← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 8 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 8 Ch. 145-146

အခန်း (၁၄၅) - တုန်းဟယ်၏ တုန်လှုပ်ဖွယ်ရာ လုပ်ရပ်

​တုန်းဟယ်နှင့် သူ၏အပေါင်းအပါများမှာ အမှောင်ထဲမှနေ၍ သူ့ကို ချောင်းမြောင်းစောင့်ကြည့်နေသည်ကို လင်းကျင်း လုံးဝမသိရှိပေ။ သူသည် သားရဲများကို မှတ်တမ်းတင်ခြင်းတွင်သာ အာရုံရောက်နေပြီး ထိုအလုပ်ကို အလွန်ပင် ပျော်မွေ့နေမိသည်။ ယခုဆိုလျှင် သားရဲပြတိုက်အတွင်း မှတ်တမ်းတင်ပြီးသော သားရဲအရေအတွက်မှာ ရှစ်ရာကျော်သွားခဲ့ပြီ ဖြစ်၏။

​မကြာမီမှာပင် ပြတိုက်အတွင်းမှ ခေါင်းလောင်းသံတစ်ခု မြည်ဟည်းလာတော့သည်။ တောက်ပသော အလင်းတန်းများ ကျဆင်းလာပြီး စွမ်းအင်လှိုင်းများမှာ လင်းကျင်း၏ စိတ်ဝိညာဉ်အတွင်းသို့ စီးဝင်သွားခဲ့၏။ ၎င်းမှာ ဘုရားသခင်၏ ကောင်းချီးပေးမှုကို ခံယူနေရသကဲ့သို့ပင်။ ထို့နောက် တံဆိပ်တစ်ခုမှာ လင်းကျင်း၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီး နောက်ဆက်တွဲ စကားသံတစ်ခု ထွက်ပေါ်လာတော့သည်။

​“သားရဲကောင်ရေ ရှစ်ရာကျော် မှတ်တမ်းတင်ပြီးပါပြီ။ အလယ်အလတ်အဆင့် ‘သားရဲခြောက်လှန်နိုင်စွမ်း’ကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်ပါတယ်။”

​“သားရဲခြောက်လှန်နိုင်စွမ်း - အဆင့် ၄ အထိ ရှိသော သားရဲများကို ယဉ်ပါးစေနိုင်ပြီး ခြောက်လှန်နိုင်စွမ်း ရှိသည်။”

​ထိုအသံမှာ ကြည်လင်ပြတ်သားပြီး မြင့်မြတ်သော အရှိန်အဝါများ ပါဝင်နေပေသည်။

​‘နောက်ဆုံးတော့ ရောက်လာပြီပဲ’

​လင်းကျင်း အလွန်အမင်း ဝမ်းသာသွားရ၏။

​သူ့အတွက်တော့ ဤ ‘သားရဲခြောက်လှန်နိုင်စွမ်း’ မှာ ‘သွေးကြောရှာဖွေခြင်း’ နည်းစနစ်ကဲ့သို့ပင် အလွန်အသုံးဝင်လှပေသည်။ အစွမ်းထက်သော သတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် ဤစွမ်းရည်က သူ၏အသက်ကို ကယ်တင်ပေးနိုင်သည် မဟုတ်ပါလား။

​ယခင်က လင်းကျင်းသည် အဆင့် ၃ အထိသာ ခြောက်လှန်နိုင်စွမ်း ရှိသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် မလုံလောက်ဟု ခံစားခဲ့ရသည်။ ယခုမူ အဆင့် ၄ အထိ တိုးမြှင့်နိုင်ပြီဖြစ်ရာ ပို၍ အစွမ်းထက်သော သတ္တဝါများကိုပင် သူ နှိမ်နင်းနိုင်တော့မည် ဖြစ်၏။

​သူသည် မြက်ခင်းပြင်တိုက်ကြီးမှ လာသော သားရဲများကို လှမ်းကြည့်လိုက်သည်။

​ဤနေရာရှိ သတ္တဝါများမှာ ဒေသထွက် သားရဲများထက် သိသိသာသာကိုပင် သာလွန်လှပေသည်။ သို့သော် ၎င်းတို့မှာ မြက်ခင်းပြင်တိုက်ကြီးတွင်သာ တွေ့ရလေ့ရှိသဖြင့် လူအများမှာ ထိုသားရဲများအကြောင်းကို မသိရှိကြဘဲ မိမိတို့၏ စိတ်အာရုံနောက်လိုက်ကာ ဝယ်ယူနေကြရ၏။ ချမ်းသာသောသူများကတော့ သူတို့၏ ဆုံးဖြတ်ချက်ကို ကူညီပေးရန်အတွက် သားရဲအကဲဖြတ်မှူးများကို ငှားရမ်းကြသည်။

​လင်းကျင်းသည် တစ်နေရာချင်းစီသို့ ပတ်ကြည့်လိုက်ပြီးနောက် တစ်ကောင်မှ မကျန်အောင် အားလုံးကို မှတ်တမ်းတင်နိုင်ခဲ့ပေသည်။

​“အစ်ကိုလင်း”

​နောက်ဘက်မှ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သဖြင့် လင်းကျင်း လှည့်ကြည့်လိုက်ရာ ဇူချန်းကို တွေ့လိုက်ရ၏။

​ဇူချန်း တစ်ယောက်တည်း မဟုတ်ဘဲ ဇူထျန်းဟုန်းလည်း ပါလာခဲ့သည်။

​ဤကဲ့သို့သော ထူးခြားသည့် သားရဲပြပွဲကြီးတွင် မေပယ်မြို့၏ အထင်ကရ မိသားစုကြီး သုံးခုထဲမှ တစ်ခုဖြစ်သော ဇူမိသားစုမှာ မည်သို့ လွဲချော်နိုင်ပါ့မည်နည်း။

​“အကဲဖြတ်မှူးလင်း”

