အခန်း (၄၃၃-၄၃၄)
Vol. 33 Ch. 433-434
အပိုင်း(၄၃၃)
အဆုံးမဲ့ကောင်းကင်နှင့်မြေပြင်မျှော်စင်
ရှန်းကျန်စကားများကိုကြားသော်လည်း ကုအန် ပြန်မတုန့်ပြန်ခဲ့ပေ။ သူ့အကြည့်က ယုချန်ဆီသို့သာ ရောက်ရှိနေပြီး မျက်နှာအမူအရာလည်း လုံး၀ပြောင်းလဲမသွားခဲ့ပေ။
သူ့အကြည့်အရ ကုအန်သည် စိတ်ဆုံးဖြတ်ထားပြီဖြစ်မှန်း ယုချန်မြင်နိုင်ခဲ့၏။ ကြည့်ရသည်မှာ ဒီနေ့ ရှန်းကျန်ကို သူ့ဆီမှအလွယ်တကူ ခေါ်ယူသွားနိုင်တော့မည့်ပုံ မပေါ်ပေ။
ယုချန်သက်ပြင်းချကာ ပြောလိုက်သည်။
“ငါတို့မှာ အဲ့ဒီလောက်ကောင်းတဲ့ ပျော်စရာစကားဝိုင်းလေးရှိခဲ့တော့ ငါမင်းကို ငါ့လမ်းမှာပိတ်ရပ်နေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး ဟုတ်ပါတယ်လေ မင်းကသူနဲ့လမ်းအတူလျှောက်လာမှတော့ ဘယ်လိုလုပ် ငါတို့တဲ့တစ်လမ်းတည်းဖြစ်နိုင်တော့မှာလဲ ငါရူးခဲ့တာပါ”
သူခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။
ရှန်းကျန်ကတော့ ထိုစကားများကို စိတ်၀င်စားနေခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး သိနေခြင်းပေလော။
တစ်ဖက်လူ၏ လေသံအရ ထိုသူသည် ကုအန်ကို သိမ်းသွင်းဖို့ ကြိုးစားနေခဲ့ပုံပင်။
ထိုအရာကတော့ သာမန်သာဖြစ်၏။ ကုအန်သည် ထူးဆန်းစွာပင် ခင်မင်စရာကောင်းလှပြီး နတ်ဆိုးများ ဝိညာဉ်များနှင့်ပင် အဆက်အသွယ်ရှိသူ ဖြစ်ပေသည်။ အရွယ်ကြီးလွန်းသည့် ကြီးမြတ်သောကျင့်ကြံသူများနှင့်ပင် သူကမိတ်ဆွေဖြစ်နေတတ်သေးသည်။
သို့သော် ထိုလူသည် မည်သူဖြစ်မှန်းနှင့် ကုအန်ကိုဘာလို့ စည်းရုံးနေသလဲဆိုတာကိုတော့ သူမ မသိခဲ့ချေ။
သူမခန့်မှန်းချက်များ ထုတ်နေချိန်တွင် ယုချန် သူ့ညာလက်ကိုမြှောက်လိုက်ပြီး လက်ဖဝါးပေါ်တွင် မီးတောက်များနှင့်အတူ မျှော်စင်အသေးလေးတစ်ခု ပေါ်ပေါက်လာခဲ့၏။
မျှော်စင်ကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရှန်းကျန် ထိတ်လန့်သွားခဲ့ရသည်။
အန္တရာယ်!
သူကုအန်ကိုအလိုလိုကြည့်လိုက်မိပြီး ကုအန် မျက်နှာပေါ်တွင် ကြောက်ရွံ့သည့်အရိပ်အယောင်ရှိမနေမှသာ သူမစိတ်အေးသွားခဲ့၏။
ကုအန်ဘာကြောင့် ယုံကြည်မှုရှိနေသလဲဆိုတာ သူမမသိသော်လည်း ဘာကြောင့်မှန်းမသိ သူမကုအန်ကို အလိုလိုယုံကြည်နေခဲ့သည်။
ကုအန် အကြည့်ကလည်း မျှော်စင်လေးပေါ်ရောက်သွားခဲ့သော်လည်း သူ့မျက်လုံးရှေ့တွင်တော့ အခြားအသိပေးချက်တစ်ခု ပေါ်လာခဲ့၏။
ယုချန်ဆီမှ ရန်လိုမှု!
တစ်ချက်တည်းနှင့်ပင် နက်ရှိုင်းလွန်းသောအမုန်းတရားဖြစ်တည်သွားခဲ့သည်။
အထွတ်အထိပ်နတ်ဆိုးနယ်မြေကလူမှန်း သိသာပါပေတယ်!
ကုအန် သက်ပြင်းချလိုက်၏။
“ဘာလို့ လာရှုပ်နေရတာလဲ”
ယုချန် ဟာသကြီးတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။ ထို့နောက် သူ့လက်ထဲရှိမျှော်စင်မှ ရွှေရောင်အလင်းများတောက်လာပြီး သူ့အမူအရာက ကြမ်းကြုတ်လာခဲ့ကာ သူခပ်နိမ့်နိမ့်အသံဖြင့် ဟိန်းဟောက်လိုက်၏။
“မင်းဘယ်သူလဲဆိုတာ မင်းသိ…”
ရုတ်တရက် ကုအန် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ရုတ်ချည်းဆိုသလို ယုချန်၏ခန္ဓာကိုယ်ပျောက်ကွယ်သွားကာ သူ့သင်္ကန်းပင် ပြာအဖြစ်ပြောင်းလဲသွားခဲ့သည်။
ရွှေရောင်မျှော်စင်လေးကလည်း ထင်ရှားသောအသံဖြင့် မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။
ထို့နောက် ဂူကချက်ချင်းတိတ်ဆိတ်သွားခဲ့သည်။
ရှန်းကျန်လည်း စည်းတစ်ခုခုဖြင့် ချုပ်နှောင်ခံလိုက်ရသလို ရပ်တန့်သွားပြီး အချိန်အတန်ကြာထိ ထိုအခြေအနေမှ နိုးမလာနိုင်ခဲ့ပေ။
[သင်သည် ယုချန်(နတ်အသွင်ပြောင်းခြင်းအဆင့် ၃) ထံမှ သက်တမ်း ၈၅နှစ် ရိတ်သိမ်းခဲ့ပါသည်]
သူ့ရှေ့ရှိ စာတန်းကိုကြည့်ကာ ကုအန်အနည်းငယ်နောင်တရသွားခဲ့သည်။
လွတ်ငြိမ်းရာအမတတစ်ပါး၏ ပြန်လည်မွေးဖွားသည့်ခန္ဓာကိုယ်ဖြစ်ပါသော်လည်း သက်တမ်းက နည်းလွန်းနေခဲ့၏။
