အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အပိုင်း (၄၉) (က)
သည်အခိုက်တွင် နှင်းများ ရပ်သွားတော့သည်။ ရှန်ဖုန်းမင်က မြင်းပေါ်က ဆင်းလိုက်ပြီး
“ မိန်းကလေးကျန်း လမ်းလျှောက်ချင်လား”
အဝေးတွင် ဖြူဖွေးပြီး မဆုံးနိုင်သည့် တောင်များနှင့် မြစ်များရှိကာ အနီးနားတွင် အဖြူရောင်ခေါင်မိုးနှင့် ရွာများရှိနေသည်။ သည်အချိန်တွင် လောကကြီးက ပြောင်းလဲသွားသယောင်။ တိတ်ဆိတ်ငြိမ်သက်ပြီး လှပနေသည်။
သည်လိုလှပသည် ရှုခင်းကို တွေ့လိုက်ရပြီး ကျန်းယွင်ကျူးသည် အမှန်ပင် တစ်ချက်လောက် သွားကြည့်ချင်မိသည်။ ရှန်ဖုန်းမင်နှင့်ဆိုလျှင် အနည်းငယ်ထူးဆန်းနေခြင်းသာ။ သို့သော် သည်နေ့ သူ့အဝတ်အစားများကို ပြောင်းဝတ်ထားပြီး ဖိနှိပ်သည့်ခံစားချက် မရှိသောကြောင့် သူမက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေသည်။
လှည်းပေါ်က ဆင်းလိုက်ပြီးနောက် သူမ၏ပတ်ဝန်းကျင်တွင် လှိုင်းထနေသည့် များစွာသောတောင်များကို တွေ့လိုက်ရလေသည်။ ချက်ချင်းဆိုသလို သူမသည် တောင်ပေါ်တက်ပြီး နှင်းလွှမ်းနေသည့်ရှုခင်းကို ကြည့်ချင်သွားတော့သည်။ ထို့ကြောင့် သူမက ရှန်ဖုန်းမင်ကို စူးစမ်းသလို ကြည့်လိုက်၏။
“မိန်းကလေးကျန်း လုပ်ချင်တာ လုပ်လို့ရပါတယ်”
ရှန်ဖုန်းမင်က ပြောလိုက်သည်။
ကျန်းယွင်ကျူးက တော်တော်လေးနိမ့်သည့်တောင်တစ်လုံးကို ရွေးလိုက်ပြီး တောင်ပေါ်သို့ လမ်းလျှောက်တက်သွားလိုက်သည်။
ရှန်ဖုန်းမင်က သူမဘေးတွင် ပါလာ၏။ နှစ်ယောက်သားက အချင်းချင်းကြားတွင် နီးလည်းမနီးသလို ဝေးလည်းမနေချေ။
ကျန်းယွင်ကျူးက ပတ်ဝန်းကျင်ကို ကြည့်ရင်း လမ်းလျှောက်လာလေသည်။ တောင်ထိပ်အရောက်တွင် သူမသည် ဘေးနှစ်ဘက်က မြင့်မားသည့်တောင်များ ဝန်းရံထားသည့် ရေကန်တစ်ခုနှင့်တူနေသည့် ချန်ရှီရွာကို တွေ့လိုက်ရတော့သည်။ တောင်ပေါ်လမ်းလေးက တစ်ဖက်က ဝင်လာပြီး တစ်ဖက်က ပြန်ထွက်လာသည်။ ထွက်လာသည့်လမ်းလေးက ဝင်လာသည့်လမ်းလေးထက် အနည်းငယ် နိမ့်နေသည်။ ရေစီးနေသလိုပင်။
“မိန်းကလေးကျန်း ဘာတွေ စဥ်းစားနေတာလဲ”
သူမ အတွေးထဲနစ်နေသည်ကို တွေ့လိုက်ရသဖြင့် ရှန်ဖုန်းမင်က မေးလိုက်လေသည်။
ကျန်းယွင်ကျူးက ချန်ရှီရွာလမ်းလေးကို ညွှန်ပြလိုက်ပြီး
“ ကျွန်မ စဥ်းစားနေတာ၊ လွန်ခဲ့တဲ့ နှစ်သန်းရာချီလောက်တုန်းက ဒီနေရာက တစ်ချိန်က ကျယ်ပြောတဲ့သမုဒ္ဒရာတစ်ခု ဖြစ်နေမလားလို့လေ”
ရှန်ဖုန်းမင်သည် သူမက ဤမျှဝေးကွာသည့် ကာလတစ်ခုကို စဥ်းစားခဲ့လိမ့်မည်ဟု ထင်မထားခဲ့ချေ။ သို့သော် ‘ တစ်ချိန်က ပင်လယ်ဖြစ်ခဲ့ဖူးတဲ့အရာက အခုအချိန်မှာ ပိုးစာခင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ၊ လောကကြီးက တစ်ချိန်လုံးပြောင်းလဲနေတယ်’ ဆိုသည်က အမှန်ပင်။ သူသည် ရုတ်တရက် ရပ်လိုက်ပြီး အဝေးက လှပသည့်ရှုခင်းကို ကြည့်ကာ အတွေးများသွားတော့သည်။
သူ ဘာကိုစဥ်းစားနေမှန်းတော့ ကျန်းယွင်ကျူး မသိပေ။ သူမ၏စိတ်ကလည်း ပင်လယ်တစ်ခုဖြစ်မလား၊ မြစ်တစ်စင်းဖြစ်မလား၊ ဘာငါးတွေများ ရှိနေလိမ့်မလဲဟု စဥ်းစားမိနေလေသည်။
ရုတ်တရက် အဝေးတစ်နေရာက တစ်ခုခုလှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။
“ယုန်ပဲ”
သူမက ဝမ်းသာစွာ ပြောလိုက်၏။ မီးခိုးရောင် တောယုန်တစ်ကောင်ဖြစ်ပြီး အလွန်မှသန်စွမ်းပုံရသည်။
ရှန်ဖုန်းမင်သည် သူ့ဘေးက ကျောက်ဆောင်ကြီးပေါ်က ကျောက်စတချို့ကို သတိထားမိသွားပြီး တစ်လုံးကို ကောက်လိုက်ကာ တောယုန်ရှိရာဖက်သို့ ပစ်လိုက်လေသည်။
၁၀မီတာအကွာခန့်တွင် တောယုန်သည် မြေကြီးပေါ် လဲကျသွားတော့သည်။
သည်နေ့ရာတွင် တောင်များစွာရှိလေသည်။ တောယုန်များက မကြာခဏဆိုသလို လာရောက်တတ်သည်။ ကျန်းယွင်ကျူးသည် အရင်က တွေ့ခဲ့ဖူးသော်လည်း ယုန်မှာ အပြေးမြန်လွန်းသဖြင့် လုံး ဝဖမ်းမမိလေရာ မမြင်သလိုသာ ဟန်ဆောင်ခဲ့ရသည်။
မျှော်လင့်မထားဘဲ ရှန်ဖုန်းမင်က ကျောက်ခဲလေးတစ်လုံးနှင့် ဖမ်းနိုင်ခဲ့သည်။
သူမက အလွန်ပျော်သွားပြီး ထိုနေရာသို့ မြန်မြန်ပြေးသွားလိုက်၏။
နီးကပ်လာချိန်တွင် .... ယုန်၏ဦးခေါင်းက ကွဲနေသည်ကို တွေ့လိုက်ရတော့သည်။ သေဆုံးမှုက အမှန်ပင် သနားစရာကောင်းလှသည်။
အနည်းဆုံးတော့ သူ မခံစားခဲ့ရပါဘူးလေ။ ကျန်းယွင်ကျူးက သူမကိုယ်သူမ ဤသို့သာ နှစ်သိမ့်နိုင်တော့သည်။
သူမ၏အမူအရာကို ကြည့်လိုက်ပြီး ရှန်ဖုန်းမင်သည် သူမက ညစ်ပတ်သွားမှာ စိုးရိမ်နေသည်ဟု ထင်လိုက်လေသည်။ ထို့ကြောင့် သူက ယုန်ကို ကောက်ယူရန်လက်လှမ်းလိုက်တော့သည်။
သူသည် အစွန်းထင်းကင်းသည့် အဖြူရောင်သားမွေးဝတ်စုံကို ဝတ်ထားသည်။ ထိုအရာကို မြင်လိုက်ပြီး ကျန်းယွင်ကျူးက မြန်မြန်ပြောလိုက်၏။
“ ကျွန်မလုပ်ပါ့မယ်”
သွေးများက သူ့ကိုအင်္ကျီကိုစွန်းသွားပြီး မြင်မကောင်းဖြစ်သွားမှာ စိုးမိသည်။
“ကျွန်တော်လုပ်ပါ့မယ်”
ရှန်ဖုန်းမင်က ပြောလိုက်သည်။ သူသည် ကျန်းယွင်ကျူး၏လက်ကို သွေးများ မစွန်းစေချင်ပေ။
နှစ်ယောက်လုံးက သူတို့ လုပ်ကိုလုပ်ရမည့် အတွေးကိုယ်စီ ရှိနေကြသည်။ နောက်ဆုံးတွင် ရှန်ဖုန်းမင်က ခြေတစ်လှမ်း အမြန်လှမ်းလိုက်ပြီး ကုပ်မှနေ၍ ယုန်ကို လှမ်းကိုင်လိုက်တော့သည်။ ကျန်းယွင်ကျူးက နောက်ကျသွားပြီး သူ့လက်ကို သွားကိုင်မိတော့သည်။
သူ့လက်မနှင့် လက်ညှိုးကြားနေရာတွင် အသားမာပါးပါးလေး တက်နေသည်။ သို့သော် သူ့လက်ခုံကတော့ ဖြူပြီးနူးညံ့သော်လည်း နေလောင်ဒဏ်ခံထားရသည်။
ကျန်းယွင်ကျူး : ... သူ ဒါကို တမင်လုပ်တာ မဟုတ်ပါဘူးလို့ ပြောချင်လိုက်တာ။ သူက ယုံပါ့မလား။
သူမက ရှက်ရှက်နှင့်လက်ကို ပြန်ရုတ်သိမ်းလိုက်တော့သည်။
ရှန်ဖုန်းမင်က ယုန်ကို ကိုင်ထားပြီး သူမကို ကြည့်လိုက်လေသည်။
သူ့မျက်လုံးများက မည်းနက်နေ၏။ သူ့မျက်လုံးအစွန်းတွင် အနီရောင်ဖြင့်စွန်းနေလေသည်။
မျက်ထောင့်နီနှင့် အဖြူရောင်သားမွေးတို့ကြောင့် ကျန်းယွင်ကျူးသည် ထိုအခိုက်တွင် သူသည် တစ်ကိုယ်တည်း စွဲမက်ဖွယ် ဖြစ်နေသည်ဟု ခံစားလိုက်ရတော့သည်။
သွေးက တစ်စက်စက်ကျနေ၏။ ရှန်ဖုန်းမင်က ပြောလိုက်သည်။
“ ကျွန်တော် လုပ်လိုက်ပါ့မယ်၊ မင်းရဲ့လက်တွေ ညစ်ပတ်သွားလိမ့်မယ်”
ဒါဆိုလည်း ဟုတ်ပါပြီလေ။ ကျန်းယွင်ကျူးက မငြင်းတော့ပေ။
“ မင်း နည်းနည်းလောက်ထပ်ပြီး အမဲလိုက်ချင်သေးလား”
ရှန်ဖုန်းမင်က မေးလိုက်၏။
ကျန်ယွင်ကျူးသည် သူ့မေးခွန်းက အဆင်ပြေသည်ဟု ခံစားမိလိုက်သည်။ သူ အဆင်ပြေတယ်ဆိုသ၍ပေါ့လေ။
ဒီလိုဆိုတော့ ဒီနေ့ တောင်ပေါ်က တိရိစ္ဆာန်တွေတော့ ဒုက္ခနဲ့တွေ့ပြီပေါ့။ အချိန်တိုအတွင်းတွင် ရှန်ဖုန်းမင်သည် သူ့လက်ထဲတွင် တောယုန်နှစ်ကောင် နှင့်ရစ်ငှက်နှစ်ကောင် ကိုင်ထားလေသည်။
“ ညနေစာအတွက် ဟင်းပွဲအပိုရပြီ၊ ယုန်သားကို ကင်ပြီး ကြက်သားအိုးကြီးချက်ရအောင်”
ကျန်းယွင်ကျူးက ရယ်မောလိုက်သည်။
“ကောင်းပြီ”
ရှန်ဖုန်းမင်က သဘောတူလိုက်၏။
သူတို့နှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့် လျှောက်ကာ ပြန်လာခဲ့ကြသည်။ အနောက်ဘက်က နေက တိမ်များကို ထိုးဖောက်ပြီး ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။ အလင်းရောင်က ကျယ်ပြောလှသည့် နှင်းဖုံးနေသည့်ရှုခင်းနှင့် လိုက်ဖက်နေသည်။ ရှုမြင်ရသည်မှာ အလွန်မှ လှပနေတော့သည်။
ကျန်းချိန်က အိမ်ပြန်ရောက်လာပြီး သည်နေ့ဖြစ်ပျက်သမျှအကြောင်းကို အမျိုးသမီးချန်အား ပြောပြလိုက်လေသည်။
အမျိုးသမီးချန်က ပြင်းစွာ သက်ပြင်းချလိုက်၏။
ညပိုင်းတွင် လင်မယားနှစ်ယောက်က အိပ်ဖို့ရန် လဲလျောင်းလိုက်ကြသည်။ အခန်းက တိတ်ဆိတ်နေသည်။ ကျန်းချိန်က ရုတ်တရက်ထပြောလိုက်၏။
“ ငါ ဒီရက်ပိုင်း ငွေတချို့ရှာနိုင်ခဲ့တယ်၊ ပြီးတော့ ယွင်ကျူးပြောတဲ့ နည်းလမ်းကို သုံးနေတာ၊ ထင်ထားတဲ့အတိုင်း လူအများကြီးက ကြိုပေးကြတယ်၊ ပေါင်းလိုက်ရင်း ၃လျန်လောက်ရှိတယ်”
အမျိုးသမီးချန်သည် သူနှင့် နှစ်ပေါင်းများစွာ ပေါင်းလာသူဖြစ်လေသည်။ ထို့ကြောင့် သူဘာကို စဥ်းစားနေမှန်း သူမက အလိုလိုသိလိုက်သည်။ အမှန်တွင်တော့ သူမလည်း ထိုသို့တွေးလေသည်။ ပြီးခဲ့သည့် အခေါက်က အာမခံဌာနခေါင်းဆောင်လီက သူတို့အား လားကို စျေးချိုချိုနဲ့ ရောင်းပေးခဲ့ပြီး တောင်းပန်သည့်သဘောဟု ဆိုခဲ့သည်။ သူတို့နှစ်ယောက်က အခုထိ အားနာနေမိလေသည်။ တစ်ဖက်လူကလည်း ရည်ရွယ်ချက်နှင့် လုပ်ခဲ့ခြင်းမဟုတ်ပေ။
အခုတော့ မိသားစုထဲက ကလေးက အသည်းအသန်နေမကောင်းဖြစ်နေပြီး ငွေလိုသည့် အချိန်ဖြစ်သည်။ သူတို့သည် လားကို အသုံးပြုဖို့ ပိုလို့ပင် စိတ်မကောင်းနိုင် ခံစားမိတော့သည်။
လူသားတစ်ယောက်အနေနဲ့ ဘာမဆိုဆုံးရှုံးလို့ရပေမဲ့ သူတို့ရဲ့ဆင်ခြင်ဉာဏ်ကိုတော့ ဆုံးရှုံးလိုက်လို့ မဖြစ်လေဘူး။ ဘာမဆိုအကြွေးတင်လို့ရပေမဲ့ ကျေးဇူးကြွေးကိုတော့ မတင်မခံသင့်လေဘူး။ မဟုတ်ရင် သူတို့လို ဖြစ်နေလိမ့်မယ်။၊ အမြဲတမ်း အဲဒီအကြောင်းကိုပဲ စဥ်းစားမိနေတယ်လေ။
“ကျွန်မမှာ ၁လျန်ရှိသေးတယ်၊ ရှင်း ၃လျန်ရယ် စောစောကပေးထားတဲ့ ၉လျန်နဲ့ပေါင်းလိုက်ရင်တော့ ဒီလားဖိုးနီးပါး ရှိလိမ့်မယ်” အမျိုးသမီးချန်က ပြောလိုက်သည်။
ကျန်းချိန်သည် အမျိုးသမီးချန်က သဘောတူလိုက်ကြောင်း နားလည်လိုက်လေသည်။ ထို့ကြောင့် သူက သူမလက်ကို လှမ်းကိုင်လိုက်၏။
နောက်တစ်နေ့တွင် ကျန်းချိန်သည် အာမခံဌာနခေါင်းဆောင်လီဆီ သွားပြီး လားဖိုးကျန်သည့်ငွေကို ပေးမည့်အကြောင်း ကျန်းယွင်ကျူးကို ပြောပြလိုက်လေသည်။ သူ့ငွေသည် သူကိုယ်ပိုင် ရှာထားခဲ့သည် ဖြစ်သော်လည်း ငွေအရင်းအနှီးက ကျန်းယွင်ကျူး ထုတ်ပေးခဲ့ခြင်းပင်။ သူသည် သည်ကိစ္စကို သူမနှင့် တိုင်ပင်ဖို့ရန် လိုအပ်လေသည်။
ကျန်းယွင်ကျူးက လက်ခံလိုက်သည်။ သို့သော် ငွေ၄လျန်လောက်က အာမခံဌာနခေါင်းဆောင်လီအတွက်တော့ လိုအပ်မည်မဟုတ်ပေ။
“ အဖေ သမီးလိုက်ခဲ့မယ်၊ နေ့လယ်အတွက် ချက်ပြုတ်ဖို့ စျေးထဲမှာ ဘာရှိမလဲ သိရအောင်”
ဟုတ်ပါသည်။ ကျန်းယွင်ကျူးက နောက်ဆုံးစကားကို အဘိုးကြီးဝူ ကြားအောင် ပြောလိုက်ခြင်း ဖြစ်ကြောင်း ဝန်ခံရမည်။
သူမသည် ကြိုးများကို ဆက်ဖို့ ကြိုးစားပေးလိုက်ခြင်းပင်။ နောက်ဆုံးရလဒ်ကတော့ ကံတရားကိုလက်ခံထားရမည်။
သေချာပါသည်။ အဘိုးကြီးဝူသည် အစားအသောက်ကို ထုတ်ပြောသံကြားလိုက်ရချိန်တွင် ချက်ချင်း စိတ်ဝင်စားသွားတော့သည်။ အထူးသဖြင့် မနေ့က ငါးကင်အကြောင်း စဥ်းစားမိလိုက်လေသည်။
ထို့ကြောင့် သုံးယောက်သားက လှည်းပေါ်တက်သွားပြီး စီရင်စုမြို့သို့ ထွက်ခွာသွားလိုက်တော့သည်။
မနေ့က နှင်းကျထားသဖြင့် မြေကြီးက အနည်းငယ်ချော်နေသည်။ ကျန်းချန်က ဂရုတစိုက် မောင်းလာပြီးနောက် ဘာအန္တရာယ်မှမဖြစ်ဘဲ နောက်ဆုံးတော့ စီရင်စုမြို့သို့ ရောက်လာခဲ့သည်။
သူတို့က ဖုန်းယွမ်အာမခံဌာန တည်နေရာကို စုံစမ်းလိုက်ကြသည်။