ဇူထျန်းဟုန်းက အနားသို့ လျှောက်လာပြီး နှုတ်ဆက်လိုက်၏။

​လင်းကျင်းကလည်း ပြန်လည် အလေးပြုလိုက်သည်။

​ထို့နောက် ဇူထျန်းဟုန်း၏ နောက်တွင် လိုက်ပါလာသော မြက်ခင်းပြင်တိုက်ကြီးသား တစ်ဦးကို သူ သတိထားမိလိုက်၏။ ထိုသူမှာ သူတို့မိသားစုက ငှားရမ်းထားသော မြက်ခင်းပြင်တိုက်ကြီးမှ သားရဲအကဲဖြတ်မှူး ဖြစ်ကြောင်း ဇူချန်းက ပြောပြသည်။

​“အစ်ကိုလင်း... ကျွန်တော်က အစ်ကို့ကိုပဲ အကူအညီ တောင်းချင်တာ.... ဒါပေမဲ့ အဖေက ဒီတိုက်က အကဲဖြတ်မှူးတွေက မြက်ခင်းပြင်တိုက်ကြီးက သားရဲတွေနဲ့ မရင်းနှီးဘူးဆိုပြီး အစ်ကို့ကို အားနာလို့ မပြောခိုင်းတာ... ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျွန်တော်ကတော့ အစ်ကို့ကိုပဲ ပိုယုံကြည်တယ်” ဟု ဇူချန်းက တိုးတိုးလေး ကပ်ပြောလိုက်၏။

​လင်းကျင်းကတော့ ပြုံး၍သာ တုံ့ပြန်လိုက်သည်။

​ဇူထျန်းဟုန်း၏ စဉ်းစားပုံမှာ မှန်ကန်လှပေသည်။ မဟာစည်းလုံးခြင်းတိုက်ကြီးမှ အကဲဖြတ်မှူးများမှာ မြက်ခင်းပြင်တိုက်ကြီးမှ သားရဲများနှင့် မရင်းနှီးကြသည်မှာ အမှန်ပင်။ သို့သော် သူ့အတွက်တော့ ခြွင်းချက် ဖြစ်၏။

​ဤကမ္ဘာပေါ်တွင် တည်ရှိနေသရွေ့ သားရဲပြတိုက်က အကဲမဖြတ်နိုင်သော သားရဲဟူ၍ မရှိပေ။

​“ဘယ်သားရဲကို ဝယ်လိုက်လဲ”

လင်းကျင်းက မေးလိုက်၏။

​ဇူချန်းက သားရဲအချို့၏ အကဲဖြတ်ချက်များ ရေးသားထားသော စာအုပ်ကို ထုတ်ပြသည်။

​၎င်းမှာ ထိုမြက်ခင်းပြင်တိုက်ကြီးသား အကဲဖြတ်မှူး ရေးသားထားခြင်း ဖြစ်ပေလိမ့်မည်။

​“အစ်ကိုလင်း... တစ်ချက်လောက် ကြည့်ပေးပါဦး” ဟု ဇူချန်းက ပြောလိုက်၏။

​လင်းကျင်းက အပေါ်ယံမျှ ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

​ထိုအကဲဖြတ်မှူး၏ သုံးသပ်ချက်များမှာ အတော်လေး တိကျလှပေသည်။ အချို့သော အချက်အလက်များမှာ လွဲချော်နေသော်လည်း ကြီးမားသော ပြဿနာတော့ မဟုတ်ပေ။

​လင်းကျင်း ခေါင်းညိတ်သည်ကို မြင်ရသောအခါမှ ဇူချန်းမှာ စိတ်အေးသွားတော့၏။

​“မြို့တော်ဝန်အိမ်တော်က ကိုယ်စားလှယ်တွေတောင် ဒီကို ရောက်နေကြတယ်လို့ ကြားတယ်” ဟု ဇူချန်းက ပြောပြလိုက်သည်။

​လင်းကျင်းလည်း ထိုသတင်းကို ကြားဖူးပေသည်။

​သားရဲအကဲဖြတ်မှူး အသင်းချုပ်မှ မထွက်လာမီက တန်လင်းကို မြို့တော်ဝန်အိမ်တော်က ဖိတ်ကြားထားကြောင်း တစ်စုံတစ်ယောက် ပြောနေသည်ကို သူ ကြားခဲ့ရ၏။ သားရဲများကို အကဲဖြတ်ပေးရန် သူမ၏ အကူအညီကို တောင်းခံနေခြင်း ဖြစ်ပေလိမ့်မည်။

​“ဒါနဲ့ အစ်ကိုလင်း... အရင်တစ်ခေါက် လေလံပွဲက ဝယ်ခဲ့တဲ့ ခေါင်းနှစ်လုံးပါတဲ့ မြွေနဲ့ ကျွန်တော့်ညီလေးကို သွေးစာချုပ် ချုပ်ပေးဖို့ မိသားစုက စီစဉ်နေတယ်... အဲဒီအချိန်ကျရင် အစ်ကို့ရဲ့ အကူအညီကို ထပ်ပြီး လိုအပ်ဦးမှာပါ”

ဇူချန်းက ပြောရာ လင်းကျင်းကလည်း ခေါင်းညိတ် သဘောတူလိုက်၏။

​လင်းကျင်း အနေဖြင့် ကူညီပေးရပေလိမ့်မည်။ အကြောင်းမှာ ထိုခေါင်းနှစ်လုံးပါသော မြွေနှင့် သွေးစာချုပ် ချုပ်ရန်မှာ မလွယ်ကူသောကြောင့် ဖြစ်၏။

​ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် သူတို့သည် ကျင့်ကြံသူများ အသင်းချုပ်အကြောင်းသို့ ရောက်ရှိသွားကြသည်။

​“အစ်ကို ကျင့်ကြံသူများ အသင်းချုပ်ထဲ ဝင်လိုက်တယ်လို့ မမဆီက ကြားတယ်”

ဇူချန်းက ပြုံး၍ မေးလိုက်၏။

​လင်းကျင်း ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ လျှို့ဝှက်ချက်မှ မဟုတ်သည် မဟုတ်ပါလား။

​သို့သော် ဇူချန်း၏ နောက်ထပ် စကားတစ်ခွန်းကြောင့် လင်းကျင်း၏ မျက်နှာမှာ ပျက်သွားရတော့၏။

