← Chapters

အစစ်အမှန် သရုပ်မှန်

Vol. 29 Ch. 287

အစစ်အမှန် သရုပ်မှန်

Vol. 29 Ch. 287

တစ်ချိန်တည်းမှာပင်....

နတ်ဆိုးမြို့တော်သို့ ဖိတ်ကြားမထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာခဲ့ပေ၏။

ဤအမျိုးသမီးသည် တောက်အသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အစေခံမလေး တစ်ဦးနှင့် တူသော်လည်း ထူးခြားသော အသွင်အပြင် ရှိနေခဲ့သည်။

သူမသည် အရပ်မြင့်ပြီး ကျက်သရေရှိကာ အင်မော်တယ်တစ်ပါးကဲ့သို့ အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

သူမသည် စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခုပင်။

သူမသည် သာမန်လူများကြားတွင် လမ်းလျှောက်နေသော ကောင်းကင်နတ်သမီး တစ်ပါးနှင့် တူညီပြီး လောကီအာရုံများမှ ကင်းလွတ်ကာ သန့်စင်နေပေ၏။

သူမ၏အရှိန်အဝါသည် အလွန်အမင်း ကြီးမားလှသဖြင့် ယန်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူများပင်လျှင် သူမနှင့်ကြုံတွေ့ရပါက အံ့အားသင့်ပြီး ကြောက်ရွံ့သွားကြပေမည်။

"အဲ့ဒီလူက ဘယ်သူလဲ..."

အမျိုးသမီးတစ်ဦး မိုးကောင်းကင်ယံတွင် အတားအဆီးမရှိ ပျံသန်းသွားသည်ကို မြင်လိုက်ရသော တစ်စုံတစ်ယောက်က ထိတ်လန့်တကြား မေးမြန်းလိုက်၏။

သူမ၏ပုံရိပ်ကို အဝေးမှ တစ်ချက်လှမ်းကြည့်လိုက်ရုံမျှဖြင့် သူ၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းသွားစေသည့်အလား ပူလောင်သော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။

"ငါ မသိဘူး...မြောက်ပိုင်းဒေသမှာ ဒီလိုလူမျိုး ရှိပုံမရဘူး...အစစ်အမှန်နတ်ဆိုးအမွေအနှစ်ရဲ့ ထွက်ပေါ်လာမှုက လူမျိုးစုံကို ဆွဲဆောင်နိုင်ခဲ့ပြီးတော့.... မြောက်ပိုင်းဒေသရဲ့ အပြင်ဘက်က ထိပ်သီးကျင်သူတွေကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်..."

လူများအားလုံး ဆွေးနွေးနေကြစဉ်မှာပင် အင်မော်တယ်တစ်ပါးကဲ့သို့ အေးစက်သော အမျိုးသမီးသည် မီးပွားများနှင့်လျှပ်စီးကြောင်းများကဲ့သို့ လျှင်မြန်စွာ လှုပ်ရှားသွားပြီး နောက်ဆုံးတွင် ရေတံခွန်တစ်ခု၏ရှေ့သို့ ရောက်ရှိသွားခဲ့သည်။

"သခင်မလေး..."

သူမသည် ဟော်လင်းအာ၏ရှေ့တွင် ရပ်တန့်လိုက်ပြီး သူမ၏အသံတွင် ဝမ်းသာမှု အံ့အားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ယခုရောက်ရှိလာသူကို မြင်တွေ့ချိန်၌ ဟော်လင်းအာ၏မျက်နှာ သိသိသာသာ တောက်ပသွားခဲ့သည်။

"ကျန်းချွေ့....နင် ဘာလို့ ဒီနေရာကို ရောက်လာတာလဲ..."

တိတ်ဆိတ်ငြိမ်သက်နေသော ရေခဲကန်နံဘေးတွင် ဟော်လင်းအာက ကျန်းချွေ့ဟု ခေါ်သော အမျိုးသမီးသည် နံဘေးတွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေခဲ့သည်။

သူမက ခါးသီးသော အမူအယာဖြင့် ပြောဆိုသည်။

"သခင်မလေး ပျော်လို့ဝပြီဆိုရင် ကျွန်မနဲ့အတူ ပြန်လိုက်ခဲ့ပါတော့...သခင်မလေးကို ကျွန်မ အပြင်ထွက်ခွင့် ပေးလိုက်တာကို သခင်ကြီးသာ သိသွားရင် ကျွန်မရဲ့ခြေထောက်တွေကို ချိုးပစ်လိမ့်မယ်..."

