← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 8 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 8 Ch. 143-144

အခန်း (၁၄၃) - သမင်ကို ကယ်တင်ခြင်း

​အကဲဖြတ်ခန်း တံခါးဝတွင် အတော်ကြာအောင် ရပ်နေပြီးနောက်၊ နောက်ဆုံးတွင်တော့ ကျားချန်းသည် သွားကို တင်းတင်းကြိတ်ကာ လင်းကျင်း၏ အခန်းထဲသို့ ဝင်ရန် သတ္တိမွေးလိုက်တော့၏။

​လင်းကျင်း ထိုသမင်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကို သူမ ကိုယ်တိုင် မြင်တွေ့လိုခြင်း ဖြစ်သည်။

​လင်းကျင်းအပေါ် ထားရှိခဲ့သော သူမ၏ ရန်ငြိုးများမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်၏။ အထင်သေးခဲ့သော ခံစားချက်များမှာလည်း လွင့်ပြယ်သွားခဲ့ပြီ။ ကျားချန်းသည် သူမ၏ အဂ္ဂတတရားနှင့် မာနများကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည့် တစ်ညတာအတွင်းမှာပင် လူသစ်တစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသကဲ့သို့ ခံစားနေရသည်။ ထိုဖြစ်စဉ်အတွင်းမှာပင် လင်းကျင်း၏ အရည်အချင်းမှာ မည်မျှအထိ ‘ကြောက်စရာကောင်း’ သည်ကို သူမ သဘောပေါက်လာခဲ့၏။

​လင်းကျင်းသည် အရာရာကို အလွယ်တကူ လုပ်ဆောင်နေသည့်အလား တည်တည်ငြိမ်ငြိမ်နှင့် တစ်ဆင့်ချင်း လုပ်ဆောင်သွားသည်။ သူ၏ လုပ်ဆောင်ချက်တိုင်းမှာ မြန်ဆန်ရုံသာမက တိကျလှပြီး အမှားအယွင်းဟူ၍ မရှိသလောက်ပင်။

​လင်းကျင်း သမင်ကို ကုသပေးနေသည်ကို စောင့်ကြည့်ရသည်မှာ ကျားချန်းအတွက် သားရဲအကဲဖြတ် အကယ်ဒမီတွင် သင်ယူခဲ့ရသမျှကို ပြန်လည် နွှေးနေရသကဲ့သို့ပင်။ လင်းကျင်း၏ အရည်အချင်းမှာ သူမ၏ ဆရာကြီးများနှင့် ရင်ဘောင်တန်းနိုင်ရုံသာမက၊ အချို့သော နည်းစနစ်များမှာ အကယ်ဒမီတွင်ပင် တစ်ခါမျှ သင်ကြားမပေးခဲ့ဖူးသော အရာများ ဖြစ်နေသည်ကို တွေ့ရ၏။

​‘လင်းကျင်းက အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲကို ကံကောင်းလို့ အောင်ခဲ့တာ မဟုတ်ဘူးပဲ... သူက တကယ်ကို အရည်အချင်းရှိတဲ့သူပဲ၊ ငါကသာ အချိန်အတော်ကြာအောင် မျက်စိကွယ်နေခဲ့တာ... ငါကိုယ်ငါ ထူးခြားတယ်လို့ ထင်နေခဲ့မိတာက... ပြန်စဉ်းစားကြည့်ရင် ငါက တကယ့်ကို အသိဉာဏ် နည်းပါးပြီး နုနယ်လွန်းခဲ့တာပဲ’

ကျားချန်းသည် မိမိကိုယ်ကိုယ် ပြန်လည် ဆန်းစစ်နေမိ၏။ တစ်ခါတစ်ရံတွင် ရှေ့သို့ ဆက်လက် တိုးတက်ရန်အတွက် မိမိ၏ အမှားကို ဝန်ခံခြင်းမှာသာ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ပေသည်။

​ယခု ကျားချန်းမှာလည်း ထိုသို့ပင် ဖြစ်နေ၏။

​ဒီအချိန်အထိ သူမသည် သူမ၏ ဂုဏ်သိက္ခာကိုသာ အလေးထားခဲ့ကြောင်း သတိထားမိလိုက်သည်။ လိမ်လည်မှုများထဲတွင် နေထိုင်နေမည့်အစား မိမိကိုယ်ကိုယ် ရိုးသားစွာ နေထိုင်ခြင်းက ပို၍ မကောင်းပေဘူးလား။

​အရင်ကကဲ့သို့ ဝန်မခံဘဲ ထွက်သွားမည့်အစား၊ ယခု ကျားချန်းသစ်လေးမှာတော့ ထိုနေရာတွင် ရပ်ကာ လင်းကျင်း သမင်ကို ကုသနေသည်ကို အသေအချာ စောင့်ကြည့်နေခဲ့သည်။

​ဤကုသမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့၏။

​သမင်မှာ လှုပ်ရှားခြင်း မရှိသေးပေ။

​လင်းကျင်းသည် လက်နှိပ်စက်တစ်ခုကို ဖော်ဆောင်လိုက်ပြီး သမင်၏ ဦးခေါင်းကို ရိုက်လိုက်၏။ ချက်ချင်းဆိုသလိုပင် ထိုသတ္တဝါမှာ တုန်ခါသွားပြီး အားလုံးကို အံ့ဩသွားစေသည်မှာ သမင်မှာ မျက်လုံးများ ပွင့်လာကာ ခေါင်းကို မော့လာခြင်းပင် ဖြစ်၏။

​အနီးကပ် ကြည့်လိုက်သောအခါ ဤသမင်ကြီးမှာ အတော်လေး ခန့်ညားလှပေသည်။ သူ၏ ဦးချိုများမှာ ရက်စက်စွာ အဖြတ်ခံထားရသော်လည်း ၎င်းမှာ ပြဿနာကြီး မဟုတ်ပေ။ အကြောင်းမှာ လင်းကျင်းတွင် ထိုဦးချိုများကို အချိန်တိုအတွင်း ပြန်လည် ပေါက်လာစေမည့် နည်းလမ်း ဆယ်မျိုးမက ရှိနေသောကြောင့် ဖြစ်၏။

