အခန်း (၁၅၅-၁၅၆)
Vol. 8 Ch. 155-156
အခန်း (၁၅၅) - တတိယအကြီးအကဲ ငိုနေရပြီ
မေပယ်မြို့ရှိ ဇူအိမ်တော်တွင် ဖြစ်၏။
ဧည့်ခန်းမအတွင်းတွင် မေပယ်မြို့ရှိ နာမည်ကြီး ဆရာဝန်အားလုံးနီးပါးကို ဇူမိသားစုက ဖိတ်ကြားထားခြင်း ဖြစ်ပေသည်။
သို့သော် ဆရာဝန်များစွာ စုဝေးနေကြသော်လည်း လူတိုင်းမှာ မျက်မှောင်ကြုတ်နေကြပြီး တည်ငြိမ်လေးနက်သော မျက်နှာထားများ ရှိနေကြ၏။
“ဆရာဝန်ရွှီ... ခင်ဗျားက ဆေးခန်းတွေရဲ့ အကြီးအကဲပဲလေ... ကျွန်တော်တို့ တတိယအကြီးအကဲရဲ့ ရောဂါကို ကုသနိုင်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး”
“ဆရာဝန်ကျန်း... ခင်ဗျားက တတိယအကြီးအကဲနဲ့ ရင်းနှီးတဲ့ မိတ်ဆွေဟောင်းတွေပဲ... သူ့ကို ဒီအန္တရာယ်ရှိတဲ့ ရောဂါကနေ ကယ်တင်ပေးပါဦး”
“လေးစားအပ်ပါတဲ့ ဧည့်သည်တော်တို့... ကျွန်တော်တို့ ဇူမိသားစုက ကြေညာချင်တာကတော့၊ တတိယအကြီးအကဲရဲ့ ဒီထူးဆန်းတဲ့ ရောဂါကို ကုပေးနိုင်တဲ့သူ ဘယ်သူမဆို၊ ခင်ဗျားတို့ တောင်းသလောက် ငွေကြေးကို ပေးဖို့ အဆင်သင့်ပါပဲ”
ဇူမိသားစုဝင်များမှာ ခန်းမအတွင်းရှိ ဆရာဝန်တိုင်းကို လိုက်လံ အသနားခံနေကြသော်လည်း၊ ဆရာဝန်တစ်ဦးတစ်ယောက်မျှ စကားမဟကြပေ။
၎င်းမှာ သူတို့ ငွေမလိုချင်၍ မဟုတ်ပေ။ ကိစ္စမှာ ထိုငွေကို သူတို့ မရနိုင်ခြင်းကြောင့် ဖြစ်၏။
အသက်ကြီးပိုင်း ဆရာဝန်တစ်ဦးက ပြန်ရန် ပြင်လိုက်ချိန်တွင်၊ တတိယအကြီးအကဲ၏ သားဖြစ်သူက ချက်ချင်း အနားသို့ တိုးသွားကာ။
“ဆရာဝန်ရွှီ... ခင်ဗျား ဘယ်ကို...”
ဆရာဝန်ရွှီက သက်ပြင်းချလိုက်ရင်း မတတ်သာစွာဖြင့်။ “သခင်လေးဇူ... ကျွန်တော်က မကူညီချင်တာ မဟုတ်ပါဘူး... တကယ်တော့ တတိယအကြီးအကဲက ဖျားနေတာ မဟုတ်ဘူး၊ သူ့ရဲ့ ကျန်းမာရေးက တကယ့်ကို ကောင်းမွန်နေပါတယ်”
ထိုစကားကြောင့် တတိယအကြီးအကဲ၏ သားမှာ ဒေါသထွက်သွားကာ။
“ကျွန်တော့်အဖေက မနေ့ကတည်းက စကားမပြောနိုင်တော့တာကို၊ ခင်ဗျားက ကျန်းမာနေတယ်လို့ ပြောရဲတာလား”
“အဲဒါကို ပြောတာပေါ့”
နောက်ထပ် ဆရာဝန်တစ်ဦးက ထရပ်လိုက်ရင်း။
"သူက နေမကောင်းတာ မဟုတ်ရင် ကျွန်တော်တို့ ကုပေးစရာ ဘာမှ မရှိဘူး... ကျွန်တော်တို့ အသေအချာ စစ်ဆေးပြီးသလောက်တော့ ဘာရောဂါမှ ရှာမတွေ့တာ အမှန်ပဲ... ဖြစ်နိုင်တာကတော့ ဒါက တစ်ခုခု ဖုံးကွယ်နေတဲ့ ရောဂါပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပညာနဲ့တော့ ဘာမှ မတတ်နိုင်ဘူး”
ပြောပြီးသည်နှင့် ထိုဆရာဝန်မှာ နှုတ်ဆက်ကာ ထွက်ခွာသွားတော့၏။ အခြားသော ဆရာဝန်များကလည်း သူတို့ မကူညီနိုင်ကြောင်း ပြောဆိုကာ၊ ပိုမို တော်သော ဆရာဝန်များကို ရှာဖွေရန် အကြံပေးရင်း ထွက်သွားကြတော့သည်။
တတိယအကြီးအကဲမှာ အရာအားလုံးကို ကြားနေရပြီး ထိတ်လန့်တကြား အော်ဟစ်ရန် ကြိုးစားနေသော်လည်း၊ ၎င်းမှာ အသံပိတ်နေသည့် ညည်းသံလေးများသာ ထွက်ပေါ်လာ၏။ သူ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ စကားမပြောနိုင်ပေ။
အခြေအနေမှာ အလွန်ဆိုးရွားလှသဖြင့် သူ၏ မျက်ရည်များပင် စီးကျလာပြီး ကြည့်ရသည်မှာ အလွန် သနားစဖွယ် ကောင်းလှပေသည်။
သို့သော် ဤအချက်မှာ ဇူမိစုကို စိုးရိမ်စေသည့် အကြီးမားဆုံး ကိစ္စမဟုတ်ပေ။
တတိယအကြီးအကဲမှာ စကားမပြောနိုင်ခြင်းမှလွဲ၍ ကျန်တာ အဆင်ပြေနေသေး၏။ အထူးဆန်းဆုံး ကိစ္စမှာတော့၊ ဒုတိယနှင့် တတိယအကြီးအကဲတို့က ဇူထျန်းဟုန်ကို ဖယ်ထုတ်ကာ သူတို့အချင်းချင်း မဲခွဲပြီးနောက်၊ တတိယအကြီးအကဲ၏ မြေးကို ‘ခေါင်းနှစ်လုံးပါ မြွေ’နှင့် သွေးစာချုပ် ချုပ်ရန် ဆုံးဖြတ်ခဲ့ကြသော်လည်း၊ မည်သည့် ပညာရှင်ကမျှ ထိုသွေးစာချုပ်ကို အောင်မြင်အောင် မလုပ်ပေးနိုင်ခြင်းပင် ဖြစ်၏။ သူတို့သည် ဤကိစ္စအတွက် ပညာရှင်များစွာကို ငှားရမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
သားရဲအကဲဖြတ်မှူးများစွာကို ငှားခဲ့သော်လည်း ရလဒ်မှာ အတူတူပင်။
ဒုတိယအကြီးအကဲက ထိုအခွင့်အရေးကို သုံးပြီး သူ၏ မြေးနှင့် ပြောင်းလဲ ချုပ်ခိုင်းရန် အကြံပြုပြန်၏။
ရလဒ်က ထပ်တူပင် ဖြစ်နေခဲ့သည်။
ဇူထျန်းလီက သူ၏ သားချင်းများကို စမ်းခိုင်းသော်လည်း မရပေ။
၎င်းမှာ လင်းကျင်း မထွက်သွားမီ ပြောခဲ့သကဲ့သို့ပင်။ ထိုခေါင်းနှစ်လုံးပါ မြွေနှင့် သွေးစာချုပ် ချုပ်ပေးနိုင်သူမှာ သူတစ်ဦးတည်းသာ ဖြစ်ပြီး၊ တခြား မည်သူမျှ မတတ်နိုင်ပေ။