ကုအန်ခေါင်းလှည့်ကာ ရှန်းကျန်ကိုကြည့်လိုက်ပြီး ပြုံး၍ မေးလိုက်သည်။
“နင်ကပုံမှန်ဆို အရမ်းသတ္တိရှိတယ်မဟုတ်လား ကောင်းကင်ကိုမကြောက် မြေပြင်ကိုမကြောက်နဲ့ ခုညမှ ဘာလို့အရမ်းကြောက်နေရတာလဲ နင်ကိုယ့်ကိုကိုယ်ကြည့်နိုင်အောင် ငါဒီအခိုက်အတန့်ကို ပုံတောင်ဆွဲထားချင်တယ်”
ရှန်းကျန် အသိပြန်၀င်လာပြီး မမေးဘဲ မနေနိုင်ခဲ့ပေ။
“နင့်ကျင့်ကြံခြင်းအဆင့်က တကယ်ပဲ ဘယ်လောက်မှာလဲ”
ကုအန် မေးကိုအနည်းငယ်မော့လိုက်ပြီး သူမကိုအထင်သေးစွာကြည့်လိုက်ကာ ပြုံး၍ ပြောလိုက်၏။
“နင်လုံလောက်အောင်သန်မာလာရင် ငါ့ကျင့်ကြံခြင်းအဆင့်ကို အလိုလိုသိလာလိမ့်မယ်”
ရှန်းကျန် ဆက်ပြောချင်သေးသော်လည်း ရွှေရောင်မျှော်စင်ငယ်လေးထဲမှ ရုတ်တရက်ရွှေအလင်းများ ထွက်ပေါ်လာခဲ့ပြီး ဂူထဲရှိ ပတ်၀န်းကျင်က ရုတ်တရက်ပြောင်းလဲသွားခဲ့လေသည်။
ထို့နောက် သူတို့ကြယ်များအပြည့်နှင့် စကြာ၀ဠာထဲသို့ ရွှေ့ပြောင်းခံလိုက်ရပြီး ဥက္ကာခဲတစ်လုံးရှေ့တွင် ရပ်နေရသလို ဖြစ်သွားခဲ့၏။ ရှန်းကျန် ပတ်၀န်းကျင်ကို မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို အိပ်မက်မက်ဖူးပါသော်လည်း ဤသည်က သူ့ပထမဆုံးအကြိမ် အာကာသထဲရောက်ဖူးခြင်း ဖြစ်၏။
တစ်ဖက်တွင် ကုအန်ကတော့ လုံး၀အံ့အားသင့်မသွားဘဲ အာကာသအနက်ပိုင်းထဲသို့သာ ခပ်အေးအေးကြည့်ရှုနေခဲ့သည်။ ရွှေရောင်မျှော်စင်လေးက အထက်သို့တက်သွားကာ စကြာ၀ဠာအနက်ပိုင်းထဲသို့ တိုး၀င်သွားခဲ့၏။ ထို့နောက် မျှော်စင်ပြတင်းတံခါးများပွင့်သွားကာ ရွှေရောင်မီးတောက်တစ်ခုထွက်ပေါ်လာပြီး ထိုမီးတောက်က စမ်းချောင်းလေးတစ်ခုမှ သမုဒ္ဒရာတစ်ခုအဖြစ်ပြောင်းလဲသွားသလို
ကျယ်ပြန့်လာခဲ့ပြီး ရပ်တန့်၍လည်း မရနိုင်ခဲ့ပေ။ ရှန်းကျန် ထိုမြင်ကွင်းကို သတိထားမိသောအခါ ရွှေရောင်မီးတောက်က အလျင်အမြန်ပင် ဧရာမမျက်နှာကြီးတစ်ခုအဖြစ် ဖွဲ့တည်သွားခဲ့ပြီး ထိုမျက်နှာကြီးက ကောင်းကင်နှင့်မြေပြင်ထက်ပင် ကြီးနေကာ သူတို့ကို အထင်သေးစွာ ငုံ့ကြည့်နေခဲ့လေသည်။
ယုချန်၏မျက်နှာ!
သို့သော် အရှိန်အဝါကတော့ လုံး၀ ကွဲပြားသွားခဲ့၏။
အထူးသဖြင့် သူ့မျက်လုံးများဖြစ်ကာ မျက်လုံးများထဲတွင် အာဏာရှိန်များဖြင့်တောက်နေပြီး သူ့မျက်ဆံများကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ပင် မဖြစ်နိုင်ခဲ့ပေ။
ယုချန်၏ ဧရာမမျက်နှာကြီးရှေ့တွင် ကုအန်နှင့်ရှန်းကျန်တို့က ဖုန်မှုန့်များထက်ပင် သေးငယ်နေခဲ့သည်။ ယခုအကြိမ် ရှန်းကျန်၏တုန်လှုပ်မှုက ဆောင်းဦးညနေအမတအရှင်ကို တွေ့ခဲ့တုန်းကထက်ပင် ပိုနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က သူမသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲတွင် ရှိနေခဲ့ခြင်းဖြစ်ပြီး အခုကတော့ အဆုံးမဲ့သည့် အာကာသထဲတွင်ရောက်နေခဲ့ခြင်း ဖြစ်သည်။ ကျယ်ပြန့်လှသော အာကာသထဲတွင် ယုချန်၏ မျက်နှာကြီးက သူမမြင်ကွင်းကို ဖုံးလွှမ်းထားလေရာ သူမမည်သို့ မကြောက်ဘဲ နေပါမည်နည်း။
သူမအလိုလိုကုအန်နားပိုကပ်သွားမိပြီး ကုအန်အင်္ကျီလက်အိုးကို ဆွဲထားခဲ့၏။
ကုအန် သူမကိုကြည့်ကာ ပြုံး၍ နှစ်သိမ့်လိုက်သည်။
“ဘာကြောက်စရာလိုလို့လဲ ငါနင့်ဘေးမှာရှိနေတာပဲလေ”
သူ့အပြုံးကိုကြည့်ပြီး ရှန်းကျန် အကြောက်တရား စိတ်ပျက်အားငယ်မှုနှင့်စိတ်၀င်စားမှုတို့ရောပြွန်းနေသည့် ခံစားချက်ကို ခံစားလိုက်ရ၏။
“နင်ကတကယ်ပဲ ဘယ်သူလဲ”
ရှန်းကျန် ကုအန်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။ သူမသည် အရူးမဟုတ်ပေ။ ကုအန်သည် ဆေးတောင်ကြားက သာမန်တောင်ကြားသခင်လေးမဟုတ်မှန်း သူမသိနေခဲ့ချေပြီ။
ဂိုဏ်းချုပ်က အမြဲသူ့ဆီပြေးလာနေတာ အံ့ဩစရာမဟုတ်တော့ပေ။
နေပါဦး!
