← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 8 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 8 Ch. 151-152

အခန်း (၁၅၁) - စကားမပြောတတ်ရင် ငြိမ်နေပါ

​ခြေလှမ်းများ ရပ်တန့်သွားသော လင်းကျင်းကို ကြည့်ပြီး အခြားသူများက ဘာမှမဟုတ်သလို ထင်နေကြသော်လည်း၊ ဇူချန်းမှာတော့ ကြောက်လန့်တကြား တုန်လှုပ်သွားရ၏။

​အခြားသူများက လင်းကျင်း၏ အစွမ်းကို မသိကြသော်လည်း ဇူချန်းကတော့ သိထားပေသည်။ သူ သိထားသမျှမှာလည်း အနည်းငယ်မျှသာ ဖြစ်သော်လည်း၊ အနည်းဆုံးတော့ လင်းကျင်း၏ သားရဲမှာ အဆင့် ၃ ရှိကြောင်းနှင့် ကျင့်ကြံသူများ အသင်းချုပ်သို့ ဝင်ရောက်စဉ်က သူ၏ သွေးစာချုပ် အခြေခံမှာ စတုတ္ထအဆင့်ရှိကြောင်း ဇူချန်း သိထားပေသည်။

​ဤအချက် နှစ်ချက်ထဲနှင့်ပင် လင်းကျင်းသည် ဇူမိသားစု တစ်ခုလုံးက ကြောက်ရွံ့ရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ ဖြစ်၏။

​သို့သော် ဇူချန်းသည် ငြိမ်နေလိုက်သလို၊ ကြားဝင်ဖြန်ဖြေရန်လည်း မကြိုးစားခဲ့ပေ။

​ဇူမိသားစုဝင်များက သူတို့၏ ပါးစပ်ကို စည်းမစောင့်ဘဲ လျှောက်ပြောနေကြမှတော့၊ ဖြစ်လာသမျှ အကျိုးဆက်အားလုံးကို သူတို့ ခံယူရပေလိမ့်မည်။

​လင်းကျင်းသည် ဇူမိသားစု၏ တတိယအကြီးအကဲဘက်သို့ လှည့်ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။

“ဇူချန်း ပြောတာ မှန်တယ်... ခင်ဗျားက အသက်ကြီးပေမဲ့ တကယ်ပဲ မလေးစားတတ်တာပဲ... ခင်ဗျား စကားမပြောတတ်မှတော့၊ နောင်လည်း ဘယ်တော့မှ မပြောရတာက ခင်ဗျားအတွက် အကောင်းဆုံးပဲ”

​ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားတော့၏။

​လင်းကျင်း တစ်ခုခု ထပ်လုပ်ဦးမည်ဟု အားလုံးက ထင်မှတ်ထားသော်လည်း၊ သူသည် ထိုသို့သော ‘ခါးသီးသည့်စကား’ များကို ပြောပြီးနောက် အေးအေးဆေးဆေးပင် ထွက်သွားသဖြင့် သူတို့ အံ့ဩသွားကြရသည်။

​အချို့မှာ ချက်ချင်းပင် ရယ်မောလိုက်ကြ၏။ တတိယအကြီးအကဲသည်လည်း ရယ်မောရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက် ထိတ်လန့်စရာကောင်းသော အခြေအနေတစ်ခုကို သူ သတိထားမိလိုက်သည်။

​သူ မရယ်နိုင်တော့ပေ။

​သူ တစ်ခုခု ပြောရန် ကြိုးစားသော်လည်း ပါးစပ်ဟလိုက်ချိန်တွင် အသံမှာ လုံးဝ ထွက်မလာတော့ပေ။ သူ၏ လည်ချောင်းမှာ တစ်စုံတစ်ခုနှင့် အလုံပိတ်ခံထားရသည့်အလား၊ တိုးတိုးလေးပင် အသံမထွက်နိုင်တော့ခြင်း ဖြစ်၏။

​သူ ပျာပျာသလဲ ဖြစ်သွားတော့သည်။

​လည်ချောင်းကို ကိုင်ရင်း ချောင်းဟန့်ကြည့်သော်လည်း အသံကတော့ လုံးဝ ထွက်မလာခဲ့ပေ။

​ဘာဖြစ်နေသည်ကို သိလိုက်ရသောအခါ အခြားသူများက အပြေးအလွှား လာရောက် စစ်ဆေးကြသော်လည်း ဘာမှ မှားယွင်းနေသည်ကို မတွေ့ရပေ။ တတိယအကြီးအကဲမှာ မျက်လုံးများ ပြူးလာပြီး အသက်ကို ပြင်းပြင်းရှူနေရ၏။ အဆုံးတွင်တော့ သူသည် အလွန် စိတ်လှုပ်ရှားသွားသဖြင့် ကြို့ထိုးသံတစ်ချက်နှင့်အတူ သတိလစ်သွားတော့သည်။

​နောက်ထပ် တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်၏။

​ဇူထျန်းဟုန်းပင်လျှင် ထိတ်လန့်သွားရသည်။ သူသည် ဇူချန်းကို ကြည့်လိုက်ရာ ဇူချန်းက ခေါင်းကို သိသိသာသာ ညိတ်ပြလိုက်၏။ ဇူထျန်းဟုန်း ထိုအချက်ပြမှုကို နားလည်သွားပြီး ဘာမှ ဆက်မပြောတော့ပေ။

​ဤထူးဆန်းသော ဖြစ်ရပ်၏ နောက်ကွယ်တွင် လင်းကျင်း ရှိနေသည်မှာ သေချာလှပေသည်။

​ယခုအချိန်တွင် ဇူထျန်းဟုန်းမှာ အလွန်ပင် စိတ်ပျက်နေမိ၏။

​မိသားစုအတွင်း အမြဲတမ်း သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း ယခင်ကတော့ အပေါ်ယံတွင် သင့်မြတ်သလို ဟန်ဆောင်နိုင်ခဲ့ကြသေးသည်။ သူ အိမ်တော်သခင် ဖြစ်လာချိန်တွင် ဤမကောင်းသော အခြေအနေကို ပြောင်းလဲရန် ကြံရွယ်ခဲ့သော်လည်း၊ မိသားစုအတွင်းရှိ အုပ်စုများ၏ ဩဇာက ကြီးမားလွန်းသဖြင့် သူတစ်ဦးတည်းနှင့် မတတ်နိုင်ခဲ့ပေ။

​ယနေ့ ဖြစ်ရပ်ကဲ့သို့ပင်။ သူ၏ ဒုတိယဦးလေးနှင့် တတိယဦးလေးတို့က ဇူထျန်းလီဘက်မှ ရပ်တည်ကာ ဤကဲ့သို့ ရှက်ဖွယ်ကောင်းသော ကိစ္စမျိုးကို လုပ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

​ခဏတာမျှ ဇူထျန်းဟုန်းသည် စိတ်ဓာတ်ကျသွားရ၏။ သူသည် ဘာမှ မှတ်ချက်မပေးတော့ဘဲ ဇူချန်းထံသို့ သွားကာ ပြောလိုက်သည်။

“ငါတို့ မိသားစုက ဒီနေ့ အကဲဖြတ်မှူးလင်းကို တကယ်ပဲ စော်ကားမိသွားပြီ... ချန်းအာ... မင်းက အကဲဖြတ်မှူးလင်းရဲ့ သူငယ်ချင်းဆိုတော့၊ ငါ့ကိုယ်စား သူ့ကို သွားပြီး တောင်းပန်ပေးပါဦး”

​ဇူချန်းက ခေါင်းညိတ်လိုက်၏။

​တစ်ခုခုကို သတိရသွားပုံရသော ဇူချန်းက မေးလိုက်သည်။ “ခေါင်းနှစ်လုံးပါ မြွေကရော ဘယ်လိုလုပ်မလဲ”

