← Chapters

အခန်း (၁၉၂-၁၉၃)

Vol. 18 Ch. 192-193

အခန်း (၁၉၂-၁၉၃)

Vol. 18 Ch. 192-193

အခန်း (၁၉၂) မစောင့်နိုင်တော့ခြင်း

"ချန်ဖေးက စိန်ခေါ်မှုကို တကယ်ပဲ လက်ခံလိုက်တာလား..."

ခြံဝင်းတစ်ခုအတွင်း၌ ချန်ကွမ်ကျိက ကျေနပ်သော မျက်နှာဖြင့် ဆိုလိုက်၏။

"အရင်က ရန်စတာတွေက အစပျိုးရုံပဲ ရှိသေးတာ... တခြား နည်းလမ်းတွေ အများကြီး မသုံးရသေးဘူး... ဒါပေမဲ့ ချန်ဖေးက ဒါကိုတောင် မခံနိုင်ဘူးလား... သူက တကယ့်ကို ငယ်သေးတာပဲ..."

"သူက လုံးဝတော့ စိတ်ဓာတ်ကျသွားတာ မဟုတ်ပါဘူး... သူ့ကိုယ်သူ ပြင်ဆင်ဖို့ တစ်လ အချိန်ပေးထားသေးတယ် မဟုတ်လား..." ဖန်ကျုံးကျန့်၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ရှိနေ၏။

သူတို့သည် ယခင်က အစီအစဉ်များစွာ ဆွဲထားခဲ့ကြပြီး ချန်ဖေးမှာ ယခင် နှစ်များကဲ့သို့ပင် ပြင်ပလောကကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေး နေထိုင်သွားမည်ကို စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့အနေဖြင့် သူ့အပေါ် လွှမ်းမိုးရန် နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။

မမျှော်လင့်ဘဲ ကောလာဟလ အချို့ ထုတ်လွှင့်ရုံဖြင့် ထိရောက်မှုမှာ သိသိသာသာ ရှိသွားခဲ့သည်။ ချန်ဖေးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး စိန်ခေါ်မှုကို လက်ခံခဲ့၏။

"တဟားဟား... တစ်လဆိုတဲ့ အချိန်က ဘယ်လောက်များ ကြာမှာမလို့လဲ... ချန်ဖေးက သည်လို နက်ရှိုင်းတဲ့ အမွေအနှစ် ကျင့်စဉ်ကို တစ်လအတွင်းမှာ နားလည်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား... ရယ်စရာကောင်းလိုက်တာ..."

ချန်ကွမ်ကျိက အကျယ်ကြီး ရယ်မောလိုက်၏။ နက်ရှိုင်းလှသော အစစ်အမှန် တပည့် ကျင့်စဉ်မှာ အလွန်ပင် ရှုပ်ထွေးလှပေသည်။ ချန်ကွမ်ကျိ ရရှိထားသော သတင်းများအရ အစစ်အမှန် တပည့် အများစုမှာ ခြောက်လအတွင်း၌ အခြေခံကိုသာ နားလည်နိုင်ကြပြီး ကျွမ်းကျင်ရန်မှာမူ အဝေးကြီး လိုအပ်နေသေး၏။

ပါရမီ ထူးကဲသူများသာ ခြောက်လအတွင်း၌ ကျင့်စဉ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်ကြခြင်း ဖြစ်သည်။

ချန်ဖေးက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ...။

"ဒါတောင် သူ့ကို အထင်မသေးပါနဲ့ဦး... ငါတို့ ရထားတဲ့ သတင်းတွေအရ ချန်ဖေးရဲ့ လေးအတတ်က တကယ်ကို ထူးချွန်တယ်... လျှို့ဝှက်နယ်မြေထဲမှာ သူ့ကို မြင်ခဲ့ရတဲ့သူတွေ အားလုံးက သူ့ကို ချီးကျူးကြတယ်... သူက အတွင်းကလီစာ သန့်စင်ခြင်း အဆင့် ကျင့်ကြံသူတွေကိုတောင် တိုက်ရိုက် ခြိမ်းခြောက်နိုင်တယ်လို့ ဆိုကြတယ်..."

ဖန်ကျုံးကျန့်၏ အပြုံးများ ပျောက်ကွယ်သွား၏။ ချန်ဖေးသည် ကံကောင်း၍ အစစ်အမှန် တပည့် စမ်းသပ်မှုကို အောင်မြင်ခဲ့သည်ဟု ယုံကြည်ထားသော်လည်း လက်တွေ့ တိုက်ခိုက်မှုတွင်မူ သူတို့အနေဖြင့် အစွမ်းကုန် ကြိုးစားရန် လိုအပ်ပေသည်။

"ပွင့်လင်းတဲ့ နေရာမျိုးမှာဆိုရင်တော့ လေးအတတ်က တကယ်ပဲ ထိရောက်နိုင်ပါတယ်... ချန်ဖေးရဲ့ ကိုယ်ဖော့ပညာကလည်း ထူးခြားတယ်လို့ ငါ ကြားထားတယ်... လျှို့ဝှက်နယ်မြေထဲမှာ အဲဒီနှစ်ခုကို ပေါင်းစပ်သုံးပြီး နာမည်ရခဲ့တာ ဖြစ်နိုင်ပါတယ်..."

ချန်ကွမ်ကျိက ခေါင်းညိတ်၍ ဆိုလိုက်၏။

"ဒါပေမဲ့ အကန့်အသတ်ရှိတဲ့ တိုက်ခိုက်မှု စင်မြင့်ပေါ်မှာတော့ လေးအတတ်ကို ထိရောက်အောင် သုံးဖို့ ခက်လိမ့်မယ်... ငါတို့ သူ့နားကို ကပ်နိုင်သရွေ့တော့ ချန်ဖေးရဲ့ လေးအတတ်က အသုံးမဝင်တော့ပါဘူး..."

"လေးသမားတွေကလည်း အနီးကပ် တိုက်ခိုက်ရေး နည်းလမ်းတွေကို လေ့ကျင့်ကြတာပဲ... ချန်ဖေးရဲ့ ဓားသိုင်းကလည်း မဆိုးလောက်ဘူး... အဲဒါကိုတော့ ငါတို့ သတိထားရမယ်..." ဖန်ကျုံးကျန့်က သတိပေးလိုက်၏။

"ဒါကတော့ သေချာတာပေါ့... တိုက်ခိုက်မှု စင်မြင့်ပေါ်မှာ ငါတို့ အစွမ်းကုန် ထုတ်သုံးမှာ ဖြစ်ပြီး ချန်ဖေးအတွက် နေရာ ချန်ထားမှာ မဟုတ်ဘူး... ဒါပေမဲ့ အခု ဖြေရှင်းရမှာက ချန်ဖေးကို ဒွာရဖောက်ခွဲခြင်း ဆေးလုံးကို အလောင်းအစားအဖြစ် ထုတ်ပေးလာအောင် ဘယ်လို လုပ်မလဲ ဆိုတာပဲ..."

