← Chapters

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အခန်း (၄၃-၄၅)

Vol. 3 Ch. 43-45

အပိုင်း (၄၃.၁)

ယန်ရှန့်သည် လက်တွေ့သွား ကလိဖို့ထွက်သွားလိုက်ပြီး ရှန်းဖုန်းမင်ကတော့ ပြန်ထွက်သွားလေသည်။ ကျန်းယွင်ကျူးက အမျိုးသမီးချန်နှင့် အမျိုးသမီးလျိုတို့နှင့် စကားဆက်ပြောနေလိုက်လေသည်။

“ ရှင် နောက်ပိုင်းဘာလုပ်ဖို့ စဥ်းစားထားလဲ” အမျိုးသမီးချန်က အမျိုးသမီးလျိုကို မေးလိုက်သည်။

“ကျွန်မက အဲဒီခြံဝင်းနဲ့ပဲ ရင်းနှီးတာလေ၊ ပြီးတော့ ထပ်လည်းမရွှေ့ချင်တော့ဘူး၊ ဒါကြောင့် ကျွန်မ အဲမှာပဲ ဆက်နေမယ်ဆိုပြီး မြေပိုင်ရှင်နဲ့ စာချုပ်အသစ်ထပ်ချုပ်လိုက်တယ်”

အမျိူုးသမီးလျိုက ပြောလိုက်၏။

အမျိုးသမီးချန်ကတော့ မအံ့ဩပါချေ။ မြို့တွင်ငှားနေရသည်က စျေးကြီးတာသာ ရှိလေသည်။ သူမက မည်သို့ အသက်မွေးဝမ်းကြောင်းပြုပါမည်နည်း။

“ ကျွန်မ ရောင်းဖို့ ပစ္စည်းလေးတွေ ပန်းထိုးချင်တယ်”

အမျိုးသမီးလျိုက အနည်းငယ်စိုးရိမ်စိတ်နှင့် ပြောလိုက်လေသည်။ ဒါက သူမ၏ စိတ်ကူးသက်သက်သာ ဖြစ်သည်။ အလုပ်ဖြစ်ပါ့မလားတော့မသိပေ။

အမျိုးသမီးချန်ကတော့ အလုပ်ဖြစ်လောက်သည်ဟု ထင်သည်။ မြို့က အခြေအနေကို သူမ မသိသဖြင့် ဖြစ်သလိုတော့ မပြောရဲချေ။

“အဒေါ် ဒါကို သေချာပေါက်လုပ်နိုင်မှာကါ”

ကျန်းယွင်ကျူးက ပြောလိုက်သည်။ အမျိုးသမီးလျို သူမအတွက် ချုပ်ပေးတဲ့ ဝတ်စုံကိုကြည့်ရင် သူမက ပန်းထိုးနဲ့အချုပ်အလုပ်မှာ အရည်အသွေး အလွန်ကောင်းတယ်လို့ ပြောနိုင်တယ်လေ။ နောက်ပိုင်းကျရင် ပန်းထိုး၊ အဝတ်အစားချုပ်ပြီး သေချာပေါက်ငွေရှာနိုင်မှာပဲ။

ထိုစကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးလျိုက အလွန်စိတ်လှုပ်ရှားသွားတော့သည်။ သူမက အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အနည်းငယ်ပိုရှိလာတော့သည်။

“ ကျွန်မ ကူညီပေးနိုင်တာ ရှိရင် ရှင် ကျွန်မကို သေချာပေါက်လာရှာရမယ်နော်” သူမက ပြောလိုက်သည်။

နေ့လယ်ခင်းတွင် ကျန်းမိသားစုက အလုပ်များနေချိန်၌ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် ရင်းနှီးသည့်ငှက်ခေါ်သံကို ကြားလိုက်ကြသဖြင့် ထွက်သွားကြလေသည်။

တောင်အနက်ဘက်က ချိုင်းဝမ်းတစ်ခုထဲတွင် ချီလင်သက်တော်စောင့်အဖွဲ့တစ်ဖွဲ့က မြင်းများစီးကာ ဖုန်မှုန့်အလိမ်းလိမ်းနှင့် ထိုနေရာတွင် ရပ်နေကြသည်။ သူတို့သည် သည်နေရာသို့ နေ့ရောညပါ ခရီးပြင်းနှင်လာခဲ့ရသည်။ သူတို့သည် ပင်ပန်းနွမ်းနယ်နေကြသော်လည်း အားလုံးက တောက်ပသည့်မျက်လုံးများနှင့်အတူ ထင်းရှူးပင်များကဲ့သို့ မားမားမတ်မတ် ရပ်နေကြသည်မှာ သူတို့ခန္ဓာကိုယ်အတွင်းတွင် မီးတောက်တစ်ခု တောက်လောင်နေသည့်နှယ်။

“ တပ်မှူးနဲ့ ဒုတပ်မှူးတို့ကို နှုတ်ဆက်ပါတယ်”

ရှန်ဖုန်းမင်နှင့်ယန်ရှန့်တို့ကို တွေ့လိုက်ကြသည်တွင် လူအုပ်စုကြီးက တညီတညွတ်တည်း ဒူးထောက်လိုက်ကြလေသည်။ သူတို့၏အသံက ဝမ်းသာမှုနှင့် စိတ်ရင်းအတိုင်း ဖြစ်နေသည်။

အပြင်လူများက ရှန်ဖုန်းမင်ကို မည်သို့ပင်တွေးကြသည်ဖြစ်စေ သူတို့နှလုံးသားထဲတွင်တော့ တပ်မှူးသည် သူတို့ ဆန္ဒအလျောက် နောက်ကလိုက်ပြီး သူတို့တဘဝလုံးအတွင် အထင်ကြီးလေးစားရသူ ဖြစ်လေသည်။

အကျင့်ပျက်ချစားတဲ့အရာရှိတွေနဲ့ ဂုဏ်ရှိပါတယ်ဆိုတဲ့လူတွေကို သ-တ်တာပဲ။ ဒီလောကမှာ တရားမျှတမှု အရိပ်အယောင်လေးတစ်ခု ရှိမယ်ဆိုရင် အဲဒါက သူတို့ရဲ့အထက်အရာရှိပဲလေ။ သူက အရိုင်းအစိုင်းတွေရဲ့ စခန်းထဲကို တစ်ယောက်ထဲ ဝင်သွားပြီး သူတို့ရဲ့ညီအစ်ကိုတွေကို ကယ်တင်ပေးခဲ့တယ်။ သူ့အမူအရာက အေးစက်စက် နိုင်တယ်ဆိုပေမဲ့ သူ့သွေးကတော့ ပူလောင်တယ်ဆိုတာ သူတို့ သိပြီးသား....

သူတို့တွေက လက်ထဲမှာ ဓားကိုင်ဖို့ ဆန္ဓရှိကြတယ်လေ။ အထက်ရှဆုံးဓားတစ်ချောင်းကိုပေါ့။ ဓားဦးက သူတို့ရှေ့တိုးသွားတဲ့ဘက်ပဲ။

နောင်တတရားမရှိဘဲ အကြိမ်တစ်ရာမက သေရဲတယ်။

“မဆိုးဘူး”

ယန်ရှန့်က အားလုံးကို လှမ်းကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

သူသည် သည်ကိစ္စကို ကိုင်တွယ်ဖို့ရာ သူ့အတ္တရည်ရွယ်ချက်ဖြင့် ရွေးချယ်ခဲ့သော်လည်း သူသည် သည်နေရာကို ရောက်လာပြီဖြစ်ရာ အမှုကို မှန်မှန်ကန်ကန် ပြီးအောင်လုပ်ရလိမ့်မည်။

သည်အခိုက်တွင် တူလင်စီရင်စုရှိ တရားဝင်လမ်းကြီးပေါ်၌ လူနှင့်မြင်းတစ်စုတို့သည် ဒုန်းစိုင်း နင်းလာကြလေသည်။ လူနှစ်ရာကျော်ခန့် ရှိသည်။

အနီးက တောင်ကုန်းလေးတစ်ခုပေါ်တွင် ကျီစန်းညန်က ထိုနေရာတွင်ရပ်နေသည်။ လေက သူမ၏ အဖြူရောင်စပ်ကို တိုက်ခတ်နေပြီး သူမကို အဝေးသို့ပျံ့သွားတော့မယောင် ထင်ရစေသည်။

“စုန့်လီ ဒါက မိုးနတ်မင်းက ကျွန်မကို ပေးတဲ့အခွင့်အရေးတစ်ခုလို့ ရှင်ထင်လား”

သူမက လူအုပ်ကြီးကို ငေးကြည့်နေပြီး အထူးသဖြင့် အလယ်ကမြင်းစီးလာသည့် လူငယ်တစ်ယောက်ကို ကြည့်နေသည်။ သူမက ရုတ်တရက် ထုတ်ပြောလိုက်သည်။

“သခင်မ”

စုန့်လီ၏မျက်လုံးက စိုးရိမ်မှုအပြည့်ဖြစ်သွားလေသည်။

“ အဲဒီလူဘက်မှာ အစောင့်တွေနဲ့ အစေခံတွေ အများကြီးပဲ...”

သူတို့တွေ လွယ်လွယ်လေးနဲ့ နိုင်မှာမဟုတ်ဘူးလေ။

သို့သော် ကျီစန်းညန်က ထိုစကားကို မကြားသည့်နှယ်။ သူမက သည်အတိုင်း ပြောလိုက်တော့သည်။

“ မိုးနတ်မင်း မဟုတ်ပါဘူး၊ အဲဒီနေ့က ကောင်းကင်ပေါ်မော့ကြည့်ပြီး မိုးနတ်မင်းနဲ့ ဘုရားကို ဆုတောင်းခဲ့တာပဲ ဒါပေမဲ့ ဘယ်သူမှ ကျွန်မကို လာမကယ်ခဲ့ကြဘူး၊ ရှောင်ဇဲ့ပဲ ဖြစ်ရမယ်၊ ကောင်းကင်ဘုံက သူ့ဝိညာဉ်က ကျွန်မကို ကူညီနေတာ”

“သခင်မ”

စုန့်လီမှာ စိတ်မအေးဖြစ်သွားလေသည်။

သို့သော် ကျီးစန်ညန်က ပြုံးလိုက်၏။ သူမက ခေါင်းပေါ်က အဖြူရောင်ပန်းကို ယူလိုက်ပြီး လေထဲလွင့်မျောလိုက်လေသည်။

နောက်ဆိုရင် သူမက ဒီ အဖြူရောင်ပန်းလေးကို မလိုတော့ပါဘူး။ သူမရဲ့ရှောင်ဇဲ့ကို လူကိုယ်တိုင် အဖော်ပြုပေးဖို့ လိုက်ဆင်းသွားတော့မှာလေ။ သူက သူမရဲ့သွေးစွန်းနေတဲ့လက်တွေကို သဘောမကျဘူးလို့ မပြောသ၍ပေါ့။

တရားဝင်လမ်းမကြီးပေါ်တွင် ရှောင်းချီစုန့်သည် သူ့မြင်းပေါ်တွင် ထိုင်ရင်း တိန်ဟုန်ကို မေးလိုက်လေသည်။

“ ဝူလင်မိုင်းတွင်းကို ရောက်ဖို့ ဘယ်လောက်ကြာအုံးမှာလဲ၊ ဒီခရီးကြောင့် ငါ သေလောက်အောင် ပင်ပန်းနေပြီ”

ပြီးခဲ့သည့်အခေါက်က ရှန်ဖုန်းမင်သည် ဝမ်ပင်းနှင့် တခြားသူများကို မြို့တော်သို့ ပြန်ဖမ်းလာချိန်က ရုံးတော်က ပေါ်တင်တမျိုး ကျိတ်ကာတစ်မျိုး တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံး သူတို့သည် လူတစ်ယောက်ကို လွှတ်လိုက်ရလေသည်။ တိန်ဟုန်သည် ဝူလင်ခံတပ်၏ စစ်သူကြီးအသစ်ဖြစ်သည်။ ရှောင်းချီစုန့်ကတော့ သူ့လက်ထောက်ပင်။

လက်ထောက်တစ်ယောက်က စစ်သူကြီးကို ဒီလိုပြောရဲသတဲ့လား။ သူသာ စစ်တပ်ကလူဆိုရင် ဆွဲထုတ်ခံရပြီး ကြိမ်ဒဏ်အချက်၂၀လောက် အရိုက်ခံရပြီးပြီ။

ဒါပေမဲ့ ရှောင်းချီစုန့်က ရှောင်းမျိုးနွယ်လေ။ ရှမင်းဆက်ရဲ့ တော်ဝင်မိသားစုရဲ့ ရှောင်းမျိုးနွယ်။ သူ့အဖေက ဘုရင်ဟွိုက်နန်။ ဒီတော့ သူက တိန်ဟုန်ကို မကြောက်တာ သဘာဝပဲပေါ့။

တိန်ဟုန်သည် ဒေါသထွက်နေလေသည်။ နဂိုက ၆ရက် ၇ရက်လောက်ပဲ သွားရမဲ့ခရီးက အခုချိန်အထိ သူ့ကြောင့် နှောင့်နှေးနေရတာလေ။ သူတို့တွေက အပျော်ခရီး ထွက်လာတာလို့များ သူက ထင်နေတာလား။

အမှန်ပင်။ တစ်ဖက်လူကတော့ မိုင်းတွင်းသို့ လာပြီး ငွေရှာကာ လာပျော်ပါးခြင်းပင်။ အန္တရာယ်ကင်းကင်းနှင့် တပ်အသုံးစားရိတ်ကို ရှာနိုင်သည်။ တစ်ဖက်လူက ပြန်သွားလျှင် စစ်သူကြီးရာထူးကို ယူနိုင်ပြီး သူ့နှင့် ခြေရာတိုင်းနိုင်မည်။

ဒါသည် နှစ်ပေါင်းများသွာ သေရေးရှင်ရေးကို ရင်ခဲ့ရသည့် သူ့အဖို့တော့ ဝမ်းနည်းကြေကွဲဖွယ်ရာပင်။ ဦးခေါင်းကို ပေးဆပ်ပြီး သွေးမြေကျခဲ့ရသည့် ထိုစစ်သားများအဖို့တော့ ကြေကွဲဝမ်းနည်းစရာပင်။ နောက်ဆုံးတွင် သူတို့သည် လှံတစ်ချောင်းပင် မကိုင်နိုင်ခဲ့သည့် ဝတ်ကောင်းစားလှနှင့် ဟန်အပြည့်လူတစ်ယောက်လောက်ပင် ကောင်းကောင်းနေခဲ့ရပေ။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး တိန်ဟုန်သည် ရှောင်းချီစုန့်ကို မြင်းပေါ်က ဆွဲချကာ စစ်တပ်အစီအစဥ်ကို နှောင့်နှေးအောင်လုပ်ပြီး အထက်လူကြီးကို မလေးစားသည့်အတွက် အပြစ်ပေးရန် တစ်ယောက်ယောက်အား အမိန့်ပေးလိုက်ချင်တော့သည်။

သို့သော် နောက်ဆုံးတော့လည်း သူ့မှာ မျိုသိပ်ထားလိုက်ရသည်။ သူသည် ရုံးတော်တွင် ဘာနောက်ခံမှမရှိပေ။ သူသည် သည်နေ့ ရှောင်းချီစုန့်ကို ဆုံးမခဲ့လျှင် ရက်ပိုင်းအတွင်း မြို့တော်သို့ ပြန်ပို့ကာ အစစ်ဆေးခံရလိမ့်မည်။

“ ကျုပ်တို့ ဝူလင်စီရင်စုမြို့ကို ရောက်ပါပြီ၊ မြန်မြန်သွားကြရအောင်၊ ညနေခင်းလောက်ဆို ဝူလင်မိုင်းတွင်းကို ရောက်နိုင်မှာပါ” သူက အေးတိအေးစက်မျက်နှာဖြင့် ပြန်ပြောလိုက်တော့သည်။

နောက်တစ်နေ့ ညနေခင်းတွင် ကျန်းယွင်ကျူးက အအေးခံယုန်သားဟင်း နောက်ဆုံးအိုးကို ကြော်ပြီးသွားကာ အားလုံးကို အိုးတစ်လုံးထဲ ထည့်ကာ အလုံပိတ်လိုက်ပြီး ယန်ရှန့်ဆီ လာခဲ့လေသည်။

“ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီနော်၊ တစ်ချက်လောက် လာကြည့်ပါအုံး” သူမက ပြောလိုက်သည်။

သည်နှစ်ရက်တွင် သူသည် မွှေးပျံ့လှသည့်အနံ့ကြားတွင် နေလာခဲ့ရသည်။ ထို့ကြောင့် ထိုစကားကို ကြားလိုက်ချိန်တွင် မြန်မြန်ထွက်လာခဲ့လေသည်။

အနောက်ဘက်ခြံရှိ ဂိုဒေါင်တစ်ခုထဲတွင် သပ်သပ်စီထားသည့် အိုးများကို ၁၂လုံးမက တွေ့လိုက်ရသည်။ အိုးတစ်လုံးစီသည် ဖရဲသီးတစ်လုံးအရွယ်ရှိပြီး နှင်းကဲ့သို့ဖြူနေကာ အပေါ်တွင် အနီရောင်စာရွက်ကို ကပ်ထားသည်။ အနီရောင်စာရွက်ပေါ်တွင် စာများ ရေးထားလေသည်။

‘အအေးခံယုန်သား, အမဲသားလွှာနှပ်၊ အရိုးလွတ်ဘဲခြေထောက်, ကြက်အစပ်...’ တစ်မျိုးကို နှစ်အိုး လုပ်ထားသည်။ ပစ္စည်းများသည် ၁၂ခုမကပေ။

ယန်ရှန့်သည် ဆွံ့အသွားတော့သည်။ သူက ကျန်းယွင်ကျူးက အဲလောက်အများကြီး အလုပ်မရှုပ်စေခဲ့ပါဘူး။ ဒီလောက်အများကြီး လုပ်ထားခဲ့တာတဲ့။ သူမ ဘယ်လောက်တောင် အားစိုက်လိုက်ရလေမလဲ။

ပြီးတော့ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီပစ္စည်းတွေက နျဲ့ရှင်းဝယ်လာတဲ့ဟာတွေထက် ပိုပြီးကောင်းတာပဲ။

“ မင်း ကျွန်တော့်ကို ပုံမှန်စျေးနဲ့ ရောင်းပေးမှာလို့ ပြောခဲ့တာမလား”

ယန်ရှန့်မှာ စိတ်ပူသွားလေသည်။ ကျန်းယွင်ကျူးက အလုပ်ကြိုးစားပြီး ငွေရှာနေတာလေ။ သူက သူမအပေါ် လုံးဝအခွင့်အရေးမယူချင်ပါဘူး။

သို့သော် ကျန်းယွင်ကျူးက ဝေ့ခမ်းဖျင်ကိစ္စကို ထည့်စဥ်းစားပေးခဲ့လေသည်။ သူနဲ့ ရှန်ဖုန်းမင်တို့ သူမကို ကူညီခဲ့တာ ဖြစ်နိုင်တယ်လေ။ ဒီတော့ သူမကလည်း ကျေးဇူးတင်ကြောင်း တတ်နိုင်သလောက် ဖော်ပြချင်တာပေါ့။ သူမက ဒါတွေလုပ်တုန်းက တကယ့်စိတ်ရင်းနဲ့ လုပ်ပေးခဲ့တာ။

“ဒါက ပုံမှန်စျေးပါပဲ”

သူမက ပြန်ပြောလိုက်သည်။ သည်လိုဆိုရင်တောင် သူမက သူ့ဆီက ငွေ ၄လျန်လောက် ရခဲ့သေးတယ်လေ။

“ဒါတော့ မဟုတ်သေးပါဘူး”

ယန်ရှန့်က ၁၀လျန်တန်သည့် နောက်ထပ်ငွေတစ်ခုကို ထုတ်ကာ ကျန်းယွင်ကျူးကို ပေးလိုက်လေသည်။

ဒါပေါ့ ကျန်းယွင်ကျူးက ဒါကို မလိုချင်ပါဘူး။ ယန်ရှန့်ကလည်း ယောက်ျားတစ်ယောက်လေ။ သူက သူမနဲ့ ရန်ဖြစ်ဖို့ ဘယ်လုပ်ရဲပါ့မလဲ။ ဒီလိုနဲ့ ခဏကြာတဲ့အထိ မတိုးသာမဆုတ်သာဖြစ်နေကြလေရော။

ကျန်းယွင်ကျူးက မတတ်သာတော့ဘဲ ပြောလိုက်ရတော့သည်။

“ ဒါက တကယ် ပေါပေါပဲပဲစျေးတစ်ခု မဟုတ်ပါဘူးရှင့်၊ ဒါက မိတ်ဖြစ်ဆွေဖြစ် စျေးနှုန်းပါ”

မိတ်ဖြစ်ဆွေဖြစ်စျေးနှုန်းက ပုံမှန်စျေးနှုန်းထက် နည်းနည်းစျေးပေါပေမဲ့ အထူးတလည် စျေးပေါနေတာမျိုးလည်း မဟုတ်ဘူးလေ။

ယန်ရှန့်၏နားက ဆတ်ခနဲဖြစ်သွားတော့သည်။ “ မိတ်ဆွေဖြစ်စျေးနှုန်းတဲ့လား” ဒါဆို သူမက သူ့ကို မိတ်ဆွေတစ်ယောက်လို့ သတ်မှတ်လိုက်ပြီပေါ့။

ကျန်းယွင်ကျူး :....

သည်ရက်ပိုင်းတွေမှာ ခင်မင်လာခဲ့ပြီးနောက်ပိုင်း ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့က တော်တော်လေး ကောင်းတယ်လို့ သူမ တကယ်ခံစားခဲ့မိတယ်လေ။ မိတ်ဆွေအနေနဲ့ကတော့....

