← Chapters

အခန်း (၄၄၅-၄၄၆)

Vol. 34 Ch. 445-446

အခန်း (၄၄၅-၄၄၆)

Vol. 34 Ch. 445-446

Htet Paing:

အပိုင်(၄၄၅)

စီနီယာကိုမျက်နှာသာပေးခြင်း

အသက် ၆ သန်းကျော်တဲ့ လွတ်ငြိမ်းရာအမတတစ်ပါး!

သက်တမ်း သန်း၅၀!

သက်တမ်းအကန့်အသတ် သန်း၁၀၀!

လက်ရှိအမတမင်းဆက်ရဲ့အရှင်သခင်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်!

ကုအန် ယန်ရှန်းဧကရာဇ်ကိုကြည့်နေရင်း ထိုကိန်းဂဏန်းများက သူဘယ်လောက်ကြောက်ဖို့ကောင်းသလဲ ဖော်ပြနေသည်ဟု ခံစားနေရသည်။

ဝူကျဲကတော့ သူ့ကိုယ်သူ ယန်ရှန်းဧကရာဇ်အဖြစ်ဆက်ပြောနေပြီး တကယ့်ယန်ရှန်းဧကရာဇ်ချဉ်းကပ်လာတာကို သတိမထားမိခဲ့ပေ။

ယန်ရှန်းဧကရာဇ်သည်ခရမ်းရောင်၀တ်စုံကို၀တ်ဆင်ထားကာ ခန့်ညားသောမျက်နှာရှိပြီး ရွှေရောက်၀တ်ရုံနှင့်အမတမင်းဆက်ဧကရာဇ်သရဇူကို၀တ်ဆင်မထားတာတောင် သူ့ကိုယ်မှ သာမန်ထက်သာလွန်သော အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့သည်။ သူ့မျက်လုံးများက တောက်ပကာစူးရှနေပြီး သူ့မျက်ခုံးများက သူ့မာနကိုဖုံးကွယ်မထားနိုင်လောက်အောင် ထင်းနေခဲ့၏။

နှစ်ပေါင်း သန်းချီပျိုးထောင်လာခဲ့သောမောက်မာမှုက သူ့ကိုတစ်ချက်ကြည့်ရုံနှင့် မေ့မရနိုင်လောက်သော အရှိန်အဝါမျိုးကို ပေးစွမ်းနေခဲ့သည်။

ယန်ရှန်း ဧကရာဇ်ဘေးဘီကိုမကြည့်ဘဲ သူ့အကြည့်က ဒုတိယထပ်ရှိ ကုအန်ဆီသို့သာ တိုက်ရိုက်ရောက်ရှိနေခဲ့၏။

သူကုအန်ဆီသို့လျှောက်လာခဲ့ပြီး ဝူကျဲဘေးသို့ရောက်သောအခါ ယန်ရှန်းဧကရာဇ်ဟူသောနာမည်ကိုကြားလိုက်သော်လည်း သူနှင့်မဆိုင်သလိုသာ လုပ်နေခဲ့သည်။ ထို့နောက် ကုအန်ကိုလက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်ပြီး ပြောလိုက်၏။

“တာအိုမိတ်ဆွေ ကျွန်တော်ဒီမှာထိုင်ပြီး မိတ်ဆွေနဲ့စကားပြောလို့ရမလား”

ကုအန် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အသာအယာခေါင်းညိတ်ပြလိုက်လေရာ ယန်ရှန်းဧကရာဇ်လည်း ထိုင်လိုက်လေသည်။ ဝူကျဲကတော့ ယန်ရှန်းဧကရာဇ်ကို အကဲခတ်နေရင်း သူ့ဆီကသာမန်မဟုတ်သော အရှိန်အဝါတစ်ခုကို ခံစားမိနေခဲ့၏။

“မင်းတို့တစ်ယောက်နဲ့တစ်ယောက်သိတယ်လား” ဝူကျဲ ဝူကျဲ စိတ်ဝင်တစားမေးလိုက်သည်။ ကုအန်၏ မိတ်ဆွေဖွဲ့သည့်အရည်အချင်းနှင့်အဆက်အသွယ်များသည့် အရည်အချင်းမှာ ကုအန်ဆီက သူအားအကျရဆုံး အရည်အချင်းများသာ ဖြစ်၏။

သူ့ပါရမီကိုမပြသခင်ကဆိုလျှင် သူ့တွင်မိတ်ဆွေတစ်ယောက်မှ မရှ်ိခဲ့ပေ။

ကုအန် ဖြေလိုက်သည်။

“ငါတို့တစ်ယောက်နဲ့တစ်ယောက်မသိကြပါဘူး ဒါပေမယ့် တွေ့ဆုံခြင်းက ကံကြမ္မာပဲမဟုတ်လား”

ထိုစကားကိုကြားသောအခါ ယန်ရှန်းဧကရာဇ်ပြုံးပြလိုက်ပြီး သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ကုအန် သူ့ညာလက်ကိုဝေ့ယမ်းလိုက်ရာ ဝိုင်ကရားတစ်ခုမြောက်တက်သွားပြီး ယန်ရှန်းဧကရာဇ်ရှေ့တွင် ငြင်သာစွာ ကျသွားခဲ့သည်။

“မင်းငါတို့နဲ့တကယ်မိတ်ဆွေဖြစ်ချင်သလား သိရအောင် ဒီဝိုင်ကရားကိုသောက်လိုက်ပါ” ကုအန် မထူးခြားဟန်ဖြင့် ပြောလိုက်၏။

အရင်တုန်းက ကျူရှီအမတအရှင်က သူ့ကိုဒုက္ခလာပေးဖူးပြီး အကယ်၍ ထိုကိစ္စက ယန်ရှန်းဧကရာဇ်စီစဉ်တာမဟုတ်ဘူးဆိုလျှင်တောင် အမတမင်းဆက်ဧကရာဇ်တစ်ပါးအနေနှင့် သူသည် ထိုကဲ့သို့သော ကိစ္စများနှင့်လုံး၀မပတ်သက်ဘဲတော့ မနေပေ။

ထိုစကားကိုကြားသောအခါ ယန်ရှန်းဧကရာဇ်မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

ပုံမှန်အားဖြင့် သူဝိုင်မသောက်တတ်သော်လည်း ကုအန် ရည်ရွယ်ချက်က သူ့ကိုချိုးနှိမ်ဖို့ဖြစ်မှန်းထင်ရှားနေခဲ့၏။ ကုအန်နှင့်ရင်ဆိုင်ရသောအခါတွင်လည်း ကုအန် ကျင့်ကြံခြင်းကို ဝိညာဉ်အခြေတည်အဆင့်ဟူ၍သာ မြင်နေရပြီး ဘာထူးခြားတာကိုမှ ရှာမ‌တွေ့ခဲ့ပေ။

တကယ်လို့ ကုအန်ကဆရာသခင်ဓားအရှင်သာဆိုလျှင် သူတို့ကြား ကျင့်ကြံခြင်းကွာဟချက်က သံသယရှိစရာမလို‌ေအာင် ကြီးမားနေခဲ့ချေပြီ။