၎င်းကို မယုံကြည်သဖြင့် ဇူမိသားစုသည် ဂေါင်ကျန်းကို ငှားရမ်းခဲ့၏။
ဂေါင်ကျန်းမှာ သားရဲအကဲဖြတ်မှူး အသင်းချုပ်၏ တရားဝင် အကဲဖြတ်မှူး ဖြစ်ပေသည်။ သွေးစာချုပ်မှာ ရိုးရှင်းသဖြင့် သူသည် သားရဲနှင့် ဧည့်သည်ကြား စာချုပ်တစ်ခုကို အလွယ်တကူ ဖန်တီးပေးနိုင်သူ ဖြစ်၏။
သို့သော်လည်း သူ ရောက်ရှိလာပြီးနောက် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သွေးစာချုပ်ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ပေ။
“ဒါက ထူးဆန်းလိုက်တာ... ဘာဖြစ်လို့ ဒီခေါင်းနှစ်လုံးပါ မြွေနဲ့ သွေးစာချုပ် ချုပ်ဖို့ ဒီလောက်အထိ ခက်နေရတာလဲ”
ဂေါင်ကျန်း မယုံနိုင်အောင် ဖြစ်သွားရ၏။ သူ သိထားသော နည်းလမ်းအားလုံးကို သုံးခဲ့သော်လည်း ဘာမှ မထူးခြားခဲ့ပေ။
စပ်စုလိုစိတ်ဖြင့် သူက အသေးစိတ်ကို မေးမြန်းလိုက်ရာမှ၊ မနေ့က မနက်တွင် ဇူမိသားစုနှင့် လင်းကျင်းကြား ဘာဖြစ်ခဲ့သည်ကို သိလိုက်ရတော့၏။
“ခင်ဗျားတို့ ပြောတာက လင်းကျင်းလား... သားရဲအကဲဖြတ်မှူး အသင်းချုပ်က လင်းကျင်းလား”
ဂေါင်ကျန်းက မျက်လုံးပြူးကာ ထူးဆန်းသော အမူအရာဖြင့် မေးလိုက်၏။
ဇူထျန်းလီက ခေါင်းညိတ်လိုက်သည်။
“အဲဒီ လင်းကျင်းက တကယ့်ကို လူယုတ်မာပဲ... သူ မထွက်သွားခင်မှာ ‘သူကလွဲရင် တခြား ဘယ်သူမှ ဒီသားရဲနဲ့ သွေးစာချုပ် ချုပ်ပေးနိုင်မှာ မဟုတ်ဘူး’ လို့ မောက်မာစွာ ပြောသွားခဲ့တာ... သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတယ်”
ဇူထျန်းလီက ပြောလိုက်၏။
“သူ တကယ်ပဲ အဲဒီလို ပြောသွားတာလား”
ဂေါင်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။ ဇူမိသားစုကို သူ ဘာကြောင့် ကူညီ၍ မရသည်ကို ယခုမှပင် သူ နားလည်သွားတော့၏။
ဇူထျန်းလီထံမှ ထိုသတင်းကို ရပြီးနောက်တွင်တော့ ဂေါင်ကျန်းမှာ ဘာမှ ထပ်မပြောတော့ဘဲ ပြန်ရန် ပြင်လိုက်တော့သည်။
သို့သော် သူ့ကို တတိယအကြီးအကဲ၏ သားက တားလိုက်၏။
ဘာဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မပြောဘဲ သူ ဘယ်လို ထွက်သွားနိုင်မည်နည်း။ အနည်းဆုံးတော့ အခြေအနေကို သူတို့ သိအောင် ပြောပြသင့်သည် မဟုတ်ပါလား။
“အကဲဖြတ်မှူးဂေါင်... ကျုပ်တို့က အမြဲတမ်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာပဲလေ၊ အခု ဘာဖြစ်နေတာလဲဆိုတာ ကျုပ်ကို ပြောပြပါဦး... အဲဒီ လင်းကျင်းဆိုတဲ့ လူက သားရဲကို တစ်ခုခု လုပ်သွားတာလား”
တတိယအကြီးအကဲ၏ သားက ဉာဏ်သုံးကာ မေးလိုက်၏။
ဂေါင်ကျန်းက ‘ခင်ဗျား သိနေမှတော့ ဘာလို့ မေးနေသေးတာလဲ’ ဆိုသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်၏။
“ဒီလင်းကျင်းက သာမန်လူ မဟုတ်ဘူး... သူက အဆင့် ၂ အကဲဖြတ်မှူး ဖြစ်နေပြီ၊ သူ့မှာ ပရိယာယ်တွေ အများကြီး ရှိတယ်...အခုကိစ္စကိုတော့ ကျုပ်လည်း မကူညီနိုင်လို့ ခွင့်ပြုပါဦး”
လင်းကျင်းသည် သားရဲကို တစ်ခုခု လုပ်သွားသဖြင့် မည်သူမျှ သွေးစာချုပ် မချုပ်နိုင်ခြင်း ဖြစ်သည်ဟု သူက အရိပ်အမြွက် ပြောသွားခြင်း ဖြစ်ပေသည်။
ဇူမိသားစုမှာ ဒေါသပေါက်ကွဲကုန်ကြ၏။
ဇူထျန်းလီ ဦးဆောင်ကာ သူတို့သည် သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ သွားရောက်ကာ ပြဿနာရှာကြတော့သည်။ သို့သော် လင်းကျင်းမှာ ထိုနေရာတွင် မရှိဘဲ အိမ်၌သာ အေးအေးလူလူ အိပ်ပျော်နေ၏။ အကြီးအကဲ တစ်ဦးအနေဖြင့် တန်လင်းသည် အသင်းချုပ်အတွင်း ပြဿနာရှာသူများကို သည်းမခံနိုင်ပေ။ အခြေအနေကို နားလည်ပြီးနောက် သူမက “သားရဲတစ်ကောင် သွေးစာချုပ် မချုပ်နိုင်အောင် တားဆီးတဲ့ နည်းလမ်းဆိုတာ ဒီကမ္ဘာမှာ မရှိဘူး” ဟုသာ ပြန်ပြောလိုက်၏။
ထို့နောက် သူမသည် ဇူမိသားစုကို လှည့်မကြည့်တော့ဘဲ ထွက်သွားတော့သည်။ အကယ်၍ သူတို့ ထပ်ပြီး ဆူညံနေဦးမည်ဆိုလျှင်တော့ တစ်ယောက်ယောက်ကို လွှတ်ကာ မောင်းထုတ်ခိုင်းမည်မှာ သေချာလှပေသည်။
တန်လင်းသည် အလုပ်လုပ်လျှင် အလွန်ပင် ပြတ်သားသူ ဖြစ်၏။
ဇူထျန်းလီမှာ အရှက်ရသွားရတော့သည်။ ဇူမိသားစုအတွင်းရှိ လက်ရှိ အခြေအနေများကြောင့် စိတ်ပျက်နေသော ဇူထျန်းဟုန်ကတော့ ဒုတိယအကြီးအကဲ၊ တတိယအကြီးအကဲနှင့် ဇူထျန်းလီတို့ကို သူတို့ သဘောရှိ လုပ်ကြရန်သာ လွှတ်ထားလိုက်တော့၏။
“ငါ မယုံဘူး... တခြား နေရာက အကဲဖြတ်မှူးတွေကို ငှားကြစို့” ဇူထျန်းလီက ဒေါသတကြီး အော်လိုက်၏။
