အခန်း (၁၃)
Vol. 2 Ch. 13
အခန်း (၁၃)
လီနန်ခယ်နိုးလာချိန်တွင် အရှေ့အရပ်က ယခုမှစတင်လင်းလက်စပြုနေပြီး ပြတင်းပေါက်အပြင်ဘက်ရှိ ကမ္ဘာကြီးမှာ အပြာနုရောင်မြူခိုးများကြား ဖုံးလွှမ်းနေလျက်ရှိသည်။
သူ၏ဇနီးသည်မှာ အခန်းထဲတွင်မရှိပေ။
လော့ချန်းချိုးမှာ အမြဲတမ်းနောက်ကျမှအိပ်ကာ စောစောထလေ့ရှိပြီး လီနန်ခယ်ကလည်း ယင်းကိုကျင့်သားရနေခဲ့ပြီဖြစ်သည်။ သူအင်္ကျီကိုဝတ်ကာ မျက်နှာသုတ်ပုဝါနှင့် သစ်သားရေခွက်ကိုယူ၍ မျက်နှာသစ်ရန် တံခါးအပြင်ဘက်ရှိ ရေတွင်းဆီသို့ ထွက်လာခဲ့သည်။
တောင်ခြေတွင်နေထိုင်ရသည်မှာ တိတ်ဆိတ်အေးချမ်းသော်ငြား ထိုလွတ်လပ်မှုကို သူနှစ်သက်သည်။
ထို့အပြင် မြို့နှင့်သိပ်မဝေးလှသဖြင့် ဈေးဝယ်ရန်နှင့် ကုန်ခြောက်များဝယ်ယူရန်လည်း အခက်အခဲမရှိလှပေ။
"ယောက်ျား နိုးပြီလား"
မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော အမျိုးသမီးက ခင်ပွန်းဖြစ်သူကိုမြင်သော် မျက်လုံးများထဲတွင် နူးညံ့သောအပြုံးတစ်ခု ပွင့်လန်းလာခဲ့သည်။
လီနန်ခယ်မှာ အကြောဆန့်ရင်း လေထုထဲတွင်ကျန်ရစ်နေသော ညရနံ့များကို လောဘတကြီး ရှူရှိုက်လိုက်သည်။ သို့သော် အကြောင်းအရင်းမသိရစွာ ရင်ဘတ်ထဲမှ ခပ်သဲ့သဲ့နာကျင်မှုကို ခံစားလိုက်ရ၏။ ထိုခံစားချက်မှာ သူ၏နှလုံးသားကို တူးထုတ်ကာ ချဉ်ဖတ်အိုးဟောင်းထဲ စိမ်ထားခံရသကဲ့သို့ပင်။
သူက ရင်ဘတ်ကိုပွတ်သပ်ကာ အပြုံးဖြင့်ဆိုသည်။ "ဇနီးလေးချက်နေတဲ့ ဟင်းအနံ့မွှေးမွှေးလေးကြောင့် နိုးလာတာပါ"
တံခါးရှေ့ရှိ လိပ်ဆရာကြီးမှာလည်း အရင်တိုင်းမပြောင်းမလဲ လှဲလျောင်းနေလျက်။
ငန်းမမကြီးမှာလည်း ရေကန်ဘေးတွင် သူမ၏ကျော့ရှင်းလှပသော ကိုယ်ဟန်အနေအထားကို ထုတ်ဖော်ပြသရင်း ဆွဲဆောင်မှုရှိစွာ ရပ်နေမြဲဖြစ်သည်။
သို့သော် ထိုအမျိုးသားကိုမြင်လိုက်ရချိန်တွင် သားရဲနှစ်ကောင်မှာ အနည်းငယ်သက်တောင့်သက်သာမရှိဖြစ်သွားကြပြီး ဒယ်အိုးထုတ်ကာ သူတို့ကိုစွပ်ပြုတ်လုပ်ပစ်မည်ကို စိုးရိမ်နေသည့်အလား နိုးနိုးကြားကြားဖြင့် စောင့်ကြည့်နေကြသည်။
"ယောက်ျား မနေ့ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လား" အမျိုးသမီးက မေးလိုက်သည်။
လီနန်ခယ်က မြင်းမြီးဖြင့်ပြုလုပ်ထားသော သွားတိုက်တံအနုလေးကို ပါးစပ်ထဲထည့်ရင်း ဗလုံးဗထွေးဖြင့်ဆိုသည်။ "အဆင်ပြေပါတယ်။ အသက်ကြီးလာတဲ့လူတွေက အသေးအမွှားရောဂါလေးတွေ ပိုများလာတတ်တာပဲလေ ဒီနားမနာရင် ဟိုနားကနာတာပေါ့"
"ယောက်ျားရဲ့ခန္ဓာကိုယ်က မူလကတည်းက အားနည်းပါတယ်။ နေ့ဘက်ဆို ဟိုဟိုဒီဒီပိုလှုပ်ရှားပေးပြီး နေရောင်ပိုခံသင့်တယ်"
အမျိုးသမီးက စိုးရိမ်တကြီးဖြင့်ဆိုသည်။ "ခဏနေရင် ကျွန်မ ယောက်ျားသောက်ဖို့ ဆေးနည်းနည်းလောက် ထပ်ကျိုပေးပါ့မယ်"