သူတခဏတွန့်ဆုတ်နေပြနောက် ဝိုက်ကရားအဖုံးကိုဖွင့်ကာ ကရားကိုမြှောက်လိုက်ပြီး အားရပါးရ သောက်ချလိုက်လေသည်။ ဝူကျဲကတော့ ကုအန်နှင့်ယန်ရှန်းဧကရာဇ်တို့ကို ကြောင်အအ ကြည့်နေခဲ့၏။ ဤသည်က ကုအန်တစ်ယောက်ယောက်ကို ခက်ခဲသောအခြေအနေထဲသို့ ပထမဆုံးအကြိမ်တွန်းပို့တာကို သူပထမဆုံးအကြိမ် မြင်တွေ့ရခြင်းသာ ဖြစ်သည်။

ဤပုဂ္ဂိုလ်က မည်သူပါနည်း။

သူသည် ကုအန်ကိုအပြစ်ပြုခဲ့ဖူးသည့် မိသားစုကြီးတစ်ခုခုမှပေလော။

ယန်ရှန်းဧကရာဇ် ဝိုင်အကုန်သောက်ကာ ကရားကိုပြန်ချလိုက်ပြီးနောက် ကုအန်လည်း ဝိုင်ကရားအသစ်ကိုဖွင့်၍ အကုန်သောက်ချလိုက်၏။

ထိုသည်ကိုမြင်သောအခါ ယန်ရှန်းဧကရာဇ်မျက်နှာပေါ်မှ မကျေနပ်မှုများ ချက်ချင်းဆိုသလို အကုန်အစင်ပျောက်ကွယ်သွားပြီး သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့သည်။

သူနှင့်ဆရာသခင်ဓားအရှင်အကြား အဖုအထစ်များက တိုက်ရိုက်ရှိခဲ့ခြင်း မဟုတ်ဘဲ အမတအရှင်ကျူရှီကတစ်ဆင့်သာ ရှိခဲ့ခြင်း ဖြစ်၏။ ထိုကိစ္စကြောင့် သူဆရာသခင်ဓားအရှင်ကိုမျက်နှာသာပေးလိုက်ရပါသော်လည်း ဆရာသခင်ဓားအရှင်၏ စွမ်းအားကလည်း မျက်နှာသားပေးရလောက်အောင် ထိုက်တန်သောစွမ်းအားသာ ဖြစ်ပေသည်။

သူသည် သူ့ကိုယ်သူ ဂုဏ်ယူပြီး ပြိုင်ဘက်ရှင်းပါရမီရှင်ဟု သတ်မှတ်ထားသော်လည်း သူကအခုမှ သက်တမ်းသန်းဂဏန်းအနည်းငယ်သာ ရှင်သန်ရသေးသူဖြစ်ပြီး ဆရာသခင်ဓားအရှင်လို တည်ရှိမှုမျိုးကတော့ သက်တမ်း သန်းဆယ်ချီ ရာချီ ရှင်သန်ပြီးတာ သေချာ၏။ ထို့ကြောင့် ထိုကဲ့သို့သောစီနီယာမျိုးကို သူလေးစားမှုတော့ ပေးရပေလိမ့်မည်။

သောက်ပြီးသည့်နောက် ကုအန် ဝိုင်ကရားကိုချကာ ယန်ရှန်းဧကရာဇ်နှင့် ဟိုဟိုဒီဒီများ လျှောက်ပြောနေခဲ့လေသည်။ သူတို့နှစ်ယောက်သည် သူတို့ သရုပ်မှန်များကိုဖုံးကွယ်ထားကာ တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ် စိတ်၀င်စားနေခဲ့ကြသလို ပြုမူနေခဲ့ကြ၏။

ဝူကျဲလည်း ကုအန်ဆွဲခေါ်မှုကြောင့် စကားဝိုင်းထဲပါ၀င်လာပြီး သူတို့စကားဝိုင်းက ယန်ရှန်းဧကရာဇ်ဆီ ပြန်ရောက်သွားခဲ့လေသည်။ ဝူကျဲသည် မြင့်မြတ်ခုံရုံးက နှောင့်ယှက်‌မှုများကိုရင်ဆိုင်ကာ ကပ်ဘေးဖြတ်ကျော်ပြီး စစ်ပွဲကိုရဲရဲဝံ့ဝံ့စရဲခဲ့သော ယန်ရှန်းဧကရာဇ်ကို အလွန်အားကျနေခဲ့၏။ ထိုအရာက တွက်ချက်ပြီးလှုပ်ရှားသော အကွက်တစ်ကွက်ဖြစ်နိုင်ပါသော်လည်း ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်းလှုပ်ရှားခဲ့ခြင်းကြောင့်ပင် သူယန်ရှန်းဧကရာဇ်ကို သဘောကျရခြင်း ဖြစ်သည်။

အကြောင်းပြချက်အချို့ကြောင့် ကုအန် သူ့ကိုအဆူခံနေရသလို ခံစားနေခဲ့ရ၏။

ကောင်စုတ်လေး ယန်ရှန်းဧကရာဇ်က ဖြောင့်မတ်မှန်ကန်တယ်လို့ မင်းဘယ်သူပြောလဲ!

ယန်ရှန်းဧကရာဇ်ကတော့ ပြုံးသာပြုံးနေပြီး ဝူကျဲစကားများကို လိုက်ထောက်ခံနေခဲ့သည်။

သူတို့သုံးယောက် ပြောပြောဆိုဆိုနှင့်သောက်နေရင်း တစ်ယောက်နှင့်တစ်ယောက်ပိုမိုရင်းနှီးလာချိန် ကုအန် သက်ပြင်းချလိုက်၏။

“ငါတို့က ခေတ်မှားပြီးမွေးလာသလို ခံစားရတယ် ဘာလို့ ငါတို့မျိုးဆက်က အမြဲအဆုံးမဲ့တဲ့ကပ်ဘေးတွေနဲ့ ရင်ဆိုင်နေရတာလဲ”

ဝူကျဲလည်း ခေါင်းညိတ်လိုက်ပြီး ထောက်ခံလိုက်သည်။

ယန်ရှန်းဧကရာဇ်ပြောလိုက်၏။

“မျိုးဆက်တိုင်းက ဒီလိုပဲတွေးကြတာပါ သက်ရှိ‌ေတွက ခက်ခဲမှုတွေကိုပဲ ပိုပြီးမှတ်မိကြတယ် ဒါပေမယ့် ဘ၀ဆိုတာ ဒီလိုပဲလေ စစ်ဆေးမှုတွေကို အမြဲရင်ဆိုင်ကျော်ဖြတ်နေရတယ်”

ဆရာသခင်ဓားအရှင်က သူ့ကို စကားရိပ်သန်းနေသည်ဟု သူခံစားရပြီး ပြန်ရှင်းပြချေဖျက်ဖို့ လိုသည်ဟု ခံစားနေခဲ့ရသည်။

