← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

မိုးနီကြောင့်ဖြစ်ပေါ်လာသည့် မိစ္ဆာသုံးမျိုးအနက် သင်္ချိုင်းလူသားမှာ သံသယဖြစ်ဖွယ်မရှိဘဲ အခက်ခဲဆုံးပင်ဖြစ်သည် ။ မိစ္ဆာသတ္တဝါများကို ကျင့်ကြံခြင်းအတတ်ပညာ သို့မဟုတ် မှော်လက်နက်များအသုံးပြု၍ ရှာဖွေတွေ့ရှိနိုင်သည် ။ အိပ်မက်ဆိုးများသည် မိုးနီအိပ်မက်ကမ္ဘာထဲတွင်သာ ပေါ်ပေါက်တတ်သည် ။ သို့သော် သင်္ချိုင်းလူသားများကို ယနေ့ထက်တိုင် လူသားတို့၏ စုံစမ်းစစ်ဆေးမှုဖြင့်သာ နောက်ယောင်ခံလိုက်နိုင်သည် ။ သေးငယ်သည့် သဲလွန်စတစ်ခု လွတ်သွားသည်နှင့် ပြန်ပြင်၍မရသော ကြီးမားသည့် ဘေးဒုက္ခဆီသို့ ဦးတည်သွားနိုင်သည် ။ သူတို့၏ ကောင်းခြင်းဆိုးခြင်းမှာ သူတို့သက်ရှိထင်ရှားရှိစဉ်က စိတ်နေသဘောထားအပေါ်တွင်သာ မူတည်နေသည် ။ သို့သော် မည်သို့ပင်ဖြစ်စေ အကယ်၍ သင်္ချိုင်းလူသားကို ဆယ်ရက်အတွင်း မနှိမ်နင်းနိုင်ပါက ၎င်းနှင့် အသားချင်းထိတွေ့ခဲ့ဖူးသူတိုင်းမှာ အလောင်းများဖြစ်သွားကြလိမ့်မည် ။

လိန်ရှင်းနန်နှင့် အခြားသူများမှာ သင်္ချိုင်းလူသား ဟယ်ချင်းယွီကို စိုးရိမ်တကြီး ရှာဖွေနေကြချိန်တွင် အလောင်းစစ်ဆေးမှု၌ အရေးကြီးသော သဲလွန်စကို ပေးနိုင်ခဲ့သည့် လီနန်ခယ်မှာတော့ အားလပ်နေသူတစ်ဦး ဖြစ်သွားခဲ့သည် ။ ခရိုင်ရုံးတော်တစ်ဝိုက် လမ်းလျှောက်ပြီးနောက် သူသည် အိမ်သို့သာ ပြန်လာခဲ့သည် ။ အိမ်သို့ပြန်ရောက်ချိန်တွင် သူ၏ဇနီးသည် လော့ချန်းချိုးမှာ လူနာတစ်ဦးကို ကုသပေးနေသည် ။

