← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 8 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 8 Ch. 159-160

​အခန်း (၁၅၉) - ရှီမိသားစု၏ ဆေးဖို

​“အကဲဖြတ်မှူးလင်း...”

ရှီဝမ်ကျွင်းသည် အနည်းငယ် နွမ်းနယ်နေသော ပုံပေါ်၏။ သို့သော် ၎င်းမှာ သဘာဝကျပေသည်။ အမျိုးသမီးတစ်ဦးအနေဖြင့် မိသားစုတစ်ခုလုံးကို တစ်ကိုယ်တည်း ပုခုံးထမ်းထားရသည်မှာ မလွယ်ကူလှပေ။ ယခုလည်း ခင်ပွန်းကို ကွာရှင်းလိုက်ပြီဖြစ်ရာ၊ ဤကိစ္စမှာ သေချာပေါက် လူပြောများလာပြီး သူမအပေါ် ဖိအားများစွာ သက်ရောက်နေပေလိမ့်မည်။

​သို့သော်လည်း ရှီဝမ်ကျွင်း၏ ခိုင်မာသော ဇွဲလုံ့လဖြင့်ဆိုလျှင် သူမ ဒါကို ကျော်ဖြတ်နိုင်မည်မှာ သေချာလှ၏။

​“အိမ်တော်သခင်မရှီ... ဘာလို့ ကိုယ်တိုင် ရောက်လာရတာလဲ" လင်းကျင်း ထရပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်၏။

​ရှီဝမ်ကျွင်း၏ နောက်တွင်တော့ သမင်ဖြူတစ်ကောင် ပါလာခဲ့၏။ ၎င်းသည် အကြီးမားဆုံး သားရဲ မဟုတ်သော်လည်း အလွန်ပင် ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ထွက်ပေါ်နေပေသည်။ ၎င်းမှာ ရှီဝမ်ကျွင်း၏ အဖော်သားရဲ ဖြစ်ရပေမည်။

​လင်းကျင်းသည် သားရဲများကို မြင်လျှင် သားရဲပြတိုက်ထဲတွင် မှတ်တမ်းတင်လိုသော စိတ်ဆန္ဒ အမြဲ ဖြစ်ပေါ်တတ်၏။ ထို့ကြောင့် သူက လက်ယပ်ခေါ်လိုက်ကာ။

“တကယ့်ကို လှပတဲ့ သမင်ဖြူလေးပဲ... လာပါဦး... ငါ နည်းနည်းလောက် ထိ... မဟုတ်ပါဘူး၊ ကြည့်ပါရစေဦး”

​လင်းကျင်းက လက်ယပ်ခေါ်သည်ကို မြင်သောအခါ၊ ထိုသမင်ဖြူလေးမှာ အံ့ဩစရာကောင်းလောက်အောင်ပင် သူ့ထံ တိုးလာခဲ့ပြီး ၎င်း၏ ဦးချိုလေးများဖြင့် လင်းကျင်း၏ လက်ဖဝါးကို ယဉ်ပါးစွာ ပွတ်သပ်နေတော့၏။

​ဒါကို မြင်လိုက်ရသောအခါ ရှီဝမ်ကျွင်း၏ မျက်ဝန်းထဲတွင် အရောင်တစ်ချက် ဝင်းလက်သွား၏။ သူမသည် ဘာမှ မမေးသော်လည်း ပြုံးလိုက်ကာ။

“ကျွန်မက ဒီဘက်က ဆိုင်ခွဲကို လာရင်းနဲ့၊ အကဲဖြတ်မှူးလင်း ရောက်နေတယ်ဆိုတာ ကြားလို့ ဝင်လာတာပါ”

​ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်၊ ရှီဝမ်ကျွင်းသည် ပစ္စည်းနှစ်ခုကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်၏။

​“ဒါက လူကြီးမင်း ရှာနေတဲ့ ‘မှောင်ရိပ်ပန်း’ နဲ့ ‘အဆင့် ၁ ဝိညာဉ်သားရဲ’ ပါ... အကဲဖြတ်မှူးလင်းက ဝိညာဉ်သားရဲရဲ့ ဓာတ်သဘာဝကို အတိအကျ မပြောထားလို့၊ ကျွန်မကပဲ သဘောအတိုင်း ‘အမှောင်ဓာတ်’ ရှိတဲ့ ဝိညာဉ်သားရဲကို ယူလာပေးခဲ့တာ... အဆင်ပြေပါ့မလား”

ရှီဝမ်ကျွင်းက ပြုံးရင်း ပြောလိုက်၏။

​လင်းကျင်းမှာ အတော်လေး အံ့ဩသွားရသည်။

​ဤရှီမိသားစုမှာ တကယ့်ကို မခေလှပေ။

​သူ လိုအပ်သော ပစ္စည်းများကို ဤမျှ တိုတောင်းသော အချိန်အတွင်း စုဆောင်းပေးနိုင်ခဲ့ကြသည်။ ထို့ပြင် သူ၏ ပေါ့ဆမှုကြောင့် ဝိညာဉ်သားရဲ၏ ဓာတ်သဘာဝကို ပြောရန် မေ့လျော့နေခဲ့သော်လည်း၊ ရှီဝမ်ကျွင်း ယူလာပေးသော အမှောင်ဓာတ် ဝိညာဉ်သားရဲမှာ သူ အတိအကျ လိုချင်နေသော အရာပင် ဖြစ်နေ၏။

​အသေအချာ ပြန်စဉ်းစားကြည့်လျှင်တော့ သူ နားလည်သွားသည်။

​ရှီမိသားစု၏ အဓိက အားသာချက်မှာ ဆေးဆိုင်လုပ်ငန်း မဟုတ်ဘဲ ဆေးဖော်စပ်ခြင်း ပညာရပ် ဖြစ်ပေသည်။ ဒါက လူတိုင်း သိထားသော အချက်ပင်။ သူတို့သည် ဤဘာသာရပ်တွင် ဗဟုသုတ ကြွယ်ဝကြသူများ ဖြစ်ရာ၊ ရှီဝမ်ကျွင်းအနေဖြင့် ဆေးဝါးဗေဒကို နားလည်နေခြင်းမှာ မဆန်းလှပေ။