ဟော်လင်းအာက သူမ၏လက်ကို ဝှေ့ယမ်းကာ ထိုစကားကို ပယ်ချလိုက်၏။ ယခင်က သူမ၏ နူးညံ့မှုနှင့်ရှက်ရွံ့မှု အရိပ်အယောင်များအားလုံး ပျောက်ကွယ်သွားကာ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ရပ်ဖြင့် အစားထိုးလိုက်သည်။

"ဘာကို ကြောက်နေတာလဲ...အဖေက ငါ့ကို အချစ်ဆုံးပဲ...ငါက သူ့ကို တောင်းပန်သရွေ့ အဖေက သေချာပေါက် မင်းကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး..."

"ပြီးတော့ မင်းက ငါတို့ကျန်းမိသားစုက မျက်လုံးရှစ်လုံးအစောင့်အရှောက်ရဲ့ မျိုးဆက်ဖြစ်ပြီး အနာဂတ်မှာ တော်ဝင်အစောင့်တပ်ဖွဲ့ဝင် ဖြစ်လာမယ့်သူလေ..."

"အဖေက မင်းရဲ့ခြေထောက်တွေကို ဘယ်လိုလုပ်ပြီး ချိုးရက်မှာလဲ..."

ကျန်းချွေ့သည် ရှေးဟောင်းမိသားစုတစ်စုမှ လာခြင်းပင်။

ထို့ပြင် သူမက သခင်မလေးဟုခေါ်သော ဟော်လင်းအာသည်လည်း သဘာဝကျစွာပင် သူမနှင့် နေရာတစ်ခုတည်းမှ လာခြင်း ဖြစ်ပေ၏။

ဟော်လင်းအာဆိုသည်မှာ သူမ၏ချစ်စနိုးခေါ်သော နာမည်မျှသာ ဖြစ်ပြီး သူမ၏နာမည်ရင်းမှာ ကျန်းလင်းအာပင်။

သူမ၏သခင်မလေးက သူမနှင့်အတူ ပြန်လိုက်ရန် ငြင်းဆန်နေသည်အား မြင်တွေ့ချိန်၌ ကျန်းချွေ့၏မျက်လုံးများတွင် အကူအညီမဲ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

"သခင်မလေး...ဒီမြောက်ပိုင်းဒေသက ဘာတွေများ ပျော်စရာ ကောင်းလို့လဲ..."

"သခင်မလေးက အမြင့်မြတ်ဆုံး အစစ်အမှန် ဖီးနစ်ငှက်လေ...မြောက်ပိုင်းဒေသတစ်ခုလုံးမှာရှိတဲ့ လူတွေအားလုံးကို ကြည့်လိုက်ရင် သူတို့က သာမန်ကြက်အုပ်တစ်အုပ်ကလွဲပြီး ဘာမှ မဟုတ်ဘူး..."

"အစိမ်းရောင် နဂါးတစ်ကောင်က မြွေကျင်းထဲကို ဘယ်လိုလုပ်ပြီး ကျသွားနိုင်မှာလဲ...ပြီးတော့ အစစ်အမှန် ဖီးနစ်ငှက်တစ်ကောင်က ကြက်တွေနဲ့ ဘယ်လိုလုပ်ပြီး ပေါင်းသင်းနိုင်မှာလဲ..."

"သခင်မလေး လုပ်နေတာတွေက ပျင်းစရာ မကောင်းဘူးလား.... ပြီးတော့ အရမ်းရုပ်ဆိုးသွားအောင်တောင် ရုပ်ဖျက်ထားသေးတယ်..."