ချန်ကွမ်ကျိက တိုးတိုးလေး ဆိုလိုက်၏။

စိန်ခေါ်မှုမှာ အစစ်အမှန် တပည့် နေရာအတွက်သာ ဖြစ်ပြီး ဒွာရဖောက်ခွဲခြင်း ဆေးလုံးမှာမူ ထိုအရာနှင့် လုံးဝ မသက်ဆိုင်ပေ။ ၎င်းမှာ ချန်ဖေး၏ ကိုယ်ပိုင် ပစ္စည်းသာ ဖြစ်သည်။

"အရင်က ငါတို့ သူ့ကို လဲလှယ်ဖို့ ကမ်းလှမ်းခဲ့တဲ့ အရာတွေကိုပဲ အလောင်းအစားအဖြစ် သုံးကြတာပေါ့... သူ့ကို အလောင်းအစား လုပ်လာအောင် ဒေါသထွက်အောင် လုပ်မယ်... သူက စကားလုံးတွေရဲ့ ရန်စမှုကို မခံနိုင်ဘူး ဆိုမှတော့ ငါတို့ ဒါကို ဆက်ပြီး သုံးရမှာပဲ..." ဖန်ကျုံးကျန့်က လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။

"ကောင်းပြီလေ..." ချန်ကွမ်ကျိ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။

အစစ်အမှန် တပည့် နေရာနှင့် ဒွာရဖောက်ခွဲခြင်း ဆေးလုံးကို မျက်စိကျနေသူမှာ ဖန်ကျုံးကျန့်နှင့် ချန်ကွမ်ကျိတို့ နှစ်ယောက်တည်း မဟုတ်ပေ။

အခြား အတွင်းတပည့် အများအပြားကလည်း သူတို့ကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ကောလာဟလများကို ပျံ့နှံ့အောင် လုပ်ဆောင်ခဲ့ခြင်းမှာ ဖန်ကျုံးကျန့်နှင့် ချန်ကွမ်ကျိတို့ နှစ်ယောက်တည်း၏ လက်ချက် မဟုတ်ပေ။ အခြားလူများစွာလည်း ပါဝင်ပတ်သက်နေကြ၏။

သူတို့၏ ရည်ရွယ်ချက်မှာ တစ်ခုတည်းသာ ဖြစ်သည် - ချန်ဖေးကို ဒေါသထွက်အောင် လုပ်ဆောင်ရန် ဖြစ်၏။

သိပ်ပြီး အားထုတ်စရာ မလိုဘဲ ချန်ဖေးမှာ စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားခဲ့ရာ ပါဝင်ပတ်သက်သူ အားလုံးမှာ ပျော်ရွှင်နေကြခြင်း ဖြစ်သည်။

ယခု စိန်ခေါ်မှုနှင့် နောက် ခြောက်လ ကြာမှ စိန်ခေါ်မှုတို့မှာ အခက်အခဲပိုင်း၌ လုံးဝ ကွဲပြားခြားနားပေလိမ့်မည်။ သူတို့သည် ချန်ဖေးကို စိတ်ထဲ၌ အထင်သေးနေကြသော်လည်း လက်တွေ့ စိန်ခေါ်မှုတွင်မူ သူတို့ အစွမ်းကုန် ကြိုးစားကြမည်မှာ အမှန်ပင် ဖြစ်၏။

စိန်ခေါ်မှု၏ အခက်အခဲကို ယခုကဲ့သို့ လျှော့ချနိုင်ခြင်းမှာ အကောင်းဆုံး ရလဒ်ပင် ဖြစ်သည်။

သူတို့ အားလုံးသည် ချန်ဖေးကို အစစ်အမှန် တပည့် နေရာမှ ဖယ်ရှားပစ်ရန်အတွက် တစ်လတာ အချိန် ကုန်ဆုံးသွားမည့် အချိန်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

အစစ်အမှန်တပည့် တောင်ထိပ်၏ တောင်စောင်းရှိ ခြံဝင်းတစ်ခုအတွင်း၌။

ကောဟုန်ကျယ်ထံ သတင်းပါးပြီးနောက် ချန်ဖေးသည် ပြင်ပလောကမှ ပြောင်းလဲမှုများကို ဂရုမစိုက်တော့ဘဲ ကျုံးယွမ် ဓားသိုင်းကို ကျင့်ကြံခြင်း၌သာ အာရုံစိုက်နေခဲ့သည်။

အတုပြုလုပ်ထားသော ရေတံခွန်မှာ ထိရောက်မှု ရှိ၏။ ယခုအချိန်တွင် ချန်ဖေးသည် ရေတံခွန် သေးသေးလေးအောက်တွင် ထိုင်နေသည်။

ရေစီးကြောင်းများက သူ့အပေါ်သို့ ကျဆင်းလာသည်နှင့်အမျှ ကျုံးယွမ် ဓားသိုင်းနှင့် ပတ်သက်သည့် နက်ရှိုင်းသော နားလည်မှုများ သူ၏ စိတ်ထဲ၌ ပေါ်ပေါက်လာ၏။

အကယ်၍ အပြင်လူ ရှိနေပါက ချန်ဖေး၏ အသွင်အပြင်ကို ထူးဆန်းသည်ဟု ထင်မြင်ကြပေလိမ့်မည်။

ရေများက အပေါ်မှ စီးကျလာပြီး ချန်ဖေး၏ ခေါင်းကို စိုရွှဲနေစေ၏။ မည်သို့ပင် ကြည့်ကြည့် အဆင်မပြေဟု ထင်ရသော်လည်း ချန်ဖေးမှာမူ ကျုံးယွမ် ဓားသိုင်း၏ ဗဟုသုတများကို စုပ်ယူရင်း သူ၏ အတွင်းအားများမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာပုံ ရသည်။

ယခင်က ထုန်ယွမ် ကျင့်စဥ်မှ ရရှိသည့် အတွင်းအားများမှာ ထူးခြားသော လက္ခဏာ မရှိသော်လည်း ယခုအခါ ကျုံးယွမ် ဓားသိုင်းကို ကျင့်ကြံလာသည်နှင့်အမျှ သူ၏ အတွင်းအားများမှာ တဖြည်းဖြည်း ပိုမို သိပ်သည်းလာ၏။

ချန်ဖေးသည် အာရုံစူးစိုက်မှု အပြည့်ဖြင့် ကျင့်ကြံနေခဲ့သည်။

နေ့ရက်များမှာ ရင်းနှီးနေသော အရှိန်အဟုန်အတိုင်းပင် ဆေးလုံး ဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ဖြင့် ကုန်ဆုံးနေသော်လည်း ချန်ဖေးမှာ စိတ်မရှည်ခြင်း မရှိပေ။ အပြန်အလှန်အားဖြင့် သူသည် ထိုအခြေအနေကို ပျော်ရွှင်နေမိ၏။

မိမိ၏ စွမ်းဆောင်ရည်များ အဆက်မပြတ် တိုးတက်နေသည်ကို ခံစားနေရသူ မည်သူမဆို ထိုကဲ့သို့သော ဘဝမျိုးအပေါ် ငြီးငွေ့လိမ့်မည် မဟုတ်ပေ။ လူအများမှာ သူတို့၏ ကြိုးစားမှုများ ရှိနေသော်လည်း တိုးတက်မှု မရှိဘဲ ရပ်တန့်နေသည်ဟု ခံစားရသည့် အခါမှသာ ငြီးငွေ့တတ်ကြခြင်း ဖြစ်သည်။

၁၅ ရက် ကြာပြီးနောက် ချန်ဖေးသည် ကျုံးယွမ် ဓားသိုင်း၏ အတွင်းကလီစာ သန့်စင်ခြင်း အပိုင်းတွင် ကျွမ်းကျင် အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ထိုအချိန်၌ သူ၏ အတွင်းအားမှာလည်း လုံးဝ ပြောင်းလဲသွားခဲ့သည်။

လေထုထဲတွင် လွင့်မျောနေသော အရာမှ အစိုင်အခဲတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသကဲ့သို့ သူ၏ ကိုယ်အလေးချိန်မှာလည်း တိုးလာသည်ဟု ခံစားလိုက်ရ၏။

ချန်ဖေးသည် သူ၏ အတွင်းအားများ၏ ထိတွေ့မှုကို အာရုံခံနိုင်လာသည်။ အသိသာဆုံးသော ပြောင်းလဲမှုမှာ သူ ကျင့်ကြံသည့် အခါတိုင်း သဘာဝစွမ်းအင်များကို အမှန်တကယ် စတင် ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်၏။

ယခင်က သူ ကျင့်ကြံစဉ်တွင် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အနည်းငယ်မျှသာ စီးဝင်ခဲ့ပြီး ထိရောက်မှုမှာ အလွန် အားနည်းခဲ့သည်။

ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင် သိပ်သည်းဆကို မြှင့်တင်ခြင်းဖြင့် သူ၏ ကျင့်ကြံမှု အရှိန်နှုန်းကို အနည်းငယ် တိုးမြှင့်နိုင်ခဲ့ခြင်း ဖြစ်၏။

ယခုအခါတွင်မူ တူညီသော ပတ်ဝန်းကျင်၌ပင် ချန်ဖေး၏ ကျင့်ကြံမှု အရှိန်နှုန်းမှာ ပိုမို မြန်ဆန်လာခဲ့သည်။ ဤအတွင်းအား အမျိုးအစားက ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များအပေါ် ကပ်ငြိနိုင်စွမ်း ရှိနေသကဲ့သို့ ဖြစ်နေခြင်း ဖြစ်၏။

ကျင့်ကြံမှု အရှိန်နှုန်း မြန်ဆန်လာခြင်းနှင့် အတွင်းအား ပိုမို သိပ်သည်းလာခြင်းတို့အပြင် ချန်ဖေး၏ သိုင်းကွက်များ၏ စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ အတွင်းအားများမှာ သန့်စင်သွားသကဲ့သို့ ဖြစ်နေသော်လည်း အခြား နည်းလမ်းတစ်ခုဖြင့် သန့်စင်သွားခြင်း ဖြစ်၏။

ချန်ဖေးသည် ခြံဝင်းအတွင်း၌ ရပ်၍ သူ၏ ဓားကို ကိုင်ကာ သူ၏ ရှေ့မှ မြေပြင်ပေါ်သို့ စိုက်ချလိုက်သည်။

နောက်တစ်ခဏတွင် ဓားကျဆင်းသွားသော နေရာမှနေ၍ ဆွဲငင်အား ဂယက်လှိုင်း တစ်ခု ပျံ့နှံ့သွားပြီး ၁၀ မီတာ ပတ်လည်အတွင်းရှိ အရာအားလုံးအပေါ် သက်ရောက်သွား၏။

ထိုဧရိယာအတွင်းရှိ အရာအားလုံးမှာ ဆွဲငင်အားကြောင့် လှုပ်ရှားမှုများ ကန့်သတ်ခံလိုက်ရသည်။

ဤသည်မှာ အတွင်းကလီစာ သန့်စင်ခြင်း အဆင့်ရှိ ကျုံးယွမ် ဓားသိုင်း ဖြစ်သည် - ဓားကို ဗဟိုပြု၍ အရပ်မျက်နှာ အားလုံးသို့ ဖိအားများ ပေးခြင်း ဖြစ်၏။ ချန်ဖေးသည် မိမိကိုယ်ကိုယ် ဗဟိုပြု၍လည်း ထိုဆွဲငင်အား နယ်ပယ်ကို မိမိနှင့်အတူ ရွှေ့လျားစေနိုင်ပေသည်။

လက်ရှိတွင် ဆွဲငင်အား နယ်ပယ်၏ အကြီးဆုံး အချင်းဝက်မှာ ၁၀ မီတာ ဖြစ်၏။ သို့မဟုတ်ပါကလည်း ထိုစွမ်းအား အားလုံးကို ဓားသွားပေါ်သို့သာ စုစည်းနိုင်ပြီး ကျုံးယွမ် ဓားသိုင်း၏ အစွမ်းထက်ဆုံး တိုက်ကွက် ဖြစ်လာပေလိမ့်မည်။

၎င်းကို မည်သို့ အသုံးချမည် ဆိုသည်မှာ ချန်ဖေးအပေါ်တွင်သာ လုံးဝ မူတည်ပေသည်။

ကျေနပ်အားရစွာဖြင့် ချန်ဖေး ခေါင်းညိတ်လိုက်ပြီး မြေပြင်ပေါ်မှ ဓားကို ပြန်ယူလိုက်၏။ ကျွမ်းကျင် အဆင့်ရှိ ကျုံးယွမ် ဓားသိုင်းမှာ အတွင်းကလီစာ သန့်စင်ခြင်း အဆင့်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ အထူးသဖြင့် စွမ်းအား အားလုံးကို ဓားသွားပေါ်သို့ စုစည်းလိုက်သောအခါ ထွက်ပေါ်လာသည့် အရှိန်အဟုန်မှာ အမှန်တကယ်ပင် အံ့အားသင့်စရာ ဖြစ်၏။

ဤသည်မှာ ကျွမ်းကျင် အဆင့်သာ ရှိသေးခြင်း ဖြစ်သည်။ ဆက်လက် ကျင့်ကြံသွားမည် ဆိုပါက ကျုံးယွမ် ဓားသိုင်း၏ စွမ်းအားမှာ ဆက်လက် တိုးတက်နေဦးမည် ဖြစ်၏။ ကျုံးယွမ် ဓားသိုင်း၏ အတွင်းကလီစာ သန့်စင်ခြင်း အပိုင်းကို အပြီးတိုင် ကျွမ်းကျင်သွားသောအခါ မည်သို့သော မြင်ကွင်းများ ဖြစ်ပေါ်လာမည်ကို ချန်ဖေး မျှော်လင့်နေမိသည်။

အချိန်များ ကုန်ဆုံးသွားရာ နောက်ထပ် ၁၅ ရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြန်ပြီ ဖြစ်၏။ သို့သော်လည်း ကျုံးယွမ် ဓားသိုင်းမှာမူ အပြီးသတ် ကျွမ်းကျင်သည့် အဆင့်သို့ မရောက်ရှိသေးပေ။

ကျုံးယွမ် ဓားသိုင်း၏ ကျင့်ကြံမှု အရှိန်နှုန်းမှာ ချန်ဖေး၏ မျှော်လင့်ချက်ထက် အနည်းငယ် ကျော်လွန်နေခဲ့သည်။

သူသည် တစ်လအတွင်း အတွင်းကလီစာ သန့်စင်ခြင်း အဆင့်ရှိ ကျုံးယွမ် ဓားသိုင်းကို အပြီးသတ် ကျွမ်းကျင်သွားမည်ဟု ထင်မြင်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ဤသည်မှာ သူ့အတွက် အဟန့်အတား မဖြစ်ပေ။ အများဆုံးအားဖြင့် စိန်ခေါ်သူများကို ဖြေရှင်းပြီးမှသာ သူ၏ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်နိုင်ပေမည်။

ထိုစိန်ခေါ်သူများမှာ ချန်ဖေး၏ အဓိက အာရုံစိုက်ရာ မဟုတ်ပေ။ သူ၏ အာရုံမှာ အစစ်အမှန်တပည့် တောင်ထိပ်ပေါ်ရှိ အခြား အစစ်အမှန် တပည့်များ၊ အထူးသဖြင့် ယခင် နှစ်များကတည်းက ရှိနေသည့် တပည့်များအပေါ်သို့သာ ရောက်ရှိနေခြင်း ဖြစ်၏။

အစစ်အမှန် တပည့် ၉၀ ကျော် ရှိနေသဖြင့် ထိပ်ဆုံး အဆင့်ရှိ တပည့်များ၏ ခွန်အားမှာ မည်မျှအထိ ရှိမည်နည်းဟု ချန်ဖေး သိချင်နေမိသည်။

နံနက်ခင်း နေရောင်ခြည်အောက်တွင် ချန်ဖေး၏ ခြံဝင်းတံခါးမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။

"ဝင်လာခဲ့ပါ..."

ကျောက်ခုံပေါ်တွင် ထိုင်နေသော ချန်ဖေးသည် ယနေ့တွင် လူတစ်စု ရောက်လာမည်ကို သိထားသဖြင့် ခြံဝင်းအတွင်း၌ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"ကျွီ..."