ယန်ရှန့်သည် ပြုံးဖြီးသွားတော့သည်။ အခုကစပြီး သူတို့တွေက မိတ်ဆွေတွေတဲ့။ သူက ထိုအိုးများကို ဝမ်းသာအားရ ကြည့်လိုက်လေသည်။ သူ အအေးခံယုန်သား၊ အမဲသားလွှာနှပ်၊ အရိုးလွတ်ဘဲခြေထောက်ကို မြည်းကြည့်ရမယ်။

“ ဒါက ဘဲခြေထောက်လား” သူက သိချင်စိတ်ဖြစ်သွားလေသည်။

ရှမင်းဆက်က လူတွေက ဘဲသားကို စားကြပေမဲ့ ဘဲခြေထောက်ကိုတော့ ဘယ်သူမှာ ထူးခြားတယ်လို့ မထင်ကြဘူးလေ။

“ဟုတ်ပါတယ်၊ ဘဲခြေထောက်ကို အရိုးထုတ်ပြီး ဆားနဲ့နှယ်ထားတာ၊ ဟင်းခတ်ငါးမျိုးအရသာတစ်ခုနဲ့ မာလာအစပ်အရသာတစ်ခု ပါတယ်”

ကျန်းယွင်ကျူးက ရှင်းပြလိုက်လေသည်။ ဒီခေတ်မှာက ဆောင်းတွင်အပူချိန်က အရမ်းနိမ့်တယ်။ ကျလာတဲ့ရေစပ်တောင် ရေခဲဖြစ်ကုန်တယ်။ ဒီပစ္စည်းတွေကို အခုအချိန်လုပ်မယ်ဆိုရင် လမ်းမှာ ပျက်သွားမှာ စိုးရိမ်စရာ မလိုတော့ဘူး။ ဒါကြောင့် သူမက ဟင်းခတ်ငါးမျိုးအရသာတစ်ခုကိုလည်း ထပ်ထည့်လိုက်တယ်။ ဒါဆိုရင် ငရုတ်သီး မစားတဲ့သူတွေက ဒါကို စားနိုင်တယ်လေ။

ယန်ရှန့်သည် မှင်တက်အံ့ဩသွားတော့သည်။ ဘဲခြေထောက်တွေကလည်း အကြီးကြီးပဲ။ အရိုးတွေကကို တစ်ခုချင်း ဖယ်ထုတ်ရတာမလား။ သူသည် ချက်ချင်းဆိုသလို အိုးကိုဖွင့်လိုက်ပြီး တူဖြင့် တစ်ခုကို ထုတ်ယူလိုက်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။

သေချာတာပေါ့။ အရိုးမပါဘူး။ ဘဲခြေက ပျော့အိချောမွတ်ပြီး ဘဲအရွတ်က အရမ်းကို တထုတ်ထုတ်နဲ့ပဲ။ ပါးစပ်ထဲ တစ်ခုလုံး ထည့်လိုက်တော့ သူ့အစပ်အရသာကို လျှာကလည်း ခံစားနိုင်ပြီး သွားတွေကလည်း ဝါးရတာ အားရစရာပဲ။ တစ်ကိုက်လောက်စားလိုက်တာနဲ့ လုံးဝကို ကျေနပ်သွားတယ်။

“အရသာရှိလိုက်တာ”

ယန်ရှန့်က တအံ့တဩဖြင့် ကြေညာလိုက်လေသည်။

ကျန်းယွင်ကျူးကလည်း အရိုးမဲ့ဘဲခြေထောက်ကို အကြိုက်ဆုံးဖြစ်ရာ ထိုစကားကို ကြားလိုက်သည်တွင် ခေါင်းညိတ်ပြလိုက်လေသည်။

စိတ်ဝင်စားလာသဖြင့် ယန်ရှန့်သည် တူကို ကောက်ကိုင်လိုက်ပြီး တစ်ခုချင်း လိုက်မြည်းကြည့်တော့သည်။ ထို့နောက် သူသည် နေရာက မခွာနိုင်ဖြစ်သွားတော့သည်။ ရုတ်တရက်ကြီး သူ ဒီပစ္စည်းတွေကို မြို့တော်ကို ပြန်မပို့ချင်တော့ဘူး။ သူ့အမေက ဒါတွေစားပြီးလို့ ထပ်ပြီး အတင်းဝယ်ခိုင်းရင်ဘယ်လိုလုပ်မတုံး။

မဟုတ်ဘူး။ သူ့အမေကတော့ သူ့ကို သေချာပေါက် အတင်းထပ်ဝယ်ခိုင်းမှာပဲ။ ဒါဆိုရင် သူ ကျန်းယွင်ကျူးကို ထပ်ပြီး ဒုက္ခပေးရလိမ့်မယ်။

သူမရဲ့လက်တွေ ရေအေးအေးထဲမှာ စိမ်နေရမှာကို သူ ထပ်ပြီးမမြင်ချင်တော့ဘူး။

အမှန်ပင်။ ကျန်းယွင်ကျူးက သူ့စိတ်ထဲတွင် ဖြစ်ပျက်နေသည်များကို မသိပေ။ ထို့ကြောင့် သူမက သံသယစိတ်ဖြင့် မေးလိုက်လေသည်။

“ဘာလဲဟင်၊ အရသာ မရှိလို့လား”

“ အရသာရှိတယ်၊ အရမ်းရသာရှိတယ်” ယန်ရှန့်က ပြန်ဖြေလိုက်၏။

ကျန်းယွင်ကျူးက နှုတ်ခမ်းထောင့်ကို ပင့်ပြီးပြုံးလိုက်လေသည်။ ဒါဆိုရင်တော့ ဟုတ်ပါပြီ။ တော်ပါသေးရဲ့။ ဖန်းလောင်စစ်နဲ့ သူ့မိန်းမတို့က တော်တော်လုပ်ရည်ကိုင်ရည် ရှိကြလို့ပဲ။ သူမက မီးဖိုဘေးမှာပဲ တာဝန်ယူပေးခဲ့ရတယ်။ တစ်ခါတလေမှပဲ ရေအေး ကိုင်ရတာ။

“ကျွန်တော် စဥ်းစားနေတာလဲ၊ ဒါကို ကျွန်တော်ပဲ ယူထားပြီး တစ်ယောက်ထဲပဲ စားလိုက်ရမလားလို့”

ယန်ရှန့်က ရှင်းပြလိုက်လေသည်။

ကျန်းယွင်ကျူးက အော်ရယ်တော့သည်။ ဒီလောက်များတဲ့ အစားအသောက်အိုးတွေကို သူက တစ်ယောက်ထဲ ဘယ်လောက်ကြာကြာစားနိုင်မှာမလို့လဲ။ ပြီးတော့

“ အိုးထဲ တချို့ရှိသေးတယ်၊ ရှင့်အတွက် လောက်မှာပါ”

ဒါဆိုရင်လည်း ဟုတ်ပြီလေ။ ယန်ရှန့်သည် သည်ပစ္စည်းများကို မြို့တော်သို့ ပြန်မပို့ရန် အကြောင်းပြစရာ မရှိတော့သယောင်။ ဤတွင် သူသည် ဘေးတွင်ချထားသည့် အိုး ၄-၅လုံးကို ဖျတ်ခနဲ တွေ့လိုက်လေသည်။ နာမည်ကိုကြည့်လိုက်လျှင် ထိုအိုးများက အအေးခံယုန်သား သို့မဟုတ် တစ်ခုခုဖြစ်မည်။

“ဒါကရော” သူက မေးလိုက်သည်။

“ ကျွန်မ ဒါကို လူကြီးမင်းရှန်ကို လက်ဆောင်ပေးချင်လို့ပါ”

ကျန်းယွင်ကျူးက ဖြေလိုက်သည်။ သူမက အစကတည်းက ရှန်ဖုန်းမင်နဲ့ ယန်ရှန့်တို့ကို အစားအသောက်တချို့ လက်ဆောင်ပေးဖို့ စဥ်းစားထားခဲ့တာလေ။ အခုတော့ ကွက်တိပဲပေါ့။

“ ကျွန်မ မသိဘူး....”

သူမ ဆိုလိုချင်သည်မှာ ရှန်မိသားစုသည် အိမ်တော်ကြီးတစ်ခု ဖြစ်သည်။ သူတို့က သည်လိုအစားအသောက်မျိုးကို လုံးဝကြိုက်လျှင် မည်သို့လုပ်ရပါ့။

ယန်ရှန့်က သူမ၏စကားကို ဆုံးအောင်ပင် နားမထောင်ခဲ့ချေ။ သူက ပြေးထွက်သွားပြီး ရှန်ဖုန်းမင်ကို မြန်မြန် သွားဆွဲခေါ်လာလိုက်သည်။

“ မိန်းကလေးကျန်းက ပြောတယ် ဒါတွေက မင်းအတွက်တဲ့”

ယန်ရှန့်က အိုးများကို လက်ညှိုးထိုးပြလိုက်ပြီး ပေါ့ပါးသည့်လေသံတစ်ခုဖြင့် ပြောလိုက်လေသည်။

ရုတ်တရက်ဆိုသလို သူ့ဘဝကြီးက သနားစရာကောင်းသည်ဟု ခံစားလိုက်ရတော့သည်။ သူ ဒါတွေကို လိုချင်ပါတယ်လို သေချာပြောခဲ့ပြီး ငွေအကုန်ခံခဲ့ရတာလေ။ ရှန်ဖုန်းမင်ကျတော့ ဘာမှလည်း မလုပ်ရပါဘဲနဲ့ သူက တစ်ခုခုကို ရလိုက်သေးသတဲ့လား။

...

အခန်း (၄၃.၁)

ရှန်ဖုန်းမင်၏မျက်တောင်ရှည်များသည် တဖျတ်ဖျတ်ခတ်သွားတော့သည်။ သူက ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။

ပြတင်းပေါက် ဘောင်မှ ဖြတ်ဝင်လာသည့် နူးညံ့သည့်နေရောင်ခြည်က သူ့မျက်လုံးထဲတွင် တောက်ပနေသောကြောင့် ဖြစ်မည်။ ထိုတဒင်္ဂလေးတွင် ကျန်းယွင်ကျူးသည် သူ့တကိုယ်လုံးက အလွန်မှ အေးစက်မနေတော့သည်ကို ခံစားလိုက်လေသည်။ နွေးဦးအစ၏ နှင်းပွင့်သစ်ကလေးနှယ်။ အေးစက်နေသေးသော်လည်း လူများကို လန်းဆန်သည့်အငွေ့အသက်တစ်ခု ပေးစွမ်းနေသည်။

“မင်းက ဒါတွေကို ကျွန်တော့်ကို အိမ်ပြန်ပို့ပေးဖို့ လက်ဆောင်ပေးချင်တာလား”

အိုများကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်းက မေးလိုက်၏။ အိုးပေါ်တွင် ကျန်းယွင်ကျူးရေးထားသည့် စာများရှိနေသည်။ စာလုံးများက သိပ်သေသေသပ်သပ် မဖြစ်သော်လည်း အမျိုးသမီးတစ်ယောက် ရေထားသည်နှင့် တူလေသည်။

သူ့အမေသာ တွေ့ရင်တော့...

“ အင်း... ရှင် မလိုချင်ဘူးဆိုရင်လည်း....”

“ယူမယ်”ရှန်ဖုန်းမင်က ပြောလိုက်သည်။

ကျန်းယွင်ကျူး၏မျက်လုံးများသည် အနည်းငယ် ဝိုင်းစက်သွားကာ သူ့ကို ကြည့်လိုက်မိတော့သည်။ ဒီတပ်မှူးလေးကိုတော့ ဘယ်တော့မှ ကြိုတင်ခန့်မှန်းလို့ကို မရနိုင်သေးတာပါလား။

ယန်ရှန့်က ပစ္စည်းများကို ပြန်ပို့ရန် လူတစ်ယောက်ကို ဆက်ချင်း စီစဥ်ခိုင်းလိုက်သည်။ ဘေးက အိုးခြောက်လုံးကို ရှန်အိမ်သို့ ပို့ရန်နှင့် ကျန်သည်များကို ယန်မိသားစုသို့ပို့ရန် အထူး မှာကြားလိုက်လေသည်။ ဝက်အူချောင်းများကတော့ အခြောက်ခံဖို့ရန် ရက်အနည်းငယ်ကြာအုံးမည်။ ထို့ကြောင့် အလျင်လိုစရာမရှိပေ။

လှည်းက အဝေးသို့ လိမ့်သွားသည်နှင့် ယန်ရှန့်သည် လက်နောက်ပစ်ကာ ပြန်လည်လန်းဆန်းသွားသလို ခံစားလိုက်ရတော့သည်။

နောက်တစ်နေ့ နေ့လယ်ခင်းတွင် ကျန်းယွင်ကျူးက ချက်ပြုတ်ရင်း အလုပ်များနေခဲ့သည်။ လှည်းတစ်စီးက တရားဝင်လမ်းမှ အလျင်အမြန် မောင်းဝင်လာပြီး မကြာမီတွင် ကျန်းအိမ်တံခါးရှေ့သို့ ရောက်လာခဲ့သည်။

လှည်းခန်းဆီးက မြောက်တက်လာပြီး အထဲကလူနှစ်ယောက် ထွက်လာခဲ့သည်။ သူတို့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လှည်းထဲလူကို ပြောလိုက်လေသည်။

“ခွင့်ပြုပါအုံး”

ထို့နောက် သူတို့သည် လှည်းအပြင်ဘက်တွင်လူကိုချခဲ့ပြီး ပြန်မောင်းထွက်သွားကာ ပျောက်ကွယ်သွားလေသည်။

မြေကြီးပေါ်က လူက သူက လွတ်လပ်သွားသလို ခံစားလိုက်ရပြီး ချက်ချင်း ထခုန်လိုက်လေသည်။ သူက ခေါင်းပေါ်က အဝတ်ထုပ်ကို ဆွဲထုတ်လိုက်ကာ သူ့ခါးကို စမ်းလိုက်ပြီး ပါးစပ်ဖွင့်ကာ ဆဲရေးလိုက်လေသည်။

သို့သော် သူ့ရှေ့က ဘယ်သူမှမရှိသည့် မြင်ကွင်းက ကြိုဆိုနေလေသည်။ သူ့ကို အဝေးက စိမ်းစိုနေသည့် တောင်းကုန်းများက ဝန်းရံထားပြီး အနီးအနားတွင် ရွာငယ်လေးတစ်ခု ရှိသည်။

လေထဲတွင် ရနံ့တစ်ခု ဝေ့တက်လာလေသည်။ အဘိုးကြီးက နှာခေါင်းပင့်ပြီး အနံ့ကို ရှူလိုက်လေသည်။ ထို့နောက် သူက အနံ့လာရာဘက်ကို မျှော်ကြည့်လိုက်လေသည်။

အလွန်မှ သာမန်ဖြစ်သည့် လယ်သမားအိမ်တစ်လုံးကို မီးဖိုမှ တလိပ်လိပ်တက်လာသည့် မီးခိုးများနှင့် တွေ့လိုက်ရသည်။ အမွှေးနံ့က အဲဒီအိမ်ရဲ့မီးဖိုကနေ လာတာပဲ။

ဗိုက်က တဂွီဂွီမြည်လာတော့သည်။

“ အဲခွေးကောင်တွေ ငါ့ကို အစားတောင် ပေးမစားဘူး”

အဘိုးကြီးက ဒေါသထွက်ထွက်နှင့် တံခါးခေါက်လိုက်လေသည်။

“ အမေ တံခါးသွားဖွင့်လိုက်မယ်”

အမျိုးသမီးချန်က ဆူညံသံကို ကြားလိုက်ပြီး ကျန်းယွင်ကျူး အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် ထွက်လာခဲ့လေသည်။

သူမသည် တံခါးကို ဖွင့်လိုက်ချိန်တွင် အပြင်၌ ထူးဆန်းသည့် အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတော့သည်။ အဘိုးကြီးက အသက် ၅၀-၆၀ခန့်ရှိပြီး သာမန်အညိုရောင် အဝတ်အစားကို ဝတ်စားထားသည်။ ရွာထဲက တခြားသာမန်အဘိုးကြီးများလိုပင်။

မဟုတ်ဘူး။ သူက နည်းနည်းထူးခြားတယ်။ သူ့မျက်လုံးတွေက ထူးထူးခြားခြား ကျန်းမာ တောက်ပနေတယ်။ ဒါကပဲ သူ့ကို အရမ်းတက်ကြွအားအင်ပြည့်နေတဲ့ပုံပေါ်စေတာ။

“ရှင်က ဘယ်သူ” အမျိုးသမီးချန်က မေးလိုက်သည်။

အဘိုးကြီးက ခဏလောက် တိတ်ဆိတ်သွာပြီးမှ ပြန်ဖြေလိုက်လေသည်။

“ ဖြတ်သွားဖြတ်လာတစ်ယောက်၊ မင်းတို့ခြံထဲမှာ အစားအသောက်ရနံ့တွေ ရတယ်လို့ ကြားလို့၊ ငါ ဗိုက်ဆာတယ်၊ မင်းဆီက အစားအသောက်တချို့ ဝယ်ချင်တယ်”

အဘိုးကြီးက ပြောရင်းဆိုရင်း သူ့ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်သော်လည်း သူ့တွင် ငွေတစ်ပြားမှာ မရှိသည်ကို တွေ့လိုက်ရတော့သည်။ သူ့မျက်နှာက တဖန် ညိုမည်းသွားတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် သည်လိုအချိန်တွင် သူ့ဗိုက်ကလည်း အသံမြည်လာပြန်သည်။

သူ့ရှက်သွားသည်ကို တွေ့လိုက်ရသဖြင့် အမျိူးသမီးချန်က သည်လိုအသက်အရွယ်တစ်ခုတွင် သူ့အတွက် မလွယ်ကူကြောင်း ခံစားမိလိုက်လေသည်။ သူမက တံခါးဖွင့်ပေးလိုက်ပြီး အထဲသို့ ဖိတ်လိုက်လေသည်။

“ ဝယ်စရာမလိုပါဘူးရှင်၊ အစားအသောက်တချို့ပြင်ဆင်ထားပြီးသားရှိတယ်၊ ခဏလေးစောင့်နော်၊ ကျွန်မ ရှင့်အတွက် ပြင်ဆင်ပေးမယ်”

အဘိုးအိုက လှမ်းဝင်လာခဲ့သည်။

ကျန်းယွင်ကျူးသည် မီးဖိုဆောင်ထဲတွင် အလုပ်များနေသော်လည်း အပြင်ဘက်က အသံများကို ကြားလိုက်ချိန်တွင် ခြံဝင်းထဲကို ကြည့်လိုက်လေသည်။ သူမသည် အဘိုးကြီးတစ်ယောက် အေးအေးဆေးဆေး ဝင်လာပြီး ထိုနေရာတွင် ငေးငေးငူငူနှင့် ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။

နတ်ဆေးသမားတော်။ ဒါ အထင်ကရ နတ်ဆးသမားတော်ဝူ မလား။ အိပ်မက်ထဲမှာ သူမ အန်းဖင်နယ်စားအိမ်မှာတုန်းက နယ်စားအိမ်တော်ရဲ့ သခင်မကြီးနေမကောင်း ဖြစ်ခဲ့တယ်။ လင်ထင်အန်းက လူလွှတ်ပြီး သူ့ကို နေရာတိုင်းမှာ ရှာပြီး ရောဂါကုသပေးဖို့ သူ့ကို အကူအညီ တောင်းခဲ့တယ်လေ။

အဲဒီတုန်းက သူမ သူ့ပုံတူပန်းချီကားကို တွေ့ခဲ့ဖူးတယ်။ အဲဒီပုံတူပန်းချီကာကို တန့်ချင်းရဲ့ဆရာလက်နဲ့ ဆွဲထားခဲ့တာ။ မျက်ခုံး၊မျက်လုံးတွေက သူနဲ့ ၇၀%လောက်တူပြီး အမူအရာမျက်နှာထားက သူနဲ့ ၁၀၀%တူတယ်။

ဒါ နတ်ဆေးသမားတော်ဝူပဲ။ ကျန်းယွင်ကျူးက အတည်ပြုလိုက်တော့သည်။

ဒါပေမဲ့ သူက ရုတ်တရက်ပြီး ဘာလို့ ဒီကိုရောက်လာတာလဲ။

သူရှိတဲ့နေရာက လျှို့ဝှက်တယ်လို့ ပြောကြတာပဲ။ အဲဒီတုန်းက လင်ထင်အန်းက သူ့ကို နှစ်ဝက်လောက် ရှာခဲ့ပေမဲ့ ရှာမတွေ့နိုင်ခဲ့ဘူးလေ။ နောက်ဆုံးတော့ သူ လက်လျှော့လိုက်ရတယ်။ အခုကျတော့ရော။

သူ ဒီနေရာကို အလည်အပတ်လာခဲ့တာလား။

ကျန်းယွင်ကျူးသည် ရုတ်တရက်ဆိုသလို ဝမ်းသာသွားတော့သည်။ သူသာ အဘိုးချန်ရဲ့ရောဂါကို ကူညီပေးဖို့ ဆန္ဒရှိရင် အဘိုးချန်ရဲ့မျက်လုံးတွေကို ကုသနိုင်မှာလား။ ဒါပေမဲ့ သူ့မှာ အရမ်းထူးဆန်းတဲ့ အကျင့်တစ်ခုရှိတယ်လို့ ပြောတယ်။ သူ လုပ်ချင်ရင် သူတောင်းစားနဲ့ သေမိန့်ကျ အကျဥ်းသားတွေကိုတောင် ကုသပေးလိမ့်မယ်တဲ့။

သူ မလုပ်ချင်ရင်တော့ ဘုရင်ကြွလာရင်တောင် အသုံးမဝင်ဘူးတဲ့။ သူက ပြောထားသေးတယ်။ စောစောသေပြီး စောစောပြန်မွေးဖွားရမယ်ဆိုရင်တော့ သူက အဲလိုပဲ လက်ခံလိုက်မှာပဲတဲ့။

ဒါပေါ့လေ။ မင်းကြီးက သူ့ကို ဘယ်ပေးသေစေချင်ပါ့မလဲ။ အားလုံးကလည်း သူ့ကို ပေးမသေချင်ကြပါဘူး။ သူသေသွားရင် သူတို့ရဲ့ရောဂါတွေကို ကုပေးမဲ့သူ မရှိတော့ဘူးလေ။

သည်အချိန်တွင် ဘေးအခန်း၌ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့သည် အဘိုးကြီးဝူကို မြင်လိုက်ကြလေသည်။

ယန်ရှန့်က လက်ပိုက်ပြီး အပြင်ကို ကြည့်လိုက်သည်။ သူက အပြုံးတစ်ခုနှင့် ရှန်ဖုန်းမင်ကို မေးလိုက်၏။

“ သူ တကယ်ပဲ ဟန်ကျိုးကနေ ထွက်မသွားခဲ့ဘူး၊ သူ့ကို တွေ့တုန်းက သူဘာလုပ်နေလဲ မှန်းကြည့်စမ်း”

“ သူ ဘာလုပ်နေတာလဲ”

ရှန်ဖုန်းမင်သည် ယန်ရှန့်ကို ရှားရှားပါးပါး ပြန်မေးလိုက်လေသည်။

“အနောက်ရေကန်မှာ လိပ်တွေကို မျှားနေတာတဲ့၊ အနောက်ရေကန်ထဲမှာ သက်တမ်းတစ်ထောင်ရှိတဲ့ လိပ်တွေရှိတယ်လို့ အတင်းကိုပြောနေတာ၊ တစ်ကောင်လောက် ဖမ်းမိပြီး စွပ်ပြုတ်နှပ် စားရရင် ကွက်တိပဲတဲ့၊ ပြောပါအုံး ဒီအဘိုးကြီးက...”