​လင်းကျင်းသည် သမင်ဖြူလေး၏ ခေါင်းကို ပုတ်ပေးလိုက်ရာ၊ ၎င်းသည် ရှီဝမ်ကျွင်း၏ ဘေးသို့ လိမ္မာပါးနပ်စွာ ပြန်သွားတော့၏။

​ဤသမင်မှာ တကယ့်ကို ရှားပါးမျိုးစိတ် ဖြစ်သလို အံ့ဩစရာလည်း ကောင်းလှပေသည်။ ၎င်းမှာ အဆင့် ၂ သာ ဖြစ်သော်လည်း ထူးခြားသော စွမ်းဆောင်ရည်များ ရှိသလို၊ ဆေးဖက်ဝင် အပင်များကို ရှာဖွေနိုင်သည့် မွေးရာပါ စွမ်းရည်လည်း ရှိပေသည်။ ဆေးဆိုင်ပိုင်ရှင် တစ်ဦးနှင့် ဤသမင်မှာ တကယ့်ကို လိုက်ဖက်လှပေသည်။

​ထို့နောက် ရှီဝမ်ကျွင်းက ထပ်ပြောသည်မှာ။

“ကျွန်မရဲ့ အဖော်သားရဲ ‘ပိုင်အာ’ က တိုအာနဲ့ မောင်နှမတွေပါ... ဒါပေမဲ့ သွေးစာချုပ်က သားရဲတစ်ကောင်နဲ့ပဲ ချုပ်လို့ရတာမို့လို့၊ ကျွန်မက ပိုင်အာကိုပဲ ရွေးခဲ့တာ... တိုအာအတွက်လည်း ပိုင်ရှင်ကောင်းတစ်ယောက် ရှာပေးခဲ့တယ်လို့ ထင်ခဲ့ပေမဲ့၊ ကျွန်မ ရွေးလိုက်တဲ့လူက သူ့ကို သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်... အကဲဖြတ်မှူးလင်းရဲ့ စေတနာကြောင့်ပဲ သူ အသက်ရှင်ခဲ့ရတာပါ... အခွင့်ရှိမယ်ဆိုရင်၊ ပိုင်အာကို တိုအာနဲ့ ပေးတွေ့ချင်ပါတယ်”

​လင်းကျင်းအနေဖြင့် မရဘူးဟု ပြောနိုင်ပါ့မလား။

​သူ ထိုသို့ ပြောမည် မဟုတ်ပေ။

​သူတို့နှစ်ဦးစလုံးမှာ ဝူချန်းဝေ အကြောင်းကို ထည့်မပြောကြပေ။ တစ်ဦးက ထိုလူအကြောင်းကို မပြောချင်ဘဲ၊ နောက်တစ်ဦးကတော့ ထိုလူအကြောင်း ကြားရုံနှင့်ပင် စက်ဆုပ်ရွံရှာနေသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူတို့သည် အခြားသော အကြောင်းအရာများသို့ ချက်ချင်း ပြောင်းလဲ ဆွေးနွေးလိုက်ကြ၏။

​“အကဲဖြတ်မှူးလင်းက ဆေးဖော်စပ်တဲ့ အတတ်ကိုလည်း တတ်မြောက်ထားတာလား”

ရှီဝမ်ကျွင်းက မေးလိုက်၏။

​သူမက ပေါ့ပေါ့ပါးပါး မေးလိုက်သည် ဆိုသော်လည်း အတော်လေး စိတ်ဝင်စားနေပုံရ၏။ လင်းကျင်းက ပြုံးလိုက်ကာ။ “အနည်းငယ်ပဲ တတ်တာပါ”

​၎င်းမှာ တကယ့်ကို အနည်းငယ်သာ ဖြစ်၏။ လင်းကျင်းသည် ဆေးဖော်စပ်ခြင်း အတတ်ကို အမှန်တကယ် နားလည်ထားခြင်း မဟုတ်ပေ။ သူသည် သားရဲပြတိုက်မှ ပေးထားသော အသေးစိတ် ညွှန်ကြားချက်များအတိုင်းသာ လုပ်ဆောင်ခြင်း ဖြစ်ပေသည်။

​ဥပမာအားဖြင့် ‘နေခြောက်စင်း သားရဲဝိညာဉ်ဆေးလုံး’ ကို ဖော်စပ်ရာတွင်၊ လင်းကျင်းသည် ညွှန်ကြားချက်အတိုင်း တစ်ဆင့်ချင်း လုပ်ဆောင်ရုံသာ ရှိပေသည်။

​ဆေးဝါးဗေဒနှင့် ရှုပ်ထွေးသော ဆေးဖော်စပ်နည်း အတတ်များကို သူ သင်ယူနေရန် မလိုပေ။

​စာမေးပွဲ ဖြေဆိုခြင်းနှင့် တူပေသည်။ အချို့လူများက မေးခွန်းတစ်ခုကို ဖြေနိုင်ရန် စာအုပ်ပေါင်း ထောင်ချီ ဖတ်ကြရသော်လည်း၊ လင်းကျင်းကတော့ ထိုမေးခွန်း၏ အဖြေကို လက်ထဲတွင် ရရှိထားပြီး ဖြစ်သဖြင့် ထိုမျှအထိ ဖတ်နေရန် မလိုတော့ပေ။

​နှစ်မျိုးစလုံးက ရလဒ် ထွက်ပေါ်လာသည်ချင်း တူသဖြင့်၊ ဘာမှ မသိသော သူများအဖို့တော့ လင်းကျင်းမှာ အလွန် ‘ဗဟုသုတ ကြွယ်ဝ’ ပြီး ‘ကျွမ်းကျင်’ သူတစ်ဦးဟု ထင်မှတ်သွားကြမည် ဖြစ်၏။

​ရှီဝမ်ကျွင်းက ဆက်ပြောသည်မှာ။

“အကဲဖြတ်မှူးလင်းက တကယ့်ကို ဗဟုသုတ ကြွယ်ဝတာပဲ... ကျွန်မဆိုရင် ဆေးဖော်စပ်နည်းကို တစ်သက်လုံး သင်ယူလာခဲ့တာတောင်၊ သာမန်အဆင့်မှာပဲ ရှိနေသေးတယ်... ကျွန်မရဲ့ အရည်အချင်းက အဖေ့ရဲ့ နှစ်ဆယ်ရာခိုင်နှုန်းလောက်တောင် ရှိမှာ မဟုတ်ဘူး”