တရားမျှတစွာ ပြောဆိုရလျှင် ဟော်လင်းအာ၏ ပုံပန်းသွင်ပြင်သည် ရုပ်ဆိုးခြင်းမရှိဘဲ အမှန်အားဖြင့် ဆွဲဆောင်နိုင်မှု တစ်စိတ်တစ်ပိုင်းကိုပင် ပိုင်ဆိုင်ထားပေ၏။

သို့သော် ကျန်းချွေ့သည် သူမနှင့်အတူ ကြီးပြင်းလာခဲ့ပြီး မြို့များနှင့်တိုင်းပြည်များကိုပင် ပျက်စီးနိုင်လောက်အောင် ပြိုင်ဘက်ကင်းသော သူမ၏အလှတရားကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

ထိုအလှတရားနှင့်နှိုင်းယှဉ်ပါက ဟော်လင်းအာ ၏လက်ရှိ ပုံပန်းသွင်ပြင်မှာ သူမအတွက် အမှန်တကယ်ကို အလွန်ရုပ်ဆိုးနေခဲ့သည်။

ဟော်လင်းအာက ဤစကားကို ကြားချိန်တွင် ရယ်မောလိုက်၏။

"ကျန်းချွေ့ နင် နားမလည်ပါဘူး...ဒီမြောက်ပိုင်းဒေသက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်..."

"ဒီသခင်မလေးက ကျားကို စားဖို့ ဝက်ယောင်ဆောင်ပြီး နောက်ဆုံးကျမှ လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်ချင်ရုံလေးပါ..."

"ဒေါသထွက်စရာ ကောင်းတာက ငါက နောက်ဆုံးတော့ ပစ်မှတ်တစ်ခုကို ရွေးချယ်လိုက်ပေမဲ့ သူ့ကြောင့် ပြန်ပြီးအံ့အားသင့်သွားရတာပဲ..."

"သူ အရှုံးမပေးသေးသရွေ့ဒီသခင်မလေးက ဘယ်တော့မှ ထွက်မသွားဘူး..."

ဤစကားများက ကျန်းချွေ့ကို ထိတ်လန့်သွားစေခဲ့သည်။

သူမ၏သခင်မလေးသည် မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း....

သူမ၏ ခွဲခြားသိမြင်နိုင်သော မျက်လုံးနှင့် အဆင့်အတန်းမှာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်မားလှသည်။

မြောက်ပိုင်းဒေသတစ်ခုလုံးကို ကြည့်လိုက်ပါက မည်သူကမျှ သူမ၏မျက်စိကျမှုကို ရရှိနိုင်မည် မဟုတ်ချေ။

ယခုအချိန်၌ သူမက တစ်စုံတစ်ယောက်ကြောင့် အံ့အားသင့်သွားခဲ့သည်ဟု အမှန်တကယ် ပြောဆိုနေပေ၏။

ဤသည်က သူမကို အံ့အားသင့်စေခဲ့သည့်အပြင် သိချင်စိတ် တစ်စိတ်တစ်ပိုင်းကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

"သခင်မလေး....အဲ့ဒီလူက ဘယ်သူလဲ..."

ဟော်လင်းအာ၏မျက်လုံးများ တောက်ပသွားပြီး သူမက ကျုံးချင်နှင့် တွေ့ဆုံခဲ့သည့် ဇာတ်လမ်းကို ကျန်းချွေ့အား ပြန်လည်၍ ပြောပြလိုက်၏။

အသက်နှစ်ဆယ်ပင် မပြည့်သေးသော ကျုံးချင်သည် စွမ်းအားကြီးမားသော အင်အားစုတစ်ခုကို တည်ထောင်နိုင်ပြီး မြောက်ပိုင်းဒေသ၏ ထိပ်သီးအင်အားစုကြီးလေးစု အနက်မှ တစ်စုဖြစ်သော ဖူဝမ်နန်းတော်ကို ဖျက်ဆီးနိုင်ခဲ့သည်။

ထို့ပြင် သူသည် ကောင်းကင်ဂိုဏ်းမှ လူများကို သတ်ဖြတ်ပြီး ဧရာမမျက်လုံးကြီး၏ အရှင်သခင်ကို ခြောက်လှန့်နိုင်ခဲ့ကြောင်း ကြားသိရချိန်၌ ကျန်းချွေ့ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

