← Chapters

အခန်း (၁၈၈-၁၈၉)

Vol. 18 Ch. 188-189

အခန်း (၁၈၈-၁၈၉)

Vol. 18 Ch. 188-189

အခန်း (၁၈၈) ထိတ်လန့်ဖွယ် စွမ်းအားကို ပြန်လည် ဆွဲယူခြင်း

"နိုးလာပြီလား လူငယ်လေး... ဘယ်နေရာကများ မသက်မသာ ဖြစ်နေသေးလဲ.."

"အခုတော့ အဆင်ပြေသွားမှာပါ... ကားက သိပ်မမြန်လို့ တော်သေးတာပေါ့... မဟုတ်ရင် ဒီလောက်နဲ့ တင် ပြီးမှာ မဟုတ်ဘူး..."

"အေးလေ... ဒဏ်ရာ သိပ်မပြင်းတာ ကံကောင်းတယ်လို့ ပြောရမယ်..."

ဆူညံသံများက ချန်ဖေး၏ နားထဲသို့ တိုးဝင်လာ၏။ သူသည် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အဝတ်အစားများ၊ လက်ကိုင်ဖုန်းများနှင့် အဝေးမှ မြင့်မားလှသော အဆောက်အဦးများကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ရင်းနှီးနေသော မြင်ကွင်း ဖြစ်သော်လည်း ဝေဝါးနေသည့် မြင်ကွင်းတစ်ခု ဖြစ်၏။

ဤအရာအားလုံးမှာ ချန်ဖေး၏ စိတ်ထဲတွင် ကြာမြင့်စွာကတည်းက ရှိနေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ချန်ဖေးသည် ထရပ်၍ ပတ်ဝန်းကျင်ကို ကြည့်ကာ ဝမ်းနည်းမှု အနည်းငယ်ကို ခံစားလိုက်ရ၏။

"လူငယ်လေး... အရင် လဲလျောင်းနေပါဦး... လူနာတင်ကား လာနေပြီ..." တစ်စုံတစ်ယောက်က စိုးရိမ်တကြီး ပြောလိုက်သည်။

ချန်ဖေးက ပြန်မဖြေဘဲ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်၏။

"ငါ အမြဲတမ်း တောင့်တနေခဲ့တဲ့ အရာတွေ... အခုတော့ အသေးစိတ် အချက်အလက်တွေတောင် မမှတ်မိတော့ဘူးပဲ..."

ချန်ဖေးက တိုးတိုးလေး ရေရွတ်လိုက်သည်။

ယခုအချိန်တွင် သူ၏ မျက်စိထဲ၌ အဝေးမှ အဆောက်အဦးများမှာ ပုံရိပ်ကြမ်းများသာ ရှိတော့ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာမှာလည်း ဝေဝါးနေ၏။

ဤအရာအားလုံးမှာ အိပ်မက်တစ်ခု၊ လှည့်စားမှုတစ်ခုသာ ဖြစ်သည်...။

ချန်ဖေး၏ စိတ်စွမ်းအားမှာ သာမန် ကျင့်ကြံသူများထက် များစွာ သာလွန်သဖြင့် ဤမျက်လှည့်ကို တစ်ခဏအတွင်းမှာပင် သူ ရိပ်မိလိုက်ခြင်း ဖြစ်၏။ သူ၏ စိတ်ထဲတွင် ဖြစ်ပေါ်သွားသော ရှုပ်ထွေးမှုမှာ သူ၏ အတိတ်ဘဝမှ မြင်ကွင်းများကို ရုတ်တရက် မြင်တွေ့လိုက်ရခြင်းကြောင့်သာ ဖြစ်သည်။

"ကွဲအက်စမ်း..."

ချန်ဖေးက အော်ဟစ်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ ရုတ်တရက် ရပ်တန့်သွားပြီး မှန်ကွဲသကဲ့သို့ ကွဲအက်သွားကြ၏။ ထို့နောက် မှောင်မိုက်သော နေရာတစ်ခုမှ ပြင်းထန်သော ဆွဲအားတစ်ခုက ချန်ဖေးကို ဆွဲယူသွားတော့သည်။

နောက်တစ်ခဏတွင် ချန်ဖေး မျက်လုံးပွင့်လာပြီး သူသည် အစစ်အမှန်တပည့် ခန်းမ၏ နောက်ဖေး ခြံဝင်းအတွင်း၌ ရပ်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူ၏ ညာဘက် လက်ဖဝါးမှာ ဝိညာဉ်သန့်စင် လုံးလုံးပေါ်မှ ကွာကျသွားခဲ့ပြီ ဖြစ်သည်။

ငြိမ်သက်နေသော ဝိညာဉ်သန့်စင် လုံးလုံးမှာ ချန်ဖေး၏ ခန္ဓာကိုယ်ပတ်လည်တွင် အလင်းတန်းလေးများ ထွက်ပေါ်လာစေပြီးနောက် တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွား၏။

"ဂုဏ်ယူပါတယ် ညီလေးချန်... စရိုက်လက္ခဏာ စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ..."

တာဝန်ကျ တပည့်က ချန်ဖေးကို အံ့အားသင့်စွာ ကြည့်ရင်း ဆိုလိုက်သည်။

ဤမျှ မြန်မြန်ဆန်ဆန် စမ်းသပ်မှုကို အောင်မြင်နိုင်သူမှာ အလွန် ရှားပါးလှ၏။ ဝိညာဉ်သန့်စင် လုံးလုံးသည် လူတစ်ဦး၏ စိတ်ထဲမှ နက်ရှိုင်းသော လျှို့ဝှက်ချက်များကို မြင်တွေ့နိုင်သော်လည်း ထိုလျှို့ဝှက်ချက်မှာ ဂိုဏ်းအတွက် အန္တရာယ် မရှိသရွေ့ အရေးမကြီးပေ။ ထို့ကြောင့် ချန်ဖေးသည် ချောမွေ့စွာ အောင်မြင်ခဲ့ခြင်း ဖြစ်၏။

"အခုဆိုရင် ကျွန်တော်က အစစ်အမှန် တပည့် ဖြစ်သွားပြီပေါ့..."

ချန်ဖေးသည် သူ၏ အာရုံကို ပြန်လည် စုစည်းလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော် အရင်ဆုံး သတင်းပို့လိုက်ပါ့မယ်... ခဏနေရင် ခန်းမသခင်ကိုယ်တိုင် လာပြီး ကျန်တဲ့ ကိစ္စတွေကို စီစဉ်ပေးပါလိမ့်မယ်..." တပည့်ဖြစ်သူက မနာလိုမှု အနည်းငယ်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

အတွင်းတပည့် မည်သူမဆို အစစ်အမှန် တပည့်များကို အားကျကြသည်မှာ မဆန်းပေ။ အစစ်အမှန် တပည့် ဖြစ်ရခြင်းမှာ အဆင့်အတန်းသာမက နောင်တစ်ချိန်တွင် ဒွာရ သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနိုင်မည့် အလားအလာကိုလည်း ဖော်ပြနေသောကြောင့် ဖြစ်၏။

ချန်ဖေးမှာ နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ခန်းမသခင် ကျိုးချွန်းရှန်း ရောက်ရှိလာသည်။

"မင်းက ချန်ဖေးလား... ငါနဲ့ လိုက်ခဲ့ပါ..."