ဖြစ်နိုင်တာက…
ခန့်မှန်းချက်တစ်ခု ရှန်းကျန်စိတ်ထဲ၀င်လာခဲ့ပြီး အံ့အားသင့်မှုကြောင့် သူမမျက်လုံးများ ပြူးကျယ်သွားခဲ့ကြ၏။
“မင်းက ပြန်လည်မွေးဖွားလာတဲ့ ခန္ဓာတစ်ခုမဟုတ်ဘူး!”
ယုချန်၏ သတိထားမှုများဖြင့်ပြည့်နေသည့် အသံကြီးထွက်ပေါ်လာခဲ့သည်။
ကုအန်သူ့ကိုပြန်ကြည့်ကာ ရယ်မောလိုက်၏။
“မင်းရဲ့ နတ်သိုင်းတွေကမဆိုးပါဘူး အမှန်နဲ့အမှားကို ရောထွေးထားတယ် ဒါပေမယ့် မင်းငါ့လက်ငါးချောင်းတောင်အောက်က လွတ်မြောက်နိုင်မှာလား”
ပြောပြီးသည်နှင့် ကုအန် သူ့ညာလက်ကို မြှောက်လိုက်လေသည်။
ယုချန် တစ်ခုခုကိုအာရုံခံလိုက်မိပြီး သူ့မျက်လုံးများပြူးကျယ်သွားခဲ့၏။
ကုအန် ညာလက်ကလျင်မြန်စွာရွေ့လျားသွားပြီး ကြယ်အပြည့်ဖြင့်ကောင်းကင်ကို ဖမ်းဆုပ်သလို လုပ်လိုက်လေသည်။ သူ့လက်ကို ပြန်ဆုတ်လိုက်ပြီးနောက်တွင်တော့ ညာလက်သီးကို ညှစ်ချလိုက်၏။
ထိုအခါ ကြယ်အပြည့်ဖြင့်စကြာ၀ဠာကြီးကပျောက်ကွယ်သွားခဲ့ပြီး ရှန်းကျန် သူ့မျက်လုံးရှေ့တွင် ဝေဝါးသွားသလို ခံစားလိုက်ရသည်။ သူ့အမြင်အာရုံပြန်ကောင်းသွားသောအခါ သူမသည် သူမဂူထဲတွင် ပြန်ရောက်နေခဲ့ချေပြီ။
ကုအန် ရယ်မောလိုက်ပြီး ပြောလိုက်၏။
“ညဉ့်နက်နေပြီ အိပ်ဖို့အချိန်ရောက်ပြီ”
သူဂူတံခါး၀ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
ရှန်းကျန် ရှေ့အနည်းငယ်လှမ်းလိုက်ပြီး မေးလိုက်၏။
“သူဘာဖြစ်သွားတာလဲ”
“သူပြန်လာမှာမဟုတ်တော့ဘူး ဒီညဘာဖြစ်ခဲ့လဲဆိုတာ ငါတို့နှစ်ယောက်ပဲသိဖို့ မျှော်လင့်ပါတယ်”
ကုအန်ပြောပြီးသည်နှင့် ဂူထောင့်စွန်းတွင် ပျောက်ကွယ်သွားခဲ့လေသည်။
ရှန်းကျန်ကတော့ ထိုနေရာတွင်သာ ရပ်နေပြီး ခုနကဘာတွေမြင်ခဲ့ကြားခဲ့ရသလဲဆိုတာ ပြန်တွေးနေခဲ့မိ၏။ သူမသည် အိပ်မက်တစ်ခုထဲရောက်နေခဲ့သလို ခံစားနေခဲ့ရသည်။
“ငါ့ဝိညာဉ်က အခြားကမ္ဘာတစ်ခုဆီ ကူးပြောင်းသွားတာလား”
ရှန်းကျန်တစ်ယောက်တည်းရေရွတ်လိုက်ကာ စားပွဲတွင်၀င်ထိုင်လိုက်ချိန်တွင်ပင် သူ့လက်များက တုန်ရီနေခဲ့သေး၏။
…….
တတိယတောင်ကြားတွင်
ကုအန် သူ့အိမ်ထဲ၌ ထိုင်နေရင်း သူ့လက်ထဲရှိ ရွှေရောင်မျှော်စင်အသေးလေးကို ကြည့်ရှုနေခဲ့လေသည်။
ရှန်းကျန်ဂူထဲက အဖြစ်အပျက်များကို သူတမင်သက်သက် ဘယ်သူမှမသိစေရန် သီးသန့်ခွဲထားခဲ့ခြင်းဖြစ်ပြီး နေလမြေအောက်ကမ္ဘာဧကရာဇ်ပင် ဘာကိုမှ အာရုံမခံမိခဲ့ပေ။ နတ်အတွေးအစစ်အမှန်အမတများက သန်မာလှသော်လည်း လွတ်ငြိမ်းရာအမတများရှေ့တွင်တော့ ဘာမှမဟုတ်ကြပေ။ တာအိုပုန်းကွယ်အမတများရှေ့တွင်ဆိုလျှင်တော့ သေမျိုးများနှင့်ပင် မခြားလှပေ။
ကုအန် နတ်အတွေးကိုသုံးကာ မျှော်စင်နှင့်တစ်သားတည်းဖြစ်ေနေသာ ယုချန်၏ ဝိညာဉ်ထဲတွင် ရှာဖွေနေခဲ့၏။
သူထင်ထားသလိုပင် ယုချန်နှင့်သူ့နောက်ကွယ်ကတည်ရှိမှုက အထွတ်အထိပ်နတ်ဆိုးနယ်မြေကို ပြန်လည်တည်ဆောက်လိုနေခြင်း ဖြစ်သည်။ သူတို့သည် နတ်ဆိုးကမ်းပါးကို အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း အငြင်းသာခံခဲ့ရ၏။ သို့သော် လွန်ခဲ့သော နှစ်တစ်ရာခန့်က သူတို့ နတ်ဆိုးကမ်းပါး၏ ပြန်လည်မွေးဖွားခြင်းခန္ဓာ၏ကမ္မကို တွက်ချက်မိခဲ့ပြီး နတ်ဆိုးကမ်းပါးကို စည်းရုံးရန် မျှော်လင့်ချက်ရောင်ခြည်ကို တွေ့ရှ်ိသွားခဲ့ကြသည်။
ယုချန်၏ ပြန်လည်မွေးဖွားခြင်းကပ်ဘေးကလည်း နောက်ဆုံးအဆင့်ကိုရောက်နေပြီဖြစ်ပြီး ထို့ကြောင့်လည်း အတိတ်ဘ၀ကမှတ်ညဏ်များအားလုံးကို သိရှိနေခြင်း ဖြစ်၏။
ကပ်ဘေးကျော်ဖြတ်ခြင်းအောင်မြင်မှု နီးလာလေလေ ပြန်လည်မွေးဖွားခြင်းခန္ဓာက မူလခန္ဓာ၏မှတ်ညဏ်များကို ပိုမိုရရှိလာလေလေပင်။
ကျန့်ရှီကလည်း ခြေတစ်လှမ်းသာ လိုတော့သည့်သူ ဖြစ်ပေသည်။
ကျိရှောင်ယုကတော့ သူတို့နှင့်ယှဉ်လျှင် အတော်လေးလိုနေသေးသည့်ပုံပင်။