​ရှီဝမ်ကျွင်း၏ ဖခင်မှာ အလွန်ပင် ထူးချွန်သော ဆေးဆရာကြီး တစ်ဦး ဖြစ်ကြောင်း ကောလာဟလများ ရှိခဲ့သဖြင့် လင်းကျင်းအနေဖြင့် အလေးထားမိလိုက်၏။

​ခေတ္တ စဉ်းစားပြီးနောက် လင်းကျင်းက နှိမ့်ချစွာဖြင့်။

“ခင်ဗျားရဲ့ ဖခင် အချိန်မတိုင်မီ ကွယ်လွန်သွားတာ နှမြောစရာပါပဲ... မဟုတ်ရင် သူနဲ့ တွေ့ပြီး လမ်းညွှန်မှု ခံယူရတာက တကယ့်ကို ကံကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်မှာပါ”

​ရှီဝမ်ကျွင်း ပြုံးလိုက်ရင်း။

“ဒါပေမဲ့ ကျွန်မတို့ ရှီမိသားစုမှာ ကူညီပေးနိုင်တဲ့ အတွေ့အကြုံရှိတဲ့ ဆေးဆရာအချို့ ကျန်ပါသေးတယ်... အကဲဖြတ်မှူးလင်း အကူအညီ လိုတာရှိရင် ပြောပါ... ကျွန်မတို့ တတ်နိုင်သလောက် ကူညီပေးပါ့မယ်”

​အကူအညီလား။

​လင်းကျင်း တကယ်ကို လိုအပ်နေခြင်း ဖြစ်၏။

​ဘာဖြစ်လို့လဲဆိုတော့ အခုထိ သူ့မှာ ဆေးဖော်စပ်မယ့် ‘ဆေးဖို’ တစ်လုံးမှ မရှိသေးသောကြောင့်ပင်။

​ပြီးခဲ့တဲ့ အခေါက်က ဆေးဖော်စပ်တုန်းကလည်း၊ လုရှောင်ယုက လုယွန်ဟယ်ရဲ့ ‘တိမ်ဟင်္သာဆေးဖို’ကို ခိုးယူပြီး သူ့ကို ခဏ ငှားပေးခဲ့ခြင်း ဖြစ်၏။ အခု သူ့မှာ လိုအပ်တဲ့ ပစ္စည်းတွေ အားလုံး ရှိနေပြီ ဖြစ်ပေမဲ့၊ ဆေးဖော်စပ်ဖို့ ဆေးဖို မရှိသေးပေ။

​အကယ်၍ ရှီဝမ်ကျွင်းသာ ထည့်မပြောခဲ့လျှင်၊ လင်းကျင်းအနေဖြင့် ဆေးဖိုတစ်လုံး ဘယ်လိုရမလဲ ဆိုတာကို စဉ်းစားနေရဦးမည် ဖြစ်၏။ အခုတော့ သူမက ကူညီမည်ဟု ဆိုလာသဖြင့် သူ တောင်းဆိုကြည့်ရန် ဆုံးဖြတ်လိုက်၏။

​“ဟို... အိမ်တော်သခင်မရှီ၊ ခင်ဗျားဆီက ဆေးဖိုတစ်လုံးလောက် ငှားလို့ ရမလား”

လင်းကျင်းက အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် မေးလိုက်၏။

​ရှီဝမ်ကျွင်း ကြောင်သွားရ၏။

​‘ဆေးဖော်စပ်တတ်ရဲ့သားနဲ့၊ ဆေးဖို မရှိဘူးတဲ့လား’

​‘ဒါက ဘယ်လိုဟာသလဲ'

​‘ရှီမိသားစုက ကလေးတွေတောင် ဆေးဖော်စပ်နည်း စသင်ကတည်းက ကိုယ်ပိုင်ဆေးဖို ရှိကြတာပဲလေ... ဆေးဖို မရှိဘဲနဲ့ ဘယ်လို သင်ယူမှာလဲ’

​သို့သော် ဤကဲ့သို့သော မေးခွန်းများမှာ ယဉ်ကျေးပျူငှာပြီး အသိဉာဏ်ရှိသော ရှီဝမ်ကျွင်း၏ ပါးစပ်မှ ထွက်လာမည် မဟုတ်ပေ။ သူမသည် အံ့ဩနေသော်လည်း ရယ်မောလိုက်ကာ။

“ရှီမိသားစုမှာ ပေါများတဲ့ အရာ နှစ်ခု ရှိတယ်... တစ်ခုက ဆေးဖက်ဝင် အပင်တွေဖြစ်ပြီး၊ နောက်တစ်ခုကတော့ ဆေးဖိုတွေပါပဲ... ငှားတာတင် မဟုတ်ဘဲ၊ အကဲဖြတ်မှူးလင်းကို တစ်လုံး လက်ဆောင်ပေးနိုင်ပါတယ်”

​တကယ့်ကို ရက်ရောလှပေသည်။

​လင်းကျင်း ဝမ်းသာသွားရ၏။

​မျိုးရိုးကြီး မိသားစုတစ်ခု၏ အကြီးအကဲပီသပေသည်။ ရှီဝမ်ကျွင်းမှာ အလွန်ပင် ပွင့်လင်းပြတ်သားလှပေ၏။

​သူက အားနာ၍ အပေါ်ယံ ငြင်းဆိုခဲ့သော်လည်း၊ ရှီဝမ်ကျွင်းက အတင်း ပေးနေသဖြင့် နောက်ဆုံးတွင် လင်းကျင်း လက်ခံလိုက်တော့၏။

​“အကဲဖြတ်မှူးလင်း... ကျွန်မတို့ ရှီအိမ်တော်ထဲမှာ ဆေးဖိုတွေ အများကြီး ရှိတဲ့ ခန်းမတစ်ခု ရှိပါတယ်... တကယ်တော့ အဲဒီမှာ ဆေးဖိုပေါင်း တစ်ရာကျော် ရှိတာပါ... လူကြီးမင်း အထဲကို ဝင်ပြီး ကြိုက်ရာ တစ်လုံးကို ရွေးယူနိုင်ပါတယ်”