သစ်သားချင်း ပွတ်တိုက်သံနှင့်အတူ ခြံဝင်း၏ သစ်သားတံခါးမှာ ပွင့်သွားတော့သည်။ ချန်ကွမ်ကျိ ဝင်ရောက်လာပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ ချန်ဖေးကို ကြည့်လိုက်၏။

"ညီလေးချန်... ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့... အစစ်အမှန် တပည့် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်..." ချန်ကွမ်ကျိက လက်ဝါးချင်း ရိုက်၍ နှုတ်ဆက်လိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင်မူ ရိုးသားမှု မရှိချေ။

"ကျေးဇူးပြုပြီး ထိုင်ပါဦး... တခြားလူတွေကို စောင့်လိုက်ကြတာပေါ့..."

ချန်ဖေးက ထိုင်ရန် အမူအရာ ပြလိုက်ရာ ချန်ကွမ်ကျိက ခေါင်းညိတ်၍ ကျောက်ခုံပေါ်တွင် ထိုင်လိုက်သည်။

ချန်ကွမ်ကျိသည် ယနေ့တွင် ချန်ဖေးထံ လာရောက်သူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သဘာဝကျကျ သိရှိထား၏။ ချန်ဖေး၏ အစစ်အမှန် တပည့် နေရာကို စောင့်ကြည့်နေသည့် အခြား အတွင်းတပည့်များစွာ ရှိနေမှာ သေချာလှသည်။

၁၅ မိနစ်ခန့် ကြာသောအခါ လူအများမှာ ခြံဝင်းအတွင်းသို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြတော့သည်။

သူတို့အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ဦး၏ ရည်ရွယ်ချက်ကို တစ်ဦးက စကားပြောစရာ မလိုဘဲ သိရှိနေကြ၏။

နာရီဝက်ခန့် ကြာပြီးနောက် ခြံဝင်းအတွင်း၌ ထိုင်နေသူ ၉ ဦး ရှိနေပြီ ဖြစ်သည်။

အတန်ကြာ စောင့်ဆိုင်းပြီးနောက် မည်သူမျှ ထပ်မံ ရောက်မလာတော့ကြောင်း သိလိုက်ရသဖြင့် ချန်ဖေးသည် ရှေ့သို့ တိုး၍ တံခါးကို ပိတ်လိုက်ပြီး ခြံဝင်းအတွင်းရှိ လူ ၉ ဦးဘက်သို့ လှည့်လိုက်၏။ သူတို့ထဲမှ အချို့မှာ သူနှင့်အတူ စမ်းသပ်မှုကို ဝင်ရောက်ခဲ့သူများ ဖြစ်သဖြင့် သူ အနည်းငယ် မှတ်မိနေခြင်း ဖြစ်သည်။

သို့သော်လည်း အများစုမှာ လုံးဝ သူစိမ်းများ ဖြစ်ကြ၏။ သူတို့၏ အရှိန်အဝါအရ ဆိုပါက အများစုမှာ အတွင်းကလီစာ သန့်စင်ခြင်း အဆင့် အလယ်ပိုင်းသို့ နီးကပ်နေကြပြီ ဖြစ်သည်။ သူတို့သည် အဆင့် မတက်သွားစေရန်အတွက် သူတို့၏ ကျင့်ကြံမှုကို တမင်တကာ ထိန်းချုပ်ထားကြခြင်း ဖြစ်ကြောင်း ချန်ဖေး အာရုံခံမိလိုက်၏။

ချန်ဖေးက အသာအယာ ပြုံးလိုက်သည်။ အစစ်အမှန် တပည့် နေရာအတွက် သူတို့ အတော်များများမှာ တစ်လတည်း စောင့်ဆိုင်းခဲ့ကြခြင်း မဟုတ်ဘဲ အတော်လေး ကြာမြင့်စွာကတည်းက စောင့်ဆိုင်းနေခဲ့ကြပုံ ရ၏။

သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည် - အကယ်၍ အတွင်းကလီစာ သန့်စင်ခြင်း အဆင့် အစောပိုင်းတွင် ရှိသည့် အစစ်အမှန် တပည့်များ ရှိနေပါက သူတို့၏ လက်ရှိ ကျင့်ကြံမှု အဆင့်ကို အသုံးချ၍ အရယူရန် ဖြစ်၏။

မမျှော်လင့်ဘဲ သူတို့သည် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ အခုမှ အဆင့်တက်ထားသည့် အစစ်အမှန် တပည့် ချန်ဖေးနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် အမှန်တကယ်ပင် ရွှေရောင် အခွင့်အလမ်းတစ်ခု ဖြစ်နေပေတော့သည်။

"ဒါဆိုရင်တော့ ပါဝင်မယ့်သူတွေ အကုန်လုံး ရောက်နေပြီ ထင်တယ်... ငါက အရင်ဆုံး ရောက်နေတာ ဆိုတော့ ငါ အရင် ပြောလို့ ရမလား..."

ချန်ဖေး တံခါးပိတ်လိုက်သည်ကို မြင်သောအခါ ချန်ကွမ်ကျိ ထရပ်၍ ချန်ဖေးကို ကြည့်ကာ ဆိုလိုက်၏။

"မလောပါနဲ့ဦး... ကျွန်တော် အရင် ပြောပါရစေ... ပြီးမှ ခင်ဗျားတို့ရဲ့ ထင်မြင်ချက်တွေကို ပြောပြကြတာပေါ့..."

ချန်ဖေးက ချန်ကွမ်ကျိကို တစ်ချက် ကြည့်၍ အသာအယာ ပြုံးလိုက်ပြီးနောက် ကျန်သည့် လူများဘက်သို့ လှည့်ကာ ဆိုလိုက်၏။

"စီနီယာတို့... အားလုံး ဒီကို ဘာလို့ လာကြတယ် ဆိုတာ ကျွန်တော် သိပါတယ်... ကျွန်တော့်ရဲ့ ထင်မြင်ချက်ကိုလည်း ပြောပြပါရစေ..."

ချန်ဖေး ခေတ္တမျှ ရပ်တန့်လိုက်ပြီး "ကျွန်တော် ခင်ဗျားတို့ရဲ့ စိန်ခေါ်မှုတွေကို လက်ခံဖို့ အသင့်ပါပဲ... ဒါပေမဲ့ အလောင်းအစားတွေ ရှိရမယ် မဟုတ်လား... ပြီးတော့ အဲဒီ အလောင်းအစားတွေကလည်း အစစ်အမှန် တပည့် နေရာနဲ့ ထိုက်တန်တဲ့ အရာတွေ ဖြစ်သင့်တယ် မဟုတ်လား..."

ချန်ဖေး၏ စကားကို ကြားသောအခါ ထို ၉ ဦးလုံး တစ်ခဏမျှ တိတ်ဆိတ်သွားကြ၏။ သို့သော်လည်း မကြာမီမှာပင် တစ်စုံတစ်ယောက်က အသာအယာ ရယ်မောလိုက်သည်။

ချန်ကွမ်ကျိမှာ ချန်ဖေးက သူ့ကို စကားပြောခွင့် မပေးဘဲ တံခါးပိတ်လိုက်သဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း ချန်ဖေး၏ စကားကို ကြားသောအခါတွင်မူ သူ၏ မျက်နှာ၌ လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာတော့သည်။

"ညီလေးချန်က ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှု ရှိနေတာပဲ... အဲဒါ ကောင်းပါတယ်... မင်း ငါ မလာခင်မှာ နောက်ဆုတ်သွားမှာကိုတောင် ငါ စိုးရိမ်နေခဲ့တာ... ညီလေးချန်မှာ တောင်းဆိုချက်တွေ ရှိတယ် ဆိုတော့လည်း ပိုကောင်းတာပေါ့... ညီလေးချန်က ဝိညာဉ်လက်နက်တစ်ပိုင်း ဓားအတွက် ပစ္စည်းတွေ စုဆောင်းနေတယ်လို့ ငါ ကြားထားတယ်... ငါ့ဆီမှာ သန့်စင်ပြီး သံရိုင်း တစ်တုံး ရှိတယ်... ငါ အရင်ဆုံး မင်းကို စိန်ခေါ်ရင် ဘယ်လိုလဲ..."

