ဖုန်မှုန့်များ ငြိမ်သက်သွားခြင်း
Vol. 29 Ch. 284
ကျုံးချင်က သူ၏စွမ်းအားတိုးတက်လာရန် လိုအပ်မှုက အလွန်အရေးတကြီး ဖြစ်နေကြောင်းကို တွေးတောနေစဥ်တွင်...
လူများအားလုံး၏အံ့အားသင့်မှုက ဆက်လက်၍ ဖြစ်ပွားနေခဲ့ပေ၏။
နောက်ဆုံးတွင် အရာအားလုံး ငြိမ်သက်သွားရန် အလွန်ကြာရှည်သော အချိန်တစ်ခု ကြာမြင့်ခဲ့သည်။
ဖူဝမ်နန်းတော်ကို ဖျက်ဆီးရုံမျှဖြင့် အရေးကြီးသော ပုဂ္ဂိုလ်များစွာ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
မူလက ဤနေရာတွင် ရောက်ရှိနေသူတိုင်းသည် မြောက်ပိုင်းဒေသမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြ၏။
သူတို့သည် ပုံမှန်အားဖြင့် အလွန်မာနကြီးလေ့ရှိသည်။
သို့သော် ယနေ့ အဖြစ်အပျက်များအပြီးတွင် သူတို့သည် ဆက်လက်၍ မာနမကြီးနိုင်တော့ချေ။ အစစ်အမှန်သခင်များ၏ရှေ့တွင် သူတို့သည် မည်မျှထိ အရေးမပါကြောင်းကို ယခုချိန်၌ သူတို့ နားလည်သွားခဲ့ကြလေပြီ။
ကြက်ပေါက်စတစ်သည် ဖူဝမ်နန်းတော် အပေါ် ပြီးပြည့်စုံသော အောင်ပွဲကို ဦးဆောင်ခဲ့သည်နှင့်အမျှ နောက်တစ်ဆင့်သည် သဘာဝကျစွာဖြင့် ရှင်းလင်းရေးအဆင့် ဖြစ်လာခဲ့သည်။
"သခင်... ဖူဝမ်နန်းတော်က ကျန်နေတဲ့ လူတွေကို ဘယ်လိုလုပ်ရမလဲ..."
ဤအချိန်၌ ကြက်ပေါက်စတစ်သည် ရှေ့သို့ တက်လာကာ ကျုံးချင်အား ဦးညွှတ်အရိုအသေပြုပြီး မေးမြန်းလိုက်၏။
ကြက်ပေါက်စတစ်၏အမြင်အရ ဖူဝမ်နန်းတော် မှ လူများအားလုံး သေသင့်သည်။
သို့သော် ကျုံးချင် ရှိနေသဖြင့် သူ အပါအဝင် လူများအားလုံးသည် ကျုံးချင်၏ဆန္ဒအတိုင်း လိုက်နာရပေမည်။
"သူတို့ကို သတ်လိုက်..."
ကျုံးချင်က တည်ငြိမ်စွာ ပြောဆိုသည်။
သွေးကြွေးရန်ငြိုးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သောကြောင့် သူတို့ကို အသက်ရှင်ခွင့်ပေးရန် အကြောင်းပြချက် မရှိတော့ချေ။
သူ၏စကားများ ကျဆင်းလာသည်နှင့်အမျှ သတ်ဖြတ်ပွဲတစ်ခု စတင်သွားခဲ့သည်။
ထိပ်တန်းတိုက်ခိုက်ရေးသမားများ အားလုံး ဆုံးရှုံးသွားသဖြင့် ကျန်ရှိနေသော ဖူဝမ်နန်းတော် အဖွဲ့ဝင်များသည် မည်သည့် သင့်လျော်သော ခုခံမှုမျိုးကိုမျှ မပြုလုပ်နိုင်တော့ချေ။
လူအများသည် ဒူးထောက်ကာ ကရုဏာသက်ရန် တောင်းပန်ခဲ့ကြခြင်း သို့မဟုတ် သေသည်အထိ ရုန်းကန်ခဲ့ကြခြင်းတို့ကို ပြုလုပ်ခဲ့ပေ၏။
သို့သော် ဤအရာများအနက်မှ မည်သည့်အရာကမျှ ကျုံးချင် သတ်မှတ်ပေးထားသော ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ချေ။
မကြာမီမှာပင် ခေါင်းများ ပြုတ်ကျသွားခဲ့ကာ ဖူဝမ်နန်းတော်မှ လူများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရသည်။
ထိပ်သီးအင်အားစုကြီးတစ်စုသည် ဤသို့ဖြင့် လုံးလုံးလျားလျား အဆုံးသတ်သွားခဲ့ပေ၏။
ထို့နောက် အောင်ပွဲ၏ တိုက်ရာပါပစ္စည်းများကို လုယက်ယူငင်သည့် ပြီးပြည့်စုံသော ပွဲတော်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
