← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 33 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 33 Ch. 441-442

အပိုင်း(၄၄၁)

ကမ္ဘာဦးအမတဘုရင်

ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ရှိ ကျင့်ကြံသူများ ကျိုးယိကျင်း၏ ကံကြမ္မာကိုအားကျနေကြချိန်တွင် အဓိပတိဂိုဏ်းကတော့ ကောင်းကင်နှင့်မြေပြင်ကိုဖုံးလွှမ်းထားသော ဖိအားက ပိုမိုအားကောင်းလာသောကြောင့် တစ်ခုခုမှားနေမှန်း သတိထားမိနေခဲ့သည်။

ကောင်းကင်မှကျဆင်းနေသော နှင်းများကရပ်တန့်သွားပြီး ချမ်းအေးလွန်းသော ဆောင်းရာသီကရပ်တန့်သွားသလိုပင်။

တတိယတောင်ကြားတွင် ရှန်ရှင်းကျိ သစ်ပင်အောက်တွင်ထိုင်နေရင်း ကောင်းကင်ကိုမျက်မှောင်ကြုံ့၍ကြည့်နေကာ လက်ချောင်းဖြင့် တွက်ချက်နေခဲ့၏။

ကျိရှောင်ယုလည်း အိမ်ထဲမှထွက်လာပြီး ကောင်းကင်ကြီးကို မော့ကြည့်နေရင်း သူ့မျက်လုံးထဲမှ ထည်ဝါလှသောအလင်းတစ်ချက် တောက်သွားခဲ့သည်။

နေလမြေအောက်ကမ္ဘာဧကရာဇ်လည်း သူ့ဘေးတွင်ပေါ်လာပြီး လေးလေးနက်နက်ပြောလိုက်သည်။

“အမတဘုရင်တစ်ပါးရဲ့ အသက်ရှူသံ!”

ကျိရှောင်ယု သူ့ဘက်လှည့်ကာ မေးလိုက်၏။

“အမတဘုရင်တစ်ပါးဆိုတာ ဘာလဲ”

သူမသည် အတိတ်ကမှတ်ညဏ်များကို ပြန်ရနေပြီဖြစ်သော်လည်း မချိတ်ဆက်နိုင်သေးသော မှတ်ညဏ်များရှိနေသေးပြီး ထို့ကြောင့်လည်း ကျိရှောင်ယု၏သရုပ်ကို ထိန်းထားနိုင်နေသေးခြင်း ဖြစ်သည်။

“အမတဘုရင်ဆိုတာ ကောင်းကင်နဲ့မြေပြင်ရဲ့ ချီကံကြမ္မာတွေကို တစ်ယောက်တည်းဆီမှာစုထားပြီး ပြန်လည်မွေးဖွားခြင်းကပ်ဘေး ရင်ဆိုင်နေတဲ့ လွတ်ငြိမ်းရာအမတတွေကို ခေါ်တာ သူတို့ရဲ့လင်းရှီ‌က ကောင်းကင်ကိုတောင် ဖောက်နိုင်တယ်လို့ပြောကြတယ် သူတို့စွမ်းအားကို တိုင်းတာလို့တောင်မရဘူး” နေလမြေအောက်ကမ္ဘာဧကရာဇ်ကောင်းကင်ကိုမော့ကြည့်နေရင်း တည်ကြည်သောအမူအရာဖြင့် ပြောလိုက်၏။

သူဆက်ပြောလိုက်သည်။

“ဒီအမတဘုရင်ရဲ့အရှိန်အဝါက တစ်ခုခုမှားနေတယ် အားကောင်းတဲ့သေခြင်းရနံ့တစ်ခု ရှိနေတယ်”

“ဘာကိုဆိုလိုတာလဲ” ကျိရှောင်ယု မျက်‌ေမှာင်ကြုံ့သွားကာ မေးလိုက်သည်။

“ကျွန်တော်လည်း သေချာမသိဘူး ဒါပေမယ့် သေချာတာတစ်ခုက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိူင်နေရပြီ…” နေလမြေအောက်ကမ္ဘာဧကရာဇ်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ အတွေးနွံနစ်သွားခဲ့၏။

ထိုစကားကိုကြားပြီးနောက် ကျိရှောင်ယု အကြည့်ကကောင်းကင်ဆီပြန်ရောက်သွားပြီး ထူးဆန်းသောအဖြစ်အပျက်ကို အကဲခတ်နေခဲ့သည်။

နှင်းများအရည်ပျော်ကာ တိမ်များပြိုကွဲသွားပြီး ကောင်းကင်ကမဲမှောင်လာကာ ကောင်းကင်နှင့်မြေပြင်ကြားထဲရှိ လေထုဖိအားကလည်း ပိုပိုတင်းမာလာသောကြောင့် လူတိုင်း မလွယ်ကူမှုကို ခံစားလာကြရသည်။

