အခန်းထဲက သူထိုင်နိုင်သည့် နေရာအများကြီးထဲမှ ကျန်းယွင်ကျူးဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ကျန်းယွင်ကျူးက သူ့ကို မကြည့်သော်လည်း သူမသည် သူ့ကို သတိထားမိနေသည်။
ရုတ်တရက်ဆိုသလို သူ့လက်မောင်းက သူမကို လာတိုးနေသည်ကို သတိထားမိလိုက်သည်။ သူသည် အဘိုးချန်နှင့် စကားပြောနေသယောင်ထင်ရသော်လည်း အမှန်တွင်တော့ သူ့မျက်လုံးထောင့်မှနေ၍ သူမကို ကြည့်နေခြင်းပင်။
ကျန်းယွင်ကျူးသည် သူက တမင်လုပ်နေမှန်း သေချာသိလိုက်၏။ သူက သူမရဲ့လက်မောင်းကို တမင်ထိချင်နေတာပဲ။
သူက အဘိုးချန် မျက်လုံးမကောင်းတာကို အခွင့်ကောင်းယူနေတာ။
ကျန်းယွင်ကျူးက ရွံရှားသွားတော့သည်။ ချက်ချင်းဆိုသလို သူမ၏လက်မောင်းကို ရုတ်လိုက်ပြီး အော်လိုက်တော့သည်။
“ ရှင်ဘာလုပ်တာလဲ”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။ အားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြသည်။
“သူ သမီးရဲ့လက်ကို ထိချင်နေတာလေ” ကျန်းယွင်ကျူးက ချက်ချင်း ပြောထုတ်လိုက်သည်။
သည်နေ့ခေတ်အခါမျိုးတွင် အားလုံးက မိန်းမများ၏ စင်ကြယ်မှုကို အလွန်တန်ဖိုးထားကြသည်။ အထူးသဖြင့် ကျန်းယွင်ကျူးသည် လက်မထပ်ရသေးချေ။ ဝေ့ခမ်းဖျင်လို ယောက်ျားတစ်ယောက်က သူမရဲ့လက်မောင်းကို ထိချင်တာတဲ့လား။
အမျိုးသမီးချန်က ချက်ချင်း ထရပ်လိုက်ပြီး ဒေသထွက်သွားသည့်မျက်နှာဖြင့် ဝေ့ခမ်းဖျင်ကို ကြည့်လိုက်လေသည်။
အဘိုးချန်က သူ့လက်ထဲက တုတ်ကောက်ကို ဆုပ်ထားသည်။
အမျိုးသမီးလျိုက အလန့်တကြား ထရပ်လိုက်ပြီး ဝေ့ခမ်းဖျင်ကို ကြည့်လိုက်ပြီးနောက် ကျန်းယွင်ကျူးကို ကြည့်လိုက်ပြန်သည်။ လုံးဝ အံ့ဩနေမိသည်။
အားလုံး၏ စိုက်ကြည့်နေသည်ကို ခံလိုက်ရသဖြင့် ဝေ့ခမ်းဖျင်သည် ရှက်သွားသလို တစ်ချိန်ထဲတွင် ဒေါသထွက်သွားတော့သည်။ သူ တကယ်ပဲ ကျန်းယွင်ကျူးရဲ့လက်မောင်းကို သူ့လက်မောင်းနဲ့ ထိချင်ခဲ့တယ်လေ။ သူ့အမြင်ကတော့ သူ အဲလိုလုပ်လိုက်ရင်တောင် ကျန်းယွင်ကျူးက လက်မထပ်ရသေးတဲ့ မိန်းကလေးအနေနဲ့ ထုတ်မပြောရဲလို့ လက်ခံရုံပဲ ရှိမှာလို့ ထင်ထားခဲ့တာ။
သူမက ရှက်ရွံ့သွားတဲ့အမူအရာတစ်ခု ပြချင်လည်းပြမှာပေါ့။
သူက မိန်းကလေးတွေ ဒီလိုအမူအရာမျိုးဖြစ်သွားတာကို ကြည့်ရတာ သဘောအကျဆုံးပဲလေ။
ထင်မထားဘဲ ကျန်းယွင်ကျူးက ရှောင်လိုက်ပြီး သူ့ကိုတောင် တိုက်ရိုက်မေးခွန်းထုတ်လိုက်သေးတယ်။
“ အစ်ကို မင်းကို မထိချင်ခဲ့ပါဘူး”
ဝေ့ခမ်းဖက်က သည်အခြေအနေကို နားလည်နိုင်လေသည်။ ထို့နောက် သူက ရှင်းပြလိုက်၏။
“ အစ်ကိုက အစ်ကို့အင်္ကျီကို သပ်ရပ်အောင် လုပ်လိုက်တာပါ”
သူက သူ့အင်္ကျီကို လက်ညှိုးထိုးပြလိုက်သည်။
နောက်ဆုံး ဘာသက်သေမှမရှိချေ။ ဝေ့ခမ်းဖျင်နှင့် အမျိုးသမီးလျိုတို့သည် ရှက်ရှက်နှင့် ပြန်သွားကြတော့သည်။ အမျိုးသမီးချန်က သူတို့ယူလာခဲ့သည့်ပစ္စည်းများကို သူတို့လက်ထဲ ပြန်ထည့်ပေးလိုက်ပြီး နှုတ်မဆက်တော့ဘဲ တံခါး ပိတ်လိုက်တော့သည်။
အမျိုးသမီးလျိုက နေရာတွင်တွင် အချိန်တော်တော်ကြာအောင် ရပ်နေလိုက်ပြီးမှာ အေးစက်သည့် မျက်နှာထားဖြင့် ပြန်လာခဲ့လေသည်။
ဝေ့ခမ်းဖျင်က ကျန်းမိသားစု အိမ်တံခါးကို ခါးခါးသီးကြည့်လိုက်ပြီး နောက်က မြန်မြန်လိုက်သွားတော့သည်။
“ချိုးညန် ကိုယ် ကတိပေးထားတာပဲ၊ ကိုယ် သူ သူ့ကို လုံးဝမထိချင်ခဲ့ပါဘူး၊ ကိုယ် မင်းပဲ ချစ်တာ မင်းသိပါတယ်”
“မိန်းကလေးတစ်ယောက်က ဒီလိုကိစ္စမျိုးကို အသုံးချပြီးတော့ ရှင့်ကို ချောက်ချမယ်ပေါ့လေ”
အမျိုးသမီးလျိုက မယုံပေ။
“ သူ နားလည်မှု လွဲသွားတာနေမှာပါ၊ ပြီးတော့ စဥ်းစားကြည့်လေ၊ သူဘာလို့ ကိုယ့်ကို အမြဲတမ်း စိုက်ကြည့်နေတာလဲ”
အမျိုးသမီးလျိုက အေးစက်စက်မျက်နှာထားနှင့် သူ့ကို လျစ်လျူရှုထားဆဲ။
“ချိုးညန်ရယ် ကိုယ်နှလုံးသား ထုတ်ပြီးပဲ မင်းကို ပြလိုက်ချင်တော့တယ်၊ ဒီလိုမှပဲ အထဲမှာဘယ်သူရှိတယ်ဆိုတာ မင်း သိတော့မှာ၊ မင်း မယုံသေးဘူးဆိုရင် ကောင်းပြီလေ ကိုယ် ကျိန်တယ်၊ ကိုယ်ဒီနေ့ သူ့ကို တကယ်ပဲ ထိချင်ခဲ့ရင် အသေကောင်းနဲ့ မသေရပါစေနဲ့” ဝေ့ခမ်းဖျင်က ကျိန်ပြောလိုက်လေသည်။
ရှေးခေတ်က လူများသည် သည်လောကတွင် နတ်ဘုရားနှင့် တစ္ဆေသရဲများ တည်ရှိသည်ကို ယုံကြည်ကြသည်။ ဝေ့ခမ်းဖျင်က သူ့ကိုယ်သူ သည်လို ကျိန်ဆဲလိုက်သည်ကို မြင်လိုက်ရသောအခါ အမျိုးသမီးလျို၏စိတ်က စတင် ယိမ်းယိုင်လာတော့သည်။ ကျန်းယွင်ကျူးက တကယ်ပဲ အထင်လွဲခဲ့တာများလား။
ဒါပေမဲ့ ဒါက ရှင်းပြရခက်တာပဲ။ အစက သူမက အမျိုးသမီးချန်ကို ကျေးဇူးတင်ချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
သူမက လုယွမ့်ကို လက်တွဲကာ ဆက်လျှောက်လာခဲ့ပြီး ဝေ့ခမ်းဖျင်ကို လျစ်လျူရှုထားလိုက်သည်။ သို့သော်ငြား သူမ၏အမူအရာက ပျော့ပြောင်း သွားခဲ့ပြီ။
ဝေ့ခမ်းဖျင်က အံ့ကြိတ်ရင်း နောက်က မြန်မြန်လိုက်သွားလေသည်။
ကျန်းမိသားစုအိမ်၌ အမျိုးသမီးလျိုတို့ သုံးယောက် ပြန်သွားသောအခါ အမျိုးသမီးချန်သည် ဘယ်သူမှ မရှိတော့သည်ကို တွေ့လိုက်သဖြင့် ကျန်းယွင်ကျူးကို တိုးတိုးတိတ်တိတ် မေးလိုက်လေသည်။
“ သူ တကယ်ပဲ သမီးကို ထိချင်ခဲ့တာလား”
“ အမေက သမီးကို မယုံဘူးလား” ကျန်းယွင်ကျူးက ပြန်မေးလိုက်သည်။
အမျိုးသမီးချန်မှာ ဒေါသထွက်သွားတော့သည်။ ဒါပေါ့ သူမ ကျန်းယွင်ကျူးကို ယုံတာပေါ့။
နောက်ပိုင်းတွင် ကျန်းချိန် ပြန်လာသောအခါ အမျိုးသမီးချန်က နေ့လယ်ခင်းက အဖြစ်အပျက်ကို ကျန်းချိန်အား ပြောပြလိုက်လေသည်။ ကျန်းချိန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် နီရဲလာတော့သည်။ သူ ကျန်းယွင်ကျူးကို ယုံတယ်လေ။ အဲဒီ ဝေ့မျိုးနွယ်ကတော့ကွာ။
“အိမ်ဦးနတ်ကြီး” အမျိုးသမီးချန်က တဖန် စိတ်ပူလာပြန်သည်။
“အမေ သမီးတို့မှာ သက်သေမရှိဘူး”
ကျန်းယွင်ကျူးက ကျန်းချိန်ကို တားလိုက်သည်။ ကျန်းချိန်ထွက်သွားလျှင် သူရှုံးပြီးပြန်လာမည်ကို စိုးရိမ်မိလိုက်သည်။
“ယွင်ကျူး” ကျန်းချိန်က သူမဘက်ကို လှည့်ကြည့်လိုက်သည်။
ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့ရင်း စဥ်းစားနေလေသည်။သူမ အထိမခံလိုက်ရပေမဲ့ ဒီအပြူအမူအတွက် ဝေ့ခမ်းဖျင်ရဲ့ ရည်ရွယ်ချက်က လိင်ပိုင်းဆိုင်နှောင့်ယှက်မှုပဲ။
ပြီးတော့ သူ့လိုလူမျိုးတွေက လက်တုံ့ပြန်လာမှာကို နည်းနည်းတော့ စိတ်ပူမိတယ်။ နောက်တစ်ခုက အမျိုးသမီးလျိုနဲ့ အဲဒီကလေး....
တိုတိုပြောရရင် အရာအားလုံးအတွက် အဆိုးဆုံးကို ပြင်ဆင်ထားတာက မှန်ကန်တဲ့နည်းလမ်းပါပဲ။
ဟယ် ဟုတ်သားပဲ။ ကျန်းချိန် ကိုင်ထားတဲ့ လားကို မြင်လိုက်မှ ဝေ့ခမ်းဖျင်လိုလူက ဒီလောက်ကောင်းတဲ့ လားတစ်ကောင်ကို သူတို့ကို စျေးပေါပေါနဲ့ ရောင်းပေးခဲ့တာအကြောင်းအရင်းကို ရုတ်တရက် စဥ်းစားမိလိုက်တာပါလား။
...