​“ညီမလေးက ကောလာဟလတစ်ခု ကြားခဲ့တယ်တဲ့... အစ်ကိုက ချန်ယွမ်ယွမ် ဆိုတဲ့ မိန်းကလေးအတွက်နဲ့ ရန်ကျဲဆီကနေ သူမကို ပြန်လုဖို့ ကျင့်ကြံသူများအသင်းချုပ်ထဲ ဝင်ခဲ့တာဆိုပဲ”

ဇူချန်းသည် လင်းကျင်း၏ မျက်နှာပေး မကောင်းသည်ကို သတိထားမိလိုက်သဖြင့် အလျင်အမြန်ပင် ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီ ကောလာဟလကို မယုံပါဘူး”

​လင်းကျင်း စိတ်ထဲတွင် ဒေါသများ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။ “အဲဒီ ကောလာဟလကို မင်း မပြောခဲ့သင့်ဘူး”

​လင်းကျင်းသည် ထိုကောလာဟလကို အလွန်အမင်း မုန်းတီးလှပေသည်။ ထိုသတင်းကို မည်သူက စတင်ခဲ့သည်ကို သူ မသိသော်လည်း၊ အကယ်၍သာ သိခဲ့လျှင် ထိုလူ၏ ဘဝကို အရှင်လတ်လတ် ငရဲကျအောင် လုပ်မိပေလိမ့်မည်။

​ထိုစဉ်မှာပင် ရှေ့ဘက်မှ ရုတ်ရုတ်သဲသဲ ဖြစ်သံများကို ကြားလိုက်ရ၏။

​နောက်ဆက်တွဲအနေဖြင့် အော်ဟစ်သံများစွာ ထွက်ပေါ်လာတော့သည်။

​“ဒုက္ခပါပဲ... ပြေးကြ.... ထူးဆန်းတဲ့ သားရဲတစ်ကောင် လှောင်အိမ်ထဲက ထွက်ပြေးလာပြီ”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီးနောက် တစ်နေရာလုံးမှာ ပရမ်းပတာ ဖြစ်သွားတော့၏။

​နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး သားရဲတစ်ကောင်မှာ သောင်းကျန်းနေပုံရသည်။

​လူအုပ်ကြီးမှာ ထိတ်လန့်သွားကြပြီး အပြင်ဘက်သို့ တိုးဝှေ့ ထွက်ပြေးကြတော့၏။

​ဤကဲ့သို့သော မတော်တဆမှုမျိုးကို လူတိုင်းက ကြောက်ရွံ့ကြသည် မဟုတ်ပါလား။

​လူသားများသည် ထိတ်လန့်လာလျှင် ခေါင်းမပါသော ကြက်ကဲ့သို့ ဟိုပြေးဒီပြေး လုပ်တတ်ကြသည်။ တစ်ဦးနှင့်တစ်ဦး တိုးဝှေ့မိကြရာမှ မတော်တဆမှုများမှာလည်း တန်းစီ၍ ပေါ်ပေါက်လာတော့၏။

​အနီးအနား တစ်နေရာတွင်တော့ တုန်းဟယ်မှာ လူအုပ်ကြားတွင် တွန်းတိုက်ခံရသဖြင့် မြေပြင်ပေါ်သို့ ဒိုင်းခနဲ လဲကျသွားခဲ့သည်။ သူ၏ အပေါင်းအပါများက သူ့ကို အလျင်အမြန် ထူပေးလိုက်ကြ၏။ သူသည် ဒေါသတကြီး ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင်၊ တစ်စုံတစ်ယောက်က ကြိုးများနှင့် သစ်လုံးများဖြင့် ဖွဲ့စည်းထားသော စင်တစ်ခုကို မတော်တဆ တိုက်မိသွားခဲ့သည်။ ကြိုးများမှာ ပြတ်တောက်သွားပြီး သစ်လုံးကြီးမှာ အောက်သို့ ပြိုကျလာတော့၏။

​“ပြေးကြဟေ့”

တုန်းဟယ်မှာ ကြောက်လွန်းသဖြင့် အမွေးအမှင်များပင် ထောင်သွားရသည်။ သူသည် မြေပြင်ပေါ်တွင် ချက်ချင်း လူးလိမ့်လိုက်သဖြင့် ထိုသစ်လုံးကြီး၏ အောက်မှ သီသီလေး လွတ်မြောက်သွားခဲ့၏။ မဟုတ်လျှင် ထိုသစ်လုံးကြီးက သူ့ကို အသားစင်းကော ဘဝသို့ ရောက်သွားစေပေလိမ့်မည်။

​သို့သော်လည်း ကံဆိုးမိုးမှောင်ကျစွာဖြင့် ထိုသစ်လုံးကြီးမှာ လူတစ်ဦးပေါ်သို့ မကျသော်လည်း၊ အနီးရှိ လှောင်အိမ်တစ်ခု၏ ဘေးဘက်ကို သွားမှန်ကာ အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။ ထိုလှောင်အိမ်ထဲမှ ‘သံခွံကင်းမြီးကောက်’တစ်ကောင်မှာ အခွင့်ကောင်းကို အသုံးချကာ အပေါက်မှတစ်ဆင့် အပြင်သို့ ထွက်လာတော့၏။

​ဤသံခွံကင်းမြီးကောက်မှာ ကြည့်ရသည်မှာ အလွန်ပင် ကြောက်စရာ ကောင်းလှပေသည်။ မြေပြင်ပေါ်တွင် လျှောက်နေသော မိကျောင်းကြီးတစ်ကောင်နှင့် တူသော်လည်း ကင်းမြီးကောက်၏ အမြီးမျိုး ရှိနေသည်။ ၎င်း၏ ထက်မြက်သော အမြီးမှာ သင်းခွေချပ်၏ မာကျောသော အကြေးခွံများကိုပင် အလွယ်တကူ ဖောက်ထွက်နိုင်ရာ၊ လူသား၏ နူးညံ့သော အသားများကိုဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။

