အခန်း (၄၆၁-၄၆၂)
Vol. 35 Ch. 461-462
အခန်း ၄၆၁ ဆရာသခင်ဓားအရှင်၏ မူလအစ
"ငါ နိုင်သွားပုံပဲ"
အန်ဟောင်၏အသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားပြီး ဆူညံသံအားလုံးကို တိတ်ဆိတ်သွားစေသည်။ ဤသည်မှာ အရပ်မျက်နှာအဘက်ဘက်မှ ဂိုဏ်းများကို သူ၏ဂုဏ်ယူဝံ့ကြွားမှုအား ခံစားမိစေပေ၏။
နိဗ္ဗာနအဆင့်က အချုပ်အနှောင်မဲ့အမတကို အောင်နိုင်ယူခြင်း။
ထိုသို့သော မှတ်တမ်းသည် ရှေးယခင်နှင့် မျက်မှောက်ခေတ်များတစ်လျှောက် အံ့ဩဖွယ်ရာနှင့်တုန်လှုပ်ဖွယ်ရာတစ်ခု ဖြစ်ခဲ့သည်။
ပြိုင်ဘက်ကင်းသော အန်ဟောင်ကို ကြည့်ရင်း ဝူကျဲသည် သူ့အနေဖြင့် အန်းဟောင်ကို မစမ်းသပ်သင့်သေးဟု ခံစားမိသည်။ အကယ်၍ ကုအန်က သူ၏ဆရာသခင်အဖြစ် ဟန်ဆောင်နေသည်ကို အန်ဟောင် သိရှိသွားပါက ကုအန်သည် ကြီးမားသော ဒုက္ခထဲသို့ ကျရောက်သွားနိုင်ခြေရှိသည်။
"တကယ်ကို ကြီးစိုးနိုင်စွမ်းရှိတဲ့ နတ်မီးလျှံပဲ... မီးလျှံကနဦးရတနာခန္ဓာကိုယ်က တကယ် အစွမ်းထက်တာပဲ"
"ငါ ဘယ်လို ခံစားမိနေလဲဆိုတော့ သူက ရတနာခန္ဓာကိုယ်ထက်တောင် ပိုပြီး အစွမ်းထက်နေသလိုပဲ"
"ငါတို့ရဲ့ မဟာစွမ်းအင်တာအိုဂိုဏ်းမှာလည်း ရတနာခန္ဓာကိုယ်တွေနဲ့ ပါရမီရှင်တွေ ရှိတယ်... ဒါပေမဲ့ ဘယ်သူမှ သူ့လောက် ကြီးစိုးနိုင်စွမ်း မရှိဘူး"
"သူ့ရဲ့ ခုဏက နတ်ဘုရားစွမ်းရည်တွေက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး...သူက ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေကို တကယ်ကြီး စည်းရုံးလှုံ့ဆော်နိုင်ခဲ့တယ်...ဒါကြောင့်လည်း သူက အချုပ်အနှောင်မဲ့အမတကို အနိုင်ယူနိုင်ခဲ့တာပဲ"
"အမတမင်းဆက်က သူ့ကို သိမ်းသွင်းခဲ့တာ အံ့ဩစရာ မရှိပါဘူး.... ဒီလို အရည်အချင်းက အမတစိတ်ဝိညာဉ်ထက်ကို တကယ်ကြီး သာလွန်နေတာပဲ"
ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများသည် သူတို့ အချင်းချင်း ပြောဆိုနေကြသော်လည်း အန်ဟောင်သည် သူတို့ကို အာရုံမစိုက်ခဲ့ပေ။ သူသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ဆေးလုံးတစ်လုံးကို ပစ်လိုက်ရာ ထိုအရာသည် အောက်ဘက်မှ လူးလွန့်နေသော ဖုန်မှုန့်များထဲသို့ ကျဆင်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် သူသည် လှည့်ထွက်သွားပြီး သတ်မှတ်ထားသော အရပ်မျက်နှာတစ်ခုဆီသို့ ပျံသန်းသွားသည်။
အဓိပတိဂိုဏ်းမှ ဦးဆောင်သော ကြီးမြတ်သည့် ကျင့်ကြံသူများသည် အန်ဟောင်နောက်သို့လိုက်ရန် ချက်ချင်း အမိန့်ပေးခဲ့ကြသည်။
ဝူကျဲသည် တွေးတောနေရန် အချိန်မရှိဘဲ ထိုအုပ်စုနောက်သို့ အလျင်အမြန် လိုက်မီအောင် သွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် တောင်တန်းများနှင့် လယ်ကွင်းများထဲတွင် အန်ဟောင်နှင့် အဓိပတိဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များသည် စမ်းချောင်းတစ်ခု၏ဘေးတွင် ရပ်လျက် ပျော်ရွှင်စွာ စကားပြော ရယ်မောနေကြသည်။ ဝူကျဲသည် သူ၏ ရှေ့မှ မြင်ကွင်းကို အားကျစွာဖြင့် မလှမ်းမကမ်းတွင် ရပ်နေလေ၏။
အန်ဟောင်သာ မရှိပါက သူသည် လူတိုင်း မော့ကြည့်ရသော အဓိပတိဂိုဏ်း၏ အနာဂတ် ဖြစ်ပေလိမ့်မည်။ သို့သော် အန်ဟောင် ရှိနေသည့်အချိန်တွင် သူသည် တခြားသာမန်တပည့်များနှင့် မခြားနားခဲ့ပေ။ မည်သူမျှ သူ့ကို အာရုံမစိုက်ကြတော့ချေ။
ဒုတိယဂိုဏ်းချုပ် ကျိဟန်ထျန်းသည် အန်ဟောင်ကိုကြည့်ကာ အပြုံးနှင့် ပြောဆိုသည်။
"မင်းရဲ့ ဒီနေ့ အောင်မြင်မှုအတွက် ငါတို့ အားလုံး အရမ်းအားရကျေနပ်မိတယ်...မင်းက အဓိပတိဂိုဏ်း အောင်မြင်လာဖို့ မျှော်လင့်ချက်ကို သယ်ဆောင်ထားတယ်... မင်း အဝေးမှာ ရှိနေတဲ့ အချိန်မှာတောင် ဂိုဏ်းထဲက တပည့်တွေက မင်း ဘယ်ရောက်နေလဲဆိုတာ စုံစမ်းကြတာ...မင်းက ဂျူနီယာတွေ လိုက်မီဖို့ ကြိုးစားရတဲ့ ရည်မှန်းချက်ပန်းတိုင်ကြီး ဖြစ်လာခဲ့ပြီ"