ထို့ကြောင့် နောက်တစ်နေ့တွင် သူတို့သည် အခြားသော အကဲဖြတ်မှူးများစွာကို ငှားရမ်းခဲ့ကြပြန်သည်။ သူတို့သည် အဆင့် ၂ အကဲဖြတ်မှူး တစ်ဦးကိုပင် ရှာဖွေတွေ့ရှိခဲ့သော်လည်း အခြေအနေမှာ မပြောင်းလဲပေ။ ခေါင်းနှစ်လုံးပါ မြွေနှင့် သွေးစာချုပ်ကို မည်သူမျှ မချုပ်ပေးနိုင်ခဲ့ကြပေ။
နှစ်ရက်တိုင်တိုင် ရှုပ်ထွေးခဲ့ပြီးနောက် ခေါင်းနှစ်လုံးပါ မြွေမှာ သေလုနီးပါး ဖြစ်နေပြီ ဖြစ်၏။ အကြောင်းမှာ သွေးစာချုပ် ချုပ်ရန် ကြိုးစားတိုင်း သွေးလိုအပ်သောကြောင့်ပင်။ ဒုတိယနှင့် တတိယအကြီးအကဲတို့၏ မြေးများမှာလည်း ဆက်ပြီး မခံနိုင်တော့ပေ။
ငှားရမ်းထားသော အဆင့် ၂ အကဲဖြတ်မှူးက ပြောလိုက်၏။
“ဒီခေါင်းနှစ်လုံးပါ မြွေက ထူးခြားတဲ့ ကိုယ်ထည်နဲ့ သွေးမျိုးဆက် ရှိနေတာပဲ... ဒါ့ကြောင့် သာမန် သွေးစာချုပ် နည်းလမ်းတွေက သူ့အပေါ်မှာ အလုပ်မလုပ်ဘူး... ကျုပ်လည်း မကူညီနိုင်လို့ တခြားလူကိုပဲ ရှာကြည့်ပါ... ဒါပေမဲ့ ကျုပ်ရဲ့ အမြင်အရတော့၊ ခင်ဗျားတို့ ဘယ်လောက် ကြိုးစားကြိုးစား ဒီသားရဲက ဘယ်သူနဲ့မှ သွေးစာချုပ် ချုပ်နိုင်မှာ မဟုတ်ဘူး”
သူ ဘာကို ဆိုလိုတာလဲ။
ဇူမိသားစုမှာ ငြင်းခုံရန်ပင် အားအင် ကုန်ခမ်းနေပြီ ဖြစ်၏။ နှစ်ရက်တိုင်တိုင် လျှောက်လုပ်ခဲ့ကြသော်လည်း ဘာမှ ဖြစ်မလာခဲ့ပေ။ အထူးသဖြင့် တတိယအကြီးအကဲမှာ စကားမပြောနိုင်သည့်အပြင် စိုးရိမ်စိတ်များကြောင့် နေမကောင်းပင် ဖြစ်သွားရတော့၏။
သူ တဖြည်းဖြည်း တည်ငြိမ်လာပြီး လွန်ခဲ့သော နှစ်ရက်အတွင်းက ဖြစ်ပျက်ခဲ့သော အဓိပ္ပာယ်မရှိသည့် ကိစ္စများကို ပြန်လည် စဉ်းစားမိသောအခါမှ၊ တတိယအကြီးအကဲသည် သူ၏ ဖျားနာနေသော အိပ်ရာပေါ်တွင် နောင်တများ ရလာတော့၏။
ဇူထျန်းဟုန်သည် မိသားစု၏ ထောက်ခံမှုကြောင့်သာ အိမ်တော်သခင် ဖြစ်လာခြင်း ဖြစ်သလို၊ သူသည်လည်း မိသားစုကို ဦးဆောင်နိုင်စွမ်း ရှိသူ ဖြစ်ပေသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့သည် ဇူထျန်းလီ၏ သွေးထိုးမှုကြောင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့ကြပြီး အရှက်ရစရာများ ဖြစ်ခဲ့ရပေသည်။
အခြေအနေကို ပြန်လည် ဆန်းစစ်ပြီးနောက် စိတ်အေးသွားချိန်တွင်၊ တတိယအကြီးအကဲသည် သူ၏ လုပ်ရပ်များအတွက် ရှက်ရွံ့လာတော့၏။
အစပိုင်းတွင် သူသည် သူ၏ မြေးအတွက် အခွင့်အရေးတစ်ခု တောင်းဆိုချင်ရုံသာ ဖြစ်၏။ သို့သော် ဤသေးနုပ်သော ငြင်းခုံမှုမှာ မိသားစု၏ စည်းလုံးမှုကို ပြိုကွဲစေကြောင်း လူအများအား ပြသရာ ရောက်သွားခဲ့ရပေသည်။
ဤခါးသီးသော အတွေ့အကြုံမှတစ်ဆင့် တတိယအကြီးအကဲသည် နောက်ဆုံးတွင် နားလည်သွားတော့၏။ သူသည် သူ၏ သားဖြစ်သူနှင့် ဒုတိယအကြီးအကဲကို ခေါ်လိုက်သည်။ နာကျင်မှုများကို အောင့်အည်းရင်း သူသည် ကလောင်နှင့် စက္ကူကို ယူကာ ရေးလိုက်၏။
‘ဒုတိယအစ်ကို... မိသားစုအတွင်း ရန်ဖြစ်တာက ဒုက္ခပဲ ပေးလိမ့်မယ်... ငါတို့ မှားသွားပြီ၊ ငါတို့ရဲ့ အမှားတွေအတွက် နောင်တရသင့်တယ်... ဒီလို ဆက်သွားနေရင် ဇူမိသားစုရဲ့ ဘိုးဘေးတွေကို အရှက်ခွဲရာ ရောက်လိမ့်မယ်’
ထိုစကားကြောင့် ဒုတိယအကြီးအကဲ သက်ပြင်းချလိုက်၏။ အမှန်တော့ သူကိုယ်တိုင်လည်း နောင်တရနေပြီ ဖြစ်သည်။
ရှားပါးသားရဲ တစ်ကောင်အတွက်နှင့် သူသည် ဤကဲ့သို့သော ငြင်းခုံမှုတွင် ပါဝင်ခဲ့မိခြင်းမှာ အလွန်ပင် မလျော်ကန်လှပေ။
အိမ်တော်သခင် ဇူထျန်းဟုန်မှာ အမြဲတမ်း မျှတသူ ဖြစ်ခဲ့၏။ ထို့အပြင် ဇူယွမ်မှာလည်း ခေါင်းနှစ်လုံးပါ မြွေနှင့် တကယ်ကို အကိုက်ညီဆုံး ဖြစ်သည်။ သူသည်လည်း ဇူမိသားစု၏ မျိုးဆက်ပဲလေ၊ ဘာဖြစ်လို့ သူတို့ ငြင်းခုံနေကြရမှာလဲ။
ဒုတိယအကြီးအကဲ ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
“တတိယညီ... ငါ ထျန်းဟုန်ကို သွားခေါ်လိုက်မယ်... ပြီးတော့ အဲဒီ အကဲဖြတ်မှူးလင်းကိုလည်း ငါ ကိုယ်တိုင် သွားပြီး တောင်းပန်မယ်... မင်းကို သူ လုပ်ထားတဲ့ ဂါထာကို ဘယ်လိုနည်းနဲ့မဆို ပြန်ဖြုတ်ပေးဖို့ ငါ တောင်းဆိုရမယ်”
ထိုစကားကြောင့် တတိယအကြီးအကဲ၏ သားက ချက်ချင်း မေးလိုက်၏။
“ဒါဆို ကျွန်တော့်အဖေကို တကယ်ပဲ အဲဒီ လင်းဆိုတဲ့ လူက တစ်ခုခု လုပ်ထားတာပေါ့”
ဒုတိယအကြီးအကဲက ငေါက်လိုက်ကာ။