ဖုန်းယွင်အာမခံဌာနသည် စီရင်စုတွင် နာမည်ကျော်ကြားသည်။ ပတ်ဝန်းကျင်ကို သည်အတိုင်း မေးလိုက်ရုံနှင့် သူတို့သုံးယောက်သည် နေရာကို ရှာတွေ့သွားတော့သည်။
စီရင်စုမြို့၏ အစည်ကားဆုံးလမ်းပေါ်တွင် အလွန်ကျယ်ဝန်းသည့်ခြံဝင်းတစ်ခုရှိပြီး အထဲတွင် လှည်းများနှင့်လူများက ဝင်ထွက်သွားလာနေကြသည်။ တော်တော်လေးကို စည်ကားလှသည်။ ခြံဝင်းတံခါးပေါ်တွင် ‘ဖုန်းယွမ်အာမခံဌာန’ ဟူသည့် စာလုံးရေးထားသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။
သည်ခေတ်တွင် လူဦးရေ အများကြီးမရှိပေ။ စီရင်စုပြည်နယ်ကလွဲလျှင် သာမန်ပြည်သူများနေကြသည့် မြို့နယ်နှင့်ရွာများတွင် အကြမ်းဖက်မှုများစွာရှိကြသည်။ တောပုန်းဓားပြများကလည်း မကြာခဏဆိုလို ပတ်ဝန်းကျင်တွင် ခြောက်လန့်တတ်ကြသည်။ စီးပွားရေးလုပ်ချင်သည့် ကုန်သည်များနှင့်၊ ကုန်ပစ္စည်းပို့ချင်သည့် ကုန်သည်များက လုံခြုံရေးအတွက် အစောင့်များကို ငှားရမ်းကြသည်။
ဝူလင်စီရင်စုတွင် နာမည်ကြီးအာမခံဌာနမှာ ဖုန်းယွင်အာမခံဌာနဖြစ်လေသည်။ ထို့ကြောင့် သူတို့၏လုပ်ငန်းသည် အလွန်မှကောင်းမွန်လေသည်။
ဖုန်းယွမ်အာမခံဌာနက တကယ်ထူးခြားတာပဲ။ အဲဒီအရပ်မြင့်မြင့် ထွားကြိုင်းကြတဲ့ အစောင့်တွေကို ကြည့်ပါအုံး။ အားလုံးက ကြွက်သားအပြည့်နဲ့ သူတို့ရဲ့မျက်လုံးတွေက တောက်ပနေတာပဲ။ သူတို့တွေက ရှင်းမပြတတ်တဲ့လုံခြုံတဲ့ခံစားချက်တစ်ခုကို ပေးနေတာကိုး။
“မိန်းကလေး ဒီကို ဘာလို့ရောက်လာတာလဲ”
လူထွားကြီးတစ်ယောက်က ပစ္စည်းများကို မြန်မြန်ချရင် လူများကို အော်ဟစ်နေလေသည်။ သူသည် ကျန်းယွင်ကျူးနှင့် ကျန်းချိန်တို့ကို ရုတ်တရက်တွေ့လိုက်ရသောအခါ ချက်ချင်း ရောက်လာခဲ့သည်။ သူသည် ပြီးခဲ့သည့်တစ်ခေါက်က လီယန် ငွေညှစ်ခံရပုံကို ကျန်းယွင်ကျူးအား ပြောခဲ့သည့်တစ်ယောက် ဖြစ်လေသည်။ သူက ကျန်းယွင်ကျူးကို မှတ်မိနေသေးသည်။
ကျန်းချိန်က သူ့လာရင်း ကိစ္စကို ချက်ချင်းရှင်းပြလိုက်၏။
ထိုလူထွားကြီးက ဆုံးဖြတ်ချက် မချနိုင်သဖြင့် အာမခံဌာနခေါင်းဆောင်လီကို မြန်မြန် သွားရှာလိုက်တော့သည်။
ထိုအချိန်တွင် အာမခံဌာနခေါင်းဆောင်လီက အနောက်ဘက်ခြံဝင်းထဲတွင်ရှိနေသည်။ လီယန်သည် မနေ့က နှစ်ခါလောက်သွားအန်ခဲ့ပြီး သတိလစ်နေခဲ့သည်။ မိသားစုတစ်ခုလုံးသည် အိုးပူပေါ်က ပုရွက်ဆိတ်များလို စိုးရိမ်နေကြတော့သည်။ သည်အချိန်တွင် သူတို့အားလုံးက အနောက်ဘက်ခြံကို စောင့်ကြည့်နေကြလေသည်။
ကျန်းချိန်၏ လာရင်းကိစ္စကို ကြားလိုက်ချိန်တွင် သူက လားကို ၉လျန်နှင့် ရောင်းပြီးသားဖြစ်ရာ ဘာမှပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြန်ပြောခိုင်းလိုက်ချင်သည်။
ထို့နောက်မှ သူတို့သည် အဝေးကြီးက လာခဲ့ရသဖြင့် မကောင်းတတ်မှန်း ခံစားမိလိုက်သည်။
ထို့ကြောင့် သူက လူထွားကြီးကို ကျန်းချိန်တို့သုံးယောက်အား အရှေ့ဘက်ခြံက ဧည့်ခန်းသို့ ဖိတ်ခိုင်းလိုက်တော့သည်။
ကျန်းချိန်တို့သုံးယောက်က အရှေ့ဖက်ခြံတွင် ပတ်လျှောက်လာပြီး တော်တော်လေး ဆိတ်ငြိမ်သည့်အခန်းတစ်ခုသို့ ရောက်လာကြကာ ထိုနရာတွင် အာမခံဌာနခေါင်းဆောင်လီက စောင့်ဆိုင်းနေလေသည်။ သူနှင့်အတူ သူ့သားကြီးသုံးယောက်က ထိုင်နေကြသည်။
သည်သားသုံးယောက်သည် သူနှင့်ဆင်တူသည့် မျက်ခုံး မျက်လုံးများ ရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်များကပင် ဆင်တူကြသည်။ ထိုနေရာတွင်ထိုင်နေသည်က သံထည်မျှော်စင်ကြီးသုံးခုနှင့် တူနေတော့သည်။
သူတို့သုံးယောက်ကလည်း အာမခံဌာနခေါင်းဆောင်လီကဲ့သို့ပင် ညိုးငယ်နေကြသည်။
ညီငယ်လေးက ငယ်ငယ်ကတည်း အားနည်းပြီးချူုချာသဖြင့် သူတို့အားလုံးက သူ့ကို အလွန်ချစ်ကြလေသည်။
“ မြန်မြန်ထိုင်ကြပါ”
အာမခံဌာနခေါင်းဆောင်လီက ကျန်းချိန်နှင့် တခြားသူများကို နှုတ်ဆက်လိုက်၏။ သူသည် အဘိုးကြီးဝူကလည်း အမှန်ပင် မြင်လိုက်လေသည်။ သို့သော် အဘိုးကြီးဝူက သာမန်လူကြီးတစ်ယောက်နှင့် တူနေသည်။ သူ့ကို ကျန်းမိသားစုဝင်တစ်ယောက်ဟု ထင်လိုက်ပြီး စိတ်မဝင်စားမိခဲ့ချေ။
ကျန်းချိန်တို့က ထိုင်ချလိုက်၏။ လူတစ်ယောက်က လက်ဖက်ရည်များ ဧည့်ခံပေးသည်။
ကျန်းချိန်က မသောက်တော့ဘဲ သူ့လာရင်းကိစ္စကို ချက်ချင်းရှင်းပြလိုက်လေသည်။ ထို့နောက် သူက ငွေ၄လျန်ကို အာမခံဌာနခေါင်းဆောင်လီအား လှမ်းပေးလိုက်သည်။
သူ့ငွေ၄လျန်ထဲတွင် တစ်ဝက်ကျော်လောက်က ဝမ်ကြေးပြားများ ပါနေသည်။ ကျန်သည့် လျန်ငွေတချို့က သနားစဖွယ်သေးငယ်လှသည်။ ကြိုးကြိုးစားစား ရှာဖွေထားရသည့် ငွေနှင့်တူလေသည်။
သို့တိုင် သူသည် ငွေကို အာမခံဌာနခေါင်းဆောင်လီအား ပေးချင်သေးသည်။ အာမခံဌာနခေါင်းဆောင်လီက ကျန်းချိန်ကို လေးစားသွားပြီး သူထွက်လာတွေ့လိုက်သည်က ကံကောင်းသွားသည်ဟု ခံစားလိုက်ရတော့သည်။ မဟုတ်လျှင် သူသည် တခြားသူ၏ ရည်ရွယ်ချက်ကို အထင်မှားမိတော့မည်။
သူက ငွေအိတ်ကို လက်မခံလိုက်ဘဲ ချက်ချင်းပြန်ပြောလိုက်၏။
“ ကျုပ်က ၉လျန်လို့ ပြောပြီးပြီဆိုတော့ ၉လျန်ပဲ ပေါ့ဗျ”
“ ဒီငွေ၄လျန်က ခင်ဗျားအတွက် ဘာမှမဟုတ်မှန်း ကျွန်တော်သိပါတယ် ဒါပေမဲ့ ကျွန်တော်က....”
နှစ်ယောက်ထဲကတစ်ယောက်က ငွေကို ပေးချင်နေပြီး ကျန်တစ်ယောက်က မလိုချင်ပေ။ သူတို့သည် အငြင်းအခုံဖြစ်နေကြတော့သည်။
ရုတ်တရက်ဆိုသလို အမျိုးသမီးတစ်ယောက်၏ ငိုကြွေးမြည်တမ်းသံတစ်ခု ထွက်လာခဲ့သည်။
“သား”
အာမခံဌာနခေါင်းဆောင်လီနှင့် လူထွားကြီးလေးယောက်တို့၏အမူအရာကို တစ်ချိန်ထဲတွင် ပြောင်းသွားပြီး ကျန်းချိန်တို့သုံးယောက်ကို ဂရုမစိုက်နိုင်တော့ဘဲ အနောက်ဘက်သို့ ပြန်ပြေးဝင်သွားကြလေသည်။
ငွေအိတ်ကို ကိုင်ထားရင်း ကျန်းချိန်က အနည်းငယ်စိတ်ပူနေသလို အနည်းငယ်လည်း ဆွံ့အသွားတော့သည်။ ခုနက အသံကို ကြားလိုက်ရတာ လီယန်များ.... သူ တကယ်ပဲ လာတဲ့အချိန် မှားသွားခဲ့တာပဲ။
ကျန်းယွင်ကျူးက မျက်မှောင်ကျုံ့လိုက်ပြီး အနောက်ဘက်ခြံထဲကို လှမ်းကြည့်လိုက်သည်။
အခန်းထဲတွင် အလွန်တိတ်ဆိတ်နေ၏။
...
အခန်း (၄၉) (ခ)
အဘိုးကြီးဝူသည် လက်ဖက်ရည်တစ်ငုံသော က်လိုက်ပြီး ကျန်းယွင်ကျူးက ခဏတော့ ပြန်သေးမည် မဟုတ်သည်ကို သိလိုက်လေသည်။ သူက မျက်နှာကျက်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက်ထရပ်လိုက်ကာ အနောက်ဘက်ခြံသို့ လျှောက်သွားလိုက်တော့သည်။
ကျန်းချိန်က ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။ အဘိုးကြီးက လုပ်မလို့ပါလိမ့်။
ကျန်းယွင်ကျူး၏ မျက်လုံးများက လင်းလက်သွားသည်။ အဘိုးကြီး ၊ ဒါက...အင်း...
လီမိသားစု၏အနောက်ဖက်ခြံတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်။ လီယန်က ပါးစပ်အပြည့် နှစ်ခါလောက် သွေးအန်ခဲ့သည်။ အခုတော့ သူ့အသားအရေမှာ ခြောက်ကပ်ညှိုးနွမ်းနေလေသည်။ အသက်ရှူမြန်နေ၏။ အာမခံဌာနခေါင်းဆောင်လီက သူ့ကို မြန်မြန်ကယ်ပေးရန် သမားတော်ကျင်းကို တောင်းပန်နေသော်လည်း သမားတော်မှာ မတတ်နိုင်တော့ပေ။ ဘေးတွင် သခင်မလီက ခံစားရလွန်းသဖြင့် သတိလစ်သွားတော့သည်။ တစ်ယောက်ယောက်က သူမအပေါ် ရေလောင်းပေးလိုက်မှ သတိပြန်လည်လာတော့သည်။
ထိုအချိန်တွင် အဘိုးကြီးဝူက ဝင်လာခဲ့သည်။ ဘယ်သူကမှ သူ့ကိုလုံးဝ ဂရုမစိုက်ကြပေ။
သူက လီယန်၏လူနာခုတင်နား လျှောက်လာလိုက်ပြီး သူ့မျက်ခွံကို ဖွင့်ကြည့်ကာ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ မင်း ဘာလို့ အော်နေတာလဲ၊ သူ မသေပါဘူး”
သူက ပြောရင်းဆိုရင်း သူ့အင်္ကျီလက်ထဲက အပ်အိတ်ကို ထုတ်လိုက်၏။ သူက သမားတော်ကျင်းကို ညွှန်ကြားလိုက်သည်။
“မင်း သူ့အဝတ်အစားတွေကို ချွတ်လိုက်”
သမားတော်ကျင်းသည် မြို့တော်က ပြန်ရောက်လာသည့် နာမည်ကြီးသမားတော်တစ်ယောက် ဖြစ်လေသည်။ ပုံမှန်ဆိုရင် သူကပဲ တခြားသူကို အမိန့်ပေးခဲ့တာလေ။ ဒါပေမဲ့ အခုကျတော့ သာမန်လူကြီးတစ်ယောက်က အမိန့်ပေးနေတာကို ခံနေရတာတဲ့လား။
သူက ဒေါသထွက်မလိုဖြစ်သွားပြီး ရုတ်တရက်ဆိုလို နတ်ဆေးသမားတော်ဝူ၏ လက်ထဲက အပ်အိတ်ကို တွေ့လိုက်ရလေသည်။ သူ့မှာ နှလုံးခုန်နှုန်းမြန်သွားတော့သည်။ အပြင်းအထန်ကို မနားတမ်း ခုန်နေတော့သည်။
သမားတော်အများစုက အပ်ကိုးချောင်းသာ သုံးလေသည်။ အပ်ရှည်၊ အဖြူရောင်သတ္တုအပ်နှင့် လုံးဝန်းသည့်အပ် ဟုခေါ်သည်။ သို့သော် အဘိုးကြီးဝူ၏လက်ထဲတွင် အပ် ဆယ့်ငါးချောင်းရှိနေသည်။ ဒါက....။ သူသည် ချက်ချင်းဆိုသလို အဘိုးကြီးဝူ ခိုင်းသည့်အတိုင်း လီယန်၏ အပေါ်ဝတ်အင်္ကျီကို ချွတ်ပေးလိုက်ပြီး သူ့ကို အနေအထားမှန်အောင် ထားပေးလိုက်သည်။
အဘိုးကြီးဝူက အပ်များကို ချက်ချင်း စ,စိုက်တော့သည်။ အပ်စိုက်ပြီး ခဏအကြာတွင် လီယန်၏ အသက်ရှူနှုန်းက သိသိသာသာ ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
နောက်ဆုံးအပ် စိုက်ပြီးသွားသည့်နောက်တွင် လီယန်သည် ရုတ်တရက် ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်သည်။ သို့သော် သည်တစ်ကြိမ်တွင် သွေးမည်းများ ဖြစ်လေသည်။
သွေးများကို အန်ထုတ်လိုက်ပြီး သူ့ကို ပြန်လဲခိုင်းထားလိုက်သည်။ သူ့အသားအရေက အများကြီး တိုးတက်လာသယောင်။
“သား”
အမျိူးသမီးလီက ထိုအချိန်တွင် နိုးလာပြီး လီယန်ဆီ ပေးဝင်သွားကာ ထပ်ငိုတော့မည် ပြင်လိုက်သည်။ ချက်ချင်းပင် တစ်ခုခု လွဲနေသည်ကို သိလိုက်ရလေသည်။ လီယန်က ဘာလို့ အများကြီး ပိုသက်သာလာတဲ့ပုံ ဖြစ်နေတာလဲ။
“သူ့အသက်အန္တရာယ် ကင်းသွားပါပြီ” သမားတော်ကျင်းက ပြောလိုက်၏။
အဘိုးကြီးဝူက သူ့ကို လှမ်းကြည့်လိုက်ပြီး
“ ဒါက သူ့အမေဝမ်းထဲက ပါလာတဲ့ အအေးမိတဲ့လက္ခဏာပဲ၊ စိတ်လှုပ်ရှားတာဖြစ်ဖြစ်၊ အအေးမိတာဖြစ်ဖြစ် အချိန်မရွေး ဖျားနာနိုင်တယ်၊ သူ့အသက် အန္တရာယ်ကင်းသွားပြီဆိုတာ မင်က ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ”
သမားတော်ကျင်းက မြောက်ပင့်ကာ ပြုံးလိုက်ပြီး အဘိုးကြီး၏လေသံကို ဆိုးရွားသည်ဟု မခံစားရခေ။ သူသည် သင်ကြားမှုကို လက်ခံနေသည့်အသွင် ပေါ်လေသည်။
ဘေးက အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများက အဘိုးကြီးဝူ ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သွားတော့သည်။ သူတို့၏ တည်ငြိမ်သွားသည့်နှလုံးက တစ်ဖန် ပြန်ခုန်လာတော့သည်။
သူတို့က ချက်ချင်းဆိုသလို အဘိုးကြီးဝူထံမှ အကူအညီတောင်းကြလေသည်။
အဘိုးကြီးဝူသည် သမားတော်ကျင်း ဆေးညွှန်းရေးရန် သုံးသည့် စာရွက်အထပ်ပေါ်တွင် ဆေးညွှန်းတစ်ခုကို ရေးပေးလိုက်လေသည်။