ရှီဝမ်ကျွင်းသည် လင်းကျင်းနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ရန် ကြိုးစားနေသည်မှာ သိသာလှပေသည်။

​ဘာပဲဖြစ်ဖြစ် လင်းကျင်းမှာ အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦး မဟုတ်ပါလား။

​ရှီအိမ်တော်သို့ သွားသည့် လမ်းတွင် လင်းကျင်းက။

“ဟို... ခင်ဗျားတို့ဆီမှာ ဆေးဖိုမှာ သုံးတဲ့ မီးရော ရှိလား” ဟု မေးလိုက်၏။

​ရှီအိမ်တော်သို့ ရောက်သောအခါ။

​လင်းကျင်းသည် ယနေ့ တစ်ရက်တည်းမှာပင် ဤနေရာသို့ နှစ်ကြိမ်တိုင်တိုင် ရောက်လာခဲ့ခြင်း ဖြစ်၏။ သို့သော် ယခင်က ပြဿနာရှာရန် လာခဲ့ခြင်းနှင့် မတူဘဲ၊ ယခုမှာတော့ ပစ္စည်းယူရန် လာခဲ့ခြင်း ဖြစ်ပေသည်။

​လင်းကျင်းကိုယ်တိုင်ပင် သူ၏ ‘မျက်နှာပြောင်မှု’ ကို သတိပြုမိလိုက်၏။

​“ရှိတာပေါ့... ကျွန်မတို့ ရှီမိသားစုမှာ မေပယ်မြို့ထဲမှာ ဆေးဖိုမီး စိုက်ထုတ်တဲ့ နေရာ သုံးခု ရှိပါတယ်... အဲဒီမှာ ဓာတ်ကြီးငါးပါး ပါဝင်ပြီး ဓာတ်သဘာဝ အမျိုးမျိုးရှိတဲ့ ဆေးလုံးတွေ ဖော်စပ်ဖို့ သင့်တော်ပါတယ်... ထပ်ပြီးတော့ ကျွန်မတို့ဆီမှာ ‘ဆေးဖိုမီး ဂါထာစက္ကူ’တွေလည်း ရှိတယ်၊ ဒါပေမဲ့ ဒါကို သုံးဖို့က ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ လိုအပ်ပါတယ်... အတွေ့အကြုံရှိတဲ့ ဆေးဆရာအချို့တောင်မှ ဆေးဖော်စပ်တဲ့ အချိန်မှာ ဆေးဖိုထဲကို မီးသွင်းဖို့ ဒီဂါထာစက္ကူကို အသုံးမပြုနိုင်ကြဘူး”

ရှီဝမ်ကျွင်းက လမ်းပြရင်း ရှင်းပြလိုက်၏။

​လင်းကျင်း ခေါင်းညိတ်လိုက်၏။ ပြတိုက်တွင်လည်း ဤကိစ္စနှင့် ပတ်သက်သော မှတ်တမ်းများ ရှိပေသည်။ ၎င်းမှာ ဆေးဖော်စပ်နည်း ညွှန်ကြားချက်များထဲတွင် ပါဝင်ပေသည်။

​ဥပမာအားဖြင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ရန် နည်းလမ်းများစွာ ရှိပေသည်။ ထိုနည်းလမ်းများကို အတွင်းမီး သုံးခြင်းနှင့် အပြင်မီး သုံးခြင်းဟူ၍ ခွဲခြားထားပြီး၊ နည်းလမ်း တစ်ခုချင်းစီတွင်လည်း ကိုယ်ပိုင် ညွှန်ကြားချက်များ ရှိကြ၏။

​လင်းကျင်းအတွက်တော့၊ အသေးစိတ် ညွှန်ကြားချက်သာ ရှိမည်ဆိုလျှင် ဘာမှ မခက်ခဲပေ။

​သူတို့နှစ်ဦးသည် ရှီအိမ်တော်၏ ဆေးဖိုခန်းမသို့ ရောက်ရှိလာကြ၏။

​ဤနေရာကို သံတံခါးကြီးဖြင့် ပိတ်ထားပြီး၊ ရှီဝမ်ကျွင်း ကိုယ်တိုင် သော့ဖွင့်ကာ ဝင်ခဲ့ရ၏။ ဤနေရာမှာ မိသားစုအတွက် အလွန် အရေးကြီးသော နေရာဖြစ်ကြောင်း သိသာလှသလို၊ ရှီဝမ်ကျွင်း တစ်ဦးတည်းသာ သော့ကို ကိုင်ထားခြင်း ဖြစ်ပေသည်။

​ထို့ပြင် လင်းကျင်းသည် အနီးနားတွင် သားရဲများ၏ အငွေ့အသက်ကို ခံစားနေရ၏။ ၎င်းတို့မှာ ဤနေရာကို စောင့်ကြပ်ရန် ရှီမိသားစုက မွေးမြူထားခြင်း ဖြစ်ရပေမည်။

​ခန်းမအတွင်းတွင်တော့ ဆေးဖို အမျိုးမျိုးနှင့် ပြည့်နှက်နေ၏။ အချို့ကို စင်များပေါ်တွင် တင်ထားပြီး၊ အချို့ကိုတော့ မြေပြင်ပေါ်တွင် ထားရှိ၏။ ထူးခြားသော ဝိသေသများ ရှိသဖြင့် မြေပြင်နှင့် မထိတွေ့စေရန် အပေါ်မှ ကြိုးများဖြင့် ဆွဲချိတ်ထားသော ဆေးဖိုများပင် ရှိနေ၏။

​ရှီမိသားစုမှာ တကယ့်ကို နက်နဲသော နောက်ခံရှိပေသည်။ သာမန်မိသားစု တစ်ခုအနေဖြင့် ဤမျှ ခမ်းနားသော ဆေးဖိုခန်းမကို တည်ဆောက်နိုင်မည် မဟုတ်ပေ။

​“ဒီမှာ ရှိတဲ့ ဆေးဖို အများစုက ကျွန်မတို့ ရှီမိသားစုရဲ့ ဘိုးဘေးတွေ သုံးစွဲခဲ့တဲ့ အရာတွေပါ... တချို့ဆိုရင် အကြာကြီး သုံးစွဲခဲ့တာကြောင့် ဝိညာဉ်စွမ်းအားတွေတောင် ကိန်းဝပ်နေကြတယ်” ရှီဝမ်ကျွင်းက ဖြည့်စွက် ပြောလိုက်၏။

