အခန်း (၁၅၇-၁၅၈)
Vol. 8 Ch. 157-158
အခန်း (၁၅၇) - ရှီဝမ်ကျွင်း
ရှီမိသားစု၏ ဩဇာအာဏာမှာ ယခင်ကထက် ကျဆင်းသွားသည်ဆိုသော်လည်း၊ သူတို့၏ ကြီးမားလှသော အိမ်တော်ကြီးမှာတော့ တစ်ချိန်က သူတို့ မည်မျှပင် ဘုန်းမီးနေလ တောက်ပခဲ့သည်ကို သက်သေပြနေဆဲ ဖြစ်ပေသည်။
ခြံဝင်းမှာ ကျယ်ဝန်းလှသလို၊ အိမ်တော်တံခါးကြီးမှာလည်း ခန့်ညားထည်ဝါလှ၏။
အိမ်ရှေ့ဝင်ပေါက်တွင် တိုင်လေးတိုင်နှင့် တံခါးမကြီး သုံးခု ရှိပေသည်။ ၎င်းမှာ မြင်ရသူတိုင်းကို အထင်ကြီးစေသော မြင်ကွင်းတစ်ခုပင်။
မနက်စောစောအချိန်တွင် လင်းကျင်းသည် သမင်ကို ခေါ်ဆောင်ကာ အိမ်တော်ရှေ့သို့ ရောက်လာခဲ့၏။ ထိုစဉ် ရှီမိသားစုမှ အစေခံများမှာ အိမ်ရှေ့ဝင်ပေါက်ကို တံမြက်လှည်း သန့်ရှင်းရေး လုပ်နေကြသည်ကို သူ တွေ့လိုက်ရသည်။
“လူကြီးမင်း... ဘယ်သူနဲ့ တွေ့ချင်လို့လဲ”
လင်းကျင်း တံခါးဝတွင် ရပ်နေသည်ကို မြင်သောအခါ အစေခံတစ်ဦးက လာရောက် မေးမြန်းလိုက်၏။
လင်းကျင်း ပြုံးလိုက်ရင်း။
“ကျုပ် ဝူချန်းဝေနဲ့ တွေ့ချင်လို့ပါ” ဟု ပြန်ဖြေလိုက်၏။
“ဩော်... သခင်လေးနဲ့ တွေ့ချင်တာလား... ကျွန်တော် သွားသတင်းပို့ပေးဖို့ လူကြီးမင်းရဲ့ နာမည်လေး ပြောပေးပါဦး”
ရှီမိသားစုမှ အစေခံမှာ အတော်လေး ယဉ်ကျေးပျူငှာလှပေသည်။
လင်းကျင်း သူ၏ အမည်ကို ပြောလိုက်ပြီးနောက် အစေခံမှာ သတင်းပို့ရန် အထဲသို့ ဝင်သွားတော့၏။
လင်းကျင်းသည် ဝူချန်းဝေနှင့် တွေ့ရန် တမင်တကာ တောင်းဆိုလိုက်ခြင်း ဖြစ်၏။ သူ ပေါ်လာသည်ကို မြင်လျှင် ထိုလူ မည်သို့ တုံ့ပြန်မည်ကို သူ သိချင်နေခြင်းကြောင့် ဖြစ်ပေသည်။
ခဏမျှ စောင့်ပြီးနောက်တွင်တော့ လင်းကျင်းသည် အထဲမှ အပြေးအလွှား လာနေသော ခြေသံများကို ကြားလိုက်ရ၏။ ထို့နောက် တုတ်ကိုယ်စီ ကိုင်ထားသော အစေခံ ဆယ်ယောက်ကျော်မှာ အပြင်သို့ ပြေးထွက်လာကြတော့သည်။ ထို့အပြင် သူတို့သည် အမည်းရောင် ခွေးကြီး ရှစ်ကောင်ကိုလည်း ခေါ်လာခဲ့ကြပြီး၊ ထိုခွေးများမှာ လင်းကျင်းကို ကြည့်ကာ ဒေါသတကြီး ဟောင်နေကြတော့၏။
မျိုးရိုးကြီး မိသားစုများမှာ ခွေးနက်များကို သားရဲများအဖြစ် မွေးမြူလေ့ရှိကြသည်။ အကြောင်းမှာ ၎င်းတို့မှာ ဈေးသက်သာသလို နယ်မြေစောင့်ရန်လည်း အလွန်တော်သောကြောင့် ဖြစ်ပေသည်။ သူခိုးများနှင့် ဓားပြများကို နှိမ်နင်းရန်အတွက် ခွေးနက်အချို့ ရှိနေလျှင်ပင် လုံလောက်လှပေသည်။
“ခွေးတွေကို လွှတ်လိုက်စမ်း'
အတွင်းဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
ထိုအသံမှာ ဝူချန်းဝေ၏ အသံမှန်း သိသာလှပေသည်။
အစေခံများက ခွေးများကို ချက်ချင်း လွှတ်ပေးလိုက်သော်လည်း၊ မယုံနိုင်စရာ ကောင်းသော ကိစ္စတစ်ခု ဖြစ်ပျက်သွားတော့၏။ ထိုခွေးနက် ရှစ်ကောင်စလုံးမှာ လင်းကျင်းကို မြင်သည်နှင့် အမြီးကုတ်ကာ နောက်သို့ ပြန်ဆုတ်သွားကြပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားကြတော့၏။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် အစေခံများမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတော့သည်။
တံခါးနောက်ကွယ်တွင် ပုန်းနေသော ဝူချန်းဝေမှာလည်း ဤကိစ္စကြောင့် အံ့ဩသွားရ၏။ သူ အပြင်သို့ ထွက်လာကာ လင်းကျင်းကို ဒေါသတကြီး ကြည့်လိုက်ချိန်တွင်မှ၊ လင်းကျင်း၏ နောက်ကွယ်ရှိ သမင်ကို သတိပြုမိသွားတော့၏။
ထိုသနားစဖွယ် သမင်ကြီးမှာ ပတ်တီးများဖြင့် စည်းနှောင်ထားသော်လည်း၊ လင်းကျင်း၏ ကုသမှုကြောင့် ယခုအခါ လမ်းလျှောက်နိုင်နေပြီ ဖြစ်၏။
ဝူချန်းဝေ၏ ချောမောသော မျက်နှာတွင် ရက်စက်သော အမူအရာတစ်ခု ပေါ်လာကာ။
“ဒီလူက ပြဿနာလာရှာတာပဲ... မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ၊ သူ့ကို မောင်းထုတ်လိုက်ကြစမ်း”
သခင်၏ အမိန့်ကို ရသည်နှင့် အစေခံများမှာ လင်းကျင်းကို တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
ထိုစဉ် လင်းကျင်းက ရုတ်တရက် ပြောလိုက်၏။
“ခင်ဗျား ငှားလိုက်တဲ့ လူမိုက်တွေကို ကျုပ် အာဏာပိုင်တွေဆီ အပ်လိုက်ပြီ... သူတို့က ခင်ဗျားကို သေချာပေါက် ဖော်ကောင်လုပ်ကြမှာပဲ... မီးရှို့ဖို့ လူငှားတာက တော်တော်လေး ကြီးလေးတဲ့ ပြစ်မှုဆိုတာ ခင်ဗျား မသိဘူးလား”
ဝူချန်းဝေ၏ မျက်နှာမှာ ပျက်သွားသော်လည်း၊ တည်ငြိမ်အောင် ဟန်ဆောင်ကာ။
“မင်း ဘာတွေ ပြောနေတာလဲ ငါမသိဘူး... ဒါက ရှီအိမ်တော်ပဲ၊ မင်း သဘောရှိ လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး... ထွက်သွားစမ်း”
