ပြီးဆုံးခြင်း
Vol. 45 Ch. 473
မဟာအကြီးအကဲနှင့် စကားပြောပြီးနောက် ထန်ထျန်းက ရေနှင့်သစ်သားလျှိုမြောင် (ရွှေမုကျန်း) သို့ ပြန်လာခဲ့သည်။
သေချာသည်မှာ သူက ယန်ရှို့အင်မော်တယ်အရှင်နှင့်အတူ ပြန်လာခြင်း ဖြစ်သည်။
ယန်ရှို့၏ သရုပ်မှန်ကို သိသွားပြီးနောက် ထန်ထျန်းက ယခုအခါ သူနှင့်အတူရှိနေချိန်တွင် ယခင်ကကဲ့သို့ နေရခက်သည့် ခံစားချက်မျိုး မရှိတော့ပေ။
လူတစ်ယောက်က အကြောင်းရင်းမရှိဘဲ သူ့အပေါ် ကောင်းပြနေလျှင် တစ်ခါတစ်ရံတွင် များစွာ တွေးတောမိတတ်ကြသည် မဟုတ်ပါလား။
သို့သော် ယခုမူ ထန်ထျန်းက အရာအားလုံးကို အသာတကြည် လက်ခံနိုင်သွားပြီ ဖြစ်သည်။
လမ်းခုလတ်တွင် ယန်ရှို့အင်မော်တယ်အရှင်က ရုတ်တရက် မေးလိုက်သည်။ "ထျန်းရွှမ်က ငါ့အကြောင်းတွေ မင်းကို အကုန်ပြောပြလိုက်ပြီလား"
ထျန်းရွှမ်ဆိုသည်မှာ မဟာအကြီးအကဲ၏ တာအိုနာမည်ပင် ဖြစ်သည်။
ထန်ထျန်းက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။ "မဟာအကြီးအကဲက အရှင်ဟာ ကျန့်ဟွမ်းတောင်က လာတယ်လို့ပဲ ကျွန်တော့်ကို ပြောပြပါတယ်"
ဤအဖြေကို ကြားလိုက်ရပြီးနောက် ယန်ရှို့အင်မော်တယ်အရှင်က ဆက်မပြောတော့ပေ။
ခဏတာ တိတ်ဆိတ်သွားပြီးမှ သူက ထပ်၍ ပြော လာသည်။"မင်း ရှန်လင် သန့်စင်မှုမှာ လုပ်ခဲ့တဲ့ လှုပ်ခတ်မှုတွေကြောင့် ကျန်တဲ့လူနှစ်ယောက်က သန့်စင်မှု ကို မပြီးဆုံးခဲ့ကြဘူး"
"အဲဒီအတွက် အစားအနေနဲ့ သူတို့ကို ကျင့်ကြံခြင်း ပတ်ဝန်းကျင် ပိုကောင်းတဲ့ နေရာတွေကို ငါ ပြောင်းရွှေ့ပေးလိုက်မယ်"
"တခြား နစ်နာကြေးတွေလည်း ရှိသေးတယ်၊ အဲဒါတွေ အားလုံးပေါင်းလိုက်ရင် သူတို့ သန့်စင်မှုမှာ ဆုံးရှုံးခဲ့တာတွေအတွက် လုံလောက်ပါတယ်၊ ဒါကြောင့် မင်း အဲဒီကိစ္စကို ထပ်တွေးမနေနဲ့တော့"
ထန်ထျန်း ကြောင်သွားရသည်။
ခုနက မဟာအကြီးအကဲ ပြောစကား အရ ဤကိစ္စကို သူ သိထားပြီးသား ဖြစ်သည်။
မူလက မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေခဲ့သော်လည်း ယန်ရှို့အင်မော်တယ်အရှင်က သူ့ကိုယ်စား အားလုံးကို ဖြေရှင်းပေးထားပြီးဖြစ်မည်ဟု မထင်ထားခဲ့ပေ။