လီနန်ခယ်၏မျက်နှာထားမှာ ချဉ်စုတ်စုတ်ဖြစ်သွားရသည်။
ဒါက ဘယ်လိုစကားမျိုးပါလိမ့်။
အားနည်းတယ်ဟုတ်လား ငါကဘာအားနည်းလို့လဲ။ ငါက ဆန်တစ်အိတ်ကိုထမ်းပြီး လှေကားရှစ်ထပ်ကို တက်နိုင်တဲ့အပြင် နိုက်ကလပ်သွားရင် မိန်းကလေးဆယ်ယောက်လောက်ကိုတောင် ကိုင်တွယ်နိုင်သေးတာပဲ ဒါတောင် အားနည်းတယ်လို့ သတ်မှတ်တုန်းလား။
သို့သော် သူ၏ဇနီးသည်မှာ သမားတော်တစ်ဦးဖြစ်နေသဖြင့် လီနန်ခယ်ကလည်း အမှန်တကယ်ပြန်မငြင်းဆန်နိုင်ခဲ့ဘဲ မျက်နှာသစ်ထားသော ရေများအားလုံးကို ငန်းမမကြီးအပေါ် ပက်ချလိုက်ပြီး မကျေမနပ်ညည်းတွားမှုများဖြင့် နံနက်စာစားရန် အိမ်ထဲသို့ ဝင်လာခဲ့တော့သည်။
နံနက်စာမှာ အလွန်အရသာရှိလှသည်။ နှစ်ခုစလုံးက ဆန်ပြုတ်များဖြစ်သော်ငြား သူတို့နှစ်ဦးအတွက် မတူညီသော အမျိုးအစားများဖြစ်သည်။
လော့ချန်းချိုးသောက်သည့် နှင်းမှိုနှင့် ကမ္ဗလာသီးဆန်ပြုတ်မှာ ယင်ဓာတ်ကို အားဖြည့်ပေးပြီး အဆုတ်ကိုစိုပြည်စေကာ အသားအရည်ကို လှပစေသောအာနိသင်ရှိသည်။
လီနန်ခယ်အတွက် ပြင်ဆင်ထားသည်ကတော့ သစ်ကြားသီးနှင့် ကြာစေ့ဆန်ပြုတ်ဖြစ်ပြီး မျက်လုံးနှင့် ကျောက်ကပ်ကိုအားကောင်းစေခြင်း၊ အကြားအာရုံနှင့် အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်းအပြင် ခန္ဓာကိုယ်၏ အခြေခံစွမ်းအင်ကို ခိုင်မာစေခြင်းစသည့် အကျိုးကျေးဇူးများရှိသည်။
ခင်ပွန်းဖြစ်သူမှာ မှုန်ကုပ်ကုပ်မျက်နှာဖြင့် ဆန်ပြုတ်ကို အငမ်းမရသောက်နေသည်ကိုမြင်သော် လော့ချန်းချိုးက မျက်မှောင်ကြုတ်ကာ သတိပေးလိုက်သည်။ "ယောက်ျားရေ ကျွန်မက ကြာစေ့တွေကို အရမ်းနူးညံ့နေအောင် ချက်ထားတယ်ဆိုပေမဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့အာနိသင်ရဖို့ ဖြည်းဖြည်းချင်းဝါးစားရမှာပေါ့။ အဲ့လိုစားနေတာက အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် မကောင်းဘူးလေ"
"အင်း အဓိကကတော့ ဇနီးလေးချက်တဲ့ ဟင်းက အရမ်းအရသာရှိလွန်းလို့ပါ" လီနန်ခယ်က ရယ်မောရင်း ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။
ထမင်းစားနေစဉ် တစ်ဝက်ခန့်အရောက်တွင် တစ်စုံတစ်ယောက်က လီနန်ခယ်ကို အလျင်စလို လာရောက်ရှာဖွေလေသည်။
ရောက်လာသူမှာ ရုံးတော်မှ အမှုထမ်းတစ်ဦးဖြစ်သည်။
လီနန်ခယ်ကိုမြင်သည်နှင့် အမှုထမ်းက အမောတကောဖြင့်ဆိုသည်။ "အစ်ကိုလီ ကျွန်တော်နဲ့ မြန်မြန်လိုက်ခဲ့ပါဗျာ ခရိုင်ဝန်မင်းက စောင့်နေပါတယ်။ အရှေ့ဘက်လမ်းမမှာ လူသတ်မှုဖြစ်လို့တဲ့"
"လူသတ်မှုလား" လီနန်ခယ်မှာ လန့်ဖျပ်သွားရသည်။
ဤရက်ပိုင်းအတွင်း အခြေအနေများမှာ တကယ်ကို မငြိမ်းချမ်းနိုင်တော့ပေ။
"အဘိုးကြီးဝမ် မအားလို့လား" လီနန်ခယ်က အလွန်အံ့ဩသွားသည်။