လင်းကျင်းကတော့ ဤလူကို ဂရုမစိုက်ပေ။ သူသည် သားရဲတွေကိုတောင် မကြောက်တာ၊ သာမန် အစေခံတွေကို ဘာလို့ ကြောက်ရမှာလဲ။
လင်းကျင်းက သမင်ကို ပွတ်သပ်ပေးလိုက်ရင်း။ “ဒီလူကို မှတ်မိသေးလား” ဟု မေးလိုက်၏။
သမင်သည် ဝူချန်းဝေကို မြင်သောအခါ တိုးတိုးလေး ညည်းတွားလိုက်၏။ ၎င်း၏ အသံထဲတွင် ဝမ်းနည်းမှုများ ပါဝင်နေသည်မှာ သိသာလှပေသည်။
“ဒါ... ဒါက သခင်လေးရဲ့ သားရဲ မဟုတ်လား... ဘာဖြစ်လို့ ဒဏ်ရာတွေ ဒီလောက် ရနေရတာလဲ”
“မဖြစ်နိုင်တာ... သခင်လေးက ဒီသားရဲက တောရဲတိရစ္ဆာန်တွေ ကိုက်လို့ သေသွားပြီလို့ ပြောခဲ့တာ မဟုတ်လား... ဘာလို့ အသက်ရှင်နေရတာလဲ”
ရှီမိသားစုမှ အစေခံများမှာ အချင်းချင်း တီးတိုး ပြောဆိုလာကြတော့၏။
ဝူချန်းဝေမှာတော့ မျက်နှာကြီး နီမြန်းကာ ဒေါသထွက်နေတော့သည်။
ထိုစဉ် အိမ်တော်ထိန်း ဝတ်စုံ ဝတ်ထားသော အဖိုးကြီး တစ်ဦးသည် အိမ်ထဲမှ ထွက်လာခဲ့၏။ သူသည် လင်းကျင်းကို လက်ယှက်၍ နှုတ်ဆက်ကာ။
“အကဲဖြတ်မှူးလင်း... ကျုပ် အိမ်တော်သခင်မက လူကြီးမင်းကို အထဲမှာ စကားပြောဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု ပြောလိုက်၏။
ဝူချန်းဝေသည် အိမ်တော်ထိန်းကို လှည့်ကြည့်လိုက်ရာ၊ သူ၏ မျက်နှာမှာ ဖြူဖျော့သွားတော့၏။ အိမ်တော်ထိန်းက ဝူချန်းဝေကို ကြည့်ကာ။ “သခင်လေး... သခင်မက သခင်လေးကိုလည်း ခေါ်ခိုင်းလိုက်ပါတယ်” ဟု ပြောလိုက်ပြန်၏။
ဝူချန်းဝေသည် အိမ်တော်ထိန်းကို ဒေါသတကြီး ကြည့်လိုက်ပြီးနောက်၊ သူ၏ လက်စွပ်ကို ခါကာ ထွက်သွားတော့၏။ သို့သော် သူ၏ အမူအရာမှာ သိသိသာသာ ပျာယာခတ်နေပေသည်။
လင်းကျင်းက သမင်ကို ပုတ်လိုက်ပြီး သူ့နောက်မှ လိုက်ခဲ့ရန် အချက်ပြလိုက်၏။
အမှန်အတိုင်း ပြောရလျှင် လင်းကျင်းသည် ဝူချန်းဝေက သမင်ကို နှိပ်စက်ခဲ့သည်ကို ဖွင့်ချရန် အစီအစဉ် မရှိခဲ့ပေ။ သို့သော် ထိုလူက သူ၏ အိမ်ကို မီးရှို့ရန် လူလွှတ်ခဲ့သဖြင့်၊ လင်းကျင်းအနေဖြင့်လည်း ဤအတိုင်း လွှတ်ထားရန် အစီအစဉ် မရှိတော့ပေ။
ရှီအိမ်တော်၏ အတွင်းပိုင်းမှာ တကယ့်ကို ခမ်းနားလှပေသည်။ အိမ်ကြီးများမှာ ကြီးမားလှသလို၊ ဘေးတွင်လည်း ကျယ်ဝန်းသော ပန်းခြံများ ရှိနေ၏။ ဇူအိမ်တော်သို့ ရောက်ဖူးသဖြင့် နှိုင်းယှဉ်ကြည့်လျှင် ရှီမိသားစုမှာ ပိုမို နက်နဲသော နောက်ခံအင်အား ရှိကြောင်း လင်းကျင်း သတိပြုမိလိုက်၏။
ခန်းမဆောင်ကြီး၏ ဝင်ပေါက်တွင် အမျိုးသမီးတစ်ဦး ရပ်နေ၏။
သူမသည် ဝူချန်းဝေနှင့် အသက်အရွယ် တူပုံရသော်လည်း၊ သူမ၏ လှပသော မျက်နှာတွင် ခက်ထန်သော အမူအရာ ရှိနေ၏။ သူမကို ‘ရေခဲဘုရင်မ’ ဟု တင်စားလျှင်ပင် လွန်မည် မဟုတ်ပေ။
သေချာပါသည်၊ သူမမှာ ရှီမိသားစု၏ လက်ရှိ အိမ်တော်သခင်မ ရှီဝမ်ကျွင်းပင် ဖြစ်ရပေမည်။
ဝူချန်းဝေသည် လှေကားခြေရင်းတွင် ခေါင်းငုံ့ကာ ရပ်နေပြီး စကားတစ်ခွန်းမှ မဟပေ။
စောစောက သူ ပြသခဲ့သော မောက်မာသည့် အငွေ့အသက်များမှာ ပျောက်ကွယ်နေပြီ ဖြစ်၏။
သားမက်အဖြစ် နေထိုင်ရသူ တစ်ဦးအနေဖြင့်၊ အိမ်တွင် နှိမ်ချခံရပြီး ဖိနှိပ်ခံထားရသည်မှာ ကြာပြီဖြစ်ရာ၊ ဝူချန်းဝေသည် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သူ တစ်ဦး ဖြစ်သွားပုံရသည်ဟု လင်းကျင်းက ခန့်မှန်းလိုက်မိ၏။
ရှီဝမ်ကျွင်းသည် အိမ်တော်သခင်မ တစ်ဦး၏ အမူအရာအတိုင်း လှေကားပေါ်မှ ဆင်းလာကာ လင်းကျင်းကို ကြိုဆိုလိုက်၏။
“သားရဲအကဲဖြတ်မှူး အသင်းချုပ်မှာ ပညာရှင်တွေ အများကြီး ရှိတယ်လို့ ကျွန်မ ကြားထားပါတယ်... အဲဒီထဲမှာမှ အကဲဖြတ်မှူးလင်းက အထူးချွန်ဆုံးလို့ သိထားတာပါ... ကျွန်မလည်း လူကြီးမင်းနဲ့ တွေ့ချင်နေတာ၊ ဒီနေ့တော့ ကျွန်မရဲ့ ဆန္ဒ ပြည့်ဝသွားပြီပဲ”
ရှီဝမ်ကျွင်းက ခပ်ပါးပါး ပြုံးလိုက်၏။ သူမ၏ အသံမှာ ပျော့ပြောင်းလွန်းခြင်း မရှိသလို၊ အမျိုးသားတစ်ယောက်ကဲ့သို့ ခက်ထန်လွန်းခြင်းလည်း မရှိပေ။
ထို့အပြင် သူမ၏ စကားပြောပုံမှာလည်း လင်းကျင်းအပေါ် ကောင်းမွန်သော အထင်အမြင်ကို ဖြစ်ပေါ်စေခဲ့၏။
သို့သော် လင်းကျင်းမှာတော့ ထိုသို့သော အရာများကို ဂရုမစိုက်ပေ။ သူသည် ဝူချန်းဝေကြောင့် ပြဿနာလာရှာခြင်း ဖြစ်ရာ၊ ရှီမိသားစုနှင့် အဆင်မပြေဖြစ်ရန် သေချာနေပြီ ဖြစ်သဖြင့် အပိုတွေ လုပ်နေရန် မလိုပေ။
ထို့ကြောင့် လင်းကျင်းက တည့်တည့်ပင် ပြောလိုက်၏။
“အိမ်တော်သခင်မရှီ... ကျုပ် ဒီကို လာတာက တိုင်တန်းစရာ တစ်ခု ရှိလို့ပါ”
ရိုးရှင်းပြီး လိုရင်းတိုရှင်းပင် ဖြစ်၏။
ရှီဝမ်ကျွင်းသည် အမူအရာ မပျက်ဘဲ အစေခံများကို လက်ကာပြလိုက်ကာ။