"အင်မော်တယ်အရှင်ကို ကျေးဇူးတင်ပါတယ်"
ထန်ထျန်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။
ယန်ရှို့အင်မော်တယ်အရှင်က ခေါင်းကို အသာအယာ ညိတ်ပြပြီး ဘာမှ ထပ်မပြောတော့ပေ။
ခဏအကြာတွင် သူတို့က ထန်ထျန်း နေထိုင်ရာ နေရာသို့ ပြန်ရောက်လာကြသည်။
ရှောင်းယောင်ရွှင်နှင့် ယွမ်ယုတို့ နှစ်ဦးမှာ ပစ္စည်းများ အားလုံး သိမ်းဆည်းပြီး ဤနေရာတွင် စောင့်နေကြလေပြီ။
ထန်ထျန်း ရောက်လာသည်ကို မြင်သောအခါ ရှောင်းယောင်ရွှင်က မျက်နှာလွှဲလိုက်သည်၊ သူကတော့ သိသိသာသာပင် စိတ်ဆိုးနေဆဲ ဖြစ်သည်။
သို့သော် ယွမ်ယု၏ မျက်နှာမှာမူ ရှုပ်ထွေးနေပြီး ဘာတွေ တွေးနေမှန်း မသိနိုင်ပေ။
ရောက်လာပြီးသည်နှင့် ယန်ရှို့အင်မော်တယ်အရှင်က သူတို့နှစ်ဦးကို ခေါ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ထန်ထျန်းတွင်လည်း နေထိုင်ရာ နေရာအသစ် ရွေးချယ်နိုင်သော အခွင့်အရေး ရှိသော်လည်း သူက နေရာပြောင်းရွှေ့ရသည်ကို သိပ်မနှစ်သက်သဖြင့် ဤနေရာ၌ပင် ဆက်နေရန် ရွေးချယ်လိုက်သည်။
မကြာမီမှာပင် ရှောင်းယောင်ရွှင်နှင့် ယွမ်ယုတို့က ယန်ရှို့အင်မော်တယ်အရှင်နှင့်အတူ ထွက်ခွာသွားကြတော့သည်။
သို့သော် ဝေးဝေးမရောက်သေးမီမှာပင် ယွမ်ယုက ရုတ်တရက် လှည့်ပြန်လာပြီး ထန်ထျန်း၏ ရှေ့သို့ ရောက်လာသည်။
သူမ၏ မျက်နှာမှာ သွေးအားနည်းနေသေးသည့် ပုံစံရှိသော်လည်း ထန်ထျန်းကို ရှုပ်ထွေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ယုက တိုးညှင်းစွာ ပြော လိုက်သည်။
ထန်ထျန်းမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။
ဒီမိန်းကလေးက ဘာဖြစ်တာလဲ။
ယွမ်ယုက အခြေအနေကို ချက်ချင်းပင် ရှင်းပြလာသည်။
"တကယ်တော့ ရှန်လင် သန့်စင်မှုအတွင်းမှာ ကျွန်မက အဲဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားကို လုံးဝ တောင့်မခံနိုင်ခဲ့ဘူး။ "
"အကယ်၍ ရှင်က ကျွန်မရဲ့ သန့်စင်မှု ကို မနှောင့်ယှက် ခဲ့ဘူးဆိုရင်..."