ယန်ရှန့်သည် ခေါင်းခါလိုက်တော့သည်။

ရုတ်တရက် သူက ရှန်ဖုန်းမင်ကို ထပ်မေးလိုက်လေသည်။

“ မှန်းကြည့်စမ်း၊ နောက်မှ သူ မင်းကိုတွေ့သွားရင် မင်းရဲ့သရုပ်မှန်ကို ထုတ်ပြောလိမ့်မယ်လို့ထင်လား”

အဘိုးကြီးဝူသည် ရှန်ဖုန်းမင်ကို တွေ့ခဲ့ဖူးသည်။

အမှုတွဲကို ကိုင်ထားသည့် ရှန်ဖုန်းမင်၏လက်သည် ခေတ္တ တုံ့ဆိုင်းသွားပြီး

“ ပြောပါစေပေါ့”

အမှန်တွင်တော့ သူနှင့် ယန်ရှန့်တို့သည် ကျန်းယွင်ကျူးကို တစ်ချိန်လုံး လိမ်ညာထားဖို့ စိတ်ကူးမရှိပေ။

သို့သော် ယန်ရှန့်က တစ်ယောက်တည်း ပဋိပက္ခ ဖြစ်နေတော့သည်။ သူက ကျန်းယွင်ကျူးကို ရှန်ဖုန်းမင်၏ သရုပ်ကို သိစေချင်ရုံမက သူမ၏တုံ့ပြန်မှုကိုလည်း မြင်ချင်နေသည်။ သို့သော် သူ့သရုပ်မှန်ကို သိသွားပြီးနောက်တွင် သူမက အလွန်အထိတ်တလန့် ဖြစ်သွားမှာကိုလည်း စိုးရိမ်ပြန်သည်။ ဒါက တကယ် အရမ်းကို ခက်တာပဲ။

သည်အချိန်တွင် ကျန်းယွင်ကျူးသည် ဟင်းတစ်အိုးကို ကြော်ချက်ပြီး မြန်မြန်ထွက်လာခဲ့သည်။ သူမက အဘိုးကြီးဝူကို စကားသွားပြောလိုက်လေသည်။

“ဆရာကြီးရှင့်၊ ဖြတ်သွားဖြတ်လာခရီးသည်လားရှင်”

အဘိုးကြီးဝူက ကျန်းယွင်ကျူးကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး သည်လိုခေါင်သည့် တောင်ပေါ်ရွာလေးတွင် မိန်းမလှလေးတစ်ယောက် ရှိနေသည်ကို အနည်းငယ်အံ့ဩသွားတော့သည်။

“ဟုတ်တယ်”

အဘိုးကြီးဝူက သူ ထွက်သွားတော့မည်ဟု မပြောချင်ပေ။ သူလည်း ရင်ဆိုင်ကြည့်ချင်သေးသည်။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ အဘိုး အထဲမှာ ဝင်ထိုင်ပါအုံးရှင်၊ ကျွန်မ ဆရာကြီးအတွက် အစားအသောက်ပြင်ဆင်ပေးပါ့မယ်”

သူမက ပြောလိုက်ပြီး မီးဖိုထဲ ဝင်သွားလေသည်။

သူတို့သည် ခြံဝင်းထဲ ဝင်လာချိန်တွင် အစားအသောက်နံ့က ပိုပြီးထင်ရှားလာခဲ့သည်။ အဘိုးကြီးဝူက မနေနိုင်တော့ဘဲ မီးဖိုဆောင်ဘက်ကို ကြည့်လိုက်လေသည်။

ထိုအချိန်တွင် ဘေးက ခြေသံများ ထွက်လာလေသည်။ သူက ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဘေးအခန်းက ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ထွက်လာသည်ကို တွေ့လိုက်ရတော့သည်။

ချီလင်သက်တော်စောင့်တပ်မှူး ရှန်ဖုန်းမင်။ အဘိုးကြီးဝူ၏မျက်နှာသည့် ချက်ချင်း အေးစက်သွားတော့သည်။ သူ့ကို သည်နေရာတွင် ဘာကြောင့် လာအပစ်ခံရသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူ အနောက်ရေကန်မှာ ရှိတာကို သိတဲ့သူက ဒီနာမည်ကြီး ချီလင်သက်တော်စောင့်က လွဲရင် ဘယ်သူရှိအုံးမှာလဲ။

သူက ဘာအတွက် သူ့ကို လာရှာတာတဲ့လဲ။ ဆေးကုခိုင်းဖို့လား။ စဥ်းတောင် မစဥ်းစားနဲ့။ ခွေးကို ကုပေးရင်တောင် သူ့ကိုတော့ မကူညီဘူး။

သူ လူတွေကို ဘယ်လိုသ-တ်ခဲ့လဲဆိုတာကိုရော မှတ်မိသေးရဲ့လား။ အရမ်းကို ဝင့်ဝင့်ကြွားကြွားနဲ့ ရက်စက်လိုက်တာလဲလွန်ရော။

“ လူကြီးမင်းရှန်နဲ့ လူကြီးမင်းယန်တို့ ခဏလေးစောင့်ပေးပါအုံးနော်၊ အစားအသောက်တွေ ခဏနေဆို အသင့်ဖြစ်ပါပြီ”

ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ ထွက်လာသည်ကို မြင်လိုက်သည်တွင် အမျိုးသမီးချန်က အစားအသောက်ကို စောင့်ရသည်ကို စိတ်မရှည်တော့ဘူးဟု ထင်ပြီး ပြောလိုက်လေသည်။

“ ရပါတယ်ခင်ဗျာ အလျင်မလိုပါဘူး” ယန်ရှန့်က ပြန်ပြုံးပြလိုက်လေသည်။

တစ်ယောက်က မေးလိုက်ပြီး တစ်ယောက်က ပြန်ဖြေသည်။ ပုံမှန်ဟု ထင်ရသော်လည်း အဘိုးကြီးဝူ၏ မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ သူ ဘာတွေ့လိုက်တာလဲ။ ဒီမိန်းမကလား။ သူမက ရှန်ဖုန်းမင် ဘယ်သူဆိုတာ မသိဘူးလား။ သူမက သူ့ကို ဒီပုံစံနဲ့ စကားပြောရဲတယ်။

မြို့တော်တစ်ခုလုံးမှာ ရှန်ဖုန်းမင်ကို ဘယ်သူက ဒီလိုစကားပြောရဲခဲ့လို့လဲ..... မဟုတ်သေးဘူး။ အမျိုးသမီးချန်သည် ရှန်ဖုန်းမင်၏ သရုပ်မှန်ကို လုံးဝသိပုံမရမှန်း ချက်ချင်း သဘောပေါက်သွားတော့သည်။ မဟုတ်ရင် သူမက ဒီလိုသဘောထားမျိုး ရှိနိုင်ပါ့မလား။

သည်အချိန်တွင် အဘိုးချန်က အသံကို ကြည့်လိုက်ပြီး အခန်းထဲက ထွက်လာကာ မေးလိုက်လေသည်။

“ဘယ်သူလဲ”

သူ၏ စမ်းတဝါးဝါးအသွင်ကို ကြည့်လိုက်ရင်း အဘိုးဝူက သူ့မျက်လုံးက တစ်ခုခု မူမမှန်သည်ကို ချက်ချင်း သတိထားမိသွားတော့သည်။

“အဖေ ဖြတ်သွားတဲ့ခရီးသည်လူကြီးတစ်ယောက်ပါ”

အမျိုးသမီးချန်က အဘိုးချန်ကို ရှင်းပြလိုက်သည်။

“ အဘိုးရယ် ဘာလို့ အခန်းထဲမှာ မထိုင်တာလဲ”

ကျန်းယွင်ကျူးက အစားအသောက်နှင့် မီးဖိုဆောင်မှထွက်လာပြီး မေးလိုက်လေသည်။

အဘိုးဝူက တစ်ဖက်က လှမ်းကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို သူသည် ပြုံးဖြီးသွားတော့သည်။ စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။

...

အပိုင်း (၄၄.၁)

အဘိုးကြီးဝူက အခန်းထဲ ဝင်ထိုင်လိုက်လေသည်။ ကျန်းယွင်ကျူးက သူ့အတွက် ဟင်းလေးမျိုး ယူလာပေးလိုက်သည်။ ဝက်သားပြုတ်ကြော် တစ်ပွဲ၊ ကြက်ကုန်းဘောင်ကြော်တစ်ပွဲ၊ မုန်လာထုပ်ကြော်တစ်ပွဲ နှင့် အရိုးမဲ့ဘဲခြေထောက်၊ ဝက်မြီး၊ ဘဲအသဲအမြစ် အပါအဝင် အမဲအရွတ်လေးမျိုးတို့ကို အကန့်လိုက်ပြင်ထားသည့် ဟင်းပွဲတစ်ခု ပါလေသည်။

ထမင်းတစ်ပန်းကန်နှင့် ရေညှိကြက်ဥစွပ်ဟင်းရည်လည်း ပါသေးသည်။

ဒီဟင်းလေးမျိုးက သာမန်လို့ထင်ရပေမဲ့ အဖက်ဖက်ကကြည့်ရင် ထူးခြားနေတာပဲ။

ဒီမုန်လာထုပ်မွှေကြော်လိုပေါ့။ အဘိုးဝူက တစ်နိုင်ငံလုံး ပတ်စားလာခဲ့တာလေ။ နန်းတော်ရဲ့ စားဖိုဆောင်မှာတောင် အကြိမ်ကြိမ် စားခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလိုအဆင့်အထိ ချက်နိုင်ဖို့ကတော့ အရေအတွက်က လက်နှစ်ဖက်တောင် မကျော်ဘူး။

ပြီးတော့ ဒီဟင်းပွဲအရော။ ဒါက ဘဲခြေထောက်ပဲ။ ဟုတ်တယ်မလား။ ကွေးတက်နေတဲ့ပုံကို ကြည့်စမ်း။ အရိုးဖယ်ထားတဲ့ပုံပဲ။ ဒါသည် အဘိုးကြီးဝူအတွက် ဘဲခြေထောက်ကို သည်လိုပုံစံတွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

အဘိုးကြီးဝူက သိချင်သွားတော့သည်။ ထို့ကြောင့် သူက ဘဲခြေထောက်တစ်ဖက်ကို ညှပ်လိုက်ပြီး အရင်ဆုံးစားလိုက်လေသည်။

အရသာအပြည့်၊ စပ်တက်တက်၊ တထုတ်ထုတ်နဲ့ အိနေတာပဲ။

သူသည် ဝက်မြီးတစ်ပိုင်းကို စားလိုက်လေသည်။

အရသာမတူဘူး။ ဒါပေမဲ့ အရသာရှိတာရော စားလို့ကောင်းတာရောက အတူတူပဲ။

မုန်လာထုပ်မွှေကြော်။ သေချာတယ်။ သူ ထင်ထားတဲ့အတိုင်းပဲ။ ဒီချက်နည်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီပဲ။ မူလအရသာအတိုင်း ဘာဟင်းခတ်အမွှေးအကြိုင်မှ မထည့်ထားဘူး။ မုန်လာထုပ်ရဲ့ နဂိုအရသာပဲ ရှိတယ်။ ဒါဆိုင် အရမ်းကို လန်းဆန်းပြီး ချိုနေတာပဲ။

အဘိုးကြီးတူသည် ကျန်းယွင်ကျူးကို လှမ်းမကြည့်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။ သူက မေးလိုက်၏။

“ မင်း ချက်ထားတာလား”

“ဟုတ်ပါတယ်၊ အဘိုး သဘောကျရဲ့လားရှင်”

အဘိုးကြီးဝူက သူမကို စိုက်ကြည့်လိုက်လေသည်။ ဒီအရည်အချင်းကို နာမည်ကြီးဆရာတစ်ယောက် ပေးခဲ့ပြီး နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားလေ့ကျင့်တာမျိုး မဟုတ်ရင် ဒီအဆင့်ကို လုံးဝရောက်မှာ မဟုတ်ဘူး။ ဒါပေါ့ နောက်ထပ် ဖြစ်နိုင်ခြေ ရှိပါသေးတယ်။ သဘာဝဖြစ်ရပ်နဲ့ ရှုပ်ထွေးမှုကလည်း ရိုးရှင်းလာနိုင်တာပဲ။ ဒီမိန်းကလေးက ဒီလိုအသိဉာဏ်မျိုးနဲ့ မွေးလာတာပဲ။

အဘိုးကြီးဝူက ကျန်းယွင်ကျူးကို နောက်အမျိုးအစားထဲဖြစ်မည်ဟု ထင်လိုက်လေသည်။ သူသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင်ဖြစ်သွားတော့သည်။ သူ့သက်တမ်းရဲ့ တစ်ဝက်လောက်ကို လှည့်ပတ်သွားလာပြီး ဆက်ခံသူတစ်ယောက်တောင် မရှိခဲ့ဘူး။ ဒီမိန်းကလေး....

ထိုအကြောင်းကို စဥ်းစားလိုက်ပြီး သူ့အမူအရာကို အများကြီး ပိုပျော့ပြောင်းလာကာ ပြောလိုက်လေသည်။

“အရသာရှိတယ်”

ကျန်းယွင်ကျူး၏ မျက်လုံးများသည် ရွှန်းလဲ့သွားတော့သည်။ အဘိုးကြီးဝူဆီက သည်လို စကားမျိုး ကြားရဖို့ တကယ်မလွယ်တာလေ။ အဘိုးက စားသောက်ရလို့ ပျော်တယ်ဆိုတော့ သူ အဘိုးချန်ရဲ့ ရောဂါကို ကူညီပေးမလားမသိဘူး။ အမှန်ပင်။ သူမသည် ထိုစကားကို ထုတ်ပြောလိုက်ခြင်း မဟုတ်ပေ။ သူမက အောင်မြင်မှု မြန်မြန်ဆန်ဆန် ရဖို့ရန် အလွန်မှစိတ်အားထက်သန်နေသည့်သဘောပင်။

အဘိုးကြီးဝူ ကိုယ်တိုင် ထုတ်ပြောလာတာကို စောင့်လိုက်တာက ပိုကောင်းပါတယ်လေ။

“အရသာရှိတယ်ဆိုရင် များများပါနော်” သူမက သည်လိုသာ ပြောလိုက်တော့သည်။

အဘိုးကြီးဝူက ဗိုက်ဆာနေပြီးဖြစ်သည်။ သူသည် နှစ်လုတ်လောက် စားလိုက်ပြီး အစားစားချင်စိတ်က ကြီးထွားလာတော့သည်။ ချက်ချင်းဆိုသလို သူက စကားမပြောတော့ဘဲ စတင် စားသောက်တော့သည်။

ဟင်းလေးမျိုးရှီပြီး တစ်မျိုးစီက အများကြီးမဟုတ်ပေ။ မကြာခင်မှာပင် သူသည် ဟင်းအားလုံး၊ ထမင်းတစ်ပန်းကန်ကို ကုန်အောင်စားလိုက်ပြီး နောက်ဆုံးတွင် ဟင်းရည်ပန်းကန်လုံးတစ်ဝက်ကို သောက်လိုက်လေသည်။

စားသောက်ပြီးနောက် သူက ထိုနေရာတွင် ထိုင်ကာ ဗိုက်ကို ပွတ်သပ်နေလိုက်လေသည်။ နောက်ကျမှ သတိထားမိလိုက်သည်က သူက စားသောက်ပြီးသည်တွင် ၇၀%သာ ဗိုက်ပြည့်လေသည်။ သူ့လက်ရှိအခြေအနေက ကျန်းမာရေးကို ထိန်းသိမ်းရန် မသင့်တော်ပေ။

ဟင်းပွဲအားလုံးက အလွန်မှ အရသာရှိနေခြင်းကြောင့်ပင်။ နှမြောတသကာဖြင့် သူက လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်လေသည်။

ဒီလက်ဖက်ခြောက်က အရသာမရှိဘူး။ သူက စဥ်းစားလိုက်၏။

အမှန်ပင်။ ကျန်းမိသားစုသည် ပယ်ထားသည့် လက်ဖက်ခြောက်များကိုသာ ဝယ်သောက်နိုင်သည်။ ထို့ကြောင့် အရသာကောင်းကောင်း မထွက်ချေ။

သည်အချိန်တွင် ကျန်းယွင်ကျူးနှင့်တခြားသူများက စတင် စားသောက်လိုက်ကြသည်။ အဘိုးချန်က အမြင်အာရုံ မကောင်းပေ။ အမျိုးသမီးချန်က စားပွဲပေါ်တွင် ဘာဟင်းများ ရှိကြောင်း သူ့ကို ပြောပြပြီး သူစားချင်သည့်ဟင်းကို မေးလိုက်လေသည်။

အဘိုးချန်က ပြောလိုက်ပြီး အမျိုးသမီးချန်က သူ့ကို ကူညီပေးလိုက်သည်။

ကျန်းယွင်ကျူးက ဘေးက ကြည့်နေပြီး အဘိုးကြီးဝူကို တိတ်တိတ်လေး ခိုးကြည့်လိုက်လေသည်။ အဘိုးချန်ရဲ့ ရောဂါက သိသာပါတယ်။ သူက တစ်ချက်လောက် မကြည့်ပေးချင်တာလားမသိဘူး။ ဒါမှမဟုတ် အဲဒီဟင်းတွေကို သူ သဘောမကျလို့လား။

တကယ်တော့ အဲဒီဟင်းလျာတွေက အိမ်ချက်ဟင်းသာသာပဲလေ။ အဘိုးကြီးဝူက အဆင့်အတန်း မြင့်တဲ့သူဆိုတော့ သူ သဘောမကျတာ ပြောစရာမလိုပါဘူး။

ကျန်းယွင်ကျူးသည် သူမ၏အိပ်မက်ထဲတွင် ပြင်ဆင်ခဲ့သည့် ဟင်းပွဲကို သူ့အတွက် လုပ်ပေးလျှင် ကောင်းမည်လားဟု စဥ်းစားလိုက်လေသည်။

အိပ်မက်ထဲက အန်းဖင်နယ်စား လင်ထင်အန်းသည် အဘိုးဝူကို ရောဂါကြည့်စေချင်ခဲ့သည်။ လူတစ်ယောက်ကို ရှာဖွေရသည်က တစ်ကိစ္စပင်။ သူ့ကို မည်သို့ ဖျောင်းဖျရမည်က နောက်အကြောင်းတစ်ခု ဖြစ်လေသည်။

ကျန်းယွင်ကျူးသည် အဘိုးကြီးဝူက စားသောက်လည်ပတ်ရသည်ကို သဘောကျမှန်း သိထားသည်။ ထို့ကြောင့် သူမသည် သူ သဘောကျလာအောင် ဟင်းပွဲတစ်မျိုးကို ဂရုတစိုက် စဥ်းစားလိုက်လေသည်။

နှမြောစရာကောင်းသည်က နောက်ဆုံးတွင် ဘယ်သူကမှ သူ့ကို ရှာမတွေ့ခဲ့ဘဲ သူမ၏ဟင်းလျာကိုလည်း ချပြရန်နေရာ မရှိခဲ့ချေ။

အခုတော့ အခွင့်အရေးတစ်ခုရလာသည်။

သို့သော် ထိုဟင်းလျာကို မည်သို့ချက်ပြုတ်ရမည်က ချင့်ချင့်ချိန်ချိန်နှင့် ဂရုတစိုက်စဥ်းစားဖို့ လိုအပ်သေးသည်။

ကျန်းယွင်ကျူး၏စိတ်က အဝေးသို့ပျံ့လွင့်နေတော့သည်။ သူမ မသိလိုက်သည်က အဘိုးကြီး၀ူသည် ထိုဟင်းပွဲများကို စားသောက်ပြီးနောက်တွင် အဘိုးချန်ကို စမ်းသပ်ပေးချင်ခဲ့ပြီးဖြစ်သည်။ တစ်ခုသာ။ ရှန်ဖုန်းမင်က အဘိုးချန်ကို ကြည့်ရှုပေးဖို့ရာ သူ့ကို ပြန်ပေးဆွဲခဲ့တာဖြစ်နိုင်သည်ဟု တွေးမိလိုက်ခြင်းပင်။ သူက ကြည့်ရှုပေးလိုက်ရင် ရှန်ဖုန်းမင်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးသလို ဖြစ်နေမှာမလား။

မကြည့်ဘူး။ မကြည့်ပေးဘူး။ အနည်းဆုံးတော့ အခုလောလောဆယ်ပေါ့။

ရှန်ဖုန်းမင် ထွက်သွားပြီးမှပဲ သူ ကြည့်ပေးတော့မယ်။

သူက သည်လိုစဥ်းစားထားလိုက်လေသည်။

“အဘိုးက တစ်ယောက်ထဲနော်၊ ဒီလောက်အေးတဲ့နေ့မှာ ဘယ်သွားဖို့ စဥ်းစားထားတာလဲ၊ အရေးကြီးတာ မရှိဘူးဆိုရင် ဒီမှာပဲ တစ်ရက်နှစ်ရက်လောက် ထပ်နေပါလား” ကျန်းယွင်ကျူးက အကြံပြုလိုက်လေသည်။

ဒါသည် အဘိုးကြီးဝူလိုချင်သည့် အရာပင်။ ထို့ကြောင့် သူက ချက်ချင်းခေါင်းညိတ်လိုက်တော့သည်။

နှစ်ယောက်လုံးက ချက်ချင်း အဆင်ပြေသွားကြလေသည်။

ခြံဝင်းထဲတွင် ဘေးအခန်း၂ခန်းရှိသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့က တစ်ခန်း ယူထားသည်။ ကျန်အခန်းကိုတော့ အစက နေလှန်းထားသည့်ပစ္စည်းများ သိမ်းရန် အသုံးပြုခဲ့သည်။ ကျန်းယွင်ကျူးက အခန်းကို ချက်ချင်း သန့်ရှင်းရေးလုပ်လိုက်ပြီး အဘိုးကြီးဝူနေဖို့ ပေးထားလိုက်သည်။

နေ့လယ် ၁နာရီတွင် ကုယန်ကျိုးက ကျန်းလင်နှင့် တခြားသူများ စာလာသင်ပေးလေသည်။

ကျန်းယွင်ကျူးသည် ခဏလောက် စာသင်လိုက်ပြီးနောက် သူမက စာဖတ်တတ်ပါပြီဟု လိမ်လိုက်ပြီး သူ့ဆီက စာသင်နေသည်ကို ရပ်လိုက်တော့သည်။

သည်နေ့ သူမသည် ပင်မဆောင်ထဲတွင် ဟိုသည် ပတ်လျှောက်နေခဲ့ရသည်။

“ ကြာပန်းလေးက သူ့အဖျားတံလေးတွေကို ထုတ်ပြီး ပုစဥ်းလာနားမှာကို စောင့်နေပါတယ်”

ကုယန်ကျိုးသည် ကျန်းလင်နှင့်ကလေးများကို ရှေးခေတ်ကဗျာများ ရွတ်ကာ သင်ပေးနေသည်။

ထိုစကားကို ကြားလိုက်ချိန်တွင် ကျန်းယွင်ကျူးသည် နောက်ဆုံးတော့ အကြောင်းအရင်းတစ်ခု ရှာတွေ့သွားတော့သည်။ စားပွဲတွင် ထိုင်လိုက်ပြီး သူမက ကုယန်ကျိုးကို ပြောလိုက်သည်။

“ ဒီကဗျာစာနှစ်ကြောင်းက အရမ်းနားထောင်ကောင်းတာပဲနော်၊ ပြီးတော့ ရှင် ဖတ်နေတာကို နားထောင်နေရင်းနဲ့ ရေကန်ထဲက ကြားဖူးလေးတွေကို မြင်ယောက်လာတယ်၊ အရွက်က ရေပေါ်မှာ ပေါ်နေပြီး ပုစဥ်းတစ်ကောင်က သူ့ပေါ်မှာ လာနားနေတာ”

