ထျန်းဝူဧကရာဇ်
Vol. 2 Ch. 12
မိုးနီဖြစ်ရပ် ဖြစ်ပွားပြီးကတည်းက ထျန်းဝူဧကရာဇ်မှာ ထူးဆန်းသောဖျားနာမှုတစ်မျိုးကို ခံစားခဲ့ရသည်။ တစ်ခါတလေ အကြောင်းရင်းမရှိ မူးမေ့သတိလစ်သွားတာမျိုးဖြစ်တတ်ပြီး မည်သည့်နတ်ဆေးဆရာသခင်များမှ ထိုဖျားနာမှုကို ပျောက်ကင်းစေခြင်းငှာ မစွမ်းသာခဲ့။
အစပိုင်းတွင်တော့ သတိလစ်သည့် အကြိမ်ရေမှာ မများလှသဖြင့် ထျန်းဝူဧကရာဇ်သည် နိုင်ငံတော် ရေးရာများကို ပုံမှန်အတိုင်း ကိုင်တွယ်နိုင်ခဲ့သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သတိလစ်သည့်အကြိမ်ရေမှာ ပို၍သာများပြားလာခဲ့သည်။ တစ်ခါတစ်ရံ ညီလာခံတွင်းပင်ဖြစ်စေ၊ သို့မဟုတ် နန်းတွင်းဥယျာဉ်ထဲ၌ ဖြစ်စေ အချိန်နေရာမရွေး သတိလစ်သွားတတ်ပြီး ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း အားနည်းချိနဲ့လာခဲ့သည်။
နာမကျန်းမှုကြောင့် ထျန်းတူဧကရာဇ်သည် တိုင်းပြည်ရေးရာများစီမံရာ၌ မနိုင်မနင်းဖြစ်ကာ စိတ်ပင်ပန်းလာသည်နှင့်အမျှ ဒေါသလည်းပိုကြီးလာခဲ့သည်။
အထူးသဖြင့် ရင်နှစ်သည်းချာ တော်ဝင်မင်းသားများ တစ်ဦးပြီးတစ်ဦး ဆုံးပါးကွယ်လွန်ကုန်ကြချိန်တွင် ဘုရင်ကြီး၏ဒေါသစိတ်ကို ထိန်းသိမ်းဖို့ရာပင်မတတ်နိုင်ခဲ့တော့။
ဒေါသအလျောက် အရာရှိမင်းများကို နေရာတွင်သတ်ဖြတ်စီရင်တတ်သည့်အလေ့ပါ ဖြစ်လာခဲ့သည်။
အဆိုးဆုံးဖြစ်ရပ်တစ်ခုမှာ ထျန်းဝူဧကရာဇ် နန်းစံသက် နှစ်ဆယ့်သုံးနှစ်မြောက်တွင် တစ်ချိန်က တာ့ကျန့်၏ ထိပ်တန်းစစ်နတ်ဘုရားတစ်ပါးဟု သတ်မှတ်ခံခဲ့ရဖူးသော အန်းဖိန်မြို့စားမင်း ပေဝမ်လျန်သည် တိုင်းပြည်ပုန်ကန်မှုတစ်ခုတွင် ပါဝင်ပက်သက်နေသည်ဟု စွပ်စွဲခံခဲ့ရခြင်းပင်။
ဧကရာဇ်မင်းသည် ဒေါသအရှိန်ဖြင့် မြို့စားမင်း၏တစ်မိသားစုလုံးကို ကွပ်မျက်သုတ်သင်ဖို့ အမိန့်ထုတ်ခဲ့လေသည်။
လက်လွန်ပြီးချိန်မှ စုံစမ်းစစ်ဆေးမှုများက ပေဝမ်လျန်တွင် အပြစ်တစ်စုံတစ်ရာမရှိခဲ့ကြောင်း ပြန်လည်ဖော်ထုတ်နိုင်ခဲ့၏။
နောက်ဆုံးတွင် အရှက်ရစရာပြစ်မှုကြီးမှ လွတ်ကင်းခဲ့ရသော်လည်း ပေမိသားစုတစ်ခုလုံးမှာတော့ မင်းမျက်သင့်ခံခဲ့ရပြီးလေပြီ။ ပျောက်ဆုံးနေသော မင်းသမီးရှန်ယွမ်မှလွဲ၍ မဟာပထဝီမြေပြင်အောက် ထာဝရအိပ်စက်အနားယူသွားခဲ့ကြလေပြီ။
ပေဝမ်လျန်၏ သေဆုံးမှုကြောင့်ထင့်၊ ထျန်းဝူဧကရာဇ်မှာ နောင်တတရားများရင်ဝယ်ပိုင်ကာ ပြန်လည်သုံးသပ်ဆင်ခြင်မိဟန်ဖြင့် နောက်ပိုင်း စိတ်သဘောထား နူးညံ့ပျော့ပျောင်းလာခဲ့သည်။