​ဇူထျန်းဟုန်းက ဒေါသကြားမှ ရယ်လိုက်ရင်း။

“သူတို့ လုချင်ကြရင်လည်း လုကြပါစေပေါ့... အကဲဖြတ်မှူးလင်းက မင်းရဲ့ ညီလေး ယွမ်အာကလွဲရင် တခြား ဘယ်သူ့ကိုမှ သွေးစာချုပ်ချုပ်ဖို့ ကူညီမှာ မဟုတ်ဘူးလို့ ပြောသွားတယ် မဟုတ်လာ... အဲဒါကို သူက ဒေါသထွက်လို့ ပြောသွားတယ်လို့ မင်း ထင်နေတာလား”

​ဇူချန်း လန့်သွားပြီး သူ၏ ဖခင် ပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားတော့၏။

​သူ့ဖခင်မှာ အခြေအနေကို ပို၍ ကောင်းစွာ သိမြင်ထားပေသည်။ ထို့အပြင် သူတို့သည် လင်းကျင်း၏ စွမ်းရည်အပေါ် လုံးဝ ယုံကြည်မှု ရှိကြ၏။ လင်းကျင်း၏ စကားထဲတွင် ပါဝင်သော အဓိပ္ပာယ်မှာ၊ ဤကမ္ဘာပေါ်တွင် သူကလွဲလျှင် အခြား မည်သူမျှ ခေါင်းနှစ်လုံးပါ မြွေကို သွေးစာချုပ် အောင်မြင်အောင် လုပ်ပေးနိုင်မည် မဟုတ်ခြင်းပင်။

​လင်းကျင်းသည် ဇူအိမ်တော်မှ ထွက်လာပြီးနောက် အိမ်သို့ တန်းမပြန်တော့ပေ။ မိုးလင်းနေပြီဖြစ်ရာ သူသည် သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့သာ တန်းသွားလိုက်တော့၏။

​မကြာမီမှာပင် ဇူချန်းသည် အသင်းချုပ်သို့ ရောက်လာခဲ့ပြီး လင်းကျင်းကို အတောမသတ် တောင်းပန်တော့၏။ သို့သော် လင်းကျင်းသည် ဖြစ်ပျက်ခဲ့သမျှအတွက် ဇူချန်းကိုဖြစ်စေ၊ ဇူထျန်းဟုန်းကိုဖြစ်စေ အပြစ်မတင်ပေ။ မိသားစုအတွင်း ရန်ပွဲများရှိနေချိန်တွင် အိမ်တော်သခင်တစ်ဦးအနေဖြင့် ဇူထျန်းဟုန်းမှာလည်း ခက်ခဲမည်ကို သူ နားလည်ပေသည်။

​သို့သော် ဇူချန်းမှာ သူ၏ သူငယ်ချင်းဖြစ်သဖြင့် လင်းကျင်းက စကားတစ်ခွန်း ပါးလိုက်၏။

​“နောက်မကြာခင်မှာ မင်းရဲ့ ဇူမိသားစုဝင်တွေက ငါ့အကူအညီကို ရဖို့အတွက် ဒူးထောက်တောင်းပန်ကြလိမ့်မယ်... အဲဒီအချိန်ကျရင် သူတို့ကို ငါ့ဆီ လာခိုင်းလိုက်ပါ... မင်းရော၊ အိမ်တော်သခင်ရော ဒီကြားထဲမှာ ဝင်မပါနဲ့”

​ထိုစကားကြောင့် ဇူချန်း ပြုံးသွားပြီး ချက်ချင်းပင် သဘောတူလိုက်တော့၏။

​လင်းကျင်းသည် ဇူချန်းကို အကဲဖြတ် အစီရင်ခံစာ တစ်စောင်လည်း ပေးလိုက်သေးသည်။

​၎င်းမှာ ‘နီလာလိပ်’အတွက် အစီရင်ခံစာ ဖြစ်၏။

​နီလာလိပ် အဆိပ်မိစဉ်က လင်းကျင်းသည် ၎င်းကို ရက်အနည်းငယ်ကြာ ပြုစုပေးခဲ့ဖူးရာ ထိုလိပ်ကလေးကို သူ သံယောဇဉ်ရှိနေခဲ့သည်။ ဇူချန်းမှာလည်း သစ္စာရှိသော သူငယ်ချင်းတစ်ဦး ဖြစ်သဖြင့်၊ လင်းကျင်းသည် သူ၏ နီလာလိပ်အတွက် ဆင့်ကဲပြောင်းလဲခြင်း နည်းလမ်းကို ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

​နီလာလိပ်မှာ အဆင့် ၁ သာ ရှိသေးသဖြင့် အဆင့် ၂ သို့ တက်ရန်မှာ သိပ်မခက်ခဲပေ။ ဇူချန်း၏ သားရဲသာ ဆင့်ကဲပြောင်းလဲသွားလျှင် မိသားစုအတွင်း သူတို့၏ ဩဇာမှာ ပို၍ ကြီးမားလာမည်ဟု လင်းကျင်း ယုံကြည်နေ၏။

​ဇူချန်းမှာတော့ ကျေးဇူးတင်၍ပင် မဆုံးတော့ပေ။

​တစ်ဖက်တွင်လည်း လင်းကျင်းသည် သူ၏ ကုသရေးခန်းမထဲတွင် ထိုင်ကာ ထုံးစံအတိုင်း သားရဲများကို ကုသပေးခြင်း၊ အကဲဖြတ်ပေးခြင်းများ ပြုလုပ်နေခဲ့သည်။ ယနေ့တွင်တော့ သူ ကျင့်ကြံသူများ အသင်းချုပ်သို့ သွားရန် အစီအစဉ် မရှိပေ။

​တစ်နည်းအားဖြင့် ပြောရလျှင် သူသည် တပည့်များ ပြိုင်ပွဲတွင် မည်သည့် ဂါထာများကို သုံးမည်ကို ဆုံးဖြတ်ပြီး ဖြစ်သဖြင့် အထူးတလည် သွားစရာ မလိုတော့ခြင်း ဖြစ်၏။

​သူသည် ဂါထာ နှစ်ခုကိုသာ သုံးရန် ဆုံးဖြတ်ထားပေသည်။ တစ်ခုမှာ ‘မီးဝိညာဉ် ပူးကပ်ခြင်း’ဖြစ်ပြီး၊ အခြားတစ်ခုမှာ ‘ဂါထာ ပယ်ဖျက်ခြင်း'ဖြစ်၏။

​လင်းကျင်းအနေဖြင့် ဂါထာများစွာကို သင်ယူနိုင်သလို လေ့ကျင့်ရန် အချိန်လည်း ရှိပေသည်။ သို့သော် ၎င်းမှာ မလိုအပ်ပေ။ အဆင့်နိမ့်သော ဂါထာများစွာ တတ်ထားခြင်းထက် အရည်အသွေးမြင့်သော ဂါထာ အနည်းငယ်ကိုသာ ကျွမ်းကျင်ခြင်းက ပို၍ တန်ဖိုးရှိလှပေသည်။ လင်းကျင်းအတွက်မူ ဂါထာနှစ်ခုမှာ လုံလောက်သည်ထက်ပင် ပိုနေသေး၏။

​ထို့ကြောင့် နေ့စဉ်အလုပ်များ ပြီးဆုံးသွားသောအခါ လင်းကျင်းသည် ထိုဂါထာနှစ်ခုကိုသာ အထပ်ထပ်အခါခါ လေ့ကျင့်နေခဲ့တော့သည်။

​မွန်းလွဲပိုင်းတွင်တော့ ကျားချန်း ရောက်လာခဲ့၏။

​သူမသည် အကဲဖြတ် အစီရင်ခံစာကို ပြန်ပေးရန် လာခဲ့ခြင်း ဖြစ်သည်။

​သူမသည် ဒဏ်ရာရနေသော သမင်ကြီး၏ အစီရင်ခံစာကို ငှားသွားခဲ့ပြီး တစ်ညလုံး လေ့လာနေခဲ့ခြင်း ဖြစ်၏။ လင်းကျင်း၏ အလုပ်မှ အရာများစွာကို သင်ယူခဲ့ရသဖြင့် သူမ လုံးဝ မမောပန်းခဲ့ပေ။