ကုအန် တခဏကြည့်ရှုပြီးနောက် ကောင်းကင်ပြုပြင်စင်မြင့် အစွန်းဘက်ဆီ ထွက်လာခဲ့လိုက်၏။ ကျိုးယိကျင်းကတော့ ဓားဆန္ဒကိုစုပ်ယူနေဆဲဖြစ်ပြီး အပြင်ရှိအဖြစ်အပျက်များကိုပင် မေ့လျော့နေခဲ့သည်။ ကုအန် ကောင်းကင်ပြုပြင်စင်မြင့်ပေါ်မှ ဆင်းသွားသောအခါမှသာ အပြင်စည်းမြို့တော်ရှိ‌လူများ နောက်ဆုံးတွင် ကောင်းကင်ရှိမူမမှန်မှုကို သတိထားမိသွားခဲ့ကြ၏။

ကောင်းကင်ပြင်ပတွင် ပြန်လည်မွေးဖွားခြင်းစက်၀န်းရှေ့ရှ်ိ အာကာသထဲ၌ လူတစ်စု ဒူးထောက်နေခဲ့ကြသည်။ ပြန်လည်မွေးဖွားခြင်းစက်၀န်းက သာမန်ထက်ပိုအားကောင်းနေခဲ့ပြီး စက်၀န်းအလယ်ရှိ အမှောင်ထုထဲ၌ ထည်ဝါလှသော ပုံရိပ်တစ်ခုရှိနေကာ သူ့ကိုယ်မှအလင်းရောင်ခပ်ရေးရေးထွက်နေသည်ကို မြင်နေခဲ့ရသည်။

ထိုပုံရိပ်ရှေ့တွင် စွမ်းအားကြီးတည်ရှိမှုများကပင် သေးနုတ်သွားသလို ဖြစ်နေခဲ့၏။

မြင့်မြတ်ခုံရုံးနှင့်အမတမင်းဆက်ရှိလူများလည်း အာကာပြင်ထဲအပြေးအလွှားရောက်လာကြပြီး ထိုပုံရိပ်ကိုတွေ့သောအခါ သူတို့အမူအရာများ ရုတ်ချည်းပြောင်းလဲကုန်ခဲ့ကြသည်။

“အဲ့တာဘာလဲ”

“အဲ့လောက်ကြောက်စရာကောင်းတဲ့ အရှိန်အဝါ အဲ့လောက်အရှိန်အဝါရဖို့ ကျင့်ကြံခြင်းဘယ်လောက်မြင့်နေရမလဲ”

“လူတိုင်းပဲ ဂရုစိုက်ကြ ဒီပုံရိပ်က လူသားလည်းမဟုတ်ဘူး နတ်ဆိုးလည်းမဟုတ်ဘူး ဒါကမကောင်းဆိုးဝါးစိတ်ဝိညာဉ်တစ်ခုပဲ ဖြစ်ရမယ်”

“ကောင်းကင်နတ်ဆိုးတစ်ကောင်များလား ဒါပေမယ့် သူကဘာလို့ အသံမဲ့အပျက်အဆီးနယ်မြေကမလာတာလဲ”

“ဘာလို့ ဒီပုံရိပ်ကိုတစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရတာလဲ”

သူတို့‌ဆွေးနွေးနေခဲ့ကြပြီး ဓမ္မအသုံးအဆောင်များကိုလည်း လက်ထဲတွင် အသင့်ကိုင်ထားကာတိုက်ပွဲ၀င်ဖို့ အသင့်ဖြစ်နေခဲ့ကြ၏။ ပြန်လည်မွေးဖွားခြင်းစက်၀န်းရှေ့တွင် ဒူးထောက်နေကြသူများလည်း စက်၀န်းထဲရှိပုံရိပ်ကို လေးစားမှုများပြည့်နေသော မျက်နှာထားဖြင့် မော့ကြည့်နေခဲ့ကြသည်။

ရုတ်တရက် အမတမင်းဆက်မှ အမတတစ်ပါးထအော်လိုက်၏။

“ကမ္ဘာဦး အမတဘုရင်!”

ထိုအသံနှင့်အတူ အမတမင်းဆက်ဘက်ခြမ်းမှလူများ ပွက်လောရိုက်ကုန်ကြပြီး အမတမင်းဆက်မှ အမတများ မယုံကြည်နိုင်မှုများနှင့် တုန်လှုပ်ကုန်ကြသည်။

မြင့်မြတ်ခုံရုံးဘက်ခြမ်းတွင်လည်း ကမ္ဘာဦးအမတဘုရင်နာမည်ကိုကြားဖူးသော သန်မာသည့် အမတကျင့်ကြံသူအချို့ ကြောက်ရွံ့တုန်လှုပ်ကုန်ကြ၏။

“အရာရှိအဆင့် ကျင့်ကြံသူတွေအကုန်လုံး မြင့်မြတ်ခုံရုံးကို ပြန်ကြ!”

