အခန်း (၄၄၉-၄၅၀)
Vol. 34 Ch. 449-450
အခန်း ၄၄၉ လုံချင်း၏ ကြောက်ရွံ့ခြင်း
မြင့်မြတ်အရှင်သခင်(မြင့်မြတ်ဝန်ကြီး) အဆင့်ချိုးဖျက်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ဆင်းသက်လာခဲ့၏။
ကုအန်က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏အရှိန်အဟုန်ကို ပြန်လည်တွက်ချက်ကြည့်ရာ အနာဂတ်သည် ဝေဝါးလာပြီး အရာများစွာကို သေချာစွာ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိတော့ကြောင်း တွေ့ရှိလိုက်သည်။
အရေးကြီးဆုံးအချက်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသို့ လာရောက်လည်ပတ်ရခြင်း၏ ရည်ရွယ်ချက်ကို ကုအန် မရှင်းလင်းခြင်းပင်။
လုံကျန်းသည် သူနှင့်အလွန်ဝေးကွာသော ခေတ်မှဖြစ်ပြီး သူ တည်ထောင်ခဲ့သော စစ်ခုံရုံးသည် ရှေးဟောင်းဒဏ္ဍာရီဖြစ်လာခဲ့ရာ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် ယခင်ကထက် ပို၍အင်အားကြီးမားလာပေမည်ဖြစ်သည်။ သူ မည်သည်ကြောင့် သတိမထားဘဲ နေနိုင်မည်နည်း။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ရောက်ရှိနေမှုသည် လွတ်ငြိမ်းရာအမတ၏အရှိန်အဝါသာဖြစ်လျှင်ပင် သူ၏အစစ်အမှန်ပုံစံသည် အလွန်ကိုင်တွယ်ရခက်သော လူတစ်ဦးဖြစ်မည်ဟု ကုအန် ယုံကြည်သည်။
ကုအန်၏စောင့်ကြည့်မှုအောက်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အရှိန်အဝါကို သယ်ဆောင်လာသော ဥက္ကာခဲသည် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအတွင်းရှိ အင်အားကြီးသော လူများသည်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကြောင့် ထိတ်လန့်သွားကြသည်။ သူတို့ အားလုံးသည် နတ်အသိနှင့်နတ်ဘုရားစိတ်အာရုံတို့ကို အသုံးပြု၍ စုံစမ်းကြသော်လည်း မည်သူမျှ ဖျက်ဆီးခြင်းဧကရာဇ်ကို တားဆီးရန် မဝံ့ရဲခဲ့ပေ။
မြင့်မြတ်ခုံရုံး၏မြင့်မြတ်နယ်မြေတွင် ကြီးမားသော ကောင်းကင်မိုးကြိုးသည် မိုင်သောင်းချီသော မိုးကောင်းကင်ကို ဖုံးလွှမ်းထား၏။ ကပ်ဘေးအလယ်ရှိ မြင့်မြတ်အရှင်သခင်သည် မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် သတိထားသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏ ကပ်ဘေးကျော်ဖြတ်ခြင်းသည် ဒုက္ခများ ယူဆောင်လာမည်ကို သူသိသော်လည်း ဤမျှထိ အင်အားကြီးသော လူတစ်ဦး ရောက်လာမည်ကို သူ မမျှော်လင့်ခဲ့ပေ။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အရှိန်အဝါသည် သူ့ကို ယခင်က ကမ္ဘာဦးအမတဘုရင်ကို သတိရစေ၏။ သူသည် ကောင်းကင်ဘုံကို တရားမမျှတဟု ကျိန်ဆဲလိုသော်လည်း ဤအချိန်တွင် သူသည် အံ့ကြိတ်ပြီး အဆင့်ချိုးဖျက်ရုံသာ တတ်နိုင်တော့သည်။
ကောင်းကင်ကပ်ဘေး စတင်သည်နှင့်တစ်ပြိုင်နက် နောက်ပြန်လှည့်ရန် လမ်းမရှိတော့ဘဲ သေခြင်း သို့မဟုတ် အောင်မြင်စွာ ကျော်ဖြတ်ခြင်းသာ ရှိတော့သည်။
သူသည် အဆင့်ချိုးဖျက်ရန်အတွက် မြင့်မြတ်ခုံရုံး၏ ချီကံကြမ္မာကို အသုံးချခဲ့သဖြင့် သူ ရှုံးနိမ့်၍ မဖြစ်ပေ။ အကြောင်းအရင်းမှာ အကယ်၍ သူ ရှုံးနိမ့်ပါက ချီကံကြမ္မာသည် ခုံရုံးရှိ သက်ရှိတိုင်းနှင့် ဆက်သွယ်ထားသောကြောင့် ခုံရုံးတစ်ခုလုံးသည် ကြီးမားသောဆုံးရှုံးမှုကို ခံစားရမည် ဖြစ်သောကြောင့်ပင်။
ကြီးကျယ်ခမ်းနားသော ဝင်္ကပါအလွှာများသည် မြင့်မြတ်အရှင်သခင်ကို ကာကွယ်ထားပြီး မျက်စိကျိန်းလောက်အောင် တောက်ပကာ ကြီးမားပြီး အဆုံးမရှိသော ဖိအားကို ထုတ်လွှတ်ထားသည်။ ဤဖိအားသည် ကောင်းကင်ဘုံ၏စွမ်းအားကို တန်ပြန်ကာ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို ပရမ်းပတာဖြစ်စေပြီး မြင့်မြတ်ခုံရုံး၏နံဘေးပတ်လည်ရှိ တောင်တန်းများနှင့်သမုဒ္ဒရာများကို ကပ်ဘေးများ ဖြစ်ပေါ်စေခဲ့သည်။
မြင့်မြတ်အရှင်သခင်၏အကြည့်အောက်တွင် ဥက္ကာခဲတစ်လုံးသည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး ကောင်းကင်ဘုံမိုးကြိုးသည် ဥက္ကာခဲ၏ တောက်ပမှုကို ဖုံးကွယ်နိုင်ခြင်းမရှိပေ။