​လေ့လာနေသည့် အတောအတွင်းမှာပင် သူမနှင့် လင်းကျင်းအကြားရှိ စွမ်းရည်ကွာဟချက်ကို သူမ ကောင်းစွာ သိမြင်သွားခဲ့သည်။

​ထိုအချက်ကို လက်ခံလိုက်ပြီးနောက်တွင်တော့ ကျားချန်းသည် သူမ၏ ‘နာမည်ကြီးမှု’ ဆိုသော အတုအယောင်များကို စွန့်လွှတ်ကာ မိမိကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ရန် ဆုံးဖြတ်လိုက်၏။

​သူမသည် သားရဲအကဲဖြတ်မှူး သင်တန်းသားတစ်ဦးသာ ဖြစ်ပေသည်။ ယခင်က သူမသည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့ပြီး လင်းကျင်းမှာ သူမအောက် နိမ့်ကျသည်ဟု ထင်မှတ်ကာ မထေမဲ့မြင် ပြုခဲ့မိသည်။ သို့သော် ယခုအခါ ထိုမာနအတုအယောင်များ ပျောက်ကွယ်သွားချိန်တွင် သူမသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် သိမြင်လာခဲ့ပြီ ဖြစ်၏။

​သားရဲအကဲဖြတ်ခြင်းမှာ သူမ၏ အိမ်မက် ဖြစ်ပေသည်။ အကယ်၍ သူမ ရှေ့ဆက်သွားချင်လျှင် ဆုံးဖြတ်ချက် တစ်ခု ချရမည် ဖြစ်၏။

​သူမသည် လင်းကျင်း၏ လမ်းညွှန်မှုအောက်တွင် သင်ယူလိုတော့သည်။ တစ်နည်းအားဖြင့် သူ၏ တပည့်အဖြစ် ခိုလှုံလိုခြင်း ဖြစ်ပေသည်။

​သေချာလှသည်မှာ ဤလုပ်ရပ်က ကောလဟလများကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး သူမ၏ သူငယ်ချင်းများကလည်း သူမကို အထင်သေးကြပေလိမ့်မည်။ သို့သော် ကျားချန်းမှာ ထိုအရာများကို ဂရုမစိုက်တော့ပေ။ သူမ၏ မာနကို စွန့်လွှတ်ပြီး စိတ်ရင်းမှန်ဖြင့် ပညာရှာမှသာ တရားဝင် သားရဲအကဲဖြတ်မှူး လက်မှတ်ကို ရရှိနိုင်မည် ဖြစ်၏။

​မှန်ပါသည်၊ သူမ ကြောက်လည်း ကြောက်နေမိ၏။

​လင်းကျင်းက သူမကို ငြင်းပယ်လိုက်ပြီး ပညာသင်ခွင့် မပေးမှာကို သူမ စိုးရိမ်နေမိသည်။

​သို့သော် ထိုစိုးရိမ်မှုများ ကြားမှပင် ကျားချန်းသည် သူမ၏ စိတ်ကို တင်းထားပြီး ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်၏။ လင်းကျင်းက လက်မခံလျှင်ပင် သူမ လက်မလျှော့ဘဲ နှိမ့်ချစွာဖြင့် ဆက်လက် သင်ယူသွားမည် ဖြစ်သည်။

​ထိုအချိန်တွင် လင်းကျင်း ဂါထာများကို လေ့ကျင့်နေသည်ကို သူမ တွေ့လိုက်ရ၏။ လင်းကျင်းသည်လည်း သူမ ဝင်လာသည်ကို သိထားပေသည်။ သူမ အစီရင်ခံစာ လာပြန်ပေးမှန်း သိသဖြင့် သူက ပြောလိုက်၏။

“အဲဒီမှာပဲ ထားလိုက်ပါ... တခြား အစီရင်ခံစာတွေကို ထပ်ဖတ်ချင်ရင်လည်း ဖတ်လို့ရတယ်.. ပြီးရင်တော့ ပြန်ထားဖို့ မမေ့နဲ့”

​သူမသည် အကြာကြီး တွန့်ဆုတ်နေပြီးမှ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒူးထောက်၍ အလေးပြုလိုက်တော့၏။

​“ကျားချန်းအနေနဲ့ အကဲဖြတ်မှူးလင်းရဲ့ တပည့်အဖြစ် ခိုလှုံပြီးတော့ သားရဲအကဲဖြတ်ခြင်း ပညာရပ်တွေကို လေ့လာချင်ပါတယ်... အကဲဖြတ်မှူးလင်းအနေနဲ့ ကျွန်မရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”

​ပြောပြီးသည်နှင့် သူမသည် မြေပြင်ပေါ်တွင် ဝပ်စတွား၍ အလေးပြုလိုက်တော့၏။

​“ရတာပေါ့”

​လင်းကျင်းသည် သူမဘက်ကိုပင် လှည့်မကြည့်ပေ။ သူသည် ‘ဂါထာ ပယ်ဖျက်ခြင်း’ ၏ လျှို့ဝှက်ချက်များကို စဉ်းစားနေခြင်း ဖြစ်၏။ စုပေါင်အာ၏ ရှင်းပြချက်အရ ထိုဂါထာတွင် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နေရာများ ရှိနေသေးပေသည်။

​၎င်းတွင် ဂါထာရွတ်ဆိုခြင်းနှင့် ဂါထာကို ထိရောက်စွာ အသုံးပြုခြင်းများ ပါဝင်ပေသည်။

​လင်းကျင်း၏ လွယ်လွယ်ကူကူ အဖြေပေးမှုကြောင့် ကျားချန်းမှာ ကြောင်သွားရ၏။

​ဒါပဲလား။

​ဒီလောက်အထိ လွယ်ကူနေတာလား။ လင်းကျင်းကတော့ ဘာမှ မဖြစ်သလိုပင် ငြိမ်နေပေသည်။

​သူသည် သူတို့အကြားက ယခင် ရန်ငြိုးတွေကို မှတ်ထားဆဲလား။ သူမ၏ အချိန်ကို ဖြုန်းပစ်ရန် ကြံစည်နေတာလား၊ သို့မဟုတ် နောက်ပိုင်းမှ သူမကို အရှက်ခွဲရန် ကြံစည်နေတာလား။

​ကျားချန်းမှာ အတော်ကြာအောင် ကြောင်နေခဲ့ရ၏။ လင်းကျင်း ဂါထာများကို ဆက်လက် လေ့ကျင့်နေသည်ကို မြင်သောအခါမှသာ သူမသည် ကိုယ့်ဘာသာ ထရပ်လိုက်တော့သည်။ ကျားချန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏ ဆရာအသစ်၏ ခန်းမကို သန့်ရှင်းရေး လုပ်ပေးခြင်း၊ လက်ဖက်ရည်လဲပေးခြင်းများကို ပြုလုပ်ပေးပြီးနောက်၊ ထောင့်တစ်နေရာတွင် ထိုင်ကာ အစီရင်ခံစာများကို စတင် လေ့လာတော့၏။

​မကြာမီမှာပင် ကျောက်ရင်း၊ လုရှောင်ယုနှင့် ဟန်ဒုန်းတို့ ပြန်ရောက်လာကြသည်။

​သူတို့သည် ထောက်ပံ့ရေးဌာနသို့ သွားကာ သူတို့၏ ဝိညာဉ်ကျောက်တုံးများနှင့် အကဲဖြတ်အဆောင်များကို သွားယူခဲ့ကြခြင်း ဖြစ်၏။ လင်းကျင်းအတွက်လည်း ယူလာပေးခဲ့ကြသည်။ သို့သော် လင်းကျင်းမှာ သားရဲများကို အကဲဖြတ်ရာတွင် ထိုအဆောင်များကို သုံးလေ့ မရှိပေ။

​ကျားချန်းကို ထောင့်တစ်နေရာတွင် တွေ့လိုက်ရသောအခါ သူတို့ သုံးဦးစလုံး ဆွံ့အသွားကြရ၏။

​“သူက ဘာဖြစ်လို့ ဒီမှာ ရှိနေတာလဲ”