သို့ရာတွင် ဤသည်က ထိုမျှသာ ဖြစ်ပေ၏။

ကျန်းမိသားစုအတွင်းတွင် ထို့ထက်ပို၍ အံ့အားသင့်ဖွယ်ကောင်းသော လူအမြောက်အများ ရှိနေပြီး အနည်းအကျဉ်းမျှသာ မဟုတ်ချေ။

ထိုလူများအနက် လူဝင်စားအင်မော်တယ်များ အမြင့်မြတ်ဆုံး သွေးမျိုးဆက်ပိုင်ရှင်များနှင့် ဧကရာဇ်များ၏မျိုးဆက်များ ပါဝင်သည်။

ဤလူတစ်ဦးစီတိုင်းသည် မဖြစ်နိုင်သည့် အရာများကို ဖြစ်အောင် လုပ်ဆောင်နိုင်ပြီး သာမန်လောက၏ချုပ်နှောင်မှုများနှင့် ဓလေ့ထုံးစံများကို ချိုးဖျက်နိုင်သော တည်ရှိမှုများပင်။

ကျုံးချင်၏စွမ်းဆောင်ရည်က သူမအား သူ့ကို နောက်တစ်ကြိမ် ထပ်မံ၍ကြည့်ရှုရန်သာ ခွင့်ပြုခဲ့သည်။

ဤအချိန်၌ ဟော်လင်းအာသည် အလွန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေပုံရပေ၏။

"ကျန်းချွေ့... ငါက လေလွင့်ကျင့်ကြံသူ တစ်ဦးအနေနဲ့ ဟန်ဆောင်ပြီး ကျုံးချင်ရဲ့နောက်မှာ ရောနှောနေခဲ့တာ...အခုအချိန်အထိ သူက ငါ့ရဲ့ သရုပ်မှန်ကို မရှာဖွေနိုင်သေးသလို ငါနဲ့ ပတ်သက်ပြီး ထူးခြားတာ ဘာတစ်ခုမှ သတိမထားမိသေးဘူး..."

"ဒီရုပ်ဖျက်တာနဲ့ သရုပ်ဆောင်တာက အံ့အားသင့်စရာ မကောင်းဘူးလား..."

ကျန်းချွေ့၏အမူအယာသည် အနည်းငယ် ထူးဆန်းနေပေ၏။

တစ်ခါတစ်ရံတွင် သခင်မလေး၏တွေးခေါ်ပုံအား သူမ အမှန်တကယ်ကို နားမလည်နိုင်ချေ။

သူမသည် ကောင်းကင်ကို အန်တုနိုင်သော နောက်ခံနှင့်အဆက်အသွယ်များကို ရှင်းလင်းစွာ ပိုင်ဆိုင်ထားသည်။ အကယ်၍ သူမသာ အလိုရှိပါက ကျန်းမိသားစု၏စွမ်းအားဖြင့် သူမသည် သက်တောင့်သက်သာရှိသော ဘဝတစ်ခုကို နေထိုင်နိုင်ပြီး တခြားကျင့်ကြံသူများ သူတို့၏ ဘဝတသက်တာလုံး အိပ်မက်သာ မက်နိုင်သည့် အမြင့်များသို့ပင် ရောက်ရှိနိုင်သည်။

ထိုသို့ဆိုသည့်တိုင် သူမ၏အာရုံစိုက်မှုသည် တခြားသူများနှင့် ထူးထူးခြားခြား ကွဲပြားနေပေ၏။

သူမ၏ အလွန်ကောင်းမွန်သော မိသားစု နောက်ခံကို ကြွားလုံးထုတ်မည့်အစား သူမ၏ သရုပ်ဆောင် စွမ်းရည်များကို ကြွားလုံးထုတ်ရန် ရွေးချယ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်က သူမ၏ သခင်မလေးပင်။

'ငါ့ကို ချီးမွမ်းပေးပါ' ဟူသော ဟော်လင်းအာ၏ အမူအယာကို မြင်တွေ့ချိန်၌....