ကုယန်ကျိုး၏ ကြယ်ရောင်မျက်လုံးများသည် တဖျတ်ဖျတ်လက်သွားလေသည်။

“ ကဗျာကောင်းတစ်ပုဒ်က လူတွေကို တကယ်ပဲ အဲဒီနေရာရောက်သွားတယ်လို့ ခံစားရစေတယ်လေ”

ကျန်းယွင်ကျူးက တစ်ခုခုကို စဥ်းစားမိသွားသည့်နှယ် ထုတ်ပြောလိုက်လေသည်။

“ ရှင်က အဲလိုပြောတယ်ဆိုတော့လေ ကျွန်မ ရုတ်တရက် ချက်ပြုတ်ဖို့အတွေး ဝင်လာတယ်၊ အချက်အပြုတ်ကလည်း အဲလိုပဲ ဖြစ်နေမလားဟင်”

ကုယန်ကျိုးက အခိုက်တန့် မှင်တက်သွားပြီး သူ့စာအုပ်ကို ချထားလိုက်လေသည်။

“ဒါပေါ့၊ ၅ဆက်မြောက်မင်းဆက်မှာ ဖန်ကျန်း ဆိုတဲ့ အမျိုးသမီးစာဖိုးမှူးတစ်ယောက်ရှိတယ်၊ သူက ဟင်းပွဲတွေကို လှပတဲ့ရှုခင်းဖြစ်အောင် လုပ်တဲ့နေရာမှာ အရမ်းတော်တာ။

သူ လုပ်ခဲ့တဲ့ ‘ဝမ်ချွန်းပန်းချီကား’ကို ‘ ဟင်းပွဲပေါ်က မြစ်နဲ့တောင်တွေဆိုပြီး၊ ကဗျာက ဟင်းပွဲတွေထဲမှာ စီးဆင်းနေတယ်’ဆိုပြီး ချီးကျူးကြတယ်လေ။

ဝမ်ချွန်းဆိုတာ ဝမ်ဝေ သီးသန့်နေတဲ့ နေရာပေါ့၊ ရှုခင်းတွေက လှတယ်။

ဝမ်ဝေက နာမည်ကြီးကဗျာဆရာတစ်ယောက်လေ၊ သူက သူနေတဲ့နေရာအကြောင်း သရုပ်ဖော်တဲ့ ကဗျာတွေအများကြီး ရေးခဲ့တယ်၊ ဥပမာ နာမည်ကြီး စာစုတွေဖြစ်တဲ့ “ မြက်ပင်တွေက မိုးရေထဲမှာ အရမ်းကို စိမ်းစိုနေပြီး မက်မွန်ပန်းတွေက ရေခဲမှာလိုပဲ နီရဲနေတယ်’ ဒီလိုတွေပေါ့။

ဖန်ကျန်းက သူ့ကဗျာတွေထဲက ရှုခင်းအတိုင်း ဟင်းပွဲတွေလုပ်ခဲ့တာ၊ ဟင်းပွဲတွေက အသက်ဝင်ပြီး တကယ့်အစစ်အတိုင်းပဲ၊ ပိုရှားပါးတာက စားပွဲ ဧည့်သည် အယောက်၂၀ရှိရင် သူတို့ရှေ့က ဟင်းပွဲတွေကလည်း မတူကြဘူးတဲ့ ဒါပေမဲ့ သူတို့တွေ အတူတူ တွဲစားလို့ရတယ်တဲ့၊ တော်တော်လေးကို တီထွင်ဉာဏ်ကောင်းလွန်းပါတယ်”

ကျန်းယွင်ကျူးသည်လည်း ထိုသို့ လုပ်ရန် တောင့်နေမိပြီး ပြောလိုက်လေသည်။

“ ကျွန်မလည်း စမ်းကြည့်ချင်လိုက်တာ”

ကုယန်ကျိုးက ပြုံးလိုက်သည်။ အဲလောက် မလွယ်ဘူးလေ။ ခေတ်အဆက်ဆက်မှာ ဖန်ကျန်းတစ်ယောက်ပဲ ရှိခဲ့ဖူးတယ်။ သို့သော်ညား သူသည် ကျန်းယွင်ကျူးကို မျှော်လင့်ချက် မပျက်စေချင်ရာ ပြောလိုက်တော့သည်။

“ ကောင်းပြီလေ၊ မင်းက အကူအညီလိုရင် ကျွန်တော့်ကို ပြောလို့ရပါတယ်”

ကျန်းယွင်ကျူးက ထိုသို့သာ ပြောလိုက်သည်။

“ ရှင် ကျွန်မကို ဝမ်ဝေရဲ့ကဗျာတွေ ထပ်ပြီးဖတ်ပြလို့ရမလား၊ ကျွန်မ စိတ်ကူးလေးများ ရလာမလား သိချင်တယ်”

အမှန်ပင်။ ကုယန်ကျိုးအတွက် အဆင်ပြေလေသည်။ သူက ချက်ချင်း ရွတ်ပြလိုက်၏။

သူသည် အဆင့်တစ်ပညာသင်တစ်ယောက်ဖြစ်ပြီး သည်ကဗျာအားလုံးကို အလွတ်ရနေသည်။

ကျန်းယွင်ကျူးသည် “ ထင်းရှူးပင်ကို ဖြတ်သန်းလို့ လရောင်က တောက်ပနေ၊ ကျောက်ဆောင်တွေပေါ်မှာ ကြည်လင်တဲ့စမ်းရေက စီးဆင်းနေ” ဟူသည်စာဟုကို ကြားလိုက်ချိန်တွင်

စိတ်ထဲက ဒီနေရာပဲဟု ရွတ်လိုက်မိလေသည်။ သူမက ချက်ချင်းပြောလိုက်၏။

“ ဒီစာကြောင်းက အရမ်းကောင်းတာပဲ”

ကုယန်ကျိုးက သည်ကဗျာ၏မူလဇာစ်မြစ်နှင့် ဝမ်ဝေက သည်ကဗျာကို ရေးစဥ် ဖြစ်နေသည့် အခြေအနေကို သူမအား ရှင်းပြလိုက်လေသည်။

နှစ်ယောက်သားသည် စကားစမြည်ပြောရင်း ရယ်မောနေကြလေသည်။ သူတို့သည် အချိန်ကောင်းလေးတစ်ခု ရခဲ့သည့်နှယ်။ ဘေးတွင် ယန်ရှန့်က ရှန်ဖုန်းမင်ကို စူပုတ်ပြနေတော့သည်။

...

အခန်း (၄၄.၂)

ရှန်ဖုန်းမင်က ပင်မဆောင်ထဲက လူနှစ်ယောက်ကို တွေ့လိုက်၏။ သူက ထရပ်ကာ ထွက်သွားတော့သည်။

ယန်ရှန့်က နောက်မှဖြည်းဖြည်းချင်း လိုက်လာခဲ့သည်။

“မိန်းကလေးကျန်း”

ရှန်ဖုန်းမင်းသည် အခန်းထဲဝင်လာပြီး ကျန်းယွင်ကျူးကို ပြောလိုက်၏။

ကျန်းယွင်ကျူးက ခေါင်းမော့ကာ သူ့ကို မသင်္ကာသလို ကြည့်လိုက်လေသည်။

ရှန်ဖုန်းမင်က စားပွဲကို ကြည့်လိုက်ပြီး

“ မိန်းကလေးကျန်းရဲ့ စာလုံးရေးကျင့်တာ အခြေအနေဘယ်ရောက်ပြီလဲ”

ကျန်းယွင်ကျူး : …. ဆရာက သူမကို အိမ်စာစစ်နေသလို ခံစားနေရပါလား။ ဆရာက သူမကို ရက်နည်းနည်းပဲ သင်ပေးခဲ့ပေမဲ့လေ။

“ မိန်းကလေးကျန်းက အရမ်းဉာဏ်ကောင်းပါတယ်၊ သူက ဟင်းနာမည်တွေနဲ့ စာရင်းမှတ်တာကို အများကြီး တတ်သွားပါပြီ”

ကုယန်ကျိုးက ပြုံးကာ ပြန်ဖြေလိုက်လေသည်။

“ဪ”

ရှန်ဖုန်းမင်က စေ့စေ့စပ်စပ်အကြည့်တစ်ခုဖြင့် သူ့ကိုကြည့်လိုက်၏။

ကုယန်ကျိုးက သူ့အပြုံးကို ပြန်သိမ်းထားလိုက်လေသည်။ သူ့အမူအရာက တင်းမာလာတော့သည်။ သူသည် ထူးထူးဆန်းဆန်း ဖိနှိပ်ခံနေရသလို ခံစားလိုက်ရတော့သည်။ သူက ရှန်ဖုန်းမင်ကို လေ့လာကြည့်လိုက်သည်။ ချောမောတဲ့မျက်နှာတစ်ခုနဲ့ အရပ်မြင့်မြင့် ဖြောင့်မတ်တဲ့ရုပ်ရည်ပဲ။ အထူးသဖြင့် သူ့ဘေးက ထူးခြားတဲ့အငွေ့အသက်တစ်ခုက တောင်တစ်လုံး၊ ပင်လယ်တစ်ခုနဲ့ တူတယ်။

ဒီလူက မြို့တော်က ကုန်သည်တစ်ယောက်တဲ့လား။ ကုယန်ကျိုးက သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်သည်။ သူ အရင်က စာလေ့လာဖို့ မြို့တော်ကို သွားခဲ့ပြီး မြို့တော်က အထက်တန်းစား သားတွေနဲ့ တွေ့ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ သူ့လို လူမျိုး မတွေ့ခဲ့ဖူးဘူး။

“မိန်းကလေးကျန်း ယွီယွီက မင်းကို အရင်က စာဖတ်တတ်အောင် သင်ပေးနေတာမလား၊ အခု ကျွန်တော်တို့ ပြန်လာပြီဆိုတော့ သူ့ကို သင်ခိုင်းလိုက်ပါလား၊ သခင်လေးကုကျတော့ ကျွန်တော့်အထင် စာမေးပွဲက ပိုအရေးကြီးပါတယ်”

ယန်ရှန့်က သူတို့ အပြန်အလှန်ဖြစ်နေပုံကို စိတ်မရှည်လာတော့ဘဲ ကျန်းယွင်ကျူးကို တိုက်ရိုက် ပြောလိုက်လေသည်။

‘ယွီယွီ’ဟု ပြောလိုက်သည်တွင် သူသည် အလွန်မှ အသားမကျနိုင်သလို ခံစားလိုက်ရတော့သည်။ သူသည် ရှန်ဖုန်းမင်ကို ဤသို့ တစ်ခါမှမခေါ်ခဲ့ဖူးချေ။

ရုတ်တရက် သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာတော့သည်။ ကျန်းယွင်ကျူးရဲ့နာမည်မှာ ပုလဲ လို့ရေးရတဲ့ စာလုံးပါတယ်။ ရှန်ဖုန်းမင်ရဲ့နာမည်တုက ‘ကျောက်စိမ်း’။ ပုလဲနဲ့ကျောက်စိမ်း။ တကယ့်ရေစက်ပဲဟ။

သူသည် သူ၏တမူထူးခြားသည့် အသိတစ်ခုကြောင့် စိတ်ကျေနပ်သွားလေသည်။

အမှန်ပင်။ တခြားသူများကတော့ သူ့စိတ်က မိုင်ထောင်ချီပြေးလွှားနေသည်ကို သိကြမည် မဟုတ်ပေ။ ရှန်ဖုန်းမင်နှင့် ကုယန်ကျိုးတို့က သူ့စကားကို ကြားလိုက်ချိန်တွင် အားလုံးက ကျန်းယွင်ကျူးကို ကြည့်လိုက်ကြလေသည်။

ပြီးခဲ့တဲ့တစ်ခေါက် သူတို့သည် ဒီကိစ္စနဲ့ အငြင်းအခုံဖြစ်ခဲ့ကြပြီးပြီ။ ဒီတစ်ခါတော့ ငြင်းခုံနေစရာ မလိုတော့ဘူး။ ကျန်းယွင်ကျူး ဆုံးဖြတ်တာကိုပဲ စောင့်လိုက်တာပေါ့။

ကျန်းယွင်ကျူးသည်လည်း ကုယန်ကျိုးကို ထိုအကြောင်းပြောရန် အခွင့်အရေး ရှာနေခြင်းဖြစ်ရာ သူမက ပြောလိုက်တော့သည်။

“ စာမေးပွဲက သေချာပေါက် ပိုအရေးကြီးတာပေါ့ရှင်”

“ဒါပေမဲ့....”

ကုယန်ကျိုးက ရှင်းပြချင်လိုက်သည်။

သို့သော် ကျန်းယွင်ကျူးက ပြုံးပြလိုက်ပြီး

“ ကျွန်မတို့ကို ဒီရက်ပိုင်းမှာ စာသင်ပေးခဲ့တဲ့အတွက် သခင်လေးကုကို ကျေးဇူးတင်ပါတယ်ရှင်၊ တကယ်တော့ ကျွန်မလည်း ဒီကိစ္စကို ပြီးခဲ့တဲ့ရက်တုန်းက ကျွန်မအမေနဲ့ တိုင်ပင်ထားပြီးပါပြီ၊ ကျွန်မတို့ ရက်နည်းနည်းလောက် ငွေစုပြီးရင် ကျန်းလင်နဲ့ကလေးတွေကို ကျောင်းပို့ပေးမယ်လို့လေ။

ကျွန်မကတော့ စာရင်းမှတ်တာနဲ့ ဟင်းအမယ်တွေကို သိရုံနဲ့လုံလောက်ပါပြီ”

“မိန်းကလေးကျန်း ကိုယ့်ဟာကို အဲလောက် နှိမ့်ချဖို့ မလိုပါဘူး၊ မင်းရဲ့ဉာဏ်ရည်နဲ့ဆိုရင် အချိန်တစ်ခုရောက်ရင် တစ်ခုခုကို သေချာပေါက် အောင်မြင်မှာပါ”

ကုယန်ကျိုးက သူမကို နှစ်သိမ့်ပေးလေသည်။

ကျန်းယွင်ကျူးက ရှက်သွားတော့သည်။ သူမ ပြခဲ့တဲ့’ဉာဏ်ကောင်းတယ်’ဆိုတာလည်း သူမက ဆယ်နှစ်ကျော်လောက် ခေတ်သစ်ပညာရေးကို သင်ခဲ့ရတာကိုး။ သူမက ဂန္ဓဝင်စာပေတွေ လုပ်ခိုင်းကြည့်ပါလား၊ တကယ်လုပ်နိုင်မှာမဟုတ်ဘူး။

သို့သော်ငြား သူမသည် ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြလို့မရနိုင်ပေ။ ထို့ကြောင့် သူမက ပြောလိုက်တော့သည်။

“ ကျွန်မကတော့ တစ်ခုထဲကိုပဲ အာရုံစိုက်တာ ကောင်းမယ်လို့ထင်တယ်၊ မဟုတ်လည်း ကျွန်မမှာ အချိန်မလောက်ဘူးလို့ အမြဲတမ်းခံစားနေရတာ”

“တစ်ခုတည်းကို အာရုံစိုက်မယ်ဟုတ်လား”

ကုယန်ကျိုးက သံယောင်လိုက်ပြောလိုက်ပြီး သူသည် ကျန်းယွင်ကျူးကို လျှော့တွက်မိခဲ့သည်ဟု ခံစားလိုက်ရတော့သည်။ ဟုတ်တယ်လေ။ လူတွေရဲ့အင်အားက အကန့်အသတ်နဲ့ရှိတာကိုး။ ဒီတော့ လုပ်ချင်တာလုပ်ပြီး ကောင်းကောင်းလုပ်ရမှာပေါ့။ ဒါဆို ကောင်းတယ်မလား။

“ကျွန်တော် ပြောတာ အရမ်းရုတ်တရက်ဆန်သွားတယ်”

သူက ကျန်းယွင်ကျူးကို ကြည့်ပြီး စိတ်အေးအေးနှင့် ပြောလိုက်တော့သည်။ သူ့မျက်လုံးများက စမ်းရေပမာ လူများကို စမ်းရေပေါ်တွင် ဖြတ်တိုက်လာသည့်လေပြေလို ခံစားရစေတော့သည်။

ကျန်းယွင်ကျူးက သူ့ကို ပြုံးပြလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်တော့သည်။

“ ကျွန်မကတော့ ဒီရက်ပိုင်းမှာ ကျွန်မတို့ကို စာသင်ပေးခဲ့တဲ့ သခင်လေးကုကို ကျေးဇူးတင်စကား ပြောချင်ပါသေးတယ်”

ထို့နောက် သူမက ရှန်ဖုန်းမင်ဖက်သို့ လှည့်လိုက်ပြီး

“လူကြီးမင်းရှန် ကျွန်မ....”

သူမသည် ကိစ္စကို အလွန်ရှင်းလင်းအောင် ပြောခဲ့သည်ဟု ခံစားလိုက်ရသည်။

“အင်း”

ရှန်ဖုန်းမင်က ခေါင်းညိတ်ပြလိုက်၏။

သည်ကိစ္စသည် သည်လိုနှင့် ပြီးသွားတော့သည်။ ထို့နောက် ကျန်းယွင်ကျူးက သူမ၏ဟင်းပွဲကို စတင် စမ်းသပ်လိုက်တော့သည်။

ကုယန်ကျိုးသည် သူမက ထိုကဗျာကို ပုံဖော်ထားသည့် ဟင်းပွဲတစ်မျိုးကို အမှန်တကယ်လုပ်နေသည်ကို သိလိုက်ရချိန်တွင် သူသည် စိတ်ဝင်စားသွားပြီး ဘေးမှ ကြည့်နေလေသည်။

ယန်ရှန့်ကလည်း စိတ်ဝင်စားဖို့ကောင်းသည်ဟု ထင်သဖြင့် ဘေးတွင်ရပ်နေသည်။

ခဏအကြာတွင် အဘိုးကြီးဝူကပင် ရောက်လာတော့သည်။ သူက ကုယန်ကျိုးနှင့် ရှန်ဖုန်းမင်တို့ကို တွန်းလိုက်ပြီး လည်ပင်းကို ဆန့်လိုက်ကာ ကျန်းယွင်ကျူး၏လုပ်ရှားမှုများကို ကြည့်နေလေသည်။

ကျန်းယွင်ကျူး : .... လူအများကြီးက ကြည့်နေကြတော ဖိအားများလိုက်တာနော်။

တော်ပါသေးရဲ့ ဒီဟင်းကို အိပ်မက်ထဲမှာ အန်းဖင်နယ်စားအိမ်တော်မှာကတည်းက နည်းနည်းပါးပါး ချက်ပြီး အချိန်အကြာကြီး ပြင်ဆင်ထားလို့သာပဲ။ ခဏခဏ မှားပေမဲ့လည်း အခြေခံလမ်းကြောင်းကတော့ မှန်သေးတယ်။

အရင်ဆုံး လ ကိုလုပ်ရမယ်။ ဒါအတွက် မုန်လာဥဖြူကို သုံးမယ်။ ဒါပေါ့ မုန်လာဥဖြူကို လပုံစံပဲ လုပ်လိုက်တာမဟုတ်ပါဘူး။ ဟင်းရည်တစ်အိုး လုပ်ရမယ်။ ပြီးရင် ဟင်းရည်ကို ပြင်ဆင်ထားတဲ့ မုန်လာဥဖြူပေါ်လောင်းချပြီး ဖြည်းဖြည်းချင်းကျက်သွားပြီး အရသာသွင်းရမယ်။

အိုးထဲက ထုတ်လာတာနဲ့ အဖြူရောင်ကျောက်စိမ်းပန်းကန်ပြားတစ်လို ရွှန်းစိုတောက်ပနေအောင် ကြက်သားဆီနည်းနည်းကို မုန်လာဥဖြူပေါ်မှာ ဖြန်းလိုက်မယ်။

သည်မုန်လာဥဖြူတစ်ပိုင်းနှင့်တင် အဘိုးကြီးဝူ၏မျက်လုံးများကို ခံ့ညားထယ်ဝါသည့်ခံစားချက်တစ်ခု ဖြစ်သွားရန် လုံလောက်ပေသည်။ ဟုတ်တာပေါ့။ အကောင်းဆုံးနည်းလမ်းက အရာအားလုံးကို အရိုးရှင်းဆုံး ဖြစ်အောင် လုပ်ပေးတယ်။

ထို့နောက်တွင် ကျန်းယွင်ကျူးက ထင်းရှူးပင်များနှင့် တောင်ကမ်းပါးရံကို စတင်ပုံဖော်လိုက်သည်။

လုပ်နေရင်း ညနေစာ ပြင်ဆင်ရန် အချိန်ရောက်လာသောအခါ သူက ညနေစာ သွားလုပ်လိုက်သေးသည်။

“ ဒါကို အရင်လုပ်ပါ၊ ညနေစာအတွက် ဘာလောနေတာလဲ”

ဟင်းပွဲက ပြင်ဆင်ပြီးတော့မည်ကို တွေ့လိုက်သဖြင့် အဘိုးကြီးဝူက စိုးရိမ်တကြီးပြောလိုက်လေသည်။

“နေ့လယ်စာ မှာထားတဲ့ ဧည့်သည်တွေရှိလို့ပါ” ကျန်းယွင်ကျူးက ပြန်ပြောလိုက်၏။

အဘိုးကြီးဝူ ထမင်းဘူးကို မှာသည့်သူတိုင်း စောင့်ပေးရမည်ဟု အမှန်ပင်ချင်လိုက်သည်။ သို့သော် သူ၏ လက်ရှိအခြေအနေဖြစ်သည့် ခရီးသွားအဘိုးကြီးတစ်ယောက်ဖြစ်နေသည်ကို စဥ်းစားလိုက်ပြီး သူ့မှာ မျိုသိပ်ထားလိုက်ရတော့သည်။ သူသည် ကျန်းယွင်ကျူးအား သူက ဝူရှင်းဝေပါဟု ပြောရမည်ကို မကြောက်ပေ။ သို့သော် ကျန်းယွင်ကျူးက သိသွားပြီး သူ့အား အဘိုးချန်၏မျက်လုံးများကို ကုပေးဖို့ တောင်းဆိုလာခဲ့လျှင် သူသည် သဘောတူပေးရမည်လား၊ ငြင်းရမည်လား။

သူက ရှန်ဖုန်းမင်ရဲ့ဆန္ဒအတွေအတိုင်း လိုက်မလုပ်ချင်ဘူးလေ။ ဒါကြောင့် ခေါင်းကုပ်ရင်း စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ပဲ တတ်နိုင်တော့တယ်။

ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးနောက် ကျန်းယွင်ကျူးက ညနေစာကို ချက်ပြုတ်လိုက်ပြီး သည်ဟင်းကို ဆက်လုပ်လိုက်သည်။

လထဲယုန်လေးက အရှေ့ဘက်သို့ တက်လာလျှင် သည် ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲ သည် နောက်ဆုံးတော့ ပြီးစီးသွားလေသည်။