ဤသည်ကို ကြားသောအချိန်တွင် အန်ဟောင်သည် ပြုံးလိုက်၏။ ထိုသို့သော စကားများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူသည် နှိမ့်ချရန် ရွေးချယ်ခဲ့သည်။ သူသည် အဓိပတိဂိုဏ်းအပေါ် အတော်အသင့် သဘောကျနှစ်ခြိုက်မှု ရှိပေ၏။ အကြောင်းအရင်စမှာ သူ၏ အမတကျင့်ကြံခြင်းဘဝ အစောပိုင်းတွင် အဓိပတိဂိုဏ်းက သူ့အား များစွာအကူအညီပေးခဲ့သောကြောင့်ပင်။
အရေးကြီးဆုံးမှာ သူ၏ဆရာသခင်နှင့် ညီမငယ်လေးသည် အဓိပတိဂိုဏ်းတွင် ရှိနေပြီး ထိုအချက် တစ်ခုတည်းကြောင့်ပင် သူသည် အဓိပတိဂိုဏ်းမှ ထွက်ခွာရန် မဖြစ်နိုင်ခဲ့ချေ။
သူတို့ အပြန်အလှန် နှုတ်ဆက်နေကြစဉ်မှာပင် ကြီးမားသော ဓားအရှိန်အဝါတစ်ခု ကျဆင်းလာသည်။ ဤသည်မှာ လူတိုင်းအား သူတို့၏ လည်ချောင်းများ အညှစ်ခံထားရသကဲ့သို့ ခံစားရစေပြီး စကားသံများအားလုံးကို ဖြတ်တောက်လိုက်သည်။
အန်ဟောင်က မော့ကြည့်လိုက်သည်။ သူ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူ၏ မျက်လုံးများထဲတွင် သတိထားသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဝှစ်ခနဲအသံတစ်သံနှင့်အတူ ပုံရိပ်တစ်ရိပ် မိုးကောင်းကင်မှ ကျဆင်းလာသည်။
ဘုန်း
ဓားတစ်ချောင်းသည် ကောင်းကင်မှ ကျလာပြီး အန်ဟောင်၏ ရှေ့တွင် စိုက်ဝင်သွားသည်။ ကျောက်တုံးများ ကြေမွ လွင့်စင်သွားပြီး အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်ဆုတ်သွားကြ၏။ အန်ဟောင်မှာမူ ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေပြီး မလှုပ်မယှက် ကျန်ရစ်ခဲ့သည်။
မြေကြီးထဲတွင် စိုက်ဝင်နေသော ဓားသည် မရပ်မနား တုန်ခါနေပြီး ဓားသွားတုန်ခါမှုကြောင့် ပုံရိပ်ယောင်များ ဖြစ်ပေါ်နေသည်။
အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများ စကားမပြောနိုင်မီမှာပင် ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ကျဆင်းလာပြီး ဓား၏ လက်ကိုင်ရိုးပေါ်သို့ အတိအကျ ဆင်းသက်လာ၏။
ထိုလူသည် ကျွယ်လော့ဓားသခင်ပင်။
အန်ဟောင်သည် သူ၏ရှေ့မှ ကျွယ်လော့ဓားသခင်ကို မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသော်လည်း ကြောက်ရွံ့မှု မရှိပေ။
ကျွယ်လော့ဓားသခင်သည် တခြားသူအားလုံးကို လျစ်လျူရှုထားသည်။ သူ၏ အကြည့်သည် အန်ဟောင်အပေါ်တွင် စူးစိုက်နေပြီး ရှားပါးသော ရတနာတစ်ခုကို ကြည့်နေသည့်အလား ပြင်းထန်စွာ တောက်ပနေပေ၏။
"ခင်ဗျား ဘယ်သူလဲ ...ခင်ဗျား ဘာလိုချင်တာလဲ"
အဓိပတိဂိုဏ်းမှ ကျင့်ကြံမှုဆင့်အမြင့်ဆုံး အကြီးအကဲသည် သူ၏လက်ထဲမှ ဓမ္မရတနာကို ဆုပ်ကိုင်ပြီး တည်ကြည်လေးနက်သော အသံဖြင့် မေးလိုက်သည်။ သူသည် အလွန်ဒေါသထွက်နေကြောင်း သိသာထင်ရှားသည်။
ကျွယ်လော့ဓားသခင်သည် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် လက်ရှိနေရာ၌ ရှိနေသူများအားလုံးသည်သူ့ကို ယှဉ်နိုင်စွမ်းမရှိကြောင်း သဘောပေါက်လိုက်ကြသည်။
"ကောင်လေး.... မင်း နာမည် ဘယ်လိုခေါ်လဲ"
ကျွယ်လော့ဓားသခင်က အန်ဟောင်ကို စိုက်ကြည့်ကာ အေးစက်တင်းမာစွာ မေးလိုက်သည်။ သူ ဓားလက်ကိုင်ရိုးပေါ်တွင် ရပ်နေစဉ် လေပြေသည် သူ၏ဝတ်ရုံကို တိုက်ခတ်နေပြီး လွှမ်းမိုးနိုင်သော ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေပေ၏။
အန်ဟောင်က တုံ့ပြန်လိုက်သည်။
"အန်ဟောင်ပါ ..တာအိုမိတ်ဆွေမှာ ကိစ္စတစ်ခုခု ရှိလို့လား"
ကျွယ်လော့ဓားသခင်၏နှုတ်ခမ်းများ အထကါသို့ ကွေးတက်သွားသည်။
"ငါက ကျွယ်လော့ဓားသခင်ပဲ... မင်းရဲ့ ဘဝဇာတာက အတော်လေး ကောင်းမွန်တယ်... မင်းက ကြီးမြတ်တဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဘယ်အပိုင်းမှာပဲ ရှိနေပါစေ... မင်း ထွန်းတောက်လာမှာပဲ ငါ့ဆီမှာ သစ္စာခံစမ်း...ငါက မင်းကို ပိုပြီးမြန်မြန်ကြီးထွားလာအောင် ကူညီပေးနိုင်တယ်...ပြီးတော့ မင်းရဲ့ ကန့်သတ်ချက်တွေကို မြှင့်တင်ပေးနိုင်တယ်"
