← Chapters

အခန်း (၄၅၁-၄၅၂)

Vol. 34 Ch. 451-452

အခန်း (၄၅၁-၄၅၂)

Vol. 34 Ch. 451-452

Htet Paing:

အခန်း ၄၅၁ အထီးကျန်ဆန်ခြင်း

အန်ဟောင် အိပ်မက်တစ်ခု မက်ခဲ့သည်။ ထိုအိပ်မက်ထဲတွင် သူသည် အလွန်ခန့်ညားထည်ဝါသော ထိုင်ခုံကြီးတစ်ခုပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ခြေရင်းတွင် ချီလင်တစ်ကောင် ဝပ်တွားနေပြီး သူ၏လက်များ၏နံဘေးပတ်လည်တွင် အစစ်အမှန်နဂါးများက ဝေ့ဝိုက်နေကြသည်။ သူ့အောက်တွင် တောက်ပသော ကြယ်တာရာကောင်းကင်ရှိပြီး အင်အားကြီးမားသော အရှိန်အဝါများ ထုတ်လွှတ်ထားသော ပုံရိပ်များသည် သူ့အောက်တွင် လှေကားထစ်များကဲ့သို့ ပျံဝဲနေကြသည်။

ထိုခံစားမှုသည် မယုံနိုင်လောက်အောင် အံ့ဩဖွယ်ကောင်းပေ၏။ သူသည် အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟု ခံစားလိုက်ရပြီး အထီးကျန်ဆန်ခြင်း၏ခံစားမှုကိုပင် ခံစားလိုက်ရသည်။

ဤခံစားမှုတွင် နစ်မြောနေရင်း သူသည် အချိန်ကို မေ့လျော့သွားသည်။

အချိန်မည်မျှကြာသွားသည်ကို သူ မသိလိုက်ခင်တွင် ရုတ်တရက် အောက်ဘက်ရှိ စကြဝဠာ၏ နက်ရှိုင်းသောနေရာမှ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုအရာသည် သူ့ဆီသို့ အရှိန်ပြင်းစွာ တိုးဝင်လာကာ လမ်းကြောင်းတစ်လျှောက်ရှိ အင်အားကြီးသောပုံရိပ်များကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ထိုရွှေရောင်အလင်းတန်းသည် အန်ဟောင်၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး မီးလောင်ကျွမ်းလာသကဲ့သို့ ပူပြင်းသည်ဟု ခံစားလိုက်ရ၏။

အန်ဟောင် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး သူ၏နဖူးပေါ်တွင် ချွေးများဖြင့် ရွှဲနစ်နေခဲ့၏။ သူသည် အသက်ကို မရှူနိုင်မရှိုက်နိုင်ဖြစ်ကာ သူ၏မျက်လုံးသူငယ်အိမ်များသည် တုန်ယင်နေဆဲပင်။

သူ မျက်လုံးထဲသို့ ဝင်ရောက်လာသည်မှာ ညနေဆည်းဆာ ကောင်းကင်ဖြစ်ပြီး သူ၏မျက်လုံးများသည် အလိုအလျောက်ပင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် အနီးအနားတွင် ရပ်နေကာ ကောင်းကင်ကို မော့ကြည့်ရင်း စဉ်းစားတွေးတောနေဟန်ရှိသည်။

အန်ဟောင် ထိုင်နေရာမှ ထရန် ပြင်လိုက်စဉ် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏လက်ညှိုးက သူ၏ နဖူးပေါ်သို့ ဖိချလိုက်ရာ သူ လှုပ်ရှား၍မရ ဖြစ်သွားသည်။

ထိုအခိုက်အတန့်တွင် အန်ဟောင်သည် သူ၏ အတွင်းအားနှင့်သွေးချီတို့ ခဲသွားသည်ဟု ခံစားလိုက်ရပြီး အလွန်မသက်မသာ ဖြစ်သွားသည်။

နိဗ္ဗာနနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူသည် အလွန်အင်အားကြီးမားသည်ဟု ခံစားခဲ့ရပြီး မည်သည့်အရာကိုမဆို ကိုင်တွယ်နိုင်သည်ဟု ယုံကြည်မှုရှိခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူသည် သေမျိုးကမ္ဘာသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ကိုယ်ပိုင်မထင်ရှားမှုကို တစ်ဖန်ပြန်လည် ခံစားလိုက်ရသည်။

သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို မော့ကြည့်လိုက်ပြီး သူ၏ အံ့ဩသောအမူအရာသည် မကျေမနပ်မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

"မင်းရဲ့ မျက်လုံးထဲက အကြည့်က သူ့နဲ့ တူတူပဲ... တူညီတဲ့ ကံကြမ္မာဇာတာကွက်ကို ပိုင်ဆိုင်တယ်... ဒါပေမဲ့ မင်းက သူ့အဆင့်နဲ့တော့ အများကြီး ကွာသေးတယ်"

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က အန်ဟောင်ကို ငုံ့ကြည့်ရင်း ပြောလိုက်၏။

အန်ဟောင်က အံ့ကြိတ်ပြီး မေးလိုက်သည်။

"သူက ဘယ်သူလဲ"

"သူ့နာမည်ကို မခေါ်ရဘူး... ဒီမဟာကောင်းကင်နဲ့မြေပြင်တစ်ခုလုံးက အဲ့ဒီအကျိုးဆက်ကို မခံနိုင်ဘူး...ခေါ်ဝေါ်လိုက်ရင် ဒီမဟာကောင်းကင်နဲ့မြေပြင်က ဘာမှမရှိတော့တဲ့အဖြစ်ကို ချက်ချင်းပြောင်းလဲသွားလိမ့်မယ်"

အန်ဟောင်၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဤသို့သော စွမ်းအားအကြောင်းကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

ဧကရာဇ်ယန်ရှင်းနှင့်မြင့်မြတ်ခုံရုံးပင်လျှင် ဤသို့သော အရာများကို မလုပ်ဆောင်နိုင်ချေ။