အပိုင်း (၃၈.၁)
ကျန်းယွင်ကျူး၏အတွေးကို ဘေးဖယ်ထားလိုက်တော့သည်။ ဝေ့ခမ်းဖျင်သည် အမျိုးသမီးလျိုနှင့် စီရင်စုမြို့သို့ ပြန်လာပြီးနောက် သူ့အပေါ်ထားသည့် အမျိုးသမီးလျို၏သဘောထားက မပြောင်းလဲပေ။ သူ့ဒေါသက ခေါင်းကို တက်ဆောင့်နေတော့သည်။
နေဝင်သွား၏။ အမျိုးသမီးလျိုက ချက်ပြုတ်နေပြီး သူက ဘေးမှကြည့်နေလေသည်။ သူ့မျက်နှာက ရေလို တည်ငြိမ်နေ၏။ အစကတော့ သူက သူမနဲ့ ပျော်ချင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူမကို လူတွေအများကြီး ကစားထားသိလိုက်ရတော့ သူမကို ညစ်ပတ်တယ်လို့ မြင်လိုက်တော့တယ်။ သူက ကျန်းယွင်ကျူးနေရာမှာ သူမကို အစားမထိုးနိုင်ဘူးလေ။ ဒီတော့ သူ့လက်ထဲ ငွေတွေမြန်မြန် ရောက်လာအောင် လုပ်မှပဲဖြစ်မယ်။
ဒါက သူနဲ့ ရင်းနှီးပြီးသားပဲ။
တဖြည်းဖြည်း မှောင်လာသည်။ အမျိုးသမီးလျိုက ညစာပြင်ဆင်လိုက်ပြီး ထမင်းစားဖို့ လုယွမ့်နှင့် စားပွဲတွင် ထိုင်လိုက်သည်။
အမျိုးသမီးလျိုက ချွေတာသူတစ်ယောက် ဖြစ်လေသည်။ ညစာအတွက် ဆန်ပြုတ်နှစ်ပန်းကန်၊ ပန်းကိတ်နှစ်ခုနှင့် အရံဟင်းတစ်မျိုးသာ ရှိသည်။
ဝေ့ခမ်းဖျင်က ထိုင်လိုက်၏။
“ မင်း ကိုယ့်ကို စိတ်ဆိုးနေသေးတာ သိပါတယ်၊ ကိုယ်ရှင်းပြလည်း အသုံးဝင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ် တကယ် အပြစ်မရှိတာပါ”
အမျိုးသမီးလျိုက စကားမပြောချေ။
“ရှိပါစေတော့လေ၊ အကွာအဝေးတစ်ခု ရောက်သွားရင် မြင်းရဲ့အင်အားကို သိလာမှာပါ၊ အချိန်ကုန်လာတာနဲ့အမျှ လူတစ်ယောက်ရဲ့ စိတ်ကို သိနိုင်ပါတယ်၊ နောက်ပိုင်းကျရင် ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ မင်းသိလာလိမ့်မယ်” ဝေ့ခမ်းဖျင်က ထပ်ပြောလိုက်သည်။
တူကိုင်ထားသည့် အမျိုးသမီးလျို၏လက်က တုံ့ဆိုင်းသွားလေသည်။
ဝေ့ခမ်းဖျင်က ဆက်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ်လေ ကိုယ် မင်းနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသားပါ”
သည်အချိန်တွင် သူက သူ့လက်ထဲက ပစ္စည်းတချို့ကို ထုတ်ယူလာခဲ့ပြီး အမျိုးသမီးချန်ကို လှမ်းပေးလိုက်သည်။
“ ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ဒါတွေကို မင်းကိုပေးဖို့ အခွင့်အရေးရှာနေခဲ့တာ၊ ပြီးရင် မင်းကို လက်ထပ်ခွင့် တောင်းမယ်ပေါ့၊ ဒီနေ့ ဒီလိုကိစ္စမျိုး ဖြစ်လာမယ်လို့ လုံးဝမျှော်လင့်မထားခဲ့ဘူး။
ဒီမှာ ဒါတွေအားလုံးက ကိုယ်ပိုင်ဆိုင်မှုတွေပါ၊ ဒါကို မင်းကို ပေးထားလိုက်မယ်၊ ကိုယ် မင်းကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ မင်း သိသင့်ပါတယ်”
အမျိုးသမီးလျိုက စာရွက်ကို ကြည့်လိုက်လေသည်။ သူမ မြင်လိုက်သည့်အရာမှာ စာရွက်ပေါ်တွင် တံဆိပ်တုံးထုထားသည့် အိမ်စာချုပ်နှင့် မြေစာချုပ်များ ဖြစ်နေလေသည်။
အခုတော့ အမျိုးသမီးလျိုသည် အမှန်ပင် လန့်ဖျပ်သွားတော့သည်။ သူက သူမကို ဒီလောက်အရေးကြီးတဲ့ ပစ္စည်းကို ပေးချင်တာတဲ့လား။
“ ဘာပဲဖြစ်ဖြစ်လေ ကိုယ် မင်းကို ကိုယ့်ရဲ့ဘဝတစ်ခုလုံးလို့ သတ်မှတ်ထားတာပါ” ဝေ့ခမ်းဖျင်က အမြတ်တနိုးပြောလိုက်သည်။
အမျိုးသမီးလျို၏ နှလုံးသားမျှခြေက စတင်ယိမ်းယိုင်လာတော့သည်။ ကျန်းယွင်ကျူးက သူ့ကို အထင်လွဲတာဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ ဝေ့ခမ်းဖျင်က သူမကို သူ့ဘဝလောက်အရေးကြီးတဲ့ ပစ္စည်းကို ပေးလိုက်တာဆိုတော့ သူ့စိတ်ထဲမှာ သူမ တကယ်ရှိတာပဲ ဖြစ်လိမ့်မယ်။ ပြီးတော့ သူက သူ့ဘဝကို သူမနဲ့အတူတူ ကုန်ဆုံးချင်တာပဲ။
“ အခု ကိုယ့်ကို ယုံပြီလား၊ ကိုယ် မင်းကို စတွေ့ကတည်းက ချစ်ခဲ့တာပါ၊ မင်းက တခြားမိန်းမတွေနဲ့ မတူဘူးလေ”
ဝေ့ခမ်းဖျင်က အမျိုးသမီးလျို၏လက်ကို ကိုင်ရင်းပြောလိုက်သည်။
အမျိုးသမီးလျိုက သူမ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ချင်သော်လည်း မလုပ်ခဲ့ပေ။
ဝေ့ခမ်းဖျင်က ပြုံးလိုက်ပြီး အိမ်စာချုပ်နှင့် မြေစာချုပ်ကို ခေါက်လိုက်ကာ အမျိုးသမီးလျို၏လက်ထဲ ထည့်ပေးလိုက်လေသည်။
“ ကျွန်မ မလိုချင်ပါဘူး” အမျိုးသမီးလျိုက ငြင်းလိုက်၏။
ဝေ့ခမ်းဖျင်က သူမကို အတင်းပေးထားလိုက်သည်။
နောက်ဆုံးတွင် ဝေ့ခမ်းဖျင်က သူ့ကိုယ်ထဲက ဘူးတစ်ခုကို ထုတ်ယူလိုက်ပြီး အိမ်စာချုပ်နှင့် မြေစာချုပ်တို့ကို ဘူးထဲထည့်ကာ သော့ခတ်လိုက်ပြီး အမျိုးသမီးလျိုကိုပေးလိုက်လေသည်။
“ မင်း ဒါကို အရင်ယူထားလိုက်၊ သော့ကို ကိုယ်ယူထားလိုက်မယ်၊ သော့ကို မင်္ဂလာဆောင်တဲ့နေ့မှာ မင်းကို ပေးမယ်၊ မင်းနဲ့ကိုယ့်ကြားမှာ ခွဲခြားမနေရာအောင်၊ ဖြစ်တယ်မလား”
အမျိုးသမီးလျိုက မငြင်းဆန်နိုင်ခင်မှာပင် သူက ဘူးကို စားပွဲပေါ်တင်လိုက်လေည်။ ထို့နောက် သူက စားပွဲပေါ်က အစားအသောက်များကို ကြည့်ကာ ပြောလိုက်လေသည်။
“ မင်း ဘာလို့ ဒီလိုအစားအသောက်တွေကို ထပ်စားနေတာလဲ၊ မင်းက သည်းခံနိုင်ရင်တောင် ကလေးက ဘယ်ခံနိုင်ပါ့မလဲ၊ သူက ကြီးလာအုံးမှာလေ။ ခဏစောင့် ၊ ကိုယ် ပေါင်ဖုလိုကို သွားပြီး မင်းအတွက် ဝက်ကင်နဲ့ အသီးအရွက်မွှေကြော် သွားဝယ်ပေးမယ်” ပြောရင်းဆိုရင် သူက ထရပ်လိုက်လေသည်။
“မလိုပါဘူး” အမျိုးသမီးလျိုက မြန်မြန်ပြောလိုက်လေသည်။
ဝေ့ခမ်းဖျင်က သွားဝယ်မည်တကဲကဲ လုပ်နေသည်။
“ ကိုယ့်ကိုစောင့်နေနော်၊ ကိုယ် ခဏနေပြန်လာခဲ့မယ်”
အမျိုးသမီးလျိုက ထရပ်လိုက်ပြီး လှမ်းဖမ်းဖို့ ကြိုးစားလိုက်သော်လည်း မမှီလိုက်ချေ။
သူမ ပြန်လာချိန်တွင်တော့ ခွေးခြေခုံလေးတွင် ထိုင်ချလိုက်သည်။ သူမသည် အစားစားလိုစိတ် လုံးဝမရှိတော့ချေ။
နာရီဝက်ကြာပြီးနောက်တွင် အပြင်ဘက်တွင် မှောင်မည်းနေပြီဖြစ်သည်။ ဝေ့ခမ်းဖျင်က ပြန်မလာသေးချေ။ အမျိုးသမီးလျိုက ထိုင်မနေနိုင်တော့ပေ။ တစ်ခုခုများ ဖြစ်လို့လား။ သူ ပြန်လာသင့်တာ ကြာပြီလေ။
သူမက တံခါးဆီသွားကြည့်လိုက်ပြီး အပြင်ဘက်တွင် မှောင်အတိကျနေသည်။ လမ်းပေါ်တွင် လူများက ရံဖန်ရံခါ ဖြတ်သွားကြသောလည်း ဝေ့ခမ်းဖျင်၏အရိပ်ကို မမြင်ရပေ။
သူမက နေရာတွင် ရပ်ကာ ဘေးဘီကို ခဏလောက် ကြည့်လိုက်၊ အိမ်ထဲ ပြန်ဝင်သွားလိုက်၊ ထို့နောက် ခဏအကြာတွင် ပြန်ထွက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက် လုပ်နေလေသည်။
သူမသည် တတိယအကြိမ် ထွက်လာပြီး ကြည့်လိုက်ချိန်တွင် လူတစ်ယောက်က လမ်းထဲမှ ပြေးထွက်လာခဲ့သည်။
“ ဒါက ဝေ့ခမ်းဖျင်ရဲ့အိမ်လား”
ထိုယောက်ျားက အိမ်တံခါးဘေးက ပေါ့ပလာပင်ကြီးကို လှမ်းကြည့်လိုက်ပြီး အမျိုးသမီးလျိုကို အရေးတကြီးမေးလိုက်လေသည်။
“ရှင်က...” အမျိုးသမီးလျိုက မေးလိုက်၏။
“မကောင်းတော့ဘူး၊ ကျွန်တော်နဲ့လိုက်ခဲ့ပါ၊ မင်းယောက်ျား ပေါင်ဖုလို အပြန်လမ်းမှာ လူဆိုးတစ်ယောက်နဲ့ တွေ့ပြီး သွေးတွေအများကြီး ထွက်သွားတယ်” ထိုယောက်ျားက စိုးရိမ်တကြီး ပြောလိုက်လေသည်။
အမျိုးသမီးလျိုသည် သူမ၏ခေါင်းက ဗလာအတိဖြစ်သွားသည်ကို ခံစားလိုက်ရပြီး သူမက ဝေ့ခမ်းဖျင်၏မိန်းမ ဟုတ်ကြောင်း ပြောဖို့မေ့သွားတော့သည်။
“ သူ အခုဘယ်လိုနေလဲ”
အမျိုးသမီးလျိုက ချက်ချင်း စိုးရိမ်လာတော့သည်။
“ ရှေ့လမ်းထဲက ဆေးခန်းမှာ၊ လာလာ ကျွန်တော် မင်းကို ခေါ်သွားပေးမယ်”
လမ်းနှစ်ခုကို နှစ်ခါလောက်ချိုးအပြီးအတွင် ဆေးခန်းငယ်လေးတစ်ခုဆီ ရောက်လာလေသည်။
သူမသည် ဝင်သွားသည်နှင့် ဝေ့ခမ်းဖျင်က နေရာတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရတော့သည်။ သူ့ခါးနှင့် ဗိုက်တဝိုက်က အဝတ်အစားများတွင် သွေးများ ပေကျံနေလေသည်။
“အစ်ကိုကြီးဝေ့”
အမျိုးသမီးလျို့က အလောတကြီး ပြေးသွားလိုက်သော်လည်း သမားတော်ဟု ထင်ရသည့် ယောက်ျားတစ်ယောက်က တားလိုက်လေသည်။
“ သူ့ကိုမထိနဲ့၊ မဟုတ်ရင် သူ မြန်မြန်သေသွားလိမ့်မယ်”
သေတော့မယ် ဟုတ်လား။ အမျိုးသမီးလျိုသည် ရုတ်တရက်ဆိုသလို သူမ၏ ဆုံးပါးသွားသည့်ယောက်ျားကို သတိရသွားတော့သည်။ သူသည် ထိုအချိန်က ခုတင်ပေါ်တွင် ထိုသို့ လဲလျောင်းနေခဲ့ပြီး သူမက ငိုယိုသည်ကလွဲလျှင် ဘာမှမလုပ်တတ်ခဲ့ပေ။
သူမ၏မျက်ရည်များက ချက်ချင်းစီးကျလာတော့သည်။
“ မင်းက သူ့မိန်းမလား” သမားတော်က မေးလိုက်သည်။
အမျိုးသမီးလျိုက စကားမပြောနိုင်သော်လည်း ခေါင်းခါပြလိုက်သည်။
“ မင်းက သူ့မိန်းမ မဟုတ်ဘူးဆိုတော့ မင်းက...”
သမားတော်က ထပ်ပေးလိုက်လေသည်။
အမျိုးသမီးလျိုက ခေါင်းခါလျက်ပင်။
သမားတော်က သက်ပြင်းချလိုက်၏။
“ မြန်မြန် သူ့မိသားစုကို သွားရှာလိုက်၊ သူ့အဖြစ်က အရင်ဆုံးသက်တမ်းရင့်ဂျင်ဆင်းတစ်ခုနဲ့မှပဲ သူ့အသက်ကို ကယ်နိုင်မဲ့ အခွင့်အရေးတစ်ခုရှိမှာ၊ ပြီးရင်တော့ သူ့ကို ဖြည်းဖြည်းချင်း ကုသရမယ်၊ အချိန် နှောင့်နှေးသွားရင်တော့ မျှော်လင့်ချက်မရှိတော့ဘူး”
သူ့မိသားစုတဲ့လား။ ဝေ့ခမ်းဖျင်က မြို့အနောက်ဘက်မှာ နေတာလို့ပဲ ပြောတာ ကြားဖူးတာပဲ။ သူ့အိမ်ကို တစ်ခါမှမရောက်ဖူးဘူး။ ဒီတော့ သူမက ဘယ်သူ့ကိုသွားရှာရမှာလဲ။
“ဒါဆိုရင်တော့ ငါတို့တွေက သေမှာကိုပဲ စောင့်နေရတော့မှာပဲ” သမားတော့ ပြောလိုက်ပြီး ပြန်လှည့်ဝင်သွားတော့သည်။
အမျိုးသမီးလျိုက သူ့ကို မြန်မြန်လှမ်းဆွဲလိုက်ပြီး
“ သမားတော့ သူ့အသက်ကို ကယ်ဖို့က အရေးအကြီးဆုံးပါ၊ သူ့ကို ကယ်ပေးပါ”
“ငွေမရှိရင် ဂျင်ဆင်းလည်း ဝယ်လို့ရမှာမဟုတ်ဘူး၊ ငါက သူ့ကို ဘယ်လိုကယ်နိုင်မှာလဲ” သမားတော်က ပြန်ပြောလိုက်သည်။
အမျိုးသမီးလျိုက တွေဝေသွားပြီး
“ ငွေဘယ်လောက်လိုတာလဲ” သူမက သူ သေသွားမှာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူးလေ။
“ဘယ်လိုပဲဖြစ်ဖြစ် လျန်၁၀၀ တော့ကုန်မှာပဲ” သမားတော်က ပြန်ဖြေလိုက်သည်။
အမျိုးသမီးလျိုမှာ မှင်တက်အံ့ဩသွားတော့သည်။
“ ကျွန်မ - ကျွန်မမှာ အဲလောက်များတဲ့ ငွေမရှိဘူး”
“ ဒါဆို မင်းမှာ ဘယ်လောက်ရှိလဲ၊ လိုငွေက သိပ်မများဘူးဆိုရင် ရပါတယ်၊ လူငယ်လေးရဲ့အဝတ်အစားကို ကြည့်ရတာလည်း သူ့မှာ ငွေရှိတဲ့ပုံမပေါ်ဘူး၊ သူနိုးလာရင် ငါတို့တွေ သူ့ဆီက ပြန်တောင်းလို့ရပါတယ်”
သမားတော်၏စကားက အမျိုးသမီးလျိုကို စိတ်အေးသွားစေတော့သည်။
“ကျွန်မက ၇၀လျန် ရှိပါတယ်” သူမက ပြောလိုက်၏။