ကျိုးချွန်းရှန်းက ချန်ဖေးကို ပြုံးလျက် ကြည့်လိုက်၏။ မကြာသေးမီက ချန်ဖေး၏ အမည်ကို သူ ခဏခဏ ကြားနေခဲ့ရသဖြင့် သူသည် ချန်ဖေး မည်သည့်အချိန်တွင် ရောက်လာမလဲဟု မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

ချန်ဖေးသည် ကျိုးချွန်းရှန်း၏ နောက်မှ လိုက်ပါသွား၏။ သူတို့ နှစ်ယောက်မှာ နောက်ဖေး ခြံဝင်းကို ဖြတ်ကျော်၍ လိုဏ်ခေါင်းတစ်ခုအတွင်းသို့ ဝင်ရောက်ကာ မြေအောက်သို့ ဆင်းသွားကြသည်။

လမ်းတစ်လျှောက်တွင် ချန်ဖေးသည် အစီအရင်များနှင့် တားမြစ်ချက်များစွာ၏ လှိုင်းများကို အာရုံခံမိနေ၏။

ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်လာသူ မည်သူမဆို အန္တရာယ်နှင့် ကြုံတွေ့ရမည်မှာ သေချာလှသည်။

၁၅ မိနစ်ခန့် ကြာပြီးနောက် သူတို့သည် ကြီးမားသော ဂူကြီးတစ်ခုအတွင်းသို့ ရောက်ရှိလာကြသည်။ ချန်ဖေးမှာ စူးစမ်းကြည့်လိုက်ရာ ကျောက်စာတိုင် အချို့ကို တွေ့လိုက်ရ၏။

"ဒါတွေက အစစ်အမှန် တပည့်တွေရဲ့ ကျင့်စဉ်တွေပဲ..."

ကျိုးချွန်းရှန်းက ချန်ဖေးကို ခေါ်ဆောင်၍ ကျောက်စာတိုင် တစ်ခု၏ ရှေ့သို့ ရောက်လာသည်။ သူ၏ မျက်လုံးများတွင် လွမ်းဆွတ်မှု အချို့ ပေါ်လာပြီး

"ငါတို့ ယွမ်ချန် ဓားဂိုဏ်းမှာ အရင်က တောင်ထိပ် လေးခုနဲ့ အဆက်အနွယ် သုံးခု ရှိခဲ့တယ်... အဲဒီတော့ အမွေအနှစ် ခုနစ်ခု ရှိသင့်တာပေါ့... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုအချိန်မှာ အပြည့်အစုံ ကျန်နေတာ သုံးခုပဲ ရှိတော့တယ်..." ဟု ဆိုလိုက်၏။

ချန်ဖေးက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ဤအချက်ကို ဂိုဏ်းသို့ စတင် ရောက်ရှိစဉ်ကတည်းက သူ သိရှိထားပြီး ဖြစ်၏။ အကယ်၍ ထိုအမွေအနှစ် ခုနစ်ခုလုံးကို ပေါင်းစပ်နိုင်လျှင် တစ်ချိန်က လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော ယွမ်ချန် ဓားကျမ်း ဖြစ်လာမည် ဖြစ်၏။

"ကျန်ရှိနေတဲ့ အမွေအနှစ် သုံးခုကို ငါ ရှင်းပြမယ်... မင်း ကြိုက်နှစ်သက်ရာ တစ်ခုကို ရွေးချယ်နိုင်ပါတယ်..."

ကျိုးချွန်းရှန်းက ပထမဆုံး ကျောက်စာတိုင်ကို ညွှန်ပြ၍ "ဒါက ဘီလူးဝိညာဉ် ဓားသိုင်း ဖြစ်တယ်... ဘီလူးတစ်ကောင်ရဲ့ ခွန်အားကို အသုံးချပြီး ကောင်းကင်ယံကို တုန်လှုပ်စေနိုင်တယ်... ဒွာရပေါင်း ရှစ်ဆယ်ကို ကျင့်ကြံရမှာ ဖြစ်တယ်... မင်း စမ်းပြီး အာရုံခံကြည့်လိုက်ဦး..." ဟု ဆိုလိုက်၏။

ကျိုးချွန်းရှန်းက ချန်ဖေးကို ရှေ့သို့ တိုးခိုင်းလိုက်သဖြင့် ချန်ဖေးသည် သူ၏ လက်ဖဝါးကို ကျောက်စာတိုင်ပေါ်သို့ တင်လိုက်သည်။

နောက်တစ်ခဏတွင် ချန်ဖေး၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာ၏။ ဤမြင်ကွင်းမှာ မျက်လှည့်တစ်ခုကဲ့သို့ သူ့ကို ဆွဲခေါ်သွားခြင်း မဟုတ်ဘဲ သုံးဖက်မြင် ရုပ်ရှင်တစ်ခုကို ကြည့်နေရသကဲ့သို့ ဖြစ်နေသည်။

ပင်လယ်ပြင်ရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် လူတစ်ဦး ရပ်နေ၏။ ရုတ်တရက် အရပ်မျက်နှာ အသီးသီးမှ လေပြင်းများ တိုက်ခတ်လာပြီး ထိုလူမှာ လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ လက်ထဲမှ ကြီးမားသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပင်လယ်ထဲမှ ခုန်ထွက်လာသော ကြီးမားသည့် သတ္တဝါကြီးတစ်ကောင်နှင့် ထိပ်တိုက် တွေ့ဆုံသွား၏။

ပြင်းထန်သော အရှိန်အဟုန်မှာ ချန်ဖေး၏ စိတ်ဝိညာဉ်ကို ရိုက်ခတ်သွားသည်။ ဝေဝေဝါးဝါး အခြေအနေအတွင်း ချန်ဖေးသည် ထိုလူ၏ ခန္ဓာကိုယ်မှ အလင်းစက်များစွာ ထွက်ပေါ်လာပြီး ကြီးမားသော ဓားအလင်းတန်းအဖြစ် ပေါင်းစည်းသွားသည်ကို မြင်တွေ့လိုက်ရ၏။

"ဘုန်း..."

ပြင်းထန်သော အသံနှင့်အတူ ချန်ဖေး၏ ခေါင်းမှာ အနည်းငယ် မော့တက်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသည်။ သူ၏ လက်မှာ ကျောက်စာတိုင်ပေါ်မှ ကွာကျသွားပြီး စိတ်ထဲမှ မြင်ကွင်းမှာလည်း ပျောက်ကွယ်သွား၏။

"မင်းရဲ့ စိတ်စွမ်းအားက အတော်လေး ကောင်းတာပဲ..."

ချန်ဖေး၏ လုပ်ဆောင်မှုကို မြင်သောအခါ ကျိုးချွန်းရှန်း၏ မျက်လုံးများမှာ တောက်ပသွားသည်။ ကျောက်စာတိုင်အတွင်းမှ ပုံရိပ်များကို ကြည့်နိုင်ရန်မှာ စိတ်စွမ်းအားအပေါ် မူတည်ခြင်း ဖြစ်၏။

စိတ်စွမ်းအား ပိုမို ကြံ့ခိုင်လေလေ၊ ပိုမို အသေးစိတ် မြင်တွေ့နိုင်လေ ဖြစ်သကဲ့သို့ ကြာရှည်စွာလည်း မြင်တွေ့နိုင်မည် ဖြစ်သည်။ ကျိုးချွန်းရှန်း၏ တွက်ချက်မှုအရ ချန်ဖေးသည် ထိုပုံရိပ်များအားလုံးကို မြင်တွေ့ခဲ့ပုံ ရ၏။

"အကြီးအကဲကျိုး... ဒွာရ ရှစ်ဆယ်ကို ကျင့်ကြံရမယ် ဆိုတာ ဘာကို ပြောတာလဲ..."