"မဟာကောင်းကင်နဲ့မြေပြင်တွေ အများကြီးကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် မင်းလို ခန့်ညားတဲ့ ကံကြမ္မာဇာတာကွက်ရှိတဲ့သူကို တွေ့ရခဲတယ်... ငါ မင်းကို နတ်ဘုရားစွမ်းရည်တစ်ခု ပေးမယ်.... မင်း ဘယ်လောက်ထိမြင့်မားတဲ့အဆင့်ကို ရောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ"

ထိုစကားကိုပြောရင်း သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ လက်ညှိုးမှ မိစ္ဆာစွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး အန်ဟောင်၏နဖူးထဲသို့ တိုးဝင်သွားသည်။

အန်ဟောင်သည် လှုပ်ရှား၍မရဘဲ အလွန်စိတ်လှုပ်ရှားနေသည်။ မိစ္ဆာစွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်၌ သူသည် မည်သည့်မသက်မသာမှုကိုမျှ မခံစားရသဖြင့် ဤသည်မှာ သူ့ကို ပို၍ပင် စိတ်မအေးစေခဲ့ချေ။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က သူ၏လက်ကို ပြန်ရုပ်သိမ်းပြီး ပြောလိုက်သည်။

"မင်း ခုဏေက တွေ့ခဲ့တာတွေက အဲ့ဒီလူရဲ့ မှတ်ဉာဏ်တွေပဲ....အဲ့ဒီခံစားမှုကို မှတ်ထားစမ်း...အဲ့ဒါက မင်းအစွမ်းကုန် ကြိုးစားပြီး လိုက်လံရှာဖွေရမယ့် စွမ်းအားပဲ"

ထိုစကားများ ပြောပြီးနောက် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် နေရာမှ ပျောက်ကွယ်သွားတော့သည်။

အန်ဟောင် ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီး လျင်မြန်စွာ ထရပ်လိုက်၏။ သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ရှိနေမှုကို မခံစားနိုင်တော့ကာ ခြေရာတစ်စမျှ မကျန်ခဲ့ဘဲ သူကြုံတွေ့ခဲ့ရသမျှသည် အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သည့်အလားပင်။

"သူက တကယ်ပဲ ဘယ်သူလဲ..."

အန်ဟောင် မျက်မှောင်ကြုတ်လိုက်ပြီး မသိစိတ်ဖြင့် သူ၏ နဖူးကို ထိလိုက်ကာ သူသည် ဒုက္ခကြီးထဲသို့ ရောက်သွားပြီဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာရှိ တတိယဆေးပင်တောင်ကြားတွင် ကုအန်က သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် အန်ဟောင်ထံသို့ ချဉ်းကပ်လာချိန်၌ သူ အာရုံစိုက်နေခဲ့သည်။

ဤသတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် ကျင့်ကြံမှုအဆင့်အရ လွတ်ငြိမ်းရာအမတတစ်ဦးသာ ဖြစ်သည်။ အကယ်၍ သူသည် အန်ဟောင်ကို ထိခိုက်ရန် ကြံရွယ်ပါက ကုအန်သည် သူ့ကို ပို၍ပင် လျင်မြန်စွာ သုတ်သင်နိုင်သည်။ သို့ရာတွင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် အန်ဟောင်ထံသို့ အခွင့်အရေးတစ်ခု ယူဆောင်လာရန် ရည်ရွယ်နေပုံရှိသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ထွက်ခွာသွားပြီးနောက် ကုအန်သည် အန်ဟောင်၏ ကံကြမ္မာကို တစ်ဖန်ပြန်၍စစ်ဆေးကြည့်ရာ သူ၏ အနာဂတ်သည် ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရသည်။

အန်ဟောင်သည် ရွေးချယ်ခံတစ်ယောက်၏ လမ်းကြောင်းပေါ်တွင် ရှိနှင့်ပြီးဖြစ်ကာ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ထံမှ အမွေအနှစ်ကို လက်ခံရရှိခဲ့သည်။ ထို့နောက် အန်ဟောင်သည် ပို၍ပင် အင်အားကြီးမားလာမည်ဖြစ်သောကြောင့် ကုအန်ကို လုံကျန်းနှင့်လုဟန်တို့ကို သတိရစေကာ သူတို့သည် သူ့ကို ကျော်လွန်နိုင်တော့မည်မဟုတ်ချေ။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏မူလဇာစ်မြစ်သည် မည်သည့်အရာ ဖြစ်သနည်း...

ပိုမြင့်သောနယ်ပယ်ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း....

ကုအန် မော့ကြည့်လိုက်ရာ အပြင်ဘက်ကောင်းကင်၏အလွန်တွင် စကြဝဠာရှိပြီး အသံမဲ့အပျက်အစီးနယ်မြေဖြင့် ဝန်းရံထားသည်။ စကြဝဠာတစ်ခုလုံးသည် အဆုံးမရှိ ကျယ်ပြန့်ပုံရှိပြီး မည်သည့်ဘက်သို့ ကြည့်သည်ဖြစ်စေ အဆုံးသတ်ကို မမြင်နိုင်ပေ။

သူ၏အကြည့်သည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားမှ စောင့်ကြပ်နေသော နယ်နိမိတ်တံခါးပေါ်သို့ အလိုအလျောက် ကျရောက်သွားသည်။

ဖြစ်နိုင်သည်မှာ စကြဝဠာ၏အလွန်သို့ ရောက်ရှိရန် ထိုတံခါးကို ဖြတ်သန်းသွားရပေမည်။

သို့သော် နယ်နိမိတ်တံခါးသို့ ချဉ်းကပ်ခြင်းသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဖျက်ဆီးခြင်းကို ခံရပေမည်။ သူသည် အာကာပြင်တာအိုအမတကို အလွယ်တကူ သုတ်သင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသော သက်ရှိပင်။

ကုအန်သည် သူ ကြုံတွေ့ခဲ့ဖူးသော အမတများကို စဉ်းစားမိပြီး အမတလမ်းစဉ်၏ အထက်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားသော သက်ရှိများ ရှိနေဟန်ရှိသည်။