​လင်းကျင်းက သူ့ကို ကယ်တင်ခဲ့သူမှန်း သိသည့်အတိုင်း ထိုသမင်မှာ လင်းကျင်း၏ လက်ဖဝါးကို သူ၏ ခေါင်းဖြင့် တိုးဝှေ့ကာ ကျေးဇူးတင်ကြောင်း ဖော်ပြနေတော့သည်။

​လင်းကျင်းက ပြုံးလိုက်ရင်း အကဲဖြတ် အစီရင်ခံစာကို စတင် ရေးသားလိုက်၏။

​သင်္ဘောကျင်း အလုပ်သမားများက သူ့ထံသို့ ချဉ်းကပ်လာကာ မေးမြန်းကြသည်။

“ဆရာလင်း... ကျွန်တော်တို့ ဒီသမင်ကို မတော်တဆ ကယ်ခဲ့တာဆိုတော့ သူ ဘယ်လို လမ်းပျောက်လာလဲ မသိဘူး... ကျွန်တော်တို့ ပင်လယ်ထဲကို အခု ပြန်သွားရတော့မှာမို့လို့၊ ဒီသမင်ကို ဆရာ့ဆီမှာပဲ ခဏလောက် အပ်ထားခဲ့လို့ ရမလားခင်ဗျာ”

​သင်္ဘောကျင်း အလုပ်သမားများမှာ ထိုသို့ တောင်းဆိုရသည်ကို အားနာနေပုံရသော်လည်း လင်းကျင်းကတော့ တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်၏။

“ရပါတယ်... ဒီမှာပဲ ထားခဲ့လိုက်ပါ... အကယ်၍ ခင်ဗျားတို့ သူ့ရဲ့ ပိုင်ရှင်ကို တွေ့ခဲ့ရင် ကျုပ်ဆ်ီကို ပြန်ခေါ်လာခဲ့ပါ”

​သင်္ဘောကျင်း အလုပ်သမားများက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြ၏။ သူတို့သည် ကုသခပေးရန် ပြင်ကြသော်လည်း လင်းကျင်းက ငြင်းပယ်လိုက်သည်။

​ဤသင်္ဘောကျင်း အလုပ်သမားများမှာ စိတ်ထားကောင်းသူများ ဖြစ်ကြ၏။ အမှန်စင်စစ် သူတို့သည် ထိုသမင်ကို ကယ်တင်ရန် တာဝန်မရှိပေ။ သမင်ကို ရေနစ်အောင် ပစ်ထားခဲ့လျှင်လည်း မည်သူကမှ အပြစ်တင်မည် မဟုတ်ပေ။ သို့သော် ဤလူများကတော့ ခက်ခက်ခဲခဲ ကယ်တင်ရန် ရွေးချယ်ခဲ့ကြသည်။

​သမင်၏ မူလပိုင်ရှင်နှင့် နှိုင်းယှဉ်လျှင် ဤသင်္ဘောကျင်း အလုပ်သမားများမှာ ပို၍ ဂုဏ်သိက္ခာ ရှိလှပေသည်။

​လင်းကျင်းသည် သမင်မှာ ‘စွန့်ပစ်ခံရခြင်း’ ဖြစ်ကြောင်းကိုတော့ သူတို့ကို မပြောခဲ့ပေ။ ၎င်းမှာ မလိုအပ်ဟု သူ ခံစားရသောကြောင့် ဖြစ်၏။

​အလုပ်သမားများကို ပို့ဆောင်ပြီးနောက်၊ ထောင့်တစ်နေရာတွင် ရပ်နေသော ကျားချန်းကို လင်းကျင်း သတိထားမိလိုက်သည်။

​သူမ ဘယ်အချိန်က ဝင်လာသည်ကို သူ မသိလိုက်ပေ။

​ကျားချန်းက စတင် စကားပြောလိုက်၏။

“ကျွန်မ အစောက အရေးပေါ်ဌာနမှာ ဒီသမင်ကို စစ်ဆေးခဲ့ပါတယ် ... သူ့ရဲ့ ဦးချိုတွေက လူတွေ ဖြတ်ထားတာ သိသာသလို၊ ကိုယ်ပေါ်က ဒဏ်ရာတွေကလည်း ဓားနဲ့ အခုတ်ခံထားရတာပါ... တစ်စုံတစ်ယောက်က သူ့ကို သတ်ဖို့ ကြိုးစားခဲ့တာပဲ... ဒီလောက် ဒဏ်ရာတွေနဲ့ဆိုရင် သူ သေရမှာပေမဲ့ ဆရာလင်းကတော့ ဆရာ့ရဲ့ ထူးခြားတဲ့ စွမ်းရည်နဲ့ သူ့ကို ပြန်အသက်သွင်းပေးနိုင်ခဲ့တယ်... ကျွန်မ အရင်က အရမ်း မာနကြီးပြီး အသိဉာဏ် နည်းခဲ့ပါတယ်... ဆရာ့အပေါ် ပြောခဲ့တဲ့ စကားတွေအတွက် ကျွန်မ မှားခဲ့မှန်း အခု သိလိုက်ရပါပြီ... ဆရာက ခွင့်လွှတ်လိမ့်မယ်လို့ မမျှော်လင့်ပါဘူး၊ ဒါပေမဲ့ ကျွန်မ လုပ်ခဲ့သမျှတွေအတွက် တောင်းပန်ချင်ပါတယ်... ကျွန်မ ကျားချန်း မှားသွားခဲ့ပါတယ်”

​ပြောပြီးသည်နှင့် သူမသည် ဦးညွှတ်လိုက်တော့၏။

​လင်းကျင်းက လက်ဝှေ့ယမ်းပြလိုက်ရင်း။

“ဒါတွေက အတိတ်က ကိစ္စတွေပါ၊ ငါ စိတ်ထဲ မထားပါဘူး”

​၎င်းမှာ ရိုးရိုးရှင်းရှင်း တုံ့ပြန်မှုဟု ထင်ရသော်လည်း လင်းကျင်း အမှန်တကယ်ပင် စိတ်ထဲ မထားတော့ခြင်း ဖြစ်သည်။

​“သမင်ကိစ္စကတော့ မင်း မှားနေတယ်... သူက ဒဏ်ရာ ပြင်းထန်နေတာ ဟုတ်ပေမဲ့ မသေသေးပါဘူး... ငါက မှော်ဆရာလိုမျိုး သေနေတဲ့သူကို ပြန်ရှင်အောင် လုပ်ပေးနိုင်တာ မဟုတ်ဘူး.... အကယ်၍ သူသာ တကယ် သေသွားခဲ့ရင် ငါလည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး”