လက်ရှိ အထွတ်အထိပ်နတ်ဆိုးနယ်မြေ၏ အင်အားက အလွန်ကောင်းပြီး လွတ်ငြိမ်းရာအမတ ဆယ်ယောက်ကျော်ရှိနေခဲ့၏။ သူတို့ကို ဦးဆောင်နေသည်က ခန့်မှန်း၍ မရလောက်အောင် ကျင့်ကြံခြင်းမြင့်သော အထွတ်အထိပ်နတ်ဆိုးဧကရာဇ်ဖြစ်ပေသည်။ ယုချန်ပင် သူ့ကျင့်ကြံခြင်းဘယ်လောက်မြင့်သလဲ မသိခဲ့ပေ။
အထွတ်အထိပ်နတ်ဆိုးနယ်မြေတွင် ပစ်မှတ်များစွာရှိပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက သူတို့ပစ်မှတ်များထဲမှ တစ်ခုသာ ဖြစ်သည်။ သူတို့သည် အသံမဲ့အပျက်အဆီးနယ်မြေထဲ လျှောက်သွားနေကြသူများ ဖြစ်ကြ၏။
ကုအန် နတ်အတွေးကိုပြန်ရုတ်လိုက်ပြီးနောက် ညာလက်ကိုညှစ်ချေလိုက်ရာ သူ့လက်ချောင်းများကြားထဲမှ ရွှေရောင်သဲများ ကျလာခဲ့လေသည်။ ထို့နောက်တွင်တော့ သဲများက ပြာမှုန်များအဖြစ် လွင့်သွားခဲ့ကြ၏။
ဤရွှေရောင်မျှော်စင်လေးသည် ယုချန်ကိုယ်တိုင်နှစ်ပေါင်းသန်းနှင့်ချီကြာအောင် တည်ဆောက်ထားသော အထွတ်အထိပ်အမတရတနာဖြစ်ပြီး မြင့်မြတ်ခုံရုံးကပိုင်သော အထွတ်အထိပ်အမတရတနာထက်ပင် စွမ်းအားကြီးပေသည်။
[သင်သည် ယုချန် (လွတ်ငြိမ်းရာအမတအဆင့် ၉) ကိုသတ်ဖြတ်ခဲ့ပြီး သက်တမ်း ၂၅၈၀၉၂၈ ရရှိခဲ့ပါသည်]
ကုအန်ရှေ့တွင် ပေါ်လာသော စာတန်းက ကုအန်ကိုအံ့အားသင့်မသွားစေခဲ့ပေ။
ကြည့်ရသည်မှာ ပြန်လည်မွေးဖွားခြင်းကပ်ဘေးက ကပ်ဘေးရှင်၏သက်တမ်းကို ရပ်တန့်ပေးထားပြီး ကပ်ဘေးကျော်ဖြတ်နေသည့် ကာလတွင် ကပ်ဘေးရှင်၏ မူလခန္ဓာက သက်တမ်းလျော့မသွားသည့် ပုံပင်။
ကုအန်တွေးနေရင်း သူ့ရှေ့ရှိ ရွှေရောင်သဲများက ရွှေရောင်မျှော်စင်လေးအဖြစ်ပြန်လည်ဖွဲ့တည်နေသည်ကို ကြည့်ရှုနေခဲ့သည်။
ဤမျှော်စင်၏အမည်မှာ အဆုံးမဲ့ကောင်းကင်နှင့်မြေပြင်မျှော်စင်ဖြစ်ကာ စကြာ၀ဠာနှင့်တူသော ကုအန်နှင့်ရှန်းကျန်တို့ ၀င်သွားခဲ့သည့် နယ်မြေမျိုးကို ဖန်တီးနိုင်စွမ်း ရှိ၏။ ထိုနယ်မြေထဲတွင် မျှော်စင်၏သခင်က ရန်သူများကို ဖိနှိပ်ပစ်နိုင်ပြီး သူတို့ကိုအရူးလုပ်ရန် အဆုံးမဲ့သော ပုံရိပ်ယောင်များပင် ဖန်တီးနိုင်သေးသည်။
ကုအန် အဆုံးမဲ့ကောင်းကင်နှင့်မြေပြင်မျှော်စင်ကိုကြည့်ကာ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့၏။ ထို့နောက် မျှော်စင်ထဲရှ်ိ ကမ္မနှောင်ကြိုးများ အားလုံးကို ဖြတ်တောက်လိုက်လေသည်။ ထိုအရာက လွတ်ငြိမ်းရာအမတတစ်ပါးအဖို့ ခက်ခဲမည်ဖြစ်သော်လည်း သူ့အတွက်တော့ မခက်လှပေ။
လ၀င်ကာ နေထွက်လာခဲ့သည်။
မနက်စောစောအချိန်သို့ ရောက်သောအခါ မျှော်စင်လေးထဲတွင် အထွတ်အထိပ်နတ်ဆိုးနယ်မြေနှင့်ပတ်သက်သည့် ကမ္မနှောင်ကြိုးတစ်ခုမှ မကျန်ရစ်တော့ပေ။
ကုအန် လက်ဖဝါးအရွယ်မျှော်စင်လေးကို ချင်ထျန်းတောင်ထွတ်နှင့်အတူ သူ့ခါးပတ်ပေါ်တွင် နောက်ထပ်အဆင်တန်ဆာတစ်ခုအဖြစ် ချိတ်ဆွဲထားလိုက်၏။
အားလုံးပြီးသောအခါ သူမနက်ခင်းလေ့ကျင့်ခန်းလုပ်ရန် အောက်သို့ ဆင်းသွားခဲ့လေသည်။ နေ့လည်ခင်းအချိန် ရှန်းကျန် ကုအန်ကိုလာရှာချိန်တွင် ကုအန် လုံချင်းနှင့်အတူ ကျားကစားနေမှန်း တွေ့ခဲ့ရ၏။
ရှန်ရှင်းကျိနှင့်လေ့ကျင့်ရန် အပြင်ခဏထွက်သွားပြီးနောက် လုံချင်း ပြန်လာခဲ့သည်။ ထို့နောက်တွင်တော့ သူပိုပြီးပင် ကြိုးကြိုးစားစား သင်ယူလေ့လာလာခဲ့ကာ ကျားကစားနည်းကိုလည်း စတင်စိတ်၀င်လာခဲ့၏။ သူလည်း လက်ကိုးချောင်းနတ်အရှင်လိုပင် အဖြူနှင့်အနက်များကြားထဲတွင် မဟာတာအိုတစ်ခုပုန်းအောင်းနေသည်ဟု ခံစားနေခဲ့ရသည်။
ကုအန် ကြယ်ခုနှစ်လုံးမှန်ကို ယပ်တောင်တစ်ခုအဖြစ်သုံးကာ ဝေ့ယမ်းနေပြီး ရှန်းကျန်လူအုပ်ကိုဖြတ်၍ သူ့ဆီချဉ်းကပ်လာရင်း ကုအန် အပြုအမူကိုတွေ့သောအခါ ဆူဆဲချင်သွားခဲ့၏။
သို့သော် မနေ့ညက အဖြစ်ကိုပြန်တွေးမိသောအခါ သူမခံစားချက်များ ရှုပ်ထွေးသွားခဲ့ရသည်။