ချန်ဖေးက သူ၏ စိတ်ထဲမှ သံသယကို မေးမြန်းလိုက်သည်။ ဘီလူးဝိညာဉ် ဓားသိုင်းမှာ အမှန်တကယ်ပင် အစွမ်းထက်လှပြီး သူ မြင်တွေ့ခဲ့ရသည့် အလင်းစက်ပေါင်း ရှစ်ဆယ်မှာ ဒွာရများ ဖြစ်ပေလိမ့်မည်။

"ဒွာရ သန့်စင်ခြင်း အဆင့်မှာ ဒွာရတွေကို အဓိကထားပြီး ကျင့်ကြံရတာ ဖြစ်တယ်... ဒွာရ တစ်ခု ဖြစ်စေ၊ ဆယ်ခု ဖြစ်စေ မင်းကို ဒွာရ သန့်စင်ခြင်း အဆင့်လို့ သတ်မှတ်နိုင်တယ်... ဒါပေမဲ့ ဒွာရတွေ ပိုပြီး များများ ကျင့်ကြံနိုင်လေလေ၊ မင်း ပိုပြီး ခွန်အားကြီးလေလေပဲပေါ့... ဒီဘီလူးဝိညာဉ် ဓားသိုင်းကို အဆုံးစွန်ထိ ကျင့်ကြံနိုင်ရင် ဒွာရပေါင်း ရှစ်ဆယ်ကို ဖွင့်နိုင်မှာ ဖြစ်ပြီး ဒွာရ သန့်စင်ခြင်း အဆင့်ရဲ့ နောက်ဆုံး အဆင့်တွေကို ရောက်ရှိနိုင်မှာ ဖြစ်တယ်..."

ကျိုးချွန်းရှန်းက ပြုံးလျက် ရှင်းပြလိုက်၏။ ဤသည်မှာ ဒွာရ သန့်စင်ခြင်း အဆင့်၏ အခြေခံ ဗဟုသုတ ဖြစ်သော်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူများမှာမူ ထိုအကြောင်းကို သိရှိရန် ခဲယဉ်းလှ၏။

"ဒွာရ သန့်စင်ခြင်း အဆင့်ကို ဘယ်လိုမျိုး အဆင့်တွေ ထပ်ခွဲထားတာလဲ..." ချန်ဖေးက အခွင့်အရေးကို အရယူ၍ ထပ်မံ မေးမြန်းလိုက်သည်။

"ဒွာရပေါင်း ၃၆ ခုစီနဲ့ အဆင့်တွေ ခွဲထားတာ ဖြစ်တယ်..."

"ဒါပေမဲ့ အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ ဆိုရင် ဒွာရပေါင်း ၁၀၈ ခု ရှိရမယ် မဟုတ်ဘူးလား..." ချန်ဖေးက မေးလိုက်၏။

"ဟုတ်ပါတယ်... အထွတ်အထိပ် အဆင့်ကို ရောက်ဖို့ ဆိုရင် ဒွာရပေါင်း ၁၀၈ ခု ရှိရမှာပါ..."

ကျိုးချွန်းရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး ဝမ်းနည်းမှု အချို့ဖြင့် "ယွမ်ချန် ဓားကျမ်းရဲ့ အစိတ်အပိုင်း ခုနစ်ခုလုံးကို ကျင့်ကြံနိုင်ရင် ဒွာရ ၁၀၈ ခုလုံးကို ကျင့်ကြံနိုင်မှာပါ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုတော့ အဲဒီလို မလုပ်နိုင်တော့ဘူး..." ဟု ဆိုလိုက်သည်။

ချန်ဖေးမှာ ချက်ချင်းပင် နားလည်သွားသော်လည်း သံသယ အချို့ ရှိနေသေး၏။ "ဘီလူးဝိညာဉ် ဓားသိုင်းလိုမျိုး ဒွာရ ၈၀ ပဲ ရှိတဲ့ ကျင့်စဉ်နဲ့ အဆင့်တက်ချင်ရင် ဘယ်လို လုပ်ရမလဲ... တခြား ကျင့်စဉ်တွေကို ထပ်ရှာရမှာလား..."

"မလိုအပ်ပါဘူး..."

ကျိုးချွန်းရှန်းက ခေါင်းခါလျက် ရှင်းပြ၏။

"ဒွာရ သန့်စင်ခြင်း အဆင့်ရဲ့ အထက်ကို တက်လှမ်းဖို့အတွက် နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဆိုရင် စတင် ကြိုးစားနိုင်ပါတယ်... ကွဲပြားခြားနားချက်ကတော့ အောင်မြင်နိုင်ခြေ အနည်းအများပေါ်မှာပဲ ရှိတာပါ..."

"ဒါဆိုရင် ဒီကျင့်စဉ် သုံးခုလုံးကို တစ်ပြိုင်နက် ကျင့်ကြံလို့ ရမလား... အဲဒီလိုဆိုရင် ဒွာရတွေ ပိုပြီး များမလာဘူးလား..."

"ဒွာရတွေတော့ ပိုများလာနိုင်ပါတယ်... ဒါပေမဲ့ ယွမ်ချန် ဓားကျမ်းရဲ့ ထိန်းညှိပေးမှု မရှိဘဲနဲ့ ဒီကျင့်စဉ် သုံးခုလုံးကို ကျင့်ကြံမယ် ဆိုရင် တစ်ခုနဲ့တစ်ခု ပဋိပက္ခ ဖြစ်လာလိမ့်မယ်... အဲဒီအခါမှာ မင်းရဲ့ ခွန်အားက တိုးမလာတဲ့အပြင် ခန္ဓာကိုယ်ကိုပါ ထိခိုက်စေပြီး အချိန်ကုန်စေလိမ့်မယ်..."

ကျိုးချွန်းရှန်းက လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။ "ဒွာရ သန့်စင်ခြင်း အဆင့်မှာ ကျင့်စဉ်တွေ ဆိုတာ ဒွာရတွေကို ဖွင့်ဖို့အတွက်တင် မဟုတ်ဘဲ ဒွာရတွေကို ချိတ်ဆက်တဲ့ အစီအစဉ်လည်း ပါဝင်တယ်... ဒွာရ ၈၀ တူတူပဲ ဖြစ်နေရင်တောင် အစီအစဉ် မတူရင် ကျင့်စဉ်ကလည်း မတူတော့ဘူး... အကယ်၍ အစီအစဉ် မှားသွားရင်တော့ မင်းရဲ့ ဒွာရတွေ ပေါက်ကွဲသွားနိုင်တယ်..."

ကျိုးချွန်းရှန်းက ချန်ဖေးကို ကြည့်ကာ "ဒါကြောင့် လမ်းညွှန်ချက် မရှိဘဲနဲ့ စွန့်စားပြီး မကျင့်ကြံပါနဲ့... မိစ္ဆာစွဲသွားနိုင်သလို ခန္ဓာကိုယ်လည်း ပေါက်ကွဲသွားနိုင်တယ်... ဒါကို အမြဲ မှတ်ထားပါ..." ဟု ဆိုလိုက်၏။

ချန်ဖေးသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ၏။ ဒွာရများ ဆိုသည်မှာ အမှန်တကယ်ပင် ယမ်းအိုးများကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။

မှန်ကန်သော အစီအစဉ်ဖြင့် မီးညှိနိုင်လျှင် ပြင်းထန်သော စွမ်းအားကို ရရှိမည် ဖြစ်သော်လည်း မှားယွင်းသွားပါက မိမိကိုယ်ကိုယ် ဖျက်ဆီးမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ယခုအခါတွင်မူ ချန်ဖေးမှာ ဒွာရ သန့်စင်ခြင်း အဆင့်ကို မည်သို့ ကျင့်ကြံရမည်ကို အနည်းငယ် သိရှိလာခဲ့ပြီ ဖြစ်သည်။

"ဘီလူးဝိညာဉ် ဓားသိုင်းအကြောင်း သိပြီ ဆိုရင် ကျန်တဲ့ နှစ်ခုကိုလည်း ကြည့်လိုက်ဦး..."