ကျန်းယွင်ကျူးက ဟင်းပွဲကို မီးဖိုဆောင်မှ ယူထုတ်လာခဲ့လိုက်သည်။ တောက်ပနေသည့်လတစ်စင်းက တောင်ကမ်းပါးရံတွင် တွဲလောင်းကျနေသည်ကို မြင်ရသည်။ ကောင်းကင်က တောက်ပသည့်လမင်းနှင့် လိုက်ဖက်နေတော့သည်။ အလယ်တွင် ရှည်လျားဖြောင့်မတ်သည့် ထင်းရှူးတောတစ်ခုနှင့် ကျောက်ဆောင်အနည်းငယ် ရှိနေသည်။ ကျောက်ဆောင်ပေါ်တွင် ကွေ့ကောက်နေသည့် ကြည်လင်သည့်စမ်းချောင်းတစ်ခုက ဖြည်းညင်းစွာ စီးဆင်းနေသည်။

တောင်ကမ်းပါးရံ၊ ထင်းရှူးတော နှင့် ကျောက်ဆောင် အားလုံးတို့သည့် အသက်ဝင်လှသည်။ တစ်မျိုးတစ်ဘာသာ အထူးခြားဆုံးအရာမှာ အမှန်တကယ် ဖြည်းညင်းစွာစီးဆင်းနေပြီး လရောင်အောင်တွင် တစ်လက်လက် ရောင်ပြန်နေသည့် ကြည်လင်နေသည့်စမ်းချောင်းလေးပင်။

“ထင်းရှူးပင်ကို ဖြတ်သန်းလို့ လရောင်က တောက်ပနေ၊ ကျောက်ဆောင်တွေပေါ်မှာ ကြည်လင်တဲ့စမ်းရေက စီးဆင်းနေ” အံ့ဩစရာကောင်းလိုက်တဲ့ ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲပဲ”

ယန်ရှန့်က အရင်ဆုံး ချီးကျူးလိုက်သည်။ ဒီဟင်းပွဲကို မြင်လိုက်ရတော့ ကဗျာထဲမှာ ဖော်ပြထားတဲ့ အလှတရားကို တကယ်မြင်လိုက်ရတဲ့ပုံပဲ။

ကုယန်ကျိုးကလည်း သည်ဟင်းပွဲကို အံ့ဩတကြီး ကြည့်နေလေသည်။ ဖန်ကျန်းက တစ်ခါက ‘ဝမ်ချွန်းပန်းချီကား’ ကို လုပ်ခဲ့ဖူးသည်ဟု အမှန်ပင်ပြောခဲ့သည်။ သို့သော် နောက်ဆုံး ဒါသည် လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာက ဖြစ်လေသည်။ သူသည် တခါမှ မတွေ့ခဲ့ဖူးပေ။ သို့သော်ငြား ကျန်းယွင်ကျူးက သည် ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲ လုပ်ခဲ့ပြီးနောက် သူသည် မျက်မြင်ကိုယ်တွေ့ဖြစ်ရသည်။

သည်အချိန်တွင် ရှန်ဖုန်းမင်ကလည်း ရှိနေသည်။ သူ့မျက်နှာပေါ်တွင် အံ့ဩသည့်အရိပ်အယောင်တစ်ခု ရှိနေသည်။

အဘိုးကြီးဝူက ပိုလို့ပင် အံ့ဩနေမိလေသည်။ သူက ဟိုနားကြည့် သည်နားကြည့်လုပ်ခဲ့ပြီး နောက်ဆုံးမှ သူ့ခေါင်းကို ပုတ်ကာ ပြောလိုက်လေသည်။

“ ငါ ဒါကို မစားရက်တော့ဘူး”

“ အရသာက အမြင်ထက် ပိုကောင်းတယ်နော်” ကျန်းယွင်ကျူးက ပြောလိုက်၏။

အဘိုးကြီးဝူသည် သူမပြောလိုက်သည့်စကားကို နတ်ဆိုးတစ်ပါး၏ မက်လုံးတစ်ခုလို ခံစားလိုက်ရတော့သည်။ သူက သွေးတိုးစမ်းက ပြောလိုက်၏။

“ ဒါဆို ဘယ်လိုလဲ ငါ မြည်းကြည့်ရမလား”

ကျန်းယွင်ကျူးက သူ့ကို တူတစ်စုံလှမ်းပေးလိုက်၏။

အဘိုးကြီးဝူသည် မုန်လာဥဖြူကို မြည်းကြည့်နေချင်နေသည်မှာ အစောကြီးကတည်းကပင်။ ထို့ကြောင့် သူက တူဖြင့် မုန်လာဥကို ချက်ချင်း ကောက်ယူလိုက်တော့သည်။

မျှော်လင့်မထားဘဲ မုန်လာဥဖြူသည် အရသာကောင်းပြီး နူးညံ့နေလေသည်။ သူက တစ်တုံးကို အလွယ်တကူ ကောက်ယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်တော့သည်။ မုန်လာဥဖြူ၏ရှတတ အရသာ လုံးဝမပါချေ။ လတ်ဆတ်သည့်အနံ့နှင့် ချိုမြသည့် မုန်လာဥဖြူ၏အရသာ သာရှိလေသည်။ တော်တော်လေး ခံတွင်းရှင်းသည်။

“အရသာရှိတယ်” သူက ချက်ချင်း ချီးကျူးလိုက်၏။

လ အပိုင်းအစလေး မရှိတော့သည်ကို တွေ့လိုက်ကြသည်တွင် ကျန်လူများကလည်း တူများကို စတင်ကောက်ကိုင်လိုက်ကြတော့သည်။ တောင်ကမ်းပါရံ၊ ထင်းရှူးတော၊ ကျောက်ဆောင် နှင့် ကြည်လင်နေသည့်စမ်းချောင်း အားလုံးက ဟင်းများဖြစ်လေသည်။ ဟင်းတစ်မျိုးစီးတွင် အရသာတစ်မျိုးစီရှိကြသည်။ သို့တိုင် အားလုံးတွင် ထူးခြားသည့်အရသာ ရှိနေသည်။ သူတို့က သူတို့အကြိုက်အတိုင်း စားသောက်ကြရင်း စူးကျိုးပန်းဥယျာဥ်လို ခံစားချက်တစ်ခု ရလာခဲ့သည်။ တစ်ဆင့်လျှင် ရှုခင်းတစ်မျိုးနှင့် တော်တော်လေး ခံစားမှုရသာပြည့်စုံသည်။

မကြာမီတွင် ဟင်းများ ကုန်သွားတော့သည်။

ယန်ရှန့်က ကျန်းယွင်ကျူးကို စိတ်အားထက်သန်နေသည့် မျက်လုံးများနှင့် ကြည့်နေသည်။ သူ့အထက်လူကြီးက မကိုင်တွယ်နိုင်လျှင် သူကတော့ ရှေ့ဆက်တိုးပြီး ကျန်းယွင်ကျူးကို မြို့တော်သို့ ခေါ်သွားတော့မည်ဟု ခံစားလိုက်ရတော့သည်။ အနည်းဆုံးတော့ အနာဂတ်တွင် သူသည် နေ့တိုင်း အရသာရှိသည့် အစားအသောက်များကို စားနိုင်ပေလိမ့်မည်။

သူ့အမေကလည်း ကျန်းယွင်ကျူးကို သဘောကျလိမ့်မည်ကို ခံစားမိသည်။

သည်အခိုက်တွင် ရုတ်တရက်ဆိုသလို ချမ်းစိမ့်သွားတော့သည်။ ခေါင်းလှည့်ကြည့်လိုက်ရာ ရှန်ဖုန်းမင်က သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။ သူ့မှာ အသံထွက် အော်ရယ်မိတော့သည်။

ကျန်းယွင်ကျူးမှာ တခြားလူများ၏ တုံ့ပြန်မှုများကို စောင့်ကြည့်ရန် အာရုံမရပေ။ သူမက အဘိုးကြီးဝူတစ်ယောက်ကိုသာ စောင့်ကြည့်နေလေသည်။ အဘိုးကြီး ကျေနပ်သွားပြီလား။ သူ ရောဂါကို ကုပေးတော့မှာလား။

အဘိုးကြီးဝူသည် အလွန်မှ ကျေနပ်သော်လည်း အဘိုးချန်၏မျက်လုံးကို ကုမပေးနိုင်သေးချေ။

သူက ခဏလောက်စဥ်းစားလိုက်ပြီး ကျန်းယွင်ကျူးကို မေးလိုက်တော့သည်။

“ မင်း ငါ့ကို ဆရာအဖြစ် သတ်မှတ်ချင်လား”

ကျန်းယွင်ကျူးက နေရာတွင် ငေးကြောင်ကြောင်ဖြင့် ရပ်နေတော့သည်။ ဒါက သူမ တွေးထားတဲ့ဟာနဲ့ လုံးဝကို တခြားစီပဲလေ။ အဘိုးကြီးဝူက သူမကို သူ့တပည့်လုပ်စေ ချင်တာတဲ့လား။ ဒါက လူတော်တော်များများ အိပ်မက်မက်ရတဲ့ အခွင့်အရေးတစ်ခုပဲလေ။ ဒါပေမဲ့ သူမက ဆေးပညာကို မသင်ချင်ဘူး။

“အဘိုးက ချက်ပြုတ်တတ်တာလား”

ကျန်းယွင်ကျူးသည် အဘိုးကြီးဝူက ဆေးပညာကိုပဲ တတ်သည်ဟု ပြောလာစေချင်သည်။ သည်လိုမှ သူမက အခွင့်အရေးကို အမိအရယူပြီး အဘိုးချန်၏မျက်လုံးကို ကုသပေးဖို့ သူ့ကို တောင်းဆိုနိုင်မည်။ သို့ဆိုလျှင် အားလုံးက ဝမ်းသာကြပေမည်။

အဘိုးကြီးဝူက ခဏလောက် တွေဝေနေလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်လေသည်။ လိပ်စွပ်ပြုတ် လုပ်တာကလည်း ချက်ပြုတ်တာပဲလေ ဟုတ်တယ်မလား။ သူ အခုလောလောဆယ် လိပ်ကို မဖမ်းမိသေးပေမဲ့ အနှေးနဲ့အမြန်တော့ ဖမ်းမိမှာပဲ။

ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး

“ နောက်ပိုင်း ကျွန်မ အခွင့်အရေးတစ်ခုလောက် ရလာရင် အဘိုးဆီက အကြံအဉာဏ်ကို သေချာပေါက်တောင်းပါအုံးမယ်”

ဒါသည် ပရိယာယ်ဖြင့် ငြင်းဆန်လိုက်ခြင်းပင်။

အဘိုးကြီးဝူကလည်း ဒေါသမထွက်ချေ။ အခွင့်အရေးများ ရှိလိမ့်ပါအုံးမည်။

နှစ်ယောက်သားက ခဏလောက် အပြန်အလှန် စကားပြောလိုက်ကြ၏။ နောက်ကျနေပြီဖြစ်သဖြင့် အားလုံးက လူချင်းခွဲလိုက်ကြတော့သည်။

...

အခန်း (၄၄.၃)

ကျန်းယွင်ကျူးသည် တနေ့လယ်ခင်းလုံး အလုပ်များနေခဲ့ပြီး အမှန်ပင် ပင်ပန်းလို့နေသည်။ သူမသည် တခြားဘာအကြောင်းကိုမှ မစဥ်းစားနိုင်ခဲ့ပေ။ ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာဝင်ရန် ပြင်ဆင်လိုက်တော့သည်။

ကုယန်ကျိုးလည်း ပြန်သွားတော့သည်။ ယန်ရှန့်က ကျန်းယွင်ကျူး၏ ဟင်းပန်းကန်ကို အခန်းထဲ ယူပြန်လာခဲ့သည်။ သူက စမ်းရေကို ကြည်လင်နေအောင် စီးဆင်းရန်လုပ်ထားပုံကို အဖြေရှာကြည့်ချင်သည်။

ရှန်ဖုန်းမင်က ကိုယ်လက်သန့်စင်ရန် သွားလိုက်၏။ ဆေးကြောပြီးနောက် အိပ်ဖို့ ပြင်ဆင်လိုက်လေသည်။

ခြံဝင်းထဲက ရေတွင်းဘေးတွင် သူသည် ရုတ်တရက် ရပ်တန့်သွားလေသည်။ ခဏနေတော့ အိမ်နောက်ဘက်မှ လူတစ်ယောက် ထွက်လာ၏။ အဘိုးကြီးဝူ ဖြစ်နေ၏။

သူသည် တစ်နေ့လယ်ခင်းလုံး လေ့လာပြီးနောက်ဆုံးတော့ ရှန်ဖုန်းမင်က အဘိုးချန်ကို ကြည့်ပေးရန် သူ့အား ချည်တုတ်ကာ ခေါ်လာသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။ သူက ကျန်းယွင်ကျူးကို စိတ်ဝင်စားနေတာပင်။

သူသည် အေးတိအေးစက်နှင့် နှာခေါင်းရှုံ့လိုက်တော့သည်။ မြို့တော်မှာ ချီလက်သက်တော်စောင့်တပ်မှူး ရှန်ဖုန်းမင်က မိန်းမတွေနဲ့ နီးနီးကပ်ကပ် မနေဘူးလို့ သတင်းထွက်နေတာလေ။ သူက ဘာလို့ ဒီမှာ မိန်းကလေးတစ်ယောက်နဲ့ လာကစားနေရတာလဲ။ ပြီးတော့ သူ့သရုပ်မှန်ကိုတောင် ဖုံးကွယ်ထားလိုက်သေးတယ်။ မိန်းကလေး နောက်ပိုင်းကျရင် သူ့အိမ်တံခါးကို လာခေါက်မှာစိုးလို့လား။

ဒါဆိုရင်တော့ သူက လူကို ဒီအတိုင်းသ-တ်ပြီး ကိစ္စတုံးအောင်လုပ်မှာပဲ။

ဘာပဲဖြစ်ဖြစ်က သူက လူသ-တ်နေကြပဲကိုး။

အဲဒါထက် သူက မိန်းကလေး သဘောကျအောင် သူလို အဘိုးကြီးဝူကို ကူညီပြိးရောဂါ ကုသစေချင်တာပေါ့လေ။ အိပ်မက်မက်နေလိုက်။

ရှန်ဖုန်းမင်သည် အဘိုးကြီးဝူ၏မျက်နှာမှာ ကောင်းသော ရည်ရွယ်ချက်မပါမှန်း ခံစားလိုက်ရ၏။ သူက အနည်းငယ် မျက်မှောင်ကျုံ့ထားလိုက်တော့သည်။

“မင်းက ငါ့ကို ရောဂါ ကုပေးစေချင်တာလား”

အဘိုးကြီးဝူက ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။

“ဟုတ်ပါတယ်” ရှန်ဖုန်းမင်က ထောက်ခံလိုက်သည်။

“ အဲဒီမိန်းကလေးနဲ့ ဝေးဝေးနေလိုက်”

အဘိုးကြီးဝူက ချက်ချင်းတောင်းဆိုလိုက်သည်။

ရှန်ဖုန်းမင်က သူ့ကို စိုက်ကြည့်လိုက်ပြီး သူ့အကြည့်မှာ အေးစက်နေလေသည်။

အဘိုးကြီးဝူက စိုးရိမ်ပူလာတော့သည်။ အရေခြုံထားပြီး သူတော်ကောင်း ယောင်ဆောင်ထားတဲ့ အရိုင်းစိုင်းကောင်။ ဒါပေါ့။ ရှန်ဖုန်းမင်က ကျန်းယွင်ကျူးကို တကယ်သဘောကျမယ်လို့ သူကတော့ မယုံပါဘူး။ သူက ကျန်းယွင်ကျူးကို လှည့်စားဖို့ ကြိုးစားနေတာလို့ပဲ ထင်တယ်။

မြောက်ပြန်လေက ဖြတ်သန်းတိုက်ခတ်သွားပြီး လူတို့၏အရိုးများကို ခိုက်ခိုက်တုန်သွားစေလေသည်။ သူက ပြောလိုက်၏။

“ ရောဂါကုစေချင်တာလား၊ ရတယ်လေ၊ မင်း အရင်ဆုံး ဒီမှာ တစ်ညလောက် ရပ်နေလိုက်၊ မဟုတ်ရင် ငါသေသွားရင်တောင် နောက်ဆိုရင် မင်းနဲ့ပတ်သက်တဲ့ ဘယ်သူ့ကို ကုသပေးမှာမဟုတ်ဘူး”

အဘိုးကြီးဝူက သေရမည်ကို မကြောက်ပေ။ သူသည် သမားတော်တစ်ယောက် ဖြစ်ခဲ့သည့် သက်တမ်းတလျှောက် သေသူ ရှင်သူများကို တွေ့ခဲ့ဖူးပြီးဖြစ်လေသည်။

သူ့စကားများက ရှန်ဖုန်းမင်ကို အခက်တွေ့စေရန်သာ ရည်ရွယ်လေသည်။ တစ်ချက်မှာ ပြန်ပေးဆွဲခံခဲ့ရခြင်းအတွက် လက်စားချေခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ရှန်ဖုန်းမင်၏ သူတော်ကောင်း ယောင်ဆောင်နေပုံကို သက်သေပြဖို့ရန်ပင်။

“ ကျွန်တော် ဒီမှာ ရပ်နေရင် ခင်ဗျားက အဘိုးကို ကုသပေးမှာလား” ရှန်ဖုန်းမင်က မေးလိုက်၏။

“ မင်း ရပ်နေရင်တော့ ငါ ကုချင် ကုပေးမှာပေါ့၊ မင်း မရပ်ဘူးဆိုရင်တော့....”

ဒါပေါ့ ကုပေးရမှာပေါ့။ ဒါပေမဲ့ နောက်မှလေ။

ရှန်ဖုန်းမင်သည် သူ့စိတ်ကို မဖတ်နိုင်ပေ။ သူ့စိတ်သဘောထားက ထူးဆန်းသည်ဟုသာ သိထားလေသည်။ အနည်းငယ် တွေဝေသွားပြီးနောက် သူက ပြောလိုက်တော့သည်။

“ ကောင်းပြီ”

“ငါ သိသားပဲ မင်း....”

အဘိုးကြီးဝူစကားမဆုံးခင်မှာပင် သူသည် ‘ကောင်းပြီ’ဟူသည့် စကားကို ကြားလိုက်ရတော့သည်။

သူ့မှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ ရှန်ဖုန်းမင်က သဘောတူလိမ့်မယ်လို့ သူလုံးဝ ထင်မထားခဲ့ဘူးလေ။

ရှန်ဖုန်းမင်က စကားဆက်မပြောတော့ဘဲ ရေဇလုံကို ချထားလိုက်ကာ ထိုနေရာတွင် ရပ်နေလိုက်လေသည်။ သူသည် ထိုနေရာတွင် တစ်ညလုံး ရပ်နေဖို့ရာ အမှန်တကယ် စိတ်ကူးထားသည့်နှယ်။

အဘိုးကြီးဝူက သူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်၏။ ထို့နောက် သူက နှာခေါင်းရှုံ့လိုက်ပြီး သူ့အခန်းသို့ လှည့်ပြန်သွားတော့သည်။

ခဏအကြာတွင် ရှန်ယန့်က အိပ်ရာဝင်တော့မည် ပြင်လိုက်သည်။ ရှန်ဖုန်းမင် အခန်းထဲ ပြန်မလာသေးသည်ကို တွေ့လိုက်ရသဖြင့် သူ့ကို ထွက်ရှာရန် အပြင်ထွက်လာပြီး ရှန်ဖုန်းမင်က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်ကိုတွေ့လိုက်ရတော့သည်။

“မင်း ဘာလုပ်နေတာလဲ” ယန်ရှန့်က မေးလိုက်၏။

ရှန်ဖုန်းမင်က သူ့ကို မရှင်းပြချင်တော့ပေ။

“ မင်း အိပ်တော့မလို့လား”

“မင်းကရော”

“ ငါ့ကို လာမနှောင့်ယှက်နဲ့”

“ မင်းက ဘာကို မနှောင့်ယှက်ခိုင်းနေတာ....”