အာကာပြင်ထဲတွင် အမိန့်ပေးသံတစ်သံ ထွက်ပေါ်လာပြီး မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများအားလုံး လှည့်ပြန်သွားခဲ့ကြလေသည်။ အသက်သုံးရှိုက်အတွင်းမှာတင် မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများအားလုံး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီ ပြန်ရောက်လာခဲ့ကြ၏။

ထိုအရာကိုမြင်သောအခါ အမတမင်းဆက်မှ အမတများ စိတ်ဓာတ်ပိုပြီးတက်ကြွသွားခဲ့ကြသည်။

“အဲ့တာက ကမ္ဘာဦးအမတဘုရင်အစစ်လား သူအသက်ရှင်နေသေးတယ်!”

“ဆိုတော့ ဘိုးဘေးယွမ်ရှုက ကမ္ဘာဦးအမတဘုရင်ကိုကြိုဆိုဖို့ ပြန်လည်မွေးဖွားခြင်းစက်၀န်းကို ဖွင့်လှစ်ခဲ့တာလား”

“မဟုတ်သေးဘူး သူ့အရှိန်အဝါနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်မလား”

“ဒါပေမယ့် အဲ့တာကကမ္ဘာဦးအမတဘုရင်လေ သူဘာပဲဖြစ်နေနေ သူကငါတို့အမတမင်းဆက်ရဲ့ ထာ၀ရ အမတဘုရင်ပဲ”

“မြင့်မြတ်ခုံရုံးမွေးဖွားလာတာ နှစ်ပေါင်းဘယ်လောက်တောင် ကြာသွားပြီလဲ အမတမင်းဆက်က ကမ္ဘာကြီးပြန်လည်ပေါင်းစည်းတာကို အခုထိမမြင်ရသေးဘူး”

အမတများ စိတ်လှုပ်ရှားနေခဲ့ကြသော်လည်း အချို့ကတော့ မျက်နှာပေါ်တွင် စိတ်ပူနေသည့်အရိပ်အယောင်များ ပြသနေခဲ့ကြသည်။

ထို့နောက်တွင်တော့ ကမ္ဘာဦးအမတဘုရင်စတင်လှုပ်ရှားလာခဲ့၏။ သူအမှောင်ထုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းနတ်ဆိုးနတ်ဘုရားတစ်ပါးနှင့်တူသည့် ကြောက်မက်ဖွယ်အရှိန်အဝါမျိုး ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲမှ တိုးထွက်လာခဲ့လေသည်။

အာကာပြင်ထဲရှိ အမတများအားလုံးလည်း တိတ်ဆိတ်နေပြီး ငေးကြောင်၍သာ စိုက်ကြည့်နေခဲ့ကြ၏။

…..

မြင့်မြတ်ခုံရုံး မဟာခန်းမတစ်ခုထဲတွင်

မြင့်မြတ်၀န်ကြီး မြင့်မြတ်ပလ္လင်ပေါ်တွင်ထိုင်နေရင်း ကြည်တွေအပြည့်ဖြင့် ကောင်းကင်ကိုမော့ကြည့်‌ေ‌နကာ သူ့အကြည့်က တင်းမာနေခဲ့သည်။

သူ့ပတ်ပတ်လည်တွင်တော့ မြင့်မြတ်ခုံရုံး၏ အဆင့်၂ အရာရှိများဖြစ်ကြသော မြင့်မြတ်နတ်ဘုရားများ ရပ်နေခဲ့ကြ၏။

သူတို့တစ်ယောက်ချင်းစီက နတ်အတွေးအစစ်အမှန်အမတများ ဖြစ်ကြပေသည်။

အဖြူရောင်ငှက်မွှေး၀တ်စုံ၀တ် အဖွားကြီးတစ်ယောက် စပြောလိုက်၏။

“မြင့်မြတ်၀န်ကြီး ကမ္ဘာဦးအမတဘုရင်ရောက်ရှိလာမှုက ကျွန်မတို့ကို ဦးတည်နေတယ်ဆိုတာသေချာတယ် သူဘာကြောင့်ပြန်နိုးထလာတာပဲဖြစ်ဖြစ် ကျွန်မတို့ အစီအစဉ်တစ်ခုချထားဖို့တော့ လိုတယ်”

အခြားမြင့်မြတ်နတ်ဘုရားများလည်း သဘောတူလိုက်ကြ၏။ သူတို့အပြင်ပန်းအမူအရာများက တည်ငြိမ်နေကြသော်လည်း စိတ်ထဲတွင်တော့ အမတဘုရင်ကိုကြိတ်၍ ကြောက်နေခဲ့ကြသည်။