ကုအန်၏ ဆန်းကြယ်ကာ ကြောက်စရာကောင်းလှသော စွမ်းအားနှင့်ရင်ဆိုင်ပြီးသောအခါ သူမစိတ်ထဲတွင် အံ့အားသင့်သွားခဲ့ပြီး ကုအန်ကိုအရင်လို မဆက်ဆံရဲတော့ပေ။
ကုအန် ရှန်းကျန်ကို စိန်ခေါ်သောအကြည့်ဖြင့် လှည့်ကြည့်လိုက်၏။
သူ့အကြည့်က ငါနဲ့ကျားကစားရဲလားဟု စိန်ခေါ်နေသလိုပင်။
ရှန်းကျန် ကုအန်ကိုမျက်စောင်းထိုးလိုက်ကာ တီးတိုးရေရွတ်လိုက်လေသည်။
“ငါကနင့်ကိုဘယ်လိုနိုင်အောင်ကစားနိုင်မှာလဲ ဘယ်သူမှနင့်ကိုမနိုင်တာလည်း အံ့ဩစရာမဟုတ်တော့ပါဘူး”
သူမကုအန်ကိုအဝေးမှသာ တိတ်တဆိတ်ကြည့်နေခဲ့ပြီး သူတို့ကြားအလွန်ဝေးကွာသွားသလို ခံစားနေခဲ့ရ၏။
ကျယ်ပြန့်လှသော စကြာ၀ဠာကြီးထဲတွင် မျှော်လင့်မထားဘဲ သူမသည် ကျင့်ကြံခြင်းဖုံးကွယ်ထားသော ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ခဲ့ရသည်။
ကုအန်ဘာလို့သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသလဲ သူမ နားမလည်နိုင်ခဲ့ပေ။
သို့သော် ကုအန်ဘ၀ကိုပြန်တွေးကြည့်မိသောအခါ သူ့လုပ်ရပ်တိုင်းတွင် နက်ရှိုင်းသော အမှန်တရားတစ်ခု ပုန်းအောင်းနေသလိုပင်။
သူ့ကမ္ဘာကြီးက မည်သည့်အရာနှင့် တူနေမည်နည်း။ ရှန်းကျန် အဓိပ္ပာယ်မဲ့စွာ တွေးနေခဲ့မိသည်။
ဤသို့ဖြင့် ရွက်သစ်များဝေကာ ရွက်ဟောင်းများကြွေကျရင်း ဆယ်နှစ်ကုန်ဆုံးသွားခဲ့ပြန်သည်။
ဆောင်းဦးရာသီတွင်
ကုအန် ကျားခုံကိုထားခဲ့ပြီး ထရပ်လိုက်၏။
သူနှင့်ကစားနေခဲ့သည့် ဆံပင်ဖြူများနှင့်အကြီးအကဲကတော့ ကျားခုံကိုသာ ဆက်ကြည့်နေခဲ့သည်။
ကုအန် သူ့အိမ်ဆီ လျှောက်သွားခဲ့ရင်း သူ့အကြည့်က ကောင်းကင်ဆီ ရောက်သွားခဲ့၏။
“အဆင့်ချိုးဖြတ်ဖို့ အချိန်ရောက်ပြီပဲ”
သူတစ်ယောက်တည်းတွေးလိုက်ရင်း သူ့နှုတ်ခမ်းများအလိုလိုတွန့်ကွေးသွားခဲ့လေသည်။
တာအိုပုန်းကွယ်အမတအထက်တွင် မည်သည့်အဆင့်ရှိပါသနည်း။
သူအိမ်ရှေ့သို့ ရောက်သောအခါ ချက်ချင်းဆိုသလို အိမ်ထဲမှ ကျိရှောင်ယု ထွက်လာခဲ့၏။
“အစ်ကိုဆေးတောင်ကြားကခဏထွက်သွားရမယ် ပြန်လာတဲ့အခါ အဲ့အကြောင်းပြောပြမယ်” ကုအန် အရင်ပြောလိုက်ပြီး အမြန်ပင် အိမ်ပေါ်ထပ် တက်သွားခဲ့လေသည်။
အပိုင်း (၄၃၄)
ပြန်လည်မွေးဖွားခြင်းကပ်ဘေး ဖြတ်ကျော်ခြင်း
ကျိရှောင်ယု အိမ်ရှေ့တွင်ရပ်နေရင်း ဒုတိယထပ်ရှိ ပြတင်းပေါက်ကို ကြည့်ရှုနေခဲ့သည်။
ကုအန် ဤတစ်ကြိမ်ရောဘယ်သွားမလဲဆိုတာ သူစိတ်၀င်စားနေခဲ့၏။
သူတခဏစောင့်ပြီးနောက် ကုအန် အောက်ထပ်သို့ဆင်းလာခဲ့သည်။
သူကုအန်ကိုချက်ချင်းတားလိုက်ပြီး ပြောလိုက်၏။
“အစ်ကိုပြန်လာရင် ညီမေလးနဲ့လက်ရည်စမ်းပါမယ်လို့ အရင်သဘောတူ”
ကုအန် သူမကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ ဒီနှစ်တွေအတွင်း ညီမလေးကျင့်ကြံခြင်းဘယ်လိုနေလဲ အစ်ကိုကြည့်ချင်သေးတယ်”
ကုအန် သဘောတူလိုက်မှ ကျိရှောင်ယုပြုံးကာ ကုအန်လမ်းမှဖယ်ပေးလိုက်၏။
ကုအန်လက်မြှောက်ကာ သူမဆံပင်လေးများကိုဖွလိုက်ပြီးနောက် အမြန်ထွက်သွားခဲ့လေသည်။
ကျိရှောင်ယု လှည့်လိုက်ကာ ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်ရှုနေခဲ့၏။ ထို့နောက် ကုအန်ပွတ်သွားသော သူမခေါင်းကိုပြန်ကိုင်ကြည့်နေရင်း ငယ်ဘ၀အမှတ်တရများကို ပြန်တွေးနေခဲ့မိသည်။
ကုအန် သူမခေါင်းကိုမထိတော့တာ အချိန်အတော်ကြာခဲ့ချေပြီ မဟုတ်ပါလော။
“အချိန်ကုန်တာ တကယ်မြန်တာပဲ” ကျိရှောင်ယု တစ်ယောက်တည်းရေရွတ်လိုက်ပြီး သူမအသံတွင် တုန့်ဆိုင်းနေဟန်များ ပါ၀င်နေခဲ့သည်။
တစ်ဖက်တွင်
ကုအန် ဆန်းကြယ်တောင်ကြားသို့ ရောက်ရှိလာခဲ့၏။ သူချက်ချင်းထွက်မသွားဘဲ ထိုအစား အန်းရှန်ထျန်းနှင့်ကျင်းရှီတို့၏ ကျင့်ကြံခြင်းများကို အကဲခတ်နေခဲ့သည်။
သူတို့ဆရာတပည့်နှစ်ယောက်သည် တောအုပ်များထဲတွင် ကျင့်ကြံရသည်ကို နှစ်သက်ကြ၏။ ယခုအခါ ကျင်းရှီတွင် အန်းရှန်ထျန်းကိုသင်ပေးစရာ ဘာမှမကျန်တော့သောကြောင့် တစ်ယောက်နှင့်တစ်ယောက်ကျင့်ကြံခြင်းအကြောင်းဆွေးနွေးရင်းသာ ကူညီနိုင်ကြတော့သည်။