“မင်းတို့ သွားကြတော့”
ရှီဝမ်ကျွင်းမှာ ဤနေရာတွင် လုံးဝ အာဏာရှိသူ ဖြစ်ကြောင်း သိသာလှ၏။ သူမ၏ အမိန့်ကို ရသည်နှင့် အစေခံများမှာ အလျင်အမြန် ထွက်သွားကြပြီး၊ ခြံထဲတွင် ရှီဝမ်ကျွင်း၊ ဝူချန်းဝေနှင့် လင်းကျင်းတို့ သုံးဦးသာ ကျန်ရစ်တော့၏။
ဝူချန်းဝေမှာလည်း ထွက်သွားချင်သော်လည်း၊ ရှီဝမ်ကျွင်းက သူ့ကို တားလိုက်၏။
“ယောင်္ကျား... ဒါက ရှင်နဲ့ ပတ်သက်တဲ့ ကိစ္စပဲလေ၊ ဒီအတိုင်း ထွက်သွားလို့ မရဘူး မဟုတ်လား”
ဝူချန်းဝေမှာ အံကြိတ်ကာ ထိုနေရာတွင်ပင် ဆက်ရပ်နေခဲ့ရ၏။
“အကဲဖြတ်မှူးလင်း... အထဲမှာ ထိုင်ပြီး စကားပြောကြရအောင်”
ပြောပြီးနောက် ရှီဝမ်ကျွင်းက လင်းကျင်းကို အထဲသို့ ဖိတ်ခေါ်လိုက်၏။
ဧည့်ခန်းမဆောင်အတွင်းသို့ ရောက်သောအခါ။
လင်းကျင်းက ဝူချန်းဝေကို လက်ညှိုးထိုးကာ တည့်တည့်ပင် ပြောလိုက်၏။
“ခင်ဗျားရဲ့ ခင်ပွန်းက လူမိုက်တွေကို ငှားပြီး ကျုပ်အိမ်ကို သန်းခေါင်ယံမှာ မီးရှို့ခိုင်းခဲ့တယ်... အကယ်၍ ကျုပ်တာ မသိလိုက်ရင်၊ ကျုပ်အိမ်တင်မကဘဲ ကျုပ်ရဲ့ အသက်ပါ ဆုံးရှုံးသွားနိုင်တယ်”
ထိုစကားကြောင့် ရှီဝမ်ကျွင်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဝူချန်းဝေကို လှည့်ကြည့်လိုက်၏။ ဝူချန်းဝေသည် ငြင်းချင်သော်လည်း၊ လူမိုက်များကို ဖမ်းမိထားပြီဟု လင်းကျင်း ပြောခဲ့သဖြင့် ငြင်းနေလျှင်လည်း အလကား ဖြစ်မည်ကို သူ သိထား၏။
ထို့ကြောင့် ဝူချန်းဝေမှာ ငြိမ်နေတော့သည်။
သူသည် အတော်လေး စိတ်မသက်မသာ ဖြစ်နေပုံရ၏။
“ယောင်္ကျား... အကဲဖြတ်မှူးလင်း ပြောတာ တကယ်ပဲလား”
ရှီဝမ်ကျွင်းက မေးလိုက်၏။ ဝူချန်းဝေက စိတ်မရှည်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။
ရှီဝမ်ကျွင်း၏ မျက်နှာမှာ ပိုမို ခက်ထန်သွားကာ။
“ယောင်္ကျား... ဒါက လူ့အသက်နဲ့ ဆိုင်တဲ့ ကိစ္စပဲလေ... ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဆိုးရွားတဲ့ အလုပ်မျိုးကို လုပ်ရတာလဲ... ကံကောင်းလို့ အကဲဖြတ်မှူးလင်း ဘာမှ မဖြစ်တာ၊ မဟုတ်ရင် ရှင်က လူသတ်သမား ဖြစ်သွားနိုင်တယ်”
သူမသည် သူ့ကို အပြစ်တင်နေခြင်း ဖြစ်သော်လည်း၊ သူမ၏ အသံထဲတွင်တော့ သူမ၏ ခင်ပွန်းဘက်က ပါနေသည်မှာ သိသာလှပေသည်။
ရှီဝမ်ကျွင်း ဒေါသထွက်နေသည်ကို မြင်သောအခါ ဝူချန်းဝေမှာ ကြောက်လန့်နေပုံရ၏။ သူသည် ဘာမှ မပြောဘဲ ငြိမ်နေတော့သည်။
သေချာပါသည်၊ ဤမိသားစုတွင် ရှီဝမ်ကျွင်း၏ စကားကသာ အရာရောက်ခြင်း ဖြစ်ပေသည်။
ထို့အပြင် လင်းကျင်း သတိပြုမိလိုက်သော ရယ်စရာကောင်းသည့် အချက်တစ်ခုမှာ၊ တစ်ချိန်လုံး ရှီဝမ်ကျွင်းသာ စကားပြောနေပြီး ဝူချန်းဝေမှာတော့ စကားတစ်ခွန်းမှ မဟခြင်းပင် ဖြစ်၏။
“အကဲဖြတ်မှူးလင်း... ကျွန်မရဲ့ ခင်ပွန်းက မှားသွားတဲ့အတွက် သူ့ကိုယ်စား ကျွန်မကပဲ တောင်းပန်ပါတယ်... လူကြီးမင်းရဲ့ အိမ်ကို ထိခိုက်ခဲ့တာတွေအတွက် ဆယ်ဆ ပြန်လျော်ပေးဖို့ ကျွန်မ အဆင်သင့်ပါပဲ... ဒါက သူ့ရဲ့ အမှားတွေကို ဖုံးကွယ်ဖို့ လုပ်တာ မဟုတ်ပါဘူး၊ မကြာခင်မှာ သူ့ကို အာဏာပိုင်တွေဆီ ခေါ်သွားပြီး အကျိုးအကြောင်း ရှင်းပြခိုင်းပါမယ်... အကယ်၍ သူ ထောင်ကျရမယ်ဆိုရင်လည်း ကျရမှာပဲ၊ သူက အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်... ရှီမိသားစုကတော့ ဒီကိစ္စမှာ ဘက်မလိုက်ဘဲ လုပ်ဆောင်မှာပါ၊ စိတ်ချပါ”
ရှီဝမ်ကျွင်း၏ အဖြေမှာ လုံးဝ ပြစ်ချက်မရှိပေ။
ဤအမျိုးသမီးမှာ သာမန်လူ မဟုတ်ပေ။
သူမသည် ရှီမိသားစုကို ဦးဆောင်နိုင်ခြင်းမှာ မဆန်းတော့ပေ။ သူမသည် အလွန်ပင် ပါးနပ်သလို၊ အမျိုးသားတစ်ဦးနှင့် စကားပြောရာတွင်ပင် သူမ၏ ဩဇာအာဏာကို ပြသနိုင်စွမ်း ရှိပေသည်။
သာမန်အားဖြင့်ဆိုလျှင်တော့ လင်းကျင်းအနေဖြင့် ဤမျှနှင့် ကျေနပ်ရပေလိမ့်မည်။ သူမသည် တောင်းပန်ခဲ့သလို၊ လျော်ကြေးလည်း ပေးမည်ဟု ဆိုခဲ့၏၊ ထို့အပြင် အမှားကိုလည်း ဝန်ခံခဲ့သည်။ သူ ဘာထပ်တောင်းဆိုဦးမှာလဲ။ သူသည် ဤနေရာသို့ ဒေါသတကြီး လာခဲ့သော်လည်း၊ ယခုအခါ လေထဲသို့ လက်သီးဖြင့် ထိုးလိုက်ရသကဲ့သို့ ခံစားနေရ၏။ သူ၏ ရည်ရွယ်ချက် အောင်မြင်သွားသော်လည်း သူ၏ စိတ်ထဲတွင်တော့ အားမရ ဖြစ်နေသေး၏။
လင်းကျင်း ပြန်ရန် ပြင်လိုက်တော့သည်။
သူ၏ ရည်ရွယ်ချက် ပြည့်ဝသွားပြီ ဖြစ်သဖြင့် ဆက်နေရန် မလိုတော့ပေ။
လင်းကျင်း အပြင်သို့ ထွက်လာချိန်တွင် ရှီဝမ်ကျွင်းက တံခါးအထိ လိုက်လံ ပို့ဆောင်ပေးခဲ့၏။ ထိုစဉ်မှာပင် ရှီဝမ်ကျွင်းသည် အပြင်တွင် စောင့်နေသော သမင်ကြီးကို သတိပြုမိသွားတော့၏။