လုရှောင်ယုက သူမ၏ ပွင့်လင်းသော စရိုက်အတိုင်း တိုးတိုးလေး မေးလိုက်သည်။ ဟန်ဒုန်းက ခေါင်းခါပြပြီး ကျောက်ရင်းကတော့ မျက်လုံးလှန်လိုက်ရင်း။

“ငါလည်း မင်းနဲ့အတူ ပြန်လာတာပဲ၊ ငါ ဘယ်လို သိမှာလဲ”

​လုရှောင်ယုက မျက်မှောင်ကြုတ်ကာ ထပ်ပြောသည်။

“ဒီကျားချန်းက အရင်တုန်းက ဆရာလင်းကို ဒုက္ခတွေ အများကြီး ပေးခဲ့တာလေ...သူက ဘယ်လိုလုပ်ပြီး ဒီကို လာရဲရတာလဲ... သူ့မျက်နှာက တကယ်ပဲ မြို့ရိုးထက်တောင် ထူနေဦးမယ်”

​နူးညံ့ပြီး ခွင့်လွှတ်တတ်သော ကျောက်ရင်းကတော့။

“ဆရာလင်းက အဲဒီလောက်အထိ စိတ်ပုပ်တဲ့လူ မဟုတ်ပါဘူး”

​လုရှောင်ယုက ပြန်ချေပသည်။

“ဒါဆို နင်က ငါ့ကို စိတ်ပုပ်တယ်လို့ ပြောချင်တာလား”

​ထိုအခါ ဟန်ဒုန်းမှာ ရန်ပွဲကြားတွင် ညပ်မည်စိုးသဖြင့် အသာလေး ဘေးသို့ တိုးသွားတော့၏။

​ကျားချန်းသည် သူတို့ ပြန်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ထရပ်ကာ နှုတ်ဆက်လိုက်၏။ ကျောက်ရင်းနှင့် အခြားသူများမှာ သူမထက် အရင် လင်းကျင်း၏ တပည့် ဖြစ်ခဲ့သူများ ဖြစ်သဖြင့် သူမ၏ ‘စီနီယာ’ များ ဖြစ်ကြပေသည်။

​ကျားချန်းသည် လင်းကျင်း၏ တပည့်အဖြစ် ခိုလှုံရန် ရောက်လာခြင်း ဖြစ်ကြောင်း သိလိုက်ရသောအခါ ကျောက်ရင်းပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ကျားချန်းမှာ အသင်းချုပ်၏ ‘နံပါတ်တစ် သင်တန်းသား’ အဖြစ် လူသိများသူ ဖြစ်ပေသည်။ သူမမှာ သူတို့ထက်ပင် ပို၍ နာမည်ကျော်ကြားသူ မဟုတ်ပါလား။

​ကျားချန်း၏ ပြတ်သားသော မျက်နှာကို ကြည့်ရသည်မှာ သူမ လိမ်နေပုံ မရပေ။

​ထိုစဉ် လုရှောင်ယု၏ ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာသည်။ “ဪ... ဒါဆို အခု ငါက နင့်ရဲ့ စီနီယာ ဖြစ်သွားပြီပေါ့... ကောင်းပြီလေ... ဂျူနီယာကျား၊ ငါ ရေဆာနေပြီ... ငါ့ကို လက်ဖက်ရည် တစ်ခွက်လောက် ခပ်ပေးစမ်းပါဦး”

​ကျောက်ရင်းက ချက်ချင်းပင် လုရှောင်ယုကို လှမ်းဆွဲလိုက်၏။

​သို့သော် ကျားချန်းသည် ဘာမှ ပြန်မပြောဘဲ လုရှောင်ယုအတွက် လက်ဖက်ရည်ကို ချက်ချင်းပင် ခပ်ပေးလိုက်သည်။ လုရှောင်ယုတင် မဟုတ်ဘဲ ကျောက်ရင်းနှင့် ဟန်ဒုန်းအတွက်ပါ မကျေနပ်သည့် အရိပ်အယောင်မရှိဘဲ ခပ်ပေးခဲ့ခြင်း ဖြစ်၏။

​“သူ တကယ် လုပ်တာပဲ... သူ့စိတ်ထဲမှာတော့ အတော်လေး အောင့်သက်သက် ဖြစ်နေမှာပဲ... သူ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားမယ်လို့ ငါတော့ မယုံဘူး”

လုရှောင်ယုက လက်ဖက်ရည်ခွက်ကို ကိုင်ရင်း တိုးတိုးလေး ပြောလိုက်သည်။

​ကျောက်ရင်းကတော့ ခေါင်းခါလိုက်ရင်း။

“ရှောင်ယု... လူဆိုတာ ပြောင်းလဲတတ်ပါတယ်... ပြီးတော့ ဆရာလင်းကို တကယ် ဒုက္ခပေးခဲ့တာက ကျန်းဟယ်နဲ့ ဝမ်ကျိတို့လေ... သူ့ကို အခွင့်အရေး တစ်ခု ပေးသင့်တယ်လို့ ထင်တယ်... ဆရာလင်းကလည်း သူ့ကို တပည့်အဖြစ် လက်ခံလိုက်ပုံ ရတယ်”

​လုရှောင်ယုက ဒေါသထွက်သွားကာ။

“ဆရာလင်းက စိတ်သဘောထား ကောင်းပြီး လူတွေကို ငြင်းလေ့မရှိဘူး... အကယ်၍ ဒီကျားချန်းက နောက်ဆုံးကျမှ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေရင်ရော... ငါတို့ ဘာလုပ်ကြမလဲ”

​ကျောက်ရင်း၏ မျက်နှာမှာ အေးစက်သွားပြီး။

“တကယ်လို့ အဲဒီလိုသာ ဖြစ်လာရင်တော့၊ ငါက သူ့ကို ပထမဆုံး အပြစ်ပေးမယ့်သူ ဖြစ်လိမ့်မယ်”

​လုရှောင်ယု ရယ်လိုက်ရင်း။

“ဒါဆိုလည်း ပြီးတာပဲ။ ငါတို့ သူ့ကို လောလောဆယ် စောင့်ကြည့်ကြတာပေါ့... တကယ်လို့ သူ့စရိုက်အဟောင်းတွေ ပြန်ပေါ်လာရင်တော့ နင် သူ့ကို ညှာမနေနဲ့နော်”

​ကျောက်ရင်း ခေါင်းညိတ်ပြလိုက်၏။

​ဟန်ဒုန်းကတော့ ဘေးမှ နားထောင်ရင်း ချွေးများ ပြန်နေပြီး၊ မိန်းမတွေက တကယ် ကြောက်စရာကောင်းမှန်း စဉ်းစားနေမိတော့သည်။

​ထိုနေ့ ညနေခင်း ရောက်မှသာ လင်းကျင်းသည် ‘ဂါထာ ပယ်ဖျက်ခြင်း’ ၏ အနှစ်သာရကို အပြည့်အဝ နားလည်သွားတော့၏။

​‘ပယ်ဖျက်ခြင်း’ဆိုသည်မှာ ပြိုင်ဘက်၏ ဂါထာများကို ပယ်ဖျက်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ဥပဒေအားဖြင့် ပြိုင်ဘက်က သားရဲတိုက်ပွဲအတွင်း ‘သွေးဆာခြင်း’ ဂါထာကို သုံးလျှင်၊ လင်းကျင်းက ဂါထာပယ်ဖျက်ခြင်းကို သုံးပြီး ၎င်းကို ဖျက်ဆီးပစ်နိုင်ပေသည်။

​ဤဂါထာကိုယ်တိုင်ကတော့ တိုက်ခိုက်နိုင်စွမ်း မရှိပေ။

​တပည့်များ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအနေဖြင့် ဝိညာဉ်ကျောက်တုံးများကို သုံးခွင့်မရှိသဖြင့်၊ လူတိုင်းက သူတို့၏ ဂါထာများကို အသေအချာ စီစဉ်ရမည် ဖြစ်၏။ အနည်းဆုံးသော စွမ်းအင်ဖြင့် အကောင်းဆုံးသော ရလဒ်ကို ရရှိရန် လိုအပ်ပေသည်။