ယန်ရှန့်နှင့် ရှန်ဖုန်းမင်တို့သည် အပြန်အလှန် ကြည့်လိုက်လေသည်။ ကျန်သည့်စကားကို မျိုသိပ်ထားလိုက်တော့သည်။ ခဏလောက်ကြာမှ သူက အံကျိတ်ကာ ပြောလိုက်တော့သည်။

“ မင်း လုပ်ချင်တာလုပ်၊ ငါတော့ သွားအိပ်တော့မယ်”

ရှန်ဖုန်းမင်၏ လုပ်ရပ်တွင် အကြောင်းအရင်းတစ်ခုတော့ ရှိရမည်ကို သိလိုက်လေသည်။ သူက ဘာမှမပြောသဖြင့် သူကလည်းမမေးတော့ပေ။

သို့တိုင် သူက ပြန်ဝင်သွားပြီး သူ့အတွက် ဝတ်ရုံကြီးတစ်ထည် သွားယူပေးလိုက်တော့သည်။ သည်ဝတ်ရုံကို ငွေရောင်မြေခွေးသားမွှေးနှင့် ပြုလုပ်ထားသည်။ ဒါသည် လေဒဏ်ခံနိုင်ပြီး သူ့ကို နွေးထွေးစေရန်အကောင်းဆုံး နည်းလမ်းပင်။

ကျန်းယွင်ကျူးက အိပ်ရာပေါ်တွင် လဲလျောင်းနေလေသည်။ သည်နေ့ သူမသည် ‘တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲကို လုပ်ခဲ့၍လား သို့မဟုတ် အဘိုးကြီးဝူက အဘိုးချန်၏မျက်လုံးကို ကုပေးမည်ဟု မပြောခဲ့၍လား မသိပေ နောက်ဆုံးတော့ သူမသည် အိပ်ရာပေါ်တွင် ဟိုလှည့်သည်လှည့် ဖြစ်နေတော့သည်။

သူမက မျက်လုံးဖွင့်လိုက်ပြီး အချိန်ကို ကြည့်ချင်သွားတော့သည်။ ပြတင်းပေါက်အပြင်ဘက်မှာ သူမ .... လူတစ်ယောက်ကို တွေ့လိုက်တာလား။

သူမက ပြတင်းပေါက်နား မြန်မြန်သွားလိုက်ပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်တော့သည်။

လရောင်အောက်တွင် လူတစ်ယောက် အမှန်တကယ်ရှိနေသည်ကို အတည်ပြုလိုက်တော့သည်။ သူသည် ရေတွင်းဘေးတွင် ရပ်နေ၏။ ရှန်ဖုန်းမင်။

သူ ဘာလုပ်နေတာလဲ။ အတွေးအမျိုးမျိုးတို့သည် ကျန်းယွင်းကျူး၏ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာသော်လည်း တစ်ခုမှ ယုံကြည်စရာမကောင်းပေ။

သူမက သူ့ကို ကြည့်နေရင်း သူ လုပ်နေသည့်အရာကို ကြည့်ချင်သွားတော့သည်။ သူ အခန်းထဲ ပြန်သွားမလား။

ရလဒ်မှာ... သူသည် ထိုနေရာတွင် ကျောက်ရုပ်တစ်ခုလို ရပ်နေလေသည်။

ဘာမှတော့ မဖြစ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား။ သူမက အဝတ်အစားမြန်မြန်ဝတ်လိုက်ပြီး၊ မီးအိမ်တစ်ခုကို မ,လိုက်ကာ တံခါးဖွင့်ပြီး ခြံဝင်းထဲ လျှောက်သွားလိုက်တော့သည်။

ကောင်းကင်က မှောင်မည်းနေ၏။ မီးအိမ်က နွေးထွေးသည့်အဝါရောင်အလင်းကို ထုတ်လွှတ်နေပြီး သူမ၏ မျက်နှာပေါ်တွင် တောက်ပနေသည်။

ရှန်ဖုန်းမင်သည် သူမ၏အခန်းဘက်က လှုပ်ရှားသံကို ကြားလိုက်ရချိန်တွင် သူမ ရှိရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထိုအခိုက်တွင် မီးအိမ်တစ်လုံးနှင့် ချဥ်းကပ်လာသည့်သူမကို မြင်လိုက်ရသောအခါ သူ့မျက်ခုံးများနှင့် မျက်လုံးများက မသိမသာ မြင့်တက်သွားတော့သည်။

နွေးထွေးသည့်အဝါရောင်အလင်းရောင်က တဖြည်းဖြည်း နီးသထက်နီးလာပြီး သူ့ခန္ဓာကိုယ်ထဲက အမှောင်ယံနှင့် အအေးဓာတ်တို့မှာ လွင့်ပြယ်သွားသည့်နှယ်။

“ရှင်အဆင်ပြေရဲ့လား”

ကျန်းယွင်ကျူးက မီးအိမ်ကို မြှောက်ကာ မေးလိုက်လေသည်။

“ပြေပါတယ်” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်၏။

“ဒါဆို ရှင်က ဘာလုပ်”

ကျန်းယွင်ကျူးသည် သူ့ကို ဘာလုပ်နေတာလဲဟု မေးလိုက်ချင်လေသည်။

ရှန်ဖုန်းမင်က သူမကို ငေးကြည့်လိုက်၏။ သူမသည် မီးအိမ်ကို မြောက်ထားသဖြင့် အလင်းရောင်က သူမမျက်ခုံးနှင့် မျက်လုံးများကို ပိုမိုကြည်လင်နေအောင် မီးထိုးပေးထားလေသည်။

“ကျွန်တော် အရင်က လက်ထပ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး” သူက ပြောလိုက်သည်။

ကျန်းယွင်ကျူးမှာ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ ဒါက ဘယ်ကရောက်လာတာလဲ။ ဒါပေမဲ့ အိပ်မက်ထဲမှာတော့ သူက ၇နှစ်ကြာပြီးသွားတာတောင် တစ်ယောက်ထဲဖြစ်နေတုန်းပဲ ထင်တယ်။

ရှန်ဖုန်းမင်က မျက်လုံးကို ချထားလိုက်ပြီး

“ကျွန်တော့်အမေက အဖေ့ကို မချစ်ဘူး၊ အဖေကလည်း အတူတူပါပဲ၊ သူတို့နှစ်ယောက်က နေ့တိုင်း ရန်ဖြစ် စကားများနေကြတာလေ၊ ကျွန်တော် ငယ်ငယ်တုန်းကတော့ သူတို့တွေ အချင်းချင်း အဲလောက် မုန်းနေပါလျက်နဲ့ ဘာလို့ အတူတူနေကြသေးလဲလို့ နားမလည်နိုင်ခဲ့ဘူး။

ကျွန်တော်လည်း သူတို့တွေ ရန်ဖြစ်စကားများနေတာကို မကြားချင်တော့ဘူး”

သည်အချိန်တွင် သူက စကားကို ရပ်ထားလိုက်တော့သည်။ သူသည် သည်စကားများကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးပေ။ သို့သော် အခုတော့ သူသည် သူမကို ပြောပြချင်ခဲ့လေသည်။

ကျန်းယွင်ကျူးသည် တန့်ယန်းမင်းသမီးနှင့် တော်ဝင်ပညာရှင်ရှန်ကို တစ်ခါမှမတွေ့ခဲ့ဖူးချေ။ သို့သော် သူတို့သည် နိုင်ငံရေးအရ လက်ထပ်ခဲ့ရသည်ဟုတော့ ကြားခဲ့ဖူးသည်။ ရှန်မိသားစုသည် အိမ်တော်ကြီးတစ်ခု ဖြစ်ပြီး ရှမင်းဆက်၏ ထောက်တိုင်တစ်ခု ဖြစ်သည်။ ထိုအချိန်က လက်ရှိမင်းကြီးသည် နှစ်သက်မခံရသည့်မင်းသားတစ်ပါးသာ ဖြစ်ခဲ့သည်။

သူ့ညီမတော်က ရှန်မိသားစုနှင့် လက်ထပ်လိုက်သောအခါ ရှန်မိသားစု၏ ထောက်ခံချက် ရလာသည်နှင့် အတူတူပင်။

ကျန်းယွင်ကျူးက ဘာပြန်ပြောရမည်မသိ ဖြစ်သွား၏။ ရှေးခေတ်ကတည်းက ဧကရာဇ်မိသားစုအတွင်းက ကိစ္စများသည် သည်လိုဖြစ်ခဲ့သည်ချည်းပင်။

သူမက မျက်မှောင့်ကျုံ့ရင်း နှုတ်ခမ်းများကို စေ့ထားလိုက်တော့သည်။

...

အပိုင်း (၄၅.၁)

“သွားအိပ်တော့လေ”

ရှန်ဖုန်းမင်က ပြောလိုက်၏။

“ရှင်ကရော”

ကျန်းယွင်ကျူးက မေးလိုက်သည်။

“ ကျွန်တော် တစ်ခုခုကို စဥ်းစားနေလို့ပါ”

ကျန်းယွင်ကျူး :... ဟုတ်ပါပြီ။

နောက်တစ်နေ့ မနက်ခင်းတွင် ကျန်းယွင်ကျူး နိုးလာ၏။ သူမ၏စိတ်တို့က အများကြီး ကြည်လင်နေသည်။ မနေ့က သူမသည် အလွန်မှ အလျင်လိုပုံရသည်ဟု ခံစားလိုက်ရသည်။ လူတစ်ယောက်က အဘိုးကြီးဝူကို ရောဂါကုပေးဖို့ ငွေစ တစ်ထောင် ပေးဖူးခဲ့ပေမဲ့ အဘိုးကြီးဝူက သူ့ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ဖူးဘူးလေ။ ဒါနဲ့များ ဟင်းတစ်ပွဲလေး ချက်တာက ဘယ်လောက်ရှိမှာလဲ။

ဘာပဲဖြစ်ဖြစ် အဘိုးကြီးဝူက အိမ်မှာရက်နည်းလောက် နေအုံးမှာပဲ။ သူမကလည်း စိတ်ရင်းကို ဖြည်းဖြည်းချင်း ပြပေးရမယ်လေ။

မနက်စာစားပြီးနောက် ကျန်းယွင်ကျူးတွင် လုပ်စရာရှိနေသည်။ သူမက ကျန်းလင်နှင့် ကလေးများကို ရပ်ခိုင်းလိုက်၏။

“ မနေ့က အစ်မ သခင်လေးကုကို ပြောလိုက်တာ နင်တို့လည်း ကြားတယ်နော်၊ အစ်မ သူ့ကို ဒီနေ့ကစပြီး မနှောင့်ယှက်ချင်တော့ဘူး၊ ပြီးတော့ စာမေးပွဲအတွက် ပြင်ဆင်ဖို့ပဲ သူ့ကို အာရုံစိုက်စေချင်တယ်။

နင်တို့က အရင်ကလေ့လာခဲ့တာတွေကို ပြန်လေ့လာထားလိုက်၊ နှစ်သစ်ကူးပြီးရင် မိသားစုမှာ ငွေရှိလာတဲ့အခါ အစ်မတို့က နင်တို့ ကျောင်းပို့ပေးမယ်”

အဆင့်တစ် စာတမ်းပိုင်ရှင် ကုယန်ကျိုးသည် အခုတော့ စာမေးပွဲအတွက် ပြင်ဆင်ရန် အရေးကြီးကာလသို့ ရောက်နေပြီဖြစ်သည်။ သူမက သူ့ကို မနှောင့်နှေးစေလိုပေ။ သူမက အခြေအနေကို ဆန်းစစ်ကြည့်ပြီး ဆုံးဖြတ်ထားပြီးဖြစ်သည်။ လက်ရှိတွင် မိသားစုက တစ်နေ့လျှင် ၅လျန် ရှာနိုင်ပြီ။ နှစ်သစ်ကူးရောက်ဖို့ရာ တစ်လကျော်လောက် လိုသေးသည်။ သူတို့သည် လျန်၂၀နီးပါး ရှာနိုင်သေးသည်။ ကျောင်းလခအတွက် လုံလောက်နိုင်သည်။

ကျန်းလင်၊ ကျန်းယွင်ရွှယ်နှင့် ကျန်းဝူတို့သည် အမူအရာအမျိုးမျိုး ဖြစ်သွားကြတော့သည်။ အမျိုးသမီးချန်နှင့် ကျန်းချိန်တို့ပင် သူမ စကားကို ရပ်နားထောင်လိုက်ကြသည်။

ကျန်းလင်က ကျန်းယွင်ကျူးကို တိတ်တိတ်လေး အကဲခတ်ကြည့်လိုက်၏။ သူ့တွင် တစ်ခုခု ပြောစရာရှိနေသယောင်။

ကျန်းယွင်ရွှယ်သည် ဖြူဆုတ်သွားတော့သည်။ ကုယန်ကျိုးက သူတို့အိမ်ကိုလာပြီး သူတို့ကို စာသင်ပေးခဲ့တယ်။ သူမလည်း စာလိုက်သင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းတက်ဖို့ ကျတော့လား။ သူမက ဘာလုပ်ရမလဲ။ ဘယ်မိသားစုကမှ မိန်းကလေးတွေကို စာသင်ပေးတယ်လို့ မကြားခဲ့ဖူးဘူး။ သူမသည် အင်္ကျီအနားစကို တင်းနေအောင် ဖျစ်ညစ်ထားလိုက်ပြီး သူမ၏လည်ချောင်းက နည်းနည်း တစ်ဆို့သွားသလို ခံစားလိုက်ရတော့သည်။

သူမသည် စာသင်ကြားရသည်ကို နှစ်သက်လေသည်။ ကျန်းလင်နှင့် ကျန်းဝူတို့ထက်ကို ပိုနှစ်သက်သေးသည်။

ကျန်းဝူက မည်းနက်နေသည့်မျက်လုံးများနှင့် ကျန်းယွင်ကျူးကို မျက်တောင်ခတ်ကာ ကြည့်လိုကလေသည်။ ကျောင်းသွားရမှာလား။ ပျော်စရာကောင်းလား။

ကျန်းယွင်ကျူးက သူတို့၏အမူအရာများကို အကဲခတ်လိုက်၏။ သူမက ကျန်းလင်ကို အရင်ဆုံးမေးလိုက်လေသည်။

“ နင် ဘာပြောချင်လို့လဲ”

“အစ်မ ကျွန်တော် ကျောင်းမသွားချင်ဘူး”

ကျန်းလင်က ကျန်းယွင်ကျူး၏အမူအရာကို အကဲခတ်ရင်း သူမ ဒေါသထွက်သွားမည်ကို ကြောက်ကြောက်နှင့် ပြောလိုက်လေသည်။

“ သား ဘာတွေပြောနေတာလဲ၊ အရင်ကဆိုရင် မင်း ကျောင်းသွားချင်ရင်တောင် မိသားစုက သားကို ကျောင်းပို့ဖို့ ငွေမရှိခဲ့ဘူး၊ မင်းအစ်မက မင်းတို့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်အတွက် ခံစားနေရမှာ မမြင်ချင်လို့ မင်းတို့ကို ကျောင်းပို့ပေးမယ်လို့ အမေ့ကို ပြောခဲ့တာ၊ ဒါက မင်းသဘောထားလား”

အမျိုးသမီးချန်က ဒေါသေထွက်သွားတော့သည်။

အမှန်တွင်တော့ သူမနှင့် ကျန်းချိန်တို့က မိသားစုတွင် ပညာသင်တစ်ယောက်ရှိလာဖို့ မျှော်လင့်ခဲ့လေသည်။ ကျန်းလင်၊ သို့မဟုတ် ကျန်းဝူတို့က ကုယန်ကျိုးလို ဖြစ်လာနိုင်ခဲ့လျှင် အိပ်မက်ထဲပင် ပြုံးရွှင်ပြီး နိုးထလိုက်နိုင်သည်။

ကျန်းလင်က နေရာတွင် နှုတ်ဆိတ်ရင်း ရပ်နေတော့သည်။

“ နင်ဘာလို့ ကျောင်းမသွားချင်တာလဲ”

လုံးဝဒေါသမထွက်ဘဲ ကျန်းယွင်ကျူးက ကျန်းလင်ကို မေးလိုက်လေသည်။

ကျန်းလင်က သူမကို ရှက်ရွံ့ဟန်ဖြင့် ကြည့်လိုက်၏။ သူမ၏မျက်နှာက ကြည်လင်နေသည်ကို မြင်လိုက်ရသဖြင့် သူက ဆက်ပြောလိုက်လေသည်။

“ ကျွန်တော် ဒီအရွယ်တောင် ရောက်နေပြီလေ၊ ကျောင်းသွားရင် စာမလိုက်နိုင်မှာစိုးတယ် ပြီးတော့...”

သည်ရက်ပိုင်းတွင် သူသည် နေ့တိုင်း ကုချီဖုန်းနှင့် အတူရှိနေခဲ့သည်။ ကုချီဖုန်းက သူ့ခါးသီးမှုများကို သူ့ကို မကြာခဏဆိုသလို ရင်ဖွင့်ခဲ့သည်။

ကုချီဖုန်း၏အမြင်တွင်တော့ ကုယန်ကျိုးက ထိုမိသားစု၏ကလေးပင်။ ကုယန်ကျိုးသည် အသက်လေးနှစ်တွင် စာစသင်ခဲ့ပြီး အသက်ခြောက်နှစ်တွင် ကဗျာရေးကာ အသက်ကိုးနှစ်တွင် ဆောင်းပါးများကို ရေးနိုင်ခဲ့ပြီး အသက်ဆယ့်ငါးနှစ်တွင် ရှို့ချိုင်စာမေးပွဲကို အောင်မြင်ခဲ့သည်။ ကုချီဖုန်းကတော့ သူသည် ကုယန်ကျိုး၏လက်တစ်ချောင်းနှင့်ပင် မယှဥ်နိုင်ခဲ့ပေ။

ထို့အပြင် အဆိုးရွားဆုံးကိစ္စမှာ သူ့မိဘများက သူ့ကို ကုယန်ကျိုးနှင့် ဆက်တိုင်နှိုင်းယှဥ်ပြီး သူ့ကို ဥပမာယူဖို့ ပြောတတ်လေသည်။ ဤနည်းဖြင့် နောက်ဆိုလျှင် သူသည် တော်ဝင်စာမေးပွဲကို ဖြေနိုင်ပြီး မိသားစုအတွက် ဂုဏ်သိက္ခာကို ယူဆောင်ပေးနိုင်လိမ့်မည်။

အခုတော့ ကုချီဖုန်းမှာ အပေါ်လဲမတက်နိုင်သလို အောက်လဲဆင်းလို့မရနိုင်ပေ။

ထိုစကားကို ကြားလိုက်ပြီး ကျန်းလင်မှာ စတင် စိတ်ပူလာတော့သည်။ ကုယန်ကျိုးနှင့် စာလုံးများကို လေ့လာစဥ်ကာလအတွင်း သူသည် ကျန်းယွင်ရွှယ်လောက် မတော်မှန်း သတိထားမိခဲ့သည်။ ကုယန်ကျိုးနှင့် ယှဥ်ရမည်ဆိုလျှင်တော့.... ထားလိုက်ပါပြီလေ။ ယှဥ်နိုင်ဖို့ လုံးဝမဖြစ်နိုင်တာပဲ။

ဒါကြောင့် သူ စဥ်းစားနေတာ။ သူ ကျောင်းတက်ဖြစ်ရင် သူကလည်း ကုချီဖုန်းလို နဲ့အတူတူပဲ ဖြစ်လာမှာမဟုတ်ဘူးလားလို့လေ။

မိသားစုက သူ စာလေ့လာဖို့ ငွေအများကြီး သုံးပြီး ထောက်ပံ့ပေးပေမဲ့ သူကတော့ ဘာမှ မရနိုင်ခဲ့ဘူးလေ။ သူက အမေနဲ့ အစ်မကို ဘယ်လို မျက်နှာပြရမှာလဲ။

ကျောင်းလုံးဝမတက်တာက ပိုကောင်းသေးတယ်။ အလုပ်လုပ်ရင်း အစ်မနောက်လိုက်တာပဲ တော်တော်လေး အဆင်ပြေနေပါပြီ။

ကျန်းယွင်ကျူးက သူ့စိတ်ထဲက ပူပင်မှုများကို ဖြည်းဖြည်းချင် ဆွဲထုတ်လိုက်တော့သည်။ သူမက ပြုံးလိုက်၏။

“ ငါက နင့်ကို တော်ဝင်စာမေးပွဲ ဖြေခိုင်းစေချင်လို့ ကျောင်းသွားခိုင်းတာလို့ ဘယ်သူပြောလို့လဲ”

သူမက ထိုစကားကို ပြောလိုက်နှင့်တစ်ပြိုင်နက် ကျန်းချိန်၊ အမျိုးသမီးချန်နှင့် ကျန်းလင်တို့အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ တော်ဝင်စာမေးပွဲအတွက် မဟုတ်ရင် သူက ဘာအတွက် စာလေ့လာရမှာလဲ။

“စာသင်တယ်ဆိုတာ အကြောင်းအရာကိစ္စတွေကို နားလည်အောင်လုပ်ပေးတာလေ”

ကျန်းယွင်ကျူးက သူ့ကော်လံကို ပြင်ပေးရင်း ပြောလိုက်တော့သည်။ ခေတ်သစ်မှာတုန်းကလည်း သူမက ကောလိပ်တက်ခဲ့ပြီး နောက်ဆုံးတော့လည်း သူယူခဲ့တဲ့မေဂျာနဲ့ မဆိုင်တဲ့အလုပ်တစ်ခုနဲ့ အဆုံးသတ်ခဲ့ရတာပဲလေ။ ကောလိပ်သွားတာက အသုံးမဝင်ဘူးလို့ ပြောနိုင်လားဆိုတော့လည်း....

ကောလိပ်တက်တဲ့အတွေ့အကြုံက သူမကို အမြင်ကျယ်စေခဲ့ပါတယ်။ သူမဘဝမှာ လုံးဝမမေ့နိုင်တဲ့ အမှတ်တရဖြစ်ခဲ့တယ်။ ကျန်းလင်နဲ့ ကလေးတွေကိုလည်း အဲဒီအတွေ့အကြုံကို လွတ်မသွားစေချင်ဘူးလေ။

ငွေကလား။ ငွေဆိုတာ သုံးဖို့ရှာတာပဲ။

“အစ်မ”

ကျန်းလင်၏ မျက်လုံးများက တဖျတ်ဖျတ်လက်သွားတော့သည်။ အစ်မက တကယ်ပဲ အဲလိုတွေးတာတဲ့လား။ တကယ်တော့ သူက ကျောင်းကို တစ်ခါလောက်တော့ သွားဖူးကြည့်ချင်ပါတယ်။

“ယွင်ကျူး ဒါက...”

ကျန်းချိန်က တွေဝေသွားတော့သည်။ ကျန်းယွင်ကျူးက ဒီလိုပြောမှတော့ ကျန်းလင်ကလည်း အရမ်းကာရောတော့ မလုပ်လောက်တော့ဘူးမလား။

ကျန်းယွင်ကျူးက မျက်လုံးမှိတ်ပြလိုက်၏။ သူမက ကျန်းလင်ကို ဖိအားရင်တောင် ဒါက အသုံးမဝင်ဘူးလေ။ သူက စာဖတ်ဖို့တောင် အခုကတည်းက ဆန့်ကျင်နေပြီပဲ။

“အစ်မက အကောင်းဆုံးပဲ”

ကျန်းလင်သည် ကျန်းယွင်ကျူးက လောကကြီးတွင် အကောင်းဆုံးအစ်မဟု ခံစားလိုက်ရတော့သည်။ ကုချီဖုန်းကိုသာ ပြောပြလိုက်ရင် သူတော့ အားကျလို့ ရူးတောင်သွားလောက်တယ်။

“ နင် စာတော့ကြိုးစားရအုံးမယ်နော်၊ မဟုတ်ရင် ငွေရယ် နင့်ကိုယ်ပိုင်အချိန်နဲ့ အင်အားတွေကို ဖြုန်းတီးရာကျလိမ့်မယ်” ကျန်းယွင်ကျူးက ရယ်မောလိုက်လေသည်။

“အွန်း”

ကျန်းလင်က အားပါးတရ ခေါင်းညိတ်ပြလိုက်သည်။

ကျန်းယွင်ကျူးက ကျန်းယွင်ရွှယ်ဘက်သို့ လှည့်လိုက်၏။

“အစ်မ”

ကျန်းယွင်ရွှယ်က လေသံတိုးတိုးနှင့် ခေါ်လိုက်လေသည်။ သူမ၏အသံမှာ တစ်ဆို့နေ၏။

ကျန်းယွင်ကျူးက သူမကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။ ဒီခေတ်ကြီးမှာ မိန်းမတွေကို လုံးဝ မျက်နှာသာမပေးထားတာပဲ။

“ညီမလေး စာလေ့လာရတာ ကြိုက်သလား” သူမက ကျန်းယွင်ရွှယ်ကို မေးလိုက်သည်။

ကျန်းယွင်ရွှယ်က သူမကို မကြည့်ရဲဘဲ ခြင်လေးတစ်ကောင်လိုသာ ပြန်ဖြေလိုက်လေသည်။

“အင်း”

“ဒါဆိုရင် စီရင်စုထဲမှာ အမျိုးသမီးကျောင်းရှိလား စုံစမ်းကြည့်လိုက်အုံးမယ်”

ကျန်းယွင်ကျူးက ပြောလိုက်၏။ အမှန်တွင်တော့ လုပြည်နယ်ရှိ ဟွာယင်းကျောင်းတော်က အမျိုးသမီးကျောင်းသူများကို လက်ခံမှန်း သိထားလေသည်။

ဟွာယင်းကျောင်းတော်ကို လင်မိသားစုက ဖွင့်ထားခြင်းပင်။

လင်မိသားစုအကြောင်း ပြောရလျှင် သူတို့သည် အလွန်အံ့ဩဖွယ်ကောင်းလေသည်။ အခုအချိန်အထိ သူတို့ဘိုးဘွားမိသားစုမျိုးနွယ်တွင် အဆင့်မြင့်ပညာသင် အယောက်၃၀ကျော်နှင့် အဆင့်တစ် စာပေပညာရှင် သုံးယောက်ပေါ်ထွက်ခဲ့သည်။ သူတို့ကို ဧကရာဇ်ကိုယ်တိုင်က ချီးကျူးခဲ့လေသည်။

