အလကားရတာက ပိုတန်ဖိုးကြီးတယ်
Vol. 45 Ch. 480
ပုံရိပ်ယောင်ကမ္ဘာသစ်အတွင်း၌ ထန်ထျန်းနှင့် ဝမ်ကန်းတို့က တစ်ရက်တိတိ အချိန်ကုန်ဆုံးခဲ့ကြသည်။
ထန်ထျန်းက သူစဉ်းစားမိသမျှ စိတ်ကူးစိတ်သန်းများကို တစ်ခုမကျန် အကောင်အထည်ဖော်ခဲ့သည်။
ထူးဆန်းစုံလင်ပြီး အကန့်အသတ်မဲ့လှသော ထိုဒီဇိုင်းများကြောင့် ဝမ်ကန်းမှာ အံ့သြလွန်း၍ ထုံထိုင်းသည့်အဆင့်သို့ပင် ရောက်ရှိသွားခဲ့ရသည်။
အရာအတော်များများကို သူက ကြားပင်မကြားဖူးသဖြင့် ပြည့်စုံသော ဒီဇိုင်းတစ်ခုအဖြစ် ဖန်တီးရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
သို့သော် ကုန်သည်တစ်ဦး၏ ဗီဇအရ ဝမ်ကန်းက ဤစိတ်ကူးများအတွင်း၌ ဖုံးကွယ်နေသော ကြီးမားသည့် လုပ်ကိုင်နိုင်စွမ်းနှင့် အခွင့်အလမ်းများကို မြင်တွေ့နေရသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤဒုတိယကမ္ဘာ၏ အခြေခံပုံစံမှာ အကြမ်းဖျင်း ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ဆက်လုပ်ရမည်မှာ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ရန်နှင့် ဤကမ္ဘာထဲသို့ "မြို့သူမြို့သား" အမြောက်အမြားကို ခေါ်ဆောင်လာရန်သာ ဖြစ်သည်။
ဤအရာများ ပြီးဆုံးပြီးနောက် ထန်ထျန်းနှင့် ဝမ်ကန်းတို့က ပုံရိပ်ယောင်ကမ္ဘာမှ ပြန်လည်ထွက်လာကြသည်။
ဝမ်ကန်းမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော အံ့သြမှုများမှ ရုန်းမထွက်နိုင်သေးဘဲ တိုးတိုးလေး ရေရွတ်နေမိသည်။ "သခင်လေး... ဒါက တကယ့်ကို အိပ်မက်ဆန်လွန်းတယ်ဗျာ။ "
"အံ့သြစရာကောင်းတဲ့ အိပ်မက်တစ်ခု မက်ခဲ့ရသလိုပဲ"
ထန်ထျန်းက ပြုံးနေရုံသာရှိပြီး ဘာမှ ပြန်မပြောပေ။
ဒါက ကမ္ဘာတစ်ခုချင်းစီရဲ့ အသိဉာဏ်ဘောင် ကန့်သတ်ချက်ကြောင့်သာ ဖြစ်သည်။ အကယ်၍ နည်းပညာထွန်းကားသော ကမ္ဘာမှ လူတစ်ယောက်ကို ကျင့်ကြံခြင်းလောကသို့ ခေါ်ဆောင်လာလျှင်လည်း သူက အိပ်မက်မက်နေသကဲ့သို့ ခံစားရပေလိမ့်မည်။
"ဒါနဲ့ သခင်လေး... "
"ကျွန်တော်တို့ရဲ့ ဒီကမ္ဘာက ကိုယ်ပိုင်အမည်တစ်ခု ရှိသင့်တယ်ထင်တယ်"
ဝမ်ကန်းက ပြုံးလျက် ပြောသည်။
"ပုံရိပ်ယောင်ကမ္ဘာ ဆိုတဲ့ နာမည်ဟောင်းကို ဆက်သုံးနေလို့တော့ မဖြစ်ဘူးလေ"
ထန်ထျန်းက ခေါင်းညိတ်ကာ "အဲဒါကတော့ မဖြစ်နိုင်ဘူးပေါ့။"
" ငါတို့ဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာက မူလကမ္ဘာကနေ ဆင်းသက်လာတာဆိုပေမဲ့ ၎င်းထက် အဆပေါင်းများစွာ သာလွန်ပြီး အထက်မှာ ရှိနေတာ။ "
"ဒါကြောင့် နာမည်ကိုတော့ သေသေချာချာ စဉ်းစားရမယ်၊ ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး"
ခဏမျှ လေးလေးနက်နက် စဉ်းစားပြီးနောက် ထန်ထျန်းက ဖြည်းညှင်းစွာ ဆိုလိုက်သည်။ "ဒါက အလွန်စစ်မှန်တဲ့ ပုံရိပ်ယောင်ကမ္ဘာတစ်ခုဆိုတော့... "
"ဟင်းလင်းပြင် နယ်မြေ လို့ပဲ ခေါ်ကြရအောင်"
ဝမ်ကန်း : ...