ကမ္ဘာဦးအမတဘုရင်ပါပါလျှင် ယခုအခါ အမတမင်းဆက်တွင် လွတ်ငြိမ်းရာအမတ ၃ ပါးရှိသွားခဲ့ချေပြီ။

ထိပ်တန်းအဆင့်ချင်းယှဉ်ပါက မြင့်မြတ်ခုံရုံးက အမတမင်းဆက်အောက် လုံး၀နိမ့်ပါးနေလေရာ သူတို့မည်ကဲ့သို့ သတိမထားဘဲ နေနိုင်ပါမည်နည်း။

ဤနှစ်များအတွင်း မြင့်မြတ်ခုံရုံးက အမတမင်းဆက်ကို ယှဉ်၍တိုက်ခိုက်နိုင်နေပါသော်လည်း သူတို့အမတမင်းဆက်ကို အချိန်တိုအတွင်းရှင်းလင်းပြီး အခြေအနေကိုလုံး၀ ပြောင်းပြန်လှန်မပစ်နိုင်တာကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်ကြ၏။

ယခုအခါ ကမ္ဘာဦးအမတဘုရင်လည်း ပေါ်ပေါက်လာလေရာ အနာဂတ်တွင် ဘာများဖြစ်လာနိုင်ပါမည်နည်း။

မြင့်မြတ်၀န်ကြီးတင်းမာနေသောမျက်နှာဖြင့် ပြောလိုက်သည်။

“မင်းတို့ဘာနည်းဗျူဟာတွေ တင်ပြနိုင်သလဲ ငါ့အရှင်တို့”

ထိုစကားကိုကြားသောအခါ မြင့်မြတ်၀န်ကြီးများ တိတ်ဆိတ်သွားခဲ့ကြ၏။

လွတ်ငြိမ်းရာအမတတစ်ပါးနှင့်ရင်ဆိုင်ရာတွင် မည်သည့်အစီအစဉ်မဆို အလုပ်ဖြစ်မည်မဟုတ်ဘဲ လွတ်ငြိမ်းရာအမတတစ်ပါးကသာ လွတ်ငြိမ်းရာအမတနောက်တစ်ပါးကို ရင်ဆိုင်နိုင်ပေသည်။

မြင့်မြတ်နတ်ဘုရားထဲမှ တစ်ယောက် မြင့်မြတ်၀န်ကြီးကိုကြည့်ကာ မေးလိုက်၏။

“ခင်ဗျားရဲ့ အဆင့်ချိုးဖြတ်တာက ဘယ်တော့စမှာလဲ”

မြင့်မြတ်၀န်ကြီး အဆင့်ချိုးဖြတ်ဖို့ ပြင်ဆင်နေသော်လည်း ထိုကဲ့သို့သောကိစ္စမျိုးက လော၍မဖြစ်ပေ။ မြင့်မြတ်၀န်ကြီးအတွက် ကပ်ဘေးဖြတ်ကျော်ခြင်းက သေရေးရှင်ရေးကိစ္စဖြစ်သောကြောင့် သူအလွယ်လေးမှတ်၍လည်း မဖြစ်ပေ။ မြင့်မြတ်၀န်ကြီးသူ့ကိုကြည့်ကာ ပြောလိုက်သည်။

“လူအချို့ကသာ ကိုယ့်တာ၀န်ကိုယ်ယူဖို့ မပျက်ကွက်ခဲ့ရင် ငါကပ်ဘေးကျော်ဖြတ်တာတောင် အောင်မြင်နေလောက်ပြီ ငါတို့အားလုံးက မြင့်မြတ်ခုံရုံးအတွက် အကျိုးဆောင်နေကြတာပဲ ဘာလို့သူတို့က သူတို့ရဲ့ ချီကံကြမ္မာတွေကို ဘာလို့ဒီလောက်တင်းတင်းဆုပ်ကိုင်ထားချင်နေကြသလဲ ငါနားမလည်ဘူး”

သူသည် အဆင့်ချိုးဖြတ်ရန်အတွက် မြင့်မြတ်ခုံရုံး၏ချီကံကြမ္မာများအားလုံးကို သုံးချင်နေခြင်းဖြစ်သော်လည်း ချီကံကြမ္မာက လူတစ်ယောက်နှင့်ချိတ်ဆက်လိုက်ပါက ထိုအရာကို အလွယ်တကူပြန်ယူ၍ မရတော့ပေ။ ချီကံကြမ္မာဆုံးရှူံခြင်းက စိတ်တည်ငြိမ်မှုကို ပျက်ပြားစေပြီး ကံကောင်းခြင်းများကိုလည်း လျော့ကျသွားစေနိုင်ပေသည်။ ထိုချီကံကြမ္မာကို အတင်းဆွဲထုတ်ယူ၍လည်း မရဘဲ မြင့်မြတ်ခုံရုံးပြိုကွဲမသွားစေဘဲ ထိုအရာကိုထုတ်ယူဖို့က