​တုန်းဟယ်နှင့် သူ၏အဖွဲ့မှာ သတိပြန်ဝင်လာချိန်တွင် သံခွံကင်းမြီးကောက်မှာ သူတို့နှင့် ငါးပေခန့်သာ ကွာတော့သည်။ ဤမျှ နီးကပ်သော အကွာအဝေးမှနေ၍ သူတို့သည် ထိုသားရဲ၏ ထက်မြက်သော သွားများနှင့် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသော အမြီးကြီးကို အထင်အရှား မြင်နေရပေသည်။

​အကယ်၍ တုန်းဟယ်သာ အစောက အိမ်သာ သွားမထားခဲ့လျှင် ယခုအချိန်တွင် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲတွင် ဆီးထွက်နေလောက်ပြီ ဖြစ်၏။

​ဤကြီးမားလှသော သံခွံကင်းမြီးကောက်၏ အရှိန်အဝါအောက်တွင် တုန်းဟယ်၏ သားရဲမှာတော့ တစ်ချက်ပင် မဟောင်ရဲတော့ပေ။ အစား ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး ခွေလိပ်နေတော့သည်။

​တုန်းဟယ်၏ နောက်ပါများမှာလည်း အသက်ပင် မရှူရဲလောက်အောင် ထိတ်လန့်နေကြပြီး၊ သံခွံကင်းမြီးကောက်ကို ရန်စသကဲ့သို့ မဖြစ်စေရန် ငြိမ်သက်နေကြ၏။

​သူတို့နှင့် နှိုင်းယှဉ်လျှင်တော့ တုန်းဟယ်မှာ ဖိအားအောက်တွင် အလုပ်လုပ်ဖူးသော အတွေ့အကြုံ အနည်းငယ် ရှိပေသည်။ သူသည် ထိတ်လန့်နေသော်လည်း ထိုကြောက်စိတ်ကို ထိန်းချုပ်ကာ အခြေအနေကို မည်သို့ ရင်ဆိုင်ရမည်ကို စဉ်းစားလိုက်၏။

​ထွက်ပြေးရမလား။

​မဖြစ်နိုင်ပေ။ သူတို့ လှုပ်ရှားလိုက်သည်နှင့် ထိုသတ္တဝါက ရန်စသည်ဟု ယူဆကာ တိုက်ခိုက်လာပေလိမ့်မည်။

​သို့သော်လည်း ဤအတိုင်း ငြိမ်နေရုံနှင့်လည်း မပြီးပေ။

​ခုခံရန် သို့မဟုတ် ပြန်လည် တိုက်ခိုက်ရန်အတွက်လည်း သူတို့တွင် အနိုင်ရနိုင်ခြေ မရှိမှန်း တုန်းဟယ် သိနေသည်။

​ထိုစဉ်မှာပင် တုန်းဟယ်သည် သူ၏ ဘေးနားရှိ မစင်ပုံးကို ရုတ်တရက် သတိပြုမိလိုက်၏။

​သူ၏ တွက်ဆချက်အရဆိုလျှင် ဤမစင်များမှာ အနားရှိ တိုင်ရန်နိုဆောသားရဲထံမှ အသစ်စက်စက် ထွက်ရှိထားသော အရာများ ဖြစ်ရပေမည်။

​အကြောင်းရင်းကို မသိသော်လည်း တုန်းဟယ်၏ စိတ်ထဲတွင် အစောပိုင်းက သူတို့ ဆွေးနွေးခဲ့ကြသော ‘မစင်သီအိုရီ’ မှာ ပြန်လည် ပေါ်ပေါက်လာတော့၏။ အဆင့်မြင့် သားရဲ၏ မစင်ကို အသုံးပြု၍ အဆင့်နိမ့် သားရဲကို ခြောက်လှန့်နိုင်သည် ဆိုသော အချက်ပင်။

​ဤသီအိုရီမှာ သားရဲဆိုင်ရာ စာအုပ်များတွင် ပါဝင်သလို ထိရောက်မှု ရှိကြောင်းလည်း သက်သေပြပြီးသား ဖြစ်၏။

​အသက်ရှင်လိုစိတ် ပြင်းပြနေသဖြင့် တုန်းဟယ်သည် တွန့်ဆုတ်မနေတော့ဘဲ မစင်ပုံးထဲသို့ လက်ကို နှိုက်လိုက်ကာ၊ မစင်ပုံကြီးကို လက်ဖြင့် ဆွဲယူပြီး သူ၏ တစ်ကိုယ်လုံးပေါ်သို့ စတင် သုတ်လိမ်းလိုက်တော့၏။

​သူ၏ လုပ်ရပ်ကြောင့် အားလုံးမှာ အံ့အားသင့်သွားကြရသည်။

​တုန်းဟယ်၏ နောက်ပါများမှာလည်း သူ ဘာလုပ်နေသည်ကို ချက်ချင်း သဘောပေါက်သွားကြ၏။ အနားရှိ လူများမှာလည်း သူ့ကို အတုယူကာ မစင်များကို မိမိတို့ ကိုယ်ပေါ်တွင် သုတ်လိမ်းကြတော့သည်။ မစင်ပုံးနှင့် ဝေးသော နေရာမှ လူများမှာတော့ တုန်းဟယ်ကို အားကျသော မျက်လုံးများဖြင့်သာ ကြည့်နေနိုင်တော့၏။

​ဤမျှနှင့် မလုံလောက်သေးဟု ထင်သဖြင့် ခဏမျှ စဉ်းစားပြီးနောက်၊ တုန်းဟယ်သည် နောက်ထပ် မစင်ပုံကြီးကို လက်ဖြင့် ယူလိုက်ကာ သူ၏ မျက်နှာပေါ်သို့ပါ အနှံ့ သုတ်လိမ်းလိုက်တော့၏။

​ထိုမစင်များ၏ ပြင်းထန်လှသော အနံ့ဆိုးကြီးတစ်ခုတည်းနှင့်ပင် မည်သည့် သားရဲမဆို တုန်းဟယ်ကို အစာအဖြစ် စားသုံးရန် စဉ်းစားမိတော့မည် မဟုတ်ပေ။ ယခုအချိန်တွင် သူတို့ ဘေးကင်းသွားပြီဟု ဆိုနိုင်ပေသည်။