သူမ အံ့ဩသွားရ၏။
စောစောက သူမ ဒါကို သတိမထားမိခဲ့ပေ။
သို့သော် အနားသို့ တိုးကြည့်လိုက်သောအခါ သူမ၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့၏။
“အကဲဖြတ်မှူးလင်း... ခဏ စောင့်ပါဦး"
ရှီဝမ်ကျွင်း၏ အသံမှာ စောစောကကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ပေ။
လင်းကျင်းသည် ဂုဏ်သရေရှိသော ဤအိမ်တော်သခင်မကို လှည့်ကြည့်လိုက်ရာ၊ သူမသည် သူ့ထံသို့ အပြေးအလွှား လာနေသည်ကို တွေ့လိုက်ရ၏။ သူတို့၏ နောက်တွင် ရှိနေသော ဝူချန်းဝေ၏ မျက်နှာမှာတော့ ဖြူပြာသွားတော့သည်။
ရှီဝမ်ကျွင်းသည် သမင်ကို စိုက်ကြည့်နေပြီး၊ အနားသို့ ရောက်သောအခါ သေချာ စစ်ဆေးနေတော့၏။
နောက်ဆုံးတွင် သူမက ခေါ်လိုက်သည်မှာ။
“တိုအာ”
သမင်သည် ချက်ချင်းပင် ရှေ့သို့ တိုးသွားကာ ၎င်း၏ ခေါင်းဖြင့် ရှီဝမ်ကျွင်း၏ လက်ဖဝါးကို ပွတ်သပ်လိုက်တော့၏။ ရှီဝမ်ကျွင်း၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာတော့သည်။
“တိုအာ... မင်းက တောရဲတိရစ္ဆာန်တွေ တိုက်ခိုက်လို့ သေသွားပြီ မဟုတ်ဘူးလား... မင်း... မင်း အသက်ရှင်နေတာလား” သူမ၏ ပါးနပ်မှုနှင့်အတူ ရှီဝမ်ကျွင်းသည် ကိစ္စမှာ တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။
သူမသည် ဝူချန်းဝေဘက်သို့ လှည့်ကြည့်လိုက်သော်လည်း၊ ဝူချန်းဝေမှာတော့ သူမကို မကြည့်ရဲဘဲ မျက်နှာကို လွှဲထားတော့၏။
ဤအကွာအဝေးမှနေ၍ ရှီဝမ်ကျွင်း၏ လက်ချောင်းများ တုန်ရီနေသည်ကို လင်းကျင်း မြင်နေရ၏။ ဤသမင်မှာ ရှီဝမ်ကျွင်းနှင့် အလွန်ပင် ရင်းနှီးသော ဆက်ဆံရေး ရှိရပေမည်၊ မဟုတ်လျှင် သူမ ဤမျှအထိ တုံ့ပြန်မည် မဟုတ်ပေ။ ဝူချန်းဝေသည် သမင်ကို နှိပ်စက်ပြီးနောက်၊ ၎င်း သေသွားပြီဟု ထင်ကာ ရှီဝမ်ကျွင်းကို လိမ်ညာခဲ့ခြင်း ဖြစ်ရပေမည်။
မဟုတ်လျှင် ရှီဝမ်ကျွင်းက ဤကဲ့သို့ ဖြစ်နေမည် မဟုတ်ပေ။
သမင်၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် ကျိုးပဲ့နေသော ဦးချိုများကို ကိုင်ကြည့်နေရင်း ရှီဝမ်ကျွင်း၏ အမူအရာမှာ ခဏခဏ ပြောင်းလဲနေတော့၏။ ရုတ်တရက် သူမက ပြောလိုက်သည်မှာ။
“တစ်ချိန်လုံး ကျွန်မ ဒါကို ထူးဆန်းနေခဲ့တာ... ရှင် လုပ်ခဲ့တဲ့ အလုပ်တွေက ဆိုးရွားခဲ့ပေမဲ့၊ လူ့အသက်ကို သတ်တဲ့အထိတော့ ရှင် မလုပ်ဖူးပါဘူး.... အခုတော့ ကျွန်မ နားလည်သွားပြီ... ရှင်က အိမ်ကို မီးရှို့ခိုင်းတာက တိုအာကို သေအောင် သတ်ချင်လို့ မဟုတ်လား”
ဝူချန်းဝေမှာ ဘာမှ မပြောရဲဘဲ သူမကို မကြည့်ရဲ ဖြစ်နေတော့၏။
ထို့နောက် ရှီဝမ်ကျွင်းသည် လင်းကျင်းကို ဦးညွှတ်ကာ။ “အကဲဖြတ်မှူးလင်း... လူကြီးမင်း တိုအာကို ဘယ်လို ကယ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပြပေးနိုင်မလား”
တိုအာဆိုသည်မှာ ဤသမင်ကို ဆိုလိုခြင်း ဖြစ်ပေသည်။
လင်းကျင်းအနေဖြင့် ဖုံးကွယ်ထားရန် အကြောင်းမရှိသဖြင့်၊ လွန်ခဲ့သော နှစ်ရက်က ဤသမင်ကို တွေ့ခဲ့ပုံနှင့် သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ ပို့ဆောင်ကာ ကုသပေးခဲ့ပုံများကို ရှင်းပြလိုက်၏။
ရှီဝမ်ကျွင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း နောက်ထပ် တစ်ကြိမ် ဦးညွှတ်လိုက်ပြန်၏။
“တကယ်လို့ အကဲဖြတ်မှူးလင်းရဲ့ ထူးခြားတဲ့ ကုသမှုသာ မရှိရင်၊ တိုအာက အသက်ရှင်နိုင်မှာ မဟုတ်ဘူး... စောစောက ကျွန်မ အရှက်ရစရာတွေ ပြမိခဲ့ပါတယ်... အကဲဖြတ်မှူးလင်း စိတ်ထဲ မထားပါနဲ့... ကျွန်မ ငယ်ငယ်လေးကတည်းက တိုအာက ကျွန်မရဲ့ ဘေးမှာ ရှိနေခဲ့တာမို့လို့၊ သံယောဇဉ် အရမ်းကြီးနေလို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်သွားတာပါ”
လင်းကျင်းမှာလည်း ထိုအချက်ကြောင့် အံ့ဩသွားရ၏။
ထို့နောက် ရှီဝမ်ကျွင်းက ထပ်ပြောသည်မှာ။
“အကဲဖြတ်မှူးလင်း... ကျွန်မတို့ မိသားစု ကိစ္စလေးကို ဖြေရှင်းစရာ ရှိလို့၊ ခဏလောက် ခွင့်ပြုပေးပါဦး”
ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် ရှီဝမ်ကျွင်းသည် ယဉ်ကျေးမှုကို ထိန်းသိမ်းထားနိုင်သလို၊ မိသားစု ပြဿနာကိုလည်း အပြင်လူ မသိအောင် ဖြေရှင်းလိုပုံရ၏။
မျိုးရိုးကြီး မိသားစုများမှာ သူတို့၏ အရှက်ရစရာ ကိစ္စများကို လူသိမခံနိုင်ကြသဖြင့် တံခါးပိတ် ဖြေရှင်းလိုကြသည် မဟုတ်ပါလား။
သို့သော် ဝူချန်းဝေမှာတော့ သူ၏ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပုံရ၏။ သူသည် ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်ရင်း။
