← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အပိုင်း (၄၀.၁)

“မိန်းကလေးကျန်း”

ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် ဘေးအခန်းမှ ထွက်လာကြလေသည်။

ကျန်းယွင်ကျူးက လက်ရှိတွင် စိတ်အခြေအနေ ကောင်းမွန်နေ၏။ သူမက သူတို့ကို လှည့်ပြုံးပြလိုက်သည်။ သူမ၏မျက်လုံးများသည် တောက်ပနေသည့်ရေလို စီးဆင်းနေ၏။ လူများကို ထိုင်းမှိုင်းစေသည့် ဆောင်တွင်းကာလအတွင်းတွင် ယစ်မူးသွားစေတော့သည်။

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် အေးခဲသွားကြတော့သည်။ ထို့နောက်တွင် ယန်ရှန့်က အရင်ဆုံး သတိဝင်လာပြီး မေးလိုက်လေသည်။

“ဒီလားက”

“ ကျွန်တော်တို့ လတ်တလောကမှ ဝယ်ထားခဲ့တာလေ၊ အမလေးဗျာ တကယ်မလွယ်ပါဘူး”

ကျန်းချိန်က တစ်ယောက်ယောက်နှင့် ထိုအကြောင်းကို စကားပြောချင်နေခဲ့သည်။ ထို့ကြောင့် ယန်ရှန့်က မေးလာချိန်တွင် သူက စပြီး စကားဖောင်ဖွဲ့တော့သည်။

ယန်ရှန့်က နားထောင်လိုက်ပြီး တစ်ခါတလေ ကျန်းချိန်စကားကို သံယောင်လိုက်ပေးသည်။ ထူးထူးခြားခြားတော့ မရှိပေ။

ထို့နောက်တွင် ကျန်းယွင်ကျူးက သူ့ကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်က အနည်းငယ် မျက်မှောင်ကျုံ့ထားသည်။ သူမ ဒီအကြောင်းကို အရင်က အများကြီး မတွေးခဲ့ဖူးဘူး။ ဒါပေမဲ့ ကျန်းချိန် ဒီအကြောင်း ပြောနေတာကို ကြားပြီး သူမရှေ့က ဒီလူနှစ်ယောက်ကို တွေ့လိုက်မှ ထူးဆန်းတဲ့အချက်တွေ အများကြီးကို ပြန်စဥ်းစားမိခဲ့တယ်။

တစ်နေ့ထဲမှာ ရုံးတော်က သံသယရှိသူနှစ်ယောက်ကို ဖမ်းပြီး ငွေကိုလည်း သူတို့ကို ပြန်ပေးခဲ့တယ်တဲ့လား။

သူမရဲ့အိပ်မက်ထဲမှာ သူမက ရှတိုင်းပြည်ကြီးမှာ ခုနှစ်နှစ်လောက်နေခဲ့တာပဲ။ ဒီလိုတော်တဲ့အရာရှိမျိုး တစ်ခါမှမတွေ့ခဲ့ဖူးဘူး။

အဲဒါထက် ဒီအကြောင်းကို သေချာစဥ်းစားကြည့်လိုက်ရင် အဓိပ္ပာယ်ရှိမနေဘူး။ အမှုရဲ့ အဓိကတရားခံကို အခုထိ မဖမ်းမိသေးဘူးလေ။ ဒီတော့ အမှုက မပိတ်ရသေးဘူး။ ဒီညစ်ပတ်တဲ့ငွေတွေက....

ကျန်းယွင်ကျူးသည် သူတို့ကို ကူညီခဲ့သူမှာ ရှန်ဖုန်းမင်ဖြစ်နေမလားဟု စဥ်းစားမိလိုက်လေသည်။

သူတို့နှစ်ယောက်က လူကိုယ်တိုင် လှုပ်ရှားလိမ့်မယ်လို့ ယောင်လို့တောင် မတွေးခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ ချီလင်သက်တော်စောင့်အဖွဲ့သာဆိုရင် မနေ့ကတည်းက ဝေ့ခမ်းဖျင်ကို ဖမ်းဆီးပြီးလောက်ပြီ။ ဒီလိုပုံစံမျိုး လုံးဝဖြစ်နေမှာမဟုတ်ဘူး။

သူတို့တွေက တရားသူကြီးမုန့်ကို သတင်းပေးလိုက်တာ အရမ်းဖြစ်နိုင်တယ်။

ကျန်းယွင်ကျူးက ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ကို သေသေချာချာ လေ့လာကြည့်လိုက်ပြီး ရှန်ဖုန်းမင်က သူမကို ကြည့်နေသည်နှင့် သွားဆုံတော့သည်။ သူတို့အကြည့်များ ဆုံသွားသည်။

ကျန်းယွင်ကျူး၏အိပ်မက်ထဲတွင် သူမသည် အန်းဖင်နယ်စားအိမ်တော်၌ ခုနှစ်နှစ်လောက် နေခဲ့သည်။ သူမ၏ စကားလုံးနှင့် ခံစားချက်များကို သိမြင်နိုင်စွမ်းက အတော်လေးကောင်းခဲ့သည်။ သို့သော် သူမ၏ အိပ်မက်ထဲကလိုပင် ရှန်ဖုန်းမင်၏မျက်လုံးထဲတွင် ဘာရှိမှန်းကိုတော့ ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

သူ ကူညီပေးခဲ့တာလား။ သေတော့ မသေချာဘူး။

ရှမင်းဆက်က လူတွေရဲ့သူ့အပေါ်ခံစားချက်တွေက ခပ်မှိန်မှိန်လေးပါပဲ။ ဒါကို သေချာ စဥ်းစားကြည့်မယ်ဆိုရင် သူက လူတွေအပေါ် ဘာမှမလုပ်ခဲ့သလောက်ပဲ။ သူက အဲဒီအရာရှိတွေကိုပဲ သ-တ်ခဲ့တာ။ ဖြစ်နိုင်တာက အရာရှိတွေက သူ့ကို အရမ်းကြောက်ကြလို့ သာမန်ပြည်သူတွေကလည်းက သူ့ကို ကြောက်ကြတာဖြစ်မယ်။

ဒါမှမဟုတ် ချီလင်သက်တော်စောင့်တွေကိုပေါ့။ သူတို့မသိတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူးလေ။ သူတို့ မလုပ်နိုင်တာလည်း မရှိဘူး။ ဒီလိုလူတွေကို သာမန်လူတွေက ကြောက်ကြတာ သဘာဝပဲ။

ကျန်းယွင်ကျူးက သည်ကိစ္စအကြောင်းကို သူ့အား ဖွင့်မေးလိုက်ချင်လေသည်။ စကားလုံးများက ပါးစပ်ဖျားပေါ် ရောက်လာချိန်တွင် ရှန်ဖုန်းမင်တို့နှစ်ယောက်က အခုလောလောဆယ် သူတို့၏ သရုပ်မှန်ကို ထုတ်ပြဖို့ ရည်ရွယ်ချက်မရှိမှန်း သတိရသွားတော့သည်။ သူက ဘယ်လိုမေးလို့ရတော့မှာလဲ။

ရှန်ဖုန်းမင်၏ အကြည့်သည် သူမ၏ ဆွဲဆောင်ခံလိုက်ရပြီး သူမ၏မပွင့်တပွင့်နှုတ်ခမ်းဆီ ကျရောက်သွားလေသည်။ နူးညံ့တောက်ပတဲ့ အနီရောင်နှုတ်ခမ်းလေးတွေပါလား။

ကျန်းယွင်ကျူးက သူမ၏နှုတ်ခမ်းကို ကိုက်လိုက်၏။ သူမ၏စိတ်က စကားပြောရင်း သတိပြန်ဝင်လာတော့သည်။

“ လူကြီးမင်းရှန်၊ လူကြီးမင်းယန် ရှင်တို့ သွားမဲ့အချိန် ကျွန်မကို ကြိုပြောနော်၊ ရှင်တို့တွေ လမ်းမှာစားဖို့ ကျွန်မ ပိုလုပ်ပေးလိုက်မယ်”

သူမ၏ အချက်အပြုတ်လက်ရာ ကောင်းပါသေးသည်ဟု ခံစားမိလိုက်သည်။ သူတို့ရဲ့ တုံ့ပြန်ပုံကို ကြည့်ရင် သူတို့တွေ သဘောကျနေတာပဲ။ သူမက သူတို့ကို ပိုချက်ပေးလိုက်မယ်ဆိုရင်ကော။

သူမ လုပ်ပေးနိုင်တာက ဒါပဲရှိတာလေ။

ယန်ရှန့်သည် အစားအသောက်အကြောင်း ပြောလိုက်သံကို ကြားလိုက်ချိန်တွင် တက်ကြွလာတော့သည်။ သူက ကျန်းယွင်ကျူးကို ချက်ချင်းပြန်ပြောလိုက်၏။

“ မိန်းကလေးကျန်း ကျွန်တော် မင်းကို ဒုက္ခပေးစရာလေးရှိလို့ပါ၊ ပြီးခဲ့တဲ့အခေါက်က မင်း ကျွန်တော်တို့ကို ပေးလိုက်တဲ့ ဝက်အူချောင်းလေ ကျွန်တော့်အမေက အရမ်းသဘောကျနေတာ၊ ယူပြန်သွားပြီး သူ့ကိုပေးချင်လို့ မင်းဆီက ပိုဝယ်လို့ရမလား။

ဪ ရှိသေးတယ်၊ တခြားအရသာရှိတဲ့ အစားအသောက်များရှိရင်လည်း များများရလေ ပိုကောင်းလေပဲ”

အအေးခံ စားလို့ရသည့် ယုန်သားနှင့် အမဲလွှာနှပ်ဖြစ်ဖြစ်ဟု လွှတ်ခနဲ ပြောမိလုလုဖြစ်သွားလေသည်။ သူ့အမေရဲ့ပါးစပ်ကို ပိတ်ဖို့ လှည်းတစ်စီးခေါ်ပြီး ဒါတွေကို မြို့တော်ကို ပြန်ပေးရလိမ့်မယ်။

မဟုတ်ရင် သူ ဒီတစ်ခါပြန်သွားရင် သူ့အမေက သေချာပေါက် သူ့ကို အကြမ်းဖက်တော့မှာလေ။

ပြောပြီးနောက် သူက အင်္ကျီလက်ထဲက ငွေ ၂စကိုထုတ်ပေးလိုက်သည်။ ငွေတစ်၁သည် ၁၀လျန်ရှိလေသည်။ ထို့ကြောင့် စုစုပေါင်းလျန် ၂၀ ရှိသည်။

အများကြီးပါလား။ ကျန်းယွင်ကျူးသည် အစက သူတို့ကို အလကားပေးမည်ဟု ပြောချင်ခဲ့လေသည်။ ဒါပေမဲ့ သူတို့ အများကြီးလိုချင်တာလား။

ယန်ရှန့်က သူမကို ငွေလှမ်းပေးလိုက်၏။

“ ပိုပြီးလုပ်ပေးပါနော်၊ ကျွန်တော်တို့မိသားစုက အစားကြီးကြလို့ပါ”

ကျန်းယွင်ကျူးမှာ ရယ်ရခက် ငိုရခက်ဖြစ်သွားတော့သည်။

“ မင်း ကျွန်တော့်ကို ပုံမှန်စျေးအတိုင်းပဲ ရောင်းလို့ရပါတယ်၊ အရမ်းကို အရသာရှိတဲ့ အစားအသောက်တွေပဲ၊ တခြားသူတွေကို ငွေရှိတာတောင် ဝယ်မစားနိုင်ဘူးလေ” ယန်ရှန့်က ဝင့်ကြွားစွာ ပြောလိုက်လေသည်။

ဒီလောက်ကြီးတဲ့ အလုပ်တစ်ခုတဲ့။ ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် ဘေးမှ လှမ်းကြည့်လိုက်ကြသည်။ ကျန်းယွင်ကျူးမှာ ဘာမှ မပြောနိုင်တော့ချေ။ ထို့ကြောင့် သူမသည် ငွေကိုသာ လက်ခံလိုက်ပြီး စေတနာအပြည့်နှင့် လုပ်ပေးကာ ကူညီလိုက်တော့မည်။

အခန်းထဲ ပြန်ရောင်လာချိန်တွင် အမျိုးသမီးချန်က ငွေနှစ်စကို ကြည့်ပြီး ဝမ်းသာမိသလို စိုးရိမ်နေမိပြန်သည်။ လျန်၂၀ တဲ့။ ကောင်းကင်ပေါ်က ပိုင်မုန့်တွေကျလာသလိုပဲ။ ဒါပေမဲ့ ဒီလောက်များတဲ့ ဝက်အူချောင်းတွေ လုပ်ပြီး သူတို့တွေက ဒါကို ဘယ်တော့မှ စားလို့ကုန်တော့မှာလဲ။

အခုတော့ သူတို့သည် တော်တော်အလုပ်များလာကြသည်။

“ ဝက်အူချောင်းတစ်ခုပဲ မလုပ်ကြရအောင်၊ ဝက်အူချောင်းတွေအများကြီး စားပြီး ငြီးငွေ့သွားလိမ့်မယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ သူမသည် ယန်ရှန့်အတွက် လုပ်ပေးမည့်အရာကို စဥ်းစားထားပြီးသား ဖြစ်လေသည်။ နောက်တစ်ခုက

“ အမေ တကယ်တော့လေ သမီး အမေနဲ့ တိုင်ပင်ချင်တာရှိတယ်၊ လူတစ်ယောက်လောက် ငှားရအောင်”

အခု သူတို့ထမင်းဘူးလုပ်ငန်းက တစ်နေ့ကို ငွေ၅လျန်ကျော်လောက် ပိုရှာနိုင်ပြီလေ။ ဒီလိုခေတ်မှာ အလုပ်သမားငှားက စျေးသက်သာတယ်။ စားဖိုမှူးတစ်ယောက်ငှားရင် စားဖိုမှူးရဲ့ အရည်အချင်းပေါ် မူတည်ပြီး တစ်လကို ငွေ ၄လျန်ကနေ ၂လျန်ဝန်းကျင်လောက်ပဲရှိတာ။ အလုပ်ကြမ်းသမားနှစ်ယောက်ကို ငှားရင် တစ်လကို ငွေ ၂လျန် ၃လျန်လောက်ပဲ ကုန်မယ်။

သူတို့တွေ သေချာပေါက် လူငှားလို့ရတယ်လေ။

“လူငှားမယ်ဟုတ်လား”

အမျိုးသမီးချန်က အံ့ဩသွားသည်။ သူမသည် သည်ကိစ္စကို တစ်ခါမှ မစဥ်းစားခဲ့ဖူးချေ။ အရင်ကဆိုရင် မြို့ပေါ်က မြေပိုင်ရှင်နဲ့ သခင်ကြီးတွေကပဲ လူကို ငှားကြတာလေ။ သူတို့မိသားစုက လူငှားမလို့တဲ့လား။

“ သမီးတို့အခု အရမ်းအလုပ်များလာပြီ၊ တခြားဟာလုပ်ဖို့ အချိန်မရှိတော့ဘူး၊ ကျန်းလင်နဲ့ ကလေးတွေကလည်း ငယ်ကြသေးတယ်၊ သူတို့တွေက သူတို့တစ်ဘဝလုံး အစားအသောက်ပို့ပြီး တောက်တိုမယ်ရအလုပ်လေးပဲ လုပ်နိုင်မှာလား၊ လူနည်းနည်းလောက် ငှားလိုက်တာက ငွေလည်းအများကြီး မကုန်ဘူး သမီးတို့ကိုယ်တိုင် အားလပ်ချိန်ရတာပေါ့။

အမေနဲ့ သမီးက တစ်ခုခုလုပ်ဖို့လည်း စဥ်းစားလို့ရတယ်လေ၊ သမီးတို့ရဲ့ဝင်ငွေက လူငှားဖို့ ကုန်ကျစရိတ်ထက် သေချာပေါက် ပိုဝင်နေပါပြီ။

ကျန်းလင်နဲ့ ကလေးတွေအတွက်တော့ သမီးတို့ ငွေထပ်စုပြီးရင် သူတို့ကို သာမန် ကိုယ်ပိုင်ကျောင်းတစ်ခုကို ပို့ချင်တယ်၊ ကုယန်ကျိုးကလည်း နောက်နှစ်ဆို စာမေးပွဲရှိတယ်၊ ဒီတော့ သမီးတို့ သူ့ကို ဆွဲထားလို့မရဘူးလေ”

ကျန်းယွင်ကျူးက ရှင်းပြလိုက်သည်။ အစပိုင်းက သူတို့ကို စာသင်ပေးရန် ကုယန်ကျိုးအား ခေါ်ထားခြင်းက အဆင်ပြေသလို လုပ်ထားခဲ့ခြင်းပင်။

သူမသည် တစ်ခုချင်းစီကို အကျိုးအကြောင်း သက်သေများနှင့် စာရင်းလုပ်ထားသဖြင့် အမျိုးသမီးချန်ကလည်း မှန်သည်ဟု ထင်သည်။ မှန်ပါတယ်လေ။ မီးမထွန်းတဲ့အလင်းရောင်က ဘယ်လင်းပါ့မလဲ။ ပြီးတော့ မပြောတဲ့စကားတွေကိုလည်း နားမလည်နိုင်ဘူးလေ။ သူမရဲ့ဦးနှောက်က ဘာဖြစ်နေတာလဲ။ ဘာလို့များ လက်ထဲက ငွေနည်းနည်းလေကိုပဲ ကြည့်ပြီး သုံးဖို့ တွန့်ဆုတ်နေရတာလဲ။

“ ဒီကိစ္စကို သမီးရဲ့အဖေနဲ့ တိုင်ပင်ကြမယ်၊ အဆင်မပြေရင် လူတစ်ယောက်လောက် ငှားကြတာပေါ့”

အမျိုးသမီးချန်က ပြန်ပြောလိုက်သည်။

“ ငါ အားလုံးကြားပြီးပြီ၊ ယွင်ကျူးပြောတာ အဓိပ္ပာယ်ရှိတယ်”

ကျန်းချိန် လိုက်ကာကိုတံခါးကို ဖွင့်ကာ အပြင်မှဝင်လာခဲ့သည်။

သို့နှင့် သည်ကိစ္စကို သည်လိုသတ်မှတ်လိုက်တော့သည်_ လူငှားမည်။ တိုက်တိုက်ဆိုင်ဆိုင် ဝက်အူချောင်း လုပ်ရသည်က လူများလိုအပ်လေသည်။

သူတို့သုံးယောက်က ရွာသူကြီးအိမ်သို့ သွားရန် ချက်ချင်းဆုံးဖြတ်လိုက်ကြသည်။ ပထမတစ်ချက်မှာ မနက်ကအကြောင်း ပြောပြပြီး သူ့ကို စိတ်အေးသွားစေရန်နှင့် မနေ့က သူအကူအညီအတွက် ကျေးဇူးတင်စကားပြောရန် ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ရွာထဲတွင် အလုပ်ကြမ်းလုပ်နိုင်သူ ရှိမရှိ မေးဖို့ရန် ဖြစ်လေသည်။ စားဖိုမှူးတစ်ယောက်ဆိုလျှင်တော့ အကောင်းဆုံးပင်။

“သစ်တော်သီးစွပ်ပြုတ် ကျန်သေးလား” မသွားခင် အမျိုးသမီးချန်က မေးလိုက်၏။

ကျန်းယွင်ကျူးက သူမ၏စိတ်ကူးကို နားလည်လိုက်သည်။

“ ရှိသေးတယ်”

ဆောင်းရာသီတွင် ခြောက်သွေ့သည်။ အထူးသဖြင့် မနေ့က ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် အလွန်ဒေါသထွက်ခဲ့ကြသည်။ သည်မနက် ကျန်းယွင်ကျူးက မနက်စာကို သစ်တော်သီးစွပ်ပြုတ် ချက်ပေးပြီး အားလုံး၏ဒေါသမီးကို သက်သာစေချင်ခဲ့သည်။ အခုတော့ မလိုအပ်တော့ပေ။

သူမက မီးဖိုထဲ သွားလိုက်ပြီး အိုးတစ်လုံးထဲ ဖြည့်လိုက်ကာ ကုမိသားစုဆီသို့ သယ်လာခဲ့လိုက်သည်။

ကုယုံသယ်၊ ကုယန်ကျိုးနှင့် အမျိုးသမီးလင် တို့အားလုံး အိမ်တွင် ရှိနေကြသည်။

“အဒေါ် မနက်ပိုင်းမှာ သစ်တော်သီးစွပ်ပြုတ်လေး စားကြည့်ပါအုံး” ကျန်းယွင်ကျူက အမျိုးသမီးလင်အား သစ်တော်သီးစွပ်ပြုတ်ကို လှမ်းပေးလိုက်သည်။