​ထိုအချက်ကို သက်သေပြနေသည်မှာ သံခွံကင်းမြီးကောက်သည် တုန်းဟယ်ထံမှ ဖြည်းညှင်းစွာ နောက်သို့ ဆုတ်သွားခြင်းပင် ဖြစ်၏။

​၎င်းက တုန်းဟယ်ကို အလွန်ပင် အားတက်သွားစေတော့သည်။

​‘ဟားဟား... အောင်မြင်ပြီဟေ့’

အခန်း (၁၄၆) - မျောက်ဖြူကြီး

​စိတ်ဓာတ်များ အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် တုန်းဟယ်သည် ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။ သံခွံကင်းမြီးကောက်သည် ရန်လိုစွာဖြင့် ၎င်း၏ အစွယ်များကို ထုတ်ပြသော်လည်း တုန်းဟယ်၏ အနံ့ဆိုးကြောင့် နောက်သို့ နှစ်လှမ်းဆုတ်သွားခဲ့သည်။ တုန်းဟယ် နောက်ထပ် တစ်လှမ်း ထပ်တိုးလိုက်သောအခါတွင်တော့ ထိုကင်းမြီးကောက်မှာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ လှည့်၍ ထွက်ပြေးသွားတော့၏။

​၎င်းမှာ အလွန်ပင် ကျေနပ်စရာ ကောင်းလှသော အခိုက်အတန့်ပင်။

​တုန်းဟယ်သည် မိမိကိုယ်ပေါ်တွင် မစင်များ ပေကျံနေသည်ကိုပင် မေ့လျော့နေခဲ့၏။ သူ၏ စိတ်ထဲတွင်တော့ ထိတ်လန့်စရာကောင်းသော သံခွံကင်းမြီးကောက်ကို သူတစ်ယောက်တည်း ခြောက်လှန့်နိုင်ခဲ့သည်ဟူသော အချက်ကြောင့်သာ ကြည်နူးနေမိတော့သည်။

​တိုက်တိုက်ဆိုင်ဆိုင်ပင် သံခွံကင်းမြီးကောက် ထွက်ပြေးသွားသော လမ်းကြောင်းမှာ လင်းကျင်း ရပ်နေသည့် နေရာ ဖြစ်နေပေသည်။

​အရှည် သုံးမီတာကျော်ရှိသော မြက်ခင်းပြင်တိုက်ကြီးမှ သတ္တဝါကြီးတစ်ကောင် တဟုန်ထိုး ပြေးလာသည်ကို မြင်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှ၏။

​“အစ်ကိုလင်း... သတိထားဦး”

ဇူချန်းသည် ပြေးလာသော သားရဲကို မြင်သောအခါ လန့်သွားပြီး သူ၏ နီလာလိပ်ကို ရှေ့ထွက်ကာ ကာကွယ်ခိုင်းလိုက်သည်။ သို့သော် လင်းကျင်းသည် လိပ်၏ နောက်ကွယ်တွင် ပုန်းမနေဘဲ ရှေ့သို့ လှမ်းထွက်လိုက်ကာ သံခွံကင်းမြီးကောက်ကို စိုက်ကြည့်ရင်း ဟောက်လိုက်၏။

“ဝပ်နေစမ်း”

​မျက်မြင်မရသော ဖိအားတစ်ခုက နှိမ်နင်းလိုက်သကဲ့သို့ ထိုကင်းမြီးကောက်မှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး လင်းကျင်း၏ ရှေ့တွင် လိမ္မာသော ခွေးတစ်ကောင်ကဲ့သို့ ဝပ်ချလိုက်တော့သည်။

​အားလုံးမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရ၏။

​လင်းကျင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ အဆင့် ၂ သားရဲတစ်ကောင်မှာ သူ၏ သားရဲခြောက်လှန်နိုင်စွမ်းကို မည်သို့မျှ ခုခံနိုင်စွမ်း မရှိပေ။

​စက္ကန့်အနည်းငယ်အကြာတွင် ပို၍ အစွမ်းထက်သော သားရဲတစ်ကောင်ကို ပိုင်ဆိုင်သည့် မြက်ခင်းပြင်တိုက်ကြီးသား တစ်ဦး ရောက်လာပြီး ကင်းမြီးကောက်ကို ဖမ်းဆီးသွားတော့၏။ ထိုလူသည် လင်းကျင်းကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကဲ့သို့ အံ့ဩတကြီး ကြည့်သွားခဲ့သည်။

​လင်းကျင်းကတော့ ထိုအရာကို ဂရုမစိုက်ဘဲ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် နေရာသို့သာ လှည့်ကြည့်လိုက်၏။ ထိုနေရာတွင် အခြေအနေများ ငြိမ်သက်ခြင်း မရှိသေးပုံရပေသည်။ ခဏမျှ စဉ်းစားပြီးနောက် လင်းကျင်းသည် ရှောင်ဟော့ကို ခေါ်ဆောင်ကာ လူအုပ်ကို တိုးဝှေ့ပြီး ထိုနေရာသို့ အမြန်သွားလိုက်တော့သည်။

​ဇူချန်းမှာတော့ အားကျသော မျက်လုံးများဖြင့် ကြည့်နေရစ်ခဲ့ပြီး၊ မြက်ခင်းပြင်တိုက်ကြီးမှ အကဲဖြတ်မှူးက လင်းကျင်းမှာ မည်သူနည်းဟု ဇူထျန်းဟုန်းကို မေးမြန်းနေတော့၏။

​လင်းကျင်း စကားတစ်ခွန်းတည်းဖြင့် ကင်းမြီးကောက်ကို နှိမ်နင်းလိုက်သည့် မြင်ကွင်းကို တုန်းဟယ်လည်း မြင်လိုက်ရပေသည်။