“အမတမင်းဆက်နဲ့မြင့်မြတ်ခုံရုံးတို့ အာဏာပြိုင်တဲ့‌ကိစ္စမှာ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်ပြီး ကပ်ဘေးထဲကျရောက်သွားတယ်ထင်ရပေမယ့် တကယ်တော့ အဲ့ဒီအင်အားစုနှစ်ခုကြား ပဋိပက္ခတွေက အမြဲတည်ရှိနေခဲ့တာပါ အင်အားကြီးဂိုဏ်းတွေအတွက်တော့ လွန်ခဲ့တဲ့နှစ်တွေက ငြိမ်းချမ်းစရာဆိုပေမယ့် သာမန်လူတွေအတွက်တော့ အဲ့ဒီနှစ်တွေကလည်း ခက်ခဲတာပါပဲ အမတတွေတိုက်ခိုက်ရင် သေမျိုးတွေခံစားရတယ် ဆိုတဲ့ ဆိုရိုးတောင်ရှိတာပဲလေ အမတလမ်းစဉ်အဆင့်တွေကြား တိုက်ပွဲတွေကလည်း သေမျိုးတွေဆီ ကပ်ဘေးတွေယူလာပေးတာပါပဲ ကျွန်တော်တို့တို့အမတလမ်းစဉ်ကို လျှောက်လှမ်းနေရတဲ့ အကြောင်းပြချက်ကလည်း အဲ့ဒီလို စစ်ဆေးမှုတွေမှာ ကြံ့ကြံ့ခံနိုင်ဖို့ပဲ မဟုတ်လား” ယန်ရှန်းဧကရာဇ်လေးလေးနက်နက်ပြောလိုက်၏။ အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးကြားက ပဋိပက္ခက ကမ္ဘာကြီး၏ဖွဲ့စည်းပုံကို သက်ရောက်မှုရှိသော်လည်း သာမန်တည်ရှိမှုများအတွက်တော့ ကပ်ဘေးသက်သက်ရယ်လို့ မဟုတ်ဘဲ သူတို့ကို ကပ်ဘေးဖြစ်စေသူသာ ပြောင်းသွားခြင်းဖြစ်သည်ဟု သူဆိုလိုချင်နေမှန်း ထင်ရှားပေသည်။

ဝူကျဲလည်း ထိုအရာက အဓိပ္ပာယ်ရှိသည်လို့ခံစားလိုက်ရပြီး တွေးဆဟန်ဖြင့် ဝင်မှတ်ချက်ပေးလိုက်၏။

“ဒီကပ်ဘေးကြီးက ဘယ်လောက်ကြာမယ်လို့ ဘယ်သူသိမှာလဲ အဲ့တာကြီးက ပြီးဆုံးဖို့ခက်ခဲပြီး နှစ်တစ်ရာ နှစ်တစ်ထောင်အတွင်းတော့ မပြီးနိုင်ဘူးလို့ ခံစားရတယ်”

“သေချာတာပေါ့ ဘာလို့လဲဆိုတော့ ဒီမဟာကောင်းကင်နဲ့မြေပြင်ကြီးက မင်းစိတ်ကူးနိုင်တာထက်တောင် ပိုကျယ်၀န်းလို့ပဲ ရှေးဟောင်းခေတ်တုန်းက ကမ္ဘာဦးအမတဘုရင် မဟာကောင်းကင်နှင့်မြေပြင်ကို စုစည်းတော့ နှစ်တစ်သန်းအချိန်ယူခဲ့ရတယ် မြင့်မြတ်ခုံရုံးပေါ်လာပြီး ကမ္ဘာကြီးကိုသိမ်း အမတမင်းဆက်ကို တွန်းထုတ်ဖို့ကျတော့ နှစ်၃သန်း အချိန်ယူခဲ့ရတယ် ကောင်းကင်နဲ့မြေပြင်ရဲ့စစ်ပွဲတွေက သာမန်လူတွေ နားလည်နိုင်စွမ်းရဲ့ အထက်မှာရှိနေတယ်” ယန်ရှန်းဧကရာဇ် ခေါင်းညိတ်ကာ ပြောလိုက်၏။

ထိုတုန့်ပြန်ချက်က ဝူကျဲကို ပဟေဠိဖြစ်သွားစေခဲ့သည်။

ဒီလူက အရမ်းဗဟုသုတများပုံပါလား သူ့ဇာစ်မြစ်ကဘာများလဲ!

ရုတ်တရက် ကုအန်မေးလိုက်၏။

“အမတမင်းဆက်နဲ့မြင့်မြတ်ခုံရုံးကြားကပဋိပက္ခတွေအတွင်းမှာ သူတို့နှစ်ဖွဲ့လုံး အားနည်းသွားကြပြီး အဆုံးမှာ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှာ အားကောင်းတဲ့ အုပ်ချုပ်သူနောက်တစ်ဖွဲ့ရော ပေါ်မလာနိုင်ဘူးလား”

ယန်ရှန်းဧကရာဇ်၏အမူအရာ ချက်ချင်းပျက်သွားပြီး သူ့အကြည့်က ကုအန်ဆီရောက်ရှိသွားခဲ့ကာ ရှပ်ထွေးသွားခဲ့သည်။

ဝူကျဲမျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

“အဲ့တာကမဖြစ်နိုင်ဘူးမလား သူတို့နဲ့ယှဉ်နိုင်တဲ့အခြားဂိုဏ်း ရှိသေးလို့လား”

“အခုတော့ မရှိဘူး ဒါပေမယ့် နောက်နှစ်တစ်သောင်း နှစ်တစ်သိန်း ဒါမှမဟုတ် နှစ်တစ်သန်းဆိုရင်ရော”

ကုအန် ခေါင်းယမ်းလိုက်လေသည်။

သူခဏရပ်လိုက်ကာ ဆက်ပြောလိုက်၏။

“နောက်ပြီး ‌အဲ့ဒီကောင်းကင်ပြင်ပ‌ကတည်ရှိမှုတွေ ခဏခဏဆင်းလာနေကြတယ်လို့လည်း ငါကြားတယ် ကောင်းကင်နတ်ဆိုးတွေကလည်း မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေမှာ ပြန်၀င်စားနေကြတယ် သူတို့က သူတို့ကိုယ်ပိုင်အင်အားစုတွေတည်ဆောက်ဖို့ ပြင်ဆင်နေတာ မဖြစ်နိုင်ဘူးလား”

ဝူကျဲမျက်မှောင်ကြုံ့လိုက်ကာ ကုအန်စကားလုံးများတွင် အကြောင်းပြချက်ရှိနေသည်ဟု တွေးနေမိသည်။

ယန်ရှန်းဧကရာဇ်၏ ရှုပ်ထွေးနေမှုလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့၏။ ဆရာသခင်ဓားအရှင်က သူ့ကို ကောင်းကင်ပြပကခြိမ်းခြောက်မှုများအကြောင်း သတိပေးခဲ့ခြင်းသာ ဖြစ်သည်။ တကယ်တော့ သူကဆရာသခင်ဓားအရှင် အဓိပတိဂိုဏ်းကိုထောက်ပံ့လိုက်မှာကို ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်၏။

ကုအန် ထုတ်မပြောလျှင်တောင် သူထိုကိစ္စကိုအမြဲစိတ်ပူနေခြင်းဖြစ်ပြီး ကမ္ဘာဦးအမတဘုရင်ကအကောင်းဆုံး ဥပမာသာဖြစ်ပေသည်။ အမတမင်းဆက်ဧကရာဇစ်တစ်ပါး‌ဖြစ်သော်လည်း ကောင်းကင်ပြင်ပအကြောင်း သူဘာမှမသိခဲ့ပေ။