ကျိုးချွန်းရှန်းက ချန်ဖေးကို အခြား ကျောက်စာတိုင် တစ်ခု၏ ရှေ့သို့ ခေါ်ဆောင်လာခဲ့သည်။

"ဒါက မိုးထိ ကျမ်းစာ ဖြစ်တယ်... မင်း ကျမ်းစာမျှော်စင်ကို ရောက်ဖူးတယ် ဆိုရင် လေဟာနယ် ခရီးသွားခြင်းနဲ့ ကောင်းကင် ခရီးသွားခြင်း ဆိုတာတွေကို မြင်ဖူးမှာပါ... အဲဒီပညာရပ်တွေက ဒီကျင့်စဉ်ကနေ ဆင်းသက်လာတာပဲ..."

ကျိုးချွန်းရှန်းက ခေတ္တမျှ ရပ်တန့်လိုက်ပြီး "ဒွာရပေါင်း ၇၅ ခုကို ကျင့်ကြံရမှာ ဖြစ်တယ်... ဘီလူးဝိညာဉ် ဓားသိုင်းထက် ဒွာရ ပိုနည်းပေမဲ့ ဒီကျင့်စဉ်က တခြား လမ်းကြောင်းတစ်ခုကို သွားတာ ဖြစ်တယ်... ဒါကြောင့် မင်းမှာ ခွန်အား လုံလောက်တယ် ဆိုရင် ဒီကျင့်စဉ်ကို ဘီလူးဝိညာဉ် ဓားသိုင်းနဲ့အတူ တွဲပြီး ကျင့်ကြံနိုင်တယ်..." ဟု ဆိုလိုက်၏။

ကျိုးချွန်းရှန်း စကားပြောပြီးနောက် ချန်ဖေးသည် သူ၏ လက်ဖဝါးကို ကျောက်စာတိုင်ပေါ်သို့ တင်လိုက်ပြန်သည်။

နောက်တစ်ကြိမ်တွင် သူ၏ စိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာပြန်၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင် ထိုလူမှာ ဓားကို အသုံးမပြုဘဲ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေပြီး ပုံရိပ်ယောင်များသာ ကျန်ရှိနေ၏။

နောက်ဆုံးတွင် ထိုပုံရိပ်မှာ ပြန်လည် ထင်ရှားလာပြီး ချန်ဖေး အံ့အားသင့်သွားရသည်မှာ ထိုနေရာတွင် လူနှစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။

"မိုးထိ ကျမ်းစာက အမြန်နှုန်းမှာ အပြိုင်အဆိုင် မရှိရုံတင် မဟုတ်ဘဲ အဆုံးစွန်ထိ ကျင့်ကြံနိုင်ရင် ကိုယ်ပွားတစ်ခုကိုပါ ဖန်တီးနိုင်မှာ ဖြစ်တယ်... ကိုယ်ပွားရဲ့ ခွန်အားက မင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရှိလိမ့်မယ်..."

ချန်ဖေး မျက်လုံးဖွင့်လိုက်သည်ကို မြင်သောအခါ ကျိုးချွန်းရှန်းက ပြုံးလျက် ဆိုလိုက်၏။

ချန်ဖေး၏ မျက်လုံးများမှာ တောက်ပသွားသည်။ ဤကျင့်စဉ်၏ လှုပ်ရှားမှုပိုင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပြီး သူ့အတွက် အလွန်ပင် သင့်တော်လှ၏။ ထို့အပြင် ကိုယ်ပွားကိုပါ ကျင့်ကြံနိုင်မည် မဟုတ်ပါလား။

"နှစ်ခုလုံးကို တစ်ပြိုင်နက် ကျင့်ကြံဖို့ မစဉ်းစားပါနဲ့ဦး... မင်း ဒွာရ သန့်စင်ခြင်း အဆင့်ကို အမှန်တကယ် ရောက်မှသာ ဂိုဏ်းက ခွင့်ပြုမှာ ဖြစ်တယ်... အခုတော့ တစ်ခုပဲ ရွေးရမယ်..."

ကျိုးချွန်းရှန်းက ချန်ဖေး၏ စိတ်ထဲကို သိနေသကဲ့သို့ ပြုံးလျက် ဆိုလိုက်၏။

ချန်ဖေးက ရယ်မောလိုက်ပြီး နောက်ဆုံး ကျောက်စာတိုင်ကို ကြည့်လိုက်သည်။

ယခင် ကျင့်စဉ် နှစ်ခုနှင့် နှိုင်းယှဉ်လျှင် ဤကျောက်စာတိုင်မှာ ချန်ဖေးကို ပိုမို လေးလံသော ခံစားချက်တစ်ခု ပေးနေသကဲ့သို့ ရှိနေ၏။

အခန်း (၁၈၉) အစစ်အမှန်တပည့် ချန်ဖေး

"ကျုံးယွမ် ဓားသိုင်း... ဒွာရပေါင်း ရှစ်ဆယ်ကို ဖွင့်လှစ်ပြီး ခွန်အားနဲ့ ဖိနှိပ်တယ်... အရပ်မျက်နှာ အားလုံးကို ချုပ်နှောင် ပိတ်ဆို့နိုင်စွမ်း ရှိတယ်..."

ကျိုးချွန်းရှန်း၏ ဦးဆောင်မှုဖြင့် ချန်ဖေးသည် နောက်ဆုံး ကျောက်စာတိုင်ဆီသို့ ရောက်ရှိလာခဲ့သည်။ ကျိုးချွန်းရှန်း၏ စကားအဆုံး၌ ချန်ဖေးသည် ကျောက်စာတိုင်ပေါ်သို့ သူ၏ လက်ကို တင်လိုက်၏။

"ဟွမ်..."

ကျောက်စာတိုင်အတွင်းမှ မြင်ကွင်းများ ချန်ဖေး၏ စိတ်ထဲသို့ စီးဝင်လာသည်နှင့်အမျှ ပြင်းထန်သော ဖိအားတစ်ခုက သူ့အပေါ်သို့ လွှမ်းမိုးလာသည်။

ကျယ်ပြောသော လွင်ပြင်တစ်ခုပေါ်တွင် လူတစ်ဦး ရပ်နေပြီး သူ့ပတ်လည်၌ မိစ္ဆာ သတ္တဝါများ ဝိုင်းရံထားကြ၏။

ဟိန်းဟောက်သံများ ကောင်းကင်ယံ၌ ပြည့်နှက်နေသော်လည်း ထိုမိစ္ဆာများမှာ ရှေ့သို့ တိုးမလာဝံ့ကြပေ။ သို့သော်လည်း ထိုသတ္တဝါများ၏ သည်းခံနိုင်စွမ်းမှာ အကန့်အသတ် ရှိသည်။ တစ်စုံတစ်ခုသော အချိန်၌ မိစ္ဆာတစ်ကောင်က စတင် တိုက်ခိုက်လိုက်သည်နှင့် ကျန်ရှိသမျှ မိစ္ဆာအားလုံး တစ်ပြိုင်နက်ပင် ဝိုင်းအုံလာကြတော့သည်။

"နှိမ်နင်းစမ်း..."