“ဒီဆေးကို သောက်လိုက်၊ ပြီးရင် မနက်ခင်းနဲ့ ညခင်းတိုင်း အပ်စိုက်ရမယ်၊ ခုနှစ်ရက်ပြီးတော့ သူ အသက်ရှင်ဖို့ အာမခံချက် ရှိသွားပြီး ပြေးလွှားနိုင်မှာပါ” သူက ပြောလိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများသည် ထိုကိစ္စကို မယုံနိုင်အောင်ဖြစ်သွားကြတော့သည်။ လီယန်က ကလေးဘဝကတည်းက ချူချာခဲ့တာလေ။ တခြားသူတွေရဲ့ကလေးတွေ ပြေးလွှားနေတဲ့အချိန်မှာ သူက ထိုင်နေရတယ်။ တခြားလူရဲ့ကလေးတွေ ကစားနေတဲ့အချိန်မှာ သူက လဲလျောင်းနေရတယ်။ နောက်ဆုံး အဲဒီနဲ့မှာ လားနဲ့ ထွက်လည်မှပဲသေမလိုဖြစ်ခဲ့ရတယ်။
ခုနှစ်ရက်တဲ့။ ခုနှစ်ရက်နေရင် သူခုန်နိုင်ပြီတဲ့လား။
“ ဆရာကြီးက ပြောမှတော့ သူ သေချာပေါက် လုပ်နိုင်လိမ့်မယါ”
သမားတော်ကျင်းက ဝမ်းနည်းသလို ပြန်ဖြေလိုက်လေသည်။ သူသည် အဘိုးကြီးဝူ၏သရုပ်မှန်ကို ခန့်မှန်းမိပြီးသား ဖြစ်လေသည်။ သူသည် မြို့တော်တွင် ရှိစဥ်က အဘိုးကြီးဝူ၏ ဆေးညွှန်းနှစ်ခုကို မရေမတွက်နိုင်အောင် ဖတ်ပြီး လေ့လာခဲ့သည်ကို မှတ်မိနေသည်။ အဘိုးကြီးဝူ သုံးခဲ့သည့် စုတ်တံနှင့် စာရွက်ကို ဗီဒိုထဲတွင် သိမ်းထားပြီး နောက်ပိုင်းတွင် ထိုအရာများကို ရတနာလို တန်ဖိုးထားဖို့ ဆုံးဖြတ်လိုက်တော့သည်။
ထိုအခါမှ အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများက လီယန်၏ရောဂါကို အမှန်တကယ် ကုသပြီးခဲ့ကြောင်း ယုံကြည်သွားကြတော့သည်။ သူတို့သည် အဘိုးကြီးဝူရှေ့တွင် ဒူးထောက်ပြီး သူ့အသက်ကို ကယ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ချင်လိုက်သည်။
“ဆရာကြီး ဆရာကြီးကို အလုပ်အကျွေး အပြုပြီး အဖော်ပြုပေးဖို့ တစ်ယောက်ယောက်များ လိုအပ်ပါသလား” သမားတော်ကျင်းက မေးလိုက်၏။
“ငါ့နောက် မလိုက်ခဲ့နဲ့”
အဘိုးကြီးက စိတ်မရှည်စွာနှင့် ပြောလိုက်သည်။ သူသည် ပြောရင်းဆိုရင်း လမ်းလျှောက်ကာ ထွက်သွားတော့သည်။
သူက သည်နေရာသို့ ဝင်လာသည့် ကျန်းချိန်နှင့် ကျန်းယွင်ကျူးတို့ကို မမျှော်လင့်ဘဲ တွေ့လိုက်လေသည်။
ကျန်းယွင်ကျူးက အခန်းထဲတွင် ဖြစ်နေသည်များကို ဝိုးတဝါးမြင်လိုက်ပြီး ခန့်မှန်းမိလိုက်သည်။
“ ငါတို့တွေ ပြန်ရောက်ရင် မင်းအဘိုးရဲ့မျက်လုံးကို ကုပေးမယ်”
အဘိုးကြီးဝူက ပြောရင်း ဆိုရင်း သူမကို ဖြတ်သွားကာ အပြင်သို့ ဆက်ထွက်သွားလိုက်လေသည်။
ကျန်းယွင်ကျူး၏ မျက်လုံးများသည် ဖြည်းဖြည်းချင်း ဝိုင်းစက်လာလေသည်။ ထို့နောက်တွင် သူမက နောက်လှန်ကြည့်လိုက်သည်။
အဘိုးကြီးဝူက ဒီနေ့ စကားအရမ်းများတာကို သတိထားမိသားပဲ။ သူ့စိတ်ကို ဘာလို့ ပြောင်းလိုက်ပါလိမ့်။
အဘိုးကြီးဝူက သူ့စိတ်ကို ပြောင်းလိုက်ခြင်း မဟုတ်ပေ။ မနေ့က တစ်ခုခုကို ရုတ်တရက် နားလည်သွားသောကြောင့်ပင်။ ရှန်ဖုန်းမင်ကို ပြဿနာရှာချင်တာနဲ့ အဘိုးချန်နဲ့ ကျန်းယွင်ကျူးကို အနေခက်အောင် လုပ်နေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ။
မနေ့က နှင်းတွေကျတော့ ကျန်းချိန်နဲ့ ကျန်းယွင်ကျူးတို့ အချိန်တော်တော်ကြာတဲ့အထိ ပြန်မလာခဲ့ဘူး။ အမျိုးသမီးချန်မှာ စိတ်ပူလွန်းလို့ အပြင်ဘက်ကိုပဲ ကြည့်နေတယ်။ အဘိုးချန်ကလည်း မမြင်ရတာနဲ့ အမျိုးသမီးချန်ကိုပဲ အခါခါ မေးနေရတယ်။ “သူတို့ပြန်လာပြီလားတဲ့”
အဲဒီအချိန်မှာပဲ အဘိုးချန်ကို ကုသပေးဖို့ သူဆုံးဖြတ်လိုက်တာပဲ။
သင့်တော်တဲ့အခွင့်အရေး ရောက်မလာသေးတာပဲရှိတယ်။
ဒီနေ့တော့ ပြီးပြည့်စုံတဲ့အချိန်ကောင်းပဲလေ။
ကုန်စိမ်းများ ဝယ်ခြမ်းပြီးနောက် ကျန်းချိန်တို့သုံးယောက်သည် အိမ်ပြန်လာကြတော့သည်။ အဘိုးကြီးဝူက အဘိုးချန်၏သွေးခုန်နှုန်းကို ချက်ချင်း စစ်ပေးလိုက်သည်။
“ကုသမှု အောင်မြင်ဖို့က ၅၀%ပဲရှိတယ်” အဘိုးကြီးဝူက ပြောလိုက်သည်။
၅၀%။ ဖြစ်နိုင်ခြေက အရမ်းကိုမြင့်ပြီးသားပဲ။ ကျန်းယွင်ကျူးက အဘိုးကြီးဝူအား ဆေးကုသပေးထို့ ချက်ချင်းတောင်းဆိုလိုက်သည်။
“ လောစရာမလိုပါဘူး၊ ငါ သူ့ကို အရင်ဆုံး အပ်စိုက်လိုက်မယ်”
အဘိုးကြီးဝူက ပြောလိုက်ပြီး အပ်ထည့်ထားသည့်အိတ်ကို ထုတ်ကာ အဘိုးချန်အား အပ်စိုက်ပေးလိုက်လေသည်။
သည်တစ်ကြိမ်တွင် သူစိုက်လိုက်သည့် အပ်နေရာအားလုံးနီးပါးက ခေါင်းပေါ်တွင် ဖြစ်သည်။ နည်းနည်းလေး သတိလွတ်သွားသည်နှင့် ပြင်းထန်သည့်နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူ့အပ်စိုက်နှုန်းက သိသိသာသာ နှေးသွားလေသည်။ အထူးသဖြင့် နောက်ဆုံးကျန်သည့် နေရာတချို့ကို အပ်စိုက်နေစဥ်တွင် သူသည် မောဟိုက်နေတော့သည်။
ခဏအတွင်း သူ့နဖူးပေါ်တွင် ချွေးများ စီးကျလာတော့သည်။
ကျန်းမိသားစုဝင်အားလုံးက စောင့်ကြည့်နေကြ၏။ သူ့ကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် မည်သူကမှ စကားမပြောရဲကြပေ။
နောက်ဆုံး အပ်စိုက်ခြင်း ပြီးသွားချိန်တွင် သူက ကျန်းယွင်ကျူးဆီ ရေတွေးတံဘက်ကို လက်ခံလိုက်လေသည်။ ထိုအခါမှ အပန်းပြေသွားတော့သည်။ သူက အိုလာပြီး သူ့အင်အားတွေကလည်း တကယ်ပဲ အရင်လို မကောင်းတော့ဘူးလေ။
“အဘိုး ပင်ပန်းသွားခဲ့ပါပြီ”
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် သည်အချိန်အထိ အဘိုးကြီးဝူကို နာမည်ကြီး နတ်ဆေးသမားတော်မှန်း မသိသော်လည်း သူတို့သည် အဘိုးချန်၏ရောဂါကို ကုသပေးခဲ့သည့်အတွက် သူ့ကို အလွန်မှကျေးဇူးတင်နေလေသည်။
အဘိုးကြီးဝူက ထိုင်ချလိုက်ပြီး နောက်ထပ်ဆေးညွှန်းနှစ်ခုကို ရေးပေးလိုက်၏။
“ဒီတစ်ခုက လိမ်းဖို့နဲ့ ဒီတစ်ခုက သောက်ဖို့၊ နောက်ရက်နည်းနည်းကြာရင် မျက်လုံးက နည်းနည်း နေရခက်လာလိမ့်မယ်။
အလင်းနဲ့ မထိစေနဲ့၊ မပွတ်နဲ့၊ ငါး ရက်လောက်နေပြီးရင်တော့ အခြေအနေကို သိရပါပြီ”
သူက ညွှန်ကြားလိုက်လေသည်။
ကျန်းမိသားစုသည် ချက်ချင်းဆိုသလို အလုပ်များသွားတော့သည်။
နေ့လယ်ခင်းတွင် အာမခံဌာနခေါင်းဆောင်လီက လူများကို ဦးဆောင်လာပြီး လှည်းတစ်စီးနှင့် လီယန်ကို ခေါ်လာခဲ့လေသည်။ လီယန်သည် သည်တစ်ကြိမ်တွင် သတိရနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က အားမရှိရုံသာ။
အာမခံဌာနခေါင်းဆောင်လီသည် အဘိုးကြီးဝူကို သာမန်လူတစ်ယောက် မဟုတ်လောက်ဟု ခံစားမိသဖြင့် သမားတော်ကျင်းနားတွင် တစ်ချိန်လုံး တွယ်ကပ်ပြီး မေးခဲ့ရသည်။ သမားတော်ကျင်းက မတတ်သာတော့ဘဲ လေသံဖြင့် အဘိုးကြီးဝူ၏ သရုပ်မှန်ကို ပြောပြလိုက်ပြီး ထိုအကြောင်းကို အပြင်သို့ မပျံ့နှံ့စေရန် ပြောထားလိုက်သည်။ မဟုတ်လျှင် ဆရာကြီးက စိတ်ဆိုးရုံသာမက အားလုံးလည်း ပြီးဆုံးသွားလိမ့်မည်။
ဒီပုဂ္ဂိုလ်က တကယ့်နတ်ဆေးသမားတော်ဖြစ်နေတာကိုး။ သူ လီယန်ရဲ့ရောဂါကို ကုသပေးနိုင်တာလည်း မဆန်းတော့ဘူး။ အာမခံဌာနခေါင်းဆောင်လီသည် အလန့်တကြားဖြစ်သွားပြီးနောက် ဝမ်းသာ ပျော်ရွှင်သွားတော့သည်။ ဒါပေါ့။ ဆရာကြီးဝူက လီယန်ကို အပ်စိုက်ပေးဖို့ သူတို့ဆီ လာခိုင်းရလောင်အောင် အတင့်မရဲပါဘူး။ ဒီတော့ သူကပဲ ဒီနေရာကို လာရမှာပေါ့။
နောက် ခုနှစ်ရက်တွင်း ပြဿနာမဖြစ်ရစေရန် လီယန်ကို ချန်ရှီရွာတွင် ထားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။
ငါးရက်ကြာပြီးနောက် အဘိုးကြီးဝူက အဘိုးချန်ကို နောက်ဆုံးအကြိမ် အပ်စိုက်ပေးလိုက်သည်။ သူက ကြေညာလိုက်၏။
“ မျက်လုံးက ပေါ်က အဝတ်စကို ဖယ်လို့ရပြီ၊ အလုပ်ဖြစ်ရင်တော့ အလုပ်ဖြစ်လို့ပေါ့၊ မဟုတ်ရင်တော့....”
သူ့မှာလည်း တခြားအဖြေ မရှိတော့ဘူး။ တခြားလူတွေက သူ့ကို နတ်ဆေးသမားတော်လို့ ခေါ်ကြပေမဲ့ သူကလည်း သေမျိုုးတစ်ယောက်ပဲလေ။ သူ့သမီးအရင်းကိုတောင် မကယ်ပေးနိုင်ခဲ့တဲ့ သေမျိုးတစ်ယောက်ပေါ့။
သူက ထိုသို့ပြောလိုက်ချိန်တွင် ကျန်းချိန်နှင့် တခြားသူများက စိတ်လှုပ်ရှားကာ ပူပန်လာကြတော့သည်။ အမျိုးသမီးချန်၏လက်တို့သည် အဝတ်စကို ဖြည်နေချိန်တွင် တုန်ယင်နေတော့သည်။
အဘိုးချန်က တော်တော်လေး တည်ငြိမ်နေပြီး အမျိုးသမီးချန်ကို ပြောလိုက်လေသည်။
“ နှစ်ပေါင်းများစွာ ဒီလိုနေလာခဲ့တာပဲ....”
သူသည် ပြောရင်းနှင့်မှ ရုတ်တရက် ရပ်သွားလေသည်။ သူ့မျက်လုံးရှေ့တွင် အဖြူရောင်အလင်း ရှိနေသည်။ သူ့လက်များနှင့် မျက်လုံးများကို ကာထားရသည်။
“အဖေ”
“အဘိုး”
ကျန်းချိန်နှင့် ကျန်လူများကို အတူတူ ခေါ်လိုက်ကြ၏။။ အဘိုးချန်၏တုံ့ပြန်မှု အဓိပ္ပာယ်က....
အဘိုးချန်က ခက်ခက်ခဲခဲ မျက်တောင်ခတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်များရှိနေလေသည်။ သူ့မှာ မျက်ရည်များကို သုတ်ပစ်ဖို့ အချိန်ပင် မရပေ။ ထို့အစား သူသည် အမျိုးသမီးချန်ကို ကြည့်လိုက်လေသည်။ ထို့နောက် ကျန်းချိန်၊ ကျန်းယွင်ကျူး၊ ကျန်းလင်၊ ကျန်းယွင်ရွှယ်နှင့် ကျန်းဝူ တို့ကို ကြည့်လိုက်သည်။
“ ငါ မြင်ရပြီ”
သူက ရေရွတ်လိုက်၏။ ထို့နောက် သူသည် တုန်ရီနေသည့် အမျိုးသမီးချန်၏ နှုတ်ခမ်းများကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ သမီးက အများကြီး ပြောင်းလဲသွားတာလဲ”
“ အသက်ကြီးလာပြီလေ”
အမျိုးသမီးချန်၏ မျက်လုံးများသည် မျက်ရည်များနှင့် ဖုံးနေတော့သည်။ သည်နှစ်တွေ ဖြတ်ကျော်လာပြီးနောက်မှ သူမက ဘယ်လိုလုပ်ပြီး မအိုဘဲ ရှိမှာလဲလေ။
“အဖေ”
ကျန်းချိန်က ပြောလိုက်၏။
“ မင်းလည်း အများကြီး ပြောင်းလဲသွားတာပဲ”
အဘိုးချန်က သူ့ကို ကြည့်ရင်း မှတ်ချက်ပေးလေသည်။
“ ဟုတ်ပါတယ်” ကျန်းချိန်၏မျက်လုံးများသည် နီရဲလာတော့သည်။
အဘိုးချန်က ကျန်းယွင်ကျူးကို ထပ်ကြည့်လိုက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ သူသည် သူမ ချောမောသည်ကို အမြဲတမ်း သိထားခဲ့သော်လည်း အလွန်မှချောမောနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ကျန်းလင်က အနည်းငယ်လူကြီးဖြစ်လာသည်။ ကျန်းယွင်ရွှယ်က အရွယ်ရောက်တော့မည့် မိန်းကလေးတစ်ယောက်ဖြစ်လာသည်။ ကျန်းဝူပင် အရပ်ရှည်ကာ ထွားလာလေသည်။
“ကောင်းတယ် ကောင်းတယ်”
အဘိုးချန်က တစ်ယောက်ချင်း လိုက်ကြည့်လိုက်၏။ မျက်ရည်များက လုံးဝမရပ်တန့်နိုင်ခဲ့ပေ။ သို့သော် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုက ရှိနေလေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ဆုံးတွင် သူသည် သူတို့မည်သည့်ပုံစံ ဖြစ်နေသည်ကို မြင်ရတော့သည်။ သူက သူတို့ကို သေသေချာချာ ကြည့်ထားချင်ပြီး တစ်ယောက်ချင်းစီကို စိတ်ထဲတွင် သိမ်းထားချင်လေသည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ”
သူသည် အဘိုးကြီးဝူကို မြင်လိုက်သောအခါ ကျေးဇူးမတင်ဘဲ မနေအောင်ဖြစ်ရသည်။ သူ့ဘဝတွင် အရာဝတ္ထုများကို သူ့ကျေးဇူးကြောင့် ပြန်မြင်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
အဘိုးကြီးဝူက စိတ်ကောင်းဝင်နေလေသည်။ နောက်ဆုံးတော့ သူ မကျရှုံးခဲ့ပေ။ မဟုတ်လျှင် ကျန်းယွင်ကျူး ချက်ပေးသည့် အစားအသောက်ကို စားပြီး အရှက်ရလိမ့်အုံးမည်။
အားလုံးက အလွန်ပျော်နေကြလေသည်။ အာမခံဌာနခေါင်းဆောင်လီ၏ မျက်လုံးများသည် စိတ်လှုပ်ရှားလွန်းသဖြင့် တောက်ပနေသည်။ နောက်နှစ်ရက်နေရင် လီယန်များ....