​၎င်းမှာ အမှန်တရားပင်။

​လင်းကျင်း မည်မျှပင် တော်ပါစေ၊ သေဆုံးသွားသော သတ္တဝါတစ်ကောင်ကိုတော့ မည်သို့မျှ ပြန်လည် အသက်သွင်းပေးနိုင်မည် မဟုတ်ပေ။

​သို့သော် ရှေးဟောင်းဒဏ္ဍာရီများတွင်တော့ အရိုးပေါ်တွင် အသားများ ပြန်လည် ပေါက်လာစေနိုင်သည့် ဆေးပညာရပ်များ ရှိခဲ့သည်ဟု ဆိုကြ၏။ သို့သော် ၎င်းမှာ ဒဏ္ဍာရီမျှသာဖြစ်ပြီး လက်ရှိတွင်တော့ မည်သူမျှ မလုပ်နိုင်ပေ။

​ကျားချန်းက ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်မိ၏။ သူမသည် တင်စား၍ ပြောလိုက်ခြင်းသာ ဖြစ်သည်။

​သူမသည် နှုတ်ဆက်ပြီး လင်းကျင်း၏ အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်၏။

​သို့သော် လင်းကျင်း အကဲဖြတ် အစီရင်ခံစာ ရေးသားရန် ပြင်နေသည်ကို မြင်သောအခါ သူမ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

​သူမ၏ အကြီးမားဆုံး အိပ်မက်မှာ တရားဝင် အကဲဖြတ်မှူး တစ်ဦး ဖြစ်လာရန် ဖြစ်ပြီး၊ ထိုအိပ်မက်အတွက် သူမသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည်။ သို့သော် ကျားချန်းမှာ အိပ်မက်နှင့် တစ်လှမ်းအကွာမှာတင် အမြဲတမ်း ရပ်တန့်နေခဲ့ရ၏။

​၎င်းမှာ သူမ အရင်က အလွန်အမင်း မာနကြီးခဲ့သောကြောင့်လည်း ဖြစ်နိုင်ပေသည်။

​သူမ၏ ဤအားနည်းချက်ကို ပြင်ဆင်ရမည် ဖြစ်ရာ၊ ပထမဆုံး အဆင့်မှာ သူမ၏ မာနကို ဘေးဖယ်ထားရန်ပင် ဖြစ်၏။

​သမင်ကို ကိုယ်တိုင် စစ်ဆေးခဲ့ဖူးသလို၊ လင်းကျင်း၏ ကုသမှုကိုလည်း မြင်တွေ့ခဲ့ရသဖြင့် သူမတွင် ဝေခွဲမရဖြစ်နေသော ဆေးပညာဆိုင်ရာ အချက်အလက်အချို့ ရှိနေသည်။ ၎င်းတို့ကို သူမ အသေအချာ လေ့လာရန် လိုအပ်ပေသည်။

​အကယ်၍ လင်းကျင်း ရေးထားသော အကဲဖြတ် အစီရင်ခံစာကိုသာ ဖတ်ခွင့်ရမည်ဆိုလျှင်...

​ကျားချန်းသည် လင်းကျင်းထံမှ အစီရင်ခံစာကို တောင်းကြည့်ချင်သော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့နေခဲ့၏။ သူမ၏ သိက္ခာကို ချက်ချင်း စွန့်လွှတ်ရန်မှာ ခက်ခဲနေဆဲပင်။

​လင်းကျင်းက သူမကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။

​ကျားချန်း မထွက်ဘဲ တွန့်ဆုတ်နေသည်ကို ကြည့်ခြင်းဖြင့် သူမတွင် တောင်းဆိုစရာ တစ်ခုခု ရှိနေကြောင်း သူ သိလိုက်သည်။ သူမသည် သူ၏ အစီရင်ခံစာကို ဖတ်ချင်နေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် လင်းကျင်းက အလွယ်တကူတော့ ပေးမည် မဟုတ်ပေ။ အကယ်၍ သူမ လိုချင်လျှင် သူမ ကိုယ်တိုင် တောင်းဆိုရပေလိမ့်မည်။ လူတိုင်းက သူမကို လိုက်ပြီး အလိုလိုက်နေရမည့် ခေတ်ကာလများ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​လင်းကျင်းသည် ကျားချန်းကို ဂရုမစိုက်တော့ဘဲ အကဲဖြတ် အစီရင်ခံစာကို ဆက်လက် ရေးသားလိုက်၏။

​မှတ်တမ်းတင်ရန်အတွက် သူ ရေးသားရမည် မဟုတ်ပါလား။

​ကျားချန်း၏ မျက်နှာမှာ နီမြန်းလိုက် ဖြူလျော့လိုက် ဖြစ်နေပြီး စကားပြောချင်သော်လည်း တွန့်ဆုတ်နေဆဲ ဖြစ်ကြောင်း သိသာလှပေသည်။ နောက်ဆုံးတွင်တော့ သူမသည် အားတင်းကာ ပြောလိုက်၏။

“ဆရာလင်း... ကျွန်မ တောင်းဆိုစရာ တစ်ခု ရှိပါတယ်”

​“ပြောလေ” ဟု လင်းကျင်းက ခေါင်းမော့မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

​လူသားများသည် ငြင်းပယ်ခံရမည်ကို စိုးရိမ်သဖြင့် စကားပြောရန် တွန့်ဆုတ်တတ်ကြ၏။ သို့သော်လည်း လက်တွေ့တွင်တော့ မည်သူကမှ သင့်အတွက် အရာရာကို အလိုအလျောက် လွယ်ကူအောင် လုပ်ပေးမည် မဟုတ်ပေ။ ငြင်းပယ်ခံရနိုင်သည့် အခြေအနေ ရှိနေသော်လည်း စကားပြောရန် လိုအပ်ပေသည်။