ဤအချိန်တွင် မြင့်မြတ်အရှင်သခင်သာမက တိုင်းပြည်အနှံ့အပြားရှိ အင်အားစုအသီးသီးမှ ကြီးမြတ်သောကျင့်ကြံသူများနှင့် မိစ္ဆာများသည်လည်း ထိုအရာကို တွေ့မြင်ခဲ့ကြသည်။
ရဲစံအိမ်အတွင်း၌
ရဲလန့်သည်လည်း မိုးကုတ်စက်ဝိုင်းကို ဖြတ်သန်းသွားသော ဥက္ကာခဲကို တွေ့မြင်ခဲ့ပြီး အကြောင်းအရင်းမသိဘဲ သူမသည် ရှင်းပြမရသော ရင်တုန်ခြင်းကို ခံစားလိုက်ရသည်။
သူမသည် ကုအန်ဘက်သို့ ကြည့်ကာ မေးလိုက်၏။
"ခုဏက ကြယ်ကြွေတာကို တွေ့လိုက်လား"
ကုအန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"မင်း ဆုတောင်းလိုက်သေးလား"
ရဲလန့်က သူ့ကို တစ်ချက်ကြည့်ပြီး မျက်ခုံးပင့်ကာ စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
"ခုနကအချိန်မှာ ငါ ဘာကြောင့်မှန်းမသိပဲ ကြောက်သွားတယ်.. အပြင်ဘက်ကောင်းကင်က တခြားမိစ္ဆာတစ်ကောင် ဆင်းသက်လာတာများလား"
ကုအန်က ရယ်မောပြီး ပြောဆိုသည်။
"ဘာကိုကြောက်စရာရှိလို့လဲ.. အဓိပတိဂိုဏ်းက ဘယ်တုန်းက ဒီလိုကပ်ဘေးမျိုး ကြုံဖူးလို့လဲ.. ငါ့အမြင်ကတော့ ဒီနေရာက အမြဲတမ်း တော်တော်လေး အေးချမ်းတယ်... အန္တရာယ်က ပင်လယ်ရပ်ခြားနယ်မြေတွေမှာပဲ ရှိတာပါ"
"အဲ့ဒီလိုတွေးတာ မမှန်ဘူး။ ငါတို့က တခြားသူတွေကို အမြဲတမ်း အားကိုးနေလို့မဖြစ်ဘူး။ ဆရာသခင်ဓားအရှင်က တစ်နေ့မှာ ထွက်သွားမှာပဲ"
ရဲလန့်က ခေါင်းခါလိုက်သည်။
ကုအန်က နှစ်သိမ့်ပေးရင်း ပြောဆိုလိုက်၏။ "ငါက ဆရာသခင်ဓားအရှင်ပဲ...မင်း စိတ်မပူနဲ့"
ဤစကားကို ကြားသောအခါ သူမက ရယ်မောပြီး ပြောဆိုလိုက်သည်။
"တကယ်လား... ဒါဆို အစ်ကိုကြီးက ငါ့ကို နတ်ဘုရားစွမ်းရည်တွေ သင်ပေးနိုင်မလား"
"မဖြစ်နိုင်တာတော့ မဟုတ်ဘူး..မင်း ကောင်းတာလေးတစ်ခုလောက် ပြောကြည့်လေ"
"နင်ကကောင်းတာလေးတစ်ခုကို ကြားချင်လို့လား"
ရဲလန့်က ကုအန်ကို စွဲဆောင်မှုရှိသော အပြုံးဖြင့် ပြုံးပြပြီး မတ်တတ်ထရပ်ကာ သူ့ဆီသို့ လျှောက်သွားသည်။
ကုအန်က အလျင်အမြန် လက်ကိုမြှောက်ပြီး ပြောလိုက်သည်။
"ငါ နောက်နေတာပါ"
"ဟွန့်။ ငါကတော့ အတည်ယူလိုက်တာ"
ဘုန်း
တောက်လောင်နေသော မီးလျှံများဖြင့် ဖုံးလွှမ်းထားသော ဥက္ကာခဲသည် တိမ်ပင်လယ်ကို ချိုးဖျက်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် တောင်တန်းများပေါ်သို့ ကျရောက်လာသည်။ ဤသည်မှာ မိုင်ပေါင်းများစွာရှည်သော တောင်တန်းများနှင့် သစ်တောများကို ချက်ချင်း ကြေမွသွားစေကာ တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာပေ၏။ တလိမ့်လိမ့်တက်လာသော ဖုန်မှုန့်များသည် လေထဲသို့ မြင့်တက်သွားကာ ကြီးမားသော ဖုန်မှုန့်နံရံကြီးအလား အဝေးသို့လွင့်ထွက်သွားပြီး လမ်းကြောင်းရှိအရာအားလုံးကို ဖျက်ဆီးလိုက်သည်။
မြေကြီးသည် ကမ္ဘာပျက်သကဲ့သို့ တုန်ခါသွားပေ၏။
ဤအင်အားသည် မိုးကုတ်စက်ဝိုင်းသို့ ပျံ့နှံ့သွားသည်နှင့်အမျှ ပေါက်ကွဲမှု၏ ဗဟိုတွင် ကြောက်မက်ဖွယ်ကောင်းသော မီးလျှံလှိုင်းများ ပေါ်ထွက်လာပြီး မိုးကောင်းကင်ကို ထိုးဖောက်သွားတော့မည့်ပုံပင်။
အပြင်ဘက်မှ ဤစွမ်းအားသည် မြေပေါ်ရှိ အရာအားလုံးကို ပျက်စီးစေပြီ သနားညှာတာမှုမရှိဘဲ ရက်စက်ကြမ်းကြုတ်သည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်နှင့်မြေကြီးကြားမှ တုန်ခါသံများ ရပ်စဲသွားသော်လည်း လိမ့်တက်နေသောဖုန်မှုန့်များသည် ဆက်လက်၍မြင့်တက်နေကာ ယခင်ကဲ့သို့ ပြင်းထန်မှု မရှိတော့ပေ။
ထိုဖုန်မှုန့်များအတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည့် အနက်ရောင်အကြေးခွံသံချပ်ကာကို ဝတ်ဆင်ထားသည်။ သူသည် ခေါင်းပေါ်တွင် ချိုကဲ့သို့ ကောင်းကင်ယံအား ဦးတည်နေသော စူးနှစ်ခုပါသည့် ကြောက်မက်ဖွယ်ကောင်းသော သံခမောက်ကို ဆောင်းထားသည်။ သံခမောက်အောက်တွင် မျက်နှာမရှိဘဲ အမှောင်မြူခိုးများသာရှိနေကာ အသက်မဲ့သော တွင်းနက်ကြီးအလားပင်။ သူ ခြေတစ်လှမ်းလှမ်းတိုင်း သူ၏ခြေထောက်အောက်မှ ကျောက်စရစ်ခဲများသည် ဖုန်မှုန့်ဖြစ်သွားပြီး မြေမျက်နှာပြင်ပေါ်တွင် မီးတောင်ချော်ရည်ပုံစံများ ထွက်ပေါ်လာကာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