သစ်တော်သီးစွပ်ပြုတ်သည် ကြည်လင်ကာ အစိုဓာတ်အပြည့်နှင့် အရသာချိုသည်။ ဆောင်းတွင်းတွင် စိုပြေနေပုံပေါက်သည်။

အမျိုးသမီးလင်က လက်ခံလိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ သမီးရဲ့အစားအသောက်တွေကို ထပ်ရတော့ အဒေါ် ရှက်မိပါတယ်”

ကုယန်ကျိုးသည် ကျန်းယွင်ကျူးနှင့် တခြားသူများကို စာသင်ပေးသဖြင့် ကျန်းယွင်ကျူးက မကြာခဏဆိုသလို အရသာရှိသည့် ဟင်းလျာများ ပြုလုပ်ပြီး ကုအိမ်သို့ ပို့ပေးခဲ့လေသည်။

“အဒေါ်ရယ် အားနာစရာမလိုပါဘူး၊ ဒါတွေအားလုံးက အိမ်ကလုပ်လာတာပါ” ကျန်းယွင်ကျူးက ပြောလိုက်၏။

အမျိုးသမီးလင်က သစ်တော်သီးစွပ်ပြုတ်ကို ကိုင်ထားသည်။ သူမသည် ကျန်းယွင်ကျူးကို ကြည့်လေလေ ပိုပြီးသဘောကျလာလေလေ ဖြစ်နေတော့သည်။ ကုယန်ကျိုးကလည်း မငယ်တော့ချေ။ ကုယုံသယ်နှင့် အမျိုးသမီးလင်တို့က သူ့လက်ထပ်ပွဲအတွက် အစောကြီးကတည်း ရှာပေးချင်ခဲ့သည်။ တော်တော်များများ ရှာပေးခဲ့ပြီးနောက်တွင် ကုယန်ကျိုးမပြောနှင့် သူတို့နှစ်ယောက်ကပင် ထိုမိန်းကလေးများက သူတို့သားနှင့် မလိုက်ဖက်ဟု ခံစားခဲ့ရလေသည်။

သူမရဲ့သားက အရမ်းချောပြီး စာတတ်ပေတတ်လေ။ စာမဖတ်တတ်တဲ့ တောသူမိန်းမတစ်ယောက်နဲ့ လက်ထပ်ပေးရမှာလား။

ကျန်းယွင်ကျူးကတော့ မတူလေဘူး။ သူမက လှလည်းလှတယ် အချက်အပြုတ်လည်း ကောင်းကောင်းတတ်တယ်။ ကျန်းမိသားစု အဆင်ပြေနေတာကို မြင်ရတော့ သူမတောင် မနာလိုဖြစ်မိတယ်လေ။

ပြီးတော့ ကျန်းယွင်ကျူးက သူ့သားဆီမှာ စာဖတ်သင်ခဲ့တာပဲ။

အဖက်ဖက်ကကြည့်ရင် အရမ်းလိုက်ဖက်တာပဲ။ လက်ထပ်ဖို့ထက် ပိုကောင်းတာမရှိတာတော့ဘူး။ အမျိုးသမီးလင်သည် ကျန်းယွင်ကျူးကို ကောင်းကင်ဘုံ သူတို့မိသားစုအား ချီးမြှင့်င့်သည့် ချွေးမတစ်ယောက်လို ခံစားမိလေသည်။

“ယန်ကျိုး ဘာလို့ ရပ်နေတာလဲ၊ မနေ့က ဝယ်လာတဲ့ တိမ်သားမုန့်တွေ သွားယူပြီး ယွင်ကျူးကို ပေးမြည်းလိုက်အုံးလေ” အမျိုးသမီးလင်က ကုယန်ကျိုးကို ပြောလိုက်၏။

ကုယန်ကျိုးက ပြုံးလိုက်လေသည်။ တော်တော် ပီတိဖြစ်နေသည့်ဟန်ပင်။ သူက အထဲသို့ ဝင်သွားပြီး ကျန်းချိန်နှင့် တခြားသူများအတွက် တိမ်သားမုန့်ကို ယူလာပေးလိုက်သည်။

တိမ်သားမုန့်သည် နှင်းလေးကလို ဖြူဆွတ်နေလေသည်။ အမျိုးသမီးလင်က ကျန်းချိန်နှင့် တခြားသူများကို စားကြည့်ရန် တိုက်တွန်းလိုက်ပြီး သူတို့က တစ်ခုစီယူလိုက်ကြသည်။ အရသာမှာ အလွန်ချိုမြလေသည်။

ထို့နောက်တွင်တော့ လေးနက်သည့်ကိစ္စများကို ပြောဖြစ်လိုက်ကြသည်။ ကျန်းချိန်က မနက်က ဖြစ်ခဲ့သည့်ကိစ္စများကို ကုယုံသယ်အား ပြောပြလိုက်သည်။

ကုယုံသယ်မှာ သူ့စကားကို ကြားလိုက်ရချိန်တွင် အံ့အားသင့်သွားတော့သည်။ ဒါသည် ရုံးတော်က အမှုကိစ္စများကို သည်လိုဖြေရှင်းပေးသည်ကို ပထမဆုံးတွေ့လိုက်ရခြင်းပင်။

ကျန်းမိသားစုသည် ဝူလင်စီရင်စုတွင် ဆွေးမျိုးလည်း မရှိသလို နောက်ခံလည်းမရှိပေ။ နောက်ဆုံး ကျန်းမိသားစုသည် သည်တစ်ကြိမ်တွင် ကံကောင်းသွားသည်ဟု ဆိုနိုင်လေသည်။

ထို့နောက်တွင် ဒုတိယကိစ္စကို ပြောပြလိုက်သည်။ ကုယုံသယ်က ခဏလောက်စဥ်းစားလိုက်ပြီး

“ ရွာမှာ စာဖိုးမှူးတော့ မရှိဘူး၊ အလုပ်ကြမ်းသမားက အမျိုးသမီးလိုချင်တာလား အမျိုးသားလိုချင်တာ”

ကျန်းချိန်နှင့် အမျိုးသမီးချန်တို့နှစ်ယောက်လုံးက ကျန်းယွင်ကျူးဖက်ကို လှည့်ကြည့်လိုက်ကြသည်။ လက်ရှိတွင် သူမသည် မိသားစု၏ ကိစ္စအဝဝကို တာဝန်ယူထားသူဖြစ်လေသည်။

“ဘာပဲဖြစ်ဖြစ် ရပါတယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။ အစားအသောက်ပို့ဖို့နဲ့ စျေးဝယ်ပစ္စည်းတွေကို သယ်ဖို့ပဲလေ။

“ သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ် လုပ်နိုင်ရင် ရပါတယ်”

အစားအသောက် ဝန်ဆောင်မှု ပတ်သက်လာလျှင် ပထမဆုံးအချက်မှာ သန့်ရှင်းမှုရှိရန်ဖြစ်သည်။ ထို့နောက်တွင် အလုပ်ကြိုးစားပြီး လုပ်ချင်ကိုင်ချင်စိတ် ရှိရမည်။

နောက်တစ်ခုကတော့ အရည်အသွေးကောင်းတစ်ခု ဖြစ်ရာ သူဌေးအားလုံးက သူတို့ အလုပ်သမားများဆီက မျှော်လင့်ကြလေသည်။

“ဪ ဒါနဲ့ စာရေးတတ်ဖတ်တတ်သူက လာချင်တယ်ဆိုရင်တော့ အကျိုးအမြတ်က မနည်းစေရပါဘူး”

သူမက ထပ်ပြောလိုက်လေသည်။

“စာဖတ်တတ်ရမယ် ဟုတ်လား၊ ဒါက ရှာဖို့ တကယ်ခက်တာပဲ”

ကုယုံသယ်က ပြောလိုက်၏။ စာတတ်ပေတတ်ဆိုတာ မိသားစုက ချမ်းသာတဲ့အဓိပ္ပာယ်ပဲလေ။ ဘယ်သူက လက်တိုလက်တောင်းအလုပ် လုပ်ချင်မှာလဲ။

“စာဖတ်တတ်ဖို့က ဦးစားပေးအချက် မဟုတ်ပါဘူး” ကျန်းယွင်ကျူးသည် အခြေအနေက သည်လို ဖြစ်နေသည်ကို ခန့်မှန်းမိသဖြင့် ဖိအားမပေးလိုက်တော့ချေ။

“အင်း”

ကုယုံသယ်က ခေါင်းညိတ်လိုက်ပြီး

“ အဆင်ပြေမဲ့သူ တစ်ယောက်နှစ်ယောက်တော့ ရှိမယ်ထင်တယ်၊ မင်းကို ပြောပြမယ်လေ၊ မင်းက သဘောကျတယ်ဆိုရင် ဦးလေး ကူညီပေးပါ့မယ်”

“ကျေးဖူးတင်ပါတယ် သူကြီးရှင့်” ကျန်းယွင်ကျူးက ပြုံးကာ ပြောလိုက်လေသည်။

ကုယုံသယ်သည် ကျန်းယွင်ကျူးကို သဘောကျလေသည်။ ကြည့်လေ။ သူမရဲ့ပါးစပ်မှာ ‘ကျေးဇူးပါ’ဆိုတဲ့ စကားအပြည့်ပဲ။ စိတ်ထားပြည့်ဝပြီး သိတတ်လိုက်တဲ့မိန်းကလေး။

...

အခန်း (၄၀.၂)

သူက ပြောပြလေသည်။ ပထမတစ်ယောက်မှာ ရွာအနောက်ပိုင်းက ဖန်းမိသားစုဖြစ်သည်။ ဖန်းလောင်စစ်က လွန်ခဲ့သည့်နှစ်အနည်းငယ် မိုင်းတွင်းတွင် အလုပ်လုပ်ရင်း ခါး၌ ဒဏ်ရာရခဲ့သည်။ မိုင်းတွင်းက သူ့ကို ငွေတချို့ လျော်ကြေးပေးခဲ့သော်လည်း ထိုငွေက သမားတော်ပြရန်နှင့် ဆေးဖိုးအတွက်သာ လုံလောက်လေသည်။

သူ့မိန်းမက သူပြောပြချင်သည့် နောက်တစ်ယောက်ပင်။

“ဖုန်းမိသားစုက အခုဆို အခက်အခဲဖြစ်နေတာလေ၊ ဒီနှစ်ယောက်က အလုပ်ကြိုးစားပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေပါ၊ ဒါပေမဲ့ ဖန်းလောင်စစ်က သူ့ဒဏ်ရာ ပြန်ကောင်းလာပြီးနောက်ပိုင်းကျတော့ မိုင်းတွင်းက သူ့ကို ထပ်မသုံးတော့ဘူးလေ၊ ဒီတောင်ပေါ်ရွာမှာ လူတစ်ယောက်က မိုင်းတွင်းထဲ မသွားနိုင်ရင် ငွေလုံးဝမရှာနိုင်တာ လူတိုင်းသိတယ်။

တကယ်က ဖန်းလောင်စစ်ရဲ့ကျန်းမာရေးကလည်း ပြန်ကောင်းနေပါပြီ၊ မနှစ်က သူ စပါးသယ်နေတာ မြင်ခဲ့သားပဲ၊ စပါးတစ်အိတ်က ဘယ်လောက်လေးလဲဆိုတာ စဥ်းစားသာကြည့်တော့၊ သူက စပါးအိတ်ကို ဘာပြဿနာမှမရှိဘဲ သယ်နိုင်တယ်လေ။ မိုင်းတွင်းက သူ့ကို ထပ်မသုံးတော့တာကတော့ အရမ်းရက်စက်ပါတယ်”

ကုယုံသယ်က သက်ပြင်းချလိုက်သည်။ ထို့ကြောင့်ပင် သူက ရွှီချင်ရှန့်ကို မိုင်းတွင်းသို့ မသွားခိုင်းခဲ့ခြင်းပင်။ ရွာထဲမှ လူငယ်နှင့် သက်လတ်ပိုင်းလူများက မိုင်းတွင်းတွေ ငွေရှာကြသော်လည်း ကိစ္စတော်တော်များများက သူတို့ထံတွင် လာဖြစ်တတ်ကြသည်။ သူတို့ကိုယ်သူတို့ မထိခိုက်ပါဘူးဟု မည်သူက အာမခံပေးနိုင်ပါမည်နည်း။

ကျန်းယွင်ကျူးသည် သူက ဖုန်းမိသားစုလင်မယားကို သူမအား အမှန်ပင် ထောက်ခံပေးချင်မှန်း ခံစားမိလိုက်သည်။ မဟုတ်လျှင် သူသည် စကားအများကြီး ပြောနေလိမ့်မည်မဟုတ်ပေ။

ဘေးတွင်နားထောင်ရင်း ကျန်းချိန်က စိတ်အေးသွားလေသည်။ သူသည် မိုင်းတွင်းတွင် တစ်လသာ အလုပ်လုပ်ခဲ့ရသည်။ သတ္တုအရိုင်းတုံးကြီးတစ်ခု ကျလာပြီး လူငယ်တစ်ယောက်၏ခြေထောက် ကြေသွားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထိုလူသည် တစ်စုံတစ်ယောက်၏ သား၊ ခင်ပွန်း သို့မဟုတ် အဖေတစ်ယောက် ဖြစ်လိမ့်မည်။ သူသည် အနာဂါတ်တွင် မည်သို့ရှင်သန်မည်ကို မသိရပေ။

ထိုအချိန်က သူသည် သူ့ဆီမှာ တစ်ခုခုလာဖြစ်ခဲ့လျှင် ဘာလုပ်ရပါမည်နည်းဟု မကြာခဏ ဆိုသလိုတွေးဖြစ်လေသည်။

ကံကောင်းလို့ပေါ့.... သူသည် ကျန်းယွင်ကျူးကို ကြည့်လိုက်ပြီး စိတ်ထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်လေသည်။

သူသည် ဖန်းလောင်စစ်ကို အမှန်ပင် တွေ့ချင်ခဲ့သည်။ သူကြီးပြောသလို အမှန်ပင်ဖြစ်နေလျှင် သူ့ကို ငှားရမ်းနိုင်လျှင် ကောင်းလိမ့်မည်။ သို့သော် သူက ဘာတစ်ခွန်းမှ မပြောချေ။ ကျန်ယွင်ကျူး၏အလုပ်ကို သူမကိုယ်တိုင် ဆုံးဖြတ်ရပေမည်။

ကျန်းယွင်ကျူးက ကျန်းချိန်၏အမူအရာကို မြင်ခဲ့ပြီးဖြစ်လေသည်။ သို့တိုင် သူမက ဣန္ဒြေမပျက် ဆက်နေလိုက်ပြီး ကုယုံသယ်က ကျန်သည့်သူများအကြောင်း ပြောပြီးသည်အထိ နားထောင်နေလိုက်သည်။

သေချာသွားတော့သည်။ ဖန်းမိသားစု လင်မယားက အသင့်တော်ဆုံးပင်။ နှစ်ယောက်လုံးက ကျန်းမိသားစုနှင့် အလုပ်လုပ်လျှင် သူတို့သည် အပြန်အလှန် ကူညီပေးနိုင်သည်။

“ ကျွန်မ ဖန်းမိသားစုလင်မယားကို တွေ့လို့ရမလား” ကျန်းယွင်ကျူးက မေးလိုက်၏။

“ရတာပေါ့ အခု တွေ့ချင်လား၊ ဦးလေး မင်းတို့ကို သူတို့နဲ့ ချက်ချင်းလိုက်တွေ့ပေးမယ်လေ”

ကျန်းယွင်ကျူးက ဖန်းမိသားစုလင်မယားကို ငှားဖို့ရာ စိတ်ကူးရှိသည်ဟု ကြားလိုက်သောအခါ ကုယုံသယ်၏ မျက်နှာက အပျော်များ ပြည့်သွားတော့သည်။ ဖန်းမိသားစုသည် သူနှင့် အတိုင်းအတာတစ်ခုအထိ ခင်မင်လေသည်. ဖန်းလောင်စစ်က သူ့အား အလုပ်ရှာပေးရန် ခဏခဏလာတောင်းဆိုတတ်သည်။ ထို့အပြင် သူကလည်း ဘာတစ်ခုမှ မရှာပေးနိုင်ခဲ့ပေ။ အခုတော့ အခွင့်အရေး ရလာသည်။

သူ့ကို ဒုက္ခမပေးရဲသဖြင့် ကျန်းယွင်ကျူးက ထရပ်လိုက်ပြီး

“ ကျွန်မတို့တွေ ဖန်းအိမ်ကို အတူတူသွားကြည့်ကြမလား”

“ကောင်းပြီလေ” ကုယုံသယ်က ထရပ်လိုက်သည်။

အားလုံးက ရွာအနောက်ပိုင်းသို့ လျှောက်သွားလိုက်ကြပြီး မကြာမီ အိမ်တစ်လုံးဆီသို့ ရောက်လာကြသည်။

ဒီအိမ်ထောင်က နည်းနည်းထူးဆန်းတယ်။ ပြီးခဲ့တဲ့ နှစ်နည်းနည်းလောက်ကမှ အသစ်ဆောက်ထားတာနဲ့ တူတယ်။ ဒါပေမဲ့ ခြံဝင်းက အရမ်းယိုယွင်းနေတယ်။ သစ်သားတံခါးနှစ်ချပ်က တံခါးဖြစ်တယ် ဆိုရုံလောက်လေးပဲ။

“ တူကြီး အိမ်မှာရှိလား”

ကုယုံသယ်က အဝေးမှ လှမ်းအော်လိုက်လေသည်။

အိမ်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားသည်။ ခဏကြာတော့ ရိုးရှင်းပြီး ရိုးသားသည့်မျက်နှာတစ်ခုနှင့် ယောက်ျားတစ်ယောက် ထွက်လာခဲ့သည်။ သူ့နောက်တွင် မျက်တွင်းအနည်းငယ်ကျနေသည့် မိန်းမတစ်ယောက် လိုက်ထွက်လာခဲ့သည်။ နောက်တွင် တစ်၊ နှစ်၊ သုံး၊ လေး ကလေး လေးယောက်ထွက်လာသည်။ အကြီးဆုံးတစ်ယောက်မှာ အသက်၁၂နှစ်အရွယ်ဖြစ်ပြီး အငယ်ဆုံးမှာ လမ်းလျှောက်တတ်စလေးသာ ရှိသေးသည်။

ရှေးခေတ်ကာလတွင် မိသားစုတွင် ကလေး ဘယ်နှစ်ယောက် မွေးမည်ဟူ၍ အစီအစဥ်မျိုးမရှိပေ။ တခါတရံ ဆင်းရဲသားများက ကလေးမလိုချင်ကြသော်လည်း ကိုယ်ဝန်ရှိလာပြီးနောက် ကလေး မွေးရတော့သည်။

“သူကြီး”

ဖန်းလောင်စစ်က ကုယုံသယ်ကို ခေါ်လိုက်ပြီးနောက် ကျန်းချိန်နှင့် တခြားသူများကို ကြည့်လိုက်လေသည်။

“ငါတို့အားလုံးက တစ်ရွာထဲမှာနေကြတာပဲ၊ မင်းတို့တွေ တွေ့ဖူးကြမှာပါ၊ ဒါပေမဲ့ အချင်းချင်းတော့ မသိကြဘူးပေါ့”

ကုယုံသယ်က နှစ်ဘက်လုံးကို မိတ်ဆက်ပေးလိုက်လေသည်။ ထို့နောက် သူက ဖန်းလောင်စစ်အား ကျန်းမိသားစု၏ အလုပ်ကြမ်းသမား ငှားချင်သည့်အကြောင်းကို ပြောပြလိုက်လေသည်။

ထိုစကားကို ကြားလိုက်ချိန်တွင် ဖန်းလောင်စစ်မှာ စိတ်လှုပ်ရှားသွားတော့သည်။ သူက ကျန်းချိန်ဘက်ကို လှည့်လိုက်ပြီး

“ ကျွန်တော့်ခါးဒဏ်ရာက ပျောက်သွားပါပြီ၊ အလုပ်လုပ်ဖို့ ဘာပြဿနာမှမရှိပါဘူး၊ ခင်ဗျားမယုံရင် မယုံရင်....”