မြင့်မြတ်ခုံရုံး၏ အထက်အောက်အရာရှိများ သေချာဆွေးနွေးပြီး အားလုံးသဘောတူမှသာ လုပ်ဆောင်၍ ရသောအရာမျိုးဖြစ်နေခဲ့၏။

မြင့်မြတ်၀န်ကြီး၏ ဒေါသနှင့်ရင်ဆိုင်ရသောအခါ မြင့်မြတ်နတ်ဘုရားများဖြူဖျော့သွားပြီး အသံတစ်သံပင် မထွက်ကြတော့ပေ။

အခြား‌မြင့်မြတ်နတ်ဘုရားတစ်ပါး ပြောလိုက်သည်။

“အခု မြင့်မြတ်၀န်ကြီးအဆင့်ချိုးဖြတ်မယ်ဆိုရင်တောင် နောက်ကျလွန်းသွားပြီ ကျုပ်တို့လိုနေတာက အခုချက်ချင်း တိုက်ပွဲ၀င်နိုင်မယ့် လွတ်ငြိမ်းရာအမတတစ်ပါးပဲ”

သစ်သားတောင်ဝှေးနှင့်အဖိုးကြီးတစ်ယောက် သူ့မုတ်ဆိတ်ကိုဆွဲကာ မေးလိုက်၏။

“မင်းက ဆရာသခင်ဓားအရှင်ကိုပြောချင်နေတာလား”

ခန်းမကတိတ်ဆိတ်သွားပြီး လူတိုင်း၏အကြည့်က မြင့်မြတ်၀န်ကြီးဆီရောက်သွားသောကြောင့် မြင့်မြတ်၀န်ကြီးမျက်မှောင်ကြုံ့သွားခဲ့သည်။

မြင့်မြတ်၀န်ကြီးစိတ်ထဲ ကျိန်ဆဲလိုက်၏။ ဆရာသခင်ဓားအရှင်ကသာ အလွယ်တကူညှိနှိုင်း၍ ရသူဆိုလျှင် သူဟိုးအရင်ကတည်းက မြင့်မြတ်ခုံရုံးထဲ၀င်ပြီး ဖြစ်နေပေလိမ့်မည်။

ဆရာသခင်ဓားအရှင်က လွတ်ငြိမ်းရာအမတအဆင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားနိုင်သောကြောင့် မြင့်မြတ်၀န်ကြီး စိတ်သက်သာရာရသွားသော်လည်း သူစိတ်လည်း သိပ်တော့ မအေးနိုင်ပေ။

သူ့သရုပ်မှန်ကို ထုတ်မပြတဲ့ လွတ်ငြိမ်းရာအမတတစ်ပါးက သူ့ကတိကိုလည်း ပြန်တော့မသိမ်းလောက်ဘူးမလား!

အပိုင်း(၄၄၂)

ဓားတစ်လက်နဲ့အခွင့်အရေးတစ်ခု

မြင့်မြတ်၀န်ကြီးတွန့်ဆုတ်နေချိန်တွင် ကမ္ဘာဦးအမတဘုရင် ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲမှ ထွက်လာခဲ့ပြီး သူ့ပုံရိပ်က အမတများရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

ကမ္ဘာဦးအမတဘုရင်သည် အတော်လေးကြီးမားကာ ရှည်လျားသော ပုံရိပ်ကြီးဖြစ်ပြီး သူ့အ၀တ်အစားများကတော့ စုတ်ပြဲနေခဲ့၏။ ကိုယ်အပေါ်ပိုင်းတွင် အ၀တ်အစားအနည်းငယ်သာ ကျန်ရှိပြီး သူ့ဆံပင်များကတော့ ပုခုံးပေါ်ပြန့်ကျဲကျနေရာ သူ့ပုံစံက အရိုင်းဆန်ပြီး ကြမ်းကြုတ်သောအရှိန်အဝါ ထွက်ပေါ်နေခဲ့သည်။

ပြန့်ကျဲကျနေသော သူ့ဆံပင်များက ခဲရောင်သန်းနေပြီး သူ့ကိုယ်တွင် တာအိုစိတ်ဝိညာဉ်စွမ်းအင်များ၀န်းရံနေပုံကို သာမန်မျက်စိနှင့်ပင် မြင်နိုင်ပေသည်။

သူသည် အချိန်မြစ်ကိုဖြတ်သန်းကာ ရှေးဟောင်းခေတ်မှ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေဆီရောက်လာပုံပေါ်ပြီး သူ့အရှိန်အဝါဖြင့် သက်ရှိအားလုံးကို ဖိနှိပ်ထားခဲ့၏။