​စကားမပြောလျှင် ငြင်းပယ်ခံရမည်လား၊ လက်ခံမည်လားဆိုသည်ကို မည်သို့ သိနိုင်မည်နည်း။

​အတိတ်တွင် ကျားချန်းသည် သိက္ခာအပေါ်တွင်သာ အလွန်အမင်း အာရုံစိုက်ခဲ့ပြီး၊ သူမကို အသုံးချချင်သူများကလည်း သူမ၏ မာနကို မြှောက်ပင့်ပေးခဲ့ကြသည်။ သူမကို ဂရုမစိုက်သော လင်းကျင်းနှင့် တွေ့သောအခါတွင်တော့ သူမသည် အခြားသော နည်းလမ်းကို အသုံးပြုရန်မှတစ်ပါး အခြားမရှိတော့ပေ။

​နောက်ဆုံးတွင်တော့ သူမ ပြောလိုက်နိုင်ပြီ ဖြစ်သည်။

“ဆရာလင်း ရေးထားတဲ့ သမင်ရဲ့ အကဲဖြတ် အစီရင်ခံစာကို ကျွန်မ ခဏလောက် ငှားဖတ်လို့ ရမလားဟင်”

​လင်းကျင်း ဘာမှ မပြောပေ။ နောက်ဆုံး အချက်ကို ရေးသားပြီးနောက် သူသည် စုတ်တံကို ချလိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြင်လိုက်၏။ အခန်းထဲမှ မထွက်ခွာမီ သူက ပြောလိုက်သည်။

“ဖတ်ပြီးသွားရင် ပြန်သိမ်းထားပေးလိုက်ပါဦး”

​ပြောပြီးသည်နှင့် သူသည် နောက်သို့ လှည့်မကြည့်ဘဲ ထွက်သွားတော့၏။

​ကျားချန်း၏ နဖူးပေါ်တွင် ချွေးအေးများ စိုရွှဲနေသော်လည်း၊ လင်းကျင်း၏ အဖြေကို ကြားလိုက်ရသောအခါ သူမ ကြောင်သွားရသည်။

​ဒါ... ဒီလောက်တောင် လွယ်ကူတာလား။

​လင်းကျင်းသည် သမင်ကို ပုတ်ပေးလိုက်ပြီး ဂါထာ အနည်းငယ် အသုံးပြုလိုက်ရာ သမင်မှာ ထနိုင်ပြီး လမ်းလျှောက်နိုင်သွားခဲ့သည်။

​သမင်တွင် ပိုင်ရှင် မရှိသဖြင့် လင်းကျင်းသည် သူ့ကို ခေတ္တ စောင့်ရှောက်ရန်သာ ရှိတော့၏။ သူသည် သမင်ကို အိမ်သို့ ခေါ်သွားပြီး ခြံဝင်းအတွင်းရှိ သားရဲခြံထဲတွင် ထားလိုက်သည်။

​ဤသားရဲခြံထဲတွင် မူလက လူနာတစ်ဦး ရှိနေခဲ့သည်၊ ၎င်းမှာ အရိပ်ဝံပုလွေပင် ဖြစ်၏။ ယခုမူ သမင်တစ်ကောင် ထပ်တိုးလာခဲ့ပြီ။

​သားရဲပြတိုက်၏ ဖော်ပြချက်အရ ဤသမင်မှာ ‘ကိုးစင်းမြောက် မိုးကြိုးဦးချို သမင်’ ဖြစ်ပေသည်။ ၎င်းတွင် ကောင်းမွန်သော သွေးမျိုးဆက် ရှိပြီး သင့်တော်သော အခြေအနေများ ရှိပါက အလွန် အစွမ်းထက်သော သတ္တဝါတစ်ကောင် ဖြစ်လာနိုင်၏။ ၎င်းမှာ အရိပ်ဝံပုလွေနှင့် ရွှေဝါလေးတို့နှင့် အဆင့်အတန်း တူညီလှပေသည်။

​သို့သော် ယခုအချိန်တွင်မူ ၎င်းမှာ အဆင့် ၁ သာ ရှိသေးပြီး ဒဏ်ရာ အပြင်းအထန် ရရှိထားခြင်း ဖြစ်သည်။

​အသက်အန္တရာယ် မရှိတော့ပြီ ဖြစ်ရာ ယခု အရေးကြီးဆုံးမှာ အင်အား ပြန်လည် ပြည့်ဖြိုးလာရန်ပင် ဖြစ်၏။

​လင်းကျင်းသည် အိမ်တွင် ရှိနေသော ဆေးဖက်ဝင် အပင်အချို့ကို သမင်အား ကျွေးလိုက်သည်။ လိမ္မာသော သတ္တဝါဖြစ်သည့်အတိုင်း သမင်မှာ ငြိမ်သက်နေပြီး လင်းကျင်း ခိုင်းသမျှကို လိုက်နာနေ၏။

​“ကောင်းမွန်တဲ့ သွေးမျိုးဆက်နဲ့ အလားအလာရှိတဲ့ ကိုးစင်းမြောက် မိုးကြိုးဦးချို သမင်တစ်ကောင်ကို ဘယ်သူကများ ဒီလောက် ရက်စက်ပြီး မိုက်မိုက်မဲမဲ စွန့်ပစ်ခဲ့တာလဲ... စွန့်ပစ်ချင်ရင်လည်း စွန့်ပစ်ပေါ့၊ ဒီလောက်အထိ သေအောင် လုပ်သွားစရာ လိုလို့လား”

​လင်းကျင်းသည် သမင်ကို နေရာချပေးပြီးနောက် ပြန်ထွက်လာခဲ့၏။ လမ်းတစ်လျှောက်တွင် သူ စဉ်းစားနေမိသည်။

​ရှောင်ဟော့သည် သူ၏ ဘေးမှ လိုက်ပါလာ၏။ လင်းကျင်း သွားလေရာရာတွင် သူသည် အမြဲ ရှိနေပေလိမ့်မည်။

​လင်းကျင်းသည် ရှောင်ဟော့ကို လှမ်းကြည့်လိုက်သော်လည်း အဖြေရှာမရပေ။ သားရဲများမှာ လူသားတစ်ဦး၏ အကောင်းဆုံး အဖော်များ ဖြစ်ကြသည်။ သူတို့ကို မိသားစုဝင်ဟု ခေါ်လျှင်ပင် ပိုမည် မဟုတ်ပေ။