နှစ်ရက်ကြာပြီးနောက် အဘိုးကြီးဝူက လီယန်၏ သွေးခုန်နှုန်းကို စမ်းလိုက်ပြီး ပြောလိုက်သည်။
“ မဆိုးဘူး၊ ဒါပေမဲ့ အရိုးတွေက အရမ်းအားနည်းနေသေးတယ်၊ နောက်ပိုင်း ဖြည်းဖြည်းချင်း သန်မာလာအောင် ပြုစုလိုက်”
“ဆရာကြီး ဘာအဓိပ္ပာယ်ပါလဲရှင်”
အမျိုးသမီးလီသည် သည်နေ့ရောက်လာခဲ့သည်။ သူမ၏ပါးစပ်ကို အုပ်ထားလိုက်ပြီး မယုံနိုင်စွာဖြင့် အဘိုးကြီးဝူကို မေးလိုက်တော့သည်။
“ရောဂါ ပျောက်သွားပြီ”
သည်စကားတစ်ခွန်းနှင့်ပင် အမျိုးသမီးလီသည် ငိုကြွေးမိပြီး အာမခံဌာနခေါင်းဆောင်လီ၏ ရင်ခွင်ထဲသို့ တိုးဝင်မိတော့သည်။ သူမသည် လီယန်ကို ကိုယ်ဝန်ရှိစဥ်က အလွန် အမှုမဲ့အမှတ်မဲ့နိုင်ခဲ့ပြီး သူ့ကို မွေးကတည်း နာကျင်ခံစားရအောင် လုပ်မိသည့် နေ့ရက်တိုင်းအတွက် နောင်တရနေလေသည်။
နောက်ဆုံးတော့ သူမ၏ကလေးက ပုံမှန်ဘဝတစ်ခုတွင် နေနိုင်လေပြီ။
အာမခံဌာနခေါင်းဆောင်လီက သူမ၏ကျောကို ပုတ်ပေးလိုက်၏။ သူ့မျက်လုံးများက တောက်ပနေလေသည်။
“ဝမ်းသာလိုက်တာ”
လီယန်၏ အစ်ကိုသုံးယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်ကြသည်။
ချက်ချင်းဆိုသလို သူတို့သည် ဒူးထောက်ချလိုက်ပြီး သူ့အသက်ကို ကယ်ပေးခဲ့သည့်အတွက် အဘိုးကြီးဝူကို ကျေးဇူးတင်စကားပြောလိုက်ကြလေသည်။
နောက်က လူထွားကြီးတချို့က ချက်ချင်း ပစ္စည်းများကို သယ်လာခဲ့ကြသည်။ ဒါသည် သူတို့ ပြင်ဆင်ထားခဲ့သည့် ကျေးဇူးတင်လက်ဆောင်တစ်ခု ဖြစ်လေသည်။
ဆေးကုသစားရိတ်အတွက်တော့ အဘိုးကြီးဝူ၏ သဘောပင်။ သူတို့သည် စုဆောင်းဖို့ နည်းလမ်းတစ်ခု ရှာရလိမ့်မည်။
အဘိုးကြီးဝူက ငွေကို ဘယ်တော့မှ မကြိုက်ခဲ့ပေ။ သူက ထိုပစ္စည်းများကို ကြည့်လိုက်ပြိး ပထမဗန်းထဲက ရွှေနှစ်တုံးကိုယူကာ ပြောလိုက်လေသည်။
“ အားလုံး ပြန်ယူသွားလိုက်တော့”
ထိုရွှေတုံးနှစ်တုံးက တစ်ခုလျှင် ငွေတုံး ၁၀တုံးတန်သည်။ ရွှေတုံးနှစ်ခုဆိုတော့ ငွေတုံး အတုံး၂၀။ လျန်ငွေ၂၀၀နှင့် ညီမျှသည်။
အများကြီးတဲ့လား။ သာမန်လူတွေအတွက်တော့ ဒါက တကယ့်ကို အများကြီးပါ။ ဒီငွေနဲ့ သူတို့ တစ်ဘဝလုံး နေနိုင်တယ်။ ဒါပေမဲ့ လီမိသားစုအတွက်တော့ ဒါက လုံးဝမများတာပါ။
“ဆရာကြီးရယ် ဘယ်ဖြစ်မလဲ”
အာမခံဌာနခေါင်းဆောင်လီက ပြန်ပြောလိုက်သည်။ အသက်ကယ်ပေးတဲ့လုပ်ရပ်က ပြန်လည်မွေးဖွားပေးခဲ့တာပဲ။
“ဒီမှာ ပွစိပွစိ လာလုပ်မနေနဲ့၊ သွား သွား၊ ငါ ခဏလောက် အေးအေးဆေးဆေးနေချင်တယ်”
အဘိုးကြီးဝူက ပြောလိုက်၏။
အာမခံဌာနခေါင်းဆောင်လီ၏ ခံစားချက်များ လျှံထွက်နေသည့်အခြေအနေသည် နှောင့်ယှက်ခံလိုက်ရတော့သည်။ သူက ကျန်းယွင်ကျူးကို ကြည့်လိုက်သည်။ ကျန်းအိမ်တွင် ရက်တော်တော်ကြာအောင် နေလာခဲ့ပြီးနောက် အဘိုးကြီးဝူက သူမကို အချစ်ဆုံးမှန်း သတိထားမိခဲ့သည်။
အဘိုးကြီးဝူ၏ စိတ်ကို သိထားသဖြင့် ကျန်းယွင်ကျူးက အာမခံဌာနခေါင်းဆောင်လီကို ခေါင်းညိတ်ပြလိုက်လေသည်။
အာမခံဌာနခေါင်းဆောင်လီသည် လူများအား အခန်းထဲက ပစ္စည်းများကို သယ်ထုတ်သွားခိုင်းလိုက်တော့သည်။ သို့သော် သူတို့သည် ထွက်မသွားကြပေ။ သူတို့သည် ကျန်းယွင်ကျူးကို ကျေးဇူးတင်စကားပြောဖို့ စောင့်ဆိုင်းနေကြလေသည်။ သူမကြောင့်သာ မဟုတ်လျှင် သူသည် အစောကြီးကတည်း နတ်ဆေးသမားတော်အတု၏ အလိမ်ခံခဲ့ရပြီး နောက်ပိုင်းတွင် နတ်ဆေးသမားတော်အစစ်နှင့် တွေ့ရဖို့ပင် အခွင့်အရေးမရှိသလောက်ပင်။
ကျန်းယွင်ကျူးက လက်ခါပြလိုက်၏။ သူမက ဘာမှလုပ်ပေးခဲ့တာ မဟုတ်ဘူးလေ။
အချိန်တော်တော်အောင် အချိန်ဆွဲလာခဲ့ပြီးနောက်တွင် အာမခံဌာနခေါင်းဆောင်လီက လက်ဆောင်တချို့ကို ထားခဲ့လိုက်ပြီး ကျန်းချိန်ကိုလည်း လားဖိုးပေးရန် ဆက်မပြောခိုင်းတောပေ။ နောက်ပိုင်း အကူအညီတစ်ခုခု လိုလာလျှင် သူက သူတို့ဆီ အရောက်လာခဲ့မည်ဟု အခါခါ ပြောသွားလေသည်။
အာမခံဌာနခေါင်းဆောင်လီက ကျန်းမိသားစုကို အသိအမှတ်ပြုလိုက်သည်။ သည်မိသားစုသည် ရင်းနှီးသည့် မိတ်ဆွေဖြစ်ရန် ထိုက်တန်လေသည်။
အာမခံဌာနခေါင်းဆောင်လီနှင့် တခြားသူများကို လိုက်ပို့ပေးလိုက်ပြီးနောက် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့သည် ခြံဝင်းတံခါးနားတွင် ရပ်နေပြီး ခံစားချက်များ အနည်းငယ်တက်လာသလို ခံစားလိုက်ရတော့သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က အာမခံဌာနခေါင်းဆောင်လီက ရွာထဲတွင် အိမ်ငှားနေခဲ့သည်။ သူသည် တဲ့တိုးသမားဖြစ်လေသည်။ သူတို့က သူနှင့် ဆက်ဆံရသည်ကို သဘောကျကြသည်။ သူတို့နှင့် ရက်ပေါင်းများစွာ အပြန်အလှန် ဆက်ဆံလာခဲ့ပြီးနောက် အခုတော့ ရုတ်တရက် ပြန်သွားကြသည်။ သူတို့၏စိတ်ထဲတွင် အနည်းငယ် ဟာသွားသလို ခံစားလိုက်ရတော့သည်။
ကျန်းယွင်ကျူးကတော့ သည်လောကတွက် ထာဝရတည်ရှိနေမည့် စားသောက်ပွဲမျိုး မရှိမှန်း သိထားလေသည်။ အားလုံးက စိတ်ထဲတွင် ခံစားချက်များ ရှိနေကြသဖြင့် သူမသည် သည်နေ့ညအတွက် ဆန်ဖက်ထုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သ်ည။ ချိုပြီး နွေးထွေးနေပေမည်။
သို့သော် သူမသည် ကိုယ်ကိုလှည့်လိုက်ချိန်တွင် အပြင်မှ ပြန်လာသည့် ရှန်ဖုန်းမင်ကို တွေ့လိုက်ရ၏။ သူ့လက်ထဲတွင် တောယုန်နှစ်ကောင်လည်း ပါလာလေသည်။
...
အပိုင်း (၅၀) (က)
ရှန်ဖုန်းမင်သည် သည်နေ့တွင် အရောင်ရင့်ရင့် တိမ်ပုံစံ ပန်းထိုးထားသည့် ဆင်စွယ်ရောင် ဘရိုကိတ်သား လက်အဝကျဥ်း အနွေးထည်ကို ဝတ်ဆင်ထားသည်။ ကော်လံနှစ်ဖက်တွင် နှင်းဖြူရောင် မြေခွေးသားမွေးကို ဝတ်ထားလေသည်။ အရောင်တူ ခါးပတ်ကြီးတစ်ခုကို ခါးတွင် ပတ်ထားသည်။ သူ့ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင် ကောက်ကြောင်းပေါ်နေစေသည်။ အေးတိအေးစက် ခံစားချက်တစ်ခုကို ဆောင်ထားသော်လည်း သူသည် ပိုပြီး ချောမောနေပုံပေါ်သည်။
“လူကြီးမင်းရှန်”
ကျန်းယွင်ကျူး၏မျက်လုံးများသည် အမှတ်တမဲ့ ဆွဲဆောင်ခံလိုက်ရလေသည်။
ရှန်ဖုန်းမင်၏အကြည့်က သူမ၏နှုတ်ခမ်းပေါ်တွင် အခိုက်တန့်ဆိုသည်ထက် နည်းနည်းကြာအောင် ဆက်ရှိနေသည်။ ရာသီဥတုက ပြီးခဲ့သည့်ရက်ပိုင်းတွင် အေးပြီးခြောက်သွေ့လာသည်။ ကျန်းယွင်ကျူး၏ နှုတ်ခမ်းများပေါ်တွင် နှုတ်ခမ်းဆီပါးပါး အလွှာလေးတစ်ခု ဆိုးထားသည်။ သူမ၏နှုတ်ခမ်းများကို နှင်းဆီရောင်သန်းကာ ပိုနူးညံ့သည်ဟု မြင်ရစေတော့သည်။
သူသည် လက်ထဲက ယုန်ကို ကျန်းယွင်ကျူးအား ကမ်းပေးလိုက်ပြီး
“ ကျွန်တော် ဒီနေ့ အမဲလိုက်ခဲ့တာ”
ကျန်းယွင်ကျူးက ယုန်ကို ယူလိုက်ပြီး သူသည် လတ်တလော လုပ်စရာမရှိသဖြင့် အမဲလိုက်ခြင်းကို သဘောကျနေသည်ဟု စဥ်းစားလိုက်လေသည်။ မဟုတ်ရင် နေ့တိုင်း ဘာလို့ ယုန်တွေ ရစ်ငှက်တွေ ယူပြန်လာမှာလဲ။ တမြန်နေ့ကဆိုရင် မြေခွေးဖြူတစ်ကောင်ကိုတောင် အမဲလိုက်ခဲ့သေးတယ်လေ။
“ ဒီနေ့က ယုန်သားကင်စားကြမလား”
သူမက ဝမ်းသာအားရ မေးလိုက်လေသည်။ ယုန်လေးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ သူမကလည်း ယုန်သားကို တကယ်စားချင်မိနေတယ်။ ယုန်းသားကင် နီနီရဲရဲ၊ ယုန်အသားတုံး မွှေကြော်၊ သစ်အယ်သီးနဲ့ ယုန်သားနပ်.... သူမဆီမှာ ယုန်သားဟင်းချက်နည်းတွေ ၁၂မျိုးမကတောင် ရှိတယ်လေ။ တစ်ခုစီကလည်း အရမ်းကိုစားချင်စရာကောင်းတယ်။
“ကောင်းတယ်”
ရှန်ဖုန်းမင်၏အသံက ကြည်လင်နေ၏။
ကျန်းယွင်ကျူးက ယုန်ကို မီးဖိုဆောင်ထောင့်တွင် တင်ထားလိုက်သည်။ ညနေစာ လုပ်ရန် အချိန်မကျသေးပေ။ အရင်ဆုံး အချဥ်ဖောက်ထားသည့်ဝိုက်ဖြင့် ကောက်ညှင်းထမင်းလုံး လုပ်ရမည်။
အားအစိုက်ရဆုံးအပိုင်းမှာ ကောက်ညှင်းဆန်လုံး လုပ်ရခြင်းပင်။ ကျန်းယွင်ကျူးသည် မုန့်သားနှယ်ရန် ဇလုံတစ်ခုကို ထုတ်လာခဲ့လိုက်သည်။
ကောက်ညှင်းမှုန့်ရော။ ကောက်ညှင်းမှုန့်ဘယ်မှာဦလဲ။ ပြီးခဲ့တစ်ခေါက်တုန်းက အိတ်လေးတစ်လုံး ဝယ်လာခဲ့တာ မှတ်မိနေပါသေးတယ်။ အိမ်ရဲ့ တနေရာရာမှာ ရှိမှာပါ။
ဘယ်နားမှာပါလိမ့်။
ရုတ်တရက် သူမသည် မျက်လုံးကို ပင့်ကြည့်လိုက်ပြီး ဗီဒို အပေါ်ဆုံးထပ်က အဝတ်အိတ်တစ်လုံးကို တွေ့လိုက်ရလေသည်။ အဲဒါ ကောက်ညှင်းမှုန့် ထည့်ထားတဲ့အိတ် မဟုတ်လား။
သူမက လှမ်းယူလိုက်သော်လည်း လုံးဝမမီနိုင်သည်ကို တွေ့လိုက်ရသည်။
သူမက လက်ကို ပြန်ရုပ်လိုက်ပြီး ခုံတန်းရှည် သို့မဟုတ် တစ်ခုခုကို ရှာဖို့စဥ်းစားလိုက်လေသည်။
သည်အချိန်တွင် လက်တစ်ချောင်းက ဘေးမှ ဆန့်ထွက်လာပြီး အဝတ်အိတ်ကို လှမ်းယူကာ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။
ရှန်ဖုန်းမင် ။ သူသည် အချိန်တစ်ခု ကတည်းက မီးဖိုဆောင်သို့ ရောက်လာနေခြင်းဖြစ်သည်။
“ကျေးဇူးတင်ပါတယ်” ကျန်းယွင်ကျူးက ပြောလိုက်၏။
“မလိုပါဘူး” ရှန်ဖုန်းမင်က ပြန်ပြောသည်။
မီးဖိုဆောင်သည် ကျဥ်းကြုတ်လေသည်။ ခုနက အဝတ်အိတ်ယူပေးလိုက်သောကြောင့် သည်အခိုက်တွင် ရှန်ဖုန်းမင်သည် ကျန်းယွင်ကျူးနှင့် အလွန်နီးကပ်သွားတော့သည်။ နီးကပ်လွန်းသဖြင့် ကျန်းယွင်ကျူးသည် သူ့ခန္ဓာကိုယ်ပေါ်က ခပ်သင်းသင်းအနံ့လေးကို ရနေသည်။
ကျန်းယွင်ကျူးက ခြေတစ်လှမ်းဆုတ်လိုက်၏။ သည်အကွာအဝေးက အမှန်ပင် အလွန်နီးကပ်နေလေသည်။
“လူကြီးမင်းရှန် မြန်မြန် သွားပါ၊ ရှင့် အဝတ်အစားတွေ မပေစေနဲ့အုံး” သူမက တိုက်တွန်းလိုက်သည်။
“မိန်းကလေးကျန်းက တစ်နေ့လုံး မီးဖိုထဲမှာ ရှိနေတာ၊ မင်းရဲ့အဝတ်အစားတွေက မညစ်ပတ်ဘူးနော်’
ရှန်ဖုန်းမင်က ပြောလိုက်၏။ သူက နောက်သို့ နှစ်လှမ်းဆုတ်ပေးလိုက်ပြီး မီးဖိုဆောင် တံခါးနားတွင် ရပ်နေလိုက်သည်။
ကျန်းမိသားစု၏ မီးဖိုဆောင်ကို အလွန်မှ သန့်သန့်ရှင်းရှင်း လုပ်ထားသည်။ ကျန်းယွင်ကျူးက သူမ၏အလုပ်တွင် စေ့စပ်သေချာအောင် လုပ်တတ်သည်။ ထို့ကြောင့် သူမ၏အဝတ်အစားများက ညစ်ပေခဲလေသည်။ သူမက ဆပ်ပြာမှုန့်ကို သံပယိုသီးနှင့်ရောကာ သုံးရသည်ကို သဘောကျသည်။ ထို့ကြောင့် ဆပ်ပြာကို လန်းဆန်းသည့် သံပယိုနံ့တစ်ခုနှင့် ရောထားလိုက်သည်။
နည်းနည်းလောက် ခွာရပ်လိုက်ပြီးနောက် ကျန်းယွင်ကျူးက ရေတစ်ခွက်ကို ခပ်လိုက်ပြီး မုန့်သားလုပ်လိုက်သည်။ ထို့နောက် သူမက ရှန်ဖုန်းမင်ကို မေးလိုက်လေသည်။
“လူကြီးမင်းရှန်က အခုတလော အားလပ်နေတဲ့ပုံပဲနော်”
“အင်း အရင်အလုပ်တွေ ပြီးသွားပြီလေ”
နှစ်ယောက်သားသည် ပုံမှန်အတိုင်း နည်းနည်းပါးပါး စကားပြောလိုက်ကြသည်။ သည်အချိန်တွင် ကျန်းယွင်ကျူးက မုန့်သား လုပ်ပြီးသွားလေသည်။ နောက်တစ်ဆင့်သို့တက်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူမက ခေါင်းထောင်လိုက်ပြီး
“လူကြီးမင်းရှန်....”