ကုအန် ရောက်ရှိလာသည်ကိုမြင်သောအခါ ဆရာတပည့်နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားသောကြောင့် ကုအန်ပင် တစ်မျိုးခံစားသွားခဲ့ရ၏။ သူထိုနှစ်ယောက်အပေါ် သူအလွန်သာမန်ဆန်စွာ ဆက်ဆံမိနေခဲ့ခြင်းပေလော။
ကုအန် သူတို့ခံစားချက်များကို နားလည်ပေသည်။ သို့သော် သူထိုနှစ်ယောက်ကို သင်ပေးဖို့ ပျင်းရိနေခြင်းသာဖြစ်ပြီး သူတို့စရိုက်ကို ကိုယ်တိုင်သာထုဆစ်ခိုင်းဖို့ ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်၏။
ကုအန် ညာလက်ကိုမြှောက်လိုက်ကာ လျှို့ဝှက်စာအုပ်ငါးအုပ်ပေါ်လာခဲ့ပြီး သူတို့ကို ကြိုက်ရာတစ်အုပ်စီရွေးခိုင်းခဲ့သည်။
ဆရာတပည့်နှစ်ယောက်မှာ အရူးများမဟုတ်ကြပေ။ မတူညီသော စာအုပ်တစ်အုပ်စီရွေးချယ်ခဲ့ကြပြီး သူတို့ရွေးချယ်ခဲ့ကြသည်မှာ ကောင်းကင်နှင့်မြေပြင်ကမ္ဘာဦးကျင့်စဉ်နှင့်မူလတာအိုစွမ်းအင်တို့ ဖြစ်ကြ၏။
သူတို့ကို အားပေးစကားအနညး်ငယ်ပြောပြီးသည့်နောက် ကုအန် လှည့်ထွက်သွားခဲ့လေသည်။
လျှို့ဝှက်စာအုပ်များကိုကိုင်ထားရင်း ဆရာတပည့်နှစ်ယောက်ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ လှိမ့်တက်လာခဲ့၏။ သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်နေရင်း တောက်ပနေသောသူတို့အနာဂတ်ကို အာရုံခံမိနေခဲ့သည်။
“ကောင်းကောင်းကျင့်ကြံ ဆရာ့ကို စိတ်မပျက်စေနဲ့ ထွက်သွားဖို့အကြောင်းလည်းမတွေးနဲ့ ဆန်းကြယ်တောင်ကြားကို စောင့်ကြပ်ဖို့က ငါတို့တစ်ဘ၀လုံးစာ တာ၀န်ပဲ” ကျင်းရှီ လေးလေးနက်နက်ပြောလိုက်၏။
အန်းရှန်ထျန်းခေါင်းညိတ်ပြလိုက်ပြီး သူလည်း ထို့အတူသာ ခံစားနေခဲ့ရသည်။
အနာဂတ်တွင် သူကလဲ့စားချေရန်သာ ထွက်သွားမည်ဖြစ်ပြီး ကလဲ့စားချေပြီးပါက ကျေးဇူးဆပ်ရန် သူပြန်လာမည်သာ။
ဆန်းကြယ်တောင်ကြားမှ ထွက်လာပြီးနောက် ကုအန် အဝေးသို့ ခြေလျင်သာလျှောက်လာခဲ့သည်။
သူ့အကြည့်ကတော့ ကောင်းကင်ပြင်ပရှိ ပြန်လည်မွေးဖွားခြင်းစက်၀န်းဆီတွင်သာ ရောက်ရှိနေခဲ့၏။
သူပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ၀င်၍ ကျင့်ကြံရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ သူအရင်ကတည်းက ထိုစက်၀န်းထဲသို့ နတ်အတွေးပို့၍ စုံစမ်းထားခဲ့ပြီး ဖြစ်၏။ ပြန်လည်မွေးဖွားခြင်းစက်၀န်းသည် အခြားကမ္ဘာတစ်ခုမဟုတ်ဘဲ ပြန်လည်မွေးဖွားခြင်းနိယာမများ သိပ်သည်းနေသည်မှလွဲပြီး ထိုအရာသည် မရေတွက်နိုင်သော နယ်မြေများကို ချိတ်ဆက်ထားသည့် ဥမင်လမ်းကြောင်းတစ်ခုသာ ဖြစ်ပေသည်။
ထို့ကြောင့်လည်း ရှောင်ချွမ် ၀င်သွားပြီးကတည်းက ပြန်ပေါ်မလာခဲ့ခြင်း ဖြစ်၏။ သူသည် အခြားကမ္ဘာတွင် ၀င်စားသွားခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ ဆုံးဖြတ်ပြီးသည့်နောက်တွင်ပင် အသံမဲ့အပျက်အဆီးနယ်မြေတွင် အဆင့်ချိုးဖြတ်ခြင်းက အန္တရာယ်များသည်ဟု ကုအန် ခံစားခဲ့ရသည်။ အကယ်၍ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကိုသာ သတိပေးမိသွားလျှင် ထိုတည်ရှိမှုကြီး ရောက်မလာနိုင်ဘူးပေလော။
သို့မဟုတ် ဆန်းကြယ်သောအမတများလည်းရောက်ရှိလာနိုင်သေးသည်။
ကုအန် တွေးနေရင်း လှပသော တောင်တန်းများ ရေပြင်များကြားမှ အေးအေးဆေးဆေးပင် ပျင်းရိစွာ လမ်းလျှောက်နေခဲ့၏။
တစ်နာရီခန့်ကြာသောအခါ
ကုအန် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ ထွက်ခွာလာခဲ့သည်။ သူ့ခြေဖဝါးအောက်တွင် မမြင်ရသောလှေကားများရှိနေသလိုပင် သူတစ်လှမ်းခြင်းတက်လှမ်းလာခဲ့ခြင်းဖြစ်၏။
လမ်းတစ်လျှောက်လုံးတွင် နတ်အတွေးအစစ်အမှန်အမတများ တိုက်ခိုက်နေကြပြီး သူတို့တိုက်ပွဲက ကောင်းကင်တစ်ခွင်လုံးကို ဖုံးအုပ်နေခဲ့သည်။ ကုအန် ထိုနတ်အတွေးအစစ်အမှန်အမတများကြားမှ ဖြတ်လျှောက်လာသော်လည်း ဘယ်သူမှ သူ့ကိုမမြင်ခဲ့ရပေ။