သူက ဘေးဘီကိုကြည့်လိုက်ပြီး တံခါးက ကျောက်တုံးကြီးတစ်ခုကို တွေ့သွားသည်။ ချက်ချင်းဆိုသလို သူက ထိုကျောက်တုံးကြီးကို ရွှေ့ပြရန် သွားလိုက်တော့သည်။

သူသည် ကျန်းချိန်က ကျန်းမိသားစုကို တာဝန်ယူထားသူဟု ထင်နေခဲ့သည်။

ကျန်းချိန်က သူ့ကို မြန်မြန်တားလိုက်၏။ သူ့အစတုန်းက ကောင်းနေတဲ့ခါးက ဒီကျောက်တုံးကြီးကို ရွှေ့လိုက်မှ ဒဏ်ရာရသွားရင် ဒုက္ခ။

ထို့နောက် ကျန်းချိန်က ကျန်းယွင်ကျူးကို ကြည့်လိုက်လေသည်။

ကျန်းယွင်ကျူးက ဖန်းလောင်စစ်နှင့် သူ့မိန်းမကို အကဲခတ်လိုက်သည်။ သူတို့သည် ဖျင်ကြမ်းအဝတ်အစားများကို ဝတ်ထားသော်လည်း အလွန်သန့်ရှင်းနေသည်။ ကလေးများကလည်း အတူတူပင်။ ကလေးများသည် အဝတ်အစားများ၊ လက်နှင့်မျက်နှာတို့တွင် အပေကျံဆုံး ဖြစ်တတ်မှန်း အားလုံးအသိပင်။ လူကြီးက မသန့်ရှင်းပေးလျှင် သန့်သန့်ရှင်းရှင်း ထွက်လာမည်မဟုတ်ပေ။ ဖန်းမိသားစု၏ ကလေးများသည် အနည်းငယ် ပိုပိန်ကြသော်လည်း သူတို့အားလုံးက သန့်ရှင်းကြလေသည်။ အငယ်ဆုံးလေးအထိပင်။

ခြံထဲတွင် မီးဖိုဆောင်တစ်ခုရှိသည်။ သူမက အတွင်းနှင့်အပြင်ကို စစ်ဆေးကြည့်လိုက်သည်။ အိုးခွက်ပန်းကန်အားလုံးကို သန့်ရှင်းအောင် တိုက်ချွတ်ထားပြီး သပ်သပ်ရပ်ရပ် စီထားလေသည်။ မီးဖိုပေါ်တွင် ပေကျံနေသည်များ တစ်ခုမှမရှိပေ။

ဒါက အရမ်းခက်တာလေ။ လယ်သမားတစ်ယောက်ရဲ့ အိုးကြီး၊ ထင်းနဲ့ ပုံမှန်ချက်ပြုတ်တာက အဲဒီဆီပါတဲ့မီးခိုးငွေ့တွေက ထင်းပေါ်က ဖုန်တွေနဲ့ ရောသွားပြီး မီးဖိုကို ဖုံးသွားနိုင်တယ်လေ။ ကျန်းယွင်ကျူးက ခံစားမိလိုက်သည်။ အသန့်အရှင်း အလွန်ကြိုက်သူများက ဖန်းမိသားစုလို လုပ်နိုင်လိမ့်မည်။

သူမသည် လင်မယားနှစ်ယောက်ကို တော်တော်သဘောကျသွားလေသည်။ ထို့ကြောင့် သူတို့က သူမတို့မိသားစုအတွက် အလုပ်လုပ်လိုသလားဟု မေးလိုက်တော့သည်။

ဖန်းလောင်စစ်နှင့် သူ့မိန်းမတို့သည် ဆန္ဒရှိသည်ထက်ပင် ပိုသေးသည်။ မိသားစုတွင် ကလေးများစွာ ရှိနေသည်။ စားသောက်ဖို့အတွက်က ပြဿနာကြီးတစ်ခုပင်။

ကျန်းယွင်ကျူးက အရင်ဆုံး သုံးရက်အလုပ်လုပ်ပေးဖို့ တောင်းဆိုလိုက်သည်။ နှစ်ဖက်လုံးက ပြဿနာမရှိလျှင် သူတို့ကို ငှားရမ်းလိမ့်မည်။

စျေးကလား။ နှစ်ယောက်လုံးကို ငှားခဲ့လျှင် ငွေ၆လျန်ရမည်။

သည်စျေးက အမှန်ပင် မနိမ့်ပေ။ မိုင်းတွင်းသို့သွားလျှင်လည်း တစ်လ ၆လျန်ပင်။ ဒါသည် ပင်ပန်းပြီး အန္တရာယ်များသည့် အလုပ်ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူက သူတို့ကို လိုချင်မှ လိုလိမ့်မည်။ အခုတော့ လင်မယားနှစ်ယောက်လုံး အလုပ်ကြမ်းသမား လုပ်လျှင်လည်း စုစုပေါင်း ၆လျန် ရှာနိုင်မည်။ ထို့အပြင် အိမ်နှင့်လည်း နီးသေးသည်။ သည်ထက်ကောင်းသည့်အလုပ်ကို ထပ်ရှာနိုင်တော့မည် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

ဖန်းမိသားစုလင်မယားက စကားအရာ မကျွမ်းကျင်ကြပေ။ သူတို့သည် ကျန်းယွင်ကျူးကို ကျေးဇူးတင်စကားသာ ဆက်တိုက်ပြောနေကြသည်။ ကျန်းယွင်ကျူးနှင့် ကုယုံသယ်တို့ကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် သူတို့က ကျန်းချိန်နှင့် အမျိုးသမီးချန်ကိုပါ ကျေးဇူးတင်စကား ပြောလိုက်ကြသေးသည်။

“အလုပ်ကြိုးစားနော်၊ နောက်ကျရင် ဒီခြံကို ပြန်ဆောက်ပေါ့” ကုယုံသယ်က သူတို့ကို ပြောလိုက်လေသည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူကြီး”

ဖန်းလောင်စစ်က ကျေးဇူးတင်စကားကို နောက်တစ်ချီစပြောပြန်သည်။

ကျန်းယွင်ကျူးက သူတို့ ဘယ်တော့လောက် အလုပ်လာနိုင်မလဲဟု မေးလိုက်သည်။ နှစ်ယောက်လုံးက မဆိုင်းမတွဘဲ အခုချက်ချင်း အလုပ်ဆင်းနိုင်သည်ဟု ပြောလေသည်။

ကျန်းယွင်ကျူးက သည်နေ့ စီရင်စုမြို့သို့ သွားရမည်ကို စဥ်းစားလိုက်မိသည်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့သည် နေ့လယ်ခင်းအတွက် ချက်ပြုတ်ရန် အချိန်မီလေးသာဖြစ်နေသည်။ သူတို့အကူအညီရလျှင် အဆင်ပြေလိမ့်မည်။ ထို့ကြောင့် သူမက သဘောတူလိုက်တော့သည်။

နှစ်ယောက်သားသည် နောက်သို့လှည့်လိုက်ပြီး ကလေးများကို မှာစရာရှိတာ မှာလိုက်ကြပြီးနောက် ကျန်းယွင်ကျူးနောက်သို့ လိုက်သွားလေတော့သည်။

သည်အခိုက်လေးတွင် ဘေးက ခြံဝင်းတံတိုင်းနောက်က လူတစ်ယောက်က မေးလာသည်။

“ နင်တို့တွေက ကျန်းကျီစားသောက်ဆိုင်ကလား”

အားလုံးက ထိုစကားကိုကြားလိုက်ပြီး ထိုနေရာလှမ်းကြည့်လိုက်ကြသည်။

ဖန်းအိမ်တံတိုင်းက နိမ့်လေသည်။ ခြံဝင်းဘေးက တံခါးနားတွင် အသက် ၁၃-၁၄နှစ်အရွယ် ကောင်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကောင်လေး၏ မျက်ခုံးနှင့် မျက်လုံးတိုသည် အသက်ဝင်နေလေသည်။ မျက်ခုံးက ကုယန်ကျိုးနှင့် တော်တော်တသည်။ သူက ခေါင်းလေးကို ပြူထွက်လာပြီး သူတို့ရှိရာဖက်သို့ ကြည့်နေလေသည်။

“ကောင်စုတ်လေး မင်းဘာလုပ်နေတာလဲ”

ကုယုံသယ်က ကောင်လေးကို တွေ့လိုက်နှင့်တပြိုင်နက် ထအော်တော့သည်။

ကောင်လေးက သူကို လျစ်လျူရှုထားသည်။ သူက ကျန်းယွင်ကျူးကို ကြည့်ကာ မေးလိုက်လေသည်။

“ အစ်မ လူငှားလိုချင်လို့လား”

သူ ခုနတုန်းက ခြံဝင်းထဲမှာ ပြောနေတာ အကုန်ကြားလိုက်တယ်လေ။ ကျန်းယွင်ကျူးက ဆုံးဖြတ်တဲ့သူဆိုတာကိုလည်း သူသိတယ်။

“ဟုတ်တယ်” ကျန်းယွင်ကျူးက ပြန်ဖြေလိုက်သည်။

ကောင်လေးက သူမကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်ပြီး မေးလိုက်ပြန်သည်။

“ ကျွန်တော့်ကို ငှားပါလား”

ကျန်းယွင်ကျူးက ကုယုံသယ်ဖက် လှည့်ကြည့်လိုက်၏။ ဒါက ဘယ်သူလဲ။

“ကျုပ်တူလေးပါ၊ စာကျတော့ ကောင်းကောင်း မသင်ဘူး”

ကုယုံသယ်က ဒေါသထွက်ထွက်နှင့် ပြောလိုက်၏။

“ ငါ နောက်မှ မင်းအဖေကို ပြောအုံးမယ်၊ မင်းအဖေ မင်းကို ရိုက်မရိုက် ကြည့်နေလိုက်”

ကောင်လေးက ရှုံ့မဲ့သွားပြီး

“ဦးကြီး ကျွန်တော်လည်း အစ်ကိုယန်ကျိုးလို ဖြစ်ချင်ပါတယ်၊ ကျွန်တော့်ကို တွေ့တဲ့တိုင်းသူက ကျွန်တော့်ကို ချီးကျူးကြလိမ့်မယ်၊ ဒါပမဲ့ ကျွန်တော် တကယ်စာမလေ့လာနိုင်ဘူးဗျ၊ ဦးကြီးမှ မသိဘဲ၊ အဲဒီမှာ နေ့တိုင်းသွားထိုင်နေရတာ နှိပ်စက်ခံနေရသလိုပဲ။

တစ်ခါတလေ ကျွန်တော်စဥ်းစားကြည့်တယ်၊ ကျွန်တော့် တစ်ဘဝလုံးသာ စာပဲလေ့လာနေရင် ကျွန်တော် ဒီအတိုင်းသေသွားနိုင်တယ်ဗျ”

“ အမလေး မင်းက ငယ်ငယ်လေးပဲရှိတာကို၊ ဘာသေမယ်၊ ရှင်မယ်နဲ့၊ မင်း စာကြိုးတာပဲ ပိုကောင်းမယ်”

ကုယုံသယ်က ပြောလိုက်ပြီး သူ့ကို ဆုံးမဖို့ စဥ်းစားလိုက်တော့သည်။

ကောင်လေးက ကျန်းယွင်ကျူးကို အလောတကြီး တောင်းပန်လေသည်။

“ကျွန်တော့်ကို ငှားပါဗျာနော်၊ ကျွန်တော် စာဖတ်တတ် ရေးတတ်ပါတယ်၊ ကျွန်တော် စာရင်းလည်း လုပ်တတ်တယ်၊ အစ်မ ကျွန်တော့်ကို.... ဟာ ဦးကြီး ၊ ဦးကြီး....”

ကောင်လေးက မြန်မြန်ပြေးထွက်သွားတော့သည်။

ကျန်းယွင်ကျူးက သူ့ကျောပြင်ကိုကြည့်ရင်း ပြုံးလိုက်လေသည်။ ဒီကလေး ပြေးသွားတာ မြန်လိုက်တာ။

...

အပိုင်း (၄၁.၁)

ကျန်းယွင်ကျူးတို့အဖွဲ့သည့် အိမ်သို့ပြန်လာပြပြီး နေ့လယ်စာချက်ပြုတ်ရန် ချက်ချင်း ပြင်ဆင်လိုက်ကြသည်။ ဖန်းလောင်စစ်နှင့် သူ့မိန်းမတို့သည်လည်း သွက်သွက်လက်လက် ရှိလှသည်။ သူတို့သည် အလုပ်တိုင်းကို အားတက်သရာ သဲကြီးမဲကြီးလုပ်ကြလေသည်။ ကျန်းယွင်ကျူးနှင့် အမျိုးသမီးချန်တို့သည် ပိုပြီးသက်သာလာတော့သည်။

ချက်ပြုတ်နေစဥ် ထိုလူငယ်လေး ကုချီဖုန်းက ထပ်ရောက်လာပြန်သည်။ သူသည် ခြံထဲက ဟင်းရနံ့များကို ရှူရှိုက်လိုက်ပြီး မီးဖိုဆောင်ထဲတွင် အလုပ်များသည့် ကျန်းယွင်ကျူးကို သွားရည်တမြားမြားနှင့် ပြောလိုက်တော့သည်။

“ အစ်မ ကျွန်တော့်ကို ငှားလို့ရပါတယ်၊ ကျွန်တော် လခအများကြီး မလိုချင်ပါဘူး၊ ကျွန်တော့်ကို တစ်လ ၂လျန်ပဲပေးပါ၊ မဟုတ်ဘူး၊ ၁လျန်ပဲပေး”

ကျန်းယွင်ကျူးက သူ့ကို အချိန်ပေးကာ ပြည့်လိုက်ပြီး တွေဝေမနေဘဲ ငြင်းလိုက်တော့သည်။

“မငှားဘူး”

သူ့အသက်အရွယ်လေးနဲ့ ကလေးအလုပ်သမား ဖြစ်သွားမှာပေါ့။ ပြီးတော့ သူ့မိသားစုက သူ့ကို စာလေ့လာပြီး တော်ဝင်စာမေးပွဲ ဖြေစေချင်နေတာကို။ သူ့ကို ငှားလိုက်ရင် ပြဿနာရှာသလို ဖြစ်သွားမှာပေါ့။

“ဒါဆို ကျွန်တော် တစ်ပြားမှမလိုဘူး၊ ဟုတ်ပြီလား၊ အစ်မက ကျွန်တော့်ကို တစ်ရက် သုံးနပ်ကျွေးရင် ရပြီ” ကုချီဖုန်းက ပြောလိုက်သည်။

“ ဒါလည်း မရဘူး” ကျန်းယွင်ကျူးက ပြောလိုက်၏။

ကုချီဖုန်းသည် သူမက သူ့ကို မငှားဖို့ရာ ဆုံးဖြတ်ထားမှန်း နားလည်သွားတော့သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ့မျက်လုံးများက ဝေ့သွားပြီး တစ်ချက်အကြည့်တွင် ရုတ်တရက်ဆိုသလို ကျန်းလင်ကို သတိထားမိသွားတော့သည်။ သူက ချက်ချင်း ထိုနေရာသို့ ရောက်သွားတော့သ်ည။

သူသည် ကျန်းလင်နှင့် ရွယ်တူနီးပါး ဖြစ်လေသည်။ မကြာလိုက်ပေ နှစ်ယောက်သားက ခင်မင်သွားကြပြီး သူငယ်ချင်းလို စကားဖောင်ဖွဲ့နေကြတော့သည်။

ကျန်းလင်က အစားအသောက်များ ပြင်ဆင်ပေးရင် အလုပ်များနေစဥ် သူက ကူညီပေးသည်။ ကျန်းလင်နှင့် ဖန်းလောင်စစ်တို့က လှည်းကိုတွန်းပြီး အစားအသောက်သွားပို့ချိန်တွင် သူက နောက်မှ လိုက်သွားသည်။

ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်ပြီး အမျိုးသမီးချန်ကို ကြည့်လိုက်လေသည်။

“ ဒီလိုလုပ်မယ်လေ၊ သူတို့မိသားစုကို နောက်မှ သွားပြောပြီး သူတို့ကို လာခေါ်ခိုင်းလိုက်မယ်”

“အင်း” အမျိုးသမီးချန်က သဘောတူလိုက်၏။

ကျန်းယွင်ကျူးက သူ့ကို ဆက်ပြီး အာရုံမစိုက်တော့ပေ။ သူက ဆယ်ကျော်သက်လေး တစ်ယောက်ပဲလေ။ နှစ်ရက်လောက်နေရင် ငြီးငွေ့သွားပြီး သူ့ဟာသူ ထွက်သွားမှာပါ။

နေ့တိုင်း ကျန်းအိမ်၏ အချက်အပြုတ်နှင့် အစားအသောက်ပို့ခြင်းအလုပ်က စစ်ပွဲတစ်ခု တိုက်နေရသည့်နှယ်။ သည့်နေ့ ဖန်းလောင်စစ်နှင့် သူ့မိန်းမတို့ရှိနေ၍သာ ပိုပြီးလွယ်ကူလာခဲ့သည်။ အမျိုးသမီးချန်သည် ကျန်းယွင်ကျူးက သူမ လုပ်သည့်အရာတိုင်းတွင် အကျိုးအကြောင်းသင့်သည်ကို ပိုပိုပြီး ခံစားမိလာခဲ့သည်။

ကျန်းယွင်ကျူးက ပိုပြီးအေးဆေးသက်သာ ဖြစ်ချင်ခဲ့သည်။ စားသောက်ပြီးနောက် သူမက ကျန်းချိန်ကို ပြောလိုက်၏။

“ အဖေ စီရင်စုမြို့ကို ခဏလောက်သွားပြီး လှည်းတစ်စီးလောက် သွားဝယ်ကြရအောင်၊ ပြီးတော့ သမီးလည်း မြို့မှာ သင့်တော်တဲ့ စာဖိုမှူးတစ်ယောက်လောက် ရှာချင်သေးတယ်၊ မြို့ရောက်တုန်းက ဝက်အူနဲ့ ဝက်သားနည်းနည်းလောက် ဝယ်ကြမယ်”

ဝက်အူချောင်းလုပ်ရန်အတွက် ဖြစ်သည်။

ဝက်အူချောင်းက စားလို့မရသေးခင် ရက်အနည်းငယ်လောက် အခြောက်ခံထားဖို့ရန် လိုအပ်သည်။ ဒါကို ကြိုပြီးလုပ်ထားမှရမည်။

ယန်ရှန့်၏ အမှာစာအတွက် လျန်၂၀တွင် ကျန်းယွင်ကျူးက ပုံမှန်စျေးနှင့် ၇-၈လျန်လောက် ရှာနိုင်သည်။ သူနှင့် ရှန်ဖုန်းမင်တို့က ဝေ့ခမ်းဖျင် ကိစ္စကို ကူညီပေးခဲ့သည်ဟု ကျန်းယွင်ကျူးက သေချာမသိသော်လည်း သူမက သူ့ကို ပိုကောင်းသည့်အရောင်းအဝယ်တစ်ခု လုပ်ပေးဖို့ ဆုံးဖြတ်ထားသည်။

သည်နည်းဖြင့် သူတို့သည် ၄-၅လျန်လောက် ရှာနိုင်မည်။ လှည်းတစ်စီးဝယ်ဖို့ရန်အတွင် လိုတာထက်တောင် ပိုသေးသည်။

ကျန်းချိန်၏ မျက်နှာသည် အံ့ဩမှုအပြည့်ဖြစ်သွား၏။ လှည်တစ်စီးသာရှိရင် သူ လုပ်ငန်းကြီးတစ်ခုကို လုပ်နိုင်တော့မှာပဲ။

“ ဪ ဟုတ်သားပဲ တစ်ရှိသေးတယ်၊ ခဏနေကျရင် အဘိုးကိုလည်း သမီးတို့နဲ့အတူခေါ်သွားကြမယ်၊ သူ့မျက်လုံးကို သမားတော်နဲ့ ပြကြည့်ချင်တယ်”

ကျန်းယွင်ကျူးသည် သည်ကိစ္စကို သူမ၏စိတ်ထဲတွင် အမြဲထည့်ထားခဲ့သည်။ သို့သော် သူမ၏မိသားစုသည် အရင်က ခက်ခဲခဲ့သဖြင့် သူမမှာ ဒီစကားကို မပြောနိုင်ခဲ့ပေ။