“မိန်းကလေးကျန်း အဲလောက် ယဥ်ကျေးနေစရာမလိုပါဘူး၊ ကျွန်တော့်ကို နာမည်နဲ့ပဲခေါ်ပါ”
ရှန်ဖုန်းမင်က ရုတ်တရက်ထပြောလိုက်၏။
ကျန်းယွင်ကျူး၏ ထောင်လိုက်သည့်ခေါင်းက လမ်းတစ်ဝက်တွင် ရပ်သွားပြီး သူ့ရင်ဘတ်ကို ငေးကြည့်လိုက်လေသည်။ နာမည်နဲ့လား။ သူ့ကို ဘယ်လိုခေါ်ရမှာလဲ။ ရှန်ကျယ်ယွီ ဒါမှမဟုတ် ရှန်ဖုန်းမင်လား။
“အင်း”
သူမက ပျော့ပြောင်းစွာ ပြန်ဖြေလိုက်လေသည်။ သူ ဆက်မပြောလိုက်ခင်မှာပင် သူမက ပြောလိုက်သည်။
“ကျွန်မ ဒီမုန့်သားကို ခဏလောက်နပ်ထားရအုံးမှာ ၊ အခန်းထဲမှာ ခဏလောက်သွားနားလိုက်အုံးမယ်”
“မိန်းကလေးကျန်း အဆင်ပြေသလိုလုပ်ပါ” ရှန်ဖုန်းမင်က ပြောလိုက်သည်။
ကျန်းယွင်ကျူးက အခန်းဆီသို့ ပြန်သွားလေသည်။ ရှန်ဖုန်းမင်က ထိုနေရာတွင် အချိန်တော်တော်ကြာအောင် ရပ်နေလိုက်သည်။
နောက်တစ်နေ့ ရာသီဥတုက သာယာလေသည်။ ကျန်းယွင်ကျူးသည် ထိုဝက်အူချောင်းများကို သိမ်းလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ရက်ပေါင်းများစွာ အခြောက်ခံလာခဲ့ပြီးနောက် စားဖို့ အသင့်ဖြစ်သွားတော့သည်။
သူမသည် ဝက်အူချောင်းကို ထမင်းဘူးစာရင်းထဲတွင် ထည့်ချင်သောကြောင့် ပြီးခဲ့သည့်အခေါက် ဝက်အူချောင်းအများကြီး လုပ်ခဲ့လိုက်သည်။ ယန်ရှန့်၏အမှာစာ အပြင် ဝက်အူချောင်း ၇၀-၈၀ခန့်ရှိသည်။ နှစ်သစ်ကူးအထိရောင်းဖို့ လုံလောက်မည်ထင်သည်။
ကျန်းယွင်ကျူးက စဥ်းစားနေစဥ်မှာပင် လူတစ်ယောက်က တံခါးလာခေါက်လေသည်။ သူမက ထကာ တံခါးသွားဖွင့်ပေးလိုက်၏။
မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်းနှင့် ယောက်ျားတစ်ယောက်။ သူသည် ပြီးခဲ့သည့်အခေါက်က လက်ဆောင်ပေးရန် သူမဆီက ပစ္စည်းအများကြီး ဝယ်သွားခဲ့သူမှန်း ကျန်းယွင်ကျူး ချက်ချင်း မှတ်မိလိုက်သည်။
နျဲ့ရှင်းက ထိုနေရာတွင် သတိဖြင့် ရပ်နေ၏။ သည်တစ်ကြိမ် သူ မြို့တော်က ထွက်လာတော့ ချီလင်သက်တော်စောင့်ဌာနက ညီအစ်ကိုများက သူ့ကို ငွေအများကြီးပေးပြီး အရသာရှိသည့် အစားအသောက်များကို ယူပြန်လာပေးဖို့ အကူအညီတောင်းခဲ့ကြသည်။ သို့သော် တပ်မှူးနှင့် ဒုတပ်မှူးတို့သည် သည်အိမ်တွင် တည်းခိုနေကြသည်။ သူသည် လာရောက်ဝယ်ယူရန် အမှန်ပင် အတင့်မရဲခဲ့ပေ။
အချိန်တော်တော်ကြာအောင် ဆွဲထားခဲ့ပြီး သည်နေ့အထိ နှောင့်နှေးခဲ့ရသည်။
ဒုတပ်မှူးစကားအရဆိုလျှင် သူတို့သည် ရက်အနည်းငယ် ကြာလျှင် မြို့တော်သို့ ပြန်ရလိမ့်မည်။ သူက ဘာမှ ယူပြန်မသွားခဲ့လျှင် သူ့ညီအစ်ကိုများ ပြစ်တင်ပြောဆိုသည်ကို ခံရလိမ့်မည်။ ထို့ကြောင့် သူ့မှာ အရဲစွန့်ပြီး ကျန်းအိမ်တံခါးကို လာခေါက်ရတော့သည်။
“သူဌေး ကျွန်တော့်သူငယ်ချင်းတွေက ပြီးခဲ့တဲ့တစ်ခေါက်က ဝယ်သွားတဲ့ အစားအသောက်ကို ကြိုက်လို့တဲ့” နျဲ့ရှင်းက စိုးရိမ်စိတ်ဖြင့် ပြောလိုက်လေသည်။
“ သူတို့ ကြိုက်တယ်ဆိုတော့ ဝမ်းသာပါတယ်ရှင်” ကျန်းယွင်ကျူးက အပြုံးလေးဖြင့် ပြန်ပြောလိုက်လေသည်။
“သူဌေးဆီမှာ အရသာရှိတဲ့ အစားအသောက်တစ်ခုခုများ ရှိသလား၊ ကျွန်တော် နည်းနည်းလောက် ဝယ်သွားချင်လို့ပါ၊ ဟုတ်ပါတယ်၊ ကျွန်တော့်သူငယ်ချင်းတွေကို ပေးဖို့ပါ” နျဲ့ရှင်းက ပြောလိုက်၏။
တိုက်ဆိုက်လိုက်တာ။
“ ဝက်အူချောင်းနည်းနည်းတော့ ကျန်သေးတယ်၊ ရှင် နည်းနည်းလောက်လိုချင်ရင် ကျွန်မ ရှင့်အတွက် လုပ်ပေးလို့ရပါတယ်၊ ရှင် အလျင်မလိုဘူဆိုရင်ပေါ့” ကျန်းယွင်ကျူးက ပြောပြလိုက်၏။
နျဲ့ရှင်းက တောက်ပသည့်မျက်လုံးများနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မြန်မြန် ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
“ဝက်အူချောင်းဆိုရင်ပဲ ရပါပြီ၊ ကျန်တာကိုတော့ သူဌေးကို အလုပ်မများစေချင်ပါဘူး”
ဝက်အူချောင်းနဲ့ဆိုရင် သူ့ညီအစ်ကိုတွေကို ပြန်သတင်းပို့ပေးဖို့ လုံလောက်ပြီလေ။ တခြားဟာကတော့... ထားလိုက်ပါလေ။ သူတို့အတွက် အစားအသောက်ဝယ်ဖို့ သူ့မှာ ဘယ်လောက်တောင် ဖိအားများလိုက်သလဲဆိုတာ သူတို့တွေ နားလည်ကြမှာပါ။ သူက ဘယ်လိုလုပ်ပြီး အများကြီး တောင်းဆိုနိုင်မှာလဲ။
ကျန်းယွင်ကျူးသည် သူ့ကို နည်းနည်းထူးဆန်းနေသည်ဟု ခံစားမိလိုက်လေသည်။ သူက ဝယ်ချင်ပေမဲ့ မဝယ်ဘဲ နေသလိုပဲ။ အင်းလေ။ ဒါက တစ်ဖက်လူရဲ့ရွေးချယ်မှုပါ။
“ရှင် ဝက်အူချောင်း ဘယ်လောက်လိုချင်တာလဲ” သူမက မေးလိုက်၏။
“သူဌေးမှာ ရှိသလောက်ပါ”
နျဲ့ရှင်းသည် နောက်ဆုံးတော့ ယုံကြည်မှု ရှိလာတော့သည်။ သည်ဝက်အူချောင်းများက ယူပြန်သွားလျှင်တောင် မလောက်ငှမှာစိုးရသည်။
“ ၇၀-၈၀လောက်တော့ ရှိတယ်” သူက အလျင်လိုနေတယ်ဆိုရင် သူ့ကို အရင်ရောင်းပေးလိုက်ပါမယ်လေ။
“ဟုတ်ကဲ့၊ ကျွန်တော် အကုန်ယူပါမယ်၊ ဘယ်လောက်လဲခင်ဗျ”
“ ငွေ၃စ လောက်ကျမယ်၊ ကျွန်မ ရှင့်အတွက် ထုပ်ပိုးပြီးရင်း သေချာလေး ပြန်တွက်ပေးမယ်နော်”
ကျန်းယွင်ကျူးက ဖြေလိုက်လေသည်။
နျဲ့ရှင်းက ခေါင်းတွင်တွင်ညိတ်လိုက်၏။
ကျန်းယွင်ကျူးက သူ့ကို ခြံဝင်းထဲတွင် စောင့်ခိုင်းသော်လည်း သူက မဝင်ဖို့ ဆုံးဖြတ်ထားလေသည်။ မတတ်သာတော့ဘဲ ကျန်းယွင်ကျူးကသာ ဝင်လာလိုက်ပြီး ဝက်အူချောင်းများကို ထုပ်ပိုးလိုက်ကာ သူ့အတွက် ယူထွက်လာပေးလိုက်သည်။
ဝက်အူချောင်း ၇၀-၈၀လောက် ရှိနေသည်။ တော်တော်ကြီးသည့် ဝန်တစ်ခုဖြစ်နေ၏။ ကျန်းယွင်ကျူးက ကျန်းလင်ကို အကူအညီတောင်းပြီး ထိုဝက်အူချောင်းများကို တံခါးအပြင်သို့ ထုတ်လာရလေသည်။
တံခါးအပြင်ဘက်တွင် နျဲ့ရှင်းက လှည်းတစ်စီးကို ကြိုတင်ပြင်ဆင်ထားလေသည်။
“ ဝက်အူချောင်း တစ်ချောင်းကို ၃၅ဝမ်ပါ၊ စုစုပေါင်း ၈၂ချောင်းပါပါတယ်၊ ဒါကြောင့် ဝမ် ၂၈၇၀ ကျပါတယ်” ကျန်းယွင်ကျူးက သူမ၏နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး ပြောပြလိုက်လေသည်။
“ဟုတ်ကဲ့”
နျဲ့ရှင်းက ပြောရင်းဆိုရင် ဝက်အူချောင်းများကို လှည်းပေါ်သို့ အလွယ်တကူတင်လိုက်တော့သည်။ ထို့နောက် သူက ငွေတစ်တုံးကို ထုတ်လိုက်ပြီး ကျန်းယွင်ကျူကို ပေးလိုက်လေသည်။
ငွေ၃စပဲ။
“ခဏနော်၊ ကျွန်မ ရှင့်ကို ၁၃၀ ဝမ် ပြန်အမ်းပေးမယ်”
“မလိုပါဘူးခင်ဗျ၊ သူဌေးကို ကျေးဇူးတင်ပါတယ်”
ကျန်းယွင်ကျူး စကားမဆုံးခင်မှာပင် နျဲ့ရှင်းက ထိုသို့ပြောလိုက်ပြီး ခြေရာပင်မကျန်ဘဲ လှည်းတစ်စီးနှင့် ပျောက်ကွယ်သွားတော့သည်။
သူသည် အမှန်ပင် လေပွေလိုရောက်လာပြီး လေပွေလို ပြန်ထွက်သွားခဲ့သည်။ ကျန်းယွင်ကျူးက လက်ထဲက ငွေတုံးကို ကိုင်ရင်း သက်ပြင်းချလိုက်လေသည်။
ထို့နောက် သူမသည် ယန်ရှန့်ဆီသွားပြီး ထိုဝက်အူချောင်းများကို မည်သို့လုပ်ဖို့ စဥ်းစားသလဲဟု မေးလိုက်လေသည်။
ယန်ရှန့်က သူ ပြန်သွားလျှင် သူနှင့်အတူ ယူပြန်သွားမည်ဟု ဆိုသည်။
ကျန်းယွင်ကျူးသည် သူပြောချင်သည့် စကားနောက်ကွယ်က အဓိပ္ပာယ်ကို ကြားလိုက်ရလေသည်။ သူ ပြန်တော့မှာပဲ။
သူမ၏အခန်းထဲသို့ ပြန်လာခဲ့ပြီး ခဏလောက်ထိုင်နေလိုက်စဥ် ကျန်းချိန်က အပြင်မှ ပြန်ရောက်လာခဲ့သည်။ သူက ကျန်းယွင်ကျူးအား ငွေအိတ်ကို ပေးလိုက်လေသည်။
အထဲတွင် သူရှာထားသည့် ငွေ ၃ လျန်ပါသည်။ သူသည် ထိုငွေကို ပြီးခဲ့သည့်အခေါက်က အာမခံဌာနခေါင်းဆောင်လီကို ပေးချင်ခဲ့သည်။ အဖြစ်အပျက်များ ပြီးဆုံးသွားသည့်နောက် အာမခံဌာနခေါင်းဆောင်လီက ထိုငွေကို လုံးဝမလိုချင်တော့ပေ။ ထို့ကြောင့် သူက ငွေကို ကျန်းယွင်ကျူးအား ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။
“အဖေ ဒါက အဖေကိုယ်တိုင် ရှာထားတာလေ၊ သိမ်းထားလိုက်ပါ”
ကျန်းယွင်ကျူးက မလိုချင်ပါ။
“ စီရင်စုမြို့မှာ လုပ်ငန်း သွားလုပ်ချင်တယ်မလား၊ ပြီးတော့ လားနဲ့လှည်းအတွက် သုံးထားတဲ့ ငွေအရင်းအနှီးကလည်း သမီးရဲ့ငွေလေ....” ကျန်းချိန်က ပြောလိုက်၏။
“အဖေ....”
“အင်းပါ အခု ဒီအကြောင်း မပြောကြရအောင်၊ ဒါပေမဲ့ ဒီငွေတွေကိုတော့ သမီးကိုပဲ ပေးရမယ်၊ နောက်တစ်ခါ ငွေရှာနိုင်တဲ့အချိန် ဒီငွေတွေကို အဖေသိမ်းထားလိုက်မယ်” ကျန်းချိန်က ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
ကျန်းယွင်ကျူး : အဲလိုဆိုတော့လည်း ဟုတ်ပါပြီ။ အခုလောလောဆယ်တော့ လက်ခံထားလိုက်ပါမယ်။
ဒီနေ့က ဘယ်လိုမင်္ဂလာနဲ့ ပြည့်စုံတဲ့နေ့လဲဟင်။ အရင်ဆုံး ငွေ ၃လျန် ရှာနိုင်ခဲ့တယ်။ နောက်ပြီး နောက်ထပ် ၃ လျန် ထပ်ရခဲ့တယ်။ ပေါင်းလိုက်ရင် ၆လျန်။ ကျန်းယွင်ကျူးသည် စီရင်စုသို့သွားပြီး လုပ်ငန်းလုပ်ချင်သည့်ကိစ္စကို ပြန်စဥ်းစားလိုက်လေသည်။ အစတုန်းကတော့ သူမမှာ ငွေအရင်းနှီးမရှိသေးလို့ စိတ်ကူးသက်သက်ပဲ ဖြစ်နေခဲ့တာ။ အခုတော့ သူမက သေသေချာချာ စီစဥ်နိုင်တော့မှာပဲ။
နောက်နှစ်အစမှာ လုပ်ငန်းကို စလုပ်နိုင်ရင် အကောင်းဆုံးပဲ။ ဒီလိုဆိုရင် ကျန်းလင်နဲ့ကလေးတွေ ကျောင်းတက်ဖို့လည်း အဆင်ပြေသွားလိမ့်မယ်။
စီရင်စုမြို့မှ သူမဖွင့်ချင်တဲ့ ဆိုင်က တစ်နှစ်ငှားခ အနည်းဆုံး ၂၀လျန်လောက် ရှိမယ်။ ကျန်းလင်နဲ့ ကျန်းဝူတို့ရဲ့ကျောင်းလခကိုလည်း ပြင်ဆင်ထားဖို့လိုတယ်။ အခု သူမမှာ ၆လျန် အပြင် နဂိုက စုထားတဲ့ ၅လျန်ရှိသည်။ ဒါဆို ၁၁ လျန်။ အခုချိန်ကစပြီး နှစ်သစ်ကူးတဲ့အထိဆိုရင် ထမင်းဘူးအလုပ်ကနေ ၁၅လျန်လောက် ရှာနိုင်လိမ့်မယ်။ ဒါဆို ၂၆လျန်။
၁၄လျန် လောက်လိုသေးတယ်။
ဒီငွေကို သူမ ဘယ်မှာ ရှာလို့ရနိုင်မလဲ။ ကျန်းယွင်ကျူးက ထိုအကြောင်းကို စဥ်းစားလိုက်လေသည်။ ရုတ်တရက် သူမသည် စိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။ ရှမင်းဆက်က လူများသည် နှစ်သစ်ကူးတွင် ၅ရက်နေ့မှ ၁၅ရက်နေ့အထိ ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်တတ်သည့် အလေ့အထ ရှိသည်။ အထူးသဖြင့် ၁၅ရက်နေ့ မီးပုံးပွဲတော်နေ့တွင် ဖြစ်သည်။ အားလုံးနီးပါးက ဘုရားကျောင်းသို့ ကြာသည်။
ဒါက လမ်းဘေးဆိုင်လေးတစ်ခု ဖွင့်ပြီး ငွေရှာလို့ရမဲ့ အခွင့်အရေးကောင်းတစ်ခုပဲမလား။
ရောင်းမဲ့ဟာကိုတော့ စဥ်းစားစရာမလိုပါဘူး။ လူတွေက ဗိုက်ဆာလာရင် ဘယ်သူကများ အကင်နံ့ကို လွန်နိုင်လို့လဲ။
ဒါဆို နောက်ဆုံးမေးခွန်းက - စီရင်စုမြို့မှာ ရောင်းမှာလား ဒါမှမဟုတ် လုပြည်နယ် စီရင်စုမြို့မှာ ရောင်းမှာလား။
စီရင်စုမြို့လေးက နီးပြီး လုပ်ရကိုင်ရလွယ်တယ်။ ဒါပေမဲ့ လူဦးရေနဲ့ ချမ်းသာတဲ့လူဦးရေကျတော့ လုမြို့ကို မမီဘူး။ လုမြို့ကို သွားမယ်ဆိုရင် ခရီးရှည်ပြီး အလုပ်တော်တော်ရှုပ်မဲ့ခရီးပဲ။
တခြားသူသာဆိုရင် လုမြို့ကို သွားဖို့ သေချာပေါက်စဥ်းစားမှာမဟုတ်ဘူး။ နောက်ဆုံး သူတို့တွေက နေရာနဲ့လည်း မရင်းနှီးဘူးလေ။
ဒါပေမဲ့ ကျန်းယွင်ကျူးက ရင်းနှီးပါတယ်။ သူမက အိပ်မက်ထဲမှာ လုမြို့မှာ ခုနှစ်နှစ်လောက် နေလာခဲ့တာပဲ။ သူမက စီရင်မြို့ထက်တောင် လုမြို့အကြောင်း ပိုသိသေးတယ်။
စီရင်စုမြို့ကို သွားရင် လုံခြုံပေမဲ့ ဒီလောက်ငွေအများကြီးကို ရှာနိုင်ချင်မှာ ရှာနိုင်မှာ။ လုမြို့ကိုသွားရင်တော့ စိန်ခေါ်မှုတစ်ခုပဲ။ ဒါပေမဲ့ စွန့်စားမှုကြီးလေ ဆုလာဘ်ကလည်း ပိုကြီးလေပဲ။
ကျန်းယွင်ကျူးသည် မျက်မှောင်ကျုံ့ရင်း စဥ်းစားနေမိသည်။
...