“ရှီဝမ်ကျွင်း... မင်းရဲ့ ဟန်ဆောင်မှုတွေကို ရပ်လိုက်စမ်းပါ... မင်းက လူတွေကို မောင်းထုတ်ပြီးမှ ငါ့ကို အပြစ်တင်မယ်၊ စစ်ဆေးမေးမြန်းမယ်၊ ပြီးတော့ ငါ့ကို နှိမ်ချမယ် မဟုတ်လား... အဲဒီလို လုပ်နေဖို့ မလိုပါဘူး... ငါ အခု ပြောပြမယ်... ငါ တော်တော်လေး စိတ်ကုန်နေပြီ... ဒီတိရစ္ဆာန်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ ငါပဲ... ငါ အဲဒီတုန်းက သေအောင် သတ်ဖို့ ရည်ရွယ်ခဲ့တာပဲ၊ ဒါပေမဲ့ ဒီတိရစ္ဆာန်က ဘာလို့ ဒီလောက်အထိ ကံကောင်းနေရတာလဲ... ငါ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိုးလိုက်တာတောင် သူ အသက်ရှင်နေသေးတယ်။ ပြီးတော့ ဒီလင်းဆိုတဲ့ လူကလည်း သူနဲ့ မဆိုင်တာတွေကို လာစွက်ဖက်နေတာပဲ... အဲဒီနေ့က သူ ဒီတိရစ္ဆာန်ကို အသင်းချုပ်ကနေ ခေါ်ထုတ်လာတာ မြင်ကတည်းက၊ ငါ ဒါကို အပြတ်သတ်ဖို့ ဆုံးဖြတ်ခဲ့တာ... ဒါကြောင့်ပဲ သူ့အိမ်ကို မီးရှို့ဖို့ ငါ လုပ်ခဲ့တာပဲ”
အခန်း (၁၅၈) - ကွာရှင်းခြင်း
“ဘာဖြစ်လို့လဲ”
ရှီဝမ်ကျွင်းက ဒေါသ၊ အံ့ဩမှုနှင့် ဇဝေဇဝါဖြစ်မှုများ ရောပြွမ်းနေသော အသံဖြင့် မေးလိုက်၏။
ဝူချန်းဝေက အေးစက်စွာ ရယ်မောလိုက်ရင်း။
“ဘာဖြစ်လို့လဲ ဟုတ်လား... အကြောင်းရင်းကို မင်း မသိဘူးလား... ရှီဝမ်ကျွင်း... မင်းတို့မိသားစုရဲ့ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုနဲ့ အာဏာကို သုံးပြီး၊ ငါ့မိဘတွေကို ဖိအားပေးပြီး ငါ့ကို ဒီအိမ်ထဲ သားမက်အဖြစ် ဝင်နေခိုင်းခဲ့တာပဲ... ဒါကို ဘာလို့လဲလို့ မင်းက မေးနေသေးတာလား”
သေချာပါသည်၊ ဝူချန်းဝေသည် အရာအားလုံးကို အဆုံးစွန်အထိ တွန်းပို့ကာ အော်ဟစ်ပြောဆိုနေခြင်း ဖြစ်ပေသည်။
“ဒါပေမဲ့ ငါတို့က ရှင့်အပေါ် ကောင်းကောင်း ဆက်ဆံခဲ့တာပဲ မဟုတ်လား”
ရှီဝမ်ကျွင်း စိတ်ထိခိုက်သွားသော မျက်နှာဖြင့်။ “အဲဒီတုန်းက ရှင့်မိဘတွေကိုယ်တိုင်လည်း သဘောတူခဲ့တာပဲလေ”
“ပါးစပ်ပိတ်ထားစမ်း”
သူ၏ အားနည်းချက်ကို အနင်းခံလိုက်ရသကဲ့သို့ ဝူချန်းဝေက ဟိန်းဟောက်လိုက်ကာ။
“ငါ့မိဘတွေအကြောင်း ပြောဖို့ မင်းမှာ အခွင့်အရေး မရှိဘူး... ဒီနှစ်တွေတစ်လျှောက် ရှီအိမ်တော်ထဲ ရောက်လာကတည်းက၊ မင်းတို့ ငါ့ကို သိက္ခာရှိတဲ့ လူတစ်ယောက်လို ဆက်ဆံခဲ့ဖူးလို့လား... ငါ့မိဘတွေဆီ ပြန်တွေ့ချင်တိုင်း မင်းရဲ့ ခွင့်ပြုချက်ကို တောင်းနေရတယ်... ဒီအချက်ကြောင့်ပဲ ငါ့မိဘတွေက ဆွေမျိုးတွေကြားထဲမှာ အရှက်တကွဲ ဖြစ်ခဲ့ရတယ်... သူတို့ရဲ့သားဖြစ်တဲ့ ငါကတော့ ရှက်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး... သူတို့ သေခါနီးအချိန်မှာတောင် လူတွေက သူတို့မှာ သားမရှိဘူးလို့ ပြောကြတယ်၊ ဒါပေမဲ့ ငါရှိတယ်လေ... ငါက သူတို့ရဲ့ သားပဲ”
ဝူချန်းဝေသည် မျက်လုံးများ ပြူးထွက်ကာ ရူးသွပ်နေသူတစ်ဦးကဲ့သို့ ဖြစ်နေတော့၏။
"ရှင့်မိဘတွေ ကိစ္စကတော့ ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ လူဆိုတာ အိုခြင်း သေခြင်း တရားကတော့ ရှိတာပဲလေ... ဒါကို စိတ်ဆန္ဒတစ်ခုတည်းနဲ့ ပြောင်းလဲလို့ မရဘူး” ရှီဝမ်ကျွင်း သက်ပြင်းချလိုက်၏။ ဝူချန်းဝေလည်း အနည်းငယ် တည်ငြိမ်သွားသော်လည်း စိတ်လှုပ်ရှားနေဆဲ ဖြစ်ပေသည်။
“ရှီဝမ်ကျွင်း... မင်း ဘယ်တုန်းက ငါ့ရဲ့ ခံစားချက်ကို ထည့်တွက်ခဲ့လို့လဲ။ အပြင်က လူတိုင်းက ငါ့ကို ‘ဝက်သားမက်’၊ ‘မင်းကျွေးထားတဲ့လူ’ လို့ ခေါ်နေကြတာ... ဒီအိမ်ထဲက အစေခံတချို့တောင် ငါ့ကို မလေးစားကြဘူး... ငါက မင်းတို့မိသားစုရဲ့ ကရုဏာကြောင့် အသက်ဆက်နေရတဲ့ ခွေးတစ်ကောင်လိုပဲ... ဒါကို မင်းရဲ့ မျက်လုံးတွေထဲမှာ ငါ အတိုင်းသား မြင်နေရတယ်၊ ဒါကြောင့် မင်းကို ငါ မုန်းတယ်... မင်းတို့ ရှီမိသားစုကို ငါ မုန်းတယ်”
ဝူချန်းဝေက သူ၏ မကျေနပ်ချက်များကို ဆက်လက် ရင်ဖွင့်နေကာ။
“ပြီးတော့ မင်း ငါ့ကို အတင်းအကျပ် သွေးစာချုပ် ချုပ်ခိုင်းထားတဲ့ ဒီအချည်းနှီးဖြစ်တဲ့ သမင်ကိုလည်း ငါ ရွံရှာနေတာ ကြာပြီ... ဒါကြောင့်ပဲ အခွင့်အရေးရတုန်း သူ့ကို တောထဲ ခေါ်သွားပြီး ဓားနဲ့ထိုး၊ ပုဆိန်နဲ့ ခုတ်ခဲ့တာ... အဲဒီအချိန်မှာမှ ငါ ဝူချန်းဝေဟာ တကယ့် ယောက်ျားတစ်ယောက်လို့ ခံစားလိုက်ရတာ... မင်း ခိုင်းသမျှ အမြဲ လုပ်နေရတဲ့ လူတစ်ယောက် မဟုတ်တော့ဘူးလို့ ခံစားရတယ်... ပြီးတော့ ဒါက မင်းအပေါ် ငါ့ရဲ့ ကလဲ့စားချေမှုပဲ”
ရှီဝမ်ကျွင်း၏ မျက်နှာမှာ ခက်ထန်သွားကာ ဝူချန်းဝေ၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။
ဖြန်း...