သူတို့ လင်းရှီများကပင် ကုအန်ကိုဖြတ်သန်းသွားကြပြီး ကုအန်ရှိနေကြောင်း မည်သည့်အရိပ်အယောင်ကိုမှ သူတို့သတိမထားမိခဲ့ကြပေ။
ကုအန် အပေါ်သို့ဆက်တက်နေရင်း ကမ္ဘာကြီးကို ငုံ့ကြည့်လိုက်၏။
သူ့အထက်တွင် ကြယ်အပြည့်ဖြင့် အာကာပြင်ကျယ်ကြီးရှိနေပြီး ထိုနေရာမှကြည့်ပါက မဟာကောင်းကင်နှင့်မြေပြင်ထဲတွင် နေရာအနှံ့တိုက်ပွဲမြင်ကွင်းများကို တွေ့နေခဲ့ရသည်။ သို့သော် အာကာသကြီးတစ်ခုလုံးနှင့်ယှဉ်လျှင်တော့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက သဲတစ်မှုန်လိုပင် သေးငယ်လွန်းလှ၏။
အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးကြားက တိုက်ပွဲကလည်း အဆုံးမရှိပုံပေါ်နေပြီး နှစ်ပေါင်းများစွာကြာအောင်ဆက်လက်ဖြစ်ပွားနေကာ များစွာသော ဂိုဏ်းများမင်းဆက်များက ထိုအခွင့်အရေးကိုယူ၍ စစ်ပွဲများဆင်နွှဲကာ အရင်းအမြစ်များ သိမ်းယူနေခဲ့ကြသည်။
ကုအန် ပြန်လည်မွေးဖွားခြင်းစက်၀န်းဆီ ချဉ်းကပ်လာချိန်တွင် သူ့အကြည့်ကိုရုတ်လိုက်ပြီး မော့ကြည့်လိုက်၏။
ပြန်လည်မွေးဖွားခြင်းစက်၀န်းသည် ယွမ်ရှုဘိုးဘေးမှ ပြောင်းလဲထားခြင်းဖြစ်ပြီး အချိန်နှင့်အမျှ ပိုပိုပြီး အားကောင်းလာခဲ့သည်။
လမ်းပျောက်ဝိညာဉ်များက စမ်းချောင်းတစ်စင်းနှယ် စက်၀န်းထဲစီး၀င်နေကြပြီး သူတို့အသွင်အပြင်များကလည်း ဆန်းကြယ်လွန်းလှကာ သူတို့ကို သက်ရှိများက ထိကိုင်၍လည်း မရကြပေ။
ကုအန် မရပ်ဘဲ စက်၀န်းထဲသို့ လျင်မြန်စွာ လှမ်းတက်သွားခဲ့၏။
စက်၀န်းထဲသို့ေရာက်ေသာအခါ ကုအန် အမှောင်ထုထဲရောက်သွားသလို ခံစားလိုက်ရပြီး ဤနေရာတွင် ဝိညာဉ်များကိုလည်း မမြင်နိုင်ဘဲ ပြန်လည်မွေးဖွားခြင်း ကမ္မတရား နှင့် ကံကြမ္မာ၏ တာအိုအငွေ့အသက်များကိုလည်း ခံစား၍ရပေသည်။
ဤအဖြစ်အပျက်များကို ကိုယ်ပွားမှတစ်ဆင့်ခံစားပြီးဖြစ်သောကြောင့် ကုအန် သိပ်တော့စိတ်၀င်စားမနေခဲ့ပေ။
သူေရှ့သို့ ဆက်သွားခဲ့၏။
ခရီးရှည်ကြီးသွားပြီးနောက် ကုအန် သူ့ရှေ့တွင် တလက်လက်တောက်ပနေသော ကြယ်များပေါ်လာသည်ကို တွေ့လိုက်ရပြီး ခြေတစ်လှမ်းလှမ်းလိုက်လေ ကြယ်အရေအတွက်ကပိုပြီးတိုးလာလေလေပင်။
ထိုကြယ်များက ရှုထောင့်များ(dimensions)ကို ကိုယ်စားပြုနေပြီး အချို့က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့်တူကာ အချို့ကတော့ သွေးအကျဉ်းထောင်မဟာသူတော်စင် လာခဲ့သည့် အဆင့်နိမ့်နယ်မြေမျိုး ဖြစ်ကြသည်။
များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်ပမာဏမျိုး လိုအပ်သောကြောင့် ကုအန် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေလို အဆင့်မြင့်နယ်မြေမျိုးကိုသာ ရွေးချယ်ခဲ့၏။
လမ်းကအဆုံးမဲ့သောကြောင့် သူအများကြီးရွေးမနေတော့ဘဲ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့်တူသော နယ်မြေမျိုးကိုတွေ့သောအခါ သူတိုက်ရိုက်ပင် ၀င်သွားခဲ့လိုက်သည်။
မကြာခင်တွင် ကုအန် အမှောင်ထုထဲမှ ထွက်ခွာလာပြီး ကြယ်များအပြည့်ဖြင့် အာကာသထဲ ရောက်ရှိလာခဲ့ပြန်၏။
ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲမှ ထွက်လာခါစအချိန်ဖြစ်သောကြောင့် သူပြန်လည်မွေးဖွားခြင်းကမ္မတရားများကို မြင်တွေ့နေရဆဲဖြစ်ပြီး စက်၀န်းထဲမှ ဝိညာဉ်များဆက်လက်စီးဆင်းနေကာ ရှေ့တူရူရှိ ကျယ်ပြန့်လှသော မဟာကောင်းကင်နှင့်မြေပြင်ထဲ စီး၀င်နေသည်ကို တွေ့နေခဲ့ရသည်။ ထိုဝိညာဉ်များသည် မဟာကောင်းကင်နှင့်မြေပြင်၏ ကောင်းကင်အလွှာဆီသို့ ချဉ်းကပ်သွားကြပြီး ကောင်းကင်အလွှာနှင့်ထိမိသောအခါ လေထုအလွှာပါးထဲသို့ တိုး၀င်ပျောက်ကွယ်သွားခဲ့ကြ၏။
ပြန်လည်မွေးဖွားခြင်း!