အမတမင်းဆက်ထဲတွင် မွှေနေသော အင်အားစုများရှိနေသည်ဟုပင် သူခံစားနေခဲ့ရသည်။

သူ့ကို စစ်ပွဲစရန် ထောက်ခံခဲ့သော အမတများထဲတွင်ပင် သံသယရှိစရာလူများ ရှိနေလောက်၏။

ပုံပြောသူ၏ အသံကကျယ်လောင်စွာထွက်ပေါ်နေပြီး စားသောက်ဆိုင်ထဲ ဆူညံနေသောကြောင့် ဘယ်သူမှသူတို့စကားဝိုင်းကို အာရုံမစိုက်မိခဲ့ကြပေ။

သို့သော် တစ်နာရီနီးနီးသောက်ပြီးသည့်နောက် သူတို့ဝိုင်းဆီသို့ ကုအန်အသိတစ်ယောက်ရောက်လာပြီး ကုအန်ကိုအားရ၀မ်းသာစွာနှုတ်ဆက်လိုက်ကာ

စကားဝိုင်းထဲ၀င်လာခဲ့သည်။

ကမ္ဘာဦးအမတဘုရင်နှင့် တိုက်ပွဲပြီးကတည်းက ကုအန်နှင့်ဆရာသခင်ဓားအရှင်ကြား နီးကပ်သောဆက်ဆံရေးရှိသည်ကို လူပေါင်းများစွာ သိရှိသွားခဲ့ကြ၏။

ယန်ရှန်းဧကရာဇ် ကုအန် သာမန်ကျင့်ကြံသူတစ်ယောက်နှင့် ပြောဆိုဆက်ဆံနေပုံကိုကြည့်ကာ ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့သည်။

ထိုလူသည် ကြောက်စရာကောင်းလောက်အောင် သန်မာသော်လည်း ထိုသူများသတိမပြုမိစေဘဲ သာမန်လူများနှင့်အတူတူယှဉ်တွဲနေထိုင်နိုင်၏။ သူ့တာအိုနှလုံးသားက တိုင်းတာမရအောင် နက်ရှိုင်းလှပေသည်။

တစ်နာရီခန့်ကြာသောအခါ ကုအန်နှင့်အဖော်များ စားသောက်ဆိုင်ထဲမှ ထလာခဲ့ကြပြီး ကုအန် ယန်ရှန်းဧကရာဇ်ကို တတိယတောင်ကြား၌ နွေဦးပွဲတော်ဆင်နွှဲဖို့ ဖိတ်ခေါ်ခဲ့၏။ ယန်ရှန်းဧကရာဇ်လည်း ကုအန်နှင့်ဆွေးနွေးစရာများ ရှိနေသေးသောကြောင့် မငြင်းခဲ့ပေ။

သူတို့နှစ်ယောက် တတိယတောင်ကြားသို့ ပြန်လာခဲ့ကြသည်။

တောင်ကြားသို့ရောက်သောအခါ ယန်ရှန်းဧကရာဇ်အကြည့်များ ရှုပ်ထွေးသွားခဲ့ရပြန်၏။

နတ်အတွေးအစစ်အမှန်အမတ!

ပြန်လည်မွေးဖွားခြင်းကပ်ဘေး အရှိန်အဝါ!

နောက်ပြီး အားကောင်းလွန်းတဲ့ချီသွေးနဲ့ စိတ်ဝိညာဉ်စွမ်းအင်တစ်စက်မှမရှိတဲ့ သေမျိုး!

သူကောင်းကင်နတ်ဆိုးနှစ်ကောင်ကိုပင် မြင်ခဲ့ရသေးသည်။

ဒီတောင်ကြားနဲ့ပတ်သက်ပြီးတစ်ခုခုတော့ မှားနေခဲ့ချေပြီ။

တတိယတောင်ကြားတွင် ပွဲတော်အပြင်အဆင်များဖြင့် စည်ကားနေပြီး ကျင့်ကြံရာမှအပြင်ထွက်တာရှားသော ကျိရှောင်ယုနှင့်နေလမြေအောက်ကမ္ဘာဧကရာဇ်တို့ပင် တပည့်များနှင့် တရုတ်ကျားကစားနေခဲ့ကြ၏။

နေလမြေအောက်ကမ္ဘာဧကရာဇ် ခေါင်းလှည့်ကာ ကုအန်ကိုကြည့်လိုက်သောအခါ ယန်ရှန်းဧကရာဇ်ကိုမြင်သွားခဲ့လေသည်။

သူ့ပထမဆုံးအတွေးက ထွက်ပြေးဖို့ဖြစ်သော်လည်း ကုအန်ခွန်အားကိုမှတ်မိသွားမှ သူစိတ်အေးသွားခဲ့၏။

ကုအန်သည်သူ့ကိုကာကွယ်နေမည်ဖြစ်ရာ ဤနေရာတွင် သူဘာကိုမှကြောက်စရာမလိုပေ။

ယန်ရှန်းက ဆရာသခင်ဓားအရှင်ကိုဆန့်ကျင်ရဲပါမည်လော။

ထိုနေ့က ကမ္ဘာဦးအမတဘုရင်၏အရှိန်အဝါက သန်မာလွန်းပါသော်လည်း ဆရာသခင်ဓားအရှင်ရှေ့တွင် ပြာဖြစ်သွားခဲ့ရသည်။ ထိုနေ့ကစပြီး ဤမဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် အသန်မာဆုံးက ဆရာသခင်ဓားအရှင်ဟု နေလမြေအောက်ကမ္ဘာဧကရာဇ် သတ်မှတ်ထားလိုက်၏။

ကုအန်က ရှန်ထျန်းဟုပင် သူသံသယရှိနေသေးသည်။

ရှန်ထျန်းကလွဲပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် ဘယ်သူက ထိုမျှစွမ်းအားကြီးနိုင်ပါမည်နည်း။

ထို့နောက် နေလမြေအောက်ကမ္ဘာဧကရာဇ် သူ့အကြည့်ကို လက်ကိုးချောင်းနတ်အရှင်နှင့်ကစားနေသော ပွဲဆီသို့သာ ပြန်လွှဲလိုက်၏။

ကုအန် တတိယတောင်ကြားထဲ လျှောက်၀င်လာခဲ့ရင်း တောင်ကြားအကြောင်း ယန်ရှန်းဧကရာဇ်ကို မိတ်ဆက်ပေးနေခဲ့သည်။

ယန်ရှန်းဧကရာဇ်လည်း တတိယတောင်ကြားကို ပိုစိတ်၀င်စားလာခဲ့၏။ ထို့နောက်တွင်တော့ ကုအန် လုံချင်းကိုခေါ်ကာ ယန်ရှန်းဧကရာဇ်ကိုလိုက်ပြဖို့ တာ၀န်ပေးလိုက်လေသည်။ သူကတော့ ရှန်းကျန်နှင့်သွားတွေ့ရပေဦးမည်။

ရှန်းကျန်သည် သူ့စာအုပ်စင်တွင် ၀င်မွှေနေခဲ့ပြန်ချေပြီ။

ကုအန်ခွန်အားအကြောင်း သိပြီးကတည်းက လုံချင်း ကုအန်ပေးသမျှတာ၀န်တိုင်းကို အလေးအနက်ထားနေခဲ့ပြီး ဤတာ၀န်က သူ့အစွမ်းကိုပြဖို့ အခွင့်အရေးတစ်ခုသာ ဖြစ်ပေသည်။