အခန်း (၁၆၀) - သားရဲခေါင်းခွံဆေးဖို

​လင်းကျင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားကာ မေးလိုက်၏။

“အိမ်တော်သခင်မရှီ... ဒီမှာရှိတဲ့ ဆေးဖိုအများစုက ရှီမိသားစုရဲ့ ဘိုးဘေးတွေ သုံးခဲ့တာဆိုတော့ မိသားစုအတွက် အရမ်းတန်ဖိုးရှိမှာပဲ... ကျွန်တော်က အမှတ်မထင် အဲဒီလို ဆေးဖိုမျိုးကို ရွေးမိသွားရင် မသင့်တော်သလို ဖြစ်နေမလားလို့ပါ”

​သူ အံ့ဩသွားရသည်မှာ ရှီဝမ်ကျွင်းက ခေါင်းခါပြကာ ပြန်ပြောလိုက်ခြင်းပင်။

“ရှီမိသားစုရဲ့ တစ်ခုတည်းသော စည်းကမ်းက ဆေးဖော်စပ်နည်း ပညာရပ်ကို တခြားမျိုးရိုးနာမည် ရှိသူတွေကို မသင်ပေးဖို့ပဲ ရှိတာပါ... အကယ်၍ အကဲဖြတ်မှူးလင်းက ဆေးဖော်စပ်နည်း စာအုပ်တွေ ဒါမှမဟုတ် နည်းစနစ်တွေကို တောင်းဆိုမယ်ဆိုရင်တော့ ကျွန်မ ဘာမှ မတတ်နိုင်ဘူး၊ ဒါပေမဲ့ ဒီမှာ ပေါများလှတဲ့ ဆေးဖိုတွေထဲက တစ်လုံးကို ခွဲဝေပေးတာကတော့ တားမြစ်ထားတာ မရှိပါဘူး... ထပ်ပြောရရင် ကျွန်မတို့ ဘိုးဘေးတွေက ဆေးဖိုဆိုတာ ကိရိယာတစ်ခုပဲ၊ ကိရိယာဆိုတာကလည်း သံသရာလည်နေတာပဲလို့ ဆိုခဲ့ကြတယ်... အခွင့်အရေး ကြုံလာရင် ဒါတွေကို ပေးကမ်းနိုင်တယ်လို့ ဆိုထားတာမို့လို့ စိတ်မပူပါနဲ့... အကယ်၍ အကဲဖြတ်မှူးလင်းက ကျွန်မတို့ ဘိုးဘေးတွေ သုံးခဲ့တဲ့ ဆေးဖိုကို ရွေးမိသွားရင်လည်း ဒါက ကံတရားပါပဲ... ဘိုးဘေးတွေရဲ့ စကားအရဆိုရင် လူက ဆေးဖိုကို ရွေးတာမဟုတ်ဘဲ ဆေးဖိုကသာ လူကို ရွေးချယ်တာ ဖြစ်ပါတယ်”

​ထိုစကားမှာ အတော်လေးကို နက်နဲလှပေသည်။

​သို့သော်လည်း သူတို့မိသားစုတွင် ဆေးဖိုပေးကမ်းခြင်းကို တားမြစ်ထားခြင်း မရှိသဖြင့်၊ လင်းကျင်းအနေဖြင့် ဤနေရာရှိ ဆေးဖိုများထဲမှ စိတ်ကြိုက် ရွေးချယ်နိုင်ပြီ ဖြစ်၏။

​ရှီမိသားစု၏ ဆေးဖိုခန်းမထဲသို့ ဝင်ရောက်ကာ ဆေးဖိုရွေးချယ်ခွင့် ရခြင်းမှာ ရှီမိသားစု၏ မျိုးဆက်များအတွက်ပင် ဂုဏ်ယူစရာကောင်းသော အခွင့်အရေးတစ်ခု ဖြစ်မှန်း သူ မသိခဲ့ပေ။

​ရှီဝမ်ကျွင်းက သူ့ကို ပေးဝင်ခဲ့ခြင်းမှာ လင်းကျင်းသည် အလားအလာရှိသော အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦး ဖြစ်ခြင်းကြောင့်သာမက၊ သူမနှင့်အတူ ကြီးပြင်းလာခဲ့သော တိုအာကို ကယ်တင်ပေးခဲ့သောကြောင့် ကျေးဇူးဆပ်လိုခြင်းလည်း ဖြစ်ပေသည်။

​လင်းကျင်းသည် ဆေးဖိုအမျိုးမျိုးကို လိုက်လံကြည့်ရှုရင်း စဉ်းစားနေ၏။

​သူ့အတွက်တော့ ဓာတ်သဘာဝ တစ်ခုတည်းကိုသာ အားပြုထားသည့် ဆေးဖိုမျိုးကို ရွေး၍ မရပေ။ အကြောင်းမှာ ထိုသို့သော ဆေးဖိုများသည် သက်ဆိုင်ရာ ဓာတ်ရှိသည့် ဆေးလုံးများကို အစွမ်းထက်စေသော်လည်း၊ အခြားသော ဓာတ်သဘာဝရှိသည့် ဆေးလုံးများကိုတော့ ဖော်စပ်နိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။

​ထို့ကြောင့် လင်းကျင်းသည် ဓာတ်ကြီးငါးပါးစလုံးနှင့် သင့်တော်မည့် ဆေးဖိုမျိုးကိုသာ ရွေးချယ်ရပေမည်။

​သားရဲအကဲဖြတ်ခြင်းတွင် ကျွမ်းကျင်သလောက်၊ ဆေးဖိုများနှင့် ပတ်သက်လာလျှင်တော့ လင်းကျင်းမှာ ဘာမှ မသိပေ။ သူသည် ဆေးဖိုများကို လိုက်လံ ထိတွေ့ကြည့်သော်လည်း သားရဲပြတိုက်မှာ ဘာတုံ့ပြန်မှုမျှ မရှိပေ။