​ယခုအချိန်တွင် သူသည် မြေကြီးထဲသို့သာ တိုးဝင်သွားချင်တော့၏။ အနံ့ဆိုးများ ပေကျံနေသဖြင့် လူအုပ်ကြီးမှာ သူတို့အဖွဲ့ကို ရောဂါသည်များသဖွယ် ရှောင်ဖယ်နေကြသည်။ လူမသိသူမသိ ခိုးထွက်သွားရန်မှာလည်း မလွယ်ကူပေ။ ဇူချန်းသည် အနံ့ခံအာရုံ ထက်မြက်သူဖြစ်သည့်အတိုင်း တုန်းဟယ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ပြီး အနံ့ရသွားသောအခါ အသံကျယ်ကြီးဖြင့် အော်လိုက်တော့၏။

“ဒါ အကဲဖြတ်မှူးတုန်း မဟုတ်လား”

​ဤသို့ဖြင့် တုန်းဟယ်မှာ နာမည်ကြီးသွားခဲ့ပြီ ဖြစ်သည်။

​တုန်းဟယ်မှာတော့ အသက်ရှင်ချင်စိတ်ပင် ကုန်ဆုံးသွားသည့်အလား မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့နေတော့၏။

​ထိုအချိန်တွင် လင်းကျင်းမှာတော့ မြက်ခင်းပြင်တိုက်ကြီးသားများ တားဆီးထားခြင်းကို ခံနေရသည်။

​ရှေ့ဘက်တွင်တော့ ရက်စက်ကြမ်းကြုတ်သော သားရဲများစွာ တိုက်ခိုက်နေကြ၏။ ကုန်သည်အဖွဲ့ဝင်များမှာ သူတို့၏ သားရဲများကို အသုံးပြု၍ လွတ်မြောက်နေသော သတ္တဝါကို ဖမ်းဆီးရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

​ဤအကွာအဝေးမှနေ၍ လင်းကျင်း အရာရာကို အထင်အရှား မြင်နေရပေသည်။

​လွတ်မြောက်နေသော သတ္တဝါမှာ မျောက်ဝံကြီး တစ်ကောင် ဖြစ်၏။

​လင်းကျင်းသည် မျောက်မျိုးနွယ် သားရဲများနှင့် တွေ့ဖူးသော်လည်း ဤမျှ ကြီးမားသည်ကိုတော့ မမြင်ဖူးပေ။ ၎င်းသည် မတ်တတ်ရပ်လျှင် အနည်းဆုံး ပေနှစ်ဆယ်ခန့် မြင့်မားပြီး၊ တန်နှင့်ချီသော ပစ္စည်းများကို တစ်ခါတည်း မနိုင်သည့် သန်မာသော လက်မောင်းကြီးများ ရှိပေသည်။ တစ်ကိုယ်လုံးမှာ ပြာလုလု အဖြူရောင် အမွေးအမှင်များ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင် ရှိ၏။ ၎င်းကို ဝိုင်းရံထားသော သားရဲများမှာလည်း ကြီးမားလှပေသည်။ ၎င်းတို့မှာ တိုင်ရန်နိုဆောကြီး တစ်ကောင်၊ သဲကန္တာရ မြွေကြီးတစ်ကောင်၊ ကျောက်ကောင် ပင့်ကူတစ်ကောင်နှင့် လင်းတတစ်ကောင်တို့ ဖြစ်ကြပြီး မျောက်ဖြူကြီးကို အရပ်မျက်နှာ အနှံ့မှ ဝိုင်းထားကြသည်။

​လင်းကျင်းသည် ဤသတ္တဝါများ၏ အမျိုးအစားကို သိနေပေသည်။ အကြောင်းမှာ သူသည် ပြပွဲတွင် ပြသထားသော သားရဲများကိုသာ အပ်ဖြင့် ထိုးခဲ့ခြင်း မဟုတ်ပေ။ လူမသိအောင် မြက်ခင်းပြင်တိုက်ကြီးသားများ၏ ကိုယ်ပိုင်သားရဲများကိုလည်း လိုက်၍ ‘တို့’ ခဲ့သောကြောင့် ဖြစ်၏။

​ထို့ကြောင့် ဤသားရဲလေးကောင် ပေါင်းလျှင်ပင် မျောက်ဖြူကြီးကို တားဆီးရန် မလွယ်ကူကြောင်း လင်းကျင်း သိနေသည်။

​အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ အင်အားချင်း ယှဉ်လျှင် ထိုသားရဲလေးကောင်က မျောက်ဝံကို နှိမ်နင်းနိုင်သော်လည်း၊ မျောက်ဖြူကြီးတွင် အခြားသားရဲများ မရှိသော အရာတစ်ခု ရှိနေပေသည်။

​၎င်းမှာ ဉာဏ်ရည်ပင် ဖြစ်၏။

​ဤမျောက်ဖြူကြီး၏ ဉာဏ်ရည်မှာ မိစ္ဆာတစ်ကောင်၏ အဆင့်သို့ ရောက်လုနီးပါး ရှိနေပေသည်။ သားရဲပြတိုက်၏ ဖော်ပြချက်အရ ၎င်းတွင် ‘လူသားနှင့် နီးစပ်သော ဉာဏ်ရည်’ ရှိနေသည်ဟု ဆို၏။

​တစ်နည်းအားဖြင့် ၎င်းမှာ အလွန် ဉာဏ်ကောင်းလှပေသည်။ အင်အားချင်း ယှဉ်တိုက်၍ မရမှန်း သိသဖြင့် ၎င်းသည် ယခုအချိန်တွင် ထွက်ပြေးရန် အစီအစဉ် ဆွဲနေခြင်း ဖြစ်ရပေမည်။

​လင်းကျင်းသည် လူအုပ်ကြားသို့ အတင်းတိုးမဝင်ခဲ့ပေ။ ထိုကုန်သည်များမှာ အခြေအနေကို ထိန်းချုပ်နိုင်သည်ဟု ယုံကြည်မှု ရှိနေသဖြင့် သူ စောင့်ကြည့်နေလိုက်၏။ သူတို့မှာလည်း အထင်သေး၍ မရသောသူများ ဖြစ်ကြသည်။ ဤမျောက်ဖြူကြီးကို ဖမ်းဆီးပြီး မေပယ်မြို့အထိ သယ်ဆောင်လာနိုင်ခြင်းကပင် သူတို့ ပြန်ဖမ်းနိုင်လိမ့်မည်ဟု သက်သေပြနေခြင်း ဖြစ်၏။