သို့သော် နာမကျန်းမှုမှာတော့ သာ၍ဆိုးမြဲ။
အဆိုးဆုံးအခြေအနေတွင် တစ်ရက်တည်းနှင့် အကြိမ်နှစ်ဆယ်ကျော် သတိလစ်သည်အထိ ဖြစ်လာခဲ့သည်။
ထိုအချိန်အတွင်း ဧကရာဇ်၏လက်ရုံးအလား အလွန်အမင်းယုံကြည်အားကိုးရပါသော အတွင်းဝန်ရုံးအကြီးအကဲ လင်စစ်ရှင်း၏ အာဏာနှင့်အဆင့်အတန်းမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ထျန်းဝူဧကရာဇ် နန်းစံသက် နှစ်ဆယ့်ခြောက်နှစ်တွင် လေးဆယ့်နှစ်နှစ်အရွယ်ရှိပြီဖြစ်သော ဘုရင်ကြီးသည် ရောဂါဒဏ်ကို သည်းမခံနိုင်တော့သောကြောင့် အသက်ခြောက်နှစ်အရွယ် အိမ်ရှေ့မင်းသားလေး ပိုင်ရန်ဝမ်က ထီးနန်းဆက်ခံရဖို့ဖြစ်လာခဲ့သည်။ ဧကရာဇ်အသစ် နန်းတက်ချိန်တွင် ခေတ်အမည်ကို ယွမ်ဖုန်းဟု ပြောင်းလဲခေါ်တွင်စေခဲ့၏။
အတွင်းဝန်ရုံး၏ ဝန်ကြီးဌာနခြောက်ခုက ဧကရာဇ်ငယ်အား အုပ်ချုပ်ရေးတွင် ကူညီပေးမည်ဖြစ်သည်။
ထျန်းဝူဧကရာဇ်ကတော့ အငြိမ်းစားဧကရာဇ်ဟူသည့်ဘွဲ့ကို ခံယူကာ ဝူကျိနန်းဆောင်တွင် တစ်ကိုယ်တည်းကျင့်ကြံနေထိုင်ခဲ့လေသည်။
ထီးနန်း၏နောက်ကွယ်သို့ ဆုတ်ဆိုင်းသွားသော်ငြား လိုအပ်သည့်အခါတိုင်း ရင်ဆိုင်ဖြေရှင်းရခက်ခဲသော ရေးရာပြဿနာများတွင် ဝင်ရောက်ကိုင်တွယ်ပေးရဆဲပင်။
ထို့အပြင် ထျန်းဝူဧကရာဇ်သည် ကန့်ကွက်မှုအားလုံးကို လျစ်လျူရှုပြီး အတွင်းဝန်ရုံးအကြီးအကဲ လင်စစ်ရှင်း၏ အသက်၁၇နှစ်အရွယ် အငယ်ဆုံးသမီး လင်ဝေယန်ကို မိဖုရားခေါင်ကြီးအဖြစ် အထူးတလည် ခန့်အပ်ခဲ့သည်။
လင်စစ်ရှင်း၏သားဖြစ်သူ လင်ချွီရှင်းကိုလည်း လက်မှုဝန်ကြီးနေရာသို့ ရာထူးတိုးပေးခဲ့သေးသည်။
ထိုအချိန်မှစ၍ ညီလာခံတွင်းနှင့် တိုင်းပြည်တလွှားတွင် လင်အုပ်စု၏အာဏာမှာ လှုပ်မရအောင် ခိုင်မြဲတည်တံ့လာခဲ့၏။
မျိုးနွယ်အကြီးအကဲ လင်စစ်ရှင်း၏ အဆင့်အတန်းနှင့် အာဏာမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး မှူးမတ်များအားလုံး၏ အာဏာအချုပ်အချာတည်ရာမှာ အတွင်းဝန်ရုံးသာဖြစ်သည်ဟု ပြောနိုင်လောက်သော အခြေအနေအထိ ချုပ်ကိုင်နိုင်ခဲ့လေသည်။
ထို့ကြောင့် တော်ဝင်မိသားစုအား စောင်းငဲ့ကြည့်လိုက်လျှင် အသက်၄၂နှစ်အရွယ် အငြိမ်းစားဧကရာဇ်တစ်ပါး၊ အသက်၆နှစ်အရွယ် ရင်ဝယ်ပိုက်ဧကရာဇ်ငယ်တစ်ပါးနှင့် အသက်၁၇နှစ်အရွယ် မိဖုရားခေါင်ကြီးတစ်ပါးဟူ၍။ ဤသည်မှာ မင်းဆက်သမိုင်းတွင် ပထမဆုံးအကြိမ်ပေါ်ပေါက်လာသည့် အခြေအနေဖြစ်ပြီး လူများကို အားကိုးရာမဲ့သလို ခံစားလာရစေသည်။