ဤသည်ကို ကြားသောအချိန်တွင် အန်ဟောင် အံ့အားမသင့်ခဲ့ပေ။ သူ၏ ခရီးလမ်းတစ်လျှောက်တွင် လူအမြောက်အများသည် ထိုသို့သော စကားများကို သူ့အား ပြောခဲ့ပြီး ဖြစ်ပေ၏။
အန်ဟောင်သည် တည်ငြိမ်နေဆဲပင်။
"တာအိုမိတ်ဆွေရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ...ကျွန်တော့်မှာ ဆရာသခင်တစ်ယောက် ဂိုဏ်းတစ်ဂိုဏ်း ပြီးတော့ ကျွန်တော် သစ္စာခံထားတဲ့ အင်အားစုတစ်ခု ရှိပါတယ်...ကျွန်တော် ခင်ဗျားကို သစ္စာခံလို့ မရပါဘူး"
ကျွယ်လော့ဓားသခင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ငါ့ရဲ့ ကျင့်ကြံဆင့် ဘယ်လောက်မြင့်လဲဆိုတာ မင်း သိလား"
အန်ဟောင်က သူ၏ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ တခြားသူများမှာမူ အခြေအနေသည် ပြီးဆုံးသွားခြင်း မရှိသေးကြောင်း ခံစားမိသဖြင့် အလွန်စိုးရိမ်ပူပန်နေကြ၏။
ကျွယ်လော့ဓားသခင်သည် သူ၏ညာလက်ကို မြှောက်လိုက်ရာ ဓားချီသည် သူ၏ လက်ဝါးမှ တိုးထွက်လာသည်။ ဤသည်မှာ ဓားချီအမျှင်တန်းတစ်ခုမျှသာ ဖြစ်သော်လည်း ဓားအရှိန်အဝါသည် လူတိုင်းအား အေးစက်သွားစေသည်။
"ငါဟာ လွတ်ငြိမ်းရာအမတတစ်ယောက်.... ဒါက မင်းတို့ အမတလမ်းစဉ်ရဲ့ နဝမအဆင့်လို့ ခေါ်တဲ့အရာပဲ ...မင်းတို့ မဟာကောင်းကင်နဲ့ မြေကြီးရဲ့ အစွမ်းထက်ဆုံးလူ ရှန့်ထျန်းကလည်း လွတ်ငြိမ်းရာအမတတစ်ယောက်ပဲ... သူက ပြန်လည်မွေးဖွားခြင်းကပ်ဘေးထဲကို ဝင်ရောက်ခါစပဲ ရှိသေးတယ်...ငါကတော့ ပြန်လည်မွေးဖွားခြင်းကပ်ဘေးရဲ့ အဆုံးကို ရောက်နေပြီ.... ပိုမြင့်တဲ့ နယ်ပယ်တစ်ခုကို ဖောက်ထွက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်.... အဲ့ဒီအချိန်ကျရင် အတွေးတစ်ချက်တည်းနဲ့ ငါက မဟာမိုးကောင်းကင်စိတ်ဝိညာဉ်နယ်မြေ တစ်ခုလုံးကို ချေမှုန်းပစ်နိုင်တယ်"
ဤသို့ ကြေညာနေစဉ် ကျွယ်လော့ဓားသခင်သည် စိန်ခေါ်သကဲ့သို့ ပြုံးနေလေ၏။
သူသည် သူ၏စွမ်းအားကို သိရှိသွားသည့်အချိန်တွင် အန်ဟောင်၏တုံ့ပြန်မှုကို မြင်တွေ့ရန် စိတ်အားထက်သန်နေပုံ ရသည်။
အန်ဟောင်၏ မျက်နှာအမူအရာသည် အမှန်တကယ်ပင် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားပေ၏။ သူသည် လွတ်ငြိမ်းရာအမတအကြောင်းကို သိရှိထားသည်။ ဤသည်မှာ ဧကရာဇ်ယန်ရှန်း၏ ကျင့်ကြံဆင့်နယ်ပယ်ပင်။ သို့သော် ကျွယ်လော့ဓားသခင်၏ စကားများအရ ဧကရာဇ်ယန်ရှန်းသည် လွတ်ငြိမ်းရာအမတဘုံ၏တံခါးဝသို့သာ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ကျွယ်လော့ဓားသခင်မှာမူ လွတ်ငြိမ်းရာအမတအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများအားလုံးထံတွင် မယုံကြည်နိုင်သော အမူအရာများ ရှိနေကြသည်။ သူတို့သည် ရှန့်ထျန်းထက် ပို၍ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးနှင့် မည်သည်ကြောင့် တွေ့ဆုံခဲ့ရသနည်း။
ကျွယ်လော့ဓားသခင်၏မာန်မာနသည် ကြီးမားပြီး သူသည် အနှစ်မရှိသော စကားများကို ပြောနေခြင်း မဟုတ်ကြောင်း လူများကို ခံစားမိစေသည်။
"ကဲ ဘယ်လိုလဲ.... မင်း ခုနက ပြောခဲ့တာတွေကို ပြန်ရုပ်သိမ်းမလား"
ကျွယ်လော့ဓားသခင်က လှောင်ပြောင်သော အပြုံးဖြင့် အန်ဟောင်ကို စိုက်ကြည့်လိုက်သည်။
အန်ဟောင်က ပြန်ဖြေသည်။
"စီနီယာက တကယ်ကို အစွမ်းထက်ပါတယ်... ဒါပေမဲ့ ခင်ဗျား ပိုအားကောင်းလို့သာ ကျွန်တော် ခင်ဗျားကို သစ္စာခံရမယ်ဆိုရင် နောင်တစ်ချိန်မှာ ခင်ဗျားထက် ပိုအားကောင်းတဲ့ တစ်ယောက်ယောက်နဲ့ တွေ့တဲ့အချိန်ကျရင် ကျွန်တော် ခင်ဗျားကိုလည်း သစ္စာဖောက်ရမှာ မဟုတ်ဘူးလား"
တစ်ဖက်သားအား "စီနီယာ" ဟု ခေါ်ဝေါ်ခြင်းသည် အန်ဟောင်ပေးလိုသော လေးစားမှု၏ အကန့်အသတ်ပင်။
