← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

"ဟယ်ချင်းယွီက လင်ကျောက်ယွဲ့ကို မိုးနီ တိတ်တဆိတ်တိုက်ခဲ့သလား မတိုက်ခဲ့ဘူးလားဆိုတာ အခုထိ အတည်ပြုလို့ မရနိုင်သေးဘူး" လိန်ရှင်းနန်က ရေကန်ထဲတွင် ထင်ဟပ်နေသော လရောင်ကို တိတ်ဆိတ်စွာငေးကြည့်ရင်း ဆိုသည်။

"ငါတို့စုံစမ်းထားသလောက်တော့ ဟယ်ချင်းယွီက သခင်မလေးလင်ကို အကြိမ်ကြိမ် နှောင့်ယှက်ပတ်သက်ခဲ့ဖူးတယ်၊ လင်ကျောက်ယွဲ့ မိစ္ဆာလက်ချက်နဲ့ ဒဏ်ရာရခဲ့တဲ့နေ့က ဟယ်ချင်းယွီဟာ သူမဆီလာတွေ့ဖို့ ညဘက် လင်အိမ်တော်ရဲ့တံတိုင်းကို ကျော်တက်ခဲ့သေးတယ်၊ ဒါပေမဲ့ အစေခံတွေက မိသွားပြီး မောင်းထုတ်ခံလိုက်ရတယ်"

ဤစကားကို ကြားလိုက်ရချိန်တွင် လီနန်ခယ့်သည် ယနေ့ ဟယ်ချင်းယွီ၏ လူသတ်မှုဖြစ်ပွားရာနေရာသို့ လိန်ရှင်းနန် ဘာကြောင့်ရောက်ရှိနေရသနည်းဆိုသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။

လင်ကျောက်ယွဲ့ကို တစ်စုံတစ်ယောက်က မိုးနီ တိတ်တဆိတ်တိုက်ကျွေးခဲ့ပြီး ဟယ်ချင်းယွီသည်လည်း အဓိကသံသယတရားခံတစ်ဦး ဖြစ်နေခဲ့သည်။

ကံမကောင်းစွာဖြင့် ညကင်းလှည့်တပ်ဖွဲ့သည် ယခုအခါ အေးစက်နေသော ရုပ်အလောင်းတစ်ခုနှင့်သာ ရင်ဆိုင်နေရလေသည်။

ထို့အပြင် အရိပ်အယောင်မျှပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့သော သင်္ချိုင်းလူသားတစ်ဦးနှင့်ပင်။

လိန်ရှင်းနန်၏ အသံမှာ ကြည်လင်ကာ တိုးတိတ်နေ၏။ "လင်ကျောက်ယွဲ့ဟာ ၈လပိုင်း ၄ရက်နေ့ နေ့လယ် ၁နာရီနဲ့ ၃နာရီကြားလောက်မှာ ချူဟုန်တောင်ပေါ်က မိစ္ဆာတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်"

"ဟယ်ချင်းယွီ အမှန်တကယ်သေဆုံးခဲ့တဲ့အချိန်က ၈လပိုင်း ၄ရက်နေ့ည သန်းခေါင်ယံ ညဉ့်သုံးယံအချိန်လောက်မှာဖြစ်တယ်"

"တစ်နည်းအားဖြင့်ပြောရရင် အဲ့ဒီညက လင်အိမ်တော်ကနေ မောင်းထုတ်ခံလိုက်ရပြီးနောက် စိတ်ဓာတ်ကျနေတဲ့ ဟယ်ချင်းယွီဟာ သောကတွေကို အရက်နဲ့ဖြေဖို့ ပိုင်ယွင်စားသောက်ဆိုင်ကိုသွားဖို့ မူလကရည်ရွယ်ထားခဲ့ပေမဲ့ နောက်ဆုံးတော့ သူ့အိမ်မှာပဲ သေဆုံးသွားခဲ့တယ်"

"လူသတ်သမားဟာ ဟယ်ချင်းယွီ မီးခိုးမွှန်ပြီးသေဆုံးသွားသယောင် တမင်တကာဖန်တီးခဲ့ပြီး ခန္ဓာကိုယ်ပုပ်သိုးတာကို နှောင့်နှေးစေဖို့ ထုံးမှုန့်တွေချထားခဲ့ပြီး အရာရှိမင်းတွေရဲ့ စုံစမ်းစစ်ဆေးမှုကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ်၊ သူတို့ရဲ့ရည်ရွယ်ချက်က သူတို့ကိုယ်တိုင်အတွက် သက်သေခိုင်လုံစေဖို့ ဖြစ်သင့်တယ်"