သူ့ကိုကြည့်နေသော အမတများမျက်လုံးထဲတွင်တော့ ကြည်ညိုမှုနှင့်လေးစားမှုများ ပြည့်နေခဲ့သည်။

ပြန်လည်မွေးဖွားခြင်းစက်၀န်းအောက်ရှ်ိ ကမ္ဘာဦးအမတဘုရင်နှင့်အရှိန်အဝါတူသော သူများကတော့ တိတ်ဆိတ်ကာ အေးစက်စက်ဖြစ်နေခဲ့၏။

ကမ္ဘာဦးအမတဘုရင်ကိုမြင်သောအခါ သူတို့တုန်လှုပ်ရမည့်အစား စိတ်လှုပ်ရှားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာဆက်ဖြစ်မလဲဆိုတာကို သူတို့သိနေပြီး ထိုအရာတွင် သူတို့လည်း ပါ၀င်ချင်ကြ၍ ဖြစ်၏။

“ဝှူးးးးး….”

ကမ္ဘာဦးအမတဘုရင် ပါးစပ်အနည်းငယ်ဟကာ အသက်ရှုထုတ်လိုက်လေသည်။ သူ့မျက်လုံးထဲတွင် အနီရောင်သွေးကြောကြီးများဖြင့် ပြည့်နှက်နေခဲ့၏။

သူ့ပထမဆုံးအကြည့်က ပြန်လည်မွေးဖွားခြင်းစက်၀န်းအောက်ရှိ လူများဆီရောက်သွားပြီး ထို့နောက်တွင် အမတမင်းဆက်မှ အမတများဆီကူးပြောင်းသွားခဲ့သည်။

သူ့အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ အမတများကြောက်ရွံ့သွားကြပြီး အလိုလိုနောက်ဆုတ်သွားခဲ့ကြ၏။

ကမ္ဘာဦးအမတဘုရင်သည် သူတို့တွေးထားသည်နှင့်မတူဘဲ သူ့ဆီကကြောက်စရာကောင်းသောခံစားချက်တစ်ခု ရနေခဲ့သည်။

“အခု…”

ကမ္ဘာဦးအမတဘုရင် စတင်ပြောလိုက်ပြီး သူ့အသံကအက်ကွဲနေကာ ကောင်းကင်ပြင်ပရှိအာကာပြင်ထဲတွင် ဖိအားက ပိုတိုးလာခဲ့၏။

သူပြောလို့မဆုံးခင်မှာပင် ရုတ်တရက် ပါးစပ်ကိုဟကာ တစ်ချက်ဟိန်းဟောက်လိုက်လေသည်။ ထိုဟိန်းသံကြီးက ကမ္ဘာကွဲမတတ် ကျယ်လောက်လှပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက သက်ရှ်ိများအားလံုး ကြားလိုက်ရကာ နျန်းချူဂူက ထျန်းချင်းနှင့်ထျန်းပိုင် ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော်က ပင်လယ်နက်နဂါးငါးကြင်းတို့ပင် ကြားခဲ့ရ၏။

ထိုအရာက အိပ်မက်မှရုတ်တရင်လန့်နိုးလာသလိုဖြစ်ပြီး သူ့ဟိန်းသံက ကျယ်လောက်လွန်းသောအသံကြီးဖြစ်ရုံသာမကဘဲ ဝိညာဉ်အပေါ်လည်း သက်ရောက်မှုရှိနေခဲ့သည်။

ထိုအသံကြီးကြောင့် သက်ရှိတိုင်း ကြောက်ရွံ့မှုကိုခံစားလိုက်ကြရပြီး မတည်ငြိမ်နိုင်ကြတော့ပေ။

သက်ရှိများအားလုံး ကောင်းကင်ပေါ်တွင် ပုံရိပ်ယောင်ကဲ့သို့ဖြစ်နေသော ကမ္ဘာဦးအမတဘုရင်၏ ပုံရိပ်ကြီးကို အရိပ်အယောင်မျှ မြင်လိုက်ကြရပြီး ထိုအရာကြီးက ဖိအားများလွန်းလှရာ သူတို့ရင်များပင် ပိုခုန်လာခဲ့ကြသည်။

ထိုအခိုက်တွင် ကုအန် အပြင်စည်းမြို့မြို့တော်ထဲတွင်ရပ်နေရင်း သူ့ပတ်ပတ်လည်ရှ်ိ ကျင့်ကြံသူများကတော့ ကောင်းကင်ကို တုန်လှုပ်နေဟန်ဖြင့် မော့ကြည့်နေခဲ့ကြ၏။