သူသည် ကျွယ်လော့ဓားသခင်၏ ကျင့်ကြံဆင့်ကြောင့် အမှန်တကယ်ကို တုန်လှုပ်ခဲ့ရသည်။ သို့ရာတွင် ကျွယ်လော့ဓားသခင်သည် လောကကြီးပေါ်တွင် အစွမ်းထက်ဆုံးဖြစ်သည်ဟု သူ မယုံကြည်ခဲ့ပေ။ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်သည် သူ၏ဆရာသခင်သာ ဖြစ်ပေမည်။
ကျွယ်လော့ဓားသခင်သည် အန်ဟောင်၏ ငြင်းပယ်မှုကို ကြားရသည့်အချိန်တွင် မကျေနပ်သော အမူအရာကို ပြသခဲ့သော်လည်း အန်ဟောင် ပြောခဲ့သည်မှာ ကျိုးကြောင်းဆီလျော်သည်ဟုလည်း သူ ခံစားမိသည်။ အန်ဟောင်အပေါ် သူ၏ တန်ဖိုးထားမှုသည် ပို၍အားကောင်းလာခဲ့ပေ၏။
"မင်းရဲ့ ဆရာသခင်က ဘယ်သူလဲ... ငါက သူ့ကို မင်းကို ငါ့ဆီ ပေးဖို့ တောင်းဆိုလိုက်ရင် မင်း ငြင်းတော့မှာ မဟုတ်ဘူးမလား"
ကျွယ်လော့ဓားသခင်က မေးလိုက်သည်။
ဤစကားများကြောင့် အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများ၏ မျက်နှာအမူအယာများသည် ထူးဆန်းသွားအေ၏။ သူတို့သည် ကျွယ်လော့ဓားသခင်၏စွမ်းအားကြောင့် တုန်လှုပ်ခဲ့ကြသော်လည်း သူတို့၏ နှလုံးသားထဲတွင် ဆရာသခင်ဓားအရှင်သည် အစွမ်းထက်ဆုံးဖြစ်ကြောင်းကိုလည်း ယုံကြည်ကြသည်။
ထိုသို့မဟုတ်ပါက အမတမင်းဆက်သည် မည်သည်ကြောင့် သူတို့၏ အမုန်းတရားကို ဘေးဖယ်ထားနိုင်မည်နည်း။ မြင့်မြတ်ခုံရုံးသည် မည်သည်ကြောင့် ဆရာသခင်ဓားအရှင်ကို ဆွဲဆောင်ရန် မြှောက်ပင့်သော စကားများဖြင့် ရှေ့ထွက်လာမည်နည်း။
အန်ဟောင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကျွယ်လော့ဓားသခင်က သူ၏ ဆရာသခင်ကို ခြိမ်းခြောက်နိုင်မည်ဟု မယုံကြည်ပေ။ သို့သော် သူ၏ဆရာသခင်အတွက် ဒုက္ခများဖြစ်စေမည်ကို သူ စိုးရိမ်မိသည်။
"မင်း ငါ့ကို မပြောရင် ငါ ကိုယ်တိုင် တွက်ချက်နိုင်တယ်"
ကျွယ်လော့ဓားသခင်သည် နှာမှုတ်လိုက်ပြီးနောက် သူ၏လက်ချောင်းများကို အသုံးပြု၍ စတင်တွက်ချက်လိုက်သည်။
သူ တွက်ချက်နိုင်သလော။
အန်ဟောင်၏မျက်နှာအမူအယာသည် သိသိသာသာ ပြောင်းလဲသွားပြီး အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း ထိုနည်းလမ်းကြောင့် ထိတ်လန့်သွားကြ၏။
ဝူကျဲသည် တိတ်ဆိတ်နေခဲ့သော်လည်း ဤသည်ကို ကြားသည့်အချိန်တွင် သူသည် ကုအန်အတွက် ရုတ်တရက် စိုးရိမ်သွားသည်။ အကယ်၍ ကုအန်သည် ဆရာသခင်ဓားအရှင်အဖြစ် ဟန်ဆောင်နေပါက ကျွယ်လော့ဓားသခင်က သူကို ရှာဖွေတွေ့ရှိသွားပြီး သူ၏ အပေါ်သို့ ဒုက္ခများ ရောက်ရှိလာနိုင်သလော။
ဤသို့ တွေးမိသဖြင့် ဝူကျဲသည် စိုးရိမ်ပူပန်သွားပေ၏။
ကြီးမြတ်သော ကောင်းကင်နှင့်မြေကြီးတွင် အရာအားလုံး တိတ်ဆိတ်နေသည်။
လူတိုင်းသည် ကျွယ်လော့ဓားသခင်၏ တွက်ချက်မှုကို ကြည့်ရှုနေကြသည်။
သို့သော် အသက်ရှူချိန်ဆယ်ရှိုက်စာခန့် ကုန်လွန်သွားပြီးနောက် ကျွယ်လော့ဓားသခင်၏ မျက်ခုံးများ တွန့်ချိုးသွားပေ၏။
"ထူးဆန်းလိုက်တာ"
ကျွယ်လော့ဓားသခင်သည် သူ၏ စိတ်ထဲတွင် အံ့အားသင့်သွားသော်လည်း အားနည်းမှုကို မပြသဝံ့ခဲ့ချေ။
သူသည် အန်ဟောင်၏ဆရာသခင်ကို တွက်ချက်၍ မရခဲ့ပေ။ သူသည် လုပိုင်ထျန်းနှင့် ကြယ်ပင်လယ်အဖွဲ့အစည်းများ၊ အမတမင်းဆက်တို့မှ အန်ဟောင်၏ဆရာများကို တွက်ချက်နိုင်ခဲ့သော်လည်း ထိုလူများ၏ ကျင့်ကြံဆင့်များသည် အလွန် နိမ့်ကျနေသည်။ အန်ဟောင်နှင့် ဆရာတပည့် ကံကြမ္မာဆက်နွယ်မှုများသည် မခိုင်မာလှချေ။ ဤသည်မှာ အန်ဟောင်သည် သူ၏စိတ်နှလုံးသားထဲတွင် သူတို့ကို အသိအမှတ် မပြုကြောင်း ညွှန်ပြနေပေ၏။
သူသည် အန်ဟောင်၏ နောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု ရှိနေသည်ကို ခံစားမိနိုင်သော်လည်း မည်သို့ပင် ကြိုးစားစေကာမူ သူ တွက်ချက်၍ မရခဲ့ပေ။
မည်သည့်အရာများ ဖြစ်နေသနည်း။
ကျွယ်လော့ဓားသခင်ထံတွင် သတိကြီးစွာထားမှုများဖြင့် ပြည့်နှက်သွားပေ၏။
မဟာမိုးကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် သူ တွက်ချက်၍ မရသော တည်ရှိမှုတစ်ခု ရှိနေသေးသလော။
...