ထိုလူနာမှာ ဆွဲဆောင်မှုရှိပြီး ညို့ငင်နိုင်စွမ်းရှိသော အလှပဂေးတစ်ဦးဖြစ်သည် ။ လီနန်ခယ်မှာ သူမကို သိသည် ။ သူမမှာ တုန်းချီခရိုင်ရှိ ရှန့်ဟွားမျှော်စင်မှ ပြည့်တန်ဆာတစ်ဦးဖြစ်ပြီး ဝမ်သျှဲ ဟု အမည်ရကာ ဧည့်သည်များအကြား ရေပန်းစားပြီး အတတ်ပညာမျိုးစုံ၌ ကျွမ်းကျင်သူဖြစ်သည် ။ ရုံးတော်မှ လုပ်ဖော်ကိုင်ဖက်လူငယ်လေးတစ်ဦး၏ အတင်းအဖျင်းစကားများအရ ဤအမျိုးသမီးမှာ တစ်ခါက ဖျော်ဖြေပွဲအကြီးစားတစ်ခု ပြုလုပ်ခဲ့ဖူးသည် ။ သူမသည် တူရိယာမျိုးစုံကို တီးခတ်နိုင်ပြီး သီချင်းဆိုနိုင်သည် ။ အလွန်ခိုင်ခံ့လှသည့် ရွှေရောင်ပုလ္လင်ကုတင်ကြီးမှာပင် နောက်တစ်နေ့တွင် အစိတ်အပိုင်းများ ပြုတ်ထွက်သွားရသည်အထိပင် စိတ်အားထက်သန်ကာ ပြုစုနိုင်သူဖြစ်၏ ။ ပညာတတ်အချို့က ထိုအကြောင်းကို ကြားသိပြီးနောက် ထိုမိန်းကလေးအား သူမ၏ ဝမ်းဗိုက်ထဲ၌ပင် လှေလှော်နိုင်သူ ဟူ၍ ရယ်စရာအဖြစ် ခေါ်ဆိုခဲ့ကြသည် ။ အချိန်ကြာလာသည်နှင့်အမျှ ဝမ်သျှဲမှာ ဝန်ကြီးချုပ်လေး ဟူသော အမည်ပြောင်ကို ရရှိခဲ့သည် ။ သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသောလက်မောင်းများကို လူထောင်ပေါင်းများစွာက ခေါင်းအုံးအဖြစ် သုံးခဲ့ကြသော်လည်း ရှန့်ဟွားမျှော်စင်၏ ထိပ်တန်းပြည့်တန်ဆာတစ်ဦးဖြစ်ရန် ယင်းက အဟန့်အတားမဖြစ်ခဲ့ပေ ။ တစ်ခါတစ်ရံ သူမသည် လမ်းမပေါ်၌ လီနန်ခယ်နှင့် တွေ့ဆုံသည့်အခါ လက်ကိုင်ပုဝါကို ဝှေ့ယမ်းကာ "သခင်လေး" ဟု တစ်မျိုး ၊ "သခင်လေး" ဟု တစ်ဖုံ ခေါ်ဆိုရင်း အမျိုးသား၏ စိတ်ဆန္ဒများကို သူမ၏ နယ်ပယ်ထဲသို့ ဆွဲသွင်းရန် မြူဆွယ်တတ်သည် ။ သို့သော် သူက သူမ၏ ဆွဲဆောင်မှုများကို လျစ်လျူရှုထားနိုင်သဖြင့် သူမ၏ ကြိုးစားမှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည် ။ ယခုအချိန်တွင် လီနန်ခယ်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးမှာ စိုးရိမ်ပူပန်နေပုံရပြီး သူမ၏ ပုံမှန် အမူအပိုများ ပျောက်ကွယ်နေသည် ။

အစာအိမ်ထဲသို့ အအေးမိခြင်းကြောင့်ဖြစ်ပြီး ကြီးကြီးမားမား မဟုတ်ကြောင်း ၊ ပုံမှန် အစားအသောက်ကိုသာ ပို၍ ဂရုစိုက်ရန် လော့ချန်းချိုးက ကလောင်တံကိုကိုင်ကာ တည်ငြိမ်စွာ ပြောလိုက်သည် ။ အရင်ဆုံး အစာအိမ်အတွက် အားဖြစ်စေမယ့် ဆေးပင်အချို့ကို ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ၊ ထို့အပြင် သူမဘာသာ လိုက်ချီးသီးနှင့် ဆေးမြစ်အချို့ကို ဝယ်ယူကာ သူမပြောပြသည့် အချိုးအစားအတိုင်း အမှုန့်ပြုလုပ်၍ စွပ်ပြုတ်နှင့်အတူ တစ်ကြိမ်လျှင် တစ်ကျန်ခန့် သောက်သုံးရန် လော့ချန်းချိုးက ပြောလိုက်သည် ။

သမားတော်၏ စကားများကြောင့် ဝမ်သျှဲမှာ သက်ပြင်းချနိုင်သွားပြီး တင်းကျပ်နေသော စိတ်အစဥ်မှာ လျော့ပါးသွားသည် ။

"ကျွန်မရဲ့ အသည်းလေးရယ် ရှင်က ကျွန်မကို လန့်သေအောင် လုပ်နေတာပဲ"

အမျိုးသမီးက သူမ၏ ဝတ်လစ်စလစ်ဖြစ်လုနီးပါး ဖြစ်နေသော ရင်သားများကို အသာအယာပုတ်ကာ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည် ။ ထိုကဲ့သို့သော ရောဂါမျိုး မဟုတ်သည့်အတွက် တော်သေးကြောင်း ၊ မဟုတ်လျှင် သူမ၏ ကောင်းမွန်သော ဘဝလေးမှာ ခက်ခဲသွားလိမ့်မည်ဖြစ်ကြောင်း သူမက ပြောသည် ။ လော့ချန်းချိုးမှာ ဘာမှမပြောဘဲ ဆေးစာကို ခေါက်ကာ ဆေးပြင်ဆင်ရန် ဘေးခန်းထဲသို့ ဝင်သွားသည် ။