သူသည် လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်ပြီး မော့ကြည့်လိုက်ရာ သံခမောက်အောက်တွင် မည်းနက်နေပြီး မျက်လုံးများမရှိသောကြောင့် သူ ဘာကိုကြည့်နေ၊ ဘာကိုခံစားနေသည်အား ရှင်းလင်းစွာမသိရချေ။
သူသည် ဘယ်ဘက်ခြေကို ဘေးသို့ ရွှေ့လိုက်ရာ ကောင်းကင်နှင့်မြေကြီးကြားမှ ဖုန်မှုန့်များကို ချက်ချင်းလွင့်ပြယ်သွားစေပြီး အက်ကွဲသွားသောမြေကြီးကို ထင်ရှားစွာ မြင်တွေ့ရသည်မှာ အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။ သူသည် မိုင်တစ်ရာကျော်ကျယ်သော ကြီးမားသည့် တွင်းကြီးတစ်ခုအတွင်း မတ်တတ်ရပ်နေလေ၏။ တွင်းကြီး၏အပြင်ဘက်ရှိ မြေကြီးပေါ်တွင် ကျောက်တုံးများ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အငွေ့တထောင်းထောင်းထကာ ခြောက်ကပ်နေသည်။
မြေပေါ်ရှိ ဖုန်မှုန့်များသာမက မိုးကောင်းကင်ပင်လျှင် ရုတ်တရက် ကြည်လင်သွားသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က အဝေးသို့ လှည့်ကြည့်လိုက်သည်။ သူသည် အချိန်တခဏကြာမျှ ကြည့်ပြီးနောက် သူ လှည့်ထွက်သွားကာ ခြေတစ်လှမ်းဖြင့် သူ၏ ပုံရိပ်သည် မိုင်ပေါင်းသန်းနှင့်ချီ၍ ရွေ့လျားသွားသည်။
မြေကြီးသည် အဆုံးမရှိ ကျယ်ပြန့်ပြီး သူသည် ဆက်တိုက် ငါးလှမ်းလျှောက်ခဲ့သော်လည်း တိုက်ကြီး၏အစွန်းသို့ မရောက်သေးချေ။
သူသည် ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာပြီး ထိုနေရာသည် တုန်ခါနေဆဲပင်။ သူသည် အောက်သို့ငုံကြည့်လိုက်ရာ ချောက်ကမ်းပါးအောက်ရှိ မြို့တစ်မြို့သည် ပြိုကျနေကာ သာမန်လူများသည် အော်ဟစ်ငိုယိုနေကြပြီး သူတို့၏ဒုက္ခသည် အလွန်ဆိုးရွားပေ၏။ ဖျက်ဆီးခြင်းဧကရာဇ်သည် အချိန်တခဏမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မြေပြင်တပြင်လုံး တည်ငြိမ်သွားသည်။ ထို့နောက် ပြိုကျထားသော အပျက်အစီးအပိုင်းအစများနှင့်သစ်သားတိုင်များသည် ပျံ့လွင့်ပြီး အဝေးသို့လွင့်ထွက်သွားသည်။
ဤအရာအားလုံးကို လုပ်ပြီးနောက် သူသည် ချောက်ကမ်းပါးပေါ်မှ ပျောက်ကွယ်သွားတော့သည်။
ချောက်ကမ်းပါးအောက်မှ ငိုသံများသည် ရုတ်တရက် ရပ်စဲသွားပြီး လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ညနေပိုင်းတွင် ကုအန်သည် တတိယဆေးပင်တောင်ကြားသို့ ရောက်ရှိလာကာ ကမ္ဘာ၏တခြားတစ်ဖက်တွင် သွားလာနေသော ဖျက်ဆီးခြင်းဧကရာဇ်ကို စောင့်ကြည့်လိုက်၏။ ကုအန်သည် သူ၏ ရည်ရွယ်ချက်ကို ယာယီအားဖြင့် မခန့်မှန်းနိုင်သေးချေ။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် မြင့်မြတ်ခုံရုံးသို့ ဦးတည်မသွားခဲ့ခြင်းမှတဆင့် သူသည် မြင့်မြတ်အရှင်သခင်၏ကပ်ဘေးကြောင့် ဆွဲဆောင်ခြင်းမခံရကြောင်း ညွှန်ပြနေသည်။ သူသည် တစ်စုံတစ်ခုကို ရှာဖွေနေသည်နှင့် ပို၍တူညီသည်။
သူ ရောက်ရှိလာသည်မှာ တိုက်ဆိုင်မှုမဟုတ်ဘဲ မြင့်မြတ်အရှင်သခင်၏ကပ်ဘေးသည် သူ ရှာဖွေနေသောအရာကို ထိခိုက်နိုင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်ပေ၏။
ကုအန် တောင်ကြားသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် လုံချင်းသည် အလျင်အမြန် ရောက်လာသည်။ သူ၏မျက်နှာပေါ်တွင် ကုအန် စိတ်ကျေနပ်အောင် ပြုလုပ်လိုသော အမူအယာရှိနေကာ စိုးရိမ်မှုနှင့်နွေးထွေးမှုတို့ကို ပြသနေသည်။
"သွားတော့ မင်း နားမလည်နိုင်ရင် အချိန်မတန်သေးဘူး
လို့ ဆိုလိုတယ်။ ပြီးတော့ မင်းရဲ့ စိတ်နေစိတ်ထားကလည်း မတည်ငြိမ်သေးဘူး" ကုအန်က လုံချင်းကို ကြည့်ပြီး ပြောဆိုလိုက်သည်။