"ကျွန်မ ထုန်းရှန့်တောင်ကိုပဲ ပြန်သွားရလိမ့်မယ် ထင်တယ်"
သူမက လေသံတိုးတိုးဖြင့် ပြော လိုက်သည်။
ထိုအခါမှ ထန်ထျန်း နားလည်သွားတော့သည်။
ယွမ်ယု အနေဖြင့် ရှန်းယွမ် စင်မြင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ အမှန်တကယ်တော့ ကံကောင်းခြင်း အနည်းငယ် ပါနေခြင်းကြောင့်ပင်။
မိုရှုက အလိုအလျောက် အရှုံးပေးခဲ့သလို သူမက ရှောင်းယောင်ရွှင်၊ ထန်ထျန်းတို့နှင့်လည်း မဆုံခဲ့ရပေ။ နှိုင်းယှဉ်ချက်အရ ပိုမို သန်မာသည့် ကောရှိုကွမ်းနှင့် ဟွမ်ထောင် တို့နှင့်ပင် မတွေ့ခဲ့ရချေ။
နောက်ဆုံးတွင် ကျန်းတောက်ရင် ကို အရည်အချင်းထက် ကျော်လွန်ကာ အနိုင်ရပြီးမှ ရှန်းယွမ် စင်မြင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သူမ၏ စစ်မှန်သော ပါရမီမှာ ဤသူများကဲ့သို့ မထူးချွန်လှပေ။
ထို့ကြောင့် ရှန်လင် သန့်စင်မှုနှင့် ရင်ဆိုင်ရချိန်တွင် အလွန်အမင်း ရုန်းကန်ခဲ့ရပြီး မခံမရပ်နိုင် ဖြစ်လုနီးပါး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
အားနည်း သော သူမအတွက်မူ ထန်ထျန်းက သန့်စင်မှု ကို အကြောင်းမဲ့ နှောင့်ယှက် လိုက်ခြင်းမှာ အမှန်တကယ်ပင် ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခု ဖြစ်သွားခဲ့သည်။
သို့သော် အခြားတစ်ဖက်မှ ကြည့်လျှင်လည်း ကံကောင်းခြင်း ဆိုသည်မှာ အစွမ်းတစ်ခုဟု အဘယ်ကြောင့် မသတ်မှတ်နိုင်ရပါမည်နည်း။
သူမက နောက်ဆုံးတွင် ဤနေရာ၌ ဆက်လက် ကျန်ရစ်ခွင့် ရရှိသွားပြီ ဖြစ်သည်။
"သိပ်မတွေးပါနဲ့"
ထန်ထျန်းက ပြုံးလျက် ပြော လိုက်သည်။ "လူတိုင်းမှာ ကိုယ့် ကံကြမ္မာနဲ့ ကိုယ် ရှိကြတာပဲ"
"မင်း ထုန်းရှန့်တောင်ကို ပြန်မသွားရဘူးဆိုရင် မင်းရဲ့ ကံကြမ္မာက ဒီမှာပဲ ရှိနေလို့ပေါ့။ "
"ဒီလို ကံကောင်းခြင်း ကို အလဟဿ မဖြုန်းတီးလိုက်ပါနဲ့"
ယွမ်ယုက ထန်ထျန်းကို ကြည့်ကာ သက်ပြင်း တစ်ချက်ချ လိုက်သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်ပြီးမှ ယန်ရှို့အင်မော်တယ်အရှင်၏ ဘေးသို့ ပြန်သွားကာ အတူတကွ ထွက်ခွာသွားကြတော့သည်။
သူတို့ ပျောက်ကွယ်သွားသည့် ကျောပြင်ကို ကြည့်ရင်း ထန်ထျန်းက အသာအယာ ပြုံးကာ ခေါင်းခါလိုက်သည်။
နောက်တစ်ခါ သူတစ်ယောက်တည်း ကျန်ခဲ့ပြန်ပြီ။
ကောင်းပါတယ်လေ ၊ သူကိုယ်တိုင်ကလည်း တိတ်ဆိတ်မှုကို နှစ်သက်သူ မဟုတ်ပါလား။
ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအားများမှာ အလွန်ပင် ပြည့်လျှံနေဆဲ ဖြစ်ရာ ၎င်းတို့ကို လုံးဝ ချေဖျက်ပြီးသည့်အခါမှ မြင့်မြတ် သားတော် အဖြစ် အဆင့်တက်မည့် အသေးစိတ် စည်းမျဉ်းများကို သွား စုံစမ်းရတော့မည်။
ထန်ထျန်းက အပျင်းကြောကို အကျအန ဆန့်လိုက်ပြီးနောက် အစီအရင်တိုကင်ကို ထုတ်ကာ သူ့ အနီရောင် အုတ်ခြံ ဝင်းကြီးအတွင်းသို့ ပြန်ဝင်ခဲ့သည်။
......