​ထိုနေရာတွင် လူကုံထံ အချို့လည်း စောင့်ကြည့်နေကြသည်။

​လင်းကျင်းသည် မြို့တော်ဝန်အိမ်တော်မှ လူများကို တွေ့လိုက်ရ၏။ သူတို့အထဲတွင် ဘဏ္ဍာစိုး ကျောက်ဝမ်ထန်လည်း ပါဝင်ပေသည်။

​​ ကျောက်ဝမ်ထန်အပြင် တန်လင်းကိုလည်း သူ တွေ့လိုက်ရ၏။ လင်းကျင်းသည် ချက်ချင်းပင် အနားသို့ သွားကာ နှုတ်ဆက်လိုက်သည်။

“အကဲဖြတ်မှူးချုပ်တန်... ဘဏ္ဍာစိုးကျောက်"

​“အကဲဖြတ်မှူးလင်း... ရှင်လည်း ဒီကို ရောက်နေတာလား”

တန်လင်းက အသင်းချုပ်တွင်ကဲ့သို့ မာန်မတက်ဘဲ လင်းကျင်းကို ပြန်နှုတ်ဆက်လိုက်၏။ တန်လင်းက လင်းကျင်းကို အလေးထားသည်ကို မြင်ရသဖြင့်လည်းကောင်း၊ လင်းကျင်းမှာ အဆင့် ၂ အကဲဖြတ်မှူး ဖြစ်နေသဖြင့်လည်းကောင်း ကျောက်ဝမ်ထန်ကလည်း ပြန်လည် အလေးပြုလိုက်သည်။

“မတွေ့တာ ကြာပြီနော် အကဲဖြတ်မှူးလင်း”

​လင်းကျင်းက ရယ်မောလိုက်ရင်း မျောက်ဖြူကြီးကို ညွှန်ပြကာ ပြောလိုက်၏။

“ဒီမှာ လုံခြုံရေးကို အတော်လေး ပေါ့ပေါ့ဆဆ လုပ်ထားတာပဲ... သားရဲတစ်ကောင် လွတ်လာအောင်အထိ လုပ်ရတယ်လို့”

​ထိုစကားကို ကြားသောအခါ ကျောက်ဝမ်ထန်က ဒေါသတကြီး ပြောလိုက်တော့၏။

​“ဒီလူရိုင်းတွေက အားကိုးလို့ မရဘူး... အရင်က သူတို့ မြို့ထဲဝင်ဖို့ ခွင့်တောင်းတုန်းက မြို့တော်ဝန်က အခုလို မတော်တဆမှုတွေ ဖြစ်မှာ စိုးလို့ ငြင်းခဲ့သေးတယ်... ဒါပေမဲ့ သူတို့ ဘယ်သူ့ကို သွားကပ်လိုက်လဲ မသိပါဘူး၊ မြို့တော်က လူတစ်ယောက်ကို စည်းရုံးပြီး ဝင်ခွင့် တောင်းလာကြတယ်.... နန်းတော်က ခွင့်ပြုမိန့်ဆိုတော့ ကျုပ်တို့လည်း ဘာမှ မတတ်နိုင်ဘူးပေါ့... ဒါပေမဲ့ အခု ကြည့်ဦး... သူတို့ကို ပေးဝင်လိုက်လို့ ဘာဖြစ်ကုန်ပြီလဲ... အကယ်၍ ဒီသားရဲသာ မြို့ထဲကို ရောက်သွားပြီး ဒုက္ခပေးမယ်ဆိုရင် မြို့တော်ဝန်ရော ကျုပ်ပါ တာဝန်ယူရမှာ... အဲဒီကျရင်တော့ ဒီလူရိုင်းတွေလည်း ဒုက္ခနဲ့ တွေ့ရမယ်လို့သာ မှတ်ထားလိုက်တော့”

​ပြောပြီးသည်နှင့် ကျောက်ဝမ်ထန်သည် ဘေးရှိ အစောင့်ကို လှည့်မေးလိုက်၏။

“တပ်မှူးကျန်း ရောက်ပြီလား”

​အစောင့်က ချက်ချင်း ပြန်ဖြေသည်။

“အကြောင်းကြားထားပါတယ်၊ ဒါပေမဲ့ စစ်ကူတွေ စုရုံးဖို့ အချိန်နည်းနည်းတော့ ကြာဦးမှာပါ”

​“နောက်ထပ် တစ်ယောက်လောက် လွှတ်ပြီး အမြန်လာဖို့ ပြောလိုက်ဦး”

​ထို့နောက် ကျောက်ဝမ်ထန်သည် တန်လင်းဘက်သို့ လှည့်ကာ မေးလိုက်၏။

“အကဲဖြတ်မှူးချုပ်တန်... ဒီမျောက်ဝံကြီးကို ဘယ်လို မြင်လဲ... ဒီလူရိုင်းတွေ သူ့ကို ပြန်ဖမ်းနိုင်ပါ့မလား”

​တန်လင်းက စိုးရိမ်နေပုံရပေသည်။

​“ဒီမျောက်ဖြူက ဒီတစ်ခေါက် ကုန်သည်အဖွဲ့ ယူလာတဲ့ အရေးကြီးဆုံး သတ္တဝါတွေထဲက တစ်ကောင်ပဲ... သူ့ကို သံလှောင်အိမ်ထဲမှာပဲ အမြဲ ပိတ်ထားပြီး ဘယ်သူ့ကိုမှ အနားမကပ်ခိုင်းဘူး... အဲဒါကြောင့် ကျွန်မရဲ့ ‘ဝိညာဉ်မျက်လုံး’ နဲ့တောင် သေချာ မသိနိုင်ဘူး ဖြစ်နေတယ်” ဟု တန်လင်းက အမှန်အတိုင်း ပြောပြလိုက်၏။