အဓိပတိဂိုဏ်းအတွင်းတွင် ကုအန်သည် ဆရာသခင်ဓားအရှင်၏ တပည့်တစ်ဦးဖြစ်သည်ဟု လူအများစုက ယုံကြည်ထားကြသည်။ သို့ရာတွင် တတိယဆေးပင်တောင်ကြားအတွင်းရှိ လုံချင်းအပါအဝင် တပည့်အများစုက ကုအန်သည် ဆရာသခင်ဓားအရှင်ကိုယ်တိုင်ဖြစ်သည်ဟု ထင်မြင်ကြသည်။
ဤအချက်ကို ရှန်ရှင်းကျီကလည်း အတည်ပြုခဲ့ကာ ယခုအချိနိ၌ သူသည် ကုအန်အပေါ် အလွန်အမင်း ရိုသေမှုပြသပြီး ဂျူနီယာမျိုးဆက်တစ်ဦး၏အမူအယာဖြင့် ဆက်ဆံနေသည်။
"ကျွန်တော်က ဘယ်လောက်ကြာကြာ စောင့်ရအုံးမှာလဲ....ဘာလို့ ကျွန်တော်က စောင့်ရမှာလဲ" လုံချင်းက ဒေါသတကြီး မေးမြန်းလိုက်သည်။
ကုအန်သည် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိလေ၏။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် လုံချင်းအတွက် လာခြင်း ဖြစ်နိုင်မလား။
ဤသည်မှာ အလွန်ဖြစ်နိုင်ချေရှိသည်။ ကုအန်က ခက်ထန်တင်းမာစွာ ပြောဆိုလိုက်သည်။
"မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားတယ်ဆိုတာ မင်း သိပြီးသားပဲ။ မင်းက အရေးပါတဲ့ အကြောင်းတရားနဲ့ အကျိုးဆက်တစ်ခုကို သယ်ဆောင်နေတယ်လို့ မခန့်မှန်းနိုင်ဘူးလား။ မင်း တည်ငြိမ်အောင် မနေရင် ကြီးမားတဲ့ ဒုက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ်။ အဲ့ဒီအခါကျရင် ငါတောင်မှ မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ တလောကလုံးကတောင် မင်းကို ကာကွယ်မပေးနိုင်လောက်ဘူး"
သူ၏လေသံသည် ပြင်းထန်သဖြင့် လုံချင်းကို မှင်သက်သွားစေသည်။
လုံချင်းသည် ကုအန်၏ စကားများကို ပြန်လည်စဉ်းစားရင်း သူသည် စိတ်မသက်မသာဖြစ်ပြီး ထိတ်လန့်သွားသည်။ ကုအန်သည် သူ၏တာအိုစိတ်ဆန္ဒဖြင့် လုံချင်း၏ စိတ်ခံစားချက်များကို လွှမ်းမိုးလိုက်သည်။
သူသည် ဤလူငယ်လေးကို ခြောက်လှန့်ရပေမည်။ ကုအန်သည် လုံးလုံးလျားလျား သေချာမှုမရှိဘဲ လုံချင်း၏သရုပ်မှန်ကို ထုတ်ဖော်ခွင့်မပြုဝံ့ပေ။
နဂါးမျိုးနွယ်၏ အကြောင်းတရားနှင့် အကျိုးဆက်သည် အလွန်ကြီးမားပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏အစစ်အမှန်ခန္ဓာကိုယ်နှင့် လက်ရှိစစ်ခုံရုံးတို့ကို ဆွဲဆောင်နိုင်ဖွယ်ရှိသည်။
လုံချင်း၏မျက်နှာအမူအယာသည် ဇဝေဇဝါဖြစ်နေမှုသို့ ပြောင်းလဲသွားသော်လည်း ကုအန်သည် သူ့ကို ဆက်လက်၍မခြောက်လှန့်ဘဲ သူ့ကို ဖြတ်ကျော်သွားသည်။
ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် အန်ရှင်း ရောက်လာပြီး တပည့်တချို့ ရန်ဖြစ်နေပြီး သူ ကြားဝင်စွက်ဖက်ရန် လိုအပ်ကြောင်း သတင်းပို့သည်။
ရန်ဖြစ်သူများ၏နာမည်များကို ကြားသောအခါ ကုအန်က အန်ရှင်းသည် သူ့ကို မည်သည်ကြောင့် ရှာဖွေသည်ကို နားလည်လိုက်သည်။
ဤသည်မှာ ပါရမီရှင်နှစ်ဦး၏တိုက်ပွဲပင်။ တောင်ကြားအတွင်းရှိ ပါရမီအဆင့်တွင် ထိပ်ဆုံးမှ ပါဝင်ပြီး သူတို့၏ လေ့ကျင့်မှုသည် မပြီးမြောက်သေးသော်လည်း ကြီးမြတ်သောကျင့်ကြံသူများနှင့် ထင်ရှားသော မိသားစုများက သူတို့ကို သိမ်းသွင်းရန် ကြိုးစားနေကြလေပြီ။
ဤသည်မှာ ပါရမီရှင်များ၏ ပုံမှန်အပြုအမူပင်။ သူတို့သည် မာနကြီးကြသဖြင့် တခြားမာနကြီးသူများနှင့် တွေ့ဆုံချိန်တွင် ပဋိပက္ခများ မလွဲမသွေ ဖြစ်ပေါ်တတ်သည်။
ကုအန်သည် အန်ရှင်းနောက်သို့ လိုက်သွားသော်လည်း စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သူ၏ အတွေးများသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်အပေါ်တွင်သာ ရှိနေဆဲပင်။
နေဝင်ချိန်သည် သွေးကဲ့သို့နီမြန်းနေသော်လည်း တတိယဆေးပင်တောင်ကြားအပေါ် ကြေကွဲဖွယ်ရာ အငွေ့အသက်တစ်ခုကို လွှမ်းခြုံနိုင်ခြင်းမရှိချေ။ ထိုနေရာတွင် သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေဆဲပင်။