သမားတော်၏မျက်လုံးများ လင်းလက်သွားလေသည်။
“ ဒါဆို လောက်ပါတယ်၊ အားညန် နင် သူနဲ့လိုက်သွားပြီး ငွေသွားလိုက်ယူလိုက်”
သည်လိုနှင့် အမျိုးသမီးလျိုသည် ငေးငိုင်ကာ အိမ်ပြန်လာခဲ့တော့သည်။ ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသဖြင့် ဘာကိုမှ စဥ်းစားချိန်မရလိုက်ပေ။
အိမ်သို့ ပြန်ရောက်လာချိန်တွင် သူမသည် အထုပ်အပိုးထဲ၊ အဝတ်အစားထဲ နှင့် ဘူးလေးများထဲတွင် ဝှက်ထားသည့် ငွေများကို ရှာလိုက်လေသည်။ ၇၅လျန် ကျော်ကျော်ရသည်။
သူမက ဆေးပေးခန်းသို့ မြန်မြန်ပြန်လာလိုက်ပြီး သမားတော်အား ငွေပေးလိုက်လေသည်။
“ ငါ သူ့ကို အခုချက်ချင်း ကယ်ပေးမယ်”
သမားတော်က ပြောလိုက်ပြီး နောက်ဘက်ခန်းထဲသို့ ဝင်သွားလေသည်။ သည်အချိန်တွင် ဝေ့ခမ်းဖျင်ကို အနောက်ဘက်ခန်းသို့ သယ်ဝင်သွားပြီးဖြစ်သည်။
အမျိုးသမီးလျိုက စိုးရိမ်တကြီးဖြင့် အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး သတင်းဆိုးတစ်ခုခုကြားရမည်ကို ကြောက်ရွံ့နေလေသည်။
သည်အချိန်တွင် အစေခံလို ဝတ်စားထားသည့် လူသုံးယောက် အပြင်မှ ဝင်လာလေသည်။ သူတို့က ဝင်လာပြီး မေးလိုက်လေသည်။
“ ငါတို့သခင်လေး ဘယ်မှာလဲ”
“ရှင်တို့က ဘယ်သူလဲ” အားညန်ဟုခေါ်သည့် အစေခံက မေးလိုက်၏။
“ ဝေ့မိသားစုရဲ့ အစေခံတွေ၊ ငါတို့ သခင်လေး ဘယ်မှာလဲ၊ သူ ဒဏ်ရာရသွားတယ်လို့ ကြားတယ်”
ထိုလူသုံးယောက်က စိုးရိမ်တကြီးပြောလိုက်သည်။
သူတို့သုံးယောက်က အနောက်ဘက်အခန်းသို့ ချက်ချင်းဝင်သွားလိုက်ကြသည်။ အမျိုးသမီးလျိုသည် ‘သူ့အသက်ကို ကယ်ပေးလိုက်ပြီ’ ‘ ပြန်သွားပြီး သူ့ကို ကောင်းကောင်းဂရုစိုက်ပါ’ ဟူသည့်စကားများကိုသာ ကြားလိုက်ရသည်။ ခဏကြာပြီးနောက် လူသုံးယောက်က ဝေ့ခမ်းဖျင်ကို သယ်ထွက်လာလေသည်။
“ သူဘယ်လိုနေသေးလဲ” အမျိုးသမီးလျိုက မြန်မြန်တိုးသွားကာ မေးလိုက်သည်။
“ မင်းက ဘယ်သူလဲ” အစေခံများကို ဦးဆောင်လာသူက မေးလိုက်သည်။
အမျိုးသမီးလျို၏မျက်နှာမှာ နီမြန်းသွားတော့သည်။ ဝေ့ခမ်းဖျင်က သူ့မိသားစုကို ဘာပြောထားလဲ မသိဘူး။ အခုတော့ သူမ ဘယ်လိုပြန်ဖြေရပါ့မလဲ။
“ သခင်လေးရဲ့ အသက်ကို ကယ်နိုင်လိုက်ပြီ၊ သူ့ကို အရင်ဆုံး ခေါ်ပြန်သွားကြမယ်၊ ဘာကိစ္စပဲဖြစ်ဖြစ် သခင်လေးနိုးလာမှ ပြောကြမယ်”
အစေခံက စိုးရိမ်တကြီးပြောလိုက်ပြီးနောက် ဝေ့ခမ်းဖျင်ကို သယ်ထုတ်သွားလေသည်။
အမျိုးသမီးလျိုက ထိုနေရာတွင် ရပ်နေပြီး စိုးရိမ်မှုနှင့် မှင်တက်နေလေသည်။ ခဏအကြာတွင် သူမက အိမ်ပြန်လာခဲ့တော့သည်။ အိမ်ပြန်ရောက်မှ သူမ၏ငွေအားလုံးကို ဝေ့ခမ်းဖျင်၏ ဆေးဖိုး ပေးလိုက်သည်ကို သတိရသွားပြီး ချက်ချင်း ပျာယာခတ်သွားတော့သည်။ ထို့နောက် ဝေ့ခမ်းဖျင်၏ အိမ်စာချုပ်နှင့် မြေစာချုပ်တို့က သူမ၏လက်ထဲတွင် ရှိနေ့သည့်အတွေးဖြင့် ထိုငွေများက အလကားဖြစ်မည်ဟုတ်ဟု စဥ်းစားလိုက်လေသည်။
ဒီနေ့ညတော့ သူမ အိပ်ပျော်မှာ မဟုတ်တော့ပါဘူးလေ။
သည်အချိန်တွင် နှစ်လမ်းကျော်ဝေးသည့် လမ်းကြားလေးတစ်ခုထဲတွင် အဘွားကြီးတစ်ယောက် အပါအဝင် လူများက ရပ်နေကြလေသည်။
“ ခေါင်းဆောင် ဒီတစ်ခါကျတော့ အဲဒီမိန်းမကို ဘာလို့လွှတ်ပေးလိုက်တာလဲ” လူယုတ်မာမျက်ခုံးနှင့် ယောက်ျားတစ်ယောက်က ဝေ့ခမ်းဖျင်ကို မေးလိုက်သည်။ အရင်ကဆိုလျှင် ဝေ့ခမ်းဖျင်သည် ငွေနှင့် လိင်မှုကိစ္စကိုသာ စိတ်ဝင်စားလေသည်။
“ ဖိနပ်စုတ်ကြီးကို၊ ငါ့ကိုပေးရင်တောင် မလိုချင်ပါဘူး” ဝေ့ခမ်းဖျင်က အေးစက်စက် ပြန်ဖြေလိုက်သည်။
ရုတ်တရက်ဆိုသလို သူသည် ကျန်းယွင်ကျူးကို တွေးမိသွားလေသည်။ ကြောက်စရာကောင်းသည့် အကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ဖြတ်ခနဲလက်သွားလေသည်။ သူ သူမကို ရအောင်ယူရမယ်။
သည်အချိန်တွင် ကျန်းမိသားစုက ဝေ့ခမ်းဖျင်အား လားကို ပြန်ပေးရန် တိုင်ပင်ပြီး ဆုံးဖြတ်ချက်ချလိုက်တော့သည်။
“အဖေ ဒီကိစ္စမှာ ရွာသူကြီးကို မျက်မြင်သက်သေ လုပ်ခိုင်းရမယ်”
ကျန်းယွင်ကျူးက ပြောလိုက်၏။ ဝေ့ခမ်းဖျင်က သူတို့ကို အန္တရာယ်ပေးမည်စိုးပြီး ကျန်းချိန်က စိတ်လိုက်မာန်ပါ လုပ်မည်စိုးရသည်။ ကုယုံသယ်သည် ရွာသူကြီးဖြစ်သည်။ သူသည် အတွေ့အကြုံရှိသူ ဖြစ်ပြီး စီရင်စုမြို့ အစိုးရ အရာရှိများနှင့်လည်း ရင်းနှီးလေသည်။ သူ့ကို ခေါ်သွားလျှင် စိတ်အေးရသည်။
“ယွင်ကျူးပြောတာဟုတ်တယ်” အမျိုးသမီးချန်က ထိုစကားကို ကြားလိုက်ပြီးနောက် ချက်ချင်းသဘောတူလိုက်သည်။
ကျန်းချိန်က ကုအိမ်သို့ ချက်ချင်းသွားလိုက်ပြီး ကုယုံသယ်အား ထိုကိစ္စကို ပြောပြလိုက်လေသည်။ သည်နေ့ ဝေ့ခမ်းဖျင်က ကျန်းယွင်ကျူး၏လက်ကို ထိချင်ခဲ့သည့်အကြောင်းကိုတော့ မပြောပြခဲ့ပေ။ ထို့အစား သူ့အပြုအမူက ပြဿနာရှိသည်ဟု ခံစားရသည်ဟုသာ ပြောလိုက်သည်။ သူတို့သည် သူ့အပေါ် အခွင့်အရေးမယူချင်သဖြင့် လားကို သူ့အားပြန်ပေးချင်ခဲ့သည်။ သူက ကုယုံသယ်ကို မျက်မြင်သက်သေ လုပ်ပေးဖို့ တောင်းဆိုလိုက်သည်။
အမှန်ပင်။ ကုယုံသယ်က သဘောတူလိုက်သည်။
...
အခန်း (၃၈.၂)
နောက်တစ်နေ့တွင် ကျန်းချိန်နှင့် ကုယုံသယ်တို့သည် လားကိုပြန်ပေးရန် စီရင်စုမြို့သို့ အတူတူ တက်လာခဲ့ကြတော့သည်။ ကျန်းယွင်ကျူးက လိုက်ခဲ့ချင်သော်လည်း ကျန်းချိန်က သဘောမတူချေ။ ဝေ့ခမ်းဖျင်လိုလူကြောင့် ကျန်းယွင်ကျူးသည် မိန်းကလေးတစ်ယောက်အနေဖြင့် နစ်နာမှာကို စိုးရိမ်ခဲ့လေသည်။
ကျန်းယွင်ကျူးကလည်း အတင်းမပြောတော့ချေ။
ကျန်းချိန်နှင့် ကုယုံသယ်တို့သည် လားနှင့် စီရင်စုမြို့ထဲ ဝင်လာသည်နှင့် လူတစ်ယောက်က တွေ့သွားတော့သည်။ ထိုလူက နောက်လူတစ်ယောက်ကို မေးလိုက်သည်။
“ အဲဒါ ငါတို့မိသားစုရဲ့လား မဟုတ်လား”
တခြားတစ်ယောက်က ပြန်ပြေလိုက်သည်။
“ ငါ သေချာတွေ့လိုက်တယ်၊ ငါတို့မိသားစုရဲ့ဟာပဲ၊ မင်း အဲဒီနှစ်ယောက်ကို သေချာစောင့်ကြည့်ထား၊ ငါ ပြန်သွားပြီး လူသွားခေါ်လာခဲ့မယ်”
“ကောင်းပြီ”
စီရင်စုမြို့က စည်ကားလျက်ပင်။ ကျန်းချိန်သည် ဝေ့ခမ်းဖျင် နေသည့်နေရာကို မသိပေ။ သူသည် အမျိုးသမီးလျို၏လိပ်စာကိုသာ သိလေသည်။ စဥ်းစားမနေတော့ဘဲ အမျိုးသမီးလျိုဆီသွားဖို့ ဆုံးဖြတ်လိုက်တော့သည်။
နှစ်လမ်းသာ ကျော်လာရသေးသည် ၅-၆ယောက်လောက်ရှိသည့် ယောကျ်ားများက ရုတ်တရက် ထွက်လာလေသည်။ ခေါင်းဆောင်မှာ မုတ်ဆိတ်မွေးနှင့်ယောက်ျားတစ်ယောက် ဖြစ်သည်။ အရပ်မြင့်မြင့်၊ သန်မာပြီး မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့်အကြည့်တစ်ခု ရှိနေသည်။
ကုယုံသယ်မှာ ထိုအရာကို မြင်လိုက်ရချိန်တွင် စိတ်များ တင်းကြပ်လာတော့သည်။ သူက ကျန်းချိန်ကို ဘေးသို့ဆွဲကာ ရှောင်ပေးလိုက်သည်။ သူတို့သည် သူလူများနှင့် ပြဿနာဖြစ်ဖို့ မတတ်နိုင်ပေ။
ကျန်းချိန်က နားလည်သွားပြီး ဘေးသို့ ရှောင်ပေးလိုက်သည်။
ထိုလူများက သူတို့ထံ တန်းတန်းမတ်မတ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
ခြေလှမ်းအနည်းငယ် နီးကပ်လာပြီး လူသန်ကြီးက ကျန်းချိန်၏ကော်လံကို ဖမ်းဆွဲကာ အော်လိုက်တော့သည်။
“ ငါ့သားကိုများ ငွေလိမ်ရဲတယ်ပေါ့လေ၊ ငါတို့ လီမိသားစုက ဘယ်လိုလူမျိုးလဲဆိုတာ အရင်ဆုံး မေးကြည့်အုံးမှပေါ့”
ထိုသို့ပြောလိုက်ပြီး သူ၏သံလိုမာကျောသည့် လက်သီးက ကျန်းချိန်ထံသို့ ပြေးဝင်သွားလေသည်။
ကျန်းချိန်သည် သန်မာသူတစ်ယောက်ပင်။ သို့သော် သည်လူသန်ကြီး၏လက်ထဲတွင် ပြန်ချရန် အင်အားမရှိချေ။
လက်သီးက သူ့ကို ထိတော့မည်ကို တွေ့လိုက်ရသဖြင့် ကုယုံသယ်က မြန်မြန် အော်ပြောလိုက်တော့သည်။
“ ရပ်၊ ကျုပ်က ချန်ရှီရွာ သူကြီးပါ၊ ခင်ဗျား ဘာလုပ်ချင်တာလဲ”
“ရွာသူကြီး ဟုတ်လား”
လူသန်ကြီးက ကုယုံသယ်ကို လှမ်းကြည့်လိုက်ပြီး ကျန်းချိန်ကို ထပ်ထိုးချင်နေသေးသည်။
ကုယုံသယ်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားပြီး လူသန်ကြီးခုနက ပြောလိုက်သည့်စကား အဓိပ္ပာယ်ဖော်နေလိုက်သည်။ သူ့စိတ် တဖန်ပြန်လည်လာပြီး
“ ခင်ဗျား ဘာလို့ လူတွေကို ထိုးနှက်နေတာလဲ၊ ကျုပ်တို့က ခင်ဗျားကိုတော့မသိဘူး”
“ ဒီနေ့ ငါက မင်းကို သိသွားအောင်လုပ်ပေးမယ်”
လူသန်ကြီးက ပြောလိုက်ပြီး ကုယုံသယ်ကို ခါထုတ်လိုက်လေသည်။
သူ့နောက်က လူသန်ကြီး ၄-၅ယောက်က သူ့ကို ဝိုင်းထားလိုက်သည်။ သူတို့သည် ကျန်းချိန်ကို ထိုးနက် ကန်ကျောက်တော့မည့်နှယ်။
သည်အချိန်တွင် လူတစ်ယောက်က အော်ပြောလာလေသည်။
“ ရှင်တို့တွေ နားလည်မှုလွဲနေပြီ၊ ကျွန်မတို့က ဒီလားကို လွန်ခဲ့တဲ့နှစ်ရက်ကမှ ဝယ်လာခဲ့တာ”
အားလုံးက လှည့်ကြည့်လိုက်ချိန်တွင် တောက်ပပြီး ကြင်နာတတ်သည့် မျက်လုံးပိုင်ရှင်မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
“ယွင်ကျူး” ကျန်းချိန်က ပြောလိုက်၏။
ကျန်းယွင်ကျူးပင်။ ကျန်းချိန်က ကုယုံသယ်နှင့် ထွက်သွားချိန်က သူမစိတ်ထဲတွင် မသက်မသာဖြစ်နေရသည်။ တစ်ခုခုဖြစ်မည်စိုးသဖြင့် နောက်ကလိုက်လာခဲ့ခြင်းပင်။ အချိန်မီလေးပင်။ မြို့တံခါးတွင် လူနှစ်ယောက်က ကျန်းချိန်ဆွဲလာသည့် လားကို လက်ညှိုးထိုးနေသည်ကို မြင်လိုက်ရသည်။ မကောင်းတာတစ်ခုခု ဖြစ်တော့မည်ကို သိလိုက်ပြီး နောက်က မြန်မြန် လိုက်လာခဲ့ခြင်းပင်။
“မင်းက ဝယ်ခဲ့တာ ဟုတ်လား” လူသန်ကြီးက ထိုကိစ္စကို လုံးဝမယုံပေ။
“ ကျွန်မတို့တွေ ဝေ့ခမ်းဖျင်လို့ခေါ်တဲ့လူဆီကနေပြီးတော့ ၉လျန်နဲ့ ဝယ်ခဲ့တာ၊ ရှင် ကျွန်မကို မယုံရင် ကျွန်မတို့က ရှင့်ကို သူ့ဆီ အခုချက်ချင်း ခေါ်သွားပေးမယ်” ကျန်းယွင်ကျူက ပြောလိုက်သည်။
“ ဒီလားကို ကျွန်တော်တို့တွေ အမှန်တကယ် ဝယ်ခဲ့တာပါ၊ တစ်ယောက်ယောက်တော့ ဒီလားကို လားနဲ့မြင်းစျေးမှာ တွေ့ခဲ့မှာပါ” ကျန်းချိန်က ပြန်ပြောလိုက်၏။
“ ကျုပ်က ချန်ရှီရွာသူကြီးပါ၊ ကျူပ် ခင်ဗျားကို မလိမ်ပါဘူး” ကုယုံသယ်က ပြောလိုက်၏။
ထိုအခါမှ လူသန်ကြီးက ကျန်းချိန်ကို သံသယနှင့် လွှတ်ပေးလိုက်တော့သည်။
“ မင်းတို့ကောင်တွေ ဘယ်လိုဉာဏ်များအုံးမလဲ ကြည့်ရသေးတာပေါ့”
ထို့နောက် သူက ထပ်ပြောလိုက်သည်။
“ ထွက်ပြေးဖို့ မကြိုးစားနဲ့”
ကျန်းချိန်က ရှုံ့မဲ့ကာပြုံးလိုက်၏။ သူတို့က ဘာလို့ ထွက်ပြေးရမှာလဲ။