"ဆရာ...ဂိုဏ်းချုပ်က ဆရာ့ကို တွေ့ဖို့လာပါတယ်"

တပည့်တစ်ဦးက ကုအန်ထံသို့ ပြေးလာပြီး တီးတိုးပြောလေသည်။

သစ်သားလက်ရန်းရှေ့တွင် ရပ်နေသော ကုအန်သည် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းပြီး တပည့်ကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူ၏ စံအိမ်ဆီသို့ လျှောက်သွားသည်။

အခန်းသို့ ပြန်ရောက်သောအခါ ကုအန်သည် လုပိုင်ထျန်းကို တွေ့လိုက်ပြီး သူသည် ချက်ချင်း ထရပ်ကာ နှုတ်ဆက်လေသည်။

"ကျွန်တော်က ခင်ဗျားကို အကြိမ်ပေါင်းများစွာ ပြောပြီးသားပဲ... ဒီလို ရိုသေတဲ့ထုံးတန်းစဥ်လာတွေ မလိုပါဘူး...ဒါက အရမ်းစိမ်းကားသလို ခံစားရတယ်"

ကုအန်က ညည်းညူလိုက်သည်။

လုပိုင်ထျန်းက သူ လျှောက်လာပြီး ထိုင်သည်ကို ကြည့်ပြီးနောက်မှ စကားပြောလိုက်သည်။

"အရင်က ကျွန်တော် မသိနားမလည်ခဲ့ဘူး.. အခု ခင်ဗျားရဲ့ အစစ်အမှန်အထောက်အထားကို သိသွားမှတော့ သင့်တော်တဲ့ ရိုသေမှုကို ပြရမှာပေါ့"

ကုအန်၏မျက်နှာသည် မပြောင်းလဲသော်လည်း စိတ်အတွင်းတွင်မူ ကျေနပ်နေသည်။

'လူအိုကြီးတွေက တကယ့်ကို လူတွေရဲ့ စိတ်နှလုံးသားကို နားလည်တာပါလား....'

သူသည် လုပိုင်ထျန်းကို ထိုင်ရန် ဖိတ်ခေါ်ပြီး သူလာရောက်ရခြင်း၏အကြောင်းရင်းကို မေးလိုက်သည်။

"ခင်ဗျားရဲ့တပည့် ရှကျဲက မိသားစုတစ်ခုနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်...ဒါက နားလည်မှုလွဲတာတစ်ခုပါ...ကျွန်တော်က အဲ့ဒီမိသားစုကို သူ့ကိုလွှတ်ပေးခိုင်းပြီး ဆက်ဆံရေးကို ပြေပြေလည်လည်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်...ဒါပေမဲ့ ရှကျဲကတော့ စိတ်မချမ်းသာသေးဘူး"

လုပိုင်ထျန်းက စတင်ပြောလိုက်ပြီး သူ၏ မျက်နှာတွင် အကူအညီမဲ့သော အမူအရာတစ်ခု ပေါ်လာသည်။

ဝူကျဲနှင့် ယခင်က ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့် လုပိုင်ထျန်းသည် ပေါ့ဆရန် မဝံ့ရဲခဲ့ပေ။

ဤမျှ ထူးခြားသော ပါရမီဖြင့် ရှကျဲ၏ နောက်ကွယ်တွင် ကုအန်၏ လမ်းညွှန်မှု ရှိနိုင်ဖွယ်ရှိသည်။ သူသည် အခြေအနေကို သတိထားပြီး ကိုင်တွယ်ရပေမည်။

ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"သူ စိတ်မချမ်းသာရင်လည်း နေပါစေ... အဓိပတိဂိုဏ်းက သူ့ကို အလိုလိုက်လို့မဖြစ်ဘူး"

လုပိုင်ထျန်းက ကုအန်စကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"သူက ငယ်သေးတာကိုး...ပြီးတော့ သူ့ရဲ့ပါရမီက တကယ်ပဲ ရှားပါးတယ်... သူက ကျွန်တော့်ကို အန်ဟောင်ရဲ့ ငယ်ငယ်ကပုံစံကို သတိရစေတယ်"

အန်ဟောင်အကြောင်း ပြောမိရာမှ အန်ရှင်းကို သတိရသွားပြီး သူ၏ မျက်နှာအမူအရာသည် ထူးဆန်းသွားပေ၏။

အရာများစွာ ဆက်စပ်ကြည့်ချိန်၌ ထိုအရာများသည် အလွန်အဓိပ္ပာယ်မရှိသကဲ့သို့ ဖြစ်နေသည်။

သူသည်လည်း ဤအရာအားလုံးကို သိပါက အန်ဟောင်၏ ခံစားချက်များ မည်သို့ရှိမည်ကို သူ တွေးမိသည်။

အန်ဟောင်သည် သူ၏ကိုယ်ပိုင်ဆရာ မည်သူဖြစ်သည်ကို မသိဘဲ သူ၏ ဆရာသည် ဆရာသခင်ဓားအရှင်အဖြစ် ပြောင်းလဲသွားသည်ကိုသာ သိသည်။

"ဒီလောကကြီးမှာ အခု ပါရမီရှင်တွေ ရှားပါးနေလို့လား...သူ့ကို သာမန်အတိုင်းပဲ ဆက်ဆံလိုက်ပါ.....ကျွန်တော့်ကို ထည့်စဉ်းစားစရာမလိုဘူး...သူက တတိယဆေးပင်တောင်ကြားက ဖြတ်သွားဖြတ်လာတစ်ယောက်ပဲဖြစ်ပြီးတော့ ကျွန်တော့်ရဲ့တပည့်အစစ်အမှန် မဖြစ်သေးဘူး"

ကုအန်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

ဤစကားကို ကြားချိန်၌ လုပိုင်ထျန်းသည် ရှကျဲအပေါ် ပို၍ပင် စိတ်ဝင်စားလာသည်။

ဆရာသခင်ဓားအရှင်၏ လမ်းညွှန်မှုမရှိဘဲ ရှကျဲသည် ဤမျှသော ပါရမီကို ပြသနိုင်ခဲ့သည်။ ထိုသို့သော ပါရမီရှင်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရမည်။