"လူသတ်သမားက အောင်မြင်လုနီးပါးဖြစ်ခဲ့ပြီဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ရှင်နဲ့လာတွေ့နေခဲ့တယ်"

ဤနေရာသို့ရောက်သောအခါ လိန်ရှင်းနန်သည် ကံကြမ္မာ၏ အံ့သြဖွယ်ရာကောင်းလှပုံကို မချီးကျူးဘဲမနေနိုင်တော့ချေ။

အကယ်၍ လီနန်ခယ့်သာ ယနေ့ လူသတ်မှုဖြစ်ပွားရာနေရာသို့ မသွားခဲ့လျှင် အခြေအနေမှာ မည်သည့်အတိုင်းအတာအထိ ရောက်ရှိသွားမည်နည်း။

လီနန်ခယ့်က ရိုကျိုးစွာဆိုသည်။ "ကျွန်တော်က ကံကောင်းသွားရုံပါ"

"တစ်ခါတလေမှာ ကံကောင်းခြင်းဆိုတာကလည်း စွမ်းရည်တစ်ခုကို ကိုယ်စားပြုတတ်ပါတယ်" လိန်ရှင်းနန်က လီနန်ခယ့်ကို စိုက်ကြည့်လာသည်။ "၈လပိုင်း ၇ရက်နေ့ရောက်တော့ ဟယ်ချင်းယွီက ရုတ်တရတ် ပြန်လည်နိုးထလာပြီး ပိုင်ယွင်စားသောက်ဆိုင်မှာ သင်္ချိုင်းလူသားတစ်ယောက်အနေနဲ့ ပေါ်လာခဲ့တယ်၊ အရက်သောက်ပြီးတဲ့နောက် သူပျောက်ကွယ်သွားခဲ့တယ်"

"အဲ့ဒီနောက် တစ်စုံတစ်ယောက်က လင်ကျောက်ယွဲ့ရဲ့ အစားအသောက်ထဲကို မိုးနီ ထည့်ခဲ့တာကြောင့် သူမဟာ မိုးနီအိပ်မက်ကမ္ဘာထဲကို ကျရောက်သွားခဲ့တယ်၊ ဒီအမှုနှစ်ခု ဆက်စပ်နေတယ်လို့ မင်းထင်သလား"

"ကျွန်တော့်ကို မေးနေတာလား" လီနန်ခယ့်က သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။ "ဒါကို ကျွန်တော်က မေးရမှာမဟုတ်ဘူးလား"

သခင်မသည် သူ၏ရင်ခွင်ထဲရှိ ငန်းမမကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

လီနန်ခယ့် ဘာကြောင့် ဤငန်းမမကြီးကို ပွေ့ချီထားရသည်ကို သဘောကျနေမှန်း နားမလည်နိုင်သဖြင့် အမျိုးသမီးမှာ အလွန်ပင် ဇဝေဇဝါဖြစ်နေမိသည်။

ထို့အပြင် ငန်းမကြီး၏ တင်းပါးကိုလည်းအဆက်မပြတ် ပွတ်သပ်ပေးနေသေး၏။

လီနန်ခယ့်က ခပ်မဲ့မဲ့ပြုံးလိုက်သည်။ "တောင်းပန်ပါတယ် စီနီယာလိန်၊ ကျွန်တော့်မှာ အလောင်းစစ်ဆေးတဲ့နေရာမှာပဲ အတွေ့အကြုံနည်းနည်းရှိတာပါ၊ အမှုမှန်ဖော်ထုတ်ဖို့ လူဖမ်းဖို့နဲ့ မိစ္ဆာနှိမ်နင်းဖို့ကိစ္စတွေကျတော့ ကျွန်တော့်မှာ အဲ့ဒီပါရမီမျိုး မရှိပါဘူး"

"ဖြစ်နိုင်ချေလေးလောက်ပဲ ခန့်မှန်းကြည့်ပါ"