အခုတော့ ဒီကိစ္စကို လုပ်ရမည့်အစီအစဥ်ထဲ ထည့်ထားသင့်သည်။

ထိုစကားကို ကြားလိုက်ရပြီးနောက် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် နှစ်သိမ့်မှုရသွားသလို တစ်ချိန်ထဲတွင် မလုံမလဲ ဖြစ်သွားတော့သည်။ သူတို့တွေ ဘာလို့ ဒီကိစ္စကို မတွေးခဲ့မိကြပါလိမ့်နော်။ လူတစ်ယောက်ရဲ့သားသမီးအနေနဲ့ သူတို့တွေ လျစ်လျူရှုထားခဲ့မိတယ်။

အမှန်တွင်တော့ သူတို့ကို အပြစ်ဆိုလို့မရပေ။ သူတို့သည် အစောပိုင်းနှစ်များက သမားတော်တစ်ယောက်နှင့် အဘိုးကို ပြခဲ့ကြသေးသည်။ သို့သော် ဆေးသောက်ပြီးနောက်တွင်ပင် ပြန်မကောင်းလာခဲ့ချေ။

နောက်ပိုင်း အဘိုးချန်က ကုသမှု မခံယူချင်တော့ပေ။ ထို့ကြောင့် သူက လွှတ်ထားလိုက်တော့သည်။

အခုတော့ ဘဝက ပိုကောင်းသည်ထက် ပိုကောင်းလာခဲ့ပြီ။ အမျိုးသမီးချန်က အဘိုးချန်အတွက် သမားတော်ကောင်းတစ်ယောက် ရှာပေးရန် အမှန်တကယ်အချိန်ကျလာပြီဟု ခံစားလိုက်မိသည်။

သူတို့သုံးယောက်က အဘိုးချန်ဆီ အတူတူသွားလိုက်ကြပြီး သူ့ကို သည်အကြောင်း ပြောပြလိုက်လေသည်။

သူ့အတွက် သူတို့က အများအပြားစဥ်းစားပေးသည်ကို သိလိုက်ရသဖြင့် အဘိုးချန်က နှလုံးသားထဲတွင် နွေးထွေးသွာတော့သည်။ သို့သော် သူက လက်ယမ်းပြလိုက်၏။ နှစ်တွေအကြားကြီးနေလာပြီးပြီလေ။ သူ ဒါကို နေသားကျနေပါပြီ။ သူနေနိုင်ရင်လည်း နောက်နှစ်နည်းနည်းပါးပါးပေါ့။ ဒီတော့ အဲဒီငွေတွေကို ဘာလို့ အလကားအကုန်ခံနေမှာလဲ။

အမှန်ပင်။ ကျန်းချိန်တို့သုံးယောက်က လက်မခံကြပေ။ သူတို့သည် အဘိုးချန်ကို အတူတူ ဆွဲခေါ်လာခဲ့ကြတော့သည်။

အရင်ဆုံး လှည်းတစ်စီး သွားဝယ်ကြမယ်။ လူတစ်ယောက်မှာ ငွေရှိရင် ကိစ္စတွေက ဖြေရှင်းရ ပိုလွယ်တာပဲ။ တော်တော်ကြီးမားသည့် ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ကြသည်။ ကျန်းချိန်က လှည်းတစ်စီးကို ချက်ချင်း သဘောကျသွားသည်။ သူတို့တွင် တိုက်တိုက်ဆိုင်ဆိုင် လားလည်းပါလာခဲ့ကြသည်။ လှည်းကို စမ်းဆင်ကြည့်လိုက်ကြသည်။ ကွက်တိပင်။

“ဒါဆို ဒီလှည်းပဲ ယူလိုက်မလား”

ကျန်းချိန်က ကျန်းယွင်ကျူးကို စုံးစမ်းသလိုမေးလိုက်၏။

ကျန်းယွင်ကျူးကလည်း အဆင်ပြေသဖြင့် သူတို့က ဆိုင်ရှင်ကို ၄လျန်ပေးလိုက်လေသည်။

ဒီတစ်ခါတော့ သူတို့သည် လားလှည်းတစ်စီး ပိုင်သွားကြပြီ။ ကျန်းချိန်က လားလှည်းကို မောင်းလာခဲ့သည်။ ကျန်းယွင်ကျူးနှင့် အဘိုးချန်တို့က လှည်းထဲတွင် လိုက်ပါလာပြီး မြို့တောင်ဘက်သို့ ဝမ်းသာအားရ ထွက်လာခဲ့လိုက်ကြသည်။

သူတို့သည် ခုနက ဆိုင်ရှင်းထံတွင် စုံစမ်းခဲ့ပြီး မြို့၏အကောင်းဆုံးသမားတော့မှာ ထာဝရသက်ရှည်ဆေးခန်းက သမားတော်ကျင်း ဖြစ်လေသည်။ သူသည် မြို့တော်က ပြန်လာပြီး သူ့ဆေးပညာကလည်း ထူးခြားသည့်ဟု ကြားခဲ့ရသည်။

ကျန်းယွင်ကျူးက သည်တစ်ခေါက်သွားလျှင် သမားတော်နှင့်တွေ့ရဖို့ မျှော်လင့်ထားလေသည်။ အဘိုးချန်က နားထောင်နေလိုက်ပြီး သူ့စိတ်တို့က အနည်းငယ် လှုပ်ရှားသွားလေသည်။ မျက်လုံးမြင်နေရာမှ ရုတ်တရက် မမြင်ရတော့ခြင်းမှာ သာမန်လူနားလည်နိုင်စွမ်းထက် ကျော်လွန်သည့် နာကျင်မှုတစ်ခုပင်။

သူသည် မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး လောကကြီးကို တစ်ဖန်ပြန်ကြည့်နိုင်လျှင် သူသည် နောင်တကင်းကင်းနှင့် သေနိုင်ပြီဟု ခံစားမိသည်။

မြို့၏ အကောင်းဆုံးသမားတော်ဆိုသည့်အတိုင်း သမားတော်နှင့်တွေ့ရဖို့ ငွေ ၁လျန်ပေးရသည်။ ထို့အတွက် လူတန်းရှည်ကြီးတစ်ခုကလည်း ရှိနေသည်။

“ မပြတော့ဘဲ ပြန်ကြစို့လေ” အဘိုးချန်က နောက်ဆုတ်ချင်သည်။

“အဖေ ကျွန်တော်တို့ ဒီအထိတောင် ရောက်လာခဲ့ပြီးပြီလေ”

ကျန်းချိန်က ရှေ့နှင့်နောက်ကလူများကို ကြည့်လိုက်ပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။

“ အဖေ ဒီမှာ တန်းစီနေလိုက်မယ်၊ သမီးက အဘိုးကို လှည်းဆီခေါ်သွားပြီး ခဏသွားနားလိုက်၊ အဖေတို့အလှည့် ရောက်ရင် သမီးကို ခေါ်လိုက်မယ်”

သူသည် လက်ရှိတွင် ပျော်ရွှင်ဖွယ်ကိစ္စများကြောင့် စိတ်အားတက်ကြွနေပြီး တစ်ယောက်ထဲ စကားပြောလိုက်လေသည်။

ဆောင်းတွင်းဆိုရင် လမ်းပေါ်မှာက အေးပြီး လေကလည်း ကြမ်းတယ်လေ။ ဒီနေရာမှာ မလှုပ်မရှားဘဲ ရပ်နေရင် ခဏလောက်နေတာနဲ့ အအေးမိသွားလိမ့်မယ်။ ကျန်းချိန်သည် သူ့ကိုယ်သူ ကျန်းမာသည်ဟု ခံစားမိပြီး မစိုးရိမ်ပေ။ သို့သော် ကျန်းယွင်ကျူးနှင့် အဘိုးချန်တို့က ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

ကျန်းယွင်ကျူးက လက်ခံလိုက်ပြီး အဘိုးချန်ကို တွဲကာ လှည်းဆီသို့ပြန်လာခဲ့ကြသည်။

သူတို့နှစ်ယောက်သည် လှည်းပေါ်တွင် ထိုင်ချလိုက်သည်နှင့်တစ်ပြိုင်နက် နောက်ထပ်လှည်းတစ်စီး ရောက်လာပြီး သူတို့ဘေးတွင် ရပ်လိုက်လေသည်။

လှည်း၏ခန်းဆီက မြင့်တက်သွားပြီး မိန်းမလှလေးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ ထိုမိန်းမလှလေးသည် အသက်၂၀လောက်သာ ရှိသေးပြီး တိမ်စိုင်ဆံထုံးနှင့် နဖူးကျယ်ကာ သွယ်လျလျမျက်ခုံးများ ပိုင်ဆိုင်ထားသည်။ နူးညံ့သိမ်မွေ့သည့် အလှမယ်လေးတစ်ယောက်ပင်။ သူမသည် ကုရှီနတ်သမီးနှင့် တူလှသည်။ အထူးသဖြင့် သူမသည် အဖြူရောင်ဝတ်ရုံကို ဝတ်ထားပြီး ခေါင်းတွင် အဖြူရောင်ပန်းများကို ပန်ထားလေသည်။ သူမသည် တစ်စုံတစ်ယောက်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် လုပ်ပေးနေသယောင်။ သူမသည် ပိုပြီးမြင့်မြတ်ထူးခြားဖွယ် စိတ်ခွန်းအားပေးနေသည့်နှယ်။

ရှုထောင့်ကြောင့် ကျန်းယွင်ကျူးသည် သူမ၏မျက်နှာကို မြင်လိုက်ရလေသည်။ သူမသည် နှစ်ခါပြန်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ နောက်ဆုံး အားလုံးက ချောမောသည့် လူများကို မြင်ရသည်ကို သဘောကျကြလေသည်။

ကျီစန်းညန်ကလည်း ကျန်းယွင်ကျူးကို တွေ့လိုက်သည်။ သူမသည် အခိုက်တန့် အေးခဲသွားပြီးနောက် ကျန်းယွင်ကျူးကို ခေါင်းညိတ်ပြလိုက်ကာ ခပ်ရေးရေးအပြုံးတစ်ခု ပြုံးပြလိုက်လေသည်။

ကျန်းယွင်ကျူးက အနည်းငယ် အံ့ဩသွားတော့သည်။ သူမကို ကြည့်ရတာ ရင်းနှီးလို့ မလွယ်တဲ့ပုံပါပဲ။ သူမက သူ့(မ)ကို အဲလော က်သဘောကောင်းပြလိမ့်မယ်လို့ လုံးဝမထင်ထားဘူး။

သူ(မ)ကလည်း သူမကို နေရောင်အောက်က စမ်းချောင်းပမာ ပြန်ပြုံးပြလိုက်လေသည်။

ကျီစန်းညန်က မျက်နှာလွဲလိုက်ပြီး ဆေးညွှန်းကို ထုတ်လိုက်ကာ လှည်းမောင်းသမားကို လှမ်းပေးလိုက်ပြီး

“စုန့်လီ ဆေးသွားယူလာခဲ့”

“ဟုတ်ကဲ့ပါ သခင်မ” စုန့်လီက ဆေးညွှန်းကို ယူလိုက်ပြီး ထာဝရသက်ရည်ခန်းမထဲ ဝင်သွားလိုက်သည်။

ထို့နောက်တွင် လှည်းခန်းဆီးက ပြန်ကျသွားလေသည်။

ကျန်းယွင်ကျူးက သည်ကိစ္စကို စိတ်ထဲမထားလိုက်ချေ။ သည်အတိုင်း လမ်းကြုံတွေ့လိုက်ခြင်းပင်။

လှည်းထဲတွင် ထိုင်ရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လမ်းတစ်ဖက်က ဖက်ထုပ်ပြုတ်ဆိုင်ကို သတိထားမိသွားသည်။ ဖက်ထုပ်ရောင်းသူမှာ ငယ်ရွယ်သည့် အိမ်ထောင်သည် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အလွန်ဖြူစင်ပြီးသိမ်မွှေ့လှသည်။ ဖြူဖွေးသည့်အသားအရေနှင့် တော်တော်လည်းလှသည်။

ဖက်ထုပ်ပြုတ်စားနေသူများနှင့် ဖြတ်သွားဖြတ်လာများက သူမကို မကြာခဏဆိုသလို ကြည့်တတ်ကြသည်။

ကျန်းယွင်ကျူးက အံ့ဩသွားသည်။ ဒီနေ့ဘာဖြစ်နေတာပါလိမ့်။ ချောမောတဲ့သူတွေနဲ့ပဲ တွေ့နေရတာပဲ။

သူမသည် အလုပ်များနေသည့် အမျိုးသမီးငယ်လေးနှင့် အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်အိုး ကြည့်ရင်း သူမသည် နောက်ထပ်တိုးချဲ့ရန် စီရင်စုမြို့သို့ လာလျှင်ကောင်းမလားဟု စဥ်းစားလိုက်လေသည်။ မိုင်းတွင်းနားက လုပ်ငန်းကလည်း အဲလိုပဲ။ တောင်ခြေမှာ စားသောက်ဆိုင်တစ်ခု ဆောက်နိုင်ရင် ပိုကောင်းတယ်။ သူမ စုံစမ်းကြည့်လိုက်တော့ တောင်ခြေက မြေတွေအားလုံးက နန်းတော်ပိုင်မြေတွေတဲ့။ လူတွေကို သီးသန့်ပိုင်ဆိုင်ခွင့် မပေးထားဘူး။ ဒါကြောင့် သူတို့လည်း ထမင်းဘူးလုပ်ငန်းကိုပဲ လုပ်နိုင်ခဲ့တာ။

စီရင်စုမြို့ကိုလာရင်တော့.... တစ်ချက်က အရင်းအနှီးလိုတယ်။ နှစ်အချက်က ဘာလုပ်ငန်း လုပ်မယ်ဆိုတာကို စဥ်းစားရမယ်။

တကယ်တော့ စီရင်စုမြို့ကို လာတာက အကျိုးပိုရှိတယ်။ အနည်းဆုံး ပစ္စည်းတွေဝယ်ရတာ အဆင်ပြေတယ်လေ။

ကျန်းယွင်ကျူး၏စိတ်တို့သည် ပျံ့လွင့်နေပြီး ဖက်ထုပ်ဆိုင်ထောင့်က ယောက်ျားတစ်ယောက်သည် ခေါင်းကို ဘေးဘီလှည့်ကြည့်လိုက်ပြီး သူ့လက်များနှင့် သူခန္ဓာကိုယ်ကို ပုတ်လိုက်သည်ကို တွေ့လိုက်ရလေသည်။ မကြာမီ သူသည် ပန်းကန်လုံးထဲသို့ တစ်ခုခုကို ထည့်လိုက်တော့သည်။

ထို့နောက် သူက စားပွဲကိုပုတ်လိုက်ပြီး အော်ဟစ်တော့သည်။

“သူဌေး ခင်ဗျားရဲ့ဖက်ထုပ်က မသန့်ရှင်းပါလား”

ဖက်ထုပ်ရောင်းသော အမျိုးသမီးငယ်လေးမှာ အလန့်တကြားဖြစ်သွားတော့သည်။ သူမက မြန်မြန် ရောက်လာပြီး သူ့ရှေ့က ပန်းကန်လုံးကို ကြည့်လိုက်၏။ ပန်းကန်လုံးထဲတွင် လက်တစ်ချောင်း အရှည်ရှိသည့် ဆံပင်တစ်ချောင်းကိုတွေ့လိုက်ရပြီး ချက်ချင်းဆိုသလို ပျော့ပျော့ပြောင်းပြောင်းနှင့် ပြန်ပြောလိုက်လေသည်။

“ကျွန်မ တောင်းပန်ပါတယ်ရှင် တောင်းပန်ပါတယ်၊ ကျွန်မ အသစ်တစ်ပန်းကန် လဲပေးပါ့မယ်”

“လဲပေးမယ်ဟုတ်လား၊ ကျုပ်မှာ စားပြီးတဲ့အထိ ဆံပင်ပါမှန်းတောင် မသိခဲ့မိဘူး၊ အခု ကျုပ် ဖျားချင်သလိုဖြစ်လာပြီး အန်တောင်အန်ချင်တယ်၊ လဲပေးတော့ရော ကျုပ်က စားနိုင်ပါအုံးမလား”

ထိုယောက်ျားက အော်ပြောလိုက်လေသည်။

အမျိုးသမီးငယ်လေ၏မျက်နှာသည် ဖြူဆုတ်သွားတော့သည်။

“ ဒါဆို ကျွန်မ ရှင့်ဆီက ငွေမယူတော့ပါဘူး”

“ ငွေမယူတာနဲ့ ပြီးသွားရောလား၊ ကျုပ်အခု ဖျားချင်လို့ အန်တောင်အန်တယ်လို့ ပြောခဲ့တယ်လေ၊ ခင်ဗျားဖက်ထုပ်ထဲမှာ တစ်ခုခုပါနေမလား ဘယ်သူသိမှာလဲ”

ပြောပြီးသည်နှင့် သူက အမှန်ပင် စူးစူးဝါးဝါး အော်လိုက်တော့သ်ည။

“အားလုံးပဲ လာကြည့်ကြပါ၊ ဖက်ထုပ်ထဲမှာ တစ်ခုခုပါနေတယ်။

ဒီဆိုင်က မသန့်ရှင်းဘူး၊ ခင်ဗျားတို့ ပန်းကန်ကိုလည်း တစ်ချက်လောက် စစ်ကြည့်လိုက်ကြအုံး၊ ပိုးဟပ်တွေ ပိုးကောင်တွေပါနေမလား သေချာကြည့်ကြအုံး၊ တဝက်တောင်မစားရသေးဘူး၊ ပန်းကန်ထဲမှာ တစ်ဝက်ချန်ထားရတော့မယ်၊ ရွံ့စရာကောင်းလိုက်တာ။

ကျုပ်ကတော့ သူတို့ကြောင့် နစ်နာခဲ့ရပြီ၊ အခုတော့ ကျုပ်လုံးဝ နေလို့မကောင်းဘူး”

သူပြောတဲ့စကားကလည်း ရွံ့ဖို့ကောင်းလိုက်တာ။ ဘာ’ တစ်ဝက်စားပြီး တစ်ဝက်ကျန်’တာလဲ။ ဆိုင်ထဲက စားသောက်နေသူအားလုံးက သူတို့၏ပန်းကန်လုံးများကို ကြည့်လိုက်ကြလေသည်။ သူတို့သည် ဘာမှမတွေ့ကြသော်လည်း ဆက်မစားနိုင်တော့ပေ။

အမျိုးသမီးငယ်လေးမှာ အလွန်မှစိုးရိမ်ပူပင်သွားပြီး သူမ၏မျက်နှာပေါတွင် ချွေးများထွက်နေကာ လေသံတိုးတိုးနှင့် တောင်းပန်လိုက်လေသည်။

“ ဧည့်သည်ရယ် ကျွန်မ အမှားပါ”

“ခင်ဗျားက ခင်ဗျားအမှားကို သိတယ်ဆိုတော့ ကောင်းတာပေါ့၊ လျော်ကြေးပေး”

“ဘယ်လောက် လျော်ပေးရမှာလဲ”

အမျိုးသမီးငယ်လေး၏ မျက်လုံးထဲတွင် မျက်ရည်များစို့လာတော့သည်။ အတန်ပင် ချစ်စဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုပင်။

ထိုယောက်ျားက အစပိုင်းတွင် ခြိမ်းခြောက်ငွေညစ်ချင်ရုံသာဖြစ်လေသည်။ သို့သော် သူသည် သည်မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့လက်ကို ဆန့်လိုက်ပြီး အမျိုးသမီးငယ်လေး၏ လက်မောင်းကို ဖမ်းဆွဲလိုက်တော့သည်။

“ စီရင်စုလူကြီးမင်းက ဘယ်လောက်လျော်ရမယ်ဆိုတာကို ဆုံးဖြတ်ပေးလိုက်မယ်၊ လာခဲ့၊ ကျုပ်နောက် လိုက်ခဲ့ပြီး အရာရှိမင်းနဲ့ လိုက်တွေ့”

ဒါပေါ့ သူ အရာရှိကြီးတွေဆီလည်း မသွားရဲပါဘူး။ သူက ဒီအမျိုးသမီးငယ်လေးကို အသားယူချင်တာ သက်သက်ပဲလေ။ ဒီအမျိုးသမီးငယ်လေးသာ ပိုအားနည်းပြီး အနိုင်ကျင့်ဖို့ ပိုလွယ်ခဲ့ရင် သူက သူမကို ဘယ်သူမှ မရှိတဲ့နေရာကို လိမ်ခေါ်သွားရမယ်။ ဟဲ ဟဲ....