​ထိုသမင်မှာ ဓားများ၊ ပုဆိန်များဖြင့် အတိုက်ခိုက် ခံခဲ့ရသည်။ သို့သော် သမင်က ပြန်လည် ခုခံခဲ့ပုံ မရပေ။ အကြောင်းမှာ အကယ်၍ သမင်သာ ပြန်တိုက်ခဲ့လျှင် သာမန်လူတစ်ဦးမှာ ထိုသမင်ကို နိုင်ရန် မလွယ်ကူသောကြောင့် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သူ့ကို သတ်ရန် ကြိုးစားသူမှာ သူ၏ ပိုင်ရှင်သာ ဖြစ်ရပေမည်။

အခန်း (၁၄၄) - မြက်ခင်းပြင်မှ သားရဲများနှင့် တုန်းဟယ်၏ လေ့လာချက်

​သမင်ကြီး အသက်ငွေ့ငွေ့သာ ကျန်တော့သည့် အချိန်တွင်၊ သူ၏ ပိုင်ရှင်ဖြစ်သူသည် သွေးစာချုပ်ကို ရက်စက်စွာ ဖျက်သိမ်းပြီး ပင်လယ်ထဲသို့ ပစ်ချခဲ့ခြင်း ဖြစ်၏။ ထိုပိုင်ရှင်သည် ဤသမင်မှာ အသက်ဘေးမှ လွတ်မြောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်ထားခဲ့ပုံ မရပေ။

​မည်သည့်အကြောင်းကြောင့် ဤမျှအထိ ရက်စက်ရသနည်းဆိုသည်ကို လင်းကျင်း မသိသော်လည်း၊ အကယ်၍ ထိုလူယုတ်မာနှင့်သာ တွေ့ခဲ့လျှင် သမင်ကို ဘာကြောင့် ဤမျှအထိ နှိပ်စက်ခဲ့ရသနည်းဟု သူ သေချာပေါက် မေးမြန်းမိပေလိမ့်မည်။

............

​မြက်ခင်းပြင်တိုက်ကြီးမှ ကုန်သည်အဖွဲ့သည် မေပယ်မြို့အတွင်းရှိ မြေကွက်လပ်တစ်ခုတွင် အခြေချနေထိုင်ကြ၏။ လူအများအပြားမှာ ထိုနေရာသို့ ဦးတည်နေကြပြီး ပွဲတော်တစ်ခုကဲ့သို့ စည်ကားလျက် ရှိပေသည်။

​သားရဲများကို မဝယ်နိုင်သည့်တိုင်အောင် ဗဟုသုတ တိုးပွားရန်အတွက် သွားရောက်ကြည့်ရှုကြခြင်း ဖြစ်၏။

​လင်းကျင်းသည်လည်း တစ်စုံတစ်ရာ ဝယ်ယူရန် ရည်ရွယ်ချက် မရှိပေ။ သူသည် သားရဲအသစ်များကို မှတ်တမ်းတင်ရန်အတွက်သာ ရောက်ရှိလာခြင်း ဖြစ်သည်။

​ရောက်ရောက်ချင်းမှာပင် လင်းကျင်းသည် ကြီးမားလှသော သတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။

​၎င်း၏ ခြေလက်များမှာ သန်မာထွားကြိုင်းလှပြီး အရှည် ၆ မီတာခန့် ရှိကာ အရေပြားမှာလည်း အလွန်ပင် မာကျောပုံရသည်။ ထိုသတ္တဝါကြီး၏ ဘေးပတ်လည်တွင် ခြံစည်းရိုးများ မရှိဘဲ လူအများက ဝိုင်းအုံကြည့်နေကြသည်ကို ကြည့်ခြင်းဖြင့် ၎င်းမှာ ယဉ်ပါးပြီးသား သတ္တဝါဖြစ်ကြောင်း သိသာလှပေသည်။

​လင်းကျင်းသည် အနားသို့သွားကာ ထိုသတ္တဝါကို လက်ဖြင့် ထိလိုက်၏။

​“အဆင့် ၁ အမ်ဘူလိုစီတပ်။ သွေးစာချုပ် ချုပ်ဆိုထားပြီးသား။ မြေဓာတ် စွမ်းအင်ရှိသည်။” (Ambulocetus ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၇ သန်းက နေထိုင်ခဲ့တဲ့ "လမ်းလျှောက်နိုင်တဲ့ ဝေလငါး" (Walking Whale) ရဲ့ ရှေးဦးမျိုးနွယ်ပါ။)

​“မြက်ခင်းပြင်တိုက်ကြီး၏ ထူးခြားသော သတ္တဝါဖြစ်ပြီး ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် ကျွမ်းကျင်သည်။”

​“ဆင့်ကဲပြောင်းလဲနိုင်သော နည်းလမ်းမှာ...”

​လင်းကျင်း နားလည်သွားခဲ့ပြီ။ ဤသတ္တဝါ၏ အဓိက တာဝန်မှာ လှည်းဆွဲရန် ဖြစ်ပြီး မြင်း သို့မဟုတ် နွားတို့ကဲ့သို့ အသုံးပြုခြင်း ဖြစ်ပေသည်။

​သို့သော် ၎င်း၏ ကိုယ်ထည်နှင့် ခေါင်းမှာ အလွန်ပင် ခန့်ညားလှ၏။ မြက်ခင်းပြင်တိုက်ကြီးမှ သားရဲများမှာ အကောင်းဆုံးဖြစ်သည်ဟူသော စကားမှာ အလကား ပြောခဲ့ခြင်း မဟုတ်ပေ။

​ဤအမ်ဘူလိုစီတပ်ကို မြင်ပြီးနောက်တွင်တော့ လင်းကျင်းသည် တစ်နေ့တွင် မြက်ခင်းပြင်တိုက်ကြီးသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုနေရာတွင် သူ့ကို စောင့်ကြိုနေမည့် စိတ်ဝင်စားစရာ အရာများစွာ ရှိနေမည်ဟု သူ ခံစားမိသောကြောင့် ဖြစ်၏။

​လင်းကျင်းသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ အမ်ဘူလိုစီတပ်မှာ မြင်းနှင့် တူသဖြင့် ကြည့်စရာ သိပ်မရှိတော့ပေ။ အတွင်းဘက်တွင် ပို၍ ထူးခြားသော သတ္တဝါများ ရှိနေသေးသည်။