တကယ်ကို မပေါ့တန်တဲ့ နာမည်ပါပဲလား
"သခင်လေးရဲ့ စာပေအဆင့်အတန်းက တကယ့်ကို မြင့်မားလှပါတယ်"
ဝမ်ကန်းက ချီးမွမ်းရန် စကားလုံးကို အတော်ကြာအောင် စဉ်းစားခဲ့ရသည်။
ထန်ထျန်းက သူ့ကို တစ်ချက်ကြည့်လိုက်ကာ ဤကောင်မှာ နှုတ်ကသာ ချီးကျူးနေသော်လည်း စိတ်ထဲက မပါမှန်း သိနေသည်။
သို့သော် ထန်ထျန်းအမြင်တွင် နာမည်ဆိုသည်မှာ နာမည်တစ်ခုမျှသာဖြစ်ပြီး အလွန်အမင်း အားထုတ်နေစရာ မလိုဟု ထင်သည်။ ဖုန်းရွှေကြည့်ပြီး နက္ခတ်ဗေဒင် တွက်နေရဦးမှာလား။
အဓိက အကြောင်းရင်းကတော့ သူက နာမည်ပေးရမှာ ပျင်းနေလို့ပင် ဖြစ်သည်။
ဤသို့ဖြင့် ထန်ထျန်း၏ "သေသေချာချာ စဉ်းစားမှု" အောက်တွင် ပုံရိပ်ယောင်ကမ္ဘာ၏ အမည်ကို ဟင်းလင်းပြင် နယ်မြေ ဟု တရားဝင် သတ်မှတ်လိုက်ကြသည်။
တိတိကျကျ ပြောရလျှင် 'ဟင်းလင်းပြင် ဗားရှင်း ၁.၀' ပင် ဖြစ်သည်။
နောင်တွင် ဆက်လက် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး အထူးသဖြင့် အဓိကသယ်ဆောင်သူအတွက် ပိုမိုကောင်းမွန်သော ပစ္စည်းများကို ထန်ထျန်း ရှာဖွေရဦးမည်။ ထိုမှသာ ဟင်းလင်းပြင်နယ်မြေ ၏ နယ်ပယ်ကို ပိုမိုချဲ့ထွင်နိုင်မည် ဖြစ်သည်။
အမည်သတ်မှတ်ပြီး အခြေခံပုံစံလည်း ပေါ်လာပြီဖြစ်သဖြင့် နောက်ထပ်လုပ်ရမည့် အဆင့်မှာ ဟင်းလင်းပြင် နယ်မြေ ၏ "အတွင်းပိုင်း စမ်းသပ်မှု" အတွက် ပထမဆုံးသော လူတစ်စုကို ရှာဖွေရန် ဖြစ်သည်။
စမ်းသပ်သူများ မရှာဖွေမီ ဟင်းလင်းပြင် သို့ ဝင်ရောက်နိုင်မည့် "ဝင်ပေါက်" အမြောက်အမြားကို အရင်ဖန်တီးရန် လိုအပ်သည်။
မူလ ပုံရိပ်ယောင်ကမ္ဘာ၏ နည်းလမ်းမှာ နယ်မြေတစ်ခုကို ပုံသေ သတ်မှတ်ပြီး ထိုနေရာတွင် ဝင်ပေါက် လမ်းကြောင်းကို တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို့နောက်မှ ထန်ထျန်း ယခင်က သုံးခဲ့သော "သော့" ကို အသုံးပြု၍ ဝင်ရောက်ရခြင်း ဖြစ်သည်။
သို့သော် ထန်ထျန်းက ထိုနည်းလမ်းကို အသုံးမပြုလိုပေ။
အင်တာနက် သုံးချင်လျှင် ဆိုင်ကိုသွားရမည်ဆိုသည့် နည်းလမ်းနှင့် လူတိုင်းလက်ထဲတွင် ဖုန်းရှိနေပြီး အချိန်မရွေး အင်တာနက် သုံးနိုင်သည့် နည်းလမ်း... မည်သည့်အရာက ပို၍ တိုးတက်မှုကို ဖြစ်စေသနည်း။
အဖြေမှာ ရှင်းနေပါသည်။
ထို့ကြောင့် ထန်ထျန်း လုပ်ရမည့်အရာမှာ အချိန်မရွေး နေရာမရွေး သုံးနိုင်သည့် "လက်ကိုင်ဖုန်း" ကဲ့သို့သော ပစ္စည်း ကို ဖန်တီးရန် ဖြစ်သည်။