အပိုင်း (၅၀) (ခ)
“ အဲလောက်တောက် စိတ်နှစ်ပြီးတော့ ဘာတွေစဥ်းစားနေတာလဲ”
အမျိုးသမီးချန်သည် အခန်းထဲရုတ်တရက်ဝင်လာပြီး မှတ်ချက်ပေးလေသည်။
ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး
“ဘာမှမဟုတ်ပါဘူး”
သို့သော် အမျိုးသမီးချန်က သူမဆီ လျှောက်လာခဲ့သည်။ သူမ၏ စိတ်လှုပ်ရှားနေဟန်ကို ဖုံးကွယ်မထားနိုင်ဘဲ သူမက မေးလိုက်လေသည်။
“ အမေ ခုနက ဘယ်သူနဲ့ တွေ့ခဲ့လဲ သိလား”
“ဘယ်သူနဲ့လဲ”
ကျန်းယွင်ကျူးက သူမကို လိုက်ပြောပေးလိုက်၏။
“ အဒေါ်ဖုန်းရဲ့ ဒုတိယချွေးမနဲ့လေ”
အမျိုးသမီးချန်က ပြန်ဖြေလိုက်သည်။
ကျန်းယွင်ကျူးက မျက်ခုံးများကို ပင့်ထားလိုက်၏။ သူတို့တွေ ခဏခဏ တွေ့နေကြတာမလား။
အမျိုးသမီးချန်က ပြုံးလိုက်၏။ ဟုတ်တယ်လေ။ သူမနဲ့တွေ့တာကို အရမ်းပျော်နေတာမဟုတ်ပါဘူး။ သူမပြောလိုက်တဲ့ စကားကြောင့်ရယ်ပါ....
“ တစ်ယောက်ယောက်က သမီးရဲ့သဘောထားကို မေးပေးဖို့ သူ့ကို အလုပ်အပ်ထားတယ်တဲ့”
သူမနဲ့ ဘာဆိုင်သွားတာလဲ။ ကျန်းယွင်ကျူးသည် သူမ ဆက်ပြောမည့်စကားကို စောင့်နေလိုက်လေသည်။
“သမီးအဒေါ်လင်းက သူ့ကို မေးခိုင်းလိုက်တယ်တဲ့၊ သမီးက ယန်ကျိုးကို ဘယ်လိုသဘောရလဲတဲ့”
သည်အချိန်တွင် အမျိုးသမီးချန်သည် တခစ်ခစ်ရယ်မော မိတော့မတတ်ပင်။ အမျိုးသမီးလင်းရဲ့ စကားကို ဒီထက်ပိုပြီး မရှင်းလင်းတော့ဘူးမလား။ ကျန်းယွင်ကျူးသာ ခေါင်းညိတ်ရင် အောင်သွယ်တော်က လက်ထပ်ဖို့ လာတောင်းရမ်းလိမ့်မယ်ထင်တယ်။
ကုယန်ကျိုးက ချောမောပြီး အနာဂတ်ကလည်း တောက်ပေနတာပဲ။ အမျိုးသမီးချန်ကတော့ ဒီလိုသားမက်မျိုး တစ်ယောက်လောက် ရဖို့ တခါမှ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။
ကျန်းယွင်ကျူးက ပါးနပ်ပြီး လှပတယ်။
အမျိုးသမီးချန်၏ စိတ်သည် ဂုဏ်ယူမှုအပြည့်ဖြစ်နေတော့သည်။ ခဏအကြာတွင် သူတို့နှစ်ယောက်က ကောင်းကင်ဘုံမှ စုံမက်ပေးသည့် တကယ်စုံတွဲတစ်ခု ဖြစ်သည်ဟု ခံစားမိလိုက်သည်။ သည်လောက်ကောင်းသည့် လက်ထပ်ပွဲတစ်ခု နောက်တစ်ခါ ရှိလာမည်မဟုတ်တော့ပေ။
ကျန်းယွင်ကျူးက မှင်တက်အံ့ဩသွားတော့သည်။ သူမက အမျိုးသမီးချန် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်။ ဒါပေမဲ့ ကုယန်ကျိုးတဲ့လား။
“အမေ ထားလိုက်ပါ” သူမက ပြန်ပြောလိုက်၏။
“အမေ့ အထင်တော့...”
အမျိုးသမီးချန်သည် ရတ်တရက် ရပ်လိုက်ပြီး ကျန်းယွင်ကျူးကို တအံ့တဩနှင့် ကြည့်လိုက်လေသည်။
“သမီး လက်မထပ်ချင်သေးဘူး” ကျန်းယွင်ကျူးက ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။
အမျိုးသမီးချန်မှာ စိတ်ပူလာတော့သည်။
“ သမီး ဒီကိစ္စပြောဖို့ အရမ်းရှက်နေလို့လား၊ ဒါမှမဟုတ် လက်ထပ်ပြီးရင် ဖြစ်လာမဲ့ကိစ္စတွေအတွက် စိုးရိမ်နေလို့လား”
သူမက မိန်းကလေးလေ။ ဒီလိုကိစ္စတွေနဲ့ အမြဲတမ်း ပူပန်နေရမှာပဲ။
ကျန်းယွင်ကျူးက ခေါင်းခါပြလိုက်လေသည်။
“ ဒါဆို ဘာလို့လဲ.... ယန်ကျိုးက တကယ့်ကို ပြစ်ချက်လုံးဝ မရှိတဲ့သူပါ”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒါက သမီး သူ့ကို လက်ထပ်ချင်ပါတယ်လို့ သဘောမသက်ရောက်ဘူးလေ”
“ဘာလို့လဲ” အမျိုးသမီးချန်သည် လုံးဝမစဥ်းစားတတ်တော့ပေ။
“သမီး သူ့အပေါ်မှာ ခံစားချက် မရှိဘူး၊ ဘယ်လိုလုပ်ပြီး သူ့ကို လက်ထပ်နိုင်မှာလဲ”
“ ခံစားချက်ကို ဖြည်းဖြည်းချင်း လုပ်ယူလို့ရပါတယ်၊ သူ သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာကပဲ ရှားပါးတဲ့ကိစ္စဖြစ်နေပြီ၊ ပြီးတော့ စာမေးကြီးကလည်း နောက်နှစ်ဆို ကျင်းပတော့မယ်၊ သူက စာမေးပွဲအောင်ပြီး ရာထူးတောင် ဝင်နိုင်တယ်လို့ အမေကြားထားတယ်၊ သူသာ ကျွီရန်တစ်ယောက် ဖြစ်လာခဲ့ရင် သမီးလည်း ကျွီရန်ကတော် ဖြစ်လာလိမ့်မယ်၊ သူသာ စာမေးပွဲအောင်သွားရင်....”
အမျိုးသမီးချန်သည် ထိုစကားကို မပြောရဲတော့ပေ။ ကုယန်ကျိူးသာ စာမေးပွဲတွင် ပထမအဆင့် အောင်သည့် ပညာရှင်ခဲ့လျှင် ကျန်းယွင်ကျူးကလည်း ပထမအဆင့်ပညာရှင် ကတော်ဖြစ်လာလိမ့်မည်။
ဒါဆိုရင် ဒီလောကမှာ မိန်းကလေးဘယ်လောက်တောင်ကများ သူမကို အားကျနေကြမလဲ။
“ သမီး တစ်နေကုန် ချက်ပြုတ်ပြီး အစားအသောက်ရောင်းတာထက်စာရင် ပိုကောင်းတယ်မလား”
ဒါက ကောင်းကင်ပေါ်ကို တစ်လှမ်းထဲနဲ့ ရောက်နိုင်မဲ့အခွင့်အရေးလေ။ လုံးဝကို ပြန်လည်မွေးဖွားခြင်းတစ်ခု။
ကျန်းယွင်ကျူး၏ မျက်နှာထားက လေးနက်နေလေသည်။ သူမသာ နယ်စားအိမ်တံခါးကို ဝင်ချင်ရင် အရင်ကတည်း တုတ်ချောင်းအတိုကို လုယူခဲ့ပြီး နယ်စားမိသားစုရဲ့ သခင်မငယ်ဖြစ်လာမဲ့ ပိုမြန်တဲ့နည်းလမ်းတွေ ရှိခဲ့သားပဲ။
ဒါပေမဲ့ ဘာအသုံးဝင်မှာမလို့လဲ။
ဟုတ်ပါတယ်။ ကုယန်ကျိုးက လင်ထင်အန်းထက် ပိုအားကောင်းချင် ကောင်းလိမ့်မယ်။ ဒါပေမဲ့ အရာရှိလောကထဲ ရောက်သွားပြီးမှ သူ မပြောင်းလဲပါဘူးလို့ ဘယ်သူက အာမခံလို့လဲ။
အိပ်မက်ထဲက ကုယန်ကျိူးက လက်ရှိကုယန်ကျိုး မဟုတ်တော့တာ သူမ မှတ်မိနေသေးတယ်။
တစ်ထစ်လျှော့ပြီး သူ မပြောင်းလဲဘူးဆိုရင်တောင် အတက်အကျဖြစ်နေတဲ့ အရာရှိလောကဆိုတာ ပင်ပန်းလှပါတယ်။
ကုယန်ကျိုးကို လက်ထပ်လိုက်တာက သူမရဲ့လက်ရှိပြဿနာတချို့ကို ဖြေရှင်းပေးနိုင်ပေမဲ့ ပိုကြီးမားတဲ့ ပြဿနာတွေလည်း ပါလာမှာလေ။
အဲဒီအစား သူမက ကိုယ့်ကိုယ်ပိုင်ဘဝလေးကိုပဲ တစ်ဆင့်ချင်း လျှောက်တာက ပိုကောင်းပါတယ်။ ဒါက အန္တရာယ်အကင်းဆုံး နည်းလမ်းပဲ။
“အမေကတော့ ချက်ပြုတ်တာကို ပင်ပန်းတယ်လို့ထင်ပေမဲ့ သမီးကတော့ ချက်ပြုတ်ရတာကို သဘောကျတယ်လေ၊ သမီးလိုချင်တာကလည်း ဂုဏ်ကျက်သရေနဲ့ ချမ်းသာကြွယ်ဝတာတွေ လုံးဝ မဟုတ်ဘူး။
အာဏာဆိုတာ စွဲမက်စရာကောင်းပါတယ် ဒါပေမဲ့ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပြန်ပေးရမှာပဲ၊ မဟုတ်ရင် ဘာမှမကျန်တော့တဲ့အထိ တခြားလူတွေ ဝါးမျိုတာကိုပဲ ခံရလိမ့်မယ်”
ဒါကို ကျန်းယွင်ကျူးက အရမ်းကို ရင်းနှီးပြီးသားလေ။ အိပ်မက်ထဲမှာ သူမက ဦးနှောက်ကို အမြဲတမ်း အလုပ်ပေးပြီး လျှောက်တဲ့ခြေလှမ်းတိုင်းကို ဂရုစိုက်ခဲ့ရတာ။
အခုတော့
“ သမီးက စားသောက်ဆိုင်လေးတစ်ခု ဖွင့်ပြီး သမီးရဲ့နေ့ရက်တွေကို အေးအေးချမ်းချမ်းပဲ ကုန်ဆုံးချင်တယ်”
အမျိုးသမီးချန်သည် နားလည်သလိုလို နားမလည်သလိုလို ရှိနေလေသည်။ သူမက ကျန်းယွင်ကျူးကို ငေးကြောင်ကြောင်နှင့် ကြည့်နေမိသည်။
အခန်းအပြင်ဘက်တွင် ရှန်ဖုန်းမင်က ထိုနေရာတွင် ငေးငိုင်ကာ ရပ်နေလေသည်။ သူသည် သူ့လက်ထဲက ခဏကြာသည်အထိ ကျောက်စိမ်းဖြူဆံထိုးကို တင်းနေအောင် ဆုပ်ထားလိုက်သည်။ သူကိုယ်တိုင် ထွင်းထားသည့် ဆံထိုးဖြစ်ပြီး ရွှေစထောင်ချီ တန်ဖိုးရှိလေသည်။
ဘာအသုံးဝင်တော့မှာလဲ။
အခန်းထဲကလူက နည်းနည်းလေးပဲ လိုချင်ပေမဲ့ သူကတော့ ဒါကို မပေးနိုင်ခဲ့ဘူး။
နောက်တစ်နေ့တွင် ရှန်ဖုန်းမင်သည် ယန်ရှန့်နှင့် ပြန်သွားတော့သည်။ သူသည် အနက်ရောင်ဝတ်စုံကို ဝတ်ထားဆဲ။ ဓားတစ်ချောင်းကို အေးစက်နေလေသည်။
တတိယမြောက်နေ့တွင် အဘိုးဝူသည် ကျန်းယွင်ကျူးနှင့် သွားတွေ့ပြီး သူမကို ရွှေ၁၂လျန်တန် ရွှေတစ်တုံးကို ပေးလိုက်လေသည်။
“ မင်းအတွက်ပါ၊ ငါ့နေ့စဥ်စားသောက်စားရိတ်လို့ မှတ်လိုက်”
အာမခံဌာနခေါင်းဆောင်လီထံမှ ရခဲ့သည့် ရွှေနှစ်တုံးထဲက တစ်တုံးကို ကျန်းယွင်ကျူးအား ပေးလိုက်လေသည်။ ကျန်တစ်တုံးကိုတော့ ခရီးစရိတ်အဖြစ် သုံးရမည်။
ကျန်းယွင်ကျူးက ရွှေတုံးကို လက်မခံလိုက်ပေ။ ထိုအစား သူမက ပြောလိုက်လေသည်။
“ဒါဆို ကျွန်မက အဘိုးကို လျန်ငွေ၁၀၀ ပေးရမှာပေါ့နော်”
သူမ ချက်ပြုတ်ခဲ့သည့် အစားအသောက်များက လျန်ငွေ ၁၀၀ တန်သည်။ အဘိုးကြီးဝူ၏ ကုသစားရိတ်က လျန်ငွေ၂၀၀ ကျသည်။ သည်လိုဆိုလျှင် ကျန်းယွင်ကျူးက အဘိုးကြီးဝူကို နောက်ထက်လျန်ငွေ ၁၀၀ ပေးရပေမည်။
“ကျွန်မက အခုလောလော အဲလောက်ငွေအများကြီး မရှိသေးဘူးရှင့်” ကျန်းယွင်ကျူးက နုံးချိစွာ ပြောလိုက်လေသည်။
အဘိုးကြီးဝူက အော်ရယ်လိုက်ပြီး
“ မင်းကတော့လေ၊ မင်း ငါနဲ့အတူတူ ဆေးပညာကို တကယ်မသင်ချင်ဘူးလား၊ ဒါမှမဟုတ် ငါနဲ့အတူတူ လိုက်ခဲ့ဖို့လေ”
သူက မေးလိုက်၏။ သူသည် သူမကို အမှန်ပင် ချစ်ခင်လေသည်။ သူမက တခြားသူတွေထက် ကိစ္စကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်တယ်လေ။
“ အဘိုးက ထွက်သွားတော့မလို့လား”
ကျန်းယွင်ကျူးက အံ့ဩသွားတော့သည်။
“ငါ သွားရမယ်”
အဘိုးကြီးဝူသည် ကျန်းအိမ်တွင် ရက်နည်းနည်းလောက် ထပ်နေချင်ခဲ့သည်။ အဓိကအကြောင်းအရင်းမှာ ကျန်းယွင်ကျူး၏အစားအသောက်များကို မခွဲချင်သောကြောင့်ပင်။ သို့သော် သည်ရက်ပိုင်းတွင် သမားတော်ကျင်းက မနေနိုင်တော့ဘဲ သည်နေရာကို အပြေး ရောက်လာခဲ့လေသည်။ သည်လောကတွင် တားဆီးလို့ရသည့်အရာက မရှိပေ။ ရက်အနည်းငယ်အတွင်း လူတွေက သူ့ကို လာရှာကြတော့မည်ဟု သိနေလေသည်။
သူသည် ဘာကိုမှ မကြောက်ပေ။ သို့သော် ကျန်းယွင်ကျူးကတော့ မတူပေ။ သူသည် သူမ၏ လက်ရှိ အေးချမ်းနေသည့်ဘဝကို အနှောင့်အယှက်မဖြစ်စေချင်ပေ။
အဘိုးကြီးဝူက နာမည်ဂုဏ်သတင်းကျော်ကြားမှုနှင့် သက်ဆိုင်သူဟု ဆိုနိုင်လေသည်။
ကျန်းယွင်ကျူးက နားလည်လိုက်သည်။ သူမက ထိုသို့သာ ပြောလိုက်နိုင်တော့သည်။
“ဂရုစိုက်ပါနော်၊ အဘိုး ကျွန်မရဲ့လက်ရာကို စားချင်ရင် အချိန်မရွေးပြန်လာခဲ့ပါ”
အဘိုးကြီးက သူ့ကို လေးလေးနက်နက်ဖြင့် ကြည့်လိုက်ပြီး ပြုံးပြလိုက်လေသည်။
ဝမ်းသာဖို့ကောင်းလိုက်တာ။ နောက်ဆိုရင် သူ့မှာ ပြန်စရာအိမ်ရှိသွားပြီ။
အဘိုးကြီးဝူသည် အမြဲတမ်း လုပ်ချင်ရာ လုပ်တတ်သူ ဖြစ်လေရာ သူသည် ကျန်းမိသားစုထံမှာ ချက်ချင်း ထွက်သွားလိုက်တော့သည်။
ရောက်လာတုန်းကတော့ ဆန္ဒမပါခဲ့ချေ။ သို့သော် ပြန်ထွက်သွားတော့လည်း သူ့နှလုံးသားက ချည်နှောင်ခံလိုက်ရလေသည်။
ရှန်ဖုန်းမင်က ယန်ရှန်နှင့် ပြန်သွားသည်။ အခုတော့ အဘိုးကြီးဝူကပင် ထွက်သွားပြန်သည်။ ရုတ်တရက်ဆိုသလို ကြီးမားလှသည့်ခြံဝင်းကြီးသည် များစွာ ခြောက်ကပ်သွားတော့သည်။ အမျိုးသမီးချန်နှင့် မိသားစုများက အလွန်မှ အသားမကျနိုင်အောင် ခံစားလိုက်ရတော့သည်။
ကျန်းယွင်ကျူးကတော့ ထိုသို့မတွေးချေ။ သူမတွင် ကိုယ်ပိုင်ဘဝရှိလေသည်။
ထို့ကြောင့် သူမသည် စပြီး အလုပ်များလာတော့သည်။ နှစ်သစ်ကူးရောက်ရန် တစ်လသာလိုတော့သည်။ သူမသည် တချို့ကိစ္စများကို မြန်မြန်ပြင်ဆင်ရတော့မည်။
သူမသည် နှစ်သစ်ကူးကာလတွင် လုမြို့သို့သွားကာ လမ်းဘေးဆိုင်လေးတစ်ခု ဖွင့်ပြီး ငွေမြန်မြန်ရှာဖို့ ဆုံးဖြတ်လိုက်လေတော့သည်။
...