"ကျွန်တော် တကယ်ခန့်မှန်းလို့မရလို့ပါ၊ တခြားတစ်ယောက်ယောက်ကို မေးကြည့်ပါလား"

"ဒါဆိုရင်လည်း မှန်းသာပြောလိုက်စမ်းပါ၊ ရမ်းတုတ်တာမျိုးဆိုရင်တောင် ရတယ်"

အမျိုးသမီး၏ ဇွတ်တရွတ်နိုင်မှုရှေ့တွင် လီနန်ခယ့်မှာ စကားဆက်မရဖြစ်သွားသဖြင့် ဖြစ်သလိုပင် ပြောလိုက်တော့သည်။ "သင်္ချိုင်းလူသား ဟယ်ချင်းယွီက လင်အိမ်တော်ထဲမှာ ပုန်းအောင်းနေတာများလား"

"သူက ဘာလို့ လင်အိမ်တော်ထဲမှာ ပုန်းအောင်းနေရမှာလဲ"

"ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲ"

"အချစ်ကနေ အမုန်းအဖြစ်ပြောင်းသွားပြီး လင်ကျောက်ယွဲ့ကို သတ်ချင်တဲ့အတွက် လင်အိမ်တော်ထဲမှာ ပုန်းအောင်းပြီး သူမကို မိုးနီ တိတ်တဆိတ်တိုက်ခဲ့တာလား" လိန်ရှင်းနန်က ဆက်လက်၍ ဖိအားပေးမေးခွန်းထုတ်လာသည်။ သို့သော် သူမကိုယ်သူမ ပြန်လည်မေးခွန်းထုတ်နေသည်နှင့် ပို၍တူလေသည်။

လီနန်ခယ့်မှာ မချင့်မရဲဖြင့် ပြန်ချေပလိုက်သည်။ "သူက လင်ကျောက်ယွဲ့ကို ကယ်ဖို့အတွက် လင်အိမ်တော်ကို သွားခဲ့တာရော မဖြစ်နိုင်ဘူးလား"

"ဟယ်ချင်းယွီက လူသတ်သမား ဘယ်သူလဲဆိုတာကို သိနေတယ်"

လိန်ရှင်းနန်၏ မျက်လုံးများထဲတွင် တောက်ပသောအလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားသည်။

လီနန်ခယ့် အနည်းငယ် ကြောင်အသွားပြီးနောက် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဆိုသည်။ "ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိဘဲနဲ့ အခြေအမြစ်မရှိတဲ့ ခန့်မှန်းချက်တွေကိုချည်း အားကိုးနေရင် လမ်းမှားရောက်သွားဖို့ အရမ်းလွယ်ကူတယ်၊ လင်ကျောက်ယွဲ့ကို အရင်ဆုံး စုံစမ်းစစ်ဆေးသင့်တယ်လို့ ကျွန်တော်ထင်တယ်၊ ဒါမှ သင်္ချိုင်းလူသား ဟယ်ချင်းယွီကို စောစောရှာတွေ့နိုင်မှာ"

"မနက်ဖြန်ကျရင် အမှုကိစ္စမှာ ငါ့ကိုကူညီပေးဖို့ လင်အိမ်တော်ကို လိုက်ခဲ့"

လိန်ရှင်းနန်က ရုတ်တရတ် ဤစကားကို ချန်ရစ်ခဲ့ကာ မတ်တပ်ထရပ်ပြီး ထွက်သွားလေတော့သည်။

"ဗျာ"

လီနန်ခယ့် အနည်းငယ်ရှုပ်ထွေးသွားပြီး အမြန်လှမ်းခေါ်လိုက်သည်။ "ဒါပေမဲ့ ကျွန်တော်က သာမန် မှုခင်းသမားတော်လေး တစ်ယောက်ပါ"

လိန်ရှင်းနန်သည် ခြေလှမ်းတန့်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။ သူမ၏ ထက်ရှကာ မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေသောမျက်ဝန်းများက ရေကန်ထဲမှလရောင်ကို တလက်လက် ထင်ဟပ်နေစေလျက် ခပ်ဖျော့ဖျော့ ဆိုသည်။ "ဒါကြောင့်မလို့ မင်းက အထက်လူကြီးရဲ့ အမိန့်ကို နာခံရမှာပေါ့"