လမ်းတစ်ဖက်တွင် ကျန်းယွင်ကျူးသည် သူမ၏မျက်လုံးနှင့် အားလုံးကို မြင်ခဲ့လေသည်။ သူမ၏ စိတ်ထဲတွင် ဒေါသထွက်လာတော့သည်။ သူမက အစားအသောက်ရောင်းတဲ့သူ တစ်ယောက်လေ။ ဒီလိုလူမျိုးကို သူမ အမုန်းဆုံးပဲ။

...

အခန်း (၄၁.၂)

“ ရှင်ဘာလုပ်နေတာလဲ” သူမက ပြောလိုက်သည်။

သူမ၏ရုတ်တရက်ခေါ်သံက လိချွမ်းကို လန့်ဖျပ်သွားစေတော့သည်။ သူက မျက်လုံးကို ပင့်ကြည့်လိုက်ချိန်တွင် မျက်နှာချင်းဆိုင်က မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရတော့သည်။ သူသည် ချက်ချင်းဆိုသလို တစ်ဖန်ဝင့်ကြွားလာတော့သည်။

“ ဖက်ထုပ်ထဲမှာ တစ်ခုခုပါလို့၊ ကျုပ် သူ့ကို တိုင်လို့ရမဲ့နေရာတစ်ခုကို ခေါ်သွားမလို့”

လိချွမ်းက ပြောရင်း မိန်းမငယ်လေး၏လက်မောင်းကို ထပ်ဆွဲလိုက်လေသည်။

ကျန်းယွင်ကျူးက မိန်းမငယ်လေးကို သူမဘေးသို့ ဆွဲကာ အေးတိအေးစက်ပြောလိုက်တော့သည်။

“ တိုင်လို့ရမဲ့နေရာဟုတ်လား၊ ကျွန်မ ရှင်နဲ့ စီရင်စုရုံးတော်ကို လိုက်ခဲ့မယ်၊ ရှင် သွားရဲလား၊ ကျွန်မ ခုနက လမ်းတစ်ဖက်က အားလုံးကို သေသေချာချာ မြင်ခဲ့တယ်နော်၊ ရှင် ဆံပင်ကို ဆွဲထုတ်လိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်တာ၊ ဒါဆိုင် ဆိုင်ရှင်ကို နာမည်ဖျက်နေသေးတယ်ဟုတ်လား”

လိချွမ်း၏မျက်နှာသည် ချက်ချင်းပြောင်းသွားတော့သည်။

“ မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ”

“ကျွန်မ ပေါက်ကရတွေ ပြောနေတာဟုတ်လား”

ကျန်းယွင်ကျူးက ဖက်ထုပ်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး အထဲက ဖက်ထုပ်များကို ပြောင်စင်နေအောင် စားထားသည်ကို တွေ့လိုက်ရလေသည်။ စွပ်ပြုတ်ရည်တစ်ဝက်သာ ကျန်ခဲ့သည်။ အနက်ရောင် ဆံပင်တစ်ချောင်းက အလွန်သိသိသာသာ အပေါ်တွင် ပေါလာပေါ်နေသည်။

ချက်ချင်းဆိုသလို သူမက ပိုပြီးယုံကြည်ချက်ရှိလာပြီး အားလုံးကို အလေးအနက်ပြောလိုက်တော့သည်။

“အားလုံးပဲ တစ်ချက်လောက် ကြည့်လိုက်ပါ၊ စွပ်ပြုတ်ပေါ်မှာ မျောနေတဲ့ ဆံပင်တစ်ချောင်းရှိတယ်၊ တကယ်လို့ ဒါကို တကယ်ပဲ ဆိုင်ရှင်ကလုပ်ထားတာဆိုရင် ဒီလူက သူဖက်ထုပ်ပန်းကန်လုံးကို ရကတည်းက မြင်ရမှာပေါ့၊ သူက ဘာလို့အခုမှ ထုတ်ပြောတာလဲ။

ပြီးတော့ ကျွန်မက ဒီဆိုင်ရှင်နဲ့ ဘာမှမပတ်သက်ပါဘူး၊ သူ့အတွက်လည်း ပြောပေးစရာမလိုဘူး။

ဒီလု သူ့ဆံပင်ကို ပန်းကန်လုံးထဲ သူ့ဆံပင်ကိုထည့်ပြီး ခြိမ်းခြောက်ငွေညစ်ဖို့ ကြိုးစားနေတာ တကယ်ပါ၊ ဒါကြောင့် ကျွန်မက ထုတ်ပြောခဲ့တာ။

အားလုံးမှာ ဇနီးနဲ့ သမီးတွေ ရှိကြမှာပဲ၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ဒီလိုအနိုင်ကျင့်နေတာ သူ ဘာလုပ်ဖို့ စဥ်းစားတာဖြစ်မလဲ”

အလိမ်ပေါ်သွားသဖြင့် လိချွမ်းသည် ကျန်းယွင်ကျူးကို ဒေါသတကြီး ဝါးစားမတတ် စိုက်ကြည့်လိုက်လေသည်။

“မင်း”

ထိုဧည့်သည်များလည်း သတိဝင်သွားကြသည်။ တချို့က ထလာပြီး ပန်းကန်လုံးထဲကို ကြည့်လိုက်ကြသည်။ ကျန်းယွင်ကျူး ပြောသကဲ့သို့ပင်။ လိချွမ်းက လူတွေကို တမင်ခြိမ်းခြောက် ငွေညှစ်နေတာကို သူတို့ဘာလို့များ နားမလည်နိုင်ခဲ့တာလဲ။

“ယွင်ကျူး”

ကျန်းချိန်သည် ဘေးတွင် တန်းစီနေလေသည်။ တစ်ဖက် ဆူညံသံကို ရုတ်တရက်ကြားလိုက်ပြီး သူက မြန်မြန် ရောက်လာခဲ့တော့သသည်။

အခြေအနေက ပိုဆိုးသည့်ဘက်ကို ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် လိချွမ်းက သူ့ဘေးက လမ်းကြားထဲသို့ ငါးတစ်ကောင်လို သုတ်သုတ်ပြာပြာ ပြေးဝင်သွားတော့သည်။ ပြေးရင်း သူက ပြောသွားသေးသည်။

“ ဘာမှ အကြောင်းပြစရာမလိုဘူး၊ မင်း စောင့်နေလိုက်၊ အနှေးအနဲ့အမြန် ကျုပ်မင်းကို လက်တွေ့ပြမယ်”

ကျန်းချိန်က ရောက်လာပြီး နောက်က လိုက်ပြေးသွားချင်သော်လည်း လိချွမ်း၏အရိပ်အရောင်ကို မမြင်ရတော့ချေ။

သူက ဒေါသထွက်ထွက်ဖြင့် ပြန်လာပြီး ကျန်းယွင်ကျူးကို စိုးရိမ်တကြီးမေးလိုက်တော့သည်။

“ ဘာဖြစ်သွားသေးလဲ”

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ သူမ ဘာမှမဖြစ်ပါဘူး။ ဒီအမျိုးသမီးလေးပဲ.... သူမက အမျိုးသမီးငယ်လေးကို ကြည့်လိုက်လေသည်။ သူမက အရမ်းအားနည်းတာပဲ။ အစားအသောက် ရောင်းဖို့ ဆိုင်ဖွင့်ရင် အလွယ်တကူ အနိုင်ကျင့်ခံလိုက်ရတယ်။

“ ဒီဆိုင်က ကျွန်မယောက်ျားရဲ့ဆိုင်ပါ၊ သူ နေမကောင်းလို့”

အမျိုးသမီးရွမ်သည် စိုးရိမ်နေသလို တစ်ချိန်ထဲတွင် ကျေးဇူးတင်မိလေသည်။ ဆို့နင့်နေရင်း သူမက ကျန်းယွင်ကျူးကို ရှင်းပြလိုက်သည်။

မထူးဆန်းတော့ပါဘူးလေ။ ကျန်းယွင်ကျူးသည် နားလည်သွားပြီး

“ ဒါဆို နောက်ဆိုရင် ရှင် ပိုပြီးသတိထားမှရမယ်”

နောက်ဆိုရင် ခုနက လူလို လူမျိုးတွေက သေချာပေါက်ရှိနေအုံးမှာပဲလေ။ အဲလိုဆိုတော့လည်း မိုင်းတွင်း ပတ်ဝန်းကျင်က အလုပ်က တော်တော်ကောင်းတာပဲ။ လိချွမ်းလို လူပျင်းတွေ မရှိဘူး။

အမျိုးသမီးရွမ်က မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး သူမကို ကျေးဇူးတင်မဆုံးဖြစ်နေတော့သည်။

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ သူမက သူ့ကို ဒီလောက်ပဲ အများဆုံးကူညီပေးနိုင်တာလေ။

သူမနှင့် ကျန်းချိန်တို့ ထွက်သွားတော့မည်ပြင်လိုက်စဥ် အမျိုးသားတစ်ယောက်က မေးလာသည်။

“ဘာဖြစ်တာလဲ”

ကျန်းယွင်ကျူးက တစ်ချက်လောက်ကြည့်လိုက်ပြီး သူ့ကို မှတ်မိသွားသည်။ ဒီလူက လှည်းထဲက မိန်းမလှလေးရဲ့ လှည်းသမားပဲ။ သူ့နာမည်က စုန့်လီဆိုလား။ သူ့လက်ထဲမှာ ဆေးထုပ်တစ်ခု ကိုင်ထားတယ်။ ကြည့်ရတာ သူ ထာဝရသက်ရှည်ခန်းမက ဆေးတွေရခဲ့တာဖြစ်မယ်။

သည်အချိန်တွင် ပတ်ဝန်းကျင်၌ လူနည်းနည်းပါးပါးသာ ရှိတော့သည်။ မခံမရပ်နိုင် ဖြစ်သွားသည့် အခိုက်တွင် ထိုလူများက စုန့်လီထံသွားပြီး ခုနဖြစ်ခဲ့သမျှကို အပြေးအလွှားသွားပြောပြလိုက်ကြသည်။

စုန့်လီက နားထောင်လိုက်ပြီး လှည့်ကာထွက်သွားသည်။

ထိုအဖြစ်အပျက်က အားလုံးကို အနည်းငယ် ဇဝေဇဝါဖြစ်သွားစေလေသည်။ သူကဘာလဲ။ ဇာတ်လမ်း လာနားထောင်တာလား။ သူ ဇာတ်လမ်းကို လာနားထောင်တာဆိုရင်တောင် ထွက်မသွားခင် တုံ့ပြန်မှုလေးတစ်ခုတော့ ပေးခဲ့အုံးမှပေါ့။

ကျန်းယွင်ကျူးလည်း တော်တော်အံ့ဩသွားတော့သည်။

ခဏအကြာတွင် စုန့်လီက ပြန်ရောက်လာပြီး ငွေတစ်စကို ထုတ်ကာ အမျိုးသမီးရွမ်ဆီ လှမ်းပေးလိုက်လေသည်။

“ ကျွန်တော့်သခင်မက ပြောတယ်၊ အခုလောလောဆယ် ဆိုင်မဖွင့်သေးပါနဲ့တဲ့၊ ခင်ဗျားရဲ့ယောက်ျားကို အရင်နေပြန်ကောင်းလာအောင် လုပ်ပေးလိုက်ပါတဲ့”

ထိုငွေစသည် ၅လျန် တန်လေသည်။ အလွန်မှတောက်ပနေရာ ဘေးကလူများကပင် အားကျသွားတော့သည်။

အမျိုးသမီးရွမ်က ပိုပြီး နေရခက်သွားပြီး

“ ဘယ်လိုလုပ်ဖြစ်မှာလဲရှင်၊ ကျွန်မ လက်မခံနိုင်ပါဘူး”

“သခင်မက ခင်ဗျားကို ပေးတာပါ၊ ယူလိုက်ပါ”

စုန့်လီက ငွေကို အမျိုးသမိးရွမ်ဆီ လှမ်းပေးလိုက်လေသည်။

အမျိုးသမီးရွမ်သည် သူမ သည်နေ့ လူကောင်းများနှင့် တွေ့ခဲ့သည်ကို သိလေသည်။ ထို့အပြင် နှစ်ယောက်ဖြစ်နေသည်။ ပထမတစ်ယောက်မှာ ကျန်းယွင်ကျူးဖြစ်ပြီး နောက်တစ်ယောက်မှာ သည်သခင် မဖြစ်သည်။ သူမက သည်သခင်မကို ကျေးဇူးတင်စကားပြောချင်လေသည်။ လူများက ထိုစကားကို ကြားဖို့ရာ မလိုအပ်သော်လည်း ဒါက သူမ တတ်နိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်နေသည်။

“ သခင်မက တခြားသူတွေ နှောင့်ယှက်တာကို မကြိုက်ဘူး”

စုန့်လီက အမျိုးသမီးရွမ်ကို ချက်ချင်းငြင်းလိုက်၏။

အမျိုးသမီးရွမ်သည် ငွေကို ကိုင်ရင်း ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။

သည်အခိုက်တွင် စုန့်လီက ကျန်းယွင်ကျူးဘက်သို့ ထပ်လှည့်လာပြီး

“ သခင်မက ပြောခိုင်းလိုက်တယ်၊ အခုချိန်ကစပြီး တခြားသူရဲ့ကိစ္စကို ဝင်မရှုပ်ပါနဲ့တဲ့၊ မဟုတ်ရင် တစ်ယောက်ယောက်က ညကြီးသန်ခေါင် မင်းအိမ်ကို ရောက်လာတဲ့အခါ မင်း ဘယ်လိုလုပ်မှာလဲ”

ထိုသို့ပြောလိုက်ပြီးနောက် သူက လှည့်ထွက်သွားတော့သည်။ ခဏအတွင်း သူသည် လှည်းပေါ် တက်သွားပြီး မောင်းထွက်သွားတော့သည်။

ကျန်းယွင်ကျူးက နေရာတွင် ရပ်နေပြီး တဖြည်းဖြည်း မျက်မှောင်ကျုံ့သွားတော့သည်။ သူ ခုနကပြောလိုက်တဲ့စကားထဲမှာ နောက်ကွယ်က အဓိပ္ပာယ်ပါနေတယ်လို့ ဘာလို့ခံစားနေရတာလဲ။

“ယွင်ကျူး မစိုးရိမ်နဲ့၊ အဖေရှိတယ်”

ကျန်းချိန်က ကျန်းယွင်ကျူး ကြောက်သွားသည် ထင်လိုက်သဖြင့် သူမကို နှစ်သိမ့်ပေးလိုက်လေသည်။

“ဟုတ်” ကျန်းယွင်ကျူးက ခေါင်းညိတ်ပြလိုက်၏။

အားလုံးက လူစုခွဲလိုက်ကြပြီး အမျိုးသမီးရွမ်က ထိုသခင်မ၏အကြံပေးချက်ကို နားထောင်လိုက်ကာ သည်နေ့ ဖက်ထုပ်ရောင်းပြီးလျှင် ဆိုင်ဖွင့်ဖို့ နားထားလိုက်လေသည်။ အနည်းဆုံးတော့ လိချွမ်းသည် တစ်ခါပြန်လာပြီး ပြဿနာရှာမည်မဟုတ်ပေ။

သူမ မသိလိုက်သည်က လိချွမ်းသည် ထိုအချိန်တွင် လမ်းကြားထဲတွင် ရှိနေခဲ့လေသည်။ သူ့ခြေထောက်များက ကျိုးနေသည်။ သူသည် အိပ်ရာပေါ်က လတော်တော်ကြာအောင် ထနိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းချိန်းက လူတန်းကြီးဆီ ပြန်သွားလိုက်သည်။ နာရီဝက်ကြာပြီးနောက် သမားတော်နှင့်ပြရန် သူတို့အလှည့် ရောက်လာခဲ့သည်။

သမားတော်ကျင်းက အဘိုးချန်၏မျက်လုံးများကို သေသေချာချာ စစ်ပေးလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။ အဘိုးကြီးက အရွယ်အိုနေပြီ။ နေမကောင်းသည်နှင့် သူ့ဆီလာခဲ့လျှင် သူ့ကို ကုပေးနိုင်မည့် အခွင့်အရေး ၅၀%လောက်ရှိသည်။ အခုချိန်ထိ အချိန်ဆွဲထားခဲ့သဖြင့် ကုသလို့မရတော့ပေ။

“ ကျွန်တော် ဆေးညွှန်းနည်းနည်းလောက် ရေးပေးလိုက်မယ်၊ ပြန်သွားရင် စမ်းသောက်ကြည့်လိုက်ပါ၊ အလုပ်မဖြစ်ဘူးဆိုရင်တော့ ငွေကို အလကားဖြုန်းစရာ မလိုတော့ပါဘူး”

ကျန်းချိန်နှင့် တခြားသူများ၏ အဝတ်အစားကိုကြည့်လိုက်ပြီး သူတို့မိသားစုက မချမ်းသာကြမှန်း သူသိလိုက်သည်။ ထို့ကြောင့် သူက ဤသို့ပြောလိုက်လေသည်။

အဘိုးချန်က စိတ်ထဲတွင် စိတ်ပျက်သွားသော်လည်း ထုတ်မပြခဲ့ချေ။ သူ အစောကြီးကတည်း မျှော်လင့်ထားခဲ့ပြီးသားပဲလေ။ မဟုတ်ဘူးလား။

ကျန်းချိန်သည် အလွန်စိတ်ပျက်သွားတော့သည်။

ကျန်းယွင်ကျူးကတော့ လက်လျှော့ချင်စိတ် မရှိနေချေ။ သူမသည် ငွေရှာပြီး ပိုကောင်းသည့် သမားတော်တစ်ယောက်ကို ရှာဖို့ စဥ်းစားထားလိုက်သည်။ သို့သော်ငြား သူမက ဘာမှမပြောလိုက်ချေ။

သမားတော်က အများကြီး ယူလိုက်သည်ကို တွေ့လိုက်ရသဖြင့် ကျန်းယွင်ကျူးက သည်နေ့ ပွဲစားထံမသွားတော့ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူတို့သည် ဝက်အူနှင့် ဝက်သားများကို ဝယ်ပြီး အရင်ဆုံး အိမ်ပြန်လာခဲ့ကြသည်။

လမ်းတွင် လားက လှည်းကို ဆွဲလာသည်ကို မြင်လိုက်ချိန်၌ သူမသည် ရုတ်တရက်ဆိုသလို စုန့်လီ၏စကားကို သတိရသွားတော့သည်။ သူမ၏စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာလေသည်။ ဝေ့ခမ်းဖျင်။ ဝေ့ခမ်းဖျင်ကို မမိသေးဘူး။ သူက ငါတို့အိမ်ကို ညသန်းခေါင်ကြီး လာပြီး ငါတို့ကို လက်စားလာချေမှာလား။

သည်သံသယက အခြေအမြစ်မရှိသော်လည်း သူမသည် ထိုအကြောင်းကို မစဥ်းစားဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

သူ လာခဲ့ရင် သူတို့ဘာလုပ်ကြမလဲ။

ကျန်းယွင်ကျူးသည် အိမ်ပြန်ရောက်လာချိန်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က မြင်းများနှင့် အပြင်ထွက်မည်ပြင်နေသည်ကို တွေ့လိုက်ရလေသည်။ သူမက မော့ကြည့်လိုက်ကာ သူတို့ကို တွေ့လိုက်ရသည်။ ရှန်ဖုန်းမင်းသည် ပြတ်သားသည့်မျက်ခုံး၊ မျက်လုံးများနှင့် မြင်းပေါ်တွင် ထိုင်နေသည်။ ယန်ရှန့်သည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူက သေစေနိုင်သည့် ခံစားချက်တစ်ခုကို ဆောင်ထားသည်။

ရုတ်တရက်ဆိုသလို သူမသည် ရှင်းမပြတတ်သည့် စိတ်လုံခြုံမှုတစ်ခု ရသွားတော့သည်။ ဒီနှစ်ယောက် ရှိနေမှတော့ ဝေ့ခမ်းဖျင် အယောက်တစ်ရာလာလည်း ကိစ္စမရှိတော့ပါဘူး။

ထိုသို့စဥ်းစားလိုက်ပြီး သူမက ပါးစပ်ဖွင့်ကာ မေးလိုက်လေသည်။

“ ရှင်တို့ ဘယ်အချိန်ပြန်လာကြမှာလဲဟင်”

သူမက ထိုသို့ပြောလိုက်သဖြင့် ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့နှစ်ယောက်လုံးသည် အံ့ဩသွားကြတော့သည်။ အရင်ကဆိုရင် သူမက သူတို့ဘယ်သွားမယ်၊ ဘယ်အချိန်ပြန်လာမယ်ဆိုတာကို တစ်ခါမှ ဂရုမစိုက်ခဲ့ဘူးလေ။ ဒီနေ့ ဘာဖြစ်သွားတာလဲ။