အပိုင်း (၅၁)
ထင်ထားသည့်အတိုင်းပင် သမားတော်ကျင်းသည် နှစ်ရက်ကြာပြီးနောက် လက်ဆောင်ပစ္စည်းတချို့နှင့် ကျန်းအိမ်သို့ ရောက်လာခဲ့သည်။ နတ်ဆေးသမားတော်ဝူက ထွက်သွားပြီဖြစ်သည့်အကြောင်း သိလိုက်ရသောအခါ စိတ်ပျက်မှုကြီးစွာနှင့် ထိုနေရာတွင် ရပ်နေမိလေသည်။ သို့သော် မကြာလိုက်ပေ။ သူသည် တစ်ဖန် ဝမ်းသာသွားပြန်သည်။ နတ်ဆေးသမားတော်ဝူနဲ့ ဆုံတွေ့ခဲ့ရတာက သူ့အတွက် ကြီးမားတဲ့ဆုလာဘ်တစ်ခု ဖြစ်ပြီးသားပဲလေ။ သူက ဘယ်လိုလုပ်ပြီး အများကြီး မျှော်လင့်ထားလို့ရမှာလဲ။
သူသည် ပြန်ထွက်သွားတော့သည်။
နေ့ရက်များက ၁၂လပိုင်း ၂၅ရက်နေ့သို့ မြန်မြန်ကြီး ရောက်လာခဲ့သည်။ သည်နေ့ကစပြီး မိုင်းတွင်းသည် အားလပ်ရက် စတင်ပြီး ၁လပိုင်း ၁၇ရက်နေ့အထိ အလုပ်ပြန်ဆင်းရအုံးမည် မဟုတ်ပေ။
စည်ကားနေတတ်သည့် ဝူလင်မိုင်းတွင်းသည် ရုတ်တရက်ဆိုသလို တစပြင်လို ဖြစ်သွားတော့သည်။ သည်အခွင့်အရေးကို ယူပြီး ကျန်းယွင်ကျူးက ဆိုင်ကိုပိတ်လိုက်ကာ ဆိုင်ပြန်ဖွင့်မည့် ၁လပိုင်း ၁၇ရက်နေ့အထိ စောင့်လိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။
သည်အချိန်အတွင် သူမက လုမြို့သို့ သွားပြီး လမ်းဘေးဆိုင်လေးဖွင့်ဖို့ရန် ပြင်ဆင်စရာများအာလုံးကို ပြင်ဆင်လိုက်ပြီး နှစ်သစ်ကူးပြီးလျှင် စလုပ်ရမည်။
ကျန်းမိသားစုသည် ရုတ်တရက်ကြီး အလုပ်အားသွားသည်ကို အနည်းငယ် နေသားမကျသလို ဖြစ်နေလေသည်။ ထို့ကြောင့် သူတို့သည် နှစ်သစ်ကူးအတွက် ပြင်ဆင်ရန်နှင့် နှစ်သစ်ကူးပစ္စည်းများကို သွားရောက်ဝယ်ခြမ်းလိုက်ကြသည်။
ဒါသည သူတို့တွေ ဝူလင်မြို့တွင် နေထိုင်သည့် ပထမဆုံးနှစ်ဖြစ်လေသည်။ အိမ်၏လူနေမှုက ပေါများကြွယ်ဝလာသည်။ ထို့ကြောင့် သူတို့သည် ပြင်ဆင်မှုကောင်းများ လုပ်မည်ကိုတော့ ပြောရန်ပင် မလိုချေ။
အားလုံးက အဝတ်အစားသစ်တစ်စုံစီ ဝယ်လိုက်ကြသည်။ ကျန်းယွင်ကျူးတွင်တော့ အမျိုးသမီးလျိုထံမှ အဝတ်အစားများ ရထားပြီးဖြစ်သည်။ အမျိုးသမီးချန်က သူမအတွက် ဆံထိုးတစ်စုံ ဝယ်ပေးလိုက်သည်။ ဆံထိုးများမှာ ငွေဆံထိုးများဖြစ်သော်လည်း လက်ရာမြောက်လှသည်။ ငွေဆံထိုးလေးတစ်ခုစီတွင် ပုလဲတစ်ခြမ်းကို ထည့်သွင်းထားလေသည်။ အလွန်မှ လှပလေသည်။
“ ဝတ်ကြည့်ပါအုံး၊ ကြည့်ရအောင်” အမျိုးသမီးချန်က တိုက်တွန်းလိုက်၏။
ကျန်းယွင်ကျူးကလည်း သည်ဆံထိုးလေးနှစ်ခုကို သဘောကျသဖြင့် သူမ၏ခေါင်းတွင် ပန်ကြည့်လိုက်သည်။
“လှတယ်”
“တကယ်လှလိုက်တာ”
ကျန်းမိသားစုထံမှ တညီတညွှတ်တည်း ချီးကျူးစကားကို ကြားလိုက်ရလေသည်။ နက်မှောင်လှသည့် ဆံကေသာနှင့် ငွေဆံထိုး။ မိန်းမလှလေးနှင့် ပုလဲများ။ သူတို့သည် အချင်းချင်း ပြီးပြည့်စုံအောင် ထောက်ပံ့ပေးနေကြသည်။ သည်ထက် လိုက်ဖက်သည့်အရာမှာ မရှိနိုင်တော့ပေ။
ဆိုင်ထဲက စျေးဝယ်များနှင့် စာရေးများကပင် ကျန်းယွင်ကျူးကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြလေသည်။ တချို့လူများက သည်လိုဆံထိုးသေးသေးလေးများ ရှိသေးလျှင် သူတို့လည်း ဝယ်ချင်သည်ဟု မေးကြသည်။ တချို့က အားကျမှုအပြည့် ဖြစ်နေကြလေသည်။
ကျန်းမိသားစု ဆိုင်ထဲက ပျော်ပျော်ရွှင်ရွှင် ထွက်လာကြပြီး နောက်တစ်ဆိုင်သို့ သွားလိုက်ကြသည်။
ဝယ်ရင်း ဝယ်ရင်း ဝယ်ရင်းပင်။ ၁၂လပိုင်း ၂၈ရက်နေ့ရောက်မှ နောက်တစ်ဖန်နှင်းများ ထူထဲစွာ ကျလာချိန်မှ ကျန်းမိသားစုသည် အဝယ်ရပ်တော့သည်။
အမျိုးသမီးချန်က အိမ်သန့်ရှင်းရေး လုပ်ပြီး အလုပ်များနေသည်။ အမိုးများကို သန့်ရှင်းနေအောင် လှည်းကျင်းရမည်။ ပရိဘောဂများကိုလည်း အစွန်းထင်းမရှိအောင် သုတ်ရသည်။ တံခါးကိုပင် နှစ်သစ်ကူးနေ့တွင် အမြင်ဟောင်းကို ပြောင်းလဲဖို့ရာ နှစ်သစ်ကူးစာလုံးနီတစ်စုံကပ်ရန် သန့်ရှင်းနေအောင် တိုက်ချွတ်ထားလေသည်။
ကျန်းချိန်နှင့် အဘိုးချန်တို့က သည်အခွင့်အရေးတွင် အိမ်ရှိ ကျိုးပဲ့နေသည့် ပစ္စည်းများကို ပြန်ပြင်ကြသည်။ ခြေထောက်ကျိုးနေသည့် ကုလားထိုင်များ၊ ပဲ့နေသည့် အမှိုက်ကော်များ စသည်တို့ကို ပြန်ပြင်လိုက်ပြီး နောက်သုံးနှစ်လောက်သုံးနိုင်အောင် ပြင်ထားလိုက်သည်။
၂၈ရက်နောက်ပိုင်းသည် နှစ်သစ်ကူးဖြစ်လေသည်။ နှစ်သစ်ကူးနေ့တွင် မိသားစုတစ်ခုလုံးက အဝတ်အစားသစ်များ ဝတ်ထားကြပြီး နှစ်သစ်ကူးစာလုံးနီများကို ကပ်လိုက်ကြသည်။ မီးရှူးမီးပန်းများ ဖောက်လိုက်ကြပြီးနောက် နေ့ရက်များသည် တိုးတက်ကြီးပွားလာလိမ့်မည်။
ဓလေ့ထုံးတမ်းအစဥ်အလာအရ နေ့လယ်ခင်းတွင် အရသာရှိသည့် အစားအသောက်ကို စားပွဲအပြည့် ပြင်ဆင်ရသည်။ ကျန်းယွင်ကျူးက ချက်ပြုတ်ချင်သော်လည်း အမျိုးသမီးချန်က သူမကို တားထားလေသည်။ ပုံမှန်ဆိုရင် သူမက ချက်ပြုတ်ပေးတဲ့သူလေ။ ဒီနေ့က နှစ်သစ်ကူးနေ့ဆိုတော့ သူမက အနားယူသင့်တာပေါ့။
အမျိုးသမီးချန်က သူမ၏ အချက်အပြုတ်လက်ရာက ကျန်းယွင်ကျူးလောက် မကောင်းဘူးဟု ခံစားမိသည်။ သို့သော် နှစ်ပေါင်းများစွာ မိသားစုဝင်တိုင်းက သူမချက်ပြုတ်ပေးသည်ကို စားသောက်ခဲ့ကြသည် မဟုတ်ပါလား။
အမှန်တွင်တော့ အမျိူးသမီးချန်၏ အချက်အပြုတ်လက်ရာက ရွာထဲတွင် အထက်တန်း အလယ်အလတ်အဆင့် ရှိသည်ဟု မှတ်ယူလိုက်ပေသည်။ အရသာအားလုံး မစုံသော်လည်း အိမ်ချက်အစားအသောက်က အရသာရှိလှသည်။
“ဟုတ်ကဲ့၊ အမေ့ကိုပဲ အလုပ်များစေမိတော့မယ်”
ကျန်းယွင်ကျူးက သူမ၏စေတနာကို လက်ခံလိုက်ပြီး နေ့လယ်စာအတွက် စောင့်နေလိုက်လေသည်။
အမျိုးသမီးခန်က စိတ်ထဲတွင် ဝမ်းသာသွားလေသည်။ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် သူမ၏လက်နှင့် ခြေထောက်များက ချက်ပြုတ်ချိန်တွင် လေလို ရွေ့လျားနေလေသည်။
အချိန်တိုအတွင်းတွင် စားပွဲအပြည့် အစားအသောက်များ အသင့်ဖြစ်သွားတော့သည်။ အလယ်တွင် နှစ်တိုင်း ပေါများကြွယ်ဝစေရန်အတွင် နီရဲနေအောင် ကင်ထားသည့် ငါးတစ်ပိုင်းရှိသည်။ သူ့ဘေးတွင် ကြက်သား၊ ဝက်လက်၊ အသားစဥ်းကော စသည်တို့ ပါရှိသည်။ အရင်ကဆိုလျှင် နှစ်သစ်ကူးကာလအတွင်း သည်လိုဟင်းများထဲက တစ်ခုစားနိုင်လျှင်ပင် ကံကောင်းလေသည်။ သည်နှစ်တွင်တော့ သူတို့သည် အားလုံးကို စားသောက်နိုင်ခဲ့သည်။
အားလုံးက စားရင်း စကားပြောရင်း ရယ်မောနေကြလေသည်။ မျက်စိတစ်မှိတ်အတွင်း ညနေခင်း ရောက်လာတော့သည်။
မိသားစုတစ်ခုလုံးက ဖက်ထုပ်လုပ်ဖို့ ဝိုင်းထိုင်လိုက်ကြသည်။ ကျန်းချိန်က ဖက်ထုပ်ရွက်လိပ်ပေးသည်။ ပြောရမည်ဆိုလျှင် ဖက်ထုပ်ရွက်လုပ်တတ်သည့် သူ့စကေးက အလွန်မြင့်လေသည်။ သူက ဖက်ထုပ်ရွက်ကို မြန်မြန်ဆန်ဆန်နှင့် ကောင်းကောင်းမွန်မွန်ဖြစ်အောင် လိပ်ပေးလိုက်သည်။ သူ့တစ်ယောက်တည်း ဖက်ထုပ်ရွက် လုပ်တာနှင့်ပင် အားလုံးအတွက် ဖက်ထုပ်ထုပ်ဖို့ လုံလောက်လေသည်။
“နောက်ဆို ငါတို့တွေ အိမ်မှာ ဖက်ထုပ်လုပ်ရောင်းရင် လူငှားစရာမလိုတော့ဘူး” အဘိုးချန်က ရယ်စရာ ပြောလိုက်သည်။
သည်နေ့တွင် သူ့မျက်နှာပေါ်က အပြုံးသည် လုံးဝ ပျောက်မသွားချေ။ ပြီးခဲ့သည့် နှစ်သစ်ကူးကဆိုလျှင် အမျိုးသမီးချန်နှင့် ကျန်းချိန်တို့က သူတို့နှင့် လာနေဖို့ ခေါ်သော်လည်း သခင်မကြီးကျန်းက ရွာနှင့် သိပ်မဝေးလှသည့်နေရာတွင် နေပြီး သူက အမျိုးသမီးချန်တို့မိသားစုနှင့် ရင်းနှီးနေလျှင် သူတို့က သေချာပေါက် အဆူဆဲခံရလိမ့်မည်။ အမျိုးသမီးချန်က အကျင့်သီလ မရှိဟု ဆိုသည်။ မိသားစုကိုပဲ ထောက်ပံ့သည်ဟု ဆိုသည်။ ကျန်းချိန်က မိန်းမရပြီး သူ့အမေကိုပင် မေ့သွားပြီဟု ဆိုပြန်သည်။
နောက်ပိုင်းတွင်း အဘိုးချန်က အမျိုးသမီးချန် မနစ်နာရစေရန် အမျိုးသမီးချန်တို့ အိမ်သို့ မသွားဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ သို့သော် သူသည် တစ်ယောက်တည်းနေသူ ဖြစ်လေရာ နှစ်သစ်ကူး ကျင်းပဖို့ရာ ဘာအကြောင်းရှိပါမည်နည်း။
အခုမှ မိသားစုဝင်တွေ ရှိနေမှ နှစ်သစ်ကူးဖြစ်တာပဲ။
အထူးသဖြင့် ဒီနှစ်ပေါ့။ သူ့မျက်လုံးတွေက ပြန်မြင်နိုင်ပြီ။ သူက တကယ့်ကို အိုမင်းနေပါပြီ။ နေ့ရက်တွေကလည်း ကောင်းပြီးရင်း ကောင်းနေပါရော။
ကျန်းယွင်ကျူးသည် ကျန်းချိန်၏ နည်းလမ်းက ကောင်းသည်ဟု ထင်မိပြီး သူမက မေးလိုက်လေသည်။
“အဖေ သီးသန့်လေ့ကျင့်ထားတာလားဟင်”
ကျန်းချိန်က ရင်ကော့လိုက်လေသည်။ ကျန်းယွင်ကျူးက တစ်ခုခုအတွက် သူ့ကို ချီးကျူးသည်မှာ ရှားပါးလေသည်။ အပြုံးတစ်ခု ပွင့်ဟလာပြီး သူက ပြန်ပြောလိုက်တော့သည်။
“ ဒါက လေ့ကျင့်စရာ လိုသေးလို့လား၊ မင်းအမေနဲ့ နှစ်ခါ သုံးခါလောက်ပဲ အပြင်ထွက်လိုက် လုပ်နိုင်သွားလိမ့်မယ်၊ မဟုတ်ဘူးလား”
သူ့စကားကို သက်သေပြရန်အလို့ငှာ သူက အမျိုးသမီးချန်ကို မေးလိုက်လေသည်။
အမျိုးသမီးချန်က သူမ၏အပြုံးကို ဖိနှိပ်ထားလိုက်ပြီး
“ မလေ့ကျင့်နဲ့၊ တစ်ခါနှစ်ခါလောက်ပဲ လေ့လာကြည့်လိုက်”
တစ်မိသားစုလုံးက ချက်ချင်း အော်ရယ်ကြတော့သည်။
ညနေခင်းတွင် သူတို့သည် ဖက်ထုပ်ကို သိုးသားနှင့် မုန်လာထုပ်တို့ကို အစာထည့်လိုက်သည်။ ဖက်ထုပ်ပေါင်းများကို စားပွဲပေါ်တွင် တင်ထားသည်။ ချက်ချင်းဆိုသလိုပင် ပျော်ရွှင်မှုအရသာတစ်ခုကို ပေးစွမ်းနေတော့သည်။
သို့သော်ငြား သည်အချိန်တွင် မြို့တော်က ရှန်အိမ်တော်တွင်တော့ နောက်မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။
တော်ဝင်ပညာရှင်ရှန်နှင့် မင်းသမီးတန့်ယန်းတို့သည် အပေါ်ဘက်တွင် ထိုင်နေသည်။ ရှန်ဖုန်းမင်က တော်ဝင်ပညာရှင်ရှန်ဘေးတွင် ထိုင်နေသည်။ မရေတွက်နိုင်သည့် အရသာစုံဟင်းအမယ်များကို စားပွဲပေါ်တွင် ခင်းကျင်းထားလေသည်။ သူတို့သုံးယောက်သည် ငြိမ်သက်စွာ စားသောက်နေကြလေသည်။ မည်သူကမှ စကားမပြောကြချေ။ နှစ်သစ်ကူး၏ အသက်ဝင်လှသည့် အငွေ့အသက် လုံးဝရှိမနေချေ။
မင်းသမီးတန့်ယန်းက ဖက်ထုပ်ကို နောက်တစ်ကိုက် ကိုက်လိုက်ပြီး အရသာမတွေ့နေချေ။ ထို့ကြောင့် သူမသည် အခြွေအရံယွီကို အမိန့်ပေးလိုက်လေသည်။
အမဲသားအနှစ်နည်းနည်း ယူလာပေးပါအုံး”
အခြွေအရံယွီက မဝံ့မရဲဖြင့် ပြန်ဖြေလိုက်လေသည်။
“မင်းသမီး အမဲသားနှပ်က ပြီးခဲ့တဲ့တစ်ခေါက်က ကုန်သွားပြီလေ၊ မေ့သွားပြီလား”
ကုန်သွားပြီတဲ့လား။ အဲလိုဖြစ်မယ်ထင်တယ်။ မင်းသမီးတန့်ယန်းသည် တောင့်တင်းသွားလေသည်။
ထို့နောက် သူမက ရှန်ဖုန်းမင်ကို ကြည့်လိုက်ပြီး
“ဖုန်းမင် အဲဒီဝက်အူချောင်းလုပ်ပေးတဲ့ စားဖိုမှူးက အမျိုးသမီးလား”
သူသည် ထိုကြွေအိုးများပေါ်က လက်ရေးကို တွေ့လိုက်ပြီး အမျိုးသမီးလက်ရေးမှန်း သေချာသိလိုက်လေသည်။