ကုအန် ရှေ့တွင် နတ်ဆိုးဧကရာဇ်၏သားတော် တိရှီရှိနေပြီး သူလည်း ကောင်းကင်ကိုမျက်မှောင်ကြုံ့၍ ကြည့်ရှုနေခဲ့သည်။

“အဲ့တာကဘာကြီးလဲ…”တိရှီ ခပ်တိုးတိုးရေရွတ်လိုက်၏။

ကုအန် မှတ်ချက်ပေးလိုက်သည်။

“ကြည့်ရတာ ပြဿနာကြီးတစ်ခု လာနေတဲ့ပုံပဲ”

သူတို့နှစ်ယောက်တွေ့တာရှားသောကြောင့် လမ်းပေါ်တွင် နှုတ်ဆက်စကားများ ပြောနေကြချိန်တွင် ကမ္ဘာဉီးအမတဘုရင်၏ ဟိန်းသံကြီး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

အရင်ကတော့ နတ်တိုးမျိုးနွယ်စု လူသားမျိုးနွယ်နယ်မြေဆီ ကျူးကျော်စဉ်က တိရှီသည် အဓိပတိဂိုဏ်းထဲသို့ ခိုး၀င်ခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ သူနေနေတာ နှစ်ရာချီသွားခဲ့ချေပြီ။ သူသည် ဂိုဏ်း၏အဆင့်မြင့်ဂိုဏး်သားတစ်ယောက်ပင်ဖြစ်လာကာ နတ်ဆိုးများနှင့်လူသားများဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်‌ေပး‌ေနခဲ့သည်။

အစကတော့ ကုအန်နှင့်သူဆက်ဆံရေးကအတော်ကောင်းသော်လည်း နောက်ပိုင်းတွင် လမ်းကြောင်းများမတူညီကြသောကြောင့် တဖြည်းဖြည်းဝေးကွာသွားခဲ့ကြ၏။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး တိရှီပြောလိုက်သည်။

“အမှန်ပဲ”

ထို့နောက် သူကုအန်ကိုပြုံး၍ ငုံ့ကြည့်လိုက်ကာ

“စိတ်မပူပါနဲ့ အခုအဓိပတိဂိုဏ်းက ကမ္ဘာပေါ်မှာအလုံခြုံဆုံးနေရာပါပဲ”

ကုအန်ခေါင်းညိတ်ပြလိုက်ပြီး သူတို့စကားဝိုင်းကို ဆက်ခဲ့ကြ၏။

ကမ္ဘာဦးအမတဘုရင်ပေါ်ပေါက်လာမှုကြောင့် တိရှီသည် မကြုံစဖူးစိတ်ရှည်နေပြီး လက်ရှိအဓိပတိဂိုဏ်း၏ အင်အားအကြောင်း ပြောပြနေခဲ့သည်။

ထိုစဉ်

ကောင်းကင်ပြင်ပတွင်

ပြန်လည်မွေးဖွားခြင်းစက်၀န်းရှေ့တွင် ကမ္ဘာဦးအမဘုရင် သံသယများဖြင့် ရပ်နေရင်း ဆက်လက်မဟိန်းဟောက်တော့ဘဲ သူ့လက်များကိုသာပိုက်ထားခဲ့၏။ ရုတ်တရက် သူ့အကြည့်က အမတမင်းဆက်၏ အမတများဆီရောက်ရှိသွားခဲ့သည်။

သူ့အကြည့်ကျရောက်သွာ‌းသောအခါ အမတမင်းဆက်ရှိ အမတများ ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့၏။

ကမ္ဘာဦးအမတဘုရင် ကြမ်းကြုတ်စွာပြုံးလိုက်ပြီး သူ့မျက်လုံးများက ကျဉ်းမြောင်းနေကာ ရုတ်ချည်းဆိုသလို အာကာပြင်တစ်ခုလုံးတွင် အရွယ်အစားအမျိုးမျိုးရှိသော မျက်လုံးများဖြင့် ပြည့်နှက်သွားခဲ့လေသည်။ ထိုမျက်လုံးများအားလုံးက ကမ္ဘာဦးအမတဘုရင်၏ မျက်လုံးများသာ ဖြစ်ကြ၏။

အမတများအားလုံး မရေတွက်နိုင်သောရန်သူများ၏ ကြည့်ရှုခြင်းခံနေရသောကြောင့် ကြောက်လန့်သွားခဲ့ကြသည်။ သူတို့ ထွက်မပြေးနိုင်ခင်မှာပင် အာကာပြင်ထဲရှိ မျက်လုံးများ ပွင့်လာကြပြီး အမတများ၏အမူအရာများရုတ်ချည်းပြောင်းလဲသွားကြချိန်တွင် သူတို့ခန္ဓာမှဝိညာဉ်များက ထိုမျက်လုံးများဆီ ပြေး၀င်သွားကြလေတော့သည်။