​ဤနေရာတွင် မြက်ခင်းပြင်တိုက်ကြီး၏ မျိုးရင်း သတ္တဝါများစွာနှင့် သူ တွေ့ဆုံခဲ့ရ၏။

​လင်းကျင်းသည် ယခင်က မြောက်ပိုင်းမှ လူများနှင့် တွေ့ဆုံဖူးသည်။ သူတို့မှာ ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းပြီး ပွင့်လင်းရိုးသားသူများ ဖြစ်ကြ၏။ အခြားတစ်ဖက်တွင်မူ မြက်ခင်းပြင်တိုက်ကြီးမှ လူများမှာတော့ ‘ကြမ်းတမ်းခက်ထန်ခြင်း’ ၏ ပြယုဂ်များပင် ဖြစ်ကြသည်။

​သူတို့သည် ကြွက်သားကြီးမားပြီး ထင်ရှားနေသည်မျိုး မဟုတ်သလို၊ သားရေများကို ဝတ်ဆင်ထားခြင်း သို့မဟုတ် သားရဲသွားများကို အဆောင်အယောင်အဖြစ် ဆင်မြန်းထားခြင်းမျိုးလည်း မဟုတ်ပေ။ သို့သော်လည်း သူတို့တွင် စပါတန်စစ်သည်များကဲ့သို့သော ခိုင်မာသည့် စိတ်ဓာတ်မျိုး ရှိနေသည်ကို ခံစားရ၏။

​အမျိုးသားရော အမျိုးသမီးပါ ထိုခံစားချက်မျိုး ပေးစွမ်းနေကြသည်။

​ရှေ့တွင်တော့ သံကြိုးများဖြင့် ချည်နှောင်ထားသော သားရဲများနှင့် လှောင်အိမ်ထဲတွင် ထည့်ထားသော သတ္တဝါများကို တွေ့ရ၏။ ထိုသတ္တဝါအများစုကို လင်းကျင်း တစ်ခါမျှ မမြင်ဖူးသော်လည်း အချို့ကိုတော့ စာအုပ်များထဲတွင် မြင်ဖူးပေသည်။

​ဥပမာအားဖြင့် ၂ မီတာကျော် ရှည်လျားသော ရှာပေးဖွတ်နှင့် တိုက်ခိုက်မှု စွမ်းရည် ပြင်းထန်သော သဲမှုတ်မြွေတို့ ဖြစ်ကြ၏။

​ခြုံပြောရလျှင် အရွယ်အစားမျိုးစုံရှိသော သစ်သားလှောင်အိမ် သို့မဟုတ် သံလှောင်အိမ်ပေါင်း တစ်ရာကျော် ရှိနေပေသည်။ သံကြိုး သို့မဟုတ် ကြိုးများဖြင့် ချည်ထားသော သတ္တဝါများမှာလည်း အမြောက်အမြား ရှိနေသေး၏။

​အချိန်မဆွဲတော့ဘဲ လင်းကျင်းသည် သူ၏ ရစ်ပတ်အပ်နည်းစနစ်ကို အသုံးပြုကာ ‘သားရဲများကို မှတ်တမ်းတင်ခြင်း’ ကို စတင်လိုက်တော့သည်။

​အိပ်ပျော်နေသော ရှာပေးဖွတ်တစ်ကောင်သည် သူ၏ ခြေထောက်တွင် အပ်ဖြင့် အထိုးခံလိုက်ရသဖြင့် လန့်နိုးသွားကာ တုန်ခါသွား၏။ အနားရှိ မြက်ခင်းပြင်တိုက်ကြီးသား တစ်ဦးမှာ ထိုဖွတ်၏ အမြီးနှင့် ရိုက်မိပြီး မြေပြင်ပေါ်သို့ မှောက်လျက် လဲကျသွားတော့သည်။

​ထင်ရှားသည်မှာ ရှာပေးဖွတ်၏ အရေပြားမှာ မည်မျှပင် ထူပါစေ၊ လင်းကျင်း၏ ရစ်ပတ်အပ်၏ ထက်မြက်မှုကိုတော့ မခံနိုင်ပေ။

​လင်းကျင်း သွားလေရာရာတွင် သားရဲများမှာ နာကျင်မှုကြောင့် အော်ဟစ်ခြင်း၊ တုန်ခါခြင်း သို့မဟုတ် ရုန်းကန်ခြင်းများ ဖြစ်ပေါ်နေတော့၏။

​“အဆင့် ၁ ရှာပေးဖွတ်။ မြေဓာတ် စွမ်းအင်...”

​“အဆင့် ၁ ကျောက်ချို တိုင်ရန်နိုဆော။ မြေဓာတ် စွမ်းအင်...”

​“အဆင့် ၂ သံခွံကင်းမြီးကောက်။ သစ်သားဓာတ် စွမ်းအင်...”

​“...”

​သားရဲများ၏ အချက်အလက်များ ပြတိုက်အတွင်းသို့ စီးဝင်လာသည်ကို ကြည့်ရင်း လင်းကျင်း စိတ်လှုပ်ရှားနေမိသည်။ ထိုအထဲတွင် ရှားပါးသားရဲ အချို့ကိုပင် တွေ့လိုက်ရသေး၏။ ဤသားရဲအားလုံးကို မှတ်တမ်းတင်ပြီးလျှင် နောက်ထပ် ဆုလာဘ်များကို သူ ရရှိတော့မည် မဟုတ်ပါလား။

​အနည်းငယ် ဝေးသော နေရာမှ တုန်းဟယ်သည် လင်းကျင်းကို သတိပြုမိလိုက်သည်။

​သူက မျက်မှောင်ကြုတ်လိုက်၏။

​“ဒီလူက ဘယ်နေရာသွားသွား ရှိနေတာပဲလား”

​ဖောက်သည်တစ်ဦး၏ ကဏန်းကို ပေါင်းတင်လိုက်သည့် လင်းကျင်း၏ နည်းလမ်းကို သူ လိုက်လုပ်ခဲ့မိသည့် ကိစ္စမှာ ယခုထက်တိုင် တုန်းဟယ်အတွက် မေ့မရနိုင်သော အဖြစ်အပျက်ပင်။

​လင်းကျင်းသည် သူ့ကို တမင်တကာ ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်သည်ဟု တုန်းဟယ်က ယူဆထား၏။