ပြန်လည်မွေးဖွားခြင်းကပ်ဘေးထဲသို့ ဝင်ရောက်ခဲ့သော ရှန့်ထျန်းအတွက်ပင်လျှင် သူသည် ရှန့်ထျန်း မသေဆုံးမီက ချန်ထားခဲ့သော ခြေရာတချို့ကို တွက်ချက်နိုင်ပေ၏။
ကျွယ်လော့ဓားသခင်၏ အကြည့်သည် တုန်ခါသွားပြီး အန်ဟောင်ကို အနည်းငယ် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
အန်ဟောင်၏ဆရာသခင်သည် မြင့်မြတ်သောနှလုံးသားဓားတာအို၏ အမွေဆက်ခံသူ သို့မဟုတ် ဓားတာအိုသူတော်စင်ဘိုးဘေး၏ ပြန်ဝင်စားသူ ဖြစ်နေသလော။
ကျွယ်လော့ဓားသခင်သည် ထိုအကြောင်းကို ပို၍တွေးတောလေလေ ဤသည်မှာ ပို၍ဖြစ်နိုင်ခြေရှိသည်ဟု ခံစားမိလေလေပင်။ သူသည် မဟာမိုးကောင်းကင်စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်မှာ အချိန်အတန်ကြာပြီ ဖြစ်သော်လည်း မြင့်မြတ်သောနှလုံးသားဓားတာအိုနှင့် သက်ဆိုင်သော မည်သူ့ကိုမျှ သို့မဟုတ် မည်သည့်အရာကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
သူသည် မဟာမိုးကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် မြင့်မြတ်သောနှလုံးသားဓားတာအိုပေါ်ထွက်ခဲ့ခြင်း ရှိမရှိကိုပင် သံသယဝင်လာခဲ့သည်။
လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အတွေးများဖြင့် ကျွယ်လော့ဓားသခင်က အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ပြောဆိုလိုက်သည်။
"အန်ဟောင်...မင်းရဲ့ ဆရာနဲ့ တွေ့ဖို့ ငါ့ကို ခေါ်သွားပေး...ဘယ်လိုလဲ ငါက မင်းရဲ့ ကိစ္စတွေကို ဘေးဖယ်ထားလို့ ရပါတယ်.. ငါ မင်းအပေါ်မှာ ဆက်ပြီး အတင်းအကျပ် လုပ်တော့မှာ မဟုတ်ဘူး"
အန်ဟောင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ခင်ဗျားက ဘာလို့ ကျွန်တော့်ရဲ့ဆရာကို တွေ့ချင်ရတာလဲ"
ကျွယ်လော့ဓားသခင်က အပြုံးနှင့် ပြောဆိုသည်။
"ရိုးရိုးသားသား ပြောရရင် ငါက တခြားကမ္ဘာတစ်ခုက လာတာ...ပြီးတော့ ငါ ဒီကို လာတာ မင်းရဲ့ ဆရာကို ရှာဖို့ပဲ... မင်းရဲ့ ဆရာက ငါတို့ တာအိုအင်အားစုက ရှာဖွေနေခဲ့တဲ့ တည်ရှိမှုပဲ... ငါတို့ သူ့ကို ရှာတွေ့သရွေ့ ငါတို့က သူ့ကို ငါတို့ရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုကြမှာ..."
တခြားကမ္ဘာတစ်ခု..
လူတိုင်း တုန်လှုပ်သွားကြသည်။ ဆရာသခင်ဓားအရှင်တွင် ထိုသို့သော ဇာစ်မြစ်တစ်ခု ရှိခဲ့သလော။
သူတို့ ထပ်မံ၍ တွေးတောကြည့်သည့်အချိန်တွင် ဆရာသခင်ဓားအရှင်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် မခန့်မှန်းနိုင်သော စွမ်းအားသည် သူ တခြားကမ္ဘာတစ်ခုမှ လာခြင်းဖြစ်နိုင်သည်ကို ညွှန်ပြနေကြောင်း သူတို့ သဘောပေါက်သွားကြသည်။ တခြားမည်သည့်ဇစ်မြစ်မဆို ယုတ္တိမတန်သကဲ့သို့ ထင်ရပေမည်။
ဤသည်ကို ကြားပြီးနောက် အန်ဟောင်သည် သူ၏မျက်ခုံးများကို ပိုမို တင်းကြပ်စွာ တွန့်ချိုးလိုက်ပြီး တွေဝေတုံ့ဆိုင်းမှုထဲသို့ ကျရောက်သွားပေ၏။
ကျွယ်လော့ဓားသခင်၏မျက်နှာသည် တည်ကြည် လေးနက်သွားသော်လည်း သူ၏ နှလုံးသားတွင်မူ စိတ်လှုပ်ရှားမှုဖြင့် လှုပ်ခတ်နေခဲ့သည်။
သူတော်စင်နှလုံးသားဓားတာအို
နောက်ဆုံးတော့ မင်းကို ငါ ရှာတွေ့ခဲ့ပြီ...ငါ့ကို စိတ်မပျက်စေနဲ့... ငါ့ရဲ့ ဓားတာအိုက မင်းရဲ့ ဓားတာအိုထက် သေချာပေါက် ပိုပြီး အစွမ်းထက်ရမယ်။
အခန်း ၄၆၂ ဓားတစ်သောင်းတောင်
တတိယဆေးပင်တောင်ကြား၏ မြောက်ဘက်ရှိ တောင်တစ်လုံးရှေ့တွင် ကုအန်သည် အန်ရှင်းနှင့် ပခုံးချင်းယှဉ်လျက် မတ်တတ်ရပ်နေပြီး တပည့်များမှ တောင်ပေါ်သို့ ရတနာဓားများ မြှုပ်နှံနေသည်ကို ကြည့်ရှုနေကြ၏။
ဤတောင်တွင် သစ်ပင်ပန်းမန်များ လုံးဝမပေါက်ချေ။ ဤသည်မှာ အနီရောင်ကျောက်များ ပြည့်နှက်နေသော ကျက်တီးမြေတစ်ခုပင်။ ထိုတောင်သည် သဘာဝအတိုင်းဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ကုအန် ရရှိထားသည့် ဝင်္ကပါနှင့် မှော်အစီအရင်များကို တည်ဆောက်ရာ၌ အသုံးပြုသော အထူးကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပေ၏။
အန်ရှင်းက ကုအန်ကို လှည့်ကြည့်၍ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။
"ဆရာ ဒီဓားတောင်ကို နောက်ဆုံးအမွေအနှစ်အနေနဲ့ ထားခဲ့ဖို့ ဖန်တီးနေတာလား"
ကုအန်သည် အပြုံးနှင့် တုံ့ပြန်သည်။
"နောင်တချိန်မှာ မင်း သိလာပါလိမ့်မယ်"
ကုအန် လေးလေးနက်နက် ပြောဆိုသည်ကို မြင်ချိန်၌ အန်ရှင်းသည် သူမ၏ရှေ့မှ ဓားတောင်အကြောင်းကို ပို၍ပင် စူးစမ်းချင်စိတ် ပြင်းပြလာသည်။
ကုအန်က လက်ကို မြှောက်လိုက်ရာ ကျောက်စာတိုင်တစ်တိုင် ပျံ့လွင့်သွားပြီး ဓားတောင်ရှေ့တွင် ဆင်းသက်ကာ မြေကြီးထဲသို့ စိုက်ဝင်သွားသည်။ ထို့နောက် သူ၏လက်ကို လေထဲတွင်ဝှေ့ယမ်းကာ လက်ချောင်းများကို စုတ်တံအဖြစ်အသုံးပြု၍ ကျောက်စာတိုင်ပေါ်တွင် စာလုံးများ ထွင်းထုလိုက်သည်။
အန်ရှင်းက အာရုံစိုက်၍ ကြည့်လိုက်ရာ ကုအန်၏လက်ရေးမှ အားလှိုင်းတစ်ရပ်ကို ခံစားမိသည်။ ထိုအားလှိုင်းကို စကားလုံးများဖြင့် မဖော်ပြနိုင်ချေ။ သူမသည် မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိသော်လည်း အထီးကျန်ဆန်သည့် ခံစားမှုကို ရရှိမိပေ၏။