သူက ရှေ့မှ ဦးဆောင်လာပြီး လူအုပ်ကြီးတစ်ခုက အမျိုးသမီးလျို၏နေအိမ်သို့ လာခဲ့ကြလေသည်။
တံခါးခေါက်လိုက်သောအခါ အမျိုးသမီးက တံခါးလာဖွင့်ပေးသည်။ သူမသည် လူအများကြီးကို တွေ့လိုက်ရသဖြင့် ကြောက်လန့်သွားလေသည်။
“ဝေ့ခမ်းဖျင် ရှိလား”
ကျန်းချိန်က သူ့ဒေါသကို တတ်နိုင်သလောက် ဖိနှိပ်ထားကာ မေးလိုက်လေသည်။
“ သူ- သူ မနေ့ညက ဒဏ်ရာရသွားပြီး သူ့အစေခံတွေက အိမ်ပြန်ခေါ်သွားတယ်” အမျိုးသမီးလျိုက အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်လေသည်။
“ သူ့အိမ်က ဘယ်နားမှာလဲ” ကျန်းချိန်က ထပ်မေးလိုက်သည်။
“ မြို့အနောက်ဘက်က ချီရှန်လမ်းပေါ်မှာ”
အတိအကျပြောလေ။
အမျိုးသမီးလျိုလည်း မသိပေ။ ဝေ့ခမ်းဖျင်က အကြိမ်တိုင်း သူမ ဆီကိုသာ လာခဲ့သည်။ သူမက ဝေ့အိမ်သို့ တစ်ခါမှ မသွားခဲ့ဖူးပေ။
ကျန်းချိန်က မျက်မှောင်ကျုံ့လိုက်၏။
လီမျိုးရိုးအမည်ရှိ လူထွားကြီးက နှာခေါင်းရှုံ့လိုက်လေသည်။
“ ချီရှန်လမ်း ဟုတ်လား၊ အဲမှာ ဝေ့မျိုးနွယ် တစ်ယောက်ယောက်နေတယ်လို့ ငါ တစ်ခါမှမကြားဖူးဘူး၊ မင်း ငါ့ကို တမင်လုပ်ဇာတ်ထွင်နေတာလား”
ကျန်းချိန်သည် သူ့စကားကို ပြန်မပြောရသေးခင်မှာပင် အမျိုးသမီးလျို၏မြင်ကွင်းမှာ မည်းမှောင်သွားတော့သည်။
“မဖြစ်နိုင်ဘူး” သူမက အံ့ဟတကြီး ပြောလိုက်သည်။
သို့သော် လီမျိုးနွယ် လူထွားကြီးက လက်ယမ်းလိုက်ပြီး ကျန်းချိန်နှင့် တခြားသူများကို ရိုက်မည်ပြင်လိုက်ပြန်သည်။ သည်လူတွေက သူ့ကို လိမ်နေသည်ဟု ယုံသွားတော့သည်။
“ကျွန်မတို့အားလုံး အလိမ်ခံလိုက်ရပြီထင်တယ်” သည်အခိုက်တွင် ကျန်းယွင်ကျူးက တစ်ခုခုကို တအံ့တဩနှင့် ပြောလိုက်တော့သည်။
သူတို့သည် သည်နေရာတွင် ဆူဆူညံညံဖြစ်နေကြသဖြင့် အိမ်နီးချင်းများကို သတိပေးသလို ဖြစ်နေသည်။ လူအများကြီးထွက်လာပြီး စိတ်ဝင်တစား ကြည့်နေကြလေသည်။
လမ်းထောင့်တွင် ဝေ့ခမ်းဖျင်က အကျည်းတန်သည့်မျက်နှာထားနှင့် လူကြားထဲက ကျန်းယွင်ကျူးကို ကြည့်နေသည်။ သူ့လားက ကောင်းရောင်းကောင်းဝယ်နဲ့ ရလာတာမဟုတ်ဘူးလေ။ ဒီတော့ အဲကောင်ကို မြန်မြန်ရှင်းပစ်မှရမယ်။ ကျန်းမိသားစုက ချန်ရှီရွာကဆိုတော့ သူတို့တွေက နစ်နာသူကို ချက်ချင်း တွေ့မှာ မဟုတ်ဘူးပေါ့။
ဒါပေမဲ့ ကိစ္စတွေက ဒီလောက်အမြန်ကြီး ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ ဝေ့ခမ်းဖျင်သည် အံကြိတ်ထားလိုက်တော့သည်။ ကျန်းမိသားစု စီရင်စုမြို့ကို လာပြီး လားကို ပြန်လာပေးလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။
လှည့်ထွက်သွားပြီး သူသည် လမ်းကြားထဲတွင် ပျောက်သွားတော့သည်။
သည်အခိုက်တွင် လှည်းတစ်စီးက လမ်းပေါ်တွင် ရပ်လိုက်သည်။ အထဲက အမျိုးသမီးအသံတစ်ခုက လှည်းသမားကို မေးလိုက်သည်။
“ စုန့်လီ အပြင်မှာ ဘာဖြစ်နေတာလဲ”
လှည်းသမားက စုံစမ်းဖို့ရာ လှည်းပေါ်ကဆင်းသွားပြီး မကြာမီ သတင်းတစ်ခုဖြင့် ပြန်လာခဲ့သည်။
ရွှန်းစိုလှသည့်လက်တစ်ဖက်က လှည်းခန်းဆီးစ ထောင့်ကို လှပ်လိုက်ပြီး အပြင်ကို ကြည့်လိုက်ချိန်တွင် လူကြားထဲက ကျန်းယွင်ကျူးကို တွေ့လိုက်သလို လူအုပ်ကြီး၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ဝေ့ခမ်းဖျင်ကိုလည်း တွေ့လိုက်လေသည်။ ထို့နောက် လှည်းခန်းဆီးကို ပြန်ချလိုက်ပြီး လှည်းမှာ အသံမထွက်ဘဲ ပြန်ထွက်သွားတော့သည်။
လမ်း၏တခြားဖက်တွင် လူနှစ်ယောက်လာနေ၏။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ပင်။ ပြီးခဲ့သည့်အခေါ်က လုပြည်နယ်မှ မြို့တော်သို့ ပြန်ရန် အချိန်လေးရက်ကြာခဲ့သည်။ သည်တစ်ကြိမ်တွင်တော့ ဝူလင်စီရင်စုမြို့သို့ ရောက်ဖို့ အချိန်သုံးရက်ခွဲသာ ကြာခဲ့လေသည်။
အချိန်မီလေးတင် သူတို့သည် လူကြားထဲက လူတစ်စုနှင့် တစ်ခုခုကို ပြောနေသည့် ကျန်းယွင်ကျူးကို တွေ့လိုက်ရလေသည်။
“ဘာဖြစ်နေတာလဲ”
ယန့်ရှန့်က သူ့ဘေးကလူကို မေးလိုက်၏။
ထိုလူကလည်း သေချာမသိပေ။ သို့သော် မိန်းကလေးက သူတို့သည် အလိမ်ခံလိုက်ရသည်ဟု ပြောနေသည်ထင်သည်။
ယန်ရှန့်က မျက်ခုံးများကို ပင့်လိုက်၏။ အို အိုး တစ်ယောက်ယောက်ကတော့ သူတို့နောက်ခံကို အနိုင်ကျင့်သွားတာပဲ။
...
အပိုင်း (၃၉.၁)
သည်ကိုလာသည့် လမ်းတွင် ကျန်းယွင်ကျူးက အစေခံလူထွားကြီးများထဲက စကားပြောလို့ အဆင်ပြေမည့်တစ်ယောက်ကို အဖြစ်အပျက်အကြောင်း မေးလာခဲ့ခြင်းဖြစ်လေသည်။
သူမက လှပသည့်မိန်းကလေးတစ်ယောက် ဖြစ်ပြီး စကား ချိုချိုသာသာပြောသည်ကို တွေ့လိုက်ရသဖြင့် ထိုလူထွားအစေခံကြီး တစ်ခုခုနားလည်မှုလွဲသွားမည်ကို စိုးရိမ်မိခဲ့သည်။ ထို့ကြောင့် သူက သူမကို အကြောင်းအရင်းအပြည့်အစုံပြောပြခဲ့လေသည်။
သူတို့သည် မြို့အရှေ့ပိုင်းက ဖုန်းယွင်အာမခံဌာနက လူများဖြစ်ကြသည်။ ရှေ့က လူသန်ကြီးက သူတို့၏အလုပ်ပိုင်ရှင် လီမျိုးနွယ်ဖြစ်သည်။
အာမခံဌာနခေါင်းဆောင်လီ၏ သားအငယ်ဆုံးက မွေးကတည်းက မကျန်းမာသူဖြစ်ပြီး ကလေးဘဝကတည်းက အားနည်းသူဖြစ်လေသည်။ သူ့မိသားစုက သူ့ကို ပုလဲတစ်လုံးလို ကာကွယ်ပေးခဲ့ရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က လီယန်သည် ရုတ်တရက် စိတ်ဝင်စားလာပြီး အာမခံဌာန၏လားကို စီးကာ အပျင်းပြေထွက်လာခဲ့သည်။
ဟဲရှီလမ်းသို့ လျှောက်အလာတွင် အဘွားအိုတစ်ယောက်က ရုတ်တရက် ပြေးဝင်လာပြီး သူ့လားကို ဝင်တိုက်တော့သည်။
လီယန်သည် ၁၃နှစ်သာရှိသေးပြီး အပြင် မထွက်သလောက်ပင်။ ချက်ချင်းဆိုသလို သူ့မှာ ကြောက်လန့်သွားတော့သည်။
သည်အချိန်တွင် လူတစ်စုက ရောက်လာပြီး သူ့ကို တွန်းလားဆွဲလား လုပ်တော့သည်။ သူတို့သည် သူ့ကို လူတစ်ယောက်ကို သည်လို ဝင်တိုက်ရလားဟု ပြောဆိုကြသည်။ သူတို့က သူ့လားကို လုသွားကာ သူ့ဆီက တန်ဖိုးရှိပစ္စည်းအားလုံးကိုလည်း ချွတ်ယူသွားကြပြီး သူ့ကို လမ်းဘေးတွင် ပစ်ထားခဲ့ကြသည်။
လီယန်မှာ အိမ်သို့ ထိတ်ထိတ်လန့်လန့်နှင့်ပြန်လာရပြီး ထိုနေ့ညမှာပင် ဖျားတော့သည်။ မိသားစုက သူ့ကို ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်း မေးကြပြီး သူကလည်း သူတို့ကို ပြောပြလိုက်သည်။
အာမခံခေါင်းဆောင်လီနှင့် တခြားသူများသည် တလာကလုံး ခရီးလှည့်လည် သွားလာနေသူများဖြစ်လေသည်။ သူတို့ မကြုံဖူးတာ ဘာရှိပါမည်နည်း။ သားဖြစ်သူက ရိုက်စားခံလိုက်ရသည်ကို ချက်ချင်းသွားကာ ဒေါသခြောင်းခြောင်းထွက်သွားတော့သည်။
ပြီးခဲ့သည့်နှစ်ရင်အတွင်း သည်လူများသည် စီရင်စုမြို့ထဲက လူများနှင့် လားများကို စစ်ဆေးလာခဲ့လေသည်။ သူတို့သည် ကျန်းချိန်က မြို့ထဲသို့ သူတို့၏လားကို ဆွဲခေါ်လာသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသဖြင့် သူတို့က သူ့ကို တရားခံဟု အလိုလို သတ်မှတ်လိုက်ကြတော့သည်။
ကျန်းယွင်ကျူးသည် ထိုစကားကို ကြားပြီးနောက် ‘အဘွားအိုက လားကို ဝင်တိုက်တယ်’ ဆိုသည့်စကားကို အလွန်မှ ရင်းနှီးပါလားဟု ခံစားလိုက်ရတော့သည်။ ရုတ်တရက်ဆိုသလို အမျိုးသမီးလျိုကလည်း တစ်ခါက အဘွားအိုတစ်ယောက်က သူမ၏လှည်းကို ဝင်တိုက်ခဲ့ပြီးနောက် ဝေ့ခမ်းဖျင်နှင့် တွေ့ခဲ့သည်ဟု ပြောဖူးကြောင်း သတိရသွားတော့သည်။
သူမ နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။ ဒါသည် အုပ်စုလိုက်အနိုင်ကျင့်ခြင်းတစ်ခုပင်။ ထို့ကြောင်း သူမက “ ကျွန်မတို့တွေအားလုံး အလိမ်ခံလိုက်တာဖြစ်မယ်”ဟု ပြောလိုက်ခြင်းပင်။
အားလုံးက သူမကိုကြည့်လိုက်ပြီး အကြောင်းအရာတစ်ခုလုံးကို ချက်ချင်းပြန်စဥ်းစားလိုက်ကြသည်။
သူမက ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပြီး အသေးစိတ်အချက်အလက်တိုင်းက မှန်ကန်နေသည်။ အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများက တွေဝေသွားကြသည်။ အဲလိုဖြစ်ခဲ့သတဲ့လား။
ကိစ္စက သည်လိုဖြစ်နေခဲ့မှန်း နောက်ဆုံးတော့ ကျန်းချိန် နားလည်သွားခဲ့သည်။ သူက ဒေါသတကြီးဖြင့် အံကြိတ်လိုက်ထားလိုက်၏။ ဝေ့မျိုးနွယ်ဆိုတဲ့ကောင်က တကယ့်ကိုလူကောင်းမဟုတ်တာပဲ။
အမျိုးသမီးလျို၏တုံ့ပြန်မှုက အကြီးမားဆုံးဖြစ်တော့သည်။ သူမသည် မျက်လုံးများ အဝိုင်းသားနှင့် ဖြစ်သွားပြီး သူမ၏နားကိုပင် မယုံနိုင်အောင်ဖြစ်နေတော့သည်။ ဝေ့ခမ်းဖျင်က သူမကို လိမ်သွားခဲ့တာတဲ့လား။ ဒါဆို သူမရဲ့ငွေတွေ.... သူမသည် အရူးတစ်ယောက်လို အခန်းထဲ ပြေးဝင်သွားပြီး စားပွဲပေါ်က သစ်သားဘူးကို ကောက်ယူလိုက်ကာ မြေကြီးပေါ် ပစ်ခွဲလိုက်တော့သည်။
သစ်သားဘူးမှာ နှစ်ခြမ်းကွဲသွားပြီး အထဲက အိမ်စာချုပ်နှင့် မြေစာချုပ်များကို ထွက်လာလေသည်။
သူမက ထိုအိမ်စာချုပ်နှင့် မြေစာချုပ်များကိုယူကာ ခြံဝင်းထဲသို့ အလောတကြီး ပြန်ထွက်လာခဲ့လိုက်သည်။ သူမသည် ကိုယ်တိုင်နှင့် အားလုံးကို ပြောနေသယောင် ရေရွတ်လိုက်လေသည်။
“မဟုတ်ပါဘူး၊ သူ ကျွန်မဆီမှာ အိမ်စာချုပ်နဲ့ မြေစာချုပ်အားလုံးကို ထားခဲ့တယ်လေ၊ သူက လူလိမ် မဟုတ်ပါဘူး”
သူမသည် အလွန်ပူပင်ကာ စိတ်လှုပ်ရှားနေရာ အိမ်စာချုပ်တစ်ခုက လက်ထဲလွတ်ကျသွားပြီး အာမခံဌာနေခေါင်းဆောင်လီရှေ့သို့ ကျသွားတော့သည်။
အာမခံဌာနခေါင်းဆောင်လီက တစ်ချက်လှမ်းကြည့်လိုက်ပြီး
“ ဒီအိမ်ပိုင်ရှင်နာမည်ကို ကျူပ်သိတယ်၊ ချန်မျိုးနွယ်ပဲ၊ ဝေ့မဟုတ်ဘူး၊ ပြီးတော့ ရုံးတော်တံဆိပ်က ကြည့်ရတာ....” အတုကြီးနဲ့တူတယ်။
သူသည် စကားကို ဆုံးအောင်မပြောလိုက်သော်လည်း အားလုံးက သူပြောချင်သည့်အဓိပ္ပာယ်ကို နားလည်သွားတော့သည်။
ချက်ချင်းဆိုသလို အမျိုးသမီးလျို၏လက်ထဲ အိမ်စာချုပ်နှင့်မြေစာချုပ်တို့သည် မြေကြီးပေါ်သို့ ကျသွားတော့သည်။ သူမက နေရာတွင်ပင် ထိုင်ချလိုက်ပြီး မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။ သူမသည် စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။
သဲလွန်စတချို့ရှိခဲ့တာပဲ။ ဥပမာ ဝေ့ခမ်းဖျင်က သူမကို သူ့အိမ်ဘယ်တော့မှ မခေါ်ခဲ့ဘူး။ ဥပမာ သူက သူမကို ငွေအကြောင်း ခဏခဏ မေးခဲ့ဖူးတယ်။ သူမက အရင်က အရမ်းအတွေးများခဲ့တာလို့ စဥ်းစားခဲ့မိတာ။ အခုတော့ သူမ ဒါကို စဥ်းစားကြည့်မှ ဒါတွေအားလုံးက ဟာကွက်တွေပဲ။