​သို့သော်လည်း ယခုအခါတွင်တော့ လင်းကျင်း၏ အရည်အချင်းကို သူ အသိအမှတ်ပြုလိုက်ရပြီ ဖြစ်သည်။ သူ၏ အစ်မဖြစ်သူ တုန်းချွဲနှင့် ယောက်ဖဖြစ်သူ နန်ကုန်းရှန်းတို့ကပင် လင်းကျင်းအကြောင်းကို သူ့အား ပြောပြခဲ့ကြသည် မဟုတ်ပါလား။

​အကယ်၍ အရည်အချင်း မရှိလျှင် အဆင့် ၂ အကဲဖြတ်မှူး စာမေးပွဲကို လင်းကျင်း အောင်မြင်လိမ့်မည် မဟုတ်ပေ။

​နန်ကုန်းရှန်းက တုန်းဟယ်ကို အနေအေးအေးနေရန်နှင့် အခွင့်အရေး ရလျှင် လင်းကျင်းထံမှ တစ်ခုခုကို သင်ယူရန်ပင် မှာကြားထားခဲ့သေးသည်။

​အပြင်ပန်းတွင် ဂရုမစိုက်သလို နေသော်လည်း တုန်းဟယ်မှာ ထိုစကားကို အမြဲ မှတ်ထား၏။

​ယခု သူသည် လင်းကျင်းကို အဝေးမှ စောင့်ကြည့်နေပြီး၊ လင်းကျင်း သားရဲများကို မည်သို့ အကဲဖြတ်သည်ကို လေ့လာနေခြင်း ဖြစ်သည်။

​တုန်းဟယ်၏ နောက်ပါများကလည်း လင်းကျင်းကို တိတ်တဆိတ် စောင့်ကြည့်နေကြ၏။

​“အစ်ကိုတုန်း... သတိထားမိလား... လင်းကျင်း သွားတဲ့နေရာတိုင်းမှာ သားရဲတွေက အော်နေကြတယ်” ဟု အကဲခတ် ကောင်းသော နောက်ပါတစ်ဦးက ပြောလိုက်သည်။

​တုန်းဟယ် ခေါင်းညိတ်လိုက်၏။

​သူလည်း သတိထားမိပါသည်။

​“ဒါတင်မကသေးဘူး။ ဟိုမှာကြည့်... အမ်ဘူလိုစီတပ်ကြီးတွေက လူတွေ ထိတာကို သိပ်မကြိုက်ကြဘူး... လူတွေ လက်လှမ်းလိုက်ရင် သူတို့က ရှောင်ကြတယ်... ဒါပေမဲ့ လင်းကျင်း ထိတဲ့အခါကျတော့ သူတို့က မရှောင်တဲ့အပြင် ငြိမ်နေကြတယ်... ဒါ ဘာကြောင့်လဲ”

တုန်းဟယ်ကလည်း သူ၏ အကဲခတ်နိုင်စွမ်းကို ထုတ်ပြလိုက်၏။

​အခြားသူများကလည်း ခေါင်းညိတ် ထောက်ခံကြသော်လည်း ဤလျှို့ဝှက်ချက်ကိုတော့ မည်သူမျှ အဖြေမထုတ်နိုင်ကြပေ။

​ထိုစဉ် တစ်ယောက်က ပြောလိုက်သည်။

“လင်းကျင်းက လက်နှိပ်စက်တွေလည်း မသုံးဘူး၊ ဂါထာတွေလည်း မရွတ်ဘူး... ဆိုလိုတာက သူက သားရဲအကဲဖြတ် ပညာရပ်တွေကို သုံးနေတာ မဟုတ်လောက်ဘူး... သူ့ကို အနီးကပ် စောင့်ကြည့်ရအောင်....တစ်ခုခုတော့ သိရမှာပဲ”

​တုန်းဟယ်က သဘောတူလိုက်၏။ သူလည်း ထိုအတိုင်းပင် စဉ်းစားနေခြင်း ဖြစ်သည်။

​လင်းကျင်းမှာ အလွန်ပင် လျင်မြန်စွာ တိုးတက်လာခဲ့သူ ဖြစ်၏။

​မည်မျှအထိ မြန်ဆန်သနည်းဆိုလျှင် တစ်သင်းလုံးကပင် သူ့ကို အသားမကျနိုင်လောက်အောင် ဖြစ်နေရသည်။ အသိပညာကိုတော့ သူ ခိုးယူ၍ မရနိုင်သော်လည်း၊ အကယ်၍ လင်းကျင်းတွင် မည်သူမျှ မသိသော လျှို့ဝှက်နည်းလမ်းများ ရှိနေလျှင်၊ လင်းကျင်း လုပ်နိုင်ပါက သူလည်း လုပ်နိုင်ရမည်ဟု တုန်းဟယ်က ယူဆထား၏။

​ထို့ကြောင့် သူတို့အဖွဲ့မှာ လင်းကျင်းထံမှ အရိပ်အယောင်တစ်ခုခု ရလိုရငြား အဝေးမှနေ၍ ဆက်လက် စောင့်ကြည့်နေကြတော့သည်။

​ထိုစဉ် လင်းကျင်းသည် နေရာတစ်ခုသို့ သွားကာ သံသယဖြစ်ဖွယ် ဆောင့်ကြောင့် ထိုင်လိုက်သည်ကို သူတို့ မြင်လိုက်ရ၏။

​“သူ ဘာလုပ်နေတာလဲ”

​တုန်းဟယ်၏ ရင်မှာ ခုန်သွားပြီး၊ သူသည် အသေအချာ မြင်ရရန်အတွက် ခေါင်းကို ဆန့်ငံ့ကာ ကြည့်လိုက်တော့သည်။

​သို့သော် လူအများအပြား ရှိနေသဖြင့် ခြေဖျားထောက်ကြည့်လျှင်ပင် သေချာ မမြင်ရပေ။ ၎င်းက သူ့ကို စိတ်တိုသွားစေသဖြင့် တုန်းဟယ်သည် လူအုပ်ကို တိုးဝှေ့ကာ လင်းကျင်းရှိရာသို့ အမြန် သွားလိုက်တော့၏။

​ထိုအချိန်တွင် လင်းကျင်းမှာ ပြန်ထရပ်လိုက်ပြီး ဘာမှ မဖြစ်သလို ရှေ့သို့ ဆက်လက် လျှောက်သွားခဲ့ပြီ ဖြစ်သည်။