အဓိကအချက်မှာ သူသည် ရှကျဲကို သူ၏ လက်အောက်သို့ ယူဆောင်လာပြီး သူ၏ အင်အားဖြစ်လာစေရန်ပင်။

ကုအန်သည် ရှကျဲအပေါ် အမှန်တကယ် စိတ်မဝင်စားကြောင်း တွေ့မြင်သောအခါ လုပိုင်ထျန်းသည် အခြားကိစ္စများကို စတင်ဆွေးနွေးလိုက်၏။ ကုအန်က အဓိပတိဂိုဏ်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းညွှန်မှုပေးမည်ဟု သူ မျှော်လင့်နေသည်။

ရှေးခေတ်နာရီတစ်နာရီအပြည့် ကုန်ဆုံးပြီးမှ လုပိုင်ထျန်း ထွက်ခွာသွားသည်။

ကုအန်က သူ့ကို လှေကားအောက်သို့ ကိုယ်တိုင် လိုက်ပို့ခဲ့သည်။ မခွဲခွာမီ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ဦးညွှတ်နေကြရာ အနီးအနားရှိတပည့်များ အချင်းချင်းတီးတိုးပြောဆိုနေကြသည်။

ကုအန်သည် လုပိုင်ထျန်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီး လုပိုင်ထျန်း၏ ကံကြမ္မာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။

သတ်ဖြတ်ခြင်းကပ်ဘေး...

သူသည် ချက်ချင်း လုပိုင်ထျန်း၏ ကံကြမ္မာဇာတာကွက်ကို တွက်ချက်လိုက်ပြီး သူ၏ မျက်နှာအမူအရာသည် ထူးဆန်းသွားပေ၏။

ယနေ့ သူ၏ စကားများကြောင့် လုပိုင်ထျန်းသည် ကပ်ဘေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

လုပိုင်ထျန်း ရှကျဲကြောင့် သေဆုံးရပေလိမ့်မည်။

အခန်း ၄၅၂ မလွှဲမရှောင်သာ

ကုအန်၏ ကြိုတင်ခန့်မှန်းချက်များတွင် လုပိုင်ထျန်းသည် အနာဂတ်တွင် ရှကျဲကို ပြုစုပျိုးထောင်ရန် အာရုံစိုက်ပေမည်။ သူသည် ရှဲကျဲ နောင်ဆက်ခံမည့် ဂိုဏ်းချုပ်အဖြစ် ပြုစုပျိုးထောင်ကာ လုမိသားစု၏ အကြီးအကဲ၏ သမီးကိုပင် ရှကျဲနှင့် စေ့စပ်ပေးပေမည်။ ရှကျဲကို သူ၏ကိုယ်ပိုင်ကလေးကဲ့သို့ စောင့်ရှောက်သည်။

ရှကျဲသည် လုပိုင်ထျန်းကို စိတ်ပျက်မစေခဲ့ဘဲ သူ၏ကြီးထွားနှုန်းသည် အန်ဟောင်ထက် မနိမ့်ကျခဲ့ကာ သူသည်လည်း အန်ဟောင်ကို သူ၏ ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့သည်။

နှစ်ငါးရာအကြာတွင် အန်ဟောင် ပြန်လည်ရောက်ရှိလာသောအခါ ရှကျဲသည် သူ၏ ကိုယ်ပိုင်စွမ်းရည်ကို အထင်ကြီးပြီး အန်ဟောင်ကို စိန်ခေါ်ခဲ့သည်။ အန်ဟောင်သည် သူ၏ ကျင့်ကြံမှုဆင့်ကို နှိမ့်ချထားသော်လည်း ရှကျဲကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့လေ၏။ ထို့နောက် ရှကျဲ၏ စရိုက်သည် သိသိသာသာ ပြောင်းလဲသွားပြီး သံသယလွန်ကဲသူ ဖြစ်လာခဲ့သည်။

သူသည် ကျင့်ကြံခြင်းကို ပို၍ပင် ကြိုးစားလုပ်ဆောင်ခဲ့ပြီး အင်အားကြီးမားလာခြင်းကို အရေးအကြီးဆုံးအရာအဖြစ် သဘောထားခဲ့သည်။

သူသည် လုပိုင်ထျန်း၏ ကံကြမ္မာကိုဆန့်ကျင်ခြင်းနတ်ဘုရားစွမ်းရည်ကိုပင် ကြံစည်ခဲ့သည်။ နောက်ဆုံးတွင် လုပိုင်ထျန်းကို ထိုစွမ်းရည်အား သူ့ထံလက်ဆင့်ကမ်းပေးရန် ဖျောင်းဖျနိုင်ခဲ့သည်။

ထိုစွမ်းရည်ကို လက်ဆင့်ကမ်းပြီးနောက် လုပိုင်ထျန်းသည် အကြောသေသူတစ်ဦး ဖြစ်သွားပြီး လုမိသားစုသို့ ပြန်သွားခဲ့လေ၏။ လုမိသားစုသည် ရှကျဲ၏ရန်သူများမှ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုပရမ်းပတာအခြေအနေတွင် လုပိုင်ထျန်း သေဆုံးခဲ့သည်။

ကုအန်သည် အနာဂတ်ကို မြင်နိုင်သော်လည်း သူသည် ထိတ်လန့်ခြင်းမရှိခဲ့ပေ။ အကြောင်းမှာ သူသည် ဤအဖြစ်အပျက်များသည် သူ ကြားဝင်မစွက်ဖက်မှသာ ဖြစ်ပွားမည်ကို သိသောကြောင့်ပင်။