ထိပ်သီးအင်အားစုကြီးလေးစုအနက်မှ တစ်စုဖြစ်သော ဖူဝမ်နန်းတော်သည် အလွန် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိခဲ့ပေ၏။ ထိုကြောင့် ကြီးမားသောဝေစုကို ကျုံးချင်က ယူသွားခဲ့သော်လည်း ကျန်ရှိနေသော အကြွင်းအကျန်များမှာ ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များကို ချက်ချင်းချမ်းသာကြွယ်ဝသွားစေရန် လုံလောက်နေခဲ့သည်။
ဤကံကောင်းမှုကို ရရှိပြီးနောက် အချိန်တန်လျှင် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်းမှ တပည့်များအားလုံး၏စွမ်းအားမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာလိမ့်မည်ဟု ယုံကြည်ရသည်။
ဤအချိန်၌ ဟော်လင်းအာသည် အပျက်အစီးများ၏ ထောင့်တစ်နေရာတွင် သူမတစ်ယောက်တည်း မတ်တတ်ရပ်နေသည်။ သူမသည် နံဘေးပတ်ဝန်းကျင်ရှိ တိုက်ပွဲမြေပြင်ကို ရှင်းလင်းနေသော လူများကို ကြည့်နေကာ သူမ၏မျက်လုံးများ အနည်းငယ် ဝေဝါးနေပေ၏။
မြောက်ပိုင်းဒေသတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး လောကကြီး၏အမြင့်ဆုံးနေရာတွင် တည်ရှိနေသော တောင်ကြီးတစ်လုံးဖြစ်သည့် အင်အားစုတစ်စုသည် ညတွင်းချင်း ပြိုလဲသွားခဲ့သည်။
အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက မည်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်မှုမျိုးကို ဖြစ်စေမည်နည်း....
ဤနေရာသည် ဖူဝမ်နန်းတော်၏ အစစ်အမှန် အဓိက အခြေစိုက်စခန်း မဟုတ်သော်လည်း...
အဆင့်မြင့် အဖွဲ့ဝင်အားလုံး သေဆုံးသွားသဖြင့် ကျန်ရှိနေသော ယင်ကောင်ငယ်လေးများက အခြေအနေကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း...
မကြာမီအချိန်အတွင်း ဖူဝမ်နန်းတော်တစ်ခုလုံးသည် မြောက်ပိုင်းဒေသမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားလိမ့်မည်ဟု ယူဆနိုင်သည်။
ထို့ပြင် သူမသည် ထိပ်သီးအင်အားစုကြီးတစ်စု၏ ပျက်စီးဆုံးရှုံးမှုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့သူ ဖြစ်လာပေ၏။
သူမ၏စိတ်ခံစားချက်များ အတက်အကျ ပြင်းထန်နေချိန်မှာပင် ကျုံးချင်က သူမဆီသို့ လျှောက်လှမ်းလာခဲ့သည်။
"မင်း တစ်ခုခု ခံစားနေရပုံပဲ...မင်း မျှဝေချင်တဲ့ အတွေးမျိုးတွေ ရှိလား..."
ဟော်လင်းအာ၏မျက်နှာအမူအယာသည် မသိမသာ ပြောင်းလဲသွားပြီး သူမ၏ အတွေးများ ရှုပ်ထွေးသွားပေ၏။ ယခုအချိန်တွင် ကျုံးချင်အား ရင်ဆိုင်ရခြင်းမှာ အနည်းငယ် နေရခက်နေသကဲ့သို့ သူမ ခံစားနေရသည်။
သူမ ဘယ်သောအခါမျှ လက်မှမချတတ်သော ဓားရှည်ကြီးသည် ယခုချိန်၌ သူမ၏ လက်ထဲတွင် ပို၍ပင် လေးလံနေသကဲ့သို့ ခံစားမိသည်။
ကျုံးချင်က ပြုံးလိုက်သည်။
ယခုအချိန်တွင် ဟော်လင်းအာ၏ခံစားချက်များကို သူ အနည်းငယ် နားလည်နိုင်ပေ၏။
အချိန်တခဏမျှ တွေးတောပြီးနောက် သူသည် ရာသီလေးပါးဂိုဏ်းနှင့် ဓားတစ်သောင်းဂိုဏ်း ၏ ဂိုဏ်းချုပ်များကို ချက်ချင်းဆင့်ခေါ်လိုက်သည်။
"သခင်..."