မြင့်မြတ်အရှင်သခင်၏ ကပ်ဘေးသည် နောက်ဆုံးတွင် ကြီးမားသော တိုက်ပွဲတစ်ခုသို့ ဦးတည်သွားလေ၏။ အမတမင်းဆက်၊ ရွှမ်ယုနတ်ဘုရားမင်းဆက်နှင့် ကောင်းကင်မိစ္ဆာဂိုဏ်းတို့သည် မြင့်မြတ်ခုံရုံးအပေါ် ရန်ငြိုးထားသော အင်အားစုအနည်းငယ်တို့ အတူတကွပူးပေါင်း၍ သူ့ကို တိုက်ခိုက်ခဲ့ကြသည်။
ဤတိုက်ပွဲသည် အလွန်ကြီးကျယ်ခမ်းနားပြီး ကုအန်ပင်လျှင် စောင့်ကြည့်ခဲ့ရသည်။ အန္တရာယ်များသောဖြစ်စဉ်နှင့် မရေမတွက်နိုင်သော သေဆုံးမှုများကြားမှ မြင့်မြတ်ခုံရုံးသည် ဘေးဒုက္ခကို ကျော်လွှားနိုင်ခဲ့လေ၏။ နောက်ဆုံးတွင် မြင့်မြတ်အရှင်သခင်သည် အဆင့်ချိုးဖျက်နိုင်ကာ ဧကရာဇ်ယန်ရှင်းနှင့်ပင် ကြီးမားသော တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်ခဲ့သည်။ မြင့်မြတ်အရှင်သခင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ကြီးမားသည်။ သူသည် ဧကရာဇ်ယန်ရှင်းနှင့် တန်းတူ တိုက်ခိုက်နိုင်ခဲ့သဖြင့် ယင်းက ကုအန်ကို အံ့အားသင့်စေခဲ့သည်။
ဧကရာဇ်ယန်ရှင်းသည် ဆက်လက်၍ ပါဝင်ပတ်သတ်ခြင်း မပြုတော့ချေ။ ထိုသို့မဟုတ်ပါက ရွှမ်ယုနတ်ဘုရားမင်းဆက်နှင့်ကောင်းကင်မိစ္ဆာဂိုဏ်းမှ လွတ်ငြိမ်းရာအမတများနှင့်သူ၏ မဟာမိတ်ဖွဲ့မှုသည် မြင့်မြတ်အရှင်သခင်ကို ဖယ်ရှားနိုင်လောက်သည်။
ဤတိုက်ပွဲသည် ပြီးဆုံးသွားသော်လည်း ဤသည်မှာ နောင်အနာဂတ်အတွက် ပို၍ကြီးမားသောဒုက္ခမျိုးစေ့ကိုလည်း ချထားခဲ့သည်။
ထို့ကြောင့် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသည် ခေတ္တခဏ ငြိမ်းချမ်းသော ကာလတစ်ခုကို ကြိုတွေ့ခဲ့သည်။
၈ နှစ်သည် လျင်မြန်စွာ ကုန်လွန်သွားပေ၏။
တစ်နေ့တွင် ကုအန်သည် အန်ရှင်း သွေးအကျဉ်းထောင်သူတော်စင်တို့နှင့်အတူ ထျန်းယာတောင်ကြားသို့ ရောက်ရှိလာသည်။ လုရှန်သည် မမျှော်လင့်ဘဲ ပြန်လည်ရောက်ရှိလာပြီး ကုအန်ကို လာရောက်ရှာဖွေသည်။
လုရှန်နှင့်မတွေ့ဆုံမီ ကုအန်သည် ဆေးပင်များကို ဦးစွာစုဆောင်းခဲ့သည်။
လုရှန်သည် ကုအန်ကို သူ၏ ဂူထဲသို့ ခေါ်ဆောင်သွားကာ ဂူ၏ကန့်သတ်ချက်များကို အသက်သွင်းပြီးနောက် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"မင်းက ဆရာသခင်ဓားအရှင်လား"
အခန်း ၄၅၀ ကောင်းကင်တာအိုမှာလည်းကိုယ်ပိုင်သတ်မှတ်ချက်ရှိတယ်
လုရှန်၏မေးမြန်းမှုကို ရင်ဆိုင်ရင်း ကုအန်က မျက်ခုံးပင့်ကာ ပြောဆိုလိုက်သည်။
"ဒါဆိုရင် ဒီသတင်းက မင်းရဲ့နားထဲကို ရောက်သွားပြီပေါ့"
လုရှန်က လက်ပိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
"ဒါပေါ့"
"အရမ်းနှေးတာပဲ"
"ဘာ..."
လုရှန်၏အပြုံး တောင့်တင်းသွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ တခြားလူသာဆိုလျှင် သူ ကန်ကျောက်လိုက်မိမည် ဖြစ်သော်လည်း ကုအန်ကို ရင်ဆိုင်နေရချိန်တွင် သူ ဘာလုပ်နိုင်မည်နည်း။
သူ သည်းခံရုံမှအပ တခြားမရှိချေ။
ကုအန်က သူ၏မျက်နှာအမူအရာကို ရယ်စရာကောင်းသည်ဟု ထင်သဖြင့် လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ကာ ပြောဆိုလိုက်၏။
"ဟုတ်တယ်။ ငါက ဆရာသခင်ဓားအရှင်ပဲ။ ဒါပေမဲ့ လူတော်တော်များများက မယုံကြဘူး။ ငါက ဆရာသခင်ဓားအရှင်ရဲ့ တပည့်တစ်ယောက်လို့ပဲ ထင်ကြတာ၊ ဒီကိစ္စကို ငါတို့ကြားထဲမှာပဲ ထားရမယ်။ ကောင်းကင်နဲ့ မြေကြီးတိုင်တည်ပြီး စကားတည်ရမယ်"
ဤစကားကိုကြားသောအခါ လုရှန် စိတ်လှုပ်ရှားသွားသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သတိထား၍ မေးမြန်းလိုက်သည်။
"တကယ်လား... ဘာလို့ ငါ့ကို သိခွင့်ပေးတာလဲ"
ကုအန်၏အကြည့် တည်ကြည်လေးနက်သွားပြီး သူက ပြောဆိုလိုက်သည်။
"မင်းက ငါနဲ့ ယှဉ်လို့မရပေမဲ့ ငါ့မျက်လုံးထဲမှာတော့ မင်းတစ်ယောက်တည်းကသာ ငါ့ရဲ့ပါရမီကို ခြိမ်းခြောက်နိုင်တဲ့သူပဲ။ အန်ဟောင်ကတော့ အရည်အချင်းမရှိဘူး။ သူက အရမ်းနာခံလွန်းတယ်။ နောက်ဆုံးမှာ ပြုတ်ကျသွားလိမ့်မယ်။ ရှင်သန်ပြီးကျန်ရစ်ခဲ့တဲ့ ပါရမီရှင်တွေကိုသာ စွမ်းအားကြီးတယ်လို့ သတ်မှတ်လို့ရတယ်"