အကြောင်းတရားနှင့်အကျိုးဆက်ကို ကောက်ချက်ချရန်အတွက် သူ့ကိုယ်သူ ဘေးဖယ်ထားရမည်ဖြစ်ပြီး ဤသည်မှာ ပို၍တိကျသော ဟောကိန်းများ ပြုလုပ်နိုင်စေသော ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ ဤအကြောင်းကြောင့် သူတို့၏ကောင်းကင်ဘုံကံကြမ္မာကိုသိရှိသူများစွာသည် လောကီရေးရာများတွင် ပါဝင်ပတ်သက်ရန် ငြင်းဆန်ကြသည်။အကြောင်းမှာ သူတို့သည် အနာဂတ်တွင် သူတို့ပြုလုပ်မည့် ရွေးချယ်မှုများကို ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသောကြောင့်ပင်။ ထို့ကြောင့် သူတို့သည် လောကကြီး၏ကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲမသွားရန် ကြိုးစားကြသည်။

ကုအန်သည် ဤအကြောင်းကြောင့် ရှကျဲအပေါ် မကျေမနပ်ဖြစ်ခြင်းမရှိခဲ့ဘဲ သူသည် သူတို့နှစ်ဦးလုံး၏ကံကြမ္မာကို ပို၍ပင် ပြန်လည်သုံးသပ်နေခဲ့သည်။

လုပိုင်ထျန်း၏ ရှကျဲကို ရွေးချယ်ခဲ့သော ရွေးချယ်မှုသည် သူ့ပေါ်သို့ ဘေးဒုက္ခကို ယူဆောင်လာခဲ့သည်။ ဤသည်မှာ ရှကျဲ သူ့ကို ထိခိုက်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ ကံကြမ္မာသည် လူများကို ကစားနေသည်ဟုသာ ဆိုနိုင်ပေမည်။

"တွေးတချက်က မိစ္ဆာဖြစ်စေနိုင်သလို အမတလည်းဖြစ်စေနိုင်တယ်...ဒါပေမဲ့ ကိုယ့်ရဲ့ တွေးက မှန်သလား မှားသလားဆိုတာကို ဘယ်သူက တကယ်သိနိုင်မှာလဲ"

ကုအန်က တီးတိုးရေရွတ်လိုက်ပြီး အမှန်တကယ်ကို စိတ်လှုပ်ရှားသွားသည်။

လှေကားအောက်တွင် သွေးအကျဉ်းထောင်သူတော်စင်က မော့ကြည့်ပြီး သူ့ဆရာ၏ စကားများကို စဉ်းစားနေခဲ့သည်။

လုပိုင်ထျန်းက မိစ္ဆာဖြစ်တော့မှာလား..

ဒါဆိုရင်တော့ သိပ်ကောင်းမှာပဲ..

သွေးအကျဉ်းထောင်သူတော်စင်သည် လုပိုင်ထျန်းအပေါ် လုံးဝသဘောကျခြင်းမရှိခဲ့ပေ။ လုပိုင်ထျန်း ဒုက္ခရောက်နိုင်သည်ကို သိသောအခါ သူသည် သူတစ်ပါးဒုက္ခတွေ့၍ ပျော်ရွှင်ခြင်းကိုသာ ခံစားရသည်။ ထို့ပြင် လုပိုင်ထျန်းက ကုအန်ကို စိတ်ပျက်စေရန်ကိုပင် သူ မျှော်လင့်နေမိသည်။

အချိန်တခဏမျှကြည့်ပြီးနောက် ကုအန်သည် နောက်လှည့်ပြီး အိမ်ထဲသို့ ပြန်ဝင်သွားသည်။

ညရောက်လာပြီး တတိယဆေးပင်တောင်ကြား၏ မီးရောင်များသည် တစ်ခုပြီးတစ်ခု လင်းထိန်လာကာ သေမျိုးကမ္ဘာ၏ ဆွဲဆောင်မှုများကို ဖော်ပြနေခဲ့သည်။

နှစ်နှစ်ဆယ်ကြာပြီးနောက် တတိယဆေးပင်တောင်ကြားတွင် နေရောင်သည် တောက်ပနေပြီး ငှက်များသည် အထက်တွင် ဝဲပျံနေကာ ကျင့်ကြံနည်းစနစ်များ လေ့ကျင့်နေသော တပည့်များ၏ ပုံရိပ်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ အဓိပတိဂိုဏ်း၏ တပည့်များသည် မိစ္ဆာငှက်များကို စီးနင်းကာ ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းနေကြ၏။

ကုအန်သည် ဆန်းကြယ်သန့်စင်သစ်ပင်အောက်တွင် လက်များကို ခေါင်းအောက်တွင် ထားကာ လဲလျောင်းနေပြီး သူ၏ စွမ်းရည်လက္ခဏာပြားကို ကြည့်နေသည်။

[အမည် - ကုအန်]

[သက်တမ်း - ၈၉၉/၁,၃၉၃,၆၀၈,၁၁၄]

[ခန္ဓာကိုယ် - ယွမ်ပေါင်းစည်းသန့်စင်ခြင်းခန္ဓာ]

[ကျင့်ကြံမှုအဆင့် - အာကာပြင်တာအိုအမတပြီးပြည့်စုံခြင်းအဆင့်]

...

သက်တမ်း နှစ် ၁.၄ ဘီလီယံနီးပါးနှင့် အသက် ၉၀၀ နီးပါး။

ကုအန်သည် သူ၏ အသက်တမ်းကို ကြည့်ရင်း အချိန်ကုန်လွန်သွားသည်ကိုသာ ခံစားမိပြီး သူ မည်မျှ အသက်ကြီးလာသည်ကို မသိလိုက်ပေ။

သို့သော် သူ၏ စိတ်ဓာတ်သည် ငယ်ရွယ်နေဆဲဖြစ်ပြီး သူသည် ငယ်ရွယ်သော တပည့်အချို့နှင့် စကားပြောဆိုနိုင်ဆဲပင်။

ကျွဲတစ်ကောင်လိုဝသော ဝိညာဉ်ဖြူကြွက် ရောက်လာပြီး သူ၏ခါးကို ခေါင်းဖြင့် ပွတ်သပ်ကာ ချော့မော့သော အမူအရာ ပြုလုပ်လိုက်သည်။