သူယန်ရှန်းဧကရာဇ်ကိုအဖော်ပြုပေးဖို့ အတော်တက်ကြွနေပြီး ယန်ရှန်းဧကရာဇ်ကိုယ်တိုင်ကလည်း စိတ်၀င်စားစရာကောင်းလှ၏။

ဘာကြောင့်မှန်းသေချာမသိသော်လည်း ယန်ရှန်းဧကရာဇ်လုံချင်းကိုအရင်ဘ၀တစ်ခုမှာဆုံဖူးနေသလို ရင်းနှီးမှုကို ခံစားနေခဲ့ရသည်။ လုံချင်းအရင်ဘ၀တုန်းက သူနှင့်ဆုံဖူးခဲ့လိမ့်မည်ဟု သူခန့်မှန်းလိုက်မိ၏။ သို့သော်လည်း ဤနေရာက ဆရာသခင်ဓားအရှင်၏နယ်မြေဖြစ်ပြီး လုံချင်းကလည်း ဆရာသခင်ဓားအရှင်ကို ဆရာဟုခေါ်သောကြောင့် သူအဆင်အခြင်မဲ့ပြုမူ၍ မဖြစ်ပေ။

ညနေစောင်းချိန်သို့ချဉ်းကပ်လာသောအခါ တပည့်များအားလုံး အိမ်နယ်မြေများတွင် စုဝေးခဲ့ကြပြီး အချို့က သောက်ကြစားကြကာ အချို့ကလည်း ကခုန်နေကြပြီး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေခဲ့ကြသည်။ ယန်ရှန်းဧကရာဇ်အာရုံကတော့ ကုအန်ဆီသို့သာ ရောက်ရှိနေခဲ့၏။ ကုအန်ပတ်ပတ်လည်တွင် ရှန်းကျန် ကျန်းချင် ရီလန် ကျိရှောင်ယုနှင့်အန်းရှင်းတို့ ရှိနေသည်ကို

သူ‌တွေ့ခဲ့ရပြီး ရှန်းကျန်နှင့်ကျန်းချင်က ကုအန်ဘေးကပ်လျက်တွင် ရှိ‌ေနကာ နှုတ်ဖြင့် ရန်ဖြစ်နေခဲ့ကြသည်။ ကျန်းချင်ဆိုလျှင် သူ့ခြေထောက်များက စားပွဲပေါ်ရောက်လုနီးနီး ပုံစံဖြင့် ထိုင်နေခဲ့၏။

ထိုအရာက ယန်ရှန်းဧကရာဇ်ကို ဆရာသခင်ဓားအရှင်အား ပိုနက်နက်နဲနဲနားလည်သွားစေခဲ့သည်။

ဒီလူက ပုန်းကွယ်နေတဲ့ စစ်မှန်တဲ့ တပသီတစ်ပါးပဲ!

ရီလန်ကတော့ ကျန်းချင်နှင့်ရှန်းကျန်တို့ ရန်ဖြစ်နေသည်ကိုကြည့်ပြီး ပြုံးနေကာ ကျန်းချင်အပြုအမူများက မသင့်တော်ဘူးဟု မခံစားရရုံသာကမက ဤလေထုကိုပင် သူမက သဘောကျနေခဲ့သေးသည်။ ဤနေရာက သူ့ကိုလူတိုင်းကလေးစားကြသော ဂိုဏ်းခွဲနှင့်မတူဘဲ လွန်ခဲ့သော နှစ်၇၀၀က ဆန်းကြယ်တောင်ကြားကိုပြန်ရောက်သွားခဲ့သလို ခံစားနေခဲ့ရ၏။

ကျိရှောင်ယုကတော့ ကုအန်ကိုစိုက်ကြည့်နေခဲ့ပြီး သူမမျက်လုံးထဲမှ မကျေနပ်မှုကို ကုအန်သတိထားမိနေခဲ့သည်။

သူလည်း ဘာတတ်နိုင်ပါမည်နည်း။ လူတိုင်းက တတိယတောင်ကြားကို သူနှင့်အတူ ပွဲတော်ဆင်နွှဲဖို့ လာကြခြင်းဖြစ်ရာ သူလည်းထိုသူများကို တား၍ မရပေ။

အနည်းဆုံးတော့ သဘာ၀ဂူ၈လုံးထဲတွင်သာ သူ့ကိုစောင့်နေသော ကျန်းချောင်ကပို၍ကောင်းပေသည်။ လူသူမရှိသောနေရာတွင် နှစ်ယောက်တည်းဆက်သွယ်ရခြင်းက မည်မျှကောင်းလိုက်ပါသနည်း။

လူများခြင်းက ပြဿနာများကိုသာ ဦးတည်သွားစေနိုင်၏။

အပိုင်း(၄၄၆)

ရွှမ်ယုနတ်မင်းဆက်၊ မဟာကောင်းကင်နတ်ဆိုးဂိုဏ်း

ပွဲတော်ပြီးသည့်နောက် ကုအန် ဆန်းကြယ်တောင်ကြားသို့ သွားခဲ့လိုက်၏။ ယန်ရှန်းဧကရာဇ်ပြဿနာရှာမှာကိုတော့ သူစိတ်မပူပေ။ သူ့တွင် ထိုကဲ့သို့သောအတွေးမျိုးရှိနေပါက သူထိုလူ့ကို ချက်ချင်းဖျောက်ပစ်လိုက်နိုင်ပြီး သူ့ကမ္မတရားများအားလုံးကိုပင် ဖျောက်ဖျက်ပစ်ကာ ကမ္ဘာပေါ်က ဘယ်သူမှသူ့ကိုမမှတ်မိတော့အောင်ပင် လုပ်ပစ်နိုင်သေးသည်။

အန်းရှန်ထျန်းနှင့်ကျင်းရှီတို့ ကုအန်ကိုတွေ့သောအခါ သူတို့အလွန် စိတ်လှုပ်ရှားသွားခဲ့ကြ၏။ ကုအန်အစကတော့ ဒီနေရာကိုဖြတ်သွားဖို့ပါ ရည်ရွယ်ထားခြင်းဖြစ်ပြီး သူတို့အခုလို စိတ်လှုပ်ရှားသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ထို့ကြောင့် ကုအန် သူတို့ကို လက်ရှ်ိကျင့်ကြံခြင်းအခြေအနေအကြောင်း သရုပ်ပြစေပြီး တစ်ယောက်ချင်းစီ လမ်းညွှန်မှုပေးလိုက်ရာ သူတို့လည်း အလွန်၀မ်းမြောက်ပျော်ရွှင်သွားခဲ့ကြသည်။

ဆန်းကြယ်တောင်ကြားတွင် တစ်နာရီခန့်နေပြီးနောက် ကုအန် သဘာ၀ဂူ၈လုံးဆီ ရောက်ရှိလာခဲ့ဧ။။်

သူဂူထဲသို့ ရောက်ရှ်ိလာပြီး နွယ်စိမ်းပင်အောက်သို့ ကြည့်လိုက်ရာ ထိုအပင်အောက်တွင် ရှိနေသော အစိမ်းရောင်၀တ်စုံ၀တ်အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။