​ဂါထာ ပယ်ဖျက်ခြင်းမှာ အချို့အချိန်များတွင် အလွန်ပင် အသုံးဝင်လှပေသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သူတို့၏ သားရဲကို စွမ်းအားမြှင့်တင်ရန်အတွက် ဝိညာဉ်စွမ်းအင်များစွာ သုံးစွဲထားချိန်တွင်၊ ပြိုင်ဘက်က ဂါထာ ပယ်ဖျက်ခြင်းကို သုံးလိုက်ပါက ထိုစွမ်းအားမြှင့်တင်မှုမှာ ပျောက်ကွယ်သွားမည် ဖြစ်၏။ ဤကဲ့သို့ သုံးနိုင်လျှင် ဂါထာတစ်ချက်တည်းနှင့်ပင် ပွဲ၏ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်ပေလိမ့်မည်။

​အခန်း (၁၅၂) - မိန်းမစရိတ်နဲ့ ချမ်းသာနေသူ

​ကျင့်ကြံသူများနှင့် သူတို့၏ သားရဲများကြား တိုက်ပွဲတွင် ဗျူဟာမှာ အလွန် အရေးကြီးလှပေသည်။

​ဂါထာပညာရပ်များတွင် စွမ်းအားမြှင့်တင်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် ပယ်ဖျက်ခြင်း ဟူ၍ အမျိုးမျိုး ရှိ၏။ ၎င်းတို့ကို ထိရောက်စွာ အသုံးပြုနိုင်လျှင် အားနည်းသူက အားသာသူကို ပြန်လည် အနိုင်ယူသွားသည့် အခြေအနေမျိုးမှာ အမြဲလိုလို ရှိတတ်ပေသည်။

​မှန်ပါသည်၊ များသောအားဖြင့်တော့ ကျင့်ကြံသူ၏ သွေးစာချုပ် အဆင့်နှင့် သားရဲ၏ အဆင့်ကသာ အောင်ပွဲအတွက် အဆုံးအဖြတ် ပေးလေ့ရှိသည်မှာ အမှန်ပင်။

​‘ဂါထာ ပယ်ဖျက်ခြင်း’မှာ အံ့ဩစရာကောင်းလှသော်လည်း ၎င်းကို ပြန်လည် တုံ့ပြန်ရန်မှာတော့ မခက်ခဲလှပေ။

​ပြိုင်ဘက်အနေဖြင့် စွမ်းအားမြှင့်တင်သော ဂါထာများကို အမျိုးမျိုး ခွဲခြား၍ သုံးလိုက်ရုံသာ ဖြစ်၏။ ဥပမာအားဖြင့် ‘သွေးဆာခြင်း’၊ ‘ရူးသွပ်ခြင်း’ နှင့် ‘လေပြင်းတိုက်ခိုက်ခြင်း’ ကဲ့သို့သော ဂါထာများကို တစ်ပြိုင်နက် သုံးလိုက်လျှင် ဂါထာပယ်ဖျက်ခြင်းကို သုံးရန် ခက်ခဲသွားပေလိမ့်မည်။ ထိုသို့ အကုန်လုံးကို ပယ်ဖျက်ရန် ကြိုးစားခြင်းမှာ ဝိညာဉ်စွမ်းအင်ကို အလဟဿ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

​အချုပ်အားဖြင့် ဆိုရလျှင် အရာအားလုံးမှာ အသေအချာ စီစဉ်တွက်ချက်မှုပေါ်တွင်သာ မူတည်နေ၏။

​ဝိညာဉ်စွမ်းအင် ပိုမို ပိုင်ဆိုင်ထားသူမှာ သဘာဝအတိုင်း ပို၍ အသာစီး ရမည်မှာ သေချာလှပေသည်။

​လင်းကျင်းသည် အပြင်ဘက်ရှိ အချိန်ကို ကြည့်လိုက်ပြီးနောက် ယနေ့အတွက် လေ့ကျင့်မှုကို ရပ်နားရန် ပြင်လိုက်သည်။ သူသည် ဇိုရိုကုတောင်သို့ သွားကာ ရှန်းအာတို့ကို ပညာသင်ပေးရန် ရှိနေသေးသည် မဟုတ်ပါလား။

​ထိုစဉ်မှာပင် သူ၏ ခန်းမအပြင်ဘက်မှ ဆူညံသံတစ်ခုကို ကြားလိုက်ရ၏။

​“အကဲဖြတ်မှူးကျား... မင်း ဒီမှာ ရှိနေတယ်လို့ ကြားလို့ ငါ လိုက်ရှာနေတာ အနှံ့ပဲ”

​ထိုအသံနှင့်အတူ လူတစ်ယောက် ဝင်လာခဲ့သည်။

​ကြည့်လိုက်လျှင် ထိုလူမှာ အရပ်ရှည်ရှည်၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး အသက် အနည်းငယ် ကြီးနေသော်လည်း ခန့်ညားသူတစ်ဦး ဖြစ်၏။ အသက် သုံးဆယ်ဝန်းကျင်ခန့် ရှိပုံရပြီး တည်ငြိမ်ရင့်ကျက်သည့် အသွင်ရှိပေသည်။

​လင်းကျင်းသည် ထိုလူကို မသိသလို၊ သူ၏ မျိုးရိုးအမည်မှာလည်း ‘ကျား’ မဟုတ်ပေ။

​ထောင့်တစ်နေရာမှ ကျားချန်းသည် ချက်ချင်း ထွက်လာပြီး ပြောလိုက်၏။

“လူကြီးမင်းဝူ... ကျွန်မ သားရဲတွေကို အကဲဖြတ်ပေးတာမျိုး မလုပ်တော့ပါဘူး... နောက်ဆို တခြား အကဲဖြတ်မှူးတွေကိုပဲ ရှာကြည့်ပါ... ကျွန်မဆီကို လာစရာ မလိုတော့ဘူး”

​ကျားချန်း...။

​ကျားချန်း တစ်နေကုန် ဤနေရာတွင် ရှိနေဆဲဖြစ်မှန်း သိလိုက်ရသဖြင့် လင်းကျင်း အံ့ဩသွားရသည်။

​သူသည် စောစောက ဂါထာများကို အာရုံစိုက် လေ့ကျင့်နေသဖြင့် ကျားချန်း ရောက်လာသည့်အကြောင်းကို ဝေဝါးဝါးသာ မှတ်မိနေခြင်း ဖြစ်၏။ ၎င်းနောက် ဘာဖြစ်သွားသနည်း။ သူ၏ မှတ်ဉာဏ်ကို ပြန်လည် မွှေနှောက်ကြည့်သောအခါမှ လင်းကျင်း သတိရသွားတော့သည်။

​ကျားချန်းသည် သူ၏ တပည့်အဖြစ် ခိုလှုံလိုကြောင်း ပြောခဲ့သည် မဟုတ်ပါလား။

​သူ သဘောတူခဲ့သလား။

​လင်းကျင်း မမှတ်မိတော့ပေ။

​သူ၏ စိတ်ထဲတွင်တော့ ‘အယ်လ်ပါကာ’ကောင်လေးများ အုပ်စုလိုက် ပြေးလွှားနေသည့်အလား ရှုပ်ထွေးသွားရ၏။ အမှန်အတိုင်း ပြောရလျှင် ကျားချန်း၏ အရင်က အပြုအမူများကို သူ ရန်ငြိုးမထားသော်လည်း၊ သူမကို ပညာသင်ပေးရန်တော့ အစီအစဉ် မရှိခဲ့ပေ။ သို့သော် ယနေ့ ဂါထာလေ့ကျင့်ခြင်းကို အာရုံစိုက်နေစဉ်မှာပင် သူ မသိစိတ်က သဘောတူလိုက်ပုံ ရပေသည်။

​သို့သော် ထပ်မံ စဉ်းစားကြည့်သောအခါ သူသည် ထိုမျှအထိ စိတ်ကျဉ်းမြောင်းသူ မဟုတ်သဖြင့် ဤကိစ္စကို အထွေအထူး တွေးမနေတော့ရန် ဆုံးဖြတ်လိုက်၏။