ဟွာယင်းကျောင်းတော်သည် သူတို့မျိုးနွယ်၏ ကိုယ်ပိုင်ကျောင်း ဖြစ်သည်။ ခေါ်ယူသည့် အမျိုးသမီးကျောင်းသူအားလုံးမှာ သူတို့ကိုယ်ပိုင်မိသားစု သို့မဟုတ် ဆွေမျိုး မိတ်ဆွေများ၏ သမီးများ ဖြစ်ကြသည်။ ကျန်းယွင်ရွှယ်.... ထိုအကြောင်းကို သေသေချာချာစဥ်းစားကြည့်တော့ ကျန်းယွင်ကျူးက အိပ်မက်ထဲတွင် လင်မိသားစုမှ တစ်ယောက်ယောင်နှင့် တွေ့ခဲ့ဖူးပုံရသော်လည်း အဆက်အဆံတော့ မရှိခဲ့ပေ။ ကျန်းယွင်ရွှယ်အတွက် ဟွာရင်းကျောင်းတော်ကို ဝင်ဖို့က အလွန်မှ ခက်ခဲလေသည်။

သူမသည် ထိုအကြောင်းကို ထုတ်မပြောခဲ့ပေ။ သူမက ကျန်းယွင်ရွှယ်ကို မျှော်လင့်ချက်ပေးခဲ့ပြီးမှ မလုပ်ပေးနိုင်မှာ စိုးရိမ်မိသည်။

ကျန်းယွင်ရွှယ်၏အာရုံသည် သူမပြောသည့် အမျိုးသမီးကျောင်းသို့ ရောက်သွားတော့သည်။

“ တကယ်ပဲ အမျိုးသမီးကျောင်းတော်တစ်ခု ရှိတာလား”

သူမက အမှောင်ညထဲတွင် အလင်းမှိန်မှိန်လေးတစ်ခုကို မြင်လိုက်ရသည့်နှယ် မေးလိုက်လေသည်။

ကျန်းယွင်ရွှယ်က မျှော်လင့်ချက်ရှိနေသ၍ သည်လောက်ဆို လုံလောက်ပြီဟု ထင်လိုက်သည်။

အမျိုးသမီးချန်က ဘေးကကြည့်ရင်း သက်ပြင်းချလိုက်တော့သည်။

ထိုအခါမှ ကျန်းလင်မှာ ကျောင်းတက်နိုင်သည့်သူက မည်မျှကံကောင်းကြောင်း ခံစားလိုက်ရတော့သည်။ ကျန်းယွင်ရွှယ်က စာလေ့လာရာတွင် သူ့ထက်အများကြီး ပိုကောင်းသည်။

“ညီမလေး ငါ ကျောင်းတက်ရင်လေ အိမ်ပြန်လာရင် နင့်ကို သင်ပေးမယ်နော်” သူက ကျန်းယွင်ရွှယ်ကို ပြောလိုက်၏။

“အွန်း”

ကျန်းယွင်ရွှယ်က အကောင်းဆုံး အားတင်းကာ ပြုံးပြလိုက်တော့သည်။

“ ညီမလေးက အမျိုးသမီးကျောင်းကို တကယ်ပဲတက်ချင်တာဆိုရင် ကြိုးစားမှရမှာ၊ မဟုတ်ရင် နောက်ပိုင်း အခွင့်အရေးရလာရင်တောင် ပညာအရည်အချင်း မလုံလောက်လို့ဆိုပြီး သူတို့တွေက လက်ခံမှာ မဟုတ်ဘူး”

ကျန်းယွင်ကျူးက ကျန်ယွင်ရွှယ်ကို ပြောလိုက်၏။ ဟွာရင်းကျောင်းတော်က တော်တော်မြင့်သည့် အရည်အချင်းများ လိုအပ်သည်ကို သူမ မှတ်မိနေသည်။

ကျန်းယွင်ရွှယ်၏မျက်လုံးထဲတွင် အလင်းတစ်ခု ဖြစ်သွားတော့သည်။ သူမ ကြိုးစားရမယ်။

သူမကို သည်လိုမြင်လိုက်ရသည့် ကျန်းလင်မှာ အကြောင်းအရင်းမရှိဘဲ မလုံမလဲဖြစ်သွားတော့သည်။ မဖြစ်သေးပါဘူး။ သူမက သူ့ထက် လေ့လာတဲ့နေရာမှာ ပိုမြနတယ်။ သူမသာ ဒီထက်ပိုကြိုးစားရင် နောက်ဆို သူက သူမကို ဘယ်လိုစာသင်ပေးလို့ရတော့မှာလဲ။

သူသည် စာအုပ်များက သူနောက်လိုက်ခံနေရမည့် ကြောက်မက်ဖွယ်ဘေးကျပ်နံကျပ်အခြေအနေထဲ ရောက်သွားလိမ့်မည်ဟု ခံစားလိုက်ရတော့သည်။

ဒါပေမဲ့လည်း သူ နောက်မဆုတ်ပါဘူး။ ညီမလေးက သနားစရာကောင်းနေပြီ။ သူသာ နည်းနည်းလေးပိုပြီး သိမ်မွေ့လိုက်ရင် ဘယ်လိုအစ်ကိုမျိုး ဖြစ်လာမှာလဲ။ အလွန်ဆုံးတော့ နောက်ဆိုရင် ကစားတာလျှော့၊ အအိပ်လျှော့ပြီး စာပို့လေ့လာရမှာပေါ့။

နောက်ဆုံးတွင် ကျန်းဝူအလှည့်ရောက်လာခဲ့သည်။ ကျန်းယွင်ကျူးက သူ့ကို ကျောင်းနှစ်နှစ်လောက်ပို့ပြီး အခြေအနေကြည့်မည်ဟု နောက်ဆုံး ဆုံးဖြတ်လိုက်တော့သည်။

မိသားတစ်ခုလုံး ဆွေးနွေးတိုင်ပင်နေကြစဥ် အပြင်ဘက်မှ လူတစ်ယောက်က တံခါးလာခေါက်တော့သည်။ အမျိုးသမီးချန်က တံခါးသွားဖွင့်ပေးရာ လူငယ်စုံတွဲတစ်တွဲကို တွေ့လိုက်ရတော့သည်။ ယောက်ျားက သပ်သပ်ရပ်ရပ် ဝတ်ထားပြီး အမျိုးသမီးက သိမ်မွေ့ပျော့ပြောင်းလေသည်။

“ဘယ်သူလဲ”

သူမက စိတ်ထဲတွင် ခန့်မှန်းကြည့်လိုက်သော်လည်း သေချာမသိပေ။

“ အားလုံး နေကောင်းသွားပြီလား”

ကျန်းယွင်ကျူးက အခန်းထဲကထွက်လာပြီး ထိုယောက်ျားကို မေးလိုက်၏။

ရွှယ်ကျင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“အားလုံးကောင်းသွားပါပြီ”

သူက ပြောရင်းဆိုရင် ကျန်းယွင်ကျူးက သူ့ကို မယုံမှာစိုးသဖြင့် နှစ်ပတ်လောက် လှည့်ပြလိုက်သည်။

ရွှယ်ကျင်းသည် နဂိုက စိတ်ကျန်းမာရေး မကောင်းဖြစ်ခဲ့ခြင်းပင်။ သို့သော် ကျန်းယွင်ကျူးနှင့် တွေ့ပြီးနောက် သူ့စိတ်ရောဂါက ပျောက်သွားတော့သည်။ သူသည် မြန်မြန် သက်လာသည်က ပြောရန်ပင် မလိုချေ။ အခုတော့ သူသည် စိုပြေကျန်းမာနေတော့သည်။

ကျန်းယွင်ကျူးက နှစ်ဖက်ကို မိတ်ဆက်ပေးလိုက်၏။ ရွှယ်ကျင်း သူမငှားထားသည့် စားဖိုမှူး၊ အမျိုးသမီးရွမ် သူ့ဇနီးနှင့် သည်ဘက်က ကျန်မိသားစုဝင်များ ဖြစ်ကြသည်။

ရွှယ်ကျင်းနှင့် အမျိုးသမီးရွမ်တို့၏နောက်တွင် မြည်းလှည်းတစ်စီး ရှိနေသည်။ မြည်းလှည်းပေါ်တွင် ပစ္စည်းများစွာတင်ထားသည်။

“ ကျွန်တော့်အတွက် အိမ်တစ်လုံး ငှားပေးနိုင်လို့ ပြောထားလို့”

ရွှယ်ကျင်းက ရှက်ရှက်နှင့် ပြောလိုက်၏။ အမျိုးသမီးရွမ်နှင့် တိုင်ပင်ပြီးနောက် သူတို့သည် ချန်ရှီရွာသို့ အတူတူပြောင်းနေဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

ထိုနေ့က ကျန်းယွင်ကျူးသည် ပြန်ရောက်လာပြီး သူ့အတွက် အိမ်တစ်လုံး ငှားထားလိုက်သည်။ ထို့ကြောင့် သူမက သူ့ကို ချက်ချင်းခေါ်ပြလိုက်လေသည်။

သူတို့အိမ်နှင့် သိပ်မဝေးသည့်နေရာတွင် ရှိသည့်အိမ်တစ်လုံးပင်။ ခြံဝင်းက ကျန်းအိမ်လောက်မကြီးပေ။ သို့သော် အခန်းသုံးခန်းသာ ရှိပြီး အိမ်က အလွန်မှကောင်းလေသည်။ အနည်းဆုံးတော့ ရွှယ်ကျင်းတို့ မြို့တွင်နေသည့် အိမ်ထက် အများကြီးပိုကောင်းသည်။

အရှေ့နှင့်အနောက်ဘက်တွင် ခြံဝင်းများ ရှိသည်။ အိမ်ရှေ့တွင် မြစ်ငယ်လေးတစ်ခုရှိသည်။ အိမ်နောက်တွင် စိမ်းစိုနေသည့်တောင်ကုန်းလေး ရှိသည်။ အမျိုးသမီးရွမ်သည် သည်နေရာကို ချက်ချင်း သဘောကျသွားတော့သည်။ သူမသည် ကျပ်ညှပ်နေသည့် နေရာတစ်ခုတွင် အချိန်အကြာကြီး နေခဲ့ရသည်။ အခုတော့ သည်လိုကျယ်ဝန်းသည့် နေရာသို့ရောက်လာသဖြင့် ကောင်းကင်ကြီးက မြင့်မားပြီး တိမ်များကို ရှင်းနေသည်ဟု ချက်ချင်း ခံစားလိုက်ရတော့သည်။

သူမက အသက်ကို ရှည်ရှည်လောက်တစ်ခါရှူလိုက်ပြီး လေကပင် လတ်ဆတ်လာသည်ဟု ခံစားလိုက်တော့သည်။

“နွေဦးရောက်ရင် ခြံထဲမှာ ဖရဲသီးနဲ့ အသီးအနှံတွေ စိုက်ပေါ့၊ ဒါဆိုရင် ရှင်တို့ အသီးအရွယ် ဝယ်စားစရာမလိုတော့ဘူး”

အမျိုးသမီးချန်က ဝမ်းသာစွာ ပြောလိုက်လေသည်။ ဒါက အမျိုးသမီးရွမ်၏ စိတ်ကူးပင်။ နောက်တစ်နှစ် နွေဦးဝင်လာသည်နှင့် ခြံထဲဝွင် ဖရဲသီးနှင့် အသီးအနှံများကို အပြည့်စိုက်ပျိုးရမည်။ ဒါက ငွေကုန်ကြေးကျ အများကြီးသက်သာလိမ့်မည်။

ထို့အပြင် အိမ်တွင် စိုက်ထားသည့် အရာများက လတ်ဆတ်နူးညံ့သည်။

“အင်း”

အမျိုးသမီးရွမ်က ခေါင်းညိတ်ပြလိုက်၏။ သူမသည် သည်လိုဘဝတစ်ခုကို စတင်မျှော်လင့်နေမိလေသည်။

အားလုံးက မြည်းလှည်းပေါ်က ပစ္စည်းများကို ကူသယ်ပေးလိုက်ကြသည်။ ကျန်းယွင်ကျူးက ရွှယ်ကျင်းကို စိတ်မပူဖို့ပြောလိုက်ပြီး အိမ်ကို နေရာချပြီးမှ အလုပ်လာဖို့ ပြောလိုက်လေသည်။

နှုတ်အားဖြင့် ရွှယ်ကျင်းက ကတိပေးလိုက်၏။ သိပ်မကြာခင်မှာပင် သူက ကျန်းအိမ်သို့ ရောက်လာတော့သည်။ သူသည် ကျန်းယွင်ကျူး ချက်ပြုတ်နေသည်ကို မခွာတမ်း စောင့်ကြည့်နေလေသည်။ အမျိုးသမီးရွမ်က အလုပ်ကြိုးစားပြီး စဥ်းစားပေးတတ်သူဖြစ်သည်။ သူမက သူ့ကို လွှတ်ပေးလိုက်သည်။

ကျန်းယွင်ကျူးက ကောင်းကင်ကို မော့ကြည့်လိုက်၏။ စောသေးတာပဲ။

...

အခန်း (၄၅.၂)

“နေ့လယ်စာ ဘာချက်လဲ”

အဘိုးကြီးဝူက အပြင်ဘက်မှ မီးဖိုဆောင်ထဲ ချောင်းကြည့်လိုက်လေသည်။ အမှန်တွင်တော့ သူသည် မနက်စာ စားပြီးသည်ပင် မကြာသေးချေ။ အခုတော့ သူက နေ့လယ်စာအကြောင်းပင် တွေးနေပြီ။

သည်မနက်ခင်းက မနက်စာအတွက် ကျန်းယွင်ကျူးက ကြက်သားစွပ်ပြုတ်ထဲတွင် ဖက်ထုပ်လေးများ ထည့်ပြီး တိုဟူးပေါက်စီလုပ်ပေးခဲ့သည်။ ဖက်ထုပ်သေးသေးလေးများက အရသာရှိပြီး တိုဟူးပေါက်စီက တမူထူးခြားလေသည်။ အဘိုးကြီးဝူက အလွန်အကျွံမစားမိအောင် ထိန်းထားရသည်။

သူက ကျန်းယွင်ကျူးကို မေးလိုက်ခြင်းမှာ သည်နေ့ ထူးထူးဆန်းဆန်းတစ်ခုခုများ ရှိနေမလားဟု သိချင်သောကြောင့်ပင်။ နောက်ဆုံး မနေ့က တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲသည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းလေသည်။

ကျန်းယွင်ကျူးတွင် တောက်ပလရောင် ကြည်လင်စမ်းချောင်း’ဟင်းပွဲလိုမျိုး ဟင်းပွဲမရှိတော့ပါ။ သို့တိုင် သူမသည် ဘိုးကြီးဝူကို တတ်နိုင်သလောက် စိတ်ကျေနပ်စေချင်လေသည်။ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လတ်လတ်ဆတ်ဆတ်ရနိုင်မ့ည် ပါဝင်ပစ္စည်းများကို ကြည့်ရန် မြို့တက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ ထို့နောက်တွင် သူမက ကျောင်းကိစ္စကိုလည်း စုံစမ်းရလိမ့်မည်။

“ ငါလည်း မင်းနောက်လိုက်မယ်”

အဘိုးကြီးဝူက ချက်ချင်းပြောလိုက်၏။ သူသည် ပျင်းနေပြီး ဘာမှလုပ်စရာမရှိပေ။

ကျန်းယွင်ကျူးကလည်း အဆင်ပြေသည်။ ထုပ်ပိုးပြီးနောက် နှစ်ယောက်သားသည့် ကျန်းချိန်၏လားလှည်းနှင့် အိမ်မှ ထွက်လာခဲ့လိုက်ကြသည်။

“ ကျန်းလင်နဲ့ ကလေးတွေကို မြို့မှာ ကျောင်းထားမလို့လား”

ကျန်းချိန်က အံ့ဩနေ၏။ ကျန်းယွင်ကျူးက ကျန်းလင်နှင့်ကလေးများကို မြို့တွင် ကျောင်းထားမည့်အကြောင်းကို စဥ်းစားလာခဲ့သည်။ နောက်ဆုံး အိမ်နှင့်နီးပြီး ကျောင်းလခကလည်း ပိုသက်သာလိမ့်မည်။

“အဖေ သမီးက နောက်ပိုင်းကျရင် စီရင်စုမြို့တက်ပြီး လုပ်ငန်းလာလုပ်ချင်တာ၊ ဒါဆိုရင် ကျန်းလင်နဲ့ ကျန်းဝူတို့ စီရင်စုမြို့မှာ ကျောင်းတက်ရင် ပိုအဆင်ပြေလိမ့်မယ်”

ကျန်းယွင်ကျူးက ထိုအကြာင်းကို စဥ်းစားထားပြီးဖြစ်သည်။

“စီရင်စုမြို့မှာလား”

ကျန်းချိန်က တစ်ဖန် အံ့ဩသွားပြန်သည်။ ကျန်းယွင်ကျူးက သည်စိတ်ကူးကို သူ့ဆီပြောပြသည်မှာ ပထမဆုံးပင်။

“ သမီးတို့ ဒီကို ပြောင်းလာတုန်းက မြို့ထဲမှာ ပတ်ကြည့်ပြီးပြီ၊ ဘာကောင်းကောင်းကန်းကန်း လုပ်ငန်းမှ မရှိဘူး”

ကျန်းယွင်ကျူးက ရှင်းပြလိုက်၏။ ထို့ကြောင့် သူမက မိုင်းတွင်းတောင်ခြေတွင် အစားအသောက် ရောင်းဖို့ ရွေးချယ်လိုက်ခြင်းပင်။

စီရင်စုမြို့ကတော့ မတူပေ။ စီရင်စုမြို့သည် အသက်ဝင်စည်ကားလှသည်။ ငွေရှာဖို့ရန် အခွင့်အရေးများစွာ ရှိသည်။ ကောင်းစီမံတတ်လျှင် ငွေပိုရှာနိုင်သည်။

ကျန်းချိန်က ထိုအကြောင်းကို သေသေချာချာစဥ်းစားလိုက်သည်။ ဒါက ယုတ္တိရှိတယ်။ ဒါပေမဲ့ စီရင်စုမြို့မှာဆိုရင် လုပ်ငန်းလုပ်ဖို့က ခက်မှာပဲ။ ရွှယ်ကျင်းနဲ့ သူ့မိန်းမကို ကြည့်ရုံနဲ့ သိနိုင်တယ်လေ။

“ ဘာလုပ်ငန်း လုပ်မှာလဲ၊ ငါ့နောက်လိုက်တာက အများကြီးပိုကောင်းတာကို”

အဘိုးကြီးဝူက လည်ချောင်း ရှင်းလိုက်လေသည်။ သူ ငွေကို မကြိုက်ဘူးလေ။ ရွှေတောင် ငွေတောင်တစ်လုံး မဟုတ်ပေမဲ့ သူရှာခဲ့တဲ့ငွေတွေက ကျန်းမိသားစု တစ်သက်စားမကုန်အောင် လုံလောက်ပါတယ်။

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ ဆေးပညာကို သင်ယူတာ အရမ်းလွယ်ပါ့မလား။ သူမက အချက်အပြုတ်ပဲ ဆက်လုပ်သင့်ပါတယ်လေ။

“ ဒါဆို အဖေတို့ ဘယ်ကို အရင်ဆုံးသွားမှာလဲ”

ကျန်းချိန်က စီရင်စုမြို့ထဲဝင်လာပြီးနောက် မေးလိုက်လေသည်။

ကျန်းယွင်ကျူးက ဆုံးဖြတ်ပြီးသားပင်။

“ ဝမ်ယွမ်ကျောင်းကို သွားမယ်”

ဝမ်ယွမ်ကျောင်းသည် စီရင်စုမြို့တွင် အကောင်းဆုံးကျောင်းဖြစ်သည်။ ကုယန်ကျိုးက ထိုကျောင်းတွင် တက်ခဲ့သည်။

လားလှည်းက ဆက်ပြီးရွေ့လျားနေ၏။ တဖြည်းဖြည်းနှင့် လမ်းတစ်ဖက်တစ်ချက်တွင် စာရွက်နှင့် စုတ်တံဆိုင်များ ပိုပြီးထွက်ပေါ်လာလေသည်။ ထို့နောက် သူတို့ရှေ့က မြင့်မားသည့် ဆိုင်းဘုတ်အခုံးတစ်ခုကို တွေ့လိုက်ရသည်။ အမြင့်တွင် အသက်ဝင်ပြီး စိတ်အားထက်သန်သည့် စာလုံးများကို ရေးထားလေသည်။ “ဝမ်ယွမ်ကျောင်းတော်”

အထဲကို ကြည့်လိုက်လျှင် အထဲဘက်တွင် မရေမတွက်နိုင်အောင်များပြားသည့် အဆောက်အအုံးများက အလွန်မှ ကျယ်ဝန်းသည့်နေရာတစ်ခုကို လွှမ်းခြုံထားသည်။ သည်အချိန်တွင် ကျောင်းသားများ အားလုံးက စာသင်နေကြလိမ့်မည်။ ကျောင်းထဲတွင် အဝင်အထွက် လူများများစားစား မရှိပေ။

“သမီးက ကျန်းလင်နဲ့ကလေးတွေကို ဒီကျောင်းကို ပို့မလို့လား”

ကျန်းချိန်က ကျောင်းကိုမြင်လိုက်ချိန်တွင် မရေရာသလို ခံစားလိုက်ရတော့သည်။

“ ဒါကြီးက ဘယ်လိုတောင် ပျက်စီးနေတဲ့ကျောင်းကြီးလဲ” တစ်ဖက်တွင်တော့ အဘိုးကြီးဝူက မကြိုက်ပေ။

ကျန်းချိန်က အဘိုးကြီးဝူကို လှမ်းကြည့်လိုက်ပြီး သူက အရမ်းကိုပြင်းပြင်းထန်ထန် ဝေဖန်လွန်းသည်ဟုသာ ခံစားလိုက်တော့သည်။

ကျန်းယွင်ကျူးက နှစ်ယောက်လုံးကို လျစ်လျူရှုထားလိုက်ပြီး လှည်းပေါ်က ဆင်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ဘယ်ဖက်တွင် စုတ်တံနှင့် စာရွက်ဆိုင်တစ်ဆိုင် ရှိသည်။ သည်အချိန်မျိုးတွင် အလုပ်ပါးလေသည်။ ဝဖိုင့်ဖိုင့်တာဝန်ခံက တံခါးနားတွင် ရပ်နေ၏။

“တာဝန်ခံ”

ကျန်းယွင်ကျူးက သူနှင့် စကားစမြည်သွားပြောလိုက်သည်။

သူမက စကားကို ချိုချိုသာသာပြောတတ်သည့် မိန်းမလှလေးတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဝဖိုင့်ဖိုင့်တာဝန်ခံက သူမနှင့်စကားပြောချင်သွားတော့သည်။