လုရှန်သည် အလွန်စိတ်လှုပ်ရှားသွားပြီး သူ၏ လက်သီးများကိုဆုပ်ကာ စိတ်လှုပ်ရှားမှုဖြင့် သူ၏သွေးများ ဆူပွက်လာသည်။
ကုအန်က သူ၏တုံ့ပြန်မှုကို ကျေနပ်သွားသည်။ စကားအနည်းငယ်ဖြင့် လူအများကို ဆွဲဆောင်နိုင်သည့်ကိစ္စကို သူ မည်သည်ကြောင့် မလုပ်ဘဲ နေရမည်နည်း။ ထို့နောက် ကုအန်က ဘေးရှိ ကျောက်စားပွဲတစ်ခုတွင် သွားထိုင်လိုက်သည်။ လုရှန်သည်လအသိပြန်ဝင်လာပြီး အလျင်အမြန် လိုက်သွားလေ၏။
ကုအန်၏မျက်နှာချင်းဆိုင်တွင် ထိုင်ရင်း လုရှန်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
"ဒါက မင်းရဲ့ ပါရမီကြောင့်လား ဒါမှမဟုတ် မင်းက အင်အားကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ ပြန်လည်ဝင်စားတာလား။ မဟုတ်ရင် မင်းရဲ့ အသက်ကို ဖုံးကွယ်ထားတာလား"
ကုအန်က သူ့ကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"မင်း အမတလမ်းစဉ်နယ်ပယ်ကို ရောက်တဲ့အချိန်မှာ ပြန်လည်မွေးဖွားခြင်းကပ်ဘေးလို့ခေါ်တဲ့ အဆင့်တစ်ခုကို နားလည်လာလိမ့်မယ်"
ပြန်လည်မွေးဖွားခြင်းကပ်ဘေးလား
လုရှန်သည် နာမည်ကြားရုံဖြင့် စွဲလန်းသွားသည်။
ကုအန်က မေးလိုက်၏။ "မင်းက ဒီအကြောင်းကို အတည်ပြုဖို့သက်သက်နဲ့ ငါ့ကိုလာရှာတာတော့ မဟုတ်ဘူးမလား"
သူသည် လုရှန်၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သော်လည်း လုရှန်ကိုယ်တိုင် ပြောသည်ကို ကြားလိုသည်။
လုရှန်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
"ရွှမ်ယုနတ်ဘုရားမင်းဆက်က ငါ့ကို သူတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ်။ မကြာသေးခင်က ငါက အရှင်မင်းကြီးဆီကနေ ခွဲထွက်ဖို့ စဉ်းစားနေတယ်။ ရွှမ်ယုနတ်ဘုရားမင်းဆက်အပေါ် မင်းရဲ့အမြင်က ဘယ်လိုရှိလဲ"
ကုအန်က လုရှန်နှင့် လီရွှမ်တောက်ကြားမှ အက်ကြောင်းကို သိသည်။ လီရွှမ်တောက် အင်အားကြီးမားလာသည်နှင့်အမျှ သူသည် ကုအန်ကဲ့သို့ပင် သူ၏အစစ်အမှန်ပင်ကိုယ်စရိုက်ကို စတင်ဖော်ထုတ်လာပြီး တဖြည်းဖြည်း ပို၍ကြီးစိုးလာကာပေမည်။ ယင်းက သူ၏ပတ်ဝန်းကျင်ရှိ လူများအပေါ် ဖိအားများ တိုးလာစေခဲ့၏။
ကုအန်က ပြန်ဖြေလိုက်သည်။ "မင်းက အဲ့ဒါကို ခြေလှမ်းတစ်လှမ်းအနေနဲ့ သုံးချင်တယ်ဆိုရင်တော့ တကယ့်ကို နေရာကောင်းတစ်ခုပဲ။ ဒါပေမဲ့ မင်းက ရွှမ်ယုနတ်ဘုရားမင်းဆက်နဲ့ အတူနေဖို့ စီစဉ်ထားတယ်ဆိုရင်တော့ သူတို့အားလုံး ပြာကျသွားလိမ့်မယ်"
လုရှန်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူက မေးလိုက်သည်။
"ရွှမ်ယုနတ်ဘုရားမင်းဆက် ပျက်စီးသွားမှာလား"
ကုအန်က ရယ်မောလိုက်၏။
"ပိုပြီးတိတိကျကျပြောရရင် ဒီလောကကြီးပေါ်က အင်အားစုအားလုံး ပြာကျသွားလိမ့်မယ်။ အင်အားစုဟောင်းတွေက ဖုန်မှုန့်ဖြစ်သွားလိမ့်မယ်"
"အဓိပတိဂိုဏ်းနဲ့ထိုက်ချန်းမင်းဆက် အပါအဝင်လား"
"ဟုတ်တယ်"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ လောကကြီးမှာ သံသရာလည်ပတ်မှုတွေ ရှိပြီးတော့ ကောင်းကင်တာအိုမှာ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ ရှိလို့ပဲ"
"ဒါ... ဒါဆို ငါ့ရဲ့ ကြိုးစားမှုတွေအားလုံးက အဓိပ္ပာယ်မရှိတော့ဘူးဆိုတဲ့ သဘောလား"
လုရှန်၏မျက်နှာဖြူဖျော့သွားပြီး လုံးလုံးလျားလျား စိတ်ပျက်အားငယ်သွားသည်။
ကုအန်က ခေါင်းခါလိုက်ပြီး သူ၏ စကားများတွင် နက်ရှိုင်းသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည်။
"တစ်ယောက်ယောက်ကတော့ အမြဲတမ်း ရှင်သန်ကျန်ရစ်တယ်။ ဒါပေမဲ့ မင်း စဉ်းစားကြည့်လေ လောကကြီးပေါ်က အင်အားစုအားလုံး ပျောက်ကွယ်သွားပြီးတော့ သက်ရှိအားလုံးရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းက ဖုန်မှုန့်ဖြစ်သွားတဲ့အချိန်မှာ တကယ်လို့ မင်းသာ ရှင်သန်ပြီးကျန်ရစ်ခဲ့ရင် အဲ့ဒီကာလကို ကျော်ဖြတ်ပြီးတဲ့နောက် ဒီလောကကြီးမှာ မင်းရဲ့ အဆင့်အတန်းက ဘယ်လိုဖြစ်နေမလဲ"