ထိုလူ၏ ပါးစပ်မှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ လှိုင်းဂယက်များ အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားပြီး ပေသုံးရာခန့်ရှိသော ဧရိယာကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားသည်။

ထိုလှိုင်းဂယက်များ ထိမှန်သွားသည်နှင့် တိုက်ခိုက်လာသော မိစ္ဆာများမှာ ပြင်းထန်သော ရိုက်ချက်တစ်ခုကို ခံလိုက်ရသကဲ့သို့ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲ ကျသွားကြ၏။ အားနည်းသော မိစ္ဆာအချို့မှာမူ နုပ်နုပ်စဉ်းခံလိုက်ရသကဲ့သို့ပင် မြေကြီးနှင့် ကပ်သွားကြသည်။

မိစ္ဆာ ဒါဇင်ပေါင်းများစွာမှာ ထိုနေရာတွင်ပင် မလှုပ်မယှက် ဖြစ်သွားကြပြီး အသက်ဘေးမှ လွတ်မြောက်ရန်သာ ညည်းတွား တောင်းပန်နေကြတော့သည်။

ချန်ဖေး၏ စိတ်မှာ တုန်လှုပ်သွားပြီး ကျောက်စာတိုင်အတွင်းမှ မြင်ကွင်းမှ ပြန်လည် ထွက်ခွာလာခဲ့၏။

ဘီလူးဝိညာဉ် ဓားသိုင်း၏ အစွမ်းထက်သော သတ်ဖြတ်နိုင်စွမ်းနှင့် နှိုင်းယှဉ်လျှင် ကျုံးယွမ် ဓားသိုင်းမှာ ထိန်းချုပ်မှုကို ပိုမို အသားပေးထားသည်။ ၎င်းက ရန်သူကို ပြင်းထန်သော ဆွဲငင်အားဖြင့် ဖိနှိပ်၍ လှုပ်ရှားမှုများကို ကန့်သတ်ပစ်ခြင်း ဖြစ်၏။ ခွန်အား နည်းပါးသူများမှာမူ ထိုနေရာတွင်ပင် သေဆုံးသွားနိုင်ပေသည်။

"အပြည့်အစုံ ကျန်ရှိနေတဲ့ အမွေအနှစ် ကျင့်စဉ် သုံးခုစလုံးကို မြင်ပြီးပြီ ဆိုတော့... ဘယ်တစ်ခုကို ရွေးမလဲ ဆုံးဖြတ်ပြီးပြီလား..." ကျိုးချွန်းရှန်းက ချန်ဖေးကို ကြည့်၍ ပြုံးလျက် မေးလိုက်၏။

ချန်ဖေး တစ်ခဏမျှ စဉ်းစားလိုက်သည်။

ဤကျင့်စဉ် သုံးခုစလုံးမှာ ယနေ့အထိ ရှင်သန်ကျန်ရစ်ခဲ့ခြင်းကပင် ၎င်းတို့၏ စွမ်းအားကို သက်သေပြနေခြင်း ဖြစ်၏။ မည်သည့်တစ်ခုကို ရွေးချယ်သည်ဖြစ်စေ ချန်ဖေးအတွက် ဒွာရ သန့်စင်ခြင်း အဆင့် သို့မဟုတ် ထိုထက် မြင့်မားသော အဆင့်အထိ တက်လှမ်းရန် လုံလောက်သော စွမ်းအားများ ရှိကြသည်။

သို့သော်လည်း အားလုံးက စွမ်းအားကြီးနေသဖြင့် ချန်ဖေးအနေဖြင့် မိမိနှင့် အသင့်တော်ဆုံးကိုသာ ရွေးချယ်လို၏။

ဘီလူးဝိညာဉ် ဓားသိုင်းမှာ တိုက်စစ်ပိုင်း၌ ထူးချွန်သည်။ ပြင်းထန်သော ခံစစ်နှင့် တွေ့ဆုံသောအခါ ထိုဓားသိုင်းမှာ ပိုမို ထိရောက်ပေလိမ့်မည်။

မိုးထိ ကျမ်းစာ၏ ထူးခြားချက်မှာ လျင်မြန် လျှပ်ပေါ်မှု ဖြစ်ပြီး အလွန် အစွမ်းထက်သော ကိုယ်ဖော့ပညာ ဖြစ်သည်။ ထို့ပြင် အခြား ကျင့်စဉ်များနှင့်လည်း တွဲဖက် အသုံးပြုနိုင်၏။ သို့သော်လည်း ချန်ဖေးက ဤရွေးချယ်မှုကို ပယ်ဖျက်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ချန်ဖေးသည် မိုးထိ ကျမ်းစာ၏ အခြေခံ အဆင့်ဖြစ်သော လေဟာနယ် ခရီးသွားခြင်းကို တတ်မြောက်ထားပြီး ဖြစ်သောကြောင့် ဖြစ်၏။ အကယ်၍ သူသည် ယခု မိုးထိ ကျမ်းစာကို ရွေးချယ်လိုက်လျှင်ပင် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်တွင် ရရှိမည့် အကျိုးကျေးဇူးမှာ အနည်းငယ်မျှသာ ပိုမို သာလွန်ပေလိမ့်မည်။

လောလောဆယ်တွင် ချန်ဖေး၏ အဓိက အခက်အခဲမှာ တိုက်စစ်ကို အသားပေးသည့် ဘီလူးဝိညာဉ် ဓားသိုင်းနှင့် ထိန်းချုပ်မှုကို အသားပေးသည့် ကျုံးယွမ် ဓားသိုင်းအကြား ရွေးချယ်ရန် ဖြစ်နေခြင်းပင် ဖြစ်သည်။ ဤရွေးချယ်မှုက သူ၏ နောင်တစ်ချိန် တိုက်ခိုက်မှု ပုံစံကို ဆုံးဖြတ်ပေးပေလိမ့်မည်။

အတန်ကြာ စဉ်းစားပြီးနောက် ချန်ဖေးသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပြီး ကျိုးချွန်းရှန်းကို မော့ကြည့်လိုက်၏။

"ဆုံးဖြတ်ပြီးပြီလား..." ကျိုးချွန်းရှန်းကလည်း ချန်ဖေး၏ ရွေးချယ်မှုကို စိတ်ဝင်စားနေပုံ ရသည်။

"ဟုတ်ကဲ့... ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ... ကျုံးယွမ် ဓားသိုင်းကိုပဲ ရွေးပါ့မယ်..."

ချန်ဖေး ခေါင်းညိတ်၍ ပြောလိုက်သည်။

သူ၏ ကျင့်ကြံမှု ခရီးလမ်းကို ပြန်လည် သုံးသပ်ကြည့်လျှင် ချန်ဖေးသည် ဘေးကင်းလုံခြုံမှုကို ပိုမို ဦးစားပေးတတ်ကြောင်း သိရှိလိုက်ရ၏။

ဘီလူးဝိညာဉ် ဓားသိုင်းနှင့် ကျုံးယွမ် ဓားသိုင်း နှစ်ခုစလုံးမှာ ဒွာရ အရေအတွက် တူတူပင် ဖြစ်သော်လည်း တိုက်ခိုက်မှု ပုံစံမှာ ကွဲပြားကြသည်။

ကျုံးယွမ် ဓားသိုင်းကို ကျင့်ကြံခြင်းဖြင့် ချန်ဖေးသည် ရန်သူ၏ အမြန်နှုန်းကို ကန့်သတ်ထားနိုင်မည် ဖြစ်၏။

နောင်တစ်ချိန်တွင် တိုက်ခိုက်မည် သို့မဟုတ် ဆုတ်ခွာမည် ဆိုသည်မှာ ချန်ဖေးအပေါ်တွင်သာ လုံးဝ မူတည်နေမည် ဖြစ်သဖြင့် ရွေးချယ်စရာ ပိုမို များပြားလာပေလိမ့်မည်။

"ကောင်းပြီလေ..."