ဤကိစ္စမှာ ကြားရသည်မှာ လွယ်သကဲ့သို့ ရှိသော်လည်း... တကယ်တမ်းတွင်လည်း မခက်ခဲလှပေ။
အခြားကျင့်ကြံသူများအတွက်မူ အလွန်ခက်ခဲပေလိမ့်မည်။
မူလ ပုံရိပ်ယောင်ကမ္ဘာ၏ အစီအရင်ပြားမှာ အလွန်ရှုပ်ထွေးသော အစီအရင်ပေါင်း ရာကျော်ကို ပေါင်းစပ်ထားမှသာ ဝိညာဉ်ကို စေလွှတ်နိုင်ခြင်းနှင့် ပစ္စည်းများကို အဝေးသို့ ပို့ဆောင်နိုင်ခြင်းဆိုသည့် စွမ်းရည်နှစ်ခုကို ရရှိခြင်း ဖြစ်သည်။
ထန်ထျန်း ဖန်တီးလိုသည့် အစီအရင်ပြားမျိုးအတွက်မူ အနည်းဆုံး အစီအရင်ပေါင်း သောင်းချီကို ပေါင်းစပ်ပြီး အသေးစိတ် မိုက်ခရိုအဆင့်အထိ ဖန်တီးရမည် ဖြစ်သည်။
ထိုသို့လုပ်ရန် လိုအပ်သော တွက်ချက်မှုစွမ်းအားမှာ ထိတ်လန့်စရာ ကောင်းလှသည်။
အစီအရင်ပညာရှင်ကြီးများပင်လျှင် မည်သည့်နေရာမှ စတင်ရမှန်း သိမည်မဟုတ်ပေ။
သို့သော် ထန်ထျန်းတွင်မူ "ရှောင်ကျိ " ရှိနေသည်။
ရှောင်ကျိ၏ တွက်ချက်မှုစွမ်းအားမှာ အောက်ခြေမရှိသော တွင်းနက်ကြီးကဲ့သို့ပင်။ ထန်ထျန်းပင်လျှင် ၎င်း၏ အကန့်အသတ်ကို မသိပေ။
ရှောင်ကျိကို တာဝန်ပေးလိုက်ပြီးနောက် တစ်နာရီမပြည့်မီမှာပင် အစီအရင်ပြား ဒီဇိုင်းကို အပြည့်အစုံ ဆွဲပေးခဲ့သည်။
ဤမိုဘိုင်းအစီအရင်ပြားမှာ ဟင်းလင်းပြင် နယ်မြေ သို့ အချိန်မရွေး ဝင်ရောက်နိုင်ပြီး ပစ္စည်းများ ပို့ဆောင်နိုင်ရုံသာမက တိုက်ရိုက် စာပို့ခြင်း၊ ဗီဒီယိုဖြင့် စကားပြောခြင်း စသည့် လုပ်ဆောင်ချက်များပါ ပါဝင်သည်။ ဤအရာ ရှိလျှင် ဆက်သွယ်ရေး ကျောက်စိမ်းပြားများပင် မလိုတော့ဘဲ မိမိဆက်သွယ်ချင်သူကို အချိန်မရွေး ဆက်သွယ်နိုင်သည်။
၎င်းအပြင် ရှောင်ကျိက အစီအရင်များကိုလည်း လျှို့ဝှက်ကုဒ်များဖြင့် ကာကွယ်ထားသဖြင့် သူတစ်ပါး ခိုးယူဖော်ထုတ်၍ မရနိုင်ပေ။
အထူးခြားဆုံးအချက်မှာ အစီအရင်ပြား သွန်းလုပ်ခြင်း လုပ်ငန်းစဉ်ကို သီးခြားအဆင့်ပေါင်း တစ်ရာကျော် ခွဲခြားထားခြင်း ဖြစ်သည်။ သာမန် အစီအရင်ပညာရှင် အမြောက်အမြားရှိလျှင်ပင် ၎င်းကို အလွယ်တကူ သွန်းလုပ်နိုင်ပေလိမ့်မည်။
ဒါက ဟင်းလင်းပြင် နယ်မြေ ကို လူသိများအောင် ဖြန့်ချိရာတွင် အလွန်အရေးကြီးသော အချက်ဖြစ်သည်။
ထန်ထျန်းက စဉ်းစားပြီးနောက် ဝမ်ကန်းကို ပြောလိုက်သည်။ "မင်း အမြန်ဆုံး သင့်တော်တဲ့ လူတွေကို ရွေးချယ်ပြီး ဟင်းလင်းပြင် နယ်မြေ ကို စမ်းသပ်ခိုင်းလိုက်။"
" ငါတို့ အတွင်းပိုင်းမှာ အရင်ဆုံး ပြည့်စုံအောင် လုပ်ပြီးမှ အပြင်ကို ဆက်ပြီး ဖြန့်မယ်။ "