သူမသည် ဤသို့ငိုယိုနေသည်ကို မြင်လိုက်ရသည်တွင် အာမခံဌာနခေါင်းဆောင်လီသည် သူမလည်း အလိမ်ခံလိုက်ရသည်ကို ယုံကြည်သွားတော့သည်။
ကုယုံသယ်ကတော့ အတော်လေး တည်ငြိမ်နေဆဲ။ သူက ဘေးကလူကိုများကို အမျိုးသမီးလျိုက ဘယ်သူ့ခြံဝင်းထဲမှာ နေနေတာလဲဟု မေးလိုက်၏။
သက်လတ်ပိုင်းမိန်းမတစ်ယောက်က လူအုပ်ထဲမှ တိုးထွက်လာပြီး အဘွားအိုတစ်ယောက်က သူမဆီက ခြံကို ငှားခဲ့ကြောင်းနဲ့ တစ်လစာ ငှားရမ်းခသာပေးခဲ့ကြောင်း ပြောပြလေသည်။ မကြာခင် သက်တမ်းကုန်တော့မည်။
အမှန်တရားအားလုံးက ပေါ်ထွက်လာခဲ့သည်။ အဘွားအိုက သူတို့နှင့် တစ်ဖွဲ့တည်းပင်။
အခု သူတို့တွေ ဘာလုပ်ကြမလဲ။ ဝေ့ခမ်းဖျင်ကို ဖမ်းဆီးတာကပဲ အားလုံးကို တရားမျှတမှုပေးနိုင်မှာပဲ။ ကျန်းယွင်ကျူးက ကုယုံသယ်ကို မေးလိုက်၏။
“ဒီကိစ္စကို သူကြီးကရော ဘယ်လိုမြင်လဲ”
သူမက ရုံးတော်ကို တိုင်ချင်တယ်လေ။ ဒါပေမဲ့ ဝူလင်စီရင်စု ရုံးတော်ရဲ့အခြေအနေကို သူမ မသိဘူး။ ဒါကြောင့် သူမက ကုယုံသယ်ရဲ့သဘောထားကို ကြားချင်ခဲ့တာ။
“ ရုံးတော်ကို တိုင်ကြားလိုက်ပါ” ကုယုံသယ်က နည်းနည်းလောက် စဥ်းစားလိုက်ပြီး ပြောလိုက်လေသည်။
လူတစ်စုက စီရင်စုမြို့ ရုံးတော်သို့ သွားလိုက်ကြသည်။
ဝူလင်စီရင်စုမြို့၏ တရားသူကြီးမှာ မုန့်မျိုးနွယ် ဖြစ်သည်။ သည်အချိန်တွင် သူသည် မနက်စာစားပြီးစဖြစ်ကာ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း မျက်လုံးမှိတ်ပြီး မှေးနေလေသည်။
ရုတ်တရက်ဆိုသလို အစေခံတစ်ယောက်က ဝင်လာပြီး သူ့လက်ထဲတွင် လက်ဝါးအရွယ်တစ်ခုခုကို ကိုင်လာသည်။
“သခင်ကြီး လူတစ်ယောက်က ဒါကို သခင်ကြီးဆီပေးခိုင်းလိုက်ပါတယ်” အစေခံက ဦးညွှတ်လိုက်၏။
“ဘာလဲ”
တရားသူကြီးမုန့်က အစေခံ၏လက်ကို ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို ခေါက်ဆွဲများလို ကုလားထိုင်ပေါ်က လျှောကျသွားတော့သည်။
“သခင်ကြီး၊ သခင်ကြီး”
အစေခံမလေးများနှင့် အစေခံများက အလောတကြီး သူ့ကို လာတွဲပေးကြပြီး တရားသူကြီးမုန့်၏ ခန္ဓာကိုယ်မှာ အရိုးများ မရှိတော့သလိုဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။ သူ့တစ်ကိုယ်လုံးသည် ချိနဲ့သွားတော့သည်။
အင်မတန်ခက်ခက်ခဲခဲနှင့် တရားသူကြီးမုန့်ကိုတွဲကာ ကုလားထိုင် ပြန်ချပေးလိုက်ကြသည်။
တရားသူကြီးမုန့်မှာ သူ့လည်ပင်းကို အရင်ဆုံး စစ်ဆေးကြည့်လိုက်ပြီးမှာ ထခုန်ကာ အစေခံလက်ထဲက အမိန့်ပြားကို လှမ်းဆွဲလိုက်တော့သည်။
ချီလင်သက်တော်စောင့် အမိန့်ပြား။ လုံးဝမမှားဘူး။
စစ်သူကြီးဝမ်နဲ့ သူ့အပေါင်းအပါတွေကို ချီလက်သက်တော်စောင့်တွေက ဖမ်းသွားပြီး မြို့တော်ကို ခေါ်သွားတယ်လို့ ကြားထားတာမှ ရက်ပိုင်းပဲရှိသေးတယ်လေ။ အခုဆိုရင် မြို့တော်မှာ သွေးချောင်းစီးနေရောပေါ့။ တစ်ခါကလည်း ချန်ဖုန်းစီရင်စုက အရာရှိတွေအားလုံးနီးပါး အသ-တ်ခံလိုက်ရတယ်တဲ့....
အခုတော့ အမိန့်ပြားက သူ့လက်ထဲ ရောက်လာပြီ။
“ သူ ဘယ်မှာလဲ”
သူက တုန်တုန်ယင်ယင်အသံတစ်ခုဖြင့် မေးလိုက်လေသည်။
အစေခံမှာ စာမတတ်ပေ။ အမိန့်ပြားပေါ်တွင် ဘာရေးထားမှန်းလည်း မသိသလို သခင်ကြီးက ရုတ်တရက် ဒီလိုဖြစ်သွားရသည့်အကြောင်းအရင်းကိုလည်း နားမလည်ခဲ့ချေ။ ထိုပုဂ္ဂိုလ်၏ထူးခြားသည့် ရုပ်ရည်ကြောင့်သာ မဟုတ်လျှင် သူက ဂရုစိုက်မိမည်မဟုတ်ချေ။
“သွားလိုက်ပါပြီ”
အစေခံက ပြန်ပြောလိုက်သည်။ အမိန့်ပြားကို ပစ်ပေးပြီး အဲဒီလူ ထွက်သွားတာပဲ။
“သွားလိုက်ပြီ ဟုတ်လား”
တရားသူကြီးမုန့်မှာ အလျင်စလို ပြေးထွက်သွားတော့သည်။ သူသည် အပြင်သို့ ပြေးထွက်လာချိန်တွင် ဘယ်သူမှ မရှိတော့ချေ။ သူသည် နေရာတွင်ပင် ထိတ်ထိတ်ပျာပျာ ရပ်နေမိတော့သည်။
သည်အခိုက်တွင် သူ့ရှေ့က လူတစ်ယောက်က ဗုံလာတီးတော့သည်။ ဗုံသံက သူ့နှလုံးသားကို လာရိုက်ခတ်သွားသည့်နှယ်။
တရားစီးရင်သည့်ခန်းမထဲတွင် ရုံးတော်အမှုထမ်းတစ်စုက ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကာ တရားသူကြီးမုန့်က အလယ်တွင် ထိုင်နေသည်။
ဒါသည် ကျန်းချိန်၏ဘဝတွင် ပထမဆုံး တရားရုံးတက်ရခြင်းပင်။ ဘေးက ရုံးတော်အမှုထမ်းများက မအော်ရသေးခင်မှာပင် သူက ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ပြီး စိုးရိမ်ကြောင့်ကြစိတ်ဖြစ်နေမိသည်။
တခြားသူများလည်း မကွာပါချေ။ သူတို့အားလုံး ကြောက်ရွံ့နေကြလေသည်။
သို့သော်ငြား ခန်းမထဲက စိုးရိမ်ပြီး စိတ်အလှုပ်ရှားဆုံးဖြစ်နေသူမှာ တရားသူကြီးမုန့်သာ ဖြစ်တော့သည်။ သူက ဘေးဘီကို ကြည့်လိုက်ပြီး သံသယဖြစ်ရာတစ်ယောက်မှာ မတွေ့ခဲ့ချေ။ သို့သော် တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေသည်ဟု အမြဲတမ်းခံစားနေရလေသည်။ သူသည် နည်းနည်း ဂရုမစိုက်မိလိုက်သည်နှင့် ကံဆိုးမိုးမှောင်ကျချေတော့မည်။
ဤတွင် တရားသူကြီးမုန့်က သည်နေ့အမှုအကြောင်း မေးချိန်တွင် အလွန်သတိရှိနေကြောင်း အားလုံးက သိရှိသွားကြတော့သည်။ အရင်ကဆိုလျှင် သူက တရားသူကြီးတူကို ထုလိုက်၊ အားလုံးကို ဆဲဆိုလိုက်၊ လူများကို သစ်သားပြားဖြင့်ရိုက်လိုက် လုပ်ခဲ့လေသည်။ သို့သော် သည်နေ့တွင်တော့ သူက တရားသူကြီးတူကို နှစ်ကြိမ်သာ ထုခဲ့သည်။ သူက တူကို အမြင့်ကြီး မြှောက်လိုက်ပြီး ညင်ညင်သာသာလေး ပြန်ချလေသည်။
ကျန်းယွင်ကျူက အကြောင်းအရာတစ်ခုလုံးကို အားလုံးအား ရှင်းပြခဲ့ပြီးဖြစ်သည်။ တရားသူကြီးမုန့်က ကြည်ကြည်သာသာရှိသဖြင့် ကျန်းချန်နှင့် တခြားသူများက ကိစ္စကို အလွန်ချောချောမွေ့မွေ့ ရှင်းပြနိုင်ခဲ့သည်။
တရားသူကြီးမုန့်က သူ့စီရင်ခွင့်နယ်ထဲတွင် သည်လိုလူဆိုးများ ရှိနေသည်ဟု ကြားလိုက်ရသောအခါ သူတို့ကို ရှာဖွေရန် ရဲမက်များကို ချက်ချင်း လွှတ်လိုက်လေသည်။
ဘယ်သူ့ကို ရှာမတွေ့တော့တာ တစ်ခုပင်။ သည်အချိန်တွင် ဝေ့ခမ်းဖျင်သည် လူများကို ဦးဆောင်က စီရင်စုမြို့က ထွက်လာခဲ့ပြီးဖြစ်လေသည်။
တရားသူကြီးမုန့်က စိတ်ပျက်သွားလေသည်။ သူတို့တွေ တစ်ယောက်မှ မဖမ်းနိုင်ဘူးဆိုတာ သူ့မှာ အမှုတွေကို ကိုင်တွယ်ဖို့ အရည်အချင်းမရှိဘူးလို့ သက်သေပြနေတာမလား။ ရှာကြစမ်း။ ရဲမက်တွေအားလုံး ထွက်ပြီး သူ့အတွက် သူတို့တွေကို ဖမ်းလာခဲ့ကြစမ်း။ အဲဒီလူတွေကို မဖမ်းနိုင်ဘူးဆိုရင် အားလုံး အပြစ်ပေးခံရမယ်မှတ်။
ရဲမက်များသည် လူကြီးမင်းက အတည်ပြောနေမှန်း သိကြသဖြင့် မျက်ကွယ်မပြုရဲကြပေ။ အားလုံးက လူများကို ဖမ်းရန် ထွက်သွားကြတော့သည်။
ကျန်းယွင်ကျူးသည် တရားသူကြီးမုန့်က အလွန်မှ ပြတ်ပြတ်သားသား ဆောင်ရွက်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် မအံ့ဩဘဲမနေနိုင်ဖြစ်သွားတော့သည်။ ဒီလိုခေတ်မျိုးမှာ သူ့ကို အရာရှိမျိုးက အများကြီးမရှိဘူးလေ။ ရှေးခေတ်နည်းပညာက နောက်ကျနေတော့ ပုံတူဆွဲဖို့ရာက မဖြစ်နိုင်ဘူး။ အောင်အောင်မြင်မြင် ဖမ်းဆီးနိုင်ဖို့က.... သူမက အစကတည်းက မျှော်လင့်ချက်အများကြီး မထားခဲ့ပေ။ သို့သော် အခုတော့ ထိုကိစ္စကို မျှော်လင့်လို့ရနိုင်မှန်း ခံစားမိလိုက်သည်။
အချိန်တိုအတွင်း မည်သူ့ကိုမှ မဖမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် တရားသူကြီးမုန့်က အားလုံးကို အရင်ပြန်ခိုင်းလိုက်တော့သည်။ လား ကိုတော့ သက်သေခံပစ္စည်းအနေဖြင့် အခုလောလောဆယ် ရုံးတော်ထဲတွင် ထားခဲ့လိုက်ရသည်။
စီရင်စုမြို့ရုံးတော်က ထွက်လာပြီးနောက်တွင် ကျန်းချိန်သည် အလွန်မှ စိတ်ဓာတ်ကျသွားလေသည်။ သူက ခက်ခက်ခဲခဲ စုထားခဲ့ရသည့်ငွေများက သွားချေပြီ။
“ အဖေ ငွေကုန်သွားရင် ထပ်ရှာလို့ရပါတယ်၊ သမီးတို့တွေ အဆင်ပြေနေသ၍ အားလုံး ကောင်းသွားမှာပါ” ကျန်းယွင်ကျူးက သူကို နှစ်သိမ့်ပေးလိုက်၏။
“ဟုတ်တယ်”
ကုယုံသယ်ကလည်း ကျန်းချိန်ကို နှစ်သိမ့်ပေးလိုက်သည်။
ကျန်းချိန်က အားတင်းကာ ပြုံးပြလိုက်၏။ သူ အဆင်ပြေပါတယ်လေ။ ထိုစဥ် တစ်ယောက်တော့ အဆင်မပြေပါချေ။
“ မင်း သေချင်နေတာလား၊ လှည်းလာတာ မမြင်ဘူးလား” ယောက်ျားတစ်ယာက်က အော်ဟစ်လိုက်၏။
သူသည် နွားလှည်းကို မောင်းလာစဥ် အမျိုးသမီးလျိုက လူသေကောင်တစ်ယောက်လို လမ်းလျှောက်လာရင်း သူ့လှည်းနှင့် တိုက်မိမလိုဖြစ်သွားတော့သည်။
ထိုယောက်ျားက အမျိုးသမီးလျိုကို ဆဲဆိုလိုက်တော့သည်။ သို့သော် အမျိုးသမီးလျိုက သူ့စကားကို မကြားသည့်အလာ လှည်းဘီးကို ငေးကြည့်နေလေသည်။
ကျန်းချိန်က စိတ်ပူသွား၏။ သူမ ပုံစံနဲ့ဆိုရင် ဘာမှမဖြစ်တာက ကောင်းတာပေါ့။ တစ်ခုခုဖြစ်သွားရင်း ယောက်ျားတစ်ယောက်အနေနဲ့ သူ့မှာ ဘာပြောနိုင်မှာလဲ။ သူက ကျန်းယွင်ကျူးဘက် လှည့်ကြည့်လိုက်၏။
ကျန်းယွင်ကျူးက နားလည်လိုက်သည်။ သူမက အမျိုးသမီးလျို၏လက်ကို ကိုင်လိုက်ပြီး ချော့မော့ပြောဆိုလိုက်လေသည်။
“ အဒေါ် ရုံးတော်က အဲဒီလူကို ဖမ်းပေးမှာပါ၊ လုယွမ့်ကိုလည်း စဥ်းစားပေးပါအုံး”
လုယွမ့်ဟု ပြောလိုက်သည်တွင် အမျိုးသမီးလျို၏မျက်လုံးများသည် နောက်ဆုံးတော့ အနည်းငယ် တောက်ပလာခဲ့တော့သည်။ သူမက ကျန်းယွင်ကျူးကို ကြည့်ကာ မျက်ရည်များက ရေတံခွန်တစ်ခုလို ရုတ်တရက် စီးကျလာတော့သည်။
ဒါတွေအားလုံးက သူမရဲ့အမှားတွေပါ။ သူမလို နိမ့်ကျတဲ့လူတစ်ယောက်က ကိုယ်မပိုင်ဆိုင်တဲ့အရာကို မက်မောမိလို့ ဘာမှမကျန်တော့ဘဲ အဆုံးသတ်ခဲ့ရတာ။
သူမက စောစောတုန်းက ကျန်းယွင်ကျူးက နားလည်မှုလွဲခဲ့တာလို့တောင် စဥ်းစားလိုက်သေးတယ်။ ဟုတ်ပါတယ်။ သူမက အတုံးအဆုံးလူပဲ။
ကိုယ်တိုင် အလိမ်ခံရပြီး ကျန်းမိသားစုပါ အလိမ်ခံရအောင် ဆွဲထည့်ခဲ့မိသေးတယ်။ သူမက နဂိုက သူတို့ကို ကျေးဇူးပန်ဆပ်ချင်ခဲ့ပေမဲ့ အခုတော့ သူမက သူတို့ကို အန္တရာယ်ပေးခဲ့မိပြီ။
ဒါတွေအားလုံးက သူမရဲ့အမှားတွေပဲ။
တော်ပါသေးရဲ့။ ကျန်းယွင်ကျူးက အဲဒီလူရဲ့ အနိုင်ကျင့်တာ မခံခဲ့ရလို့ပဲ။ မဟုတ်ရင်တော့ သူမ သေရင်တောင် သူမရဲ့အပြစ်တွေကို ဆပ်လို့ကုန်မှာမဟုတ်ဘူး။
စိတ်နှလုံးကွဲကြေရပြီး မျှော်လင့်ချက်ပျက်စီးကာ သူမသည် ရှိုက်ကြီးတငင် ငိုနေတော့သည်။ ကျန်းယွင်ကျူးကလည်း စကားဘယ်လောက်ပြောပြော သူမကို နှစ်သိမ့်နိုင်မည်မဟုတ်ဘဲ ဝေ့ခမ်းဖျင်ကို ဖမ်းမိပြီး ငွေပြန်မရမချင်း အသုံးဝင်မည်မဟုတ်ကြောင်း သိလိုက်လေသည်။
ဒါပေမဲ့ ဒါက ခက်တယ်လေ။
...
အခန်း (၃၉.၂)
လမ်းမျက်နှာချင်းဆိုင်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ရပ်နေလေသည်။ ယန်ရှန့်က ဘေးက ကြည့်ရင်း ဒေါသထွက်ထွက်နှင့် မှတ်ချက်ပေးလိုက်သည်။
“ သေချာတာပေါ့၊ ငါတို့တွေ အဲဒီရဲမက်တွေကို အားကိုးလို့မရပါဘူး၊ ငါတို့လူတွေသာ ဒီမှာရှိရင် သူတို့ အဖမ်းခံရတာကြာပေါ့”
“ငါတို့လူတွေဘယ်တော့ရောက်မှာလဲ” ရှန်ဖုန်းမင်က မေးလိုက်၏။
“နောက်နှစ်ရက်လောက် စောင့်ရအုံးမယ်”
ယန်ရှန့်က ပြန်ဖြေလိုက်သည်။ သူတို့နှစ်ယောက်၏မြင်းများက အလွန်မြန်သဖြင့် သက်တော်စောင့်များက နောက်တွင်ကျန်ခဲ့ကြလေသည်။
ရှန်ဖုန်းမင်က ခေါင်းညိတ်လိုက်သည်။
ယန်ရှန့်က ထပ်ပြီး လှမ်းကြည့်လိုက်သည်။ နှစ်ရက်လောက် စောင့်ပြီးရင်တော့ အဲဒီလူတွေ ဒီလောကကို ရောက်လာတာ နောင်တရသွားအောင် လုပ်ပစ်မယ်လို့ ကတိပေးတယ်။
ကျန်းချိန်၊ ကုယုံသယ်နှင့် ကျန်းယွင်ကျူးတို့သည် ချန်ရှီရွာသို့ ပြန်လာခဲ့ကြလေသည်။
ကျန်းချိန်က ကုယုံသယ်ကို ကျေးဇူးတင်စကားပြောလိုက်သည်။ ကုယုံသယ်က သူ့လက်ကို အခါခါ ယမ်းပြရင်း သူက အများကြီး အကူအညီပေးခဲ့သည်မဟုတ်ကြောင်း ပြောလေသည်။ ထို့နောက် သူက အိမ်ပြန်သွားခဲ့သည်။
ကျန်းချိန်နှင့် ကျန်းယွင်ကျူးတို့ကလည်း အိမ်ပြန်လာခဲ့သည်။ သူတို့သည် အမျိုးသမီးချန်အား ထိုအကြောင်း ပြောပြလိုက်သောအခါ အမျိုးသမီးချနမှာ သူမ၏ပါးစပ်ကို အုပ်ကာ ဆို့နင့်သွားတော့သည်။
ကျန်းယွင်ကျူးက အမျိုးသမီးချန်ကို ဖျောင်းဖျလိုက်၏။ သူမ၏အမြင်တွင်တော့ ဒါသည် အမှန်ပင် ငွေစနည်းနည်းပါးပါးသာ ဖြစ်လေသည်။ အားလုံးက အဆင်ပြေနေ၍ ကောင်းသည့်ကိစ္စပင်။
သူမ၏သဘောထားက အမျိုးသမီးချန်ကို နှစ်သိမ့်ရာ ရောက်ခဲ့သည်။ မဟုတ်လျှင် သူမသည် အပြင်းအထန် နာမကျန်း ဖြစ်ပေတော့မည်။
“ နေ့လယ်စာ လုပ်ရအောင်လေ”
ကျန်းယွင်ကျူးက ပြောလိုက်၏။ သူတို့တွေ ငွေရှာရအုံးမယ်။
အမျိုးသမီးချန်က မြန်မြန်ခေါင်းညိတ်လိုက်ပြီး အလုပ်များသွားသည်။
သည်အချိန်တွင် လူတစ်ယောက်က တံခါးလာခေါက်လေသည်။
ကျန်းယွင်ကျူးက ခြံဝင်းထဲတွင်ရှိနေသဖြင့် တံခါးသွားဖွင့်ပေးလိုက်သည်။
တံခါး ပွင့်သွားပြီး သူမက နေရာတွင် ငေးကြောင်ကြောင် ရပ်နေမိတော့သည်။
“ အပြင်က လူနှစ်ယောက်..... သူမ အမြင်ဘဲ မှားနေတာလား။ သေသေချာချာ ကြည့်လိုက်၏။ တကယ်ကြီး ရှန်ဖုန်းမင်နဲ့ယန်ရှန့်ပဲ။ သူမသည် ချက်ချင်း ဖြူဆုတ်သွားတော့သည်။
သူမက ဝူလင်စီရင်စု၏ဖုန်းရွှေကပဲ ဆိုးရွားနေသလားဟု တွေးမိလိုက်တော့သည်။ ပထမဆုံး ဒီလိုကပ်ဘေးတစ်ခု ဖြစ်သွားတယ်။ ပြီးတော့ ဝေ့ခမ်းဖျင်လိုလူ ပေါ်လာတယ်။ အခု သေမင်းနတ်ဘုရားက ထပ်ပြီး အလည်ရောက်လာပြန်ပြီ။
နောက်ပိုင်းတော်တော့်ကို ကံဆိုးလာတာပဲ။
သူမသည် ငွေနည်းနည်း ထပ်ရှာပြီးသည်နှင့် သည်နေရာက ပြောင်းရွှေ့ဖို့ စဥ်းစားလိုက်တော့သည်။
ယန်ရှန့် : .... သူဘာလို့ ထပ်ပြီး အထင်သေးခံရနေတယ်လို့ ခံစားနေရပြန်တာလဲ။
သည်အခိုက်တွင် အမျိုးသမီးချန်က မီးဖိုထဲက ခေါင်းပြူကြည့်လိုက်ပြီး ရှန်ဖုန်းမင်တို့ နှစ်ယောက်ကို တွေ့သွားတော့သည်။ သူမသည် ခဏလောက် အံ့ဩသွားပြီး
“ရှင်တို့နှစ်ယောက် ပြီးခဲ့တဲ့တစ်ခေါက်က ဝယ်ခဲ့တဲ့ဆန်တွေ ရောင်းကုန်သွားပြီလား”
ယန်ရှန့် :.... မှားကုန်ပြီ။ သူ ခေါင်းညိတ်ပြလိုက်၏။
“ ရွာမှာ ရှင်တို့ကို ရောင်းပေးဖို့ ဆန်မရှိလောက်တော့ဘူးထင်တယ်”
အမျိုးသမီးချန်က ပြောလိုက်သည်။ ချန်ရှီရွာပတ်ဝန်းကျင်တွင် တောင်များထူထပ်သဖြင့် စပါး အထွက်နည်းလေးသည်။ ပြီးခဲ့သည့် အခေါက်က ယန်ရှန့် စပါးကောက်ခဲ့သည့် စျေးက မြင့်သည်။ ရွာက စပါးအားလုံးကို ရောင်းချင်ခဲ့ကြပြီး သူ့ဆီတွင်သာ ရောင်းလိုက်ကြသည်။
“ကျွန်တော်တို့ ဒီတစ်ခါ တခြားစီရင်စုတွေဆီ သွားမလို့ပါ၊ ကျွန်တော်က ဒီအတိုင်းဖြတ်သွားလို့ လာနှုတ်ဆက်တာပါ”
ယန်ရှန့်သည် မလိမ်ခဲ့ချေ။ သူတို့စုံစမ်းချင်သည့်အမှုက တခြားစီရင်စုတွင် ဖြစ်သည်။ သူက ပြောရင်းဆိုရင် မျက်လှည့်တစ်ခုလို အစားအသောက်တစ်တွဲကို ထုတ်လာခဲ့လေသည်။ ရှောက်သီး၊ သွားရည်စာ၊ သကြားအုပ်ထားသည့် အသီး စသည်များ ပါသည်။
ဖြတ်သွားရုံပဲတဲ့လား။ ကျန်းယွင်ကျူက မျက်ခုံးပင့်လိုက်၏။
အမျိုးသမီးချန်က ဝမ်းသာအံ့ဩသွားသလို အနည်းငယ်လည်း စိုးရိမ်သွားလေသည်။ အံ့ဩရသည်က သည်ကုန်သည်နှစ်ယောက်သည် ဖြတ်သွားပြီး သူတို့ကို လမ်းကြုံဝင်နှုတ်ဆက်ခြင်းကြောင့်ပင်။ စိတ်ပူရသည်က ဝေ့ခမ်းဖျင်ကိစ္စဖြစ်လေသည်။ အခုတော့ သူမသည် လူတိုင်းကို လူဆိုးများလို မြင်တတ်လာလေသည်။
သူမ သည်လို မတွေးသင့်မှန်းလည်း သိပါသည်။ ထို့ကြောင့် သူမက ရှန်ဖုန်းမင်တို့နှစ်ယောက်ကို အထဲဝင်ဖို့ ချက်ချင်း ဖိတ်လိုက်တော့သည်။
ရင်းနှီးပြီးသား ဘေးအခန်းလေးသို့ တဖန်ပြန်ရောက်လာသဖြင့် ယန်ရှန့်သည် နည်းနည်းလောက် ခံစားသွားရလေသည်။
နေ့လယ်ခင်း ရောက်လာသည်။ သူတို့နှစ်ယောက်က ကျန်းချိန်နှင့် တခြားသူကို လာတွေ့ပြီး ပစ္စည်းလည်း အများကြီးယူလာကြသဖြင့် သူတို့သည် ဧည့်သည်များပင်။ ကျန်းယွင်ကျူးက စားပွဲအပြည့်ဟင်းများ ချက်ပေးလိုက်ကာ ကျန်းချိန်က သူတို့ကဧည့်ခံလိုက်သည်။ အားလုံးက ထိုင်လိုက်ကာ အတူတူစားသောက်ကြလိုက်လေသည်။
“ ဒီလူကြီးမင်းက” ကျန်းချိန်က ပြောလိုက်၏။
“ ကျွန်တော့်ကို လူကြီးမင်းလို့ မခေါ်ပါနဲ့ဗျာ၊ ကျွန်တော်က ယန်ရှန့်လို့ ခေါ်ပါတယ် သူက....”
ယန်ရှန့်သည် ရှန်ဖုန်းမင်ဘက် လှည့်ကြည့်လိုက်၏။ သူ့ကို ဘယ်လိုမိတ်ဆက်ပေးရမှာပါလိမ့်နော်။
ကျန်းယွင်ကျူးသည် ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး ရုတ်တရက် အသက်အောင့်မိသွားတော့သည်။ သူ့နာမည်က ရှန်ဖုန်းမင်ပါလို့ ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ။ ရှမင်းဆက်တစ်ခုလုံး မသိဘူးဆိုရင်တောင် ချီလင်သက်တော်စောင့်ရဲ့ တပ်မှူးလေးရှန်ဖုန်းမင်ဆိုတဲ့ သူ့နာမည် ကို တစ်ဝက်လောက်ကတော့ ကြားဖူးကြမှာပဲ။
ကျန်းချိန်နဲ့ အမျိုးသမီးချန်သာ သူ့နာမည်က ရှန်ဖုန်းမင်ဆိုတာ ကြားသွားရင်....