ကျီးဝူချန်နှင့်ပိုင်ဝူရှားတို့ ပြေးလာကြပြီး ရိုသေလေးစားစွာ ဦးညွှတ်ကာ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြ၏။
ကျုံးချင်က ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ဟော်လင်းအာကို ကြည့်ပြီး ပြောဆိုသည်။
"မင်းက လေလွင့်ကျင့်ကြံသူတွေရဲ့ဘဝက ခက်ခဲတယ်လို့ ပြောခဲ့တယ်လေ...ငါတို့ တွေ့ဆုံခဲ့ကြပြီဆိုတော့...အခု ငါ မင်းအတွက် နေရာတစ်ခု ရှာပေးချင်တယ်..."
သူသည် ထိုစကားကိုပြောဆိုရင်း ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့ကို လှည့်ကြည့်လိုက်သည်။
"ငါ မင်းတို့ကို မိတ်ဆက်ပေးပါရစေ...သူက ဟော်လင်းအာ...မြောက်ပိုင်းဒေသရဲ့တောင်ဘက်က လေလွင့်ကျင့်ကြံသူတစ်ဦးပဲ...သူ့မှာ ယင်သုံးပါးနယ်ပယ် ကျင့်ကြံဆင့် ရှိတယ်... မင်းတို့က သူ့ကို လက်ခံပြီး ကောင်းမွန်တဲ့ ရာထူးတစ်ခုပေးဖို့ ဆန္ဒရှိလား..."
ဤစကားများကို ပြောဆိုလိုက်သည်နှင့် ပိုင်ဝူရှားက ပထမဆုံး တုံ့ပြန်သည်။
"သခင်....ကျွန်တော် ဆန္ဒရှိပါတယ်......သခင်မလေးလင်းအာက ကျွန်တော်တို့ ဓားတစ်သောင်းဂိုဏ်းကို လာသရွေ့ ဂိုဏ်းထဲက ဘယ်ရာထူးကိုမဆို ရွေးချယ်နိုင်ပါတယ်..."
ကျီးဝူချန် ကလည်း အရှုံးမပေးဘဲ ပြောဆိုလိုက်သည်။
"သခင်မလေး လင်းအာ....ကျွန်တော့်ရဲ့ ရာသီလေးပါးဂိုဏ်းကို လာရင် ကျွန်တော်က ဂိုဏ်းချုပ် ရာထူးကိုတောင် စွန့်လွှတ်နိုင်ပါတယ်....ပြီးတော့ တစ်ဂိုဏ်းလုံးက သခင်မလေးကို ရိုသေလေးစားကြပါလိမ့်မယ်..."
ပိုင်ဝူရှားသည် မှင်တက်သွားပေ၏။ သူ၏သွေးသောက်ညီအစ်ကိုက ဟော်လင်းအာ ကို ဆွဲဆောင်ရန်အတွက် ဂိုဏ်းချုပ်ရာထူးကိုပင် စွန့်လွှတ်သည်အထိ အရှက်မဲ့လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။
ကျီးဝူချန်က ပိုင်ဝူရှားအား ရန်စသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏မျက်လုံးများတွင် အောင်ပွဲခံသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပေ၏။
ယင်သုံးပါးနယ်ပယ် အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးသည် သူ၏လေးစားမှုကို ခံရထိုက်သော်လည်း ပုံမှန်အားဖြင့် ဤမျှထိ ပြင်းထန်သော အာရုံစိုက်မှုကို ရရှိလိမ့်မည် မဟုတ်ချေ။
သို့သော် ဤမိန်းကလေးသည် သခင်နှင့် ဆက်ဆံရေး ကောင်းမွန်ကြောင်း သိသာထင်ရှားသည်။
ထို့ပြင် ကျုံးချင်ကိုယ်တိုင်က သူမအတွက် စကားပြောဆိုပေးခဲ့ပေ၏။
သူတို့နှစ်ဦးကြားတွင် ထူးခြားသော ဆက်ဆံရေးတစ်ခု ရှိနေကြောင်း သိသာရှင်းလင်းသည်။
ထိုကဲ့သို့ လူတစ်ဦးကို အလေးအနက်ထားပြီး မဆက်ဆံ၍ မရချေ။
ပိုင်ဝူရှားကလည်း သဘာဝကျစွာပင် ဤသည်ကို နားလည်သွားခဲ့ပေ၏။
သူ အံ့တင်းတင်းကြိတ်လိုက်သည်။
ယနေ့တွင် သူ၏ဘိုးဘေးများကို ဆန့်ကျင်မည့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် သူ ဆုံးဖြတ်လိုက်သည်။
"သခင်မလေး လင်းအာ.... ဂိုဏ်းချုပ် ဖြစ်ရတာ ဘာများ ကောင်းလို့လဲ...သူတို့က လူတစ်ယောက်ရဲ့အောက် လူတစ်သောင်းရဲ့အထက်လို့ ပြောကြပေမဲ့ ဘိုးဘေးရဲ့ ဆင့်ခေါ်တာနဲ့ အမိန့်ပေးတာကို ခံရတုန်းပဲလေ..."