ကျိုးချွန်းရှန်းက ချန်ဖေး၏ ရွေးချယ်မှုအပေါ် ဝေဖန်ခြင်း မပြုဘဲ ခေါင်းညိတ်လိုက်သည်။ အစစ်အမှန် တပည့်များအကြားတွင် ကျင့်စဉ် သုံးခုစလုံးကို ရွေးချယ်သူများ ရှိသော်လည်း နှိုင်းယှဉ်ကြည့်လျှင် ဘီလူးဝိညာဉ် ဓားသိုင်းကို ရွေးချယ်သူ ပိုမို များပြားကြ၏။

အတွင်းတပည့် ကျင့်စဉ်ဖြစ်သော ထုန်ယွမ် ကျင့်စဥ် နှင့် ဘီလူးဝိညာဉ် ဓားသိုင်းမှာ တစ်ဆက်တည်း ဖြစ်သည်ဟုပင် ဆိုနိုင်သည်။ ထုန်ယွမ် ကျင့်စဥ်မှ ရရှိသည့် "ကြီးမားသော ခွန်အား" နှင့် "သံမဏိ အရိုး" တို့မှာ ဘီလူးဝိညာဉ် ဓားသိုင်းအတွက် ပြင်ဆင်မှုများ ဖြစ်၏။ ထို့ကြောင့် ထိုဓားသိုင်းကို နားလည်ရန်မှာ အနည်းငယ် ပိုမို လွယ်ကူသည်။

သို့သော်လည်း ကျုံးယွမ် ဓားသိုင်းမှာ နိမ့်ကျသည်ဟု မဆိုလိုပေ။ နားလည်ရန် အနည်းငယ် ခက်ခဲနိုင်သော်လည်း မြင့်မားသော နားလည်နိုင်စွမ်း ရှိသည့် တပည့်များအတွက်မူ ကွဲပြားခြားနားမှုမှာ ကြီးမားလှသည် မဟုတ်ပေ။

ချန်ဖေးသည် ခြင်ဆီ သန့်စင်ခြင်း အဆင့်တွင်ပင် ထုန်ယွမ် ကျင့်စဥ်၏ ပဉ္စမ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ ပါရမီကို သက်သေပြပြီး ဖြစ်၏။

ကျုံးယွမ် ဓားသိုင်းကို ရွေးချယ်ခြင်းမှာ ပြဿနာ မရှိသဖြင့် ကျိုးချွန်းရှန်းက ထပ်မံ ဖျောင်းဖျခြင်း မပြုတော့ပေ။

"အကြီးအကဲ... ကျွန်တော်တို့ ဂိုဏ်းမှာ မိုးကြိုး ဓားစွမ်းအင် ဆိုတဲ့ ကျင့်စဉ် ရှိပါသလား..." ချန်ဖေးက ရုတ်တရက် မေးလိုက်သည်။

ဤသည်မှာ ဂိုဏ်းသို့ မဝင်မီကတည်းက သူ စွဲမြဲစွာ မှတ်သားထားသောအရာ ဖြစ်၏။

"ရှိပါတယ်... ဒါပေမဲ့ မိုးကြိုး ဓားစွမ်းအင်ရဲ့ အစောပိုင်း အဆင့်တွေပဲ ကျန်တော့ပြီး နောက်ပိုင်း နည်းလမ်းတွေကတော့ ပျောက်ဆုံးသွားခဲ့ပြီ... မင်း ဒွာရ သန့်စင်ခြင်း အဆင့်ကို ရောက်တဲ့အခါ စိတ်ဝင်စားရင်တော့ ကျင့်ကြံကြည့်လို့ ရပါတယ်..." ကျိုးချွန်းရှန်းက ညှိုးငယ်သော အမူအရာဖြင့် ချန်ဖေးကို ကြည့်ကာ ပြန်ဖြေလိုက်၏။

"အခု မင်း ကျုံးယွမ် ဓားသိုင်း ကျောက်စာတိုင်ရဲ့ ရှေ့ကို ရောက်နေပြီ ဆိုတော့... ငါ အစီအရင်ကို ဖွင့်ပေးမယ်... မင်း တရားဝင် အမွေခံနိုင်ပြီ..."

"ဟုတ်ကဲ့..."

ချန်ဖေး ခေါင်းညိတ်၍ ကျောက်စာတိုင်၏ ရှေ့တွင် နေရာယူလိုက်သည်။

ကျိုးချွန်းရှန်း၏ အတွင်းအားများမှာ ဟုန်းခနဲ ထွက်ပေါ်လာပြီး သူ၏ လက်များက အစီအရင်များကို ဖော်ဆောင်လိုက်ရာ ကျောက်စာတိုင်မှာ အနည်းငယ် တုန်ခါသွားပြီး မှိန်ပျပျ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ နောက်တစ်ခဏတွင် ထိုအလင်းတန်းက ချန်ဖေးကို လွှမ်းခြုံသွားတော့သည်။

ထိုအလင်းတန်းအောက်တွင် နက်ရှိုင်းလှသော ကျင့်စဉ် ဗဟုသုတများစွာ ချန်ဖေး၏ စိတ်အာရုံအတွင်းသို့ စီးဝင်လာ၏။ ကျုံးယွမ် ဓားသိုင်း၏ ကျင့်ကြံပုံ နည်းလမ်းများသာမက ယခင် ကျင့်ကြံခဲ့သည့် ဆရာသခင်များ၏ နားလည် သဘောပေါက်မှုများပါ ချန်ဖေး၏ စိတ်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ချန်ဖေး၏ စိတ်အာရုံမှာ အနည်းငယ် ကျယ်ပြန့်သွားပြီး ဝိညာဉ်မူလ ကျင့်စဉ် ကလည်း အရှိန်အဟုန်ဖြင့် လည်ပတ်ကာ ထိုဗဟုသုတ အားလုံးကို စုပ်ယူလိုက်၏။

ကျင့်စဉ် လွှဲပြောင်းပေးမှုမှာ တစ်နာရီခန့် ကြာမြင့်ပြီးနောက် တဖြည်းဖြည်း ရပ်တန့်သွားသည်။

ချန်ဖေးသည် မျက်လုံးများကို မှိတ်၍ ထိုနေရာတွင်ပင် ရပ်နေ၏။ အတန်ကြာမှ သူသည် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။

ကျုံးယွမ် ဓားသိုင်းတွင် ကျင့်ကြံမှု နည်းလမ်းများသာမက တွဲဖက် အသုံးပြုရမည့် တိုက်ခိုက်မှု သိုင်းကွက်များလည်း ပါဝင်ပေသည်။

"အမွေအနှစ်က ဒွာရ သန့်စင်ခြင်း အဆင့်ရဲ့ အစောပိုင်း အဆင့်တွေအထိပဲ ရှိသေးတယ်... ဒွာရ ၃၆ ခုအထိ ကျင့်ကြံနိုင်မယ့် နည်းလမ်းတွေပေါ့... နောက်ပိုင်း နည်းလမ်းတွေကိုတော့ မင်းရဲ့ ကျင့်ကြံမှု အဆင့် ရောက်မှပဲ ထပ်ပြီး ရနိုင်မှာပါ..." ကျိုးချွန်းရှန်းက ချန်ဖေးကို ကြည့်၍ ရှင်းပြလိုက်၏။

ယွမ်ချန် ဓားဂိုဏ်းအနေဖြင့် ထိုသို့ လုပ်ဆောင်ရခြင်းမှာ တပည့်များ၏ စိတ်အာရုံအတွင်းသို့ ကျင့်စဉ်များစွာ တစ်ပြိုင်နက် ဝင်ရောက်ပြီး ဝန်ပိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သလို အခြား အရေးကြီးသော အကြောင်းပြချက် တစ်ခုမှာ တပည့်များ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်လိုသောကြောင့် ဖြစ်၏။

ဝိညာဉ်သန့်စင် လုံးက စရိုက်လက္ခဏာကို စစ်ဆေးပေးသော်လည်း ၎င်းမှာ ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်သည်။

အစစ်အမှန် တပည့်များ ကျင့်ကြံနေစဉ်အတွင်း ဂိုဏ်းသည် သူတို့၏ တိုးတက်မှုကို ဆက်လက် စောင့်ကြည့်နေမည် ဖြစ်၏။

တပည့်များက သူတို့၏ စွမ်းဆောင်ရည်ကို အမှန်တကယ် သက်သေပြနိုင်ပြီး သင့်တော်သော ကျင့်ကြံမှု အဆင့်သို့ ရောက်ရှိမှသာ ကျန်ရှိနေသည့် ကျင့်စဉ် အပြည့်အစုံကို ချီးမြှင့်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ဒွာရ သန့်စင်ခြင်း အဆင့် အစောပိုင်း ကျင့်စဉ်များကို ရရှိထားခြင်းက တပည့်တစ်ဦး၏ ကျင့်ကြံမှုကို နှောင့်နှေးစေလိမ့်မည် မဟုတ်ပေ။