တစ်လဆိုသော အချိန်မှာ မကြာမီပင် ကုန်ဆုံးသွားခဲ့သည်။
ဤကာလအတွင်း ထန်ထျန်းက ရှန်လင် သန့်စင်မှုမှ ရရှိခဲ့သော အင်မော်တယ်စွမ်းအားများကို လုံးဝ ချေဖျက်ရန်အတွက် ဆယ်ရက်ကျော် အချိန်ယူခဲ့ရသည်။
သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း တဟုန်ထိုး တိုးတက်လာခဲ့ပြီး အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် အတားအဆီးကို တိုက်ရိုက် ချိုးဖျက်ကာ အင်မော်တယ်ဘုရင် နှောင်းပိုင်းအဆင့် သို့ ရောက်ရှိသွားခဲ့သည်။
စုစုပေါင်း တစ်လကျော်အတွင်းမှာပင် မြင့်မြတ်ရွှေအင်မော်တယ် အထွတ်အထိပ် အဆင့် မှ အင်မော်တယ်ဘုရင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်ရာ ဤကျင့်ကြံခြင်း အမြန်နှုန်း မှာ သူ သေမျိုးနယ်ပယ် တွင် ရှိစဉ်ကထက်ပင် ပိုမို မြန်ဆန်နေတော့သည်။
ထို့ကြောင့် မြင့်မြတ်ရွှေအင်မော်တယ် အဆင့်မှာ ထန်ထျန်းအတွက် အခက်ခဲဆုံး အဆင့်ဖြစ်သည်ဟု ဆိုခဲ့ခြင်းမှာ လျှောက်ပြောနေခြင်း မဟုတ်ပေ။
သို့သော် ဤအရာအားလုံးမှာ ရှန်လင် သန့်စင်မှု၏ ကျေးဇူးကြောင့် ဖြစ်ကြောင်း ထန်ထျန်း ကောင်းကောင်း နားလည်ထားသည်။
အကယ်၍ ဤကဲ့သို့ နောက်ထပ် အကြိမ်အနည်းငယ်လောက်သာ ရှိဦးမည်ဆိုလျှင်...
စွမ်းအားများကို ချေဖျက်ပြီးနောက် ထန်ထျန်းက မြင့်မြတ် သားတော်လောင်းလျာ တစ်ဦးအနေဖြင့် မည်သို့လုပ်လျှင် စစ်မှန်သော မြင့်မြတ် သားတော် ဖြစ်လာနိုင်မည်ကို စုံစမ်းကြည့်ခဲ့သည်။
သို့သော် ရရှိလာသော ရလဒ်မှာ မဟာအကြီးအကဲ ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။
မြင့်မြတ် သားတော် အဆင့်အတန်း မှာ အလွန်ပင် အမှတ်မထင် ဖြစ်ပေါ်တတ်သည်။
တစ်ခါတစ်ရံတွင် တစ်နှစ်လျှင် တစ်ကြိမ် ရွေးချယ်မှု ပြုလုပ်တတ်သော်လည်း တစ်ခါတစ်ရံတွင်မူ နှစ်ပေါင်းများစွာကြာသည်အထိ တစ်ကြိမ်မျှ မရှိတတ်ပေ။
နောက်ဆုံး မြင့်မြတ် သားတော် ရွေးချယ်မှုမှာ လွန်ခဲ့သော ခြောက်နှစ်ခန့်က ဖြစ်သဖြင့် ယခုအခါ ရေနှင့်သစ်သားလျှိုမြောင်ရှိ မြင့်မြတ် သားတော်လောင်းလျာ အရေအတွက်မှာ နည်းသည်တော့ မဟုတ်ပေ။
အင်မော်တယ်အရှင် အဆင့်သို့ ရောက်ရှိပြီးနောက် မြင့်မြတ် သားတော်လောင်းလျာများက အချိန်မရွေး ထွက်ခွာကာ အခြားနေရာများတွင် တာဝန်ထမ်းဆောင်နိုင်သော်လည်း ထိုရာထူးကို ရရှိနိုင်မည့် အခွင့်အရေးရှိနေသရွေ့ မည်သူမျှ လက်လွှတ်မည် မဟုတ်ပေ။
အချိန်ကာလမှာ ပုံသေမရှိသလို ရွေးချယ်သည့် ပုံစံများမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။