"ကျွန်တော့်ရဲ့ ဓားတစ်သောင်းဂိုဏ်းကို လာခဲ့ပါ...ကျွန်တော်က သခင်မလေးကို မဟာဂိုဏ်းချုပ်ဖြစ်အောင် လုပ်ပေးမယ်..."
"သခင်မလေးက တစ်ဂိုဏ်းလုံးကို အမိန့်ပေးနိုင်ရုံတင်မကဘူး ဓားတစ်သောင်းဂိုဏ်းရဲ့ ဘိုးဘေးကလည်း သခင်မလေးရဲ့စိတ်ကြိုက် အသုံးပြူတာကို ခံရပြီးတော့ အမိန့်တွေကို နာခံပါလိမ့်မယ်..."
အိုး ဘုရားရေ...
ဤတစ်ကြိမ်တွင်မူ ကျီးဝူချန် မှင်တက်သွားမည့်အလှည့်သို့ ရောက်သွားခဲ့လေပြီ။
မင်း အဲ့ဒီလို လုပ်လိုက်တဲ့အချိန်မှာ မင်းရဲ့ဓားတစ်သောင်းဂိုဏ်းက ဘိုးဘေးရဲ့သဘောထားကိုများ မေးခဲ့သေးရဲ့လား...
သူ မှင်တက်နေစဉ်မှာပင် လူလုသည့် အရှိန်ကို လျှော့ချ၍မရနိုင်ချေ။
"သခင်မလေး လင်းအာ.... ကျွန်တော့်ရဲ့ရာသီလေးပါးဂိုဏ်းကလည်း သခင်မလေးကို မဟာဂိုဏ်းချုပ်အဖြစ် ဂုဏ်ပြုချင်ပါတယ်..."
"ကျွန်တော့်ရဲ့ ရာသီလေးပါးဂိုဏ်းမှာ ရာထူးတစ်ခု ယူထားသရွေ့ နှစ်တစ်ရာအတွင်းမှာ ယန်သုံးပါးနယ်ပယ်ကို အောင်မြင်အောင် ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."
ဟော်လင်းအာကို ဆွဲဆောင်ရန်အတွက် ဤအချိန်၌ ဂိုဏ်းချုပ်နှစ်ဦးမှာ လုံးလုံးလျားလျား အစွမ်းကုန် ကြိုးစားနေကြလေပြီ။
သူတို့ ကမ်းလှမ်းသော အခြေအနေများမှာ ပို၍ပို၍ လွန်ကဲလာခဲ့သည်။
ထို့ပြင် ပို၍ပို၍မြှူဆွယ်မှုများ ပြင်းထန်လာပေ၏။
ဟော်လင်းအာသည် ဤကဲ့သို့ အခြေအနေမျိုးကို ဘယ်သောအခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
အချိန်တခဏကြာသည်အထိ သူမ ကြက်သေသေသွားခဲ့သည်။
လေလွင့်ကျင့်ကြံသူလေးတစ်ဦးကို မဟာဂိုဏ်းချုပ်ကြီး ဖြစ်လာစေရန်....
ထို့ပြင် မြောက်ပိုင်းဒေသရှိ ပထမတန်းစား အင်အားစုဆယ်စု စာရင်းထဲရှိ အင်အားစုတစ်စုတွင်....