ထောက်ခံသူများကလည်း မည်သို့မည်ပုံ ထောက်ခံရမှန်းမသိသလို ဆန့်ကျင်ကန့်ကွက်သူများပင် လမ်းပျောက်ချင်စရာအခြေအနေ။
ထျန်းဝူဧကရာဇ်၏ နာမကျန်းမှု အမြန်ပျောက်ကင်းသက်သာလာဖို့သာ အတူမျှော်လင့်ကြရရုံ ရှိလေသည်။
တာ့ကျန့်သမိုင်းတွင် အငြိမ်းစားဧကရာဇ်က ထီးနန်းကိုပြန်လည်ဆက်ခံသည့် သမိုင်းမျိုးလည်း မရှိခဲ့ဖူးတာမဟုတ်။
ယွမ်ဖုန်းခေတ် ၂နှစ်မြောက်တွင် ဧကရာဇ်သစ်မှာ ၈နှစ်အရွယ်သို့ ရောက်ရှိခဲ့ပြီး တော်ဝင်မိသားစုပြီးလျှင် အာဏာအရှိဆုံးဖြစ်သော အတွင်းဝန်ရုံးအကြီးအကဲ လင်စစ်ရှင်းသည် ရုတ်တရက်နာမကျန်းဖြစ်ကာ ကွယ်လွန်သွားခဲ့ရာ အင်အားကြီးလှသော လင်အုပ်စုမှာလည်း ကွဲအက်သွားခဲ့ရ၏။
ထို့နောက်တွင် အငြိမ်းစားဧကရာဇ်၏ သဘောတူညီချက်ဖြင့် အသက်၁၉နှစ်အရွယ် မိဖုရားခေါင်ကြီး လင်ဝေယန်သည် နိုင်ငံတော်ရေးရာများတွင် စတင်ပါဝင်စွက်ဖက်လာခဲ့သည်။
နိုင်ငံရေးနှင့်ပက်သက်ရာတွင် ပါရမီထူးချွန်ထက်မြက်ပြီး ပြတ်သားခိုင်မာသောနည်းလမ်းများသုံးတတ်သည့် ဤအမျိုးသမီးသည် တစ်နှစ်အတွင်းမှာပင် နန်းတော်တွင်း၍ အာဏာဆုပ်ကိုင်တည်ထောင်နိုင်ခဲ့ပြီး တာ့ကျန်းမင်းဆက်၏ တော်ဝင်မိသားစုတွင် ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်လာခဲ့သည်။
ကိစ္စတိုင်း ကြီးကြီးငယ်ငယ်မဆို သူမ၏အစီအစဥ်မှ လွတ်ကင်းရသည်မရှိ။
"အစ်မလိန်၊ ဟိုမင်းသမီးနဲ့ပက်သက်ပြီး သဲလွန်စတွေရထားတယ်ဆို"
ပတ်ဝန်းကျင်အခြေအနေမှာ အနည်းငယ်ပျင်းရိခြောက်သွေ့လာသောကြောင့် ယုန်မလေးမုန့်က ရုတ်တရတ်ထမေးလိုက်ပြီး သတင်းထူးကြားချင်လှဟန် တလက်လက်တောက်ပနေသောမျက်လုံးကြီးများဖြင့် စောင့်ဆိုင်းနေသည်။
ယုန်မလေးမုန့် ညွှန်းဆိုသော ဟိုမင်းသမီးမှာ မင်းသမီးရှန်းယွမ်ပင်။
ထိုနှစ်က ထျန်းဝူဧကရာဇ်သည် ပေမိသားစုတစ်ခုလုံးကို ကွပ်မျက်ရန် အမိန့်ပေးခဲ့သော်လည်း အသက် ၁၇ နှစ်အရွယ် မင်းသမီးရှန်းယွင်မှာ အံ့ဩစရာကောင်းလောက်အောင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
ထျန်းဝူဧကရာဇ် ထိုအကြောင်းကိုကြားလိုက်ချိန်တွင် အလွန်အမင်းဒေါပွကာ အရိပ်နက်တပ်ဖွဲ့ကိုစေလွတ်ပြီး စုံစမ်းရှာဖွေစေခဲ့သော်လည်း ဘာအကြောင်းမှပြန်မကြားခဲ့ရ။
နောက်ပိုင်း ပေဝမ်လျန်တစ်ယောက် အပြစ်ကင်းစင်ကြောင်း သိရှိခဲ့ကြပြီး နန်းတော်က မင်းသမီးကို ပြန်လည်လျော်ကြေးပေးဆပ်လိုစိတ်ဖြင့် ထပ်မံရှာဖွေစေခဲ့သော်လည်း ရှာမတွေ့မြဲသာဖြစ်၏။