ယန်ရှန့်က ရှန်ဖုန်းမင်းကို ကျီစယ်သလို ကြည့်လိုက်လေသည်။

ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို ကြည့်လိုက်၏။ သူ့မျက်လုံးအောက်ခြေတွင် တစ်ခုခု စီးကျလာသယောင်။

“ ညကျမှာ ပြန်ရောက်မယ်ထင်တယ်”

သူက ပြန်ဖြေလိုက်သည်။

“အင်း”

ကျန်းယွင်ကျူးသည် ‘စောစောပြန်လာနော်’ဟု ထည့်ပြောလိုက်သင့်သည်ဟု ခံစားလိုက်ရလေသည်။ သို့သော် တစ်ဖက်လူအကြောင်းကို စဥ်းစားလိုက်မိချိန်တွင် သည်အတိုင်း ထားလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ညပိုင်းတွင် ရှန်ဖုန်းမင်နှင့််ယန်ရှန့်တို့ ပြန်ရောက်လာချိန်တွင် အမျိုးသမီးချန်က အဘိုးချန်အတွက် ဆေးကြိုပေးနေသည်။ ခြံထဲတွင် ဆေးနံ့တစ်ခု ရှိနေသည်။

ညဥ့်နက်နေပြီဖြစ်သည်။ ရှန်ဖုန်းမင်က ယန်ရှန့်ကို ရုတ်တရက်မေးလိုက်၏။

“ မနှစ်က နတ်ဆေးသမားတော်ဝူ ဟန်ကျိုးမှာ ပေါ်လာခဲ့တာမလား”

နတ်ဆေးသမားတော်ဝူ။ သူ့နာမည်အရင်းမှာ ဝူရှင်းဝေ။ သူ့ဆေးပညာအစွမ်းက အလွန်မှမြင့်မားပြီး သူရှိသည့်နေရာကို ရှာရခက်သဖြင့် အားလုံးက သူ့ကို နတ်ဆေးသမားတော်ဝူဟု ခေါ်ကြသည်။

ထိုစကားကို ကြားလိုက်သည်တွင် ယန်ရှန့်သည် အဘိုးချန်၏မျက်လုံးကို စဥ်းစားမိသွားပြီး ပြန်ပြောလိုက်လေသည်။

“ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီအဘိုးကြီးက မင်းကြီးကိုတောင် မျက်နှာသာမပေးဘူး၊ ဘာလဲ၊ မင်းက သူ့ကို ဒီကို ဖိတ်ချင်လို့လား”

သူ အမှတ်မမှားရင် အဘိုးကြီးက ချီလင်သက်တော်စောင့်တွေကို အရမ်းအမြင်ကပ်တာပဲ။ သူက ချီလင်သက်တော်စောင့်တွေက ကောင်းကင်ဘုံရဲ့ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာလို့ ထင်နေတာလေ။ အထူးသဖြင့် လူအများကြီးသ-တ်ခဲ့တဲ့ ရှန်ဖုန်းမင်ကိုပေါ့။

ရှန်ဖုန်းမင်က သူ့ကို ဖိတ်ချင်ပါတယ်။ မဖြစ်နိုင်မှာ စိုးရိမ်ရတယ်။

ဒါပေါ့ ဖိတ်စရာလည်း မလိုပါဘူး။ သူ့ကို ချည်တုတ်ပြီး ခေါ်လာလိုက်ရုံပဲ။

ဒါပေမဲ့ ဒီကိုရောက်လာပြီးရင်ကော။ သူတို့တွေက သူ့ကို အဘိုးချန်ကို ကြည့်ပေးဖို့ အတင်းလုပ်လို့မရဘူးလေ။

အဲဒီအဘိုးကြီးက အရမ်းထူးဆန်းတဲ့အကျင့်ရှိတယ်။

ရုတ်တရက်ဆိုသလို သူက ပြုံးဖြီးသွားလေသည်။

“ အဲဒီအဘိုးကြီးက အစားသရဲပဲ၊ ကစားရတာလည်းကြိုက်တယ်၊ မိန်းကလေးကျန်းက ပါးနပ်ပြီးတော့ အစားအသောက်လည်း အရသာရှိအောင် ချက်တတ်တယ်၊ ကြည့်ရတာ အလုပ်ဖြစ်လောက်ပါတယ်”

သည်အချိန်တွင် သူသည် ကျန်းယွင်ကျူး၏ နတ်သမီး ပေါ်လာသည့်ကိစ္စအကြောင်းကို စဥ်းစားမိလိုက်လေသည်။ သူ အဲဒီအကြောင်းလည်း သိချင်နေတာ။ ဒါပေမဲ့ မေးဖို့ရာ သင့်တော်တဲ့ အခွင့်အရေးတစ်ခု ရှာမတွေ့သေးဘူး။

...

အပိုင်း (၄၂.၁)

ကျန်းယွင်ကျူးသည် နောက်တစ်နေ့မနက် နိုးလာချိန်တွင် ကျန်းချိန်က အငှားလိုက်ရာမှ ပြန်ရောက်လာပြီး ပျော်ရွှင်သည့်မျက်နှာတစ်ခုနှင့် ခြံထဲတွင် လားကို အစာကျွေးနေလေသည်။

ဒီမနက် သူ ၂၅ဝမ် ရှာနိုင်ခဲ့ပြီလေ။

ဒီငွေနည်းနည်းလေးက ကျန်းယွင်ကျူးရှာခဲ့တာနဲ့ ယှဥ်ရင် အများကြီးမရှိဘူးဆိုပေမဲ့ ကျန်းယွင်ကျူး ပြောတာ မှန်တယ်လို့ သူထင်တယ်။ အငှားလိုက်ရတဲ့ အကျိုးအမြတ်အလားအလာက အရမ်းကောင်းတာပဲ။ နောက်ပိုင်း သူငွေတွေအများကြီးရှာနိုင်တာနဲ့ နောက်ထပ် လားနဲ့မြင်းတွေကို ထပ်ဝယ်လိုက်ရင် ငွေပိုရှာနိုင်လိမ့်မယ်။

သည်အချိန်တွင် အမျိုးသမီးချန်သည် မနက်စာအဖြစ် လက်လုပ်ခေါက်ဆွဲပူပူလေးကို ပြင်ဆင်ထားလေသည်။

ကျန်းယွင်ကျူးနှင့် တခြားသူများက အိပ်ရာကထပြီး ကြက်များကို အစာကျွေးပြီး ခြံဝင်းကို သန့်ရှင်းရေးလုပ်လိုက်သည်။

ကျန်းယွင်ကျူးက တံခါးနားတွင်ရပ်ပြီး စည်ကားနေသည့်မြင်ကွင်းကို ကြည့်နေမိသည်။ အမှတ်တမဲ့ အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် တစတစပေါ်လာလေသည်။

မနက်စာစားပြီးနောက် သူတို့သည် စားဖိုမှူးတစ်ယောက်ငှားရန် စီရင်စုမြို့သို့ တက်လာခဲ့ကြသည်။

အခုတော့ ကျန်းချိန်တွင် လားလှည်းတစ်စီး ရှိလာပြီဖြစ်ရာ သူက ကျန်းယွင်ကျူးကို လိုက်ပို့ပေးမည်မှာ ပြောရန်ပင်မလိုချေ။

နှစ်ယောက်သား ပွဲစားနှင့် ချိန်းထားသည့်နေရာသို့သွားလိုက်ပြီး အနည်းငယ်သိမ်မွေ့ဟန်တူသည့် သက်လတ်ပိုင်းယောက်ျားတစ်ယောက်က နှုတ်ဆက်လာလေသည်။

ထိုယောက်ျားက ကျန်းယွင်ကျူးကို မိန်းကလေးတစ်ယောက်ဖြစ်နေသည့်အတွက် အထင်မသေးဘဲ သူမ လိုချင်သည့်အရာကို မေးလိုက်လေသည်။

ကျန်းယွင်ကျူးက စားဖိုမှူးတစ်ယောက်နှစ်ယောက်လောက် ငှားချင်ကြောင်း ပြောပြလိုက်သည်။ အထူးအချက်မှာ သူမ၏အလုပ်က ချန်ရှီရွာတွင် ရှိနေသည်။ ထို့အပြင် သူတို့သည် စားဖိုမှူးနှင့် စာချုပ်ချုပ် နိုင်ခဲ့လျှင် ဆယ်နှစ်စာ စာချုပ်ဖြစ်ရမည်။ စားဖိုမှူးက သူ့စကားကို ပြန်ရုပ်သိမ်းခဲ့လျှင် သူက လျန်၁၀၀ ပြန်ပေးရမည်ဖြစ်ပြီး ၃နှစ်အတွင်း စားဖိုမှူးတစ်ယောက် မလုပ်ပါဟု ကတိပေးရမည်။

သူမ၏ပထမတောင်းဆိုချက်က အဆင်ပြေလေသည်။ သို့သော် ဒုတိယတစ်ခုကြောင့် သက်လတ်ပိုင်းယောက်ျားက ထိုစကားကို ကြားလိုက်ပြီး မျက်မှောင်ကျုံ့သွားတော့သည်။ ဒီလိုအပ်ချက်က အရမ်းရက်စက်တာပဲ။ သည်လိုဆိုမှတော့

“ မိန်းကလေး မင်း စားဖိုမှူးတစ်ယောက်ပဲ ဝယ်လိုက်တာ ပိုကောင်းလိမ့်မယ်”

သည်လိုမှပဲ အဲဒီလူက သူမရဲ့အပိုင်ဖြစ်မှာလေ။

ကျန်းယွင်ကျူးကလည်း ဝယ်ချင်ပါတယ်။ ဒါပေမဲ့ သူမကလည်း ငွေက ရှိတာမဟုတ်ဘူးမလား။ စားဖိုမှူးကောင်းတစ်ယောက်ဆိုရင် အနည်းဆုံး လျန်၂၀ လောက်ကျမှာ ပြီးတော့ အရမ်းကို ယေဘုယျဆန်တယ်လေ။ သူမကတော့ အရင်ဆုံး တစ်ယောက်ကို စမ်းပြီးငှားကြည့်ချင်တဘ်။ တကယ်လို့ သူမ တစ်ယောက်လောက် ရှာမရနိုင်လည်း နောက်ပိုင်းကျရင် သင့်တော်တဲ့သူ တစ်ယောက်ကို ဝယ်နိုင်တဲ့အချိန်အထိ ငွေစုထားနိုင်တာပေါ့။

သက်လတ်ပိုင်းယောက်ျားက မေးလိုက်ပြီးနောက် ကျန်းယွင်ကျူးက မတတ်နိုင်လောက်မှန်း ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူက ထပ်မေးလိုက်လေသည်။

“ ဒုတိယလိုအပ်ချက်ကို လျှော့ပေါ့ပေးလို့ရလား”

ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်၏။ စားဖိုမှူးက သူမရဲ့နေရာမှာ နေရမှာလေ။ ပြီးတော့ သူမရဲ့ဟင်းလျာတွေကို လေ့လာဖို့ လွယ်တယ်။ သူမက နောက်ပိုင်းကျရင် တခြားဆိုင်တွေမှာ သူမရဲ့ဟင်းပွဲတွေ အတူတူပေါ်လာမှာကို မလိုချင်ဘူး။ မဟုတ်ရင်တော့ သူမ မငှားတာကပဲ ပိုကောင်းသေးတယ်။

“ဒါဆိုလည်း ကောင်းပြီးလေ ကျွန်တော် မေးကြည့်လိုက်ပါအုံးမယ်နော် မိန်းကလေး”

သက်လတ်ပိုင်းယောက်ျားက မတတ်နိုင်တော့ဘဲ ထရပ်လိုက်တော့သည်။ သူသည် သည်အလုပ်အတွက် မျှော်လင့်ချက် အများကြီး မထားတော့ပေ။

နာရီဝက်ကြာပြီးနောက် သက်လတ်ပိုင်းယောက်ျားက တံခါးမှ ဝင်ဝင်လာချင်း ခေါင်းခါပြလိုက်တော့သည်။ ဘယ်သူမှ ရွာဘက်ကို မသွားချင်ကြဘူးလေ။ ပြီးတော့ ဆယ်နှစ်တောင် ဆိုတော့ကာ။

ကျန်းယွင်ကျူးသည်လည်း မအံ့ဩပါချေ။ သူမ၏ကံကို စမ်းသပ်ဖို့ရန်သာ သည်နေ့ ရောက်လာခဲ့ခြင်းပင်။

“ကျွန်မ ရှင့်ကို ဒုက္ခပေးမိပါပြီ”

ကျန်းယွင်ကျူးက ပြောလိုက်ပြီး ဝမ်တချို့ကို စားပွဲပေါ်တင်ပေးလိုက်သည်။ ကြိုးပေးခဲ့သည့် အခကြေးငွေဟု သတ်မှတ်နိုင်သည်။ ထို့နောက် သူမက ထထွက်ရန် ပြင်လိုက်လေသည်။

သည်အခိုက်တွင် သက်လတ်ပိုင်းယောက်ျားက အလျှော့မပေးသေးဘဲ

“ ခဏလေးစောင့်ပေးပါအုံး၊ နောက်တစ်ယောက်တော့ ရှိသေးတယ်၊ ဒါပေမဲ့ သူ အခုတလော ပွဲစားဆိုင်ကို မလာဘူး၊ သူ အလုပ်တွေ့သွားပြီးလား ဘာလားတော့ ကျွန်တော် မသိဘူး၊ မိန်းကလေး စောင့်ပေးမယ်ဆိုရင် ကျွန်တော့်မှာ သူ့လိပ်စာရှိတယ် ကျွန်တော် သူ့ကို သွားမေးလိုက်မယ်”

ကျန်းယွင်ကျူးက ခဏရပ်လိုက်သည်။ ဒီကိစ္စက မျှော်လင့်ချက်အများကြီးမရှိတော့ သူ့ကို ထပ်ပြီး အလုပ်မရှုပ်စေချင်တော့ပါဘူးလေ။

“အဲဒီလူက မိုးမခလမ်းမှာ နေတာ၊ ဒီကနေ သိပ်မဝေးဘူး၊ မိန်းကလေး မြို့ကနေ ထွက်သွားရင် သူ့အိမ်ကို ဖြတ်သွားရမှာ” သက်လတ်ပိုင်းယောက်ျားက ပြောလိုက်၏။

သည်အခြေအနေအထိ ရောက်လာသဖြင့် ကျန်းယွင်ကျူးက သဘောတူလိုက်ရတော့သည်။ နောက်ဆုံးတွင် သူတို့သုံးယောက်သည် အခန်းထဲက အတူတူထွက်လာပြီး မိုးမခလမ်းဘက်သို့ ထွက်လာခဲ့ကြတော့သည်။ သည်လူနှင့် အဆင်မပြေခဲ့လျှင် ကျန်းယွင်ကျူးနှင့် ကျန်းချိန်တို့သည် ကုန်စိမ်းစျေးသို့ တန်းသွားပြီး ဝယ်စရာရှိသည်များကို ဝယ်ကာ အိမ်ပြန်ရလိမ့်မည်။

လမ်းကျဥ်းလေးတစ်ခုတွင် ယိုယွင်းနေသည့်သစ်သားတံခါးနှစ်ချပ် ရှိနေသည်။ သက်လတ်ပိုင်း ယောက်ျားက တံခါးခေါက်လိုက်၏။

“ ဘယ်သူလဲ”

အထဲကလူတစ်ယောက်က ပြောလိုက်သည်။ ထို့နောက် ခြေသံများကို ကြားလိုက်ရသည်။ မကြာမီ တံခါးပွင့်လာပြီး ဖြူစင်သိမ်မွေ့သည့်မျက်နှာတစ်ခု ပေါ်လာလေသည်။

ကျန်းယွင်ကျူးနှင့် သည်မျက်နှာပိုင်ရှင်တို့သည် တစ်ပြိုင်တည်း မှင်တက်အံ့ဩသွားတော့သည်။

တစ်ခဏအတွင်း မျက်နှာပိုင်ရှင်က ဝမ်းသာစွာပြောလိုက်လေသည်။

“မိန်းကလေး ရှင် ဒီကိုရောက်လာတယ်၊ ဝင်လာပါ၊ ထိုင်ပါအုံး”

သည်လူသည် တခြားသူမဟုတ်ဘဲ မနေ့က ဖက်ထုပ်ဆိုင်ဖွင့်ခဲ့သည့် အမျိုးသမီးရွမ် ဖြစ်နေလေသည်။

ကျန်းယွင်ကျူးမှာ လောကကြီးက သိပ်ကျဥ်းတာပဲဟုသာ ခံစားလိုက်ရတော့သည်။ ဘာလို့များ မနေ့က တွေ့ခဲ့ကြတဲ့ သူတို့တွေက ဒီနေ့ထပ်တွေ့နေရပြန်တာလဲ။

“ အချင်းချင်း သိနေကြတာလား”

သက်လတ်ပိုင်းယောက်ျားက အံ့ဩတကြီးမေးလိုက်လေသည်။

“ဟုတ်ပါတယ်၊ ဒီကမိန်းကလေးက မနေ့က ကျွန်မကို ကူညီပေးခဲ့တာလေ”

အမျိုးသမီးရွမ့်က ကျန်းယွင်ကျူကို အိမ်ထဲဆွဲခေါ်လာခဲ့လေသည်။

ကျန်းယွင်ကျူးက သက်လတ်ပိုင်းယောက်ျားကို ကြည့်လိုက်၏။ ဒီအမျိုးသမီးရွမ်က သူပြောတဲ့ စားဖိုမှူးလား။

မဟုတ်ပါချေ။ ပွဲစားဆိုင်တွင် အလုပ်လာရှာသူမှာ အမျိုးသမီးရွမ်၏ယောက်ျား ရွှယ်ကျင်း ဖြစ်လေသည်။ ရွှယ်ကျင်းသည် အစက စီရင်စုမြို့က ယွင်ဟဲလို၏ စားဖိုမှူးတစ်ယောက် ဖြစ်ခဲ့သော်လည်း ယွင်ဟဲလိုပိုင်ရှင်သည် ကောင်းကောင်း မစီမံနိုင်ခဲ့ဘဲ လွန်ခဲ့သည့် တစ်လကျော်လောက်က ပိတ်လိုက်ရသည်။

ရွှယ်ကျင်းက နောက်ထပ်အလုပ်တစ်ခု ရှာခဲ့သဖြင့် သူက ပွဲစားဆီသို့ သွားခဲ့ခြင်းပင်။

သင့်တော်သည့်အလုပ်တစ်ခုမှ ရောက်မလာခဲ့ခြင်းသာဖြစ်လေသည်။

နောက်ပိုင်းတွင် သူသည် အမျိုးသမီးရွမ်နှင့် တိုင်ပင်ခဲ့သည်။ သူ့ကိုယ်ပိုင်ဆိုင်လေး လုပ်မည်ပေါ့။ သူ့အရည်အချင်းနှင့်ဆိုလျှင် အဆင်ပြေလိမ့်မည်။

စီရင်စုမြို့က ဆိုင်ခန်းငှားခက စျေးကြီးနေသည်။ သူတို့ မတတ်နိုင်တော့ချေ။ ထို့ကြောင့် ဖက်ထုပ်ရောင်းရန် ဆိုင်ငယ်လေးတစ်ခုကို စတည်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

သူတို့သည် အားလုံးကို စီစဥ်ထားခဲ့ကြပြီးဖြစ်သည်။ ငွေရှာနိုင်သည်နှင့် ဆိုင်တစ်ဆိုင် ဖွင့်ရမည်။

သို့သော် ဆိုင်ငယ်လေးတစ်ခု တည်ဖို့ရန်ပင် ထင်သလောက်မလွယ်ခဲ့ပေ။ လူတချို့က စားဖိုမှူးကောင်းတစ်ယောက် ဖြစ်နိုင်သော်လည်း သူဌေးကောင်းတစ်ယောက်တော့ မဖြစ်နိုင်ပေ။

ရွှယ်ကျင်းသည် နောက်အမျိုးအစားထဲက ဖြစ်လေသည်။ သူသည် စိတ်မြန်လက်မြန်ရှိလှပြီး စကားပြောမကောင်းပေ။ ထို့ကြောင့် သူသည် ဧည့်သည်များကို လုံးဝမခေါ်နိုင်ခဲ့ပေ။

လုပ်ငန်းက ဖြစ်ဖြစ်မြောက်မြောက် မရှိလှသည်ကို တွေ့လိုက်ရပြီးနောက် ချက်ချင်း စိုးရိမ်လာကာ အအေးမိပြီး ဖျားတော့သည်။