ထိုသူမှာ ကျန်းချောင် သာဖြစ်၏။

သူမသည် ခြေဗလာနှင့်သာဖြစ်ပြီး သူ့မခြေလက်များတွင်လည်း မည်သည့်ရတနာကိုမှ မ၀တ်ဆင်ထားခဲ့ဘဲ သူမဆံပင်ရှည်များက သူမပုခုံးပေါ် ဝဲကျနေခဲ့ကာ သူမဆီမှ သန့်စင်သောအရှိန်အဝါတစ်ခုကို ပေးစွမ်းနေခဲ့သည်။ ထိုအရှိန်အဝါက ယခင်က ရွက်ဝါတစ်ထောင်မျှော်စင်တွင်ရှိခဲ့စဉ်က သူမ၏နတ်ဆိုးအရှိန်အဝါနှင့် မတူတော့ပေ။

သူမခေါင်းလှည့်ကြည့်လိုက်ပြီး ကုအန် ချဉ်းကပ်လာသည်ကိုတွေ့သောအခါ အေးစက်စက် နှာခေါင်းမရှုံ့ဘဲ မနေနိုင်ခဲ့ပေ။

ကုအန် နီးကပ်လာသောအခါ သူမလှောင်ပြောင်လိုစိတ်ကို ထိန်းမထားနိုင်တော့ပေ။

“မနေ့ညက ဘယ်မှာသွားအလေလိုက်နေတာလဲ”

ကုအန် သူမနှင့်ပြိုင်ငြင်းမနေဘဲ မေးလိုက်၏။

“ကျန်းချောင် ကျွန်တော့်ဆီကတစ်ခုခုလိုလို့လား ကျန်းချောင်က ကျူဟွားဂိုဏ်းရဲ့ ဂိုဏ်းချုပ်မဟုတ်လား ကျွန်တော်ကြားတာတော့ ကျူဟွားဂိုဏ်းမှာလည်း နွေဦးပွဲတော်ကျင်းပတယ်ဆို ကျန်းချောင်က အဲ့ဒီမှာ ရှိမနေသင့်ဘူးလား”

“အဲ့ဒီမှာ ဘာကြည့်စရာရှိလို့လဲ ငါလူတွေအများကြီးကိုပျိုးထောင်ပေးပြီးသွားပြီ အခုက အနားတစ်ချက်ယူဖို့ အချိန်ပဲ” ကျန်းချောင်ပြောလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး သူမခြေဖဝါးအောက်ရှ်ိ မြက်များကို ခြေထောက်ဖြင့် ဖိထားလိုက်လေသည်။

ထို့နောက် သူမမျက်လုံးများအရောင်တစ်ချက်တောက်သွားကာ ထိုမြက်များကို ခြေထောက်ဖြင့် ဆွဲယူပြီးကုအန်ဆီလှမ်းပစ်လိုက်သော်လည်း ကုအန် ရှောင်လိုက်၏။

“ဆိုတော့ ငါကြားတာတော့ နင်ကနင့်ကိုယ်နင် ဆရာသခင်ဓားအရှင်လို့ခေါ်နေတယ်ဆို”

ကျန်းချောင် ကုအန်ကိုအနီးကပ်ကြည့်နေရင်း သူမမျက်လုံးများ တောက်ပနေခဲ့သည်။

သူမ ကုအန်သတိလွတ်မည့်အချိန်ကိုစောင့်နေခြင်းဖြစ်သော်လည်း ထိုကလေးကတော့ သတိတစ်ချက်မှမလွတ်ခဲ့ပေ။

ဒီကလေးက တကယ်ပဲ သာမန်လူမဟုတ်ဘူး!

ကုအန် သူမနှင့်ခပ်လှမ်းလှမ်းတွင်သာနေလိုက်ပြီး ပြန်ပြောလိုက်၏။

“ဟုတ်တယ်လေ ဘာဖြစ်လို့လဲ”

ကျန်းချောင် ထိုအရာကို လုံး၀မယုံခဲ့ပေ။ ဆရာသခင်ဓားအရှင်ကိုယ်တိုင်က သူမကို ကုအန်က သူ့တပည့်ဟုပြောထားခြင်းဖြစ်သောကြောင့် သူတို့ဆရာတပည့်နှစ်ယောက်ကြားဆက်ဆံရေးက အတော်လေးခိုင်မာလောက်သည်ဟူ၍သာ တွေးနေခဲ့သည်။

“ကြည့်ရတာတော့ ဆရာသခင်ဓားအရှင်က ‌နင့်ကိုရှေ့မှာထားပြီး လှုပ်ရှားဖို့အသင့်ဖြစ်နေပြီထင်တယ် နင်ဂရုစိုက်သင့်တယ် သူ့နောက်ခံရှ်ိတယ်ဆိုရင်တောင် ခြုံခိုတိုက်ခိုက်ခံရမှာတွေကို ဂရုစိုက် အခြားသူတွေနဲ့ဆက်ဆံတဲ့အခါ အရမ်းစိတ်လိုက်မာန်ပါမလုပ်နဲ့” ကျန်းချောင် သတိပေးလိုက်၏။

ကုအန် အကူအညီမဲ့စွာတုန့်ပြန်လိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်တော်ကအဲ့ဒီအပိုင်းမှာတကယ်ကြီး ကျန်းချောင်သင်ပေးတာခံဖို့ လိုနေတာလား ထိုက်ကန်မင်းဆက်ကနေ ကန်ထုတ်ခံလိုက်ရတာက ဘယ်သူလဲ”

ကျန်းချောင်ချက်ချင်းစိတ်မကျေမနပ်ဖြစ်သွားကာ ကုအန်ကိုလိုက်ဖမ်းလေတော့သည်။ သို့သော် သူမဘယ်လောက်ကြိုးစားကြိုးစား ကုအန်ကိုမမိခဲ့ပေ။

သူမလေးနက်လာခဲ့ပြီး အားကုန်သုံး၍လိုက်သော်လည်း ကုအန်ကိုလုံး၀ မမိခဲ့ပေ။

လိုက်နေရင်း ကုအန်၏ အရိပ်သဏ္ဍာန်ပုံရိပ်များကိုမြင်ကာ ကျန်းချောင်ဆန်းကြယ်သောအခြေအနေတစ်ခုသို့ ကျရောက်သွားခဲ့လေသည်။ သူ့ပုံရိပ်နှင့်ခြေလှမ်းများက အတော်လေး ပေါ့ပါးကာ မြန်ဆန်လွန်း‌ေနခဲ့၏။

အချိန်မည်မျှကြာသွားသလဲ မသိခဲ့ပေ။

ကျန်းချောင်သတိရလာသောအခါ သူ့ကိုယ်သူ နွယ်စိမ်းပင်အောက်တွင်ရှိနေသည်ကို တွေ့လိုက်ရပြီး ကုအန်ကသူ့ရှေ့တွင် ဆေးတာအိုလေ့ကျင့်နေခဲ့သည်။

သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ မေးလိုက်၏။

“ခုနကဟာက ဘာလဲ”