လန်ယွင်ဖုန်း ထရပ်၍ ချန်ဖေးကို ကြည့်လိုက်၏။ သူ၏ လက်ထဲတွင် အနက်ရောင် သတ္တုတုံးတစ်ခု ပေါ်လာပြီး သူ၏ မျက်လုံးများမှာလည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

လန်ယွင်ဖုန်းမှာ အစစ်အမှန် တပည့် နေရာကို စောင့်စားနေခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။

အခန်း (၁၉၃) မာန

ချန်ဖေးက လန်ယွင်ဖုန်း၏ လက်ထဲမှ သန့်စင်ပြီး သံရိုင်းကို ကြည့်၍ အသာအယာ ခေါင်းညိတ်လိုက်သည်။ ဤသံရိုင်းမှာ အဆင့်အတန်း ကောင်းမွန်လှပြီး လက်နက်များ သန့်စင်ရန်အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုပင် ဖြစ်၏။ သူ စုဆောင်းထားသည့် အခြားသော ဝိညာဉ်ပစ္စည်းများနှင့် ပေါင်းစပ်လိုက်လျှင် ဝိညာဉ်လက်နက်တစ်ပိုင်း ဓားတစ်လက်ကို သေချာပေါက် သန့်စင်နိုင်ပေလိမ့်မည်။

"အတော်လေး ကံကောင်းတာပဲ... ကျွန်တော့်ဆီမှာလည်း သန့်စင်ပြီး သံရိုင်းတစ်တုံး ရှိတယ်... စီနီယာလန်ရဲ့ အတုံးထက်တောင် နည်းနည်း ပိုကြီးသေးတယ်..."

ချန်ကွမ်ကျိက ရှေ့သို့ လှမ်းတက်လိုက်ပြီး လန်ယွင်ဖုန်း၏ စကားကို ဖြတ်ပြောကာ သူ၏ အိတ်ထဲမှ သံရိုင်းတစ်တုံး ထုတ်ပြလိုက်သည်။ အရွယ်အစားအရ ဆိုလျှင် လန်ယွင်ဖုန်း၏ အတုံးထက် အမှန်တကယ်ပင် ပိုမို ကြီးမား၏။

အရွယ်အစားသာမကဘဲ ထိုသံရိုင်း၏ အရောင်မှာလည်း ပိုမို ရင့်မှောင်နေသဖြင့် ချန်ကွမ်ကျိ၏ သံရိုင်းမှာ လန်ယွင်ဖုန်း၏ သံရိုင်းထက် ပိုမို စင်ကြယ်ကြောင်း ဖော်ပြနေပေသည်။

ဤသည်ကို မြင်သောအခါ ကျန်ရှိနေသည့် ခုနစ်ဦးမှာ မျက်မှောင်ကြုတ်လိုက်မိကြ၏။ ချန်ကွမ်ကျိ၏ သံရိုင်းမှာ အလေးချိန်ရော စင်ကြယ်မှုမှာပါ သူတို့ လက်ထဲမှ အရာများထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။

"ညီလေးချန်... ငါက ဂိုဏ်းကို တခြား စီနီယာတွေထက် နောက်ကျပြီးမှ ရောက်လာတာ ဖြစ်သလို အတွင်းကလီစာ သန့်စင်ခြင်း အဆင့်ကို ရောက်တာလည်း အချိန်အနည်းဆုံးပဲ ရှိသေးတယ်... အကယ်၍ ရွေးချယ်မယ် ဆိုရင်တော့ မင်းနဲ့ ငါနဲ့ ယှဉ်ပြိုင်တာက အောင်မြင်နိုင်ခြေ အရှိဆုံး ဖြစ်လိမ့်မယ်..."

သူ၏ သံရိုင်းဖြင့် အခြားသူများကို ဖိနှိပ်လိုက်ပြီးနောက် ချန်ကွမ်ကျိက ချန်ဖေးဘက်သို့ လှည့်၍ ပြုံးလျက် ဆိုလိုက်သည်။

"ဂိုဏ်းထဲမှာ ညီလေးချန် ပြောခဲ့တဲ့ စကားတွေနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်နေတယ်... အကယ်၍ ညီလေးချန်က အဲဒီ ကောလာဟလတွေကို ချေဖျက်ချင်တယ် ဆိုရင်တော့ ငါ့ကို ရွေးတာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်..."

"နောက်ကျပြီးမှ အဆင့်တက်တာက ခွန်အား အားနည်းတယ်လို့ မဆိုလိုပါဘူး... ညီလေးချန်(ချန်ကွမ်ကျိ)က ဒီလောက်အထိ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာ မလိုပါဘူး..."

လန်ယွင်ဖုန်းက မျက်မှောင်ကြုတ်လိုက်၏။ ချန်ကွမ်ကျိသည် ကောင်းကွက်ရော ဆိုးကွက်ပါ အကုန်ပြောသွားသဖြင့် အခြားသူများအတွက် ပြောစရာ စကား မကျန်တော့ပေ။

"စီနီယာလန် ပြောတာ မှန်တယ်... အကယ်၍ အဆင့်တက်တဲ့ အချိန်ကိုပဲ ခွန်အားရဲ့ စံနှုန်းအဖြစ် သတ်မှတ်မယ် ဆိုရင် တိုက်ပွဲတွေ ရှိနေစရာ မလိုတော့ဘူးပေါ့... ဘယ်သူက ဘယ်လောက် အချိန်ယူခဲ့ရတယ် ဆိုတာပဲ ပြောနေကြတော့မှာပေါ့ မဟုတ်ဘူးလား..."

"ငါ ကြားတာတော့ ညီလေးချန်(ချန်ကွမ်ကျိ)ရဲ့ အလင်းခွဲ ဓားသိုင်းက အတော်လေးကို ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်နေပြီ ဆိုပဲ... သူ့ရဲ့ ခွန်အားက တကယ်ပဲ ကြောက်စရာ ကောင်းပါတယ်..."

အခြားသူများကလည်း ချန်ကွမ်ကျိ၏ စကားကို ချက်ချင်းပင် ငြင်းပယ်လိုက်ကြပြီး ချန်ကွမ်ကျိ၏ ခွန်အားမှာ အားမနည်းဘဲ အတော်လေးပင် အစွမ်းထက်ကြောင်း ချန်ဖေးကို သတိပေးလိုက်ကြ၏။ ချန်ဖေးက ချန်ကွမ်ကျိ၏ စကားကို ယုံကြည်ပြီး သူ့ကိုသာ ရွေးချယ်သွားမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။

အကယ်၍ ထိုသို့ဆိုလျှင် သူတို့အတွက် ဘာကျန်တော့မည်နည်း။ အစစ်အမှန် တပည့် နေရာမှာလည်း ချန်ကွမ်ကျိ၏ လက်ထဲသို့ ရောက်ရှိသွားပေလိမ့်မည်။

အခြားသူများ၏ စကားကို ကြားသောအခါ ချန်ကွမ်ကျိမှာ တည်ငြိမ်နေဆဲ ဖြစ်၏။ သူက ချန်ဖေးကို ကြည့်၍ ပြုံးလျက် "ဒီသံရိုင်းအပြင် ငါ့ဆီမှာ အေးခဲစမ်းရေ တစ်ပုလင်းလည်း ရှိသေးတယ်..." ဟု ဆိုလိုက်သည်။

ချန်ကွမ်ကျိ၏ စကားအဆုံး၌ ကျန်ရှိနေသည့် လူများ၏ အမူအရာမှာ တောင့်တင်းသွားကြ၏။

ဤသည်မှာ အတော်လေး လွန်လွန်းလှသည်... ဤမျှ ကြီးမားသော သံရိုင်းကိုပင် အလောင်းအစားအဖြစ် ထုတ်ပေးရုံမျှ မကဘဲ အေးခဲစမ်းရေ တစ်ပုလင်းကိုပါ ထပ်မံ ဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။