​ဘယ်လို ဆေးဖိုမျိုးကို ရွေးရပါ့မလဲ။

​ရှီဝမ်ကျွင်းက ဆေးဖိုပေါင်း တစ်ရာကျော် ရှိသည်ဟု နှိမ့်ချပြောဆိုခဲ့သော်လည်း၊ လင်းကျင်း၏ ခန့်မှန်းချက်အရ ဤခန်းမထဲတွင် အနည်းဆုံး ဆေးဖိုပေါင်း သုံးရာခန့် ရှိနေပေသည်။ အရွယ်အစားမှာလည်း အမျိုးမျိုးပင်။ အချို့မှာ လက်ဝါးခန့်သာ ရှိပြီး၊ အကြီးဆုံး ဆေးဖိုမှာမူ လူကြီးသုံးယောက် လက်ချင်းချိတ်ကာ ပတ်ထားမှ ရနိုင်မည့် အရွယ် ရှိပေသည်။

​သို့သော် ထိုကဲ့သို့ ကြီးမားသော ဆေးဖိုကြီးကို သယ်ဆောင်သွားရန် မလွယ်ကူသဖြင့်၊ သူသည် ကြီးမားသော ဆေးဖိုများကို ရွေးချယ်မှုမှ ပယ်ထုတ်လိုက်၏။

​အလွန်သေးငယ်သော ဆေးဖိုများမှာလည်း ထူးခြားသော ဆေးလုံးအချို့အတွက်သာ သုံးခြင်းဖြစ်သဖြင့် မသင့်တော်ပေ။

​ထို့ကြောင့် လင်းကျင်းသည် အသင့်အတင့် အရွယ်အစား ရှိသော ဆေးဖိုများထဲမှ စတင် ရွေးချယ်တော့၏။

​ပတ်ပတ်လည် လျှောက်ကြည့်နေသော်လည်း ဘယ်ဆေးဖိုက ကောင်းသလဲဆိုတာ သူ မဝေခွဲနိုင်သေးပေ။ ရှီဝမ်ကျွင်းကို အကြံဉာဏ် တောင်းရန် ပြင်လိုက်စဉ်မှာပင်၊ သူ ထိလိုက်သော ဆေးဖိုတစ်ခုက သားရဲပြတိုက်ကို လှုပ်ခိုးသွားစေတော့၏။

​ဟင်။

​ဘာဖြစ်တာလဲ။

​လင်းကျင်း ချက်ချင်းပင် ရပ်တန့်သွား၏။ ပြတိုက်အတွင်းတွင်တော့ အလင်းတန်းများ ကျဆင်းလာကာ ကျယ်လောင်သော အသံများ ထွက်ပေါ်နေ၏။ ထို့နောက် လင်းကျင်းသည် အလွန်ထူးဆန်းသော ‘ထူးခြားသားရဲ’အညွှန်းတစ်ခုကို တွေ့လိုက်ရတော့သည်။

​ပြတိုက်ထဲတွင် ပြသထားသော ထိုသားရဲ၏ ပုံစံမှာ ၎င်း၏ မူလ ပုံသဏ္ဌာန်ပင် ဖြစ်၏။ ၎င်းမှာ ပြတိုက်၏ အကောင်းဆုံး စွမ်းဆောင်ချက် တစ်ခုပင်။

​သားရဲပေါင်းများစွာကို အကဲဖြတ်ဖူးသော်လည်း၊ ဤကဲ့သို့ ထူးဆန်းသော သတ္တဝါမျိုးကို လင်းကျင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

​ထိုထူးဆန်းသော သတ္တဝါမှာ ဆိတ်နှင့် တူသော်လည်း၊ ရှည်လျားသော အမြီး ကိုးချောင်း၊ နားရွက် လေးခုနှင့် ဆိတ်ဦးချိုများ ပါရှိ၏။ ၎င်း၏ ဦးချိုများမှာ ခရုပတ်ပုံစံ ဖြစ်ပြီး ထူထဲသော အစင်းကြောင်းများ ရှိပေသည်။ ၎င်း၏ ကျောကုန်းပေါ်တွင် စိမ်းမြမြ မျက်လုံးကြီး နှစ်လုံး ပါရှိသော်လည်း၊ ခေါင်းပေါ်တွင်တော့ မျက်လုံး လုံးဝ မပါရှိပေ။

​ထိုသတ္တဝါသည် မည်မျှပင် ထူးဆန်းလိုက်သနည်းဟု စိတ်ကူးကြည့်နိုင်ပေသည်။

​“အဆင့် ၄ ဒေါသသားရဲ၊ ပိုယီ၊ ရှားပါးမျိုးစိတ်”

​“ဓာတ်သဘာဝများ - အထက်မီး၊ အောက်ရေ၊ အောက်မြေ၊ အောက်သစ်သား။ အလားအလာ - ၂”

​“သတ္တဝါမှာ သေဆုံးသွားပြီ ဖြစ်သော်လည်း အရိုးများနှင့် ဝိညာဉ် ကျန်ရှိနေသည်”

​“ကုသရန် နည်းလမ်း မရှိပါ။ ဆင့်ကဲပြောင်းလဲရန် နည်းလမ်း မရှိပါ"

​ပြတိုက်အတွင်းမှ ထိုထူးဆန်းသော သတ္တဝါကို ကြည့်ရင်း လင်းကျင်း ကြက်သီးတဖြန်းဖြန်း ထသွားရ၏။ ဤသားရဲ၏ ပုံစံမှာ အလွန်ပင် ပုံမှန်မဟုတ်သလို၊ ၎င်း၏ အမည်မှာလည်း ထူးဆန်းလှပေသည်။ သို့သော် ၎င်းတွင် ဓာတ်သဘာဝ လေးမျိုး ပါဝင်နေခြင်းမှာ အလွန်ပင် ရှားပါးသော ကိစ္စပင်။

​ထို့အပြင် ၎င်းသည် တစ်ချိန်က အဆင့် ၄ သားရဲ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။

​ထိုသတ္တဝါ သေဆုံးသွားပြီ ဖြစ်သည်မှာ နှမြောစရာပင်။

​မှတ်တမ်းကို ပိတ်လိုက်ပြီးနောက် လင်းကျင်း မျက်လုံးကို ဖွင့်ကာ ဆေးဖိုကို ထိကြည့်လိုက်၏။