“အခုထိ ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေသေးတာလဲ... အဲဒီ အကဲဖြတ်မှူးလင်းက တကယ့်ကို တော်တဲ့လူပဲ... ငါတို့ လူတွေ အများကြီး ငှားခဲ့ပေမဲ့ သူ ဘာလုပ်ထားလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး... ဒီအချက်ကတင် သူ ဘယ်လောက် တော်လဲဆိုတာ သက်သေပြနေတာပဲ... ဒီလူက နောင်မှာ အကြီးအကျယ် အောင်မြင်မယ့်သူပဲ... မှတ်ထားကြ... နောက်ဆိုရင် အကဲဖြတ်မှူးလင်းကို မြင်တာနဲ့ ငါတို့ ဇူမိသားစုက အရိုအသေ ပေးရမယ်... ခင်ဗျားတို့ ရထားလုံး စီးနေရင် ဆင်းပြီး နှုတ်ဆက်ရမယ်၊ မြင်းစီးနေရင်လည်း ခုန်ဆင်းပြီး နှုတ်ဆက်ရမယ်... ဘယ်သူမှ သူ့ကို မစော်ကားစေနဲ့.. ပြန်စဉ်းစားကြည့်ရင် ထန်းဟုန်မှာ လူရွေးတော်တဲ့ မျက်စိရှိတာပဲ.. ဒီလို လူမျိုးနဲ့ ရင်းနှီးတာက ငါတို့ မိသားစုအတွက် ကံကောင်းခြင်းတွေပဲ ယူဆောင်လာမှာ”
တတိယအကြီးအကဲ၏ မျက်လုံးများမှာ ထိုစကားကို နားထောင်ရင်း တောက်ပလာပြီး ခေါင်းညိတ် ထောက်ခံလိုက်၏။
သူတို့နှစ်ဦးစလုံးမှာ လောဘကြောင့် မျက်စိကွယ်နေခဲ့ကြခြင်း ဖြစ်သည်။ ယခု နားလည်သွားချိန်တွင်တော့ ဘာလုပ်ရမည်ကို သူတို့ သိသွားကြပြီ။
ဇူမိသားစုဝင်များအနေဖြင့် မိသားစု ကောင်းလျှင် အတူတူ ကောင်းကြပြီး၊ မိသားစု ပြိုကွဲလျှင်လည်း အတူတူ ဒုက္ခရောက်ကြရမည် မဟုတ်ပါလား။
ထို့ကြောင့် စစ်မှန်သည်ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ၊ ဒုတိယအကြီးအကဲသည် ဇူထန်းဟုန်ထံသို့ သွားကာ ခေါင်းနှစ်လုံးပါ မြွေအတွက် ဆက်ပြီး မငြင်းခုံတော့မည့်အကြောင်း ပြောပြလိုက်၏။ ထို့အပြင် သူနှင့် တတိယအကြီးအကဲတို့သည် မိသားစု ကိစ္စများတွင် နောင်၌ ဝင်ရောက် မစွက်ဖက်တော့မည့်အကြောင်းလည်း ပြောခဲ့ပေသည်။
၎င်းနောက် ဒုတိယအကြီးအကဲ ဇူရွှမ်တယ်သည် လင်းကျင်း၏ လိပ်စာကို တောင်းယူကာ၊ သူကိုယ်တိုင် သွားရောက် တောင်းပန်ရန် ထွက်လာခဲ့တော့၏။
သူ တံခါးခေါက်လိုက်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်သော်လည်း လင်းကျင်းမှာ အိမ်တွင် မရှိပေ။
“ဒုတိယအကြီးအကဲ... မနက်ဖြန်မှ ပြန်လာကြရင်ရော”
ဇူမိသားစုဝင် တစ်ဦးက ပြောလိုက်၏။
ထိုစဉ်မှာပင် ဇူရွှမ်တယ်သည် သူ၏ သားရဲမှာ တစ်ခုခုကို ကြောက်လန့်နေသကဲ့သို့ တုန်ရီနေသည်ကို သတိပြုမိလိုက်သဖြင့် အံ့ဩသွားရ၏။ သူ အသေအချာ ကြည့်လိုက်သောအခါ၊ သူ၏ သားရဲတင်မကဘဲ အခြားသော မိသားစုဝင်များ၏ သားရဲများမှာလည်း ထိတ်လန့်နေကြသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ဇူရွှမ်တဲသည် လင်းကျင်း၏ ခြံစည်းရိုးပေါ်တွင် နားနေသော ‘ကြက်ဖကြီး’ တစ်ကောင်ကို သတိပြုမိလိုက်တော့၏။
ထိုကြက်ဖကြီး၏ အငွေ့အသက်မှာ သူတို့၏ သားရဲများကို ထိတ်လန့်သွားစေခြင်း ဖြစ်ပေသည်။
ဘာတွေ ဖြစ်နေတာလဲ။ ဒီလို ရက်စက်တဲ့ သားရဲတွေက ကြက်တစ်ကောင်ကို ဒီလောက်အထိ ကြောက်နေရတာလား။
ဇူရွှမ်းတယ်မှာ မတတ်သာသလို ခံစားလိုက်ရ၏။
သူ၏ သားရဲမှာ ‘လွင်ပြင်ဝံပုလွေ’ဖြစ်ပြီး အဆင့် ၂ သတ္တဝါ ဖြစ်သလို၊ ရက်စက်ကြမ်းကြုတ်မှုတွင် နာမည်ကြီးပေသည်။ သို့သော် ယခုအခါ ထိုဝံပုလွေမှာ သူ၏ နောက်တွင် ပုန်းကာ ခြံစည်းရိုးပေါ်ရှိ ကြက်ကို စိုးရိမ်တကြီး စိုက်ကြည့်နေတော့၏။
ခဏမျှတော့ အခြေအနေမှာ အတော်လေး အနေရခက်သွားရ၏။
“ဒုတိယအကြီးအကဲ...”
ဘေးမှ မိသားစုဝင် တစ်ဦးက တိုက်တွန်းလိုက်သော်လည်း၊ ဇူရွှမ်းတယ်က လက်ကာပြကာ တားလိုက်၏။
“ငါတို့ အဲဒီနေ့က အကဲဖြတ်မှူးလင်းကို မလေးမစား လုပ်ခဲ့မိတာဆိုတော့၊ သူ ပြန်လာတဲ့အထိ ဒီမှာပဲ စောင့်မယ်... သူ သန်းခေါင်ယံမှ ပြန်လာရင်တောင် စောင့်ရမယ်... ဒါမှ ငါတို့ရဲ့ စေတနာအမှန်ကို သူ သိမှာ”
ထိုစကားကြောင့် အခြားသူများလည်း ဘာမှ မပြောတော့ဘဲ စောင့်နေကြတော့သည်။
အစပိုင်းတွင်တော့ အကဲဖြတ်မှူးလင်း မကြာခင် ပြန်လာလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြ၏။
သို့သော် သူတို့ စောင့်ဆိုင်းမှုမှာ သန်းခေါင်ကျော်သွားသည်အထိ ဖြစ်ခဲ့ပြီး၊ လင်းကျင်း၏ အရိပ်အယောင်ပင် မတွေ့ရသေးပေ။
ဇူမိသားစုဝင်များမှာ လင်းကျင်းသည် သူတို့ ရောက်နေသည်ကို သိသဖြင့် တမင် ပုန်းနေခြင်းလားဟု သံသယ ဝင်လာကြတော့၏။
ဇူရွှမ်းတဲမှာလည်း သည်းခံနိုင်စွမ်း ကုန်လုနီးပါး ဖြစ်နေပြီ။ သို့သော် သူသည် ခေါင်းမာသော အဖိုးကြီး တစ်ဦး ဖြစ်ပေသည်။ ဤမျှအထိ စောင့်ခဲ့ပြီးမှတော့ အခု ပြန်သွားလျှင် အလဟဿ ဖြစ်သွားပေလိမ့်မည်။ သူတို့ တောင်းပန်ရန် လာခြင်း ဖြစ်သဖြင့် စေတနာအမှန်ကို ပြသရမည် မဟုတ်ပါလား။