​တပည့်အဖြစ် လက်ခံလိုက်ပြီပဲလေ။

​ကျားချန်းမှာတော့ ထိုလူနှင့် စကားပြောနေဆဲ ဖြစ်၏။

​“အကဲဖြတ်မှူးကျား... မင်းက အသင်းချုပ်ရဲ့ နံပါတ်တစ် သင်တန်းသားပဲလေ... ဘာဖြစ်လို့ ဆရာတစ်ယောက်ဆီမှာ သင်ယူဖို့ လိုနေရဦးမှာလဲ... တစ်ခုခု အခက်တွေ့နေလို့လား... ငါ့ကို ပြောပြပါ... ငါ တတ်နိုင်သမျှ ကူညီပေးပါ့မယ်”

ထိုလူက ပြုံးရင်း ပြောလိုက်၏။ ထိုလူတွင် မရိုးသားသော ရည်ရွယ်ချက် ရှိနေသည်မှာ ကလေးပင် သိနိုင်ပေသည်။

​သူ ဘာကို လိုချင်နေသနည်း။

​ကျားချန်း၏ အလှအပကိုပင် ဖြစ်ရပေမည်။

​ပြောပြီးသည်နှင့် သူသည် လင်းကျင်းကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်၏။

“ဒီလူက ငယ်ငယ်လေးပဲ ရှိသေးတာ၊ ရင့်ကျက်ပုံတောင် မရသေးဘူး... သူ့ဆီကနေ ဘာတွေများ သင်ယူလို့ ရမှာလဲ... သားရဲအကဲဖြတ်မှူး အသင်းချုပ်မှာ အကြီးအကဲ အသစ် ရောက်လာတယ်လို့ ကြားတယ်... အဲဒီလူက မင်းကို ဒုက္ခပေးနေလို့လား... မပူပါနဲ့... ငါ မင်းအတွက် တရားမျှတမှု ရအောင် ကူညီပေးမယ်”

​ကျောက်ရင်း၊ လုရှောင်ယုနှင့် ဟန်ဒုန်းတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရ၏။ ဤလူမှာ အရူးလား၊ သို့မဟုတ် အရှက်မရှိဘဲ လျှောက်ပြောနေတာလားဟု သူတို့ စဉ်းစားနေကြသည်။ လင်းကျင်းကတော့ ‘မိန်းမနောက် လိုက်ချင်ရင်လည်း ကိုယ့်ဘာသာကိုယ် လိုက်ပါလား၊ ဘာဖြစ်လို့ တခြားလူတွေကို ရူးနေတဲ့ ခွေးတစ်ကောင်လို လိုက်ကိုက်နေရတာလဲ။ သူတစ်ပါးကို နှိမ့်ချပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်တတ်တဲ့လူမျိုးတွေက ဘယ်တော့မှ မအောင်မြင်နိုင်ဘူး’ ဟုသာ စိတ်ထဲက တွေးကာ ခေါင်းခါနေမိတော့သည်။

​ကျားချန်းမှာတော့ ထိုလူ၏ အမူအရာကြောင့် ဒေါသထွက်နေပြီ ဖြစ်၏။

​“လူကြီးမင်းဝူ... ရှင့်ရဲ့ အပြုအမူကို ဆင်ခြင်ပါ... တခြား ပြောစရာ မရှိရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ”

​ထိုလူမှာ အရှက်ရသွားပုံရပြီး မျက်နှာမှာ ချက်ချင်းပင် ညိုမှောင်သွားတော့၏။

“ကျားချန်း... ငါ ဝူချန်းဝေ က မင်းကို စေတနာနဲ့ ကူညီမလို့ လုပ်တာလေ... ဘာဖြစ်လို့ ဒီလောက်အထိ ငြင်းနေရတာလဲ... မင်း သားရဲအကဲဖြတ်မှူး လက်မှတ် မရတာလည်း အတော်ကြာပြီဆိုတော့၊ မင်းရဲ့ အနာဂတ်အတွက် စဉ်းစားသင့်ပြီ... ဝမ်ကျိလည်း ပြုတ်သွားပြီဆိုတော့ မင်းမှာ အားကိုးစရာ မရှိတော့ဘူးဆိုတာ ငါ သိတယ်... ဘာက ကောင်းမလဲဆိုတာ မင်း သိသင့်ပါတယ်... ဪ... ဒါနဲ့ ငါ သားရဲတစ်ကောင် အကဲဖြတ်ဖို့လည်း လာတာ... အဲဒါ ရှားပါးသားရဲ တစ်ကောင်ပဲ... လာပြီး အကဲဖြတ်ပေးဦး၊ ပြီးတော့ ငါနဲ့ သွေးစာချုပ် ချုပ်နိုင်အောင်လည်း ကူညီပေးဦး”

​ပြောပြီးသည်နှင့် သူသည် ကျားချန်း၏ လက်ကို ဆွဲရန် ပြင်လိုက်တော့၏။

​ကျားချန်း၏ မျက်နှာမှာ ဒေါသကြောင့် တစ်ပြင်လုံး နီရဲနေပြီ ဖြစ်၏။ သို့သော် ဝူချန်းဝေသည် မေပယ်မြို့တွင် ဩဇာရှိသူတစ်ဦး ဖြစ်ကြောင်း သူမ သိထားပေသည်။ ယခင်ကဆိုလျှင် သူမ ကြောက်နေမည် မဟုတ်သော်လည်း၊ ယခုအခါ သူမတွင် အားကိုးစရာ မရှိတော့သဖြင့် သူ့ကို အလွယ်တကူ စော်ကား၍ မရပေ။

​စော်ကားမိပါက နောင်တွင် ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။

​သို့သော် ထိုစဉ်မှာပင် လက်တစ်ဖက် ရောက်လာပြီး ဝူချန်းဝေ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တော့၏။

​“အား... လွှတ်စမ်း”

ဝူချန်းဝေ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

​သူ၏ လက်ကို ဖမ်းဆွဲလိုက်သူမှာ အံ့ဩစရာကောင်းလောက်အောင်ပင် လုရှောင်ယု ဖြစ်နေ၏။

​သူမသည် မတရားမှုကို လုံးဝ သည်းမခံတတ်သည့် ပွင့်လင်းသော စရိုက်ရှိသူ ဖြစ်သည်။ ကျားချန်းကို သူမ သဘောမကျသော်လည်း၊ ဤကဲ့သို့ အနိုင်ကျင့်ခံနေရသည်ကိုတော့ ကြည့်မနေနိုင်သဖြင့် ဝင်ကူလိုက်ခြင်း ဖြစ်ပေသည်။

​“ဒီနေရာက ရှင်သဘောရှိ လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး... အခုချက်ချင်း ထွက်သွားစမ်း”

လုရှောင်ယုက သူ၏ လက်ကို ဝှေ့ယမ်းပြီး တွန်းထုတ်လိုက်ရာ၊ ဝူချန်းဝေမှာ သူ၏ လက်ကောက်ဝတ်ကို ကိုင်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရတော့၏။

​လုရှောင်ယုမှာ မိန်းကလေးဖြစ်သော်လည်း သူမ၏ ခွန်အားမှာ သာမန်ထက် ပိုပေသည်။ သူမသည် ငယ်စဉ်ကတည်းက လုယွန်ဟဲနှင့်အတူ ကိုယ်ခံပညာများကို လေ့ကျင့်ခဲ့သူဖြစ်ရာ၊ သာမန် အမျိုးသားတစ်ဦးမှာ သူမကို ယှဉ်နိုင်မည် မဟုတ်ပေ။

​ဝူချန်းဝေ၏ မျက်နှာမှာ တင်းမာသွားတော့၏။ စောစောက သူ ပြသခဲ့သော လူကြီးလူကောင်း ပုံစံမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

​“မင်းတို့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က ဧည့်သည်တွေကို ဒီလိုပဲ ဆက်ဆံတာလား”