အခန်းထဲသို့ ပြန်ရောက်လာသောအခါ လီနန်ခယ့်သည် အလွန်ပင် စိတ်ဓာတ်ကျနေမိသည်။

သူသည် အေးအေးလူလူ ဘဝလေးကို ဖြတ်သန်းနိုင်လိမ့်မည်ဟု မူလကထင်မှတ်ထားခဲ့သော်လည်း ဤမျှ ပိုင်စိုးပိုင်နင်းနိုင်သော အမျိုးသမီးအထက်လူကြီးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ကံဆိုးလိုက်လေခြင်း။

"သူမရဲ့ရောဂါအခြေအနေကို သိချင်နေတာလား"

လော့ချန်းချိုးက စားပွဲပေါ်ရှိ ဆေးအကြွင်းအကျန်များကို ရှင်းလင်းလိုက်ပြီး အပြုံးဖြင့် ဝင်ထိုင်သည်။

ဇနီးသည်၏ မျက်နှာကိုကြည့်ကာ ထိုအမျိုးသမီးအထက်လူကြီးအပေါ် သူအလွန်ဂရုစိုက်နေသည်ဟု အထင်လွဲမခံရစေရန်အတွက် လီနန်ခယ့်သည် တစ်ဖက်လူ၏ ရောဂါအခြေအနေအကြောင်းကို သဘာဝကျကျပင် စူးစမ်းမေးမြန်းမည်မဟုတ်ပေ။

သို့သော် သူ၏ စူးစမ်းလိုစိတ်ကိုတော့ ဖိနှိပ်ထားရန် ခက်ခဲလှသည်။

ထို့ကြောင့် အမျိုးသားဖြစ်သူက သူမအား သွယ်ဝိုက်သောနည်းဖြင့် မြှောက်ပင့်ပြောဆိုလိုက်သည်။ "ဘယ်လောက်ပဲ ဆိုးရွားတဲ့ရောဂါဖြစ်ပါစေ အံ့မခန်းစွမ်းဆောင်နိုင်တဲ့ နတ်ဆေးသမားတော် သခင်မလေးရှိနေသရွေ့တော့ ဘာမှအရေးမကြီးပါဘူး"

အမျိုးသားဖြစ်သူသည် ဇနီးသည်ထံမှ သတင်းအချက်အလက်များကို ရယူနိုင်ရန် ဤနည်းလမ်းကို အသုံးပြုဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်။

"တကယ်လည်း ဟုတ်တာပဲလေ"

သခင်မလေးက သူ၏မြှောက်ပင့်စကားကို ကျေကျေနပ်နပ်ကြီး လက်ခံသွားလိမ့်မည်ဟု မည်သူကထင်မည်နည်း။

လီနန်ခယ့် တစ်ခဏမျှ ဘယ်လိုတုံ့ပြန်ရမှန်း မသိဖြစ်သွားသော်လည်း လော့ချန်းချိုးက သူ့ကို ထပ်မေးရန် အခွင့်အရေးမပေးတော့ဘဲ မတ်တပ်ရပ်ကာ ဆိုသည်။ "အရမ်းမိုးချုပ်နေပြီ ယောက်ျား၊ စောစောအနားယူသင့်တယ်"

"အင်းပါ၊ ကောင်းပါပြီ"

သူ၏ဇနီးသည်မှာ ပုံမှန်စည်းမျဉ်းများအတိုင်း ကစားမနေသည်ကို မြင်သောအခါ လီနန်ခယ့်သည် ခပ်မဲ့မဲ့ပြုံးလိုက်ပြီး လက်လျှော့လိုက်တော့သည်။

သူ၏အိပ်ရာကို ဂရုတစိုက် ရှင်းလင်းသပ်ရပ်ပေးနေသော ဇနီးသည်ကို ကြည့်ရင်း လီနန်ခယ့်က ရုတ်တရတ် မေးလိုက်သည်။ "ဒါနဲ့ ဇနီးလေး၊ ဆရာသခင်က ဘယ်တော့လောက် ပြန်လာမှာလဲ"

သခင်မ၏ ရှည်လျားကာ ခပ်ကျဲကျဲရှိသော မျက်တောင်လေးများက ညင်သာစွာ တုန်ခါသွားသော်လည်း သူမသည် တိတ်ဆိတ်စွာသာ နေနေခဲ့သည်။