ထို့ကြောင့် သူတို့ ဆက်စောင့်ရန် ဆုံးဖြတ်လိုက်ကြ၏။
သူတို့ မသိလိုက်သည်မှာ၊ လင်းကျင်းသည် ညတိုင်း ဇိုရိုကုတောင်သို့ သွားကာ ရှန်းအာတို့အား ကျင့်ကြံခြင်း ပညာရပ်များ သင်ကြားပေးနေခြင်း ဖြစ်သည်ဟူသော အချက်ပင်။ ယခုအခါ သူ စောင့်ရှောက်ရမည့် မျောက်ဖြူကြီး အသစ်လည်း ရှိနေပြီ ဖြစ်သဖြင့်၊ လင်းကျင်းသည် မနက်မိုးလင်းမှသာ ပြန်လာမည် ဖြစ်ပေသည်။
အခန်း (၁၅၆) - မီးရှို့မှု
လင်းကျင်းသည် လက်ရှိတွင် မြေခွေးလေးများနှင့် မျောက်ဖြူကြီးအား ကျင့်ကြံခြင်း ပညာရပ်များကို သင်ကြားပေးနေ၏။
သူကိုယ်တိုင် မိစ္ဆာအသွင်ပြောင်းလဲခြင်း ပညာကို မတတ်မြောက်သော်လည်း၊ သားရဲပြတိုက်မှ ရရှိထားသော ပြီးပြည့်စုံသည့် အချက်အလက်များကြောင့် ကျင့်ကြံခြင်း အခြေခံမရှိဘဲ သူတို့ကို သင်ကြားပေးနိုင်ခြင်း ဖြစ်ပေသည်။
မြေခွေးလေးများမှာ သိသိသာသာ တိုးတက်လာကြပြီး၊ ယခင်က ပြင်းထန်စွာ ဒဏ်ရာရခဲ့သော ရှောင်ကျိုပင် ပါဝင်ပေသည်။ သူတို့သည် သားရဲစွမ်းအင် ဖွဲ့စည်းခြင်း ပထမပိုင်းကို ကျွမ်းကျင်နေကြပြီဖြစ်ရာ ကိုယ်တိုင် ကျင့်ကြံနိုင်နေကြပြီ ဖြစ်၏။
မျောက်ဖြူကြီး၏ တိုးတက်မှုကတော့ လင်းကျင်းကို အတော်လေး အံ့အားသင့်သွားစေသည်။
မြေခွေးများနှင့် နှိုင်းယှဉ်လျှင် ဤမျောက်ဖြူကြီးမှာ သီအိုရီအသစ်များကို ပိုမို လျင်မြန်စွာ နားလည်နိုင်စွမ်း ရှိပေသည်။ နှစ်ရက်အတွင်းမှာပင် ၎င်းသည် သားရဲစွမ်းအင် ဖွဲ့စည်းခြင်း ပထမပိုင်းကို ကျင့်ကြံပြီးစီးသွားခဲ့၏။
ယခုအခါ ဤမျောက်ဖြူကြီးမှာ သာမန်သားရဲ မဟုတ်တော့ဘဲ မိစ္ဆာတစ်ကောင် ဖြစ်နေပြီ ဖြစ်၏။
အဆင့် ၃ မိစ္ဆာတစ်ကောင်ပင်။
လင်းကျင်းသည် ၎င်းအား သားရဲစွမ်းအင် ဖွဲ့စည်းခြင်းကို ဆက်မသင်တော့ဘဲ၊ မြေခွေးလေးများနှင့်အတူ လူသားစကား၊ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားများကို သင်ကြားပေးလိုက်၏။
ဒါက လင်းကျင်း၏ ‘အသိဉာဏ်ဖွင့်ပေးခြင်း’ အတန်းထဲမှ အရေးကြီးသော ဘာသာရပ်တစ်ခု ဖြစ်ပေသည်။
အကယ်၍ ကျင့်ကြံခြင်း ပညာတစ်ခုတည်းကိုသာ သင်ယူမည်ဆိုလျှင် သားရဲမှာ သားရဲသာ ဖြစ်နေပြီး၊ မိစ္ဆာမှာလည်း မိစ္ဆာသာ ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် လင်းကျင်းသည် ကျင့်ကြံခြင်းနှင့် မပတ်သက်သော စာအုပ်များကိုပါ ယူဆောင်လာပြီး မိစ္ဆာများကို စာဖတ်သင်ပေးနေခြင်း ဖြစ်၏။ သူတို့ထဲတွင် ဉာဏ်အကောင်းဆုံး ဖြစ်သော ရှန်းအာမှာ လူသားစကားကို ကောင်းစွာ တတ်မြောက်နေပြီ ဖြစ်သည်။ သူမသည် ကျင့်ကြံခြင်း မရှိသည့် အချိန်များတွင် လင်းကျင်း ယူလာပေးသော ဒဏ္ဍာရီ ဝတ္ထုစာအုပ်များထဲတွင် နစ်မွန်းကာ ဖတ်ရှုနေတတ်၏။
ရှန်းအာက စံနမူနာပြ ဖြစ်နေသဖြင့် မြေခွေးလေးများနှင့် မျောက်ဖြူကြီးမှာလည်း သူမထံမှ သင်ယူကြသည်။ သူတို့မှာ ရှန်းအာကဲ့သို့ စာမဖတ်နိုင်သေးသဖြင့် တစ်ခါတစ်ရံတွင် သူမအား စာဖတ်ပြရန် ပူဆာတတ်ကြသေး၏။
လင်းကျင်း မထွက်သွားမီ သူသည် ‘ကိုယ်ယောင်ဖျောက်ခြင်း’ ပညာရပ်ကို စာအုပ်ငယ်တစ်ခုတွင် ရေးမှတ်ကာ ရှန်းအာကို ပေးခဲ့၏။ သို့မှသာ သူမက မျောက်ဖြူကြီးကို ဖတ်ပြ သင်ကြားပေးနိုင်မည် ဖြစ်ပေသည်။
မျောက်ဖြူကြီးအတွက်တော့ ကိုယ်ယောင်ဖျောက်ခြင်းကို သင်ယူရန်မှာ ပထမဦးစားပေး ဖြစ်၏။ အကယ်၍ ဤပညာကို တတ်မြောက်သွားလျှင် ၎င်းသည် ခန္ဓာကိုယ် အရွယ်အစားကို စိတ်ကြိုက် ပြောင်းလဲနိုင်မည် ဖြစ်ရာ လူမြင်မထင်ရှားအောင် နေထိုင်နိုင်ပေလိမ့်မည်။
ဤပညာရပ်မှာ အရွယ်အစား ပြောင်းရုံတင်မကဘဲ အသွင်အပြင်ကိုပါ ပြောင်းလဲနိုင်ပေသည်။
အစောပိုင်း အဆင့်တွင်တော့ အရွယ်အစားနှင့် အသွင်အပြင် အစိတ်အပိုင်း အချို့ကိုသာ ပြောင်းလဲနိုင်မည် ဖြစ်သော်လည်း၊ ဆက်လက် ကျင့်ကြံသွားပြီး ‘လူအသွင်ပြောင်းခြင်း’ အဆင့်သို့ ရောက်ရှိသွားလျှင်တော့ ရှန်းအာကဲ့သို့ပင် လူသားအသွင်ကို အပြည့်အဝ ရရှိနိုင်မည် ဖြစ်၏။
သို့သော် ၎င်းမှာ ချက်ချင်းတော့ မဖြစ်နိုင်ပေ။
ရှောင်ဝူပင်လျှင် ဤပညာကို သင်ယူနေသည်မှာ ရက်အနည်းငယ် ရှိပြီ ဖြစ်သော်လည်း အစောပိုင်း အဆင့်တွင်သာ ရှိနေသေး၏။ လူအသွင်ပြောင်းရန်မှာ အတော်လေး လိုသေးပေသည်။
ကိုယ်ယောင်ဖျောက်ခြင်း ပညာကို သားရဲစွမ်းအင် ဖွဲ့စည်းခြင်း ပထမပိုင်း ပြီးစီးပြီးနောက် သင်ယူနိုင်ပေသည်။ လမ်းတွင် လင်းကျင်းသည် ရှောင်ဟော့ကိုရော ဤပညာ သင်ပေး၍ ရမလားဟု တွေးတောမိသေး၏။