ကျန်းချွေ့သည် ဟော်လင်းအာနှင့် ထပ်တူထပ်မျှ သရုပ်ဆောင်ပြီး အလွန်အကျွံ ချီးမွမ်းခန်းဖွင့်ရုံသာ တတ်နိုင်တော့သည်။

"သခင်မလေးရဲ့သရုပ်ဆောင်မှုက သဘာဝကျပြီး နက်နဲသိမ်မွေ့တယ်....အသေးစိတ်ကအစ သေချာဂရုစိုက်ထားပြီးတော့ ကောင်းကင်နဲ့ မြေပြင်ကို အံ့အားသင့်သွားစေနိုင်ပြီး သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေကို လှုပ်ခတ်သွားစေနိုင်တဲ့ မကြုံစဖူးအဆင့်တစ်ခုကို ရောက်နေပြီ..."

"ဒါက ကျွန်မရဲ့မျက်စိကို တကယ်ပဲ ပွင့်သွားစေပြီးတော့ ကျွန်မကို အနောက်မှာ အများကြီး ကျန်ရစ်စေခဲ့ပါတယ်..."

ဤချီးမွမ်းမှုမှာ အတော်လေး ရိုးသားမှုမရှိဘဲ လွန်ကဲနေသော်လည်း ကံမကောင်းစွာဖြင့် ဟော်လင်းအာက ထိုစကားများကို နှစ်သက်နေပေ၏။

သူမသည် ထိုစကားများကို နားထောင်နေစဉ် သူမ၏ကျောက်မျက်ရတနာများကဲ့သို့ စူးရှတောက်ပသော မျက်လုံးများတွင် ဝမ်းသာမှုများ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူမတို့နှစ်ယောက်သား စကားပြောဆိုနေကြစဉ်တွင် ဟော်လင်းအာက တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

"အော် ဒါနဲ့...ငါ့ရဲ့အချစ်လေးကျန်းချွေ့ နင့်မှာ ဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့် ပါလာလား..."

ဤသည်က ကျန်းချွေ့ကို အချိန်တခဏကြာခန့် တွေဝေသွားစေကာ သူမက လွှတ်ခနဲ မေးမြန်းလိုက်သည်။

"သခင်မလေး ဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့် ကို ဘာလုပ်ဖို့ လိုတာလဲ..."

သူမ ဤသို့ မေးမြန်းလိုက်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။

ဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့်သည် အလွန် အဆင့်မြင့်သော ပစ္စည်းတစ်ခုပင်။

ဤသည်က ရှားပါးပြီး တန်ဖိုးကြီးသောရတနာတစ်ခုဖြစ်ပြီး ဧကရာဇ်တစ်ပါးကိုပင် မေ့လဲသွားစေနိုင်သည်။

အကယ်၍ ထိုအရာကို မီးရှို့ပြီး မီးခိုးအဖြစ် ပြောင်းလဲလိုက်ပါက မြောက်ပိုင်းဒေသတစ်ခုလုံးရှိ သက်ရှိသတ္တဝါများအားလုံးကို ယာယီအစွမ်းအစမဲ့ သွားစေနိုင်ပေ၏။

ထိုဆေးမှုန့်၏အာနိသင်များသည် မယုံနိုင်လောက်အောင် ထိတ်လန့်ဖွယ်ကောင်းပြီး လွှမ်းမိုးနိုင်စွမ်း ရှိသည်။

ကျန်းချွေ့သည် မြောက်ပိုင်းဒေသမှ လူများအတွက် စိုးရိမ်ပူပန်နေခြင်း မဟုတ်ချေ။ အမှန်အားဖြင့် အကယ်၍ သူမ၏သခင်မလေးကသာ အလိုရှိပါက မြောက်ပိုင်းဒေသရှိ လူများအားလုံးကို သုတ်သင်ပစ်ခြင်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ချေ။

သို့သော် ဟော်လင်းအာသည် ပမာဏကို ကောင်းစွာမထိန်းချုပ်နိုင်ဘဲ သူမကိုယ်သူမ အန္တရာယ်ပြုမိမည်အား သူမ စိုးရိမ်နေခဲ့သည်။

ဟော်လင်းအာက တိုက်ရိုက်မတုံ့ပြန်ဘဲ စိတ်အားထက်သန်စွာဖြင့် ပြောဆိုသည်။

"ဒီတော့ နင် အဲ့ဒါကို ယူလာတယ်ပေါ့...မြန်မြန်လေး ငါ့ကို နည်းနည်းပေး..."