​“ကုန်သည်တွေရဲ့ သားရဲတွေထဲက ပင့်ကူကြီးကိုတော့ ကျွန်မ အနီးကပ် တွေ့ဖူးတယ်... အဲဒါက အဆင့် ၂ ဖြစ်ပြီး သူ့ရဲ့ အခွံက နှစ်ပေလောက် ထူတဲ့ ကျောက်နံရံလို မာကျောတယ်... ခုခံမှုကတော့ အလွန်ကောင်းပြီး ပင့်ကူအိမ်တွေလည်း ပစ်နိုင်တယ်... ကျန်တဲ့ သားရဲတွေကိုတော့ အကဲမဖြတ်ဖူးသေးပေမဲ့ အစွမ်းထက်ကြမှာပါ... သူတို့ ဝိုင်းတိုက်ရင်တော့ မျောက်ဝံကို ဖမ်းနိုင်လောက်ပါတယ်”

​တန်လင်း စကားပြောပြီးသည်နှင့် ရှေ့ဘက်တွင် အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားတော့၏။

​မျောက်ဖြူကြီးက စတင် တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။

​သူ၏ ပစ်မှတ်မှာ လင်းတ ဖြစ်၏။

​လင်းကျင်းလည်း အံ့ဩသွားရသည်။

​ဤမျောက်ဖြူတွင် လူသားကဲ့သို့ ဉာဏ်ရည် ရှိသည် မဟုတ်ပါလား။ ဤမျှ ဉာဏ်ကောင်းလျှင် တိုက်ရိုက် ရင်ဆိုင်ခြင်းက မဖြစ်နိုင်မှန်း သူ သိရပေမည်။ သူ၏ အကောင်းဆုံး ရွေးချယ်မှုမှာ ချက်ချင်း ထွက်ပြေးရန်သာ ဖြစ်၏။

​သို့သော် မကြာမီမှာပင် လင်းကျင်းသည် အရေးကြီးသော အချက်ကို သတိထားမိလိုက်ပြီး သူ၏ မျက်ဝန်းများ ကျုံ့သွားတော့သည်။

​မျောက်ဖြူကြီးသည် လင်းတနှင့် တိုက်ခိုက်နေပြီး ကျန်သော သားရဲသုံးကောင်က ဝိုင်းထားကြသော်လည်း၊ တစ်ခုခု ထူးဆန်းနေပေသည်။ အခြားသားရဲသုံးကောင်က မနားတမ်း တိုက်ခိုက်နေသော်လည်း မျောက်ဖြူကြီးမှာ မိမိကိုယ်ကိုယ် မကာကွယ်ဘဲ လင်းတကိုသာ အာရုံစိုက် တိုက်ခိုက်နေခြင်း ဖြစ်၏။

​လင်းတမှာ မနည်းသော်လည်း တစ်ဦးချင်း ယှဉ်လျှင် မျောက်ဝံ၏ ပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်ပေ။ မျောက်ဝံ၏ ကြီးမားသော လက်သီးက လင်းတ၏ အတောင်ပံကို ထိမှန်သွားသောအခါ၊ ထိုငှက်မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး အတောင်ပံမှာ ပျော့ခွေကျသွားတော့၏။

​ဤတိုက်ခိုက်မှုကို လုပ်ဆောင်ရန်အတွက် မျောက်ဖြူကြီးမှာလည်း ဒဏ်ရာအတော်များများ ရရှိခဲ့သည်။ သို့သော် သူ အောင်မြင်သွားချိန်တွင်တော့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် ကြားမှနေ၍ အပြင်ဘက်သို့ တစ်ဟုန်ထိုး ခုန်ထွက်သွားတော့၏။

​သူ တကယ်ပဲ ထွက်ပြေးရန် ကြိုးစားနေခြင်းပင်။

​လင်းကျင်းကတော့ ပြုံးလိုက်မိ၏။

​“ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်သလဲ” ဟု လင်းကျင်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

​မျောက်ဖြူကြီးတွင် လူသားကဲ့သို့ ဉာဏ်ရည် ရှိသည်မှာ သေချာလှပေသည်။ သူ ထွက်ပြေးလျှင်ပင် ဝေးဝေးမရောက်နိုင်မှန်း သူ သိနေသည်။ လင်းတမှာ ကောင်းကင်ယံမှနေ၍ သူ့ကို အမြဲ စောင့်ကြည့်နေမည့် ရန်သူ၏ မျက်လုံးပင် ဖြစ်၏။ အကယ်၍ ဤငှက်ကို မနှိမ်နင်းထားလျှင် သူ ဘယ်လောက်ပြေးပြေး ပြန်အဖမ်းခံရမှာ ဖြစ်သည်။

​ထို့ကြောင့် ထွက်မပြေးမီ ဤအန္တရာယ်ကို အရင်ဆုံး ရှင်းလင်းရန်အတွက် သူသည် ဒဏ်ရာရမည့် ဘေးကိုပင် ဂရုမစိုက်ခဲ့ခြင်း ဖြစ်၏။

​တကယ့်ကို ထက်မြက်လှပေသည်။

​ဤမျောက်ဖြူကြီးသည် စစ်ဗျူဟာကိုပင် နားလည်နေသည် မဟုတ်ပါလား။

​ကျန်ရှိသော သားရဲများမှာလည်း ချက်ချင်းပင် လိုက်လံ ဖမ်းဆီးကြတော့၏။ ယခုတစ်ခါတွင်တော့ မြက်ခင်းပြင်တိုက်ကြီးသားများသာမက ဒေသခံ ပညာရှင်အချို့ကလည်း မျောက်ဖြူကြီး မြို့ထဲတွင် သောင်းကျန်းမည်ကို စိုးရိမ်သဖြင့် ဝိုင်းဝန်း တားဆီးရန် ပြင်ကြတော့သည်။

​“သူတို့ တားလို့ ရမှာ မဟုတ်ဘူး” ဟု လင်းကျင်းက တိုးတိုးလေး ပြောလိုက်မိတော့၏။

All Chapters