ဤမြင်ကွင်းက အတော်လေး လှပေသည်။
ကုအန် တွေးနေရင်းပင် ပိုနက်ရှိုင်းသောအာကာသထဲသို့ လှမ်းလာခဲ့၏။
ဤမဟာကောင်းကင်နှင့်မြေပြင်က အသံမဲ့အပျက်အဆီးနယ်မြေ၏ ဖုံးလွှမ်းခြင်းကို ခံထားရသော နယ်မြေတစ်ခုပဲ ဖြစ်သော်လည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့်တော့ အလွန်ဝေးလွန်းလှသည်။ ကုအန်၏ နတ်အတွေးနှင့်ပင် ဤနေရာမှနေပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို လှမ်းမကြည့်နိုင်ခဲ့ပေ။
သူအခြားစကြာ၀ဠာတစ်ခုဆီ ရောက်နေသလိုပင် ဖြစ်နေခဲ့၏။
နာရီ၀က်ခန့်ကြာပြီးနောက်
ကုအန် အသံမဲ့အပျက်အဆီးနယ်မြေထဲတွင် မျောလွင့်နေသည့် ကုန်းမြေတုိက်အပျက်ကြီးတစ်ခုပေါ်တွင် တရားထိုင်နေခဲ့သည်။ ဤကုန်းမြေကြီးက ထိုက်ကန်ကုန်းမြေတိုက်ကြီးလောက် ကြီးမားသော်လည်း မည်သည့်သက်ရှိသတ္တ၀ါေရာ အပင်ေရာမှမရှိဘဲ အရာအားလုံးက သေဆုံးသွားကြသည့်ပုံပင်။
သူသက်တမ်းအလွှာကို အသက်သွင်းလိုက်၏။ ထို့နောက် ချက်ချင်းအဆင့်မချိုးဖြတ်သေးဘဲ အရင်ဆုံးအဝေးသို့သာ တစ်ချက်ကြည့်လိုက်သည်။
သူဒီနေရာကိုရောက်ရောက်ချင်းပင် လွတ်ငြိမ်းရာအမတနှစ်ပါးတိုက်ခိုက်နေသည်ကို တွေ့ခဲ့ရ၏။
ကုအန် သူတို့တိုက်ပွဲကို သေချာကြည့်ရှုနေခဲ့သည်။
ဤလွတ်ငြိမ်းရာအမတနှစ်ပါးက နတ်ပုစဉ်းနတ်ဆိုးအရှင်လောက် မသန်မာကြသော်လည်း လွတ်ငြိမ်းရာအမတများဖြစ်ကြသောကြောင့် သူတို့တိုက်ပွဲအဟုန်က မသေးလှပေ။ တာအိုစိတ်ဝိညာဉ်စွမ်းအင်များကလည်း ကြီးမားစွာ ထွက်ပေါ်နေခဲ့သည်။
တခဏကြာကြည့်ရှုပြီးနောက်
ကုအန် သူ့ခေါင်းကိုအခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ပြီး သူ့အမူအရာက ထူးဆန်းသွားခဲ့၏။
သူလူအရိုးခေါင်းကြီးတစ်ခုကို မြင်လိုက်ရခြင်းဖြစ်ပြီး ထိုအရိုးခေါင်းကြီးက အာကာသထဲတွင် မျောလွင့်နေကာ သူ့လိုပင် အဝေးမှ တိုက်ပွဲကို ကြည့်ရှုနေခြင်း ဖြစ်သည်။
ဤအရိုးခေါင်းကြီးတွင် နိမိတ်ဆိုးသောအရှိန်အဝါမျိုးရှိနေပြီး ကုအန် တစ်ခါမှမခံစားခဲ့ဖူးသော အရှိန်အဝါမျိုး ဖြစ်၏။ သူ့ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းများတွင်ပင်တစ်ခါမှမခံစားဖူးခဲ့ပေ။
“ဒီအရှိန်အဝါက ဘာလဲ”
ကုအန်မျက်မှောင်ကြုံ့လိုက်ကာ ရှင်းရှင်းလင်းလင်းသိလိုစိတ် ပိုများလာခဲ့သည်။
ဤအရိုးခေါင်းကြီး၏ အရှိန်အဝါက မြင်လိုက်ရုံနှင့်တစ်ဖက်လူကို ချက်ချင်းတိုက်ခိုက်ပစ်လိုစိတ်ဖြစ်သွားစေပြီး သူ့အပေါ် အမျိုးအမည်မသိသော ရန်လိုမှုတစ်ခု အလိုလိုဖြစ်နေစေခဲ့သည်။
ကုအန် အကြည့်အောက်တွင် အရိုးခေါင်းကရှေ့သို့ တိုးလာခဲ့ပြီး ထူးဆန်းသောအခြေအနေအောက်သို့ ၀င်ရောက်သွားခဲ့၏။ ကုအန် တွက်ချက်မှုအရ လွတ်ငြိမ်းရာအမတနှစ်ပါးက သူ့တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ကြပေ။
သူက လွတ်ငြိမ်းရာအမတနှစ်ပါးကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား!