အခန်း (၄၃၅-၄၃၆)
Vol. 33 Ch. 435-436
အပိုင်း(၄၃၅)
ရွှမ်ယွမ်ကျိကိုင်ရှန်ပြီးပြည့်စုံခြင်းအဆင့်သို့ ဖြတ်ကျော်ခြင်း
ကုအန် အရိုးခေါင်းကြီးရှေ့သို့သွားနေသည်ကို စောင့်ကြည့်နေခဲ့၏။ အကွာအဝေးက အလွန်ဝေးလှသောကြောင့် သက်တမ်းစစ်ဆေးခြင်းသုံး၍ မရဘဲ နတ်အာရုံသုံးပြီးသာ လိုက်ကြည့်နေခဲ့ရသည်။
လွတ်ငြိမ်းရာအမတနှစ်ပါးကတော့ သည်းကြီးမည်းကြီးဆက်လက်တိုက်ခိုက်နေခဲ့ကြပြီး ပိုကြီးသောအန္တရာယ်ချဉ်းကပ်လာနေသည်ကို သတိမထားမိခဲ့ကြပေ။
ဤအရိုးခေါင်းကြီးက တာအိုပုန်းကွယ်အမတပြီးပြည့်စုံခြင်းအဆင့်သို့ မရောက်သေးမှန်း ကုအန် သတိထားမိသော်လည်း လွတ်ငြိမ်းရာအမတတစ်ပါးထက် အန္တရာယ်များတာတော့ သေချာပေသည်။ ထိုလွတ်ငြိမ်းရာအမတများ သူ့ကိုသတိမထားမိအောင် သူဘာနတ်သိုင်းကိုသုံးနေသလဲဆိုတာတော့ ကုအန် သတိမထားမိခဲ့ပေ။
အချိန်ကဆက်လက်ကုန်ဆုံးသွားခဲ့၏။
နာရီ၀က်ခန့်ကြာသောအခါ တိုက်ခိုက်နေသော လွတ်ငြိမ်းရာအမတနှစ်ပါး လင်းရှီများသုံးကာ မတိုးသာမဆုတ်သာဖြစ်နေသောအချိန်၌ အရိုးခေါင်းကြီး ရုတ်တရက်ပေါ်လာခဲ့ပြီး ထိုအရိုးခေါင်းကြီးက အလွန်ပင်ထပ်ကြီးမားလာကာ လွတ်ငြိမ်းရာအမတနှစ်ပါးကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်လိုက်လေသည်။ ထို့နောက် သက်တန့်အလင်းရောင်အဖြစ်ပြောင်းလဲသွားပြီး အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက်တွင်တော့ အာကာသကတိတ်ဆိတ်သွားခဲ့သည်။
မဟာတိုက်ပွဲကြီးက ဘယ်တုန်းကမှမဖြစ်ပျက်ခဲ့သလိုပင်။ ကုအန်အံ့အားသင့်သွားသော်လည်း အရိုးခေါင်းနောက် လိုက်လိုစိတ်မရှိခဲ့ပေ။
ကုအန် သူ့စနစ်ကိုသာ ဖွင့်ကြည့်လိုက်၏။
[အမည်: ကုအန်]
[သက်တမ်း: ၇၄၀/၃၃၂၉၂၂၃၆၀၂]
[ခန္ဓာ: ယွမ်ပေါင်းစည်းသန့်စင်ခန္ဓာ]
[ကျင့်ကြံခြင်းအဆင့်: အာကာပြင်တာအိုအမတပြီးပြည့်စုံခြင်းအဆင့်]
….
သက်တမ်း ၃၃ ဘီလီယံ!
အဆင့်ကြီးတစ်ဆင့်လောက် တက်ဖို့ကတော့ မခက်သင့်တော့ပေ။
ကုအန်မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး ခန္ဓာကိုအရင်မြှင့်ဖို့ ဆုံးဖြတ်လိုက်၏။
သူအမြန်ပင် သက်တမ်း ၁ဘီလီယံ ခန္ဓာထဲထည့်လိုက်ပြီး သူ့ရှေ့တွင် စာကြောင်းများတစ်ကြောင်းပြီးတစ်ကြောင်းပေါ်လာခဲ့လေတော့သည်။
သို့သော် သူမအောင်မြင်ခဲ့ပေ။
ကုအန် တုံ့ဆိုင်းမနေဘဲ နောက်ထပ်သက်တမ်း ၁ဘီလီယံ ထည့်လိုက်ရာ နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီး ဟွမ်ယွမ်ဟင်းလင်းပြင်သန့်စင်ခန္ဓာက ဟွမ်ယွမ်တာအိုရွှေခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့၏။
တာအိုစိတ်ဝိညာဉ်စွမ်းအင်များ သူ့ကိုယ်ထဲမှ ထိုးတက်လာပြီး သက်တမ်းအလွှာကုန်ကျမှုကလည်း တိုးလာခဲ့သည်။
မျက်လုံးများပိတ်ထားရင်း ကုအန် ဟွမ်ယွမ်တာအိုရွှေခန္ဓာပြောင်းလဲနေမှုတွင် နစ်မြုပ်နေခဲ့၏။
သူ့နှဖူးပေါ်မှ ရွှေရောင်အမှတ်အသားမှ မီးတောက်များစတင်ထွက်ပေါ်လာပြီး သူ့အရေပြားများက ရွှေရောင်တောက်လာခဲ့ပြီး သူ့တစ်ကိုယ်လုံးမှ ဖော်ပြ၍မရသော နတ်အရှိန်အဝါတစ်မျိုး ထွက်ပေါ်နေခဲ့သည်။
ဟွမ်ယွမ်တာအိုရွှေခန္ဓာက ခန္ဓာရှင်၏အသားကို နိယာမစွမ်းအားများဖြင့် ယှဉ်၍ရစေပြီး တာအိုနှင့်အသားကျကာ မည်သည့်တာအိုကိုမဆို လေ့လာနိုင်စွမ်းသတ္တကို ပေး၏။ ဆိုလိုသည်မှာ အခုကစပြီး ကုအန်သည် မည်သည့်တာအိုကိုမဆို လေ့လာ၍ ရသွားချေပြီ။
ထိုအရာတင်မကသေးဘဲ ဟွမ်ယွမ်တာအိုရွှေခန္ဓာက ခန္ဓာရှင်၏လင်းရှီနှင့်ဝိညာဉ်ကိုလည်း ပြောင်းလဲခြင်းအခြေအနေတစ်ခုသို့ ခေါ်ဆောင်သွားသေးသည်။
ထိုဖြစ်စဉ်က လုံး၀နာကျင်မှုမရှ်ိဘဲ အလွန်အံ့ဩစရာကောင်းသော ဖြစ်စဉ်မျိုး ဖြစ်၏။
အသံမဲ့အပျက်အဆီးနယ်မြေတွင် အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာပြီး တာအိုစိတ်ဝိညာဉ်စွမ်းအင်များက ထိုးတက်လာကာ တာအိုနိယာမများလည်းတုန်ခါကုန်ကြပြီး ထိုသို့ဖြစ်ပွားနေသည့် နယ်မြေကလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ အသံမဲ့အပျက်အဆီးနယ်မြေရှိ သတ္တဝါများ တစ်ယောက်ပြီးတစ်ယောက်ထွက်ပေါ်လာပြီး အချို့က ထွက်ပြေးကုန်ကာ အချို့ကတော့ ဖြစ်ပျက်ရသည့် အကြောင်းအရင်းကို ထောက်လှမ်းနေကြသည်။
ကုအန် ရှေ့တွင် ခေါင်း၇လုံးပါသော ပင်လယ်နဂါးနက်တစ်ကောင်တိမ်များပေါ်၌ ပျံဝဲနေခဲ့၏။ ကုအန် အောက်က ကုန်းမြေတိုက်ကြီးက ထိုနဂါးကိုယ်၏ တစ်၀က်လောက်သာ ရှိပြီး ထိုအရာက ထိုပင်လယ်နဂါးနက်ဘယ်လောက်ကြီးသလဲဆိုတာ ညွှန်ပြနေခဲ့သည်။
မည်သည့်သက်ရှိမှ ကုအန်ကိုမထောက်လှမ်းမိဘဲ သက်တမ်းအလွှာက သူ့အစွမ်းကို အကောင်းဆုံး ပြသနေခဲ့၏။
နာရီ၀က်ကုန်လွန်သွားပြီးနောက် ကုအန် သူ့မျက်လုံးများကိုဖွင့်လိုက်ပြီး သက်တမ်းများကို ထာ၀ရအနန္တကျင့်စဉ်ထဲ ထည့်လိုက်လေသည်။
သက်တမ်း ၁ဘီလီယံက ထာ၀ရအနန္တကျင့်စဉ်ကို မဟာတာအိုအန္တိမကျင့်စဉ် ကျွမ်းကျင်အဆင့်သို့ ပြောင်းလဲသွားစေခဲ့၏။
နာရီ၀က်ခန့်ကြာသောအခါ ကုအန် သူ့စွမ်းအင်များကို ဆက်လက်မြှင့်တင်ခဲ့သည်။
သူ့ကျင့်ကြံခြင်းနှင့်အရှိန်အဝါကိုဖုံးကွယ်ရာ၌ အရေးပါသည့် တာအိုကိုယ်စားပြုနတ်အတွေးကျင့်စဉ်ကို မဟာရွှမ်တစ်ထောင်ဟင်းလင်းပြင်ကျင့်စဉ်သို့ အဆင့်မြှင့်ခဲ့လိုက်၏။
ထို့နောက် သူ့ခေတ်ပြောင်းခြေလှမ်းနှင့် အန္တိမလမ်းစဉ်အသွင်မဲ့ခန္ဓာကိုဆက်လက်မြှင်တင်ခဲ့သည်။ ခေတ်ပြောင်းခြေလှမ်းက သူ့တစ်ခုတည်းသော လှုပ်ရှားမှုသိုင်းဖြစ်ပြီး အန္တိမလမ်းစဉ်အသွင်မဲ့ခန္ဓာကလည်း သူ့ကမ္မပတ်သက်မှုများကို ကာကွယ်ရန်နှင့် သူ့သရုပ်မှန်ကို ဖုံးကွယ်ရာ၌ အရေးပါသောကြောင့် ထိုသိုင်းနှစ်ခုလုံးက သူ့အတွက် အရေးကြီးပေသည်။
သူနှစ်ခုလုံးကို သက်တမ်း ၁ဘီလီယံစီသုံးလိုက်၏။
ခေတ်ပြောင်းခြေလှမ်းက ထာ၀ရကောင်းကင်တာအိုခြေလှမ်းအဖြစ်ပြောင်းလဲသွားခဲ့ပြီး ကျွမ်းကျင်အဆင့်သို့ပါရောက်ရှိသွားခဲ့သည်။
အန္တိမလမ်းစဉ်အသွင်မဲ့ခန္ဓာကတော့ အသွင်မဲ့ကိုယ်ပျောက်လွတ်မြောက်ခြင်းခန္ဓာအဖြစ်ပြောင်းလဲသွားကာ အထွတ်အထိပ်အဆင့်သို့ ရောက်လာခဲ့၏။
သူ့စွမ်းရည်များအားလုံးကို မြှင့်တင်ပြီးသောအခါ ကုအန် သူ့သက်တမ်းကို ပြန်စစ်ကြည့်လိုက်သည်။ သူ့တွင် သက်တမ်း ၂၇ ဘီလီယံကျန်ရှိနေသေးပြီး သက်တမ်းအလွှာကလည်း သက်တမ်း သန်း၈၀ သုံးသွားခဲ့၏။
တခဏတွေးပြီးနောက် ကုအန် နောက်ထပ်သက်တမ်း၁ဘီလီယံကို သူ့အကာအကွယ်သိုင်းဖြစ်သော မူလတာအိုစွမ်းအင်ထဲ ထည့်လိုက်သည်။ နောက်ဆုံးတွင် မူလတာအိုစွမ်းအင်က ကာကွယ်ခြင်းတာအိုနတ်အနှစ်သာရ အဖြစ်ပြောင်းလဲသွားကာ နက်နဲခြင်းအဆင့်သို့ ရောက်သွားခဲ့၏။
အသံမဲ့အပျက်အဆီးနယ်မြေတွင်တော့ လုံး၀ဖရိုဖရဲဖြစ်နေပြီး မရေတွက်နိုင်သော နတ်အတွေးများ နတ်ဆန္ဒများက နေရာအနှံ့ရှာဖွေနေကြပြီး ကုအန် ရှိသောနေရာလေးမှလွဲပြီး နယ်မြေတစ်ခုလုံးက ပရမ်းပတာဖြစ်နေခဲ့ကြသည်။
ခပ်လှမ်းလှမ်းရှိ မဟာကောင်းကင်နှင့်မြေပြင်မှပင် အမျိုးမျိုးသောသက်ရှိများ ထွက်လာကြပြီး အခြေအနေကို စုံစမ်းနေခဲ့ကြ၏။
ကုအန်ဆီကထွက်လာသော တာအိုစိတ်ဝိညာဉ်စွမ်းအင်များက သူတို့မဟာကောင်းကင်နှင့်မြေပြင်၏ တာအိုနိယာမများကိုပါ နှောင့်ယှက်နေခဲ့ချေပြီ။
ဖရိုဖရဲဖြစ်မှုက ပြန့်ကားသွားခဲ့သည်။
ကုအန် ကာကွယ်ခြင်းတာအိုနတ်အနှစ်သာရကိုဆက်ခံပြီးသောအခါ သူ့ကိုယ်ကိုဝိုင်းပတ်နေသော အဖြူရောင်စက်လုံးတစ်လုံးပေါ်ပေါက်လာခဲ့၏။ ထို့နောက် အဖြူရောင်စက်လုံးက ရုတ်ချည်းကျုံ့၀င်သွားကာ သူ့ကိုယ်ထဲရောက်သွားပြီး ဟွမ်ယွမ်တာအိုရွှေခန္ဓာနှင့်ပေါင်းစပ်သွားခဲ့သည်။ ထိုအရာက သူ့ကိုယ်ပေါ်တွင် အလင်းများစီးဆင်းနေသော အလွှာတစ်ခုရှိနေသည်နှင့်တူနေပြီး ထိုအလွှာက သူ့တကိုယ်လုံးကို တစ်လက်မမကျန် ဖုံးအုပ်ထားခဲ့၏။
သူ့အရေပြားကပုံမှန်ပြန်ဖြစ်သွားသော်လည်း သူ့ပုံစံကတော့ အရင်ကနှင့်လုံး၀မတူညီတော့ပေ။ သူ့သည် သက်ရှိအားလုံးကို အမိန့်ပေးနိုင်သည့် တည်ရှိမှုတစ်ခုလိုဖြစ်နေပြီး သူ့ကိုယ်က သက်ရှိအားလုံးကို အထင်အမြင်သေးစွာကြည့်ရှုနေသည့် တည်ရှိမှုတစ်ခု၏ အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့သည်။
ကုအန် စနစ်ကိုဖွင့်ကြည့်လိုက်ရာ သူ့တွင်သက်တမ်း ၂၅ဘီလီယံကျော်ကျန်နေသေးသည်ကို တွေ့လိုက်ရ၏။
သူသူ့ကိုယ်သူပြင်ဆင်လိုက်သည်။
နောက်လာမည့် အခိုက်အတန့်က သူ့အတွက်အရေးအကြီးဆုံး ဖြစ်၏။
အဆင့်ချိုးဖြတ်ခြင်း!
သက်တမ်း၁ဘီလီယံ ထည့်မယ်!
“သင်သည် စွမ်းအင်စုပ်ယူခြင်းကို သက်တမ်း ၅သန်းကြာ ကျင့်ကြံခဲ့ပြီး ရွှမ်ယွမ်ကျိကိုင်ရှန်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည် မဟာတာအိုအန္တိမကျင့်စဉ်တွင် အောင်မြင်မှုများကြောင့် ကပ်ဘေးကိုစတင်နိုင်ခဲ့သော်လည်း ဆန်းကြယ်ပြန်လည်မွေးဖွားခြင်းမဟာကောင်းကင်တာအိုကပ်ဘေးတွင် ကျရှုံးခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို သက်တမ်း ၁၀သန်းကြာ ကျင့်ကြံခဲ့ပြီး ရွှမ်ယွမ်ကျိကိုင်ရှန်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည် မဟာတာအိုအန္တိမကျင့်စဉ်တွင် အောင်မြင်မှုများကြောင့် ကပ်ဘေးကိုစတင်နိုင်ခဲ့သော်လည်း ဆန်းကြယ်ပြန်လည်မွေးဖွားခြင်းမဟာကောင်းကင်တာအိုကပ်ဘေးတွင် ကျရှုံးခဲ့သည်]
….
သက်တမ်း ၅ သန်းတစ်ခါ ကပ်ဘေးကျော်ဖြတ်ရမှာလား!
ထိုအရာက အတော်လေးများလှပြီး အရင်တစ်ခါက သက်တမ်း ၂သန်းသာကုန်ခဲ့ခြင်း ဖြစ်၏။
ကုအန် ကြိတ်၍သာသက်ပြင်းချလိုက်မိပြီး တကယ်တော့ သူအရင်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
သူ့အဆင့်ချိုးဖြတ်ခြင်းအောင်မြင်သွားဖို့သာ အရေးကြီးပြီး သက်တမ်းများဆိုသည်မှာ ကိန်းဂဏန်းများသက်သက်သာ ဖြစ်၏။
နောက်ဆုံးတွင် သက်တမ်းသန်း၁၀၀က အောင်မြင်မှုကို ယူလာမပေးနိူင်ခဲ့ဘဲ သူအကြိမ် ၂၀ ကျရှူံးခဲ့ရသည်။
သူဆက်ပြီးသက်တမ်းများ ထည့်လိုက်ပြန်၏။
သက်တမ်း သန်း၁၀၀ပြီး ၁၀၀ ထည့်နေရင်း ကုအန်အမူအရာကတော့ လုံး၀ပျက်မသွားခဲ့ပေ။
သက်တမ်း ၁၀ ဘီလီယံကုန်သွားသော်လည်း မအောင်မြင်သေးသောအခါ သူ့ပါးစပ်အနည်းငယ်တော့ ဟလာခဲ့သည်။
သက်တမ်း ၁၅ဘီလီယံကျန်သေးတာပဲ ကြောက်နေစရာမလိုပါဘူး!
ကုအန် သက်တမ်း၁ဘီလီယံ ထပ်ထည့်လိုက်ပြီး ဤအဖြစ်အပျက်ကြောင့် သူ့အမူအရာကတော့ ပိုတည်ငြိမ်လာခဲ့၏။
နောက်ထပ် သက်တမ်း ၅ဘီလီယံထည့်ပြီးနောက် ၆ဘီလီယံမြောက်တွင်!
နောက်ဆုံးတွင်တော့ ကုအန်ပိုရှည်သော အသိပေးချက်ကို မြင်ခဲ့ရချေပြီ။
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို သက်တမ်း ၄၅သန်းကြာ ကျင့်ကြံခဲ့ပြီး ရွှမ်ယွမ်ကျိကိုင်ရှန်အဆင့်သို့ ချိုးဖြတ်နိုင်ခဲ့သည် မဟာတာအိုအန္တိမကျင့်စဉ်တွင် အောင်မြင်မှုများကြောင့် ကပ်ဘေးကိုစတင်နိုင်ခဲ့ပြီး ဆန်းကြယ်ပြန်လည်မွေးဖွားခြင်းမဟာကောင်းကင်တာအိုကပ်ဘေးတွင်အောင်မြင်ခဲ့ကာ ရွှမ်ွယွမ်ကျိကိုင်ရှန်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်]
[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်သန်း၁၀၀ကြာကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းက တိုးတက်လာခဲ့သည်]
သက်တမ်း ၅၅ သန်းက အဆင့်ငယ်တစ်ဆင့်တောင် မကျော်ခဲ့ဘူး!
ကုအန် သက်တမ်းများ ထပ်ထည့်လိုက်ပြန်သည်။
သူပြီးပြည့်စုံခြင်းအဆင့်သို့ တစ်ချက်တည်းဖြင့် ရောက်ချင်နေခြင်း ဖြစ်၏။
နောက်ဆုံးတွင် သူသက်တမ်း သန်း၆၀၀ကျော်သုံးပြီးသောအခါ ရွှမ်ယွမ်ကျိကိုင်ရှန်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။
ကုအန် သက်တမ်းအလွှာက သက်တမ်းကုန်ကျနေမှုကို ကြည့်ပြီးသော်လည်း တည်တော့တည်ငြိမ်နေသေးသည်။ သူ့တွင်သက်တမ်း သန်း၄၀၀ကျန်သေးရာ ခြောက်သွေ့တော့ မသွားလောက်သေးပေ။
ထို့နောက် သူ့မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့ကျင့်ကြံခြင်းတွင်သာ ဈန်၀င်နေလိုက်၏။
ထိုစဉ် ခပ်လှမ်းလှမ်းရှိ ဟင်းလင်းပြင်တစ်နေရာတွင် ကြီးမြတ်သောကျင့်ကြံသူတစ်ယောက်တိုက်ခိုက်နေသောကြောင့် မီးတောက်များ လျှံထွက်လာခဲ့လေသည်။
အသံမဲ့အပျက်အဆီးနယ်မြေရှိ အဖြစ်အပျက်က အခုထိမပြီးသေးသောကြောင့် ထိုနယ်မြေရှိ ကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက်အထင်လွဲကုန်ပြီး တိုက်ခိုက်နေကြခြင်း ဖြစ်၏။
ကုအန်အောက်ရှိ ကုန်းမြေတိုက်ကြီးကလည်း ပြိုကွဲသွားတော့မလို့ တုန်ခါလာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှတိုက်ပွဲတွင် ကျင့်ကြံသူများစွာ ပါ၀င်လာကြပြီး နောက်ဆုံးတွင် တိုက်ခုိက်ေနေသာ ကျင့်ကြံသူနှစ်ယောက်က ကုအန် အပေါ်သို့ ရောက်ရှိလာခဲ့၏။ ထိုနှစ်ယောက်သည် နတ်လက်နက်များကို ကိုင်ဆွဲကာ ကောင်းကင်နတ်ဘုရားများလို တိုက်ခိုက်နေခဲ့ကြသည်။
သူတို့အောက်တွင် လွတ်ငြိမ်းရာအမတအဆင့်ထက်ကျော်လွန်နေသော ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခု အဆင့်ချိုးဖြတ်နေတာကိုတော့ သူတို့မသိခဲ့ကြပေ။
ကုအန် တာအိုသစ်သီးကဖွံ့ဖြိုးလာခဲ့ပြီး ရွှမ်ယွမ်တာအိုအမှတ်အသားများလည်း ထွက်ပေါ်လာခဲ့သည်။ အသက်ကန့်သတ်ချက်မဟာနတ်စွမ်းအား စစ်မှန်ေသာအသက်ရှည်ခြင်းစာလုံးများလည်း တာအိုသစ်သီးမှ မွေးဖွားလာကာ စတင်လည်း အားကောင်းလာခဲ့၏။ တာအိုနိယာမများ ကောင်းကင်နှင့်မြေပြင်နိယာမများနှင့် ပိုမိုပေါင်းစည်းသွားသောကြောင့် စစ်မှန်သောအသက်ရှည်ခြင်းစာလုံးကလည်း ပိုမိုကျယ်ပြန့်ကာ နက်ရှိုင်းလာခဲ့သည်။ ရွှမ်ယွမ်ကျိကိုင်ရှန်အဆင့်သို့ ၀င်ရောက်သွားသောအခါ သူ့စိတ်ထဲတွင် သူ့အတိတ် သူ့အနာဂတ်နှင့် ဖြစ်နိုင်ချေရှိသည့် ကံကြမ္မာများပင် ပေါ်ပေါက်လာခဲ့ကြသည်။ ဘ၀သက်တမ်းတွင် သူ့ရွေးချယ်မှုများအရ သူကံကြမ္မာက ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုကံကြမ္မာမျဉ်းများကလည်း အနာဂတ်တွင် ပြောင်းလဲသွားနိုင်သေး၏။ သူရွေးချယ်လိုက်သော လမ်းကသာ သူ့စစ်မှန်သောကံကြမ္မာဖြစ်ပြီး အခြားလမ်းကြောင်းများက ပုံရိပ်များသာဖြစ်သော်လည်း သူ့တွင်လုံလောက်သော ခွန်အားရှိလျှင်တော့ ထိုအရာများကလည်း ဖြစ်လာနိုင်သေးသည်။
ထိုအရာများကို ဖြစ်အောင်လုပ်ဖို့ကတော့လူတစ်ယောက်က ကောင်းကင်နှင့်မြေပြင်လောက် အားကောင်းနေဖို့ လိုအပ်၏။
ရွှမ်ယွမ်ကျိကိုင်ရှန်အဆင့်သည် ကံကြမ္မာကိုနားလည်ပြီး ဖြစ်လာနိုင်သော ကံကြမ္မာလမ်းပေါင်းစုံကို မြင်တွေ့နိုင်သော အဆင့်ဖြစ်ပေသည်။ ထိုအနာဂတ်လားရာများကို သိနေသောကြောင့် လူတစ်ယောက်၏ ကံကြမ္မာလားရာကိုပိုမိုခိုင်မာအောင် ပြုလုပ်နိုင်၏။
သက်ရှိတိုင်း၏ ကံကြမ္မာလားရာနှင့်အတူ ကုအန် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ပျက်ဆီးခြင်းကိုပင် တွေ့ခဲ့ရသည်။
ကြီးမားလွန်းသော ကုန်းမြေတိုက်ကြီးက ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားသည်ကို သူမြင်ခဲ့ရပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတင်မဟုတ်ဘဲ မဟာကောင်းကင်နှင့်မြေပြင်များအားလုံး ပျောက်ကွယ်သွားခဲ့ရတာ သက်ရှိအားလုံးက နောက်ဆုံးတွင် သေခြင်းတရားနှင့် ရင်ဆိုင်ရပေလိမ့်မည်။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ပျက်ဆီးခြင်းကို တားဆီး၍မရပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာက ကောင်းကင်တာအို၏ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီး မဟာတာအိုဆင့်ကဲပြောင်းလဲခြင်းလည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ကုအန်က ထိုအရာကို တားနိုင်ခဲ့လျှင်တော့ မပျက်ဆီးနိုင်ဘဲ ထာ၀ရတည်မြဲသည့် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက အခြားအာကာသနယ်မြေများအပေါ်လည်း သက်ရောက်မှုများ ရှိသွားပေလိမ့်မည်။
သူမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို အသည်းအသန်ကာကွယ်ပြီးနောက် အဓိပတိဂိုဏ်းနှင့် ထိုက်ကန်မင်းဆက်က အနာဂတ်၏ မြင့်မြတ်ခုံရုံးနှင့်အမတမင်းဆက်တို့ဖြစ်လာခဲ့ကြပြီး အမတမင်းဆက်ကတော့ ကောင်းကင်ပြင်ပကို ထွက်ခွာသွားသည်ကို ကုအန် တွေ့ခဲ့ရ၏။
နောက်ဆုံးတွင် သူတို့က သက်ရှိအားလုံး၏ ရန်သူများ ဖြစ်လာခဲ့ကြသည်။
ခပ်မှိန်မှိန်လင်းနေသော ဆန်းကြယ်လှသည့် အာကာသထဲတွင် အရာအားလုံးက ကြိုတင်သတ်မှတ်ထားပြီးသားများဖြစ်ကြပြီး အသစ်ကအဟောင်းကို အစားထိုးနေခြင်းသာ ဖြစ်ကြ၏။ ကျင့်ကြံသူများက ကောင်းကင်နှင့်မြေပြင်၊သဘာ၀လမ်းစဉ်များကို တွက်ချက်နိုင်ကြသော်လည်း သူတို့မတွက်ချက်နိုင်ကြသည်မှာ လူသားတို့၏နှလုံးသားများကို ဖြစ်ကြသည်။
အသိညဏ်ရှိသည့် မည့်သည့်သက်ရှိကမဆို ကိန်းရှင်တစ်ခုဖြစ်လာနိုင်ပြီး ထိုကိန်းရှင်တစ်ခုက အဆုံးမဲ့သောအရာများကို ပြောင်းလဲပစ်နိုင်ပေသည်။
တောက်တဲ့ကျမ်းထဲတွင် ပြောထားသလိုပင်
တာအိုက ၁ ကို မွေးထုတ်ကာ ၁ က ၂ကိုမွေးထုတ်၏။ ၂ က ၃ ကိုမွေးထုတ်ပြီး ၃ ကတော့အရာအားလုံးကို မွေးထုတ်ပေးသည်။
ရွှမ်ယွမ်ကျိကိုင်အဆင့်ကိုရောက်ရှိခြင်းက တာအိုသစ်သီးပိုမိုသန်မာလာရုံသာ မဟုတ်ဘဲ ကျင့်ကြံသူ၏ လမ်းစဉ်ကိုလည်း သတ်မှတ်ပေးခြင်း ဖြစ်၏။ ထိုမှတစ်ဆင့် ကုအန် သူ့နှလုံးသားကိုလည်း ဆင်ခြင်နိုင်လာခဲ့သည်။
အကယ်၍ သူကကံကြမ္မာကိုမြင်နိုင်နေခဲ့လျှင် သူနှင့်အနီးကပ်ဆုံးလူများကို မည်သို့ဆက်ဆံသင့်ပါသနည်း။
ခံစားချက်များက သူ့ကိုချည်နှောင်ထားခြင်းဖြစ်ပြီး သူကရော ထိုခံစားချက်များ၏ ချုပ်နှောင်ခြင်းကို ခံရဖို့ ခွင့်ပြုသင့်ပါသလော။
လူတစ်ယောက်၏ စစ်မှန်သော သဘာ၀ဆိုသည်မှာရော အဘယ်သို့သောအရာဖြစ်ပါသနည်း။ ကမ္ဘာကြီးထဲတွင်နေထိုင်ရင်း နေ့ရက်များတစ်ရက်ပြီးတစ်ရက်ကုန်လာသည်နှင့် စစ်မှန်သောသဘာ၀က အခြားအရာများ၏ လွှမ်းမိုးခြင်းကိုခံလိုက်ရပြီး အချိန်နှင့်အမျှ ခံစားချက်များကိုလည်း တည်ဆောက်လာမိကြပေသည်။
အပိုင်း(၄၃၆)
ကောင်းကင်နှင့်မြေပြင်ထက် ပိုအသက်ရှည်သော၊ မဟာတာအိုထက် ပိုမိုရှည်လျားသော
ရွှမ်ယွမ်ကျိကိုင်ရှန်
ရွှမ်ယွမ်ဆိုတာဘာလဲ၊ လွတ်လပ်ခြင်းဆိုတာဘာလဲ။
ကုအန်ကို ပုံရိပ်များစွာက ဝိုင်းပတ်ထားပြီး ထိုပုံရိပ်များက သူ့စိတ်အစဉ်ကို တိုက်ခိုက်နေခဲ့ကြသည်။ ထိုမြင်ကွင်းများထဲမှ အချို့က အတိတ်အဖြစ်အပျက်များဖြစ်ပြီး အချို့ကတော့အနာဂတ်ဖြစ်ရပ်များ ဖြစ်ကြ၏။ ထို့နောက် မြင်ကွင်းများက ပိုပိုပြီး ဖရိုဖရဲဖြစ်လာခဲ့ကြလေသည်။
အချိန်ဘယ်လောက်ကုန်သွားသလဲ သူမသိခဲ့ပေ။
ရုတ်တရက် သူ့မျက်လုံးများကိုဖွင့်လိုက်သောအခါ သူ့အသိစိတ်က ကျယ်ပြန့်ကာ တဖိတ်ဖိတ်တောက်နေသော ကြယ်များအပြည့်ဖြင့်ကောင်းကင်ဆီ ပြန်ရောက်လာခဲ့ပြီး ထိုပုံရိပ်များ၏ ၀န်းပတ်နေခြင်းကို မခံရတော့ပေ။
တစ်ချက်တည်းနှင့် သူ့ကမ္ဘာကြီးက ငြိမ်သက်သွားသလိုပင်။
သူ့မျက်လုံးများက အမြင်အာရုံကို ပြန်လည်ရရှိသွားပြီး သူ့ကိုယ်ထဲမှ ပုံရိပ်တစ်ခုပြီးတစ်ခုထွက်လာကာ ထိုပုံရိပ်များက သူ့ရှေ့တွင်ရပ်ကာ သူ့ကိုမျက်နှာချင်းဆိုင်၍ ကြည့်ရှုနေခဲ့ကြ၏။
အားလုံးပေါင်း ၅ ယောက်!
ထိုသူများမှာ ချူလု၊ရှောင်ရှန်းထျန်၊လုံကျန်း၊လုဟန်နှင့်ကျိတို့ ဖြစ်ကြသည်။
သူ့ပြန်လည်မွေးဖွားခြင်းကိုယ်ထည် ၅ ခု!
ကုအန် သူတို့ကိုကြည့်နေရင်း သူ့မျက်လုံးများက တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။
ထိုငါးယောက်အပြင် ကောင်းကင်အနက်ပိုင်းထဲတွင် ပုံရိပ်များထွက်ပေါ်လာသေးသော်လည်း ထိုပုံရိပ်များ၏ သရုပ်မှန်က ကုအန်နှင့်တော့ သိပ်မဆိုင်သလိုပင်။ သို့သော်လည်း ထိုပုံရိပ်များကလည်း သူ့ပြန်လည်မွေးဖွားခြင်းကိုယ်ထည်များဖြစ်မှန်း ကုအန် သိပေသည်။
သူပြန်လည်မွေးဖွားခြင်းစတင်လိုက်သည်နှင့် ထိုပုံရိပ်များကလည်း သူ့ပြန်လည်မွေးဖွားခြင်းကိုယ်ထည်များသာ ဖြစ်လာကြပေလိမ့်မည်။
သူတို့အားလုံးက မတူညီသောပုံစံများ၀တ်ဆင်ထားကြသော်လည်း သူတို့ပုံစံများက ကုအန်နှင့်တူနေခဲ့ကြ၏။ သူတို့ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် အလွန်ဝေးသောအကွာအဝေးသို့ ရောက်လာကြပြီး လျင်မြန်စွာပင် ကုအန်နှင့်နီးကပ်လာခဲ့သည်။
ရာချီ ထောင်ချီ သောင်းချီ သူတို့အရေအတွက်က ပိုတိုးလာခဲ့ပြီး မကြာခင်တွင် ကုအန်ရှေ့ရှိ အာကာပြင်၌ ထိုအဆုံးမဲ့သော ပုံရိပ်များဖြင့် ပြည့်နှက်သွားခဲ့၏။
ကုအန် တင်ပလ္လင်ခွေထိုင်နေရင်း သူ့ရှေ့ရှိ ပြန်လည်မွေးဖွားခြင်းကိုယ်ထည်များကို အမူအရာမပျက်ကြည့်ရှုနေခဲ့သည်။
သူကလည်း ပြန်လည်မွေးဖွားခြင်းကိုယ်ထည်များကိုအကဲခတ်နေသလို သူတို့ကလည်း သူတို့မူလကိုယ်ကို မျက်နှာချင်းဆိုင်နေရသလို ပြန်ကြည့်နေခဲ့ကြ၏။
ထိုအခိုက်တွင် ကုအန် တာအိုနှလုံးသားက တဖြည်းဖြည်းညဏ်အလင်းပွင့်လာခဲ့သည်။
သူ့လက်ရှိအတွေးများကသာ သူ့နှလုံးသားအစစ်ကို ကိုယ်စားပြုပြီး သူလုပ်သမျှအရာအားလုံးက သူ့နှလုံးသား၏ ထုတ်ဖော်မှုများသာ ဖြစ်ကြ၏။
သူ့နှလုံးသာအစစ်က သူ့စည်းမျဉ်းများနှင့် ပဋိပက္ခမဖြစ်သေးသရွေ့ ထိုအရာက သူ့အတွက်မှန်ကန်သော လုပ်ရပ်သာ ဖြစ်နေပေဦးမည်။
အချို့ကိစ္စများ၏ အကျိုးဆက်များက သူ့သဘောတွေ့စရာမဟုတ်လျှင်တောင် ဘာအရေးနည်း။
သူက သူ့ကိုယ်ပိုင်ဘ၀ကိုသာ လျှောက်လှမ်းနေခြင်းဖြစ်ပြီး အများဆုံးမှ အခြားသူများကို ကူညီနိုင်ရုံသာဖြစ်ပြီး ထိုသူတို့၏ စိတ်ကိုတော့ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
အကျိုးဆက်က ပျက်ဆီးခြင်းဆိုလျှင်တောင် ထိုပျက်ဆီးခြင်းမတိုင်ခင် ရခဲ့ရသော သာယာမှုက အကျိုးအမြတ်ပင် မဟုတ်ပါလော။
ကမ္မနှင့်ကံကြမ္မာကိုဖယ်ထားပြီး ကုအန် သူ့ကိုယ်ပိုင်လမ်းကြောင်းကို သတ်မှတ်ရန် လိုနေခဲ့၏။
အသက်ရှည်ခြင်းလား!
သူ့ကျင့်ကြံခြင်းကအဝေးကြီးလိုနေသေးသော်လည်း ကုအန် တာအိုကအဆုံးမဲ့မှန်း ပိုပိုပြီး နားလည်လာခဲ့သည်။ ထာ၀ရအသက်ရှည်ခြင်းကို အောင်မြင်စေရန် လူတစ်ယောက်ကျင့်ကြံခြင်းက မည်မျှမြင့်နေရပါမည်နည်း။
အကယ်၍ ပိုသန်မာသော တည်ရှိမှုနှင့်ရင်ဆိုင်ရပါက ထိုအသက်ရှည်ခြင်းက ခံပါဦးမည်လော။
ကုအန် သူ့ပြန်လည်မွေးဖွားခြင်းဖြစ်စဉ်များအပါအ၀င် သူ့မှတ်ညဏ်များကို ပြန်ကြည့်နေခဲ့၏။
သူ့မျက်လုံးများကတဖြည်းဖြည်း အရောင်တောက်လာခဲ့သည်။
ဝုန်းကနဲအသံနှင့်အတူ!
စကြာ၀ဠာတစ်ခုလုံး အက်ကွဲသွားပြီး ကုအန် အသိစိတ်ပြန်၀င်လာကာ လက်ရှိတွင်သူက ကုန်းမြေတိုက်အပျက်ကြီးပေါ်တွင်သာ တင်ပလ္လင်ခွေထိုင်နေဆဲဖြစ်၏။
ရွှမ်ယွမ်ကျိကိုင်ရှန် အစောပိုင်းအဆင့်!
အဆင့်ချိုးဖြတ်တာက ဆက်ဖြစ်နေတုန်းပဲ!
ကုအန်၏ တာအိုကိုနားလည်မှုက နက်ရှိုင်းလာခဲ့ပြီး သူ့ကမ္မတရား ကံကြမ္မာနှင့်ပြန်လည်မွေးဖွားခြင်းကို နားလည်မှုကလည်း နက်ရှိုင်းလာခဲ့သည်။
ထိုအရာက သူ့ဘ၀အနှစ်သာရပြောင်းလဲမှုဟုသာ ပြောနိုင်ပြီး လင်းရှီအရာတွင်တော့ သူ့လင်းရှီစွမ်းအားက တာအိုပုန်းကွယ်အမတတစ်ပါးထက် များစွာကျော်လွန်သွားခဲ့ချေပြီ။
တာအိုစိတ်ဝိညာဉ်စွမ်းအင်များ သူ့ကိုယ်ထဲစီး၀င်နေရင်း ကုအန်ဤစကြာ၀ဠာကြီးကို စစ်ဆေးနေခဲ့၏။
သူ့နတ်အတွေးကလည်း ပိုဝေးဝေးသို့ မြင်နိုင်နေပြီ ဖြစ်သည်။
အရင်ဆုံး ကုအန် စကြာ၀ဠာအနက်ပိုင်းထဲတွင် ကျိကိုသတ်ဖြတ်သွားသော ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားစောင့်ရှောက်သည့် ဧရာမဂိတ်ကြီးကို တွေ့ခဲ့ရ၏။
နယ်နိမိတ်ဂိတ်တံခါး!
ကျိကိုသတ်ခဲ့စဉ်က ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက ဂိတ်နာမည်ကိုပြောခဲ့ပြီး နယ်နိမိတ်ဂိတ်တံခါးနားချဉ်းကပ်လာခြင်းက ကောင်းကင်တာအိုကိုအာခံခြင်းဖြစ်သောကြောင့် အမေးအမြန်းမရှိ သတ်ဖြတ်နိုင်သည်ဟု ထုတ်ပြောခဲ့သည်။
စကြာ၀ဠာတိုင်းတွင် နယ်နိမိတ်ဂိတ်တစ်ခုရှိနေခြင်းပေလော။
ထိုဂိတ်တံခါး၏အောက်တွင် မည်သူမှမရှိဘဲ အမှောင်ထုကြီးသာရှိပြီး တိတ်ဆိတ်နေမှန်း ကုအန် တွေ့လိုက်ရ၏။
သို့သော် ဤဂိတ်တံခါးနားကြီးသို့ ချဉ်းကပ်သွားပါက ဒုက္ခရောက်သွားနိုင်ကြောင်း သူ့အသိစိတ်က သူ့ကိုသတိပေးနေခဲ့သည်။
ထို့နောက် သူ့အကြည့်ကိုပြန်ရုတ်လိုက်ပြီး အခြားမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုကို ကြည့်ရှုလိုက်၏။ သူ့နတ်အတွေးဖြင့် ထိုနယ်မြေက သက်ရှိအားလုံးကိုမြင်လိုက်ရပြီး သက်ရှိများ၏ ပြောဆိုဆက်ဆံနေကြပုံများကိုပင် မြင်တွေ့နေခဲ့ရသည်။
ဤမဟာကောင်းကင်နှင့်မြေပြင်က မဟာလေဟာနယ်ကောင်းကင်နှင့်မြေပြင်ဖြစ်ပြီး လွတ်ငြိမ်းရာအမတသုံးပါး၏ အိမ်ဖြစ်ကာ ထိုနယ်မြေကလည်း ဖရိုဖရဲဖြစ်နေခဲ့၏။
ကောင်းကင်ပြင်ပက အဖြစ်အပျက်များကြောင့် နယ်မြေက မငြိမ်မသက်ဖြစ်ကုန်ကြပြီး အင်အားစုများက သူတို့ကို ချွေးသိပ်ဖို့အပြင်းအထန်ကြိုးစားနေခဲ့ကြသည်။
ကုအန်စိတ်ထဲတွင် ကြိတ်၍တောင်းပန်လိုက်မိသော်လည်း ယခုအချိန်တွင် သူထသွားလို့တော့ မရပေ။ ပြီးတဲ့ထိစောင့်နေဖို့သာ တတ်နိုင်ပေသည်။
ဤမဟာလေဟာနယ်ကောင်းကင်နှင့်မြေပြင်က ကံဆိုးသွားရုံသာ ဖြစ်၏။
ရုတ်တရက် အကြံတစ်ခုရသွားပြီး ကုအန် သူ့ညာလက်ကိုမြှောက်လိုက်ကာ သူ့လက်ဖ၀ါးထဲရှိလင်းရှီများက သစ်စေ့များအဖြစ်ပြောင်းလဲသွားပြီး ထိုသစ်စေ့များကို မဟာလေဟာနယ်ကောင်းကင်နှင့်မြေပြင်ဆီ ဖြန့်ကျဲလိုက်ကာ သစ်စေ့များက လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့ကြလေသည်။
“ဒါကို ငါ့အကြွေးဆပ်မှုလို့ သတ်မှတ်လိုက်ပါ” ကုအန်တွေးလိုက်၏။ ထို့နောက် သူမဟာလေဟာနယ်ကောင်းကင်နှင့်မြေပြင်ကိုပြန်ကြည့်လိုက်ပြီး သူ့အနာဂတ်ကို မြင်လိုက်ရသည်။
ဤနယ်မြေတွင် ကံကြမ္မာများစွာရှိနေပြီး ကံကြမ္မာအချို့၌ ပျောက်ကွယ်သွားရကာ အချို့တွင်တော့ သက်တမ်းရှည်ပြီး ဆက်လက်ကြီးမားကျယ်ပြန့်လာခဲ့ကြ၏။
အဝေးအနာဂတ်တစ်ချိန်တွင် မဟာလေဟာနယ်ကောင်းကင်နှင့်မြေပြင်က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့်ပေါင်းစည်းသွားသည့်မြင်ကွင်းမျိုးကိုပင် ကုအန် မြင်တွေ့ခဲ့ရသည်။
တကယ်တော့ မည်သည့်ကိန်းရှင်ကမဆို ကံကောင်းခြင်းကိုယူဆောင်လာနိုင်သလို ကပ်ဘေးကိုလည်းယူဆောင်လာနိုင်၏။
ကိန်းရှင်ဆိုသည်မှာ အဘယ်နည်း။
ကိန်းရှင်ဆိုသည်မှာ ကောင်းကင်နှင့်မြေပြင်နိယာမများက မထိန်းချုပ်နိုင်သော အင်အားစုများဖြစ်ပြီး ဤနယ်မြေအလွန်ရှိအရာမှန်သမျှက ကိန်းရှင်များ ဖြစ်လာနိုင်ပေသည်။
အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ကုအန်၏လင်းရှီက ထောင်တက်လာခဲ့ပြီး ကုအန် သူ့သက်တမ်းအလွှာကိုလည်းလျစ်လျူရှုမထားခဲ့ပေ။
တစ်နာရီခန့်ကြာသောအခါ
ကုအန် လင်းရှီများက နောက်ဆုံးတွင် ရွှမ်ယွမ်ကျိကိုင်ရှန်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီး သူ့တွင်သက်တမ်း ၁ဘီလံယံကျော်သာ ကျန်ရှိတော့သည်။
သူထရပ်လိုက်ကာ လည်ပင်းကိုတစ်ချက်ချိုးလိုက်ပြီး သူ့ကိုယ်မှလည်း ဟွမ်ယွမ်တာအိုရွှေခန္ဓာမှ ထွက်ပေါ်လာသည့် ဆန်းကြယ်လှသော ရွှေရောင်အလင်းများက တောက်ပနေခဲ့၏။
ထို့နောက် သူချက်ချင်းပျောက်ကွယ်သွားပြီး ပြန်လည်မွေးဖွားခြင်းစက်၀န်းကိုဖြတ်ကာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီ ပြန်လည်ဦးတည်လာခဲ့လေသည်။
ခြေတစ်လှမ်းတည်းဖြင့် သူပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ရောက်သွားပြီး နောက်တစ်လှမ်းလှမ်းလိုက်သောအခါ အဓိပတိဂိုဏ်းနား ပြန်ရောက်သွားခဲ့၏။
ဤသည်မှာ ထာ၀ရကောင်းကင်တာအိုခြေလှမ်းမှလွဲ၍ အခြားမဟုတ်ပေ။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့်မဟာလေဟာနယ်ကောင်းကင်နှင့်မြေပြင်ကြားက အကွာအဝေးကအတော်လေးဝေးလွန်းလှပြီး လွတ်ငြိမ်းရာအမတတစ်ပါးအတွက်ပင် ရောက်ရှိရန် မလွယ်လှပေ။
ကုအန် တောတောင်များထဲမှ ပန်းပင်များ မြက်ပင်များ၏ရနံ့ကိုပြန်လည်ရရှိမှသာ သူ့မျက်နှာပေါ် အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့လေသည်။
ဤနေရာကသူ့ကိုစိတ်အေးချမ်းမှုကို ပေးစွမ်းနေဆဲပင်။
မွန်းတည့်ချိန်သို့ ချဉ်းကပ်လာနေပြီဖြစ်ပြီး တစ်ညတည်းသာကြာသွားခြင်းဖြစ်သော်လည်း ကုအန်ကတော့ တာအိုပုန်းကွယ်အမတအဆင့်ကို ကျော်လွန်ကာ ရွှမ်ယွမ်ကျိကိုင်ရှန်အဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။
များစွာသော ကျင့်ကြံသူများ၏ အမြင်တွင် သူကထာ၀ရတည်ရှိမှုတစ်ခု ဖြစ်နေပါပြီလော။
ကုအန် သူ့ကိုသတိထားမိသွားမည်စိုးသောကြောင့် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကိုတော့ ထပ်မကြည့်ရဲတော့ပေ။
သူ့ခွန်အားနှင့် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကိုရင်ဆိုင်ဖို့က အလွန်အန္တရာယ်များနေဆဲဖြစ်ပြီး ထို့အပြင် သူ့တွင်ထိုပုဂ္ဂိုလ်နှင့်မပြေလည်နိုင်သောရန်ငြှိုးလည်း မရှိလေရာ အဘယ်ကြောင့် သွားအပြစ်ပြုရမည်နည်း။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲတွင်တော့ သူဘယ်ကိစ္စကိုဖြစ်ဖြစ် ဖြေရှင်းဖို့ ယုံကြည်ချက်ရှိနေခဲ့ချေပြီ။
သူနောက်ထပ်သတိထားနေဖို့ မလိုတော့သော်လည်း လက်တစ်ဖက်ကိုတော့ ဝှက်ထားရပေဦးမည်။
ကုအန် လူတိုင်းကို သူဆရာသခင်ဓားအရှင်ဆိုတာ အသိပေးလိုက်၍ ရပြီဖြစ်သော်လည်း သူဘယ်လောက်သန်မာသလဲဆိုတာကိုတော့ အသိပေးမည်မဟုတ်ပေ။
ကမ္ဘာကြီးက ဘယ်လိုပဲပြောင်းလဲပါစေ နေလကြယ်များက ဘယ်လိုပင်ရွေ့လျားနေပါစေ သူထိုအပြောင်းအလဲများအားလုံးကို ကြည့်ရှုချင်ပေသည်။
သူသည် မဟာကောင်းကင်နှင့်မြေပြင်ထက် ပိုပြီး အသက်ရှည်ချင်သလို မဟာတာအိုထက်လည်း ပိုပြီး အသက်ရှည်ချင်သေး၏။
သူသည် ထာ၀ရဟူသော သင်္ကေတတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားခဲ့သည်။
ကုအန် နှုတ်ခမ်းများတွန့်ကွေးသွားပြီး သူ့ညာလက်က လက်တစ်လျှောက်ရှိ ပန်းပင်များမြက်ပင်များကို ထိသွားခဲ့ကာ သူ့လက်နှင့်ထိသော အပင်များက အသက်ဓာတ်များပြည့်၀သွားကာ အနည်းငယ်တုန်ရီသွားပြီး ခံစားနိုင်စွမ်းပင် ရှိလာတော့မလို ဖြစ်ကုန်ကြ၏။
နောက်တစ်နာရီခန့်ကြာသောအခါ ကုအန် ဆန်းကြယ်တောင်ကြားဆီ ရောက်ရှိလာခဲ့ပြီး တောင်ကြားထဲတွင် တပည့်များက ပျိုးကြဲသူကကြဲ မြေဆွသူကဆွနှင့် စည်ကားနေသော ဂိုဏ်းငယ်လေးတစ်ခုနှင့် တူနေခဲ့သည်။
ကုအန် ပြန်လာသည်ကိုတွေ့သောအခါ တပည့်များချက်ချင်း သူ့ကိုနှုတ်ဆက်လိုက်ကြ၏။
မိနစ်၃၀ခန့် ဆန်းကြယ်တောင်ကြားတွင် အချိန်ုဖြုန်းပြီးနောက် ကုအန် တတိယတောင်ကြားစီ ပြန်သွားခဲ့သည်။
ယခုအခါ တတိယတောင်ကြားကသာ သူ့ဘ၀၏ ဗဟိုဖြစ်လာခဲ့ပြီး သူ့နှလံုးသားထဲတွင် ဆန်းကြယ်တောင်ကြားကအရမ်းအရေးမကြီးတော့ပေ။
တတိယတောင်ကြားသို့ ရောက်ရောက်ချင်းပင် သူ့ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။
ထိုပုံရိပ်မှာ ကျိရှောင်ယုသာဖြစ်ပေသည်။
ကျိရှောင်ယု တစ်ခုခုပြောဖို့ပြင်လိုက်ချိန်တွင် သူ့အကြည့် ကုအန်ဆီရောက်သွားသောအခါ ရုတ်တရက်ကုအန်ကိုစိုက်ကြည့်လိုက်ပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့၏။
ကုအန် အရင်က၀တ်စုံကိုသာ၀တ်ဆင်ထားခြင်းဖြစ်သော်လည်း သူ့အသွင်အပြင်တွင် တစ်ခုခုကထင်ထင်ရှားရှားပြောင်းလဲသွားခြင်းကြောင့် ကျိရှောင်ယု သူ့ကိုရပ်၍ကြည့်နေခဲ့ခြင်း ဖြစ်သည်။
“အစ်ကိုတို့ ကျားကစားဖို့သွားကြမှာလား ညီမလေး အိမ်ကိုလား ဒါမှမဟုတ် ဒိုဂျိုကိုလား” ကုအန် ပြုံး၍ပြောလိုက်၏။
ဒိုဂျိုဟုခေါ်သောနေရာမှာ ကျားကစားသောနယ်မြေကိုခေါ်ခြင်းဖြစ်ပြီး ထိုနေရာတွင် ကျားခုံများကို နေရာချထားခြင်းဖြစ်သည်။ နေ့တိုင်း လူများက ထိုနေရာတွင်လာ၍ ကစားကြ၏။
ကျိရှောင်ယု သူမအတွေးများကို ပြန်စုစည်းလိုက်ပြီး ပြောလိုက်သည်။
“ဒိုဂျိုကိုသွားရအောင် ညီမလေးစောင့်နေရတာ အတော်ကြာပြီလို့ ခံစားရတယ်”
ကုအန် သူမစကားမှသွယ်ဝိုက်သောအဓိပ္ပာယ်ကို ခံစားလိုက်ရပြီး ဘာမှအများကြီးမပြောဘဲ ဒိုဂျိုဆီသို့သာ ဦးဆောင်သွားခဲ့လိုက်၏။
“မနေ့ညက…” ကျိရှောင်ယု ကုအန်ဘက်လှည့်ကာ ရှုပ်ထွေးနေဟန်ဖြင့် မမေးဘဲ မနေနိုင်ခဲ့ပေ။
ကုအန် ရှေ့ကိုသာကြည့်နေရင်း ရယ်မော၍ ပြောလိုက်သည်။
“မနေ့ညက အစ်ကိုကျင့်ကြံဖို့ ထွက်သွားခဲ့တာ ပြီးတော့ အကျိုးအမြတ်နည်းနည်းရခဲ့တယ်”
“ကြည့်ရတာ အစ်ကိုနားလည်မှုအတော်လေး ရခဲ့တဲ့ပုံပါ”
“မှန်တယ် ညီမလေးအစ်ကိုကဘယ်လိုလူလဲဆိုတာ ညီမလေးသိသင့်တယ်”
ကုအန် ဂုဏ်ယူစွာပြောလိုက်ပြီး ကျိရှောင်ယု ရယ်မောနေသော သူ့မျက်နှာကို ထိုးချင်သွားခဲ့သည်။ သို့သော် သူမလည်း လိုက်၍သာရယ်မောခဲ့ပြီး ခုနကခံစားခဲ့ရသော သူတို့ကြားက ဝေးကွာမှုကပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။
ကျိရှောင်ယု ကုအန်ကိုလေ့လာနေရင်း ပြောလိုက်သည်။
“အစ်ကိုကြီး အစ်ကို့ရဲ့ကျင့်ကြံခြင်းကိုဖုံးကွယ်မထားဘူး မဟုတ်လား”
ကုအန်ကျင့်ကြံခြင်းက ပြောင်းလဲမသွားသော်လည်း သေချာတွေးကြည့်သောအခါ သူ့အရှိန်အဝါက အမြဲပြောင်းလဲနေမှန်း သူမသိသွားခဲ့ပြီး ထိုအရာကလည်း ထင်ယောင်ထင်မှားဖြစ်မှု မဟုတ်ပေ။
“ညီမလေးမှန်းတာမှန်ပါတယ် တကယ်တော့ အစ်ကိုကအခုအရမ်းသန်မာနေပြီ ညီမလေးရဲ့ မူလခန္ဓာကိုယ်နိုးထလာရင်တောင် အစ်ကို့ပြိုင်ဘက်မဖြစ်နိုင်ဘူး ဆရာသခင်ဖူးတိဆိုတာ တကယ်တော့ အစ်ကို့အကြောင်းရေးထားတာပဲ” ကုအန် သူမကိုတစ်ချက်ကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။
ကျိရှောင်ယု သူ့ကိုမျက်လုံးလှန်ကာ ကြည့်လိုက်သည်။
ဒိုဂျိုထဲရှိ ကျားခုံများအားလုံး ပြည့်နေပြီဖြစ်သော်လည်း ကုအန်တို့လာသောအခါ တပည့်နှစ်ယောက်ကသူတို့အတွက် အလိုက်တသိနေရာဖယ်ပေးခဲ့ပြီး ဒိုဂျိုထဲရှိ ကစားနေသော လူများအားလုံး၏အကြည့်များလည်း ကုအန်ဆီ ရောက်ရှိသွားခဲ့ကြ၏။
ကုအန်နှင့်ကျိရှောင်ယုတို့ထိုင်လိုက်သောအခါ လူအေရအတွက်အသင့်အတင့်ပမာဏေလာက် သူတို့နားဝိုင်းလာခဲ့ကြသည်။
လက်ကိုးချောင်းနတ်အရှင်လည်းရောက်ရှိလာခဲ့ပြီး ကုအန်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုလိုက်၏။ တစ်နည်းနည်းဖြင့် ကုအန်၏ အရှိန်အဝါက လုံး၀ပြောင်းလဲသွားသည်ဟု သူခံစားနေခဲ့ရသည်။
ဤကောင်လေးတွင် ဘယ်လိုဇာတ်လမ်းရှိနေပါသနည်း။
သူသည် ဆရာသခင်ဓားအရှင်နှင့် ဆက်စပ်နေခြင်းပေလော။
လက်ကိုးချောင်းနတ်အရှင် သူ့ကိုကုအန်ဘယ်လိုအမြဲအနိုင်ယူနေလဲဆိုတာကို အမြဲလိုလို တွေးနေခြင်းဖြစ်ပြီး အခုတော့ သူ့စိတ်ထဲ ရဲတင်းသောအတွေးအခေါ်တစ်ခု ၀င်လာခဲ့၏။
ဆရာသခင်ဓားအရှင်သည် ကုအန်ကို ကျားကစားရာ၌ နောက်ကွယ်က အကြံပေးနေခြင်းပေလော။
ဖြစ်နိုင်တယ်!
ဟုတ်တယ်!
ဒီလိုပဲဖြစ်ရမယ်!
လက်ကိုးချောင်းနတ်အရှင်၏ ကုအန်အပေါ်အကြည့်က ဒေါသများဖြင့် ပြည့်လာခဲ့သည်။ ဤကောင်လေးသည် သိုင်းလောကစည်းမျဉ်းများကို မလိုက်နာခဲ့ပေ။
ကုအန် ကျိရှောင်ယုကိုအရင်ရွှေ့ခိုင်းလိုက်ပြီး ကျိရှောင်ယုကလည်း မငြင်းခဲ့ပေ။
၇ကွက်ရွှေ့ပြီးသည့်နောက် ကျိရှောင်ယုသည် ကမ္ဘာဦးတာအိုအဆောင်ကို ထုတ်သုံးနေမှန်း ကုအန် အာရုံခံလိုက်မိ၏။
သူတကယ်ကြီး ပြင်ဆင်လာတာပဲ!
လက်ကိုးချောင်းနတ်အရှင်လည်း ကျိရှောင်ယုကိုကြည့်ကာ ကြိတ်၍ တုန်လှုပ်သွားခဲ့လေသည်။
ဒါက ဘယ်လိုစွမ်းအားမျိုးလဲ!