အမွေအနှစ်၏ နောက်ဆက်တွဲ အပိုင်းများကို ရယူရန်မှာ သတ်မှတ်ထားသည့် ကျင့်ကြံမှု အဆင့်သို့ ရောက်ရှိရန်သာ လိုအပ်သည်။

"ကျင့်စဉ်တွေ လွှဲပြောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ..." ချန်ဖေးက ကျိုးချွန်းရှန်းဘက်သို့ လှည့်၍ ရိုသေစွာ ဦးညွှတ်လိုက်၏။

ယခုအချိန်တွင် ချန်ဖေး၏ စိတ်ထဲ၌ ဗဟုသုတများစွာ ရှိနေပြီး ၎င်းတို့ကို တစ်ပြိုင်နက်တည်း စစ်ဆေး၍ မရနိုင်သေးပေ။ ဆိတ်ငြိမ်သော အချိန်ကျမှသာ သူသည် သေချာစွာ ပြန်လည် စစ်ဆေးရပေလိမ့်မည်။

"အခုဆိုရင် မင်း အမွေခံပြီးပြီ ဆိုတော့ သွားလို့ ရပါပြီ... အစစ်အမှန် တပည့်တွေ သိထားသင့်တဲ့ တခြား အချက်အလက်တွေကိုတော့ တာဝန်ကျ တပည့်တွေက ရှင်းပြပေးပါလိမ့်မယ်..."

ကျိုးချွန်းရှန်းက ချန်ဖေးကို ကြည့်ရင်း အံ့အားသင့်နေမိ၏။ ချန်ဖေး၏ စိတ်စွမ်းအားမှာ သူ မျှော်လင့်ထားသည်ထက်ပင် သာလွန်နေသည်။ ပုံမှန်အားဖြင့် အမွေခံပြီးနောက်တွင် အစစ်အမှန် တပည့်များ၏ စိတ်စွမ်းအားမှာ ခေတ္တမျှ ဖိနှိပ်ခံထားရတတ်၏။

အချိန်အတန်ကြာ ပြန်လည် ထိန်းညှိပြီးမှသာ စိတ်စွမ်းအားက နဂိုအတိုင်း ပြန်ဖြစ်လာတတ်သည်။

သို့သော်လည်း ချန်ဖေး၏ စိတ်စွမ်းအားမှာ မည်သည့် သက်ရောက်မှုမျှ ရှိပုံမရပေ။ ဤသည်မှာ သူ၏ စိတ်စွမ်းအားမှာ သာမန် အစစ်အမှန် တပည့်များထက် များစွာ သာလွန်နေကြောင်း ပြသနေခြင်းပင် ဖြစ်၏။

ချန်ဖေးသည် ကျိုးချွန်းရှန်းနှင့်အတူ အစစ်အမှန်တပည့် ခန်းမသို့ ပြန်လာခဲ့သည်။

ကျိုးချွန်းရှန်းက ချန်ဖေးကို အားပေးစကား အနည်းငယ် ပြောကြားပြီးနောက် ပျောက်ကွယ်သွား၏။

တာဝန်ကျ တပည့်တစ်ဦး၏ လမ်းညွှန်မှုဖြင့် ချန်ဖေးသည် တရားဝင် မှတ်ပုံတင်ပြီး ယွမ်ချန် ဓားဂိုဏ်း၏ အစစ်အမှန် တပည့်တစ်ဦး ဖြစ်လာခဲ့သည်။

"ညီလေးချန်... အခု ဂိုဏ်းထဲမှာ မင်း အပါအဝင် အစစ်အမှန် တပည့် ၉၈ ယောက် ရှိတယ်... အစပိုင်းမှာတော့ ကျင့်ကြံမှု အဆင့်အလိုက် အဆင့်သတ်မှတ်မှာ ဖြစ်ပြီး မင်းက အခု နံပါတ် ၉၈ ဖြစ်တယ်..."

တာဝန်ကျ တပည့်က ချန်ဖေးထံသို့ ခါးပတ်ပြား အသစ်တစ်ခုကို ပေးအပ်လိုက်၏။

ချန်ဖေး စစ်ဆေးကြည့်လိုက်သောအခါ ၎င်းမှာ အတွင်းတပည့်များ၏ ခါးပတ်ပြားနှင့် လုံးဝ ကွဲပြားနေကြောင်း တွေ့လိုက်ရသည်။

"အစစ်အမှန် တပည့်တွေ နေထိုင်တဲ့ နေရာဆီကို ငါ လိုက်ပို့ပေးပါ့မယ်..." တာဝန်ကျ တပည့်က ပြောဆိုရင်း ခန်းမ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ချန်ဖေးသည်လည်း သူ၏ ခါးပတ်ပြားကို သေချာစွာ သိမ်းဆည်း၍ နောက်မှ လိုက်ပါသွား၏။

"အစစ်အမှန် တပည့်တွေ နေထိုင်တဲ့ နေရာက ဘာတွေ ထူးခြားလို့လဲ..." ချန်ဖေးက တိုးတိုးလေး မေးလိုက်သည်။

"ထူးခြားတာပေါ့... အဲဒီနေရာမှာ ဝိညာဉ်စွမ်းအင်တွေက ပိုပြီး သိပ်သည်းတယ်... အဲဒါက မင်းရဲ့ ကျင့်ကြံမှုအတွက် များစွာ အကျိုးရှိစေမှာပါ..."

အမွှေးတိုင် တစ်တိုင်စာခန့် အချိန် ကြာပြီးနောက် သူတို့ နှစ်ယောက်မှာ အစစ်အမှန်တပည့် တောင်ထိပ်သို့ ရောက်ရှိလာကြ၏။

တပည့်ဖြစ်သူက ချန်ဖေးကို ခြံဝင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ချန်ဖေး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ထိုနေရာမှာ အစစ်အမှန်တပည့် တောင်ထိပ်၏ တောင်စောင်းတွင် တည်ရှိပြီး စိမ်းလန်းစိုပြေသော သစ်ပင်များ ဝိုင်းရံထားကြောင်း တွေ့လိုက်ရ၏။

"မင်းက အခုကစပြီး ဒီမှာပဲ နေရမှာ ဖြစ်တယ်... နေ့စဉ် ကိစ္စတွေအတွက် အစေခံတစ်ယောက်ကိုလည်း စီစဉ်ထားလို့ ရတယ်..."

တာဝန်ကျ တပည့်က ချန်ဖေးကို ကြည့်၍ လေသံကို နှိမ့်ကာ ပြောလိုက်၏။

"အပေါ်ဘက်ကို ဆက်သွားရင်တော့ တခြား အစစ်အမှန် တပည့်တွေရဲ့ နေအိမ်တွေ ရှိတယ်... အကယ်၍ မင်းက အပေါ်ဘက်မှာ နေချင်တယ် ဆိုရင်တော့ အစစ်အမှန် တပည့်တွေထဲမှာ မင်းရဲ့ အဆင့်ကို မြှင့်တင်ရလိမ့်မယ်..."

"အပေါ်ကို ရောက်လေ၊ ဝိညာဉ်စွမ်းအင်တွေက ပိုပြီး သိပ်သည်းလေလား..." ချန်ဖေးက စိတ်ဝင်တစား မေးလိုက်သည်။

"ဟုတ်တယ်... အပေါ်ကို ရောက်လေလေ၊ ဝိညာဉ်စွမ်းအင်တွေက ပိုပြီး များပြားလေလေပဲ..."