ဓားတစ်သောင်းတောင်
ကုအန်သည် ကံကြမ္မာကို တိုက်ရိုက်ထိခိုက်မည်အား စိုးရိမ်သောကြောင့် "ဓားတစ်သောင်းတောင်တန်း"ဟူ၍ အပြည့်အစုံ မထွင်းထုခဲ့ချေ။ စာလုံးတစ်လုံးကို ဖယ်လိုက်သည်မှာ အရေးမပါဟု ထင်ရသော်လည်း ဤသည်မှာ ကမ္ဘာလောကကြီးတစ်ခုလုံးစာ ခြားနားချက်ကို ဖြစ်စေသည်။
ကွဲပြားခြားနားသောနယ်မြေများတလျှောက် "ဓားတစ်သောင်းတောင်တန်း"နှင့် "ဓားတစ်သောင်းတောင်" အမြောက်အများရှိခဲ့သည်။
ဓားတစ်သောင်းတောင်၏ စာလုံးလေးလုံးကို ထွင်းထုလိုက်သည်နှင့် တစ်ပြိုင်နက် အန်ရှင်းက ဤဓားတောင်သည် စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်လာသည်ဟု ရုတ်တရက် ခံစားမိလေ၏။
တပည့်များသည် တောင်ပေါ်သို့ ဓားများ ဆက်လက်၍ မြှုပ်နှံနေကြသော်လည်း ဤတောင်သည် သူတို့အတွက် ထူးခြားသည်ဟု ခံစားရသည်။
"တပည့်တွေ အလုပ်ပြီးသွားတဲ့အချိန်မှာ နောက်နောင်ဒီနေရာကို ခြေမချဖို့ တားမြစ်တယ်"
ထိုသို့ပြောဆိုပြီးနောက် ကုအန်က နောက်သို့လှည့်၍ ထွက်သွားခဲ့သည်။
အန်ရှင်းသည် ထိုနေရာတွင် မတ်တတ်ရပ်ကာ ဆက်လက်၍ကျန်နေခဲ့ပြီး ဓားတစ်သောင်းတောင်ကိုကြည့်၍ စိတ်ကြည်နူးနေခဲ့သည်။ ထိုတောင်တွင် လျှို့ဝှက်ချက်များ သိုဝှက်ထားသည်ဟု သူမ အမြဲတစေ ခံစားနေရသည်။
နောက်ဆက်တွဲရက်များတွင် ဓားတစ်သောင်းတောင်တွင် တောင်ကြားမှတပည့်များနှင့် လာရောက်လည်ပတ်သော ကျင့်ကြံသူများအကြားတွင် မကြာခဏဆိုသလို ပြောဆိုဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ ဓားတစ်သောင်းတောင်ဟူသော နာမည်သည် အလွန်ကြီးမားသော အင်အားကို သယ်ဆောင်ထားခဲ့ပြီး တောင်ကြားသခင်ကုအန်သည် ဆရာသခင်ဓားအရှင်နှင့် ဆက်နွှယ်နေသောကြောင့် သူတို့သည် အာရုံမစိုက်ဘဲ မနေနိုင်ခဲ့ကြပေ။
ထိုသတင်းသည် အဓိပတိဂိုဏ်းသို့လည်း ပျံ့နှံ့သွားခဲ့သည်။
ကုအန်သည် ဆရာသခင်ဓားအရှင်ဟု သူ့ကိုယ်သူ ပြောဆိုထားသည်မှစ၍ သူ၏ ကျော်ကြားမှုသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပေ၏။ အဓိကမိသားစုများကပင် ကုအန်၏အကြောင်းကို စုံစမ်းစစ်ဆေးခဲ့သည်။ ဖန်အန် မည်သူမည်ဝါဖြစ်သည်ကိုလည်း ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။ ဖန်အန်သည် ကုအန်ဖြစ်သောကြောင့် အဓိကမိသားစုများက သူတို့၏တပည့်များကို "နတ်ဘုရားစာရင်း" "အနောက်သို့ ခရီးသွားမှတ်တမ်း"နှင့် "သုံးပြည်ထောင် အချစ်ဇာတ်လမ်း"တို့ကို လေ့လာရန် အားပေးခဲ့သည်။ သူတို့က ဆရာသခင်ဓားအရှင်သည် ဖန်အန်မှတစ်ဆင့် တစ်စုံတစ်ရာကို လက်ဆင့်ကမ်းပေးခဲ့သည်ဟု ခံစားခဲ့ကြသည်။
သူတို့သည် အတိတ်နှင့်အနာဂတ်ကို တွေးတောမိချိန်၌ ဖန်အန်၏စာအုပ်များကို ရင်းနှီးကျွမ်းဝင်ခြင်းသည် နောင်တစ်ချိန်တွင် ဆရာသခင်ဓားအရှင်နှင့် ရင်ဆိုင်ရသည့်အချိန်၌ သူတို့အား ပြောဆိုစရာ တစ်စုံတစ်ခုကို ပေးနိုင်ပေလိမ့်မည်။ ဤသည်မှာ မည်သည့် ထိခိုက်မှုကိုမျှ မဖြစ်စေနိုင်ချေ။
နေ့တစ်နေ့၏ နေ့လယ်ပိုင်းအချိန်တွင် အဓိပတိဂိုဏ်း၏ပြင်ပ၌ အန်ဟောင်သည် ကျွယ်လော့ဓားသခင်နှင့်အတူ တောအုပ်ထဲမှ ထွက်ပေါ်လာသည်။ သူသည် ကျွယ်လော့ဓားခင်ထံသို့ ခေါင်းလှည့်ကာ ပြောဆိုလိုက်၏။
"ငါ့ရဲ့ဆရာက အဓိပတိဂိုဏ်းထဲမှာ ရှိတာပဲ သိတယ်...ဒါပေမယ့် သူ ဘယ်သူလဲဆိုတာ ငါအတိအကျမသိဘူး...သူက မင်းနဲ့တွေ့ချင်တယ်ဆိုရင် သူကိုယ်တိုင် မင်းကို လာရှာလိမ့်မယ်... မင်း မှတ်ထားရမှာက ဂိုဏ်းထဲက တပည့်တွေကို မထိခိုက်စေဖို့ပဲ"
ကျွယ်လော့ဓားသခင်က ပြောဆိုသည်။
"တာဟုန်ဓားကောင်းကင်ရဲ့ ဓားအရှင်တစ်ယောက်အနေနဲ့ ငါက သေမျိုးတွေကို ထိခိုက်မှာတဲ့လား"
ထို့နောက် သူသည် ဓားချီအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အဓိပတိဂိုဏ်းထံသို့ ပျံသန်းသွားသည်။
အန်ဟောင်သည် နောက်မှ လိုက်လာသော်လည်း ကျွယ်လော့ဓားသခင်၏ တည်ရှိမှုကို ပျောက်ဆုံးသွားခဲ့လေပြီ။ ထို့ကြောင့် အန်ဟောင်သည် တတိယဆေးပင်တောင်ကြားရှိ အန်ရှင်းထံသို့ ဦးစွာသွားရောက်လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။
အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းချိန်စာခန့် ကြာပြီးနောက် အန်ဟောင်သည် တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်ခဲ့၏။ ထိုနေရာမှကြည့်ပါက တတိယဆေးပင်တောင်ကြားတစ်ခုလုံးကို မြင်တွေ့နိုင်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာနှင့် နှိုင်းယှဉ်လျှင် တတိယဆေးပင်တောင်ကြားသည် ပို၍စည်ကားလာပြီး ပို၍အထင်ကြီးဖွယ် ဖြစ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ တောင်များအားလုံးတွင် ဝင်္ကပါများ ခင်းကျင်းထားပြီး တောင်တွင် အလုပ်လုပ်နေသော တပည့်များနှင့် လေ့ကျင့်နေကြသော ပုံရိပ်များကို သူ မြင်တွေ့မိသည်။
"ဘယ်အရာမဆို တကယ်ပဲ ပြောင်းလဲသွားကြတာပါလား... ဒါပေမယ့် လူတွေကတော့ အပြီးတိုင် ကွယ်ပျောက်သွားကြတယ်..."