ထို့ကြောင့် ဒါက အမျိုးသမီးရွမ်မှာ သူ့အစား ဖက်ထုပ်ရောင်းလိုက်ရတော့သည်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

မနေ့က အမျိုးသမီးရွမ်၏အခြေအနေကို ကူညီပေးခဲ့သူမှာ ကျန်းယွင်ကျူးဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရွှယ်ကျင်းက သူမကို မြန်မြန်ကျေးဇူးတင်စကားပြောလိုက်လေသည်။ သူ့အသားအရေက မလှပသော်လည်း သူ့အခြေအနေကတော့ တိုးတက်လာသည်။ ရက်နည်းနည်းလောက် ဆေးသောက်လိုက်ပြီးနောက် ပိုပြီးကောင်းလာလိမ့်မည်ဟု ခန့်မှန်းရလေသည်။

“ ကိစ္စသေးသေးလေးပါရှင်၊ တခြားသူတွေက တွေ့ရင်လည်း သူတို့လည်း ဒီလိုပဲ လုပ်ကြမှာပါ”

ကျန်းယွင်ကျူးက ပြန်ဖြေလိုက်၏။

ရွှယ်ကျင်းက လက်မခံပေ။ သည်လို အခြေအနေမျိုး ရင်ဆိုင်ရလျှင် လူအများစု အကြောင်းအမျိုးမျိုးကြောင့် နှုတ်ဆိတ်နေမည်ကို သူ သိလေသည်။ တရားမျှတမှုအတွက် ထုတ်ပြောနိုင်သည့် ကျန်းယွင်ကျူးလို မိန်းကလေးတစ်ယောက်က ချီးကျူးထိုက်ပေသည်။

သူတို့သည် စကားစမြည်ပြောနေကြသဖြင့် ပွဲစားဆိုင်က သက်လတ်ပိုင်းယောက်ျားသည် စိုးရိမ်လာတော့သည်။ သူက အခကြေးငွေရအောင် နှစ်ဖက်ကြားမှာ စာချုပ်ချုပ်နိုင်အောင် လုပ်ပေးဖို့ လာခဲ့တာလေ။ ထို့ကြောင့် သူက မြန်မြန် စကားဖြတ်ပြောလိုက်ပြီး ကျန်းယွင်ကျူးက စားဖိုမှူးတစ်ယောက် ငှားချင်သည့်အကြောင်းကို ပြောပြလိုက်တော့သည်။

ကိစ္စက ဒီလိုဖြစ်နေတာကိုး။ ရွှယ်ကျင်းနှင့် အမျိုးသမီးရွမ်တို့က အချင်းချင်း ကြည့်လိုက်ကြ၏။

“ကျွန်မက တစ်ချက်လောက် ဝင်ကြည့်မယ်ဆိုပြီး လမ်းကြုံဝင်လာတာပါ၊ ရှင် အလုပ်မလိုချင်သေးဘူးဆိုရင်လည်း ကျွန်မက အတင်းမတိုက်တွန်းပါဘူး”

ကျန်းယွင်ကျူးက ပြောလိုက်သည်။ မနေ့ကတော့ အမှန်ပင် အကူအညီပေးခဲ့ခြင်းသာဖြစ်လေသည်။ သူမသည် ထိုကျေးဇူးကို ပြန်တောင်းလိုခြင်း မဟုတ်ပေ။

“ ဒါဆို မိန်းကလေးကို ခင်ဗျားရဲ့အရည်အချင်းကို ပြကြည့်လိုက်လေ၊ ပြီးမှ မိန်းကလေးက လိုအပ်ချက်ကို ပြောလို့ရပါတယ်၊ ဒီလောကမှာ တသမတ်ထဲဖြစ်နေတယ်ဆိုတာ မရှိပါဘူး”

သက်လတ်ပိုင်းယောက်ျား နည်းလမ်းတစ်ခု ရှိနိုင်သည်ဟု တွေးလိုက်ပြီး သည်ကိစ္စကို ဆောင်ရွက်ပေးရန် အကောင်းဆုံးကြိုးစားလိုက်တော့သည်။

ရွှယ်ကျင်းက ထလိုက်ပြီး မီးဖိုထဲ ဝင်သွားလိုက်သည်။ သူက မွှေကြော်တဲ့နေရာမှာ အကောင်းဆုံးပဲ။ မီးဖိုထဲမှာလည်း ရနိုင်တဲ့ပစ္စည်းတွေ အသင့်ရှိတယ်။ သူ့ဓားသည် ပျံ့သန်းနေသလို လှုပ်ရှားနေလေသည်။ ထို့နောက် မီးအရှိန်ပြင်းပြင်းတစ်ခုအောက်တွင် မွှေကြော်ကို လုပ်လိုက်သည်။ ခဏကြာတော့ အိုးထဲက မုန်လာထုပ်ကြော်တစ်ပန်းကန် ထွက်လာတော့သည်။

မွှေကြော်လုပ်ရာတွင် အရေးအကြီးဆုံးအချက်မှာ အပူချိန်ဖြစ်သည်။ မီးပြင်းပြင်းတစ်ခုနှင့် မီးအားအောက်တွင် မွှေကြော်လုပ်ဖို့လိုသည်။ သို့မှသာ ဟင်းလျာက အရသာရှိလိမ့်မည်။

ကျန်းယွင်ကျူးက ဘေးကစောင့်ကြည့်နေလိုက်သည်။ သူ့ခန္ဓာကိုယ်က အားနည်းသော်လည်း သူ့အချက်အပြုတ်အရည်အချင်းက အလွန်ကောင်းသည်ကို သူမ သတိထားမိလိုက်သည်။ သူမ၏စိတ်ထဲတွင် အစီအစဥ်တစ်ခု ပေါ်လာလေသည်။

မုန်လာထုပ်ကို မြည်းကြည့်လိုက်ပြီးနောက် သူမ စဥ်းစားထားသည့်အရာက သေချာသွားတော့သည်။

“ ရှင် မြည်းကြည့်ဖို့ ကျွန်မ ဟင်းတစ်ပွဲလောက် ချက်ပြမယ်” ကျန်းယွင်ကျူးက ပြောလိုက်သည်။

ထို့နောက်တွင် သူမသည် ပူပြင်းသည်သံဒယ်အိုးထဲတွင် မုန်လာထုပ်မွှေကြော်ကို လုပ်လိုက်လေသည်။

သူမက အန်းဖင်နယ်စားအိမ်တော်မှာတုန်းက စားဖိုမှူးသုံးယောက်ဆီက သင်ခဲ့ရတယ်လေ။ အဲဒီစားဖိုမှူးအားလုံးက လုပြည်နယ်အပြင် ကျုံးနန်မှာတောင် နာမည်ကြီးစားဖိုမှူးတွေလေ။ နောက်ပိုင်း သူမ မြို့တော်ကို သွားတော့ မြို့တော်က စားဖိုမှူးတွေဆီမှာလည်း အချိန်တစ်ခုအထိ သင်ယူခဲ့သေးတယ်။ သူမရဲ့အရည်အချင်းက ပြီးပြည့်စုံတဲ့အဆင့်တစ်ခုကို ရောက်နေပြီ။

‘ငွေက ကျွန်တွေကို ဖိနှိပ်နိုင်တယ်၊ အရည်အချင်း နယ်ပယ်တူထဲကလူတွေကိုတောင် အနိုင်ယူနိုင်တယ်”တဲ့။ ဒီစကားက လုံးဝမမှားဘူး။ တခြားသူတွေရဲ့ အမြင်တွင် ကျန်းယွင်ကျူး၏ အချက်အပြုတ်လက်ရာက လှပလေသည်။ လှုပ်ရှားမှုတစ်ခုစီတိုင်းက သူတို့မျက်လုံးကို အလွန်ကို နှစ်လိုဖွယ် ဖြစ်စေလေသည်။ သို့သော်ငြား ရွှယ်ကျင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် အသက်ရှူမှားသွားတော့သည်။

သူသည် လုပြည်နယ် ရှန်းခဲ့လိုက ပညာရှင်စားဖိုမှူးတစ်ယောက်လက်အောက်တွင် သင်ကြားခဲ့သည်။ သူ့အချက်အပြုတ်အရည်အချင်းက အလွန်ကောင်းပြီးသားဟု ထင်ခဲ့မိသည်။ သို့သော် သည်နေ့ ကျန်းယွင်ကျူး၏ အချက်အပြုတ်လက်ရာကို မြင်လိုက်ချိန်တွင် ကွာဟချက်ဟူသည့် စကား၏ အဓိပ္ပာယ်ကို သိသွားတော့သည်။ ကျန်းယွင်ကျူး၏ အဆင့်တိုင်းနှင့် မီးအား အချိန်အဆတိုင်းက ကွက်တိကျနေသည်။

သူ့မျက်လုံးများသည် လင်းရှင်းတောက်ပနေတော့သည်။ ကြည့်နေရင်းနှင့် စိတ်ထဲက သူ့နည်းလမ်းကို နှိုင်းယဥ်နေမိပြီး ကွာနေသည့်နေရာများကို လိုက်ထောက်ကြည့်ကာ မည်သို့ပြင်ဆင်ရမည်ကို စဥ်းစားနေလေသည်။ သူသည် ရုတ်ခြည်းဆိုသလို ရှုပ်ထွေးသွားတော့သည်။

“မြည်းကြည့်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ မုန်လာထုပ်ကြော်မှာ အငွေ့တထောင်းထောင်းဖြစ်နေသည်။

ရွှယ်ကျင်းသည် အိပ်မက်တစ်ခုက နိုးလာသလို သတိပြန်ဝင်လာတော့သည်။ ထို့နောက် သူက တခြားသူများကို လျစ်လျူရှုထားလိုက်ပြီး သူ့ပါးစပ်ထဲသို့ မုန်လာထုပ်တစ်ပိုင်းကို အရင်ထည့်လိုက်လေသည်။ အစပိုင်းတွင် လတ်ဆတ်မွှေးပျံ့သည်။ ထို့နောက် မုန်လာထုပ်၏ ပင်ကို ချိုမြိန်သည့်အရသာ ထွက်လာသည်။ လန်းဆန်းသွားပြီး အရသာမှာ ပျောက်မသွားချေ။

မုန်လာထုပ်မွှေကြော်ရာတွင် ကိုင်တွယ်ရခက်သည့်အချက်တစ်ခု ရှိသည်။ ထိုအရာမှာ မုန်လာထုပ်အရွက်ကာ ပါးပြီး အပြင်ဘက်အရွက်က ထူကာ ရေများခြင်းပင်။ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် အရွက်များက ညှိုးသွားသည်။ သို့သော် ကျန်းယွင်ကျူး၏ပန်းကန်ကတော့ ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။

“ ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ” ရွှယ်ကျင်းက ချက်ချင်းမေးလိုက်လေသည်။

ကျန်းယွင်ကျူးက ဘာမှမပြောဘဲ ပြုံးသာနေလိုက်သည်။

ရွှယ်ကျင်းသည် သူက အလွန်ရုတ်တရက်ဆန်သွားမှန်း ချက်ချင်းသိလိုက်တော့သည်။ ဆရာတောင်မှ ကျောင်းသားတွေကို ဒီအချက်အပြုတ်လျှို့ဝှက်ချက်ကို ပြောပြစရာမလိုဘူးလေ။ သူစိမ်းဆို ပိုဆိုးတာပေါ့။

ရွှယ်ကျင်း၏ မျက်နှာသည် နီမြန်းသွားလေသည်။ ပထမတစ်ချက်မှာ သူသည် နေမကောင်းဖြစ်နေပြီး ဒုတိယတစ်ချက်မှာ သူသည် အလွန်စိတ်လှုပ်ရှားနေသောကြောင့်ပင်။

ပွဲစားဆိုင်က သက်လတ်ပိုင်းယောက်ျားသည် မျှော်လင့်ချက်ကို မြင်လိုက်ရပြီး သူ့ကို ပြောလိုက်လေသည်။

“ ဒီမိန်းကလေးက လိုအပ်ချက်နှစ်ခုနဲ့ စားဖိုမှူးတစ်ယောက်ငှားမှာ”

သူက ကျန်းယွင်ကျူး လိုချင်သည့်ချက်နှစ်ခုကို ပြောပြလိုက်လေသည်။

ပထမတစ်ခုကတော့ အရေးမဟုတ်ပါဘူး။ ဒုတိယတစ်ခုက..... သူ ခုနက စားဖိုမှူးငါးယောက်လောက်ကို မေးခဲ့ပြီးပြီလေ။ သူတို့ထဲကနှစ်ယောက်က သူ့ကို မောင်းထုတ်လိုက်တာပဲ။ ကျန်တဲ့သုံးယောက်တော့ သူ့ကို ခပ်ပြတ်ပြတ် ငြင်းလွှတ်လိုက်တယ်။ ဒီတော့ ဒီအချက်တွေကို ရွှယ်ကျင်းကို ရှင်းပြရတာ အရမ်းစိုးရိမ်မိတာပဲ။

ရွှယ်ကျင်း၏ မျက်နှာပေါ်တွင် အံ့ဩရိပ် မတွေ့ရချေ။ ကျန်းယွင်ကျူးက သူ့ဟင်းလျာတွေ အပြင်ကို ရောက်သွားမှာ စိုးရိမ်တာ သူနားလည်ပါတယ်။ ရုတ်တရင် သူ့ဆီရောက်လာခဲ့တာပဲ။ သဘောက သူ ကျန်းယွင်ကျူးအတွက် သွားချက်ပြုတ်ပေးမယ်ဆိုရင် သူမက သူ့ကို ဟင်းလျာတစ်မျိုးနှစ်မျိုးလောက် သင်ပေးမှာလား။

သူ့မျက်နှာသည် ပိုနီရဲလားပြီး သူ့နှလုံးခုန်နှုန်းကလည်း အမှတ်မထင် ပိုမြန်လာလေသည်။ ပထမအချက်မှာ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ရာ သာလွန်သည့်အရည်အချင်းက မရှိမဖြစ်ပင်။ ဒုတိယအချက်မှာ ကိုယ်ပိုင်သီးသန့်ဟင်းလျားများ ရှိထားခြင်းပင်။ အစပိုင်းက သူ့ကိုယ်သူ တော်လှပြီဟု ထင်ခဲ့မိသည်။ သို့သော် အခုတော့ ပထမအချက်နှင့် အလွန်ဝေးကွာနေသေးသည်။ ဒုတိယအချက်အတွက်တော့ သူ့တွင် ဘာတစ်ခုမှပင် မရှိပေ။

သူသာ ကျန်းယွင်ကျူးနောက် လိုက်ခဲ့လျှင်....

သူသည် ကျန်းယွင်ကျူး၏စားဖိုမှူးအဖြစ် ချက်ချင်းသဘောတူမည် ပြင်လိုက်သော်လည်း နောက်ဆုံး လူငယ်တစ်ယောက် မဟုတ်တော့ပေ။ သူ့တွင် ထောက်ပံ့ပေးရမည့် မိန်းမတစ်ယောက်ရှိပြီး နောက်ပိုင်းတွင် ကလေးများ ရှိလာလိမ့်မည်။ သူတို့ကို သူနှင့်အတူ ဒုက္ခခံခိုင်းလို့မဖြစ်ပေ။

“လစာကရော” မငြိမ်မသက်နှင့် သူက ကျန်းယွင်ကျူးကို မေးလိုက်လေသည်။

“ရှင် ယွင်ဟဲလိုမှာ တစ်လ ဘယ်လောက်ရလဲ” ကျန်းယွင်ကျူးက မေးလိုက်သည်။

“၉လျန်ပါ” ရွှယ်ကျင်းက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ကျူးက ထိုပတ်ဝန်းကျင်လောက် မှန်းထားပြီးသားပင်။

“ ကျွန်မ ရှင့်ကို တစ်လ ငွေတစ်စပေးမယ်၊ ဒီဆယ်နှစ်အတွင်းမှာ ရှင့်လုပ်ဆောင်ချက်အပေါ်မူတည်ပြီး လခတိုးပေးမယ်၊ နှစ်တိုင်း ဝေစုရဲ့တဝက်ကို အနည်းဆုံးတိုးပေးမယ်၊ ဆယ်နှစ်ပြည့်သွားရင်တော့ ရှင် ဆက်နေ မနေကတော့ ကျွန်မ ရှင့်ကို မတားပါဘူး။

ပြီးတော့ ကျွန်မ ရွာမှာ ရှင့်အတွက် အိမ်တစ်လုံးငှားပေးနိုင်တယ်၊ ဒီလိုဆိုရင် ရှင်လည်း နေစရာတစ်ခု ရှိလာမယ်”

ဝေစုရဲ့တစ်ဝက်ဆိုတာ ၁၀%ရဲ့တစ်ဝက် ဒါဆို ၅%။ ဒါက ခေတ်သစ်မှာ နှစ်စဥ်လစာတိုးပေးတဲ့ ပုံမှန်စံနှုန်း ဖြစ်သင့်တာလေ။ အိမ်ငှားပေးရတာကတော့ သူတို့တွေက နေ့လယ်စာနဲ့ ညစာကို လုပ်နေတာပြီးတော့ ချန်ရှီရွာက စီရင်စုမြို့နဲ့ အရမ်းဝေးတော့ ရွှယ်ကျင်းက ညနေစာလုပ်ပြီးရင် အိမ်ပြန်လို့ရတော့မှာ မဟုတ်ဘူး။

ရွာထဲက အိမ်ကလည်း စျေးမကြီးဘူးလေ။ သူကသာ တောရွာမှာ အလုပ်လာလုပ်မယ်ဆိုရင် သူတို့က နေစရာတစ်ခုတော့ ပြင်ဆင်ပေးရမှာပေါ့။

သူ သဘောမတူမည်စိုးသဖြင့် ကျန်းယွင်ကျူးက ဆက်ပြောလိုက်သည်။

“ နောက်ဆိုရင် ကျွန်မ စီရင်စုမြို့မှာ ဆိုင်လေးတစ်ခု လာဖွင့်ချင် ဖွင့်အုံးမှာ၊ အဲကျတော့ ရှင်တို့ ကျွန်မနောက်လိုက်လာရင် အများကြီး ပိုအဆင်ပြေလိမ့်မယ်”

အမှန်တွင်တော့ သူမက သည်စကားမပြောလျှင်ပင် ရွှယ်ကျင်းက သဘောတူပြီးသားပင်။ အခုတော့ သူသည် အမျိုးသမီးရွမ်ဘက် လှည့်ကြည့်လိုက်လေသည်။

အမျိုးသမီးရွမ်က သူ့အဓိပ္ပာယ်ကို နားမလည်ဘဲ အဘယ်မှာရှိပါမည်နည်း။ ထို့ကြောင့် သူမက သူ့ကို ချက်ချင်း ခေါင်းညိတ်ပြလိုက်တော့သည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း သူမ ဆိုင်ဖွင့်ကတည်းက သူမနှင့် ရွှယ်ကျင်းတို့သည် စီးပွားရေး မလုပ်တတ်ကြမှန်း နားလည်လိုက်သည်။ ကျန်းယွင်ကျူးက လူကောင်းတစ်ယောက် ဖြစ်ပြီး အရည်အချင်းကောင်းများ ရှိသည်။ သူမနောက်လိုက်လျှင် ကောင်းလိမ့်မည်။

အဓိကကတော့ အန္တရာယ်ကင်းတယ်။ အဲဒီယုတ်မာတဲ့လူတွေအကြောင်း စဥ်းစားစရာမလိုတော့ဘူး။ ရွှယ်ကျင်းအတွက် ဆယ်နှစ်တာက ချည်ထားတဲ့ကြိုးတစ်ခုဆိုပေမဲ့ ဒါကလည်း ကတိတစ်ခုပဲမလား။

သည်လိုနှင့် ရွှယ်ကျင်းက မှင်တက်ကာဖြင့် အလုပ်ခန့်ခြင်းစာချုပ်တွင် လက်မှတ်ထိုးလိုက်တော့သည်။ ဆယ်နှစ်။ သူက သူ့ကိုယ်သူ ဆယ်နှစ်ဟု ပြောလိုက်လေသည်။ သူသည် ကြောက်ရွံ့မနေသလို စိုးရိမ်မှုလည်း မဖြစ်နေသယောင်။ သူက ချက်ချင်း နေပြန်ကောင်းချင်လာတော့သည်။ သို့မှသာ ကျန်ယွင်ကျူး၏လက်ရာကို ကြည့်ရှုနိုင်လိမ့်မည်။

အမှန်တွင်လည်း ကျန်းယွင်ကျူးသည် ရွှယ်ကျင်းက လေ့လာသင်ယူရာတွင် အလွန် စိတ်အားထက်သန်သည်ကို သတိထားမိခဲ့သည်။ သူ့ကို အခွင့်အရေးတစ်ခုလိုက်လျှင် သူ့အနာဂတ်က တောက်ပလာလိမ့်မည်။

ထို့အပြင် သူမကလည်း သူ့လိုလူတစ်ယောက်ကို လိုအပ်သည်။

သူမသည် သက်လတ်ပိုင်းယောက်ျားကို အကျိုးဆောင်ခပေးလိုက်ပြီးနောက် ရွှယ်ကျင်းနှင့် ချိန်းဆိုလိုက်သည်။ သူ နေကောင်းလာသည်နှင့် ကျန်းအိမ်သို့ ချက်ချင်းလာပြီး အလုပ်လုပ်ရမည်။ ကျန်းယွင်ကျးသည် စီရင်စုမြို့တွင် ပစ္စည်းအများအပြား ဝယ်လာပြီး ကျန်းချိန်နှင့် အိမ်ပြန်လာခဲ့လေသည်။

စီရင်စုမြို့ကိုသွားသည့် သည်ခရီးသည် အလွန်မှအောင်မြင်လေသည်။

...