သို့သော် ၎င်းမှာ မဖြစ်နိုင်ကြောင်း သူ သိထားပေသည်။
မိစ္ဆာများမှာ သားရဲများ ကျင့်ကြံနိုင်သည်ကို ကျင့်ကြံနိုင်သော်လည်း၊ သားရဲများကတော့ မိစ္ဆာများ၏ ပညာကို မသင်ယူနိုင်ပေ။
သားရဲများအပေါ်တွင် သွေးစာချုပ်မှတစ်ဆင့် အားဖြည့်ဂါထာများကို သုံးနိုင်သော်လည်း၊ မိစ္ဆာများအပေါ်တွင်တော့ သူ ထိုသို့ လုပ်၍ မရပေ။
မျိုးစိတ် နှစ်ခုမှာ လုံးဝ ကွဲပြားနေသည် မဟုတ်ပါလား။
လင်းကျင်း မေပယ်မြို့သို့ ပြန်ရောက်ချိန်တွင် မနက် ၃ နာရီခန့် ရှိနေပြီ ဖြစ်၏။ သူ၏ အိမ်ရှေ့တွင် လူအုပ်စုတစ်စုကို တွေ့လိုက်ရသဖြင့် သူ အံ့ဩသွားရသည်။ အသေအချာ ကြည့်လိုက်သောအခါ ဇူမိသားစု၏ ဒုတိယအကြီးအကဲ ဇူရွှမ်းတယ် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
အသက်ကြီးပိုင်း ဖြစ်သလို အေးစက်သော ညဥ့်ဦးယံတွင် အကြာကြီး စောင့်နေခဲ့ရသဖြင့် ဇူရွှမ်းတယ်၏ မျက်နှာမှာ ဖြူဖျော့ကာ တစ်ကိုယ်လုံး တုန်ရီနေတော့၏။
ဤအဖိုးကြီးမှာ တကယ့်ကို ခေါင်းမာလှပေသည်။ ဘေးလူများက ဖျောင်းဖျသော်လည်း သူသည် လင်းကျင်း ပြန်လာသည်အထိ မလှုပ်မယှက် စောင့်နေခဲ့ခြင်း ဖြစ်၏။
ဇူရွှမ်းတယ်ကို မြင်သည်နှင့် သူတို့ ဘာအတွက် လာသည်ကို လင်းကျင်း ချက်ချင်း သိလိုက်၏။
သူတို့ လာရခြင်း အကြောင်းရင်း နှစ်ခု ရှိ၏။ ပထမတစ်ခုမှာ တတိယအကြီးအကဲ စကားမပြောနိုင်ခြင်းနှင့် ဒုတိယတစ်ခုမှာ ခေါင်းနှစ်လုံးပါ မြွေနှင့် သွေးစာချုပ် ချုပ်ပေးရန်ပင် ဖြစ်၏။
မှန်ပါသည်၊ ထိုပြဿနာ နှစ်ခုစလုံးမှာ လင်းကျင်း၏ လက်ချက်ပင် ဖြစ်၏။
တတိယအကြီးအကဲမှာ ရိုင်းပျခဲ့သဖြင့် လင်းကျင်းသည် သူ၏ ရစ်ပတ်အပ်ကို သုံးကာ ထိုလူ၏ လည်ချောင်းရှိ အပ်စိုက်မှတ် တစ်ခုကို လျှို့ဝှက် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူ ဆွံ့အသွားခြင်း ဖြစ်ပေသည်။ ၎င်းမှာ ရောဂါ မဟုတ်ပေ။ သာမန်လူတစ်ယောက်အနေဖြင့် ရစ်ပတ်အပ်၏ နက်နဲမှုကို နားလည်နိုင်မည် မဟုတ်သဖြင့် ဘာဖြစ်သွားသည်ကို မည်သူမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။
သူ အတတ်ဟောရမည်ဆိုလျှင်တော့၊ သွေးကြောရှာဖွေခြင်း အတတ်ပညာကို တတ်မြောက်သည့် အခြားသူတစ်ဦး ပေါ်မလာသရွေ့၊ ဤပြဿနာကို ဖြေရှင်းပေးနိုင်သူမှာ လင်းကျင်း တစ်ဦးတည်းသာ ရှိပေသည်။
ခေါင်းနှစ်လုံးပါ မြွေကိစ္စမှာလည်း ထိုသို့ပင်။ လင်းကျင်းသည် အပ်စိုက်ပညာကို သုံးကာ သားရဲ၏ ကိုယ်ပေါ်ရှိ အပ်စိုက်မှတ် တစ်ခုကို လှုံ့ဆော်ထားခဲ့သဖြင့် မည်သူမျှ ၎င်းနှင့် သွေးစာချုပ် အောင်မြင်အောင် မချုပ်နိုင်ခြင်း ဖြစ်၏။
သူ မျှော်လင့်ထားသည့်အတိုင်း ဇူမိသားစုမှာ နောက်ဆုံးတွင် သူ့ထံသို့ လာရောက် အသနားခံရတော့မည် ဖြစ်၏။
သို့သော် ဤမျှအထိ လျင်မြန်စွာ ရောက်လာကြလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။ သူတို့ ရက်အနည်းငယ်လောက် ထပ်ပြီး တောင့်ခံနိုင်ဦးမည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်၏။
လင်းကျင်း ပြန်လာသည်ကို မြင်သောအခါ ဇူရွှမ်းတယ်မှာ စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား လာသော်လည်း၊ သူ၏ ခြေထောက်များမှာ ထုံကျဉ်နေသဖြင့် ယိုင်တိယိုင်တိုင် ဖြစ်နေတော့၏။
“အကဲဖြတ်မှူးလင်း... ကျုပ်တို့ မှားသွားပါပြီ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး”
ဇူရွှမ်းတယ်က လက်အုပ်ချီ နှုတ်ဆက်ရင်း ပြောလိုက်၏။
ဇူမိသားစုဝင် တစ်ဦးကလည်း။
“ကျွန်တော်တို့ ဒုတိယအကြီးအကဲက ညနေကတည်းက ဒီမှာ စောင့်နေတာပါ” ဟု ဝင်ပြောလိုက်၏။
ဇူရွှမ်းတယ်က ထိုလူကို ဒေါသတကြီး ကြည့်လိုက်သဖြင့် ထိုလူ ငြိမ်သွားတော့၏။
ထို့နောက် ဇူရွှမ်းတယ်က။
“အကဲဖြတ်မှူးလင်း... ကျုပ်က ဉာဏ်နည်းပြီး ဝေခွဲမရ ဖြစ်ခဲ့မိပါတယ်... ကျုပ်လို အဖိုးကြီး ပြောခဲ့တဲ့ စကားတွေကို စိတ်ထဲ မထားဘဲ သနားညှာတာပေးပါဦး” ဟု ပြောလိုက်ပြန်၏။
လင်းကျင်း ပြုံးလိုက်ရင်း စိတ်ထဲက တွေးလိုက်မိသည်။ 'တကယ်လို့ ငါ့မှာ ဒီလို ပရိယာယ်တွေသာ မရှိရင်၊ ခင်ဗျားတို့က တောင်းပန်မှာတဲ့လား... ခင်ဗျားတို့က ပျော်ပျော်ကြီးပဲ နေကြမှာပေါ့’
“အကြီးအကဲဇူ... အပြင်မှာ အရမ်းအေးတယ်... အမြန်ပြန်ပြီး အနားယူလိုက်ပါဦး”
လင်းကျင်းက ပြန်ဖြေလိုက်ပြီး သူ၏ ခြံထဲသို့ ဝင်ရန် ပြင်လိုက်၏။
ဇူရွှမ်းတယ်က ချက်ချင်း ထပ်ပြောသည်။ “အကဲဖြတ်မှူးလင်း... ကျုပ်...”