​ဤဆေးဖိုမှာ ထူးခြားသော ပုံသဏ္ဌာန် ရှိပေသည်။ ယခု သေချာ ကြည့်လိုက်သောအခါ၊ ဤကိရိယာမှာ စောစောက သူ မြင်ခဲ့ရသော သတ္တဝါ၏ ခေါင်းနှင့် တူနေပြီး ဘေးတစ်ဖက်စီတွင် ခရုပတ်ပုံစံ ဦးချိုနှစ်ခု ပါရှိ၏။ ထိုဦးချိုများမှာ တကယ့် ဦးချိုအစစ်များ ဖြစ်ပေသည်။ ၎င်းကို သတ္တုဖြင့် ပြန်လည် မွမ်းမံထားခြင်း ဖြစ်ရာ၊ နားမလည်သူများဆိုလျှင် ဤဆေးဖို၏ အခြေခံမှာ သားရဲ၏ ခေါင်းခွံ ဖြစ်နေသည်ကို မည်သို့မျှ သိနိုင်မည် မဟုတ်ပေ။

​၎င်းမှာ သားရဲ၏ ခေါင်းခွံ ဖြစ်နေသောကြောင့်ပင် ထိုသတ္တဝါ၏ ဝိညာဉ်မှာ ကိန်းဝပ်နေဆဲ ဖြစ်ပြီး၊ သားရဲပြတိုက်ကို လှုပ်ခိုးစေခဲ့ခြင်း ဖြစ်ရပေမည်။

​ဒါကို ကံတရားလို့ ခေါ်မလား။

​ဆေးဖိုများ၏ တန်ဖိုးကို လင်းကျင်း မဝေဖန်တတ်သော်လည်း၊ အဆင့် ၄ သားရဲ၏ ခေါင်းခွံဖြင့် ပြုလုပ်ထားသော ဆေးဖိုမှာ သေချာပေါက် သာမန်တော့ မဟုတ်နိုင်ပေ။ ထို့ကြောင့် ဤဆေးဖိုကိုပဲ အဘယ်ကြောင့် မရွေးချယ်ရမည်နည်း။

​ဆုံးဖြတ်ချက် ချပြီးနောက် လင်းကျင်းက ထိုဆေးဖိုကို မလိုက်၏။

​“အိမ်တော်သခင်မရှီ... ဒီဆေးဖိုကို ယူမယ်ဆိုရင် အဆင်ပြေမလား”

လင်းကျင်းက ပေါ့ပေါ့ပါးပါး မေးလိုက်၏။

​ဤကဲ့သို့ ထူးခြားသော ဆေးဖိုမှာ ရှီမိသားစု၏ အမွေအနှစ် ဖြစ်နေမည်ကို စိုးရိမ်သဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်၏။ အကယ်၍ ၎င်းမှာ သူမ၏ ဘိုးဘေးများ မြတ်နိုးခဲ့သော၊ အဓိပ္ပာယ် ကြီးမားသော အရာ ဖြစ်နေလျှင် ယူသွားရန် မသင့်တော်ပေ။

​လင်းကျင်း ထိုဆေးဖိုကို မလိုက်သည်ကို မြင်သောအခါ ရှီဝမ်ကျွင်းမှာ သိသိသာသာ အံ့ဩသွားရ၏။ ထို့နောက် သူမက မေးလိုက်သည်မှာ။

“အကဲဖြတ်မှူးလင်း... တခြား တစ်လုံးကိုပဲ ပြန်ရွေးချင်လား”

​တကယ်ပဲ အမွေအနှစ် ဖြစ်နေတာလား။

​လင်းကျင်း စိတ်ပျက်သွားရ၏။

​သို့သော် ရှီဝမ်ကျွင်း၏ နောက်ဆက်တွဲ ရှင်းပြချက်ကြောင့် သူ အထင်မှားသွားမှန်း သိလိုက်ရတော့သည်။

​“အကဲဖြတ်မှူးလင်း... ကျွန်မတို့ ဘိုးဘေးက သူ့ရဲ့ ခရီးစဉ် တစ်ခုမှာ ကျင့်ကြံသူ တစ်ဦးဆီကနေ ဒါကို ပစ္စည်းကောင်းလို့ ထင်ပြီး လဲလှယ်ခဲ့တာပါ... ဒါပေမဲ့ သူ ပြန်လာပြီး စမ်းသုံးကြည့်တဲ့အခါမှာတော့၊ ဒီဆေးဖိုနဲ့ ဆေးလုံး တစ်လုံးမှ အောင်အောင်မြင်မြင် မဖော်စပ်နိုင်ခဲ့ဘူး... အဲဒီအတွက် ရှားပါးတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေ အများကြီး အလဟဿ ဖြစ်ခဲ့ရတယ် .. နောက်ပိုင်းမှာ ကျွန်မအဖေကိုယ်တိုင်လည်း စမ်းသုံးကြည့်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး... ဒီဆေးဖိုထဲမှာ ဆေးလုံးက အောင်မြင်တော့မယ့် အချိန်ရောက်တိုင်း၊ အကြောင်းရင်း မရှိဘဲ ဆေးလုံးတွေက အက်ကွဲပြီး ပျက်စီးသွားတတ်တယ်... အဲဒီကတည်းက ကျွန်မအဖေက ဒါကို ဒီမှာပဲ ထားခဲ့တာ၊ ဘယ်သူမှလည်း ထပ်မထိကြတော့ဘူး”

​သူမက ရွေးချယ်မှုကို ပြန်စဉ်းစားခိုင်းခြင်းမှာ ဤအကြောင်းရင်းကြောင့် ဖြစ်လိမ့်မည်ဟု လင်းကျင်း မထင်ထားခဲ့ပေ။ ရှီဝမ်ကျွင်းမှာ သူ့အတွက် တကယ့်ကို ထည့်တွက်ပေးနေခြင်း ဖြစ်၏။

​သို့သော်လည်း ဤဆေးဖိုမှာ တကယ့်ကို ထူးခြားလှပေသည်။

​သူ ဒါကို ယူရမလား၊ မယူရဘူးလား။

​ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်၊ နောက်ဆုံးတွင် လင်းကျင်းက ဒါကိုပဲ ယူရန် ဆုံးဖြတ်လိုက်တော့၏။