ခဏအကြာတွင် ကျန်းယွင်ကျူးက အခြေအနေကို မေးကြည့်လိုက်လေသည်။

ဝမ်ယွမ်ကျောင်း လက်အောက်တွင် အသိပညာပေးသည့်အတန်းတစ်ခု ရှိသည်။ သည်နေရာတွင် မဟုတ်ဘဲ မြို့မြောက်ဘက်တွင်ရှိသည်။ နှစ်တိုင်း ဝမ်ယွမ်ကျောင်းက ဝင်ခွင့်အတွက် ထိုအသိပညာပေးအတန်းက ထူးချွန်သည့်ကျောင်းသားများကို ရွေးချယ်ပေးသည်။

အသိပညာပေးအတန်းတွင် လူတစ်ယောက်သည် တစ်နှစ်မှ ကျောင်းလခ ၈လျန်ပေးရသည်။ သူတို့သည် ငွေပေးသ၍ ကျောင်းတက်နိုင်သည်။ ကန့်သတ်ချိန်မှာ သုံးနှစ်ဖြစ်သည်။ သုံးပြည့်သွားပြီး ကျောင်းသားတစ်ယောက်က ကျောင်းတော်သို့ မဝင်နိုင်လျှင် သူတို့သည် ကျောင်းထွက်ရုံသာရှိသည်။

ကျန်းယွင်ကျူးက နားထောင်လိုက်ပြီး သည်ဝမ်ယွမ်ကျောင်းက လှိုင်းလုံးကြီးတစ်ခုနှင့် သဲများကို ဆေးချလိုက်သည်ဟု ခံစားလိုက်ရသည်။ ဘယ်သူမဆို ဝင်နိုင်ပြီး နောက်ဆုံးတွင် ဘယ်သူ ပြန်ထွက်လာမည်ကတော့ သေချာမသိရပေ။ ဒါသည် စီရင်စုမြို့တော်က ကျောင်းသားအားလုံးအတွက် အတွေ့ကြုံပေးသည့် အကျိုးကျေးဇူးတစ်ခုရရှိပြီး သူတို့ကိုယ်ပိုင်ကျောင်းတော်တွင် ထူးချွန်သည့် ကျောင်းသားကို ဆက်ထားနိုင်လေသည်။

သည်ကျောင်းက ပိုပိုပြီး ကောင်းမွန်လာသည်မှာ အဆန်းမဟုတ်တော့ပေ။

သူမက ကျန်းလင်နှင့် ကျန်းဝူတို့ကို အသိပညာပေးအတန်းကို ပို့ဖို့ ဆုံးဖြတ်လိုက်တော့သည်။ နောက်ဆုံးရလဒ်ကတော့ သူတို့အပေါ်တွင်သာ မူတည်သည်။

ဝဖိုင့်ဖိုင့်တာဝန်ခံက အမျိုးသမီးကျောင်း အကြောင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။

ကျန်းယွင်ကျူးလည်း မအံ့ပေ။ သူမ၏အိပ်မက်ထဲက ၇နှစ်တာအတွင်းတွင် သူမသည် နေရာပေါင်းများစွာကို ခရီးသွားခဲ့ပြီး ဟွာယင်းကျောင်းတစ်ခုတည်းကသာ အမျိုးသမီး ကျောင်းသူများကို ခေါ်ယူသည်ဟု ကြားဖူးလေသည်။

ဝဖိုင့်ဖိုင့်တာဝန်ခံကြီးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး သူမက ပြန်လှည့်လာကာ လားလှည်းပေါ် တက်ထိုင်လိုက်လေသည်။

“ သမီး ကုယန်ကျိုးကို ကျောင်းအကြောင်းမေးလို့ရသားပဲ”

ကျန်းချိန်က အခုမှ သတိရသွားသည်။

မှန်ပါသည်။ သို့သော် ကျန်းယွင်ကျူး ရောက်လာရခြင်း၏ နောက်တစ်ချက်ရှိသေးသည်။ သူမက် ဝမ်ယွမ်ကျောင်းပတ်ဝန်းကျင်တွင် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ရန် သင့်တော်သလားဟု ကြည့်ချင်လေသည်။ သူမသည် မိုင်းတွင်းတွေ ချိုမြိန်သည့်အရသာကို ခံစားခဲ့ပြီးဖြစ်ရာ ရိုးသားသည့် ဝန်ထမ်းများနှင့်အတူ သည်လိုလူစည်ကားသည့်နေရာတစ်ခုတွင် လုပ်ငန်းလုပ်လျှင် ပိုလွယ်ကူလိမ့်မည်ဟု ခံစားမိသည်။

အကြိမ်တော်တော်များများ လှည့်ပတ်လိုက်ပြီးနောက် သူမ၏စိတ်ထဲတွင် အစီအစဥ်တစ်ခု ရှိပြီးသားပင်။ သို့သော် အခုချိန်သည် ကျောင်းဆင်းချိန် မဟုတ်သေးပေ။ တချို့ကိစ္စက မရှင်းလင်းသေးချေ။

သည်တစ်ကြိမ်သည် ပြီးခဲ့သည့်တစ်ကြိမ်နှင့် မတူပေ။ ဆုံးဖြတ်ချက်မချခင် ကဏ္ဍတိုင်းကို ထည့်သွင်းစဥ်းစားဖို့လိုအပ်သည်။

သည်လမ်းမှ ထွက်လာပြီးနောက် သူတို့က ကုန်စိမ်းစျေးဘက်သို့ တန်းလာခဲ့လိုက်သည်။

ဆောင်းတွင်းတွင် ကုန်စိမ်းစျေးသည် သိသိသာသာနှင့် တော်တော်လေး လူရှင်းနေသည်။ ရောင်းချသည့်အသားများက ကောင်းသည်။ ဝက်သား၊ သိုးသား နှင့် တခြားအသားများလည်းရှိသည်။ သို့သော် လတ်ဆတ်သည့် အသီးအရွက်များကတော့ မုန်လာထုပ်၊ အာလူးနှင့် မုန်လာဥဖြူတို့သာ ရှိလေသည်။ အရင်က ရောင်းနေသည့် ကြာစွယ်နှင့် ဝဥများပင် မရှိတော့ပေ။

“လတ်လတ်ဆတ်ဆတ် ကကတစ်ငါးတစ်ကောင်တောင် မရှိဘူး”

ငါးဆိုင်သို့ရောက်လာချိနတွင် အဘိုးကြီးဝူက တဖန် ညည်းညူပြန်သည်။

လမ်းတစ်လျှောက်တွင် သူက လုံးဝမနားချေ။ သည်နေရာမကောင်း ဟိုနေရာမကောင်းဟု သာပြောနေလေသည်။

ကျန်းယွင်ကျူက သူ့ကို လှည့်ကြည့်လိုက်၏။ တကယ်ပဲ သူ ဘာပြောဖို့ ကြိုးစားနေတာလဲ။

အဘိုးကြီးဝူက ကျန်းယွင်ကျူးနား ကပ်သွားလိုက်ပြီး

“ ကျန်းတုန်းက ငါးသလောက်ကို သိလား၊ ပါးစပ်ထဲမှာပဲ အရည်ပျော်သွားတာ၊ ပြီးတော့ စုန်းကျန်းက ငါးပြေမရောပဲ၊ တလာကလုံးမှာ အလတ်ဆတ်ဆုံးပဲ၊ အားဟိုင်ကန်က ထရောက်ငါးတို့၊ လျန်ဟွမ်ရေကန်က တရုတ်ငါးတို့ဆိုရင် ပြောနေစရာတောင်မလိုဘူး.... ကျွတ် ကျွန် မင်းက ချက်ပြုတ်ရတာ အဲလောက်သဘောကျတာ မင်းလက်တွေနဲ့ အဲဒီလိုငါးတွေကို မကိုင်ချင်ဘူးလား”

ကျန်းယွင်ကျူးသည် ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် သွားရည်ယိုသွားတော့သည်။ သူပြောသည့် ငါးအားလုံးသည် လောကတွင် အရသာအရှိဆုံးငါးများဖြစ်လေသည်။

သူမက စိတ်ဝင်စားသွားသည်ကို တွေ့လိုက်ရသဖြင့် အဘိုးကြီးဝူက ဆက်ပြောလိုက်သည်။

“ ဒီစီရင်စုမြို့လေးက ကြီးတယ်ဆိုရုံလောက်ပါပဲ၊ မင်းရဲ့အရည်အချင်းတွေ အလကားဖြစ်တယ်၊ ငါ့နောက် လိုက်ခဲ့ပါလား၊ လောကကြီးကို ပတ်ပြီး ခရီးထွက်ရအောင်....”

အဘိုးကြီးဝူသည် ထိုသို့ပြောရင်း ပျော်ရွှင်ခြင်းအတိဖြင့် သူ့မျက်လုံးများကို ကျုံ့ထားလိုက်တော့သည်။

ကျန်းယွင်ကျူးက သူ့ကို ဆရာလို့ သတ်မှတ်လိုက်တယ်။ ပြီးရင် ဆရာတပည့်နှစ်ယောက် နာမည်ကြီး တောင်တန်းတွေ မြစ်တွေရှိတဲ့နေရာကို အတူတူသွားလည်ကြမယ်။ ကျန်းတုန်းကိုသွားပြီး ငါးသလောက်ပေါင်းစားမယ်၊ မော့ပေကိုသွားပြီး မြင်းနို့သောက်မယ်၊ ချုံးကျိုးကို သွားပြီး ဂဏန်းစားမယ်၊ ဒီလိုစုတ်ချာတဲ့နေရာမှာ နေတာဖက် ပိုကောင်းတယ်မလား။

ဟုတ်ပါတယ်။ သူက ကျန်းယွင်ကျူးကို သူ့ကို ဆရာတင်ခိုင်းစေချင်သေးတယ်။ ပြီးရင် သူမကို ဒီနေရာက ခေါ်ထုတ်သွားမယ်လေ။ ဒါမှ သူမလည်း မနစ်နာမှာပေါ့။

အခိုက်တန့်တွင် ကျန်းယွင်ကျူးသည် အဘိုးကြီးဝူနှင့်အတူ အမှန်ပင်လိုက်သွားချင်ခဲ့သည်မှာ မငြင်းနိုင်ပါ။ လူများသည် ပတ်ဝန်းကျင်တစ်ခုတည်းထဲတွင် အချိန်အကြာကြီးနေလျှင် အနည်းငယ် စိတ်ရှုပ်စရာ ကောင်းလာလိမ့်မည်။ ထို့အပြင် သူမတွင်လည်း ချက်ပြုတ်စားချင်သည့် ဟင်းပွဲများစွာ ရှိသေးသည်။

သို့သော် ခဏလောက် တွေဝေသွားပြီးနောက် သူမက ခေါင်းခါလိုက်တော့သည်။

“အဘိုး ကျွန်မ နောက်ပိုင်း အခွင့်အရေးရမှပဲ သွားပါတော့မယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”

သူမရဲ့လုပ်ငန်းက အခုမှစတာလေ။

“နောက်မှ ဟုတ်လား၊ ဘာလို့နောက်မှလဲ၊ ဘဝမှာ နောက်မှဆိုတာ ဘယ်နှစ်ခုရှိလို့လဲ၊ မင်းက ငွေအကြောင်း စိတ်ပူနေတာလား”

အဘိုးဝူက ပြောလိုက်ပြီး ဘေးဘီကို ကြည့်လိုက်လေသည်။ သူ့ဆေးပညာအရည်အချင်းနှင့်ဆိုလျှင် သူသာ လူနည်းနည်းပါးပါးလောက် ကုသပေးလိုက်လျှင် ငွေကရောက်လာလိမ့်မည်။

ကျန်းယွင်ကျူးက သူ့ကို မြန်မြန်တားလိုက်ပြီး

“ အဘိုး၊ သမီးက တည်ငြိမ်တဲ့ပိုင်ဆိုင်မှုတစ်ခု ရှိချင်တာလေ၊ ဒါမှ သမီး ဘယ်ကိုသွားသွား၊ ဘာပဲဖြစ်နေနေ ငွေအတွက် စိတ်ပူစရာ မလိုတော့မှာပေါ့။

ပြီးတော့ သမီးမှာ မိသားစု ရှိသေးတယ်၊ လောကတခွင်ကို ခရီးသွားတာ ကောင်းပါတယ်၊ ဒါပေမဲ့ သမီး ပင်ပန်းတဲ့အချိန်ဆိုတာ ရှိလာမှာပဲ၊ အဲဒီအခါကျရင် အချိန်မရွေး ပြန်လာလို့ရတဲ့ နေရာတစ်ခုရှိတယ်လို့ သိနေတာက ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်သလဲ”

ကျန်းယွင်ကျူးက တခြားအကြောင်းများ မပြောခင် စားသောက်ဆိုင်တစ်ခုတော့ စတင် တည်ထောင်ချင်ခဲ့သေးသည်။ အဓိကအားဖြင့် သူမသည် ဆေးပညာလေ့လာရန် အဘိုးကြီး၏ ဖိအားပေးခြင်းကို မခံလိုပေ။

အိမ်။ အဘိုးကြီးဝူသည် တိတ်ဆိတ်သွားတော့သည်။ သူ့မှာလည်း အိမ်တစ်လုံး၊ သိမ်မွေ့တဲ့ ဇနီးတစ်ယောက် ပြီးတော့ သမီးချောလေးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူ့သမီး အသက်ဆယ်နှစ်အရွယ်မှာ ထူးဆန်းတဲ့ရောဂါတစ်ခုကြောင့် ဖျားနာခဲ့တယ်။ သူ့ရှိသမျှ အားအင်နဲ့ လက်ပမ်းကျတဲ့အထိ ကြိုးစားခဲ့ပေမဲ့ သမီးကို မကယ်ပေးနိုင်ခဲ့ဘူး။

နောက်ပိုင်းကျတော့ သူ့မိန်းမလည်း သူ့ကို ထားသွားခဲ့တယ်။ အဲကတည်းက သူ ဘယ်တော့မှ အိမ် မပြန်တော့ဘူး။ သူ့မှာ အိမ်ဆိုတာ ပျောက်ဆုံးသွားခဲ့ပြီ။

သူ၏အထီးကျန်သည့် အကြည့်ကို ကြည့်ရင်း ကျန်းယွင်ကျူးသည် စကားမှားသွားသည်ကို ခံစားလိုက်ရသဖြင့် မြန်မြန် ထပ်ဖြည့်ပြောလိုက်လေသည်။

“အဘိုး သဘောမကျတာမျိုး မရှိရင် သမီးအိမ်မှာ အမြဲတမ်း နေလို့ရပါတယ်၊ ပျင်းတဲ့အခါ အပြင်ထွက် လမ်းလျှောက်ပေါ့၊ သမီးလုပ်တဲ့ အစားအသောက်တွေ စားချင်လာရင် ပြန်လာခဲ့လေ”

အဘိုးကြီးဝူက သူမကို ကြည့်လိုက်ပြီး

“မင်းက ဒီအဘိုးကြီးကို အထင်မသေးဘူးလား”

ကျန်းယွင်ကျူးက ပြုံးလိုက်၏။ အဘိုးကြီးက သူ့အတွက် အကောင်းဆုံးစဥ်းစားပေးနေမှန်း ခံစားမိလေသည်။ ထို့အပြင်

“ နောက်ပိုင်းကျရင် သမီးက အဘိုးကြီးဝူနဲ့ ခရီးသွားဖြစ်ရင်လည်း သွားဖြစ်မှာပေါ့”

ထိုအခါမှ အဘိုးကြီးဝူက ပြုံးတော့သည်။ သူက ကျန်းယွင်ကျူးကို နေ့လယ်စာ ဘာချက်မည့်အကြောင်းမေးလိုက်၏။

ကုန်စိမ်းများကို ဝယ်လိုက်ပြီးနောက် သူတို့သည် လားလှည်းပေါ်သို့ တက်ကာ အိမ်ပြန်လာခဲ့ကြသည်။

စီရင်စုရှိ အကြီးမားဆုံး စားသောက်ဆိုင်ထဲတွင် ရှောင်းချီစုန့်က စားသောက်ဆိုင် ဒုတိယထပ်တွင် ရပ်နေပြီး ပျင်းပျင်းနှင့် အောက်သို့ငုံ့ကြည့်လိုက်လေသည်။ ဝူလင်စီရင်စုကို ရောက်ကတည်းက သူသည် မိုင်းတွင်းသို့ တစ်ကြိမ်သာ ရောက်ခဲ့လေသည်။ နောက်ပိုင်းတွင် နေရာက တောကျလွန်းသည်ဟု အထင်သေးခဲ့သည်။ ထို့ကြောင့် သူက စီရင်စုမြို့သို့ ပြောင်းနေလိုက်လေသည်။

သို့သော် သူ့မျက်လုံးထဲတွင်တော့ သည်စီရင်စုမြို့က မြို့တော်နှင့် တခြားစီပင်။

သူသည် အဖေဖြစ်သူကို အပြစ်မတင်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။ အဖေကလည်း သူ့ကို ရုတ်တရက်ကြီး ဘာလို့ အဲလောက်တောကျတဲ့နေရာကို လွှတ်လိုက်တာလဲ။

ထိုအချိန်တွင် လားလှည်းတစ်စီးက လှိမ့်သွားခဲ့သည်။ မိန်းမလှလေးတစ်ယောက်ကို မြင်လိုက်ရသည် ထင်သည်။ သို့သော် သူတို့သည် ဖြတ်သွားသည့်လှည်းတစ်စီးကြောင့် ရပ်လိုက်ရဟန်တူသည်။

ရှောင်းချီစုန့်က သူ့ခန္ဓာကိုယ်ကို ဘယ်ညာ လှုပ်ရှားလိုက်ပြီး လှည်းကို ရှောင်ကာ လားလှည်းထဲက လူကို ကြိုးစား ကြည့်လိုက်လေသည်။

သည်အချိန်တွင် လှည်းခန်းဆီးက မြောက်တက်သွားပြီး မှင်တက်အံ့ဩဖွယ်မိန်းမလှလေးတစ်ယောက် ထွက်လာလေသည်။

ရှောင်းချီစုန့်သည် အူကြောင်ကြောင်း ငေးကြည့်နေမိသည်။

လှည်းနှင့် လားလှည်းတို့က ဖြတ်သွားကြ၏။ လားလှည်းကာ ဘေးလမ်းတစ်ခုထဲ ချိုးသွားပြီး လှည်းကတော့ အရှိန်မြင့်သွားလေသည်။

“မြန်မြန် ၊ အဲဒီလှည်း”

ရှောင်းချီစုန့်က လှည်းကို လက်ညှိုးထိုးပြပြီး အော်ဟစ်တော့သည်။ သူ့ဘေးက အစေခံများအားလုံးက သည်လိုကိစ္စများနှင့် ကျင့်သားရနေပြီးဖြစ်ရာ အောက်ထပ်သို့ ချက်ချင်းပြေးဆင်းသွားပြီး လှည်းနောက်လိုက်ကြတော့သည်။

လမ်းတစ်ဖက်တွင် ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်လေသည်။ သူမ လှည်းကို တနေရာရာမှာ တွေ့ခဲ့ဖူးသလိုပဲ။

သူမသည် ချက်ချင်းမမှတ်ဘဲ လှည်းထဲတွင်သာ ထိုင်နေလိုက်ကာ ဆက်သွားလိုက်တော့သည်။

သည်အချိန်တွင် လမ်း၏တခြားဘက်မှ နောက်ထပ်လူ ထွက်လာလေသည်။ ရှန်ဖုန်းမင်နှင့် ယန်ရှန့်တို့ပင်။ သူတို့သည် ဝေ့ခမ်းဖျင်၏ရုပ်အလောင်းကို ရှာတွေ့ခဲ့ပြီးဖြစ်သည်။ ကျန်းယွင်ကျူး၏ အမှုကို ပိတ်သိမ်းနိုင်ပြီ။

သို့သော် ဝေ့ခမ်းဖျင်ကို မည်သူသ-တ်သွားပါသနည်း။

ပြီးခဲ့သည့်နှစ်ရက်က ချီလင်သက်တော်စောင့်များသည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဝူလင်စီရင်စုတွင် ဖြစ်သွားသည့် အမှုအားလုံးကို စုစည်းခဲ့လေသည်။ အခုတော့ သူတို့သည် လီချွန်းကို စစ်မေးရတော့မည်။

အချိန်ကိုက်တွင် သူတို့သည် ထိုဘက်အခြမ်းက စားသောက်ဆောင်၏အခန်းထဲမှ ရှောင်းချီစုန့် လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။

“ သူက ဘာလို့ ဝူလင်စီရင်စုကို လာခဲ့တာလဲ”

ယန်ရှန့်သည် ရှောင်းချီစုန့်ကို သိပါသည်။ ထိုအကြောင်း ပြောရမည်ဆိုလျှင် သူသည် ချီလင်သက်တော်စောင့်ဌာနထဲက ခေါင်းနှင့်ကိုယ်မကွဲဘဲ ထွက်လာနိုင်သည့် မရှိသလောက် လူနည်းစုထဲက တစ်ယောက်ဖြစ်သည်။ နောက်ဆုံး သူ့အဖေ ဟွိုက်နန်ဝမ်(ဘုရင်)သည် နဂါးနောက် လိုက်ခဲ့သည့် အကျိုးပြုသူ ဧကရာဇ်၏ဦးရီးတော် ဖြစ်လေသည်။ ဧကရာဇ်က သူ့ကိုလွှတ်ပေးလိုက်ဖို့ အမိန့်ပေးခဲ့သည်။ ချီလင်သက်တော်စောင့်များက ထိုကိစ္စကို ဘာမှမတတ်နိုင်ခဲ့ကြပေ။

“ဟွိုက်နန်ဝမ်က သူ့ကို တိုက်ပွဲကို မလွှတ်ချင်ဘူးလေ၊ ဒါကြောင့် သူက တပ်တွင်းလုပ်ဆောင်မှု ရအောင်ဆိုပြီး မိုင်းတွင်းကို လွှတ်ဖို့ပဲ ရှိတော့တာပေါ့”

ရှန်ဖုန်းမင်က ရှောင်းချီစုန့်၏နောက်ကျောကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ဟမ့် ဟွိုင်နန်ဝမ်က ဒီအသုံးမကျတဲ့ကောင်ကို တကယ်တန်ဖိုးထားတာပဲ၊ အင်းပေါ့လေ သူက ဂရုတစိုက်နဲ့ ကာကွယ်ပေးရမှာပေါ့”

ယန်ရှန့်က မှတ်ချက်ပေးလိုက်လေသည်။

သူတို့နှစ်ယောက်က ရှောင်းချီစုန့်ကို သိပ်ပြီးဂရုမစိုက်ခဲ့ကြပေ။ နောက်ဆုံး သူသည် ဝူလင်စီရင်စုသို့ ရောက်လာသည်မှာ ရည်အနည်းငယ်သာ ရှိသေးသည်။

သည်ဘက်တွင် ကျန်းယွင်ကျူးသည် အိမ်သို့ပြန်လာခဲ့၏။ သူမသည် ရွှယ်ကျင်းကို တွေ့သွားပြီး ထိုလှည်းထဲကလူကို မှတ်မိသွားတော့သည်။ အမျိုးသမီးရွမ်ကို ကူညီပေးခဲ့ပြီး သူမအား တခြားသူကိစ္စများကို ဝင်မရှုပ်ဖို့ ပြောသွားခဲ့ မိန်းမလှပင် ဖြစ်တော့သည်။

...

All Chapters