အခန်း (၄၂.၂)

အိမ်ပြန်ရောက်ပြီးနောက် အိမ်တွင် ဧည့်သည့်တစ်ယောက် ရောက်နေသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးလျို ဖြစ်နေ၏။

အမျိုးသမီးလျို၏ မျက်လုံးများသည် နီနေသော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

ကျန်းယွင်ကျူး ပြန်လာသည်ကို မြင်လိုက်ရသဖြင့် သူမက ချက်ချင်းထရပ်လိုက်ပြီး

“ ယွင်ကျူး ပြန်လာပြီလား”

“အင်း အဒေါ် ဘယ်တုန်းက ရောက်တာလဲ” ကျန်းယွင်ကျူးက ပြန်ပြုံးပြလိုက်သည်။

“ ရောက်တာမကြာသေးပါဘူး၊ အို ဟုတ်သားပဲ လာလာ၊ ဒီအဝတ်အစားကို ဝတ်ကြည့်ပါအုံး”

အမျိုးသမီးလျိုက ပြောရင်းဆိုရင်း သူမဘေးက အိတ်တစ်ခုကိုဖွင့်ကာ အထဲက အဝတ်အစားတစ်စုံကို ထုတ်လိုက်ပြီး ကျန်ယွင်ကျူးကို လှမ်းပေးလိုက်သည်။

တည်သီးရောင် ဝတ်စုံပါးလေးတစ်ထည်ဖြစ်သည်။ ကော်လံနှင့် လက်အနားများကို နှင်းဖြူရောင် ယုန်မွေးနှင့် အနားကွပ်ထားသည်။ ဝတ်စုံကို အစိမ်းရောင်ဇာမဏီငှက်ပုံစံ ပန်းထိုးထားသည်။ ကျန်းယွင်ကျူး၏ အကြိုက်ဖြစ်လေရာ သူမသည် သည်ဝတ်စုံကို အလွန်လှသည်ဟု ခံစားလိုက်ရသည်။

“ အဒေါ်ရယ် ဒါကဘာလဲ”

ကျန်းယွင်ကျူးသည် အမျိုးသမီးလျို၏ မျက်လုံးများ နီရဲနေရသည့်အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားတော့သည်။ သူမက အဝတ်အစားချုပ်ဖို့ နောက်ကျတဲ့အထိ နေခဲ့တာပဲ။

“သမီးအတွက်ပါ စမ်းဝတ်ကြည့်ပါအုံး” အမျိုးသမီးလျိုက ပြောလိုက်သည်။

“ ဘယ်ဖြစ်မှာလဲ”

ကျန်းယွင်ကျူးသည် အဝတ်အစားက အလွန်ကောင်းသည့်ပစ္စည်းများဖြင့် လုပ်ထားသည့်ကို တွေ့လိုက်ရသည်။ အမျိုးသမီးလျိုလိုမုဆိုးမနဲ့ လူမမည်ကလေးက....

“ အဒေါ် ချုပ်ပြီးသွားပြီလေ၊ သမီးက ဒါကို မဝတ်ဘူးဆိုရင် ပိုပြီး အပြစ်ရှိသလို ခံစားရလိမ့်မယ်”

အမျိုးသမီးလျိုက ပြန်ပြောလိုက်သည်။

သူမက ထိုသို့ပြောလိုက်ချိန်တွင် အမျိုးသမီးချန်ကလည်း သူမကို ဖျောင်းဖျလိုက်တော့သည်။ ကျန်းယွင်ကျူးက အဝတ်အစားကို ကိုင်ထားပြီး လဲဝတ်ဖို့ အခန်းထဲ ဝင်သွားရတော့သည်။

ခဏကြာပြီးနောက်တွင် သူမသည် အဝတ်အစားလဲလိုက်ပြီး အပြင်ထွက်လာခဲ့လေသည်။

တံခါးလိုက်ကာကို ပင့်လိုက်သည့် အခိုက်တန့်လေးတွင် အမျိုးသမီးလျိုနှင့် အမျိုးသမီးချန်နှစ်ယောက်လုံးက မှင်တက်အံ့ဩသွားကြတော့သည်။ သူတို့နှစ်ယောက်လုံးက ကျန်းယွင်ကျူး လှပမှန်း သိပြီးသာပင်။ သို့သော် သည်လို လှပပြီးနှိုင်းယှဥ်လို့မရနိုင်သည့်လူကိုတော့...

“အမေ အဒေါ်လျို ဘယ်လိုနေလဲ” ကျန်းယွင်ကျူးက မေးလိုက်၏။

အမှန်တွင်တော့ သည်အဝတ်အစား၏ခါးက နည်းနည်းကျပ်လွန်းသည်ဟု ခံစားရသည်။ သူမက ချောင်ချောင်ချိချိနှင့် သက်သောင့်သက်သာဖြစ်သည်ကို ပိုကြိုက်လေသည်။ သို့သော် ဒါက တခြားလူက စေတနာနှင့် ပေးသည့်လက်ဆောင်ဖြစ်နေသည်။ အနည်းဆုံးတော့ အပြစ်မရှာဘဲ လူများ၏စိတ်ကို အေးချမ်းအောင် လုပ်ပေးလိုက်သည့် ပိုကောင်းမည်။

“လှတယ်” “လှတယ်”

အမျိုးသမီးလျိုနှင့် အမျိုးသမီးချန်တို့က ရှေ့ဆင့်နောက်ဆင့် ပြောလိုက်ကြသည်။

အမျိုးသမီးချန်က ထရပ်လိုက်ပြီး ကျန်းယွင်ကျူး၏လက်ကို ကိုင်လိုက်ကာ ခေါင်းအစခြေအဆုံး ကြည့်လိုက်လေသည်။ ဘယ်လိုပဲ ကြည့်ကြည့် ကြည့်လို့ကို မဝဘူး။ ဒါက သူမရဲ့သမီးတဲ့လား။ ဒါက သူမရဲ့သမီးတဲ့လေ။ သူမရဲ့သမီးချောလေး။

“အဒေါ်ကတော့ နန်းတော်ထဲက မိဖုရားတွေတောင် ယွင်ကျူးလောက် လှကြမှာမဟုတ်ဘူးလို့ ခံစားရတယ်” အမျိူးသမီးလျိုုက ချီးကျူးလိုက်သည်။ ဒါပေါ့ သူမက နန်းတော်ထဲက မိဖုရားတွေကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါပေမဲ့ သူမရဲ့စိတ်ထဲမှာတော့ ဒီလောကမှာ နန်းတော်ထဲက မိဖုရားတွေက အလှဆုံးအမျိုးသမီးတွေ ဖြစ်သင့်တယ်ဆိုပေမဲ့ ကျန်းယွင်ကျူးနဲ့တော့ မယှဥ်နိုင်ပါဘူး။

ထိုစကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးချန်မှာ ပိုလို့ပင် ပျော်သွားတော့သည်။

ကျန်းယွင်ကျူးက တစ်ခုခု ပြောမည်ပြင်လိုက်၏။ သို့သော် သူမသည် တစ်ခုခုကို ရုတ်တရက် ခံစားမိလိုက်လေသည်။ ခြံဝင်းထဲသို့ အကြည့်တွင် သူမသည် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က ထိုနေရာတွင် ရပ်နေပြီး သူမကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူတို့ထဲက ဘယ်သူမှ သူတို့ပြန်လာသည်ကို မသိလိုက်ကြပေ။

မူလက ပျော့ပြောင်းပြီး ကျက်သရေရှိလှသည့် ဘေးတစောင်းပုံရိပ်လေးနှင့် အလှဆုံးဖြစ်ကာ နှိုင်းရက်စရာ မရှိလောက်အောင် ချောမောလေသည်။ သူမက လှည့်ကြည့်လိုက်ချိန်တွင် နှင်းဖြူရောင် ယုန်မွေးများ ဝန်းရံထားသည့် မျက်နှာလေးတစ်ခု ပေါ်လာခဲ့သည်။

ကျန်းယွင်ကျူသည် ဒိတ်ခနဲ ရင်ခုန်သွားတော့သည်။ အကြောင်းမှာ ထိုအခိုက်လေးတွင် ရှန်ဖုန်းမင်၏ မျက်လုံးများက အလွန်မှ နက်မှောင်နေရာ သူမကို ဝါးမျိုချင်နေသည့်နှယ်။

ယန်ရှန့်က ရှန်ဖုန်းမင်၏ ပခုံးကို ပုတ်လိုက်ပြီး အလှအပအကြောင်း တစ်ခွန်းနှစ်ခွန်းလောက် ပြောချင်ခဲ့လေသည်။ သူ့အသက်ရှူသံက ပြင်းထန်နေသည်ကို ကြားလိုက်ရ၏။ ဒီလိုဖြစ်နေတာတောင် သူက ဒါကို ထိန်းထားနိုင်သေးတယ်။ သူ့ရဲ့ တကယ့် ရာသက်ပန်ရေခဲတုံးကြီးတစ်ယောက်ပဲ။

သူ ဒီလိုကြီးဖြစ်နေမှတော့ ဘယ်တော့မှ မိန်းမလှတစ်ယောက်ကို ပွေ့ဖက်နိုင်တော့မှာတုံး။

သူသည် ရုတ်တရက်ဆိုသလို အော်ရယ်ချင်သွားတော့သည်။ ထို့ကြောင့် သူက ရယ်သွမ်းသွေးကာ ပြောလိုက်တော့သည်။

“ နန်းတော်က မိဖုရားတွေက တကယ့်ကို ပိုလှတာပဲ”

ကျန်းယွင်ကျူး : .... သူမက နန်းတော်က မိဖုရားတွေနဲ့တွေ့ဖို့ ကံကောင်းအုံးမှကိုး။

ယန်ရှန့်က ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး ထပ်ပြောလိုက်လေသည်။

“ အဝတ်အစားက လှတယ်၊ ဒါပေမဲ့ ကံဆိုးချင်တော့ ရတနာတစ်ခုမှ မရှိဘူးနော်”

သူက နောက်ဆုံးတစ်ခွန်းကို ပြောလိုက်ချိန်တွင် ရှန်ဖုန်းမင်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။

သို့သော်ငြား ကျွန်းယွင်ကျူးက သည်ခေါင်းစဥ်ကို မြန်မြန်အဆုံးသတ်ချင်လိုက်သည်။

“ သမီး အခန်းထဲပြန်ပြီး အဝတ်အစားပြန်လဲလိုက်အုံးမယ်”

သူမက အခန်းထဲသို့ လှည့်ဝင်သွားတော့သည်။

သူမ ပြန်လာသည့်အချိန်တွင် ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က ထိုနေရာတွင် ရှိနေသေးသည်။ သူတို့သည် တခြားအကြောင်းအရာများကို ပြောနေကြသည်။ သူမက ယန်ရှန့်ကို တစ်ခုခုပေးစရာ ရှိလာသည်။

“ ဝက်အူချောင်းက လုပ်ပြီးတော့မယ်၊ ခဏလောက်အခြောက်ခံပြီးရင် စားလို့ရပြီ၊ ကျန်တာကိုတော့ ရှင်တို့မသွားခင် လုပ်ပေးရမလား ဒါမှမဟုတ်...”

“ အရင် လုပ်ထားလိုက်ပါ၊ ပြီးသွားရင် ကျွန်တော် ချက်ချင်း ပြန်ပို့ပေးလိုက်မယ်” ယန်ရှန့်က စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။

ကျန်းယွင်ကျူးကတော့ စိတ်ထဲမရှိပေ။ သည်နေ့ စလုပ်ဖို့ဆုံးဖြတ်လိုက်တော့သည်။

အမှန်တွင်တော့ သည်ပစ္စည်းများသည့် လျန်၂၀သာ တန်လေသည်။ မြို့တော်သို့ အထူး ပြန်ပို့ရမည်ဆိုလျှင် ခရီးစားရိတ်က ကုန်ကျစရိတ်ထက်ပင် များသေးသည်။

ယန်ရှန့်က ကျန်းယွင်ကျူးကို တစ်ခုခု မေးချင်ခဲ့သော်လည်း မည်သို့မေးရမည်မသိသဖြင့် အလွန် ပူပန်နေလေသည်။ ရုတ်တရက်ဆိုသလို ထိုနေ့က နတ်သမီးပေါ်လာပုံနှင့် လူများက ထိုအရာကိုမြင်သွားခဲ့သည်ကို သတိရသွားလေသည်။ ဒါကို မြင်ရင် သူ့အတွက်တော့ အဓိပ္ပာယ်ရှိမှာပါ ဟုတ်တယ်မလား။

ထို့ကြောင့် သူက ကျန်းယွင်ကျူးကို မေးလိုက်တော့သည်။

“ ကျွန်တော် ပြီးခဲ့တဲ့တစ်ခေါက် မပြန်ခင်တုန်းကလေ ရှီဖုန်းတောင်ပေါ်မှာ နတ်သမီးတစ်ပါး ပေါ်လာတာကို မြင်ခဲ့တယ်၊ ဘာတွေဖြစ်သွားတာလို့ ထင်လဲ”

ကျန်းယွင်ကျူးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူ့ကို မျက်လုံးပင့်ကြည့်လိုက်လေသည်။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့်အမူအရာဘာမှ မတွေ့ရချေ။ သူမသည် မြန်သွားသည့် နှလုံးခုန်နှုန်းကို တည်ငြိမ်အောင်လုပ်လိုက်လေသည်။ ဒီကိစ္စကို ချီလင်သက်တော်စောင့်တွေက ဖုံးကွယ်ထားလိမ့်မယ်လို့ မထင်ထားဘူး။ သူမက ဘုရားကျောင်းမှာ အမွှေးတိုင် မပြတ်ထွန်းနေဖို့ ကူညီလိုက်တာပဲလေ။ ဒီတော့ ဘာမှ မဖြစ်လောက်ပါဘူး။

သူက ဒီအတိုင်း သိချင်နေတာများလား။

ကျန်းယွင်ကျူးက ထိုကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

“ ကျွန်မလည်း နတ်သမီးပေါ်လာတာကို မြင်လိုက်ပါတယ်၊ ဒါပေမဲ့ အရမ်းကို ခပ်ရေးရေးလေးပါပဲ၊ ကျွန်မ ကိစ္စတစ်ခုကို သတိရသွားတယ်၊ ကျွန်မအရင်က ရုပ်သေးအရိပ်ပြဇာတ်တွေကို ကြည့်ခဲ့ဖူးတယ်လေ ပြီးတော့ ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ နောက်ပိုင်းကျတော့ ကျွန်မ သိလိုက်ရတယ်။ ပြတင်းပေါက်တစ်ခုမှာ အပေါက်လေးတစ်ခု ဖောက်ပြီး လူတစ်ယောက်က လက်ထဲမှာ တောက်ပြောင်ချောမွတ်ပြီး ကြည်လင်နေတဲ့ ပစ္စည်းတစ်ခု ကိုင်ထားပြီး ပြတင်းပေါက် အနောက်ဘက်မှာ ရပ်နေရင် ဖယောင်းတိုင်းရဲ့ ရောင်ပြန်ဟပ်လာတဲ့ပုံရိပ်ကို မြင်ရတယ်လေ။

ဒါက အဲတစ်ခုနဲ့ နည်းနည်းတူတယ်၊ ဒါပေမဲ့ ကျွန်မ ခန့်မှန်းကြည့်ရုံလောက်ပါပဲ၊ တကယ် နတ်သမီးတစ်ပါး ပေါ်လာတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့”

တကယ်တော့ ဒါက အပေါက်ငယ်တစ်ခုကနေ အရိပ်ထိုးပေးလိုက်တာပဲလေ။ ရှီဖုန်းတောင်ရဲ့ အနောက်ဘက်က တောင်မှာ မှန်လိုပြောင်နေတဲ့ ချောက်ကမ်းပါးတစ်ခုရှိတော့ ဒီကိစ္စအတွက် အဆင်ပြေသွားတာပေါ့။

ဘာ နတ်သမီး ပေါ်လာရမှာလဲ။ တကယ်တော့ ပုံရိပ်ကဖြင့် အရမ်းကိုဝိုးတိုးဝါးတားရယ်ပါ။ ခေတ်သစ်နည်းပညာ ပရိုဂျက်တာကို လုံးဝမမီပါဘူး။

သူမက လူတွေကို အခြေအနေရှုပ်ထွေးသွားအောင် တမင်လုပ်ထားပြီး နတ်သမီးတစ်ပါး ပေါ်လာတယ်လို့ ပြောလိုက်တာ။

သူမသည် ထိုသို့ပြောလိုက်ချိန်တွင် ယန်ရှန့်က ချက်ချင်းစိတ်ဝင်စားသွားပြီး သူကိုယ်တိုင် ကစားချင်လာတော့သည်။

သည်အခိုက်တွင် ရှန်ဖုန်းမင်က ပြောလိုက်၏။

“ ‘မော့ရဲ့အတွေ့အကြုံ’ ထဲမှာ စကားပုံတစ်ခုရှိတယ်၊ လူတစ်ယောက်ရဲ့ အလင်းရောင်က အခိုက်တန့်လေးပဲ၊ အောက်မှာရောက်နေတဲ့သူက အပေါ်မှာရှိနေပြီး အပေါ်မှာရောက်နေတဲ့သူက အောက်မှာရှိနေတယ်၊ ခြေထောက်တွေက အောက်အလင်းရောင်ကို ကာထားတယ်၊ ဒါကြောင့် နောက်ခံပိတ်ကားက အပေါ်မှာသွားပေါ်တယ်၊ ခေါင်းက အပေါ်ကအလင်းရောင်ကို ကွယ်ထားတော့ နောက်ခံပိတ်ကားက အောက်မှာလာပေါ်တယ်၊ နီးနီးဝေးဝေး အစွန်အဖျားနဲ့ အလင်းက ရှိတာပဲ၊ ဒါကြောင့် ဒါက ပိတ်ကားအဟောင်းထဲမှာပဲ ရှိတဲ့မြင်ကွင်းတစ်ခုပဲ”

သည်စာပိုဒ်၏ အဓိပ္ပာယ်မှာ အပေါက်ငယ်လေးဖြင့် ပုံရိပ်ဖော်ထားသည့်အကြောင်းကို ဖော်ပြလိုက်ရုံမဘဲ သူ့သဘောတရားကိုပါ အကျဥ်းချုပ်ပြောလိုက်ခြင်းပင်။

ကျန်းယွင်ကျူးသည် မော့ဇီက ဒါကို မှတ်တမ်းပြုထားပြီးဖြစ်မည်ဟု လုံးဝ မထင်မထားခဲ့ပေ။ ထို့အပြင် ရှန်ဖုန်းမင်က ထိုအကြောင်းကို သိနေလေသည်။

ယန်ရှန့်ကတော့ စဥ်းစားနေသည့် မျက်နှာထားတစ်ခုနှင့်

“ အဲလိုလား ငါဘာလို့ မသိခဲ့တာလဲ”

“မင်းက ကျောင်းမှာတုန်းက နိုးနေတဲ့အချိန်ထက် အိပ်နေတဲ့အချိန်က ပိုများတယ်လေ”

ရှန်ဖုန်းမင်က ပြောလိုက်သည်။

ယန်ရှန့် :….

All Chapters