ဤအလောင်းအစားများက ချန်ကွမ်ကျိ၏ နောက်ကျမှ အဆင့်တက်ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ချန်ဖေးအတွက် ငြင်းဆန်ရန် ခက်ခဲသော အခြေအနေ ဖြစ်သွားပေလိမ့်မည်။

သူတို့သာ ချန်ဖေး၏ နေရာတွင် ဆိုလျှင်လည်း ချန်ကွမ်ကျိကိုသာ ချက်ချင်း ရွေးချယ်မိကြပေလိမ့်မည်။

ခွန်အားကို အဆင့်တက်သည့် အချိန်တစ်ခုတည်းနှင့် မတိုင်းတာနိုင်သော်လည်း ၎င်းမှာ အရေးကြီးသည့် ရည်ညွှန်းချက် တစ်ခု ဖြစ်သည်မှာ အမှန်ပင် ဖြစ်၏။ ဤကမ်းလှမ်းချက်မှာ အမှန်တကယ်ပင် ငြင်းပယ်ရန် ခက်ခဲလှပေသည်။

ချန်ဖေးက ကျန်ရှိနေသူများ၏ မျက်နှာကို ကြည့်လိုက်သောအခါ သူတို့၏ အလောင်းအစားများမှာ ချန်ကွမ်ကျိနှင့် ယှဉ်လျှင် နိမ့်ကျနေကြောင်း သိရှိလိုက်ရ၏။

သို့သော်လည်း ဤသည်မှာ သဘာဝကျလှပေသည်၊ အားလုံးမှာ အတွင်းကလီစာ သန့်စင်ခြင်း အဆင့် အစောပိုင်း ကျင့်ကြံသူများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။

အမှတ်တစ်သောင်းကျော် စုဆောင်းရန်နှင့် ဝိညာဉ်ပစ္စည်းများ ရှာဖွေရန်မှာ သူတို့၏ ကျင့်ကြံမှု အသုံးစရိတ်များကိုပါ ထည့်တွက်လျှင် အလွန် ခက်ခဲသောအရာ ဖြစ်သည်။

သူတို့ လက်ထဲရှိ ဝိညာဉ်ပစ္စည်းများမှာပင် တစ်နေရာရာမှ ခေတ္တ ချေးငှားလာခြင်းလောဟု ချန်ဖေး သံသယ ဖြစ်မိ၏။

ချန်ဖေးသည် ချန်ကွမ်ကျိ၏ အကြည့်ကို ဆုံကြည့်လိုက်သည်။ ချန်ကွမ်ကျိသည် သူ၏ အလောင်းအစားများကြောင့် အသာစီး ရနေပြီ ဖြစ်ကြောင်း သိသာလှ၏။ ချန်ဖေးအနေဖြင့် အလောင်းအစား နည်းပါးသူကို ရွေးချယ်ရန် မည်သည့် အကြောင်းပြချက်မျှ မရှိပေ။

ချန်ဖေးမှာ မည်သူနှင့်မျှ ကြိုတင် ညှိနှိုင်းထားခြင်း မရှိသော်လည်း ချန်ကွမ်ကျိ၏ လက်ထဲမှ အရာများကို အမှန်တကယ် လိုချင်မိ၏။ သို့သော်လည်း ချန်ဖေး လိုချင်သည်မှာ ထိုအရာများသာ မဟုတ်ဘဲ သူတို့ အားလုံး၏ လက်ထဲမှ အရာအားလုံးပင် ဖြစ်ပေသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် အစစ်အမှန်တပည့် ခန်းမကို သွားပြီးတော့ စီနီယာတို့ အားလုံးရဲ့ စိန်ခေါ်မှုကို တစ်ပြိုင်နက်တည်း လက်ခံလို့ ရမလားဆိုတာ သွားမေးခဲ့တယ်..."

ချန်ဖေးက ချန်ကွမ်ကျိနှင့် အခြားသူများကို ကြည့်၍ အပြစ်ကင်းသော အပြုံးတစ်ခု ပြုံးလိုက်၏။

"တစ်ပြိုင်နက်တည်း ဟုတ်လား... ဘာကို ဆိုလိုတာလဲ..."

ချန်ကွမ်ကျိ မျက်မှောင်ကြုတ်လိုက်သည်။

သူသည် အလောင်းအစားများစွာ ကမ်းလှမ်းခဲ့သော်လည်း ချန်ဖေးမှာ ချက်ချင်း လက်မခံဘဲ ရှိနေသဖြင့် အခြေအနေများမှာ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေသည်ဟု ချန်ကွမ်ကျိ ခံစားလိုက်ရ၏။

ချန်ကွမ်ကျိသည် ထိုသို့သော ခံစားချက်မျိုးကို အလွန် မုန်းတီးလှပေသည်။

"ဆိုလိုတာကတော့ စီနီယာတို့ အားလုံးရဲ့ စိန်ခေါ်မှုကို ကျွန်တော် တစ်ပြိုင်နက်တည်း လက်ခံမယ်... ကျွန်တော် အနိုင်ရနေသရွေ့တော့ ကျွန်တော် ရှုံးတဲ့အထိ ပွဲတွေက ဆက်သွားနေမှာပဲ... ဒါပေမဲ့ ကျွန်တော် မရှုံးဘူး ဆိုရင်တော့ စီနီယာတို့ဘက်ကလည်း သဘောတူညီချက်အတိုင်း နောက်ဆုတ်လို့ မရပါဘူး... အားလုံးက စင်မြင့်ပေါ်ကို တက်ပြီး ကျွန်တော့်ကို ရင်ဆိုင်ရပါလိမ့်မယ်..."

ချန်ဖေး၏ မျက်ဝန်းများမှာ အနည်းငယ် ကျယ်ပြန့်သွားပြီး ချန်ကွမ်ကျိနှင့် အခြားသူများကို ကြည့်လိုက်ရာ သူ၏ အကြည့်ထဲ၌ ဖိအားတစ်ခု ပါဝင်နေ၏။

လန်ယွင်ဖုန်းနှင့် အခြားသူများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အော်ဟစ် ရယ်မောလိုက်ကြတော့သည်။

ဤမျှ အတင့်ရဲပြီး ပြတ်သားလှသော်လည်း အတော်လေးကို မဆင်မခြင်နိုင်လွန်းလှပေသည်။

ချန်ဖေး၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည် - သူသည် သူတို့ လက်ထဲရှိ ဝိညာဉ်ပစ္စည်းများနှင့် အမှတ်များကို မျက်စိကျနေခြင်း ဖြစ်ပြီး မည်သူ့ကိုမျှ လွတ်ထွက်ခွင့် ပေးလိုပုံ မရပေ။ သူသည် ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှု ရှိနေသကဲ့သို့ အတော်လေးလည်း မာနကြီးလှ၏။

သူတို့ မလာမီကမူ ချန်ဖေးမှာ နောက်ဆုံး အချိန်ကျမှ နောက်ဆုတ်သွားမည်ကို စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့အပြင် ချန်ဖေးအနေဖြင့် သူတို့ထဲမှ တစ်ဦးဦးကိုသာ ရွေးချယ်သွားမည်ကိုလည်း စိုးရိမ်ခဲ့ကြ၏။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ အလွန် ရှားပါးလှသောကြောင့် ဖြစ်သည်။

ခြင်ဆီ သန့်စင်ခြင်း အဆင့်မျှဖြင့် အစစ်အမှန် တပည့် ဖြစ်လာပြီး အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ အခုမှ အဆင့်တက်ထားသည့် သူတစ်ဦးကို စိန်ခေါ်ခွင့် ရရန်မှာ တစ်သက်တွင် တစ်ခါမျှသာ ကြုံတွေ့နိုင်သည့် အခွင့်အလမ်း ဖြစ်၏။