ထိုအသံမှာ အတော်လေး ကျယ်လောင်လှပေသည်။
ဝူချန်းဝေက ရှောင်မသွားပေ။
ယင်းအစား သူ၏ အမူအရာမှာ ပိုမို ရက်စက်ကာ ကောက်ကျစ်လာတော့၏။
သူ၏ မျက်နှာထားကို ကြည့်ရင်း ရှီဝမ်ကျွင်းတင်မကဘဲ လင်းကျင်းပင် ထိုလူယုတ်မာကို ပြေးရိုက်ချင်စိတ် ပေါက်သွားရ၏။
ထိုလူက တကယ့်ကို စိတ်ပျက်စရာ ကောင်းလှပေသည်။
“အခုတော့ မင်း ငါ့ကို ရိုက်ပြီပေါ့ ရှီဝမ်ကျွင်း... ကောင်းပြီလေ... ငါ့ကို သေအောင်ပဲ ရိုက်သတ်လိုက်ပါလား... မင်းက ငါ့ကို လူတစ်ယောက်လို မြင်ခဲ့တာမှ မဟုတ်တာ... ဟုတ်သားပဲ... မင်းရဲ့ အဖေကလည်း အမှိုက်ပဲ... အဲဒီတုန်းက ငါ သူ့ဆီမှာ ဆေးဖော်စပ်နည်း သင်ပေးဖို့ နှိမ့်ချပြီး တောင်းဆိုခဲ့ပေမဲ့၊ အဲဒီ အဖိုးကြီး ငါ့ကို ဘာပြောခဲ့လဲ သိလား... ငါ့နာမည်က ဝူ၊ ရှီ မဟုတ်ဘူးတဲ့... ဒါကြောင့် သင်ယူဖို့ မထိုက်တန်ဘူးတဲ့... အဲဒီအချိန်မှာပဲ မင်းတို့ ရှီမိသားစုက ငါ့ကို ဘာအရာမှလို့ မသတ်မှတ်ထားဘူးဆိုတာ ငါ သိလိုက်ရတာ... မင်းတို့က ငါ့ကို သူခိုးတစ်ယောက်လို အမြဲ သံသယ ဝင်နေခဲ့တာ”
“တော်တော့"
လက်သီးကို တင်းတင်းဆုပ်ကာ ရှီဝမ်ကျွင်းက အေးစက်စွာ ပြောလိုက်၏။
“ဝူချန်းဝေ... နင်နဲ့ ငါက လင်မယားတွေပဲ... ငါ့အဖေက နင့်ကို သူ့သားအရင်းလို သဘောထားခဲ့တာ၊ ဒါပေမဲ့ ဆေးဖော်စပ်နည်းကို မိသားစုပြင်ပလူကို မသင်ပေးရဘူးဆိုတာ ငါတို့ ဘိုးဘေးတွေရဲ့ စည်းကမ်းပဲ... နင်တင်မကဘူး၊ ငါ့အမေနဲ့ အဒေါ်တောင် သင်ခွင့်မရှိဘူးဆိုတာ နင် သိတာပဲ... ပြီးတော့ ငါ ရှီဝမ်ကျွင်းဟာ ယောက္ခမတွေအပေါ်မှာ အမြဲ ရိုသေခဲ့တယ်... သူတို့ကို ဘယ်တုန်းကမှ လျစ်လျူမရှုခဲ့သလို ရိုင်းပျတာလည်း မလုပ်ခဲ့ဘူး... ဒါပေမဲ့ အခု နင်က ငါ့အဖေအပေါ် ရိုင်းပျနေပြီ... ငါက သမီးတစ်ယောက်အနေနဲ့ မလိမ္မာဘူးဆိုရင်တောင်၊ နင့်ရဲ့ ဒီလုပ်ရပ်ကိုတော့ ငါ သည်းမခံနိုင်ဘူး... သွားတော့... ရှီအိမ်တော်ကနေ ထွက်သွားလိုက်... ငါ ရှီဝမ်ကျွင်းဟာ နင့်ကို အခုပဲ ကွာရှင်းလိုက်ပြီ... ရှီမိသားစုရဲ့ သားမက် မလုပ်ချင်ဘူးဆိုရင်လည်း မလုပ်နဲ့တော့”
ဝူချန်းဝေက လှောင်ပြုံး ပြုံးလိုက်ပြီး ချက်ချင်း ထွက်သွားတော့၏။
သို့သော် တံခါးဝသို့ ရောက်ချိန်တွင် တစ်ခုခုကို သတိရသွားသကဲ့သို့ နောက်လှည့်ကြည့်ကာ။
“မင်းတို့ ရှီမိသားစုက ငါ ဝူချန်းဝေကို အမြဲ အထင်သေးခဲ့ကြတာ၊ ဒါပေမဲ့ နောက်ဆုံးမှာ မင်းတို့ကို သင်္ချိုင်းထဲ ပို့မယ့်သူက ငါပဲ ဖြစ်လိမ့်မယ်... မယုံဘူးလား... စောင့်ကြည့်လိုက်လေ”
ပြောပြီးသည်နှင့် သူသည် တဟားဟား ရယ်မောကာ ထွက်သွားတော့၏။
ထွက်ပြေးချင်တာလား။
အိမ်မက်မက်နေလိုက်...
လင်းကျင်းက ရှောင်ဟော့ကို ပုတ်လိုက်ရာ၊ ထိုကောင်လေးက ပြေးသွားပြီး ဝူချန်းဝေကို မြေပြင်ပေါ်သို့ ဖိချလိုက်တော့၏။ ထိုလူသည် မှောက်လျက်လဲကျသွားပြီး မျက်နှာတစ်ခုလုံး သွေးချင်းချင်း နီသွားတော့သည်။ သတ္တိမရှိသော ဝူချန်းဝေမှာတော့ ကြောက်လန့်တကြားဖြင့် လက်မလေးတစ်ချောင်းမျှပင် မလှုပ်ရဲတော့ပေ။
ရှီဝမ်ကျွင်းကတော့ သူ့ကို ထပ်ပြီး ဂရုမစိုက်တော့ပေ။
အမှန်အတိုင်း ပြောရလျှင် လင်းကျင်းမှာ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဆဲဆိုနေကြသည်ကို ကြည့်ရင်း အံ့ဩနေမိ၏။ ဒီလို ဖြစ်နေမှတော့ သူတို့ရဲ့ မင်္ဂလာကတိသစ္စာတွေက ဘာအတွက်လဲ။ သူတို့က လင်မယားထက် ရန်သူတွေနဲ့ ပိုတူနေပေသည်။
အထူးသဖြင့် ဝူချန်းဝေပင်။ သူက ရှီဝမ်ကျွင်းကို ကလဲ့စားချေဖို့အတွက်နဲ့ပဲ သမင်ကို နှိပ်စက်ခဲ့တာလား။
အဲဒီလိုဆိုရင်တော့ ထိုလူ၏ အတွေးအခေါ်က တကယ့်ကို ထူးဆန်းလှပေသည်။
အကယ်၍ သူက ဝက်သားမက် ဘဝကို မုန်းပြီး ရှီဝမ်ကျွင်းက အရမ်း ဩဇာပေးလွန်းတယ်လို့ ထင်ရင်၊ သူ ကွာရှင်းပြီး ထွက်သွားလို့ ရတာပဲလေ။ ဒါပေမဲ့ သူက ရှီမိသားစုက ပေးတာတွေကို ခံစားပြီး၊ တခြားနေရာမှာတော့ ပွေရှုပ်နေခဲ့တာပဲ။
ရှီဝမ်ကျွင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းသိမ်းလိုက်၏။ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ရှိနေသော်လည်း အောင့်အည်းထားကာ လင်းကျင်းထံသို့ တိုးလာခဲ့၏။ “အကဲဖြတ်မှူးလင်း... ကျွန်မတို့ အရှက်ရစရာတွေ ပြမိခဲ့ပါပြီ... ဒီဝူချန်းဝေက ဒီနေ့ကစပြီး ကျွန်မတို့ ရှီမိသားစုနဲ့ ဘာမှ မပတ်သက်တော့ပါဘူး... တိုအာရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်လို့၊ အကဲဖြတ်မှူးလင်းပဲ ဆက်ပြီး စောင့်ရှောက်ပေးဖို့ တောင်းဆိုချင်ပါတယ်... ဟုတ်သားပဲ... ဒါလေးကိုလည်း ယူထားပေးပါဦး”