တာဝန်ကျ တပည့်က ခေါင်းညိတ်လျက် ဆက်လက် ပြောပြ၏။

"အစစ်အမှန် တပည့်တွေကို ခြောက်လတစ်ကြိမ် စစ်ဆေးမှု လုပ်တယ်... အဲဒီအချိန်မှာ မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ် ဆိုရင် ပိုပြီး အဆင့်မြင့်တဲ့ တပည့်တွေကို စိန်ခေါ်လို့ ရတယ်... အကယ်၍ အနိုင်ရခဲ့ရင် မင်းရဲ့ အဆင့်က ပြောင်းလဲသွားမှာ ဖြစ်သလို မင်းရဲ့ နေအိမ်တင်မကဘဲ လစဉ် ရရှိမည့် ဆေးလုံးတွေနဲ့ အမှတ်တွေကိုလည်း အဆင့်နဲ့အညီ တိုးမြှင့်ပေးမှာပါ..."

ချန်ဖေး ခေါင်းညိတ်လိုက်သည်။

အစစ်အမှန် တပည့်များသည် ဂိုဏ်းမှ လစဉ် ဆေးလုံးများနှင့် အမှတ်များကို ရရှိကြ၏။ အဆင့် ပိုမို မြင့်မားလေလေ၊ ပိုမို များပြားစွာ ရရှိလေလေ ဖြစ်ပေသည်။

ချန်ဖေးမှာ လက်ရှိတွင် အောက်ဆုံး အဆင့်၌ ရှိနေသဖြင့် သူသည် အနည်းဆုံး ပမာဏကိုသာ ရရှိမည် ဖြစ်၏။

"စိန်ခေါ်ဖို့အတွက် ခြောက်လအထိ စောင့်ဖို့ လိုသေးတာလား..." ချန်ဖေးက ရုတ်တရက် မေးလိုက်သည်။

"အဲလိုတော့ မဟုတ်ပါဘူး... ခြောက်လတစ်ကြိမ် စစ်ဆေးမှုမှာတော့ မင်း စိန်ခေါ်ရင် တစ်ဘက်လူက ငြင်းလို့ မရဘူး... အကယ်၍ ခြောက်လ မပြည့်ခင်မှာ စိန်ခေါ်ချင်တယ် ဆိုရင်တော့ တစ်ဘက်လူရဲ့ သဘောတူညီမှု လိုအပ်တယ်... အကယ်၍ အနိုင်ရခဲ့ရင် မင်းရဲ့ အဆင့်က ပြောင်းလဲသွားမှာ ဖြစ်သလို နောက်လမှာ ရမယ့် အကျိုးကျေးဇူးတွေကလည်း အဲဒီအတိုင်း ပြောင်းလဲသွားမှာပါ..."

တာဝန်ကျ တပည့်က ချန်ဖေးကို ကြည့်၍ အသာအယာ ရယ်မောလိုက်၏။

အနိမ့်ဆုံး ကျင့်ကြံမှု အဆင့်ရှိသည့် ချန်ဖေးက ခြောက်လအတွင်းမှာ အဆင့်တွေ တက်လှမ်းဖို့ ကြံရွယ်နေခြင်းလား...။

ဤခြောက်လတာ ကာလမှာ အသစ်တက်လာသော အစစ်အမှန် တပည့်များအတွက် ကျင့်ကြံရန် ပေးထားခြင်း ဖြစ်သည်။

အမွေအနှစ် ကျင့်စဉ်များကို သေချာစွာ ကျင့်ကြံရန်အတွက် ဤအချိန်ကို အကျိုးရှိရှိ အသုံးချရန် အလွန် အရေးကြီး၏။ သို့မှသာ ခြောက်လ ကြာသောအခါ အောက်ဆုံး အဆင့်သို့ ပြုတ်မကျသွားရန် ကာကွယ်နိုင်မည် ဖြစ်သည်။

ထိုအချိန်ကျလျှင် ဤနေရာကို မျက်စိကျနေသည့် အခြား အတွင်းတပည့်များစွာ ရှိနေပေလိမ့်မည်။

ချန်ဖေးသည် တပည့်ဖြစ်သူ၏ အမူအရာကို သတိပြုမိသော်လည်း ဘာမှ ထပ်မရှင်းပြတော့ပေ။ ခြောက်လ မပြည့်မီ စိန်ခေါ်ခြင်းမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု လိုအပ်၏။ အကယ်၍ အတွင်းတပည့် တစ်ဦးက အောက်ဆုံးအဆင့် အစစ်အမှန် တပည့်ကို စိန်ခေါ်ချင်လျှင်လည်း အစစ်အမှန် တပည့်၏ သဘောတူညီမှု လိုအပ်ပေလိမ့်မည်။

ခြောက်လ ပြည့်ပြီးနောက်မှ စိန်ခေါ်မှုများကဲ့သို့ ရှောင်လွှဲ၍ မရသောအရာ မဟုတ်ပေ။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ..." ချန်ဖေးက လက်အုပ်ချီလျက် နှုတ်ဆက်လိုက်၏။

"ရပါတယ်... သိချင်တာ ရှိရင် အစစ်အမှန်တပည့် ခန်းမမှာ ငါ့ကို လာရှာနိုင်ပါတယ်..." တပည့်ဖြစ်သူမှာ ဦးညွှတ် နှုတ်ဆက်၍ ပြန်လည် ထွက်ခွာသွားတော့သည်။

ချန်ဖေးသည် သူ၏ မေးစေ့ကို ပွတ်ရင်း ချန်ကွမ်ကျိအကြောင်းကို စဉ်းစားလိုက်မိ၏။ ထိုလူများမှာ ချန်ဖေးထံမှ ဒွာရဖောက်ခွဲခြင်း ဆေးလုံးကို ရယူရန် ကြံစည်နေကြခြင်း ဖြစ်သည်။ သူတို့သည် ခြောက်လ ကြာပြီးနောက်မှ စိန်ခေါ်မှုကို စောင့်ဆိုင်းနေကြပုံ ရ၏။

သို့မဟုတ်ပါက ခြောက်လ မပြည့်မီမှာပင် ချန်ဖေးကို ဒေါသထွက်အောင် လုပ်ဆောင်ပြီး စိန်ခေါ်မှုကို လက်ခံလာအောင် လုပ်ဆောင်ကြပေလိမ့်မည်။

သို့သော်လည်း ယခုအခါတွင် ချန်ဖေးမှာ ခြင်ဆီ သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူတို့အနေဖြင့် ဤအဆင့်တွင် ချန်ဖေးနှင့် တူညီသော ခွန်အားရှိသူကို ရှာဖွေရန်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချန်ဖေး၏ ထုန်ယွမ် ကျင့်စဥ်မှာ ပဉ္စမ အဆင့်သို့ ရောက်ရှိနေသောကြောင့် ဖြစ်၏။

"အရင်ဆုံး ဒီနေရာက ဝိညာဉ်စွမ်းအင်တွေက ဘယ်လောက်တောင် သိပ်သည်းလဲ ဆိုတာ ခံစားကြည့်ရဦးမယ်..." ချန်ဖေးသည် သူ၏ ခြံဝင်းကို မော့ကြည့်၍ အတွင်းသို့ လှမ်းဝင်လိုက်သည်။

ချန်ဖေး အစစ်အမှန် တပည့် ဖြစ်လာခြင်းမှာ ဂိုဏ်းအတွင်း ကြီးကျယ်သော ဖြစ်ရပ်တစ်ခု မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် မကြာသေးမီက အတွင်းတပည့် အချို့မှာလည်း အစစ်အမှန် တပည့်အဖြစ် တိုးမြှင့်ခံခဲ့ရသောကြောင့် ဖြစ်၏။ သို့သော်လည်း ထိုသတင်းမှာ လူအချို့၏ အကြားတွင်တော့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ပေသည်။

All Chapters