ယခင်က အတွင်းတပည့်များမှာ နောက်ဆုံးအဆင့် အစစ်အမှန် တပည့်ကို စိန်ခေါ်ရာ၌ အောင်မြင်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသော်လည်း ထိုသေးငယ်လှသည့် အခွင့်အရေးကိုပင် အတွင်းတပည့် အများအပြားက ဆက်တိုက် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ နောက်ဆုံးအဆင့် အစစ်အမှန် တပည့် ချန်ဖေးကို စိန်ခေါ်ရန်မှာ အလွန် မျှော်လင့်ချက် ရှိနေသလို ချန်ဖေးမှာလည်း ခြောက်လ ပြည့်အောင် မစောင့်ဘဲ စိန်ခေါ်မှုကို လက်ခံလိုက်သဖြင့် အားလုံးမှာ ဝမ်းသာနေကြခြင်း ဖြစ်သည်။

ချန်ဖေး၏ ခွန်အားနှင့် ပတ်သက်သည့် ကောလာဟလများကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့ကြသော်လည်း ၎င်းမှာ သူတို့၏ စိတ်ထဲမှ အမှန်တကယ် ထင်မြင်ချက်များသာ ဖြစ်ကြ၏။

ချန်ဖေး၏ ခွန်အားနှင့် ပတ်သက်သည့် ကောလာဟလများက သူတို့ကို အားနည်းသည်ဟု ထင်ရစေသလား...။

သူတို့သည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ကြသဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိနေကြပြီ ဖြစ်၏။ မဟုတ်လျှင်တော့ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိလာနိုင်ကြလိမ့်မည် မဟုတ်ပေ။

အကယ်၍ သူတို့သည် ဖျင်းယင်း ခရိုင် ကဲ့သို့သော မြို့ငယ်လေးများတွင် ဆိုလျှင် သူတို့၏ ကျင့်ကြံမှု အဆင့်ဖြင့် မြို့ကို အုပ်ချုပ်မည့် ခေါင်းဆောင်များ ဖြစ်နေကြပြီး အရပ်မျက်နှာ အားလုံး၏ ရိုသေမှုကို ခံယူနေကြရမည် ဖြစ်၏။

"အစစ်အမှန်တပည့် ခန်းမက ညီလေးချန်ရဲ့ ကမ်းလှမ်းချက်ကို သဘောတူလို့လား..." တစ်စုံတစ်ယောက်က လှောင်ပြောင်လျက် မေးလိုက်သည်။

ချန်ဖေး၏ မာနကြီးမှုကြောင့် ထိုနေရာတွင် ရှိနေသူ အားလုံးမှာ မကျေမနပ် ဖြစ်နေကြပြီ ဖြစ်၏။ အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ ရောက်ရုံမျှဖြင့် ဤမျှ အတင့်ရဲနေခြင်းမှာ အမှန်တကယ်ပင် အံ့သြစရာ ဖြစ်၏။

"အရင်က ဒီလိုမျိုး မရှိခဲ့ဖူးပေမဲ့ အစစ်အမှန်တပည့် ခန်းမကတော့ သဘောတူပါတယ်..."

ချန်ဖေးက သူတို့၏ အမူအရာများကို ကြည့်၍ အသာအယာ ပြုံးလိုက်ပြီး "အကယ်၍ စီနီယာတို့ အားလုံး သဘောတူတယ် ဆိုရင် အစစ်အမှန်တပည့် ခန်းမကို သွားပြီးတော့ ဒီအလောင်းအစားကို အတည်ပြုကြမလား..." ဟု ဆက်ပြောလိုက်၏။

"မင်းရဲ့ ပထမဆုံး စိန်ခေါ်သူအဖြစ် ဘယ်သူ့ကို ရွေးမလဲ..."

ချန်ကွမ်ကျိ မသက်မသာ ဖြစ်နေသော်လည်း ဤမေးခွန်းကိုတော့ ရှင်းလင်းအောင် လုပ်ရန် လိုအပ်၏။

ချန်ဖေး မည်မျှပင် ယုံကြည်မှု ရှိနေစေဦးတော့၊ နောက်ဆုံးတွင် သူသည် ချန်ကွမ်ကျိ၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားရမည်သာ ဖြစ်သည်။

လက်တွေ့တွင်မူ ချန်ဖေး၏ အပြုအမူမှာ နောင်တစ်ချိန်တွင် အတွင်းတပည့်များအကြား ရယ်စရာတစ်ခု ဖြစ်လာပေလိမ့်မည်။

"စီနီယာက အလောင်းအစား အများဆုံး ကမ်းလှမ်းထားတာ ဆိုတော့ သဘာဝကျကျပဲ စီနီယာကိုပဲ အရင်ဆုံး ရင်ဆိုင်ပါ့မယ်..." ချန်ဖေး ပြုံးလိုက်၏။

"ကောင်းပြီလေ... ဒါဆိုရင် အတည်ပဲ..."

ချန်ကွမ်ကျိ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

ဘယ်လို ပရိယာယ်တွေပဲ သုံးသုံး၊ နောက်ဆုံးမှာတော့ စင်မြင့်ပေါ်မှာ လက်တွေ့ ခွန်အားချင်းပဲ ယှဉ်ရမှာ ဖြစ်သည်။

လန်ယွင်ဖုန်းနှင့် အခြားသူများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ချန်ဖေး၏ အပြုအမူမှာ အတင့်ရဲလှသော်လည်း ရလဒ်ကတော့ ပြောင်းလဲမသွားပေ။ ပထမဆုံး ရွေးချယ်ခံရသူမှာ ချန်ကွမ်ကျိပင် ဖြစ်၏။

ချန်ဖေး၏ ယုံကြည်မှုကြောင့် သူတို့မှာ အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်မိကြသည်။

"မင်းရဲ့ အလောင်းအစားကို ငါတို့ သဘောတူတယ် ဆိုပါစို့... ဒါပေမဲ့ စီနီယာချန်ကို အနိုင်ရပြီးရင် ငါတို့ ကျန်တဲ့သူတွေကို စိန်ခေါ်ဖို့ ဘယ်လောက်အထိ စောင့်မှာလဲ... ငါတို့ကို လပေါင်းများစွာ စောင့်ခိုင်းမှာတော့ မဟုတ်ဘူး မဟုတ်လား..." လန်ယွင်ဖုန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"ကျွန်တော် ဒီနေ့ပဲ စီနီယာတို့ အားလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်မှာပါ..."

ချန်ဖေး၏ စကားမှာ အံ့အားသင့်စရာ ဖြစ်နေသဖြင့် ချန်ကွမ်ကျိနှင့် အခြားသူများမှာ မျက်လုံးများ ပြူးသွားကြ၏။ ဤဆုံးဖြတ်ချက်မှာ မာနကြီးခြင်းထက်ပင် ကျော်လွန်နေပြီ ဖြစ်ပြီး သူတို့ကို လုံးဝ အထင်သေးလိုက်ခြင်း ဖြစ်ပေသည်။

သူတို့ကို အားလုံး အသုံးမကျတဲ့သူတွေလို့ လက်ညှိုးထိုး ပြောလိုက်သလိုပင် ဖြစ်၏။

ချန်ဖေးသည် သူတို့၏ လူစုခွဲ၍ ဆက်တိုက် တိုက်ခိုက်မည့်ပွဲကို တစ်ကိုယ်တည်း ရင်ဆိုင်လိုနေခြင်း ဖြစ်သည်။ ယခင်က မည်သည့် အစစ်အမှန် တပည့်မျှ ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို မချမှတ်ဝံ့ခဲ့ပေ။ သို့သော်လည်း အားအနည်းဆုံး အစစ်အမှန် တပည့် ဖြစ်သင့်သည့် ချန်ဖေးက ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