လုရှန်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာပြီး သူ ထိုအကြောင်းကို ပို၍စဉ်းစားမိလေလေ ပို၍ပျော်ရွှင်လာလေလေပင်။ လောကကြီး၏အမြင့်မြတ်ဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်လာမည်ဟူသော အတွေးကြောင့် သူ အလွန်ပျော်ရွှင်သွားပြီး ထိုအချိန်ထိရောက်အောင် သူ မည်သို့ရှင်သန်မည်ကိုပင် လျစ်လျူရှုလိုက်သည်။
ကုအန်အပေါ် လုရှန်၏အကြည့်သည် ပြောင်းလဲသွားပြီး အထင်ကြီးမှုများဖြင့် ပြည့်နှက်နေသည်။ ဤသို့သော ရလဒ်ကို ကြိုတင်မြင်နိုင်ရန် မည်သည့်အဆင့်ကျင့်ကြံမှုမျိုး လိုအပ်မည်နည်း။
သူက ကုအန်၏ စကားများကို သံသယမဝင်ချေ။ အကြောင်းမှာ သူသည်လည်း လောကကြီး၏ဆင့်ကဲပြောင်းလဲမှုအကြောင်း ဒဏ္ဍာရီများကို ကြားဖူးသောကြောင့်ပင်။ ရှေးခေတ်ကတည်းက ကပ်ဘေးများသည် လောကကြီးကို ရိုက်ခတ်ခဲ့သည်။
သူ မြင်နိုင်သလောက် လောကကြီးသည် ပျက်စီးခြင်းနှင့် အလွန်ဝေးကွာနေသေးသည်။ အနည်းဆုံးတော့ လောကကြီးပျက်စီးမည့် နိမိတ်လက္ခဏာကို ပြသသည့် မြင်ကွင်းများ မရှိသေးချေ။
'ဆရာသခင်ဓားအရှင်က တကယ့်ကို အင်အားအကြီးဆုံးပဲ... ဧကရာဇ်ယန်ရှင်းတောင် နှိုင်းယှဉ်လို့မရဘူး'
လုရှန်သည် အလွန်စိတ်လှုပ်ရှားသွားပြီး နောက်ထပ်အချက်အလက်များ သိရရန်အတွက် ဖိအားပေးမေးမြန်းသည်။
ကုအန်က ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာအကြောင်းကို ပို၍ဖော်ထုတ်ပြောဆိုခြင်း မရှိခဲ့သော်လည်း သူ ထုတ်ဖော်နိုင်သော အသေးအဖွဲအချက်အလက်အချို့နှင့်ပတ်သက်၍ ပြောပြလိုက်၏။ ဤသည်ကို သူသည် လုပိုင်ထျန်း၏ သားကို ဂရုစိုက်ပေးခြင်းဟု သဘောထားလိုက်သည်။
အချိန် နာရီဝက်ခန့်အကြာ၌ ကုအန်သည် လုရှန်နှင့်အတူ ဂူထဲမှ ထွက်လာခဲ့သည်။ လောဟန်က လုရှန်၏ရိုသေသော အမူအယာကို ကြည့်ပြီး ရယ်မောလိုကါသည်။
ဤလုရှန်သည် မာနကြီးသောစရိုက်ရှိသူဖြစ်ပြီး ဧကရာဇ်ကိုပင် ဤကဲ့သို့ ရိုသေမှုမျိုး မပြခဲ့ဖူးပေ။
ဤလူငယ်ကုအန်တွင် လုရှန်ကဲ့သို့ မာနကြီးသော ပုဂ္ဂိုလ်ကို လက်အောက်ခံဖြစ်စေနိုင်သည့် မည်သည့်အရည်အချင်းများ ရှိသည်ကို မသိရချေ။
လောဟန်က အဝေးမှ ကြည့်နေပြီးနောက် သူတို့ဆီသို့ ချဉ်းကပ်လာသည်။
"ကုအန် စာအုပ်ဘယ်မှာလဲ"
လောဟန်က ကုအန်ထံ ရောက်လာပြီးနောက် မေးလိုက်သည်။
ကုအန်က "ခန်းဆောင်နီအိပ်မက်" ကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြီး သူ့ကို ပေးလိုက်ကာ ပြောလိုက်သည်။
"စိမ်းလန်းသောသူရဲကောင်းခရီးစဉ်က နောက်ကျမှရမယ်..စာရေးဆရာက အဆင့်ချိုးဖျက်ဖို့ အပြင်ထွက်သွားတယ်"
လောဟန်၏ မျက်နှာအိုကြီး နီရဲသွားပြီး သူက ပြောဆိုလိုက်၏။
"ဘာ စိမ်းလန်းသော သူရဲကောင်းခရီးစဉ်လဲ... ငါက ခန်းဆောင်နီအိပ်မက်ကိုပဲ ကြိုက်တာ"
လုရှန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ "စိမ်းလန်းသော သူရဲကောင်းခရီးစဉ်က ဘာလဲ"
ခန်းဆောင်နီအိပ်မက်ကို သူ သိသည်။ အကြောင်းမှာ သူသည် ကုအန်ကို စိတ်ဝင်စားသောကြောင့် ကုအန်၏စာအုပ်အားလုံးကို ဖတ်ဖူးသောကြောင့်ပင်။
အန်ရှင်း လျှောက်လှမ်းလာပြီး သူတို့၏ စကားဝိုင်းကို ကြားချိန်၌ လောဟန်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လေသည်။ လောဟန်သည် အလွန်အရှက်သွားပြီး မြေကြီးထဲ၌ ပုန်းအောင်းဖို့ အက်ကြောင်းတစ်ခု ရှာချင်စိတ် ပေါက်သွားသည်။
ကုအန်သည် အန်ရှင်း သွေးအကျဉ်းထောင်သူတော်စင်တို့နှင့်အတူ ထျန်းယာတောင်ကြားမှ ထွက်ခွာသွားလေ၏။ ထို့နောက် အန်ရှင်းသည် လောဟန်ကို စတင်အပြစ်တင်ပြောဆိုပြီး 'လေးစားရတဲ့ လောဟန်က ဒီလို အောက်တန်းကျတဲ့ စာအုပ်တွေ ဖတ်လိမ့်မယ်လို့ မထင်ထားဘူး'ဟု ပြောဆိုသည်။
ကုအန်က ရှေ့ကို ကြည့်ရင်း စိတ်မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
' ကောင်မစုတ်လေး ငါ့ကို သွယ်ဝိုက်ပြီး ဆဲရဲတယ်ပေါ့'
'နောက်ပိုင်း သူ့ကို ကျင့်ကြံမှုတွေ လမ်းညွှန်တဲ့အခါ နည်းနည်းလောက် ဒုက္ခပေးရမယ်'