နောက်ဆုံးတွင် ထိုကိစ္စကို လက်လျှော့လိုက်ကြရသည်။
ရှန်းယွမ်မင်းသမီး သေဆုံးသွားခဲ့ပြီ ဟူသော ခန့်မှန်းချက်များလည်း ရှိသည်ပင်။
သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်ခန့်က မြို့တော်ညကင်းလှည့်တပ်ဖွဲ့သည် မိုးနီအမှုတစ်ခုကို စုံစမ်းနေစဉ် မင်းသမီးနှင့်ပတ်သက်သည့် သဲလွန်စတချို့ကို မမျှော်လင့်ဘဲ ရှာတွေ့ခဲ့သည်ဟူသော ကောလာဟလများ ထွက်ပေါ်လာခဲ့သော်လည်း အမှန်တကယ် ဟုတ်မဟုတ်ကိုတော့ မသိရှိရသေးချေ။
"ငါလည်းမသိဘူး။ ငါတို့လိုက်စိုးရိမ်နေစရာကိစ္စလည်း မဟုတ်ပါဘူး"
လိန်ရှင်းနန်၏စကားသံက အတွန့်အတက်မပါ အေးစက်နေမြဲ။
"သနားစရာ" ယုန်မလေးမုန့်က သက်ပြင်းချသည်။
"အဲ့ဒီမင်းသမီးလေးသာ သက်ရှိထင်ရှားရှိနေဆဲဆို ၂၂နှစ်တောင်ရောက်ရောပေါ့"
"စကားပေါနေတုန်းလား ပြောနေတာမကြားဘူးလား"
လိန်ရှင်းနန်၏ မှင်ရည်ကဲ့သို့နက်မှောင်သော မျက်လုံးများ တွန့်ချိုးလာသည်။
အထက်လူကြီး ဒေါသထွက်လာဟန်ကိုမြင်သော ယုန်မလေးမုန့်သည် လျှာနီနီလေးအား တစ်လစ်ထုတ်ပြကာ အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
"အာ ဟုတ်သားပဲ။ ဝမ်ကျန့်ဂိုဏ်းက ဓားရူးချူကျိုချန်က ဓားနတ်သမီးယဲ့ယောင်ယောင်ကို စိန်ခေါ်တော့မယ်လို့ သိုင်းလောကကလူတွေ ပြောနေကြတာ ကြားမိသေးတယ်။ ဒီလူလည်း သတ္တိတော်တော်ရှိတာပဲ၊ ကိုယ့်ကိုယ်ကိုယ် အင်အားဘယ်လောက်ရှိသလဲ ပြန်မစမ်းကြည့်မိဘူးထင်ပါ့"
သူ့လိုမိန်းမငယ်လေး၏ နှလုံးသားထက်တွင်တော့ အမျိုးသမီး ဓားရေးအတတ်ပညာရှင်ဆိုသည်မှာ ပြိုင်ဘက်ကင်းဝင့်ထည်သော တည်ရှိမှုတစ်ခုသာပင်။
သူမ၏ စံပြပုဂ္ဂိုလ်ဆိုလျှင်လည်း မမှား။
"ဟ မင်းသတင်းကလည်း ခေတ်နောက်ကျလှချည်လား"
သံမဏိက လက်ဖက်ရည်တစ်ငုံသောက်ကာ လျှာသပ်ရင်းဆိုသည်။
"အဆုံးအဖြတ်တိုက်ပွဲအတွက် ရက်ကို ကြိုတင်သတ်မှတ်ပြီးသွားတာကို ယဲ့ယောင်ယောင်က ပေါ်မလာဘူးတဲ့လေ။ အခုတော့ ဟာသကြီးကိုဖြစ်လို့"
"ပေါ်မလာဘူးတဲ့လား ဘာလို့လဲ"
ယုန်မလေးမုန့်က မျက်လုံးပြူးပြူးဖြင့် ကြောင်တောင်တောင်ပြန်မေးသည်။
သံမဏိက နှာခေါင်းသာရှုံ့ပြ၏။
"ငါက ဘယ်လိုလုပ်သိမှာလဲ။ အဲ့ဒီဓားနတ်သမီးရဲ့ ဂုဏ်သတင်းဆိုတာလည်း အမွှမ်းတင်ထားတာကြီးပဲနေမှာပေါ့။ ဒီဘက်ခေတ်မှာ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် အဲ့လိုနာမည်ကြီးတွေပေးကြလို့လဲ"
—