ကုအန်က သူ့ကို ဂရုမစိုက်ဘဲနေလိုက်ရာ သူက ရှေ့သို့လိုက်လာပြီး တီးတိုးလေးပြောဆိုလေ၏။

"ဆရာ"

သူသည် ကလေးငယ်တစ်ဦး၏ အသံဖြင့် ပြောလိုက်ပြီး ယောက်ျားလေး သို့မဟုတ် မိန်းကလေးဟု ခွဲခြားမရပေ။

ပြီးခဲ့သည့်နှစ်က ဝိညာဉ်ဖြူကြွက်သည် လူဘာသာစကားကို စတင်သင်ယူခဲ့သည်။ သူ၏ ကြီးထွားမှုသည် တတိယဆေးပင်တောင်ကြားသို့ သက်ဝင်လှုပ်ရှားမှုကိုလည်း ယူဆောင်လာခဲ့သည်။ တောင်ကြားသို့ ဝင်ရောက်လာသော တပည့်တိုင်းနီးပါးသည် သူ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရလေ၏။ သူသည် တတိယဆေးပင်တောင်ကြားတွင် အလွန်ဩဇာရှိပြီး တပည့်များသည် ရိုသေသမှုဖြင့် အဝေးမှ ရှောင်ရှားကြရသည်။ နောက်ဆုံးတွင် သူသည် ဆရာ့၏မိစ္ဆာအိမ်မွေးတိရစ္ဆာန်ဖြစ်သောကြောင့် သူ၏ အနိုင်ကျင့်ခြင်းကို ခံရလျှင်ပင် သူတို့ ပြန်မတိုက်ခိုက်နိုင်ပေ။

"ပြောစရာရှိရင် ပြောလိုက်စမ်း"

ကုအန်က စိတ်မရှည်စွာ ပြောလိုက်ပြီး ဝိညာဉ်ဖြူကြွက်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။

ဤကောင်သည် မကြာသေးမီက သူ့ကို ယုန်မိစ္ဆာမတစ်အုပ် မွေးမြူပေးရန် ပူဆာနေခဲ့ပြီး ဤသည်မှာ အလွန်အရှက်ရဖွယ်ကောင်းလှသည်။

ဤမျှထိ လေးစားရပြီး သီလရှိသော သူသည် ဤသို့သော မိစ္ဆာအိမ်မွေးတိရစ္ဆာန်ကို မည်သို့မွေးမြူနိုင်မည်နည်း။

ကုအန်သည် ထျန်းယောင်အာ ညီအစ်မသုံးယောက်နှင့် နက်နဲပင်လယ်နဂါးငါးကြင်းကို စဉ်းစားမိပြီး အနည်းငယ် ပုံမှန်မဟုတ်သကဲ့သို့ ဖြစ်နေ၏။

ဆန့်ကျင်ဘက်အားဖြင့် သွေးအကျဉ်းထောင်သူတော်စင်သည် အတော်လေး တည်ငြိမ်သည်။

ဟမ့်

သူသည် ယခုချိန်မှစ၍ သွေးအကျဉ်းထောင်သူတော်စင်ကိုသာ အာရုံစိုက်ပြီး ပြုစုပျိုးထောင်တော့မည်။

"ဆရာ ကျွန်တော် ခုနက အိပ်မက်တစ်ခုမက်တယ်...အဲ့ဒီထဲမှာ ကျွန်တော် ကျင့်ကြံနေတယ်...နိုးလာတော့ ဒါကို ကျွန်တော် မှတ်မိနေတုန်းပဲ...ဒါက လက်သီးသိုင်းကွက်တစ်ခုပဲ... ဆရာ ကြည့်ပေးမလား"

ဝိညာဉ်ဖြူကြွက်က တိုးတိုးလေး ပြောလိုက်ပြီး သူ၏ ပုတီးစေ့လိုမျက်လုံးများတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ အဝလွန်မှုကြောင့် သူသည် ကြွက်မိစ္ဆာတစ်ကောင်၏ ကောက်ကျစ်သော အသွင်အပြင်မရှိဘဲ အလွန်တုံးအမိုက်မဲပုံရသည်။

ကုအန် ငုတ်တုတ်ထထိုင်လိုက်ပြီး ပြောလိုက်သည်။

"မင်း ဘယ်လို လက်သီးသိုင်းကွက်ကို နားလည်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ဝိညာဉ်ဖြူကြွက်သည် ဆန်းကြယ်သန့်စင်သစ်ပင်အောက်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ကောင်းကင်ရတနာများနှင့် မြေကြီးရတနာများကို စားသုံးခဲ့သဖြင့် သူ၏သက်တမ်းသည် ဆက်လက်တိုးပွားနေပေ၏။

တစ်နည်းအားဖြင့် ဤသည်မှာလည်း ပါရမီတစ်ခုပင်။ အကြောင်းအရင်းမှာ ဆန်းကြယ်သန့်စင်သစ်ပင်အောက်တွင် နေရုံဖြင့် လူတိုင်းသည် သူတို့၏သက်တမ်းကို တိုးပွားစေနိုင်ခြင်းမရှိသောကြောင့်ပင်။

ဝိညာဉ်ဖြူကြွက်သည် ဘေးသို့ ယခုန်ထွက်သွားပြီးနောက် သူ၏ ဝဖြိုးသော နောက်ခြေထောက်များပေါ်တွင် ခန္ဓာကိုယ်ကို ထောက်ကာ မတ်တပ်ရပ်လိုက်သည်။

ကုအန်၏အကြည့်အောက်တွင် ဝိညာဉ်ဖြူကြွက်သည် လက်သီးများ ထိုးနှက်ခြင်းကို စတင်လုပ်ဆောင်တော့သည်။

သူ၏ လက်သီးများ ထိုးနှက်လိုက်သည်နှင့်အမျှ လေပြင်းများက မြက်ပင်များကို လှုပ်ခတ်သွားစေပြီး အနီးအနားရှိ တပည့်များ၏ အာရုံကို ဆွဲဆောင်လိုက်သည်။