ဝမ်သျှဲက လီနန်ခယ်ဘက်သို့ ကိုယ်ကိုလှည့်ကြည့်လိုက်သည် ။ ထိုအမျိုးသား၏ ချောမောခံ့ညားသော အသွင်အပြင်မှာ သူမ၏ နှလုံးသားကို လှုပ်ခတ်သွားစေသည် ။ သူမက ခြေတစ်ဖက်ကို ချိတ်ထားလိုက်ရာ သူမ၏ ဂါဝန်မှာ ဖြူဝင်းသော အသားအရေကို မဖုံးကွယ်နိုင်တော့ပေ ။

"မောင်လေးလီ ဒီနေ့ ဘာလို့ ဒီလောက်စောစော ပြန်လာတာလဲ။ ကျွန်မလာမယ်ဆိုတာ သိလို့ ရှင်က အသည်းအသန် ပြန်လာတာလား"

လီနန်ခယ်က ပေါ့ပေါ့ပါးပါးပင် ပြန်လည်နောက်ပြောင်လိုက်သည် ။

"ဝမ်မမ လာမယ်မှန်းသာ ကြိုသိရင် ကျွန်တော် ညအတွက် မီးခွက်တွေ ပိုဝယ်ထားမိမှာပါ"

ဝမ်သျှဲမှာ ကြောင်အမ်းသွားသည် ။ သူမကဲ့သို့ ပျော်ပါးရာနေရာများတွင် ကျင်လည်နေသူပင်လျှင် အနည်းငယ် ရှက်သွေးဖြန်းသွားရသည် ။ သူမက အရှုံးမပေးလိုသဖြင့် စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည် ။

"မောင်လေးလီက အချစ်ရေးကို နားမလည်တဲ့သူလို့ ကျွန်မ ထင်ထားတာ။ ဒါပေမဲ့ အမျိုးသမီးတွေကို ကျီစယ်တဲ့နေရာမှာ ဒီလောက်အဆင့်မြင့်မယ်လို့ မမျှော်လင့်ထားဘူး။ ကြည့်ရတာ ရှင်က ပန်းခြံတွေထဲမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့ပုံရတယ်"

"ကျင်လည်ခဲ့တယ်လို့တော့ မပြောပါနဲ့။ ကျွန်တောမ်က ရဟန်းတစ်ပါးဖြစ်မယ့် ကံပါလာတဲ့သူဆိုတော့ အမျိုးသမီးတွေရဲ့ အလှအပတွေနဲ့ မထိတွေ့နိုင်ပါဘူး"

လီနန်ခယ်က ရှက်ပြုံးလေး ပြုံးပြလိုက်သည် ။ ထိုအမျိုးသမီးနှင့် စကားဆက်မပြောချင်တော့သဖြင့် ထွက်ခွာရန် ပြင်လိုက်သော်လည်း သူမက သူ့ကို လွှတ်ပေးရန် ဆန္ဒမရှိပေ ။ ဝမ်သျှဲက ဆွဲဆောင်မှုရှိသော အကြည့်များဖြင့် ချိုသာစွာ ပြောလာသည် ။

"ရဟန်းတွေတောင် ကျင့်ကြံဖို့ လိုအပ်တယ်လေ။ အကယ်၍ ရှင် စိတ်ဝင်စားတယ်ဆိုရင် ကျွန်မဆီမှာ တရားလာနာပါလား။ ဒီက ဗုဒ္ဓတရားတော်တွေက နက်နဲလွန်းတယ်နော်"

"ဝမ်မမကလည်း နောက်နေပြန်ပြီ။ ကျွန်တော့်ရဲ့ သေးငယ်တဲ့ ကျင့်ကြံမှုက မမရဲ့ ဆာလောင်မှုကို ဖြည့်ဆည်းပေးဖို့တောင် မလောက်ပါဘူး"

စကားဆက်ပြောနေလျှင် အမှန်တကယ် ပြဿနာတက်လိမ့်မည်ကို သိသဖြင့် လီနန်ခယ်က ညင်သာစွာ ငြင်းဆိုလိုက်သည် ။