​အကယ်၍ သူသာ ပြတိုက်ထဲက အသေးစိတ် ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်မည်ဆိုလျှင်၊ အရာအားလုံး အဆင်ပြေသွားနိုင်ပေသည်။ ရှီမိသားစု၏ ဘိုးဘေးများက ဤဆေးဖိုကို ဘယ်လို သုံးရမလဲဆိုတာ မသိခဲ့ကြတာလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

​လင်းကျင်း စိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်နေမိဆဲ ဖြစ်၏။

​သို့သော် လူဆိုသည်မှာ လောင်းကစားရသည်ကို ဝါသနာပါကြသည် မဟုတ်ပါလား၊ လင်းကျင်းလည်း ထိုနည်းတူပင်။

​လင်းကျင်းက ဒါကိုပဲ ရွေးလိုက်သည်ကို မြင်သောအခါ ရှီဝမ်ကျွင်းက ရယ်မောလိုက်ရင်း။

“အကဲဖြတ်မှူးလင်း... ဒီလို လုပ်ကြရအောင်လေ... လူကြီးမင်း ဒါကို ယူသွားပြီး စမ်းသုံးကြည့်လိုက်ပါ... အကယ်၍ ထင်သလောက် အဆင်မပြေဘူးဆိုရင်၊ တခြား တစ်လုံးနဲ့ ပြန်လာလဲလို့ ရပါတယ်”

​"ကျေးဇူးတင်ပါတယ် သခင်မရှီ"

လင်းကျင်း အခုမှ စိတ်အေးသွားရတော့သည်။

​အခု ဆေးဖို ရပြီဆိုတော့၊ နောက်ထပ် လိုအပ်တာက ဆေးဖိုမီး ဖြစ်၏။ ပြတိုက်၏ ရှင်းပြချက်အရ၊ ‘အရိပ်ခြောက်ခု သားရဲဝိညာဉ်ဆေးလုံး’ ကို ဖော်စပ်ရန် အတွင်းမီးရော အပြင်မီးပါ သုံးနိုင်ပေသည်။

​နှိုင်းယှဉ်ကြည့်လျှင် အတွင်းမီးကို သုံးခြင်းက ပိုကောင်းသဖြင့်၊ လင်းကျင်းသည် ဆေးဖိုမီး ဂါထာစက္ကူ တစ်ခုကို ငှားရန် ဆုံးဖြတ်လိုက်၏။

​ဆေးဆရာ တစ်ဦးအနေဖြင့် ရှီဝမ်ကျွင်းသည် ဆေးဖိုမီး ဂါထာစက္ကူများကို သူမနှင့်အတူ အမြဲ ဆောင်ထားလေ့ရှိ၏။ ထို့ကြောင့် သူမက လင်းကျင်းကို ချက်ချင်းပင် တစ်ခု ပေးလိုက်၏။

​“အကဲဖြတ်မှူးလင်း... ဒီမီးဂါထာစက္ကူကို သုံးဖို့အတွက် မန္တန် လိုအပ်ပါသလား”

​ရှီဝမ်ကျွင်းသည် စကားလုံးများကို သေချာ ရွေးချယ် ပြောဆိုတတ်ပေသည်။ လင်းကျင်း၏ အမြင်အရ ဤအမျိုးသမီးမှာ အလွန်ပင် ဉာဏ်ရည် မြင့်မားလှပေ၏။ သူမသည် ဂါထာစက္ကူကို ဘယ်လို သုံးရမလဲ သိလားဟု မမေးဘဲ၊ မန္တန် လိုအပ်သလားဟုသာ မေးခဲ့ခြင်း ဖြစ်၏။

​၎င်းမှာ စကားလုံး ရွေးချယ်မှုလေးသာ ဖြစ်သော်လည်း၊ သူမသည် တစ်ဖက်လူ၏ သိက္ခာကို ထည့်တွက်ပေးကြောင်း ပြသနေပေသည်။ အကယ်၍ သူသာ ဂါထာစက္ကူ သုံးနည်းကို မသိခဲ့လျှင်တောင်၊ အရှက်ရသွားမည် မဟုတ်ပေ။

​ကံကောင်းစွာပင်၊ ပြတိုက်ရှိနေသရွေ့ လင်းကျင်းအတွက် တခြား ဘာမှ မလိုအပ်ပေ။

​ဆေးဖော်စပ်နည်း ညွှန်ကြားချက်များမှအစ၊ မီးဂါထာစက္ကူ သုံးနည်း မန္တန်များအထိ ပြတိုက်တွင် ပါရှိပြီး ဖြစ်ရာ၊ လင်းကျင်းက လက်ကာပြလိုက်ရင်း ကျေးဇူးတင်စကား ပြောလိုက်၏။

​“ကျွန်မတို့ဆီမှာ ဆေးဖော်စပ်တဲ့ အခန်း ရှိပါတယ်... အကယ်၍ လူကြီးမင်း အခုပဲ ဆေးဖော်စပ်ချင်တယ်ဆိုရင် သုံးနိုင်ပါတယ်လေ... အခန်းထဲမှာ စိတ်ကို တည်ငြိမ်စေတဲ့ နံ့သာတိုင်တွေလည်း ထွန်းထားတာမို့လို့၊ ကျွန်မတို့လို ဆေးဆရာတွေအတွက်တော့ အရမ်း သင့်တော်ပါတယ်”

ရှီဝမ်ကျွင်းက ထိုသို့ ပြောလာသဖြင့် လင်းကျင်းလည်း သွားရန် ဆုံးဖြတ်လိုက်၏။

​ဆေးဖော်စပ်သည့် အခန်းများ၏ အပြင်ဘက်တွင်တော့ သူတို့သည် အသက်ကြီးကြီး အမျိုးသား အချို့နှင့် တွေ့ဆုံခဲ့ကြ၏။

​ထိုသူများက ရှီဝမ်ကျွင်းကို လာရောက် ဦးညွှတ် နှုတ်ဆက်ကြ၏။ မေးမြန်းကြည့်လိုက်သောအခါမှ၊ ထိုသူများမှာ ရှီမိသားစုဝင်များ ဖြစ်ကြပြီး လက်ရှိ မိသားစုတွင် အတော်ဆုံး ဆေးဆရာကြီးများ ဖြစ်ကြောင်း လင်းကျင်း သိလိုက်ရတော့၏။

All Chapters