ကုအန်၏မျက်နှာအမူအရာသည် ထူးဆန်းနေပေ၏။ ဝိညာဉ်ဖြူကြွက်၏ လက်သီးသိုင်းကွက်သည် အထင်ကြီးလောက်စရာမရှိဘဲ လုံချင်း၏ လှုပ်ရှားမှုများကို အတုခိုးထားသည်မှာ အလွန်သိသာထင်ရှားသည်။ သို့ရာတွင် အသားတောင်ကြီးက လက်သီးများ ထိုးနှက်နေသည်မှာ အလွန်ထူးဆန်းလှသည်။

ဤသည်မှာ ရယ်စရာကောင်းသည်ဟု ဆိုနိုင်သော်လည်း သူ၏ ခန္ဓာကိုယ်သည် စည်းချက်ကျကျ လှုပ်ရှားနေပြီး လက်သီးတစ်ချက်ချင်းစီကို တိကျစွာ ထိုးနှက်သည်။

ဝိညာဉ်ဖြူကြွက်သည် လက်သီးသိုင်းကွက်များကို ပြသပြီးနောက် သူသည် မျှော်လင့်တကြီး အမူအရာဖြင့် ကုအန်ကို လှည့်ကြည့်လိုက်သည်။

ကုအန်က ခဏမျှ စဉ်းစားပြီးနောက် လေးနက်စွာ ပြောဆိုလိုက်၏။

"မဆိုးဘူး.. မင်း အခု ချင်းအာကို စိန်ခေါ်နိုင်ပြီ"

ဤစကားကို ကြားသောအခါ ဝိညာဉ်ဖြူကြွက်သည် အလွန်ဝမ်းမြောက်သွားပြီး ချက်ချင်းပင် ကုအန်ကို နှုတ်ဆက်လိုက်သည်။

ထို့နောက် သူသည် လုံချင်းကို စိန်ခေါ်ရန် ထွက်ခွာသွားသည်။

ဝိညာဉ်ဖြူကြွက်ကို လွှတ်လိုက်ပြီးနောက် ကုအန်သည် ဆက်လက်လဲလျောင်းနေပြီး သူ၏ အားလပ်ချိန်ကို ပျော်မွေ့နေသည်။

သူ ဘာမှမလုပ်ဘဲ လဲလျောင်းနေခြင်းသည်လည်း အတော်လေး စိတ်ဝင်စားစရာကောင်းသည်။

သို့သော် ဤငြိမ်းချမ်းသောဘဝသည် မကြာမီ ပျက်စီးတော့ပေမည်။

သေမျိုးကမ္ဘာကို ခရီးသွားနေသော သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် သည် အဓိပတိဂိုဏ်းသို့ ရောက်ရှိနေလေပြီ။ သူ၏ အရှိန်အဟုန်အရ သူသည် တတိယဆေးပင်တောင်ကြားသို့ ဝင်ရောက်လာရန် အချိန်မကြာတော့ပေ။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် လူအုပ်ကြားသို့ ရောက်ရှိသည့်နေရာတိုင်းတွင် သူသည် ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်ပြီး အဓိပတိဂိုဏ်းတွင်လည်း ထိုသို့ပင် ပြုလုပ်သည်။ လူတစ်ထောင်အတွက် မျက်နှာတစ်ထောင်အသွင်ဖြင့်ဖြစ်ရာ သူ ပြောင်းလဲထားသော ရုပ်သွင်ကို မည်သူမျှ မှတ်မိနိုင်ခြင်းမရှိပေ။

အချိန်သည် ဆက်လက်၍ ကုန်လွန်နေပေ၏။

ရှေးခေတ်နာရီတစ်နာရီအကြာ၌ တတိယဆေးပင်တောင်ကြားသို့ ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။ အပြာရောင်အဝတ်အစားဝတ်ထားကာ သာမန်မျက်နှာပေါက်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ ကိုယ်ပေါ်တွင် မျက်စိကျစရာမှော်ရတနာများ တန်ဆာဆင်ထားခြင်းမရှိပေ။

ဤသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်။

သူသည် တတိယဆေးပင်များတောင်ကြားသို့ ခြေချလိုက်သည်နှင့် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

တပည့်တစ်ဦးက သူ့ကို နှုတ်ဆက်ရန် ချဉ်းကပ်လာပြီး သူ၏ ကိစ္စကို မေးမြန်းသည်။ ဆေးပင်မတောင်ကြား၏တပည့်သည် အလွန်ယဉ်ကျေးပြီး မာနကြီးခြင်းမရှိပေ။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က ပြောဆိုလိုက်သည်။ "ငါက ကျိရှောင်ယုကို ရှာနေတာပါ"

ကျိရှောင်ယုဟု ဆိုသလော...

ဆေးပင်တောင်ကြား၏ တပည့်သည် ရပ်တန့်ကာ အချိန်တခဏမျှ စဉ်းစားပြီးနောက် မှတ်မိသွားပြီး ပြောဆိုလိုက်သည်။

"အကြီးအကဲကျိက တံခါးပိတ်ကျင့်ကြံနေတာ နှစ်ပေါင်းများစွာကြာနေပြီ...ဘယ်သူ့ကိုမှ မတွေ့ပါဘူး...ငါ ဆေးပင်တောင်ကြားမှာ နှစ်ပေါင်းများစွာ နေခဲ့ပေမဲ့ သူ့ကို မမြင်ဖူးပါဘူး... "

"အဆင်ပြေပါတယ်.. ငါက လျှောက်ကြည့်ရုံပါပဲ....မင်းတို့ရဲ့ ဆေးပင်တောင်ကြားက အဲ့ဒါကို ခွင့်ပြုတယ်မဟုတ်လား"

"ဟုတ်ကဲ့..မင်း စိတ်ကြိုက် လျှောက်ကြည့်နိုင်ပါတယ်...တစ်ခုခု လိုအပ်တာရှိရင် ငါ့ကို အားမနာတမ်း မေးနိုင်ပါတယ်"

"အင်း..ကျေးဇူးတင်ပါတယ်"