"ဒါ့အပြင် တရားရှာတဲ့သူတွေက ဆူးခက်တွေကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်လမ်းကို ဖောက်ရမှာလေ။ သူများဖောက်ထားတဲ့ လမ်းအတိုင်း လျှောက်ရတာက ချောမွေ့ပေမဲ့ ပျော်စရာတော့ သိပ်မကောင်းဘူး မဟုတ်လား"

ထိုစကားကို ကြားသောအခါ ဝမ်သျှဲက အားပါးတရ ရယ်မောလိုက်သည် ။ သူမက သူ၏ လှောင်ပြောင်မှုကို စိတ်မဆိုးပေ ။ ထိုအမျိုးသမီးက နောက်ထပ် မြူဆွယ်သည့် စကားများ ဆက်ပြောရန် ပြင်လိုက်သော်လည်း ဆေးမြစ်များနှင့်အတူ ပြန်လာသော လော့ချန်းချိုးကို မြင်လိုက်ရသဖြင့် ပါးစပ်ပိတ်ကာ သူမ၏ အိတ်ထဲမှ ငွေအချို့ကို ထုတ်၍ စားပွဲပေါ်တွင် တင်လိုက်သည် ။

"နားနားနေနေ နေဖို့ မမေ့ပါနဲ့"

လော့ချန်းချိုး၏ တည်ငြိမ်ပြီး ခံစားချက်မရှိသော မျက်နှာထက်တွင် ရှားရှားပါးပါး စိုးရိမ်မှုအရိပ်အယောင် ပေါ်လာပြီး သူမက ညင်သာစွာ အကြံပေးလိုက်သည် ။

"ဒါ့အပြင် မမမှာ ဖိနှိပ်ထားတဲ့ ခံစားချက်တွေ ရှိနေတယ်။ တစ်ခါတလေ အပြင်ထွက် လမ်းလျှောက်တာက အကူအညီဖြစ်စေလိမ့်မယ်"

ဝမ်သျှဲ၏ မျက်နှာထားမှာ အနည်းငယ် ရှုပ်ထွေးသွားသည် ။ တစ်ဖက်လူက သူမအပေါ် အမှန်တကယ် စိုးရိမ်ပေးနေကြောင်း သူမ ခံစားမိသည် ။ ဆေးကောင်းက ရောဂါကို ပျောက်ကင်းစေပြီး စကားကောင်းက နှလုံးသားကို နွေးထွေးစေသည် ။ အစောပိုင်းက ထိုသူ၏ ခင်ပွန်းကို တမင်တကာ မြူဆွယ်ခဲ့သည်ကို ပြန်လည် တွေးတောမိသောအခါ သူမ၏ ရင်ထဲတွင် ရှက်စိတ်များ ဖြစ်ပေါ်လာသည် ။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြန်လည် ရယ်မောကာ လက်ဝှေ့ယမ်းပြီး ပြောလိုက်သည် ။

"ကိစ္စမရှိပါဘူး။ ကျွန်မတို့အရွယ်တွေ တကယ်ပဲ နားနားနေနေ နေလိုက်ရင် ဘဝမှာ မျှော်လင့်ချက် ရှိမှာမဟုတ်တော့ဘူး။ ဒါ့အပြင် လောကမှာ အလုပ်လုပ်လွန်းလို့ ပျက်စီးသွားတဲ့ လယ်ကွင်းဆိုတာ ရှိလို့လား။ ရှင်လည်း သဘောတူတယ်မလား"

လော့ချန်းချိုးက ထုပ်ပိုးထားသော ဆေးထုပ်ကို ကမ်းပေးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ ။ ထိုအမျိုးသမီးက လီနန်ခယ်ကို ဆွဲဆောင်မှုရှိသော အကြည့်တစ်ချက် ပေးလိုက်ပြီး သူမ၏ စကားများထဲတွင် မနာလိုမှု အငွေ့အသက်များ ပါဝင်နေကာ သူမက တမင်တကာ သတိပေးလိုက်သည် ။

"သမားတော်လော့မှာ ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ခင်ပွန်းရှိတာကို ကျွန်မ တကယ်ပဲ မနာလိုဖြစ်မိတယ်။ သူ့ကို သေချာ ဂရုစိုက်နော် မဟုတ်ရင် တခြားအမျိုးသမီးတွေ ဆွဲခေါ်သွားလိမ့်မယ်"

ထိုသို့ပြောပြီးနောက် သူမသည် ပြင်းထန်သော နံ့သာရနံ့များကို ချန်ထားရစ်ကာ ထွက်ခွာသွားသည် ။

All Chapters