ပြောပြီးနောက် ရှီဝမ်ကျွင်းသည် သူမ၏ ခါးမှ ကျောက်စိမ်းဆွဲပြားကို ဖြုတ်ကာ လင်းကျင်းအား ပေးလိုက်၏။
“လူကြီးမင်းက ကျွန်မတို့ရဲ့ ကျေးဇူးရှင်ပဲ၊ ပြီးတော့ တိုအာကို ကုသဖို့အတွက် ဆေးဖက်ဝင် ပစ္စည်းတွေလည်း လိုအပ်မှာပါ... ဒီဆွဲပြားကို ယူပြီး ရှီမိသားစုရဲ့ ဘယ်ဆေးဆိုင်မှာမဆို ရှင်လိုအပ်တဲ့ ဆေးလုံးတွေ ဒါမှမဟုတ် ဆေးဖက်ဝင် အပင်တွေကို အခမဲ့ ယူနိုင်ပါတယ်”
ဒါက တကယ့် ပစ္စည်းကောင်းပဲ၊ မယူဘဲ နေရင် နှမြောစရာပဲ။
လင်းကျင်းက ဘာမှ အားနာမနေဘဲ လက်လှမ်းယူလိုက်၏။
ရှီဝမ်ကျွင်း၏ အဆိုအရ၊ သူမသည် တိုအာကို လင်းကျင်းထံတွင် ခဏ စောင့်ရှောက်ထားစေချင်ခြင်း ဖြစ်ပေသည်။ လင်းကျင်းကိုယ်တိုင်လည်း သမင်ကို လက်ခံပြီးကတည်းက နှင်ထုတ်ရန် အစီအစဉ် မရှိသဖြင့် ဤတောင်းဆိုမှုမှာ ပြဿနာ မရှိပေ။
ရှောင်ဟော့ ဖိထားသော ဝူချန်းဝေကိုတော့ လင်းကျင်းက အာဏာပိုင်များထံသို့ ပို့ဆောင်ပေးလိုက်၏။
သူ့မှာ ရှီမိသားစု ဆိုတဲ့ နောက်ခံ မရှိတော့မှတော့၊ မီးရှို့ဖို့ လူငှားတဲ့ အမှုနဲ့ သူ့ကို အရေးယူဖို့က မခက်ခဲတော့ပေ။
လူယုတ်မာက သူ ထိုက်တန်တဲ့ အပြစ်ကို ရသွားသလို၊ လင်းကျင်းလည်း အကျိုးအမြတ် တစ်ခု ရလိုက်၏။ အရာအားလုံးက ကောင်းမွန်စွာ ပြီးဆုံးသွားသလိုပင်။
သို့သော်လည်း ကိစ္စများမှာ လင်းကျင်း မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ နေ့လယ်ပိုင်းတွင် ရှီအိမ်တော်မှ အိမ်တော်ထိန်းအိုကြီးသည် သားရဲအကဲဖြတ်မှူး အသင်းချုပ်သို့ ရောက်လာကာ လင်းကျင်းအား လာရောက် တွေ့ဆုံခဲ့၏။
“အကဲဖြတ်မှူးလင်း”
အိမ်တော်ထိန်းအိုကြီးက ဦးညွှတ်နှုတ်ဆက်လိုက်၏။ လင်းကျင်းသည် သူ့ကို ရှီအိမ်တော်၏ အဓိက အိမ်တော်ထိန်းအဖြစ် မှတ်မိနေ၏။ သူ ဘာကြောင့် ရောက်လာသလဲဟု စဉ်းစားနေစဉ်မှာပင်၊ ထိုလူက သတင်းတစ်ခု ပေးလာခဲ့၏။
ဝူချန်းဝေ ပြန်လွတ်လာပြီတဲ့။
လင်းကျင်း ချက်ချင်းပင် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရ၏။ ဒီမနက်တင် ဝူချန်းဝေကို အာဏာပိုင်တွေဆီ ပို့ခဲ့တာ၊ မီးရှို့သူတွေကလည်း သက်သေထွက်ဆိုနိုင်တာမို့လို့ သူ့ကို အနည်းဆုံးတော့ အရေးယူထားရမှာလေ။
မေပယ်မြို့မှာ မီးရှို့မှုက သေးငယ်တဲ့ အမှု မဟုတ်ပါဘူး၊ ဘာဖြစ်လို့ သူက ချက်ချင်း ပြန်လွတ်လာရတာလဲ။
“အကဲဖြတ်မှူးလင်း... အဲဒီ လူမိုက်တွေက မီးရှို့မှုကို ငြင်းဆိုခဲ့ကြတယ်၊ ဒါပေမဲ့ အာဏာပိုင်တွေမှာ သက်သေရှိနေတော့ သူတို့ လိမ်လို့ မရဘူး... ဒါပေမဲ့ သူတို့ အားလုံးက ဝူချန်းဝေကို မသိဘူးလို့ ပြောကြတယ်... တစ်ယောက်ယောက်က သူတို့ကို လာဘ်ထိုးထားတာ သိသာတယ်၊ ပြီးတော့ ဝူချန်းဝေကိုလည်း အာမခံနဲ့ ထုတ်ပေးသွားကြတယ်... ခိုင်လုံတဲ့ သက်သေ မရှိသလို နောက်ကွယ်ကနေ နှောင့်ယှက်သူတွေ ရှိနေတာကြောင့်၊ အာဏာပိုင်တွေက ဝူချန်းဝေကို ချက်ချင်း လွှတ်ပေးလိုက်တာပါ”
အိမ်တော်ထိန်းအိုကြီး၏ စကားကို ကြားသောအခါ လင်းကျင်း ထူးဆန်းသွားရ၏။
ဝူချန်းဝေမှာ အခု ဘာမှ မရှိတော့ဘူးလေ။ ရှီမိသားစုရဲ့ အထောက်အပံ့ မပါဘဲနဲ့၊ ဘယ်သူက သူ့ကို အာမခံပေးဖို့အထိ မိုက်မဲမှာလဲ။
“ချန်းမိသားစုပဲ"
အိမ်တော်ထိန်းအိုကြီးက ဖွင့်ပြောလိုက်၏။
ချန်းမိသားစုလား။
လင်းကျင်း ချက်ချင်း စဉ်းစားမရသေးသော်လည်း၊ အိမ်တော်ထိန်းက ရှင်းပြလိုက်သောအခါမှ ‘ချန်းဆေးခန်း’၊ ဆိုလိုတာက ချန်းယွမ်ယွမ်တို့ မိသားစုမှန်း သိလိုက်ရတော့၏။
ဒါက တကယ့်ကို တိုက်ဆိုင်လွန်းနေပြီ။
ဘာဖြစ်လို့ ချန်းမိသားစုက ဝူချန်းဝေကို ကူညီနေရတာလဲ။
အိမ်တော်ထိန်းအိုကြီးကတော့ ဘာကြောင့်လဲဆိုတာ မပြောခဲ့သလို သူလည်း သိပုံမရပေ။ ရှီဝမ်ကျွင်းက ဝူချန်းဝေဟာ သတ္တိမရှိပေမဲ့ ရက်စက်တဲ့လူ တစ်ယောက်ဆိုတာ သိနေလို့၊ လင်းကျင်းကို သတင်းလာပေးခိုင်းခြင်း ဖြစ်ပေသည်။ သမင်ကို သူ နှိပ်စက်ခဲ့ပုံနဲ့၊ ၎င်း သေသွားစေဖို့အတွက် လင်းကျင်းရဲ့ အိမ်ကို မီးရှို့ခိုင်းခဲ့ပုံကို ကြည့်ရင်၊ ဒီလူက ဘယ်လို အလုပ်လုပ်လဲဆိုတာ သိနိုင်ပေသည်။
သူက ပွင့်ပွင့်လင်းလင်း လုပ်မှာ မဟုတ်ဘဲ နောက်ကွယ်ကနေ ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးလိမ့်မည်။
ဝူချန်းဝေက လင်းကျင်းကို ပစ်မှတ်ထားပြီး တစ်ခုခု လုပ်မှာကို ရှီဝမ်ကျွင်း စိုးရိမ်နေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လင်းကျင်းအနေဖြင့် ဝူချန်းဝေ၏ အလစ်အငိုက် တိုက်ခိုက်မှုကို ပြင်ဆင်ထားနိုင်ရန် စေတနာဖြင့် အိမ်တော်ထိန်းကို လွှတ်ကာ သတင်းပေးခြင်း ဖြစ်၏။