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က ပြန်ဖြေလိုက်ပြီးနောက် ဆေးပင်တောင်ကြား၏တပည့်သည် ဦးညွှတ်ပြီး ထွက်ခွာသွားတော့သည်။

ထို့နောက် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် ရှေ့သို့ ဆက်လျှောက်သွားသည်။ သူသည် ကျင့်ကြံရာနေရာကို ဖြတ်သွားသောအခါ သူ၏ခေါင်းကို လှည့်ကြည့်လိုက်သည်။ သို့ရာတွင် သူသည် တစ်ချက်မျှသာ ကြည့်ပြီးနောက် သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။

အမျိုးသမီးတပည့်နှစ်ဦး သူ၏ရှေ့မှ လျှောက်လာကြပြီး တစ်ဦးမှာ ယုယင်းယင်းပင်။

"ကောင်းကင်အမြဲစိမ်းမြက်ပင်ကို အမြဲတမ်း ဂရုစိုက်ဖို့လိုတယ်လို့ ငါ မင်းကို အရင်က ပြောဖူးတယ်နော်...မင်းနားမထောင်ဘူး...ဒီဆေးပင်တစ်ပင်အတွက် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ဆုံးရှုံးသွားလဲ မင်း သိလား" ယုယင်းယင်းက ညည်းညူလိုက်ပြီး သူမဘေးရှိ အမျိုးသမီးမှာမူ နှုတ်ခမ်းများ တုန်ယင်ကာ ငိုကြွေးလုမတတ် ဖြစ်နေသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် ယုယင်းယင်းကို ဖြတ်ကျော်သွားတော့မည့်ဆဲဆဲတွင် သူက ရုတ်တရက် ပြောဆိုလိုက်သည် ။

"သေခါနီးဖြစ်နေတဲ့လူတစ်ယောက်အနေနဲ့ မင်းက တော်တော်လေး ဇွဲကောင်းကောင်းနဲ့ အသက်ရှင်နေနိုင်တာပဲ"

ဤစကားကို ကြားသောအခါ ယုယင်းယင်းသည် နေရာမှာပင် ရပ်တန့်သွားပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို သံသယဖြင့် ကြည့်လိုက်သည်။

သူမသည် ကောင်းကင်မိစ္ဆာတစ်ဦး၏ ပြန်လည်ဝင်စားခြင်းဖြစ်ကြောင်း သူမ သိရှိထားကာ ကုအန်၏နှစ်ပေါင်းများစွာ ကူညီပေးခဲ့မူဖြင့် သူမ၏ကျင့်ကြံဆင့်သည် ဆက်လက်တိုးတက်နေသည်။ ပါရမီရှင်တစ်ဦးမဟုတ်သော်လည်း အနည်းဆုံးတော့ သူမသည် သူမ၏ သက်တမ်းအကန့်အသတ်နှင့် အလွန်ဝေးကွာပေ၏။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ စကားများကို ကြားသောအခါ ယုယင်းယင်းသည် အလိုအလျောက် ထိတ်လန့်သွားသည်။

"ရှင် ကျွန်မကို ပြောနေတာလား"

ယုယင်းယင်းက သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် မရပ်တန့်ဘဲ သူ၏ လမ်းကို ဆက်လျှောက်သွားပြီး ယုယင်းယင်းအတွက် နားလည်ရခက်သော မှတ်ချက်တစ်ခုကို ချန်ထားခဲ့သည်။

"လက်ရှိကို တန်ဖိုးထားပါ... မင်းရဲ့ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ အချိန်ကို ရောက်လာလိမ့်မယ်"

သူမ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သည့်အချိန်ဟု ဆိုသလော....

ယုယင်းယင်း မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း စိတ်မသက်မသာ ဖြစ်သွားသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် နောက်ဆုံးတွင် ကုအန်၏စံအိမ်သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သွေးအကျဉ်းထောင်သူတော်စင်က သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို မော့ကြည့်ရင်း သူ၏ မျက်လုံးများတွင် သိလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရာဇ်...ကိုယ်ထင်မပြတော့ဘူးလား"

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က အဝေးမှ ချောင်းနားထောင်နေသော ရှန်ရှင်းကျီ မကြားနိုင်သော စကားများကို ပြောလိုက်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က ယုယင်းယင်းကို ပြောခဲ့သော စကားများကို ကြားပြီးနောက် ရှန်ရှင်းကျီသည် သူ့အပေါ် သိလိုစိတ်နှင့် နားမလည်မှုများ ဖြစ်ပေါ်လာသည်။ သို့ရာတွင် ကံမကောင်းစွာဖြင့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်သည် သူ၏ ချောင်းနားထောင်ခြင်းကို ဆက်လက်၍ခွင့်မပြုခဲ့ပေ။

ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ဧကရာဇ်ဟု ဆိုသလော...

သွေးအကျဉ်းထောင်သူတော်စင်သည် ချက်ချင်းထရပ်လိုက်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို သတိထားကာ စောင့်ကြည့်နေသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်က သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"အနာဂတ်သူတော်စင် ထိုင်လိုက်ပါ... ဘာမှမမြင် ဘာမှမကြားသလို ဟန်ဆောင်နေပါ"

ငါ့ရဲ့ အနာဂတ်အထောက်အထားကို သူက မြင်သွားတာလား...

သူက တကယ့်ကို ဆရာတစ်ယောက်ပဲ..

ဘယ်လောက်တောင် ထူးခြားလိုက်လဲ...

သွေးအကျဉ်းထောင်သူတော်စင်၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုဖြင့် အရှိန်ပြင်းစွာ ခုန်နေပြီး သူသည် သူ၏ကိုယ်ပိုင်အနာဂတ်ကြီးမြတ်မှုကို စိတ်ကူးယဉ်လာသည်။

သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ဒုက္ခပေးမည်ကို မကြောက်ပေ။ သူ၏ ဆရာသည် တောင်ကြားအတွင်းတွင် ရှိနေပြီး ဖြစ်နိုင်သည်မှာ ပွဲကို ကြည့်ရှုပြီး ပျော်မွေ့နေလောက်သည်။

All Chapters