ထိုမြင်ကွင်းက ကျောချမ်းစရာကောင်းလှပြီး နတ်အတွေး နတ်ဆန္ဒများဖြင့် အာကာပြင်ဆီ ကြည့်ရှုနေသောသူများအားလုံး ကြက်သီးတဖြန်းဖြန်းထကုန်ကြ၏။

အမတမင်းဆက်ကလည်း စစ်ကူများပို့မပေးခဲ့ဘဲ ထိုအမတများ၏ ဝိညာဉ်များသည် ဝါးမြိုခံလိုက်ရလေသည်။

အလျင်အမြန်ပင် ဝိညာဉ်များအားလုံးကိုစုပ်ယူပြီးနောက် မျက်လုံးများက ပြန်ပိတ်သွားပြီး အာကာပြင်ထဲ ပြန့်ကျဲသွားကာ တစ်ချက်တည်းဖြင့် ပျောက်ကွယ်သွားခဲ့ကြ၏။

ကမ္ဘာဦးအမတဘုရင် မျက်လုံးများ ပြန်ပွင့်လာသောအခါတွင်မူ သူ့မျက်လုံးထဲရှိ အနီရောင်သွေးများက လျော့ပါးသွားပြီး သူ့ကိုယ်မှ သေခြင်းအရှိန်အဝါကလည်း အတော်လေး အားပျော့သွားကာ သက်ရှိတစ်ယောက်နှင့် ပိုတူလာခဲ့သည်။

သူထပ်ပြံုးလိုက်ပြီး အသက်ရှူသံတစ်ချက် ထိုအမတအလောင်းများဆီ ရောက်ရှိသွားကာ အလောင်းများအားလုံး ပြာအဖြစ်ပျောက်ကွယ်သွားခဲ့ကြ၏။

“ပြန်လည်ကြိုဆိုပါတယ် အမတဘုရင်”

ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲမှ ထွက်လာသည့် ဆန်းကြယ်သောသူတစ်ယောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

သူစပြောလိုက်သည်နှင့် အခြားသူများလည်း လိုက်ပြောလိုက်ကြပြီး အမတဘုရင်နာမည်က အာကာပြင်ထဲတွင် ဟိန်းထွက်သွားခဲ့၏။

ကမ္ဘာဦးအမတဘုရင် သူ့ညာလက်ကိုမြှောက်လိုက်ပြီးနောက် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ အနည်းငယ်တုန်ခါသွားပြီး တိမ်ပင်လယ်ကြီး ပြိုကွဲသွားကာ သမုဒ္ဒရာကြီးလည်း ပေါက်ကွဲကုန်ပြီး ရေလှိုင်းများက ကောင်းကင်တိုင်အောင် ထိုးတက်ကုန်ကြသည်။ တောင်တစ်လုံးကဲ့သို့ ဆန်းကြယ်လှသောအနက်ရောင်ပစ္စည်းတစ်ခု သမုဒ္ဒရာကြမ်းပြင်မှ ထိုးတက်သွားပြီး အလျင်အမြန်ပင် ကမ္ဘာဦးအမတဘုရင်ဆီ ပျံတက်သွားခဲ့၏။

ဝုန်းး!

ကမ္ဘာဦးအမတဘုရင် သူ့ဆီရောက်ရှ်ိလာသော အနက်ရောင်အရာ၀တ္ထုကို အလျင်အမြန်ပင် ဖမ်းထားလိုက‌်လေသည်။ ထိုအရာက တောင်ထိပ်တစ်ခုလောက်ရှည်လျားသော အနက်ရောင် ဓားရိုးဖြင့် ထူထဲသော ဓားသွားရှိသည့် အနက်ရောင်ဓားမော့တစ်ချောင်း ဖြစ်နေခဲ့သည်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှ ကြည့်ပါက ဓားမော့ပျံတက်သွားသော အရပ်တွင် အပေါက်ကြီးတစ်ပေါက်ကျန်နေခဲ့ပြီး ထိုအပေါက်၏အောက်ခြေတွင် မျက်လုံးဖြင့် မြင်နိုင်သော အပြာရောင်အပေါက်တစ်ပေါက်ရှိနေကာ ထိုအပေါက်က အက်ကွဲနေဟန်ဖြင့် ပိုမိုကြီးမားလာခဲ့၏။

ကမ္ဘာဦးအမတဘုရင်၏ အကြည့်က သူ့လက်ထဲရှိအနက်ရောင်ဓားမော့ဆီ ရောက်ရှိနေပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ငါမင်းကို ကိုင်ဆောင်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ ငါတို့တွေ ပုခုံးချင်းယှဉ်ပြီးတိုက်ခိုက်ခဲ့ရတဲ့ နေ့တွေကို ငါတကယ်လွမ်းမိတယ်”

All Chapters