“အဘိုး... အိမ်တော်သခင်မရှီကို ကျွန်တော့်ကိုယ်စား ကျေးဇူးတင်စကား ပြောပေးပါ... ကျွန်တော် သတိထားပါ့မယ်” လင်းကျင်းက ပြောလိုက်၏။ အိမ်တော်ထိန်းအိုကြီးသည် ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွားတော့၏။
ဒီကိစ္စက တကယ့်ကို ထူးဆန်းလှပေသည်။ ဒါပေမဲ့ လင်းကျင်း အမှန်အတိုင်း ပြောရလျှင် သူသည် ချန်းမိသားစုကိုရော ဝူချန်းဝေကိုပါ ဘာမှ ထည့်မတွက်ထားပေ။ နှစ်ဖက်စလုံးက တူညီတဲ့ လူယုတ်မာတွေပဲလေ။ ဝူချန်းဝေက ပွင့်ပွင့်လင်းလင်း ယုတ်မာတာ ဖြစ်ပြီး၊ ချန်းမိသားစုရဲ့ ချန်းဝမ်လင်းကတော့ ဟန်ဆောင်ကောင်းတဲ့ လူယုတ်မာ ဖြစ်သည်။ သူတို့နှစ်ဦး ပေါင်းစည်းသွားတာက စကားပုံတစ်ခုကို သက်သေပြနေသလိုပင်။
‘အကျင့်တူသူချင်း ပေါင်းဖက်ကြသည်’ ပေါ့။
သို့သော် ဤလူများက လင်းကျင်းကို လာပြီး ပြဿနာရှာဖို့အထိ မိုက်မဲကြမယ်ဆိုရင်တော့၊ သူတို့ ကိုယ်တိုင် ဒုက္ခရှာတာပဲ ဖြစ်လိမ့်မည်။ လင်းကျင်းကတော့ သူတို့ကို ကြိုဆိုလျက်ပင်။
အခုတော့ သူသည် ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်၏။
ဒါပေမဲ့ ကြိုတင်ကာကွယ်မှုတော့ လုပ်ရမည်။ ရှေးခေတ်ကတည်းက ပွင့်လင်းတဲ့ တိုက်ခိုက်မှုကို ရှောင်ရလွယ်ပေမဲ့၊ ဖုံးကွယ်ထားတဲ့ ပရိယာယ်တွေကို ကာကွယ်ဖို့ ခက်ခဲတယ် မဟုတ်ပါလား။ လင်းကျင်းသည် ပြန်ရောက်လျှင် အရိပ်ဝံပုလွေကို ဆင့်ကဲပြောင်းလဲအောင် ကူညီပေးရန် စီစဉ်လိုက်၏။ သူသည် ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်း နည်းလမ်းကို သုံးမည် ဖြစ်ပေသည်။
အရိပ်ဝံပုလွေ ပြီးပြည့်စုံစွာ ဆင့်ကဲပြောင်းလဲနိုင်ရန်အတွက်၊ လင်းကျင်းသည် ဆေးဖက်ဝင် အပင်များ လိုအပ်သလို ‘အရိပ်ခြောက်ခု သားရဲဝိညာဉ်ဆေးလုံး’ တစ်လုံးကိုလည်း ဖော်စပ်ရမည် ဖြစ်၏။
သားရဲပြတိုက်တွင် လိုအပ်သော ဆေးဖော်စပ်နည်း အချက်အလက်အားလုံး ရှိပေသည်။ ထို့ပြင် ဆေးလုံး၏ ပါဝင်ပစ္စည်း အများစုကို ဆေးဆိုင်များတွင် ရှာတွေ့နိုင်သဖြင့်၊ လင်းကျင်းသည် ရှီမိသားစု၏ ဆေးဆိုင်သို့ သွားရန် ဆုံးဖြတ်လိုက်၏။
ရှီမိသားစုတွင် မေပယ်မြို့အနှံ့ ဆေးဆိုင်များစွာ ရှိပေသည်။ လင်းကျင်းသည် အကြီးဆုံး တစ်ခုထဲသို့ ဝင်သွားလိုက်၏။ ရှီဝမ်ကျွင်း ပေးလိုက်သော ကျောက်စိမ်းဆွဲပြားကို ပြလိုက်သောအခါ၊ ဆိုင်ရှင်မှာ သိသိသာသာ အံ့ဩသွားပြီး လင်းကျင်းကို အရေးကြီးသော ဧည့်သည်တော် တစ်ဦးကဲ့သို့ ဆက်ဆံတော့၏။
“အကဲဖြတ်မှူးလင်း... ကျွန်တော်တို့ အိမ်တော်သခင်မက ခင်ဗျားကို အဖိုးတန် ဧည့်သည်တစ်ယောက်အဖြစ် သတ်မှတ်ထားဖို့ မှာထားပါတယ်... ခင်ဗျား တောင်းသမျှ အရာအားလုံးကို အခမဲ့ ပေးသွားမှာပါ”
ဆိုင်ရှင်က ပြုံးရွှင်စွာဖြင့် ရှင်းပြရင်း လက်ဖက်ရည်ကို ယူလာပေး၏။
လင်းကျင်းက ယဉ်ကျေးစွာဖြင့်။
“ကျသင့်တာကို ယူပေးပါ... ကျုပ် ဒီကို လာတာက ရှီမိသားစုရဲ့ ဆေးဆိုင်က အကြီးဆုံးမို့လို့၊ ဆေးဖော်စပ်ဖို့ ပါဝင်ပစ္စည်း နှစ်ခုကို လာရှာတာပါ... ခင်ဗျားတို့ဆီမှာ ရှိမလားလို့ပါ”
ဆိုင်ရှင်က လင်းကျင်း၏ တောင်းဆိုမှုကို နားထောင်လိုက်ရာ၊ လင်းကျင်းက ပြောလိုက်သည်မှာ။ “တစ်ခုက ‘မှောင်ရိပ်ပန်း’ဖြစ်ပြီး၊ နောက်တစ်ခုက ‘အဆင့် ၁ ဝိညာဉ်သားရဲ’ပါ”
ဤပစ္စည်း နှစ်မျိုးစလုံးမှာ ရှာဖွေရန် အလွန်ပင် ခက်ခဲလှပေသည်။ သာမန်အားဖြင့် ငွေပေးဝယ်လျှင်ပင် မရနိုင်ပေ။ လင်းကျင်း ရှောင်ဟော့၏ ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းအတွက် သုံးခဲ့သော သားရဲဝိညာဉ်မှာပင် လုရှောင်ယုထံမှ ‘နိုင်ယူခဲ့’ ခြင်း ဖြစ်၏။
လုရှောင်ယု၏ သားရဲဝိညာဉ်မှာလည်း သူမ၏ အစ်ကို လုယွန်ဟဲက ပေးခဲ့ခြင်း ဖြစ်ပြီး၊ ရရှိရန် အလွန်ခက်ခဲသည်ဟု ဆိုကြပေသည်။
မှောင်ရိပ်ပန်းအတွက်ကတော့ ဆေးဆိုင်ရှိ ဝန်ထမ်းတစ်ဦးမျှပင် မကြားဖူးကြပေ။ သို့သော် ပြတိုက်တွင် ရေးသားထားသဖြင့် ဤပစ္စည်းမှာ သေချာပေါက် တည်ရှိနေရမည် ဖြစ်၏။
ဆိုင်ရှင်သည် ချက်ချင်း အဖြေမပေးနိုင်ဘဲ အလေးအနက် စဉ်းစားနေတော့သည်။ ထို့နောက် လင်းကျင်းကို ခဏ စောင့်ရန် ပြောခဲ့၏။
လင်းကျင်းမှာလည်း မလောသဖြင့် ထိုနေရာတွင် ထိုင်ကာ လက်ဖက်ရည် သောက်နေလိုက်၏။
ခဏအကြာတွင် ခြေသံများကို ကြားလိုက်ရပြီး၊ လိုက်ကာကို ဖယ်ကာ တစ်ယောက်ယောက် ဝင်လာခဲ့၏။ သူ အံ့ဩသွားရသည်မှာ၊ ဝင်လာသူမှာ ဆိုင်ရှင် မဟုတ်ဘဲ ရှီဝမ်ကျွင်း ဖြစ်နေခြင်းပင်။
သူမ ကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။