တောကန္တာရထဲတွင် လေပြေလေညင်း တိုက်ခတ်နေ၏။
အန်ဟောင်သည် ခရီးသွားဓားသမားတစ်ယောက်လို ဝတ်ဆင်ထားပြီး တောင်ပေါ်လမ်းတစ်ခုအတိုင်း လက်များကို မြှောက်ကာ လျှောက်လှမ်းနေသည်။ သူ၏ ဓားအိမ်သည် သူ၏ လက်မောင်းကွေးကြားမှတစ်ဆင့် ပခုံးပေါ်တွင် တင်ထားပြီး ခေါင်းကို နောက်သို့ စောင်းကာ ပေါ့ပေါ့ပါးပါး ကြည့်နေသည်။
နိဗ္ဗာနအဆင့်သို့ ရောက်ရှိပြီးနောက် သူသည် သူ၏လူငယ်ဆန်သော ရိုးသားမှုကို လုံးဝ စွန့်လွှတ်လိုက်၏။ ယခုအချိန်၌ သူသည် နားမလည်နိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ကာ အဆင့်မြင့်ကျင့်ကြံသူတစ်ဦး၏ ခံ့ညားမှုကို ပုံဖော်နေသည်။
ဟူး
ရှေ့မှ လေပြင်းတစ်ချက် သူ့ဆီသို့ တိုက်ခတ်လာပြီး အန်ဟောင်၏ ဆံပင်များကို တဖျပ်ဖျပ် လှုပ်ခတ်သွားစေသည်။ သူ၏မှေးစင်းထားသော မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်၏။
သူ ရှေ့ရှိ တောင်ကုန်းထိပ်သို့ ကြည့်လိုက်ရာ ထိုနေရာတွင် ကြီးမားသော ပုံရိပ်တစ်ခု ရပ်နေပြီး သူ၏အနက်ရောင်ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ် လူးလွန့်နေသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်
အန်ဟောင်သည် ထိုသူစိမ်း၏အစစ်အမှန်မျက်နှာကို မမြင်နိုင်ကြောင်း တွေ့ရှိမိ၏။ ဤသည်မှာ ထိုသူစိမ်းတွင် အလွန်မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိခြင်း သို့မဟုတ် သူ၏ကိုယ်ပေါ်တွင် ရတနာတစ်မျိုးမျိုး ရှိနေခြင်းကို ဆိုလိုခြင်းပင်။
သူသည် ပထမအချက်က ပိုဖြစ်နိုင်သည်ဟု ယုံကြည်သည်။
နှစ်ပေါင်းများစွာ ဝေးလံစွာ ခရီးသွားခဲ့သော အန်ဟောင်သည် အင်အားကြီးသော လူများစွာနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း သူ၏ရှေ့မှ လူကဲ့သို့ လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးမားသောသူဟူ၍ မည်သူမျှမရှိခဲ့ပေ။
သူသည် မကြောက်ရွံဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် တောင်ကုန်းထိပ်တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
အန်ဟောင် သူ့ကို ဖြတ်ကျော်သွားစဉ် ဧကရာဇ်က ရုတ်တရက် ပြောဆိုလိုက်သည်။
"မင်းရဲ့ ကံကြမ္မာဇာတာကွက်က ထူးခြားတယ်။ မင်းက ဒီလောကကြီးနဲ့ မသက်ဆိုင်ဖို့ ကံပါလာတာပဲ"
အန်ဟောင် နေရာမှာပင် ရပ်တန့်သွားပြီး လှည့်မကြည့်ဘဲ အဝေးမှတောင်တန်းများကို စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။
"အိုး.... ဒါဆို ကျွန်တော်က ဘယ်လောကကြီးနဲ့ သက်ဆိုင်တာလဲ"
"ပိုမြင့်တဲ့ နယ်ပယ်တစ်ခုနဲ့ မင်း အမတလမ်းစဉ်ရဲ့အဆင့် ၉ ခု ကို ကျော်လွန်သွားရင် အဲ့ဒီကို သွားနိုင်လိမ့်မယ်"
"ဟုတ်လား။ ခင်ဗျားက အဲ့ဒီနယ်ပယ်က လာတာလားလို့ မေးလို့ရမလား"
အန်ဟောင် အံ့အားသင့်ပုံမရဘဲ သူ၏ လေသံသည် ယခင်အတိုင်း တည်ငြိမ်နေသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က လှည့်ကြည့်လိုက်သည်။ အန်ဟောင် သူ့ကို မျက်နှာဆိုင်ရန် လှည့်လိုက်ရာ ခြေလှမ်းငါးလှမ်းသာ ကွာဝေးတော့သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏သံခမောက်အောက်ရှိ မည်းနက်နေသောနေရာကို ကြည့်ရင်း အန်ဟောင်သည် သတိထားသော်လည်း ခြိမ်းခြောက်ခြင်းမခံရချေ။
နိဗ္ဗာနအဆင့်မတိုင်မီကပင် အန်ဟောင်သည် သူ၏ နယ်ပယ်ထက် များစွာသာလွန်သော သက်ရှိများနှင့် မကြာခဏ ရင်ဆိုင်ခဲ့ရသည်။ သူ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ ဘယ်တော့မှ မကြောက်ခဲ့ချေ။ သူသည် သေခြင်းရှင်ခြင်းသဘောတရားကို အရေးမပါဟု ကြာမြင့်စွာကတည်းက သဘောထားခဲ့သည်။
ရုတ်တရက် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ သံခမောက်အောက်တွင် ခရမ်းရောင်ဝဲဂယက်တစ်ခု ပေါ်လာသည်။ အန်ဟောင်သည် အလိုအလျောက် ကြည့်လိုက်မိပြီး သူ၏ အကြည့်သည် ပြောင်းလဲသွားကာ တောက်ပမှုများလည်းပျောက်ဆုံးသွားခဲ့သည်။