အိပ်ရာကို သေသေချာချာ ခင်းကျင်းပေးပြီးမှသာ သူမက တိုးညှင်းစွာ ပြန်ဖြေလာသည်။ "ကျွန်မလည်း မသိဘူး၊ မနက်ဖြန်လည်း ဖြစ်နိုင်သလို ဘယ်တော့မှ ပြန်မလာတာလည်း ဖြစ်နိုင်တယ်"

"မင်းက သူ့ရဲ့တပည့် မဟုတ်ဘူးလား"

အမျိုးသမီး၏ အဖြေကြောင့် လီနန်ခယ့် အနည်းငယ် မကျေမနပ်ဖြစ်သွားရသည်။

တစ်ဖက်လူက သိသိသာသာကို ပြီးစလွယ် ဖြေဆိုနေခြင်းပင်။

လော့ချန်းချိုးက လီနန်ခယ့်၏ အပြင်ဝတ်ရုံကို ညင်သာစွာ ချွတ်ပေးလိုက်ပြီး သူ့ကို အလေးအနက် ကြည့်လာသည်။ "ကျွန်မ ဆရာသခင်နဲ့ သိပ်မရင်းနှီးဘူး"

အာ၊ ဒါက။

အမျိုးသားဖြစ်သူမှာ တစ်ခဏမျှ စကားပြောမထွက်နိုင်ဖြစ်သွားရ၏။

လော့ချန်းချိုး၏ နှုတ်ခမ်းထက်တွင် ခါးသီးသော အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ "ကျွန်မ လိမ်ပြောနေတာ မဟုတ်ပါဘူး၊ ဆရာသခင်ရဲ့ မျိုးရိုးနာမည်၊ ဒါမှမဟုတ် ဘယ်ကလာတယ်ဆိုတာကို ကျွန်မ တကယ်မသိတာပါ"

"ဒါဆို မင်းက တကယ်ကိုပဲ တော်တော်လေး ပေါ့ဆတဲ့တပည့် တစ်ယောက်ဖြစ်မှာပဲ" လီနန်ခယ့်မှာ ညည်းညူချင်နေသော်လည်း ဘယ်လိုညည်းညူရမှန်းမသိသဖြင့် နှုတ်ခမ်းကိုသာ စုမုံ့ထားလိုက်သည်။ "ကိုယ်လည်း သူ့ကို သိပ်ရင်းနှီးပုံမပေါ်ပါဘူးလေ"

"မဟုတ်ဘူး၊ ရှင်က ဆရာသခင်ရဲ့ တိုက်ရိုက်တပည့်ပဲ" လော့ချန်းချိုးက ဆိုသည်။

လီနန်ခယ့်၏ နှလုံးသား လှုပ်ခတ်သွားပြီး တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူကပြောလိုက်သည်။ "ဇနီးလေး ဆရာသခင်က တပည့်တော်တာ လူမှားသွားတာများ ဖြစ်နိုင်မလား"

လော့ချန်းချိုးက သူမ၏ ယောက်ျားဖြစ်သူကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ထိုမျက်ဝန်းများက ငတုံးတစ်ယောက်ကို ကြည့်နေသကဲ့သို့ရှိကာ သူဘာတွေပြောနေမှန်းကို လုံးဝနားမလည်နိုင်ဖြစ်နေ၏။

"အကယ်၍ သူ လူမှားသွားတယ်ဆိုရင်တောင် အဲ့ဒါက ဆရာသခင့်ကိစ္စပဲလေ၊ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး" လော့ချန်းချိုးက ခပ်ဖျော့ဖျော့ ဆိုသည်။

အရှေ့မှ အမျိုးသမီးနှင့် စကားပြော၍ မရနိုင်ကြောင်း သဘောပေါက်သွားသော လီနန်ခယ့်သည် ခေါင်းကိုကုတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ လက်ကိုဝှေ့ယမ်းလိုက်သည်။ "ထားလိုက်ပါတော့ ထားလိုက်ပါတော့၊ မင်းက ဝိညာဉ်ကူးပြောင်းခြင်း နဲ့ ခန္ဓာကိုယ်ကူးပြောင်းခြင်း ကြားက ကွာခြားချက်ကို နားလည်မှာမဟုတ်ပါဘူး"

All Chapters