“ရှန်ယွီယွီ ပါ”
ရှန်ဖုန်းမင်က ပြောလိုက်၏။ သူ့နာမည်က ရှန်ဖုန်းမင်လေ။ သူ့နာမည်ကို ရေးရင်တော့ ယွီယွီ လို့ရေးတာ။ လူတချို့ကပဲ ဒါကို သိကြတယ်။
သူပြန်ပြောလိုက်သည်ကို ကြားလိုက်သည်တွင် ကျန်းယွင်ကျူးသည် အကြောင်းတချို့ကြောင့် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ရင်း ထမင်းဆက်စားလိုက်တော့သည်။
ကျန်းမိသားစုသည် မနက်စာလုပ်ငန်းကို ဆက်မလုပ်တော့ပေ။ ဆောင်းတွင်းတွင် အေးသဖြင့် သူတို့သည် အိပ်ရာစောစောဝင်ခဲ့ကြလေသည်။
ညသည် နက်လာပြီး မြောက်လေက တိုက်ခတ်နေသည်။ ရုတ်တရက် ရှန်ဖုန်းမင်က မျက်လုံးကို ဖွင့်လိုက်၏။
သူ့ဘေးက ယန်ရှန့်က သူ့ထက်ခြေတစ်လှမ်းနောက်ကျလေသည်။ သို့တိုင် သူလည်း နိုးလာခဲ့သည်။
“ တစ်ယောက်ယောက်ရှိတယ်” ယန်ရှန့်က ပြောလိုက်သည်။
“အင်း”
နှစ်ယောက်သားသည့် တိတ်တိတ်လေး ထလိုက်ကြပြီး အသံလာနောက်လိုက်သွားရင်း ကျန်းမိသားစု၏ နောက်ဖေးခြံသို့ရောက်လာခဲ့သည်။
ကျန်းအိမ်၏ အနောက်ဘက်တွင် တောင်တစ်လုံးရှိသည်။ တောင်ခြေတွင် လူတစ်စုက တုန်တုန်ယင်ယင်နှင့် ရပ်နေကြသည်။
“ ခေါင်းဆောင်က ဘာလို့ ရောက်မလာသေးတာလဲ၊ သူ မိန်းကလေးကို ဖမ်းပြီးရင် ဝူလင်စီရင်စုက ထွက်သွားတော့မယ်လို့ ပြောခဲ့တယ်မလား”
စကားပြောလိုက်သူတွင် ယုတ်မာသည့်မျက်လုံးများ ရှိပြီး လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားသည်။ သူသည် မနေ့က ဝေ့ခမ်းဖျင်နောက် လိုက်ခဲ့သူများထဲက တစ်ယောက်ဖြစ်သည်။
စီရင်စုမြို့ရုံးတော်က ဝေ့ခမ်းဖျင်ကို သည်းကြီးမဲကြီးဖမ်းဖို့ ကြိုးစားနေကြသည်။ ဝေ့ခမ်းဖျင်သည် ဝူလင်စီရင်စုတွင် ထပ်မနေရဲတော့ပေ။ သို့သော် သူသည် သည်အတိုင်းလည်း ထွက်မသွားချင်ပြန်ပေ။
သူတို့သည် အခွင့်အရေးရလျှင် ရသလိုလိမ်စားနေကြသည့် လူတစ်စုဖြစ်လေသည်။ သူတို့ လုပ်ထားခဲ့သမျှကို ဖော်ထုတ်လို့မရသလို၊ ပေါ်သွားလို့လည်း မဖြစ်ချေ။
ဝေ့ခမ်းဖျင်က ကျန်းယွင်ကျူးကို သည်နေ့ည ဖမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။
ကျန်းမိသားစုတွင် သန်မာသည့်ယောက်ျားမှာ ကျန်းချိန်တစ်ယောက်သာ ရှိမှန်း သိထားသည်။ သူတို့ဘက်တွင် လူခြောက်ယောက်ရှိသည်။ သူတို့က ကျန်းအိမ်ကို ခိုးဝင်ပြီး အမွှေးနံ့ဖြင့် ဆေးခတ်ကြမည်။ဒါက သူတို့လိုချင်သလို ဖြစ်လာပေလိမ့်မည်။
သို့သော် သူထွက်မသွားခင် လုပ်စရာတစ်ခု ရှိသေးသည်။ သူသည် ဝူလင်စီရင်စုတွင် ရခဲ့သမျှငွေများကို လျှို့ဝှက်သည့်နေရာတစ်ခုကို သိုဝှက်ထားခဲ့သည်။
သူသည် သည်ငွေများကို အရင်သွားယူရမည်။ ထို့နောက် သူက ကျန်းအိမ်၏အနောက်တံခါးတွင် လူများနှင့် ပြန်ဆုံလိုက်မည်။
မြင့်မားသည့်တံတိုင်းပေါ်တွင် ရပ်ရင်း ယန်ရှန့်က ရှန်ဖုန်းမင်ကို တံတောင်နှင့် တွတ်လိုက်၏။ တော်ပါသေးရဲ့။ သူတို့တွေ စောစောရောက်လာလို့ပဲ။ မဟုတ်ရင် မိန်းကလေးကျန်းကတော့.....
ရလဒ်မှာ သူ့တံတောင်က လွတ်သွားခြင်းပင်။
ရှန်ဖုန်းမင်သည် တံတိုင်းမြင့်ကြီးပေါ်က ခုန်ချသွားနှင့်သည်။
“ဝူး....”
အောက်ကလူများသည် အော်ဖို့ပင် အချိန်မရလိုက်ပေ။
“ နှစ်ယောက်ကို အရှင် ချန်ထားလိုက်”
ယန်ရှန့်က လေသံဖြင့် အလောတကြီး ပြောလိုက်ပြီး တံတိုင်းပေါ်မှ မြန်မြန်ခုန်ဆင်းလိုက်သည်။
အရိုးများ ကျိုးသွားသံတစ်ခု နောက်တစ်ချက် ထပ်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် ရှန်ဖုန်းမင်က ရပ်လိုက်ပြီး ရှူရာလို ညအမှောင်တွင် ရပ်နေလေသည်။
ကျန်သည့်လူနှစ်ယောက်မှာ အဘွားကြီးတစ်ယောက်နှင့် အရိုးပေါ်အရေတင်တစ်ယောက်ဖြစ်ပြီး ကြောက်လွန်းလှသဖြင့် ဘောင်းဘီထဲ အပေါ့သွားမိတော့မတတ်ပင်။
ယန်ရှန့်က သူ့နှာခေါင်းကို ညစ်လိုက်၏။ အခုမှပဲ ကြောက်ရကောင်းမှန်း သိတယ်။ စောစောတုန်းကတော့ သူတို့တွေ ဘာလုပ်ခဲ့ကြလဲ။ လူအများကြီးထဲမှာမှ သူတို့တွေက သေမင်းနတ်ဘုရားကိုမှာ လာရှုပ်ရတယ်လို့။
သူက ပိန်ကပ်နေသည့်ယောက်ျားကို ကန်လိုက်ပြီး
“ ထစမ်း၊ ငါ မင်းကို မေးစရာရှိတယ်”
ဒါပေါ့။ ဝေ့မျိုးနွယ်ဆိုတဲ့ကောင် ဘယ်သွားလဲလို့ မေးရမယ်လေ။
ပြီးတော့ မြေကြီးပေါ်မှာလည်း သွေးတွေအများကြီးပဲ။ မနက်ဖြန် ကျန်းမိသားစုသာ ဒါကိုတွေ့သွားလို့ လန့်သွားရင် ဘယ်လိုလုပ်မလဲ။
ပိန်ကပ်နေသည့်ယောက်ျားနှင့် အဘွားကြီးက ဝေ့ခမ်းဖျင် ဘယ်သွားလိုက်မှန်း မသိကြပေ။ သူက အနောက်ဘက်သို့သွားလိုက်သည်ကိုသာ သူတို့သိလေသည်။
ထို့နောက်တွင် သူတို့နှစ်ယောက်သည် အလောင်းများကို နေရာရွှေ့ကြပြီး အခင်းဖြစ်သည့်နေရာကို သန့်ရှင်းရေးလုပ်ကြရတော့သည်။
သူတို့နှစ်ယောက်သည် တစ္ဆေသရဲတစ်ကောင်နှင့် တွေ့လိုက်ရသည်ဟု သံသယဖြစ်သွားပြပြီး ခေါင်းလည်း မမော့ရဲသလို စကားလည်း မပြောရဲကြပေ။
ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် ထိုနေရာတွင်ရပ်နေပြီး အဝေးတစ်နေရာကို ကြည့်ကာ ဝေ့ခမ်းဖျင်အလာကို စောင့်နေလိုက်ကြသည်။
ရလဒ်အနေဖြင့် နာရီဝက်ကျော် စောင့်လိုက်ပြီးနောက်တွင် မြေကြီးကို သန့်ရှင်းရေးလုပ်ခဲ့ပြီးသည့်တိုင် ဝေ့ခမ်းဖျင်က မြင်ကွင်းထဲပေါ်မလာချေ။
သူတို့နှစ်ယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး ထိုနေရာသို့ သွားစုံစမ်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ယန်ရှန့်က ပိန်ကပ်နေသည့်ယောက်ျားနှင့် အဘွားကြီးကို သစ်ပင်တစ်ပင်၌ ချည်တုပ်ထားလိုက်၏။ ထို့နောက် သူက အနောက်ဘက်သို့သွားသည့် ရှန်ဖုန်းမင်နောက် လိုက်သွားလိုက်တော့သည်။
ကီလိုမီတာဝက်လောက် လျှောက်လာပြီးနောက်တွင် သူတို့နှစ်ယောက်သည် မြေကြီးပေါ်တွင် အထုပ်တစ်ခုကို တွေ့လိုက်ရလေသည်။
အထုပ်ကိုဖွင့်ကြည့်လိုက်ရာ ရွှေ၊ ငွေ ကျောက်မျက်ရတနာအပြည့်ကို တွေ့လိုက်ရသည်။
ဒါ ... ဝေ့ခမ်းဖျင်ရဲ့ဟာတွေ မဟုတ်လား။ လူက ဘယ်မှာလဲ။
နှစ်ယောက်သားသည် ထိုအထုပ်နှင့် ရှေ့ဆက်သွားလိုက်ကြသည်။ သို့သော် တစ်ယောက်တစ်လေကိုမှ မတွေ့ရပေ။ ထို့ကြောင့် သူတိသည် ထိုအထုပ်နှင့်ပြန်လာခဲ့ကြသည်။
“ဒါက ခေါင်းဆောင်ရဲ့အထုပ်ပဲ”
ပိန်ကပ်သည့်ယောက်ျားက အထုပ်ထဲက ငွေတချို့ကို မှတ်မိသွားသည်။ လျိုမျိုးနွယ်ကို လိမ်ပြီး ရလာတဲ့ဟာတွေလေ။
“ဒါဆို သူဘယ်သွားလဲ” ယန်ရှန့်က မေးလိုက်၏။
ပိန်ကပ်နေသည့်ယောက်ျားကလည်း မသိပေ။ဝေ့ခမ်းဖျင်က သူ့ငွေတွေကို ထားပြီး တစ်ယောက်ထဲ ထွက်သွားတာတော့ မဟုတ်လောက်ဘူး။ ဒါမှမဟုတ်.....
“စိတ်ဝင်စားစရာပဲ”
ယန်ရှန့်က မှတ်ချက်ပေးလိုက်၏။ သူက ရှန်ဖုန်းမင်ကို ကြည့်ပြီးပြောလိုက်လေသည်။
“ ငါ မင်းကို ပြတဲ့အမှုကို မှတ်မိသေးလား၊ ယွီမင်စီရင်စုတရားသူကြီးလည်း ဒီလိုပဲ ပျောက်သွားပြီး တစ်လလောက်နေမှ ရှာတွေ့ခဲ့တာလေ၊ ကျွတ် ကျွတ် သနားစရာကောင်းလိုက်တာ”
“ပထမဆုံးပျောက်သွားတဲ့သူက လုပြည်နယ်က ဒုဝန်ကြီးချောင်၊ လွန်ခဲ့တဲ့သုံးနှစ်က အိမ်မှာ ဈာပနအတွက်ဝတ်ပြုနေပြီး ဘုရားကျောင်းမှာ အမွှေးတိုင်လှူဖို့သွားတုန်း ပျောက်သွားခဲ့တာ”
ရှန်ဖုန်းမင်က ထောက်ပြလိုက်၏။
“ ဒီလိုကိစ္စမျိုး ရှိခဲ့တာလား၊ ယွီမင်စီရင်စု တစ်ခုမှာပဲ လူသေခဲ့တာလို့ ထင်ခဲ့တာ” ယန်ရှန့်က မေးလိုက်၏။
ရှန်ဖုန်းမင်က သူ့ကို လှမ်းကြည့်လိုက်သည်။ ယွိမင်စီရင်စုက စီရင်စုတရားသူကြီးလောက်လေးနဲ့တော့ မင်းကြီးက သူတို့နှစ်ယောက်ကို မြို့တော်က ထွက်ခွာခွင့်ပေးပါ့မလား။ သူ့မှာ အမှုတွဲတွေအများကြီး ဆွေးနွေးပြီး ဒီကိစ္စက မရိုးရှင်းဘူးဆို သိလိုက်ရတာ။
“ဒါဆို လူသ-တ်သမားက အခု ဝူလင်စီရင်စုမှာ ရှိနေနိုင်တယ်ပေါ့” ယန်ရှန့်က မေးလိုက်သည်။
“မသေချာဘူး”
ရှန်ဖုန်းမင်က ပြန်ဖြေလိုက်သည်။ အချက်အလက်တွေက မရှိသလောက်ပဲ။
“ ငါလဲ ဒီလိုပဲထင်ပါတယ်”
ယန်ရှန့်က ပြောလိုက်၏။ ဒီလိုဆိုရင် သူတို့တွေ ယွီမင်စီရင်စုကို မသွားရတော့ဘူးလေ။ ပြီးတော့ ဝေ့ခမ်းဖျင်က အဲဒီလူရဲ့လက်ထဲရောက်သွားခဲ့ရင် သူ ပျော်နိုင်ပါစေလို့ပဲ ဆုတောင်းပေးရတော့မယ်။
သည်အချိန်တွင် မှောင်မည်းနေသည့်ဂူတစ်ခုထဲတွင် ဝေ့ခမ်းဖျင်သည် အေးစက်သည့် ရေတစ်ခွက်ကြောင့် နိုးလာတော့သည်။ သူက မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် မျက်နှာထားတစ်ခု ပိုင်ဆိုင်ထားသည့် မျက်နှာချင်းဆိုင်ကလူကို ကြည့်လိုက်၏။ သူသည် တစ်လျှောက်လုံး ငန်းများကို အမဲလိုက်လာခဲ့ပြီးမှ သည်နေ့တွင် မျှော်လင့်မထားဘဲ သူကိုယ်တိုင် ငန်းဆိတ်ခံလိုက်ရလေသည်။
သူသည် ထရပ်ချင်လိုက်သော်လည်း ကျောက်တုံးကြီးတစ်ခုတွင် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရပြီး လုံးဝမလှုပ်နိုင်တော့ချေ။
“ မင်း ဘာလိုချင်တာလဲ” သူက မေးလိုက်၏။
ထိုယောက်ျားက မဖြေ။ ထိုအစား သူက လက်ကိုဆန့်လိုက်ပြီး သူ့ခါးပတ်ကို ဖြေလိုက်လေသည်။
ဝေ့ခမ်းဖျင်သည် တဒင်္ဂအတွင်း အေးခဲသွားတော့သည်။ ထို့နောက် သူက ရုတ်တရက် ပြုံးပြလိုက်၏။
“ ငါ့ကို လွှတ်ပေးပါ၊ ငါ မင်းကို ကတိပေးတယ်....”
ထို့နောက်တွင် ထိုယောက်ျားလက်ထဲက ပစ္စည်းကိုတွေ့လိုက်ရပြီး သူ့မျက်နှာမှာ ကြောက်ရွံ့မှုအပြည့် ဖြစ်သွားလေသည်။
“ မင်း ဘာလုပ်မလို့လဲ၊ ငါ့ကို လွှတ်”
အသ-တ်ခံလိုက်ရသည့်ဝက်တစ်ကောင်လို အော်သံများသည် အဆုံးမရှိထွက်လာလေသည်။
...