"စည်းကမ်းချက် တစ်ခုတော့ ရှိတယ်... စီနီယာတို့ဘက်က အလောင်းအစားတွေကို ပိုပြီး ထည့်ရမယ်... အကယ်၍ ဝိညာဉ်ပစ္စည်းတွေ မရှိတော့ဘူး ဆိုရင်တော့ အမှတ်တွေကို ၃၀ ရာခိုင်နှုန်းလောက် တိုးပေးရမယ်... ဘယ်လိုလဲ..." ချန်ဖေးက အခြားသူများ၏ အမူအရာကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။

"ကောင်းပြီ... ကောင်းပြီလေ ညီလေးချန်... မင်းက ဒီလောက်အထိ ပြောနေမှတော့ ငါတို့ဘက်က လက်မခံရင် အားနည်းတယ်လို့ အပြောခံရမှာပေါ့... သွားကြစို့... အစစ်အမှန်တပည့် ခန်းမကို..." တစ်စုံတစ်ယောက်က ဒေါသရော ရယ်ချင်စိတ်ရော ရောယှက်နေသော လေသံဖြင့် ဆိုလိုက်သည်။

"ညီလေးချန်... လျှို့ဝှက်နယ်မြေထဲကလိုမျိုး အမြဲတမ်း ကံကောင်းနေမှာ မဟုတ်ဘူးနော်..." တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီး ချန်ဖေးအပေါ် မကျေမနပ် ဖြစ်နေကြောင်း ပြသလိုက်၏။

"ညီလေးချန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလှတာ ဆိုတော့... မင်းရဲ့ ဒွာရဖောက်ခွဲခြင်း ဆေးလုံးကိုရော အလောင်းအစားအဖြစ် ထည့်မလား..." ချန်ကွမ်ကျိက လှောင်ပြောင်လျက် ဆိုလိုက်သည်။

"ငါ့ဘက်က ဝူမိသားစုရဲ့ ဒြပ်စင် ဝိညာဉ် ကန်မှာ ကျင့်ကြံခွင့်နဲ့ မင်းရဲ့ ဒွာရဖောက်ခွဲခြင်း ဆေးလုံးကို လောင်းမယ်..."

"ကောင်းပြီလေ..."

ချန်ဖေးက တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်လိုက်၏။

ဤသည်မှာ လဲလှယ်ခြင်း မဟုတ်ဘဲ အလောင်းအစား တစ်ခုသာ ဖြစ်သဖြင့် ချန်ဖေးအနေဖြင့် ငြင်းဆန်ရန် အကြောင်း မရှိပေ။

လန်ယွင်ဖုန်းနှင့် အခြားသူများမှာ ချန်ကွမ်ကျိကို ကြည့်လိုက်ကြ၏။ ဤအလောင်းအစားမှာ အလွန် ကြီးကျယ်လှသလို ပြင်းထန်လှပေသည်။

အကယ်၍ ချန်ဖေး ရှုံးနိမ့်သွားပါက သူသည် အစစ်အမှန် တပည့် နေရာကို ဆုံးရှုံးရုံမျှမကဘဲ နောင်တစ်ချိန် ဒွာရ သန့်စင်ခြင်း အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းမှာလည်း များစွာ လျော့နည်းသွားပေလိမ့်မည်။

သို့သော်လည်း ချန်ဖေး၏ မာနကြီးသော ဆုံးဖြတ်ချက်ကို သူတို့ ပြန်လည် စဉ်းစားကြည့်သောအခါ သူသည် အတော်လေးကို လွန်လွန်ကဲကဲ လုပ်ဆောင်နေသည်ဟု ခံစားလိုက်ရ၏။ သူ ရူးသွားတာများလား...။ သူ၏ ကျင့်ကြံမှု နည်းလမ်းမှာ မသင့်တော်ဘဲနှင့် သည်လို မဆင်မခြင် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့ခြင်းလော...။

တစ်ခဏမျှ ကြာပြီးနောက် ချန်ဖေးနှင့် အခြား ၁၀ ဦးမှာ အစစ်အမှန်တပည့် ခန်းမသို့ ရောက်ရှိလာကြသည်။ ချန်ဖေးသည် တာဝန်ကျ တပည့်များထံ သူ၏ တောင်းဆိုချက်ကို တင်ပြလိုက်၏။

တာဝန်ကျ တပည့်များမှာ ချန်ဖေးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ချန်ဖေး လာရောက် မေးမြန်းစဉ်က သူတို့သည် ချန်ဖေးမှာ နောက်ပြောင်နေသည် သို့မဟုတ် ဗဟုသုတအဖြစ် လာမေးသည်ဟုသာ ထင်မြင်ခဲ့ကြခြင်း ဖြစ်၏။

ချန်ဖေးမှာ အမှန်တကယ်ပင် အလေးအနက် ရှိနေလိမ့်မည်ဟု သူတို့ မထင်ခဲ့ကြပေ။

အခြား ၉ ဦးလုံးကို တစ်ရက်တည်းမှာပင် ဆက်တိုက် ရင်ဆိုင်ရန် ကြိုးစားနေခြင်းမှာ အမှန်ပင် ဖြစ်၏။

ဤသည်မှာ ရူးသွပ်မှုပင် ဖြစ်၏။ တာဝန်ကျ တပည့်များမှာ ထိုကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

"ညီလေးချန်... မင်း တကယ်ပဲ အလေးအနက် ပြောနေတာလား..."

တာဝန်ကျ တပည့်များက တိုးတိုးလေး မေးမြန်းလိုက်ပြီး အစစ်အမှန် တပည့် နေရာဆိုသည်မှာ အလွယ်တကူ ရရှိနိုင်သောအရာ မဟုတ်ကြောင်းနှင့် ဤကဲ့သို့ တန်ဖိုး မချသင့်ကြောင်း သတိပေးလိုက်ကြ၏။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလျှင်ပင် တစ်ရက်လျှင် တစ်ဦးနှုန်းဖြင့်သာ စိန်ခေါ်မှုကို လက်ခံသင့်ကြောင်း၊ အခြားသူများကို စောင့်ခိုင်းထားနိုင်ကြောင်း သူတို့က ဆိုကြသည်။

တစ်ဦးချင်းစီ ဆက်တိုက် တိုက်ခိုက်ရသည့်ပွဲမှာ သေးငယ်သော ဒဏ်ရာများကိုပင် ပိုမို ပြင်းထန်လာစေနိုင်သလို ကိုယ်ခွန်အားနှင့် အတွင်းအား ကုန်ဆုံးမှုမှာလည်း အလွန်ပင် ကြီးမားလှပေသည်။ ဤသည်မှာ အလွန်ပင် ကြီးမားသော စွန့်စားမှု ဖြစ်၏။

"ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ် စီနီယာ..." ချန်ဖေးက ဦးညွှတ်လျက် ဆိုလိုက်သည်။

တာဝန်ကျ တပည့်များက ချန်ဖေး၏ တည်ငြိမ်သော မျက်နှာကို ကြည့်၍ သက်ပြင်းချလိုက်ပြီး အလောင်းအစား စည်းကမ်းချက်များကို စတင် မှတ်တမ်းတင်လိုက်ကြတော့သည်။

သို့သော်လည်း ချန်ဖေးသည် သူ၏ ဒွာရဖောက်ခွဲခြင်း ဆေးလုံးကိုပါ အလောင်းအစားအဖြစ် ထည့်သွင်းထားသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ ခေါင်းများမှာ မူးနောက်သွားကြ၏။

ထိုဆေးလုံးကို ချန်ကွမ်ကျိနှင့်သာ လောင်းထားခြင်း ဖြစ်သော်လည်း အလောင်းအစားမှာ အလွန်ပင် ကြီးမားလှပေသည်။ ချန်ဖေးမှာ နောက်ဆက်တွဲ ရလဒ်များကို လုံးဝ ဂရုမစိုက်တော့ခြင်းလော...။

All Chapters