အန်ဟောင်သည် ညည်းတွားလိုက်ပြီး သူ၏ လေသံတွင် လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်နှက်နေပေ၏။
သူသည် အန်ရှင်း မရှိသည်ကို မြင်တွေ့သဖြင့် ရုတ်တရက် စိုးရိမ်ပူပန်လာခဲ့သည်။
သူသည် ခုန်ဆင်းတော့မည့်အချိန်တွင် သူ၏နံဘေးမှ ဆူညံသံသည် သူ၏အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။ သူ လှမ်းကြည့်လိုက်သောအခါ လူတစ်ဦးနှင့်ကြွက်တစ်ကောင်သည် သူ့ထံသို့ ပြေးလာနေသည်ကို မြင်လိုက်ရသည်။
သူသည် ထိုကြွက်ကို မှတ်မိပေ၏။ ဤသည်မှာ ကုအန်၏ အဖြူရောင်စိတ်ဝိညာဉ်ကြွက် ဖြစ်သည်။ အဓိပတိဂိုဏ်းတွင် ထိုကြွက်မျိုး အများအပြား ရှိသော်လည်း ကုအန်၏ကြွက်ကဲ့သို့ ဖောင်းကားနေသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးချေ။ ထို့ကြောင့် သူ မှတ်မိနေခြင်းဖြစ်သည်။
အဖြူရောင်စိတ်ဝိညာဉ်ကြွက်၏နောက်တွင် သန်မာထွားကျိုင်းသောလူငယ်တစ်ဦး လိုက်ပါလာခဲ့သည်။
ထိုလူငယ်ကို မြင်တွေ့ချိန်၌ အန်ဟောင်က သူ၏ မျက်ခုံးကို ပင့်လိုက်မိသည်။
ဤလူငယ်သည် ကုအန်နှင့် အနည်းငယ် ဆင်နေသဖြင့် သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးစေသည်။
အရေးအကြီးဆုံးမှာ ဤလူငယ်တွင် စိတ်ဝိညာဉ်စွမ်းအား တစိုးတစိမျှမရှိသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သန်မာအားကောင်းသည်။ အန်ဟောင်ပင်လျှင် ဤလူငယ်သည် နိဗ္ဗာနနယ်ပယ်၏ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ခံစားမိသည်။
အန်ဟောင်သည် လုံချင်းကို စိတ်ဝင်စားလာခဲ့သည်။ သူ၏ရှေ့မှ အဖြူရောင်စိတ်ဝိညာဉ်ကြွက် ပြေးသွားသည်ကို ဂရုမစိုက်ဘဲ သူ၏အကြည့်သည် လုံချင်းပေါ်တွင် စွဲကပ်နေခဲ့သည်။
ရုတ်တရက် အဖြူရောင်စိတ်ဝိညာဉ်ကြွက်သည် ရပ်တန့်သွားပြီး အန်ဟောင်ကို ခေါင်းလှည့်ကြည့်ကာ သူ၏မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်နေသည်။
ဤလူကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ သူ ခံစားမိ၏။
အန်ဟောင်၏ အကြည့်ကို သတိထားမိချိန်၌ လုံချင်းသည် သူ၏ခြေလှမ်းများကို အလိုအလျောက် နှေးကွေးလိုက်သည်။ တခြားလူများရှေ့တွင် သူသည် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် လိုအပ်ပြီး တတိယဆေးပင်တောင်ကြားကို အရှက်ရစေ၍ မဖြစ်ချေ။ သူသည် အန်ဟောင်ထံသို့ ရောက်ရှိသွားသောအချိန်တွင် လုံချင်းသည် လက်သီးဆုပ်ပြီး ဦးညွှတ်၍ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောဆိုလိုက်၏။
"ငါက တတိယဆေးပင်တောင်ကြားက တပည့် လုံချင်းပါ....မင်းရဲ့နာမည်ကို သိခွင့်ပြုပါ...မင်းက တတိယဆေးပင်တောင်ကြားထဲကို ဝင်မလို့လား"
ယခုအချိန်တွင် တတိယဆေးပင်တောင်ကြားသည် အဓိပတိဂိုဏ်းအတွင်း၌ မြင့်မားသောဂုဏ်သတင်းကို ရရှိထားပြီး အစေခံတပည့်တစ်ဦးအနေဖြင့်ပင် မည်သူ့ကိုမဆို ယုံကြည်မှုဖြင့် ရင်ဆိုင်နိုင်သည်။
အန်ဟောင်သည် လုံချင်းကို စူးစမ်းလိုက်ပြီး မေးမြန်းလိုက်၏။
"မင်းနဲ့ ကုအန် ဘာပတ်သက်မှု ရှိလဲ"
သူ့ဆရာ၏နာမည်ကို တိုက်ရိုက်ပြောဆိုခြင်းနှင့် ထူးခြားသော အမူအယာတို့ကြောင့် လုံချင်းသည် အန်ဟောင်နှင့် သူ့ဆရာတို့၏ ဆက်ဆံရေးသည် ပေါ့တန်ခြင်းမရှိဟု မှန်းဆမိသည်။
"သူက ငါ့ရဲ့ဆရာပါ...သူ့ကို ရှာနေတာလား... သူက ဒီနေ့မှ ထွက်သွားတာမို့ ညနေလောက်ကျရင် ပြန်ရောက်လာပါလိမ့်မယ်...တောင်ကြားထဲကို ငါ လိုက်ပို့ရမလား"
"ဆရာ ဟုတ်လား....မင်းက သူ့ရဲ့ သားမြေးလို့ ငါ ဘာလို့ ခံစားမိနေပါလိမ့်"
အန်ဟောင်က ရယ်မောလိုက်သည်။