"ငါ အရင်က ကျုံးချင်နဲ့ အိပ်ချင်ခဲ့တာ...ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်က အတော်လေး ထူးခြားတယ်.... အရင်က ငါ သူ့အပေါ် သုံးခဲ့တဲ့ သန့်စင်စိတ်ဝိညာဉ်ဆေးမှုန့်က အာနိသင် မရှိခဲ့ဘူး..."

"ဒီနေ့တော့ ငါ့ရဲ့လက်ထဲကနေ သူ လွတ်မြောက်သွားဖို့ ငါ လုံးဝခွင့်မပြုနိုင်ဘူး..."

သူမသည် စကားပြောဆိုနေစဉ်တွင် သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပေ၏။ သူမ၏မျက်လုံးများလည်း တောက်ပနေကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လင်းလက်နေခဲ့သည်။

သူမသည် အမျိုးသမီးလူမိုက်တစ်ဦးပုံစံ လုံးလုံးလျားလျား ဖြစ်နေသည်။

ကျန်းချွေ့၏နဖူးတွင် ချွေးများ ထွက်လာပေ၏။

သူမ၏သခင်မလေးသည် မည်သည့်အချိန်ကစ၍ ဤမျှထိ အရိုင်းဆန်သွားခဲ့သနည်း....

သူမသည် အချိန်တခဏတာမျှ တွေဝေသွားပြီးနောက် သတိကြီးစွာထား၍ အကြံပေးလိုက်သည်။

"သခင်မလေး...သူက ဒေသခံတစ်ယောက်ပါ... သူ ဘယ်လောက်ပဲ ထူးခြားနေပါစေ... သခင်မလေးရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်နိုင်မှာလဲ..."

"ကျွန်မတို့ မျိုးနွယ်စုရဲ့ ကောင်းကင်တုန်လှုပ် မြေပြင်တိုက်ပွဲ နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံဖို့အတွက် အပျိုစင်ဘဝကို စွန့်လွှတ်ဖို့ လိုအပ်တယ်ဆိုတာတော့ အမှန်ပဲ..."

"ဒါပေမဲ့ ကျွန်မတို့ မျိုးနွယ်စုထဲမှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိတယ်...မျိုးနွယ်စုထဲက မဟုတ်ရင်တောင် ကြီးမြတ်တဲ့ ရှေးဟောင်း မိသားစုတချို့မှာ ထိတ်လန့်ဖို့ကောင်းတဲ့ တည်ရှိမှုတချို့လည်း ရှိနေတယ်...သခင်မလေးရဲ့ တန်ဖိုးကြီးမားတဲ့ ခန္ဓာကိုယ်ကို ဒီလို ဒေသခံလူရိုင်းတစ်ယောက်ကို ဘာလို့ ပေးရမှာလဲ..."

ဟော်လင်းအာက ကျန်းချွေ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စူးစိုက်၍ ကြည့်လိုက်၏။

"ကျန်းချွေ့ အနာဂတ်မှာ ဒီလိုစကားမျိုး ထပ်မပြောနဲ့တော့...ငါ့ရဲ့ဆန္ဒက တန်ဖိုးဖြတ်လို့ မရဘူး...အဲ့ဒီလူတွေမှာ မြင့်မြတ်တဲ့ အဆင့်အတန်းတွေ ရှိနေရင်တောင် ဘာဖြစ်လဲ.... သူတို့က ဒီသခင်မလေးထက် ပိုပြီးမြင့်မြတ်နိုင်လို့လား..."

"ပြီးတော့ ကျုံးချင်က မြောက်ပိုင်းဒေသရဲ့ ဒေသခံ မဟုတ်ဘူး...သူက အရှေ့ပိုင်းဒေသက လာတာ..."

ဟော်လင်းအာက တည်ကြည်လေးနက်စွာ ပြောလိုက်သော်လည်း ကျန်းချွေ့သည် အံ့အားသင့်သွားပေ၏။

အရှေ့ပိုင်းဒေသ...

ဤသည်က မြောက်ပိုင်းဒေသထက်ပင် ပို၍ဆိုးရွားနေသည်။

အကယ်၍ သူမ၏အမြင်တွင် မြောက်ပိုင်းဒေသ သည် တိမ်ကောနေသော ရေအိုင်ငယ်လေးတစ်ခုသာ ဖြစ်ခဲ့လျှင်...