လင်းကျင်းက နောက်လှည့်မကြည့်ဘဲ လက်ကာပြလိုက်ကာ။ “ကျွန်တော် ပင်ပန်းနေပြီ... မနက်မှ စကားပြောကြတာပေါ့”
ထို့နောက် သူသည် ဇူရွှမ်းတယ်နှင့် အဖွဲ့ကို လျစ်လျူရှုကာ ခြံထဲသို့ ဝင်သွားတော့၏။
ဇူမိသားစုမှ လူငယ်များမှာ စိတ်လိုက်မာန်ပါ ရှိကြသူများ ဖြစ်သဖြင့် ဒေါသထွက်ကုန်ကြ၏။ ဇူရွှမ်းတယ်မှာ အသက်ကြီးပိုင်း ဖြစ်သလို သူတို့၏ လူကြီးမိဘလည်း ဖြစ်ပေသည်။ သူသည် လင်းကျင်း၏ တံခါးဝအထိ လာရောက်ကာ အမှားကို ဝန်ခံနေသော်လည်း လင်းကျင်းကတော့ လုံးဝ ထည့်မတွက်ခဲ့ပေ။
သူတို့ ဒေါသတကြီး ရန်တွေ့ရန် ပြင်လိုက်ကြသော်လည်း၊ ဇူရွှမ်းတယ်က တားလိုက်၏။
“ငါတို့ မိသားစု အရှက်ရခဲ့တာ မလုံလောက်သေးဘူးလား”
ထိုစကားကြောင့် လူငယ်များမှာ ချက်ချင်း ငြိမ်ကျသွားကြတော့၏။
“အစပိုင်းမှာ ငါတို့က အမှားလုပ်ခဲ့တာပဲ... သွားကြစို့၊ မနက်ကျမှ ပြန်လာတာပေါ့”
ပြောပြီးနောက် သူသည် ဒေါသမထွက်ဘဲ ထွက်ခွာသွားတော့၏။
ခြံထဲတွင် ရှိနေသော လင်းကျင်းမှာ ဇူရွှမ်းတယ်သည် ဤမျှအထိ သည်းခံနိုင်စွမ်း ရှိသူမှန်း သိလိုက်ရသဖြင့် အံ့ဩသွားရ၏။ သို့သော် ဇူရွှမ်းတယ်သည် စစ်မှန်သည်ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ အကယ်၍ တောင်းပန်စကား တစ်ခွန်းတည်းနှင့် သူ့ကို ခွင့်လွှတ်ခိုင်းကာ ကူညီခိုင်းမည်ဆိုလျှင်တော့ သူတို့ အိမ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
လင်းကျင်းတွင်လည်း သူ၏ ကန့်သတ်ချက်များ ရှိသည် မဟုတ်ပါလား။
ပြန်စဉ်းစားကြည့်လျှင်လည်း၊ တတိယအကြီးအကဲကိုတော့ သူ ဒီအတိုင်း ထားနိုင်သော်လည်း၊ ဇူချန်း၏ ညီလေးအတွက်တော့ သွေးစာချုပ် ချုပ်ပေးရဦးမည် ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ဇူချန်းမှာ သူ၏ သူငယ်ချင်း မဟုတ်ပါလား။
ရွှေဝါလေးသည် ခြံစည်းရိုးပေါ်မှ ခုန်ဆင်းလာပြီး လင်းကျင်းကို ကြည့်ကာ တွန်လိုက်၏။ ကြည့်ရသည်မှာ စောစောက ကျူးကျော်သူများရန်မှ အိမ်ကို ကာကွယ်ပေးခဲ့သဖြင့် သူ့ကို အသိအမှတ်ပြုခိုင်းနေပုံရသည်။
သားရဲခြံအတွင်းရှိ အရိပ်ဝံပုလွေမှာလည်း အပြည့်အဝ ပြန်လည် ကျန်းမာလာခဲ့ပြီး ဆင့်ကဲပြောင်းလဲခြင်း လက္ခဏာများ ပြသနေပြီ ဖြစ်၏။ ထို့အပြင် သားရဲစွမ်းအင် ဖွဲ့စည်းခြင်းကို ကျင့်ကြံထားသဖြင့် အဆင့် ၁ မှာပင် ရှိနေသေးသော်လည်း အဆင့် ၂ သားရဲတစ်ကောင်နှင့် ယှဉ်နိုင်စွမ်း ရှိနေပေသည်။
သမင်၏ အခြေအနေမှာလည်း တည်ငြိမ်နေပြီ ဖြစ်သော်လည်း အပြည့်အဝ ပြန်လည် ကျန်းမာလာရန် အချိန် အနည်းငယ် ထပ်လိုသေး၏။
လင်းကျင်းအနေဖြင့် ဝူချန်းဝေသည် ဤသမင်၏ ပိုင်ရှင်ဟောင်း ဖြစ်ကြောင်း ယခုအခါ သေချာပေါက် ပြောနိုင်ပြီ ဖြစ်၏။ ထိုလူသည် ဤသမင်ကို ယခုမျှအထိ ဒဏ်ရာရအောင် လုပ်ခဲ့သူလည်း ဖြစ်ပေသည်။
“သူ့မှာ ဘာရန်ငြိုးတွေ ရှိနေလို့လဲ”
လင်းကျင်း ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်မိ၏။
လင်းကျင်းသည် အိပ်စက်ရန် အိမ်ထဲသို့ ဝင်သွားလိုက်၏။ သို့သော် သူ လှဲချလိုက်ပြီး မကြာမီမှာပင် ခြံထဲမှ ရှောင်ဟော့၏ ဟိန်းသံကို ကြားလိုက်ရသဖြင့် လင်းကျင်း၏ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
အိမ်အပြင်ဘက်တွင် မီးတောက်များ တက်လာသည်ကို မြင်လိုက်ရသောအခါ၊ လင်းကျင်းသည် ထိတ်လန့်တကြား ထရပ်ကာ အပြင်သို့ ပြေးထွက်သွားလိုက်တော့၏။
သူ၏ ခြံထဲတွင်လည်းကောင်း၊ အိမ်ခေါင်မိုးပေါ်တွင်လည်းကောင်း၊ သားရဲခြံတွင်လည်းကောင်း မီးတုတ် ဆယ်ခုကျော်မှာ ပြန့်ကျဲနေသည်ကို သူ တွေ့လိုက်ရ၏။ သူ လျင်မြန်စွာ တုံ့ပြန်ခဲ့သော်လည်း လင်းကျင်း၏ အိမ်ခေါင်မိုးနှင့် သားရဲခြံတွင် မီးများ စတင် လောင်ကျွမ်းနေပြီ ဖြစ်၏။
မီးတောက်များက ပိုမို ပြင်းထန်လာ၏။
လင်းကျင်းအနေဖြင့် ဒါကို ဒီအတိုင်း အဖြစ်ခံနိုင်ပါ့မလား။
သူသည် ချက်ချင်းပင် မီးငြှိမ်းသတ်ရန် ကြိုးစားတော့၏။ ကံကောင်းသည်မှာ မီးမှာ အလွန်အမင်း မပြင်းထန်သေးသဖြင့် ရေအနည်းငယ်ဖြင့် ငြှိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်၏။
“ဒါက တမင် မီးရှို့တာပဲ”
လင်းကျင်း၏ မျက်နှာမှာ ကြောက်စရာကောင်းအောင် တည်တင်းသွား၏။ ရှောင်ဟော့က သူ၏ ဘေးတွင် ရပ်ကာ ကာကွယ်ပေးနေသော်လည်း၊ ရွှေဝါလေးနှင့် အရိပ်ဝံပုလွေတို့မှာတော့ ပျောက်ကွယ်နေ၏။
ထိုစဉ် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသည်။ လင်းကျင်း တံခါးဖွင့်ကြည့်လိုက်သောအခါ အရိပ်ဝံပုလွေသည် လူတစ်ယောက်ကို ၎င်း၏ ပါးစပ်ဖြင့် ကိုက်ကာ ပြန်လာနေသည်ကို တွေ့လိုက်ရ၏။ အနည်းငယ် ဝေးသော နေရာမှလည်း အော်ဟစ်သံများကို ကြားနေရပေသည်။
လင်းကျင်း အနီးအနားရှိ လမ်းကြားသို့ သွားကြည့်သောအခါ လူသုံးဦးမှာ ခြေလက်များ သွေးထွက်သံယို ဖြစ်လျက် မြေပြင်ပေါ်တွင် လဲနေကြသည်ကို တွေ့လိုက်ရ၏။ ရွှေဝါလေးကတော့ သူတို့၏ ဘေးတွင် ရပ်ကာ ခြိမ်းခြောက်နေတော့၏။
သေချာပါသည်၊ ဤသူများမှာ မီးရှို့သူများပင် ဖြစ်၏။ အရိပ်ဝံပုလွေနှင့် ရွှေဝါလေးတို့မှာ သူတို့ လေးဦးစလုံးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