​တုန်းဟယ်နှင့် သူ၏ နောက်ပါများမှာ လင်းကျင်း အစောက ဆောင့်ကြောင့် ထိုင်ခဲ့သည့် နေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ လင်းကျင်း ထိုနေရာတွင် တစ်ခုခု လုပ်ခဲ့သည်ဟု သူတို့ တွက်ဆထားကြ၏။

​“ဒီနေရာပဲ ဖြစ်ရမယ်”

တုန်းဟယ်သည် လင်းကျင်း ရပ်ခဲ့သော နေရာသို့ ရောက်လာခဲ့သည်။ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သစ်သားပုံးတစ်ပုံးကို တွေ့လိုက်ရ၏။

​ထိုသစ်သားပုံးထဲတွင် လှောင်အိမ်ထဲမှ သားရဲတစ်ကောင်၏ မစင်များ ရှိနေသဖြင့် အနံ့မှာ အလွန်ပင် ဆိုးရွားလှပေသည်။

​၎င်းမှအပ အခြား ဘာမျှ မရှိပေ။

​တုန်းဟယ်၏ နောက်ပါများထဲမှ တစ်ဦးမှာ အလေးအနက် စဉ်းစားလိုက်ပြီးနောက် အကြံတစ်ခု ရသွားပုံရသည်။

​“အစ်ကိုတုန်း... ကျွန်တော် သိပြီ” ဟု ထိုသူက အော်လိုက်၏။

​တုန်းဟယ် စဉ်းစားနေစဉ် အနှောင့်အယှက် ပေးခံလိုက်ရသဖြင့် စိတ်တိုသွားကာ ပြောလိုက်သည်။

“မြန်မြန်ပြောစမ်းပါ... ငါ့ကို ရင်ခုန်အောင် မလုပ်နဲ့”

​ထိုသူက ချက်ချင်းပင် ရှင်းပြတော့သည်။

“အစ်ကိုတုန်း... သားရဲစွယ်စုံကျမ်းထဲမှာ ဖတ်ဖူးတာ မှတ်မိလား... တောရိုင်းသားရဲတွေက သူတို့ရဲ့ နယ်မြေကို ဘယ်လို သတ်မှတ်ကြလဲ”

​တုန်းဟယ်က ခဏစဉ်းစားပြီးနောက် ဖြေလိုက်၏။

“မစင်တွေနဲ့ ဆီးတွေနဲ့ပေါ့”

​“ဟုတ်တယ်”

ထိုသူက ဂုဏ်ယူစွာဖြင့် ဆက်ပြောသည်။

"ကျွန်တော့်အထင်တော့ လင်းကျင်း သားရဲတွေကို ခြောက်လှန့်နိုင်တာက ဒီမစင်ပုံးကြောင့်ပဲ ဖြစ်ရမယ်.... စဉ်းစားကြည့်လေ... သားရဲတွေရဲ့ အနံ့ခံအာရုံက ငါတို့ထက် အဆပေါင်းများစွာ သာတယ်... ယုန်တစ်ကောင်က ခြင်္သေ့ရဲ့ အနံ့ကို ရရင် မကြောက်ဘဲ နေပါ့မလား”

​၎င်းမှာ အလွန်ပင် ရိုးရှင်းသော သီအိုရီတစ်ခု ဖြစ်၏။ အခြေခံ ဗဟုသုတ ရှိသူတိုင်း သိနိုင်သော အချက်ပင်။

​အချို့သော စာအုပ်များတွင်ပင် ဤကဲ့သို့သော နည်းလမ်းများကို မှတ်တမ်းတင်ထားကြပေသည်။

​ဥပမာအားဖြင့် ရှေးယခင်က တောထဲတွင် လမ်းပျောက်သူများသည် အခြားသော သားရဲများ မလာရောက်နိုင်ရန်အတွက် သားရဲကြီးများ၏ မစင်များကို မိမိကိုယ်ပေါ်တွင် သုတ်လိမ်းထားလေ့ ရှိကြ၏။ သားရဲများကို ယဉ်ပါးအောင် လုပ်ဆောင်ရာတွင်လည်း အဆင့်မြင့် သားရဲ၏ အနံ့ကို အသုံးပြု၍ သားရဲအသစ်များကို ထိန်းချုပ်ခြင်းမှာ အသုံးများသော နည်းလမ်း ဖြစ်ပေသည်။

​သို့သော်လည်း ဤနည်းလမ်းများမှာ ရှေးကျလှပြီဖြစ်ပြီး၊ ယခုအခါ မည်သူမျှ မသုံးကြတော့ပေ။ အကြောင်းမှာ မစင်နှင့် ဆီးတို့မှာ ညစ်ပတ်လှသောကြောင့်ပင်။ ထို့အပြင် သားရဲများကို နှိမ်နင်းရန်အတွက် ဂါထာများနှင့် လက်နှိပ်စက်များစွာ ရှိနေပြီ မဟုတ်ပါလား။ ထို့ကြောင့် စာအုပ်များထဲတွင် မှတ်တမ်းတင်ထားသော်လည်း အကဲဖြတ်မှူး အများစုမှာ ဤနည်းလမ်းကို မသုံးလိုကြပေ။

​လင်းကျင်း၏ လျှို့ဝှက်ချက်ကို သိသွားပြီဟု ယူဆထားသော တုန်းဟယ်ပင်လျှင် အထင်သေးသော မျက်လုံးများဖြင့် ကြည့်လိုက်တော့၏။

​“လင်းကျင်းက ဘယ်လောက်တောင် ထူးခြားတဲ့ ပညာတွေ သုံးနေလဲလို့ ငါက ထင်နေတာ... တကယ်တော့ သူက ဒီလောက်အထိ နိမ့်ကျတဲ့ နည်းလမ်းကို သုံးနေတာကိုး... ငါ တုန်းဟယ်က အရည်အချင်း မရှိဘူးဆိုပေမဲ့၊ ဒီလို ညစ်ပတ်တဲ့ နည်းလမ်းမျိုးကိုတော့ ဘယ်တော့မှ မသုံးဘူး... ဘယ်တော့မှပဲ”

​ကျန်သောသူများကလည်း ခေါင်းညိတ် ထောက်ခံကြ၏။ တစ်ချိန်တည်းမှာပင် လင်းကျင်းအပေါ် ထားရှိသော သူတို့၏ အထင်သေးမှုများမှာလည်း ပို၍ ကြီးမားလာတော့သည်။

All Chapters