ဤသည်မှာ နောက်ပိုင်းတွင် မည်သူမျှ ရှိလာမည်မဟုတ်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း အမှန်တကယ်ကို မကြုံစဖူး ကိစ္စတစ်ရပ်ဟု ပြောဆိုနိုင်သည်။
ကျုံးချင်သည်လည်း ဤလူနှစ်ဦး၏ ကြီးမားသော ကမ်းလှမ်းမှုများကြောင့် အံ့အားသင့်သွားပေ၏။
သို့သော် ကြက်ပေါက်စတစ် ပြောဆိုခဲ့သည်မှာ အမှန်ပင်။ ဤလူနှစ်ယောက်သည် ကိစ္စများကို မည်သို့ ကိုင်တွယ်ရမည်အား သေချာပေါက် သိရှိထားကြသည်။
အနည်းဆုံးအနေဖြင့် အလုပ်အပေါ် သူတို့၏ သဘောထားမှာ ချီးကျူးထိုက်သည်။
သူ ပြုံးလိုက်ပြီး ဟော်လင်းအာကို ကြည့်လိုက်သည်။
"ဘယ်လိုလဲ တစ်ခုကိုရွေးဖို့ စိတ်ဝင်စားလား..."
ဟော်လင်းအာ၏ ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေသော မျက်လုံးများတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေခဲ့သည်။
မဟာဂိုဏ်းချုပ်....
ထို့ပြင် ပထမတန်းစား အင်အားစုကြီးဆယ်စု စာရင်းဝင်တစ်ခု၏ အထွတ်အထိပ်ရာထူးပင်။
အကယ်၍ သူမ ခေါင်းညိတ်လိုက်ရုံဖြင့် သူမသည် ဘဝတွင် တခြားရွေးချယ်စရာ အထွတ်အထိပ်တစ်ခုသို့ ချက်ချင်းရောက်ရှိသွားပေလိမ့်မည်။
မကြာမီမှာပင် သူမသည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်သည့်အလား သူမ၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားပေ၏။
ပိုင်ဝူရှားနှင့်ကျီးဝူချန်တို့၏ မျှော်လင့်စောင့်စားနေသော အကြည့်များအောက်တွင်...
သူမက တိုးညှင်းစွာ ပြောဆိုသည်။
"ကျွန်မက နှစ်ခုလုံးကို မရွေးဘဲ နေလို့ရမလား...ပြီးတော့ တခြားတောင်းဆိုမှုတစ်ခုကို လုပ်လို့ရမလား..."
"ပြောလေ..."
ကျုံးချင် အနည်းငယ် စိတ်ဝင်စားသွားပေ၏။
ဂိုဏ်းချုပ်နှစ်ဦးထံတွင်မူ သံသယများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
သူတို့ ကမ်းလှမ်းခဲ့သော အခြေအနေများမှာ အတော်လေး ရက်ရောသည်ဟု သူတို့ ယုံကြည်ထားခဲ့သည်။
သူတို့သည် သူတို့၏ဂိုဏ်းတစ်ဂိုဏ်းလုံးကို လက်တွေ့ကျကျ ပေးအပ်လိုက်သည်ဟုပင် ဆိုနိုင်ပေ၏။
သို့သော် ယခုအချိန်၌ ဟော်လင်းအာ က အမှန်တကယ်ကို ငြင်းဆိုလိုက်လေပြီ။
ထို့နောက် သူမက ကျုံးချင်ကို တခြားတောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။
ဖြစ်နိုင်သည်မှာ...
သူမ၏စွမ်းအားအရ သူတို့၏ဂိုဏ်းများတွင် မဟာဂိုဏ်းချုပ် ဖြစ်လာခြင်းထက် ပို၍တန်ဖိုးရှိသော အခြေအနေမျိုး ရှိနေသလော...
သူတို့သုံးဦး၏ အကဲခတ်နေသော အကြည့်များအောက်တွင်...
ဟော်လင်းအာက သူမ၏တောင်းဆိုချက်ကို ရိုးသားစွာ ဖော်ပြလိုက်သည်။
"ကျွန်မက ဘာမဟာဂိုဏ်းချုပ်မှ မဖြစ်ချင်ဘူး... ရှင်နဲ့ပဲ အတူနေလို့ ရမလား..."
ကျုံးချင် အချိန်တခဏတာမျှ စောင့်ဆိုင်းနေခဲ့သော်လည်း နောက်ထပ်ရှင်းပြချက် ထွက်ပေါ်မလာခဲ့ချေ။
"ဒီတော့ ဒါက မင်းရဲ့ တောင်းဆိုချက်ပေါ့..."
"ဟုတ်တယ်..."
ဤသည်က ကျုံးချင်ကို လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားစေခဲ့သည်။
သူ၏နောက်သို့ လိုက်ရန်အတွက် မဟာဂိုဏ်းချုပ်ကဲ့သို့ ကောင်းမွန်သော ရာထူးကို စွန့်လွှတ်လိုက်သဖြင့် လောကကြီးတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း...