ရွှေဝါလေးဘက်ရှိ လူသုံးဦးမှာတော့ ဒဏ်ရာ အတော်လေး ပြင်းထန်လှပေသည်။ သူတို့၏ ကိုယ်ပေါ်ရှိ သွေးထွက်နေသော အပေါက်များမှာ ရွှေဝါလေး၏ သနားညှာတာမှုမရှိသော ပေါက်ချက်များကြောင့် ဖြစ်သည်မှာ သိသာလှပေသည်။
သူတို့ကို ရေအေးဖြင့် ပက်ကာ စစ်ဆေးမေးမြန်းပြီးနောက်၊ သူတို့မှာ မြို့ထဲမှ နာမည်ကြီး လူမိုက်များ ဖြစ်ကြောင်း လင်းကျင်း သိလိုက်ရ၏။ လင်းကျင်း အတင်းအကျပ် မမေးရသေးမီမှာပင် ထိုကြောက်လန့်နေသော လူများမှာ အရာအားလုံးကို ဖွင့်ပြောကြတော့၏။
ဤလူများကို မီးရှို့ရန် ငှားရမ်းထားခြင်း ဖြစ်ပြီး သူတို့မှာလည်း ထိုကိစ္စတွင် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ မီးတုတ်များကို ရေနံဆီဖြင့် တို့ကာ၊ ပစ်မှတ်ထားသူ မထင်မှတ်ထားသည့် အချိန်တွင် အပြင်ဘက်မှ ပစ်သွင်းလိုက်ကြခြင်း ဖြစ်၏။ အလုပ်ပြီးသည်နှင့် သူတို့ ထွက်ပြေးကြပေလိမ့်မည်။ သာမန်အားဖြင့်ဆိုလျှင် အဖမ်းခံရရန် မဖြစ်နိုင်သော်လည်း၊ ဤလူမိုက်များမှာ လင်းကျင်း၏ ခြံထဲတွင် သားရဲများစွာ ရှိနေသည်ကို မသိခဲ့ကြပေ။ သူတို့ ထွက်ပြေးရန် ပြင်လိုက်သည်နှင့် အရိပ်ဝံပုလွေနှင့် ရွှေဝါလေးတို့က သူတို့ကို လိုက်လံ နှိမ်နင်းခဲ့ခြင်း ဖြစ်ပေသည်။
“ခင်ဗျားတို့ကို ဘယ်သူ ငှားတာလဲ”
လင်းကျင်းက ခက်ထန်စွာ မေးလိုက်၏။
လူမိုက်များမှာ သတ္တိမရှိကြသဖြင့် ချက်ချင်းပင် ဝန်ခံကြတော့၏။
“ဝူချန်းဝေ... ဒီလူယုတ်မာပဲ”
အမှန်တရားကို သိလိုက်ရသောအခါ လင်းကျင်း ဒေါသအကြီးအကျယ် ထွက်သွားတော့၏။ ထိုလူယုတ်မာက ဤမျှအထိ ညစ်ပတ်သော အလုပ်ကို လုပ်ရဲသည်လား။ သေချာပါသည်၊ ၎င်းမှာ လွန်ခဲ့သော နှစ်ရက်က ကိစ္စကြောင့် ဖြစ်ရပေမည်။
ဒါပေမဲ့ ပြဿနာက သူ့ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ခဲ့တာက လုရှောင်ယုဖြစ်ပြီး၊ သူ့ကို ငေါက်ခဲ့တာက ကျားချန်းလေ။ ဘာဖြစ်လို့ အဲဒီလူယုတ်မာက လင်းကျင်းရဲ့ အိမ်ကို လာပြီး မီးရှို့ရတာလဲ။
လင်းကျင်းအနေဖြင့် ကိစ္စမှာ ထိုမျှမရိုးရှင်းကြောင်း ခံစားမိလိုက်၏။
ဆိုးဆိုးရွားရွား ပြောရမည်ဆိုလျှင်တော့ ဤအရာမှာ လူသတ်ရန် ကြိုးစားမှုပင် ဖြစ်၏။ သူသည် အချိန်မီ သိလိုက်သဖြင့် ကံကောင်းခဲ့သော်လည်း၊ အကယ်၍ တခြားသူသာဆိုလျှင်ရော။ ပစ်မှတ်ထားသူကသာ အိပ်ပျော်နေလျှင် သူတို့မှာ မီးလောင်ပြီး သေသွားနိုင်သလို၊ မီးခိုးများကြောင့် အသက်ရှူကျပ်ကာ သေသွားနိုင်ပေသည်။
သူက ဒီအဆင့်အထိတောင် လုပ်ရဲတာလား။
လင်းကျင်းက လူမိုက်များကို ထပ်မံ ဖိအားပေး မေးမြန်းသော်လည်း သူတို့ ဘာမှ မသိတော့ပေ။ ရုတ်တရက် သူတို့ထဲမှ တစ်ဦးက တစ်ခုခုကို သတိရသွားကာ ပြောလိုက်၏။ “လူကြီးမင်း... ကျွန်တော်တို့ မှားသွားပါပြီ... အဲဒီ ဝူဆိုတဲ့လူက သားရဲခြံကို အဓိကထားပြီး ရှို့ရမယ်လို့ မှာခဲ့တာကို ကျွန်တော် မှတ်မိတယ်”
သားရဲခြံကို မီးရှို့ခိုင်းတာလား။
ဝုန်းကနဲ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လင်းကျင်း ခေါင်းထဲတွင် လင်းခနဲ ဖြစ်သွား၏။
သူ ချက်ချင်း နားလည်သွားတော့သည်။
ဝူချန်းဝေ၏ ပစ်မှတ်မှာ သူ မဟုတ်ဘဲ သမင် ဖြစ်နေခြင်းပင်။
ဘာဖြစ်လို့ ဒီလူက သမင်ကို သေအောင် သတ်ချင်နေရတာလဲ။
ယနေ့ ဖြစ်ရပ်ကို အာဏာပိုင်များထံ အကြောင်းကြားနိုင်ပေသည်၊ အကြောင်းမှာ မီးရှို့မှုသည် သေးငယ်သော ပြစ်မှု မဟုတ်သောကြောင့်ပင်။ ထိုလူမိုက်များကို ထောင်ထဲသို့ ပို့ရန် လုံလောက်ပေသည်။ ထို့အပြင် နောက်ကွယ်က ကြိုးကိုင်သူကို အရေးယူနိုင်မလား ဆိုသည်မှာတော့ အစိုးရ၏ ရိုးသားမှုအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
လင်းကျင်း အာဏာပိုင်များကို ခေါ်လိုက်ပြီး လူမိုက်များကို အပ်နှံလိုက်၏။
ထိုစဉ်မှာပင် အာဏာပိုင်များသည် ထိုလူမိုက်များ၏ ဒဏ်ရာများကို ကြည့်ကာ ထိတ်လန့်သွားကြရ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့ ကံမကောင်းပါက မိုးလင်းသည်အထိ အသက်ရှင်နိုင်ကြမည် မဟုတ်ပေ။
သို့သော်လည်း လင်းကျင်းမှာ အတော်လေး ဂုဏ်သိက္ခာရှိသော သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်ကြောင်း အာဏာပိုင်များက သိထားသဖြင့်၊ သူ့ကို ပြဿနာ မရှာရဲကြပေ။ အခြေအနေကို ရှင်းပြပြီးနောက်၊ သူတို့သည် တရားခံများကို ဖမ်းဆီးကာ ဆေးခန်းသို့ အမြန် ခေါ်ဆောင်သွားကြတော့၏။ ထပ်ပြီး ကြာနေဦးမည်ဆိုလျှင် ထိုလူမိုက်များမှာ သေသွားနိုင်ပေသည်။
လင်းကျင်းကတော့ အစိုးရက သူ့အတွက် ‘တရားမျှတမှု’ ဖော်ဆောင်ပေးသည်ကို စောင့်နေမည် မဟုတ်ပေ။ လိုအပ်လျှင် သူကိုယ်တိုင် အရေးယူမည် ဖြစ်၏။
အပြင်ဘက်တွင် တဖြည်းဖြည်း လင်းလာပြီ ဖြစ်သဖြင့် အိပ်စက်ရန် မဖြစ်နိုင်တော့ပေ။ လင်းကျင်းသည် သမင်ကို ခေါ်ဆောင်ကာ ရှီအိမ်တော်သို့ ထွက်လာခဲ့တော့၏။
ဝူချန်းဝေသည် သားမက်အဖြစ် နေထိုင်သူ ဖြစ်သဖြင့် သူ့ကို ထိုနေရာတွင် သေချာပေါက် တွေ့နိုင်ပေသည်။
သူက သမင်ကို သတ်ချင်နေတာ မဟုတ်လား။
ကောင်းပြီလေ... လင်းကျင်းက အဲဒီသမင်ကိုပဲ သူ့ဆီ ခေါ်သွားပြီး သူ့ကို အံ့ဩစရာတစ်ခု ပေးလိုက်ရုံပေါ့။