​ဝူချန်းဝေ အံကြိတ်လိုက်ရင်း။

“မင်းတို့ရဲ့ အကြီးအကဲကို ခေါ်လိုက်စမ်း... ဒီနေရာမှာ လူတွေကို ဘယ်လို အနိုင်ကျင့်နေလဲဆိုတာ ငါ သူနဲ့ စကားပြောရမယ်... ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်”

​ဤနေရာတွင် ဆက်နေလျှင် သူ ဘာမှ အကျိုးရှိမည် မဟုတ်မှန်း သိလိုက်သဖြင့် ဝူချန်းဝေသည် စကားအချို့ကို ရမ်းသန်း ပြောဆိုပြီးနောက် ဒေါသတကြီး ထွက်သွားတော့၏။

​သူသည် တိုင်တောရန် သွားခြင်း ဖြစ်ရပေမည်။

​အကယ်၍ သူသာ အကြီးအကဲထံသို့ သွားတိုင်ပြီး အမှန်ကို လိမ်ပြောလိုက်လျှင် ကိစ္စများ ရှုပ်ထွေးသွားနိုင်ပေသည်။

​ကျားချန်းမှာတော့ စိုးရိမ်နေပုံရ၏။ ဤကိစ္စမှာ သူမကြောင့် ဖြစ်ရခြင်းဖြစ်ရာ လင်းကျင်းတို့ကို ဒုက္ခပေးမိမည်ကို စိုးရိမ်နေခြင်း ဖြစ်ပေသည်။ သို့သော် လုရှောင်ယုကတော့ ဂရုမစိုက်ပုံရ၏။

​“ကျားချန်း... နင်က ဆရာလင်းရဲ့ တပည့် ဖြစ်သွားပြီဆိုတော့ ငါတို့နဲ့ တစ်ဖွဲ့တည်းပဲ... ငါတို့က နင့်ကို စလို့ ရပေမဲ့၊ တခြားလူတွေ အနိုင်ကျင့်တာကိုတော့ ခွင့်မပြုနိုင်ဘူး...ဘာမှ စိတ်မပူနဲ့... အဲဒီဝူ ဆိုတဲ့လူ တိုင်ချင်တိုင်ပါစေ... ငါ လုရှောင်ယုက သူ့ကို ရင်ဆိုင်ရဲတယ်”

​လင်းကျင်းက သူမကို စိတ်ပူသော အကြည့်ဖြင့် ကြည့်လိုက်ကာ။

“ရှောင်ယု... တစ်ခုခု ဖြစ်လာရင်တောင် ငါပဲ ဖြေရှင်းမှာပါ... မင်း ငါ့ကို ပြဿနာတွေ ထပ်မရှာပေးရင်ပဲ ကျေးဇူးတင်လှပါပြီ”

​လုရှောင်ယုက လျှာလေးထုတ်ကာ နောက်ပြောင်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

​ထို့နောက် လင်းကျင်းသည် ကျားချန်းဘက် လှည့်လိုက်၏။ “ရှောင်ယု ပြောတာ မှန်ပါတယ်... မင်းက ငါ့တပည့် ဖြစ်သွားပြီဆိုတော့၊ ဘယ်သူ့ကိုမှ ကြောက်နေစရာ မလိုပါဘူး... တစ်ခုခု ဖြစ်လာရင် ငါ မင်းအတွက် တာဝန်ယူပေးမယ်”

​၎င်းမှာ ရိုးရှင်းသော ကတိစကား ဖြစ်သော်လည်း ကျားချန်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာတော့၏။

​လင်းကျင်းနှင့် အခြားသူများမှာ ဝူချန်းဝေ၏ အကြောင်းကို ကျားချန်းထံမှ သိလိုက်ရသည်။

​ထိုလူမှာ မေပယ်မြို့၏ အင်အားကြီး မိသားစု သုံးစုထဲမှ တစ်ခုဖြစ်သော ‘ရှီမိသားစု’၏ သမက် ဖြစ်ပေသည်။ ယခင်ကဆိုလျှင် ရှီမိသားစုမှာ မေပယ်မြို့၏ နံပါတ်တစ် မိသားစု ဖြစ်ခဲ့ပြီး၊ ဂေါင်မိသားစုနှင့် ဇူမိသားစုတို့ပင်လျှင် သူတို့ကို သတိထား ဆက်ဆံခဲ့ကြရသည်။

​ရှီမိသားစုမှာ မျိုးဆက်ပေါင်းများစွာ ဆေးဝါးလုပ်ငန်းကို လုပ်ကိုင်လာခဲ့ခြင်း ဖြစ်ပြီး၊ အဓိကအားဖြင့် ‘ဆေးလုံးဖော်စပ်ခြင်း’တွင် နာမည်ကျော်ကြားလှပေသည်။

​မေပယ်မြို့တွင်သာမက ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးတွင်ပင် ရှီမိသားစုမှာ ဆေးလုံးဖော်စပ်ခြင်း ပညာရပ်တွင် ထိပ်တန်းမှ ပါဝင်ခဲ့ကြသူများ ဖြစ်၏။ သူတို့ အောင်မြင်နေစဉ် အချိန်ကဆိုလျှင် မြို့တော်ဝန်အိမ်တော်ပင်လျှင် သူတို့ကို လေးစားစွာ ဆက်ဆံခဲ့ကြရသည်။

​သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရှီမိသားစု၏ အိမ်တော်သခင်ကြီး ကွယ်လွန်သွားပြီးနောက်၊ သူတို့ မိသားစုမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရပေသည်။

​အိမ်တော်သခင်ကြီး၏ အံ့ဩဖွယ် စွမ်းရည်များကို ဆက်ခံမည့်သူ မရှိသဖြင့် ဆေးလုံးဖော်စပ်ခြင်း ပညာရပ်မှာလည်း တိုးတက်မှု မရှိတော့ပေ။

​ထို့အပြင် သူတို့ လက်ဝါးကြီးအုပ်ထားသော ဆေးဝါးလုပ်ငန်းကိုလည်း ‘ချန်မိသားစု’က တဖြည်းဖြည်း ခွဲဝေယူငင်ခြင်း ခံနေရ၏။ ယခုအချိန်တွင် သူတို့မှာ ဈေးကွက်၏ အစိတ်အပိုင်း အချို့ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သော်လည်း၊ နောက်တစ်နှစ်ခန့်ကြာလျှင် ချန်မိသားစုက သူတို့ကို ကျော်တက်သွားမည်မှာ သေချာသလောက်ပင် ရှိနေပေသည်။

​ရှီမိသားစု၏ လက်ရှိ အိမ်တော်သခင်မှာ ‘ရှီဝမ်ကျွင်း'ဖြစ်ပြီး၊ သူမမှာ ဝူချန်းဝေ၏ ဇနီး ဖြစ်ပေသည်။

​၎င်းမှာ ဝူချန်းဝေ၏ ယုံကြည်ချက် အရင်းအမြစ်ပင် ဖြစ်၏။

​သို့သော် သူသည် မည်သို့ပင်ဖြစ်စေ သမက်တစ်ဦးသာ ဖြစ်ပေသည်။ သူ၏ ယောက္ခမကြီး ရှိစဉ်က သူသည် ရုပ်သေးရုပ်ကဲ့သို့ နာခံခဲ့သော်လည်း၊ ယောက္ခမကြီး ကွယ်လွန်သွားချိန်တွင်တော့ ဝူချန်းဝေ၏ မာနများမှာ ထွက်ပေါ်လာခဲ့တော့သည်။ သူသည် သူ၏ဇနီး ရှီဝမ်ကျွင်း၏ ကွယ်ရာတွင် အခြားသော အမျိုးသမီးများနှင့် ပျော်ပါးနေသည်ဟူသော ကောလာဟလများပင် ထွက်ပေါ်နေပေသည်။

​“ဪ... သူက ချမ်းသာတဲ့ မိန်းမဆီက ကပ်စားနေတာကိုး... ငါကတော့ သူက တကယ့်ကို တော်တဲ့လူ ထင်နေတာ... သူသာ နောက်တစ်ခါ ပြဿနာလာရှာရင်တော့၊ ငါ ရှီမိသားစု အိမ်တော်သခင်ဆီ သွားတိုင်ပစ်မယ်”