“ခြေလှမ်းသိုင်းတစ်ခု တတ်မြောက်သွားတာနဲ့ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းဖြစ်သွားလိမ့်မယ်” ကုအန်လှည့်မကြည့်ဘဲ ပုံမှန်အတိုင်းဖြေလိုက်သည်။

သူ သူမကို ခေတ်ပြောင်းခြေလှမ်း၏ အဆင့်မြင့်ပုံစံဖြစ်သော ထာ၀ရကောင်းကင်တာအိုခြေလှမ်းကို သင်ကြားပေးခဲ့ခြင်းဖြစ်၏။ သူကလွဲပြီး ဘယ်သူမှ ထိုသိုင်းကို မတတ်ပေ။

ရီလန်နှင့်ကျန်းချင်တို့ကိုတော့ သူတို့ကျင့်ကြံခြင်းပေါ်တွင်သာ အာရုံစိုက်ခိုင်းထားပြီး မှော်သိုင်းများသင်ပေးဖို့က သူတို့ နိဗာနအဆင့်သို့ရောက်မှသာ စဉ်းစားရမည့်အရာ ဖြစ်ပေသည်။

ကျန်းချောင်ကတော့မတူပေ။ သူမ သက်တမ်းအကန့်အသတ်က ၅၀၀၀ ကျော်သောကြောင့် သူမသည် နိဗာနအဆင့်သို့ရောက်ဖို့ သေချာနေ၏။ ထို့ကြောင့် နတ်သိုင်းများလေ့ကျင့်ခိုင်းခြင်းက သူမကျင့်ကြံခြင်းကိုနှောင့်နှေးစေမည် မဟုတ်ပေ။

“ဘယ်လိုခေါ်လဲ” ကျန်းချောင်စိတ်၀င်တစားမေးလိုက်လေသည်။ ထိုကဲ့သို့သော ခြေလှမ်းသိုင်းမျိုးက ဆရာသခင်ဓားအရှင်၏ အမွေအနှစ်ဖြစ်ဖို့ သေချာနေခဲ့၏။

ကုအန် သူမကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။

“ထာ၀ရကောင်းကင်တာအိုခြေလှမ်း အဲ့ဒီသိုင်းအကြောင်း မပြန့်စေနဲ့ မဟုတ်ရင်အဲ့ဒီသိုင်းက ပြဿနာတွေ သယ်လာလိမ့်မယ် နောက်ပြီး ကျွန်တော်ပြောတဲ့ပြဿနာဆိုတာ ဒီကမ္ဘာကြီး အလွန်ကဟာတွေကို ပြောတာ”

ထိုစကားကိုကြားသောအခါ ကျန်းချောင်ကြောက်လန့်သွားသလို စိတ်လည်းလှုပ်ရှားသွားခဲ့၏။ သူမကုအန်ဆီ စိတ်အားထက်သန်စွာ ပြေးသွားခဲ့လေသည်။

သူမ ကုအန်ကိုတင်းနေအောင်ဖက်ထားလိုက်ပြီး သူ့ပါးကိုနမ်းချင်သော်လည်း ကုအန်က လက်ဖြင့်ကာလိုက်သောကြောင့် ပါးအစား သူ့လက်ကိုသာ နမ်းလိုက်ရ၏။

“ငါနင့်ကိုဘာအတွက်မှ ချစ်ခဲ့တာမဟုတ်ဘူး စိတ်ချပါ ငါအောင်ကိုအောင်မြင်စေရမယ်” ကျန်းချောင်ပျော်ရွှင်စွာ ပြောလိုက်သည်။

ကုအန် သူမကိုတွန်းလိုက်ပြီး ပြောလိုက်၏။

“ဒါဆို အခုပဲလေ့ကျင့်တာကောက်းလိမ့်မယ် ဒီနတ်သိုင်းကို တတ်မြောက်ဖို့က နှစ်တစ်ထောင် နှစ်တစ်သောင်းလောက်ကြာသွားမှာ ကြောက်မိတယ်”

ကျန်းချောင် သူ့စကားကိုမယုံဘဲ ချက်ချင်းပင် စတင်ကျင့်ကြံလေတော့သည်။

ကုအန်လည်း သူ့အကြည့်ကို ဆေးမီးဖိုဆီသို့သာ ပြန်လွှဲခဲ့၏။

အချိန်ကလျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး ကုအန် ဆေးမီးဖိုရှေ့တွင် ပြန်ထိုင်လိုက်ပြန်ကာ မီးတောက်ကို ထိန်းညှိနေရင်း ကျန်းချောင်ဘက်တစ်ချက် လှည့်ကြည့်လိုက်သည်။

ကျန်းချောင်ပုံရိပ်က ငန်းဖြူတစ်ကောင်လို လှုပ်ရှားနေပြီး ဖမ်းရခက်သလို ခြေရာခံဖို့လည်း ခက်ရလောက်အောင် ဖြစ်နေခဲ့၏။

သူမရုတ်တရက်ဆိုသလို ကုအန်ဘေးတွင် ပေါ်လာပြီး ကုအန်ကိုအပေါ်ပိုင်းကိုဖက်ကာ သူမခေါင်းကို ကုအန်ပုခုံးပေါ် မှီထားလိုက်လေသည်။

“ဘာလို့လဲ နှစ်တစ်ရာလေ့ကျင့်ပြီးတာတောင် အနိမ့်ဆုံးအခြေအနေကိုတောင် မ၀င်ရောက်နိုင်သေးတာလဲ” ကျန်းချောင် စိတ်မကြည်ဟန်ဖြင့်ပြောလိုက်၏။

သူမ ထာ၀ရကောင်းကင်တာအိုခြေလှမ်းကို ရရှိခဲ့တာ ရာစုနှစ်တစ်ခုရှိသွားပြီဖြစ်ပြီး ဤနှစ်များအတွင်း သူမကြိုးစားကျင့်ကြံခဲ့သော်လည်း ထိုသိုင်း၏ အနှစ်သာရကိုဖမ်းဆုပ်နိုင်ဖို့ ကျရှုံးခဲ့ရသည်။ ထို့ကြောင့် ကုအန်ဆီလာအကြံညဏ်‌ေတာင်းခြင်း ဖြစ်ပေသည်။

သူမ ထိုသိုင်းကိုသရုပ်ပြခဲ့ခြင်းဖြစ်ကာ သူမ၏ ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံခြင်းဖြင့် ခြေလှမ်း၂၀ပင်မလှမ်းနိုင်ခဲ့ပေ။

ကုအန် သူမကိုသူ့ပုခုံးတွင်သာ မှီထားစေပြီး ပြောလိုက်၏။

“ကျွန်တော်ကျန်းချောင်ကို အရင်ကတည်းကပြောပါတယ် ဒီနတ်သိုင်းကမရိုးရှင်းပါဘူးလို့ ကျန်းချောင်ခြေလှမ်းအများကြီး လှမ်းနိုင်တာကပဲ ကျန်းချောင်ဘယ်လောက်ကြိုးစားခဲ့သလဲ ပြနေပါပြီ”