အရှေ့ပိုင်းဒေသသည် ချိုင့်ခွက်များဖြင့် ပြည့်နေသော အသုံးမဝင်သည့် မြေရိုင်းတစ်ခု ဖြစ်ပေလိမ့်မည်။

ဤသည်က အနည်းငယ်မျှ ထုတ်ဖော်ပြောဆိုရန်ပင် မကောင်းလှချေ။

သူမသည် စကားအနည်းငယ်ပြောဆို၍ ထပ်မံဖြောင်းဖျရန် ရည်ရွယ်ချက် ရှိခဲ့သော်လည်း ဟော်လင်းအာ၏ ပြတ်သားသော အကြည့်ကို မြင်တွေ့လိုက်သည်။ သူမ၏သခင်မလေးသည် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပုံရပေ၏။

ကျန်းချွေ့သည် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း နောက်ဆုံးတွင် တိတ်တဆိတ်နေရန်ကိုသာ ရွေးချယ်လိုက်သည်။

သူမ၏သခင်မလေး ပြောဆိုသည်မှာ အဓိပ္ပာယ်ရှိသည်။ သူမ၏ အဆင့်အတန်းအရ ဤလောကတွင် သူမနှင့်နှိုင်းယှဉ်နိုင်သော တည်ရှိမှုများ အမှန်တကယ်ကို များစွာမရှိချေ။

တစ်စုံတစ်ဦး၏အဆင့်အတန်းသည် အမြင့်တစ်နေရာသို့ ရောက်ရှိသွားချိန်၌ အရေးကြီးသည်မှာ ကိုက်ညီသော မိသားစုနောက်ခံရှိရန်ပင်။

သို့သော် တစ်စုံတစ်ဦး၏အဆင့်အတန်းသည် အလွန်အမင်း မြင့်မားလွန်းနေချိန်၌ ကန့်သတ်ချက်များဟု ခေါ်ဆိုသောအရာများသည် အပိုကိစ္စများ ဖြစ်လာပုံရပေ၏။

ထို့ပြင် သခင်မလေးသည် လက်ရှိအသက်အရွယ်တွင် ကောင်းကင်တုန်လှုပ် မြေပြင်တိုက်ပွဲ နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံရန် အကောင်းဆုံးအချိန်ပင်။

အစေခံတစ်ဦးအနေဖြင့် သူမ၏သခင်မလေးသည် မည်သူနှင့် ရင်းနှီးစွာ ပေါင်းသင်းရန် ရွေးချယ်သည်ကို စောဒကတက်ပိုင်ခွင့် သူမထံတွင် အမှန်တကယ် မရှိချေ။

နောက်ဆုံးတွင် ဟော်လင်းအာ၏ ပြင်းထန်သော တောင်းဆိုမှုကြောင့် ကျန်းချွေ့သည် ဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့် အနည်းငယ်ကို သူမအား ပေးလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူမက တည်ကြည်လေးနက်စွာ သတိပေးလိုက်သည်။

"သခင်မလေး...ဒီဧကရာဇ်ပျောက်ဆုံးခြင်းဆေးမှုန့် က အရမ်းပြင်းထန်တယ်...သခင်မလေး သတိထားပြီး သုံးရမယ်နော်..."

"ကောင်းပြီလေ..."

ဟော်လင်းအာက ဂရုမစိုက်သော အမူအယာဖြင့် သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျန်းချွေ့ နင် အခု ထွက်သွားလို့ရပြီ....ကျုံးချင်က မကြာခင် ပြန်လာတော့မယ်..."

"သူ နင့်ကို ရှာတွေ့သွားပြီး ငါ့ရဲ့ အရေးကြီးတဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်တာမျိုး အဖြစ်မခံနဲ့..."

သူမသည် စကားပြောဆိုနေရင်း အဝေးတစ်နေရာသို့ မျှော်လင့်ချက်များဖြင့် ကြည့်လိုက်၏။ သူမ၏နှုတ်ခမ်းများထက်ရှိ အပြုံးက တဖြည်းဖြည်း မူမမှန် ဖြစ်လာခဲ့သည်။

All Chapters