အခန်း (၃၉.၃)
နောက်တစ်နေ့ မြို့တံခါး ဖွင့်ဖွင့်ချင်း ရဲမက်ခေါင်းဆောင်ဟူက ခြေထော့နဲ့ထော့နဲ့ဖြင့် မြို့တံခါးအပြင်ဘက်သို့ လူများကို ဦးဆောင်ကာ ထွက်လာလေသည်။
မနေ့က တစ်ယောက်မှ ရှာမတွေ့ခဲ့ကြသဖြင့် လူကြီးမင်းက သူတို့ကို တစ်ယောက် ငါးချက် ရိုက်ခဲ့သည်။ စောင့်ဆိုင်းနေသည့် သစ်သားတုတ်ငါးချက်က ရှိသေးသည်။ သူတို့ အလုပ်မလုပ်နိုင်ကြတော့မည် စိုးသဖြင့် ထိုငါးချက်ကို ဆိုင်းငံ့ထားခြင်းပင်။
သည်နေ့ သူတို့သည် ထိုလူကို မဖမ်းနိုင်ခဲ့လျှင် ဆယ်ချက်ရိုက်ခံရတော့မည်။
သည်ရဲမက်များ၏ မျက်လုံးများသည် နီရဲနေကြသည်။ သူတို့သည် သည်နေ့ ထိုသောက်ကျိုးနဲ လူလိမ်များကို သေချာပေါက်ဖမ်းရမည်ဟု ဆုံးဖြတ်ထားကြသည်။
ထိုအခိုက်တန့်တွင် လူရိပ်နှစ်ခုက ကျောပေါ်တွင် အထုပ်တစ်ခုနှင့် သူတို့ဆီပြေးလာရင်း အော်နေကြလေသည်။
“ ကယ်ကြပါ ကယ်ကြပါ”
ရဲမက်ခေါင်းဆောင်ဟူက ချက်ချင်းဓားဆွဲထုတ်လိုက်ပြီး အသင့်အနေအထား ပြင်လိုက်လေသည်။ သူသည် မြို့ဂိတ်တံခါးနားတွင် မည်သူက ပြစ်မှုကျူးလွန်ရလောက်အောင် အတင့်ရဲမှန်း တွေ့ချင်လိုက်သည်။
သည်အချိန်တွင် သူ့ဘေးက ရဲမက်တစ်ယောက်က ပြောလိုက်၏။
“ခေါင်းဆောင် ဒီလူနှစ်ယောက်ကို ဘာလို့ အရမ်းရင်းနှီးနေတာလဲ”
သူတို့ပုံစံကို ရင်းနှီးတယ်လို့ မထင်ဘူးလား။ မနေ့က သူတို့တွေ နှာခေါင်းမှာ မှဲ့တစ်လုံးနဲ့ အဘွားကြီးတစ်ယောက်ကို ရှာနေခဲ့တာလေ။
ရဲမက်များသည် ကောင်းကင်ပေါ်မှာ ပိုင်မုန့်များ ကျလာသည့်နှယ် အလွန်ပျော်သွားကြတော့သည်။ သည်လူနှစ်ယောက် ထွက်မပြေးနိုင်ရန် လမ်းကို မြန်မြန်ပိတ်ထားလိုက်ကြသည်။
ထို့နောက်တွင် ထို့သို့ လုပ်ရန် မလိုအပ်မှန်း သိလိုက်ရတော့သည်။ သည်နှစ်ယောက်မှာ လုံးဝထွက်မပြောချင်ကြပေ။
သူတို့သည် နီးကပ်လာသောအခါ သူတို့နောက်သို့ ကြောက်စရာကောင်းသည့် တစ်စုံတစ်ရာက လိုက်နေသည့်နှယ် ရဲမက်များနောက်သို့ ချက်ချင်းပြေးဝင်ပုန်းလိုက်ကြလေသည်။
ရဲမက်များအားလုံးက မြန်မြန် လှမ်းကြည့်လိုက်ကြ၏။ ဘာမှမရှီပေ။
“ကယ်ပါ၊ ကယ်ကြပါ”
လူနှစ်ယောက်က ရဲမက်အရာရှိတချို့ကို ဖမ်းဆွဲထားပြီး သည်စကားနှစ်လုံးကိုသာ ပြောတတ်တော့သယောင်။
ရဲမက်ခေါင်းဆောင်ဟူက လူများကို ပြန်ခေါ်လာပြီး တာဝန်ကို သတင်းပို့လိုက်လေသည်။
သည်အခိုက်တွင် တရားသူကြီးမုန့်က အခန်းထဲတွင် စိုးရိမ်စိတ်ဖြင့် ခေါက်တုံ့ခေါက်ပြန် ပတ်လျှောက်နေသည်။ သူသည် မနေ့ညကလည်း ကောင်းကောင်းမအိပ်ရသလို သည်နေ့မနက်လည်း အစောကြီးထရသည်။
သူတို့ကို ဖမ်းမိပြီဟု ကြားလိုက်ချိန်တွင် သူသည် အံ့ဩဝမ်းသာသွားတော့သည်။ သူက စုံစမ်းစစ်ဆေးရန် ချက်ချင်းထွက်သွားတော့သည်။ ထို့နောက် သူက ရဲမက်ခေါင်းဆောင်ဟူမှာ ဘယ်မှာဖမ်းမိခဲ့ကြောင်း မေးလိုက်သည်။
ရဲမက်ခေါင်းဆောင်ဟူက ရှက်ရွံ့သွားပြီး
“ မြို့တံခါးနားမှာပါ”
“ဘာဖြစ်တာလဲ” တရားသူကြီးမုန့်က မေးလိုက်၏။
ရဲမက်ခေါင်းဆောင်ဟူက ကိစ္စကို ပြန်ပြောပြလိုက်သည်။ တရားသူကြီးမုန့် မယုံမည်စိုးသဖြင့် သူ့ဘေးက ရဲမက်ကိုပါ တစ်ခါတည်းခေါ်လာခဲ့လိုက်လေသည်။ အမှန်တွင်တော့ ဖြစ်ရပ်က အလွန်ပင် အူကြောင်ကြောင်နိုင်လှသည်။
တရားသူကြီးမုန့်က သူ့စကားများကို အမှန်ပင် ယုံကြည်လေသည်။ ချီလင်သက်တော်စောင့် ရှိတဲ့နေရာမှာ ဘာမဆိုဖြစ်နိုင်တာက အံ့ဩစရာမှ မဟုတ်တာ။ သူက သူ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါ့မလားဆိုတာကိုပဲ စိုးရိမ်တာလေ။
သည်မနက်စောစောတွင် ရဲမက်တစ်ယောက်က ကျန်းအိမ်သို့လာပြီး အိမ်တံခါးကိုခေါက်ကာ သူတို့သည် သံသယရှိသူနှစ်ယောက်ကို ဖမ်းမိပြီဖြစ်ပြီး သူတို့ကို အတည်ပြုပေးရန်နှင့် ငွေများပြန်လာယူရန် အကြောင်းကြားလာသည်။
လူတွေကို မှတ်မိတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ငွေပြန်လာယူရမယ်တဲ့လား။ ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် အံ့ဩသွားပြီး ရဲမက်ကို တစ်ယောက်ပြီးတစ်ယောက် မေးလိုက်ကြလေသည်။ သူတို့တွေ တကယ်ပဲ ငွေပြန်ရမှာတဲ့လား။
ကိစ္စက ထိုမျှလောက် မြန်လိမ့်မည် မဟုတ်ပေ။ ခိုးရာပါငွေများကို ပြန်တွေ့ခဲ့လျှင်တောင် ငွေများကို အမှုမပြီးမချင်း ငွေများကို နစ်နာသူထံ ပြန်ပေးမည်မဟုတ်ပေ။ သို့သော် တရားသူကြီးမုန့်က အလွန်လောနေပြီး ကိစ္စအားလုံးကို တတ်နိုင်သမျှမြန်မြန် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
သည်တစ်ကြိမ်တွင် ကျန်းချိန်၊ အမျိုးသမီးချန်နှင့် ကျန်းယွင်ကျူးတို့က စီရင်စုမြို့သို့ အတူတူလာခဲ့ကြသည်။ ရုံးတော်ရှေ့တွင် သူတို့သည် အမျိုးသမီးလျိုနှင့် တွေ့ကြသည်။
အမျိုးသမီးလျိုသည် ဆိုးရွားသည့် အခြေအနေတစ်ခုအတွင်း ရောက်နေလေသည်။ သူမ၏မျက်လုံးများက မက်မွန်သီးလို ယောင်ကိုင်းနေ၏။ မနေ့က ဘယ်လောက်ငိုထားမှန်း မသိပေ။
အစက အမျိုးသမီးချန်က သူမကြောင့်သာ မဟုတ်လျှင် သူတို့မိသားစုလည်း သည်လိုကိစ္စမျိုး လုံးဝဖြစ်လာမည်မဟုတ်ကြောင်း စဥ်းစားမိပြီး သူမကို အတိုင်းအတာတစ်ခုအထိ ဒေါသထွက်ခဲ့သေးသည်။ ယခုမူ သူမကို သည်လိုအခြေအနေတွင် တွေ့လိုက်ရပြီး ငွေကိုလည်း ပြန်ရတော့မည်ဟု သိလိုက်ရသဖြင့် သူမကို ကိုယ်ချင်းစာမိသွားတော့သည်။
“ယောက်မကြီးချန် ကျွန်မ တောင်းပန်ပါတယ်”
အမျိုးသမီးလျိုက အမျိုးသမီးချန်ကို တွေ့လိုက်ချိန်တွင် ပထမဆုံးပြောလိုက်သည့် စကားပင်။
“ထားလိုက်ပါလေ၊ ရှင် တမင်လုပ်ခဲ့တာမှ မဟုတ်တာ” အမျိုးသမီးချန်က သက်ပြင်းချလိုက်သည်။
အမျိုးသမီးလျိုမှာ သူမ ငိုချင်လျှင်တောင် ထပ်မငိုနိုင်တော့ပေ။ မနေ့က သူမ၏မျက်ရည်အားလုံး ကုန်အောင် ကျခဲ့ရသည်။
ဘေးတွင် အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများ ရောက်လာကြသည်။ အာမခံဌာနခေါင်းဆောင်လီ၏ ဘေးတွင် လူငယ်လေးတစ်ယောက် ပါလာသည်။ သူ့မျက်နှာက အလွန်မှ ဖြူဆုတ်နေသည်။ သူ့မျက်နှာအသွင်ပြင်က အထူးသိမ်မွေ့ပြီး မကျန်မားအားနည်းသည့် ခံစားချက်တစ်ခု ရှိနေသည်။
ကျန်းယွင်ကျူးသည် သူ့ကို လီယန်ဖြစ်မည်ဟု သိလိုက်သည်။
“ မနေ့က အရမ်းကို စိတ်လိုက်မာန်ပါလုပ်ခဲ့မိတာ ကျုပ်ပါ”
အာမခံဌာနခေါင်းဆောင်လီသည် ပွင့်လင်းပြီး တဲ့တိုးဆန်သူတစ်ယောက်ဖြစ်သည်။ မနေ့က ကျန်းချိန်နှင့် တခြားသူများကို မှားယွင်းအပြစ်တင်မိသည်ကို သိလိုက်ရသဖြင့် သူက ချက်ချင်း တောင်းပန်လိုက်သည်။
“ရပါတယ်ဗျာ၊ ခင်ဗျားလည်း စိတ်လှုပ်ရှားနေတာကိုး” ကျန်းချိန်က ပြန်ပြောလိုက်၏။
ယောက်ျားနှစ်ယောက်သည် အပြန်အလှန်ကြည့်လိုက်ကြပြီး အပြုံးတစ်ခုနှင့် သူတို့၏အာဃာတများကို ဖယ်ရှားလိုက်ကြသည်။
အားလုံးက ရုံးတော်ခန်းမထဲသို့ အတူတူဝင်သွားလိုက်ကြသည်။
ရဲမက်ခေါင်းဆောင်ဟူက ပိန်ကပ်နေသည့်ယောက်ျားနှင့် အဘွားကြီးတို့ကို ဆွဲထုတ်လာပြီး သူတို့ကို ပြလိုက်လေသည်။
အမျိုးသမီးလျိုက ထိုနေ့က သူမ၏လှည်းကို ဝင်တိုက်ခဲ့သူအဖြစ် အဘွားကြီးကို ချက်ချင်း မှတ်မိသွားသည်။
အဘွားကြီးကို သိသည့်အပြင် လီယန်သည် ထိုပိန်ကပ်နေသည့်ယောကျ်ားက ထိုနေ့က သူ့ကို ငွေညှစ်ခဲ့သူမှန်း သိနေသေးသည်။
လက်မှတ်ထိုးပြီး အသိသက်သေပြပြီးနောက် တရားသူကြီးမုန့်က သူတို့၏ကိစ္စကို အမိန့်ချတစ်ခု ချလိုက်လေသည်။ လားနှင့် လီယန်ဆီမှ လုခံလိုက်ရသည့်ပစ္စည်းအားလုံးကို လီမိသားစုသို့ ပြန်ပေးရမည်။ ငွေ၉လျန်ကို ကျန်မိသားစုဆီ ပြန်ပေးရမည်။ အမျိုးသမီးလျိုပိုင်ဆိုင်သည့် ငွေ၇၅လျန်ကို သူမထံ ပြန်ပေးရမည်ဟူ၍။
ရုံးတော်မှ ပြန်ထွက်အလာတွင် အားလုံး၏မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေကြလေသည်။
“ ဝေ့မျိုးနွယ်ကို မဖမ်းမိသေးတာ နာတာပဲ” အာမခံဌာနခေါင်းဆောင်လီက ဒေါသထွက်ထွက်နှင့် မှတ်ချက်ပေးသည်။
“ဟုတ်ပါ့ဗျာ” ကျန်းချိန်၏စိတ်တို့ကလည်း အများကြီး သက်သာသွားလေသည်။
အာမခံဌာနခေါင်းဆောင်လီက သူ့ကို ကြည့်လိုက်ပြီး ရုတ်တရက်မေးလိုက်သည်။
“ ခင်ဗျား လားကို မဝယ်ချင်ဘူးလား”
ကျန်းချိန်မှာ ဇဝေဇဝါဖြစ်သွားတော့သည်။
ခေါင်းဆောင်လီက လားကို ပုတ်လိုက်ပြီး
“ လူမှားပြီး ရိုက်မိတော့မလို့လေ၊ ဒီလိုလုပ်ပါလား၊ ဒီလားကို ၉လျန်နဲ့ ခင်ဗျားဆီ ရောင်းလိုက်မယ်၊ ခင်ဗျားကို တောင်းပန်တယ်လို့ သဘောထားလိုက်ပေါ့၊ ဒီလားက ခင်ဗျားနဲ့ကံပါလာတာပဲ”
“ဘယ်ဖြစ်မလဲဗျ” ကျန်းချိန်က မြန်မြန်ငြင်းလိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီက သူ့ကို စိုက်ကြည့်လိုက်ပြီး
“ ဘာလို့ မဖြစ်ရမှာလဲ၊ ဒီလိုပဲ လုပ်လိုက်တော့”
သူသည် ပြောရင်းဆိုရင် လားဇက်ကြိုးကို ကျန်းချိန်လက်ထဲ ထည့်ပေးလိုက်ကာ ငြင်းဖို့ရာအခွင့်အရေးတစ်ခုပင် မပေးချေ။
အာမခံဌာနခေါင်းဆောင်လီက သူ့လူများကို ခေါ်သွားလိုက်စဥ် ကျန်းချိန်က လားကို ကိုင်ပြီး မတုံ့ပြန်နိုင်အောင် ဖြစ်သွားလေသည်။
အမျိုးသမီးချန်က ဝမ်းသာသွားပြီး လားကို ပွတ်သပ်ပေးလိုက်သည်။ အာမခံဌာနခေါင်းဆောင်၏စကား မှန်သည်ဟု သူမခံစားမိသည်။ ဒီလားက သူတို့မိသားနဲ့ တကယ်ရေစက်ပါတာပဲ။ အလှည့်အပြောင်းတချို့ ဖြစ်ပြီးသွားတာတောင် လားက သူတို့မိသားစုဆီ ပြန်ရောက်လာခဲ့တယ်လေ။
မိသားစုသည် လားကို ဆွဲကာ အိမ်ပြန်လာပြီး အဘိုးချန်ကို အကြောင်းစုံပြန်ပြောပြလိုက်ကြသည်။ မနေ့ကလို မိသားစုတစ်ခုလုံးသည် စိတ်ဓာတ်ကျမနေတော့ဘဲ သည်နေ့တွင် အိမ်၏အငွေ့အသက်က ရွှင်လန်းတက်ကြွနေလေသည်။
ဘေးအခန်းတွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က အချင်းချင်းကြည့်လိုက်ကြသည်။ ယန်ရှန့်က လက်ပိုက်ထားပြီး သူ့မျက်နှာပေါ်တွင် အပြုံးများနှင့် ပြည့်နက်နေတော့သည်။
ရှန်ဖုန်းမင်ကတော့ ပြုံးမနေသော်လည်း သူ့မျက်လုံးများက အလွန်မှ အေးစက်မနေတော့ချေ။