ရှန်ဖုန်းမင်သည် လုမြို့သို့ နှစ်ကြိမ်သွားခဲ့ပြီး နှစ်ကြိမ်လုံး ထိုအမျိုးသမီးနှင့် တွေ့ခဲ့သည်... သူမအတွက် အတွေးလွန်စေရန် လုံလောက်ပေသည်။
“ အမျိုးသမီးပါ” ရှန်ဖုန်းမင်က ပြန်ဖြေလိုက်၏။
“ဒါဆို သူ့ကို ဘာလို့ ခေါ်မပြန်လာခဲ့တာလဲ”
မင်းသမီးတန့်ယန်းက စိုးရိမ်တကြီး မေးလိုက်လေသည်။
ဘေးကစကားကို နားထောင်ရင်း တော်ဝင်ပညာရှင်ရှန်က နားစွင့်ထားလိုက်သည်။ ရှန်ဖုန်းမင်သည် မကြာမီတွင် လက်ထပ်ပြီး ဝဖောင်းဖောင်း ဖြူဖြူဖွေးဖွေး ကလေးလေးနှစ်ယောက်လောက် မွေးစေချင်လေသည်။ သို့မှသာ သူ့တွင်လည်း မြေးလေးများ ရှိလာနိုင်ပေမည်။
ရှန်ဖုန်းမင်က မင်းသမီးတန့်ယန်းကို မော့ကြည့်လိုက်၏။
ထိုအခိုက်တွင် အပြင်ဘက်မှ ခပ်ရေးရေး အော်ငိုသံတစ်ခု ထွက်လာလေသည်။ နှစ်သစ်ကူးအတွင်းမှာကို ဒီလိုအသံမျိုးက ရှိသေးသလား။ ရှန်အိမ်တော်ရဲ့ အနောက်ဘက်ခြံအထိတောင် ရောက်လာတယ်။
“ဘယ်သူလဲ၊ သိပ်ကံဆိုးတာပဲ” မင်းသမီးတန့်ယန်းက ဒေါသထွက်ထွက်နှင့် ပြောလိုက်လေသည်။
အခြွေအရံယွီက စစ်ဆေးကြည့်ရန် မြန်မြန်ထွက်သွားလိုက်ပြီး အပြင်ဘက်တွင် သားဖြစ်သူအတွက် ငိုယိုနေသည့် ဟွိုက်နန်ဝမ်ဖြစ်ကြောင်း စိုးရိမ်တကြီးနှင့် ပြန်လာကာ လျှောက်တင်လေသည်။
နောက်ဆုံးတစ်ခါ ရှန်ဖုန်းမင် ပြန်လာချိန်က ဟွိုက်နန်ဝမ်သည် ချစ်လှစွာသောသားကို ဆုံးရှုံးလိုက်ရလေသည်။ ဟုတ်ပါသည်။ သူသည် သည်ကိစ္စကို ကျော်မသွားနိုင်ပါ။ နောက်ဆုံး မင်းကြီးက ရှန်ဖုန်းမင်ကို အပြစ်မပေးဘဲ ကိစ္စများကို ပိတ်သိမ်းလိုက်လေသည်။
ဟွိုက်နန်ဝမ်က သည်ကိစ္စကို အမှန်ပင် လက်မခံနိုင်ပေ။ သူသည် ရှန်ဖုန်းမင်ကို အကြိမ်ကြိမ် ပြဿနာ ရှာခဲ့သော်လည်း နောက်ဆုံး ကြက်ကိုလည်းမရသလို ငါးစာကိုလည်း ဆုံးရှုံးခဲ့ရသည်။
နှစ်သစ်ကူးကာလတွင် တခြားမိသားစုများက ပြန်လည်ဆုံစည်းကြသည်။ သို့သော် သူ့သားကတော့ သွားနှင့်ရှာသည်။ ထို့ကြောင့် သူသည် ရှန်ဖုန်းမင်ကို နေထိုင်လို့ မရနိုင်အောင် သူ့သားကို ဂါရဝပြုရန် ရှန်အိမ်တံခါးကို ပြေးလာခဲ့ခြင်းပင်။
ထို့အပြင် ဒါသည် ဥပဒေနှင့်လည်း မဆန့်ကျင်ပေ။
ထိုစကားကို ကြားလိုက်ပြီးနောက် မင်းသမီးတန့်ယန်းသည် အမျက်ထွက်သွားတော့သည်။ သူ့သားသေတာ သူ့အမှားကြောင့်လေ။ သူသည် သူ့သားကို ဒီလို မဖျက်ဆီးခဲ့ရင် ရှန်ဖုန်းမင်ကရော သူ့ကို သတ်ပါ့မလား။
ပြီးတော့ သူက သူ့သားအတွက် ငိုနေတယ်။ သူ့သားသ-တ်ခဲ့တဲ့ မိန်းကလေးတွေနဲ့ အနိုင်ကျင့်ခံခဲ့ရတဲ့ မိန်းကလေးတွေကရော ဘယ်လိုလုပ်မှာလဲ။ သူတို့တွေက သူ့အိမ်ကိုသွားပြီး ငိုပြရမှာလား။
“ သူ့ကို မောင်းထုတ်လိုက်စမ်း” သူမက ဒေါသတကြီး ပြောလိုက်လေသည်။
အခြွေအရံယွီက မဝံ့မရဲဖြင့် ပြောလိုက်လေသည်။
“ ဒါက ဦးရီးတော်လေ”
သူတို့သည် အစေခံများဖြစ်ကြသည်။ သူတို့သည် သူ့ကို မောင်းမထုတ်ရဲကြပေ။
မင်းသမီးတန့်ယန်းက ဟွိုက်နန်ဝမ်ကို ဦးရီးတော်ဟု ခေါ်ရသည်။ ထို့ကြောင့် သူမ ထွက်သွားခဲ့လျှင်လည်း သည်လို ပြောလို့ရမည်မဟုတ်ပေ။
“သူ ငိုချင်တယ်ဆိုရင်လည်း ငိုပါစေ” အရာရှိရှန်က ပြောလိုက်လေသည်။
မင်းသမီးတန့်ယန်းက သူ့စကားကို ချက်ချင်း စိတ်ပျက်သွားတော့သည်။
“ နှစ်သစ်ကူးအချိန်မှာ လူတွေက ကျွန်မတို့ကို အနိုင်ကျင့်နေတာကို ရှင့် ခွင့်လွှတ်ထားတယ်၊ ရှင် ယောက်ျားမှ ဟုတ်သေးရဲ့လား”
တော်ဝင်ပညာရှင်ရှန်သည် ချက်ချင်းဆိုသလို မျက်နှာတည်သွားတော့သည်။
နှစ်ယောက်သားက ရန်ဖြစ်တော့မည်ကို တွေ့လိုက်ရသည်တွင် ရှန်ဖုန်းမင်က ထရပ်ကာ အပြင်ထွက်သွားတော့သည်။
မကြာမီတွင် အပြင်ဘက်က ငိုသံသည် ရပ်သွားတော့သည်။
သို့တိုင် ရှန်ဖုန်းမင်က စားသောက်ဖို့ ပြန်မလာတော့ပေ။ ထိုအစား သူက စာကြည့်ခန်းသို့ သွားလိုက်လေသည်။
ကုလားထိုင်တွင် ထိုင်နေရင်း သူသည် အံဆွဲထဲက ဘရိုကိတ်သားဖုံးထာသည့် ဘူးလေးတစ်ခုကို ထုတ်ကာ ဖွင့်ကြည့်လိုက်သည်။ အထဲတွင် အဖြူရောင်ကျောက်စိမ်းဆံထိုးတစ်ခုက တောက်ပနေလေသည်။
သူသည် အဖြူရောင်ကျောက်စိမ်းဆံထိုးလေးကို အချိန်တော်တော်ကြာအောင် ကြည့်နေမိသည်။
လရောင်တစ်ခုတည်း အောက်မှာပင် တချို့မိသားစုက ပျော်ရွှင်နေရပြီး တချို့မိသားစုကတော့ ဝမ်းနည်းနေရသည်။
နောက်တစ်နေ့သည် နှစ်ကူးပထမနေ့ ဖြစ်လေသည်။ မနက်နိုးလာသည်နှင့် ကျန်းချိန်နှင့် အမျိုးသမီးချန်တို့က ဦးဆောင်ပြီး အဘိုးချန်ကို နှုတ်ဆက်လိုက်ကြသည်။
“ကောင်းတယ် ကောင်းတယ်”
အဘိုးချန်က သွားများပေါ်သည်အထိ ပြုံးလိုက်ပြီးနောက် ကျန်းယွင်ကျူးနှင့် ကလေးများကို ဟုန်ပေါင်းပေးလိုက်လေသည်။
ထို့နောက်တွင် ကျန်းယွင်ကျူးက ဦးဆောင်ပြီး ကျန်းချိန်နှင့် အမျိုးသမီးချန်ကို နှစ်သစ်ကူး နှုတ်ဆက်လိုက်လေသည်။
ကျန်းချိန်နှင့် အမျိုးသမီးချန်တို့ကလည်း သူတို့တွက် ဟုန်ပေါင်း ပြင်ဆင်ပေးထားလေသည်။ ထိုအရာမှာ အရင်နှစ်များတွင် သူတို့ လုံးဝမလုပ်နိုင်သည့်အရာပင်။
ထို့အပြင် သူတို့သည် ဟုန်ပေါင်းများကို ကန့်သတ်မထားဘဲ အငယ်ဆုံးလေး ကျန်းဝူအတွက်ပင် ပြင်ဆင်ပေးထားကြသည်။ ဟုန်ပေါင်းကို မပျောက်အောင် ကောင်းကောင်းသိမ်းထားဖို့သာ မှာလိုက်လေသည်။ ကျန်းဝူသည် ဟုန်ပေါင်းသုံးခုကို ကိုင်ကာ အပြုံးလေးနှင့် လှည့်ပတ်ကြည့်လိုက်လေသည်။
လပြက္ခဒိန်နှစ်သစ်ကူး ပထမနေ့သည် နှစ်သစ်ကူးနှုတ်ဆက်စကားများ လှည့်ပြောကြသည့် နေ့ဖြစ်လေသည်။ သို့သော် ကျန်းမိသားစုသည် အပြင်လူအိမ်ထောင်တစ်ခုဖြစ်သည်။ အမျိုးသမီးချန်က မည်သူမှ သူတို့အိမ်သို့ လာမည်မဟုတ်ဟု ထင်မိလိုက်သည်။
တံခါးဖွင့်ကို ဖွင့်လိုက်သည်နှင့် ဘုန်းကြီးတစ်ပါးက ကြွလာလေသည်။ သူမက သူ့ကို သိသည်။ ရှီဖုန်းတောင်ပေါ်က ကောင်းကင်နတ်သမီးဘုရားကျောင်းထိုင် ကိုယ်တော်နဲ့ တူပါတယ်။ ဘာဖြစ်လို့ပါလိမ့်။
“ ကိုယ်တော် ဒကာမကြီးတို့ကို မုန့်နည်းနည်းပါးပါး လာပို့ပေးတာပါ၊ စေတနာလေးပါ၊ ကိုယ်တော် ဝင်မထိုင်တော့ပါဘူး”
ဘုန်းကြီးက ကျန်းယွင်ကျူး၏စေတနာကို အမြဲတမ်း အမှတ်ရနေလေသည်။ သူသည် သူမကို ကျေးဇူးပြန်ဆပ်ရန် အခွင့်အရေးမရခဲ့ပေ။ နှစ်သစ်ကူးတွင်တော့ သူသည် ရောက်လာပြီး လာနှုတ်ဆက်မည်က လုပ်ရမည့်အလုပ်ပင်။
အမျိုးသမီးချန်က အနည်းငယ် ကြောင်တောင်တောင်နှင့် မုန့်များကို လက်ခံလိုက်လေသည်။ သူတို့တွေကမှ ဘုရားကျောင်းကိုသွားပြီး အမွှေးတိုင်ပူဇော်သင့်တာမလား။ ဘာလို့များ ဘုန်းကြီးက သူတို့ကို မုန့်လာပို့ပေးတာပါလိမ့်။
ဘုန်းကြီးက ထွက်သွားနှင့်ပြီး ဖြစ်လေသည်။
ထိုအခါမှ အမျိုးသမီးချန်က သတိပြန်ဝင်လာပြီး ဘုန်းကြီးနောက် လိုက်သွားချင်ခဲ့သည်။ သို့သော် အရိပ်အယောင်ပင် မမြင်ရတော့ချေ။
“ခယ်မလေး နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ” လှိုက်လှိုက်လှဲလှဲ ရယ်သံတစ်ခု ထွက်လေသည်။ အမျိုးသမီးချန်က လှမ်းကြည့်လိုက်၏။ အာမခံဌာနခေါင်းဆောင်လီနှင့် လီယန်တို့ဖြစ်နေသည်။
“အဒေါ် နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ”
လီယန်သည် ချူချာသည့်လူငယ်လေးတစ်ယောက်နှင့် တူနေဆဲပင်။ သို့သော် သူ့မျက်လုံးများကတော့ တောက်ပနေသည်။ သူက အမျိုးသမီးချန်ကို နှစ်သစ်ကူးဆုမွန်တောင်းပေးလိုက်လေသည်။
“ဝင်လာထိုင်ပါအုံး”
အမျိုးသမီးချန်က အားရဝမ်းသာပြောလိုက်၏။
သူတို့နှစ်ယောက်က နာရီဝက်လောက် နေလိုက်ကြပြီးမှ ပြန်သွားကြလေသည်။
ထိုအတောအတွင်းတွင် အမျိုးသမီးလျိုကလည်း လုယွမ့်နှင့် ရောက်လာခဲ့သည်။ ထို့နောက်တွင် လောင်စစ်ဖန်းတို့ စုံတွဲနှင့် ရွှယ်ကျင်းတို့စုံတွဲက နှစ်သစ်ကူးနှုတ်ဆက်စကား လာပြောကြသည်။ သည်မနက်တွင် ကျန်းမိသားသည် အလွန်မှ စည်ကားနေလေသည်။ ကျန်းချိန်နှင့် အမျိုးသမီးချန်တို့၏ မျက်နှာပေါ်က အပြုံးများသည် လုံးဝရပ်မသွားခဲ့ပေ။
နှစ်သစ်ကူးပထမနေ့တွင် သူတို့သည် ဖက်ထုပ်ကို စားကြသေးသည်။ နှစ်သစ်ကူး ဒုတိယနေ့တွင် အားလုံးက စောစောအနားယူလိုက်ကြသည်။ နှစ်သစ်ကူးတတိယနေ့တွင် အားလုံးက မိုးမသောက်ခင် ထပြီး ထုပ်ပိုးလိုက်ကြသည်။ သည်နေ့ သူတို့သည် လုမြို့သို့ သွားကြပေမည်။ သူတို့သည် မနက်ဖြန် နေ့လယ်လောက်ဆိုလျှင် လုမြို့သို့ ရောက်မည်ထင်သည်။ ပြင်ဆင်မှုတချို့ လုပ်လိုက်ပြီးနောက် နှစ်သစ်ကူး ၅ရက်မြောက်နေ့တွင် သူတို့သည် လမ်းဘေးဆိုင်လေးတစ်ခု ဖွင့်ကြမည်။
“ယွင်ကျူး တုတ်ထိုးကင်တွေအများကြီး လုပ်ထားတာ တကယ်ရော အဆင်ပြေပါ့မလားဟင်၊ ပြီးတော့ အမေတို့တွေ တကယ်ပဲ လုမြို့ကို သွားကြမှာလား”
စိုးရိမ်စိတ်နှင့် အမျိုးသမီးချန်က မေးလေသည်။ သူမက ကျန်းယွင်ကျူးကို အားပေးပါတယ်။ ဒါပေမဲ့ ခရီးထွက်ရမဲ့အချိန်ကျတော့ စိတ်မအေးမိသလိုပဲ။ သူမက လုမြို့ကို အရမ်းဝေးတဲ့နေရာလို့ အမြဲတမ်း တွေးထားတာလေ။ သူတို့လို အင်အားမရှိတဲ့ သာမန်ပြည်သူလေးတွေက အဲဒီနေရာကို အလျင်စလိုနဲ့ ရောက်သွားတာက တောသားမြို့တက်တွေလို့ ဖြစ်နေမှာပေါ့။ တခြားသူတွေရဲ့ အငြင်းမခံရရင်တောင် တော်ပါသေးရဲ့။ အသားတုတ်ထိုးတွေအများကြီး ရောင်းဖို့ဆို ဘယ်လိုလုပ်မလဲ။
“ ယွင်ကျူးက အဆင်ပြေသွားလိမ့်မယ်လို့ပြောရင် ဘယ်တုန်းက မပြေလို့လဲ”
အဘိုးချန်က အင်အားအပြည့်ဖြင့် ပြောလေသည်။ သူလည်း စိုးရိမ်မိသော်လည်း ထုတ်မပြလိုက်ချေ။
ကျန်းယွင်ကျူးက ဒီတစ်ခါ ငွေတွေအများကြီး ရင်းနှီးထားတာလေ။ တုတ်ထိုးကင်မီးဖို မပြောနဲ့ အသားတုတ်ထိုးဆိုတာ တောင်လိုပုံလို့ပဲ။ အဲဒါကို မြင်ရတော့ အဘိုးချန်လည်း စိတ်မအေးနိုင်လေဘူး။
ကျန်းယွင်ကျူးက ပြုံးလိုက်ပြီး
“ အချိန်တန်ရင် သိလာပါလိမ့်မယ်”
လှည်းကြီးနှစ်စီးသည် အသားတုတ်များ အပြည့်တင်ထားလေသည်။ ကျန်းယွင်ကျူးက ရွှီချင်ရှန့်၏ လှည်းနှင့် ကျန်းချိန်၏ လှည်းတို့ကို အတူတူငှားလိုက်သဖြင့် ဆန့်သွားတော့သည်။ သည်အသားတုတ်ထိုးများသည် ကျန်းယွင်ကျူး၏ စုဆောင်းထားသမျှ အားလုံးနီးပါးကို သုံးထားခြင်းပင်။ အမျိုးသမီးချန် စိတ်ပူမည်ဆိုလည်း ပူလောက်ပေသည်။
သည်အချိန်တွင်
“ဒီဖက်မှာ” လီစုန်းက အဝေးတစ်နေရာမှ လှမ်းအော်လိုက်၏။
လီစုန်းသည် အာမခံဌာနခေါင်းဆောင်လီ၏ တတိယသားဖြစ်သည်။ သူတို့အာမခံဌာနက လုမြို့သို့ မကြာခဏ သွားတတ်လေသည်။ ကျန်းယွင်ကျူးနှင့်အဖွဲ့က လုမြို့သို့သွားမည်ဟု ကြားသဖြင့် သူက သူတို့ကို သူနှင့် လိုက်ခဲ့ရန် ဖိတ်လိုက်ခြင်းပင်။
ထို့ကြောင့် ကျန်းယွင်ကျူးနှင့်အဖွဲ့က သူတို့လှည်းတန်းနှင့် လိုက်ပါလာခဲ့လေသည်။ နေထွက်လာပြီး သူတို့သည် လုမြို့သို့ ဦးတည်သွားလိုက်ကြတော့သည်။