လုရှောင်ယုက မှတ်ချက်ပေးလိုက်၏။

​ကျားချန်းက ပြုံးလိုက်ကာ။

“အဲဒါက ဒီလောက် မလွယ်ဘူး... ရှီဝမ်ကျွင်းက မိန်းမတစ်ယောက် ဖြစ်ပေမဲ့၊ သူက တကယ့်ကို တော်တဲ့လူပဲ... သူသာ မရှိရင် ရှီမိသားစုက အခုထက် ပိုဆိုးနေမှာ... သူက ဝူချန်းဝေ အပြင်မှာ ဘာတွေ လုပ်နေလဲဆိုတာ သိမှာပဲ၊ ဒါပေမဲ့ သူကတော့ လျစ်လျူရှုထားတာ နေမှာပါ... တကယ်လို့ သွားတိုင်ရင်တောင် နင် ဖြစ်ချင်သလို ဖြစ်လာမှာ မဟုတ်ဘူး”

​“ဒါပေမဲ့လည်း ကြောက်နေစရာ မလိုပါဘူး... ရှီမိသားစုက အရင်လို မဟုတ်တော့ဘူး၊ သူတို့ ကိုယ့်ကိုယ်ကိုယ် ကယ်ဖို့တောင် အလုပ်များနေတာ... ဘာပဲဖြစ်ဖြစ် အဲဒီ ဝူချန်းဝေသာ ငါ့လက်ထဲ မိရင်တော့၊ သူ့ကို ကောင်းကောင်း ပညာပေးလိုက်မယ်”

လုရှောင်ယုက ပြတ်သားစွာ ပြောလိုက်၏။

​လင်းကျင်းမှာတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့ပြီး တစ်ခုခုကို စဉ်းစားနေပုံရ၏။ သူသည် ကိုယ့်ဘာသာ ရေရွတ်နေမိသည်။ “ထူးဆန်းလိုက်တာ... ဘာဖြစ်လို့ ဝူချန်းဝေဆီကနေ ရင်းနှီးနေတဲ့ အငွေ့အသက်မျိုး ရနေရတာလဲ”

​အတော်ကြာ စဉ်းစားပြီးနောက်မှ လင်းကျင်း သိသွားတော့၏။

​၎င်းမှာ သမင်ကြီး၏ အငွေ့အသက်ပင် ဖြစ်၏။

​လင်းကျင်းသည် စောစောက ဝူချန်းဝေကို သူ၏ စိတ်မျက်စိဖြင့် ကြည့်လိုက်စဉ်က ထိုလူ၏ ခွန်အားမှာ ထိခိုက်နေသည်ကို သတိပြုမိခဲ့သည်။ သူသည် သွေးစာချုပ်ကို ဖျက်သိမ်းထားသည်မှာ မကြာသေးမှန်း သိသာလှပေသည်။

​ပုံမှန်အားဖြင့် သွေးစာချုပ် တစ်ခုကို ဖျက်သိမ်းပြီးနောက် နောက်ထပ် တစ်ခု ထပ်ချုပ်ရန်မှာ လအနည်းငယ်မှ တစ်နှစ်ခန့်အထိ ကြာတတ်ပေသည်။ တစ်နည်းအားဖြင့် သူသည် ကျားချန်းထံသို့ သွေးစာချုပ်ချုပ်ရန် အကူအညီ လာတောင်းခြင်းမှာ သူမကို တွေ့ချင်သဖြင့် အကြောင်းပြချက် ပေးခြင်းသာ ဖြစ်၏။

​သူသည် ယခုအချိန်တွင် သွေးစာချုပ် ချုပ်နိုင်စွမ်း မရှိပေ။

​လင်းကျင်း၏ ယခင် တွက်ဆချက်အရ သမင်ကြီးကို နှိပ်စက်ခဲ့သူမှာ ၎င်း၏ သခင်ကိုယ်တိုင် ဖြစ်ရာ၊ ဝူချန်းဝေအပေါ် လင်းကျင်း၏ မုန်းတီးမှုမှာ ပိုမို ပြင်းထန်လာခဲ့တော့သည်။

​“ကျားချန်း... ငါ မင်းကို တစ်ခုလောက် မေးမယ်”

လင်းကျင်းက တည်ကြည်စွာ ပြောလိုက်၏။

​လင်းကျင်း၏ မျက်နှာကို ကြည့်ပြီး ကျားချန်းက ချက်ချင်းပင်။

“မေးပါ အကဲဖြတ်မှူးလင်း”

​“မင်း ဝူချန်းဝေရဲ့ အရင် သားရဲကို တွေ့ဖူးလား”

လင်းကျင်းက ကျားချန်းကို တည့်တည့် စိုက်ကြည့်ကာ မေးလိုက်သည်။ ကျားချန်းက ခေါင်းခါလိုက်ပြီး ဝူချန်းဝေသည် အပြင်ထွက်လျှင် သူ၏ သားရဲကို တစ်ခါမှ ခေါ်လာလေ့ မရှိသဖြင့် သူမ မတွေ့ဖူးကြောင်း ဖြေလိုက်၏။

​လင်းကျင်း ခေါင်းညိတ်လိုက်သည်။

​အဲဒါကြောင့်ကိုး။ အကယ်၍ ကျားချန်းသာ တွေ့ဖူးလျှင်၊ ထိုသမင်ကြီးကို ပထမဆုံး အကဲဖြတ်ခဲ့သူဖြစ်ရာ သူမ ချက်ချင်း မှတ်မိမည်မှာ သေချာလှပေသည်။

​ဒါက စိတ်ဝင်စားစရာပဲ။

​ဒီဝူချန်းဝေက သူ၏ သားရဲကို လူမမြင်အောင် ဝှက်ထားသလို၊ သားရဲကို နှိပ်စက်ပြီးမှ သွေးစာချုပ်ကို ဖျက်သိမ်းကာ အပြင်မှာ ပစ်ထားခဲ့တာပေါ့။ သူက အရူးဖြစ်ရမယ်၊ ဒါမှမဟုတ် ပြောပြလို့မရတဲ့ ရည်ရွယ်ချက် တစ်ခုခု ရှိနေရမယ်။

​သူ၏ အလုပ်သဘောအရ လင်းကျင်းသည် သားရဲများကို ချစ်မြတ်နိုးပြီး၊ မိမိ၏ သားရဲအပေါ် ရက်စက်သူများကို အလွန် မုန်းတီးသူ ဖြစ်၏။ သို့သော် သမင်ကြီးကို နှိပ်စက်သူမှာ ဝူချန်းဝေ ဖြစ်ကြောင်း သက်သေပြနိုင်လျှင်ပင်၊ အာဏာပိုင်များကို တိုင်တော၍ မရနိုင်ပေ။

​အာဏာပိုင်များမှာ ထိုကဲ့သို့သော ကိစ္စများကို ဂရုစိုက်မည် မဟုတ်ပေ။

​ထိုအချိန်တွင် ဝူချန်းဝေသည် တန်လင်းထံသို့ သွားရောက် တိုင်တောခဲ့ပေသည်။ တန်လင်းသည် လင်းကျင်းကို ခေါ်ယူပြီး အကြောင်းအရာများကို မေးမြန်းလိုက်ပြီးနောက် သူမ၏ တုံ့ပြန်မှုမှာ ရိုးရှင်းလှပေသည်။

“အဲဒီ ဝူ ဆိုတဲ့လူ နောက်တစ်ခါ လာရင် ငါ့ကို အသိပေးလိုက်ပါ... သူ့ကို ဒီကနေ မောင်းထုတ်ဖို့ တစ်ယောက်ယောက်ကို ငါ လွှတ်လိုက်မယ်”

​လင်းကျင်း ပြုံးလိုက်တော့၏။ ဒါက တန်လင်းရဲ့ အလုပ်လုပ်ပုံပဲ။

All Chapters