ပြီးခဲ့သည့်အကြိမ်က ကမ္ဘာ၏ ထောင့်ရှိ ညစ်ညမ်းသော နေရာတစ်ခုကို သွားရောက် ရှင်းလင်းရခြင်း ဖြစ်သည်။
ထိုမတိုင်မီ အကြိမ်ကမူ နိယာမများ ရှုပ်ထွေးနေသော နေရာတစ်ခုတွင် ထူးခြားသော ပစ္စည်းအချို့ကို သွားရောက် ရှာဖွေရခြင်း ဖြစ်သည်။
၎င်းတို့ထက် စောသော အကြိမ်မှာမူ သူတို့၏ ကျင့်ကြံခြင်း အဆင့်အားလုံးကို ချိတ်ပိတ်ကာ လူသားလောကတွင် သာမန်လူအဖြစ် စိတ်ကို ကျင့်ကြံစေခြင်း ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ကွဲပြားမှုများမှာ အလွန်ကြီးမားပြီး ပုံစံအမျိုးမျိုး ရှိနေသည်။
ထို့ကြောင့် နောက်တစ်ကြိမ် ရွေးချယ်မှုမှာ မည်သို့သော ပုံစံဖြစ်လာမည်ကို မည်သူမျှ ကြိုတင် မခန့်မှန်းနိုင်ပေ။
ထန်ထျန်းက ရက်အနည်းငယ်ကြာ စုံစမ်းပြီးနောက် လက်လျှော့လိုက်တော့သည်။
ဤကဲ့သို့သော ကိစ္စမျိုးမှာ အမှန်တကယ်ပင် စောင့်ဆိုင်းရုံမှတစ်ပါး အခြားမရှိပေ။
သို့သော် သတင်းကောင်းမှာ ထျန်းဖူနန်းတော် သမိုင်းတစ်လျှောက်တွင် မြင့်မြတ် သားတော် ရွေးချယ်မှု ကြားကာလ အရှည်ဆုံးမှာ ရှစ်နှစ်ထက် မကျော်လွန်ဖူးခြင်း ဖြစ်သည်။
ထို့ကြောင့် အလွန်ဆုံး စောင့်ရလျှင် တစ်နှစ်ကျော်ခန့်သာ စောင့်ရပေလိမ့်မည်။
ဒါကတော့ တောင့်ခံနိုင်ပါသေးသည်။
ဤအရာများကို ရှင်းလင်းသွားပြီးနောက် ထန်ထျန်းက သူ၏ အနီရောင် အုတ်ခြံ ဝင်းကြီးသို့ ပြန်သွားကာ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ရင်း အင်မော်တယ်ဘုရင် အထွတ်အထိပ် အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်တော့သည်။
နောက်ထပ် ကျင့်ကြံခြင်း သံသရာတစ်ခု အပြီးတွင် ထန်ထျန်း၏ အော်ရာ မှာ ပိုမို လေးနက် တည်ငြိမ်လာခဲ့သည်။
ကျင့်ကြံခြင်းမှာလည်း ပုံမှန်အတိုင်း ရှေ့သို့ တိုး နေသည်။
သို့သော် ထိုအချိန်မှာပင် သူ၏ ကိုယ်ပေါ်ရှိ ဆက်သွယ်ရေး ကျောက်စိမ်းပြားက ရုတ်တရက် လင်းထိန်လာခဲ့သည်။
ထုတ်ကြည့်လိုက်သောအခါ ၎င်းမှာ ဝမ်ကန်း ဆီမှ ဖြစ်နေသည်။
ကျောက်စိမ်းပြားကို ဖွင့်လိုက်သည်နှင့် ဝမ်ကန်း ပေးပို့ထားသော သတင်းမှာ မျက်စိရှေ့သို့ ရောက်ရှိလာတော့သည်။
"သခင်လေး..."
"ရှောင်ကျိက ပုံရိပ်ယောင်ကမ္ဘာ ရဲ့ အဓိက သယ်ဆောင်သူ ကို စစ်ဆေး လို့ ပြီးသွားပါပြီ"
ထန်ထျန်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားပြီး ဝုန်းခနဲ မတ်တပ်ရပ်လိုက်မိသည်။
နောက်ဆုံးတော့ အောင်မြင်သွားပြီပေါ့
ထို့နောက် သူက အနီရောင် အုတ်ခြံ ဝင်းကြီးအတွင်းမှ ထွက်ကာ ထျန်းချီတောင်၏ ဝင်ပေါက် ဆီသို့ ဦးတည်ရင်း ပျံသန်းသွားတော့သည်။