အဘိုးကြီးဝမ်သည် တုန်းချီခရိုင်ရုံးတော်မှ ဝါရင့်မှုခင်းသမားတော်တစ်ဦးဖြစ်သည်။ သူသည် ရုံးတော်အနီးတွင် နေထိုင်ပြီး ပျော်ပျော်နေတတ်ကာ ကြင်နာတတ်သူဖြစ်သည်။ လီနန်ခယ်သည် ဤအလုပ်ကို သူ့ထံမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။
"အဲ့ဒီအဘိုးကြီးက မနေ့ညက ညတစ်ဝက်လောက်အရက်သောက်နေခဲ့တာလေ။ သူ့ချွေးမအိမ်က ကုတင်ပေါ်မှာ အခုထက်ထိ အိပ်နေတုန်းပဲ နှိုးလို့လည်းမရတာနဲ့ ခင်ဗျားကို လာရှာရတာပါ" အမှုထမ်းက မချိပြုံးပြုံးရင်း ရှင်းပြသည်။
"မူးနေပြန်ပြီလား" လီနန်ခယ် ကူကယ်ရာမဲ့စွာ ညည်းတွားမိသည်။
ထိုအဘိုးကြီးမှာ အမှန်တကယ်ပင် အရက်စွဲနေသူဖြစ်ပြီး တစ်နေကုန် ခါးတွင် အရက်ဘူးကို ချိတ်ဆွဲထားတတ်သည်။ အလောင်းစစ်ဆေးရာတွင်သာ အတွေ့အကြုံမရင့်ကျက်ခဲ့ပါက ခရိုင်ဝန်မင်းက သူ့ကို အလုပ်ထုတ်ပစ်သည်မှာ ကြာလောက်ပြီဖြစ်သည်။
"မြန်မြန်သွားကြစို့"
ဇနီးဖြစ်သူအား သေချာနှုတ်ဆက်ချိန်ပင် မရလိုက်ခင်မှာပင် လီနန်ခယ်မှာ အမှုထမ်း၏ ဆွဲခေါ်ရာနောက်သို့ ပါသွားတော့သည်။
နံ့သာတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်ပင် မပြည့်မီ လီနန်ခယ်သည် အမှုထမ်းနောက်သို့လိုက်ပါရင်း တုန်းချီခရိုင် အရှေ့ဘက်လမ်းမရှိ လမ်းသွယ်လေးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် အရပ်သားပြည်သူ အတော်များများ စုဝေးရောက်ရှိနေကြပြီး တက်ကြွစွာ ဆွေးနွေးပြောဆိုနေကြသည်။
လူအုပ်ကြီးကြားမှ တိုးထွက်လာပြီးနောက် လီနန်ခယ်သည် ခရိုင်ဝန်မင်း ရှန်ချွန်းဟယ်ကို မျက်မှောင်ကျုတ်ကာ ကျောက်ခုံတစ်ခုပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။
ခြံဝင်းအတွင်းမှ အမျိုးသမီးတစ်ဦး၏ ငိုကြွေးသံများလည်း ထွက်ပေါ်နေသည်။
"ဝန်မင်း မှုခင်းသမားတော် ရောက်လာပါပြီ" အမှုထမ်းက အလျင်အမြန် ရှေ့တိုးကာ သတင်းပို့သည်။
နံနက်ခင်းလေထုမှာ အနည်းငယ်အေးမြနေသော်ငြား ခရိုင်ဝန်မင်း ရှန်ချွန်းဟယ်မှာ မာရသွန်ပြေးလာခဲ့သည့်အလား သူ၏နဖူးတွင် ချွေးပေါက်များဖြင့် ဖုံးလွှမ်းနေကာ လက်ကိုင်ပုဝါဖြင့် အဆက်မပြတ် သုတ်ဖယ်နေရသည်။
ဤအချက်က သူ၏ နဂိုကတည်းက ဝဝဖြိုးဖြိုး ခန္ဓာကိုယ်ကို အလွန်အမင်း အားနည်းချည့်နဲ့နေပုံပေါ်စေပြီး သူ၏နေ့စဉ်ဘဝတွင် အရက်နှင့် မိန်းမကိစ္စများကို ရှောင်ကြဉ်ခြင်းမရှိကြောင်း သက်သေပြနေသည်။
အမှုထမ်း၏ သတင်းပို့သံကိုကြားသောအခါ ရှန်ချွန်းဟယ်က စိတ်မရှည်စွာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။ "မလိုတော့ဘူး။ ညကင်းလှည့်တပ်ဖွဲ့က လူတွေ အထဲမှာ အလောင်းကို စစ်ဆေးနေကြတယ်"
"နားလည်ပါပြီ"
အမှုထမ်းမှာ အနည်းငယ် ကသိကအောက်ဖြစ်သွားကာ ဘေးသို့ ဆုတ်ခွာသွားလေသည်။