ကျန်းချောင်စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်လေသည်။

တခဏနားပြီးနောက် သူမကမ္ဘာ့ရေးရာကိစ္စများကို ပြောပြခဲ့၏။

ကမ္ဘာဦးအမတဘုရင်နှင့်အတူပါလာသော သူများက သေမျိုးကမ္ဘာနေရာအနှံ့တွင် ပြဿနာရှာနေကြပြီး ထိုသူများက သူတို့ကိုယ်သူတို့ ရွမ်ယုတစ္ဆေများဟု ခေါ်ကြသည်။

ရာစုနှစ်တစ်ခုကြာပြီးနောက် ထိုတည်ရှ်ိမှုများက ရှင်းလင်းခံလိုက်ရမည့်အစား ပိုပြီးပင် အင်အားကြီးလာခဲ့ပြီး ရွှမ်ယုနတ်မင်းဆက်ကိုပင် တည်ထောင်ခဲ့၏။

ရွှမ်ယုနတ်မင်းဆက်အပြင် သေမျိုးကမ္ဘာတွင် မဟာကောင်းကင်နတ်ဆိုးဂိုဏ်းလည်းပေါ်လာပြီး ထိုဂိုဏ်းကတော့ ပြန်လည်မွေးဖွားလာသော ကောင်းကင်နတ်ဆိုးများ ဖြစ်ပုံပေါ်ပေသည်။

အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးကတော့ သူတို့ချင်းတိုက်ခိုက်နေကြရင်း ရွှမ်ယုမင်းဆက်နှင့်မဟာကောင်းကင်နတ်ဆိုးဂိုဏ်းကိုလာ်း အင်အားခွဲကာ တိုက်ခိုက်ခဲ့၏။ သို့သော် ရလဒ်အနေနှင့် သူတို့အကြိမ်ကြိမ်ကျရှုံးခဲ့ရသောကြောင့် ထိုဂိုဏ်းနှစ်ဂိုဏ်း၏အဟုန်က ပိုအားကောင်းလာခဲ့သည်။

ယခုအခါ အမတမင်းဆက်ရောမြင့်မြတ်ခုံရုံးရောက သူတို့စစ်ပွဲကိုရပ်လိုက်ပြီး ရွှမ်ယုနတ်မင်းဆက်နှင့်မဟာကောင်းကင်နတ်ဆိုးဂိုဏ်းအပေါ်သာ အာရုံပြန်စိုက်လိုက်ကြသောကြောင့် သေမျိုးကမ္ဘာက မသေချာမရေရာမှုများကို ခံစားနေခဲ့ရ၏။

ထိုက်ကန်မင်းဆက်ကတော့ ထိုသက်ရောက်မှုများကို မခံစားခဲ့ရပေ။ သို့သော် ဂိုဏ်းများကထိုအရာကို အခွင့်အလမ်းအဖြစ်ယူဆပြီး ပင်လယ်ရပ်ခြားတွင် အရင်းအမြစ်များ ရှာဖွေရန် ကြိုးစားလာခဲ့ကြသည်။ ထိုအပြင်ဘက်တွင်ဆိုလျှင် သူတို့ကို ဆရာသခင်ဓားအရှင်ကတော့ ကူညီမည် မဟုတ်ပေ။

ကျူးဟွာဂိုဏ်းက ထိုဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး သူတို့နယ်မြေကို တဖြည်းဖြည်းချဲ့ထွင်လာခဲ့၏။ မနှစ်ကဆိုလျှင် သူတို့ ကောင်းကင်နတ်ဆိုးတစ်ကောင်နှင့်တွေ့ခဲ့ရပြီး တပည့်သောင်းချီဆုံးရှုံးခဲ့ရသည်။ ထိုကိစ္စကြောင့် သူတို့မကျေမနပ်ဖြစ်ခဲ့ကြသော်လည်း အင်အားကွာဟချက်ကြောင့် ကလဲ့စားချေဖို့‌ကိုတော့ သတိထားနေခဲ့ကြရ၏။

ကျန်းချောင်ထိုကိစ္စများ ကုအန်ကိုပြောပြနေခြင်းက အကူအညီတောင်းနေခြင်းမဟုတ်ဘဲ သူ့ကိုအပြင်ကိစ္စများ ပြောပြနေရုံသာ ဖြစ်သည်။ ကုအန်တွင်လည်း ၀င်ပါဖို့ စိတ်ကူးမရှိခဲ့ပေ။

ဤနှစ်များအတွင်း ပြန်လည်မွေးဖွားခြင်းစက်၀န်းမှလည်း အဆက်မပြတ် ဆိုသလို ရွမ်ယုတစ္ဆေများ ထွက်လာနေခဲ့ကြပြီး ထိုအရာကြောင့် ရွှမ်ယုမင်းဆက်က ပိုပိုအားကောင်းလာခဲ့၏။ ထိုကိစ္စနောက်ကွယ်မှ ကစားနေသော မဟာကမ္မအင်အားစုကြီးများ ရှိနေမှာ သေချာလှပေသည်။

“အမတမင်းဆက်နဲ့မြင့်မြတ်ခုံရုံးတို့ သင့်မြတ်နိုင်မနိုင် ဘယ်သူကသိမှာလဲ သူတို့သာ အတူတူပူးပေါင်းပြီးမတိုက်ခိုက်ဘူးဆိုရင် အကျိုးဆက်တွေက တွေးလို့မရအောင် ဖြစ်လာလိမ့်မယ်” ကျန်းချောင် စိတ်ပူစွာ ပြောလိုက်၏။

ကုအန်ဆေးသန့်စင်နေရင်း ပြန်ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့ ကျွန်တော်ယန်ရှန်းဧကရာဇ်ကိုပြောလိုက်ပါ့မယ်”

ကျန်းချောင် အံ့အားသင့်သွားဟန်ဖြင့် မျက်တောင်ခတ်လိုက်ပြီး မေးလိုက်၏။

“နင်ပြောနေတာ အမတမင်းဆက်ရဲ့ ရေမြေ့ရှင် ယန်ရှန်းဧကရာဇ်ကိုပြောနေတာလား”

“ဟုတ်တယ်လေ ဘာလို့လဲ”

“နင်ကလာကြွားနေတာပဲ အဲ့လိုလူကို နင်တွေ့ချင်ရင် အခုချက်ချင်းပဲတွေ့လို့ရသလို လာပြောနေတယ်”

“ကျွန်တော် မတွေ့နိုင်ဘူးထင်လို့လား”

“နင့်မှာ ဆရာသခင်ဓားအရှင်နောက်ခံရှိနေရင်တောင် သူက‌ဟိုးအဝေးကြီးက အမတမင်းဆက်မှာနေတာ”

“ဟီး ကျွန်တော်ဒီနေ့ပဲ ကျန်းချောင်ကို သူနဲ့တွေ့ဖို့ခေါ်သွားပေးမယ် ကိုယ်တိုင်သာ မေးကြည့်လိုက်”

ကုအန် ကျန်းချောင်ကိုမျက်လုံးလှန်ကြည့်ကာ ရွှတ်နောက်နောက်ပြောလိုက်သည်။

သူမက သူ့ကိုအထင်သေးရဲသည်လော။

သူသည်အရင်ကလို ကျိမိသားစုအစေခံလေးတစ်ယောက်မဟုတ်တော့ပေ။ ဤမိန်းမကို သူ့စွမ်းအားအစစ်အမှန်ကို ပြသရပေတော့မည်။

All Chapters