ဤစကားကို ကြားချိန်၌ လုံချင်းသည် ဒေါသမထွက်ချေ။ လူအမြောက်အများသည် ထိုသို့ ပြောဆိုခဲ့ပြီး သူကိုယ်တိုင်ပင်လျှင် သံသယဝင်ခဲ့သောကြောင့်ပင်။ သို့သော် ကုအန်သည် သူတို့အကြားတွင် သွေးသားတော်စပ်မှုမရှိကြောင်း ငြင်းဆိုခဲ့လေ၏။ နောက်ဆုံးတွင် လုံချင်းသည် အချိန်ကြာလာသည်နှင့်အမျှ သူ့ဆရာ၏ အမူအယာနှင့်စိတ်နေသဘောထားတို့ကို တုပမိသောကြောင့် ထိုသို့ဖြစ်သည်ဟု ယူဆခဲ့သည်။
လုံချင်းက ခေါင်းခါပြီး ပြောဆိုသည်။
"ငါက ဆရာ့ရဲ့သားမြေးမဟုတ်ပါဘူး..အဲ့ဒီလိုသာ ဖြစ်နိုင်ရင် အရမ်းကောင်းမှာပဲ"
အန်ဟောင်သည် ထပ်မမေးတော့ချေ။ လုံချင်း၏လေသံရှိ ဝမ်းနည်းမှု အရိပ်အယောင်ကိုလည်း သူ ဂရုမစိုက်ချေ။ အန်ဟောင်သည် ပြုံးပြီး ပြောဆိုလိုက်၏။
"ငါ့ကို တစ်ချက် ထိုးစမ်း....မင်း ငါ့ကို ထိခိုက်အောင် လုပ်နိုင်ရင် စိတ်ဝိညာဉ်စွမ်းအား မလိုတဲ့ နတ်ဘုရားစွမ်းရည်တွေ ငါ မင်းကို ပေးမယ်"
"ဒါက တကယ်ပဲ ကောင်းပါ့မလား"
လုံချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။
နတ်ဘုရားစွမ်းရည်လား....
မင်းက ငါ့ရဲ့ နောက်ထပ်ဆရာ တစ်ယောက် ဖြသ်ချင်နေတာလား။
သူသည် ရှန်ရှင်းကျီထံမှ နတ်ဘုရားစွမ်းရည်များကို သင်ယူခဲ့ပြီးဖြစ်သော်လည်း သူ၏ ထင်မြင်ချက်အရ ထိုအရာများသည် ထူးထူးခြားခြား မဟုတ်ချေ။
အန်ဟောင်သည် လက်တစ်ဖက်ကို မြှောက်ပြီး သူ၏မျက်နှာပေါ်တွင် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေကာ လှောင်ပြောင်လိုက်သည်။
"မင်း ကြောက်နေတာလား...ဒီလောက် အားကောင်းတဲ့ ရုပ်ခန္ဓာနဲ့တောင် လက်သီးတစ်ချက်ထိုးဖို့ အရမ်းကြောက်နေရင် ကောင်းကင်ဘုံက မင်းကို ပေးထားတဲ့ လက်ဆောင်ကို တန်ဖိုးမထားတာ မဟုတ်ဘူးလား"
ဤစကားကြောင့် လုံချင်း ဒေါသထွက်သွားသည်။
လုံချင်းသည် သူ၏ညာဘက်လက်ကို မြှောက်ကာ ဖြည်းညှင်းစွာ လက်သီးဆုပ်လိုက်ပြီး သိသာထင်ရှားသော အားလှိုင်းတစ်ရပ်သည် သူ၏လက်သီးကို ဖုံးအုပ်သွားပေ၏။ သူ၏ ဝတ်ရုံသည် လေထဲတွင် ပျံ့လွင့်နေပြီး ဆံပင်များ လူးလွန့်နေသောအချိန်တွင် သူ၏အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
လုံချင်း၏အမူအယာ တင်းမာသွားချိန်၌ အန်ဟောင်က သူသည် ကုအန်နှင့် ပို၍ပင်တူသည်ဟု ခံစားမိသည်။
လုံချင်းက အေးစက်တင်းမာစွာ ပြောဆိုသည်။
"ငါက မင်းကို ခြေသလုံးရိုးကျိုးအောင် လုပ်မိရင် နောင်တမရနဲ့"
အန်ဟောင်သည် မာန်မာနကြီးစွာ ရယ်မောပြီး တုံ့ပြန်လိုက်၏။
"ငါ့ကို ခြေသလုံးရိုးကျိုးအောင် လုပ်မယ်လို့ တွေးနေတာလား....မင်း နောက်ထပ် နှစ်တစ်သိန်းလောက် ကျင့်ကြံရင်တောင်မှ လုပ်နိုင်မှာမဟုတ်ဘူး"
လုံချင်း၏မျက်လုံးများတွင် အေးစက်စက် အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ရုတ်တရက် ရှေ့သို့တိုးလိုက်သည်။ သူသည် သူ၏ညာဘက်လက်သီးကို နောက်သို့ဆုတ်ထားပြီး သူ၏ခန္ဓာကိုယ်သည် လေးတစ်စင်းကို ဆွဲထားသကဲ့သို့ တည်ငြိမ်နေပေ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ ခွန်အားအကုန်အစင်ကို သူ၏လက်သီးထံသို့ ပေးပို့ပြီး ထိုးနှက်လိုက်သည်။
သူသည် အန်ဟောင်၏စွမ်းအား မြင့်မားသည်ကို ခံစားမိသည်။ ထို့ကြောင့် သူ မျက်နှာမပျက်လိုသောကြောင့် သူ၏စွမ်းအားကို အစွမ်းကုန်ထုတ်သုံးခဲ့လေ၏။
သူ၏လက်သီးချက်သည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားရာ အဝေးရှိ ဆေးပင်တောင်ကြားမှ တပည့်များကို လန့်ဖျပ်သွားစေသည်။ တောင်ပေါ်တွင်ဖြစ်စေ တောင်ကြားထဲတွင်ဖြစ်စေ ရှိနေသူတိုင်းသည် ဆူညံသံ၏အရင်းအမြစ်ထံသို့ လှည့်ကြည့်လိုက်ကြသည်။
ဆန်းကြယ်သန့်စင်သစ်ပင်အောက်တွင်လေ့ကျင့်နေခဲ့သော အန်ရှင်းသည်လည်း မျက်လုံးဖွင့်၍ အသံလာရာသို့ ကြည့်လိုက်ပြီး သူမ၏မျက်ခုံးများကို တင်းကြပ်စွာတွန့်ချိုးလိုက်သည်။