"ပြီးတော့ မိုဘိုင်းအစီအရင်ပြားတွေကိုလည်း စတင် သွန်းလုပ်ခိုင်းတော့၊ အင်ပြည့်အားပြည့် လုပ်ပါ၊ အရေအတွက် များလေ ကောင်းလေပဲ။"
" ဟင်းလင်းပြင် နယ်မြေ ကို တရားဝင် ဖွင့်တဲ့အချိန်မှာ လူတိုင်း ဝင်လို့ရအောင် အစီအရင် ပြားတွေ အလုံအလောက် ရှိနေဖို့ သေချာပါစေ"
ဝမ်ကန်းက ခေါင်းညိတ်၍ အမိန့်များကို မှတ်သားလိုက်သည်။
ထို့နောက် သူက မေးလိုက်သည်။ "သခင်လေး... နောက်ထပ် ပြဿနာတစ်ခုကတော့ အစီအရင်ပြားရဲ့ ဈေးနှုန်းသတ်မှတ်ချက်ပါပဲ။ "
"သွန်းလုပ်တဲ့ ပစ္စည်းဖိုးက သိပ်မများပေမဲ့ ၎င်းရဲ့ ဒီဇိုင်းနဲ့ လူအင်အား စိုက်ထုတ်မှုက တန်ဖိုးအရှိဆုံး ဖြစ်နေတယ်။"
" ဒါပေမဲ့ ဟင်းလင်းပြင် နယ်မြေ စဖွင့်တဲ့ ကာလမှာတော့ လူတွေကို ဆွဲဆောင်နိုင်ဖို့ ဈေးနှုန်းကို လျှော့ပြီး သတ်မှတ်သင့်တယ်လို့ ကျွန်တော် ထင်တယ်ဗျ။ "
"သခင်လေး ဘယ်လို ထင်လဲ"
ထန်ထျန်းက ပြုံးကာ ပြောလိုက်သည်။ "မင်း အရေးကြီးတဲ့ အချက်ကို မြင်တယ်၊ ဒါပေမဲ့ အကုန်လုံးတော့ မဟုတ်သေးဘူး။ "
"ငါတို့ရဲ့ အစီအရင်ပြားတွေကို ဈေးလျှော့ရုံတင် မဟုတ်ဘူး၊ လုံးဝ အလကား ပေးမှာ"
"ဒါ့အပြင် အမြဲတမ်း အလကားပေးဖို့ ငါ ဆုံးဖြတ်ထားတယ်"
ဝမ်ကန်း ချက်ချင်း မှင်တက်သွားသည်။
ထန်ထျန်းက ရေတိုအကျိုးအမြတ်ကို အလေးမထားမှန်း သူသိသော်လည်း ယခုကဲ့သို့ အစီအရင်ပြား အားလုံးကို အလကားပေးမည်ဆိုသည်မှာ အလွန်ပင် လွန်ကဲလွန်းနေသည် မဟုတ်ပါလား။
ကုန်ကျစရိတ် နည်းသည်ဆိုဦးတော့၊ အကြီးအကျယ် ဖြန့်ချိသည့်အခါတွင် ၎င်းမှာ ကြီးမားသော ဝင်ငွေတစ်ခု ဖြစ်လာနိုင်သည်လေ။
ဤမျှ လက်တစ်ကမ်းတွင် ရှိနေသည့် အကျိုးအမြတ်ကို စွန့်လွှတ်မည်လား။
ဝမ်ကန်းက သူ၏ သံသယကို မေးလိုက်သည်။
ထိုအခါ ထန်ထျန်းက ပြုံးလျက် ခေါင်းခါလိုက်သည်။
"မင်း ဒီစကားတစ်ခွန်းကို မကြားဖူးသေးလို့ ဖြစ်လိမ့်မယ်"
"အလကားရတာက ပိုတန်ဖိုးကြီးတယ် ဆိုတာကိုပေါ့"
"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ နောင်တစ်ချိန် ဟင်းလင်းပြင် နယ်မြေ ရဲ့ အတိုင်းအတာက လုံလောက်အောင် ကြီးမားလာတဲ့အခါ မင်း အလိုလို နားလည်သွားပါလိမ့်မယ်"
ဝမ်ကန်းမှာ ငေးကြောင်နေမိတော့သည်။
သူ လုံးဝ နားမလည်သေးသော်လည်း တကယ့်ကို အစွမ်းထက်သည့် အရာတစ်ခုဟု ခံစားနေရသည်။
ထို့ပြင် ထန်ထျန်း၏ လုပ်ရပ်များမှာ မည်သည့်အခါမှ သာမန်လူများ နားလည်နိုင်သော အရာများ မဟုတ်ခဲ့သည် မဟုတ်ပါလား။
ခြွင်းချက်မရှိ ယုံကြည်လိုက်ရုံပါပဲလေ~